← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 18 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 18 Ch. 181-182

Chapter 181

~

အခန်း ၁၈၁ : ၁၅ မိနစ်ဆိုတာ အရမ်းကြာလွန်းတယ်..

~

ထို သားရဲဘုရင်၏ ဖိအားမှာ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှပြီး လူတစ်ကိုယ်လုံးကို တောင်ကြီးတစ်လုံးက ဖိနှိပ်ထားသကဲ့သို့ ခံစားရစေသည်။ သို့သော် ထိုကြီးမားလှသော အရှိန်အဝါသည်ပင် လူငယ်၏ သဘာဝအလျောက် ထွက်ပေါ်နေသော ခန့်ညားထည်ဝါမှုရှေ့တွင် မှေးမှိန်အားနည်းသွားလေသည်။

ဂူချန် သည် တည်ငြိမ်စွာဖြင့် ချီစွမ်းအားများ ဝန်းရံလျက် ရှိသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ ကောင်းကင်နှင့်ကမ္ဘာမြေ၏ အစင်ကြယ်ဆုံး စွမ်းအားများကို အသုံးချနေသကဲ့သို့ ဖြစ်ကာ လောကထဲသို့ ဆင်းသက်လာသော နေမင်းကြီးတစ်စင်းနှင့် တူလှသည်။ သူ မုန်တိုင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် လွင့်စင်နေသော ဖုန်မှုန့်များနှင့် လေလှိုင်းများမှာ သူ့အလိုလို ဘေးသို့ ကွဲထွက်သွားပြီး ကျယ်ပြန့်သော လမ်းတစ်ခု ဖြစ်ပေါ်လာသည်။

လောကရှိ အရာအားလုံးမှာ သူ၏ အလိုအတိုင်း ဖြစ်နေသကဲ့သို့ပင်။

လင်းယဲ့ သည် အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သော်လည်း မျက်နှာမှာ ဖြူလျော်သွားပြီး ခြေထောက်များမှာလည်း မခိုင်ချင်တော့ဘဲ ဒူးထောက်အညံ့ခံလိုသော စိတ်များ အလိုလို ပေါ်ပေါက်လာရသည်။ မိမိထက် အဆပေါင်းများစွာ သာလွန်သော ဤဘုရင်တစ်ပါး၏ ဖိအားမှာ လင်းယဲ့၏ ဝိညာဉ်ကို တုန်ခါသွားစေပြီး အတွေးစများပင် ရပ်တန့်လုနီးပါး ဖြစ်သွားစေသည်။

'ဒါ... ဂူချန်မှ ဟုတ်ရဲ့လား..'

ရင်းနှီးပြီးသား မျက်နှာ၊ ရင်းနှီးပြီးသား အသံ၊ ရင်းနှီးပြီးသား မာန်ပါပါ ထွက်ပေါ်လာမှုမျိုး ဖြစ်သော်လည်း ပေးစွမ်းသော ခံစားချက်မှာမူ အလွန်ပင် စိမ်းသက်နေသည်။ ပြင်းထန်သော မုန်တိုင်းများမှာ သူတို့ပတ်ဝန်းကျင်တွင် ဝေ့ဝဲနေသော်လည်း လင်းယဲ့၏ ဦးနှောက်မှာ ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ မှတ်ဉာဏ်ထဲရှိ ဂူချန်နှင့် လက်ရှိမြင်တွေ့နေရသော ဂူချန်တို့ကြားက ကြီးမားသော ခြားနားချက်ကြောင့် အရာအားလုံးမှာ အိမ်မက်တစ်ခုကဲ့သို့ပင် ခံစားနေမိသည်။

ဤတစ်ခေါက် ဂူချန်ကို လာခေါ်သည့်အခါ သူသည် ဂူချန်ကို နိဗ္ဗာန အဆင့် သို့ ရောက်ရှိနေလောက်ပြီဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သာမန်လူများအဖို့ နယ်ပယ်တစ်ခုကို ကျော်ဖြတ်ရန် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်နှင့်ချီ၍ ပြင်ဆင်ရလေ့ ရှိသော်လည်း၊ ဂူချန်သည် SSS အဆင့် ပါရမီရှင်တစ်ဦး ဖြစ်သဖြင့် ထိုမျှ မြန်ဆန်သော အရှိန်နှုန်းမှာ ဖြစ်နိုင်သည်ဟု သူ ယုံကြည်ခဲ့သည်။

ဒါပေမဲ့...

လင်းယဲ့ တစ်ခါမှ မတွေးဝံ့ခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်အတွင်းမှာပင် ဂူချန်သည် ဗာဂျရာအဆင့်မှနေ၍ ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်လောက်သည့် သိုင်းဘုရင် အဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ထို့အပြင် သားရဲဘုရင် တစ်ကောင်ကိုပင် ယဉ်ပါးအောင် လုပ်ထားနိုင်သေးသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ ဖုံးကွယ်ထားခြင်း မရှိ၍ သိုင်းဘုရင် အဆင့် ၄ သို့ ရောက်ရှိနေကို မြင်နေရသည်။ သို့သော် သူ၏ အရှိန်အဝါကို ကြည့်ရသည်မှာ ဤဝါရင့် သိုင်းဘုရင်ဖြစ်သော လင်းယဲ့ထက်ပင် များစွာကျော်လွန်နေချေသည် ။

လင်းယဲ့သည် တောက်ပနေသော လူငယ်၏ ပုံရိပ်ကို အသေအချာ စိုက်ကြည့်နေမိသည်။ လက်ဖဝါးများတွင် ချွေးများ စိုလာပြီး ခြေထောက်များမှာလည်း တုန်ရီနေသည်။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုက တိုးတိုးလေး ကပ်ပြောနေပေ၏ ။ အကယ်၍ ထိုလူငယ်ကသာ တိုက်ခိုက်မည်ဆိုပါက သူ၏ ခေါင်းမှာ တစ်ခဏချင်းအတွင်း ခန္ဓာကိုယ်မှ ပြတ်ထွက်သွားပေလိမ့်မည်။

'ဒါ တကယ်ပဲ အိမ်မက် မဟုတ်ဘူးလား။ လူတစ်ယောက်ရဲ့ ကျင့်စဉ်တိုးတက်မှု အရှိန်က ဒီလောက်အထိ မြန်နိုင်ပါ့မလား..'

သမိုင်းတစ်လျှောက် ပါရမီရှင်များစွာ ပေါ်ထွန်းခဲ့သော်လည်း ဤမျှအထိ ကောင်းကင်ကို ဆန့်ကျင်သော အရှိန်မျိုးနှင့် မည်သူမျှ ရှိမနေခဲ့ပေ။ လင်ယဲ့သည် မျက်နှာဖြူလျော်လျက် ကြောင်တောင်တောင် ရပ်နေမိပြီး သူ၏ ရင်ထဲတွင်မူ မုန်တိုင်းများ ထန်နေတော့သည်။

"လင်းယဲ့လေး..."

ဂူချန်၏ ခေါ်ဝေါ်သံကို ကြားလိုက်ရသောအခါ လင်းယဲ့သည် ခါးသီးစွာ ပြုံးလိုက်မိသော်လည်း မည်သို့မျှ မတုံ့ပြန်နိုင်ပေ။ ယခုအခါ သူတို့၏ အဆင့်အတန်းမှာ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလော။

သူ ဂူချန်ကို ကြာကြာ သင်ကြားပေးနိုင်မည် မဟုတ်ဘဲ နောင်တွင် အဆင့်ရှစ် ကျင့်ကြံသူတစ်ဦးက လမ်းညွှန်ပေးရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ ယခုမူ သူ မသင်ကြားရသေးမီမှာပင် သူ၏ တပည့်ဖြစ်သူက သူ့ကို ကျော်တက်သွားပုံရသည်။ သူတို့မှာ ဆရာတပည့် ရေစက်မပါခဲ့ဟုသာ ဆိုရပေလိမ့်မည်။

အမှန်တရားမှာ မျက်စိရှေ့တွင် ရှိနေသော်လည်း လင်းယဲ့သည် တုန်ရီနေသော လေသံဖြင့် မေးလိုက်မိသည် ။

"ဂူ... ဂူချန်၊ မင်း... မင်း သိုင်းဘုရင်အဆင့်ကို တက်သွားပြီလား.."

သူ စကားပြောနေစဉ်မှာပင် ဖိအားများမှာ ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားလိုက်ရပြီး ခြေထောက်များမှာ ကွေးညွတ်သွားကာ ခန္ဓာကိုယ်မှာလည်း အဆင်မပြေသော မြင်းစီးဟန် ပုံစံမျိုး ဖြစ်သွားသည်။ ထိုစကားလုံးများကို ပြောထွက်ရန် သူ မည်မျှ ကြိုးစားခဲ့ရသနည်း ဆိုသည်မှာ ခန့်မှန်းရပင် ခက်လှ၏။

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် အန်ဂျလာအား ဓာတ်မတည့်မှု ကုသပေးခြင်းဖြင့် သူမ၏ ရောဂါပိုးများကို ပြင်းထန်စွာ တိုက်ဖျက်ပေးနေပါသည်။ စေတနာတန်ဖိုး + ၁၃၀ ရရှိသည်။]

"ကံကောင်းသွားလို့ပါ.."

ဂူချန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သူသည်လည်း ဓာတ်မတည့်မှုကြောင့် အနေရခက်ကာ ပုံစံပျက်နေသော အန်ဂျလာကို စီးနင်းထားခြင်း ဖြစ်သည်။

"..."

လင်းယဲ့ ဆွံ့အသွား၏။ လဝက်အတွင်းမှာပင် အဓိက နယ်ပယ်ကြီး သုံးခုကို ကျော်ဖြတ်ပြီး မဟာမိတ်အဖွဲ့၏ ထိပ်တန်း အင်အားစု ဖြစ်လာခြင်းက ကံကောင်း၍ ဟူသည်လော။ သူ တစ်လုံးမှ မယုံပေ။ သို့သော် ယုံခြင်း၊ မယုံခြင်းမှာ သူ၏ အပိုင်းဖြစ်ပြီး ပြောခြင်း၊ မပြောခြင်းမှာ ဂူချန်၏ အပိုင်းသာ ဖြစ်သည်။

ဂူချန်သည် သူ၏ လက်ကို အသာအယာ မြှောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များနှင့် မုန်တိုင်းများမှာ ဘာမှမဖြစ်ခဲ့သလို ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ လောက၏ စွမ်းအားများကို သူ၏ လက်ဖဝါးအတွင်းတွင် ကစားနေသကဲ့သို့ ဖြစ်နေသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ထိန်းချုပ်နိုင်စွမ်းကြောင့် လင်းယဲ့မှာ နောက်တစ်ကြိမ် အံ့ဩမိရပြန်သည်။

'အိုပြီ.. ငါ တကယ်ကို အိုသွားပြီ..'

လင်းယဲ့ သက်ပြင်းချလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည် ။

"ဂူချန်၊ အခု မင်းက သိုင်းဘုရင်အဆင့်ကို ရောက်နေပြီဆိုတော့ နဂါးသွေးကန်ကို သွားဖို့ လိုသေးရဲ့လား.."

ဂူချန်သည် ယခုအခါ အသက် ၁၈ နှစ် ရှိပြီ ဖြစ်သည်။ သူ၏ အရိုးတည်ဆောက်ပုံမှာ ရင့်ကျက်ခါစ ဖြစ်သဖြင့် နဂါးသွေးကန်မှာ သူ၏ ခန္ဓာကိုယ်အတွက် သိသိသာသာ အကျိုးရှိပေလိမ့်မည်။ သို့သော် ထိုအရာမှာ အဆင့်၃ နှင့် အဆင့်၄ သိုင်းပညာရှင်များအတွက်သာ ရည်ရွယ်ခြင်း ဖြစ်ပြီး ဂူချန်ကဲ့သို့ သိုင်းဘုရင်အဆင့်အတွက် မဟုတ်ပေ။ နဂါးသွေးမှာ အသုံးဝင်သေးသော်လည်း ရရှိမည့် အကျိုးသက်ရောက်မှုမှာ အလွန်ပင် အကန့်အသတ် ရှိပေလိမ့်မည်။ မဟုတ်လျှင် ထိုနဂါးသွေးကန်မှာ ကျောင်းသားများအတွက် ဖြစ်မလာဘဲ သိုင်းဘုရင်များနှင့် အဆင့်မြင့်ကျင့်ကြံသူများက အစောကြီးကတည်းက ခွဲဝေယူသွားကြမည် ဖြစ်သည်။

"နဂါးသွေးကန်ကို သွားတာကတော့ သွားချင်မှ သွားမှာပါ၊ ဒါပေမဲ့ ငါ လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဖို့ လိုနေသေးတယ်၊ အဲ့ဒါကြောင့် တောင်ပိုင်းမြို့တော် ကိုတော့ သွားရမှာပဲ.."

ဂူချန်သည် အန်ဂျလာ၏ ချောမွတ်သော အမွေးများကို ပွတ်သပ်ရင်း ပြောလိုက်သည် ။

"ဥက္ကဋ္ဌမှာ ငါနဲ့ ပြောစရာ ကိစ္စရှိတယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား။ နောက်ပြီး ငါ့အဖေကလည်း မဟာမိတ်အဖွဲ့ဆီ ပြန်လာတော့မှာဆိုတော့ သူ ပထမဆုံး ရောက်မယ့်နေရာက တောင်ပိုင်းမြို့တော်ပဲ။ အဲ့ဒါကြောင့် ငါ သူ့ကို သွားကြိုရမှာပေါ့.."

"နားလည်ပါပြီ.."

လင်းယဲ့ ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန်တွင် သူ့အပေါ် ဖိနှိပ်ထားသော အသက်ရှူကျပ်စရာ ဖိအားများမှာ တိတ်တဆိတ် ပျောက်ကွယ်သွားသဖြင့် သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာမှာလည်း သွေးရောင် ပြန်တက်လာသည်။

သို့သော် မထွက်ခွာမီ သူသည် တုန်ရီနေသော ပန်းရောင်ဝံပုလွေကြီးကို ကြည့်ကာ မမေးဘဲ မနေနိုင်တော့ပေ ။

"ဂူချန်၊ ဒီဝံပုလွေက..."

"ကျန်းမြို့ကို တိုက်ခိုက်ခဲ့တဲ့ သားရဲဒီရေရဲ့ ခေါင်းဆောင် သားရဲဘုရင်ပဲ.."

ဂူချန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ပြန်ပြောလိုက်သည် ။

"သူ့ကို ကြည့်ရတာ လှလို့ စီးလာတာ။ ဘာလဲ... မင်းမှာ ကန့်ကွက်စရာ ရှိလို့လား.."

လင်းယဲ့ လက်ကို အမြန်ယမ်းလိုက်ပြီး ...

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒီလို ပန်းရောင်ဝံပုလွေကြီးက နည်းနည်း ထူးဆန်းနေလို့ စပ်စုမိတာပါ.."

ထို့နောက် သူသည် ချက်ချင်းပင် လမ်းပြလိုက်သည် ။

"ကျန်းမြို့ရဲ့ တယ်လီပို့ အစီအရင်က လူအရမ်း များနေတယ်။ အနီးဆုံးမြို့ဖြစ်တဲ့ လီဟော်မြို့ ကို သွားပြီးမှ အဲ့ဒီက အစီအရင်ကို သုံးရမယ်။ တောင်ပိုင်းမြို့တော်ကို ရောက်ဖို့ဆိုရင် ခြောက်ကြိမ်လောက်တော့ ပြောင်းရလိမ့်မယ်.."

မဟာမိတ်နယ်မြေမှာ အလွန်ကျယ်ပြောပြီး မြို့တိုင်းတွင် တယ်လီပို့ အစီအရင်များ ရှိကြသည်။ သို့သော် နည်းပညာနှင့် ပစ္စည်းများ၏ ကန့်သတ်ချက်ကြောင့် သာမန်အစီအရင်များသည် မိုင်တစ်ထောင်ခန့်သာ ပို့ဆောင်နိုင်ပြီး မြို့ကြီးများရှိ အစီအရင်များကသာ မိုင်တစ်သောင်းကျော်ကို ပို့ဆောင်နိုင်သည်။ တောင်ပိုင်းမြို့တော်မှာ ကျန်းမြို့နှင့် အလွန်ဝေးကွာသဖြင့် အနည်းဆုံး ခြောက်ကြိမ်ခန့် ပြောင်းရမည် ဖြစ်သည်။ အခြားမြို့များသို့ သွားမည်ဆိုပါက လမ်းကြောင်းမှာ ပြောင်းလဲသွားပေလိမ့်မည်။

သူ လာစဉ်တုန်းက ကျန်းမြို့ရှိ အစီအရင်မှာ လူအရမ်းများနေသဖြင့် သူ တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးမပြုနိုင်ဘဲ လမ်းလျှောက်၍သာ လာခဲ့ရခြင်း ဖြစ်သည်။

ဂူချန်က ပြန်မဖြေဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်သည် ။

"တကယ်လို့ ကျန်းမြို့ကနေပဲ ထွက်မယ်ဆိုရင် အချိန် ဘယ်လောက် ပိုသက်သာမလဲ.."

လင်းယဲ့ ခဏလောက် စဉ်းစားပြီး သေသေချာချာ ပြန်ပြောလိုက်သည် ။

"တစ်မတ် (၁၅ မိနစ်) လောက်တော့ ပိုမြန်လိမ့်မယ်.."

ဤစကားကို ကြားလိုက်ရသောအခါ ဂူချန်သည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

သူသည် အန်ဂျလာ၏ ဦးခေါင်းကို ရိုက်လိုက်ပြီး ကျန်းမြို့ စောင့်ကြည့်ရေးကောင်စီ ရှိရာသို့ ဦးတည်ခိုင်းလိုက်ကာ လင်းယဲ့ကိုလည်း လိုက်ခဲ့ရန် အချက်ပြလိုက်သည်။

ဒါကို မြင်လိုက်ရသောအခါ လင်းယဲ့သည် လူငယ်၏ အတွေးကို နားလည်သွားပြီး ဖျောင်းဖျရန် အမြန်လိုက်သွားသည် ။

"ဂူချန်၊ ကျန်းမြို့ရဲ့ တယ်လီပို့အစီအရင်မှာမှာ လူပေါင်း သိန်းနဲ့ချီ စုပြုံနေကြတာ၊ အားလုံးကလည်း ထိတ်လန့်နေကြတာဆိုတော့ ငါတို့ အလွယ်တကူ ဝင်လို့ရမှာ မဟုတ်ဘူး..."

"ကိစ္စမရှိဘူး.."

ဂူချန်သည် လှည့်ပင်မကြည့်ဘဲ လက်ကာပြလိုက်ကာ ..

"တစ်မတ် (၁၅ မိနစ်) ဆိုတာကအရမ်းကြာလွန်းတယ်။ ငါ့အတွက် အချိန်တိုင်းက အရေးကြီးတော့ အချိန်ကုန် မခံနိုင်ဘူး.. "

Chapter 182

~

အခန်း ၁၈၂ : ဂူချန်က ဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့ လုံးဝ ထင်မထားဘူး

~

ကျန်းမြို့ ကြီးကြပ်ရေးကောင်စီ၊ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ( တယ်လီပို့.. ) ဧရိယာ။

မီတာ ရာနှင့်ချီ၍ အချင်းရှိသော ကြီးမားသည့် စက်ဝိုင်းပုံစံ တည်နေရာရွှေ့ပြောင်းခြင်း စင်မြင့်ကြီးတစ်ခု ရှိနေသည်။ ထိုအစီအရင်ကို ကြီးမားသော မီးတောင်ကျောက် များဖြင့် ခင်းကျင်းထားပြီး ကျောက်တုံးတစ်ခုစီမှာ မှန်တစ်ချပ်ကဲ့သို့ ချောမွတ်နေကာ အလင်းရောင်အောက်တွင် အေးစိမ့်ပြီး သန့်ရှင်းသော အရောင်အဝါကို ထုတ်လွှတ်နေလေ၏။

စနစ်၏ ပတ်လည်တွင် မီတာ ဆယ်ဂဏန်းခန့် မြင့်သော ကျောက်တိုင်ကြီးများ စိုက်ထူထားပြီး ၎င်းတို့ပေါ်တွင် နက်နဲသော ရှေးဟောင်းအက္ခရာများ ထွင်းထုထားရာ မည်သူမျှ မကျူးကျော်ဝံ့သော ခန့်ညားထည်ဝါမှုကို ပေးစွမ်းနေသည်။

သို့သော် ပုံမှန်အားဖြင့် ဝင်ရောက်ရန် ခက်ခဲလှသော ဤနေရာမှာ ယခုအခါတွင်မူ လူများဖြင့် ပြည့်နှက်နေပြီး နင်းမိ၍ ထိခိုက်မှုများပင် ဖြစ်ပွားနေသည်။ သားရဲလှိုင်း စတင်သည်မှာ မိနစ်ပိုင်းသာ ရှိသေးသော်လည်း ကြီးကြပ်ရေးကောင်စီ၏ တားဆီးမှုများကို ဖောက်ထွက်ကာ ရောက်ရှိလာကြသည့် လူအုပ်ကြီးကြောင့် ဤနေရာမှာ ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။

သူတို့ လာရာလမ်းတွင် မြို့စောင့်အကာအကွယ်အစီအရင်ကြီးမှာ နှစ်မိနစ်အတွင်း ပျက်စီးသွားသည်ကို မြင်ခဲ့ရပြီး သားရဲများ၏ ဟိန်းဟောက်သံများမှာလည်း မြို့တစ်ပြင်လုံး ပဲ့တင်ထပ်နေသည်။ မြို့တံတိုင်းကြီး မည်မျှကြာကြာ ခံနိုင်မည်ကို မည်သူမျှ မသိကြ။ တည်နေရာရွှေ့ပြောင်းခြင်း တစ်လှည့် နောက်ကျသွားသည်နှင့် သားရဲများ၏ အစာဖြစ်သွားနိုင်ပေသည် ။

သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် လူသားတို့၏ အတ္တများမှာ အထင်းသား ပေါ်လွင်လာတော့သည်။ သူတို့သည် တန်းစီခြင်း မရှိတော့ဘဲ အတင်းအကျပ် တိုးဝှေ့ဝင်ရောက်ကြရာ လူတစ်ထောင်သာ ဆံ့သော အစီအရင်အတွင်းသို့ လူတစ်သောင်းကျော် စုပြုံတိုးဝင်နေကြသည်။

ကြီးကြပ်ရေးကောင်စီ၏ မူလအစီအစဉ်မှာ ပါရမီရှင်များ၊ သူဌေးများနှင့် နောက်ခံအင်အား ရှိသူများကို အရင်ပို့ဆောင်ရန် ဖြစ်သည်။ သို့သော် အခြားသူများ၏ အမြင်တွင်မူ ၎င်းမှာ မတရားပေ။ သာမန်အချိန်များတွင် သူတို့ထက် ချမ်းသာသူ၊ သန်မာသူများကို ဦးညွှတ်ရသော်လည်း အသက်နှင့် ရင်းရမည့် အချိန်မျိုးတွင်မူ မည်သို့ သည်းခံနိုင်တော့မည်နည်း။

ဤအခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေသော ကြီးကြပ်ရေးကောင်စီမှ သိုင်းပညာရှင်များမှာလည်း မတတ်နိုင်တော့ပေ။ အစစ်အမှန် သန်မာသူများမှာ မြို့တံတိုင်းတွင် သားရဲများကို သွားရောက် ခုခံနေကြရပြီး ဤမျှ အရေးကြီးနေချိန်တွင် လူများကို လိုက်လံ ဖမ်းဆီးနေရန် အချိန်မရှိပေ။ ထို့ကြောင့် တာဝန်ခံ သိုင်းပညာရှင်များမှာ လူတစ်သောင်းကျော်ကို တစ်ပြိုင်နက် ပို့ဆောင်ရန် စနစ်ကို အတင်းအကျပ် အသက်သွင်းလိုက်ရတော့သည်။

သို့သော် လူတစ်ထောင် ကန့်သတ်ချက်မှာ ကြီးကြပ်ရေးကောင်စီက အကြိမ်ကြိမ် စမ်းသပ်ပြီးမှ ရရှိထားသော ရလဒ်ဖြစ်သည်။ ထိုထက်နည်း၍ ရသော်လည်း ပို၍မရပေ။ မဟုတ်ပါက ဟင်းလင်းပြင် မငြိမ်မသက်မှုများ ဖြစ်ပေါ်ပြီး ရောက်ရှိမည့်နေရာ လွဲချော်ခြင်း သို့မဟုတ် ဟင်းလင်းပြင် အက်ကြောင်းများအတွင်း ဆွဲသွင်းခံရကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဤအခြေအနေတွင် ရှင်မလား၊ သေမလား ဆိုသည်မှာ သူတို့၏ ရွေးချယ်မှုသာ ဖြစ်တော့သည်။

လူတစ်သောင်းကျော် ပို့ဆောင်ပြီးနောက်တွင် မီတာ ရာနှင့်ချီ ကျယ်သော စင်မြင့်ကြီးမှာ ပြန်လည် အားလပ်သွားသည်။ အစီအရင်၏ အစွန်းတွင် ညှပ်ပိတ်နေသူများမှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သို့သော် နောက်မှ လူများကမူ လဲကျသူများကို ဂရုမစိုက်ဘဲ အတင်းအကျပ် တိုးဝင်ကြရာ ရှေ့မှ လဲကျသူများကို နင်းဖြတ်၍ အစီအရင်အတွင်းသို့ တိုးဝင်ကြတော့သည်။

"အား... အားးးး"

"မတွန်းနဲ့လေ။ ဖယ်ကြစမ်း.."

"ယီးပဲ... ငါ အခုမှ တိုးဝင်နိုင်တာကို မင်းက ကြားဖြတ်တာလား.."

"ငါ့တင်ပါးကို ဘာနဲ့ လာထိုးနေတာလဲ။ နေရခက်လိုက်တာ.."

ဆူညံသံများက အော်ဟစ်သံများကို ဖုံးလွှမ်းနေပြီး မြေပြင်ပေါ် လဲကျသွားသူများမှာ တက်အနင်းခံရ၍ သေဆုံးသွားကြသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှာ လူအုပ်ကြီးဖြင့် ပြန်လည် ပြည့်နှက်သွားပြန်သည်။

ထိုအချိန်တွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အထက် ကောင်းကင်ယံသို့ ပုံရိပ်နှစ်ခု ရောက်ရှိလာသည်။

အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်ကာ လင်းယဲ့က လက်နှစ်ဖက်ကို ဖြန့်ပြရင်း မတတ်နိုင်သည့်ဟန်ဖြင့်...

"ဂူချန်၊ ဒီမှာ လူတွေ အရမ်းများလွန်းတယ်။ သူတို့တွေကလည်း သေမတတ် ကြောက်နေကြတာ။ သားရဲလှိုင်းကို ရှင်းလိုက်ပြီလို့ သတင်းပေးရင်တောင် သူတို့ ယုံကြမှာ မဟုတ်ဘူး.."

"သူတို့ကို ရှင်းပြပြီး စိတ်အေးအောင် လုပ်ဖို့ဆိုရင် ၁၅ မိနစ်မက ကြာသွားလိမ့်မယ်.."

သူ့အမြင်အရဆိုလျှင် သိုင်းဘုရင်အဆင့် ဖိအားကို အသုံးပြုလိုက်ပါက ဤလူများသည် သူတို့က အရင်ထွက်ပြေးရန် ကြိုးစားနေသည်ဟုသာ ထင်ကြပေလိမ့်မည်။

သို့သော် လင်းယဲ့က ဖျောင်းဖျနေစဉ်မှာပင် ဂူချန်က မထင်မှတ်ဘဲ ပြောလိုက်သည် ။

"သူတို့ကို ဘယ်သူက ရှင်းပြမယ်လို့ ပြောလို့လဲ.."

လင်းယဲ့ ဆွံ့အသွားသည်။ သူ ဘာကို ဆိုလိုသလဲဟု မေးရန် ပြင်လိုက်စဉ်မှာပင် ဂူချန်က သူ၏ ဘေးရှိ (ဘယ်အချိန်ကတည်းက ငွေရောင်အမွေးတွေ ပြန်ဖြစ်သွားမှန်း မသိသော) ဝံပုလွေဘုရင်ကို ပုတ်ကာ အေးစက်စွာ ပြုံးရင်း အမိန့်ပေးလိုက်သည် ။

"သွား... သူတို့ကို မောင်းထုတ်လိုက်စမ်း.."

အူးးးး

'ချီး... နင် ငါ့ကို တကယ်ပဲ ခွေးတစ်ကောင်လို ခိုင်းနေတာလား..'

အန်ဂျလာ၏ ရင်ထဲတွင် ဒေါသများ တောက်လောင်နေသော်လည်း ဂူချန်၏ စွမ်းအားကို ကြောက်ရသဖြင့် အရှေ့သို့ လှမ်းခုန်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အဆပေါင်းများစွာ ကြီးမားလာသည်။

နောက်တစ်ခဏတွင် သူမ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ရာ လူအမြောက်အမြားမှာ သူမ၏ အောက်တွင် ကြိတ်ခြေခံလိုက်ရသည်။ သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာပြီး ကြီးမားသော စနစ်စင်မြင့်ကြီးမှာ သွေးရောင် လွှမ်းသွားတော့သည်။ ဖုန်မှုန့်များ ထကာ ကျောက်စိုင် ကျောက်ခဲများ လွင့်စင်ကုန်သည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲဘုရင်၏ အရှိန်အဝါကြောင့် စောင့်ကြည့်ရေးကောင်စီအတွင်းရှိ လူသိန်းနှင့်ချီမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

ခဏတာ ငြိမ်သက်သွားပြီးနောက် တစ်ခဏချင်းမှာပင် ပရမ်းပတာ ဖြစ်သွားတော့သည်။ လူအုပ်ကြီးမှာ အစီအရင်အတွင်းသို့ တိုးဝင်နေရာမှ လမ်းကြောင်းပြောင်းကာ ကြီးကြပ်ရေးကောင်စီ အပြင်ဘက်သို့ အသက်လု ထွက်ပြေးကြတော့သည်။

အန်ဂျလာသည် သူမ၏ လက်သည်းဖြင့် ရိုက်ချလိုက်ရာ ငွေရောင်လေပြင်းများ ထွက်ပေါ်လာပြီး အစီအရင်ပေါ်တွင် ကျန်ရှိနေသူများ သို့မဟုတ် ဒဏ်ရာရနေသူများကို အမှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ တစ်ခဏချင်းမှာပင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှာ လူသူကင်းမဲ့သွားတော့သည်။

'ဟင်း... ငါက အဲ့ဒီလူယုတ်မာကို မနိုင်ပေမဲ့ နင်တို့ကိုတော့ နိုင်တာပေါ့..'

အန်ဂျလာက ဒေါသတကြီး တွေးတောရင်း နောက်ထပ် လက်သည်းဖြင့် အကြိမ်အနည်းငယ် ရိုက်လိုက်ရာ ကြီးကြပ်ရေးကောင်စီအတွင်း သွေးနှင့် အသားစများဖြင့် ပြည့်နှက်နေသော လမ်းကြောင်းကြီးများ ဖြစ်ပေါ်လာသည်။

ကောင်းကင်ယံရှိ လင်းယဲ့မှာမူ အံ့ဩလွန်းသဖြင့် ဆွံ့အနေချေသည်။ သူ သူတော်စင်တစ်ယောက် မဟုတ်သော်လည်း အပြစ်မဲ့သူများကို တမင်သက်သက် သတ်ဖြတ်မည့်သူ မဟုတ်ပေ။ ဒါပေမဲ့ ဂူချန်သည်တော့...

သူသည် ဘေးရှိ လူငယ်ကို လှည့်ကြည့်လိုက်ရာ လုံးဝ အေးစက်တည်ငြိမ်နေသော မျက်နှာကိုသာ တွေ့လိုက်ရသည်။ ဂူချန်က ဤကဲ့သို့ လူမျိုးဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးထားခဲ့မိပေ။

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် မိမိ၏ အိမ်မွေးတိရစ္ဆာန်နှင့် ကစားရန် အချိန်မရှိကြောင်း သိသဖြင့် ကစားဖော်များ ရှာပေးလိုက်ခြင်း ဖြစ်ပါသည်။ အလွန်ပင် စာနာထောက်ထားတတ်သောကြောင့် စေတနာတန်ဖိုး + ၁၀၀၀ ရရှိသည်။]

[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် ကြီးကြပ်ရေးကောင်စီ၏ တည်နေရာရွှေ့ပြောင်းခြင်း စနစ်တွင် စနစ်တကျ ဖြစ်အောင် ကူညီပေးခဲ့ပါသည်။ စေတနာတန်ဖိုး + ၁၅၀၀ ရရှိသည်။]

"ကောင်းပြီ.."

ဂူချန်သည် ဟင်းလင်းပြင်ကို နင်းကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ ဗဟိုသို့ တစ်ခဏချင်း ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးကို ရှေ့သို့ တွန်းထုတ်လိုက်ရာ လက်ဖဝါးအလယ်မှ ထူးဆန်းသော မျက်လုံးတစ်လုံး ပေါ်လာပြီး ပြင်းထန်သော စိတ်စွမ်းအားများဖြင့် အစီအရင်ကို ထိန်းချုပ်နေသော ကြီးကြပ်ရေးကောင်စီမှ သိုင်းပညာရှင်များကို ထိန်းချုပ်လိုက်သည်။

လင်းယဲ့သည်လည်း အစီအရင်ပေါ်သို့ ဆင်းသက်လာပြီး ဂူချန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေသည်။ သို့သော် ဂူချန်က ဂရုမစိုက်ဘဲ စောင့်ကြည့်ရေးကောင်စီ ဝန်ထမ်းများကို အစီအရင်အသက်သွင်းရန် ခိုင်းစေလိုက်သည်။

ဝှမ်း....

ဖြူဖွေးသော အလင်းတန်းတစ်ခုနှင့်အတူ လူနှစ်ဦးနှင့် သားရဲတစ်ကောင်တို့၏ ပုံရိပ်မှာ အစီအရင်ပေါ်မှနေ၍ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

All Chapters