အခန်း (၅၉၇-၅၉၈)
Vol. 60 Ch. 597-598
အခန်း (၅၉၇) - အမြတ်ကြီးစား ရှာဖွေခြင်း၊ ပညာရှင်ကြီး သုံးဦးနှင့် ကုန်ပစ္စည်းများ ဖမ်းဆီးခြင်း၊ ဖူချန်မြို့မှ ပညာရှိကြီး လော်ကျင်ယန်
“ယန်ဝိညာဉ်အဆင့်ကို ရောက်ဖို့ အခွင့်အရေး အနည်းငယ် ရှိတာပဲ”
ဟူမယ်မယ်က ကျိုးယွီရှုကို တစ်ချက်ကြည့်ကာ မြူဆွယ်သော အပြုံးဖြင့် ဆိုလိုက်သည်။
ထိုအကြည့်တစ်ချက်ကပင် ကျိုးယွီရှု၏ အရိုးထဲအထိ ဖျဉ်းခနဲ ဖြစ်သွားစေ၏။ သူ၏ စိတ်ထဲတွင်လည်း ပြောမပြတတ်အောင် ဝမ်းသာသွားရသည်။
ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက် အနည်းငယ် ရှိသည်တဲ့လား
ကျိုးယွီရှု တစ်ယောက် ကြိတ်၍ ဝမ်းသာအားရ ဖြစ်နေမိတော့သည်။
“မယ်မယ်ကြီးက ဒီလိုတောင် မိန့်မှာတော့... ယွီရှု၊ မင်း နောင်ကျရင် ဒီမြက်တဲအိမ်ကို ခဏခဏ လာခဲ့၊ ဘိုးဘေးကိုယ်တိုင် မင်းကို သင်ကြားပြသပေးမယ်”
ကျိုးဘိုးဘေးကြီးက ပြုံး၍ ဆိုလိုက်သည်။
“ဘိုးဘေးကြီးရဲ့ ချီးမြှောက်မှုနဲ့ မယ်မယ်ကြီးရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ”
ကျိုးယွီရှု အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ သူ သိလိုက်ပြီ... ကျိုးမိသားစု၏ အိမ်တော်ခေါင်းဆောင် ရာထူးမှာ သူ့လက်ထဲသို့ ရောက်ရှိရန် သေချာသလောက် ရှိသွားပြီ ဖြစ်ကြောင်းကိုပင်။
“သွားကြတော့၊ ငါပြောတာကို မှတ်ထား... ကုန်ပစ္စည်းတွေ များများဖမ်း၊ ဒီလို အခွင့်အရေးမျိုးကို အလဟဿ အဖြစ်မခံနဲ့”
ကျိုးဘိုးဘေးကြီးက မိန့်ကြားလိုက်၏။
“အမိန့်အတိုင်းပါခင်ဗျာ”
ကျိုးသားအဖ နှစ်ဦးလုံးက ပြိုင်တူထူးကာ ရိုသေစွာဖြင့် ပြန်လည် ဆုတ်ခွာလာခဲ့ကြသည်။
မြက်တဲအိမ်မှ ထွက်လာပြီးနောက် ကျိုးအိမ်တော်ခေါင်းဆောင် ကျိုးယွမ်တင်က ကျိုးယွီရှု၏ ပုခုံးကို ကျေနပ်အားရစွာ ပုတ်လိုက်ပြီး
“ဘိုးဘေးကြီးနဲ့ မယ်မယ်ကြီးက မင်းကို ဒီလောက်တောင် ချီးမြှောက်တာဆိုတော့၊ နောင်ကျရင် ပိုပြီးတော့ ကြိုးစားရမယ်နော်”
ကျိုးယွမ်တင်က ပြုံးလျက် ဆိုသည်။
“ဟုတ်ကဲ့ပါ အဖေ၊ သား သေချာမှတ်ထားပါ့မယ်”
ကျိုးယွမ်တင်က ခေါင်းညိတ်ပြကာ
“နောက်ထပ် သွားရမယ့်နေရာက ဘယ်မှာလဲ”
“တာလျိုရွာပါ”
“ကောင်းပြီ၊ တတိယပညာရှင်ကြီးကို မင်းနဲ့အတူ လိုက်သွားခိုင်းလိုက်မယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင်ပေါ့၊ မင်းရဲ့ ဘေးကင်းရေးကိုလည်း သူက ကာကွယ်ပေးနိုင်လိမ့်မယ်”
ကျိုးယွမ်တင်က အေးအေးဆေးဆေးပင် ပြောလိုက်၏။
ကျိုးယွီရှု၏ မျက်ဝန်းများ ဝင်းလက်သွားကာ
“ကျေးဇူးတင်ပါတယ် အဖေ”
ကျိုးမိသားစုတွင် သားခုနစ်ယောက် ရှိပြီး အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်များအတွင်း လူဖမ်းဆီး၍ ကုန်ပစ္စည်းအဖြစ် အရောင်းအဝယ် ပြုလုပ်သည့် ကိစ္စများတွင် ဤကျိုးမိသားစုဝင် သားချင်းများကပင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ကျိုးမိသားစုတွင် အထူးပညာရှင်ကြီး သုံးဦး ရှိပြီး အားလုံးမှာ ယင်ဝိညာဉ် ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။
တတိယပညာရှင်ကြီးမှာ ခန္ဓာကိုယ် တောင့်တင်းစေသည့် ကိုယ်ခံပညာ အပြင်ပိုင်းကျင့်စဉ် ကို ကျွမ်းကျင်သည့်အပြင် ကိုယ်ခံပညာလမ်းစဉ် ကိုပါ တွဲဖက်ကျင့်ကြံထားသူ ဖြစ်သည်။ လူသတ်ရာတွင် မျက်တောင်တစ်ချက် မခတ်သော ရက်စက်သည့် မိစ္ဆာတစ်ဦးပင်။
ဖခင်ဖြစ်သူက တတိယပညာရှင်ကြီးကို မိမိနောက်မှ လိုက်ခိုင်းခြင်းမှာ မတော်တဆမှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ တစ်နည်းအားဖြင့် ကြည့်လျှင် သူ၏ အဆင့်အတန်းမှာ အမှန်တကယ်ပင် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ ကျိုးယွီရှု အလွန်ပင် ပျော်ရွှင်နေမိတော့သည်။
တာလျိုရွာ
ဤရွာမှာ တုန်းလင်ခရိုင်အတွင်းရှိ သာမန်ရွာလေး တစ်ရွာဖြစ်ပြီး ရွာသား ခုနစ်ရာ၊ ရှစ်ရာခန့် ရှိသည်။ ရွာသားများမှာ အမဲလိုက်ခြင်းဖြင့် အသက်မွေးကြသဖြင့် စိတ်ဓာတ်မှာ ကြမ်းတမ်း ပြတ်သားလှ၏။ ဓားပြအုပ်စုငယ်လေးများ လာရောက်လျှင်ပင် သူတို့က ပြန်လည် တိုက်ခိုက်ဝံ့ကြသည်။
ဟီး... ဟီး...
ဝေးကွာသော နေရာမှ မြင်းဟီသံများ ထွက်ပေါ်လာပြီး မြင်းစီးသမား ဆယ်ဂဏန်းခန့်မှာ ဒုန်းစိုင်း ခပ်နှင်လာကြသည်။ မြင်းပေါ်မှ လူများမှာ သန်မာထွားကြိုင်းပြီး ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော လူမိုက်များ ဖြစ်ကြကာ မျက်လုံးများမှာ ရက်စက်မှုများဖြင့် ပြည့်နှက်နေသည်။
ဦးဆောင်လာသူမှာ မျက်နှာအသားအရောင် ဝါဖျော့ဖျော့ရှိပြီး ခန္ဓာကိုယ် ပိန်ပါးသော အသက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေ၏။ သူ၏ ဘေးတွင်မူ သံမဏိမျှော်စင်ကြီးသဖွယ် ထွားကြိုင်းလှသော လူတစ်ဦး ရှိနေပြီး ထိုသူ၏ ကျားမျက်လုံးများမှာ အေးစက်သော လျှပ်စီးများကဲ့သို့ပင်။
တစ်ချက်ကြည့်ရုံနှင့်ပင် ကြောက်လန့်၍ ခြေထောက်များ တုန်သွားစေနိုင်သည်။ သူစီးထားသော မြင်းညိုကြီးမှာလည်း ထွားကြိုင်း သန်မာလှသဖြင့် တွေ့ရခဲသော မြင်းကောင်းတစ်ကောင် ဖြစ်သည်။
အကယ်၍ သေချာကြည့်မည်ဆိုလျှင် ထိုမြင်း၏ မျက်လုံးများမှာ အနီရောင်အလင်းများ ထွက်ပေါ်နေပြီး၊ ခွာများပေါ်တွင်လည်း အကြေးခွံများ မသိမသာ ထွက်ပေါ်နေသည်ကို တွေ့ရပေလိမ့်မည်။ ထင်ရှားသည်မှာ ထိုမြင်းမှာ မိစ္ဆာအဖြစ် အသွင်ပြောင်းတော့မည့် သတ္တဝါပင်။
“ဓားပြကြီးတို့... ဘာများ အလိုရှိလို့လဲ၊ ရိက္ခာလား၊ ငွေကြေးလား ”
ရွာထဲမှ အရပ်ရှည်သော အဘိုးအိုတစ်ဦး ရှေ့သို့ ထွက်လာကာ မေးလိုက်သည်။ သူသည် တာလျိုရွာ၏ ရွာသူကြီး ဖြစ်ပြီး ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သဖြင့် လက်မောင်းကြွက်သားများမှာ အလွန်တောင့်တင်းလှ၏။ သာမန်လူတစ်ယောက်ဆိုလျှင် သူ၏ လက်အောက်တွင် တစ်ကွက်ပင် ခံနိုင်ရည် ရှိမည် မဟုတ်ပါချေ။
“လူရှာဖို့...”
“ရွာထဲက လူကြီးလူငယ်၊ ကျားမ မရွေး အကုန်လုံးကို စုရုံးခိုင်းလိုက်စမ်း”
မျက်နှာ ဝါဖျော့ဖျော့နှင့် အသက်လတ်ပိုင်း အမျိုးသားက ဆိုလိုက်သည်။
“ကျွန်တော်မျိုးတို့က ဘယ်သူ့ကို ရှာပေးရမလဲဆိုတာ မသိလို့ပါ၊ အဘိုးကြီး မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်”
ပန်းပဲဆရာ ရွာသူကြီးက သတိကြီးစွာဖြင့် မေးလိုက်ပြန်သည်။
“စကားများလိုက်တာ ”
မျက်နှာ ဝါဖျော့ဖျော့နှင့် အမျိုးသားက လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ လေပြင်းများ ထွက်ပေါ်လာပြီး ရွာဘေးရှိ ပေါင်တစ်ထောင်ကျော် လေးသော ကျောက်တုံးကြီးမှာ ဟုန်းခနဲ မြည်ကာ ကြေမွသွားတော့သည်။
“နတ်ဆရာ”
ခန့်ညားထွားကြိုင်းသော ရွာသူကြီး အဘိုးအိုမှာ အံ့ဩတုန်လှုပ်သွားရသည်။ ဤလူမိုက်အုပ်စုမှာ ဒုန်းစိုင်းနှင်လာကတည်းက အကောင်းနှင့် လာသူများ မဟုတ်မှန်း သိသာလှ၏။ သူတို့၏ အရှိန်အဝါမှာ သာမန်ဓားပြများထက် များစွာ သာလွန်နေသည်။ သို့သော် ထိုမျှသာဆိုလျှင် ရွာသူကြီးက သူတို့နှင့် ရင်ဆိုင်ဖြေရှင်းဝံ့ပါသေးသည်။
သို့သော် ယခု ဦးဆောင်သူက လက်တစ်ချက်ဖြင့် ကျောက်တုံးကြီးကို ချေမှုန်းပြလိုက်သည်မှာ လျှို့ဝှက်ဆန်းပြားသော အတတ်ပညာများကို တတ်မြောက်ထားသည့် နတ်ဆရာ တစ်ဦးပင် ဖြစ်ရမည်။ ခုခံရန် လုံးဝ မဖြစ်နိုင်တော့ပါချေ...။
မကြာမီ တာလျိုရွာသားများအားလုံးကို ရွာရှေ့ရှိ ကွင်းပြင်ထဲတွင် စုရုံးလိုက်ကြသည်။ ထွားကြိုင်းသော လူမိုက် ဆယ်ဂဏန်းခန့်မှာ ရွာသားများကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။
“လူတွေ အကုန်စုံပြီလား” ဟု မျက်နှာ ဝါဖျော့ဖျော့နှင့် အမျိုးသားက မေးလိုက်သည်။
“ဟုတ်ကဲ့... စုံပါပြီ၊ ဓားပြကြီးတို့ ဘယ်သူ့ကို ရှာချင်လို့လဲခင်ဗျာ”
ရွာသူကြီးက တံတွေးကို အနိုင်နိုင် မျိုချရင်း တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
မျက်နှာ ဝါဖျော့ဖျော့နှင့် ခေါင်းဆောင်မှာ သူ့ကို ထပ်မံ အဖတ်မလုပ်တော့ဘဲ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ပြန်လည် မှုတ်ထုတ်လိုက်ရာ... မည်းမှောင်သော မီးခိုးလုံးကြီးများ လိပ်တက်လာပြီး တာလျိုရွာသားအားလုံးကို ဖုံးလွှမ်းသွားတော့သည်။
အဟွတ်... အဟွတ်... အဟွတ်
ရွာသားများသည် ထိုမီးခိုးမည်းများကြားတွင် တရစပ် ချောင်းဆိုးနေကြရ၏။ မီးခိုးများ ပြန်လည် လွင့်စင်သွားသောအခါ တာလျိုရွာသား အားလုံးမှာ မျက်လုံးများ ပြူးကြောင်ကာ ထုံထိုင်းနေကြပြီး၊ မှင်တက်ကာ စိတ်လွင့်နေကြတော့သည်။ မှော်ဝင်သွားသကဲ့သို့ပင်။
“ရွာကို အကုန်ရှာစမ်း၊ သံသယဖြစ်စရာ လူရှိလား ကြည့်၊ ကျန်တဲ့လူတွေက ဒီရွာသားတွေကို သင်္ဘောပေါ် မောင်းတင်လိုက်ကြ”
မျက်နှာ ဝါဖျော့ဖျော့နှင့် အမျိုးသားက အမိန့်ပေးလိုက်သည်။
ထိုလူမိုက်များ၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်သွက်လက်ပြီး စည်းစနစ်ကျလှ၏။ မကြာမီ တစ်ရွာလုံးကို အနှံ့အပြား ရှာဖွေပြီးနောက် ရွာသားများကို တိရစ္ဆာန်များကဲ့သို့ မောင်းနှင်သွားကြတော့သည်။
တာလျိုရွာ၏ တည်နေရာမှာ အတော်လေး လူသူဝေးသော်လည်း မြစ်ကမ်းနှင့် မဝေးလှသဖြင့် မကြာမီမှာပင် သင်္ဘောပေါ်သို့ ရောက်ရှိသွားကြ၏။ မြစ်ကမ်းဘေးတွင် သာမန်ငါးဖမ်းလှေများထက် အဆပေါင်းများစွာ ကြီးမားသော သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်ထားသည်။
ရွာသားအားလုံးကို သင်္ဘောဝမ်းဗိုက်ထဲသို့ မောင်းသွင်းပြီးသွားသောအခါမှ ထိုမျက်နှာ ဝါဖျော့ဖျော့နှင့် အမျိုးသားသည် မိမိ၏ မျက်နှာကို လက်ဖြင့် အတင်းပွတ်သပ်လိုက်ရာ ရုတ်တရက်ဆိုသလို သိမ်မွေ့ထက်မြက်သော လူငယ်လေး တစ်ဦးအသွင်သို့ ပြောင်းလဲသွားတော့သည်။
သူကား... ကျိုးဘိုးဘေးကြီး၏ မျက်နှာသာပေးမှုကို ခံထားရသော ကျိုးမိသားစု၏ စတုတ္ထသား ကျိုးယွီရှု ပင် ဖြစ်သည်။
သူ၏ ဘေးတွင်မူ အစောပိုင်းက ထွားကြိုင်းသော လူကြီး ရှိနေပြီး ထိုသူ၏ သွေးစွမ်းအား မှာ အလွန်ပင် ပြင်းထန်လှသဖြင့် သာမန်လူများဆိုလျှင် သူ၏ ဘေးတွင် ရပ်နေရရုံနှင့်ပင် ဖိအားဒဏ်ကို ခံစားရပေလိမ့်မည်။
“စတုတ္ထသခင်လေးက အလုပ်လုပ်တာ တကယ်ကို သွက်လက်ပြီး သတိကြီးတာပဲ၊ နောင်ကျရင် ကိစ္စကြီးတွေကို ထမ်းဆောင်နိုင်မယ့်သူပဲ”
ထိုထွားကြိုင်းသော လူကြီးက ပြုံး၍ ဆိုလိုက်သည်။
“ဒါတွေက အိမ်တော်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေပါ၊ ကျွန်တော်က အဲဒီအတိုင်းပဲ လုပ်ဆောင်တာပါ၊ တတိယပညာရှင်ကြီးက မြှောက်ပြောလွန်းနေပါပြီ”
ဟု ကျိုးယွီရှုက ဆိုလိုက်၏။
ဤလူကြီးမှာ ကျိုးမိသားစု၏ တတိယပညာရှင်ကြီး ရှသမုကျန့် ပင် ဖြစ်သည်။
“စတုတ္ထသခင်လေး... နောက်ထပ် သွားရမှာက ဖူချန်မြို့ မဟုတ်လား”
ရှသမုကျန့်က အေးဆေးစွာ မေးသည်။
“ဟုတ်ပါတယ်၊ တတိယပညာရှင်ကြီးမှာ ဘာများ အကြံပေးစရာ ရှိလို့လဲခင်ဗျာ”
ကျိုးယွီရှုက ပြုံး၍ မေးလိုက်သည်။
“ဒီဖူချန်မြို့ထဲမှာ အနားယူနေတဲ့ ပညာရှိကြီး တစ်ယောက် ရှိတယ်၊ သူ့နာမည်က လော်ကျင်ယန် တဲ့၊ သူက အရင်တုန်းက အစိုးရက ခန့်အပ်ထားတဲ့ တုန်းလင်ခရိုင် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက အရာရှိလောကရဲ့ လှိုင်းတံပိုးတွေကို ငြီးငွေ့လို့ ဒီမှာ လာပြီး အနားယူနေတာ။ စတုတ္ထသခင်လေး... ဖူချန်မြို့မှာ ကုန်ပစ္စည်းတွေ သွားဖမ်းမယ်ဆိုရင် ဒီလူကိုတော့ သတိထားရလိမ့်မယ်”
ရှသမုကျန့်က တည်ငြိမ်စွာ ဆိုလိုက်၏။
ပညာရှိကြီး လော်ကျင်ယန်... ကျိုးယွီရှု၏ ရင်ထဲတွင် လေးလံသွားရသည်။ ပညာရှိကြီး ဟု အမည်နာမ ခေါ်ဝေါ်ခံရသူမှာ သေချာပေါက် စာပေလမ်းစဉ်တွင် အထွဋ်အထိပ် ရောက်ရှိနေသူပင် ဖြစ်ရမည်။ သူ၏ လက်ရှိ အဆင့်အတန်းနှင့် ရင်ဆိုင်ရလျှင် လုံးဝ ယှဉ်နိုင်မည် မဟုတ်ပါချေ။
စာပေလမ်းစဉ်သည် ဖြောင့်မတ်မှန်ကန်သော စွမ်းအား ကို ကျင့်ကြံကြခြင်း ဖြစ်သည်။ ကျင့်ကြံသူ ဦးရေ မများလှသလို အစောပိုင်း အဆင့်များတွင် တိုက်ခိုက်နိုင်စွမ်း မရှိသဖြင့် သာမန်လယ်သမား တစ်ယောက်၏ ရိုက်နှက်မှုကိုပင် ခံရနိုင်သော်လည်း၊ ပညာရှိကြီး အဆင့်သို့ ရောက်သွားပြီဆိုလျှင်မူ ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာမှ ပညာရှင်များပင် ခက်ခက်ခဲခဲ ရင်ဆိုင်ရတတ်သည်။
“အဲဒီအချိန်ကျရင် တတိယပညာရှင်ကြီးက ကျွန်တော့်ကို ကူညီပေးပါဦး”
ဟု ကျိုးယွီရှုက လက်အုပ်ချီ၍ ဆိုလိုက်သည်။
“ငါ ဒီမှာ ရှိနေသရွေ့တော့ အဲဒီ လော်ကျင်ယန်ကို ထည့်တွက်နေစရာ မလိုပါဘူး”
ဟု ရှသမုကျန့်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ကျိုးယွီရှုမှာ လူပါးတစ်ဦး ဖြစ်သဖြင့် ရှသမုကျန့်က သူ့အား လမ်းညွှန်ပေးနေခြင်းမှာ ထိုကိစ္စတွင် မိမိကိုယ်တိုင် မည်မျှ အရေးပါကြောင်းကို သိစေလိုခြင်း ဖြစ်မှန်း နားလည်လိုက်သည်။ တစ်နည်းအားဖြင့် မျက်နှာသာပေးမှုကို ပြသခြင်းပင် ဖြစ်သည်။
ဤသည်ကို ကျိုးယွီရှုက အတော်လေး သဘောကျနေမိ၏။ ထိုပညာရှင်ကြီး သုံးဦးမှာ ပုံမှန်ဆိုလျှင် ခေါင်းမော့၍ နေတတ်ကြပြီး သူ၏ ဖခင်နှင့်ပင် အဆင့်အတန်း တူညီကြသူများ ဖြစ်သည်။ ကျိုးမိသားစုမှ သားခုနစ်ယောက်ကို သူတို့က တူအရွယ် သားသမီးများအဖြစ်သာ သဘောထားလေ့ရှိသဖြင့် ယခုကဲ့သို့ အသိအမှတ်ပြုခြင်းမှာ ထူးခြားလှပေသည်။
သူသည် ထိုဟူမယ်မယ်၏ မိမိအပေါ် မှတ်ချက်နှင့် ဘိုးဘေးကြီး၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များကို ပြန်လည် တွေးတောမိလိုက်ရာ... ကျိုးယွီရှုသည် မသိမသာ ခါးကို မတ်လိုက်မိတော့သည်။
“ဒီစစ်မက်ဖြစ်ပွားနေတဲ့ အချိန်ကို သုံးပြီး ဟူမယ်မယ်နဲ့ ကုန်သွယ်ဖို့ ကုန်ပစ္စည်းတွေ များများ ဖမ်းပေးရမယ်၊ ဒါမှ ငါ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနိုင်မှာ”
ကျိုးယွီရှုက ပြုံးလျက် တွေးတောလိုက်တော့သည်။
အခန်း (၅၉၈) - ဝန်ဆန်းစာသင်တိုက်၊ ဘေးဒုက္ခစတင်ခြင်း၊ ကျောင်းသား၏သတင်းပေးပို့မှုနှင့် အခြေအနေအရပ်ရပ် စိုးရိမ်ရခြင်း၊ သူတော်စင်၏ စကားတော်များ
ဖူချန်မြို့
ထိုမြို့လေးကား စာပေအနုပညာ ထွန်းကားသော မြို့တစ်မြို့ဖြစ်ပြီး စာပေသူတော်စင် ကို ပူဇော်သော ဘုရားကျောင်းတစ်ခုလည်း ရှိသည်။ တုန်းလင်ခရိုင်၏ မြို့ကြီးပြကြီး မဟုတ်သော်လည်း ကြီးရင် နှင့် ရှုချိုင် ဘွဲ့ရ ပညာရှိများစွာ ထွက်ပေါ်ခဲ့ဖူးသည်။
ဖူချန်မြို့တွင် ဝန်ဆန်းစာသင်တိုက် ဟူ၍ ရှိပြီး ကျောင်းအုပ်ကြီး လော်ကျင်ယန် ၏ ကိုယ်ကျင့်တရားနှင့် စာပေအရည်အချင်းမှာ လူအများ ကြည်ညိုလေးစားရသူ ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း ဝန်ဆန်းစာသင်တိုက်မှ ထွက်လာသော ကျောင်းသားများသည် အစိုးရလောကတွင် ရာထူးတက်ကံ မကောင်းကြသော်လည်း၊ သူတို့၏ ခိုင်မာသော စာပေပညာရှင် စိတ်ဓာတ် မှာတော့ ချီးကျူးစရာ ဖြစ်ခဲ့သည်။
အထူးသဖြင့် ဝန်ဆန်းစာသင်တိုက်သည် ဆင်းရဲသား ကျောင်းသားများအတွက် အခွင့်အလမ်း တံခါးတစ်ခုကို ဖွင့်လှစ်ပေးထားပြီး၊ နွမ်းပါးသော မိသားစုမှ ကလေးငယ်များအတွက် အစိုးရစာမေးပွဲမှတစ်ဆင့် ဘဝကို ပြောင်းလဲနိုင်ရန် ကူညီပေးခဲ့သည်။
လော်ကျင်ယန်သည် ဝတ်စားဆင်ယင်မှု ရိုးသားလှသော စာပေသမားတစ်ဦး ဖြစ်သည်။ အသက် ငါးဆယ်ကျော် အရွယ်ရှိပြီး ရုပ်ရည်သန့်ပြန့် သပ်ရပ်သည်။
ငယ်စဉ်ကမူ သူသည် ရုပ်ရည်ချောမောကာ မြို့တော်၏ လမ်းမများပေါ်တွင် မြင်းစီး၍ လှည့်လည်စဉ် အမျိုးသမီးများ စွဲမက်ခဲ့ရသော တတိယဘွဲ့ရ ပညာရှိ လောင်းလျာ ဖြစ်ခဲ့ဖူးသည်။ သို့သော် ဖူချန်မြို့ရှိ လူများမှာ လော်ကျင်ယန်၏ ထိုဂုဏ်ရောင်ထွန်းပြောင်ခဲ့သော အတိတ်အကြောင်းကို သိသူ နည်းပါးလှသည်။
ဝန်ဆန်းစာသင်တိုက်သည် ဖူချန်မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ပတ်ဝန်းကျင်မှာ အေးချမ်းသာယာပြီး စာသင်တိုက်ကြီးများ၏ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး မရှိသော်လည်း၊ ပညာရပ်ကို အေးအေးဆေးဆေး လေ့လာနိုင်သော ထူးခြားသည့် တည်ငြိမ်မှုမျိုး ရှိသည်။
ထိုစဉ်...
လူငယ်စာပေသမား တစ်ဦးသည် ဝန်ဆန်းစာသင်တိုက်အတွင်းသို့ ယိမ်းယိုင်လျက် ပြေးဝင်လာသည်။ သူ၏ အဝတ်အစားများပေါ်တွင် သွေးစက်များ ပေကျံနေ၏။
“မကောင်းတော့ဘူး... ဒုက္ခရောက်ကုန်ပြီ၊ မြို့ထဲကို ဓားပြတွေ ဝင်လာပြီ၊ လူတွေကို လိုက်ပြီး လုယက်နေကြတယ် ”
ထိုကျောင်းသားသည် သွေးချင်းချင်းနီလျက် စာသင်တိုက်ထဲသို့ ပြေးဝင်လာခြင်း ဖြစ်သည်။
သူ၏ နောက်တွင်မူ ရက်စက်ကြမ်းကြုတ်သော ပုံစံရှိသည့် လူရမ်းကား နှစ်ဦးက ကပ်လျက် လိုက်ပါလာကြသည်။ လူမိုက်တစ်ဦး၏ မျက်လုံးများမှာ အေးစက်သွားကာ ကိုယ်တွင်းမှ သွေးစွမ်းအားများ တဟုန်ထိုး တက်လာပြီး ခြေလှမ်းများမှာ ပို၍ မြန်ဆန်လာသည်။
သူသည် ထိုစာပေသမား၏ နောက်ကျောသို့ ရောက်လာကာ လက်ကို ကွေးညွတ်၍ ကုပ်ခြစ်ရန် ပြင်လိုက်သည်။ လက်သည်းများမှာ ချိတ်ကောက်များကဲ့သို့ပင်။
အကယ်၍ အရှင်ဖမ်းရန် မဟုတ်ပါက၊ ထိုစာပေသမားကို လမ်းခုလတ်မှာပင် သူတို့ သတ်ဖြတ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
“အမိန့်တော်... ကိုယ်ကျင့်တရားစောင့်ထိန်းစမ်း ”
ပြတ်သားကာ အရှိန်အဝါကြီးမားသော ဟန့်တားသံတစ်ချက် ထွက်ပေါ်လာသည်။ ထိုရက်စက်သော လူမိုက်နှစ်ဦးမှာ ရုတ်တရက် လှုပ်ရှား၍ မရတော့ဘဲ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားတော့သည်။ နတ်ဘုရားတစ်ပါး၏ ချုပ်နှောင်ခြင်းအတတ် ဖြင့် အချုပ်ခံလိုက်ရသကဲ့သို့ပင်။
လော်ကျင်ယန်သည် ဆရာ နှစ်ဦး၊ သုံးဦးနှင့်အတူ ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါမှာ စည်းကမ်းကြီးမားပြီး မည်သူမျှ မော်မကြည့်ဝံ့သော ခန့်ညားမှုမျိုး ရှိနေ၏။
“ဝမ်ဝန်ချိုင်... ဘာဖြစ်တာလဲ ” ဟု လော်ကျင်ယန်က အသံလေးနက်စွာဖြင့် မေးလိုက်သည်။
“ဆရာကြီး... မြို့ထဲမှာ ဓားပြတစ်အုပ်က လူတွေကို လုယက်သတ်ဖြတ်နေကြတယ်၊ ခရိုင်ရုံးကတောင် မတားနိုင်တော့ဘူး၊ ဆရာကြီး ကယ်ပေးပါဦး”
ဝမ်ဝန်ချိုင် အမည်ရှိသော ထိုကျောင်းသားသည် အားနည်းစွာဖြင့် ပြောလိုက်သည်။
လော်ကျင်ယန်သည် ပုံမှန်ဆိုလျှင် လူအများအပေါ် အလွန်နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ မိမိစာသင်တိုက်မှ ကျောင်းသားတစ်ဦး ယခုကဲ့သို့ ပြင်းထန်သော ဒဏ်ရာရထားသည်ကို မြင်သောအခါ သူသည် ချက်ချင်း ဒူးထောက်ထိုင်ချကာ တွဲကူလိုက်ပြီး
“ငါ သိပြီ... စကားတွေ အများကြီး မပြောနဲ့တော့၊ အေးအေးဆေးဆေး အနားယူလိုက်”
သူ၏ လေသံမှာ အလွန်ပင် တည်ငြိမ်လှသည်။ ဝမ်ဝန်ချိုင်က ခေါင်းညိတ်ပြ၏။
လော်ကျင်ယန်သည် ထိုလူမိုက်နှစ်ဦးကို မေးမြန်းရန် ခေါင်းမော့အကြည့်၊ သူ၏ ရင်ဘတ်အတွင်းသို့ ပြင်းထန်သော နာကျင်မှုတစ်ခု တိုးဝင်လာသည်။
ချွန်ထက်သော ဓားမြှောင်တစ်စင်းက သူ၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားခြင်းပင်။ ဓားကို ကိုင်ထားသူမှာ... ဝန်ဆန်းစာသင်တိုက်၏ ကျောင်းသား ဝမ်ဝန်ချိုင် ပင် ဖြစ်နေတော့သည်။
“ဆရာကြီး”
“ဆရာ”
ဘေးရှိ ဆရာများနှင့် ကျောင်းသားများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ဝမ်ဝန်ချိုင်၏ မျက်လုံးများမှာ ရက်စက်ကောက်ကျစ်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် လက်ထဲမှ ဓားမြှောင်ကို အရှိန်ဖြင့် လွှဲ၍ ထပ်မံ လှီးဖြတ်ရန် ပြင်လိုက်သည်။
ထိုစဉ် လော်ကျင်ယန်၏ ရင်ခွင်ထဲရှိ စုတ်တံတစ်ချောင်းမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာကာ ထိုဝမ်ဝန်ချိုင်ကို အဝေးသို့ တွန်းထုတ်လိုက်တော့သည်။ ဝမ်ဝန်ချိုင်သည် လေထဲတွင်ပင် ကိုယ်ဟန်ကို ပြင်လိုက်ကာ မြေပြင်ပေါ်သို့ အသာအယာ ပြန်လည် ဆင်းသက်လိုက်၏။
လော်ကျင်ယန်၏ ရင်ဘတ်တွင်မူ ချွန်ထက်သော ဓားမြှောင်ကြီး စိုက်လျက်သား။ သာမန်လူဆိုလျှင် ထိုဒဏ်ရာဖြင့် သေဆုံးသွားလောက်ပြီ ဖြစ်သော်လည်း လော်ကျင်ယန်မှာ ပညာရှိကြီး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသည် တည်ငြိမ်စွာဖြင့်ပင်
“ဒဏ်ရာပျောက်စမ်း” ဟု လေးနက်စွာ ဆိုလိုက်သည်။
သူ၏ စကားသံ ဆုံးသည်နှင့် ရင်ဘတ်ရှိ ဓားမြှောင်မှာ ပြင်းထန်သော စွမ်းအားတစ်ခုဖြင့် ပြန်လည် ထွက်ကျသွားတော့သည်။ ရင်ဘတ်မှ ဒဏ်ရာမှာလည်း တစ်ခါမျှ ဒဏ်ရာမရဖူးသကဲ့သို့ ချက်ချင်းပင် ပြန်လည် ပိတ်သွားတော့သည်။
“မင်းက ဝမ်ဝန်ချိုင် မဟုတ်ဘူး၊ မင်းက ဘယ်သူလဲ”
လော်ကျင်ယန်က အသံမာမာဖြင့် မေးလိုက်သည်။
“ပညာရှိကြီး ဆိုတဲ့အတိုင်းပဲ၊ တကယ်ကို ရင်ဆိုင်ရ ခက်တာပဲ။ ဒီလို သေစေနိုင်တဲ့ ဒဏ်ရာမျိုးကိုတောင် ပြန်ကောင်းအောင် လုပ်နိုင်တယ်ပေါ့”
ဝမ်ဝန်ချိုင် (အယောင်ဆောင်ထားသူ) က အေးစက်စွာ ပြုံးလိုက်သည်။
လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် မြင်းစီးသမား ဆယ်ဂဏန်းခန့် ရုတ်တရက် ပေါ်လာသည်။
သူတို့မှာ ထွားကြိုင်းသော ကိုယ်လုံးကိုယ်ပေါက်များ ရှိကြပြီး ကိုယ်ပေါ်တွင် သံချပ်ကာအင်္ကျီအပေါ့စားများကို ဝတ်ဆင်ထားကာ လက်ထဲတွင် စစ်သုံးလေးမြှား များကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ နားထင်များမှာ မသိမသာ ဖောင်းကြွနေပြီး သွေးစွမ်းအားများမှာ အလွန်ပြင်းထန်လှ၏။ အံ့ဩစရာကောင်းသည်မှာ သူတို့အားလုံးမှာ ကိုယ်ခံပညာရှင် အစစ်အမှန်များ ဖြစ်နေကြခြင်းပင်။
“ပစ်စမ်း တစ်ယောက်မှ မချန်နဲ့ ”
ဝမ်ဝန်ချိုင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
ရှူး... ရှူး... ရှူး
လေထုကို ခွဲထွက်သွားသော အသံများနှင့်အတူ ဒုံးကျည်သဖွယ် မြားတံများမှာ ဝန်ဆန်းစာသင်တိုက်မှ စာပေသမားများထံသို့ တရစပ် ပြေးဝင်သွားတော့သည်။ လော်ကျင်ယန်၏ မျက်နှာ ပျက်သွားရ၏။ သူသည် လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ လက်ထဲမှ စုတ်တံမှာ ကောင်းကင်သို့ ပျံတက်သွားသည်။
အတိုင်းအဆမရှိသော ဖြောင့်မတ်မှန်ကန်သော စွမ်းအား များသည် မမြင်နိုင်သော အကာအကွယ်အစီရင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုမြားတံများကို ဟန့်တားလိုက်သည်။
သို့သော် ထိုမြားတံများမှာ အထူးပြုလုပ်ထားပုံရပြီး ကျင့်ကြံသူများ၏ စွမ်းအားကို ဖောက်ထွင်းနိုင်စွမ်း ရှိသည်။ လော်ကျင်ယန်၏ ဖြောင့်မတ်မှန်ကန်သော စွမ်းအားများမှာ အလွန်ပင် ကြီးမားလှသဖြင့် ထိုမြားတံများကို အတင်းအဓမ္မ တားဆီးထားနိုင်ခြင်း ဖြစ်သည်။
“ပစ်”
ဝမ်ဝန်ချိုင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ ထိုမြင်းစီးသမား ဆယ်ဂဏန်းခန့်သည် ကျောပိုးအိတ်ထဲမှ မီးပေါက်သေနတ် များကို ထုတ်လိုက်ကြသည်။ ဤအရာများကား ချန်နိုင်ငံ စစ်တပ်၏ ကန့်သတ်လက်နက်များ မဟုတ်ပါလား။
လော်ကျင်ယန်၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြစ်ပေါ်လာသည်။ အကယ်၍ ထိုသူများက မိမိတစ်ယောက်တည်းကိုသာ တိုက်ခိုက်မည်ဆိုပါက မိမိ၏ ကျင့်စဉ်ဖြင့် တစ်ခဏအတွင်း တားဆီးနိုင်သည်။ သို့သော် ဤလူများမှာ အလွန်ရက်စက်ကြ၏။ သူတို့သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝန်ဆန်းစာသင်တိုက်ရှိ ကျောင်းသားများစွာကို ခွဲခြားတိုက်ခိုက်လိုက်ကြသည်။
လော်ကျင်ယန်အနေဖြင့် ဖြောင့်မတ်မှန်ကန်သော စွမ်းအား ကို အသုံးပြုကာ ထိုစာပေသမားများကိုသာ အတင်းအကျပ် ကာကွယ်ပေးထားရတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း
မီးပေါက်သေနတ်များ၏ ပြင်းထန်သော စွမ်းအားများမှာ ဖြောင့်မတ်မှန်ကန်သော စွမ်းအားဖြင့် တည်ဆောက်ထားသည့် အကာအကွယ်တံတိုင်းကြီးပေါ်တွင် ပေါက်ကွဲသွားသည်။
လော်ကျင်ယန်၏ အကြည့်များ အေးစက်သွား၏။ သူသည် ထိုလျှို့ဝှက်ဆန်းပြားသော မြင်းစီးသမားများကို သတ်ဖြတ်ရန် စွမ်းအားကို ပြန်လည် စုစည်းလိုက်သည်။
သို့သော် ထိုစဉ်မှာပင် သူ၏ ကိုယ်တွင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ စွမ်းအားများမှာလည်း ဗရမ်းဗတာ ဖြစ်ကုန်၏။ သူ၏ မျက်နှာပေါ်တွင် အညိုအမည်းရောင် အဆိပ်ငွေ့တစ်ခု ဖြတ်ပြေးသွားသည်။
“ဒီဓားမြှောင်မှာ အဆိပ်ပါနေတာပဲ”
လော်ကျင်ယန် သိလိုက်ပြီ ဖြစ်သည်။
သူသည် ထိုလျှို့ဝှက်ဆန်းပြားသော စုတ်တံမှ စွမ်းအားများကို အသုံးပြုကာ ထိုအဆိပ်ကို အတင်းနှိမ်နင်းလိုက်ရသည်။ စာပေကျင့်ကြံသူများ၏ နည်းဗျူဟာများမှာ အလွန်ပင် စုံလင်လှသည်။
ထိုအဆိပ်မှာ ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော အဆိပ်ပြင်း ဖြစ်သော်လည်း လော်ကျင်ယန်ကိုတော့ အမှန်တကယ် မထိခိုက်နိုင်ပါချေ။ သူကား ပညာရှိကြီး မဟုတ်ပါလား။
တောင်ပိုင်းဒေသမှ ရက်စက်လှသော အောက်လမ်းအဆိပ် ဖြစ်လျှင်ပင် သူက နှိမ်နင်းနိုင်စွမ်း ရှိသည်။ သူ၏ မျက်နှာပေါ်မှ အညိုအမည်းရောင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သို့သော် ဝမ်ဝန်ချိုင်၏ မျက်နှာမှာ ရုတ်တရက် အေးစက်သွားသည်။ လေထုကို ခွဲထွက်သွားသော အသံပြင်းတစ်ချက် ထွက်ပေါ်လာပြီး ထိုမြင်းစီးသမားများထဲမှ ထွားကြိုင်းသော လူကြီးတစ်ဦးသည် မြေပြင်ကို ဆောင့်ကန်ကာ လော်ကျင်ယန်ထံသို့ လျှပ်စီးပမာ ပြေးဝင်တိုက်ခိုက်လိုက်သည်။
လော်ကျင်ယန်မှာ စုတ်တံကို အသုံးပြုကာ အဆိပ်ကို နှိမ်နင်းနေရသဖြင့် တုံ့ပြန်မှုမှာ အနည်းငယ် နှေးကွေးသွားရ၏။ ထိုနှေးကွေးသွားသော အခိုက်အတန့်မှာပင် ထိုလူကြီးမှာ သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ။
ချွတ်
ခါးမှ ရှည်လျားသော ဓားကြီးကို ဆွဲထုတ်လိုက်ရာ အေးစက်သော ဓားရောင်များက စူးရှလှ၏။ ဓားချက်သည် လော်ကျင်ယန်၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားသည်။
သို့သော် သေချာကြည့်မည်ဆိုလျှင် လော်ကျင်ယန်၏ ရှေ့တွင် ထူးခြားသော စွမ်းအားတစ်ခုက ထိုဓားချက်ကို ရင်ဘတ်နှင့် သုံးလက်မအကွာတွင် တားဆီးထားသည်ကို တွေ့ရလိမ့်မည်။
ထိုလူကြီး၏ မျက်လုံးများမှာ အေးစက်သွားကာ ဓားဖျားမှ တစ်ပေခွဲခန့်ရှိသော ဓားစွမ်းအင် များ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။
လော်ကျင်ယန်၏ ရင်ဘတ်မှာ ချက်ချင်းပင် အပေါက်ကြီး ဖြစ်သွားတော့သည်။ ဘေးရှိ ဆရာများမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြကာ ဖြောင့်မတ်မှန်ကန်သော စွမ်းအားများကို အသုံးပြု၍ ထိုလူကြီးကို တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
သို့သော် ထိုလူကြီးက လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ရာ ဓားစွမ်းအင် အမြောက်အမြား ထွက်ပေါ်လာပြီး ဝန်ဆန်းစာသင်တိုက်မှ ဆရာများမှာ ချက်ချင်းပင် ဒဏ်ရာရရှိသွားကြတော့သည်။ ထိုဓားစွမ်းအင်များမှာ သူတို့၏ ကိုယ်တွင်း၌ သောင်းကျန်းနေသဖြင့် သူတို့မှာ စကားပင် မပြောနိုင်တော့ပါချေ။
စာပေ လမ်းစဉ်ကို လူအများက စကားဖြင့် တိုက်ခိုက်ခြင်း ဟု သရော်လေ့ရှိကြသည်။
သူတော်စင်၏ စကားတော်များ၊ ကဗျာများနှင့် စာပေများဖြင့် ရန်သူကို နှိမ်နင်းရခြင်း ဖြစ်သဖြင့် စကားမပြောနိုင်တော့လျှင် သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အကြီးအကျယ် ကျဆင်းသွားရစမြဲ ဖြစ်သည်။
လော်ကျင်ယန်သည် ထိုလျှို့ဝှက်စုတ်တံမှ စွမ်းအားကို ထပ်မံ အသုံးပြုလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ သူ၏ ရင်ဘတ်မှာ အပေါက်ကြီး ဖြစ်သွားသော်လည်း ထိုသေစေနိုင်သော ဒဏ်ရာမှာ တရစပ် ပြန်လည် ကောင်းမွန်လာနေခြင်းပင်။