အခန်း (၁၆၀၉-၁၆၁၀)
Vol. 161 Ch. 1609-1610
အခန်း (၁၆၀၉) - ငါ့ကို စဉ်းစားပါရစေဦး
ခဏချင်းတွင်ပင် ကျင့်ကြံသူ ရာကျော်သည် နဂါးနက်လှေရှေ့သို့ ရောက်ရှိလာကြသည်။
ခေါင်းဆောင်လာသူမှာ ဆံပင်ဖြူဖွေးနေသော အဘွားအိုတစ်ဦးဖြစ်ပြီး ကျန်ရှိသူများမှာ လူငယ်များရော လူအိုများပါ ရောနှောနေကြသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်များမှာ အဆင့် ၃ နှင့် အထက်တွင်ရှိကြပြီး အားလုံးမှာ မသေမျိုးအရှင်သခင် အဆင့်များချည်း ဖြစ်ကြ၏။
"ကျိချွမ်းမေ က ချန်မိတ်ဆွေကို နှုတ်ဆက်ပါတယ်"
ထိုအဘွားအိုသည် ချန်အင်းရွှယ်၏ အဆင့်အတန်းကို ချက်ချင်းခွဲခြားသိမြင်လိုက်ပြီး လက်အုပ်ချီကာ ဂါရဝပြုလိုက်သည်။ သူမ၏ နောက်ကွယ်မှ လူများကလည်း သူမနှင့်အတူ လိုက်လံနှုတ်ဆက်ကြရာ ၎င်းတို့၏ မျက်နှာထားများမှာ အလွန်အမင်း ရိုသေကျိုးနွံလှသည်ဟု မဆိုနိုင်သော်လည်း ကျွယ်မင်နန်းတော်အတွက် ထိုက်တန်သော လေးစားမှုကိုတော့ အပြည့်အဝ ပေးထားကြသည်။
"စီနီယာအစ်မသုံး... ကျွန်တော် မိတ်ဆက်ပေးပါရစေ၊ ဒါက ကျွန်တော့်ရဲ့ ကျိမျိုးနွယ်စု ဒုတိယဘိုးဘေးပါ။ အခုလက်ရှိ ကျိမျိုးနွယ်စုရဲ့ ကိစ္စအဝဝကို ဒုတိယဘိုးဘေးကပဲ အုပ်ချုပ်နေတာပါ။ ပထမဘိုးဘေးကတော့ အဆင့်တက်ဖို့အတွက် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေတာ ဖြစ်လို့... အခုလို မျိုးနွယ်စုမှာ အခက်အခဲကြီးနဲ့ ကြုံနေရတာတောင် ထွက်မလာနိုင်သေးဘူး ဖြစ်နေတယ်"
ကျိရှန့်က ကျိချွမ်းမေ၏ အဆင့်အတန်းကို အရင်ဆုံး မိတ်ဆက်ပေးပြီးနောက် ပထမဘိုးဘေးကိုယ်တိုင် ထွက်မကြိုနိုင်ရခြင်း အကြောင်းရင်းကိုလည်း စိတ်မကောင်းဖြစ်ရသည့် ဟန်ပန်ဖြင့် ရှင်းပြလိုက်သည်။
ချန်အင်းရွှယ်က ပြုံးလျက် ခေါင်းငြိမ့်ပြကာ ကျိချွမ်းမေအား မေးလိုက်သည်။
"မီးနတ်ဘုရားမသေမျိုးမျိုးနွယ် က လူတွေ ရောက်ပြီလား"
ကျိချွမ်းမေသည် မျက်တောင်တစ်ချက် ခတ်သွားပြီး အလျင်အမြန် ပြန်ဖြေသည်။
"ကျွန်မ မီးနတ်ဘုရားမသေမျိုးမျိုးနွယ်ဆီကို သတင်းပို့ထားပြီးပါပြီ၊ ဒီကိစ္စကို သုံးရက်အကြာမှာ ဆွေးနွေးဖို့ သတ်မှတ်ထားပါတယ်"
"ကောင်းပြီလေ၊ ဒါဆိုရင် အောက်ဆင်းပြီးမှ ဆက်ပြောကြတာပေါ့၊ ဒီနေရာက စကားပြောဖို့ ကောင်းတဲ့နေရာ မဟုတ်ဘူး"
ချန်အင်းရွှယ်က ခေါင်းအသာငြိမ့်ကာ ဆိုလိုက်သည်။
ကျိချွမ်းမေနှင့် အခြားသူများသည် ချန်အင်းရွှယ်၏ ဖိတ်ခေါ်မှုကို ရရှိပြီးနောက် နဂါးနက်လှေပေါ်သို့ တဖွဲဖွဲ တက်လာကြသည်။ အကယ်၍ ကျိရှန့်နှင့် ပတ်သက်မှုသာ မရှိပါက သာမန်ပြင်ပကျင့်ကြံသူများအနေဖြင့် ချန်အင်းရွှယ်၏ နဂါးနက်လှေပေါ်သို့ တက်ခွင့်ရရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
မကြာမီတွင် နဂါးနက်လှေသည် ကျိမျိုးနွယ်စုရှိရာ နယ်မြေအတွင်းသို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် သာမန် ကျိမျိုးနွယ်စုဝင်များ အနားမကပ်နိုင်ရန် အစောင့်အကြပ်များ အထူးချထားပြီး ဖြစ်၏။ ၎င်းတို့မှာ အဝေးမှသာ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်နေကြရသည်။
လူတိုင်း နတ်လှေပေါ်မှ တစ်ဦးပြီးတစ်ဦး ဆင်းလာကြသည်။
ကြာနီနတ်မိမယ်က ရုတ်တရက် မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဖန့်မိတ်ဆွေက ကျင့်ကြံနေတုန်းပဲလား။ ကျွန်မ သွားခေါ်လိုက်မယ်"
"ဟုတ်သားပဲ၊ လမ်းတစ်လျှောက်လုံးမှာ ဖန့်အမာခံတပည့် မျက်နှာကို မမြင်ရဘူး"
ကျိရှန့်က လွယ်လွယ်ကူကူပင် ဖြည့်စွက်ပြောသည်
"သူ့ကို ကျိမျိုးနွယ်စုရဲ့ ကျင့်ကြံခန်းဆီကို ပြောင်းပြီး ကျင့်ကြံခိုင်းရင် မကောင်းဘူးလား"
"ထားလိုက်ပါ၊ သူ ကျင့်ကြံမှု အရေးကြီးတဲ့ အပိုင်းကို ရောက်နေတာ ဖြစ်နိုင်တယ်၊ ဒီမှာပဲ ဆက်ကျင့်ပါစေတော့။ ကျိမျိုးနွယ်စုရဲ့ ကိစ္စအတွက်တော့ ငါရှိရင် လုံလောက်ပါတယ်"
ချန်အင်းရွှယ်က လက်ကာပြလိုက်သည်။
ထိုသို့ ပြောနေစဉ်မှာပင် ဖန့်ချန် ရှိနေသည့် ကျင့်ကြံခန်းတံခါးမှာ ပွင့်လာတော့သည်။
"ဟုန်မိတ်ဆွေ... ကျွန်တော်တို့ ရောက်ပြီလား"
ဖန့်ချန်က မျက်နှာချင်းဆိုင် လာနေသော ကြာနီနတ်မိမယ်အား ပြုံးလျက် မေးလိုက်သည်။
"ရောက်ပါပြီ"
ကြာနီနတ်မိမယ်က ခေါင်းအသာငြိမ့်ကာ ခပ်ပါးပါးလေး ပြုံးပြလိုက်၏။
ချန်အင်းရွှယ်၏ မျက်ဝန်းများမှာ အနည်းငယ် ထူးဆန်းသွားသည်။ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ သူမရှေ့မှ ဖြတ်သွားစဉ်တွင် သူမက အသံလွှင့်ကာ မေးလိုက်သည်။
"နံပါတ်ကိုး... မင်းရဲ့ အဲဒီ ကိုယ်ယောင်ဖျောက်နည်းစနစ်က တကယ့်ကို အစွမ်းထက်တာပဲ၊ ငါ့ကို သင်ပေးမလား။ ငါ့ကို ဆပ်ရမယ့် မသေမျိုးကျောက်တုံးတွေကိုလည်း ပြန်မဆပ်ခိုင်းတော့ဘူးလေ"
"စီနီယာအစ်မသုံး... ဒါက တခြားသူကို သင်လို့မရတဲ့ လျှို့ဝှက်ပညာရပ်ပါ။ တကယ်လို့ စီနီယာအစ်မက ကျွန်တော်နဲ့ ဆရာတစ်ဦးတည်းအောက်မှာ တပည့်ခံမယ်ဆိုရင်တော့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ပြီး သင်ပေးပါ့မယ်"
ဖန့်ချန်က တိုက်ရိုက် ငြင်းဆိုခြင်း မပြုသော်လည်း လက်ခံခြင်းလည်း မရှိပေ။
ဤသို့ ပြောလိုက်ခြင်းက ချန်အင်းရွှယ်၏ စိတ်ကူးကို ရပ်တန့်သွားစေလိမ့်မည်ဟု သူ ထင်ထားသော်လည်း ရလဒ်ကတော့ ဖန့်ချန်အား အံ့အားသင့်သွားစေသည်။
ချန်အင်းရွှယ်က အလေးအနက် စဉ်းစားဟန်ဖြင့် အသံပြန်လွှင့်လိုက်သည်။
"ငါ့ကို စဉ်းစားပါရစေဦး"
ဖန့်ချန် အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းအသာငြိမ့်ပြလိုက်သည်။ အကယ်၍ ချန်အင်းရွှယ်သာ ယွမ်ဟယ်ဆရာထံတွင် အမှန်တကယ် တပည့်ခံမည်ဆိုပါက သူမအား ရိပ်ခြေဗုဒ္ဓပညာရပ် ကို သင်ပေးရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ အဓိကမှာ ယွမ်ဟယ်က သူမကို လက်ခံခြင်း ရှိ၊ မရှိ ပေါ်တွင်သာ မူတည်ပြီး၊ လက်ခံခဲ့ပါက သူမ၏ နောက်ခံသမိုင်းကြောင်းမှာလည်း သန့်ရှင်းမည်မှာ အသေအချာပင်။
လူတိုင်းသည် ချန်အင်းရွှယ်နှင့် ကျိချွမ်းမေတို့၏ ဦးဆောင်မှုဖြင့် ကျိမျိုးနွယ်စု၏ ဧည့်ခန်းမဆောင်သို့ ရောက်ရှိလာကြသည်။ အမာခံတပည့်များ အသီးသီး နေရာယူပြီးနောက် ချန်အင်းရွှယ်က မီးနတ်ဘုရားမသေမျိုးမျိုးနွယ်ကို အဘယ်ကြောင့် ပြဿနာရှာမိသလဲဆိုသည့် အသေးစိတ်ကို ကျိချွမ်းမေနှင့် တိုက်ရိုက် စတင်ဆွေးနွေးတော့သည်။
(မီးတောက်ဂုဏ်အင်္ဂါမသေမျိုး ကို မီးနတ်ဘုရားမသေမျိုး မျိုးနွယ်လို့ ပြောင်းမယ်နော် ရေးရတာရှုပ်လို့ )
"ကျိမိတ်ဆွေ... မီးနတ်ဘုရားမသေမျိုးမျိုးနွယ်ရဲ့ အဆင့်မြင့်မျိုးနွယ်ဝင် ကို သွားပြီး စော်ကားခဲ့တဲ့ အဲဒီလူငယ် အခု ဘယ်မှာလဲ။ ကျွန်မတို့နဲ့ တွေ့ခွင့်ပေးပါဦး။ ဘယ်လို လူစားမျိုးမို့လို့ မီးနတ်ဘုရားမသေမျိုး မျိုးနွယ်ရဲ့ အဆင့် ၈ ရှေးဟောင်းမသေမျိုးကိုတောင် သွားစော်ကားမိပြီး ကျိမျိုးနွယ်စု တစ်စုလုံးကို အမြစ်ပြတ် သတ်ပစ်မယ်လို့ ကြုံးဝါးခံရတဲ့အထိ ဖြစ်ရတာလဲ"
ချန်အင်းရွှယ်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
ဤစကားကြောင့် ကျိမျိုးနွယ်စု ကျင့်ကြံသူများမှာ မျက်နှာပျက်သွားကြသည်။ ကျိချွမ်းမေကလည်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ
"ဒီအကြောင်း ပြောရရင်တော့ ကျွန်မ အရမ်းစိတ်တိုရပါတယ်။ ကျိမျိုးနွယ်စုရဲ့ ကံဆိုးမှုကြောင့်ပဲ ကောင်းကင်နဲ့ မြေကြီးရဲ့ အနက်ကို မသိတဲ့ ဒီလိုမျိုးနွယ်ဝင် အညံ့စားတစ်ယောက် ထွက်ပေါ်လာရတာပါ"
ဖန့်ချန်သည် မျက်လုံးမှိတ်ကာ အိပ်ပျော်နေသလို ဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင် သူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး ကျိမျိုးနွယ်စုအတွင်း လှည့်လည် စစ်ဆေးနေပြီ ဖြစ်သည်။
ခဏအကြာတွင်...
'ဘယ်လို ချောက်ချတာမျိုးမှ မရှိဘူးပဲ၊ ကြည့်ရတာ ကျိထျန်းကျွင်းနဲ့ သူ့နောက်ကွယ်က လူတွေရဲ့ အကြံအစည်က ကျိမျိုးနွယ်စုထဲမှာ ထောင်ချောက်ဆင်ဖို့ မဟုတ်ဘူးထင်တယ်'
ဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသောအခါ ခန်းမထဲတွင် လူငယ်တစ်ဦး ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ခေါင်းငုံ့လျက် ကျိချွမ်းမေ၏ အပြစ်တင်စကားများကို တစ်ခွန်းချင်း နားထောင်နေရရှာသည်။
"ကျင့်ကြံမှုအဆင့်က မမြင့်ပါဘူး၊ တာအိုပေါင်းစပ်ခြင်း အဆင့် ပဲ ရှိသေးတာ"
ချန်အင်းရွှယ်က ထိုလူငယ်အား စစ်ဆေးကြည့်ရှုပြီး မျက်မှောင်ကြုတ်ကာ ဆိုသည်။
"အဆင့်မြင့်အဆင့် ကိုလည်း မရောက်သေးဘူး၊ မသေမျိုးအဆင့်လည်း မဟုတ်ဘူး။ ဒါကို ဘယ်လိုဖြစ်ပြီး မီးနတ်ဘုရားမသေမျိုး မျိုးနွယ်ကို သွားစော်ကားမိတာလဲ"
"ဟုတ်ပါရဲ့၊ မီးနတ်ဘုရားမသေမျိုး မျိုးနွယ်ဆိုတာ မသေမျိုးလောကငယ်ရဲ့ မျိုးနွယ်စု တစ်ရာထဲမှာ ပါဝင်ပြီး ကောင်းကင်မသေမျိုးမျိုးနွယ်စုရဲ့ လက်အောက်ခံ ဖြစ်နေတာပဲ၊ သူတို့က ဒီလောက်တောင် သဘောထား ကျဉ်းမြောင်းရသလား။ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်က သူတို့ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်နိုင်တယ်လား"
အမာခံတပည့်တစ်ဦးကလည်း ဝင်ပြောလိုက်သည်။
ကျိရှန့်ကိုယ်တိုင်လည်း အစစ်အမှန် အကြောင်းရင်းကို မသိရှိရသလို၊ ရှေ့မှ လူငယ်ကိုလည်း မည်သို့မျှ မမှတ်မိပေ။ ကျိချွမ်းမေသည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုခု ချနေပုံရသည်။ အတော်ကြာမှ သူမက ခေါင်းခါလျက် ဆိုသည်။
"ဒီတစ်ခါတော့ ကျိမျိုးနွယ်စုဘက်က အမှားလုပ်မိတာ တကယ်ပါပဲ"
"တကယ်တမ်းက ဘာအကြောင်းကြောင့်လဲ"
ချန်အင်းရွှယ်၏ မျက်ခုံးများ တင်းသွားသည်
"ကျိမိတ်ဆွေ... ကျွန်မတို့ ဒီလောက်အထိ အဝေးကြီး လာရတာဟာ ကျိရှန့်က ကျွန်မတို့ရဲ့ ဂျူနီယာတစ်ယောက် ဖြစ်နေလို့ပါ။ ကျိမျိုးနွယ်စု ဘေးဒုက္ခရောက်မှာကို မကြည့်ရက်လို့ပါ၊ ဒါပေမဲ့ ကျွန်မတို့ကို လူအလို့တော့ မမှတ်ပါနဲ့။
တကယ့် အကြောင်းရင်းကို မသိရဘဲနဲ့ မီးနတ်ဘုရားမသေမျိုး မျိုးနွယ်နဲ့ ကျွန်မတို့ ဘယ်လို ဆွေးနွေးပေးရမလဲ။
ဒါမှမဟုတ် ကျွန်မ ခေါ်လာတဲ့ ဒီလူတွေက မီးနတ်ဘုရားမသေမျိုး မျိုးနွယ် တစ်ခုလုံးကို အပြတ်ရှင်းပစ်နိုင်မယ်လို့ ထင်နေတာလား။ သူတို့ဘက်က အဆင့် ၈ ရှေးဟောင်းမသေမျိုး တစ်ပါး ထွက်လာတာနဲ့ ကျွန်မတို့အားလုံး ရှင်တို့နဲ့အတူ မျက်လုံးမှိတ်ပြီး အသေခံကြရုံပဲ ရှိမှာ"
ကြာနီနတ်မိမယ်နှင့် အခြားသူများ၏ မျက်နှာမှာလည်း လေးနက်သွားကြသည်။ ချန်အင်းရွှယ်က ပြတ်ပြတ်သားသား ပြောလိုက်ပြီ ဖြစ်သဖြင့် ကျိချွမ်းမေလည်း ထပ်မံ ဖုံးကွယ်မထားဝံ့တော့ဘဲ အကြောင်းရင်းကို ဖွင့်ပြောလိုက်တော့သည်။
ခဏအကြာ...
ချန်အင်းရွှယ်သည် အော်ဟစ်ရယ်မောလိုက်ပြီး ထိုလူငယ်အား လက်ညှိုးထိုးပြကာ ဆိုသည်။
"မင်း သတ္တိကတော့ တကယ့်ကို အားကြီးတာပဲ။ အဆင့် ၈ ရှေးဟောင်းမသေမျိုးရဲ့ တိုက်ရိုက်မျိုးနွယ်ဝင်နဲ့ မင်းက တစ်သက်စာ ကတိတွေ ပေးရဲတယ်ပေါ့"
"ဒါတင် မကသေးဘူး၊ သူမက ကောင်းကင်မသေမျိုး မျိုးနွယ်စုနဲ့ စေ့စပ်ထားပြီးသားလေ။ အခုတော့ မင်းက ကြားကနေ ဖြတ်ယူလိုက်ပြီဆိုတော့ မီးနတ်ဘုရားမသေမျိုး မျိုးနွယ်က မင်းတို့ကို ပြဿနာရှာမှာပဲ မဟုတ်ဘူး၊ ကောင်းကင်မသေမျိုး မျိုးနွယ်စုသာ သူတို့ရဲ့ သိက္ခာကို မငဲ့ကွက်ဘူးဆိုရင် မင်းတို့ကို ကိုယ်တိုင် နှိမ်နင်းပစ်လောက်ပြီ"
လူငယ်က ခေါင်းငုံ့လျက် တိုးတိုးလေး ရေရွတ်သည်။
"သူမက ဒီအကြောင်းတွေ မပြောခဲ့ဘူးလေ..."
ကျိချွမ်းမေ၏ မျက်နှာမှာ မဲမှောင်သွားပြီး ဒေါသကို မထိန်းနိုင်တော့ချေ
"သူက မပြောရင် မင်းက မမေးတတ်ဘူးလား။ သူ့နောက်ခံကိုတောင် သေသေချာချာ မသိဘဲနဲ့ သူ့ရဲ့ အပျိုစင်ဘဝကို မင်းက ဘယ်လိုလုပ်ပြီး ရယူရဲရတာလဲ။ ငါတို့လို လူကြီးတွေကို စိတ်နဲ့တင် သတ်နေတာပဲ။ ဒီလို ဖြစ်မှန်း သိခဲ့ရင် အစကတည်းက ပထမဘိုးဘေးက မင်းကို ခေါ်လာတုန်းက အိမ်ထဲဝင်ဖို့ ငါ တိုက်ရိုက် ငြင်းခဲ့သင့်တာ"
"မသေမျိုးလောကငယ်ထဲမှာ ကျိမျိုးနွယ်စုရဲ့ မျိုးနွယ်ခွဲတွေက မရေမတွက်နိုင်အောင် ရှိတာ။ ပထမဘိုးဘေးရဲ့ မျက်နှာကို မထောက်ရင် မင်းက ဒီအဓိက မျိုးနွယ်စုထဲကို ဝင်ခွင့်ရမယ် ထင်နေလား"
လူငယ်က ပြန်မပြောဝံ့တော့ပေ။ ချန်အင်းရွှယ်က ထိုလူငယ်ကို အသေးစိတ် စစ်ဆေးကြည့်ရှုပြီးနောက် ရုတ်တရက် ရယ်ချင်သွားကာ ဆိုသည်။
"နံပါတ်ကိုး... ဒီကို လာကြည့်ဦး၊ ငါကြည့်ရတာ သူက မင်းနဲ့ နည်းနည်း ဆင်နေသလိုပဲ"
ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသည်။ အတင်းအဖျင်း ဝါသနာပါသော အမာခံတပည့် အချို့မှာ ရှေ့သို့ တိုးကြည့်လိုက်ကြပြီး ချန်အင်းရွှယ်၏ စကားကို ထောက်ခံနေကြတော့သည်။
ကြာနီနတ်မိမယ်ကလည်း အနားသို့ တိုးကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ ထို့နောက် ဖန့်ချန်အား ကြည့်ကာ ဆိုသည်။
"ဖန့်မိတ်ဆွေ... ဒီကို လာကြည့်ပါဦး"
အခန်း (၁၆၁၀) - မင်း ဘာမှမဖြစ်စေရဘူး
ဖန့်ချန်သည် ဖြည်းညင်းစွာ ရှေ့သို့လှမ်းသွားပြီး လူငယ်အား ကြည့်လိုက်သည်။
ထိုလူငယ်သည်လည်း အမာခံတပည့်များ၏ အံ့အားသင့်နေမှုကြောင့် စူးစမ်းလိုစိတ်ဖြစ်ကာ ဖန့်ချန်အား မော့ကြည့်လာသည်။
ထိုခဏတွင် နှစ်ဦးသားမှာ မှန်ကြည့်နေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်သွားကြ၏။
တကယ်တမ်း ပြောရလျှင် ရုပ်ချင်းမှာ ထပ်တူကျလှသည်တော့မဟုတ်၊ သုံးပုံ၊ လေးပုံခန့်သာ ဆင်တူခြင်းဖြစ်သည်။ သို့သော် သူတို့နှစ်ဦး၏ အမူအရာနှင့် ကိုယ်ရည်ကိုယ်သွေးမှာမူ ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင် တူညီနေကြသည်။
"တကယ်ကို နည်းနည်းတော့ ဆင်နေတာပဲ"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သော်လည်း ရင်ထဲတွင်မူ တစ်ချက် တုန်လှုပ်သွားရသည်။
"မင်းက မီးနတ်ဘုရားမသေမျိုး မျိုးနွယ်ရဲ့ အဆင့် ၈ ရှေးဟောင်းမသေမျိုး တိုက်ရိုက်မျိုးနွယ်ဝင်ကိုတောင် လှည့်စားနိုင်တာ မဆန်းပါဘူး။ ငါတို့ နံပါတ်ကိုးကလည်း ကျွယ်မင်နန်းတော်မှာ အရမ်းနာမည်ကြီးတာလေ၊ ဂျူနီယာညီမလေးတွေ အများကြီးက သူ့ကို မျက်စိကျနေကြတာ"
ချန်အင်းရွှယ်က နောက်ပြောင်ကျီစယ်လိုက်သည်။
ကြာနီနတ်မိမယ်က သူမအား တစ်ချက်ကြည့်လိုက်သော်လည်း ဂရုမစိုက်ပေ။ သူမနှင့် ဖန့်ချန် အတူရှိနေသည့်အချိန်တိုင်း အခွင့်အရေးရလျှင်ရသလို ဤစီနီယာအစ်မသုံးက စနောက်တတ်သည်ကို သိထားပြီးဖြစ်သည်။ သူမ စိတ်တိုသွားသည်ကို တမင်ကြည့်ချင်နေသည့်ဟန်ပင်။
ကျိချွမ်းမေသည် လူငယ်အား ခဏမျှ စစ်ဆေးကြည့်ရှုပြီးနောက် ဖန့်ချန်ကို တစ်လှည့်ကြည့်ကာ မျက်နှာတွင် ပြုံးရွှင်သော အရိပ်အယောင်များ ပေါ်လာတော့သည်။
"ဒီနှစ်ယောက်က တကယ်ကို ဆင်တူတဲ့အချက်တွေ ရှိနေတာပဲ၊ ဒါဟာ ရေစက်တစ်ခု ဖြစ်နိုင်ပါတယ်"
ထိုသို့ပြောပြီးနောက် သူမက ချန်အင်းရွှယ်အား ကြည့်ကာ
"ချန်မိတ်ဆွေ... ဒီကိစ္စမှာ မီးနတ်ဘုရားမသေမျိုးမျိုးနွယ်ဘက်က အသံသာကျယ်ပြီး လက်တွေ့မှာ သိပ်မလှုပ်ရှားတာဟာ ကျိရှန့်က ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်နေလို့ပါပဲ။ သုံးရက်အကြာမှာ လုပ်မယ့် ဆွေးနွေးပွဲမှာ ချန်မိတ်ဆွေအနေနဲ့ စကားကောင်းလေးတွေ အများကြီး ပြောပေးပါဦး။ ကျွန်မတို့ ကျိမျိုးနွယ်စုဘက်ကလည်း ဒီရန်ငြိုးကို ဖြေဖျောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ"
ပြောပြီးသည်နှင့် သူမက ထိုလူငယ်ကို ထပ်မံ ဆူပူကြိမ်းမောင်းလိုက်ပြန်သည်။
"မင်းကိုသာ ပထမဘိုးဘေးကိုယ်တိုင် အိမ်ထဲခေါ်မလာခဲ့ရင် ငါ မင်းကို မီးနတ်ဘုရားမသေမျိုး မျိုးနွယ်ဆီ အပ်ပစ်လိုက်ပြီ။ ဒီတစ်ခါ ကိစ္စက ကျွယ်မင်နန်းတော်အထိ ဒုက္ခပေးသလို ဖြစ်သွားရတယ်"
လူငယ်မှာမူ လိမ္မာပါးနပ်စွာဖြင့် တစ်ခွန်းမျှ ပြန်မပြောဘဲ နေလိုက်သည်။ ရှေ့မှ ဤဒုတိယဘိုးဘေးကို ထပ်မံ ဒေါသမထွက်စေချင်တော့ပေ။
"အဖြစ်အပျက်ရဲ့ အကြောင်းရင်းခံကို သိပြီဆိုတော့ ဒါကို ဖြေရှင်းရတာ လွယ်သွားပြီ"
ချန်အင်းရွှယ်က ခပ်အေးအေး ပြုံးလျက်
"ဒါဟာ သိက္ခာပိုင်းဆိုင်ရာ ပြဿနာသက်သက်ပါပဲ။ မီးနတ်ဘုရားမသေမျိုး မျိုးနွယ် ဒီလောက် ဒေါသထွက်နေရတာဟာ သူတို့ဘက်က ကောင်းကင်မသေမျိုး မျိုးနွယ်စုကို အားနာနေရလို့လည်း ပါပါတယ်။
ဒါကြောင့် ကောင်းကင်မသေမျိုး မျိုးနွယ်စုဘက်ကို အကြောင်းပြချက် ကောင်းကောင်းလေးတစ်ခု ပေးလိုက်ရင် မီးနတ်ဘုရားမသေမျိုး မျိုးနွယ်ကလည်း ဝမ်းသာအားရနဲ့ အလျှော့ပေးမှာပါ။
ဘာပဲဖြစ်ဖြစ် အဲဒီ အဆင့် ၈ ရှေးဟောင်းမသေမျိုးရဲ့ တိုက်ရိုက်မျိုးနွယ်ထဲမှာ ဒီမိန်းကလေးတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ။ ဘယ်သူ့ကို ပေးစားပေးစား အတူတူပါပဲ၊ ဒါက မျိုးနွယ်စုချင်း မဟာမိတ်ဖွဲ့ရုံသက်သက်ပဲလေ"
ကျိမျိုးနွယ်စုဝင်များမှာ ထိုစကားကို ကြားရသောအခါမှ ရင်ထဲတွင် ဟာခနဲ သက်ပြင်းချနိုင်တော့သည်။
ဤကျွယ်မင်နန်းတော်၏ တတိယအမာခံတပည့်က ထိုကိစ္စကို အခက်အခဲဟု မမှတ်ယူသရွေ့ သူတို့အတွက် စိတ်ချရပြီဟု ခံစားလိုက်ရသည်။
လူတိုင်း စကားအနည်းငယ် ဆက်ပြောပြီးနောက် ချန်အင်းရွှယ်က ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုရန် အကြံပြုလိုက်သည်။
"ကျိမိတ်ဆွေ... ဒီမှာပဲ ထိုင်နေရတာ ပျင်းစရာကောင်းတယ်၊ လမ်းလျှောက်ထွက်ကြမလား"
"ရတာပေါ့၊ ရတာပေါ့... ကျွန်မကိုယ်တိုင် ချန်မိတ်ဆွေနဲ့ အတူ လိုက်ခဲ့ပါ့မယ်"
ကျိချွမ်းမေကလည်း သဘောတူလိုက်သည်။
မကြာမီတွင် လူတိုင်း ဧည့်ခန်းမဆောင်မှ ထွက်လာကြသည်။
ဖန့်ချန်သည် လူအုပ်နောက်မှ လိုက်ပါလာရင်း ထိုလူငယ်လေးမှာ ဘေးတံခါးမှ တိတ်တဆိတ် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် နောက်မှ လိုက်သွားလေသည်။
ကြာနီနတ်မိမယ်က သတိထားမိသော်လည်း စိတ်ထဲမထားပေ။ ဖန့်ချန်နှင့် ထိုလူငယ်မှာ ရုပ်ချင်းဆင်နေသဖြင့် အနည်းငယ် ရေစက်ရှိသည်ဟုသာ သူမ ထင်လိုက်သည်။
လူငယ်လေးမှာ သိပ်မဝေးသေးမီ နောက်မှ လူတစ်ဦး လိုက်လာသည်ကို သတိပြုမိသဖြင့် လှည့်ကြည့်လိုက်ရာ ဖန့်ချန်ကို မြင်သည်နှင့် အလျင်အမြန် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"မျိုးဆက်သစ်က ဖန့်အမာခံတပည့်ကို နှုတ်ဆက်ပါတယ်"
"မင်းတို့ ဘိုးဘေးပြောတာ ငါကြားလိုက်တယ်၊ မင်းကို ဒီက ပထမဘိုးဘေးက ခေါ်လာတာဆို အရင်က ကျိမျိုးနွယ်စုရဲ့ မျိုးနွယ်ခွဲကလား"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
လူငယ်က ခေါင်းငြိမ့်ပြကာ
"ကျွန်တော့်ကို ပထမဘိုးဘေးက ခေါ်လာတာ အမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်တော်က ကျိမျိုးနွယ်စုရဲ့ မျိုးနွယ်ခွဲ မဟုတ်ပါဘူး။ ကျွန်တော့်မျိုးရိုးက ကျိ မဟုတ်ဘူး"
"ဩော် မင်းမျိုးရိုးက ကျိ မဟုတ်ရင် ဘာလဲ တကယ်လို့ မင်းက ကျိမျိုးနွယ် မဟုတ်ရင် ကျိမျိုးနွယ်စု ပထမဘိုးဘေးက မင်းကို ဘာလို့ ခေါ်လာတာလဲ"
ဖန့်ချန်က ပုံမှန်အတိုင်းပင် ပြုံး၍ မေးမြန်းလိုက်သည်။
"ကျွန်တော်လည်း မသိဘူးဗျ။ ကျိမျိုးနွယ်စု ပထမဘိုးဘေးက ကျွန်တော့် အဖေနဲ့အမေနဲ့ ရေစက်ရှိတယ်လို့ ပြောတယ်။ ကျွန်တော့် အဖေနဲ့အမေက ဘယ်ကို ထွက်ပြေးသွားမှန်း မသိရဘဲ ပျောက်သွားတော့မှ ကျွန်တော့်ကို ဒီကို ခေါ်လာပြီး နေခိုင်းတာပါ။"
လူငယ်က သက်ပြင်းအသာချလျက်
"ကျွန်တော့်မျိုးရိုးက ကျိ မဟုတ်ပါဘူး၊ ဖန့် ပါ"
ထိုသို့ပြောပြီးနောက် သူက သတ္တိမွေးကာ ဖန့်ချန်အား အကဲခတ်ကြည့်ရင်း ရုတ်တရက် ဆိုလိုက်သည်။
"အကယ်၍ ဖန့်အမာခံတပည့်က ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် မဟုတ်ဘဲ၊ မသေမျိုးလောကငယ်က လူသာဆိုရင်... ကျွန်တော် ခုနကပဲ ခင်ဗျားနဲ့ ကျွန်တော့် အဖေအမေတွေကြားမှာ ပတ်သက်မှု ရှိမလားလို့တောင် သံသယဝင်မိမလို့ဗျ"
ဖန့်ချန်မှာမူ ဘာပြောရမှန်းမသိ ဆွံ့အသွားရသည်။
သူတို့ကြားတွင် တကယ်ပင် ပတ်သက်မှုတစ်ခုခု ရှိနေနိုင်ပေသည်။
ဖြစ်နိုင်သည်မှာ ကျိမျိုးနွယ်စုသည် ဤတစ်ကြိမ်တွင်... ဖန့်မျိုးနွယ်စုကိုယ်စား ပြဿနာကို ခါးစည်းခံပေးနေရခြင်းပင်။
"ဒါ မင်းအဖေလား"
ဖန့်ချန်က ရုတ်တရက် လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ပုံတူပန်းချီကားတစ်ချပ်မှာ လူငယ်လေး၏ မျက်စိရှေ့တွင် တစ်ခဏမျှ ပေါ်လာပြီး ပျောက်ကွယ်သွားသည်။
လူငယ်လေးမှာ မှင်တက်သွားပြီး ဖန့်ချန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။
"မင်း နာမည် ဘယ်သူလဲ"
ဖန့်ချန်က မေးလိုက်သည်။
"ဖန့်ထုန် "
ဖန့်ထုန်၏ မျက်နှာမှာ ထူးဆန်းသွားသည်
"ဖန့်အမာခံတပည့်... ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ... အား..."
သူက အသက်ရှူမှားသွားကာ ဖန့်ချန်အား ကြောင်ကြည့်နေမိတော့သည်။
ဖန့်ချန်က တိတ်ဆိတ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
ဖန့်ထုန်၏ မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် လူအချို့ ဖြတ်သွားသည်နှင့် ကြုံလိုက်ရသည်။
"နောက်မှ ဆက်ပြောကြတာပေါ့၊ အခုလောလောဆယ် မင်းဖန်တီးထားတဲ့ ပြဿနာကို အရင်ဖြေရှင်းရမယ်"
ဖန့်ချန်က ဆိုသည်။
ဖန့်ထုန်က ခါးသက်သက် ပြုံးလျက်
"ကျွန်တော် မတရားဘူးဗျာ"
"အသေးစိတ်ကို ငါမသိပေမဲ့... မင်း တကယ် မတရားဘူးလို့ ငါ ထင်တယ်"
ဖန့်ချန်က အလေးအနက် ဆိုသည်။
"ဒီတစ်ခါ... ကျွယ်မင်နန်းတော်က တကယ်ပဲ ဒီကိစ္စကို ဖြေရှင်းပေးနိုင်မှာလား တချို့လူတွေ ပြောတာ ကြားမိတာတော့ တကယ်လို့ မဖြေရှင်းနိုင်ရင် ကျွန်တော့်ကို ကောင်းကင်မသေမျိုး မျိုးနွယ်စုဆီ အပ်ပြီး သူတို့ စိတ်ကြိုက် စီရင်ခိုင်းမယ်တဲ့"
ဖန့်ထုန်၏ မျက်နှာမှာ ထူးဆန်းနေသည်
"တကယ်လို့ ကျွန်တော့်ကို ပထမဘိုးဘေးက ခေါ်လာတာသာ မဟုတ်ရင်... ဒီရန်ငြိုးကို ပြေပျောက်ဖို့ ကျွန်တော့်ကို အပ်ပစ်လိုက်တာ ကြာလှပြီ၊ ခင်ဗျားတို့ကို စောင့်နေမှာ မဟုတ်ဘူး"
ဖန့်ချန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖန့်ထုန်၏ လက်မောင်းကို အသာအယာ ပုတ်ပေးလိုက်ကာ
"မင်း ဘာမှမဖြစ်စေရဘူး"
ပြောပြီးသည်နှင့် သူသည် လူအုပ်ကြီးရှိရာသို့ ပြန်လည် လျှောက်လှမ်းသွားတော့သည်။
ဖန့်ထုန်သည် ဖန့်ချန်၏ ကျောပြင်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် သံသယများ တဖြည်းဖြည်း ပေါ်လာတော့သည်။
'သူက တကယ်ပဲ ငါ့ညီအစ်ကိုလား ငါက အစ်ကိုလို့ ခေါ်ရမှာလား၊ ညီလို့ ခေါ်ရမှာလား ဖြစ်နိုင်ခြေ များတာကတော့ ညီဖြစ်မှာပါ။ ဒါပေမဲ့ သူက ဘယ်လိုဖြစ်ပြီး ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်နေရတာလဲ၊ ပြီးတော့ ကျင့်ကြံမှုက ဘယ်နှစ်ဆင့်လဲ မသိဘူး '
"ခုနက ဖန့်အမာခံတပည့်က မင်းကို ဘာတွေ ပြောသွားတာလဲ ငါကြည့်ရတာ မင်းတို့နှစ်ယောက်က ရုပ်ချင်းဆင်တော့ ရေစက်ရှိတယ်ထင်တယ်"
ကျိထျန်းကျွင်းသည် ပြုံးရွှင်လျက် ဖန့်ထုန်၏ ဘေးတွင် လာရပ်သည်။
ဖန့်ထုန်သည် ဤသူကို သိသည်။ ဤသူ မျိုးနွယ်ခွဲမှ အဓိကမျိုးနွယ်သို့ ရောက်လာစဉ်က သူ အကြိမ်အနည်းငယ် မြင်ဖူးခဲ့သည်။
"ရုပ်ချင်းဆင်လို့ ဖန့်အမာခံတပည့်က ကျွန်တော့်ကို စကားနည်းနည်း လာပြောတာပါ။ ဒါနဲ့... ဖန့်အမာခံတပည့်က ဘယ်နှစ်ဆင့် မသေမျိုးလဲ"
ဖန့်ထုန်က လွယ်လွယ်ကူကူပင် မေးလိုက်သည်။
ကျိထျန်းကျွင်းက သက်ပြင်းအသာချလျက်
"သူက အခု အဆင့် ၃ မသေမျိုးပဲ"
"အဆင့် ၃ မသေမျိုး ကျွန်တော် ကြည့်ရသလောက်... ဖန့်အမာခံတပည့်က အသက်သိပ်မကြီးသေးဘူး ထင်တယ်"
ဖန့်ထုန် အနည်းငယ် အံ့အားသင့်သွားသည်။
ကျိထျန်းကျွင်းသည် ဖန့်ထုန်၏ စကားထဲမှ စူးစမ်းလိုစိတ်ကို သတိမထားမိဘဲ ခေါင်းငြိမ့်ပြကာ
"ငါသိရသလောက်တော့ တကယ်ပဲ အသက်သိပ်မကြီးသေးဘူး။ ငါ သူ့ကို ပထမဆုံး စတွေ့တုန်းက သူက မသေမျိုးအဆင့်တောင် မရောက်သေးဘူး။
ဒီနှစ်ပေါင်း ရာအနည်းငယ်အတွင်းမှာပဲ သူက မသေမျိုးအဆင့်ကို တက်လှမ်းနိုင်ခဲ့ရုံတင်မက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်လည်း ဖြစ်လာခဲ့တယ်။
တာ့လေယင် တိုက်ပွဲတုန်းကဆိုရင် အစီရင်မသေမျိုးပညာရပ်ကို နားလည်သဘောပေါက်သွားပြီး ရုလိုင်ကျောင်းတော်က အမာခံတပည့်တွေကို အနိုင်ယူကာ ကျွယ်မင်နန်းတော်အတွက် ရှေးဟောင်းတားမြစ်နယ်မြေ တာ့လေယင်ကို သိမ်းပိုက်ပေးခဲ့တာ"
'သူက တကယ်ပဲ ငါ့ညီအစ်ကိုလား'
ဖန့်ထုန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။
"ဒီတစ်ခါ ကျွယ်မင်နန်းတော်က လာတဲ့ အမာခံတပည့်တွေက အဆင့်အတန်း အတော်မြင့်ကြတယ်။ ချန်အမာခံတပည့်က အဆင့် ၃၊ ဖန့်အမာခံတပည့်က အဆင့် ၉၊ ကျိအမာခံတပည့်က အဆင့် ၁၀။
သူတို့ ရှိနေမှတော့ ဒီတစ်ခေါက် ဆွေးနွေးပွဲက ပြဿနာ အများကြီး ရှိမှာမဟုတ်ပါဘူး၊ မင်း စိတ်အေးအေးထားပါ"
ကျိထျန်းကျွင်းသည် ဖန့်ထုန် စိုးရိမ်နေသည်ဟု ထင်မှတ်ကာ နှစ်သိမ့်စကား ပြောပြီးနောက် ထွက်ခွာသွားသည်။
အခြားတစ်ဖက်တွင် ကြာနီနတ်မိမယ်သည် ဖန့်ချန် ရောက်လာသည်ကို မြင်သောအခါ မေးလိုက်သည်။
"ဖန့်မိတ်ဆွေ... သုံးရက်အကြာမှာ လုပ်မယ့် ဆွေးနွေးပွဲကို စီနီယာအစ်မသုံးဆီပဲ အပ်ထားလိုက်လို့ ရပါတယ်။ ကျွန်မတို့ အပြင်ထွက်ပြီး မသေမျိုးလောကငယ်ရဲ့ အလှအပတွေကို လှည့်ပတ်ကြည့်ကြမလား"
'သုံးရက်အကြာမှာ တစ်ခုခု ဖြစ်တော့မှာလား'
ကြာနီနတ်မိမယ်က တိကျသော သတင်းရထားခြင်းလား သို့မဟုတ် ခန့်မှန်းနေခြင်းလားဆိုသည်ကို ဖန့်ချန် မသေချာသဖြင့် တိုက်ရိုက် မမေးဝံ့ပေ။
"ဆွေးနွေးပွဲ ပြီးမှပဲ အပြင်ထွက်လည်ကြတာပေါ့။ စီနီယာအစ်မသုံး ပြောခဲ့သလိုပဲ... အဲဒီအချိန်ကျရင် ကျွန်တော်တို့ လှုပ်ရှားဖို့ လိုကောင်း လိုလာနိုင်တယ်လေ"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
ကြာနီနတ်မိမယ်က ခေါင်းငြိမ့်ပြကာ ဘာမှ ထပ်မပြောတော့ပေ။