← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

Chapter 173

~

အခန်း ၁၇၃ : မြင်မြင်ချင်း ခင်မင်မိသွားပေမဲ့ ခင်ဗျားကတော့ ထွက်သွားဖို့ပဲ ပြင်နေတယ်...

~

"ဂူချန်... မင်း ဘာ လုပ်လိုက်တာလဲ.."

ကောင်စီဝင်တစ်ဦး မိမိတို့မျက်စိရှေ့တွင်ပင် ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် ကျန်ရှိနေသော သိုင်းဘုရင် နှစ်ဦးမှာ အလွန် ထိတ်လန့်သွားကြသည်။ သူတို့သည် ဂူချန်ကို အော်ဟစ်ပြီးအိမ်တော်အပြင်ဘက်သို့ အစွမ်းကုန် ထွက်ပြေးကြတော့၏ ။

မိမိတို့ထက် သာလွန်သော ကောင်စီဝင်ရွှီကိုပင် တစ်ကွက်တည်းနှင့် သတ်နိုင်သည်ဆိုလျှင် သူတို့နှစ်ဦး ပေါင်းလျှင်ပင် ဤဂူချန်ကို ယှဉ်နိုင်မည်မဟုတ်ပေ။

' ချီးပဲ..'

'ဒီဂူမိသားစုရဲ့ သခင်လေးက သိုင်းစာမေးပွဲ ဖြေဆိုပြီးခါစ၊ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်တောင် မတက်ရသေးတဲ့ ကျောင်းသားတစ်ယောက်ပဲ ဆို..'

'အခုခေတ် ကျောင်းသားတွေက ဘာဖြစ်နေကြတာလဲ.. သိုင်းဘုရင်အဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်ရုံတင်မကဘဲ သိုင်းဘုရင်အဆင့်ရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေတဲ့ ကောင်စီဝင်ရွှီကိုတောင် မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်နိုင်တယ်လား..'

' သောက်ကျိုးနည်း ၁၈ နှစ်ပါလား.. '

သူတို့၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ဖောင်းကြွလာပြီး ကြောက်မက်ဖွယ် ကောင်းကင်နှင့် မြေကြီးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများက သူတို့၏ ကိုယ်ထည်များကို ဖုံးလွှမ်းသွားပြီး လေထဲတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ပုံရိပ်ယောင်များသာ ကျန်ရစ်တော့သည်။

သူတို့သည် တွန့်ဆုတ်နေခြင်းမရှိဘဲ သိုင်းဘုရင်အဆင့်၏ အမြန်နှုန်း မြှင့်တင်နည်းစနစ်များကို အစွမ်းကုန် အသုံးပြုလိုက်ကြသည်။ သေမင်း၏ အရိပ်အယောင်က သူတို့၏ နှလုံးသားကို ခြိမ်းခြောက်နေသဖြင့် သိုင်းဘုရင်တစ်ဦး၏ သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ နောက်ထပ် အသတ်ခံရသူ မဖြစ်စေရန်သာ ကြိုးစားနေကြတော့၏။

အလင်းတန်းများ ယှက်သန်းသွားသည်။ မျက်တောင်တစ်ခတ်အတွင်း သူတို့နှစ်ဦးမှာ ထူထဲသော နံရံအချို့ကို ဖောက်ထွင်းကာ အိမ်တော်၏ ပင်မတံခါးဝသို့ ရောက်ရှိလာခဲ့သည်။ ဂူအိမ်တော်ကို အစီအရင် တစ်ခုဖြင့် ကာကွယ်ထားသော်လည်း အသက်လုထွက်ပြေးနေသော သိုင်းဘုရင်နှစ်ဦးကို ထိုအစီအရင်က ဟန့်တားနိုင်လိမ့်မည်ဟု မျှော်လင့်၍ မရေပ။

အိမ်တော်အပြင်ဘက်သို့ ရောက်သွားသည်နှင့် သူတို့၏ ပျံသန်းမှု အရှိန်အဝါကြောင့် မြို့ထဲရှိ လူများ သတိပြုမိသွားမည်ဖြစ်ကာ စောင့်ကြည့်ရေးကင်မရာများကလည်း အရာအားလုံးကို မှတ်တမ်းတင်ထားမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် သူတို့ ဘေးကင်းသွားပြီဖြစ်သည်။

"နီးပြီ.. နီးပြီ.."

ရှေ့မှ ရှင်သန်ခြင်း မျှော်လင့်ချက်ကို စိုက်ကြည့်ရင်း သူတို့သည် အံ့ကို တင်းတင်းကြိတ်ကာ စစ်မှန်သော ချီစွမ်းအား အားလုံးကို အစွမ်းကုန် အသုံးပြု၍ အမြန်နှုန်းကို အဆုံးစွန်အထိ မြှင့်တင်လိုက်ကြသည်။

သူတို့နှစ်ဦးသည် တံခါးဝသို့ ရောက်ရှိသွားပြီး ဂူအိမ်တော်၏ ပင်မအဝင်ပေါက်မှတစ်ဆင့် အပြင်သို့ ထိုးထွက်ရန် အားယူလိုက်ကြစဉ်မှာပင်...

ဝုန်း.. ဝုန်း.. ဝုန်း..

ချီလင် တစ်ကောင်၏ ပုံရိပ်ယောင် ပေါ်ထွက်လာပြီး ထိုက်စန်းတောင်ကြီးကဲ့သို့သော ဖိအားဖြင့် အသည်းအသန် ထွက်ပြေးနေသော သူတို့နှစ်ဦးကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်တော့သည်။

"ချီလင် ခြေလှမ်း လား.."

ဖြူဖွေးသော ဆံပင်ရှိသည့် အဘိုးအိုက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

'ဒါ..ဒါက ဂူမိသားစုရဲ့ နာမည်ကျော် အစွမ်းထက် ကျင့်စဉ်ပဲ။ ဂူမိသားစုရဲ့ သခင်လေးဟာ ပျင်းရိပြီး ဘာခက်ခဲတဲ့ ကျင့်စဉ်ကိုမှ မသင်ချင်ဘူးလို့ လူသိများတာလေ၊ အခုလို ခက်ခဲတဲ့ ကျင့်စဉ်ကို ဘယ်လိုလုပ်ပြီး တတ်မြောက်နေရတာလဲ..'

'ဒါက ခက်ခဲတဲ့ ကျင့်စဉ်တွေကို မသင်ယူနိုင်တဲ့သူရဲ့ ပုံစံမျိုးလား..'

' လူလိမ်တွေ... အကုန်လုံးက လူလိမ်တွေပဲ..'

"အား... မိုးကြိုး အမျက်ဒေါသ .."

အခြားတစ်ဦးဖြစ်သော လူငယ်ပုံစံ ရှိသည့် အမျိုးသားမှာ မြေပြင်ပေါ်တွင် ဖိသိပ်ခံထားရစဉ်မှာပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဇီ... ဇီ...

သိပ်သည်းသော လျှပ်စီးသံများ လေထဲတွင် ပြည့်နှက်သွားသည်။ အပ်ချည်မျှင်ကဲ့သို့သော လျှပ်စီးတန်း ထောင်ပေါင်းများစွာမှာ အရပ်မျက်နှာအနှံ့မှ စုစည်းလာပြီး သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။ သူသည် မြေပြင်ပေါ်တွင် တင်းတင်းကြပ်ကြပ် အဖိခံထားရသော်လည်း မြေကြီးကို အားပြုကာ အတင်းအကျပ် ထရပ်ရန် ကြိုးစားလိုက်၏။

သို့သော် သူ မြေပြင်မှ ၃၀ စင်တီမီတာခန့် ကြွတက်လာစဉ်မှာပင် အနက်ရောင် ပုံရိပ်ယောင်တစ်ခုသည် လျှပ်စီးထက် မြန်သော အရှိန်ဖြင့် သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

"ငါတို့က မြင်မြင်ချင်း သူငယ်ချင်းဟောင်းတွေလို ခင်မင်သွားခဲ့ပေမဲ့ အခုတော့ ခင်ဗျားက ထွက်သွားဖို့ပဲ ဇွတ်လုပ်နေတာပဲ။ ခွဲခွာရတော့မယ့် အတူတူ ခင်ဗျားကို ကျွန်တော်ကိုယ်တိုင်ပဲ လိုက်ပို့ပေးပါရစေ.."

ဂူချန်၏ အသံမွာ အေးစက်နေသည်။ သူ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

စစ်မှန်သော မူလမဟာချိတ်ပိတ်လက်ဝါး...

ဤသည်က အဆင့်၆ ကျင့်စဉ်သာ ဖြစ်သော်လည်း သူ၏ လက်ထဲတွင်မူ အဆင့်၆ ထက် များစွာ သာလွန်သော အဖျက်အားပို ထုတ်ဖော်နိုင်စွမ်း ရှိသည်။

ဝုန်း..

ပြင်းထန်လှသော ယန်ချီစွမ်းအား များပေါက်ကွဲထွက်လာသည်။ နေမင်းကဲ့သို့ တောက်ပသော အလင်းတန်းတစ်ခုမှာ သူ၏ ရင်ဘတ်မှ ထွက်ပေါ်လာပြီး တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလှသည်။ ထို့နောက်တွင်တော့ ပတ်ဝန်းကျင် တစ်ခုလုံး၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာပြီး မီးလျှံများကဲ့သို့ ရဲရဲနီနေသော လက်ဝါးပုံရိပ်ကြီးတစ်ခုသည် လေထဲတွင် ပေါ်ပေါက်လာကာ ထိုလူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။

ရှေ့တွင် ရုတ်တရက် ပေါ်လာသော မိစ္ဆာလူငယ်ကို မြင်လိုက်ရသည့်အခါ ထိုသိုင်းဘုရင်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်သွားသည်။ သူ ချက်ချင်း တုံ့ပြန်သည့်အနေဖြင့် လက်နှစ်ဖက်ကို ကာကွယ်ရန် မြှောက်လိုက်ပြီး သူ၏ စစ်မှန်သော ချီစွမ်းအားများအားလုံးကို ထုတ်သုံး၍ ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။

သို့သော်လည်း သူ၏ အကာအကွယ် စွမ်းအင်များ ဖြစ်ပေါ်လာသည့် အချိန်မှာပင် ကြောက်မက်ဖွယ် အပူလှိုင်းကြီးမှာ သူ၏ တစ်ကိုယ်လုံးကို ဝါးမြိုသွားတော့သည်။

"အား..."

စူးရှပြီး သနားစဖွယ် အော်ဟစ်သံနှင့်အတူ သူ၏ ပုံရိပ်မှာ ဤကမ္ဘာပေါ်မှ လုံးဝ ပျောက်ကွယ်သွားသည်။ တိတိကျကျ ပြောရလျှင် သူသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး မြေကမ္ဘာ၏ ရင်ခွင်ထဲသို့ ပြန်လည် ရောက်ရှိသွားခြင်း ဖြစ်သည်။

[စစ်ဆေးတွေ့ရှိချက် - ခွဲခွာရတော့မည့် သူငယ်ချင်းတစ်ဦးအတွက် အိမ်ရှင်သည် စိတ်အားထက်သန်ဆုံးသော ခံစားချက်ဖြင့် တုံ့ပြန်ခဲ့သဖြင့် တစ်ဖက်လူမှ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ ဤသံယောဇဉ်မှာ ကောင်းကင်နှင့်ပင် နှိုင်းယှဉ်နိုင်ပါပေသည်။ စေတနာတန်ဖိုး + ၂,၃၀၀ ရရှိသည်။]

[အိမ်ရှင်အတွက် သူရဲကောင်းအပိုင်းအစ တစ်ခု ရရှိသည့်အတွက် ဂုဏ်ယူပါသည်]

နားထဲတွင် ကြားနေရသော စနစ်၏ အသံကို နားထောင်ရင်း ဂူချန်၏ မျက်လုံးများမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ကျန်ရှိနေသော အခြား အဘိုးအိုထံသို့ အကြည့်ကို လွှဲလိုက်သည်။ ထိုအချိန်တွင် အဘိုးအိုမွာ တောင်ကြီးကဲ့သို့သော ဖိအားကို အနည်းငယ် နေသားကျသွားပြီး မြေပြင်မှ လူးလဲထရပ်နေလေပြီ။

သူသည် သူ၏ အဖော်ဖြစ်သူမှာ လေထဲတွင် ကွယ်ပျောက်သွားသည်ကို ထိတ်လန့်စရာ မြင်ကွင်းအဖြစ် တွေ့လိုက်ရသဖြင့် သူ၏ ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

"လူယုတ်မာ.."

အဘိုးအိုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

အခုထိ သူ နားမလည်နိုင်သည်မှာ တစ်ဖက်လူက ဘာကြောင့် ရုတ်တရက် သတ်ဖြတ်နေရသနည်း ဟူသောအချက်ပင်။ သူတို့ သုံးဦးလာခဲ့သည့် ရည်ရွယ်ချက်မှာ ရတနာကို သိမ်းပိုက်ရန် ဖြစ်သော်လည်း နောက်ဆုံးတွင် ထိုအစီအစဉ်ကို လက်လျှော့ပြီး ပြန်ရန် ပြင်ခဲ့ကြသည် မဟုတ်ပါလော။

'သူ ဘာကြောင့် တိုက်ခိုက်နေရတာလဲ.. ပြီးတော့ သူ ခုနက ပြောလိုက်တဲ့ ဒီနမိတ်ထူးဟာ မြင့်မြတ်မီးလျှံဂိုဏ်းနဲ့ ပတ်သက်နေတယ် ဆိုတဲ့ စကားက ဘာကို ဆိုလိုတာလဲ..'

သူ့စိတ်ထဲတွင် ထိတ်လန့်မှုနှင့် သံသယများ ပြည့်နေသော်လည်း လက်နှစ်ဖက်ကို ရှေ့သို့ အမြန် တွန်းထုတ်လိုက်သည်။ ပြင်းထန်သော အဖြူရောင် စွမ်းအားများမှာ ပင်လယ်လှိုင်းလုံးကြီးကဲ့သို့ ရှေ့မှ လူငယ်ဆီသို့ ဦးတည်သွားတော့သည်။

သို့သော် ဂူချန်သည် သူ၏ လက်ထဲရှိ နတ်မိစ္ဆာ လှံကို အသာအယာ တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ထိုပြင်းထန်လှသော စွမ်းအားလှိုင်းကြီးမှာ ပြတ်တောက်သွားပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပေါက်ကွဲသွားတော့သည်။ ပြင်းထန်သော လေပြင်းများကြောင့် ကျောက်ခဲနှင့် သဲမ်ား လေထဲတွင် လွင့်စင်သွားသော်လည်း အလယ်တွင် ရှိနေသော ဂူချန်မှာမူ အနည်းငယ်မျှပင် ထိခိုက်မှု မရှိပေ။

အဘိုးအို၏ မျက်ဝန်းများမှာ ထပ်မံကျဉ်းမြောင်းသွားပြန်သည်။ သူသည် ရုတ်တရက် လှည့်ကာ ဂူအိမ်တော်၏ အကာအကွယ် အစီအရင်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

'ဒီလူက ကြောက်စရာ ကောင်းလွန်းတယ်။ ငါတို့နှစ်ယောက်လုံးက သိုင်းဘုရင်တွေပဲလေ၊ ဘာကြောင့် သူ့ရဲ့ တိုက်ကွက်တိုင်းက ငါတို့လို လူမျိုးကို တစ်ချက်တည်းနဲ့ သတ်နိုင်နေရတာလဲ.. ငါ့ရဲ့ တိုက်ကွက်တွေကျတော့ ဘာလို့ အားအင်မရှိသလို ဖြစ်နေရတာလဲ..'

'ထွက်ပြေးရမယ်.. အမြန်ဆုံး ထွက်ပြေးရမယ်..'

အသက်ရှူ နှစ်ချက်စာ အချိန်အတွင်းမှာပင် သိုင်းဘုရင်အအဖော်နှစ်ဦးမှာ အသတ်ခံလိုက်ရလေပြီ။

သူ့တွင် ခုခံလိုစိတ် လုံးဝ မရှိတော့ဘဲ စိတ်ထဲတွင် ထွက်ပြေးရမည် ဟူသော စကားတစ်လုံးသာ ရှိတော့သည်။

ဂျွတ်...

အကာအကွယ် အစီအရင်ပေါ်တွင် ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများ ပေါ်လာသည်။ ၎င်းကို မြင်လိုက်ရသည့်အခါ ဖြူဖွေးသော ဆံပင်ရှိသည့် အဘိုးအို၏ မျက်လုံးထဲတွင် ဝမ်းသာရိပ်လေးများ ယှက်သန်းသွားသည်။

'ငါ လွတ်ပြီ... ငါ နောက်ဆုံးတော့ လွတ်မြောက်..'

ဒိုင်း...

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဂူအိမ်တော်၏ အကာအကွယ် အစီအရင်မှာ လုံးဝ ပျက်စီးသွားပြီး အဖြူရောင် အလင်းစက်များအဖြစ် လေထဲတွင် လွင့်စင်သွားတော့သည်။ သို့သော် ဝမ်းသာနေသော အဘိုးအိုမှာမူ နေရာတွင်ပင် မှင်တက်သွားကာ သူ၏ တည်ငြိမ်မှုများ လုံးဝ ပျောက်ဆုံးသွားရသည်။ သူ မြင်လိုက်ရသည်က ...

အကာအကွယ် အစီအရင် ပျောက်ကွယ်သွားပြီးနောက် သူ မျှော်လင့်ထားသကဲ့သို့ ကောင်းကင်ယံတွင် ထွန်းလင်းနေသော နေမင်းကြီးကို မမြင်ရဘဲ အဆုံးမဲ့သော အမှောင်ထုကြီးကိုသာ မြင်လိုက်ရသည်။

ဝူး...

ထိုအမှောင်ထုအတွင်း၌ သိပ်သည်းလှသော မိစ္ဆာဝိညာဉ်များနှင့် ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေများမှာ ကြောက်မက်ဖွယ်ကောင်းအောင် လှုပ်ရှားနေကြသည်။ ထိုအထဲမှ ချီ ၏ ပုံရိပ်သည် ထွက်ပေါ်လာပြီး သူ၏ လမ်းကို ပိတ်ဆို့ထားသည်။

'ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...'

' မြင့်မြတ်မီးလျှံဂိုဏ်းရဲ့ နတ်ဘုရားတမန်တော်ပဲ.. '

ထိုသူ၏ ဝတ်စုံ ကို ကြည့်ရင်း အဘိုးအိုမှာ နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားတော့သည်။ ထိုအချိန်မှသာ ဂူချန် ပြောခဲ့သော စကားများ၏ အဓိပ္ပာယ်ကို သူ နားလည်သွားတော့သည်။

'ဂူမိသားစုက နတ်ဘုရားမီးတောက်ဂိုဏ်း( မြင့်မြတ်မီးလျှံဂိုဏ်း..နာမည်ပြောင်းရေးထားပါတယ်ဗျ..)ဘက်ကို ကူးပြောင်းသွားပြီလား..ကျန်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးက ဒီသခင်လေးရဲ့ လက်ချက်ပဲလား..'

အိမ်တော်၏ အကာအကွယ် အစီအရင့ကို ဖျပ်ဆီးရသည်က လွယ်ကူသော်လည်း နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ နတ်တမန်တစ်ဦး ထိန်းချုပ်ထားတဲ့ အစီအရင်ကို ဖျက်ဆီးရန်မှာမူ သူ၏ အစွမ်းနှင့် မဖြစ်နိုင်ပေ။ ထို့အပြင် ဂူချန်က သူ့ကို သတ်ရန်မှာလည်း တစ်ကွက်တည်းသာ လိုအပ်သည်။

ထွက်ပြေးစရာ လမ်းမရှိတော့ပေ။ သေခြင်းတရားသာ ကျန်တော့သည်။

"ဟ... ဟားဟားဟား..."

စောင့်ကြည့်ရေးကောင်စီဝင် အဘိုးအို၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင်တော့...

အဆုံးမဲ့ ဖျက်ဆီးခြင်း အရှိန်အဝါများ ပါရှိသော အနက်ရောင် အလင်းတန်းတစ်ခုမှာ သူ၏ မျက်နှာဆီသို့ ပြေးဝင်လာသည်။ သူ၏ အကာအကွယ် စွမ်းအင်များမှာ ချက်ချင်း ပြိုကွဲသွားသည်။

သူ၏ ခန္ဓာကိုယ်မှာ လှံဖြင့် အထိုးခံလိုက်ရပြီးနောက် သူ၏ တစ်ကိုယ်လုံးမှာလည်း သွေးများ အစုပ်ယူခံလိုက်ရကာ ခြောက်သွေ့သွားတော့သည်။

Chapter 174

~

အခန်း ၁၇၄ : သားရဲဒီရေ

~

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် လီဇီ ၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်ပေးခဲ့ပြီး လူ့အဖွဲ့အစည်း၏ လူဦးရေအိုမင်းမှု ပြဿနာကို လျှော့ချပေးခြင်းဖြင့် စံနမူနာပြခဲ့ပါသည်။ စေတနာတန်ဖိုး + ၁,၉၈၀ ရရှိသည်။]

[သူရဲကောင်းအပိုင်းအစ တစ်ခု ရရှိသည့်အတွက် ဂုဏ်ယူပါသည်]

"နတ်ဘုရားလက်နက်ဆိုတာ တကယ်ကို မိုက်လိုက်တာ.."

ဂူချန် သည် သူ၏လက်ထဲမှ လှံကို ပြန်သိမ်းလိုက်ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အကြွင်းအကျန်များကို အေးစက်စွာ ကြည့်လိုက်သည်။ အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန် သည် လူ့အသားနှင့် ဝိညာဉ်များကို ဝါးမြိုသော်လည်း အသုံးမဝင်သော အညစ်အကြေးများကိုမူ ချန်လှပ်ထားခဲ့သဖြင့် မြေပြင်ပေါ်တွင် အညစ်အကြေးအချို့ ကျန်ရစ်နေခြင်း ဖြစ်သည်။

သူသည် စိတ်ထိန်းချုပ်ခြင်း ခံထားရသော အိမ်တော်ထိန်းလီ ကို မြေပြင်ရှင်းလင်းရန် လက်ရိပ်ပြလိုက်ပြီး အိမ်ထဲသို့ လျှောက်လှမ်းသွားကာ ဘေးနားရှိ နတ်တမန်ချီ ကို မေးလိုက်သည် ။

"နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ သူတော်စင် ရွေးချယ်ပွဲလုပ်ဖို့ ဘယ်လောက်လိုသေးလဲ.."

အမှန်အတိုင်းပြောရလျှင် သူသည် နတ်ဘုရားမီးတောက်ဂိုဏ်းအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော အစောင့်အရှောက် ငါးဦးကို အတော်လေး စိတ်ဝင်စားမိသည်။ ချီ၏ ပြောပြချက်အရ ထိုငါးဦးမှာ အလွန်ရှေးကျသော တည်ရှိမှုများဖြစ်ပြီး အမည်မသိ လျှို့ဝှက်နည်းစနစ်များဖြင့် နှစ်ပေါင်း တစ်ထောင်ကျော်အထိ အသက်ရှင်နေကြသူများ ဖြစ်၏။

အရှင်သခင် တစ်ဦးသည် သီအိုရီအရ အသက်ရှင်နိုင်သော သက်တမ်းမှာ နှစ် ၅၀၀ သာ ဖြစ်ပြီး လက်တွေ့တွင် ထိုမျှအထိ နေရသူ မရှိသေးပေ။ ထို့ကြောင့် နှစ်တစ်ထောင်ကျော် နေလာခဲ့သော ထိုမိစ္ဆာအိုကြီးများ၏ အစွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တွင် ရှိနေနိုင်ပေသည်။

ဂူချန်သည် ယခုအခါ သိုင်းဘုရင်အဆင့် သိုင်းပညာရှင်များကို ကြက်ကလေး ငှက်ကလေးသတ်သလို သတ်နိုင်နေပြီ ဖြစ်သော်လည်း ထိုအစောင့်အရှောက်များကိုမူ သူ၏စိတ်ထဲတွင် စီနီယာ အဆင့်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။ သူ၏ရှေ့မှ နတ်တမန်ချီမှာမူ မိတ်ဆွေ အဆင့်မှ ပုရွက်ဆိတ် အဆင့်သို့ အဆင့်လျှော့ချခြင်း ခံလိုက်ရလေပြီ။

" သခင်လေး... သခင်လေးရဲ့အဖေ ပြန်လာပြီးနောက်ပိုင်း တစ်လခွဲလောက် လိုပါသေးတယ်.."

ချီ၏ အသံမှာ အရင်လိုပင် စူးရှနေသော်လည်း ယခုအခါ ရိုသေမှု အချို့ ပါဝင်နေသည်။

သူ့ကိုယ်ပေါ်ရှိ အနက်ရောင် မြူခိုးများကို ဖောက်ထွင်းကြည့်နိုင်မည်ဆိုလျှင် သူ၏ မျက်ဝန်းများ တုန်လှုပ်နေသည်ကို မြင်ရပေလိမ့်မည်။ အသက် ၁၈ နှစ်အရွယ် ဗာဂျရာအင့် မှာ ရှိနေသော လူငယ်တစ်ဦးက တစ်လအတွင်း အဓိက နယ်ပယ်ကြီး သုံးခုကို ကျော်ဖြတ်ပြီး သူ့ကိုပင် မျက်တောင်တစ်ခတ်အတွင်း သတ်နိုင်သည့်အဆင့်သို့ ရောက်လာခြင်းမှာ ကြောက်စရာ ကောင်းလွန်းလှ၏ ။

'နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ ပထမဆုံး ခေါင်းဆောင်တောင်မှ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ကျင့်စဉ်မတက်ခဲ့ဖူးဘူး..'

ချီ၏ စိတ်ထဲတွင် ဂူချန်သည် တစ်စုံတစ်ဦးသော မိစ္ဆာနတ်ဘုရားတစ်ပါး လူပြန်ဝင်စားလာခြင်း ဖြစ်နိုင်သည်ဟုပင် ထင်မှတ်နေမိသည်။

"ဟင်း..."

ထိုစကားကို ကြားရသောအခါ ဂူချန်၏ မျက်နှာတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်လာသည်။ သိုင်းစာမေးပွဲ ပြီးဆုံးခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး ကျောင်းဖွင့်ရန် တစ်လကျော် လိုနေသေးသည်ကို သူ မေ့သွားခြင်း ဖြစ်သည်။

'ဒါပေမဲ့ ငါ တကယ်ပဲ ကျောင်းတက်ဖို့ လိုနေသေးလို့လား..'

' ကျန်းနန်ပြည်နယ် သိုင်းစာမေးပွဲ အစမ်းလေ့ကျင့်တုန်းက ငါ့ကို တပည့်အဖြစ် လက်ခံခဲ့တဲ့ လင်းယဲ့ တောင်မှ အခုဆို ငါ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး ထင်တယ်..'

'ဟင်း... စေတနာရမှတ်တွေကို ဘယ်နေရာမှာ သွားပြီး ရှာဖွေရမလဲ..'

ဒီ... ဒီ..

ဂူချန် စဉ်းစားနေစဉ်မှာပင် သူ၏ အိတ်ကပ်ထဲရှိ စမတ်ဖုန်းမှာ တုန်ခါလာသည်။ ဖွင့်ကြည့်လိုက်သည့်အခါ လင်းယဲ့ ထံမှ မက်ဆေ့ခ်ျ ဖြစ်နေသည်။

လင်ယဲ့: ဂူချန်... မင်းအတွက် တောင်ပိုင်းကောင်းကင်တံခါး တက္ကသိုလ် မှာ ဒီနှစ်အတွက် နဂါးသွေးကန် အခွင့်အရေးကို ငါ အရယူပေးထားတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ ဖွင့်တော့မှာမို့လို့ အဆင်သင့်ပြင်ထားပါ။

'နဂါးသွေးကန်လား..'

ဂူချန် မျက်မှောင်ကြုတ်လိုက်သည်။ နာမည်ကတော့ အတော်လေး အထင်ကြီးစရာ ကောင်းသော်လည်း ယခုအချိန်တွင် သူ၏အတွက် အသုံးဝင်မဝင် သူ မသေချာပေ။ သူ၏ ခန္ဓာကိုယ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ စွမ်းအားကို အနည်းငယ် လှုံ့ဆော်လိုက်ရုံနှင့်ပင် သူ၏ အရိုးအဆစ်များမှာ ဟိန်းဟောက်သံများ ထွက်ပေါ်ကာ နတ်ဘုရားအလင်းများ လက်လာတတ်သည်။ သူ၏ အသိဉာဏ်ပင်လယ်မှာလည်း ကျယ်ပြောလှပြီး စိတ်စွမ်းအားများမှာ ဂလက်ဆီတစ်ခုကဲ့သို့ တောက်ပနေပြီးသား ဖြစ်သည်။ သာမန် ရတနာများမှာ သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။

ထို့ကြောင့် သူသည် ဖုန်းမှတစ်ဆင့် လင်းယဲ့အား နဂါးသွေးကန်၏ အစွမ်းကို မေးမြန်းလိုက်သည်။

ဒီးး— လင်ယဲ့က ချက်ချင်းပင် ပြန်စာ ပို့လာသည်။

လင်းယဲ့: နဂါးသွေးကန်ဆိုတာ အရမ်းကောင်းတဲ့အရာပဲ။ အရှင်သခင် အဆင့်တွေအတွက်တောင် အသုံးဝင်သလို၊ အရိုးအဆစ်တွေ အားကောင်းလာစပြုတဲ့ လူငယ်တွေအတွက်ဆိုရင် ပိုပြီး ထိရောက်တယ်။

လင်းယဲ့: မင်းက အခုမှ ဗာဂျရာအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်တာမဟုတ်လား။မင်းရဲ့ ပါရမီနဲ့ဆိုရင် ဒီကန်ထဲက နဂါးသွေးဆေးစွမ်းတွေကို အမိအရ ရယူနိုင်ခဲ့ရင် တစ်ချက်တည်းနဲ့ နိဗ္ဗာနအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိတယ်။

ဂူချန် : အမိအရ ရယူရဦးမှာလား

လင်းယဲ့: ဟုတ်တာပေါ့။ အဲ့ဒါကြောင့်လည်း တက္ကသိုလ်က ဝင်ခွင့်အရေအတွက်ကို ကန့်သတ်ထားတာ။ တစ်နှစ်ကို လူတစ်ရာပဲ ဝင်ခွင့်ရတယ်။ ဘယ်လောက်အထိ စုပ်ယူနိုင်မလဲဆိုတာက ကျောင်းသားရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်တယ်။

လင်းယဲ့: တောင်ပိုင်းကောင်းကင်တံခါး တက္ကသိုလ်မှာ သွေးမျိုးဆက်စစ်မှန်တဲ့နဂါးပေါက်လေး တစ်ကောင်ကို ဖမ်းဆီးမွေးမြူထားတယ်။ နှစ်တိုင်း အဲ့ဒီနဂါးဆီက အနှစ်သာရသွေးတွေကို ထုတ်ယူပြီး သွေးကန်ထဲမှာ ဖော်စပ်တာ။ အဲ့ဒါက မွေးရာပါ အရည်အချင်းနဲ့ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သလို၊ ခန္ဓာကိုယ်ရဲ့ အကန့်အသတ်တွေကိုပါ ချိုးဖောက်စေနိုင်တယ်။

လင်းယဲ့: ကဲ... ဘယ်လိုလဲ.. ငါ မင်းအတွက် နေရာယူပေးထားပြီးပြီ။ ပါချင်လား။

ဂူချန်: ဟုတ်ကဲ့ပါ...

သူတို့နှစ်ဦး အနည်းငယ် ထပ်မံ စကားပြောဖြစ်ကြသည်။ လင်းယဲ့သည် ယနေ့ ကျန်းမြို့သို့ လာရောက်ကာ ဂူချန်ကို လာကြိုမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တက္ကသိုလ်သို့ စောစောသွားကြမည် ဖြစ်သည်။ ထိုနေရာကို တောင်ပိုင်းကောင်းကင်တံခါး တက္ကသိုလ်မှ ကျောင်းသားတစ်ဦးထံမှ လုယူထားခြင်းဖြစ်ကြောင်းကိုမူ လင်းယဲ့က မပြောခဲ့ပေ။ သူ၏အမြင်တွင် ထိုကျောင်းသားမှာ သာမန် ပါရမီရှင်တစ်ဦးသာ ဖြစ်သဖြင့် ဂရုစိုက်နေရန် မလိုဟု ယူဆထားခြင်း ဖြစ်သည်။

ဖုန်းချပြီးနောက် ဂူချန်သည် နတ်တမန်ချီကို ထွက်သွားခိုင်းလိုက်ပြီး အနှိပ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ အစေခံအချို့ကို အနှိပ်ခိုင်းလိုက်သည်။ မိန်းကလေး၏ နူးညံ့ပြီး ကျွမ်းကျင်သော အနှိပ်ပညာကြောင့် သူ၏ စိတ်ဝိညာဥ်မှာ ကြည်လင်လာသည်။

'နေလို့ကောင်းလိုက်တာ..'

နဂါးသွေးကန်က သူ့အတွက် အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ကျန်းမြို့မှ ထွက်ခွာပြီး တက္ကသိုလ်သို့ သွားရန် ခိုင်လုံသော အကြောင်းပြချက်တစ်ခု ရရှိသွားပြီ ဖြစ်သည်။ ကျန်းမြို့က သေးငယ်လွန်းပြီး ဤနေရာရှိ သိုင်းပညာရှင်များ၏ အဆင့်မှာလည်း နိမ့်လွန်းလှသဖြင့် စေတနာတန်ဖိုး ရရှိမှုမှာ နည်းပါးလွန်းသည်။

တောင်ပိုင်းမဟာမိတ်အဖွဲ့၏ အကြီးဆုံးမြို့ဖြစ်သော နန်မြို့ သို့ ရောက်သွားလျှင် ကျွမ်းကျင်သူများမှာ တိမ်တိုက်များကဲ့သို့ များပြားလှသဖြင့် စေတနာရမှတ် ရရှိနိုင်မည့် အခွင့်အလမ်းမှာ နှစ်ဆ တိုးလာပေလိမ့်မည်။

သူ အနှိပ်ခံရင်း အနားယူရန် ပြင်နေစဉ်မှာပင်...

"တီ... တီ... တီ..."

ရှည်လျားပြီး အရေးကြီးသော အချက်ပေးသံတစ်ခုသည် ကျန်းမြို့၏ ညဉ့်ဦးယံကို ဖောက်ထွင်းကာ ထွက်ပေါ်လာသည်။

ဂူချန်၏ မျက်လုံးများ ချက်ချင်း ပွင့်လာသည်။ သူ၏ နတ်ဘုရားအာရုံ မှာ ချက်ချင်း ပျံ့နှံ့သွားပြီး မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားတော့သည်။ ထိုအချိန်တွင် အေးချမ်းနေသော ကျန်းမြို့မှာ အချက်ပေးသံကြောင့် နိုးကြားလာကြသည်။ လူများသည် သူတို့လုပ်လက်စ အလုပ်များကို ရပ်တန့်ကာ ပြတင်းပေါက်မှတစ်ဆင့် စိုးရိမ်တကြီး ကြည့်နေကြ၏။

စောင့်ကြည့်ရေးကောင်စီမှ အဖွဲ့ဝင်များမှာလည်း အချက်ပေးစာကို လက်ခံရရှိသည်နှင့် ရှာဖွေမှုများကို ရပ်တန့်ကာ မြို့စွန်သို့ ချက်ချင်း ဦးတည်သွားကြတော့သည်။

ဂူချန်၏ စိတ်အာရုံမှာ မြို့အပြင်ဘက် မိုင်ပေါင်းများစွာအထိ ထပ်မံ ပျံ့နှံ့သွားသည်။ မြို့ပြင် မြင်ကွင်းမှာ သူ၏ အသိစိတ်ထဲတွင် ပေါ်လာသည်။ လွင့်ပျံနေသော နေဝင်ဆည်းဆာအောက်တွင် တည်ငြိမ်နေသော မိုးကုပ်စက်ဝိုင်းမှ အနက်ရောင် လှိုင်းလုံးကြီးတစ်ခုသည် လိမ့်တက်လာနေသည်။

အစပိုင်းတွင် ထိုအရာမှာ လွင့်မျောနေသော တိမ်တိုက်အမည်းကြီးကဲ့သို့ ဝေဝါးနေသော်လည်း တဖြည်းဖြည်းနှင့် ပိုမို နီးကပ်လာကာ ရှင်းလင်းလာခဲ့ပြီ ဖြစ်သည်။

သားရဲဒီရေ လှိုင်းလုံးကြီးရောက်ရှိလာလေပြီ။

All Chapters