အခန်း (၄၂၂)
Vol. 39 Ch. 422
နောက်တစ်နေ့ ညနေစောင်းမှသာ...
ချန်ဆန်းရှီသည် ဇီဝေတောင်မှ သူ၏စီနီယာအစ်ကိုနေထိုင်ရာ အိမ်သို့ ပြန်ရောက်လာခဲ့သည်။
"ဆန်းရှီ"
ဝမ်ကျီ နှင့် ဖန်ချင်းယွမ်တို့သည် တံခါးဝတွင် စောင့်နေသည်မှာ ကြာလှပြီဖြစ်သည်။
"အခြေအနေ ဘယ်လိုလဲ"
ဝမ်ကျိီသည် သူ့ညီလေး၏ အကျီပေါ်မှ သွေးစွန်းကွက်များကို တစ်ချက်ကြည့်လိုက်သည်။ အပိုအလုပ်တွေ စိုးရိမ်မနေတော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်တော့သည်။
"မနေ့ညက အမွေးတိုင်နတ်ဘုရားဂိုဏ်းက ပုန်ကန်တယ်လို့ ကြားတယ်၊ ငါ အိမ်ခေါင်မိုးပေါ်ကနေ လှမ်းကြည့်တာ ဇီဝေတောင်ကြီး ပြိုကျတော့မလို့ပဲ"
"အထဲရောက်မှ ပြောကြရအောင်"
အခန်းထဲတွင်...
ချန်ဆန်းရှီသည် အပေါ်အင်္ကျီကို ချွတ်ကာ ဒဏ်ရာများကို ဆေးထည့်ရင်း ပတ်တီးစည်းနေသည်။ လက်ကလည်း မနား၊ ပါးစပ်ကလည်း မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြနေခဲ့သည်။
"အိမ်ရှေ့စံမင်းသားက အမွေးတိုင်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်နေတာလား"
ဝမ်ကျိီက ရေရွတ်လိုက်သည်။
"ဒီလူက တော်တော်လေး လျှို့ဝှက်နိုင်တာပဲ၊ ပြီးတော့ ငါတို့အရှင်မင်းကြီးကလည်း တကယ်ပါပဲ... ဘာမဆို လုပ်နိုင်တဲ့လူပဲ။ ဒီဖြစ်ရပ်ပြီးရင်တော့ နန်းတွင်းမှာ အပြောင်းအလဲကြီးတွေ ဖြစ်လာတော့မယ်။ စတုတ္ထအစ်ကို၊ ခင်ဗျားဘယ်လိုထင်လဲ"
"အိမ်ရှေ့မင်းသား ပုန်ကန်မယ့် အရိပ်အယောင်ပြနေတာက ကြာပြီဆိုတော့ ဒီလိုဖြစ်လာတာ မထူးဆန်းပါဘူး"
ဖန်ချင်းယွမ်က လက်ထဲတွင် စာလိပ်ကို ကိုင်ထားရင်း ပြောလိုက်သည်။
"ငါ့ခန့်မှန်းချက်အရဆိုရင်တော့ ဒီပွဲပြီးရင် နန်းတွင်းမှာ တန်ခိုးထွားလာမယ့်သူက ဆဋ္ဌမမင်းသား ရဲ့ အုပ်စုပဲ ဖြစ်လိမ့်မယ်"
"ဆဋ္ဌမမင်းသား ဟုတ်လား"
ချန်ဆန်းရှီမှာတော့ ထိုသူ၏အကြောင်းကို ဘာမှမသိပေ။
"ဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဘုရင်ခံရာထူးကို နှစ်ကြိမ်တိုင်တိုင် ခေတ္တကိုင်တွယ်ခဲ့ဖူးတယ်၊ သူ့အမေဖြစ်တဲ့ မွန်မြတ်သော ကြင်ယာတော် ရဲ့ မိသားစုကလည်း နန်းတွင်းမှာ အိမ်ရှေ့မင်းသားပြီးရင် အင်အားအကြီးဆုံး အထက်တန်းလွှာ မိသားစုပဲ။ အရင်က ရှုံးနိမ့်သွားလို့ တစ်သက်လုံး အကျဉ်းချခံထားရတာ" ဟု ဖန်ချင်းယွမ်က ရှင်းပြသည်။
"ဒါပေမဲ့ အခုတော့ သူ လွတ်လာလိမ့်မယ်။ အရှင်မင်းကြီးရဲ့ စရိုက်အရ သူက ကျင့်စဉ်ပိုင်းကိုပဲ အာရုံစိုက်ပြီး တိုင်းပြည်အုပ်ချုပ်ရေးမှာ စိတ်အကုန်မနှစ်ဘူး၊ အမတ်ချုပ်ကြီးယန်ရဲ့ အုပ်စုကိုလည်း အင်အား အရမ်းမကြီးစေချင်ဘူး။ အခုအချိန်မှာ ဆဋ္ဌမမင်းသားကို ထုတ်သုံးတာက အာဏာကို မူလအတိုင်း ထိန်းညှိဖို့ အကောင်းဆုံးဖြစ်သလို ထိန်းချုပ်ရတာလည်း ပိုလွယ်လိမ့်မယ်"
"ဒါနဲ့ ပြောရဦးမယ်..."
"နဂါးချောက်နက်ဓားအကြောင်းက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်"
"မင်းပြောပုံအရဆိုရင် အဲဒီဓားမှာ ဝိညာဉ်စွမ်းအင်မရှိဘဲ ဘိုးဘေးကြီး
ရှောင်ရှဲ့ ချန်ထားခဲ့တဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခုခု ရှိနေပုံပဲ"
"ဘုရားရေ..."
ဝမ်ကျိီက စိတ်ဝင်တစားဖြင့် "စတုတ္ထအစ်ကို၊ ခင်ဗျားတို့ အခု ကိုင်တွယ်နေတာတွေက တကယ့်ကို ထူးခြားဆန်းပြားတဲ့ နတ်ဘုရားပညာရပ်တွေပဲ။ ငါ့ကိုလည်း အဲဒါတွေ ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးပါဦးလား"
"သင်ပေးလို့ မရဘူး"
ဖန်ချင်းယွမ်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
"မသေမျိုးလမ်းစဉ်ဆိုတာ မင်းနဲ့ အလှမ်းဝေးလွန်းတယ်၊ မင်းရဲ့ သိုင်းပညာကိုပဲ ဆက်လေ့ကျင့်ပါ။ စစ်နတ်ဘုရားအဆင့်ကို ကျော်လွန်သွားရင်တော့ မင်းအတွက် အခွင့်အရေးရှိလိမ့်မယ်၊ အဲဒီအဆင့်က ကျင့်ကြံသူတွေထက် မနိမ့်ပါဘူး။ ညီလေးဆန်းရှီ၊ မင်းလည်း အခု နက်နဲပုံရိပ်အဆင့် ကို ရောက်တော့မယ်၊ ပိုကြိုးစားပါ။ တစ်နှစ်၊ တစ်နှစ်ခွဲအတွင်း စစ်နတ်ဘုရားအဆင့်ကို ရောက်အောင် ကြိုးစားပါ"
"စိတ်ချပါ စီနီယာအစ်ကို၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်" ဟု ချန်ဆန်းရှီက ပြန်ပြောလိုက်သည်။
"အော်... ဒါနဲ့"
ဖန်ချင်းယွမ်က သတိပေးသည်။
"မင်းဆီကို အိမ်ကလာတဲ့ စာတွေရှိတယ်၊ မင်းမရှိတဲ့ ရက်ပိုင်းအတွင်း ရောက်နေတာ။ မင်းအခန်းထဲမှာ ထားထားတယ်၊ သွားကြည့်လိုက်ဦး"
"ဟုတ်ကဲ့"
ချန်ဆန်းရှီ ထပြီး ထွက်လာခဲ့သည်။
သူ့အခန်းထဲ ရောက်သည့်အခါ အိမ်ကလာသည့်စာများ တကယ်ပင် ရှိနေသည်။ စုစုပေါင်း သုံးစောင်ဖြစ်သည်။ အိမ်မှာကျန်ခဲ့သည့် အစ်မလန်၊
ဆွန်ပုချိီ နှင့် ဆွန်လီ တို့ဆီမှ တစ်စောင်စီ ဖြစ်သည်။
လွန်ခဲ့သည့် လဝက်ခန့်က တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ထားကြသော်လည်း ယခုစာများတွင်မူ ထူးထူးခြားခြား တစ်ခုတည်းသော အကြောင်းအရာကိုပဲ ရေးထားကြသည်။
အိမ်သို့ အမျိုးသမီး ဧည့်သည်အသစ်တစ်ဦး ရောက်နေသည်ဟူ၍ ဖြစ်သည်။
အစ်မလန်ကတော့ လူဟောင်းတစ်ယောက်ဟု ပြောသည်။
ဆွန်လီကတော့ ထူးဆန်းတဲ့သူဟု ဆိုသည်။
ဆွန်ပုချိကတော့ မကြိုဆိုအပ်သော ဧည့်သည် ဟု ဆိုသည်။
သူတို့အားလုံးက ချန်ဆန်းရှီကို အမြန်ပြန်လာကြည့်ရန် မျှော်လင့်နေကြသည်။
အမျိုးသမီး ဧည့်သည်..
ချန်ဆန်းရှီ စဉ်းစားနေမိသည်။ သူသည် အပြင်တွင် မည်သည့်အမျိုးသမီးနှင့်မျှ ပတ်သက်မှုမရှိခဲ့ဘဲ မည်သူကများ သူ့အိမ်အထိ လိုက်လာသနည်း။ ကံကောင်းသည်မှာ အစ်မလန်၏ စာအရဆိုလျှင် မည်သည့်အန္တရာယ်မှ ရှိပုံမရပေ။ ဘွဲ့နှင်းသဘင်ပွဲပြီးမှပဲ အိမ်ကို ခေတ္တပြန်ကြည့်ရတော့မည်။
"..."
ချန်ဆန်းရှီသည် စာများကို သိမ်းလိုက်ပြီးနောက် သူရရှိထားသော ဘိုးဘေးကြီး၏ အမွေအနှစ်များကို ထုတ်လိုက်သည်။
"ဒြပ်ငါးပါးစီရင်ချက်"
၎င်းမှာ စာအုပ်ငယ်တစ်ခုပေါ်တွင် ရေးထားသော ကြီးမားသည့် စာလုံးသုံးလုံးဖြစ်သည်။ စာအုပ်ကို ဖွင့်ကြည့်လိုက်သည့်အခါ...
ချန်ဆန်းရှီ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း တောက်ပလာခဲ့သည်။
ဒါဟာ...
တကယ့် စစ်မှန်သော မသေမျိုးကျင့်စဉ် ပဲ..
ထိုစာအုပ်ငယ်ထဲတွင် မသေမျိုးလမ်းစဉ်သို့ စတင်ဝင်ရောက်မည့် အဆင့်များဖြစ်သော ချီသန့်စင်ခြင်း ၊ အုတ်မြစ်တည်ဆောက်ခြင်း နှင့် ရွှေရောင်ဝိညာဉ်အမြုတေအဆင့်များအကြောင်း မှတ်တမ်းတင်ထားသည်။ သူကိုင်ထားသော ဒြပ်ငါးပါးစီရင်ချက်မှာ ချီသန့်စင်ခြင်းအဆင့်အတွက် ကျင့်စဉ်ဖြစ်သည်။
ထို့အပြင် လူတိုင်း မသေမျိုးဖြစ်အောင် မကျင့်ကြံနိုင်ပေ။ မသေမျိုးကျင့်စဉ်ကို ကျင့်ကြံရန်အတွက် "ဝိညာဉ်အမြစ်" ရှိရန် လိုအပ်သည်။ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ငါးပါးသည် အတွေ့ရအများဆုံး ဝိညာဉ်အမြစ်များဖြစ်ပြီး လျှပ်စီး၊ အသံ စသည့် ထူးခြားသော ဝိညာဉ်အမြစ်များမှာမူ ပါရမီရှင်များတွင်သာ ရှိတတ်သည်။ ဝိညာဉ်အမြစ် အမျိုးအစားအလိုက် ကျင့်စဉ်များမှာလည်း ကွဲပြားကြသည်။ မသေမျိုးဖြစ်ရန်
အတွက် သဘာဝတရား၏ ဝိညာဉ်စွမ်းအင် ဖြင့် မိမိ၏ လူသားခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ရမည်ဖြစ်သည်။
သို့သော်...
ယခု ကောင်းကင်နှင့် မြေကြီးကြားတွင် ဝိညာဉ်စွမ်းအင်များ မရှိတော့ပေ။ ကျင့်စဉ်နှင့်အတူ ပါလာသော ကိုယ်ရေးကိုယ်တာစာအရ..
ရှေးဟောင်းကာလက ဤနေရာတွင် ဝိညာဉ်စွမ်းအင်များ ပေါများခဲ့ပြီး လူတိုင်း မသေမျိုးဖြစ်အောင် ကျင့်ကြံနိုင်ခဲ့ကြသည်။ သို့သော် ကြီးမားသော စစ်ပွဲတစ်ခုကြောင့် ဤတိုက်ကြီး၏ ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး အခြားကမ္ဘာများနှင့် အဆက်အသွယ်ပြတ်ကာ သီးခြားဖြစ်သွားခဲ့ရသည်။
ရှေးဦးဘိုးဘေးကြီးသုံးဦး၏ ဒဏ္ဍာရီများမှာ အမှန်တကယ်ပင်ဖြစ်သည်။ သို့သော် ထိုကာလမှာ ကျင့်ကြံသူများအတွက် အကောင်းဆုံးခေတ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ကျဆင်းလာခဲ့ကာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်တွင် လုံးဝ ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤပြည်မှလူများသည် မသေမျိုးဖြစ်အောင် ကျင့်ကြံလိုပါက ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံး များကို ရှာဖွေရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ဒုတိယနည်းလမ်းအနေဖြင့် ကောင်းကင်နှင့် မြေကြီးကြားတွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာချိန်၌ ဆက်သွယ်ရေးကျောက်စိမ်းပြားကို အသုံးပြု၍ ကျင့်ကြံခြင်းကမ္ဘာ သို့ သွားရောက်ရမည်ဖြစ်သည်။ ထိုနေရာမှာ အခွင့်အရေးများနှင့် ဘေးအန္တရာယ်များ ဒွန်တွဲနေသည့် နေရာပင် ဖြစ်သည်။