← Chapters

အခန်း (၅၉၅-၅၉၆)

Vol. 60 Ch. 595-596

အခန်း (၅၉၅-၅၉၆)

Vol. 60 Ch. 595-596

အခန်း (၅၉၅) - မင်းက ငါ့ရဲ့ ညီအစ်ကို တစ်ယောက်နဲ့ သိပ်တူတာပဲ၊ တရားဓမ္မများ သင်ကြားပေး၍ ပတ်သက်မှုများကို ဖြတ်တောက်ခြင်း၊ တောင်နတ်မင်း တံဆိပ်အမှတ်အသား

“အစ်ကို... အစ်ကို မလိုက်သွားလို့ မဖြစ်ဘူးလေ၊ ကျွန်တော်နဲ့အတူ ရွာမှာ ဘယ်လိုလုပ်ပြီး နေခဲ့လို့ ဖြစ်မှာလဲ”

ဝမ်တုံးကြီးက ဒေါသတကြီး ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူးကွာ၊ မင်းကြည့်စမ်း... မင်းက ဆရာ့နောက်လိုက်ပြီး မကျင့်ကြံဘူးဆိုရင် ဆရာက ငါတို့ကို ကျင့်စဉ်တွေ သင်မပေးတော့ဘူးလို့ ထင်နေတာလား ငါတို့ ဒီမှာပဲ ခဏလောက် ကျင့်ကြံနေပြီးမှ ဆရာ့ဆီသွားပြီး စစ်ဆေးခိုင်းလို့ ရတာပဲ မဟုတ်လား။ အဲဒီလို ငိုမဲ့မဲ့ မျက်နှာကြီးနဲ့ မနေစမ်းပါနဲ့၊ ဆရာက ငါတို့ကို ပစ်ထားခဲ့မှာ မဟုတ်ပါဘူး”

ရွှီရှီချီက အတည်ပေါက်ဖြင့် ပြောဆိုလိုက်သည်။

ပြောပြီးသည်နှင့် သူသည် လီယန်ချူကို မသိမသာ ခိုးကြည့်လိုက်၏။

လီယန်ချူမှာတော့ ရယ်ချင်သွားရသည်။ ဘယ်ကနေ ရောက်လာကြတဲ့ လူပြက်လေး နှစ်ယောက်ပါလိမ့်....

“အင်း... ပြောရရင်တော့ မင်းတို့ နှစ်ယောက်လုံး ငါ့နောက် မလိုက်ကြဘူးပေါ့။ ကောင်းပြီ... ရှီချီက ဒီလို ပြောမှတော့ ငါ မင်းတို့အတွက် ကျင့်စဉ်တွေကို ချန်ထားခဲ့ပေးမယ်၊ မင်းတို့ ငါ့ဆီ လာကြည့်ချင်တဲ့ အချိန်ကျမှပဲ လာခဲ့ကြတော့”

လီယန်ချူက မတတ်သာသလို ရယ်မောရင်း ဆိုလိုက်သည်။

ဝမ်တုံးကြီးက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ရွှီရှီချီ၏ ပြင်းထန်သော ဝမ်းဗိုက်ထိုးလက်သီး တစ်ချက်ကို ခံလိုက်ရ၏။ ထို့နောက် ကျောပြင်ပေါ်သို့ ကျရောက်လာသော လက်သီးချက်မှာလည်း သွက်လက်လှသဖြင့် ဝမ်တုံးကြီးမှာ မြေပြင်ပေါ်သို့ ဗုန်းဗုန်းလဲ ကျသွားတော့သည်။

“ဆရာ... တုံးကြီးက ခေါင်းမာလို့ပါ၊ သူ့ကို စိတ်ထဲမထားပါနဲ့၊ ဆရာ့ဆီမှာ ကျင့်ကြံခွင့်ရတာက ကျွန်တော်တို့ ဘဝပေါင်းများစွာ ကုသိုလ်ပြုခဲ့လို့ ရတဲ့ ကံကောင်းမှုပါ၊ နောင်တစ်ချိန်ကျမှ တပည့်က ဆရာ့ဆီ လာရှာပါ့မယ်၊ ဒါမှ ဆရာတပည့် သံယောဇဉ် မပြတ်မှာပေါ့”

ရွှီရှီချီက ပြုံးရွှင်စွာ ပြောလိုက်သည်။

ကျောက်နတ်ဆရာကြီးက ဘာမှဝင်မပြောသော်လည်း ပြုံးလျက် ရွှီရှီချီအား လက်မထောင်ပြလိုက်၏။

“ငါ ငယ်ငယ်တုန်းက ညီအစ်ကို တစ်ယောက် ရှိတယ်၊ မင်းနဲ့ဆိုရင် ပုံစံခွက်ထဲက ထွက်လာသလိုပဲ ကွက်တိပဲ”

ရွှီရှီချီမှာ အလွန်ဝမ်းသာသွားပြီး

“ဒီလို ရေစက်မျိုးတောင် ရှိသေးတာလား ကျွန်တော်က ဘယ်လိုလူမို့လို့လဲ၊ ဆရာကြီးရဲ့ စီနီယာနဲ့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ”

“မဟုတ်ဘူး၊ မဟုတ်ဘူး... မင်းတို့ နှစ်ယောက်က သိပ်တူလွန်းလို့”

ကျောက်နတ်ဆရာကြီးက လေးနက်စွာ ဆိုသည်။

“ဒါဆိုရင် ဆရာကြီးနဲ့ အဲဒီ စီနီယာနဲ့က သံယောဇဉ် အရမ်းကြီးမှာပဲနော်၊ ဒီလောက် နှစ်တွေအကြာကြီး ကုန်လွန်သွားတာတောင် သူ့ရဲ့ ငယ်ဘဝပုံစံကို မှတ်မိနေသေးတာပဲ”

ရွှီရှီချီက ရွှန်းရွှန်းဝေအောင် ပြောပြန်သည်။

“သံယောဇဉ်ကတော့ တကယ်ကို ကြီးမားလှပါပေတယ်၊ အဲဒီတုန်းက တောင်ပေါ်မှာ အမှားတစ်ခုခု လုပ်တိုင်း ဒီကောင်က ငါ့ကိုပဲ ထိုးကျွေးခဲ့တာလေ... တစ်နှစ်ပတ်လုံး ငါ့ကိုယ်ပေါ်က ဒဏ်ရာတွေကကို မခြောက်နိုင်ဘူး...”

ကျောက်နတ်ဆရာကြီးက ပြုံးရင်း ဆိုလိုက်၏။

“...” ရွှီရှီချီ ဆွံ့အသွားတော့သည်။

ကျောက်နတ်ဆရာကြီးသည် လီယန်ချူကို မကြည့်ဘဲ မနေနိုင်တော့ပါ၊ သူ၏ အာရုံထဲတွင် လူမိုက်သဖွယ် တာအိုရဟန်းငယ်လေး တစ်ဦး၏ ပုံရိပ် ပေါ်လာသည်။

ယခု ရွှီရှီချီ၏ စကားပြောဟန်၊ အမူအရာနှင့် ထိုအရှက်မရှိသည့် ပုံစံမှာ သူ မှတ်မိနေသော ပုံရိပ်နှင့် တစ်ထပ်တည်း ကျနေ၏။ အကယ်၍ လီယန်ချူသာ ထိုရွှီရှီချီကို တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင် မျိုးဆက်ကျော် သံယောဇဉ်ဟု ဆိုရမည် ဖြစ်သည်။ သူ၏ ဆရာနှင့် မတူဘဲ သူ၏ ဆရာဘိုးဘေးနှင့် ပို၍ တူနေသကဲ့သို့ပင်။

လီယန်ချူကတော့ ကျောက်နတ်ဆရာကြီး၏ အကြည့်ကို သဘောမပေါက်ပါ၊ သို့သော် သူသည် သူတစ်ပါး၏ ဘဝကို အတင်းအကျပ် ဝင်ရောက် မစွက်ဖက်ချင်ပါ။

“ငါ့မှာ ရန်သူတွေက အရမ်းများတယ်၊ တစ်ခုခုဆိုရင် ငါ့နားကလူတွေကို သွေးနဲ့ ယဇ်ပူဇော်ချင်တဲ့သူတွေချည်းပဲ၊ အဲဒါကြောင့် မင်းတို့ကို အမည်ခံတပည့်တွေအဖြစ်ပဲ ထားတာက မင်းတို့ကို ကံကြမ္မာ အကုသိုလ်တွေ မကူးစက်စေချင်လို့ပဲ၊ ငါက အပိုတွေ လုပ်နေတာ မဟုတ်ဘူး”

“ငါ့နားမှာ ရှိနေရင်တော့ မင်းတို့ကို ငါ ကာကွယ်ပေးနိုင်တယ်၊ ဒါပေမဲ့ ငါ့နားမှာ မရှိတဲ့အတွက် မင်းတို့ကို ကျင့်စဉ်တွေ သင်ပေးပေမဲ့ ငါတို့ကြားက သံယောဇဉ် ပတ်သက်မှု တွေကိုတော့ ဖြတ်တောက်ထားရမယ်၊ နောက်မှ ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့”

လီယန်ချူက တည်ကြည်လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

သူ့တွင် ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်သော အမှောင်ဖုံးခြင်း အထူးစွမ်းအား ရှိသည်။ မိမိကိုယ်ကိုယ်သာမက သူတစ်ပါးကိုလည်း ဖုံးကွယ်ပေးနိုင်သဖြင့် ဤလူငယ် နှစ်ဦးအား ဘေးအန္တရာယ် မကျရောက်စေရန် လုပ်ဆောင်ပေးနိုင်သည်။

ရွှီရှီချီနှင့် ဝမ်တုံးကြီးတို့မှာ နားမလည်ဘဲ ဝေဝါးနေသော်လည်း လီယန်ချူ၏ စကားထဲမှ စေတနာကိုမူ ကောင်းကောင်း ခံစားမိသဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ ကျောက်နတ်ဆရာကြီးနှင့် မင်ဟော်တို့မူ လီယန်ချူကို မအံ့ဩဘဲ မကြည့်နိုင်တော့ပါချေ။

သံယောဇဉ် ပတ်သက်မှုတွေကို ဖြတ်တောက်တာလား

သူက ဒီလို တာအိုအတတ်ကိုတောင် တတ်မြောက်ထားတာလား

လီယန်ချူ အရှိန်ဝါကြည့်အတတ် ကို အသုံးပြုစဉ်ကလည်း ဂူထဲသို့ အတူဆင်းခဲ့သော ယွမ်ရိ တာအိုဆရာကို အံ့ဩစေခဲ့ဖူးသည်။ အကြောင်းမှာ ထိုအတတ်မှာ ရှေးဟောင်း တာအိုအတတ် ဖြစ်သောကြောင့်ပင်။ ယခုလည်း သူသည် သံယောဇဉ်ဖြတ်တောက်ခြင်းအကြောင်းကို ပြောလိုက်သဖြင့် ကျောက်နတ်ဆရာကြီးနှင့် မင်ဟော်ကို အံ့ဩသွားစေသည်ကို သူ သတိမထားမိပါချေ။

သူ၏ စိတ်ထဲတွင် အခြားအကြောင်းအရာ တစ်ခုကို တွေးနေမိသည်။

“ဘေးကင်းအောင် သံယောဇဉ်တွေကို ဖြတ်တောက်ပြီး ဖုံးကွယ်ပေးတယ်ဆိုတော့... ငါ့ရဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကိုလည်း တစ်ယောက်ယောက်က ဖုံးကွယ်ထားပေးတာလား ”

သူသည် သူ၏ဆရာဖြစ်သူ ရွှမ်ချိန် တာအိုဆရာကို ရုတ်တရက် သတိရသွားသည်။ သူ၏ဆရာမှာ သာမန် လှည့်လည်သွားလာနေသော ရဟန်းတစ်ပါး သို့မဟုတ် ဟောင်းနွမ်းနေသော တာအိုကျောင်းတစ်ခု၏ ကျောင်းထိုင်မျှသာ မဟုတ်နိုင်ပါချေ။ သို့သော် သူ၏ဆရာအကြောင်းကို တွေးတောမိချိန်တွင် လီယန်ချူသည် နက်နက်နဲနဲ ဆက်မတွေးနိုင်တော့ဘဲ မမြင်နိုင်သော စွမ်းအားတစ်ခုက သူ၏ အာရုံကို လွှဲပြောင်းပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ချင်းဝမ်မင်းသား၏ သားတော် ကိစ္စမှာ သူတို့ ကုအော်ဖုန်း တောင်ရှိ လျှို့ဝှက်နယ်မြေသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ထိုကိစ္စမှာ အလွန်ပင် အရေးကြီးလှ၏။

ကျောက်နတ်ဆရာကြီးသည် ဟွမ်ရှီရွာတွင် ကြာရှည်မနေတော့ဘဲ တိမ်စီးအတတ်ကို အသုံးပြုကာ တုန်းလင်ခရိုင်သို့ တိုက်ရိုက် ပြန်သွားတော့သည်။ အစောပိုင်းက လီယန်ချူ လျှို့ဝှက်နယ်မြေထဲသို့ မဝင်မီတွင် ယန်ဝိညာဉ်ပညာရှင်ကြီး လေးဦးလုံးက အားကောင်းသော အကာကွယ်ပစ္စည်းများကို လက်ဆောင်ပေးခဲ့ကြသည်။

လီယန်ချူမှာ တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ဤပစ္စည်းများမှာ သူတို့၏ စေတနာပင် ဖြစ်သည်။ ဂိုဏ်းကြီးများအတွင်း၌ပင် အကယ်၍ တရားဝင် တပည့်ရင်း မဟုတ်ပါက ထိုကဲ့သို့သော အရာများကို လွယ်လွယ်ကူကူ ပေးလေ့မရှိပါချေ။

ကျောက်နတ်ဆရာကြီးသည် လီယန်ချူအား အသုံးဝင်သော အစီရင်ပစ္စည်းအချို့ကို ပေးခဲ့သည်။

ထိုအရာများကို အသုံးပြု၍ အစီရင် အမျိုးမျိုးကို ချမှတ်နိုင်၏။ ယခုအခါ လီယန်ချူ၏ ကိုယ်ပေါ်တွင် ရှိနေသော ကျင့်ကြံခြင်း အရင်းအမြစ်များမှာ အလွန်ပင် ကြွယ်ဝလှသဖြင့် ဂိုဏ်းတစ်ခုလုံးကို ထောက်ပံ့ရန်ပင် ပြဿနာ မရှိနိုင်တော့ပါချေ။

ကျောက်နတ်ဆရာကြီး ထွက်ခွာသွားပြီးနောက် လီယန်ချူနှင့် မင်ဟော်တို့သည် ထိုနေရာတွင် နာရီအနည်းငယ် ထပ်မံ နေထိုင်ခဲ့ကြသည်။ သူသည် ရွှီရှီချီနှင့် ဝမ်တုံးကြီးအား တာအိုအခြေခံ မန္တန်အချို့ကို သင်ကြားပေးခဲ့သည်။ ဝမ်တုံးကြီး၏ ခန္ဓာကိုယ်မှာ အလွန်တောင့်တင်းပြီး ရွှီရှီချီမှာလည်း မြားပစ်အတတ်တွင် ကျွမ်းကျင်သူ ဖြစ်သည်။

ထို့ကြောင့် လီယန်ချူသည် သူတို့အား ကိုယ်ခံပညာ ကျင့်စဉ်များကိုပါ သင်ပေးလိုက်သည်။ ကိုယ်ခံပညာ ကျင့်စဉ်တွင် အခြေခံ အဆင့်သို့ ရောက်ရန်အတွက် ကျင့်စဉ်အပြင် မိမိ၏ သွေးစွမ်းအား ကောင်းမွန်ရန် လိုအပ်သလို အားဖြည့်ဆေးများလည်း လိုအပ်ပေသည်၊ မဟုတ်ပါက ကျင့်စဉ်အဆင့်ကို ထိခိုက်စေနိုင်သည်။

လီယန်ချူ ယခင်က သောက်ခဲ့သော ဆေးရည်များမှာ ကုသိုလ်အမှတ်ဖြင့် အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။

သို့သော် ယခုအခါ သူ၏ ကိုယ်ပေါ်တွင် အရင်းအမြစ်များ ပေါများနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဤလူငယ် နှစ်ဦးအတွက် ကျင့်ကြံရန် လိုအပ်သော ဆေးလုံးများနှင့် အားဖြည့်ပစ္စည်းများကို ချန်ထားခဲ့ပေးလိုက်သည်။ လူငယ် နှစ်ဦးမှာ ရတနာကြီးကို ရလိုက်သကဲ့သို့ ဝမ်းသာသွားကြတော့သည်။

ဝမ်တုံးကြီး၏ ကျင့်ကြံခြင်း ပါရမီမှာ အလွန်မမြင့်မားလှပါချေ။ မင်ဟော်၏ အဆိုအရဆိုလျှင် ချင်းချန်ရှန်း သို့မဟုတ် လုံဟူရှန်း ကဲ့သို့သော ဂိုဏ်းကြီးများတွင် အဆင့်နိမ့် ပါရမီမျိုးသာ ဖြစ်သည်။

သို့သော် သူ၏ ခန္ဓာကိုယ် တောင့်တင်းမှုမှာမူ အံ့ဩစရာပင်

သူသည် ထျန်းကန်းလက်ဝါးကျင့်စဉ်ကို သင်ယူရာတွင် အလွန်ပင် လျင်မြန်လှပြီး လက်နှစ်ဖက်ဖြင့် ကျောက်တုံးများကို ခွဲနိုင်ကာ မျက်ဝန်းများမှာလည်း ဝင်းလက်တောက်ပလာသည်။

နာရီအနည်းငယ် အတွင်းမှာပင် သူသည် ခွန်အားသာ ရှိသော ရွာခံလူငယ်လေးဘဝမှ တကယ့် ကိုယ်ခံပညာရှင် တစ်ဦးအသွင်သို့ ပြောင်းလဲသွားတော့သည်။

ရွှီရှီချီမှာတော့ သာမန်ဟု ထင်ရသော်လည်း သူ၏ ကျင့်ကြံခြင်း ပါရမီမှာ အတော်လေး ကောင်းမွန်လှသည်။ အသက်ရှူသွင်း ရှူထုတ်ခြင်း ကို အလွန်လျင်မြန်စွာ တတ်မြောက်သွားပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များနှင့်လည်း လိုက်လျောညီထွေမှု ရှိလှသည်။

ဤသည်ကို ကြည့်ပြီး လီယန်ချူက သက်ပြင်းချလိုက်မိသည်။

“ငါ့ရဲ့ ပါရမီက တကယ်ကို ညံ့ဖျင်းတာပဲ”

ယန်ဝိညာဉ်အဆင့်ကိုပင် သတ်ဖြတ်နိုင်သော ဤပါရမီရှင် လူငယ်လေးမှာ မိမိကိုယ်ကိုယ် ပါရမီညံ့ဖျင်းသည်ဟု ညည်းတွားနေသည်ကို မင်ဟော်သာ သိခဲ့လျှင် စိတ်ထဲတွင် အတော်လေး ခံစားရခက်သွားပေလိမ့်မည်။

သူတို့ နှစ်ဦးသည် ဟွမ်ရှီရွာတွင် နာရီအနည်းငယ် ကြာအောင် နေခဲ့ကြသည်။ လီယန်ချူသည် အဆောင်အချို့နှင့် လက်နက် အချို့ကိုပါ ထိုလူငယ် နှစ်ဦးအား ကာကွယ်ရန်အတွက် ပေးခဲ့၏။ ထို့နောက်တွင်မူ လက်ကို အသာဝေ့ယမ်းကာ အမှောင်ဖုံးခြင်း အတတ်ကို အသုံးပြု၍ ထိုလူငယ် နှစ်ဦး၏ ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ပေးလိုက်သည်။

ဆက်လက်၍ ဘေးအန္တရာယ်လွှဲဖယ်ခြင်း တာအိုအတတ်ကို အသုံးပြုကာ ထိုလူငယ် နှစ်ဦးထံသို့ ကျရောက်လာမည့် ဘေးဒုက္ခများကို ဖယ်ရှားပေးခဲ့၏။ အားလုံး ပြင်ဆင်ပြီးသွားမှသာ သူသည် မင်ဟော်နှင့်အတူ ဟွမ်ရှီရွာမှ ထွက်ခွာလာခဲ့တော့သည်။

“အစောပိုင်းက မင်း ဝမ်တုံးကြီးကို ကြည့်နေတုန်းက တစ်ခုခု မြင်ခဲ့လို့လား”

လီယန်ချူက မေးလိုက်သည်။

“ဟုတ်တယ်၊ ဒီကောင်လေးရဲ့ ကိုယ်ထဲမှာ တောင်နတ်မင်း တံဆိပ်အမှတ်အသား ရှိနေတယ်၊ သူက တောင်နတ်မင်းနဲ့ သံယောဇဉ် အရမ်းကြီးတယ်၊ သူက တောင်နတ်မင်း ဝင်စားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တောင်နတ်မင်းရဲ့ သားအရင်းပဲဖြစ်ဖြစ် ဖြစ်ရမယ်”

ဟု မင်ဟော်က အေးအေးဆေးဆေးပင် ပြောလိုက်၏။

တောင်နတ်မင်း

လီယန်ချူမှာ အံ့ဩသွားပြီး

“ဘာ ဆိုးကျိုးများ ရှိနိုင်မလဲ” ဟု မေးလိုက်သည်။

မင်ဟော်က ပြုံးလိုက်ပြီး

“စိတ်ချပါ၊ ဒီလို အမှတ်အသားမျိုးက လူအတွက် ဆိုးကျိုးမရှိပါဘူး၊ ကောင်းကျိုးပဲ ရှိတာ၊ သူ ဆက်ပြီး ကျင့်ကြံသွားတာနဲ့အမျှ သူ့ကိုယ်ထဲက အဲဒီ စွမ်းအားတွေက ပိုပိုပြီး အားကောင်းလာလိမ့်မယ်”

လီယန်ချူ ခေါင်းညိတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် စဉ်းစားခန်း ဝင်သွား၏။ ဝမ်တုံးကြီး ရွာကနေ မထွက်ချင်တာက ဒီအမှတ်အသားနဲ့လည်း ပတ်သက်နေမလား......

အခန်း (၅၉၆) - ဝေဝါးနေသော ကောင်းကင်လျှို့ဝှက်ချက် ၊ လင်းကျန်းခရိုင်၏ အလှူအတန်းအရှိဆုံး ကျိုးမိသားစု ၊ ကုန်ပစ္စည်းများ ၊ ဟူမယ်မယ်

စီထော်နိုင်ငံအတွင်း၌ တည်ရှိသော ဆန်းဟိုင်လော်သည် လူကုန်ကူးမှုများ ပြုလုပ်နေကြောင်း လီယန်ချူ သိရှိထားသမျှကို ကျောက်နတ်ဆရာကြီးအား ပြောပြခဲ့ပြီးဖြစ်သည်။

ကျောက်နတ်ဆရာကြီးသည်လည်း ထိုကိစ္စကို ကြားသိရသောအခါ အလွန်အံ့ဩသွားရ၏။ သူသည် ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်သည့် ဗေဒင်ပညာရပ်ကို အသုံးပြုခဲ့သော်လည်း ဆန်းဟိုင်လောင်၏ ကံကြမ္မာမှာ အလွန်ပင် ဝေဝါးနေသည်ကို တွေ့ရှိခဲ့ရသည်။ တစ်စုံတစ်ယောက်သော ပညာရှင်က ဖုံးကွယ်ထားသည့်ပုံပင်။

ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ခြင်းမှာ လုံးဝဥဿုံ ရှင်းလင်းနေသည်တော့ မဟုတ်ပါချေ။ "ကောင်းကင်လျှို့ဝှက်ချက်မှာ အထပ်ထပ် ရှိနေသဖြင့် အလွယ်တကူ မပြောအပ်" ဟု ဆိုရိုးရှိ၏။ ဗေဒင်ဆရာအများစုမှာ စကားကို ဝေ့ဝိုက်ပြောဆိုလေ့ရှိကြသည်။

တစ်ချက်မှာ ကောင်းကင်ဘေးဒဏ် မှ ရှောင်ရှားရန်ဖြစ်ပြီး၊ နောက်တစ်ချက်မှာ ကောင်းကင်လျှို့ဝှက်ချက်ဆိုသည်မှာ မူလကတည်းက ဝေဝါးနေတတ်သောကြောင့်ဖြစ်သည်။

ကြီးမားသော စွမ်းအားရှိသည့် ကျင့်ကြံသူများ သို့မဟုတ် အားကောင်းသော အစီရင်များ ရှိနေပါက ကိစ္စရပ်အချို့ကို ဝေဝါးသွားအောင် ပြုလုပ်နိုင်သည်။ ကံကြမ္မာ ရေစက် မကြီးမားပါက တစ်ခါတစ်ရံတွင် တွက်ချက်၍ မရနိုင်ပါချေ။

ထိုကိစ္စနှင့် ပတ်သက်၍ ကျောက်နတ်ဆရာကြီးက သူ ပြန်ရောက်သောအခါ အသေးစိတ် စုံစမ်းစစ်ဆေးမည်ဟု ဆိုခဲ့သည်။

သူ၏ အမြင်အရ ထိုဆန်းဟိုင်လောင်ထဲတွင် ယန်ဝိညာဉ် အဆင့်ရှိသော ပညာရှင်ကြီး တစ်ဦး ခိုအောင်းနေနိုင်ချေ ရှိသည်။ သို့သော် ကျောက်နတ်ဆရာကြီးအတွက်မူ ချင်းဝမ်မင်းသား သားတော်၏ ကိစ္စကသာ အရေးအကြီးဆုံး ဖြစ်၏။ ကျန်သည့်ကိစ္စများကို ခေတ္တ ဆိုင်းငံ့ထားရပေမည်။

လီယန်ချူသည် မင်ဟော်အား မေးမြန်းကြည့်ရာတွင် မင်ဟော်၏ စကားအရ ဤဆန်းဟိုင်လောင်သည် တုန်းလင်ခရိုင်ထဲ၌ အခြေစိုက်စခန်း တစ်ခု ရှိနေသင့်သည်ဟု သိရသည်။ သို့သော် ဆန်းဟိုင်လောင်သည် အလွန်လျှို့ဝှက်စွာ လှုပ်ရှားတတ်ပြီး၊ လုပ်ကြံသတ်ဖြတ်သူများသာမက ကျင့်ကြံသူများကိုပါ အသုံးပြုထားသည်။

လှုပ်ရှားမှုအားလုံးမှာ မြေအောက်တွင်သာ ရှိနေသဖြင့် လူသိနည်းလှ၏။ တုန်းလင်ခရိုင်တွင် အခြေစိုက်စခန်း တစ်ခုရှိကြောင်း သိရခြင်းမှာပင် မင်ဟော်မိသားစု၏ သြဇာအာဏာမှာ ကောင်းကင်နှင့် မြေကြီးကို ခြုံငုံနိုင်လောက်အောင် ကြီးမားသောကြောင့် ဖြစ်သည်။

စီထော်မြို့တော်ထဲတွင် လူကုန်ကူးခံထားရသော ထိုသူများကို တွေးမိတိုင်း လီယန်ချူ၏ စိတ်ထဲတွင် လေးလံထိုင်းမှိုင်းနေရ၏။

တုန်းလင်ခရိုင်၊ လင်းကျန်းခရိုင်မြို့လေး

ထိုမြို့လေးမှာ တုန်းလင်ခရိုင်အတွင်းရှိ ချမ်းသာကြွယ်ဝသော မြို့တစ်မြို့ ဖြစ်သည်။ လူဦးရေမှာ အလွန်မများလှဘဲ တစ်သိန်းပင် မပြည့်ပါချေ။ လက်အောက်တွင် ရွာနှင့် မြို့နယ်ပေါင်း ဆယ်ဂဏန်းခန့် ရှိသည်။

ကျိုးအိမ်တော်

ကျိုးမိသားစုမှာ လင်းကျန်းခရိုင်အတွင်းရှိ အကြီးဆုံးသော သူဌေးကြီး ဖြစ်ပြီး၊ မြို့၏ စီးပွားရေး ခြောက်ဆယ်ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည်။ သို့သော် ကျိုးမိသားစု၏ မျိုးနွယ်စု စည်းကမ်းမှာ အလွန်တင်းကျပ်သဖြင့် ချမ်းသာသော အိမ်တော်မှ သားသမီးများကဲ့သို့ လေလွင့်သောက်စားခြင်း မရှိကြပါချေ။

လင်းကျန်းခရိုင်အတွင်း ဂုဏ်သတင်း အလွန်မွှေးပျံ့လှပြီး၊ ဆန်ပြုတ်ရုံများ ဖွင့်လှစ်၍ ဒုက္ခသည်များကို ကယ်ဆယ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများ အမြဲပြုလုပ်လေ့ ရှိကြသည်။

လင်းကျန်းခရိုင်သည် ပိကျန်း ဟု ခေါ်သော မြစ်ကြီးတစ်စင်း ဘေးတွင် တည်ရှိသည်။ ထိုမြစ်မှာ အမြဲတမ်း တည်ငြိမ်အေးချမ်းနေပြီး ရေဘေးဒုက္ခ တစ်ခါမျှ မဖြစ်ပွားဖူးပါချေ။

လင်းကျန်းခရိုင်၏ စီးပွားရေး အခြေအနေမှာ ဝေချန်မြို့နှင့် ဆင်တူပြီး ဆိပ်ကမ်းလုပ်ငန်းများ ရှိသဖြင့် ကုန်သည်များစွာ အဝင်အထွက် ရှိသည်။ သို့သော် ဤမြို့တွင် ချင်းယီမယ်မယ် ဘုရားကျောင်းကဲ့သို့ အမွှေးတိုင်မီး ပူဇော်မှူများသော ကျောင်းကန်များတော့ မရှိပါချေ။

လင်းကျန်းခရိုင် ဆိပ်ကမ်း၏ စီးပွားရေးအားလုံးမှာ ကျိုးမိသားစု ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ထိုစဉ် သင်္ဘောကြီးတစ်စင်း ကမ်းကပ်လာ၏။ သင်္ဘောပေါ်မှ ခမ်းနားထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဆင်းလာသည်။ ရုပ်ရည်မှာ ပညာတတ်ဆန်ပြီး သူသည် ကျိုးမိသားစု ခေါင်းဆောင်၏ စတုတ္ထမြောက်သား ကျိုးယွီရှူ ပင် ဖြစ်သည်။

သူသည် အလုပ်ကို သွက်လက်စွာ လုပ်ကိုင်တတ်ပြီး လူမှုရေး နယ်ပယ်တွင်လည်း သဘောထား ပြည့်ဝသူ ဖြစ်သဖြင့် ကျိုးမိသားစုအတွင်း၌သာမက လင်းကျန်းခရိုင် တစ်ခုလုံးတွင်ပင် နာမည်ကောင်း ရရှိထားသူ ဖြစ်သည်။

"စတုတ္ထသခင်လေး ပြန်လာပြီလားခင်ဗျာ"

တာဝန်ခံ ပုံစံရှိသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက ပြုံးရွှင်စွာဖြင့် ခရီးဦးကြို ပြုလိုက်သည်။

"အင်း... ကျိုးတာဝန်ခံက ဒီမှာ စောင့်နေရတာ ပင်ပန်းသွားပြီ"

"အားနာစရာမလိုပါဘူး ဒါတွေက ကျွန်တော့်ရဲ့ ဝတ္တရားတွေပဲဥစ္စာ"

ကျိုးတာဝန်ခံသည် ကျိုးယွီရှုအား ဝေါယာဉ်ငယ်တစ်ခုပေါ်သို့ ဖိတ်ခေါ်လိုက်သည်။ ထိုဝေါယာဉ်မှာ အလွန်အမင်း ခမ်းနားခြင်း မရှိသဖြင့် လင်းကျန်းခရိုင်၏ အချမ်းသာဆုံး ဖြစ်သော ကျိုးမိသားစု၏ ဂုဏ်ဒြပ်နှင့် မကိုက်ညီသလို ထင်ရ၏။ သို့သော် တစ်ဖက်တွင်လည်း ကျိုးမိသားစုဝင်များ၏ ရိုးသားခြိုးခြံသော ဟန်ပန်ကို မြင်သာစေသည်။

ကျိုးမိသားစုသည် ဘယ်သောအခါမှ အပိုဖြုန်းတီးခြင်း မရှိသဖြင့် ကျိုးမိသားစုမှ သားပျိုများမှာ လင်းကျန်းခရိုင်ရှိ မိန်းကလေးများ၏ စိတ်ကူးယဉ် အိမ်မက်ထဲမှ လင်ယောက်ျားလောင်းများ ဖြစ်ကြ၏။

မကြာမီ ကျိုးယွီရှုသည် ကျိုးအိမ်တော်သို့ ရောက်ရှိသွားပြီး၊ သူ၏ ဖခင် ကျိုးယွမ်တင် နှင့် တွေ့ဆုံလိုက်သည်။

"အဖေ့ကို ဂါရဝပြုပါတယ်"

ကျိုးယွီရှုက ရိုသေစွာ ဦးညွှတ်လိုက်၏။

"အလုပ်တွေကော ဘယ်လိုလဲ" ကျိုးယွမ်တင်က အေးအေးဆေးဆေး မေးလိုက်သည်။

"ကုန်ပစ္စည်း စုစုပေါင်း တစ်ထောင်ရှစ်ရာ ရောက်လာပါပြီ၊ အချိန်မရွေး ပို့ဆောင်ဖို့ အဆင်သင့်ပါပဲ"

ဟု ကျိုးယွီရှုက ပြုံး၍ ဖြေလိုက်၏။

"ကောင်းတယ် ဒီကိစ္စကို မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ ခဏနေရင် ငါနဲ့အတူ ဘိုးဘေးကြီးကို သွားတွေ့ရမယ်"

ဟု ကျိုးယွမ်တင်က ဆိုသည်။

"ကျေးဇူးတင်ပါတယ် အဖေ"

ကျိုးယွီရှု၏ မျက်ဝန်းများ ဝင်းလက်သွားပြီး အတိုင်းမသိ ဝမ်းသာသွားရသည်။

မကြာမီ ချမ်းသာသော သူဌေးကြီး ပုံစံဝတ်ဆင်ထားသော ကျိုးယွမ်တင်သည် သူ၏ စတုတ္ထသား ကျိုးယွီရှုကို ခေါ်ဆောင်ကာ ကျိုးအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာရှိ မြက်တဲအိမ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ဤမြက်တဲအိမ် အနီးအနားရှိ ဝန်းကျင်မှာ တားမြစ်နယ်မြေ ဖြစ်ပြီး၊ ကျိုးမိသားစု၏ အစေခံများပင် လုံးဝ ဝင်ခွင့်မရှိပါချေ။ ကျိုးယွီရှု၏ မှတ်ဉာဏ်ထဲတွင် ထိုနေရာသို့ သုံးလေးကြိမ်ခန့်သာ ရောက်ဖူးသည်။

မိမိတို့၏ ဘိုးဘေးကြီးမှာ အလွန်ပင် ကြင်နာတတ်သော မျက်နှာထားရှိပြီး၊ နတ်ဘုရားကဲ့သို့သော အရှိန်အဝါရှိသည့် ထူးခြားသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူ၏ စိတ်ထဲတွင် ရင်ခုန် စိတ်လှုပ်ရှားနေမိ၏။ ယနေ့ အဖေဖြစ်သူက သူ့အား ဘိုးဘေးကြီးနှင့် တွေ့ခွင့်ပေးခြင်းမှာ အလွန်ကြီးမားသော ဂုဏ်ဒြပ်ပင်။ အကယ်၍ ဘိုးဘေးကြီး၏ လမ်းညွှန်မှုကိုသာ ရရှိခဲ့လျှင်... ကျိုးယွီရှု တစ်ယောက် ကြိတ်၍ ဝမ်းသာနေမိသည်။

ကျိုးယွမ်တင်သည် ရှေ့သို့တိုးကာ မြက်တဲအိမ် တံခါးကို ခေါက်လိုက်၏။ တဲအတွင်းမှ ခန့်ညားလေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဝင်ခဲ့ကြ"

ကျိုးယွီရှုသည် ဖခင်နောက်မှ လိုက်၍ မြက်တဲအိမ်အတွင်း ဝင်လိုက်ရာ ရှေ့တွင် ရုတ်တရက် လင်းထိန်သွားတော့သည်။

ထိုအိမ်လေးမှာ အပြင်ဘက်မှ ကြည့်လျှင် သေးငယ်ပြီး ဟောင်းနွမ်းနေသော အိမ်စုတ်လေး တစ်လုံးကဲ့သို့ ဖြစ်ကာ တောထဲမှ ရသေ့ရဟန်းများ နေထိုင်သည့် ပုံစံမျိုး ရှိသော်လည်း၊ အတွင်းသို့ ဝင်လိုက်သည်နှင့် ခမ်းနားထည်ဝါလှသော နန်းတော်ကြီး တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

ထွင်းထုထားသော ထုတ်တန်းများနှင့် ရွှေရောင်လွှမ်းနေသော အလှဆင်မှုများ

ကျိုးယွီရှုသည် ဘိုးဘေးကြီး၏ စွမ်းအားကို ပို၍ပင် ကြည်ညိုသွားရကာ ခေါင်းကို ပို၍ ငုံ့ထားလိုက်မိသည်။ ခမ်းနားသော ခန်းမကြီးအတွင်းသို့ ရောက်သောအခါ...

နတ်ဘုရားကဲ့သို့ အရှိန်အဝါရှိသော ဘိုးဘေးကြီးသည် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်း လှပသော အမျိုးသမီး တစ်ဦးနှင့် စစ်တုရင်ကစား နေသည်ကို တွေ့လိုက်ရ၏။ ထိုဘိုးဘေးကြီးမှာ အရပ်မြင့်မားပြီး ပညာတတ်အရှိန်အဝါ ရှိကာ၊ ဆံပင်နှင့် မုတ်ဆိတ်များမှာ ဖြူဖွေးနေသော်လည်း မျက်နှာအရေပြားမှာမူ လူငယ်တစ်ဦးကဲ့သို့ နူးညံ့နေသည်။ သူသည် ကျိုးမိသားစု၏ ဘိုးဘေးကြီးပင် ဖြစ်သည်။

ထိုဘိုးဘေးကြီးသည် မည်မျှကြာအောင် သက်ရှိထင်ရှား ရှိနေသည်ကို ကျိုးယွီရှု လုံးဝ မသိပါချေ။ ဖခင်ကို မေးကြည့်ဖူးသော်လည်း ဖခင်ဖြစ်သူက ပြုံးရုံသာ ပြုံးပြခဲ့ဖူးသည်။

တစ်ဖက်တွင် ရှိနေသော ထိုအမျိုးသမီးမှာမူ အိပ်ရာထက်တွင် ပျင်းရိစွာ မှီအိပ်နေပြီး ရုပ်ရည်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလှသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် လူအား အာခေါင်များ ခြောက်ကပ်သွားစေ၏။ သူမသည် ခန္ဓာကိုယ်ကို လုံခြုံစွာ ဖုံးကွယ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း လူတစ်ဦးအား သူမ၏ ရှေ့တွင် အဝတ်မဲ့ ရပ်နေသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေပြီး မျက်လုံးကို လွှဲဖယ်ရန် ခက်ခဲစေသည်။

"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"

ကျိုးသားအဖ နှစ်ဦးလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရိုသေစွာ ဆိုလိုက်ကြသည်။

ကျိုးဘိုးဘေးကြီးက နူးညံ့စွာ ပြုံးလိုက်ပြီး

"ဒါကတော့ ဟူမယ်မယ် ပဲ"

ကျိုးသားအဖ နှစ်ဦးလုံး၏ ရင်ထဲတွင် တုန်လှုပ်သွားကြ၏။

"မယ်မယ်ကြီးကို ဂါရဝပြုပါတယ်"

ထိုအမျိုးသမီးက ပျင်းရိစွာ ပြုံးလိုက်ရာ အလှတရားများမှာ ဝင်းလက်တောက်ပသွားတော့သည်။

"ထကြပါတော့"

"ဘိုးဘေးကြီးကို တင်ပြလိုတာကတော့၊ အခု ကုန်ပစ္စည်း တစ်ထောင်ရှစ်ရာ အဆင်သင့် ဖြစ်နေပါပြီ၊ အချိန်မရွေး ပို့ဆောင်နိုင်ပါတယ်"

ဟု ကျိုးအိမ်တော်ခေါင်းဆောင် ကျိုးယွမ်တင်က ရိုသေစွာ ဆိုလိုက်သည်။

ကျိုးဘိုးဘေးကြီးက ခေါင်းညိတ်လိုက်ပြီး

"ကောင်းတယ်၊ အခု တုန်းလင်ခရိုင်က စစ်မက်တွေ ဖြစ်ပွားနေတဲ့ အချိန်ပဲ။ ချင်းဝမ်အိမ်တော်က စစ်တပ်တွေ အကြီးအကျယ် လှုပ်ရှားနေတာဆိုတော့၊ ဒီကုန်ပစ္စည်းတွေကို အခွင့်ကောင်းယူပြီး ပိုပြင်ဆင်ထားရမယ်။ ဒီလိုအချိန်မျိုးမှာ အစိုးရ က သတိထားမိမှာ မဟုတ်ဘူး"

"အမိန့်အတိုင်းပါခင်ဗျာ"

"ငါတို့ လူငယ်တွေကို နေ့မနား ညမနား ဖမ်းဆီးခိုင်းလိုက်စမ်း၊ ရသလောက် အကုန်ဖမ်း... ငါတို့ ကျိုးမိသားစုက ဒီအခွင့်အရေးကို သုံးပြီး အမြတ်ကြီးကြီး ရှာရမယ် "

ဟု ကျိုးဘိုးဘေးကြီးက ပြုံးလျက် ဆိုလိုက်၏။

"ဘိုးဘေးကြီး တော်လိုက်တာဗျာ ဒါပေမဲ့ ချင်းဝမ်အိမ်တော်က အခု စစ်ရှုံးသွားပြီ၊ ချင်းဝမ် သားအဖလည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး၊ ဒီလိုအချိန်မှာ ကုန်ပစ္စည်းတွေကို ဆက်ပြီး အတင်းအဓမ္မ ဖမ်းဆီးနေမယ်ဆိုရင် တစ်ခုခုများ..."

ဟု ကျိုးယွမ်တင်က ဝေခွဲမရစွာဖြင့် ဆိုသည်။

"မင်းက ချင်းဝမ်မင်းသားရဲ့ သားတော်ကို အထင်မသေးနဲ့ဦး၊ မယ်မယ်လည်း ချန်ကျဲ ကို တွေ့ဖူးတယ် မဟုတ်လား၊ သူက နောက်ခံ အလွန်တောင့်တဲ့လူပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက သူ ဒီကို လာခဲ့သေးတယ်၊ ငါနဲ့ ခဏလောက် စကားပြောခဲ့ဖူးတယ်၊ ချင်းဝမ် သားတော်က ကိစ္စကြီး တစ်ခုကို လုပ်ဖို့ သွားနေတာ အဲဒီအချိန်ကျရင် တုန်းယန်ခရိုင် ထဲမှာ သွေးမိုးတွေ ရွာတော့မှာပဲ အဲဒီအချိန်ကျရင် ငါတို့လည်း လက်ရဲဇက်ရဲ လုပ်လို့ ရပြီ"

ဟု ကျိုးဘိုးဘေးကြီးက ရယ်မောရင်း ဆိုလိုက်သည်။

"ဘိုးဘေးကြီးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်"

ဟု ကျိုးယွမ်တင်က ဆိုသည်။

ချင်းဝမ် သားတော် အကြောင်းကို ပြောမိသောအခါ၊ ကျိုးဘိုးဘေးကြီးသည် ထိုအမျိုးသမီးလှကြီး ဟူမယ်မယ်အား ကြည့်လိုက်သည်။

"မယ်မယ်ကြီးက ဗေဒင်ပညာမှာ ကျွမ်းကျင်တာဆိုတော့၊ ချင်းဝမ် သားတော်က ဒီခရီးမှာ အဲဒီ နတ်ဘုရားလက်နက် ကို ရှာတွေ့နိုင်မလား"

"သေချာပေါက်ပဲပေါ့၊ တုန်းလင်ခရိုင်ကတော့ ဆန်ပြုတ်အိုးလို ဆူပွက်တော့မှာပဲ။ ချင်းဝမ် သားတော်ရဲ့ ကံတရားနဲ့ နောက်ခံက ရှင်နဲ့ ကျွန်မထက် အများကြီး ပိုပြီး မြင့်မားတယ်"

ဟု ဟူမယ်မယ်က ပါးစပ်လေးကို အသာအုပ်ကာ တခစ်ခစ် ရယ်မောလိုက်၏။

ကျိုးဘိုးဘေးကြီးက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး၊ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျိုးယွီရှုကို ကြည့်လိုက်သည်။

"မင်းက စတုတ္ထသား မဟုတ်လား"

ကျိုးယွီရှုက မြေပြင်ပေါ်တွင် ပို၍ ရိုသေစွာ ဝပ်တွားလိုက်ပြီး

"ဒီနေ့ ဘိုးဘေးကြီးကို ဖူးတွေ့ခွင့်ရတာ ကျွန်တော့်အတွက်တော့ ပြောမပြတတ်အောင် ဝမ်းသာရပါတယ်၊ ကျွန်တော်က ဖခင်ရဲ့ စတုတ္ထမြောက်သားပါ"

"ကောင်းပြီ၊ ဒီအရွယ်နဲ့ ယင်ဝိညာဉ် အလယ်အလတ်အဆင့် အထိ ရောက်နေတာ တော်တော်လေး ချီးကျူးဖို့ ကောင်းတယ်။ မယ်မယ်ကြီး... ကျွန်တော့်ရဲ့ ဒီမြေးလေးကို ကြည့်ပေးပါဦး၊ ဘယ်လိုနေလဲ"

ဟု ကျိုးဘိုးဘေးကြီးက မေးလိုက်တော့သည်။

All Chapters