← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 18 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 18 Ch. 183-184

Chapter 183

~

အခန်း ၁၈၃ : တောင်ပိုင်းမြို့တော်သို့ ရောက်ရှိခြင်းနှင့် မဟာနေမင်း၏ နတ်ဘုရားအလင်း

~

အခြားမြို့များသို့ ရောက်ရှိသောအခါ လင်းယဲ့၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံတံဆိပ်ပြားကြောင့် မည်သည့်အတားအဆီးမျှမရှိဘဲ ဖြတ်ကျော်နိုင်ခဲ့သည်။ မြို့အတော်များများ၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို အဆင့်ဆင့်ဖြတ်ကျော်ပြီးနောက် ဂူချန်နှင့် လင်းယဲ့တို့သည် နောက်ဆုံးတွင် တောင်ပိုင်းမဟာမိတ်အဖွဲ့၏ အကြီးဆုံးမြို့တော်ဖြစ်သော တောင်ပိုင်းမြို့တော်သို့ ရောက်ရှိလာကြသည်။

ညဉ့်အမှောင်ထုအောက်တွင်ပင် လမ်းမများပေါ်၌ ကားများမှာ ပုရွက်ဆိတ်အုံသဖွယ် ပြည့်နှက်နေပြီး လူစီးကြောင်းမှာလည်း ပြတ်တောက်သွားခြင်းမရှိပေ။ လမ်းဘေးဝဲယာရှိ မိုးထိနေသောတိုက်မြင့်ကြီးများမှာ တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိနေပြီး တိမ်တိုက်များကို ဖောက်ထွက်နေကြသည်။ အဆောက်အအုံတိုင်းမှာ ဆိုက်ဘာပန့်ခ် ဟန်ပန်များဖြင့် ထူးခြားနေပြီး မှန်စီရွှေချနံရံများမှာ ရောင်စုံမီးအလင်းရောင်အောက်တွင် တလက်လက်တောက်ပနေပေသည်။

ထို့ပြင် တောင်ပိုင်းမြို့တော်သို့ ဝင်လိုက်သည်နှင့် အထင်ရှားဆုံး မြင်တွေ့ရသည့် အဆောက်အအုံမှာ တောင်ဘက်ကောင်းကင်တံခါး တက္ကသိုလ်၏ ဂိတ်တံခါးကြီးပင် ဖြစ်သည်။ မဟာမိတ်အဖွဲ့၏ ထိပ်တန်းဗိသုကာပညာရှင် ဘိုင်ချန်ချန် က ရှားပါးရတနာဖြစ်သော ဖန်စီကျောက်စိမ်းများဖြင့် ဒီဇိုင်းဖော်၍ တည်ဆောက်ထား၏။ နံရံများကြားတွင် ရွှေရောင်အကြေးခွံများဖြင့် တောက်ပနေသော မုတ်ဆိတ်နီနဂါးကြီးများ ရစ်ပတ်ထားသည့် ဧရာမကျောက်တိုင်ကြီးများ ရှိနေသည်။

မြင့်မားသော ဂိတ်တံခါးကြီး၏ ဝဲယာတွင် ခန့်ညားထည်ဝါသော ကောင်းကင်ဖိနှိပ်စစ်သူကြီး ပုံတူရုပ်တု ဒါဇင်ဝက်ခန့်နှင့် ရွှေချပ်ဝတ်ဝတ် နတ်ဘုရားရုပ်တု ဆယ်ခုကျော်တို့မှာ လက်နက်များကိုယ်စီ ကိုင်ဆောင်လျက် သဘာဝအလျောက် ထွက်ပေါ်နေသော အရှိန်အဝါများဖြင့် ရပ်တည်နေကြသည်။

"တောင်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ နံပါတ်တစ် တောင်ဘက်ကောင်းကင်တံခါ တက္ကသိုလ်ဆိုတဲ့အတိုင်း တကယ်ကို ခမ်းနားတာပဲ.."

ဂူချန်၏ နတ်ဘုရားမျက်ဝန်းများတွင် ခရမ်းရောင်အလင်းတန်းများ မှိန်ဖျော့စွာ လက်ခနဲဖြစ်သွားပြီး စိတ်ထဲမှ ချီးကျူးမိသည်။ သူ၏ ခွန်အားမှာ အလွန်လျင်မြန်စွာ တိုးတက်နေသဖြင့် ကျောင်းမတက်ရသေးမီမှာပင် ကျောင်းဆင်းရန် အဆင်သင့်ဖြစ်နေခြင်းက နှမြောစရာပင်။ မဟုတ်လျှင် ထိုတက္ကသိုလ်အတွင်းရှိ ပါရမီရှင်များကို သူ တွေ့မြင်ချင်မိသည်။ ထိုသူများမှာ သူ့အတွက် သူရဲကောင်းအပိုင်းအစ အမြောက်အမြားကို ပေးစွမ်းနိုင်မည်မှာ သေချာလှပေသည်။

ထို့နောက် သူသည် လင်းယဲ့ဘက်သို့ အကြည့်လွှဲကာ အေးစက်စွာ မေးလိုက်သည်။

"တောင်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌက ဘယ်အချိန်မှ အားမှာလဲ.."

လက်ရှိတွင် သူ၏ စေတနာရမှတ် စုဆောင်းမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်မလင့်သေးပါက သူ နောက်ထပ် တစ်ကြိမ် ကြိုးစားအားထုတ်လိုသေးသည်။ လင်းယဲ့၏ မျက်နှာအမူအရာမှာ ယခုအခါ အနည်းငယ် ပို၍ပြေလျော့သွားပြီး ရှင်းပြလာသည်။

"မင်းနဲ့လာမတွေ့ခင်က ဥက္ကဋ္ဌက သူ့ရဲ့အချိန်ဇယားကို ငါ့ကိုပြောပြထားပြီးသားပါ။ သူ သဘက်ခါကျရင် အားပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါ မင်းကို အကြောင်းကြားပြီး မဟာမိတ်မြို့တော်ထဲကို ခေါ်သွားပေးမယ်.."

စကားပြောရင်းနှင့် လင်းယဲ့သည် တစ်ခုခုကို သတိရသွားကာ ဆက်ပြောသည်။

"ဒါနဲ့ မင်းအဖေက စစ်မြေပြင်မှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့လို့ မဟာမိတ်အဖွဲ့က မင်းတို့ ဂူမိသားစုကို တောင်ပိုင်းမြို့တော်ရဲ့ အရှေ့ဘက်မှာရှိတဲ့ စံအိမ်တော်ကြီးတစ်ခု ချီးမြှင့်လိုက်တယ်။ အထဲမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ လူအင်အားကအစ အပြည့်အစုံရှိတယ်။ ပြင်ဆင်ချင်တာရှိရင် မင်းဘာသာမင်း ဆုံးဖြတ်နိုင်ပါတယ်။ အဲ့ဒီစံအိမ်မှာ မင်းနဲ့ မင်းအဖေရဲ့ မျက်လုံးသူငယ်အိမ် အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီးသားဆိုတော့ မင်းသွားတာနဲ့ မင်းရဲ့ အထောက်အထားကို အလိုအလျောက် သိရှိပါလိမ့်မယ်.."

"အင်း.."

ဂူချန် တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။

စစ်မြေပြင်တွင် အဆင့်ရှစ် သားရဲဘုရင်တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ပြင်းထန်သည့်တိုက်ပွဲကြားမှာပင် ကျင့်စဉ်အဆင့် တက်လှမ်းကာ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်ခဲ့ခြင်းက သာမန်ကိစ္စမဟုတ်ပေ။ ထိုသို့သော အောင်ပွဲမျိုးက စစ်တပ်အတွက် အတိုင်းအထက်အလွန် ယုံကြည်မှုနှင့် စိတ်ဓာတ်ခွန်အားကို ဖြစ်ပေါ်စေသည်။ စံအိမ်တော်တစ်ခုဆိုသည်မှာ အပိုဆုတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ဤအချက်ကပင် စစ်မြေပြင်၌ အခြေအနေကို ပြောင်းလဲပေးခဲ့သော ထိုဗိုလ်ချုပ်ကို မဟာမိတ်အဖွဲက မည်မျှ တန်ဖိုးထားကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။

တောင်ပိုင်းမြို့တော်တွင် ဂူမိသားစုပိုင် ဗီလာတစ်ခု ရှိနှင့်ပြီးသား ဖြစ်သော်လည်း ယခုစံအိမ်တော်နှင့် ယှဉ်လျှင်မူ နွားတင်းကုပ်နှင့် တူနေသည်။ ဥက္ကဋ္ဌက သဘက်ခါမှ အားမည်ဖြစ်ရာ သူ အချိန်ဖြုန်းမနေချင်ပေ။ စံအိမ်တော်သို့ ပြန်ကာ ခွန်အားကို ထပ်မံတိုးမြှင့်ရင်း သူ၏ အရင်ဘဝက ဖခင်ဖြစ်သူ ဂူဝူချန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း စဉ်းစားရပေမည်။ ဂူဝူချန်းသည် သူ၏ သားဖြစ်သူကို အလွန်ချစ်မြတ်နိုးသူဖြစ်ရာ ဂူချန်၏ အပြုအမူနှင့် စရိုက်များကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေမည်မှာ သေချာသည်။ အနည်းငယ်မျှ ပေါ့ဆလိုက်ရုံနှင့် ပေါ်သွားနိုင်သည်ဖြစ်ရာ သူ နည်းလမ်းကောင်းတစ်ခုကို စဉ်းစားရမည်။

ဂူချန် ဝေးရာသို့ လမ်းလျှောက်သွားသည်အထိ လင်းယဲ့သည် သူ၏ ရင်ထဲ၌ ရှိနေသော မေးခွန်းကို မမေးဖြစ်ခဲ့ပေ။ ထိုမေးခွန်းမှာ ဂူချန်သည် မည်သို့သော နည်းလမ်းဖြင့် ဤမျှတိုတောင်းသော အချိန်အတွင်းမှာ မဟာမိတ်အဖွဲ့ရှိ လူအများ အိပ်မက်မက်ကြသည့် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့သနည်း ဆိုသည့် အချက်ပင်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ဂူချန်အနေဖြင့် သူ့ကို ရှင်းပြနေရန် မလိုဟု ခံစားရသည်။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကျသည် မဟုတ်ပါလော။ ဤမျှ မြန်ဆန်သော အရှိန်ဖြင့် တက်လှမ်းနိုင်သူတွင်လည်း အလားတူ လျှို့ဝှက်ချက်များ ရှိနေမည်မှာ အမှန်ပင်။

ယခုအခါ သူတို့နှစ်ဦးစလုံးမှာ သိုင်းဘုရင်များ ဖြစ်ကြပြီး သူသည် မဟာမိတ်အဖွဲ့၏ ဂိတ်စောင့်နှင့် တက္ကသိုလ်ပရော်ဖက်ဆာ ဖြစ်သောကြောင့် အဆင့်အတန်းအရ ဂူချန်ထက် အနည်းငယ် မြင့်မားသော်လည်း၊ ဂူချန်၏ အသက်အရွယ်က သူ့ကို မြေအောက်အထိ နစ်မြုပ်သွားအောင် ဖိနှိပ်ထားသည်။ အသက် ၁၈ နှစ်နှင့် သိုင်းဘုရင် ဖြစ်လာခြင်းမှာ လူသားတို့၏ သမိုင်းတစ်လျှောက်တွင်ပင် တစ်ခါမျှ မဖြစ်ဖူးသေးသော ကိစ္စဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် လင်းယဲ့သည် သူ ဝတ္ထုတစ်ပုဒ်ထဲ ရောက်နေသလားဟုပင် သံသယဝင်မိသည်။ ဂူချန်၏ တိုးတက်မှုအရှိန်မှာ ဝတ္ထုများထဲမှ ပြန်လည်မွေးဖွားလာသော ကျွမ်းကျင်သူများ သို့မဟုတ် ကံကြမ္မာ၏ သားတော်များကဲ့သို့ပင် ဖြစ်နေလေ၏။

ဂူချန်၏ ရက်စက်သော စိတ်နေသဘောထားနှင့် ပတ်သက်၍မူ လင်းယဲ့သည် ခဏမျှ စဉ်းစားပြီးနောက် ဆက်လက်၍ စုံစမ်းရန် မလိုအပ်ဟု ဆုံးဖြတ်လိုက်သည်။ တစ်ဖက်မှ ကြည့်လျှင် သိုင်းဘုရင်အဆင့် ပညာရှင်နှစ်ဦး၏ အချိန်မှာ အမှန်တကယ်ပင် တန်ဖိုးရှိလှသည်။ ထို့ပြင် ဂူချန်သည် အစီအစဉ်ကို ဖျက်ဆီးနေသော လူတစ်စုကိုသာ ပြတ်သားသော နည်းလမ်းဖြင့် မောင်းထုတ်ခဲ့ခြင်းပင်။

"နောင်တစ်ချိန်မှာ ဂူချန်က သူ့ရဲ့ပါရမီကို တန်ဖိုးထားပြီး သူ့ရဲ့ ခွန်အားကို လမ်းမှန်ပေါ်မှာပဲ အသုံးချလိမ့်မယ်လို့ပဲ မျှော်လင့်ရတာပေါ့.."

လင်းယဲ့ သက်ပြင်းချကာ ခေါင်းယမ်းရင်း ထိုနေရာမှ ထွက်ခွာသွားတော့သည်။

တောင်ပိုင်းမြို့တော် အရှေ့ဘက်၊ "ဝူချန်" စံအိမ်တော်။

ဂူချန် ထိုနေရာသို့ ရောက်ရှိလာပြီး စံအိမ်တော်၏ တာဝန်ခံဖြစ်သူ တန်ရှန် နှင့် စံအိမ်တော်ရှိ အဆင့်မြင့် ဉာဏ်ရည်တု (AI) တို့နှင့် ရင်းနှီးအောင် လုပ်ဆောင်ပြီးနောက် မည်သည့်နေရာသို့မျှ မသွားတော့ဘဲ ကျင့်စဉ်ခန်းမသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ သူသည် အန်ဂျလာကို အဝေးသို့ ခြေထောက်နှင့် ကန်ထုတ်လိုက်ပြီး အခြားတစ်နေရာတွင် သွားကစားရန် အချက်ပြလိုက်သည်။

ဂူချန်သည် ပြင်ဆင်ထားသော ကောင်းကင်နှင့်မြေပြင်ရတနာများကို ထုတ်ယူကာ မြေပြင်ပေါ်တွင် တင်ပျင်ခွေ ထိုင်လိုက်သည်။ ရက်အတော်ကြာ ကျင့်စဉ်အဆင့် တိုးတက်မှု မရှိခြင်းက သူ့ကို အမှန်တကယ်ပင် အနေရခက်စေသည်။ ထို့ပြင် သူ လိုအပ်နေသော စေတနာရမှတ်များမှာလည်း သိသိသာသာ တိုးလာသလို သူ၏ အပြုအမူများမှာလည်း ပို၍ ရဲတင်းလာသည်။ လုံလောက်သော ခွန်အားမရှိပါက စေတနာရမှတ်များ ဆက်တိုက်ရရှိရန် အာမခံနိုင်မည် မဟုတ်ပေ။ အကယ်၍ မဟာမိတ်ဥက္ကဋ္ဌသာ သူ၏ နတ်ဘုရားမီးတောက်ဂိုဏ်း နှင့် ပတ်သက်သော မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားပါက တိုက်ပွဲကြီးတစ်ခုမှာ ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။

ထိုသို့ တွေးတောနေစဉ်အတွင်း သူ၏ မျက်စိရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်။

လက်ရှိ စေတနာတန်ဖိုး - ၇၉၅၈၉

မျက်နှာပြင်ပေါ်တွင် တောက်ပသော အလင်းတန်းများဖြင့် ဖော်ပြထားသော ကိန်းဂဏန်းများကို ကြည့်ကာ ဂူချန် ခေါင်းငြိမ့်လိုက်သည်။ သူ၏ စိတ်ဆန္ဒတစ်ခုနှင့်အတူ အတိုင်းအဆမရှိသော အလင်းတန်းများမှာ မျက်နှာပြင်မှ ထွက်ပေါ်လာပြီး အသက်ရှူနည်းစနစ်နှင့် ခန္ဓာကိုယ်ကျင့်စဉ် ကော်လံများအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

[ ဒင်..]

[အိမ်ရှင်အတွက် S အဆင့် အသက်ရှူနည်းစနစ် နေမင်းစကြာယန်ကျင့်စဉ်ကို အဆင့်မြှင့်တင်ပေးနေပါသည်..]

[သင်၏ ပြည့်စုံပြီး အပြစ်အနာအဆာကင်းသော စိတ်ဝိညာဥ်ပင်လယ်အတွင်း၌ ဝိညာဉ်စွမ်းအားမှာ မပြတ်စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ဖြစ်နေသည်။ သန့်စင်သော ယန်ချီစွမ်းအား ကို မွေးမြူရန်အတွက် သင်အသုံးပြုသော စိတ်စွမ်းအားမှာ အလွန်ပင် လုံလောက်လှပြီး ယန်ချီစွမ်းအား စုစည်းမှုအမြန်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်း တိုးတက်လာသည်။]

[ခန္ဓာကိုယ်၏ ဂျီဩမေတြီ ညီမျှခြင်းများပေါ်တွင် အခြေခံ၍ သင်တည်ဆောက်ထားသော အပြစ်ကင်းစင်သည့် သွေးလေလှည့်ပတ်မှု လမ်းကြောင်းအောက်တွင် သန့်စင်သော ယန်စွမ်းအား၏ စီးဆင်းမှုမှာလည်း အလွန်ပင် လျင်မြန်လှပြီး ထစ်ငေါ့မှု တစ်စုံတစ်ရာ မရှိပေ။]

[သန့်စင်သော ယန်စွမ်းအားမှာ သဘာဝအလျောက် ဖြစ်တည်လာပြီး တမင်တကာ စုစည်းနေရန် မလိုဘဲ ခန္ဓာကိုယ်အတွင်း၌ အလိုအလျောက် တိုးတက်ပြောင်းလဲနေသည်။]

[စေတနာရမှတ် ၇၈၀၀ ကို အသုံးပြုပြီးနောက် သန့်စင်သော ယန်စွမ်းအားအတွင်းရှိ မဟာနေမင်း၏ စွမ်းအားမှာ အပြည့်အဝ ပေါ်ထွက်လာသည်။ အတိုင်းအဆမရှိသော ကောင်းကင်နှင့်မြေပြင်စွမ်းအားမှာ ယန်စွမ်းအားနှင့် ပေါင်းစပ်သွားပြီး တောက်ပသော နေမင်း၏ အလင်းရောင်ကို ထုတ်ဖော်ပြသနေသည်။ သင်၏ အလုံးစုံသော အရည်အသွေးများမှာ သိသိသာသာ တိုးတက်လာပြီး ယန်စွမ်းအားအတွင်း၌ မဟာနေမင်း နတ်ဘုရားအလင်း၏ အစအနတစ်ခု မွေးဖွားလာသည်။]

[ဂုဏ်ယူပါသည်၊ သင်၏ S အဆင့် အသက်ရှူနည်းစနစ် နေမင်းစကြာယန်ကျင့်စဉ် သည် အဆင့် ၁၈ ပြည့်စုံခြင်းသို့ ရောက်ရှိသွားပါပြီ]

[မဟာနေမင်း နတ်ဘုရားအလင်း - ခန္ဓာကိုယ်၏ ခုခံမှုကို လျစ်လျူရှုပြီး စိတ်ဝိညာဥ်ပင်လယ်၏ အတွင်းပိုင်းအထိ တိုက်ရိုက် တိုက်ခိုက်နိုင်ကာ ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်သည်]

သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လှိုင်းထနေသော သန့်စင်သော ယန်စွမ်းအားများကြား၌ ရွှေရောင်နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ လိမ္မော်နီရောင် အလင်းများ လွှမ်းခြုံထားသော ထိုဟင်းလင်းပြင်အတွင်း၌ အတိုင်းအဆမရှိသော ကောင်းကင်နှင့်မြေပြင်စွမ်းအားများမှာ မီးလောင်ကျွမ်းခြင်း၏ နာကျင်မှုကို ခံစားနေရသကဲ့သို့ အဆက်မပြတ် ကျုံ့လိုက် ပွလိုက် ဖြစ်နေသည်။

ဝှမ်း.....

ဘေးနားတွင် သူမ၏ ဒဏ်ရာများကို တိတ်တဆိတ် လျှာဖြင့် လျက်နေသော အန်ဂျလာသည် ထိုအလင်းတန်း၏ ဘေးထွက်သက်ရောက်မှုနှင့် မတော်တဆ ထိတွေ့မိသွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်တက်သွားပြီး မျက်လုံးများမှာ နောက်သို့ လန်သွားကာ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ်တုန်ရီလာသည်။

အူးးးးး...

အလွန်အမင်း နာကျင်ခံစားရသည့် အသံကြီးတစ်သံ ထွက်ပေါ်လာပြီး အန်ဂျလာ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ကျင့်စဉ်ခန်းမအတွင်း၌ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသကဲ့သို့ လူးလိမ့်နေတော့သည်။ သူမ၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း ထိုနတ်ဘုရားအလင်း၏ သက်ရောက်မှုမှာ သူမအတွက် အလွန်ပင် ကြီးမားကြောင်း သူမ၏ လှုပ်ရှားမှုများက သက်သေပြနေသည်။

ဂူချန် သူ၏ လက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျင့်စဉ်ခန်းမအတွင်း ပြည့်နှက်နေသော မဟာနေမင်း နတ်ဘုရားအလင်းများ ကွယ်ပျောက်သွားသည့် အခါမှသာ အန်ဂျလာ၏ စိတ်ဝိညာဉ်မှာ အနည်းငယ် ပြေလျော့သွားတော့သည်။ သို့သော် နတ်ဘုရားအလင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ထိုပြင်းထန်လှသော နာကျင်မှုကိုမူ သူမ မေ့နိုင်သေးပေ။ သူမ၏ ဝံပုလွေခန္ဓာကိုယ်ကြီးမှာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ကပ်နေပြီး အားအင်ကုန်ခမ်းနေပုံ ရသည်။

အန်ဂျလာကို အမှတ်မထင် ကြည့်လိုက်ပြီးနောက် ဂူချန် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ အလင်းတန်း၏ အကြွင်းအကျန် စွမ်းအားလေးကပင် အဆင့် ၇ သားရဲဘုရင်ဖြစ်သော အန်ဂျလာအပေါ် ဤမျှအထိ သက်ရောက်မှုရှိနေလျှင် အပြည့်အဝ ထုတ်ဖော်လိုက်ပါက မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ကို ခန့်မှန်းရန်ပင် ခက်လှသည်။

ဤအဆင့် ၁၈ ဆိုသည်မှာ သူ၏ အရင်ဘဝက ဖခင်ဖြစ်သူ ဂူဝူချန်းပင်လျှင် တစ်ခါမျှ မရောက်ရှိခဲ့ဖူးသော အဆင့်မျိုး ဖြစ်နေမည်လော။ သူ ခဏမျှ ရပ်တန့်လိုက်ပြီးနောက် စိတ်ထဲမှ ဆက်လက် ရေရွတ်လိုက်သည်။

"စနစ်၊ ရမှတ်တွေ ထပ်ပေါင်းစမ်း.."

Chapter 184

~

အခန်း ၁၈၄ : ရွှေကျီးကန်းအမြုတေ...သိုင်းဘုရင်အဆင့် အထွတ်အထိပ်...

~

[ ဒင်..]

[အိမ်ရှင်အတွက် S အဆင့် ခန္ဓာကိုယ်ကျင့်စဉ် ရွှေကျီးကန်း ခန္ဓာကိုယ်ကျင့်စဥ်ကို အဆင့်မြှင့်တင်ပေးနေပါသည်]

[အိမ်ရှင်သည် S အဆင့် အသက်ရှူနည်းစနစ် နေမင်းစကြာယန်ကျင့်စဉ်ကို အဆင့် ၁၈ ပြည့်စုံခြင်းအထိ ကျင့်ကြံထားကြောင်း စစ်ဆေးတွေ့ရှိရသည်။ သင်၏ ကိုယ်တွင်းအင်္ဂါများမှာ အပူဒဏ်ကို အလွန်အမင်း ခံနိုင်ရည်ရှိနေသဖြင့် ကျင့်ကြံမှုအရှိန်မှာ ၁၅၀ ရာခိုင်နှုန်း တိုးတက်လာသည်]

[အိမ်ရှင်၏ ခန္ဓာကိုယ်မှာ အပြစ်အနာအဆာကင်းမဲ့နေကြောင်း စစ်ဆေးတွေ့ရှိရသည်။ သင်၏ ကြွက်သားများနှင့် သွေးလေအင်အားမှာ ကျင့်စဉ်များအပေါ် လိုက်လျောညီထွေရှိမှု အလွန်မြင့်မားနေသည်။ မည်သည့်ခန္ဓာကိုယ်ကျင့်စဉ်ကိုမဆို သင်ကျင့်ကြံရာတွင် မွေးရာပါကျွမ်းကျင်မှု ပါဝင်နေသဖြင့် ကျင့်ကြံမှုအရှိန်မှာ ၅၀ ရာခိုင်နှုန်း တိုးတက်လာသည်]

"ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကြောင့် စေတနာရမှတ် အတော်လေး သက်သာသွားတာပဲ.."

ဂူချန် အတော်လေး ကျေနပ်မိသွားသည်။ ရမှတ်များပေါင်းထည့်ရာတွင် အစဉ်လိုက်အတိုင်း လုပ်ဆောင်ခြင်းမှာလည်း ပညာရပ်တစ်ခုဖြစ်ပုံရသည်။ အကယ်၍ အစီအစဉ်မှားယွင်းခဲ့ပါက သူသည် စေတနာရမှတ်များကို ယခုထက် များစွာပို၍ အသုံးပြုရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် မည်မျှလောက်များသော သူငယ်ချင်း များကို ဒုက္ခပေးရမည်နည်းဆိုသည်ကို မည်သူသိနိုင်မည်နည်း။

[စေတနာရမှတ် ၁၁၄၅၀ ကို အသုံးပြုလိုက်သည်။ သင်၏ အသားအရေမှာ သွန်းလောင်းထားသော ရွှေနီရောင်ကဲ့သို့ ဖြစ်လာပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ မီးတောက်ပုံစံ အဆင်တန်ဆာများမှာလည်း မှိန်ဖျော့စွာ ပေါ်လိုက် ပျောက်လိုက် ဖြစ်ပေါ်နေသည်]

[အသားအရေ၏ လက်မတိုင်းမှာ အဆင့်မြင့်ဆုံး မှော်ရတနာများကဲ့သို့ အလွန်အမင်း မာကျောလှသည်။ သာမန်ရတနာများဖြင့် ရိုက်ခတ်ရုံမျှဖြင့် မီးပွင့်များသာ ထွက်ပေါ်လာမည်ဖြစ်ပြီး အစင်းရာလေးတစ်ခုပင် ထင်ကျန်ရစ်စေမည်မဟုတ်ပေ]

[သင်၏ ဒန်တျန် အတွင်း၌ ရွှေကျီးကန်းအနှစ်သာရ တစ်ခု စုစည်းတည်ရှိလာသည်။ နေရောင်ခြည်သည် သင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ သင်၏ထူးခြားသောအသားအရေက စွမ်းအင်အချို့ကို စုပ်ယူပြီး ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ကာ သင်၏ ကိုယ်ကာယကို ပိုမိုသန်မာလာစေသည်]

[နေရောင်ခြည် ပိုမိုပြင်းထန်လေလေ သင်၏ ခန္ဓာကိုယ်မှာ ပိုမိုစွမ်းအားကြီးမားလေလေ ဖြစ်သည်]

[ဂုဏ်ယူပါသည်၊ သင်သည် S အဆင့် ခန္ဓာကိုယ်ကျင့်စဉ် ရွှေကျီးကန်း ခန္ဓာကိုယ်ကျင့်စဥ် ကို အဆင့် ၁၈ ပြည့်စုံခြင်းသို့ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပါပြီ]

ဟူးး....

ဂူချန်သည် ခန္ဓာကိုယ်အတွင်းရှိ မသန့်စင်သော လေများကို မှုတ်ထုတ်လိုက်ရာ တလက်လက်တောက်ပသော ရွှေရောင်နတ်ဘုရားအလင်းတန်းတစ်ခု ပန်းထွက်သွားပြီး သူ၏ရှေ့ရှိ သတ္တုစပ်ကိရိယာကို တစ်ခဏချင်း အရည်ပျော်စေကာ ဖောက်ထွင်းသွားတော့သည်။ သူ၏ ကိုယ်တွင်းကို ခေတ္တမျှ စစ်ဆေးကြည့်လိုက်သောအခါ အရိုးခြင်ဆီများအတွင်း၌ အားကောင်းသော သက်စောင့်စွမ်းအားများနှင့် စွမ်းအင်များ ပါဝင်သည့် ရွှေရောင်အရည်များ စီးဆင်းနေသည်ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်လမ်းကြောင်းများမှာ မြစ်ကြီးများကဲ့သို့ ကျယ်ဝန်းလှပြီး လမ်းကြောင်းများမှာ ရှင်းလင်းကာ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်နေသည်။ ရွှေကျီးကန်းစစ်မှန်သောမီး များမှာ ဟိန်းဟောက်နေသော မီးတောက်လှိုင်းများကဲ့သို့ စွမ်းအင်လမ်းကြောင်းများအတွင်း အဆက်မပြတ် စီးဆင်းနေသည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ အညစ်အကြေးများမှာ လုံးဝလောင်ကျွမ်းသွားပြီး သူ၏ စွမ်းအင်လမ်းကြောင်းများမှာ အပူချိန်မြင့်မားသော မီးတောက်များဖြင့် ပြန်လည်သွန်းလောင်းခြင်းကြောင့် ပိုမိုမာကျောလာသည်။

ထို့ပြင် သူသည် ကျင့်စဉ်ကို လှည့်ပတ်လိုက်တိုင်း သူ၏ အရိုးများမှ ကြည်လင်သော အသံများ ထွက်ပေါ်လာသည်။ ထိုသည်က ခေါင်းလောင်းကြီးတစ်လုံးကို ထိုးလိုက်သကဲ့သို့ အရပ်မျက်နှာအနှံ့ တုန်ခါသွားပြီး ဝိညာဉ်ကိုပင် တုန်လှုပ်ခြောက်ခြားစေနိုင်သော အစွမ်းရှိပုံရသည်။ မီးဖိုငယ်တစ်ခုနှင့်တူသော သူ၏ ဒန်တျန်အတွင်း၌ တောက်ပသော နတ်ဘုရားအလင်းများကို ထုတ်လွှတ်နေသည့် ရွှေရောင်အမြုတေတစ်ခု လွင့်မျောနေသည်။

ထိုအမြုတေ ဖြစ်တည်လာပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ကမ္ဘာပျက်မတတ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို ဂူချန် ခံစားလိုက်ရသည်။ သူ အသက်ရှူလိုက်တိုင်း သူ၏ နှာခေါင်းနှင့် ပါးစပ်မှ ထွက်ပေါ်လာသောအရာမှာ သာမန်လေမဟုတ်တော့ဘဲ ပူပြင်းလှသော ရွှေကျီးကန်းစစ်မှန်သောမီးများ ဖြစ်နေသည်။ အကယ်၍ သူသာ အနည်းငယ်မျှ မထိန်းချုပ်ထားပါက ညဘက်အိပ်ပျော်နေစဉ်အတွင်း စံအိမ်တော်တစ်ခုလုံး ပြာကျသွားနိုင်ပေသည်။

ထို့ပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာခြင်းမှာလည်း အထူးပင် သိသာလှသည်။ ရွှေကျီးကန်း ခန္ဓာကိုယ်ကျင့်စဥ် ကို အဆင့် ၁၈ အထိ မကျင့်ကြံရသေးမီက သူသည် သိုင်းဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်နေသော ယဲ့ရှူးကို သုံးကွက်အတွင်း အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။ အကယ်၍ ယခုသာဆိုလျှင် လက်သီးတစ်ချက်တည်းဖြင့်ပင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ပြာဖြစ်အောင် ချေမှုန်းပစ်နိုင်မည် ဖြစ်သည်။

"ရွှေကျီးကန်းစစ်မှန်သောမီး နဲ့ မဟာနေမင်း နတ်ဘုရားအလင်း ပေါင်းစပ်လိုက်ရင် ဘာဖြစ်မလဲ.."

ဂူချန်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ သူ၏ လက်ရှိ စွမ်းအားမှာ အလွန်အမင်း များပြားနေပြီး ကျင့်စဉ်အဆင့်ဖြင့်သာ တိုင်းတာ၍ မရနိုင်တော့ဟု သူ ခံစားရသည်။ အမြင့်ဆုံးကို ရောက်သွားခဲ့ပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် သိုင်းဘုရင်နယ်ပယ်တွင် အဆင့်ငယ်တစ်ခုကို ကျော်လွန်တိုက်ခိုက်နိုင်ခြင်းမှာပင် အလွန်အမင်း ကောင်းကင်ကို ဆန့်ကျင်သော စွမ်းဆောင်ရည်ဖြစ်ပြီး ပါရမီရှင်ဟု ခေါ်ဆိုရန် လုံလောက်သည်။ သို့သော် ယခုအခါ ဂူချန်သည် အဆင့်ကြီးတစ်ခုကို ကျော်လွန်ကာ အဆင့်ရှစ် ကျင့်ကြံသူတစ်ဦးကိုပင် စိန်ခေါ်ချင်သော စိတ်ကူးရှိနေသည်။ ၎င်းအပြင် သူ့တွင် ဒုတိယပုံသဏ္ဌာန်လည်း ရှိနေသေးသည် မဟုတ်ပါလော။

သူ့ကဲ့သို့ အခြေခံအုတ်မြစ်အားလုံးကို အကန့်အသတ်အထိ တွန်းတင်ထားသော သိုင်းပညာရှင်များမှာ အလွန်ပင် ရှားပါးလှသည်။ သိုင်းပညာရှင်အများစုမှာ အဆင့်တက်နိုင်လျှင်ပင် ကံကောင်းလှပြီဟု သတ်မှတ်ကြပြီး နောက်ဆက်တွဲ အကျိုကျေးဇူးများကို စဉ်းစားနိုင်သူမှာ အလွန်နည်းပါးသည်။

"ဒါပေမဲ့ ဒါက မပြီးသေးဘူး..."

ဂူချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး စိတ်ထဲမှ စနစ်ကို ခိုင်းစေလိုက်သည်။

"စနစ်၊ ရမှတ်တွေ ထပ်ပေါင်းစမ်း.."

[ ဒင်..]

[ကျင့်ကြံမှုအတွက် ပြင်ဆင်နေပါသည်]

[အိမ်ရှင်သည် S အဆင့် နေမင်းစကြာယန်ကျင့်စဉ် ကို အဆင့် ၁၈ ပြည့်စုံခြင်းအထိ ကျင့်ကြံထားပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ သင်၏ စစ်မှန်သော ချီစွမ်းအင် ကို ရှူသွင်း ရှူထုတ်နိုင်သည့် အရှိန်မှာ သိသိသာသာ တိုးတက်လာပြီး စွမ်းအင်လှည့်ပတ်မှုအပေါ် နားလည်သဘောပေါက်မှုမှာ အလွန်မြင့်မားနေသည်။ ကျင့်ကြံမှုအရှိန် ၉၀ ရာခိုင်နှုန်း တိုးတက်လာသည်]

အိမ်ရှင်သည် S အဆင့် ရွှေကျီးကန်း ခန္ဓာကိုယ်ကျင့်စဥ် ကို အဆင့် ၁၈ ပြည့်စုံခြင်းအထိ ကျင့်ကြံထားပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ သင်၏ ကောင်းကင်နှင့်မြေပြင်စွမ်းအားများကို လက်ခံနိုင်မှုနှင့် စုပ်ယူနိုင်မှုမှာ အလွန်မြင့်မားနေပြီး မည်သည့်စွမ်းအားမဆို ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် စုပ်ယူနိုင်သည်]

[သင်၏ ခန္ဓာကိုယ်မှာ စုပ်ယူရန် တာဝန်ယူပြီး၊ ကြီးမားလှသော သန့်စင်ခြင်းလမ်းစဉ် နတ်ဘုရားစွမ်းအား က သန့်စင်ရန် တာဝန်ယူကာ၊ ဒန်တျန်၏ အတွင်းပိုင်းရှိ ရွှေကျီးကန်းအမြုတေက ပြောင်းလဲတိုးတက်ရန် တာဝန်ယူသည်]

[ဤစနစ်ကျသော ပေါင်းစပ်ညှိနှိုင်းမှုအောက်တွင် သင်၏ ကောင်းကင်နှင့်မြေပြင်စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုဟန်ချက်ညီလာပြီး မွေးရာပါ အသိစိတ်ကဲ့သို့ စုပ်ယူနိုင်လာသည်။ ကျင့်ကြံမှုအရှိန်မှာ ၁၅၀ ရာခိုင်နှုန်း တိုးတက်လာသည်]

[သင်သည် သဘာဝရတနာဖြစ်သော ကောင်းကင်နှင့်မြေပြင် ခုနစ်ပါးကြာစေ့ကို အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိရသည်။ ပြင်းထန်လှသော ဆေးစွမ်းအားမှာ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားပြီး သင်၏ စွမ်းအင်လမ်းကြောင်းများကို ကာကွယ်ပေးကာ ဝိညာဉ်ကို ခိုင်မာစေရန် ကူညီပေးနေသည်။ ကျင့်ကြံမှုအရှိန် ၃၀ ရာခိုင်နှုန်း တိုးတက်လာသည်]

[သင်သည်... ကို ပိုင်ဆိုင်ထားသဖြင့် ကျင့်ကြံမှုအရှိန်... တိုးတက်လာသည်]

[သင်၏ ကြီးမားသော စုဆောင်းမှုနှင့် ပြင်ဆင်မှုများကြောင့် သင်၏ ကျင့်ကြံမှုအရှိန်မှာ ရထားတစ်စင်းကို ထမ်းပြီး ညဉ့်အမှောင်အတွင်း ထွက်ပြေးနေသော ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးကဲ့သို့ လျင်မြန်လှသည်]

[စေတနာရမှတ် ၂၇၅၈၀ ကို အသုံးပြုလိုက်သည်။ သင်၏ ဇွဲလုံ့လနှင့် ကြိုးစားမှုများကြောင့် သင်၏ သိုင်းပညာအဆင့်မှာ သိုင်းဘုရင် အဆင့် ၇အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ]

[လှုပ်ရှားမှုတိုင်းတွင် အတိုင်းအဆမရှိသော ကောင်းကင်နှင့်မြေပြင်စွမ်းအားများကို ခန္ဓာကိုယ်အတွင်းသို့ ရယူနိုင်သည်။ မတူညီသော ဒြပ်စင်များအပေါ် သင်၏ ထိန်းချုပ်မှုမှာ ပိုမိုတိကျလာပြီး ကောင်းကင်နှင့်မြေပြင်စွမ်းအားများကို ခံစားသိရှိနိုင်စွမ်းမှာလည်း ပိုမိုထက်မြက်လာကာ အလွန်သေးငယ်သော ဒြပ်စင်လှုပ်ရှားမှုများကိုပင် သိရှိနိုင်သည်]

[မိုင်တစ်ရာအတွင်းရှိ ဝိညာဉ်စွမ်းအားများကို သင်က စုပ်ယူဝါးမြိုပစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများမှာ သင်၏ ဒန်တျန်အထက်တွင် ဝေ့ဝဲနေပြီး ခန္ဓာကိုယ်၏ နေရာတိုင်းသို့ ပြည့်နှက်သွားသည်။ ကောင်းကင်နှင့်မြေပြင်စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းမှာ အထွတ်အထိပ်တစ်ခုသို့ ရောက်ရှိသွားပါပြီ]

"ဆက်လုပ်စမ်း.."

ဂူချန် ဂရုမစိုက်ဘဲ ဆက်လက်ခိုင်းစေလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာတင် သူ၏ ကျင့်စဉ်မှာ နောက်ထပ် အဆင့်ကြီးတစ်ခုကို ကျော်ဖြတ်သွားခဲ့သည်။ သို့သော် သူ့အတွက်မူ ၎င်းမှာ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။ စနစ်က ပြောခဲ့သလိုပင် ဇွဲလုံ့လနှင့် ကြိုးစားမှုရှိပါက အဆင့်တက်ခြင်းမှာ လက်ဖဝါးလှန်သလောက်ပင် လွယ်ကူလှသည်။

[ ဒင်..]

စေတနာရမှတ် ၃၁၀၀၀ ကို အသုံးပြုလိုက်သည်။ သင်၏ စိတ်ဝိညာဥ်ပင်လယ်အတွင်းရှိ နတ်ဘုရားအလင်းမှာ အံ့မခန်း တောက်ပနေသည်။ ကြောက်မက်ဖွယ်ကောင်းသော မဟာတာအိုစွမ်းအား မှာ ခန္ဓာကိုယ်အတွင်း ပေါ်ပေါက်လာပြီး လှုပ်ရှားမှုတိုင်းမှာ လောကရှိ အရာအားလုံး၏ ဖြစ်တည်မှုကို လှုံ့ဆော်ပေးနိုင်သည်]

[သင်သည် ကောင်းကင်နှင့်မြေပြင်စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းတွင် အစစ်အမှန် ကျွမ်းကျင်သူဖြစ်လာခဲ့ပြီ။ လောကရှိ ဝိညာဉ်စွမ်းအားများမှာ သင်၏ စေခိုင်းမှုအောက်တွင် ရှိနေပြီး ကိုယ်တွင်းရှိ စစ်မှန်သောစွမ်းအားများမှာလည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါပြီ]

[တစ်ခါမျှ မရှိဖူးသေးသော လောကစွမ်းအားကို ထိန်းချုပ်သည့် ဘုရင်တစ်ပါး၊ မြို့ပြနှင့် နိုင်ငံများကို ဖျက်ဆီးပစ်ရန်မှာ သေးငယ်သော ကိစ္စတစ်ခုသာ ဖြစ်သည်။ ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော အပြစ်ကင်းစင်သည့် လမ်းစဉ်လိုက်စားသူ ပေါ်ထွက်လာတော့မည် ဖြစ်သည်]

[ဂုဏ်ယူပါသည်၊ သင်သည် အဆင့် သိုင်းဘုရင်နယ်ပယ်၏ အထွတ်အထိပ် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ]

All Chapters