← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

Chapter 175

~

အခန်း ၁၇၅ : သန်းချီသော သားရဲဒီရေ...ငွေရောင်မုန်တိုင်း...

~

ကျန်းမြို့၏ မြို့ရိုးထက်တွင် လူရိပ်များစွာ ပေါ်ပေါက်လာသည်။

"အခုထိ ဆက်သွယ်လို့ မရသေးဘူးလား.."

"အစီရင်ခံပါတယ် ဥက္ကဋ္ဌဆုန့်... နိမိတ်ထူးဖြစ်တဲ့နေရာကို သွားခဲ့တဲ့ လူကြီးမင်းသုံးယောက်စလုံး အခုထိ ပြန်မလာသေးပါဘူး။ ဂြိုဟ်တုဖုန်းတွေလည်း ဆက်သွယ်မှု ပြတ်တောက်နေပါတယ်.."

...

ဆုန့်ကျန်း သည် ဂြိုဟ်တုမှ ပေးပို့လာသော စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ကြည့်ရင်း သူ၏ အမူအရာမှာ တစ်စတစ်စ ပိုမို လေးနက်လာသည်။ ထောင်ဂဏန်း မဟုတ်၊ သောင်းဂဏန်း မဟုတ်ဘဲ... သိပ်သည်းလွန်းလှသော သားရဲကောင်ရေ သန်းချီ ပင် ဖြစ်သည်။

ထိုအထဲမှ ထက်ဝက်ကျော်မှာ တတိယအဆင့်နှင့် အောက်ခြေအဆင့် သားရဲများ ဖြစ်နေဦးတော့၊ ဤမျှ များပြားလှသော အရေအတွက်ဖြင့် တဟုန်ထိုး ပြေးဝင်လာမည့် အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးအားကို ဆောင်ကြဉ်းလာမည် ဖြစ်သည်။ ကျန်းမြို့၏ မြို့စောင့် မဟာအစီအရင် သည် ပထမလှိုင်းကို တားဆီးနိုင်မည် ဖြစ်သော်လည်း ဒုတိယလှိုင်း၊ တတိယလှိုင်းတို့ကိုကော ခံနိုင်ရည် ရှိပါမည်လော။

ထို့အပြင် သားရဲအုပ်ကြီး၏ အလယ်ဗဟို၌ ရှိနေသော ငွေရောင် ဝံပုလွေကြီး ထံမှ ထွက်ပေါ်နေသော ဘုရင်တစ်ပါး၏ အရှိန်အဝါမှာ မိုင်ပေါင်းများစွာ အကွာအဝေးမှပင် သူ့အား ထိတ်လန့်သွားစေသည်။ မိမိတို့ထံ၌ ရှိသော နတ်ဘုရားတက်လှမ်းခြင်းအဆင့် သိုင်းပညာရှင် အနည်းငယ်ဖြင့် သိုင်းဘုရင်အဆင့် သားရဲကို မည်သို့ တားဆီးနိုင်မည်နည်း။

အထက်မှ လာသော သိုင်းဘုရင်အဆင့် အင်အားကြီး ပုဂ္ဂိုလ် သုံးဦးသာ ရှိနေသေးလျှင် အခြေအနေမှာ အနည်းငယ် မျှော်လင့်ချက် ရှိနိုင်သော်လည်း... ယခုလို အရေးကြီးသော အချိန်တွင် သူတို့သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ပြန်ရောက်လာခဲ့သော ဥက္ကဋ္ဌယဲ့ မှာလည်း ဘာတွေနှင့် ကြုံတွေ့ခဲ့ရသည်မသိ။ ပြန်လာကတည်းက စိတ်ဓာတ်ကျပြီး တိတ်ဆိတ်နေခဲ့သည်။ သားရဲလှိုင်းကို ဦးဆောင်တားဆီးဖို့ နေနေသာသာ၊ သားရဲတွေ ရှေ့ရောက်လာလျှင်ပင် သူမ တုံ့ပြန်နိုင်ပါ့မလား သံသယဖြစ်စရာပင်။

နောက်ဆုံးတွင် သူနှင့် စောင့်ကြည့်ရေးကောင်စီမှ ဒု-ဥက္ကဋ္ဌ အချို့သာ ကျန်ရစ်ပြီး အဖွဲ့အစည်းအသီးသီးကို ဦးဆောင်ကာ ဤသားရဲလှိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်နေကြရသည်။ ဆုန့်ကျန်း တစ်ယောက် စိတ်ထဲမှ ကျိန်ဆဲနေမိ၏။ ဤ ဝံပုလွေဘုရင်မှာ မိမိတို့ စောင့်ကြည့်ရေးကောင်စီ၏ အင်အားကြီး ကျွမ်းကျင်သူများ မရှိတော့သည့် အချိန်နှင့်မှ ကွက်တိ ရောက်လာရသည်လော။ မြို့အနီးအနားရှိ ဘုရင်အဆင့် သားရဲများကိုလည်း ရှင်းလင်းပြီးသား ဖြစ်သင့်ပေသည်။

' ဒီသားရဲတွေက ဘယ်ကနေ ပေါ်လာရတာလဲ ..'

အဆုံးမဲ့သော အနက်ရောင် လှိုင်းလုံးကြီးကို ကြည့်ရင်း ဆုန့်ကျန်း၏ နှလုံးသားမှာ စိတ်ပျက်မှုများ ပြည့်နှက်သွားတော့သည် ။

ထွက်ပြေးဖို့ကလည်း မဖြစ်နိုင်။ တိုက်ခိုက်ဖို့ကလည်း မျှော်လင့်ချက် မရှိသလောက်ပင်။

သူတို့ လုပ်နိုင်သည်မှာ စောင့်ကြည့်ရေးကောင်စီ၏ တယ်လီပို့ အစီအရင်ကို အသုံးပြု၍ အရေးကြီးသော ပုဂ္ဂိုလ်များနှင့် အရပ်သားများကို အမြန်ဆုံး ရွှေ့ပြောင်းပေးရန်သာ ရှိတော့သည်။ သူတို့ အချိန်ကြာကြာ ခုခံနိုင်လေလေ၊ လူများများ ပိုမို လွတ်မြောက်နိုင်လေလေ ဖြစ်သည်။

'ဟင်း...'

ဆုန့်ကျန်းသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း သူ၏ အမူအရာကိုမူ မပျက်အောင် ထိန်းထားသည်။

တိုက်ပွဲမစမီ ခေါင်းဆောင်ဖြစ်သူက စိတ်ဓာတ်ကျနေလျှင် စစ်သည်များ၏ စိတ်ဓာတ်ကို ထိခိုက်စေပြီး ထွက်ပြေးမှုများ ဖြစ်ပေါ်ကာ တိုက်ခိုက်ရေးစွမ်းအား ကျဆင်းသွားနိုင်သည်။ ထို့ကြောင့် သူသည် ဒရုန်းများမှ ပေးပို့လာသော သားရဲလှိုင်း၏ တိုက်ရိုက်မြင်ကွင်းကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ မြို့ရိုးပေါ်ရှိ သိုင်းပညာရှင်များကို အော်ဟစ် အမိန့်ပေးလိုက်သည် ။

"စောင့်ကြည့်ရေးကောင်စီ သိုင်းပညာရှင်များ အားလုံး ငါ့အမိန့်ကို နာခံကြ...မြို့ကို ကျူးကျော်လာမယ့် သားရဲလှိုင်းကို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်.."

သူ၏အသံမှာ မြို့ရိုးပေါ်ရှိ သိုင်းပညာရှင်တိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။ စောင့်ကြည့်ရေးကောင်စီမှ သိုင်းပညာရှင် ထောင်ပေါင်းများစွာမှာ မိမိတို့၏ အခြေအနေကို အမြန်ညှိယူကာ သတ်မှတ်ထားသော အဖွဲ့များအလိုက် နေရာယူလိုက်ကြသည်။

မြို့ရိုးပေါ်ရှိ ဖျက်အားပြင်း စွမ်းအင်အမြောက် ရာပေါင်းများစွာကိုလည်း စတင် အသက်သွင်းလိုက်ပြီ ဖြစ်သည်။ ထို့အပြင် မြင့်မားသော အဆင့်ရှိသည့် သိုင်းပညာရှင် တစ်ထောင်ကျော်မှာလည်း သူတို့၏ ရတနာလက်နက်များကို ဆုပ်ကိုင်ကာ စစ်မှန်သော ချီစွမ်းအား များကို နိုးကြားစေလျက် မြို့စောင့်အစီအရင် ပျက်စီးသွားလျှင် သားရဲများနှင့် သွေးမြေကျ တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည်။

ထိုအချိန်တွင် လူတိုင်း၏ မျက်နှာမှာ လေးနက်နေပြီး ကြောက်မက်ဖွယ် ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ တင်းမာသော အရှိန်အဝါများ ပျံ့နှံ့နေသည်။ ကျွမ်းကျင်သူ အင်အား မလုံလောက်သည့်အတွက် ဤတိုက်ပွဲတွင် အနိုင်ရရန် မျှော်လင့်ချက် နည်းပါးကြောင်း သူတို့ သိကြသည်။ နောက်ထပ် မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့သည် အလောင်းများ ဖြစ်သွားနိုင်ပေသည်။

မြို့နေလူထုမှာလည်း ထိုထူးဆန်းသော အခြေအနေကို ခံစားမိကြပြီး တယ်လီပို့အစီအရင်ဆီသို့ ဦးတည်ပြေးလွှားနေကြသည်။ ရည်မှန်းချက်ကြီးသော လူငယ်အချို့သာ မြို့ရိုးပေါ်သို့ သွားရောက်ကာ စောင့်ကြည့်ရေးကောင်စီအတွက် အရန်အင်အားအဖြစ် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြ၏။

အချိန်မှာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားပြီး လူတိုင်းသည် မြို့ပြင်ဘက်သို့ စိုးရိမ်တကြီး ကြည့်နေမိကြသည်။

ဝုန်း...

အနက်ရောင်လှိုင်းလုံးကြီးမှာ ပိုမိုနီးကပ်လာသည်နှင့်အမျှ သားရဲများ၏ ပြင်းထန်သော ခြေသံများကြောင့် ကျန်းမြို့တစ်မြို့လုံးမှာ စတင် တုန်ခါလာသည်။ တစ်ချိန်တည်းမှာပင် ဝေးကွာသော သားရဲအုပ်ကြီး၏ အလယ်ဗဟိုမှ ကြီးမားလှသော ငွေရောင်မုန်တိုင်းတစ်ခုသည် လမ်းတွင်ရှိသမျှ အရာအားလုံးကို ဝါးမြိုလျက် တိုက်ခတ်လာသည်။

သားရဲလှိုင်းမှာ အကွာအဝေးတစ်ခုသို့ ရောက်ရှိလာသည်ကို မြင်သောအခါ ဆုန့်ကျန်းက လက်ဝှေ့ယမ်း ပြလိုက်ပြီး အော်ဟစ်လိုက်သည် ။

"ပထမအုပ်စု အဆင်သင့်ပြင်..အမြောက်တွေနဲ့ စပစ်တော့.."

"ပစ်..."

ဝုန်း.. ဝုန်း.. ဝုန်း...

သူ၏အသံ ဆုံးသည်နှင့် မြို့စောင့်အစီအရင်၏ အကာအကွယ်မှာ လျှပ်ခနဲ ဖြစ်သွားပြီး ဖျက်အားပြင်း ဒုံးကျည်များစွာမှာ မြို့အတွင်းမှ မိုးဦးကျမှိုများအလား ထွက်ပေါ်လာကာ မြို့ပြင်ဘက်သို့ အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံသန်းသွားတော့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ဒုံးကျည်ပေါင်း သောင်းချီမှာ ကောင်းကင်သို့ ပျံတက်သွားပြီး သားရဲလှိုင်း၏ ဗဟိုချက်ဆီသို့ ဦးတည်သွားကြသည်။

"အလုပ်ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ..."

ဆုန့်ကျန်း၏ အကြည့်မှာ ဝေးကွာသော ငွေရောင်မုန်တိုင်းဆီသို့ ရောက်နေပြီး စိတ်ထဲမှ ရေရွတ်နေမိသည်။ တတိယအဆင့် သိုင်းပညာရှင်များသည် စစ်မှန်သော စွမ်းအားဒိုင်းကို အသုံးပြု၍ သာမန်ကျည်ဆန်များကို လျစ်လျူရှုနိုင်သကဲ့သို့ ဗာဂျရာ အဆင့်သို့ ရောက်ရှိလျှင် အမြောက်ကျည်များကပင် သူတို့ကို ထိခိုက်စေနိုင်ခြင်း မရှိပေ။

သားရဲများမှာလည်း ထိုနည်းအတိုင်းပင်။ တတိယအဆင့် သားရဲများသည် သာမန်လက်နက်များကို လျစ်လျူရှုနိုင်သော အရေပြားနှင့် ခန္ဓာကိုယ် ရှိကြသည်။ သို့သော် ယခု ပစ်လွှတ်လိုက်သော ဒုံးကျည်များမှာ နောက်ဆုံးပေါ် Xiaomi SO7 စွမ်းအင်သစ် ဒုံးကျည်များ ဖြစ်ပြီး အဆင့်၆ သားရဲများကိုပင် ခြိမ်းခြောက်နိုင်သော ဖျက်ဆီးအား ရှိသည်။ ထို့ကြောင့်...

သူ၏ အတွေးများမှာ ထိုနေရာတွင်ပင် ရပ်တန့်သွားသည်။ ဆုန့်ကျန်းသည် ရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အသွားရပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'

ရေတွက်၍မရသော ဒုံးကျည်များမှာ သားရဲအုပ်ကြီးဆီသို့ ချဉ်းကပ်သွားသည့်အခါ ပေါက်ကွဲရန် အချိန်ပင်မရဘဲ သားရဲအုပ်ကြီး၏ အပေါ်တွင် လည်ပတ်နေသော ငွေရောင်မုန်တိုင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ဒုံးကျည်အချို့သာ မုန်တိုင်းအတွင်း၌ ပေါက်ကွဲသွားသော်လည်း အများစုမှာ မုန်တိုင်းနှင့်အတူ လည်ပတ်နေကြသည်။

ဒုံးကျည်များစွာ မုန်တိုင်းထဲသို့ ရောက်သွားသည့်အခါ... ငွေရောင်မုန်တိုင်း၏ အလယ်ဗဟို၌ ရှိနေသော ဝံပုလွေဘုရင်မှာ သူ၏ ကြီးမားလှသော ဦးခေါင်းကို မော့ကာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်တော့သည်။

"အူးးးး...."

နားကွဲမတတ် ပြင်းထန်လှသော မိုးကြိုးသံကဲ့သို့ အသံမှာ လောကတစ်ခွင်၌ ပဲ့တင်ထပ်သွားသည်။ ငွေရောင်မုန်တိုင်းကြီးမှာ သက်ရှိတစ်ခုအလား ပြောင်းလဲသွားပြီး ဒုံးကျည်အားလုံးကို ပြန်လည် ထွေးထုတ်လိုက်တော့သည်။

ရှူး.. ရှူး.. ရှူး..

ပစ်လွှတ်လိုက်သော ဒုံးကျည်များမှာ ယခင်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြန်လည် ပြေးဝင်လာကြသည်။ ရန်သူကို ချေမှုန်းရန် စောင့်ကြည့်ရေးကောင်စီက ပြင်ဆင်ထားသော နည်းလမ်းမှာ မိမိတို့ကိုယ်ကို ပြန်လည် သတ်ဖြတ်မည့် နည်းလမ်း ဖြစ်သွားလေပြီ ။

ဤအရာကို မြင်လိုက်ရသော ဆုန့်ကျန်းမှာ အလွန်ထိတ်လန့်သွား၏။ သူသာမက မြို့ရိုးပေါ်ရှိ လူတိုင်း၏ မျက်နှာမှာ ဖြူလျော်သွားပြီး ချွေးစေးများ ထွက်လာကြသည်။ ဤသားရဲဘုရင်၏ ဉာဏ်ရည်မှာ လူသားတို့၏ လက်နက်များကိုပင် မိမိတို့ဘက်သို့ ပြန်လှည့်နိုင်သည်အထိ မြင့်မားနေသည်လော။

မျက်တောင်တစ်ခတ်အတွင်း ဒုံးကျည်ပေါင်း ထောင်ချီမှာ ကျိုင်းကောင်အုပ်ကြီးအလား ကောင်းကင်ကို ဖုံးလွှမ်းကာ ကျန်းမြို့၏ မြို့စောင့်အစီအရင်ဆီသို့ လျှပ်စီးအရှိန်ဖြင့် ပြေးဝင်လာတော့သည်။

"ဝပ်နေကြ.."

တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

လူတိုင်း မြေပြင်ပေါ်သို့ ဝပ်လိုက်ကြပြီး မြို့စောင့်အစီအရင်ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ဝုန်း..ဝုန်း..ဝုန်း...

မီးပွားများ လွင့်စင်သွားပြီး အစီအရင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ အကာအကွယ် ဒိုင်းလွှာမှာလည်း ခဏခဏ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး အချိန်မရွေး ပျက်စီးသွားတော့မည့်ပုံ ပေါ်နေသည်။ မြို့စောင့်အစီအရင်မှာ ထိုတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိခဲ့သော်လည်း ၎င်း၏ အလင်းရောင်မှာ သိသိသာသာ မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် စောင့်ကြည့်ရေးကောင်စီဝင်များမှာ ပြင်းထန်သော တုန်ခါမှုမှ ပြန်လည် နိုးကြားလာချိန်မှာပင် သားရဲများ၏ ဟိန်းဟောက်သံများမှာ သူတို့၏ နားထဲတွင် ပိုမို ကျယ်လောင်လာသည်။ သားရဲများ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများကို လူတိုင်း၏ မျက်စိရှေ့တွင် မြင်တွေ့နေရလေပြီ။

ဝုန်း...

လေပြင်းများမှာ အရင်ရောက်ရှိလာပြီးသားရဲလှိုင်းလုံးကြီးမှာ မြို့စောင့်အစီအရင်ကို စတင် တိုက်ခိုက်လိုက်လေတော့သည်။

Chapter 176

~

အခန်း ၁၇၆ : ဆုန့်ကျန်း၏ သေဆုံးခြင်းနှင့် မိစ္ဆာအမှတ်အသား ခြောက်ခု

~

"ဥက္ကဋ္ဌ... မြို့ရဲ့ ဘယ်ဘက်ခြမ်းက အကာအကွယ်အစီအရင် အဖောက်ခံလိုက်ရပါပြီ။ သားရဲတွေ မြို့တံတိုင်းပေါ်ကို စပြီးတက်နေကြပါပြီ.."

"ဥက္ကဋ္ဌ... မြို့ရဲ့ ညာဘက်ခြမ်းမှာ မြေဓာတ်စွမ်းအားရှိတဲ့ သားရဲကောင်ရေ ဒါဇင်ပေါင်းများစွာ ပေါ်လာပြီး အပြင်ဘက်တံတိုင်းကို ဖြိုချလိုက်ပါပြီ.."

"ဥက္ကဋ္ဌ... ကင်းစောင့်တပ်ဖွဲ့ဝင်တွေထဲမှာ ထွက်ပြေးသူတွေ ရှိနေပါတယ်။ အားလုံးကို ကွပ်မျက်လိုက်ပါပြီ.."

"ဥက္ကဋ္ဌ..."

တိုက်ပွဲစတင်ပြီး သုံးမိနစ်အတွင်းမှာပင် ပျက်စီးခြင်းဆိုင်ရာ သတင်းအစီရင်ခံစာများ တစ်ခုပြီးတစ်ခု တက်လာတော့သည်။ ဆုန့်ကျန်း၏ မျက်နှာနှင့် နှုတ်ခမ်းများမှာ သေလူကဲ့သို့ ဖြူလျော်နေပြီး သူကိုင်ထားသော ဓားရှည်မှာလည်း တုန်ယင်နေ၏။

'ဒါက များလွန်းတယ်။ အင်အားကွာခြားချက်က အရမ်းကို ကြီးမားလွန်းနေတယ်..'

'သုံးမိနစ်။ သုံးမိနစ်အတွင်းမှာ ရှေ့တန်းစစ်မျက်နှာတစ်ခုလုံး ပြိုလဲသွားပြီ..'

အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာလုံးရှိ မြို့စောင့်အစီအရင်များမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ရေတွက်၍မရသော သားရဲများမှာ အပြင်ဘက်တံတိုင်းကို ကျော်ဖြတ်ကာ အတွင်းဘက်တံတိုင်းအထိ ရောက်ရှိလာခဲ့လေပြီ။

စောင့်ကြည့်ရေးကောင်စီမှ သိုင်းပညာရှင်များမှာလည်း အထိနာလှသည်။ ဤအရှိန်အတိုင်းဆိုလျှင် နောက်ထပ် နှစ်မိနစ်ခွဲထက် ပိုမကြာဘဲ အတွင်းဘက်တံတိုင်းပါ အဖောက်ခံရတော့မည်ဖြစ်ကာ သားရဲကောင်ရေ သန်းချီမှာ မြို့ထဲသို့ ရောက်လာပေတော့မည်။

'ဒါတင်မကသေးဘူး... ဟို သားရဲဘုရင်က အခုထိ လက်မလှုပ်ရသေးဘူး.."

ဆုန့်ကျန်း၏ အကြည့်များမှာ တုန်လှုပ်နေသည်။ ပေတစ်ရာကျော် ရှည်လျားသော ငွေရောင်ဝံပုလွေကြီးကို လှမ်းကြည့်ရင်း သူ၏ နှလုံးသားထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ပေါ်လာသည်။ ဤအန္တရာယ်အရှိန်အဝါမျိုးကို ဥက္ကဋ္ဌယဲ့၏ အထွတ်အထိပ်အချိန်များတွင်ပင် သူ မခံစားခဲ့ဖူးပေ။

'ဘာလုပ်ရမလဲ။ ငါ ဘာလုပ်ရမလဲ..'

မြို့စောင့်အစီအရင်များတွင် အပေါက်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး တံတိုင်းအောက်တွင် အလောင်းများ တောင်ပုံရာပုံ ဖြစ်နေသည်ကို ကြည့်ရင်း ဆုန့်ကျန်း၏ လက်ခြေများမှာ အားအင်ကုန်ခမ်းကာ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာတော့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံထက် မည်သူမျှ မမြင်နိုင်သော နေရာတစ်ခုတွင် အနက်ရောင်ဝတ်စုံနှင့် လူရိပ်တစ်ခုမှာ ရပ်တန့်နေသည်။

"နောက်ထပ် ခဏလေးပဲ စောင့်ဖို့ လိုတယ်.."

ဂူချန်သည် စစ်မြေပြင်ကို အကဲခတ်နေပြီး သူ၏လက်ထဲရှိ လှံအတွင်းသို့ ကောင်းကင်နှင့်မြေပြင်စွမ်းအားများကို ဆက်တိုက် ထည့်သွင်းနေသည်။ ဤသည်မှာ သားရဲလှိုင်း၏ ပထမအသုတ် ကျူးကျော်မှုသာ ရှိသေးသည်။ သုံးမိနစ်ကျော်အတွင်းမှာပင် သားရဲကောင်ရေ တစ်သိန်းခန့်သာ တံတိုင်းအနီးသို့ စုဝေးမိသေးသည်။

ယခင် တတိယအဆင့်တွင်ရှိစဉ်က သားရဲများထံမှ ရရှိသော စေတနာရမှတ်မှာ အလွန်နည်းပါးခဲ့သည်။ ယခု သူ၏ကျင့်စဉ်မှာ သိုင်းဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုရမှတ်မှာ ပို၍ပင် လျော့နည်းသွားပေလိမ့်မည်။ အရည်အသွေးက လိုအပ်နေလျှင် အရေအတွက်ဖြင့်သာ အစားထိုးရမည်ဖြစ်သည်။

'သားရဲကောင်ရေ သန်းချီနှဲ့ သိုင်းဘုရင်အဆင့် သားရဲဘုရင်တစ်ကောင်... ဒါတွေက ငါ့ကို အဆင့်၈ ကို တက်လှမ်းနိုင်ဖို့ လုံလောက်တဲ့ စေတနာရမှတ်တွေ ပေးနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့..'

သားရဲမျ စုစည်းနေခြင်းကို စောင့်ဆိုင်းနေချိန်တွင် ထိုဖြစ်ရပ်ကြောင့် သေဆုံးသွားမည့် သိုင်းပညာရှင်များနှင့် သာမန်အရပ်သားများအတွက်မူ...

'အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ..'

အောက်ခြေရှိ ငရဲခန်းကဲ့သို့ မြင်ကွင်းကို ကြည့်ရင်း ဂူချန်၏ စိတ်နှလုံးမှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ လူသားမျိုးနွယ်အတွင်း လုံးဝ ပြိုင်ဘက်ကင်းသည့်အချိန်အထိ လူသားမဟာမိတ်အဖွဲ့နှင့် အဆက်အသွယ် လုံးဝဖြတ်တောက်ရန် အစီအစဉ်မရှိသေးသော်လည်း ဤလူများအပေါ် သနားစိတ် လုံးဝ မရှိပေ။

ထို့အပြင် သူသည် မဟာမိတ်အဖွဲ့ ခေါင်းဆောင်နေရာကိုလည်း အတော်လေး စိတ်ဝင်စားမိသည်။ သူ၏ ရည်မှန်းချက်မှာ မဟာမိတ်အဖွဲ့အတွင်းရှိ လူများနှင့် မတူပေ။ အဆင့်၉ ဧကရာဇ်အဆင့်သို့ တက်လှမ်းရန်အတွက် လူသားမျိုးနွယ်၏ နတ်ဘုရားလက်နက်ဖြစ်သော ကောင်းကင်ပိတ်ဆို့မျှော်စင် ၏ ချိပ်ပိတ်မှုကို ဖယ်ရှားရပေမည်။ ထိုအရာ၏ လျှို့ဝှက်ချက်ကို မဟာမိတ်အဖွဲ့ကြီး လေးခု၏ ဥက္ကဋ္ဌများသာ သိရှိပုံရသည်။

ကျန်းမြို့ တံတိုင်းအပြင်ဘက်တွင်..

အပြင်ဘက်မြို့တံတိုင်းမှာ လုံးဝ ပျက်စီးသွားသည့်အခါ ငွေရောင်ဝံပုလွေကြီး၏ မျက်ဝန်းထဲတွင် လူသားများကဲ့သို့ လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် ၎င်းက ဦးခေါင်းကို မော့ကာ ထပ်မံ ဟိန်းဟောက်လိုက်သည်။

အာ..ဝူးးးးးး...

သားရဲ၏ ဟိန်းဟောက်သံက ကောင်းကင်ကို တုန်ဟီးသွားစေသည်။ သားရဲလှိုင်းလုံးကြီးမှာ ဘာမှ ထိန်းမထားဘဲ ကျန်းမြို့အတွင်းသို့ တရကြမ်း ပြေးဝင်လာကြရာ ပျက်စီးလုနီးပါးဖြစ်နေသော စောင့်ကြည့်ရေးကောင်စီကို ထပ်မံ အထိနာစေတော့သည်။ သုံးမိနစ်ခန့်ကပင် ထောင်ဂဏန်း ရှိနေသော စောင့်ကြည့်ရေးကောင်စီဝင်များမှာ ယခုအခါ လူတစ်ရာပင် မပြည့်တော့။

"သေကြစမ်း... တိရစ္ဆာန်တွေ.."

ဒေါသများ ပြည့်နှက်နေသော ဆုန့်ကျန်းသည် သူ၏ ဓားကို ရမ်းခါလိုက်သည်။ စစ်မှန်သော စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ သူ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် သားရဲအုပ်ကြီးအတွင်းသို့ တိုးဝင်သွားသည်။

စွပ်... စွပ်... စွပ်...

ထက်မြက်ပြီး အေးစက်သော အလင်းတန်းများ လက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သားရဲကောင်ရေ ရာနှင့်ချီ၍ အသတ်ခံလိုက်ရသည်။ သွေးတိုင်များမှာ ကောင်းကင်သို့ ပန်းထွက်သွားသော်လည်း စစ်မြေပြင်ကြီးနှင့် ယှဥ်လိုက်လျှင် မြစ်အတွင်းမှ ရေတစ်စက်သာ ဖြစ်နေသည် ။

သို့သော် သူ၏ တိုက်ခိုက်မှုကြောင့်အဆင့်၆ ရှိသော သားရဲများ၏ သတိထားခြင်းကို ခံလိုက်ရသည်။

ဝုန်း...

အဆင့်၆ ရှိသော ဝံပုလွေနက် သုံးကောင်မှာ အရပ်သုံးမျက်နှာမှ တိုက်ခိုက်လာသည်။ သူတို့၏ ပြင်းထန်လှသော သွေးနှင့် စွမ်းအားများကြောင့် ဆုန့်ကျန်း၏ အကာအကွယ် စွမ်းအားမှာ ချက်ချင်း ပြိုကွဲသွားပြီး သူသည် လွင့်ထွက်သွားတော့သည်။

ထို့နောက် လေထဲတွင် ဖြတ်သန်းသွားသော အသံတစ်ခု ထွက်ပေါ်လာသည်။ သိန်းငှက်ကဲ့သို့ သားရဲတစ်ကောင်က ပျံသန်းလာပြီး သူ၏ အတောင်ပံများဖြင့် ဆုန့်ကျန်းကို ရိုက်ချလိုက်ပြန်ရာ သူသည် မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းသွားရသည်။ သူ မထနိုင်ခင်မှာပင် ဝက်ဝံကဲ့သို့ သားရဲအုပ်စုက ပြေးဝင်လာပြီး သူ၏ ခန္ဓာကိုယ်ကို သူတို့၏ အစွယ်များဖြင့် ထိုးနှက်လိုက်ကြကာ တံတိုင်းတစ်ခုနှင့် ဆောင့်မိသွားစေသည်။

"ဒါ... ဒါတွေက ဘယ်လိုလုပ် ဒီလောက်အထိ အပေးအယူ မျှနေရတာလဲ.."

ဆုန့်ကျန်း၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး သူ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

စဉ်းစားရန် အချိန်မရှိပေ။ နောက်ထပ် တိုက်ခိုက်မှုများက သူ့ထံသို့ ထပ်မံ ရောက်ရှိလာပြန်သည်။ မျက်တောင်တစ်ခတ်အတွင်း သူ၏ ခန္ဓာကိုယ်မှာ သားရဲများစွာ၏ နင်းခြေခြင်းနှင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သွေးများမှာလည်း ဆည်ပြိုသကဲ့သို့ ပန်းထွက်နေသည်။

"အား..."

ဆုန့်ကျန်း၏ မျက်နှာမှာ ဒေါသနှင့် နာကျင်မှုကြောင့် တုန်ရီနေသည်။ သူ ရုန်းကန်၍ ထရပ်ရန် ကြိုးစားသော်လည်း ဝံပုလွေတစ်ကောင်၏ အကိုက်ခံလိုက်ရပြီး လည်ပင်းမှ သွေးများ ဆက်တိုက် ထွက်လာတော့သည်။

သူ၏ အသက်စွမ်းအားများ ကုန်ဆုံးလာသည်ကို သူ ခံစားနေရသည်။ သို့သော် သူ ဘာတတ်နိုင်မည်နည်း။ သူ၏ အသိစိတ်မှာ ဝေဝါးလာပြီး အလိုအလျောက် တုံ့ပြန်မှုဖြင့်သာ သားရဲများကို ပြန်လည် တိုက်ခိုက်နေတော့သည်။

ထိုဝေဝါးနေသော အခြေအနေတွင် ကောင်းကင်ယံမှနေ၍ အလင်းတန်းတစ်ခု ဖြတ်သန်းလာသည်ကို သူ မြင်လိုက်ရသည်။

"စိတ်ကူးယဉ်နေတာလား..."

ဆုန့်ကျန်းက စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း ထိုအနက်ရောင် အလင်းတန်းမှာ ပို၍ပင် ထင်ရှားလာသည်။ ၎င်းမှာ သူ့ထံသို့ တိုက်ရိုက် ဦးတည်လာနေခြင်း ဖြစ်သည်။

'နေဦး... ဒါက...'

ဆုန့်ကျန်းသည် ရှေ့မှ သားရဲကို တွန်းထုတ်လိုက်ပြီး ကောင်းကင်ယံကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။

'ဒါက လူတစ်ယောက်ပဲ..'

'ဘယ်သူကများ ဒီလိုအချိန်မျိုးမှာ ဒီနေရာကို ရောက်လာရတာလဲ။ အထက်က လူကြီးမင်း သုံးယောက် ပြန်ရောက်လာတာလား..'

ပြင်းထန်လှသော ဟိန်းဟောက်သံကြီးနှင့်အတူ အနက်ရောင် အလင်းတန်းတစ်ခုမှာ ကောင်းကင်ကို ဖြတ်သန်းလာသည်။ ၎င်းဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်ကြီးမှာ တုန်ခါသွားပြီး အက်ကြောင်းငယ်လေးများပင် ဖြစ်ပေါ်သွားသည်။

ကောင်းကင်ယံရှိ မပျောက်ကွယ်သေးသော အမှောင်စွမ်းအင်များမှာ တစ်စုံတစ်ခု၏ ဦးဆောင်မှုဖြင့် ထိုလူရိပ်ထံသို့ စုစည်းသွားကြသည်။ အဆုံးမဲ့ ထက်မြက်လှသော အရှိန်အဝါတစ်ခုသည် အမြင့်ပေ တစ်သောင်းမှနေ၍ အောက်သို့ ထိုးဆင်းလာသည်။ အဝေးမှပင် ထိုအေးစိမ့်သော အရှိန်အဝါကို ခံစားနေရသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားမှာ ချက်ချင်း ရောက်ရှိလာပြီး ရေလွှမ်းမိုးမှုအလား လူတိုင်းကို ဖုံးလွှမ်းသွားသည်။ မြေပြင်ပေါ်ရှိ သားရဲကောင်ရေ သန်းချီမှာ လူသားများကို စားသောက်နေသည်ဖြစ်စေ၊ တိုက်ခိုက်နေသည်ဖြစ်စေ သူတို့၏ ဝိညာဉ်အတွင်းပိုင်းမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူတို့အားလုံးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကာ ဦးညွှတ်လိုက်ကြတော့သည်။

တစ်ချိန်တည်းမှာပင် အနောက်ဘက်တွင် ရှိနေသော ငွေရောင်ဝံပုလွေဘုရင်မှာလည်း တစ်ကိုယ်လုံးရှိ အမွေးများ ထောင်ထလာသည်။ သူမ၏ မျက်ဝန်းထဲရှိ လှောင်ပြောင်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ထိတ်လန့်တကြား ဖြစ်သွားသည်။ သူမသည် ရှေ့သို့ ပြေးဝင်နေရာမှ ချက်ချင်းပင် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကာ အစွမ်းကုန် ထွက်ပြေးတော့သည်။

ငွေရောင် အလင်းတန်းတစ်ခု လက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း မိုင်ပေါင်းများစွာ အကွာသို့ ရောက်ရှိသွားသည်။ သူမ ထွက်ပြေးသည့် အချိန်မှာပင် အနက်ရောင် အလင်းတန်းမှာ မြေပြင်သို့ ရောက်ရှိလာတော့သည်။

ဝုန်း...

ထိုအခိုက်အတန့်တွင် လောကကြီးမှာ အရောင်အဆင်း ကင်းမဲ့သွားသကဲ့သို့ ဖြစ်သွားပြီး ပြင်းထန်လှသော ပေါက်ကွဲသံကြီးက ကောင်းကင်ကို တုန်လှုပ်သွားစေသည်။ ကြောက်မက်ဖွယ် အမှောင်စွမ်းအင်များမှာ လှိုင်းတံပိုးများအလား ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။

ကျောက်တုံးများမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ဖုန်တိမ်တိုက်ကြီးများ ဖြစ်ပေါ်လာသည်။ မိုင်ပေါင်း ရာနှင့်ချီသော မြေပြင်မှာ လန်တက်သွားပြီး ထိုနေရာအတွင်းရှိ သားရဲများနှင့် မထွက်ခွာနိုင်သေးသော လူသားအားလုံးမှာ ဝါးမြိုခြင်း ခံလိုက်ရသည်။

ဆုန့်ကျန်းသည် ထိုအနက်ရောင်အလင်းတန်းအတွင်းရှိ လူကို ရှင်းလင်းစွာ မမြင်လိုက်ရခင်မှာပင် အမှောင်စွမ်းအင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး လှံ၏ အာဟာရ ဖြစ်သွားတော့သည်။ ကျန်းမြို့၏ လေးပုံတစ်ပုံခန့်မှာ ဤစွမ်းအားအောက်တွင် လုံးဝ ပျက်စီးသွားခဲ့လေပြီ ။

[ဒင်..]

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် သားရဲကောင်ရေ ၇၈၉,၄၃၂ ကောင်အား သူတို့၏ နေရပ်နှင့် သားရဲနတ်ဘုရား၏ ရင်ခွင်သို့ ပြန်လည်ရောက်ရှိအောင် ကူညီပေးခဲ့ပါသည်။ စေတနာတန်ဖိုး + ၃၇,၆၅၈ ရရှိသည်။]

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် သာမန်အရပ်သား ၁,၇၂၁ ဦးအား သူတို့၏ ဆင်းရဲဒုက္ခများမှ ကယ်တင်ပေးခဲ့ပါသည်။ စေတနာတန်ဖိုး + ၁,၇၂၁ ရရှိသည်။]

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် ဆုန့်ကျန်းနှင့် အခြားသိုင်းပညာရှင် ၇၁ ဦးအား သူတို့၏ ဒုက္ခများမှ လွတ်မြောက်အောင် ကူညီပေးခဲ့ပါသည်။ စေတနာတန်ဖိုး + ၇,၃၆၀ ရရှိသည်။]

[နတ်ဘုရားလက်နက် · အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်၏ အသက်သွင်းနိုင်သော မိစ္ဆာအမှတ်အသား အရေအတွက်မှာ ခြောက်ခု ဖြစ်သည်။ အသက်သွင်းမည်လော]

All Chapters