အခန်း (၄၁၉)
Vol. 39 Ch. 419
ဘာသာပြန် - Na Gar🐉
"ဘယ်ဘက်ကိုပဲ ကူညီကူညီ ငါ့ရဲ့ ညီအစ်ကိုတွေအပေါ်မှာ မတရားသလို ဖြစ်နေမှာမို့... ဘယ်ဘက်ကိုမှ ငါ မကူညီတော့ဘူး"
မုန်ချူကျီသည် နောက်ဆုတ်ရန် လမ်းမရှိတော့သည့်အဆုံး၊ ထွက်ပြေးတိမ်းရှောင်နေမည့်အစား ရူးသွပ်စွာ တိုက်ခိုက်ရင်း သေပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းကသာ ယွမ်ကျိုးတွင် မတရားသေဆုံးခဲ့ရသည့် သူ၏ညီအစ်ကိုများအတွက် ကံကြမ္မာကို လက်စားချေရာ ရောက်ပေလိမ့်မည်။
သူ၏ရှေ့တွင် လူရိပ်တစ်ခုက လမ်းပိတ်ရပ်လိုက်ပြန်သည်။
"ဖယ်စမ်း"
သူ၏ ဟိန်းဟောက်သံနှင့်အတူ ရှစ်ပေရှည်သော မြွေခေါင်းလှံသည် စွမ်းအင်စစ် မြူတိမ်များ ဖုံးလွှမ်းလျက် ရှေ့သို့ ထိုးနှက်လိုက်ရာ တစ်ဖက်လူ၏ နဂါးစိမ်းလခြမ်းဓား နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားသည်။
ဓားကို ကိုင်ဆောင်ထားသူမှာ အရှိန်ပြင်းစွာ နောက်သို့ လွင့်ထွက်သွားသော်လည်း ပေအနည်းငယ်အကွာတွင် ဟန်ချက်ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။
"စစ်နတ်ဘုရား တစ်ယောက်ရဲ့ တိုက်ကွက်ကို ဒဏ်ရာမရဘဲ တောင့်ခံနိုင်တာ... မင်း တော်တော်လေး အစွမ်းထက်တာပဲ"
မုန်ချူကျီက သေချာကြည့်လိုက်ပြီးနောက် အံ့ဩသွားသည်။
"တိန့်ဖုန်း... မင်း ဒီမှာ ဘာလုပ်နေတာလဲ"
"သေချာတာပေါ့... ဗိုလ်ချုပ်မုန်ကို တားဖို့လာတာလေ"
တိန့်ဖုန်းသည် နန်းဆောင်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း "အခြေအနေက အဖြေပေါ်သွားပြီ ဗိုလ်ချုပ်မုန် အခု အဲ့ဒီကို သွားတာဟာ ကိုယ့်အသက်ကို အလကား စတေးတာနဲ့ အတူတူပါပဲ" ဟု ဆိုသည်။
"အသက်ပေးရမယ်ဆိုလည်း ပေးရပါစေတော့"
မုန်ချူကျီက ရန်လိုသောလေသံဖြင့် ဆိုသည်။
"မင်း အသက်ရှင်ချင်သေးရင် ငါ့လမ်းကနေ ဖယ်စမ်း"
တိန့်ဖုန်းက ဖယ်မပေးသည့်အပြင် သူ၏ လခြမ်းဓားကို မြေကြီးတွင် စိုက်လိုက်ပြီး မိမိ၌ ရန်ငြိုးမရှိကြောင်း ပြသလိုက်သည်။ ထို့နောက် သူက ဖျောင်းဖျစကား ဆိုတော့သည်။
"ဗိုလ်ချုပ်မုန်... ခင်ဗျား ခုနက ဝန်ကြီးဂေါင်ကို ပြောခဲ့တာတွေကို ကျွန်တော် အကုန်ကြားခဲ့ပါတယ်။ ခင်ဗျား အခုလို ရူးသွပ်နေတာဟာ အသက်ရှင်ဖို့ အဓိပ္ပာယ်ကို မတွေ့တော့လို့ မဟုတ်လား။ အမြန်ဆုံး သေချာတဲ့ သေခြင်းတရားကိုပဲ ခင်ဗျားရှာနေတာပဲ"
မုန်ချူကျီက တိတ်ဆိတ်နေခဲ့သည်။
"ကျွန်တော် အမှန်အတိုင်း ပြောရရင်... လွန်ခဲ့တဲ့ အချိန်အနည်းငယ်တုန်းက ကျွန်တော်လည်း ခင်ဗျားလိုပါပဲ။ ရှေ့လျှောက် ဘာလုပ်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေခဲ့တာ"
"မင်းရဲ့ အပိုစကားတွေကို ရပ်လိုက်စမ်း။ မင်းက သေမှာကြောက်လို့ လက်နက်ချခဲ့တဲ့ သစ္စာမရှိတဲ့လူပဲ"
မုန်ချူကျီသည် စိတ်မရှည်တော့ဘဲ ထွက်ခွာရန် ပြင်လိုက်သည်။
တိန့်ဖုန်းက သူ၏ကျောပြင်ကို ကြည့်ရင်း အော်ဟစ်လိုက်သည်။ "ဗိုလ်ချုပ်မုန်.. နန်းတွင်းက တိုက်ပွဲတွေကို ခင်ဗျား မခံစားနိုင်ဘူးဆိုရင်၊ ဘာလို့ အဲ့ဒီထဲကနေ ရုန်းထွက်ပြီး တတိယ အင်အားစု တစ်ခုနဲ့ မပူးပေါင်းတာလဲ"
ဤစကားကြောင့် မုန်ချူကျီခြေလှမ်းများ တန့်သွားခဲ့သည်။
"တတိယ အင်အားစု ဟုတ်လား။ မင်းက မင်းသားချင်၊ မင်းသားချီ ဒါမှမဟုတ် အကျယ်ချုပ်က လွတ်တော့မယ့် ဆဌမမင်းသားကို ပြောနေတာလား။ သူတို့နဲ့ ယန်အဖွဲ့၊ ဂေါင်အဖွဲ့တွေကြားမှာ ဘာထူးလို့လဲ"
"မဟုတ်ဘူး" တိန့်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
"အဲ့ဒီလူတွေထဲက တစ်ယောက်မှ မဟုတ်ဘူး"
မုန်ချူကျီမှင်သက်သွားပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားသည်။
"တိန့်ဖုန်း... မင်း ပြောနေတာ ချန်ဆန်းရှီ အကြောင်းတော့ မဟုတ်ပါဘူးနော်"
တိန့်ဖုန်း၏ တိတ်ဆိတ်မှုက အဖြေပင် ဖြစ်သည်။
မုန်ချူကျီက နှာခေါင်းရှုံ့လိုက်သည်။
"အဓိပ္ပာယ်မရှိတာ သူလည်း နန်းတွင်းက အရာရှိတစ်ယောက်ပဲ မဟုတ်လား။ သူ ဘယ်ဘက်ကမှ မပါဘူးဆိုပေမဲ့ ယန်အဖွဲ့နဲ့ ပတ်သက်မှုရှိနေတာ အားလုံး သိကြတာပဲ"
"ဗိုလ်ချုပ်ချန် က တခြားလူတွေနဲ့ မတူဘူး။ သူကဒီလို အာဏာလုပွဲတွေမှာ ဘယ်တော့မှ ပါဝင်မှာ မဟုတ်ဘူး။ အခု သူ ပါဝင်နေသယောင် ရှိတာဟာ သူ့ရဲ့ ရာထူးအရ ခေတ္တဆောင်ရွက်နေတာပဲ ရှိတာ"
တိန့်ဖုန်းက ဆက်လက်ရှင်းပြသည်။
"တကယ်လို့ ဗိုလ်ချုပ်ချန် ကသာ တခြား အရာရှိတွေလို အာဏာမက်ပြီး ကိုယ်ကျင့်တရားပျက်ပြားတဲ့သူဆိုရင် ကျွန်တော်လည်း သူ့နောက်ကို လိုက်ပြီး အရှက်ခွဲခံမှာ မဟုတ်ဘူး။ သူ ထိုက်ဟူခရိုင်ကို ရောက်လာတုန်းက ငတ်မွတ်နေတဲ့ ပြည်သူတွေကို ဘယ်လောက်အထိ ကူညီခဲ့သလဲဆိုတာ ဗိုလ်ချုပ်လည်း မြင်ခဲ့တာပဲ။ သူက သူ့ရဲ့ ကိုယ်ပိုင်ငွေတွေကိုတောင် သုံးပြီး ကူညီခဲ့တာလေ။ ဘယ်အရာရှိက အဲ့ဒီလို လုပ်ရဲလို့လဲ"
မုန်ချူကျီဒါကို သိပါသည်။ ထိုအချိန်က ချန်ဆန်းရှီသည် သူ့ထံသို့ပင် လာရောက် အကူအညီတောင်းခဲ့သော်လည်း သူက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
"ဗိုလ်ချုပ်ချန်က သူ့ရဲ့ လူတွေအပေါ် ဘယ်လောက် ကောင်းသလဲဆိုတာ ခင်ဗျား ကြားဖူးမှာပါ။ သူ ပိုရန်ခရိုင်ကနေ စတင်ခဲ့တုန်းက အခြေခံလူတန်းစား ညီအစ်ကိုတွေကို ခေါ်ဆောင်လာခဲ့တာ။ အဲ့ဒီလူတွေက အရည်အချင်း သာမန်ပဲ ရှိကြပေမဲ့ အခုထိ အနက်ရောင်သံချပ်ကာစစ်သည်တော်တွေထဲမှာ ရှိနေကြတုန်းပဲ။ သူက သူတို့အတွက် ဆေးဝါးတွေကိုတောင် ကိုယ်ပိုင်ငွေနဲ့ လစဉ် ထောက်ပံ့ပေးနေတာ။ စစ်သည်တစ်ယောက် ဒဏ်ရာရရင် ဒါမှမဟုတ် သေဆုံးရင် သူက အမြင့်ဆုံးသော နစ်နာကြေးတွေကို ပေးတယ်။ ဒီလိုလူမျိုးက ယွမ်ကျိုးကိစ္စတုန်းကလိုမျိုး နယ်စပ်စစ်သည်တွေကို ဂဏန်းအရေအတွက်လို့ သတ်မှတ်မယ့်သူလို့ ခင်ဗျား ထင်လို့လား"
"ချန်ဆန်းရှီ က တကယ့် ပညာရှင်တစ်ယောက်ဆိုတာ ငါ သိပါတယ်"မုန်ချုကျီက ဆိုသည်။
"ဒါပေမဲ့ မင်း ဒါတွေ ငါ့ကို လာပြောပြနေတာက ဘာအတွက်လဲ"
"ဗိုလ်ချုပ်မုန်နားမလည်ဘူးလား။ နန်းတွင်းက ပုပ်ပွနေမှတော့ အဲ့ဒီလူတွေကို မေ့ထားလိုက်စမ်းပါ။ ဗိုလ်ချုပ်ချန် ရဲ့ နောက်ကိုသာ လိုက်ခဲ့ပါ။ တစ်နေ့ကျရင် ငါတို့အားလုံး ပေါင်းပြီး ဒီတိုင်းပြည်မှာရှိတဲ့ အညစ်အကြေးအားလုံးကို အမြစ်ပြတ် သန့်စင်ပစ်ကြတာပေါ့"
မုန်ချူကျီရုတ်တရက် တစ်ခုခုကို ရိပ်မိသွားသည်။
"မင်းတို့ ဘာတွေ ကြံစည်နေကြတာလဲ"
ဒါဟာ နန်းတွင်းက ပဏိပခတွေထက် ပိုပြီး နက်နဲတဲ့... ကိုယ်ပိုင် အင်အားစုတစ်ခုကို တိတ်တဆိတ် တည်ထောင်နေခြင်းပင် ဖြစ်သည်။
တိန့်ဖုန်းက"ဗိုလ်ချုပ်မုန်.. ကျွန်တော်လည်း အစက ခင်ဗျားလိုပဲ ခံစားခဲ့ရတာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ချန် က တခြားသူတွေနဲ့ မတူဘူးဆိုတာ ကျွန်တော် အာမခံပါတယ်။ ခင်ဗျားသာ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ဒါကို နောက်ပိုင်းမှာ သိလာပါလိမ့်မယ်"
"မင်းတို့ ဘာပဲ ကြံစည်ကြံစည်... အခု မင်းတို့မှာ အင်အားက သိပ်နည်းနေသေးတာ မဟုတ်ဘူးလား"
မုန်ချူကျီက တွက်ချက်ကြည့်လိုက်သည်။
"ဒီတိုက်ပွဲအပြီးမှာ ချန်ဆန်းရှီမှာ အများဆုံးရှိလှ စစ်သည် တစ်သောင်းပဲ ရှိလိမ့်မယ်။ အဲ့ဒီလောက်နဲ့ သူ ဘာလုပ်နိုင်မှာလဲ"
"ဒါကြောင့်မို့လည်း ဗိုလ်ချုပ်မုန်ရဲ့ အကူအညီက လိုအပ်နေတာပေါ့"
တိန့်ဖုန်းက ထပ်မံ ဖျောင်းဖျသည်။
"ခင်ဗျားသာ ပါဝင်လာရင် ဗိုလ်ချုပ်ချန် ရဲ့ လက်အောက်မှာ စစ်နတ်ဘုရား နှစ်ယောက် ရှိသွားပြီ။ ပြီးတော့ ဒါဟာယွမ်ကျိုးက ညီအစ်ကိုတွေအတွက် တကယ်တမ်း လက်စားချေနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ။"
"ဗိုလ်ချုပ်မုန်မှာ ယွမ်ကျိုး စစ်ပွဲတုန်းက မတရား သေဆုံးခဲ့ရတဲ့ သွေးသောက်ညီအစ်ကိုတွေနဲ့ ဗိုလ်ချုပ် ချစ်မြတ်နိုးရတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့တယ် မဟုတ်လား။"
"ခင်ဗျားအခု နန်းဆောင်ထဲကို ပြေးဝင်သွားရင် လူဘယ်နှစ်ယောက်ကို သတ်နိုင်မှာလဲ။"
"တကယ်လို့ လက်စားချေချင်တယ်ဆိုရင်တော့... အမြစ်ပြတ်အောင် လုပ်ကြရအောင်"
ထိုညီအစ်ကိုများအကြောင်းကို မုန်ချူကျီမေ့မရနိုင်ပေ။ ထိုအမျိုးသမီးမှာလည်း သူ၏ ညီအစ်ကိုတစ်ဦး၏ နှမတော်စပ်ပြီး သူတို့အားလုံးမှာ ယွမ်ကျိုးတွင် မတရား သေဆုံးခဲ့ကြရသည်။
"ဒီအကြောင်းတွေကို မင်း ဘယ်လို သိနေတာလဲ။ ငါ ဒါတွေကို ဘယ်သူ့ကိုမှ ပြောပြလေ့မရှိဘူး"
"ဗိုလ်ချုပ်မုန်.."