အခန်း (၄၂၁)
Vol. 39 Ch. 421
ချန်ဆန်းရှီသည် မိမိလက်ထဲရှိ အရာကို အသေအချာ စစ်ဆေးကြည့်ရှုနေမိသည်။ ၎င်းမှာ သားရေလိပ်တစ်ခုဖြစ်ပြီး ကျင့်စဉ်လမ်းနှစ်မျိုးကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ပထမတစ်ခုမှာ "စစ်မှန်သော နတ်ဘုရားလမ်းစဉ်"ဖြစ်သည်။ ၎င်းမှာ အစဉ်အလာရှိသော နတ်ဘုရားများကို ကိုးကွယ်ပူဇော်ခြင်းဖြင့် အစွမ်းတန်ခိုးကို ရယူခြင်းဖြစ်သည်။ ကျင့်ကြံသူ၏ နယ်ပယ်အဆင့် မြင့်မားလာသည်နှင့်အမျှ နတ်ဘုရားများထံမှ နတ်ဘုရားစွမ်းအင်များကို အဆက်မပြတ် ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးစွန်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ မသေမျိုးဖြစ်လာနိုင်သည့် လမ်းစလည်း ရှိနေသည်။ သို့သော် အားနည်းချက်မှာ မိမိကိုးကွယ်သည့် နတ်ဘုရားကို အလုပ်အကျွေးပြုရမည်ဖြစ်ပြီး၊ ထိုနတ်ဘုရား၏ နောက်လိုက်များကိုလည်း အကာအကွယ်ပေးရမည့် ဝတ္တရားရှိသည်။ ဝတ်ရုံနက်ခြုံထားသော ဘုန်းကြီး ကျင့်ကြံနေသည်မှာ ဤလမ်းစဉ်ပင် ဖြစ်သည်။
ဒုတိယတစ်ခုမှာ "မိစ္ဆာနတ်ဘုရားလမ်းစဉ်" ဖြစ်သည်။ ဆယ်စုနှစ်နှင့်ချီ၍ အချိန်ပေးရသော ပထမလမ်းစဉ်နှင့်မတူဘဲ၊ ဤမိစ္ဆာလမ်းစဉ်မှာ သာမန်လူတစ်ဦးအနေဖြင့် မိစ္ဆာနတ်ဘုရားနှင့် သဘောတူညီမှုပြုလုပ်ကာ ဆယ်နှစ် သို့မဟုတ် နှစ်အနည်းငယ်အတွင်း၌ပင် အစွမ်းတန်ခိုးများ ရရှိနိုင်သည်။ တစ်ခုမှာ မိမိကိုယ်တိုင် ကျင့်ကြံရခြင်းဖြစ်ပြီး၊ အခြားတစ်ခုမှာမူ နတ်စင်ပေါ်မှ နတ်ဘုရားကို မိမိကိုယ်ထဲသို့ ပူးကပ်စေကာ အစွမ်းတန်ခိုးများကို ခေတ္တခဏ ချေးယူသုံးစွဲရခြင်းဖြစ်သည်။
ရှင်းလင်းနေသည်မှာ... အိမ်ရှေ့မင်းသားသည် ဒုတိယလမ်းစဉ်ကို လိုက်ခဲ့ခြင်းပင်။ ဤမိစ္ဆာလမ်းစဉ်တွင် ချို့ယွင်းချက်များစွာ ရှိနေသည်။ အနှစ်သာရအားဖြင့် စစ်မှန်သောလမ်းစဉ်တွင် ရှိသမျှ ဆိုးကျိုးများလည်း ရှိသည့်အပြင်၊ ထိုလမ်းစဉ်တွင် မရှိသည့် ဆိုးကျိုးများပါ ပို၍ရှိနေသေးသည်။ ဥပမာအားဖြင့် နတ်ဘုရား၏ စိတ်ကြိုက်များကို ဖြည့်ဆည်းပေးရခြင်းမျိုးဖြစ်သည်။ ယခင်က တုံထျန်းမြစ်တွင် ပြုလုပ်ခဲ့သော ယဇ်ပူဇော်ပွဲမှာ ထိုသို့သော အပြုအမူမျိုးပင်။ မိစ္ဆာနတ်ဘုရားကို အပြည့်အဝ စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်သရွေ့ ဤလမ်းစဉ်ဖြင့် သက်တမ်းကို မမြှင့်တင်နိုင်ပေ။
"သက်တမ်း..."
"မသေမျိုးကျင့်စဉ်တွေကို ကျင့်ကြံတာက တကယ်ပဲ သက်တမ်းကို ရှည်စေနိုင်တာပဲ"
ချန်ဆန်းရှီသည် ဖတ်ရှုခြင်းကို အမြန်အဆုံးသတ်လိုက်သည်။ ဤကဲ့သို့သော "အမွေးတိုင်နတ်ဘုရားလမ်းစဉ်"ကို မကျင့်ကြံခြင်းက ပို၍ကောင်းပေလိမ့်မည်။ အကြောင်းမှာ အဆုံးသတ်တွင် သင်သည် နတ်ဘုရားများအတွက် အလုပ်လုပ်ပေးရသည့် အစေခံတစ်ဦးသာ ဖြစ်သွားမည်ဖြစ်သောကြောင့်တည်း။ ဤအဖြစ်အပျက်များ ပြီးဆုံးသွားသည့်တိုင်အောင် စောင့်ဆိုင်းပြီးမှ ဘိုးဘေးကြီး ရှောင်ရှဲ့ ချန်ထားခဲ့သော အရာများကိုသာ သေချာလေ့လာသင့်သည်။ ၎င်းတို့သည်သာ စစ်မှန်သော မသေမျိုးကျင့်စဉ် များ ဖြစ်ပေလိမ့်မည်။
သူသည် ပစ္စည်းများကို သိမ်းဆည်းကာ အလောင်းများကို ဖျောက်ဖျက်ပြီးနောက် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာခဲ့သည်။
ကြီးမားသော ပရမ်းပတာဖြစ်ရပ်ကြီးမှာ မိုးလင်းသည်အထိ ကြာမြင့်ခဲ့ပြီးမှ ငြိမ်သက်သွားခဲ့သည်။ အိမ်ရှေ့မင်းသားဘက်တော်သားဖြစ်သော စစ်ဘက်ဆိုင်ရာ အရာရှိကြီး အများစုမှာ ထိုညတွင်ပင် သေဆုံးခဲ့ကြရသည်။ အရပ်ဘက်အရာရှိအားလုံးမှာလည်း ပြစ်ဒဏ်အတွက် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး၊ အချို့မှာမူ ထွက်ပြေးလွတ်မြောက်သွားသဖြင့် တစ်မြို့လုံးအနှံ့ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေရသည်။
နောက်တစ်နေ့ နံနက်တွင်...
ထုံးတမ်းစဉ်လာကြီးကြပ်ရေးအဖွဲ့မှ နန်းတွင်းအရာရှိက ဤဖြစ်ရပ်၏ သဘာဝကို လူသိရှင်ကြား ကြေညာခဲ့သည်။ အမွေးတိုင်နတ်ဘုရားဂိုဏ်း
သည် မိစ္ဆာပညာရပ်များကို အသုံးပြုကာ အိမ်ရှေ့မင်းသားကို ထိန်းချုပ်ခဲ့ပြီး၊ ဒါရှန်နိုင်ငံ၏ အာဏာကို လုယူရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်သည် နိုင်ငံတော်ရတနာ နဂါးချောက်နက်ဓား ကို ဆင့်ခေါ်ကာ မိစ္ဆာနှင့် လျှို့ဝှက်ပညာများကို နှိမ်နင်းနိုင်ခဲ့သဖြင့် ပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ကြောင်း၊ တိုင်းပြည်မှာ တည်ငြိမ်သွားပြီဖြစ်၍ ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ကာ ဘိုးဘေးပူဇော်ပွဲ ကျင်းပမည့်ရက်ကို ရွေးချယ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အိမ်ရှေ့မင်းသားမှာမူ မိစ္ဆာလျှို့ဝှက်ပညာကြောင့် အသိဉာဏ် ချို့ယွင်းသွားခဲ့သဖြင့် မြို့တော်သို့ ပြန်ရောက်ပြီးနောက် နိုင်ငံတော်ရေးရာများကို ဆက်လက်ကိုင်တွယ်တော့မည်မဟုတ်ဘဲ ရှီနင်နန်းဆောင်တွင် ရေရှည်ဆေးကုသမှု ခံယူရမည်ဖြစ်သည်။ မိစ္ဆာများနှင့် ပူးပေါင်းကာ ပုန်ကန်ရန် ကြံစည်ခဲ့သည့် စစ်ဝန်ကြီးဂေါင်ဘိုမှာမူ သူ၏ ဆွေမျိုးကိုးဆက်နှင့်တကွ ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရသည်။ ကျန်ရှိသော စစ်ဘက်အရာရှိများကိုမူ ၎င်းတို့၏ ပါဝင်ပတ်သက်မှု အနိမ့်အမြင့်အလိုက် အရေးယူခဲ့သည်။
နန်းတွင်းနှင့် သိုင်းလောကအတွင်းရှိ လူအများအပြားမှာ မိမိတို့မသိလိုက်ဘဲ ရာထူးအပြောင်းအလဲများ၏ ဒဏ်ကို ခံခဲ့ကြရသည်။ ဤအပြောင်းအလဲအပြီးတွင် မည်သည့်အင်အားစုက ပြန်လည်ဦးမော့လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ချေ။
...
"အရှင်မင်းကြီး"
အသေခံတပ်သားများနှင့် မိန်းမစိုးများက လမ်းဖယ်ပေးထားကြသည်။ ဧကရာဇ်သည် ရေကန်ကမ်းနားသို့ ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။ အသေခံတပ်သားများမှာ တစ်ဦးပြီးတစ်ဦး ရေထဲသို့ ငုပ်ဆင်းသွားကြသည်။
နှစ်နာရီခန့် ကြာပြီးနောက်...
နောက်ဆုံးတွင် သူတို့ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
"အရှင်မင်းကြီး"
"တွေ့ပါပြီ၊ ရေကန်အောက်ခြေမှာ နဂါးချောက်နက်ဓားကြောင့် ဖြစ်ပေါ်နေတဲ့ အပေါက်ကြီးတစ်ခု ရှိနေပါတယ်။ အဲဒီအပေါက်အတိုင်း သွားရင် ဂူတစ်ခုဆီ ရောက်ပါတယ်"
ဧကရာဇ်သည် ရေထဲသို့ ကိုယ်တိုင် ဆင်းသွားခဲ့သည်။ ထိုအချိန်တွင် ဂူ၏ ကျောက်တံခါးမှာ ပြိုကျပျက်စီးနေပြီဖြစ်သည်။ သူသည် ပျက်စီးနေသော ကျောက်တုံးများကို ကျော်ဖြတ်ကာ ခြောက်ကပ်နေသော မြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
"ဘိုးဘေးကြီးက ငါတို့ တော်ဝင်မျိုးနွယ်စုကို စောင့်ရှောက်ခဲ့တာပဲ၊ ငါတို့အတွက် ဒီလျှို့ဝှက်ခန်းမကို ချန်ထားခဲ့တာပဲ"
"အရှင်မင်းကြီး"
အသေခံတပ်သားတစ်ဦးသည် ရှာဖွေမှုအပြီးတွင် သတင်းပို့လာသည်။
"ဘာမှ မရှိတော့ပါဘူး"
"ဖမ်းမိထားတဲ့ အမွေးတိုင်နတ်ဘုရားဂိုဏ်းရဲ့ နောက်လိုက်တွေရဲ့ ထွက်ဆိုချက်အရ... ကျန်းလိုင်ဇီဆိုတဲ့လူက အထဲမှာ ရှိသမျှအကုန်လုံးကို ယူပြီး ထွက်ပြေးသွားတာပါ"
ထိုစကားကို ကြားလိုက်ရချိန်တွင်..
ဧကရာဇ် လုံချင်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်တောင်များမှာ မထိန်းချုပ်နိုင်အောင် တုန်လှုပ်နေခဲ့သည်။
"ဒီ ကျန်းလိုင်ဇီဆိုတဲ့ကောင်ကို ရှာအောင်ရှာ မသေမျိုးနယ်မြေ ထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်းတွေကို ငါ့ဘိုးဘေးတွေက ငါ့အတွက် ချန်
ထားခဲ့တာ၊ အဲဒါတွေ အကုန်လုံးက ငါ့ဟာတွေ"
"အရှင်မင်းကြီး၊ ဒေါသကို ထိန်းတော်မူပါ"
"ကျွန်တော်မျိုးတို့ ရှာဖွေနေပါပြီ"
ဧကရာဇ် လုံချင်သည် ရှေ့သို့တက်ကာ ကျောက်စင်မြင့်ကို လက်ဖြင့် ဖွဖွလေး ထိကြည့်နေမိသည်။ အရာအားလုံး သူတစ်ပါးလက်ထဲ ရောက်သွားပြီဖြစ်ကြောင်း ထပ်ခါတလဲလဲ အတည်ပြုနေခြင်းဖြစ်သည်။
"မသေမျိုးနယ်မြေကို မဝင်နိုင်တော့ဘူးလား ငါကထာဝရ မသေမျိုးတွေရဲ့ လက်အောက်မှာပဲ နေသွားရတော့မှာလား"
"ဝိညာဉ်စပါးတွေကို စိုက်ပျိုးရတာ ပင်ပန်းပြီး ကုန်ကျစရိတ်များတယ်လို့ အကုန်လုံးက ပြောကြတယ်၊ ဒါကို ငါမသိဘူး ထင်နေကြတာလား"
"အဲဒါတွေကိုသာ သာမန်စပါးတွေအဖြစ် ပြောင်းလိုက်ရင်လည်း ငါ့ဟာတွေပဲ မဟုတ်လား"
"အစတုန်းက မသေမျိုးရတနာကို ရှာမတွေ့တဲ့အခါ ဝိညာဉ်စပါးတွေက ဘာမှ အသုံးမဝင်ခဲ့ဘူး။ အခုတော့ ငါ့ဘိုးဘေးတွေ ချန်ထားခဲ့တာတွေ အကုန်လုံး ပျောက်ကုန်ပြီ"
"မင်းတို့တွေ တစ်ချိန်လုံး ဘာလုပ်နေကြတာလဲ"
ပြင်းထန်လှသော ဒေါသသံများကြားတွင်..
အားလုံး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်မျိုးတို့က အသုံးမကျသူတွေပါ"
"အရှင်မင်းကြီး၊ ခွင့်လွှတ်တော်မူပါ"
"ငါက ဒီအင်ပါယာအတွက် ဝန်ထုပ်ဝန်ပိုးတွေ အများကြီး ထမ်းပိုးထားရတာ"
ဧကရာဇ် လုံချင်သည် ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ရင်း..
"အားလုံး ထွက်သွားကြတော့၊ နောက်ရက်အနည်းငယ်မှာ ငါ ဒီနေရာမှာပဲ သီးသန့်နေပြီး ဘွဲ့နှင်းသဘင်ပွဲအတွက် ပြင်ဆင်မယ်။ နောက်ထပ် ဘာအမှားအယွင်းမှ မရှိစေနဲ့"
အသေခံတပ်သားများနှင့် မိန်းမစိုးများ ဆုတ်ခွာသွားကြသည်။ မကြာမီတွင် ဟွမ်ဟုန်တစ်ဦးတည်းသာကျန်ရစ်တော့သည်။ သူသည် ကြိုတင်
ပြင်ဆင်ထားသော ဖုန်ခါတံဖြင့် ကျောက်စင်မြင့်ပေါ်မှ အမှိုက်သရိုက်များကို ရှင်းလင်းရင်း သတင်းပို့သည်။
"အရှင်မင်းကြီး၊ မနေ့ညက တိုက်ပွဲတစ်ခုတည်းမှာတင် ကျွန်တော်မျိုးတို့ဘက်က စစ်နတ်ဘုရားနှစ်ယောက် ဆုံးရှုံးခဲ့ပါတယ်"
"ဖန်ထျန်ဖားက ခေါင်းဖြတ်ခံလိုက်ရပြီး၊ မုန်ချူကျီကတော့ ပျောက်ဆုံးနေပါတယ်။ ဆုံးရှုံးမှုက မသေးပါဘူး"
"ငါ သိတယ်"
ဧကရာဇ် လုံချင်သည် မျက်လုံးများကို မှိတ်ထားလိုက်ရင်း...
"အသေခံစစ်သည်၁၂ ယောက်ထဲကမှ နယ်ပယ်မြင့်တဲ့သူ၊ အရည်အချင်းရှိတဲ့သူ နှစ်ယောက်ကို ရွေးလိုက်။ အဲဒီတုန်းက ရှေးဟောင်းနေရာကနေ ရခဲ့တဲ့ ရတနာတွေကို သုံးပြီး သူတို့ကို စစ်နတ်ဘုရားအဆင့် ရောက်အောင် အမြန်ဆုံး လုပ်ခိုင်းလိုက်။ နောက်ပြီး ဖေထျန်းနန်ရော ဘာသတင်းထူးလဲ"
"နယ်စားဖေကတော့ အစပိုင်းမှာ သူပုန်တွေဘက်က ပါသလိုလို ဟန်ဆောင်ခဲ့တာပါ။ အရှေ့ဘက်နယ်မြေကို ရောက်တဲ့အခါကျမှ အမွေးတိုင်နတ်ဘုရားဂိုဏ်းရဲ့ ဌာနချုပ်ကို သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရှင်မင်းကြီးအတွက် ဒီမိစ္ဆာဂိုဏ်းကို အမြစ်ဖြတ်ဖို့ ထွက်သွားခဲ့တာပါ။ ဒါပေမဲ့ အခုထိတော့ ဘာသတင်းမှ မကြားရသေးပါဘူး"
ဟွမ်ဟုန်က ခေတ္တရပ်ကာ"ကျွန်တော်မျိုး သူ့ကို ဆက်သွယ်ဖို့ ကြိုးစားပါ့မယ်။ တကယ်လို့ အဆင်မပြေရင်တော့ သူ့ကို ပြန်ခေါ်လိုက်ပါ့မယ်"
"အင်း"
ဧကရာဇ် လုံချင်ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ မင်းလည်း သွားပြီး ဒဏ်ရာတွေကို ကုသတော့"
"အမိန့်တော်အတိုင်းပါ"
ဟွမ်ဟုန်သည် သန့်ရှင်းရေးလုပ်ခြင်းကို အဆုံးသတ်ကာ ထိုင်ခုံအခင်းကို သေချာခင်းကျင်းပေးပြီးနောက် ရိုသေစွာဖြင့် ဆုတ်ခွာသွားလေတော့သည်။