အခန်း (၁၇၇-၁၇၈)
Vol. 18 Ch. 177-178
Chater 177
~
အခန်း ၁၇၇ : လူသားဆန်သော ငွေရောင်ဝံပုလွေဘုရင်..
~
'ပြီးခဲ့တဲ့တစ်ခေါက်က သိုင်းဘုရင် သုံးယောက်ကို ဝါးမြိုတာ မိစ္ဆာအမှတ်အသား နှစ်ခု ပွင့်ခဲ့တယ်။ အခု သားရဲကောင်ရေ ခုနစ်သိန်းကျော်ကို ဝါးမြိုတာတောင် လေးဆင့်အထိပဲ တိုးလာတာလား..'
'ထားလိုက်ပါတော့..'
စနစ်၏ အမှာစကားကို ခဏဘေးဖယ်ထားကာ ဂူချန် သည် ပျက်စီးယိုယွင်းသွားသော ကျန်းမြို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထွက်ပြေးနေသည့် ငွေရောင်ဝံပုလွေကြီး ထံသို့ အကြည့်ပို့လိုက်သည်။ သူသည် ဤဝံပုလွေကို အတော်လေး စိတ်ဝင်စားမိသည်။
တစ်ဖက်လူနှင့် စိန်ပြေးလိုက်တန်းကစားရန် ပျင်းရိလှသဖြင့် ဂူချန်၏ မျက်လုံးများထဲတွင် ခရမ်းရောင်အလင်းများ လက်ခနဲဖြစ်သွားပြီး တစ်ဖက်လူ၏ စွမ်းအင်စီးဆင်းမှုကို ချက်ချင်း လော့ခ်ချလိုက်သည်။ သူသည် ဟင်းလင်းပြင်ထဲသို့ လက်လှမ်းလိုက်ရာ အနက်ရောင် နတ်ဘုရားစွမ်းအား အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ကြည်လင်ပြတ်သားသော အနက်ရောင် နယ်ရုပ်တစ်ခုအဖြစ် ပုံဖော်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးကို နယ်ပယ်အဖြစ်ထားပြီး သက်ရှိအားလုံးကို နယ်ရုပ်အဖြစ် ထားခြင်းပင် ဖြစ်သည်။ သူ၏ လက်ရှိ စိတ်စွမ်းအားနှင့်ဆိုလျှင် ဤအခြားကမ္ဘာသုံး ပစ္စည်းကို အသုံးပြုလိုက်ပါက မည်သည့် အဆင့်တူပြိုင်ဘက်မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဝုန်း...
ကမ္ဘာကြီး တစ်ခုလုံး ရုတ်တရက် ရပ်တန့်သွားသည်။ မိုင်ပေါင်း ရာနှင့်ချီသော ပတ်ဝန်းကျင်မှာ မူလကမ္ဘာမှ သီးခြားကွဲထွက်သွားသည့် အခြားကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။ ထိုအခိုက်အတန့်မှာပင် အဆုံးမဲ့သော နတ်ဘုရားအရှိန်အဝါများ ပါရှိသည့် အနက်ရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းကာ အံ့မခန်း အရှိန်အဝါဖြင့် မြေပြင်သို့ ထိုးဆင်းလာတော့သည်။
တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ တောက်ပသော ငွေရောင်အလင်းတန်းများဖြင့် အသည်းအသန် ထွက်ပြေးနေသော ပုံရိပ်တစ်ခု ရှိနေသည်။ ထိုငွေရောင်အလင်းမှာ ဖမ်းရခက်လောက်အောင် မြန်သော်လည်း အရိပ်ကဲ့သို့ နောက်ကပ်ပါလာသော အနက်ရောင်အလင်း၏ လိုက်လံမှုကိုမူ မလွတ်နိုင်ပေ။
ဝုန်း...
အနက်ရောင်နယ်ရုပ် ကျရောက်လာသည်နှင့်အမျှ ငွေရောင်ဝံပုလွေကြီး၏ ပုံရိပ်မှာ လေထဲတွင် ပြေးလွှားနေသည့် ဟန်ပန်အတိုင်း ရပ်တန့်သွားရတော့သည်။
"အူးး... အူးး..."
ငွေရောင်ဝံပုလွေကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဟိန်းဟောက်ကာ ရုန်းကန်နေသည်။ လေပြင်းများ တိုက်ခတ်လာပြီး ၎င်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ငွေရောင်မုန်တိုင်းငယ်တစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။
ရှူး... ရှူး...
ဝံပုလွေ၏ ငွေရောင်အမွေးများမှာ ထောင်ထလာပြီး ကြံ့ခိုင်သော ကြွက်သားများမှာလည်း လျင်မြန်စွာ ဖောင်းကြွလာသည်။ နှာခေါင်းမှလည်း ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်နေသည်။ ကြီးမားလှသော ခန္ဓာကိုယ်မှာ တောင်ကုန်းငယ်တစ်ခုကဲ့သို့ ပိုမို ကြံ့ခိုင်လာပြီး အေးစိမ့်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ပြင်းထန်စွာ နှစ်ကြိမ်ခန့် ရုန်းကန်ပြီးနောက် ၎င်းကို ချုပ်နှောင်ထားသော ဟင်းလင်းပြင်စွမ်းအားများမှာ လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။
သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်မှာ အလွန်ပင် ထူးခြားဆန်းပြားလှသည်။
"လွတ်ပြီ.."
ဝံပုလွေ၏ မျက်လုံးထဲတွင် လူသားကဲ့သို့ ဝမ်းသာရိပ်များ လက်ခနဲ ဖြစ်သွားသည်။ ဆက်လက် ထွက်ပြေးရန် အပေါ်သို့ မော့ကြည့်လိုက်ရာ သူမအား အလွန်အန္တရာယ်ရှိသည်ဟု ခံစားစေခဲ့သော လူငယ်မှာ သူမ၏ ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
ဝံပုလွေဘုရင်သည် အနောက်သို့ ချက်ချင်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ထိုလူငယ်ကို သတိကြီးစွာ စောင့်ကြည့်နေသည်။ ထိုလူငယ်မှာ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ကျော်လွှားနိုင်ခြင်း မရှိသော ဖိအားမျိုးကို ပေးစွမ်းနေသည်။
"မင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ.."
ဂူချန်၏ လေသံမှာ တည်ငြိမ်နေသည်။ သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ခံစားရစေသည်။ ဤကမ္ဘာသို့ သူ ရောက်ရှိလာခဲ့သည်မှာ နှစ်လပင် မပြည့်သေးသော်လည်း ဤကမ္ဘာ၏ ကျင့်စဉ်များနှင့် အသားကျစေရန် ဗဟုသုတအများစုကို သူ လေ့လာထားပြီး ဖြစ်သည်။
ဤကမ္ဘာ၏ အဆိုအရ အဆင့်မြင့် သားရဲများသည် လူသားများထက် မနိမ့်ကျသော ဉာဏ်ရည်ရှိကြသော်လည်း သူတို့၏ မွေးရာပါ ကြမ်းတမ်းမှုနှင့် သွေးမျိုးဆက် မာန်မာနမှာမူ နှိမ်နင်းရန် အလွန်ခက်ခဲလှသည်။ သားရဲမျိုးနွယ်တစ်ခုသည် မိမိတို့နှင့် မျိုးနွယ်တူ သားရဲများနှင့်သာ ပေါင်းသင်းလေ့ရှိကြသည်။ အဆင့် ၉ ဧကရာဇ်အဆင့်ရှိ သားရဲတစ်ကောင်၏ အမိန့်အောက်တွင် မဟုတ်လျှင် မျိုးနွယ်မတူသော သားရဲများ ပူးပေါင်းရန်မှာ အလွန်ခက်ခဲသည်။
သို့သော် ယခု သားရဲလှိုင်းမှာမူ သားရဲအမျိုးအစား တစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်ခု ဖြစ်နေသည်။ ထို့အပြင် ဇွတ်အတင်း စုစည်းထားသော အဖော်များမှာလည်း ဤမျှအထိ အပေးအယူမျှမျှဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည် မဟုတ်ပေ။
ဤသားရဲလှိုင်းမှာ သာမန်အခြေအနေအရ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ရှေ့မှ ငွေရောင်ဝံပုလွေကြီးက စီစဉ်ထားခြင်း ဖြစ်သည်ကို ဂူချန် သိမြင်နေသည်။ ဧကရာဇ်နယ်ပယ်သို့ မရောက်သေးဘဲ ဤမျှအထိ ထူးခြားနေခြင်းက သူ့ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်။
ဂူချန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဝံပုလွေကြီး၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်လိုက်သည်။ တစ်ခဏချင်းမှာပင် ဝံပုလွေကြီး၏ ကြွက်သားများ တောင့်တင်းသွားသည်။ သူမ၏ စိတ်ထဲမှ အချက်ပေးသံက မခုခံရန် သတိပေးနေသည်။ မဟုတ်လျှင် သူမ သေဆုံးသွားနိုင်ပေသည်။
သို့သော် ထိုလူ၏ ခန္ဓာကိုယ်မှာ စင်တီမီတာ အနည်းငယ်သာ ကွာဝေးတော့သည်အထိ ပိုမို နီးကပ်လာသောအခါ နောက်ဆုံးတွင် ခံနိုင်ရည် မရှိတော့ပေ။
"အာ..ဝူးးးး.."
ဝံပုလွေကြီး၏ မွေးရာပါ အလိုလိုသိစိတ်က ကြောက်ရွံ့မှုကို တွန်းလှန်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ငွေရောင်မုန်တိုင်းကို အရပ်မျက်နှာအနှံ့မှ ထပ်မံ ဆင့်ခေါ်လိုက်သည်။
ရှူး... ရှူး...
လေပြင်းများမှာ လေထုကို ဆွဲဖြဲကာ ထက်မြက်သော အသံများ ထွက်ပေါ်လာပြီး ဓားသွားများကဲ့သို့ ရှေ့သို့ ပြေးဝင်လာသည်။
"မင်းက ကောင်းကောင်းပြောတာကို မနားထောင်ချင်ဘူးပေါ့.."
ဂူချန်၏ အမူအရာမှာ ချက်ချင်းပင် အေးစက်သွားသည်။ သူ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ပူပြင်းလှသော ယန်စွမ်းအားများက ဓားသွားများကို ချက်ချင်း ဖယ်ရှားပစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ငွေရောင်မုန်တိုင်းကိုလည်း အတင်းအကျပ် ပျက်ပြယ်သွားစေသည်။
ငွေရောင်ဝံပုလွေကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ၏ စွမ်းအားအားလုံးကို အသုံးပြု၍ ထွက်ပြေးရန် ပြင်သော်လည်း တစ်ဖက်လူ၏ အနောက်ခြေထောက်မှ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
နောက်တစ်ခဏတွင် ပြင်းထန်လှသော ယန်စွမ်းအားများက သူမ၏ မာကျောသော ခန္ဓာကိုယ် အကာအကွယ်ကို အတင်းအကျပ် ဖောက်ထွင်းဝင်ရောက်သွားပြီး အတွင်းအင်္ဂါများအတွင်းသို့ စီးဝင်ကာ ကိုယ်တွင်းရှိ စွမ်းအားလည်ပတ်မှု အားလုံးကို ဖရိုဖရဲ ဖြစ်သွားစေသည်။ ထို့နောက် ကြီးမားလှသော ခန္ဓာကိုယ်မှာ ကျောက်ဆောင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရတော့သည်။
ဘုန်း...
ဖုန်မှုန့်များနှင့် ကျောက်ခဲများ လွင့်စင်သွားပြီး မီးခိုးများ ထွက်ပေါ်လာသည်။
"အ..."
နူးညံ့သော အမျိုးသမီး အသံတစ်ခုမှာ ဝံပုလွေကြီး၏ ပါးစပ်မှ ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်မှာ သိသိသာသာ နီရဲသွားသည်။ မူလက ငွေရောင်ဝံပုလွေကြီးမှာ ချက်ချင်းပင် ပန်းရောင်ဝံပုလွေကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သို့သော် ဂူချန်၏ အကြည့်မှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။ သူသည် ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကို ပြန်လည် မလိုက်ပြီး လေထဲသို့ မြှောက်တင်ကာ မြေပြင်ပေါ်သို့ ထပ်မံ ရိုက်ချလိုက်ပြန်သည်။
ဝုန်း... ဝုန်း... ဝုန်း...
သူက အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ဘယ်ပြန်ညာပြန် ရိုက်ချလိုက်ရာ ဝံပုလွေကြီး၏ နောက်ခြေထောက် အရိုးများ ကျိုးကြေသွားပြီး ခန္ဓာကိုယ်မှာလည်း သွေးချင်းချင်းနီသွားတော့သည်။ ထိုအချိန်မှသာ ဂူချန်က ရပ်တန့်လိုက်သည်။
ယခုအခါတွင်မူ ဝံပုလွေကြီး၌ အစောပိုင်းကကဲ့သို့ မာန်မာနနှင့် ခွန်အားများ မရှိတော့ပေ။ ပါးစပ်နှင့် နှာခေါင်းမှ သွေးများစွာ စီးကျနေပြီး ပြင်းထန်သော နာကျင်မှုကြောင့် ခြေလက်လေးဖက်မှာ တုန်ရီနေသည်။ မျက်လုံးများမှာလည်း နောက်သို့ လန်နေပြီး ကြောင်ကလေး သို့မဟုတ် ခွေးကလေး တစ်ကောင်ကဲ့သို့ ညည်းတွားသံများ ထွက်ပေါ်နေသည်။
[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် သိုင်းဘုရင်အဆင့် သားရဲဘုရင် အန်ဂျလာ အား ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်ရာတွင် စေတနာအပြည့်ဖြင့် ကူညီပေးခဲ့ပါသည်။ သင်၏ ဂရုစိုက်မှုနှင့် ကြိုးစားမှုအောက်တွင် သူမမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် မျက်လုံးများ လန်တက်သွားကာ ခန္ဓာကိုယ် တုန်ရီပြီး မျက်ရည်များ ကျလာခဲ့သည်။ စေတနာတန်ဖိုး + ၆,၈၀၀ ရရှိသည်။]
' ဒီခွေးက တစ်ခါမှ နာကျင်မှုကို မခံစားဖူးပုံပဲ။ အကြိမ်အနည်းငယ် ရိုက်ချပြီး အရိုးအနည်းငယ် ကျိုးသွားရုံနဲ့ ဒီလို ဖြစ်သွားတာလား..'
ဂူချန်သည် တုန်ရီနေသော ဝံပုလွေကြီး၏ ဦးခေါင်းရှေ့သို့ ရောက်လာပြီး သူ၏ မျက်လုံးများထဲတွင် ခရမ်းရောင်အလင်းများ လက်ခနဲ ဖြစ်သွားသည်။ သူသည် ကျောက်နံရံနှင့် ရိုက်ချခြင်း ခံခဲ့ရသော်လည်း ခေါင်းတစ်ခုလုံး ကျောက်တုံးထဲ မြုပ်နေသည်အထိ အော်ဟစ်နိုင်စွမ်း ရှိသေးသော လင်းပေ့ကို သတိရသွားသည်။
' သိုင်းဘုရင်အဆင့် သားရဲတစ်ကောင်က ဒီလောက် နာကျင်မှုကိုတောင် မျက်ရည်ကျနေတာလား.. ဘာလို့ မိန်းကလေးငယ်လေး တစ်ယောက်လို နုနယ်နေရတာလဲ..'
'ပြီးတော့... အန်ဂျလာ ဆိုတာက ဘာကြီးလဲ..'
ဂူချန်သည် စနစ်က ပြသထားသော မျက်နှာပြင်ကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေသည်။ သို့သော် ဤသို့ ဖြစ်လေလေ တစ်ဖက်လူ၏ ထူးခြားမှုကို ပိုမို သက်သေပြလေလေ ဖြစ်သည်။ သူသည် ကိုယ်ကို ကိုင်းလိုက်ပြီး ငွေရောင်ဝံပုလွေကြီး၏ နူးညံ့သော အမွေးများကို အသာအယာ ပွတ်သပ်လိုက်ကာ တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည် ။
"မင်း စောစောကသာ နားထောင်ခဲ့ရင် ဒီလိုတွေ ခံစားရမှာ မဟုတ်ဘူး.."
နတ်ဆိုးတစ်ဦး၏ တိုးတိုးလေး ပြောလိုက်သော စကားကဲ့သို့ပင် ဝံပုလွေကြီး၏ တုန်ရီနေသော ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားပြီး မလှုပ်ရဲတော့ပေ။ သို့သော် သူမ၏ မျက်လုံးထဲမှ မျက်ရည်များမှာမူ ပိုမို များပြားလာသည်။
[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် သားရဲဘုရင် အန်ဂျလာ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးခဲ့သဖြင့် သူမအား ဖခင်တစ်ဦး၏ နွေးထွေးမှုကို ခံစားရစေပြီး သူမ၏ နှလုံးသားကို နွေးထွေးစေခဲ့ပါသည်။ စေတနာတန်ဖိုး + ၃,၂၀၀ ရရှိသည်။]
[လက်ရှိ စေတနာရမှတ် - ၆၃,၈၁၈]
ဂူချန် အာရုံစိုက်လိုက်သည်။ မီတာအနည်းငယ် ကျယ်သော ဝံပုလွေခေါင်းပေါ်ရှိ သူ၏ လက်မှာ နီရဲသော အလင်းတန်းများဖြင့် တောက်ပလာပြီး သေမင်း၏ ပုံရိပ်ယောင် ကို ဖွင့်လိုက်သည်။
ဝံပုလွေကြီး၏ မျက်လုံးနှစ်လုံးမှာ ပြူးကျယ်သွားပြီး သူမ၏ မျက်လုံးထဲတွင် အနည်းငယ် ခုခံလိုသော အရိပ်အယောင်များ ရှိသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများမှာ ဝံပုလွေကြီး၏ စိတ်ဝိညာဥ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီး သူမ၏ မှတ်ဉာဏ်များကို စာအုပ်တစ်အုပ် လှန်လှောကြည့်ရှုသကဲ့သို့ စတင် ကြည့်ရှုလိုက်တော့သည်။
"ကျွန်မ နာမည်က အန်ဂျလာ..."
Chapter 178
~
အခန်း ၁၇၈ : ကျွန်မနာမည် အန်ဂျလာ
~
ကျွန်မနာမည် အန်ဂျလာ။
ကျွန်မက ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်ပါ။
မူလက ကျွန်မဟာ ဒီကမ္ဘာက သတ္တဝါတစ်ယောက် မဟုတ်ဘဲ ဝေးကွာလှတဲ့ အပြာရောင်ဂြိုဟ်က လူသားတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီမှာတော့ မြေလျှိုးမိုးပျံနိုင်တဲ့ သိုင်းပညာရှင်တွေလည်း မရှိသလို၊ ကြောက်စရာကောင်းတဲ့ သားရဲကြီးတွေလည်း မရှိပါဘူး။ သိပ္ပံနဲ့ နည်းပညာကလည်း ဒီကမ္ဘာထက် အများကြီး နောက်ကျနေခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်မကတော့ အရင်နေရာလေးက ပိုကောင်းတယ်လို့ ခံစားရဆဲပါ။
ကျွန်မတို့အိမ်က ကြီးမားပြီး နေရာတိုင်းမှာ နေရောင်ခြည်တွေ ဖြာကျနေတတ်တယ်။ ကျွန်မရဲ့ အဝတ်အစားဗီရိုထဲမှာလည်း လှပတဲ့ ဂါဝန်လေးတွေနဲ့ အဝတ်အထည်တွေ အပြည့်ရှိခဲ့တာ။ အဲ့ဒီကမ္ဘာက တကယ်ကို သာယာလှပပါတယ်။ ကျွန်မ ခရီးသွားချင်ရင် မိဘတွေက အချိန်မရွေး လိုက်ပို့ပေးကြတယ်။ မြစ်ထဲမှာ လှေလှော်တာဖြစ်ဖြစ်၊ ပင်လယ်ထဲမှာ လှိုင်းစီးတာဖြစ်ဖြစ် ကျွန်မသွားချင်တဲ့နေရာတိုင်းမှာ ကစားနိုင်ခဲ့ပါတယ်။
ဖေဖေနဲ့ မေမေက ကျွန်မကို ကမ္ဘာ့သမိုင်းကြောင်းတွေ သင်ပေးတယ်၊ စာအုပ်တွေ အတူတူဖတ်ပေးတယ်၊ ကျွန်မ စိတ်ဝင်စားသမျှ အရာအားလုံးနဲ့ မိတ်ဆက်ပေးခဲ့ကြတယ်။
ကျွန်မမှာ ထိတွေ့မှု အာရုံခံလွန်ကဲတဲ့ ရောဂါ တစ်မျိုး ရှိနေပေမဲ့ပေါ့။ မိဘတွေကလွဲလို့ တခြားဘယ်သူနဲ့မဆို ထိမိလိုက်ရင် ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမဆို ဓာတ်မတည့်သလိုမျိုး နီရဲလာပြီး နေလို့မကောင်း ဖြစ်တတ်တာပါ။ ဒါပေမဲ့လည်း ဖေဖေနဲ့ မေမေရဲ့ စောင့်ရှောက်မှုအောက်မှာ ကျွန်မ အရမ်းကို ပျော်ရွှင်စွာ နေထိုင်ခဲ့ရပါတယ်။
ဒီကမ္ဘာကို မရောက်ခင်အထိ ဘဝဆိုတာ ခါးသီးတယ်လို့ လူတွေဘာကြောင့် ပြောကြသလဲဆိုတာ ကျွန်မ တစ်ခါမှ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ပုံမှန်အတိုင်း ဖြတ်သန်းခဲ့တဲ့ ၁၈ နှစ်ပြည့် မွေးနေ့မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
ဖယောင်းတိုင်တွေ မီးမှုတ်ပြီး ဆုတောင်းနေတုန်းမှာပဲ ကျွန်မ ရုတ်တရက် အိပ်ပျော်သွားခဲ့တယ်။ ပြန်နိုးလာတဲ့အခါမှာတော့ ဘယ်လိုဖြစ်တယ်မသိဘဲ ဒီကမ္ဘာကို ရောက်နေပြီး ငွေရောင်ဝံပုလွေပေါက်လေး တစ်ကောင် ဖြစ်နေပါတော့တယ်။
ဖန်လုံအိမ်ထဲမှာ ကြီးပြင်းလာခဲ့တဲ့ ကျွန်မအတွက် မိဘတွေရဲ့ အကာအကွယ်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရတာဟာ အရမ်းကို ထိတ်လန့်စရာ ကောင်းလှပါတယ်။ အဆုံးမဲ့တဲ့ ကြောက်ရွံ့မှုတွေပေါ့။ ကျွန်မရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးကို ဂူငယ်လေးတစ်ခုရဲ့ အမှောင်ရိပ်ထဲမှာ လိပ်ခွေထားရင်း တုန်ရီနေမိခဲ့တယ်။
ဗိုက်ဆာလိုက်တာ။ တကယ်ကို ဗိုက်ဆာတယ်။
အဲ့ဒီအချိန်က ခံစားခဲ့ရသလိုမျိုး တစ်ခါမှ ဗိုက်မဆာဖူးဘူး။ ဒါပေမဲ့ ကျွန်မက အမဲမလိုက်တတ်သလို၊ အပြင်ထွက်ဖို့လည်း မရဲခဲ့ပါဘူး။ ကျွန်မဖတ်ခဲ့ဖူးတဲ့ တိရစ္ဆာန်တွေရဲ့ သဘာဝတရား နိယာမစာအုပ်တွေထဲမှာ သဘာဝတရားဟာ ရက်စက်တယ်လို့ ရေးထားတာကိုး။ ကိုယ့်မျက်စိထဲက သားကောင်ဟာ ပိုကြီးတဲ့ သားရဲတစ်ကောင်အတွက် အစာမျှားတဲ့ အစာလည်း ဖြစ်နေနိုင်ပါတယ်။
အဲ့ဒီတော့ ကိုယ့်ထက် အဆပေါင်းများစွာ သေးငယ်တဲ့ ယုန်ကလေးလို အားနည်းတဲ့ သတ္တဝါလေးတွေကို မြင်ရင်တောင် ကျွန်မ အပြင်မထွက်ရဲခဲ့ဘူး။ ဘယ်သတ္တဝါမှ မမြင်အောင် ကိုယ့်ကိုယ်ကိုယ် သေးနိုင်သမျှ သေးအောင်ပဲ ကျုံ့နေမိခဲ့တယ်။
ကျွန်မ ကြောက်နေခဲ့တာပါ။ ဗိုက်ကလည်း ပိုပိုဆာလာသလို မြင်ကွင်းတွေကလည်း ဝေဝါးလာပြီး အိပ်ငိုက်လာခဲ့တယ်။ ဗိုက်ဆာလွန်းလို့ သတိလစ်သလို အိပ်ပျော်သွားခဲ့တာပါ။
ပြန်နိုးလာတဲ့အခါမှာတော့ ဆူညံနေတဲ့ စကားပြောသံတွေကြောင့် နိုးလာခဲ့ရပါတယ်။
"ရှောင်ဆန်း။ ဒီကိုလာကြည့်ဦး။ ဒီမှာ ဝံပုလွေတစ်ကောင် ရှိတယ်။ ဘာအမျိုးအစားလဲတော့ မသိဘူး၊ ဒါပေမဲ့ အမွေးတွေကတော့ တကယ်ကို လှတယ်။ အများကြီး တန်ဖိုးရှိမှာ သေချာတယ်.."
မုတ်ဆိတ်ဗလပွနဲ့ ဦးလေးကြီးတစ်ယောက်က ကျွန်မရဲ့ ဘေးမှာ ရပ်နေရင်း အပြင်ဘက်ကို လှမ်းအော်နေပါတယ်။
ဝံပုလွေ ခန္ဓာကိုယ်နဲ့ ရှိနေပေမဲ့ လူစကားကို ဘာလို့ နားလည်နေသလဲဆိုတာ ကျွန်မမသိပေမဲ့ အခုတော့ ကျွန်မဟာ အမဲလိုက်ခံရတဲ့ သားကောင် ဖြစ်နေပြီဆိုတာ သိလိုက်တယ်။
တစ်ကိုယ်လုံး တုန်တက်သွားပြီး သေမတတ် ကြောက်သွားခဲ့တာပေါ့။ ဒါပေမဲ့ ဒီမုတ်ဆိတ်နဲ့ ဦးလေးကြီးက ဂူရဲ့ တစ်ခုတည်းသော ထွက်ပေါက်ကို ပိတ်ရပ်ထားတာ။ အပြင်ထွက်ဖို့ဆိုရင် သူ့ကို ဖြတ်သွားမှ ရမှာ။ ကျွန်မ ကြောက်နေခဲ့တယ်။ အဲ့ဒါကြောင့် သေချင်ယောင်ဆောင်ပြီး သူ့ကို လှည့်စားဖို့ ငြိမ်ငြိမ်လေး ဝပ်နေလိုက်ပါတယ်။
ဒါပေမဲ့ ဒီနည်းလမ်းက အလုပ်မဖြစ်ခဲ့ဘူး။ ရှောင်ဆန်းဆိုတဲ့ လူငယ်က လမ်းလျှောက်လာပြီး ကျွန်မကို တစ်ချက်ကြည့်ရုံနဲ့တင် ဆုံးဖြတ်လိုက်ပါတယ်။
"အမွေးတွေကတော့ တကယ်ကို ထိပ်တန်းပဲ။ ဒါပေမဲ့ ဒီဝံပုလွေက တော်တော်ဉာဏ်ကောင်းပုံရတယ်၊ အဆင့်မရှိသေးခင်မှာတင် ဉာဏ်ရည်ရှိနေပြီး သေချင်ယောင်ဆောင်ရမှန်းတောင် သိနေတယ်.."
"အရင်ဆုံး သူ့ကို ခေါ်သွားကြတာပေါ့။ ခဏလောက် ယဉ်ပါးအောင် လုပ်ကြည့်ပြီး မွေးမယ့်သူ ရှိမရှိ ကြည့်ရမယ်.."
"ဘယ်သူမှ မမွေးချင်ဘူးဆိုရင်တော့ အမွေးခွာပြီး အသားပဲ စားလိုက်ကြတာပေါ့.."
"ကောင်းပြီလေ.."
မုတ်ဆိတ်နဲ့ ဦးလေးကြီးက ကန့်ကွက်ခြင်း မရှိပါဘူး။ ဒါပေမဲ့ သူ ကျွန်မကို ချက်ချင်း လာမဖမ်းသေးဘဲ ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ ဖုန်းအမျိုးအစားတစ်ခုနဲ့ ဖုန်းဆက်နေပါတယ်။
"လီဇီ... ငါ့ပစ္စည်းတွေ မြန်မြန်ယူခဲ့။ ဒီတစ်ခါတော့ အကောင်းစား မိထားတယ်။ ကိရိယာတွေ သုံးမှဖြစ်မယ်၊ မဟုတ်ရင် အမွေးတွေ ပျက်ကုန်လိမ့်မယ်"
သူတို့ပြောနေတာတွေကို နားထောင်ရင်း ကျွန်မ ပိုပိုပြီး ကြောက်လာခဲ့တယ်။ ဒီလူတွေလက်ထဲ မိသွားရင် ဘယ်တော့မှ ပြန်လွတ်လာမှာ မဟုတ်တော့ဘူးဆိုတာ ကျွန်မ သိနေတယ်။ အမွေးခွာခံရပြီး အရိုးထုတ်ခံရမှာ သေချာတယ်။ အရင်ဘဝတုန်းက အမဲလိုက်ကွင်းတွေ အများကြီး သွားဖူးပေမဲ့ အဖမ်းခံရတဲ့ သားရဲတွေ လွတ်သွားတာမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး။
ကျွန်မမှာ အတွေ့အကြုံ မရှိဘူး၊ သားရဲစွမ်းရည်တွေလည်း မသိဘူး၊ လူတွေရဲ့ မြို့ထဲရောက်သွားရင်လည်း ဘယ်လိုထွက်ပြေးရမလဲဆိုတာ သိမှာမဟုတ်ဘူး။ ကြုံတွေ့ရတော့မယ့် သနားစရာ အခြေအနေကို တွေးမိရင်း ရင်ထဲမှာ အေးစိမ့်သွားခဲ့ပါတယ်။
မဖြစ်ဘူး။ သူတို့ အဖမ်းမခံနိုင်ဘူး။ ကျွန်မ ထွက်ပြေးမှ ဖြစ်မယ်။
အသက်ရှင်ချင်တဲ့ စိတ်ဆန္ဒက ကြောက်စိတ်ကို ခေတ္တလွှမ်းမိုးသွားပြီး ဗိုက်ဆာတာတွေလည်း ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။ အဲ့ဒါတွေကို စဉ်းစားနေဖို့ အချိန်မရှိတော့ဘူး။ ခန္ဓာကိုယ်ကို အသာလေး ထောက်မလိုက်ရင်း ကျွန်မကို ကျောခိုင်းပြီး ဖုန်းပြောနေတဲ့ မုတ်ဆိတ်နဲ့ ဦးလေးကြီးကို ကြည့်ကာ တွန့်ဆုတ်နေမိတယ်။
ဒီဦးလေးကြီးတစ်ယောက်တည်း စောင့်နေတုန်းက ထွက်ပြေးဖို့ အကောင်းဆုံးအချိန်ဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့... ကျွန်မ တကယ် လုပ်နိုင်ပါ့မလား။
"ကဲ... စကားတွေ အများကြီး ပြောမနေနဲ့တော့၊ မြန်မြန်ယူခဲ့။ ငါ ဖုန်းချလိုက်ပြီ.."
မုတ်ဆိတ်နဲ့ ဦးလေးကြီးက ဖုန်းချလိုက်တာကို ကျွန်မ မြင်လိုက်ရတယ်။ ဘာကြောင့်လဲတော့ မသိဘူး၊ အဲ့ဒီအချိန်မှာ ကျွန်မ အရမ်းကြောက်သွားတာကြောင့် စိတ်ထဲက တွန့်ဆုတ်မှုတွေ ချက်ချင်း ပျောက်ကွယ်သွားပြီး အပြင်ကို ဇွတ်အတင်း ပြေးထွက်လိုက်ပါတော့တယ်။
ကျွန်မရဲ့ အရှိန်က ဒီလောက်အထိ မြန်လိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။
ကျွန်မက ဂူရဲ့ အတွင်းပိုင်း မီတာ တစ်ရာလောက် အကွာမှာ ပုန်းနေတာ ဖြစ်ပေမဲ့ ဂူဝကို ရောက်ဖို့ သုံးစက္ကန့်ပဲ ကြာပါတယ်။ မဟုတ်ဘူး... အတိအကျပြောရရင် နှစ်စက္ကန့်ခွဲပဲ။ ဘာလို့ အဲ့ဒီလောက်အထိ သေချာနေသလဲ မသိပေမဲ့ ကျွန်မ သိနေခဲ့တယ်။
အရင်ဘဝက သိပ္ပံစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာကတော့ ဝံပုလွေကြီးတစ်ကောင်ရဲ့ အပြေးအရှိန်က တစ်စက္ကန့်ကို မီတာ သုံးဆယ်လောက် ရှိတယ်တဲ့။ ကျွန်မက အကောင်ပေါက်လေးပဲ ရှိသေးတာ၊ ခြေလေးဖက်နဲ့ ပြေးရတာတောင် သိပ်အသားမကျသေးဘဲ ဘာလို့ ဒီလောက် မြန်နေရတာလဲ။
အများကြီး စဉ်းစားဖို့ အချိန်မရခင်မှာပဲ မုတ်ဆိတ်နဲ့ ဦးလေးကြီးက ကျွန်မကို မြင်သွားပါတယ်။ သူကလည်း သာမန်လူ မဟုတ်ဘူးပဲ၊ သူ့ခြေထောက်တွေက လေထဲမှာ ပျံသန်းနေသလိုမျိုး လှုပ်ရှားနေပြီး သူ့အရှိန်က ကျွန်မထက် သိပ်မနှေးဘူး။ ဒါ့အပြင် လမ်းမှာ ကျွန်မကို လိုက်ဖမ်းတဲ့လူတွေ ပိုပိုပြီး များလာပါတယ်။
ကျွန်မရဲ့ အရှိန်က မြန်ပေမဲ့ ဒီတောအုပ်ကို မကျွမ်းကျင်တာရယ်၊ အပြေးပုံစံ မကျတာကြောင့် ခဏခဏ ခလုတ်တိုက်မိတာတွေကြောင့် နောက်ဆုံးမှာတော့ လမ်းပိတ်နေတဲ့ နေရာတစ်ခုမှာ ဝိုင်းထားခြင်း ခံလိုက်ရပါတယ်။
ကျွန်မ အနောက်ကို ဆုတ်ရင်း နီးကပ်လာတဲ့ လူအုပ်ကြီးကို ကြည့်နေမိတယ်။ ကြောက်စိတ်တွေက ဦးနှောက်ထဲ စီးဝင်လာပြီး ကျွန်မ မအောင့်နိုင်ဘဲ ငိုချလိုက်ပါတော့တယ်။
"ချီး။ လွတ်တော့မလို့ပဲ.."
မုတ်ဆိတ်နဲ့ ဦးလေးကြီးက မောမောနဲ့ တံတွေးထွေးရင်း ပြောပါတယ်။ သူ့မျက်နှာက အရမ်းကို ယုတ်မာတဲ့ပုံ ပေါ်နေတယ်။
"ဟားဟား။ ဒီဝံပုလွေပေါက်လေးက ငိုတောင်ငိုနေတာပဲ။ ချစ်စရာလေး။ အိမ်ပြန်ရောက်ရင် နံရိုးစွပ်ပြုတ် လုပ်သောက်လိုက်ရင် တကယ်ကို အရသာရှိမှာပဲ.."
ဓားကြီးကို ကိုင်ထားတဲ့ အမာရွတ်နဲ့ လူတစ်ယောက်က ရက်ရက်စက်စက် ကြည့်ရင်း ပြောလိုက်တယ်။
"ကဲ... တော်ပြီ။ အချိန်တွေ အများကြီး ဖြုန်းခဲ့ပြီးပြီ။ မြန်မြန်ဖမ်းလိုက်ကြစို့.."
ရှောင်ဆန်းက အော်ပြောလိုက်တဲ့အခါ လူတွေက ဝိုင်းလိုက်ကြပြီး ကျွန်မ လွတ်မထွက်နိုင်အောင် အသေအချာ ပိတ်ဆို့လိုက်ကြပါတယ်။
ကျွန်မထက် အများကြီး အရပ်ရှည်တဲ့ လူသားတွေကို ရင်ဆိုင်ရင်း ကျွန်မ မခုခံရဲဘဲ တရှုံ့ရှုံ့ ငိုနေမိရုံပဲ တတ်နိုင်ပါတယ်။ ကျွန်မ သေတော့မယ်လို့ ထင်ခဲ့တာ၊ တကယ်ကို ကြောက်ခဲ့တာပါ။ ကြောက်လွန်းလို့ ဘောင်းဘီထဲ ဆီးတောင် ထွက်ကျမလို့... အော်... နေဦး၊ ဝံပုလွေ ဖြစ်သွားတော့ ကျွန်မမှာ ဘောင်းဘီမှ မရှိတာ။
"အ" ကြမ်းတမ်းတဲ့ လက်ကြီးတစ်ဖက်က ကျွန်မရဲ့ လည်ပင်းကို လာညှစ်လိုက်တာကို ခံစားလိုက်ရပြီး စိတ်ထဲမှာ မခံချင်စိတ်နဲ့ နေလို့မကောင်းတဲ့ ခံစားချက်တွေ ချက်ချင်း ပေါ်လာပါတယ်။
တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ အရေပြားက ငွေရောင်ကနေ ပွင့်လင်းမြင်သာတဲ့ ပန်းရောင်ရင့်ရင့်ဘက်ကို ချက်ချင်း ပြောင်းလဲသွားပါတယ်။
ဘန်း..
ငွေရောင်လေပြင်းတွေ ထွက်ပေါ်လာပြီး အဲ့ဒီလူဟာ ချက်ချင်းပဲ အသားစတွေအဖြစ် ပေါက်ကွဲထွက်သွားပါတော့တယ်။ လူတိုင်း ဆွံ့အသွားကြတယ်။ ကျွန်မလည်း ဆွံ့အသွားမိပါတယ်။