← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

Chapter 179

~

အခန်း ၁၇၉ : ယနေ့ ခံစားခဲ့ရသော အရှက်တရားသည် နောင်တချိန်လက်စားချေရန်အတွက်...

~

ရုတ်တရက် ထွက်ပေါ်လာတဲ့ ငွေရောင်လေပြင်းရဲ့ အစွမ်းက ဘာကြီးလဲ။ လူတစ်ယောက်လုံးကို အသားစတွေဖြစ်အောင် အမှုန့်ကြိတ်ပစ်လိုက်နိုင်တယ်လား။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သွေးများနှင့် အသားစများကို ကြည့်ရင်း၊ ကျွန်မခြေထောက်အောက်မှာ စီးဆင်းနေသော သွေးကန်ကြီးကို မြင်နေရပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်မ မကြောက်တော့ဘဲ နည်းနည်းတောင် စိတ်လှုပ်ရှားမိလာတယ်။

ကျွန်မက... အတော်လေး သန်မာနေတာလား။

အစောပိုင်းက မုတ်ဆိတ်နှင့် ဦးလေးကြီးကို ချက်ချင်း သတ်ပစ်လိုက်တယ့် လေပြင်းမျိုးကို နောက်ထပ် အကြိမ်ပေါင်းများစွာ ဖန်တီးနိုင်တယ်လို့ ကျွန်မ ခံစားနေရတယ်။ တစ်ခုတည်းသော အားနည်းချက်က အရင်ဘဝ လူသားဘဝတုန်းက ပါလာခဲ့တဲ့ ထူးဆန်း ရောဂါကိုပါ ဆက်ခံထားရခြင်းပဲ။

ပြီးတော့ ဒီကမ္ဘာမှာရှိတဲ့ လူသားတွေက အရမ်းထူးဆန်းတာကို ကျွန်မ သတိပြုမိတယ်။ လူတိုင်းက အပြေးသမား ဟူစိန်ဘော့ထက်တောင် ပိုမြန်ကြသလို သူတို့ရဲ့ ခံနိုင်ရည်ကလည်း သာမန်မဟုတ်ဘူး။ သူတို့က သာမန်လူသားတွေနဲ့ လုံးဝမတူကြဘူး။

ကျွန်မ အစ္စဘယ်လ် တစ်ယောက်အဖြစ် ကူးပြောင်းလာတာလား။ ကျွန်မ အံ့ဩမိပေမဲ့ ရင်ထဲက ကြောက်စိတ်က နည်းနည်းတော့ လျော့လာပြီ။

"ဟုန်ဖူ သေပြီ.."

အဲ့အချိန်မှာ ကျွန်မကို ဝိုင်းထားတဲ့ လူအုပ်ကြီးက သတိပြန်ဝင်လာကြပြီး မျက်လုံး ပြူးပြီး မယုံနိုင်တဲ့ပုံနဲ့ အော်နေကြတယ် ။

"ဟင်း.."

သူတို့ကို မကြောက်တော့လို့ မြေပြင်ပေါ်ကနေ ထရပ်လိုက်ပြီး လေပြင်းအတွေကို ထပ်ပြီးထုတ်လွှတ်ပြိးတော့ သူတို့ကို သတ်ပစ်လိုက်တယ်။ လုပ်ရတာ မျှော်လင့်ထားတာထက်တောင် ပိုလွယ်နေသေးတယ် ။ တစ်မိနစ်တောင် မကြာလိုက်ဘူး အကုန်လုံး ကြေမွသွားကြတာပေါ့ ။

ပြန့်ကျဲနေသော အသားနဲ့ သွေးတွေကို ကြည့်ပြီး ကျွန်မ တံတွေးမြိုချမိလိုက်တယ်။ ဗိုက်ဆာနေတာကို ရုတ်တရက် သတိရသွားတယ်။ ဒါပေမဲ့ ရှေ့မှာ ရှိနေတာက လူသားအသားတွေလေ ။အရင်ဘဝက စားခဲ့တဲ့ တိရစ္ဆာန်အသားမှ မဟုတ်တာ။

ဒါပေမဲ့ ကျွန်မ အရမ်းဗိုက်ဆာနေတယ်၊ တကယ်ကို စားချင်နေမိတယ်။ အရမ်းအရသာရှိမယ့်ပုံပဲ။

ကျွန်မ တကယ်ပဲ... လူသားတွေကို စားတော့မှာလား။

မဖြစ်ဘူး။ မဖြစ်ဘူး။ ကျွန်မ လူသားမဟုတ်တော့ပေမဲ့ သူတို့က ကျွန်မရဲ့ အရင်မျိုးစိတ်တွေပဲလေ။

ဒါပေမဲ့... အရသာရှိလိုက်တာ။

အရင်ကမ္ဘာက စားခဲ့ဖူးတဲ့ ဘယ်လိုအကောင်းစား စားဖွယ်စုံတွေထက်မဆို အဆပေါင်းများစွာ ပိုပြီး အရသာရှိနေတယ်။ တကယ်ကို အရသာရှိလွန်းပါတယ်။

ပြီးတော့ ထူးခြားတာတစ်ခုက အသက်ရှင်နေတဲ့ လူတွေနဲ့ ထိမိရင်ပဲ ဓာတ်မတည့်တဲ့ ဝေဒနာ ခံစားရပြီး သေနေတဲ့သူတွေနဲ့ ထိရင်တော့ ဘာမှမဖြစ်တာပါပဲ။

ကျွန်မ ရှေ့က အစားအစာတွေကို အငမ်းမရ စားသောက်ပါတော့တယ်။

အသည်းကလည်း တော်တော်အရသာရှိတယ်၊ သွေးကလည်း ချိုမြိန်တယ်၊ ဒါပေမဲ့ နှလုံးသားကတော့ အကောင်းဆုံးပဲ။ ကိုက်လိုက်တိုင်း ကိုက်လိုက်တိုင်း ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ ပြည့်ဝလာသလို ခံစားရတယ်။ ခါးနာတာတွေ၊ ခြေထောက်နာတာတွေ မရှိတော့ဘဲ ခွန်အားတွေ တိုးလာသလိုပဲ။

ဒီလူတွေရဲ့ အသားနဲ့ သွေးတွေကို စားပြီးတဲ့နောက် ကျွန်မရဲ့ ခန္ဓာကိုယ် အရွယ်အစားကလည်း အများကြီး ကြီးထွားလာတာကို သတိထားမိလိုက်တယ်။ အရင်က ခန္ဓာကိုယ်အရှည်က စင်တီမီတာ ငါးဆယ်လောက်ပဲ ရှိတာ၊ အခုတော့ တစ်မီတာထက် ကျော်သွားပါပြီ။

ငွေရောင်လေပြင်းကို ထပ်မံထုတ်ဖော်ကြည့်တဲ့အခါမှာလည်း ပိုကြီး၊ ပိုထူ၊ ပိုမြန်ပြီး ပိုသန်မာလာတာကို တွေ့ရတယ်။ ကျွန်မ နားလည်သွားပါပြီ။ အစာစားလေလေ၊ ကျွန်မ ပိုသန်မာလာလေလေ ဖြစ်မှာပဲ။

နောက်ပိုင်းမှာတော့ သာမန်သားရဲတွေကို စားတာထက် လူသားတွေ၊ အထူးသဖြင့် လူသားကျွမ်းကျင်သူတွေကို စားတာက ပိုပြီး ထိရောက်တယ်ဆိုတာ သိလာရတယ်။ ဒါ့အပြင် ကျွန်မရဲ့ မျိုးရိုးနဲ့ သွေးမျိုးဆက်အဆင့်က အတော်လေး မြင့်မားပုံရပါတယ်။ ကျွန်မထက် အဆင့်နိမ့်တဲ့ သားရဲတွေ ဒါမှမဟုတ် အဆင့်တူ သားရဲတွေက ကျွန်မကို အရမ်းကြောက်ကြတာပဲ။

ကျွန်မ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူတို့က အသာတကြည် အညံ့ခံကြပြီး ကျွန်မရဲ့ ထာဝရ ကျွန်တွေ ဖြစ်လာကြတယ်။ ဘာကြောင့်လဲတော့ မသိပေမဲ့ ဒီခံစားချက်က အတော်လေး ကောင်းပါတယ်။

သုံးနှစ်ဆိုတဲ့ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ကျွန်မရဲ့ ကျင့်စဉ်မှာ အတားအဆီးတစ်ခုကို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကျွန်မ လူသားကုန်သည်အဖွဲ့တစ်ခုကို တိုက်ခိုက်ပြီး လူသားအလောင်း အများကြီး ရခဲ့တယ်။ အဲ့ဒါတွေကို စားပြီးတဲ့နောက်မှာတော့ အတားအဆီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ကျွန်မရဲ့ ခွန်အားက တစ်ဟုန်ထိုး တိုးတက်သွားပြန်တယ်။

နောင်မှ သိလိုက်ရတာကတော့ အဲ့ဒါဟာ သားရဲမျိုးနွယ်တွေ အိမ်မက်မက်ကြတဲ့ သိုင်းဘုရင် အဆင့်တဲ့ ။

ဒီအချိန်အတွင်းမှာ ကျွန်မမှာ မူလကတည်းက ရှိခဲ့တဲ့ ငွေရောင်မုန်တိုင်းအပြင် နတ်ဘုရားစွမ်းရည် သုံးခုကိုလည်း နိုးကြားစေခဲ့ပါတယ်။

ပထမတစ်ခုကတော့ ခန္ဓာကိုယ်အရွယ်အစားကို စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ စွမ်းရည်ပါ။ ပုရွက်ဆိတ်တစ်ကောင်လောက်အထိ သေးငယ်သွားနိုင်သလို ပေပေါင်းသောင်းချီအထိလည်း ကြီးမားသွားနိုင်ပါတယ်။

ဒုတိယတစ်ခုကတော့ အန္တရာယ်အာရုံခံစားမှု ပါ။ ကျွန်မရဲ့ အာရုံခံနိုင်စွမ်းအတွင်းမှာ ရှိနေတဲ့ သက်ရှိတိုင်းရဲ့ အန္တရာယ်အဆင့်ကို သိရှိနိုင်ပြီး တစ်ဖက်လူရဲ့ ခွန်အားကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။

တတိယတစ်ခုကတော့ ကြယ်တာရာမျက်ဝန်းပါ။ ကျွန်မ မြင်ရတဲ့ ဘယ်သတ္တဝါပေါ်မှာမဆို အမှတ်အသားတစ်ခု ပြုလုပ်ထားနိုင်ပြီး သူတို့ရဲ့ တည်နေရာနဲ့ အခြေအနေကို သိရှိနိုင်သလို သူတို့ရဲ့ မြင်ကွင်းကိုပါ ဖောက်ထွင်းမြင်နိုင်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ကျွန်မရဲ့ ခွန်အားအပေါ်မှာ အတိုင်းအထက်အလွန် ယုံကြည်မှု ရှိလာခဲ့တယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျွန်မရဲ့ စိတ်ဓာတ်ကလည်း အတော်လေး ရင့်ကျက်လာခဲ့ပြီ။ အစောပိုင်းက ငိုတတ်တဲ့ မိန်းကလေးငယ်လေး မဟုတ်တော့ပါဘူး။

ဒီတစ်ကြိမ်မှာတော့ မြို့တစ်မြို့ကို သိမ်းပိုက်ဖို့ ကျွန်မ စီစဉ်လိုက်တယ်။ လူသားအလောင်း သန်းချီရှိမယ်ဆိုရင် ကျွန်မ အဆင့်ရှစ်ကို တက်လှမ်းဖို့ လုံလောက်လိမ့်မယ်။ သားရဲကောင်ရေ သန်းချီပါတဲ့ စစ်တပ်ကို ကြိုတင်ပုန်းအောင်းခိုင်းထားပြီး လူသားတွေ လာစစ်ဆေးတဲ့အခါ သားရဲအနည်းငယ်ပဲ ရှိတယ်လို့ ထင်အောင် လှည့်စားထားခဲ့တယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ မြို့ထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး သိုင်းဘုရင်အဆင့် လူသားကျွမ်းကျင်သူတွေ ရောက်လာခဲ့ပေမဲ့ သူတို့အားလုံးအပေါ်မှာ ကျွန်မက အမှတ်အသားတွေ ပြုလုပ်ထားခဲ့ပါတယ်။ သိုင်းဘုရင်အဆင့် သုံးယောက် သေဆုံးသွားပြီး တစ်ယောက်က အခြေအနေ အရမ်းဆိုးရွားနေတာကို သိလိုက်ရတဲ့အချိန်မှာ ကျွန်မ သားရဲလှိုင်းကို စတင်စေလွှတ်လိုက်ပါတယ်။

အစပိုင်းမှာတော့ အရာအားလုံးက ချောမွေ့နေခဲ့ပါတယ်။ အနက်ရောင် အလင်းတန်းတစ်ခု စစ်မြေပြင်ထဲကို ဝင်ရောက်လာပြီး ကျွန်မရဲ့ အဆင့်ရှစ် အိပ်မက်ကို လုံးဝ ချေဖျက်ပစ်လိုက်တဲ့ အချိန်အထိပေါ့။

မှတ်ဉာဏ်တွေက ထိုနေရာမှာပင် ရပ်တန့်သွားသည်။

ဂူချန်သည် သူ၏ လက်ဖဝါးအတွင်းရှိ သေမင်း၏ ပုံရိပ်ယောင်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး စိတ်ထဲတွင် အနည်းငယ် အံ့ဩမိသွားမိ၏။ ဤငွေရောင်ဝံပုလွေဘုရင်မှာလည်း ကူးပြောင်းလာသူ တစ်ဦး ဖြစ်နေသည်လော။ လူသားမှ သားရဲအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

သာမန်အခြေအနေအရဆိုလျှင် ကျန်းမြို့မှာ သူမ၏ လက်ထဲသို့ ရောက်ရှိသွားမည်မှာ သေချာသည်။ သူမ၏ ထူးဆန်းသော ကြယ်တာရာမျက်ဝန်း စွမ်းရည်ဖြင့် ကျန်းမြို့ရှိ သိုင်းပညာရှင် အားလုံး၏ သတင်းအချက်အလက်ကို ရရှိထားသဖြင့် တိုက်ခိုက်မည့် အချိန်အခါကို ကောင်းစွာ ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ မမျှော်လင့်ထားခဲ့သည်မှာ ဂူချန်သည် ထိုအမှတ်အသား၏ သက်ရောက်မှုကို မခံရခြင်းပင် ဖြစ်သည်။ စိတ်ဝိညာဥ်အကာအကွယ် စွမ်းရည်က နောက်တစ်ကြိမ် အစွမ်းပြခဲ့ခြင်းပင် ။

'သူ့ရဲ့ ပါရမီကို ခိုးယူလို့မရတာ နှမြောစရာပဲ..'

ရှေ့တွင် သတိလစ်နေဆဲဖြစ်သော ပန်းရောင်ဝံပုလွေကြီးကို ကြည့်ကာ ဂူချန် သက်ပြင်းချလိုက်သည်။ ဤဝံပုလွေဘုရင်၏ ကြယ်တာရာမျက်ဝန်းပါရမီမှာ အသုံးဝင်လွန်းလှသဖြင့် သူပင်လျှင် လိုချင်မိသည်။ ကံမကောင်းသည်မှာ သားရဲမျိုးနွယ်၏ ပါရမီများမှာ သူတို့၏ သွေးမျိုးဆက်မှ လာခြင်းဖြစ်ပြီး လူသားတို့၏ သိုင်းပညာပါရမီများနှင့် အဆင့်အတန်း ကွဲပြားသောကြောင့် သူရဲကောင်းအပိုင်းအစများအဖြစ် ပြောင်းလဲ၍ မရခြင်းပင် ဖြစ်သည်။

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် အန်ဂျလာအား ဓာတ်မတည့်မှု ကုသပေးခြင်းဖြင့် သူမ၏ ရောဂါပိုးများကို ပြင်းထန်စွာ တိုက်ဖျက်ပေးနေပါသည်။ စေတနာတန်ဖိုး + ၁၀၀ ရရှိသည်။]

ထိုအချိန်တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်။

"သြော်..."

ဂူချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ အန်ဂျလာအပေါ် တင်ထားသော သူ၏ လက်ကြီးကို ပိုမိုဖိနှိပ်လိုက်ပြီး နောက်ထပ် လက်တစ်ဖက်ကိုပါ တင်လိုက်ပြန်သည်။

အန်ဂျလာ၏ ခန္ဓာကိုယ်ပေါ်ရှိ ပန်းရောင်မှာ ပို၍ တောက်ပလာပြီး သတိလစ်နေသော်လည်း နေရခက်စွာဖြင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလိုလို ကုတ်ခြစ်နေမိသည်။

ခဏအကြာတွင်...

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် အန်ဂျလာအား ဓာတ်မတည့်မှု ကုသပေးခြင်းဖြင့် သူမ၏ ရောဂါပိုးများကို ပြင်းထန်စွာ တိုက်ဖျက်ပေးနေပါသည်။ စေတနာတန်ဖိုး + ၁၅၀ ရရှိသည်။]

"အိုး...."

ဂူချန် စိတ်ဝင်စားသွားပြီး ဝံပုလွေကြီး၏ ဦးခေါင်းပေါ်သို့ ခုန်တက်ကာ ထိုင်ချလိုက်သည်။

အန်ဂျလာ၏ အမွေးများနှင့် ခန္ဓာကိုယ်မှာ တောက်ပသော အနီရောင်သို့ ပြောင်းလဲသွားပြီး သူမ ရုတ်တရက် နိုးလာကာ အလွန်အမင်း နေရခက်နေသည်ကို ခံစားလိုက်ရ၏။ အကြောင်းရင်းမှာ သူမ၏ ဦးခေါင်းပေါ်ရှိ လူကြောင့်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ၏ မွေးရာပါ အလိုလိုသိစိတ်အရ လက်သည်းဖြင့် ရိုက်ထုတ်ရန် ပြင်လိုက်သည်။

သို့သော် သူမ မလှုပ်ရှားရသေးခင်မှာပင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"တစ်ချက်လေးပဲ လှုပ်ရဲရင် လှုပ်ကြည့်လိုက်၊ မင်း သေသွားစေရမယ်.."

အန်ဂျလာ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး အမွေးများ ထောင်ထလာသည်။ ခြေဖဝါးမှသည် ခေါင်းအထိ အေးစိမ့်သွားပြီး ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

"အူး... အူး..."

သေခြင်းတရားကို ကြောက်ရွံ့မှုက သူမ၏ ခန္ဓာကိုယ် မွေးရာပါ အလိုလိုသိစိတ်ကို လုံးဝ ဖိနှိပ်ထားသဖြင့် အနည်းငယ်မျှပင် မခုခံရဲတော့ဘဲ တိုးညှင်းစွာသာ ညည်းတွားနေမိတော့သည်။ သူမ၏ ပုံစံမှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှသဖြင့် သူမကိုယ်တိုင်ပင် ရှက်နေမိ၏။

နောင်တစ်ချိန်တွင် သူမ သန်မာလာသည့်အခါ ယနေ့ ခံစားရသော အရှက်တရားကို အသေအချာ လက်စားချေမည်ဟု စိတ်ထဲမှ ကြိမ်းဝါးနေမိသည်။ ထိုအချိန်ကျလျှင် တစ်ဖက်လူကိုလည်း ဤကဲ့သို့သော အရှက်တရားမျိုး ပြန်လည် ပေးစွမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် အန်ဂျလာအား ဓာတ်မတည့်မှု ကုသပေးခြင်းဖြင့် သူမ၏ ရောဂါပိုးများကို ပြင်းထန်စွာ တိုက်ဖျက်ပေးနေပါသည်။ စေတနာတန်ဖိုး + ၂၀၀ ရရှိသည်။]

"အင်း... ဒီဓာတ်မတည့်တဲ့ အခြေအနေ မပျောက်မချင်း ငါ ရမှတ်တွေ ဆက်ယူလို့ ရနေတာပဲ.."

ဂူချန် ခေါင်းငြိမ့်လိုက်ပြီး အန်ဂျလာ၏ ဦးခေါင်းကို အသာအယာ ပုတ်ကာ အေးဆေးစွာ အမိန့်ပေးလိုက်သည် ။

"နည်းနည်းလောက် သေးလိုက်စမ်း.."

သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်ကို အသုံးချနိုင်သလို စေတနာရမှတ်တွေလည်း ဆက်တိုက် ရနိုင်မည့်အပြင် ခရီးသွားရာတွင်လည်း အသုံးဝင်ပေသည်။ သားရဲဘုရင်တစ်ကောင်၏ အပြေးအရှိန်မှာ ဤကမ္ဘာရှိ မည်သည့် ယာဉ်ထက်မဆို ပိုမို မြန်ဆန်ပေသည်။

' သူ့ကို ခဏလောက် အသုံးချဖို့ သိမ်းထားတာက မဆိုးပါဘူး။ ရမှတ်တွေ ထပ်ယူလို့ မရတော့တဲ့ အခါကျမှ သတ်ပစ်လိုက်လည်း မနောက်ကျသေးဘူး။ သူက အနောက်ကနေ ဓားနဲ့ ထိုးမှာ ဒါမှမဟုတ် နောက်ပိုင်းမှာ ကိုယ့်ထက် သာသွားမှာကို စိုးရိမ်နေစရာမလိုဘူး..'

"ဟီးဟီး..."

ဂူချန် စိတ်ထဲမှ ပြုံးလိုက်သည်။ သူ၏ လက်အောက်တွင် တစ်ကြိမ် ရှုံးနိမ့်ဖူးသော ပြိုင်ဘက်များကို သူက ရန်သူအစစ်အမှန်အဖြစ် တစ်ခါမှ မသတ်မှတ်ခဲ့ဖူးပေ။

ဤစကားကို ကြားသောအခါ အန်ဂျလာ၏ မျက်ဝန်းထဲတွင် တွန့်ဆုတ်မှုများ ပေါ်လာသည်။

'ငါ့ရဲ့ အရင်ဘဝက ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်၊ ဒီဘဝမှာလည်း သားရဲမျိုးနွယ်ရဲ့ ဘုရင်မတစ်ပါးလေ၊ အခုတော့ နင့်ရဲ့ စီးတော်ယာဉ် လုပ်ပေးရမှာလား။ နင်.. ငါ့ကို နောက်နေတာလား..'

'ငါ အန်ဂျလာ သေရရင် သေပါစေ၊ ဒါကိုတော့ လုံးဝ...'

"သုံး.."

လူငယ်က အေးဆေးစွာ စတင် ရေတွက်လိုက်သည်။

အန်ဂျလာ ချက်ချင်း တုန်တက်သွားပြီး ဒုတိယမြောက် ဂဏန်းကို မရေတွက်ရသေးခင်မှာပင် သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြောင်းလဲလိုက်တော့သည်။ နောက်ဆုံးတွင် သည်းမခံနိုင်လောက်အောင် ယားယံနေသော ဝေဒနာကို အောင့်အည်းရင်း အရှက်တကွဲဖြင့် သူမ၏ လည်ပင်းကို လူငယ်၏ လက်ဖဝါးနှင့် ပွတ်တိုက်လိုက်ရသည်။

'ချီးပဲ.. ဒီနေ့ ခံစားရတဲ့ အရှက်တရားကို နောင်ကျရင် ငါ အသေအချာ...'

ဘန်း...

ပြင်းထန်သော ရိုက်ချက်တစ်ခု သူမ၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။ ထိတ်လန့်သွားသော အန်ဂျလာသည် စိတ်ထဲမှ အတွေးများကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး ခြေလေးဖက်ကို အစွမ်းကုန် အသုံးပြုကာ ကျန်းမြို့ဆီသို့ ဦးတည်ပြေးလွှားပါတော့သည်။

Chapter 180

~

အခန်း ၁၈၀ : လင်းယဲ့... မတွေ့တာ ကြာပြီနော်

~

ထိုအချိန်တွင် ကျန်းမြို့အတွင်း၌..

လင်းယဲ့ သည် ကျန်းမြို့သို့ ရောက်ရှိလာချိန်တွင် ပျက်စီးယိုယွင်းနေသော မြို့တံတိုင်းများနှင့် မြို့၏ လေးပုံတစ်ပုံခန့် ပျောက်ကွယ်သွားသည့် အပျက်အစီးများကိုသာ တွေ့လိုက်ရသည်။ ထို့အပြင် မိုင်ပေါင်း ရာနှင့်ချီသော ပတ်ဝန်းကျင် မြေပြင်မှာလည်း နိမ့်ဆင်းနေ၏။

"ဒါက..."

သူ၏ မျက်ဝန်းများ တုန်လှုပ်သွားပြီး အမူအရာမှာလည်း လေးနက်သွားသည်။ သူ၏ စိတ်အာရုံကို ထိုနေရာသို့ လျင်မြန်စွာ ဖြန့်ကြက်ကြည့်လိုက်သော်လည်း မည်သည့် သက်ရှိကိုမျှ မတွေ့ရတော့ပေ။ ကျန်ရစ်ခဲ့သည်မှာ သွေးအိုင်များဖြစ်အောင် ချေမှုန်းခံထားရသော ဇီဝအကြွင်းအကျန် အပုံလိုက်သာ ရှိတော့သည်။

ထူးဆန်းသည်မှာ လေထုထဲတွင် သွေးညှီနံ့များနှင့် မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသော်လည်း မည်သည့် ခန္ဓာကိုယ်အစိတ်အပိုင်း အကောင်းအတိုင်းကိုမျှ မတွေ့ရခြင်းပင် ဖြစ်သည်။

သူ လာရာလမ်းတွင် ကျန်းမြို့မှာ သားရဲလှိုင်း၏ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း သတင်းရရှိခဲ့သည်။ တိုက်ပွဲမှာ အလွန်လျင်မြန်ပြီး ပြင်းထန်လွန်းလှသည်။ ထို့အပြင် မြို့ရှိ သိုင်းဘုရင် လေးဦးအနက် သုံးဦးမှာ ပျောက်ကွယ်နေပြီး ကျန်တစ်ဦးမှာလည်း စိတ်ဓာတ်ပြိုလဲနေသည့် အခြေအနေဖြစ်ရာ ခုခံရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူသည် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့လျှင်ပင် တောင်ပိုင်းမဟာမိတ်ဌာနချုပ်မှနေ၍ ဤနေရာသို့ မိနစ်ပိုင်းအတွင်း ရောက်ရှိလာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လင်းယဲ့၏ ခန့်မှန်းချက်အရ ကျန်းမြို့မှာ မိုင်ပေါင်းရာချီ၍ အလောင်းများ ပြန့်ကျဲနေသော စစ်မြေပြင်တစ်ခု ဖြစ်နေပေလိမ့်မည်။

သူသည် ကျန်းမြို့သားများကို ကယ်တင်ရန်ပင် မစဉ်းစားဘဲ ဂူချန် ကို ရှာဖွေ၍ ခေါ်ထုတ်သွားရန်သာ ဆန္ဒရှိခဲ့သည်။ အထက်မှ ရရှိထားသော သတင်းအချက်အလက်များအရ သားရဲဘုရင် ဦးဆောင်သော သားရဲကောင်ရေ သန်းချီရှိသည့် စစ်တပ်ကို သူပင်လျှင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူ ရောက်ရှိလာသည့်အခါ မြို့ထဲတွင် ထိတ်လန့်နေသော လူအုပ်ကြီးကိုသာ တွေ့ရပြီး ထူးဆန်းသော သားရဲများကိုမူ အနည်းငယ်မျှသာ တွေ့ရတော့သည်။

ဝုန်း....

ရုတ်တရက် ဝေးကွာသော နေရာမှနေ၍ ပန်းရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ အလွန်လျင်မြန်လှပြီး သားရဲလှိုင်းကြောင့် ပျက်စီးနေသော တောအုပ်ကို ဖြတ်ကျော်ကာ ပျက်စီးနေသော မြို့တံတိုင်းအပြင်ဘက်သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာသည်။

"သားရဲဘုရင်ရဲ့ အရှိန်အဝါပဲ.."

လင်းယဲ့သည် ရန်သူနှင့် ရင်ဆိုင်ရတော့မည့်အလား ချက်ချင်း သတိကြီးစွာ ထားလိုက်ပြီး ကောင်းကင်နှင့် မြေပြင်စွမ်းအားများကို ခန္ဓာကိုယ်အတွင်းသို့ စုစည်းလိုက်သည်။ သားရဲဘုရင်များသည် အဆင့်နိမ့်သားရဲများနှင့် မတူပေ။ သူတို့သည် သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်များကို နိုးကြားစေခဲ့သော အစွမ်းထက်သည့် ဖြစ်တည်မှုများဖြစ်ကာ သူတို့၏ မွေးရာပါ ခန္ဓာကိုယ်ကန့်သတ်ချက်မှာ လူသားများထက် အများကြီး သာလွန်သည်။

သိုင်းဘုရင်အဆင့်အောက်တွင် လူသားများ၏ အဆင့်အတန်းမှာ သားရဲများထက် အနည်းငယ် သာသော်လည်း သိုင်းဘုရင်အဆင့်သို့ ရောက်ရှိသွားပါက သားရဲများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ တိုးတက်လာပြီး ဉာဏ်ရည်မှာလည်း လူသားများထက် မနိမ့်ကျပေ။ ထို့ကြောင့် အဆင့်တူ တိုက်ပွဲများတွင် သားရဲတစ်ကောင်မှာ ပြိုင်ဘက် သုံးယောက်ကို တစ်ပြိုင်နက် ရင်ဆိုင်နိုင်လေ့ ရှိသည်။

ထို့ကြောင့် သားရဲဘုရင်၏ ထူးခြားသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ လင်းယဲ့သည် ဆုတ်ခွာရန် စိတ်ကူးပေါ်လာသည်။ သူ နိုင်မည်လား၊ ရှုံးမည်လား ဆိုသည်ကို ဘေးဖယ်ထားလျှင်ပင် သူ၏ အဓိက ရည်မှန်းချက်မှာ ဂူချန်ကို ခေါ်သွားရန်သာ ဖြစ်သည်။ ဂူချန်၏ ခွန်အားမှာ ဗာဂျရာအဆင့် သာ ရှိသေးသဖြင့် ဤမျှကြီးမားသော သားရဲလှိုင်းရှေ့တွင် အလွန်အားနည်းလွန်းနေသေး၏။

ဂူချန်ထံတွင် ဂူမိသားစု၏ ရတနာများနှင့် သူကိုယ်တိုင် ပေးထားသော ပစ္စည်းများ ရှိနေသော်လည်း သားရဲလှိုင်းအတွင်းသို့ ကျရောက်သွားပါက သေဆုံးရန်သာ ရှိပေလိမ့်သည်။

'နေဦး..'

လင်းယဲ့၏ ဆုတ်ခွာမည့် လှုပ်ရှားမှုမှာ ရပ်တန့်သွားပြီး သားရဲဘုရင်၏ ပုံရိပ်ကို ကြည့်ကာ သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ မြင်ကွင်းအတွင်း၌ ထိုပြေးလွှားနေသော သားရဲဘုရင်၏ အပေါ်တွင် လူတစ်ယောက် ရှိနေသကဲ့သို့ ခံစားရသည်။

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'

အဆင့်နိမ့်သားရဲများကို ယဉ်ပါးအောင် လုပ်သည်မှာ ဖြစ်နိုင်သော်လည်း သားရဲဘုရင် တစ်ကောင်က လူသားတစ်ယောက်၏ အမိန့်ပေးခြင်းကို ခံယူရန် မည်သို့ လိုလားပါမည်နည်း။ တောင်ဘက်ကောင်းကင်တံခါး တက္ကသိုလ် တွင် မွေးမြူထားသော သွေးမျိုးဆက်အစစ်အမှန် နဂါးပင်လျှင် အချိန်တိုင်းတွင် သူ၏ ချိပ်ပိတ်မှုများကို ချိုးဖျက်၍ ထွက်ပြေးရန်သာ ကြိုးစားနေလေသည်။

အဆင့် ၈ အရှင်သခင်အဆင့် ကျင့်ကြံသူတစ်ဦးက သွားရောက် ဖိနှိပ်ပြီး သေဘေးဖြင့် ခြိမ်းခြောက်လျှင်ပင် ထိုသားရဲမှာ လုံးဝ အညံ့ခံမည် မဟုတ်ပေ။ ဒါက ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ သို့သော် ယခုအခါ ထိုမဖြစ်နိုင်သော အရာမှာ သူ၏ မျက်စိရှေ့တွင် ပေါ်လာသဖြင့် သူ၏ ဦးနှောက်မှာ ရပ်တန့်သွားရသည်။

သူ အသေအချာ ကြည့်လိုက်သည့်အခါ သားရဲဘုရင်၏ ကျောပေါ်ရှိ ပုံရိပ်မှာ အတော်လေး ရင်းနှီးနေသကဲ့သို့ ခံစားရသည်။ လင်းယဲ့၏ အကြည့်မှာ စူးရှသွားပြီး တစ်ဖက်လူ၏ မျက်နှာကို အသေအချာ မြင်နိုင်ရန် သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ထိုသူက ရုတ်တရက် မော့ကြည့်လာသည်ကို တွေ့လိုက်ရသည်။

မိုင်ပေါင်းများစွာ ဝေးကွာသော အကွာအဝေးမှနေ၍ ထိုသူက သူ့ကို ပြန်လည် ကြည့်နေခြင်း ဖြစ်သည်။

"ချီး... သူ ငါ့ကို တွေ့သွားပြီ"

လင်းယဲ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူသည် လေကို နင်းကာ အရပ်မျက်နှာတစ်ခုသို့ လျင်မြန်စွာ ထွက်ပြေးတော့သည်။ သားရဲဘုရင်တစ်ကောင်ကို ထိန်းချုပ်နိုင်သည်ဆိုလျှင် ထိုသခင်၏ ခွန်အားမှာလည်း အံ့မခန်း ဖြစ်ပေလိမ့်မည်။ နှစ်ဦးပေါင်းလိုက်ပါက သူသည် လုံးဝ ပြိုက်ဘက် မဟုတ်ပေ။

လင်းယဲ့၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြေးထွက်သွားသော်လည်း နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင်ရှိ စွမ်းအင်များနှင့် လေထုမှာ ထူးဆန်းလာသည်ကို ခံစားလိုက်ရသည်။ ကျယ်ပြောလှသော စွမ်းအင်များမှာ ဆူပွက်လာသကဲ့သို့ ဖြစ်လာပြီး လေထုမှာလည်း ဖော်ပြမရနိုင်သော စွမ်းအားတစ်ခုဖြင့် ဖိသိပ်ခြင်း ခံလိုက်ရကာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ဝုန်း...

နောက်တစ်ခဏတွင် ပြင်းထန်လှသော ဖိအားတစ်ခုမှာ သူ၏ ကျောပြင်ပေါ်သို့ ရိုက်ချလိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ အတင်းအကျပ် ဖိနှိပ်လိုက်တော့သည်။

'ဒါက ဘယ်လို နည်းစနစ်မျိုးလဲ။ သောပြီ..ဒါမျိုးမှန်း သိရင် စပ်စုမိမှာ မဟုတ်ဘူး..'

လင်းယဲ့ ထိတ်လန့်သွားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ပျက်ကျနေသော လေယာဉ်တစ်စင်းကဲ့သို့ မြေပြင်ပေါ်သို့ ထိန်းချုပ်မရဘဲ ကျဆင်းသွားပြီး ပြင်းထန်သော တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသည်။ လေပြင်းများ တိုက်ခတ်လာပြီး ဖုန်မှုန့်များမှာ ရေလှိုင်းများအလား ပတ်ဝန်းကျင်ကို ဝါးမြိုသွားသည်။

ထူးဆန်းသည်မှာ ထိုမျှကြီးမားသော စွမ်းအားအောက်တွင် မြေပြင်မှာ အနည်းငယ်မျှ ထိခိုက်ခြင်း မရှိပေ။ အက်ကြောင်းလေး တစ်ခုပင် မတွေ့ရပေ။ ခဏတာ လေထဲတွင် ရှိနေပြီးနောက် လင်းယဲ့သည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်လိုက်ပြီး မိမိကိုယ်ကိုယ် ချက်ချင်း စစ်ဆေးလိုက်သည်။

"ဘာဖြစ်တာလဲ.. ဘာလို့ ဒဏ်ရာ တစ်ခုမှ မရှိရတာလဲ.."

လင်းယဲ့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြည့်ရင်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ အစောပိုင်းက တိုက်ခိုက်မှုကြောင့် သူ၏ ကိုယ်တွင်းစွမ်းအားများမှာ ထိန်းချုပ်မရဘဲ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ တောင်ကြီးတစ်လုံးက ဖိနှိပ်ထားသကဲ့သို့ ခံစားခဲ့ရသော ထိုစွမ်းအားကြောင့် သူသည် ပြင်းထန်စွာ ဒဏ်ရာရသင့်သည်။ အခုတော့ မည်သည့်အတွက်ကြောင့် ဘာမှ မဖြစ်ရသည်နည်း။

'ဘာတွေ ဖြစ်နေတာလဲ။ ငါ့ကို နိုင်မှာ သေချာနေလို့ ကစားနေတာလား..'

သိုင်းဘုရင် ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လင်းယဲ့ ထိတ်လန့်မိသွားသည်။ သူ၏ အသက်မှာ မိမိလက်ထဲတွင် မရှိတော့ဟု ခံစားရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ဘန်း...

မီးခိုးတိမ်တိုက်များကို ဖောက်ထွင်းဝင်ရောက်လာသော အသံတစ်ခု ထွက်ပေါ်လာသည်။ လင်းယဲ့သည် အန္တရာယ်ကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

ရှူး... ရှူး...

ပြင်းထန်သော လေတိုက်ခတ်မှုနှင့်အတူ မုန်တိုင်းလှိုင်းများ ထွက်ပေါ်လာသည်။ အရပ်ရှည်သော ပန်းရောင်ဝံပုလွေဘုရင်တစ်ကောင်မှာ ထိုမုန်တိုင်းထဲမှနေ၍ ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာသည်။ ဝံပုလွေဘုရင်မှာ ခေါင်းကို မော့ကာ ရင်ကို ဟန်ကော့ ထားပြီး ဓားသွားကဲ့သို့ ထက်မြက်သော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေကာ အေးစိမ့်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ဝံပုလွေဘုရင်၏ ကျောပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ရှိနေသည်။ သူသည် မာန်ပါသော အကြည့်များဖြင့် လူငယ်တစ်ဦးကဲ့သို့ ဖြစ်ကာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ထူးဆန်းသော ခရမ်းရောင် မျက်ဝန်းများမှာ ထိတ်လန့်စရာကောင်းသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။

သူ့အောက်ရှိ ကြောက်မက်ဖွယ် အရှိန်အဝါရှိသော ဝံပုလွေဘုရင်နှင့်အတူ လေပြင်းများကြားမှ ထွက်ပေါ်လာပြီး လင်းယဲ့၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ လေပြင်းများမှာ ပြင်းထန်သော်လည်း ထိုလူငယ်ထံမှ ထွက်ပေါ်နေသော လောကတစ်ခုလုံးကို တုန်ဟီးစေမည့် ဂုဏ်သရေကိုမူ မဖုံးကွယ်နိုင်ပေ။

လင်းယဲ့၏ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး အမူအရာမှာလည်း အလွန်ပင် ရှုပ်ထွေးနေသည်။ သူ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း နှုတ်ခမ်းများ တုန်ယင်နေရုံမှအပ ဘာစကားမျှ ထွက်မလာပေ။

လူငယ်က ပြုံးလိုက်ပြီး ..

"လင်းယဲ့၊ မတွေ့တာကြာပြီနော်.."

All Chapters