ခွန်လွန်တောင်က အရှုံးမရှိ
Vol. 22 Ch. 300
အခန်း (၃၀၀) ခွန်လွန်တောင်က အရှုံးမရှိ
တိုက်ပွဲကိုကြည့်နေသူအားလုံး လုန်ယွိ၏ တိုက်ခိုက်မှုကို တွေ့မြင်ခဲ့ကြရသည်။
မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်က လူသားအင်မော်တယ်တစ်ပါးကို သတ်ဖြတ်ပစ်လိုက်သည် မဟုတ်ပါလား။
သူမနှင့် အဆင့်တူသူများထဲတွင် လုန်ယွိကို မည်သူမှ ယှဉ်နိုင်မည် မဟုတ်တော့ပေ။ သူမ၏ တိုက်ခိုက်နိုင်စွမ်းက ပြင်းထန်လွန်းလှသည်။
ရန်ကျင်းသည်ပင် လုန်ယွိကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေမိသည်။ လုန်စီးစီးမှာလည်း မယုံကြည်နိုင် ဖြစ်နေ၏။
ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမက သူတို့ခန့်မှန်းထားသည်နှင့် မတူညီခဲ့ပေ။ ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်မှာပင် လုန်ယွိက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားနေခဲ့သည်။
အမှန်တော့ လုန်ယွိကဲ့သို့ အားနည်းသည့် ကျင့်ကြံခြင်းအဆင့်ငြဖ့် မွေးဖွားလာသည့် နဂါးမျိုးနွယ်တစ်ယောက်၏ အနာဂတ်အောင်မြင်မှုသည် ပျမ်းမျှသာ ရှိသည်။ ချွင်းချက်ရှိနိုင်သော်လည်း အများစုကတော့ သာမန်မျှသာ ဖြစ်လေသည်။
ထိုသို့သောနဂါးငယ်များအနေဖြင့် အရွယ်ရောက်သူအဖြစ် အင်မော်တယ်ဖြစ်လာနိုင်သော်လည်း ရှေ့ဆက်အဆင့်တက်ရန်ကတော့ ခက်ခဲသည်။
လုန်ယွိသည်လည်း အရွယ်ရောက်သည့်နဂါးတစ်ကောင်အဖြစ် အင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။ သို့သော် ရှေ့ဆက်အဆင့်တက်နိုင်ရန်ကတော့ သူအတွက် ခက်ခဲကောင်းခက်ခဲပေမည်။
ညံ့ဖျင်းလွန်းခြင်းရှိမည်မဟုတ်သော်လည်း သူမ၏ တန်ခိုးစွမ်းအားက ဤမျှမြင့်မားနေရန်မှာ မဖြစ်နိုင်ပေ။
သို့ပေသိ ယခုတော့ သူမက ကျင့်ကြံခြင်းအဆင့်လည်း လျှင်မြန်စွာ မြင့်တက်လာခဲ့သလို တန်ခိုးစွမ်းအားများလည်း မြင့်မားနေခဲ့သည်။ သူမထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူတစ်ယောက်ကိုပင် သူမက အနိုင်ယူနိုင်ခဲ့သည်။
မွေးရာပါအင်မော်တယ်များပင်လျှင် ထိုသို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။
နဂါးမယ်"ပင်းလင်" နှင့်တိုက်ခိုက်သည့် နောက်ဆုံးတိုက်ပွဲကတော့ အတော်လေး ကြီးမားလွန်းသည်ဟု ဆိုနိုင်သည်။
လုန်ယွိအသုံးပြုလိုက်သည်မှာ နဂါးသုတ်သင်ဓားသိုင်းဖြစ်ကြောင်း နဂါးဧကရီ"ရန်ကျင်း" ကောင်းစွာ သိရှိသည်။
သို့သော်…
နဂါးမျိုးနွယ်တစ်ယောက်က နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်နိုင်သည်တဲ့လား။
လုန်စီးစီးက မြောင်ယွဲ့နှင့် အခြားတောင်သခင်များကို လှမ်းကြည့်လိုက်သည်။ သို့သော် တောင်သခင်များ၏ မျက်နှာတွင် မည်သည့်ခံစားချက်မှ မရှိဘဲ တည်ငြိမ်လျှက် ရှိသည်။
တိုက်ပွဲရလဒ်က ဤသို့ဖြစ်လာမည်ကို သူတို့အားလုံးက ကြိုသိနေသည့်အလားပင် ဖြစ်၏။
ထိုစဉ် မြောင်ယွဲ့က လုန်စီးစီးကို လှမ်းကြည့်ပြီး မျက်လုံးများကို အသာကျဉ်းမြောင်းရင်း မပွင့်တစ်ပွင့်ပြုံးပြလိုက်သည်။
လုန်စီးစီး : "……"
ဒီလူတွေ စကားမပြောခြင်းက ပိုပြီးနေရခက်လှသည်ဟု လုန်စီးစီးခံစားမိသည်။
ကျူးချင်မှာတော့ လုန်ယွိ အဘယ့်ကြောင့် ထိုမျှ တန်ခိုးစွမ်းအားမြင့်မားနေရပါသနည်းဟု နားမလည်နိုင် ဖြစ်နေမိသည်။ သို့သော် ယခုအချိန်တွင် နားမလည်သည့်အကြောင်းကို ထုတ်ဖော်ပြသခြင်းမပြုဘဲ မှင်သေသေဖြင့် ငြိမ်သက်နေ၏။
သို့မှသာ လုန်ယွိ တန်ခိုးစွမ်းအားမြင့်မားနေခြင်းမှာ ခွန်လွန်တောင်အတွက် အဆန်းမဟုတ်ကြောင်း အခြားသူများ ထင်မှတ်သွားကြမည် မဟုတ်ပါလား။
***
"နဂါးသုတ်သင်ဓားသိုင်းလား"
မော့ကျန်းသုန့်က လုန်ယွိကို ကြည့်နေရင်း အံ့အားသင့်စွာဖြင့် ဆိုသည်။
ကျိုးကျုန်းထျန်းက စတုတ္ထထပ် ၊ ဗဟိုမဏ္ဍိုင်နေရာသို့ ကြည့်နေရင်း…
"နဂါးသုတ်သင်ဓားသိုင်းလို့ထင်ရပေမယ့် တကယ်တော့ မဟုတ်ဘူး"
သူက ဆက်ရှင်းပြသည်။
"ဒီနဂါးသုတ်သင်ဓားဝိညာဉ် ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ ဓားဝိညာဉ်မဟုတ်ပေမယ့် ကျန်းလန်ရဲ့ ဓားဝိညာဉ်ဖြစ်နိုင်တယ်"
"အဲဒီသစ်သားဓားထဲမှာ နှစ်တစ်ရာ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းထားတာ ဖြစ်နိုင်တယ် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမကလည်း နဂါးသုတ်သင်ဓားဝိညာဉ်နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးနေပုံရတယ် ၊ ပြီးတော့ သူက ကျောက်စိမ်းရေကန်မှာနေတဲ့သူဆိုတော့ ထူးခြားတယ်လေ"
ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်ပြီး ဆက်ပြောသည်။
"ဒီတော့ လုန်ယွိရဲ့ တန်ခိုးစွမ်းအားတွေကလည်း နဂါးသုတ်သင်ဓားဝိညာဉ်နဲ့ တစ်သားတည်း ဖြစ်နေတာပေါ့ ၊ ဒါကြောင့် သူက နဂါးမျိုးနွယ်တွေအားလုံးကို အနိုင်ယူလိုက်နိုင်တာ ၊ အင်း… တစ်နည်းပြောရရင်…"
"ကျောက်စိမ်းရေကန်နတ်ဘုရားမက နဂါးမျိုးနွယ်တွေအပေါ်မှာပဲ ဒီလို အနိုင်ယူနိုင်စွမ်းရှိလိမ့်မယ် ၊ အခြားမျိုးနွယ်တွေကိုတော့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
မော့ကျန်းသုန့် တိတ်ဆိတ်ငြိမ်သက်နေ၏။
သစ်သားဓားထဲတွင် နှစ်တစ်ရာနဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းထားသည်ဆိုသည်မှာ အတော်လေး အံ့သြစရာပင်။
မော့ကျန်းသုန့်က...
"ဒါပမေဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ တန်ခိုးစွမ်းအားက သူနဲ့ အဆင့်တူတဲ့ နဂါးမျိုးနွယ်တွေထက်တော့ သာလွန်နေတာ အမှန်ပဲ"
လုန်ယွိက လူသားအင်မော်တယ်တစ်ပါးကိုပင် အနိုင်ယူခဲ့သည်ကို မည်သူမဆို တွေ့မြင်သည်ပဲ ဖြစ်သည်။
ကျိုးကျုန်းထျန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အစကတည်းက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်ရခြင်းက ထူးခြားသည် မဟုတ်ပါလား။
ကျောက်စိမ်းရေကန်ဆိုသည်က ခွန်လွန်တောင် ဖြစ်တည်လာစကပင် ပေါ်ထွက်လာသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။ ထိုကျောက်စိမ်းရေကန်ကြောင့်ပင် ခွန်လွန်တောင် အဓိကတောင်ထွတ်ကြီး (၉)ခုက အားကောင်လာခဲ့ခြင်း ဖြစ်၏။
သို့ဆိုလျှင် ကျော်စိမ်းရေကန်တွင်နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့သည့် လုန်ယွိအတွက်တော့ အကျိုးသက်ရောက်မှုက ပြောနေစရာပင် မလိုတော့ပေ။
"တစ်ခုခုတော့ ဖြစ်လာပြီ"
မော့ကျန်းသုန့်က နဂါးမျိုးနွယ်များရှိရာသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။
ထိုစဉ်မှာပင် နဂါးမျိုးနွယ်များအားလုံး၏ ခန္ဓာကိုယ်များမှ အလင်းရောင်တစ်ချက် လက်ခနဲ တောက်ပသွားသည်။ ထိုအရာက ရောင်ဝါအမျှင်တန်းလေးတစ်ခုဖြစ်ပြီး တန်ခိုးစွမ်းအားစီးကြောင်းတစ်ခုနှင့် ဆင်တူလေသည်။
ထို့နောက် ရောင်ဝါအမျှင်တန်းလေးက နဂါးမျိုးနွယ်များ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ကျိုးကျုန်းထျန်းက…
"ဘာလဲ နဂါးမျိုးနွယ်တွေဖြစ်ချင်တဲ့ ရည်ရွယ်ချက်က ဒါလား"
မော့ကျန်းသုန့်က…
"ဟုတ်မှာပေါ့ ၊ မဟုတ်ရင် ဘာလို့ တိုက်ပွဲက ပြင်းထန်နေရတာလဲ"
ကျောက်စိမ်းရေကန်နတ်ဘုရားမက ခွန်လွန်တောင်တွင် ထူးခြားမြင့်မားသည့် အဆင့်အတန်းတစ်ခု ရှိသည်။
သူမရှိနေသည့်အတွက် မိုးနဲ့မြေကြားတွင် တည်ရှိနေသည့် ရှုတ်ထွေးသည့်စွမ်းအားများကို ဖွင့်လှစ်ရန် အလွန်လွယ်ကူသည်။
ယခု သူမက တန်ခိုးစွမ်းအားအသုံးပြုကာ နဂါးမျိုးနွယ်များနှင့် တိုက်ခိုက်ခြင်းအားဖြင့် နဂါးမျိုးနွယ်များ ချက်ချင်းပင် စွမ်းအားများ မြင့်မားသွားကြသည်။
ဤသည်က နဂါးဧကရီ"ရန်ကျင်း" လိုချင်သည့်အချက်ပင် ဖြစ်သည်။ ထို့ကြောင့် သူမက နဂါးမျိုးနွယ်ကျင့်ကြံသူများကို မှော်ရုံနယ်မြေထဲသို့ဝင်စေပြီး လုန်ယွိကို တိုက်ခိုက်စေခဲ့ခြင်း ဖြစ်သည်။
မော့ကျန်းသုန့်က…
"နဂါးမျိုးနွယ်တွေ ကျောက်စိမ်းရေကန် နတ်ဘုရားမကို စိန်ခေါ်တာ နိုင်သည်ဖြစ်စေ ၊ ရှုံးသည်ဖြစ်စေ နဂါးမျိုးနွယ်တွေဘက်က အကျိုးမယုတ်ပါဘူးလေ"
ကျိုးကျုန်းထျန်းက သေရည်တစ်ငုံမော့သောက်ရင်း ရယ်မောလိုက်၏။
"ဟက်… သူတို့ ဘယ်လောက် အကျိုးရှိရှိပါကွာ ၊ ကျုပ်တို့ဘက်က အရှုံးမရှိပါဘူး ၊ ဒါက ခွန်လွန်တောင်လေ"
မော့ကျန်းသုန့်တိတ်ဆိတ်နေ၏။
***
အဋ္ဌမမင်းသားမှာ အစ်မဖြစ်သူ၏ တန်ခိုးစွမ်းအားကို အံ့သြထိတ်လန့်နေဆဲ ၊ ထူးဆန်းသည့် အလင်းရောင်တစ်ခု သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
သို့သော် ထိုအလင်းရောင်က မည်သည့်နေရာက ရောက်ရှိလာသည်ကို သူ မသိရှိပေ။
ခွန်လွန်တောင်သို့ ရောက်ရှိနေသည့် နဂါးမျိုးနွယ်များအားလုံး၏ ခန္ဓာကိုယ်အတွင်းသို့ ထိုအလင်းရောင်က ရောက်ရှိသွားခြင်းဖြစ်ကြောင်း လုန်မန် ရိပ်မိလိုက်သည်။
"ဒါ အမေ့လက်ချက်ပဲ ဖြစ်ရမယ်"
အခြေအနေများအားလုံးကို အဋ္ဌမမင်းသား နားလည်သွားသည်။
လူကြီးများသည် အမှန်တကယ်ပင် ရှုတ်ထွေးလှပြီး အပြန်အလှန် အမြတ်ထုတ်မှုများနှင့် ပြည့်နက်နေသည်။ လူကြီးများအားလုံးက ကိုယ့်အကွက်နှင့်ကိုယ် လှုပ်ရှားနေကြစမြဲပင်။
အဆိုးဆုံးမှာ သူသည်လည်း လူကြီးတစ်ယောက်ဖြစ်လာရန် ဦးတည်နေခြင်း ဖြစ်သည်။
ဟုတ်ပေ၏။
သူလည်း လူကြီးတစ်ယောက်လို ဖြစ်လာပြီဖြစ်ကြောင်း ဝန်ခံရပေမည်။
သေရည်ဆိုင်တွင် ပိုက်ဆံရှာရန်အတွက် သေရည်ဆိုင်မှ ကလေးငယ်ကို အသုံးချခဲ့သည်။ သေရည်ဆိုင်ရှင်အဘိုးနှင့် ပက်ပင်းတိုးခဲ့ပြီး ကလေးငယ် အပြစ်ဖြစ်ခဲ့ရသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကလေးငယ်ကို သူ တောင်းပန်သင့်ကြောင်း ခံစားခဲ့ရသည်။ မဟုတ်ပါက ကလေးငယ်၏ စိတ်ထဲတွင် စိတ်ဒဏ်ရာရသွားပေလိမ့်မည်။
***
တတိယထပ်။
ကျန်းလန် သူရရှိထားသည့် မှော်ဝင်ပစ္စည်းများကို မြေပြင်ထက်သို့ ပစ်ချလိုက်သည်။ မှော်ရုံနယ်မြေအတွင်းရောက်ရှိပြီးနောက် တိုက်ခိုက်ရင်းဖြင့် မှော်ဝင်ပစ္စည်းအများအပြား ရရှိခဲ့သည်။
သို့သော် ထိုပစ္စည်းများကို ယူသာယူခဲ့ရသော်လည်း မည်သို့အသုံးပြုရမည်ကို မသိခဲ့ပေ။
"ဂိမ်းထဲမှာ မိစ္ဆာတွေကိုသတ်ပြီး သူတို့ကျန်ခဲ့တဲ့ရတနာတွေကို ယူရတာမျိုးကျနေတာပဲ"
ကျန်းလန် ထူးထူးဆန်းဆန်းပင် တွေးမိသည်။
ထို့နောက် သူ ခေါင်းတစ်ချက်ခါယမ်းရင်း မှော်ဝင်ပစ္စည်းများကို သိမ်းဆည်းကာ ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူက မလိုအပ်ဘဲ တိုက်ခိုက်မည်မဟုတ်ပေ။ သူ့ကိုတိုက်ခိုက်လာလျှင်လည်း နောက်ဆုတ်မည် မဟုတ်ပေ။
မရှိမှုအာကာသ ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်၏ သတ်ဖြတ်ခြင်းကိုခံရသည့် ခံစားချက်က မည်သို့ရှိသည်ကို ရန်သူများကို သိစေမည် ဖြစ်သည်။
ကျန်းလန် လမ်းလျှောက်လာစဉ်…
"ဂရား"
ရုတ်တရက်...
အပေါ်ထပ်မှ နဂါးဟိန်းသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ နဂါးဟိန်းသံက တိုးတိုးသဲ့သဲ့လေး ဖြစ်သည်။
ကျန်းလန် အပေါ်သို့ မော့ကြည့်လိုက်၏။ တတိယထပ်နှင့် စတုတ္ထထပ်က ဝေးကွာလွန်းခြင်း မရှိသော်လည်း အဆုံးမရှိ ဝေးကွာနေသည့် ခံစားချက်ကို ပေးစွမ်းသည်။
ပုံမှန်ဆိုလျှင် ဗဟိုမဏ္ဍိုင်နှင့် နီးကပ်သည့်နေရာတွင် နဂါးမျိုးနွယ်တစ်ယောက် ရှိမနေသရွေ့ နဂါးဟိန်းသံကို ကြားနိုင်မည် မဟုတ်ပေ။
ဤသည်က ကျန်းလန်၏ ခန့်မှန်းချက်သာဖြစ်ပြီး အခြားသောဖြစ်နိုင်ခြေ များစွာရှိသည်။
ဗဟိုမဏ္ဍိုုင်သို့ ရောက်ရှိနေသူများသာ သူတို့၏အသံကို အခြားအထပ်များက ကြားသိစေရန် ထုတ်လွှတ်နိုင်သည်။
ကျန်းလန်က သူနှင့်စေ့စပ်ထားသူလေးအတွက် စိတ်မပူမိပေ။
လုန်ယွိသာ အန္တရယ်တစ်စုံတစ်ရာ ကျရောက်ပါက သူ့လက်ကောက်ဝတ်တွင် ရှိနေသည့် လက်ထပ်စာချုပ်သင်္ကေတမှ အချက်ပြမည် ဖြစ်သည်။
ယခင်တစ်ခေါက် သူ တစ္ဆေစစ်သည်တော်များနှင့် တိုက်ခိုက်ခဲ့စဉ်တွင် လက်ထပ်စာချုပ်သင်္ကေတက ရှောင်ယွိကို အချက်ပြခဲ့သည် မဟုတ်ပါလား။
ယခု လက်ထပ်စာချုပ်သင်္ကေတက အချက်ပြခြင်း မရှိသေးရာ လုန်ယွိ အန္တရယ်ကင်းဆဲ ဖြစ်နိုင်သည်။
သို့သော် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ကျန်းလန် စတုတ္ထထပ်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လုန်ယွိ တကယ်ပဲ အန္တရယ်ကင်းပါရဲ့လားဟု စတုတ္ထထပ်သို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
သို့သော် စတုတ္ထထပ်သို့ မည်သို့တက်ရမည်လဲ သူ မသိရှိပေ။
အဋ္ဌမမင်းသားက အပေါ်ထပ်သို့ မည်သို့တက်ရမည်ကို ကျန်းလန်ကို ပြောမပြခဲ့ပေ။ အပေါ်ထပ်သို့တက်သည့်လှေကားကို ရှာဖွေရန် တတိယထပ်တစ်ခုလုံး နေရာအနှံ့လျှောက်သွားပြီး လိုက်ရှာမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုစဉ်…
"ဒုန်း ဒုန်း"
ကျယ်လောင်သည့် အသံတစ်သံထွက်ပေါ်လာသည်ကို ကျန်းလန် ကြားလိုက်ရသည်။ သာမန်လူတစ်ယောက်ကတော့ ထိုသို့သောအသံမျိုးကို ပြုလုပ်မည် မဟုတ်ပေ။
ကျန်းလန် ချက်ချင်းပင် သံသယဝင်သွားပြီး ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာ အခြေအနေကို လေ့လာလိုက်သည်။
မကြာမီ…
ရက်စက်ကြမ်းတမ်းဟန်ရှိသည့် သားရဲတစ်ကောင် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသားရဲကောင်၏ ခန္ဓာကိုယ်က ကျားတစ်ကောင်၏ခန္ဓာကိုယ်ဖြစ်ပြီး ဦးခေါင်းက ဝံပုလွေဦးခေါင်း ဖြစ်သည်။
ကျန်းလန် အံ့အားသင့်သွား၏။
"ကြည့်ရတာ သွေးရိုးသားရိုးတော့ မဟုတ်နိုင်ဘူး"
သူ တွေးလိုက်သည်။
ကျန်းလန်က ထိုသားရဲ၏အနောက်ဘက်သို့ ကြည့်လိုက်သည့်အခါ အခြားသားရဲများ ရှိနေသေးသည့် အရိပ်အယောင်များကို တွေ့လိုက်ရသည်။
သို့သော် သားရဲများက ဦးတည်ရာတစ်ခုတည်းမှသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး အခြားအရပ်မျက်နှာများမှ မည်သည့်သားရဲမှ ထွက်ပေါ်လာခြင်း မရှိပေ။
"ဒီကောင်တွေက တစ်နေရာတည်းကနေ ရောက်လာကြတာလား ၊ ပြဿနာတစ်ခုခု ရှိနေတာများလား ၊ တစ်ချက်လောက် သွားကြည့်ဦးမှပဲ"
သွားရင်းလာရင်းဖြင့် စတုတ္ထထပ်သို့တက်သည့်လှေကားကို ရှာတွေ့နိုင်မည် ဖြစ်သည်။
ကျန်းလန်ကိုတွေ့သည်နှင့် ကျားဝံပုလွေသားရဲကောင်က တစ်ချက်မတွန့်ဆုတ်ဘဲ တိုက်ခိုက်လိုက်သည်။ ကျန်းလန်ကလည်း ရပ်တန့်သွားခြင်းမရှိဘဲ ပြန်လည်တိုက်ခိုက်လိုက်၏။
မကြာမီ သားရဲကောင်အပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရပြီး ကျန်းလန်ကတော့ ခပ်ဝေးဝေးတစ်နေရာသို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။
သူက နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ နဂါးသုတ်သင်ဓားသိုင်းက သားရဲများအပေါ်တွင် သက်ရောက်မှုအားနည်းသော်လည်း သူ့အရှေ့မှ သားရဲလောက်ကိုတော့ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သို့သော် မရှိမှုအာကာသ ၊ ကနဦးအဆင့် သားရဲကောင်ဆိုသည်က အတော်လေး တန်ခိုးစွမ်းအားမြင့်မားသည်ဟု ဆိုနိုင်သည်။
ခွန်လွန်တောင်အနီးပတ်ဝန်းကျင်တွင်ပင် ဤသို့သော သားရဲမျိုးနှင့် တွေ့ကြုံရသည်မှာ အလွန်ရှားပါးသည်။ သေရည်ဆိုင်တွင်သာ တန်ခိုးစွမ်းအားမြင့်မားသည့် ဖီရှိုးကောင်တစ်ကောင် နေထိုင်သည်ကို တွေ့ရဖူးသည်။
သားရဲကောင်ထွက်ပေါ်လာရာအရပ်သို့ ကျန်းလန် ဆက်လျှောက်သွားသည့်အခါ ထူးဆန်သည့် အမှောင်ထုတစ်ခုကို တွေ့မြင်လိုက်ရသည်။
အမှောင်ထုက လူတစ်ယောက်၏ အမြင်အာရုံကို ပိတ်ဆို့ထားသည်။ အင်မော်တယ်များသည်ပင် ထိုအမှောင်ထုကို ထိုးဖောက်သိမြင်နိုင်မည် မဟုတ်ပေ။
သို့သော် ကျန်းလန်ကတော့ ဝိုးတဝါး တွေ့မြင်နေရသည်။ အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါတွင်တော့ အရှေ့ဆီမှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။
မြင်ကွင်းကြောင့် ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။
အမှောင်ထုထဲတွင် မရေမတွက်နိုင်သည့် သားရဲကောင်များ ၊ ဖုတ်ကောင်များနှင့် ဝိညာဉ်ဆိုးများ လေထဲတွင် ပျံလွင့်လျှက်ရှိသည်ကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်၏။
ထိုသတ္တဝါဆိုးများအားလုံးမှာ မရှိမှုအာကာသအဆင့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားကြသလို အုပ်စုအင်အားကလည်း အလွန်များပြားသည်။
တတိယထပ်ရှိ ကျင့်ကြံသူများ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင်မှ ထိုသားရဲများကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
လက်ရှိတွင် ဤသားရဲများက အမှောင်ထုထဲတွင် ပိတ်ဆို့ခံထားရသည်။ ထိုအမှောင်ထုက အစီအရင်တစ်ခု ဖြစ်ဟန်တူသည်။
သို့သော် ထိုအစီအရင်က အားနည်းလွန်းလေရာ မကြာမီ လုံး၀ ပျက်စီးသွားပြီး သတ္တဝါဆိုးများ ထွက်ပေါ်လာကြမည် ဖြစ်သည်။
"မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲက တကယ်အန္တရယ်များတာပဲ"
ကျန်းလန် တွေးလိုက်သည်။
အမှောင်ထုထဲမှ ထွက်လာသည့် သားရဲတစ်ကောင်တစ်လေကို ကျန်းလန် လျစ်လျူရှုကာ အကြည့်လွှဲလိုက်သည်။
ထိုအချိန်…
သူ့နံဘေးတွင် အလွန်ကြီးမားသည့် ကျောက်တုံးလှေကားကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။
ကျန်းလန် လှေကားကြီးကို တစ်ချက်လေ့လာလိုက်ပြီး စတုတ္ထထပ်သို့တက်သည့်လှေကားဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
ကျန်းလန် ခေါင်းမော့ကြည့်လိုက်သည့်အခါ လှေကားထစ်က အဆုံးမရှိကြောင်း တွေ့ရလေသည်။
"ဒါက အစီအရင်တစ်ခုပဲ ၊ ငါ့အတွက် လွယ်ကူမှာပါ"
ကျန်းလန် တွေးလိုက်လေ၏။