အခန်း (၆၀၁-၆၀၂)
Vol. 31 Ch. 601-602
အပိုင်း (၆၀၁) ရင်တွင်းစကားများ ဖွင့်ဟခြင်း
"မောင်လေး... ဘာဖြစ်လို့လဲ... ဝမ်းမသာဘူးလား"
ရန်မေက လင်းယွမ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
လင်းယွမ်၏ မျက်နှာပေါ်တွင် သူမ မျှော်လင့်ထားသည့်အတိုင်း အံ့သြဝမ်းသာနေသည့် အရိပ်အယောင်များ ရှိနေသော်လည်း အခြားသော ခံစားချက်များလည်း ရောယှက်နေပုံရသဖြင့် သူမ အနည်းငယ် ထိတ်လန့်သွားရ၏။
လင်းယွမ်က ခေါင်းမော့ကာ ရန်မေကို ကြည့်လိုက်ပြီး သူမ၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာလေးကို မြင်လိုက်ရသဖြင့် ခေါင်းခါယမ်းလိုက်မိသည်။
သူက သူမကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ နူးညံ့လှသော ခန္ဓာကိုယ်လေး ရင်ခွင်ထဲသို့ ရောက်ရှိလာချိန်တွင် လင်းယွမ်မှာ ရှားပါးရတနာတစ်ပါးကို ပွေ့ပိုက်ထားရသကဲ့သို့ ယခင်ကလို အားပါးတရ တင်းကျပ်စွာ မဖက်ရဲတော့ချေ။
"အမမေ... ကျွန်တော် အရမ်းဝမ်းသာတယ်... အရမ်းလည်း စိတ်လှုပ်ရှားတယ်" ဟု သူက လေသံညင်ညင်ဖြင့် ပြောလိုက်သည်။
"ဒီရေဘေးကြီး မဖြစ်ခင်တုန်းက ချစ်သူတောင် ရှာမတွေ့ခဲ့တဲ့ ကျွန်တော်က အခု အမနဲ့ ဆုံတွေ့ရရုံတင်မကဘူး... တင်းယန်... ဆုန့်ဝမ်နဲ့ တုံယန်တို့လို မိန်းကလေးကောင်းတွေနဲ့ပါ ဆုံတွေ့ရလိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး"
"အမ သိလား... ရေဘေးကြီး မဖြစ်ခင်တုန်းကဆိုရင် ဒီလိုမိန်းကလေးမျိုးတွေက ကျွန်တော့်ကို နှစ်ခါပြန်တောင် ကြည့်ကြမှာ မဟုတ်ဘူး"
"ကျွန်တော် မှတ်မိသေးတယ်... တစ်ခါတုန်းက ကျွန်တော်တို့ ဓာတ်လှေကား အတူတူစီးဖူးတယ်လေ... အဲ့ဒီနေ့က ကျွန်တော် အလုပ်ဆင်းပြီး ဆောက်လုပ်ရေးဆိုဒ်ကနေ ပြန်လာခါစဆိုတော့ တစ်ကိုယ်လုံး ချွေးနံ့တွေ နံစော်နေတာ... ဒါပေမဲ့ အမ့ကိုယ်က ရနံ့လေးကတော့ အရမ်းမွှေးနေတယ်"
"အဲ့ဒီတုန်းက အမရဲ့ ဝတ်စားဆင်ယင်ပုံက ကျွန်တော့်ကိုယ်ကျွန်တော် သိမ်ငယ်သွားလို့ အမအနားကိုတောင် သိပ်မကပ်ရဲခဲ့ဘူး"
"ဓာတ်လှေကား မှန်ကနေတစ်ဆင့်ပဲ အမ့ကို မျက်လုံးထောင့်ကနေ ခိုးကြည့်ခဲ့ရတာ"
"တစ်နေ့ကျရင် အမက ကျွန်တော့်အတွက် ရင်သွေးလေး မွေးပေးလိမ့်မယ်လို့ ဘယ်လိုလုပ် ထင်မှာလဲ"
လင်းယွမ်က သူမ၏ နားနားကပ်၍ သူ၏ ရင်တွင်းခံစားချက်များကို တီးတိုး ဖွင့်ဟပြောပြနေသည်။
ရေဘေးကြီး မဖြစ်ခင်တုန်းက သူသည် တကယ်ကို သာမန်ထက် သာမန်ပိုကျသော ရုံးဝန်ထမ်းဘဝလေးသာ ဖြစ်ခဲ့သည်။
သူဌေး၏ ခေါင်းပုံဖြတ်ခြင်းကို ခံရသည်... ဖောက်သည်များ၏ အရက်အတင်းတိုက်ခြင်းကို ခံရသည်... ချစ်သူကောင်မလေး၏ လမ်းခွဲခြင်းကို ခံရသည်။
သူ့အခြေအနေက ထိုအချိန်က လူငယ်အများစု ကြုံတွေ့ရလေ့ရှိသော အခြေအနေမျိုးပင် ဖြစ်မည်။
သို့သော် ရေဘေးကြီး တစ်ခုကြောင့် ကမ္ဘာကြီး တစ်ခုလုံး လုံးဝ ပြောင်းလဲသွားခဲ့သည်။
သန္ဓေပြောင်းစွမ်းအင်များ ပေါ်ပေါက်လာခြင်းက လင်းယွမ်ကဲ့သို့သော လူငယ်ပေါင်းများစွာကို အခွင့်အရေးများ ရရှိစေခဲ့သည်။
ထိုလူများထဲတွင် အချို့က မြင့်မားသောအစွမ်းများကြား၌ လမ်းမှားသို့ ရောက်ရှိသွားကြပြီး ယခင်က မိမိတို့ အမုန်းဆုံး လူစားမျိုးများ ဖြစ်လာခဲ့ကြသည်။
အချို့ကလည်း မိမိတို့၏ အစွမ်းများကို အသုံးပြုကာ အေးချမ်းသော နေရာလေးတစ်ခုကို ဖန်တီး၍ စိတ်သဘောထား ကောင်းမွန်သူများကို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသည်။
လင်းယွမ်က ရင်ခွင်ထဲမှ အလှပိုင်ရှင်လေးကို ကြည့်ရင်း ရင်ထဲတွင် အဆုံးမဲ့ ဝမ်းသာပီတိများ လျှံတက်လာသည်။
"ဒီနေ့ကစပြီး ကျွန်တော် ပိုကြိုးစားပြီး လေ့ကျင့်မယ်... ကိုယ့်စွမ်းရည်ကို ပိုမြင့်လာအောင် ကြိုးစားပြီး အမနဲ့ ကျွန်တော်တို့ရဲ့ ကလေးလေးအတွက် ပူပင်သောကကင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးမယ်"
ရန်မေမှာ ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာသည်အထိ ကြည်နူးထိမိသွားရသည်။
ဤကဲ့သို့သော စကားမျိုးကို သူမ တစ်သက်တာတွင် အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့သည်။
သူမ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်ကြောင့် သူမကို လိုက်သည့် ယောက်ျားများ အလွန်များပြားခဲ့သည်။
သူမကို ကတိတွေ ပေးခဲ့ဖူးသော ယောက်ျားများမှာလည်း ရေတွက်၍ပင် မရနိုင်ချေ။
သို့သော် လင်းယွမ်က ထိုယောက်ျားများနှင့် မတူကြောင်းကိုတော့ သူမ သိသည်။
သူက သူမကို ပေးထားသော ကတိကို အကောင်အထည်ဖော်ရန် တကယ်ကို အစွမ်းကုန် ကြိုးစားမည့်သူ ဖြစ်သည်။
"မောင်လေး..."
သူမက လင်းယွမ်ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး လှပသော မျက်နှာလေးကို သူ၏ ကျယ်ဝန်းသော ရင်ခွင်ထဲသို့ အပ်ကာ ရှိုက်သံပါပါဖြင့် ပြောလိုက်သည်။ "အမ တကယ်ကို ပျော်ပါတယ်... မောင်လေးနဲ့ တွေ့ရတာ အရမ်းကို ကံကောင်းတာပဲ"
"အမ တစ်သက်လုံး ဒီလိုပဲ ပြီးသွားပြီလို့ ထင်ထားခဲ့တာ"
"သံယောဇဉ် မရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ ဒီလိုပဲ ဖြစ်သလို ရှင်သန်ဖြတ်သန်းသွားရတော့မယ်လို့လေ"
"ဒီနေ့လို ဘဝမျိုး ရလာလိမ့်မယ်လို့ အမ တစ်ခါမှ မတွေးဖူးခဲ့ဘူး"
"ကောင်းကင်က ရေဘေးကြီးတစ်ခုနဲ့ လူသားတွေကို အပြစ်ပေးခဲ့ပေမဲ့ အမအတွက်တော့ ဒါက ဘဝသစ်ပြန်စခွင့်ရတဲ့ အခွင့်အရေးတစ်ခုပါပဲ"
နှစ်ယောက်သား ရင်တွင်းစကားများကို အပြန်အလှန် ဖွင့်ဟပြောဆိုရင်း အချင်းချင်း ယုယကြင်နာနေကြသည်။
ဤသို့ဖြင့် ဆိုဖာပေါ်တွင် အတူတကွ ခွေခွေလေးထိုင်ကာ တစ်ယောက်၏ ကိုယ်ငွေ့နှင့် နှလုံးခုန်သံကို အခြားတစ်ယောက်က ခံစားနေကြ၏။
အပြင်ဘက်တွင် နှင်းပွင့်ကြီးများ ကျဆင်းနေပြီး အလွန်အမင်း ချမ်းစိမ့်နေသည်။
အိမ်ထဲတွင်မူ နွေးထွေးသော သန္ဓေပြောင်း နေကြာပန်း၏ အလင်းရောင်က ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသဖြင့် နွေဦးရာသီကဲ့သို့ နွေးထွေးနေလေသည်။
"မောင်လေးက သမီးလေး လိုချင်တာလား... သားလေး လိုချင်တာလား"
ရန်မေက ရုတ်တရက် ခေါင်းမော့ကာ လင်းယွမ်ကို မေးလိုက်သည်။
လင်းယွမ်က ခဏစဉ်းစားပြီးနောက် ရယ်မောကာ ပြန်ဖြေသည်။ "ကိုယ့်ကလေးပဲ... မိန်းကလေး ယောက်ျားလေး မခွဲပါဘူး... ဘာပဲဖြစ်ဖြစ်ချစ်မှာပဲ"
"အဓိကက ကလေးရဲ့ အမေက အမ ဖြစ်နေဖို့ပဲ"
ထိုစကားကြောင့် ရန်မေမှာ ချက်ချင်းပင် သဘောကျကာ ပြုံးရွှင်သွားသော်လည်း အလျှော့မပေးဘဲ ဆက်ပြောသည်။ "အမကတော့ သားလေးဆို ပိုကောင်းမယ် ထင်တယ်... ယောက်ျားလေးက မောင်လေးနဲ့တူရင် သေချာပေါက် အရည်အချင်းရှိမှာ"
"အမနဲ့ တူရင်တော့ သိပ်မကောင်းဘူး"
"အမနဲ့တူတော့ ဘာဖြစ်လဲ... အမက ဒီလောက်ချစ်ဖို့ကောင်းပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း လှတာကို... ကျွန်တော်လို အကြမ်းပတမ်းကောင်နဲ့ ဘယ်လိုလုပ် တူမလဲ... ကျွန်တော်က ထမင်းဟင်းတောင် သေချာချက်တတ်တာ မဟုတ်ဘူး"
"ထမင်းဟင်းချက်တာက ပြောစရာလား... အမက စိတ်ထား ပျော့ညံ့တယ်... အားနာတတ်တယ်... သတ္တိလည်း နည်းတယ်လေ"
"တကယ်လို့ အမနဲ့သာ တူရင် သူ ကြီးလာတဲ့အခါ အနိုင်ကျင့်ခံရလိမ့်မယ်" ဟု ရန်မေက ခပ်တိုးတိုး ပြောလိုက်သည်။
လင်းယွမ်က သူမ၏ တင်ပါးလေးကို ဖွဖွလေး ပုတ်လိုက်ရင်း "ကျွန်တော့်ကလေးကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ" ဟု ပြောလိုက်သည်။
ရန်မေက ချက်ချင်း "ခစ်" ခနဲ ရယ်မောလိုက်ပြီး သူမ၏ မျက်နှာတစ်ပြင်လုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
"အမက အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့သူစာရင်းထဲ ပါနေပြီလား မသိဘူးနော်... အခုက ဆေးဘက်ဆိုင်ရာ အထောက်အကူတွေလည်း မရှိတော့ဘူး... ကလေးပုံမှန်ဟုတ်မဟုတ် စစ်တဲ့ စမ်းသပ်တာတွေ ဘာတွေလည်း လုပ်လို့မရတော့ဘူးလေ"
ရန်မေသည် ကလေးအကြောင်း တွေးမိသည်နှင့် တစ်ဖန် ပြန်လည် စိုးရိမ်ပူပန်လာပြန်သည်။
မိခင်လောင်းတစ်ယောက် ဖြစ်လာပြီး ပထမဆုံးကိုယ်ဝန် ဖြစ်သောကြောင့် သူမ၏ သတိထား စိုးရိမ်နေမှုများကို လင်းယွမ် နားလည်ပေးနိုင်သည်။
သူက နှစ်သိမ့်ပေးလိုက်သည်။ "စိတ်ချပါ... အခုချိန်မှာ အဲ့ဒီလို ဆေးဘက်ဆိုင်ရာ နည်းပညာတွေ မရှိတော့ဘူး ဆိုပေမဲ့ ကျွန်တော်တို့က အစွမ်းပိုင်ရှင်တွေ ဆိုတာကို အမ မေ့နေပြီလား"
"စိတ်စွမ်းအင်က အယ်လ်ထရာဆောင်းရိုက်တာတွေထက် ပိုအသုံးဝင်တယ် မဟုတ်လား"
"ဒါပေမဲ့ အမပြောမှ ကျွန်တော် သတိရတယ်... နောက်မှ ဒေါက်တာရန်တို့ ဇနီးမောင်နှံနဲ့ သွားတိုင်ပင်ကြည့်ရမယ်... စိတ်စွမ်းအင်က အရာဝတ္ထုတွေကို ဖောက်ထွင်းမြင်နိုင်ပြီး လူ့ခန္ဓာကိုယ်တွင်းက ကလီစာတွေကိုပါ မြင်ရတာဆိုတော့ အယ်လ်ထရာဆောင်းတို့ ဘီစကင် (B-scan) တို့လို ဆေးဘက်ဆိုင်ရာ ကိရိယာမျိုးတွေ လုပ်လို့ရကောင်း ရနိုင်တယ်"
ရန်မေလည်း ထိုစကားကို ကြားလိုက်ရမှ စိတ်အေးသွားတော့သည်။
လင်းယွမ်က ဆက်ပြောသည်။ "ဒါ့အပြင် အမက အသက် (၂၈) နှစ်ပဲ ရှိသေးတာလေ... ဘယ်လိုလုပ် အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့သူ ဖြစ်မှာလဲ"
"ရေဘေးကြီး မဖြစ်ခင်တုန်းက အသက် ၃၀ ကျော်မှ အိမ်ထောင်ပြုတဲ့သူတွေ အများကြီးပဲ"
"ပြီးတော့ အဲ့ဒီတုန်းက လူငယ်တွေက ကိုယ်လက်လှုပ်ရှားမှု မရှိဘူး... အထိုင်များပြီး ညဉ့်နက်တဲ့အထိ နေကြတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားနည်းတယ်လေ... ဒါကြောင့် ပြဿနာတွေ အများကြီးရှိပြီး ကိုယ်ဝန်ရဖို့ ခက်ကြတာ"
"အခုကတော့ မတူတော့ဘူးလေ... ကပ်ဘေးကာလကြီးမှာ ရေတွေလွှမ်းမိုးနေပေမဲ့ လူတိုင်းက အစွမ်းတွေ နိုးထလာကြပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း သိသိသာသာကို မြင့်တက်လာကြတာ... ဒါကြောင့် ကလေးက သေချာပေါက် ကျန်းမာမှာပါ"
"စဉ်းစားကြည့်လေ... ကျွန်တော်တို့ မိဘတွေခေတ်တုန်းကဆိုရင် ကိုယ်ဝန် ခုနစ်လ ရှစ်လနဲ့တောင် တောင်ယာထဲမှာ အလုပ်လုပ်နေကြတုန်းပဲ"
"အဲ့ဒီအချိန်တုန်းကလည်း ဘာစစ်ဆေးမှုမှ မရှိဘဲနဲ့ လူဖြစ်လာကြတာပဲ မဟုတ်လား"
"အမ အရမ်းကြီး စိုးရိမ်မနေပါနဲ့... အားလုံးအတွက် ကျွန်တော် ရှိပါတယ်"
လင်းယွမ်က ရန်မေ၏ စိတ်လှုပ်ရှားမှုများ သက်သာသွားစေရန် အဆက်မပြတ် နှစ်သိမ့်ပေးနေသည်။
တစ်ချိန်တည်းမှာပင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ဤအချိန်မျိုးတွင် အဖော်အလိုအပ်ဆုံးဖြစ်ကြောင်းကိုလည်း သူ နားလည်ထားသည်။
လောလောဆယ်တွင် ဘာသာရေးဂိုဏ်းကြီး သုံးခုနှင့် စစ်တပ်ဘက်က ကိစ္စတွေလည်း အကြမ်းဖျင်းအားဖြင့် ပြီးစီးသွားလောက်ပြီ ဖြစ်သည်။
နောက်ပိုင်းကိစ္စတွေကိုတော့ ကျောက်ခိုင်နဲ့ လီချင်းဟွာတို့ကို ဆက်လက် တာဝန်ယူခိုင်းလိုက်ရုံပင်။
မိမိအနေဖြင့်လည်း ဘေးနားရှိ အလှပိုင်ရှင်လေးကို အချိန်ပေးဖို့ အခွင့်အရေး ရလာပြီ ဖြစ်သည်။
ထို့အပြင် သူ၏ အစွမ်းအဆင့်မှာလည်း မျိုးရိုးဗီဇမြေပုံ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ပိုင်းတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ၅% မှစ၍ အဆက်မပြတ် မြှင့်တင်ကာ အစွမ်းများကို ဆက်လက် တိုးတက်စေရမည် ဖြစ်သည်။
ဤဖြစ်စဉ်သည် အချိန်ယူရမည့် အလုပ်ဖြစ်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇအားလုံးကို တစ်ဆင့်ချင်းစီ ပြန်လည်ဖွဲ့စည်းရသည့် လုပ်ငန်းစဉ် ဖြစ်သည်။
လင်းယွမ်၏ လက်ရှိတိုးတက်မှုအဆင့်မှာ ၅% သာ ရှိသေးသည်။ တိုးတက်မှုအဆင့် မြင့်မားလာလေလေ၊ မျိုးရိုးဗီဇမြေပုံ ပြီးမြောက်မှုနှုန်း မြင့်မားလာလေလေ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားမှာလည်း သဘာဝကျကျ ပိုမို အားကောင်းလာမည် ဖြစ်သည်။
ထိုလုပ်ငန်းစဉ်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အတိုင်းအတာ နက်ရှိုင်းလာသည်နှင့်အမျှ အရည်အသွေးများမှာလည်း အလျင်အမြန် တိုးတက်လာမည် ဖြစ်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ၁၀၀% သို့ ရောက်ရှိသွားချိန်တွင် အဓိက အရည်အသွေးကြီး လေးခု မည်သည့်အဆင့်အထိ ရောက်ရှိသွားမည်ကိုတော့ သူ မသိနိုင်သေးပေ။
လင်းယွမ်က သူမနှင့် အချိန်အတော်ကြာ စကားပြောပြီးနောက် သူမတွင် ကိုယ်ဝန်ရှိနေသည်ကို ထောက်ထားကာ အိပ်ခန်းထဲသို့ စောစောသွားအိပ်ရန် ခေါ်ဆောင်သွားလိုက်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ အနေဖြင့် ညဉ့်နက်သည်အထိ နေရန် မသင့်တော်သလို ကျန်းမာရေးအတွက်လည်း မကောင်းပေ။
အရင်တုန်းကဆိုလျှင်တော့ ရန်မေက ဘာပဲဖြစ်ဖြစ် တင်းယန်တို့ ပြန်အလာကို စောင့်ကာ အတူတူ စားသောက်ပြီးမှ အိပ်လေ့ရှိသည်။
သို့သော် ယခုတော့ မရတော့ပေ။ အရာအားလုံးကို ကိုယ်ဝန်ဆောင်ကို ဗဟိုပြု၍ လုပ်ဆောင်ရတော့မည် ဖြစ်သည်။
လင်းယွမ်က သူမကို အိပ်ခန်းထဲသို့ ဂရုတစိုက် တွဲပို့ပေးလိုက်သည်။
ရန်မေမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး "အရမ်းသတိထားဖို့မလိုပါဘူးမောင်လေးရဲ့... အမက အခုမှ ကိုယ်ဝန်စရှိတာပါ... အဲ့ဒီလောက်ကြီး အားမနည်းပါဘူး" ဟု ပြောလိုက်သည်။
လင်းယွမ်က တည်ကြည်သော မျက်နှာဖြင့် "မရဘူး... သေချာ ဂရုစိုက်မှရမှာ... ပထမ သုံးလက အရေးအကြီးဆုံးလို့ ကျွန်တော် ကြားဖူးတယ်" ဟု ပြန်ပြောလိုက်သည်။
ရန်မေသည်လည်း ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသဖြင့် ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် စိုးရိမ်သွားပြီး သတိထားတာ အကောင်းဆုံးဟု တွေးလိုက်မိသည်။
လင်းယွမ်က သူမနှင့်အတူ ကုတင်ပေါ်တွင် ခဏမျှ အနားယူကာ သူမ အိပ်ပျော်သွားသည်အထိ စောင့်နေပြီးမှ မြေလျှိုးအစွမ်းကို အသုံးပြု၍ အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
သူသည် အခန်းတံခါးကို ဖွင့်လိုက်ပါက အသံထွက်လာပြီး ရန်မေ နိုးသွားမည်ကို စိုးရိမ်သဖြင့် တံခါးပေါက်မှပင် မထွက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အိပ်မက်မက်နေသော ရန်မေက အရာအားလုံးကို ခံစားသိရှိနေပုံရကာ သူမ၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် ကော့တက်သွားပြီး မျက်နှာတစ်ပြင်လုံးတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။
ဧည့်ခန်းထဲသို့ ပြန်ရောက်သောအခါ လင်းယွမ်က မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ရန်မေ ပြင်ဆင်ထားသော ထမင်းဟင်းများကို ပြန်နွှေးလိုက်သည်။
ထမင်းဟင်းများ နွှေးပြီးသွားချိန်မှာပင် တင်းယန်၊ ဆုန့်ဝမ်နှင့် တုံယန်တို့ အတူတူ ပြန်ရောက်လာကြသည်။
"အစ်ကိုလင်း... အနံ့လေးက မွှေးနေတာပဲ... ဒီနေ့ အစ်ကိုက ဘယ်လိုဖြစ်လို့ ဟင်းချက်နေတာလဲ" ဆုန့်ဝမ်က အခန်းထဲဝင်လာပြီး ဖိနပ်ချွတ်နေရင်း မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော လင်းယွမ်ကို မြင်လိုက်ရသဖြင့် အံ့သြဝမ်းသာစွာ မေးလိုက်သည်။
တင်းယန်ကလည်း သူမ၏ ဘွတ်ဖိနပ်အရှည်ကို ချွတ်ရင်း စပ်စုလိုက်သည်။ "ရှင်က ဘယ်လိုဖြစ်လို့ ဟင်းချက်ဖို့ အချိန်ရနေတာလဲ... ရန်မေရော"
တုံယန်က သူမ၏ ဖိနပ်ကို လွှင့်ပစ်လိုက်ပြီး ခြေဗလာဖြင့် မီးဖိုချောင်ထဲသို့ "ဒုန်း... ဒုန်း... ဒုန်း" ပြေးဝင်လာကာ အနံ့ခံကြည့်ပြီး ချက်ချင်း အော်ပြောလိုက်သည်။ "ဒီအနံ့ကို ရှူကြည့်လိုက်တာနဲ့တင် အမမေ ချက်ထားတာမှန်း သိသာတယ်"
လင်းယွမ်က အော်ဟစ်ရယ်မောလိုက်မိပြီး သူမ၏ နှာခေါင်းလေးကို ဆွဲညှစ်ကာ ပြုံးလျက် ပြောလိုက်သည်။ "နင်ကတော့ အလည်ဆုံးပဲ"
"ရန်မေ အနားယူသွားပြီ... သူချက်ထားတဲ့ ဟင်းတွေကို ငါက ပြန်နွှေးပေးရုံပဲ... ကဲ... အားလုံး စားဖို့ သောက်ဖို့ ပြင်ကြတော့... တစ်နေကုန် အစည်းအဝေး ထိုင်ထားရတာ ပင်ပန်းနေကြပြီ မဟုတ်လား"
တင်းယန်က လျှောက်လာပြီး လက်ဆေးကာ ထမင်းခူးပေးရင်း "မပင်ပန်းပါဘူး" ဟု ဖြေလိုက်သည်။
ဆုန့်ဝမ်ကလည်း ပြေးလာပြီး လက်ဆေးကာ ပျော်ရွှင်စွာ ရယ်မောပြောဆိုလိုက်သည်။ "မပင်ပန်းရုံတင် ဘယ်ကမလဲ... ဒီနေ့ လူတိုင်းက စိတ်ကြွဆေးထိုးခံထားရတဲ့အတိုင်းပဲ... အရမ်းကို စိတ်လှုပ်ရှား တက်ကြွနေကြတာ"
"ဘာသာရေးဂိုဏ်းကြီး သုံးခုရဲ့ အန္တရာယ်က လူတိုင်းရဲ့ ရင်ထဲမှာ စွဲထင်နေတာလေ... အခုမှ ခက်ခက်ခဲခဲနဲ့ အိမ်လေးတစ်လုံး ရလာတာကို ဘယ်သူမဆို ဒီဂိုဏ်းကြီးသုံးခုကြောင့် ပျက်စီးသွားမှာကို ကြောက်ကြတာပေါ့"
"အခု ဘာသာရေးဂိုဏ်းကြီး သုံးခု မရှိတော့ဘူးဆိုတော့ ကျွန်မတို့ ထိုက်ယန်တောင် အတွက် ဘာအန္တရာယ်မှ မရှိတော့ဘူးလေ... ပြီးတော့ ကောင်းမွန်တဲ့ မူဝါဒအသစ်တွေ အများကြီး ချမှတ်လိုက်တော့ ဘယ်သူမှ ပင်ပန်းတယ်လို့ကို မခံစားရတော့ဘူး"
တုံယန်က ဟင်းတစ်ပွဲကို ကိုင်ကာ အပြင်သို့ ထွက်သွားရင်း ထိုစကားကို ကြားလိုက်ရသဖြင့် လှမ်းအော်မေးလိုက်သည်။ "အစ်ကိုလင်း... ရေနတ်ဘုရားဂိုဏ်းရဲ့ မီယွမ်မိုးသစ်တောကျွန်းက တကယ်ပဲ အပူပိုင်းမိုးသစ်တောကြီးနဲ့ တူတာလား... အခု အထဲမှာ နှင်းတွေ မကျဘူးလား"
ဆုန့်ဝမ်ကလည်း အံ့သြစွာဖြင့် "ဟုတ်တယ်နော်... ဘယ်လိုလုပ်ပြီး နှင်းမကျဘဲ နေမှာလဲ... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် ဘက်မှာတောင် နှင်းတွေကျနေတာကို... မီယွမ်မိုးသစ်တောကျွန်းက ရေပေါ်ကျွန်းလေး တစ်ခုပဲလေ... ဒီလို ဆိုးရွားတဲ့ ရာသီဥတုကိုတောင် ကာကွယ်နိုင်တယ်ပေါ့" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "မီယွမ်မိုးသစ်တောကျွန်းရဲ့ အခြေအနေက နည်းနည်းတော့ ထူးခြားတယ်... သူက အလိုအလျောက် အကာအကွယ် စက်ကွင်းတစ်ခု ပါလာတာ... ပြီးတော့ အဲ့ဒါက ရေဓာတ် အကာအကွယ် စက်ကွင်းဖြစ်ပြီး အပူချိန်ကို ထိန်းသိမ်းပေးနိုင်တဲ့ အာနိသင်ရှိပုံရတယ်" ဟု ရှင်းပြလိုက်သည်။
"အထဲမှာ သူ့ဟာသူ လည်ပတ်နေတဲ့ ဂေဟစနစ်တစ်ခု ရှိတယ်... နင်တို့ရဲ့ အမှတ်တွေ ၁၀၀ ကျော်သွားရင် ငါလိုက်ပြမယ်"
မိန်းကလေး သုံးယောက်လုံးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကြပြီး ထမင်းစားရင်း လင်းယွမ်၏ ဘာသာရေးဂိုဏ်းကြီး သုံးခုအား သွားရောက်တိုက်ခိုက်ခဲ့သော အသေးစိတ် အကြောင်းအရာများကို မေးမြန်းနေကြတော့သည်။
လင်းယွမ်က အစည်းအဝေးတွင် ထိုအသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောပြခဲ့ခြင်း မရှိပေ။ ယခု မိသားစုတွေချည်းပဲ ရှိနေချိန်တွင်တော့ သေချာပေါက် မေးရမည်သာ ဖြစ်သည်။
တင်းယန် တစ်ယောက်သာ ထမင်းစားရင်း ရန်မေ၏ အိပ်ခန်းဘက်သို့ မကြာခဏ အမှတ်တမဲ့ လှမ်းကြည့်နေမိသည်။
သူမက ကြည့်ရသည်မှာ စိတ်မြန်လက်မြန်ရှိပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်ပုံရသော်လည်း အမှန်တကယ်တော့ စိတ်သဘောထား အလွန် နူးညံ့သိမ်မွေ့သူ ဖြစ်သည်။
ယခင်က ရန်မေသည် စောစောစီးစီး အိပ်လေ့မရှိပေ။ အကယ်၍ အိပ်နေခဲ့လျှင်တောင် သူတို့ ပြန်လာသည့် အသံကို ကြားပါက ထွက်လာပြီး စကားနှစ်ခွန်းလောက်တော့ ဝင်ပြောတတ်မြဲ ဖြစ်သည်။
သို့သော် ဒီနေ့မှာတော့ ပုံမှန်နှင့်မတူဘဲ ရန်မေက အပြင်ထွက်လာပြီး အားလုံးနှင့် စကားလာမပြောပေ။
နောက်ဆုံးတွင် သူမ မနေနိုင်တော့ဘဲ စားပွဲအောက်မှနေ၍ သူမ၏ ခြေတံရှည်များဖြင့် လင်းယွမ်ကို လှမ်းကန်လိုက်သည်။
လင်းယွမ်က သူမကို ကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ရှင်နဲ့ အမမေတို့ အဆင်ပြေရဲ့လား"
လင်းယွမ်က သူမ ဘာကို ဆိုလိုချင်မှန်း ချက်ချင်း သဘောပေါက်သွားပြီး ရယ်မောလိုက်ကာ "ဘာမှမဖြစ်ပါဘူး... နင်ထင်သလို မဟုတ်ပါဘူး" ဟု ဖြေလိုက်သည်။
ထိုအခါမှ ဆုန့်ဝမ်လည်း သတိထားမိသွားပြီး "အစ်ကိုလင်း... အမမေက အမြဲတမ်း ကျွန်မတို့နဲ့အတူ ထမင်းစားနေကျလေ... ဒီနေ့ နေမကောင်းလို့လား" ဟု မေးလိုက်သည်။
တုံယန်လည်း လှမ်းကြည့်လာသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ရန်မေမှာ ကိုယ်ဝန်ရှိနေပြီ" ဟု ပြောလိုက်သည်။
ရိုးရှင်းသော စကားလုံး အနည်းငယ်က ထိုနေရာရှိ မိန်းကလေးများ၏ မျက်လုံးများကို ချက်ချင်း ပြူးကျယ်သွားစေသည်။
"ရှင်"
"အမမေ ကိုယ်ဝန်ရှိနေပြီ"
"ဒါ"
"ခွမ်း"
တုံယန်နှင့် ဆုန့်ဝမ်တို့၏ လက်များ တုန်ယင်သွားပြီး ပန်းကန်လုံးများ ပြုတ်ကျကုန်သည်။
တင်းယန်၏ မျက်နှာပေါ်တွင်လည်း အံ့သြမှင်သက်နေမှုများ အပြည့်ရှိနေပြီး ဤသို့ဖြစ်လာမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
မိန်းကလေး သုံးယောက်၏ မျက်နှာအမူအရာများမှာ တစ်ယောက်တစ်မျိုးစီ ဖြစ်နေကြသည်။ ဆုန့်ဝမ်၏ ပျော်ရွှင်မှုများကြားတွင် အားကျစိတ် အနည်းငယ် ရောယှက်နေသည်။
တုံယန်မှာ အသက်အငယ်ဆုံးဖြစ်ပြီး သူမ၏ ခေါင်းထဲတွင် ပထမဆုံး တွေးမိလိုက်သည်က "ငါ နောက်ဆိုရင် မိထွေးလေး ဖြစ်တော့မှာလား" ဟူ၍ပင်။
တင်းယန်၏ မျက်လုံးထဲတွင်မူ အားကျမှုနှင့်အတူ အထီးကျန်ဆန်မှု အနည်းငယ် ရှိနေသည်။ သူမကလည်း အမျိုးသမီးတစ်ဦး ဖြစ်ပြီး အသက်ကလည်း ရန်မေထက် မငယ်တော့ပေ။
သူမ၏ ရင်တွင်း အနက်ရှိုင်းဆုံး နေရာတွင်လည်း မိသားစုတစ်ခု၊ ကလေးတစ်ယောက် ရှိချင်သည့် ဆန္ဒ အမြဲတမ်း ရှိနေခဲ့သည်။
သူမ၏ စိတ်မြန်လက်မြန်ရှိမှုနှင့် တိုက်ခိုက်လိုစိတ် ပြင်းထန်မှုတို့က သူမကိုယ်သူမ ကာကွယ်ထားသည့် အပေါ်ယံ ဟန်ဆောင်မှုတစ်ခု သက်သက်သာ ဖြစ်လေသည်။
ဆက်ရန်...
အပိုင်း (၆၀၂) ကလေးထိန်းတစ်ယောက် ငှားသင့်ပြီ
"ဘယ်နှစ်လရှိပြီလဲ"
တင်းယန်က မနေနိုင်ဘဲ မေးလိုက်သည်။
ဆုန့်ဝမ်နှင့် တုံယန်တို့ကလည်း လင်းယွမ်ကို အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "ဒီနှစ်ရက်အတွင်းမှ သိရတာ... ဒါပေမဲ့ ဒေါက်တာရန်ရဲ့ အကဲဖြတ်ချက်အရဆိုရင် နှစ်လကျော်လောက်တော့ ရှိနေလောက်ပြီ"
တင်းယန်က နေ့ရက်များကို တွက်ချက်ကြည့်လိုက်သည်။ လင်းယွမ်သည် လွန်ခဲ့သော တစ်လကျော်ခန့်က တွင်းနက်အရိပ်နဂါး ရေပေါ်ကျွန်းတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ လင်းယွမ် ထိုက်ယန်တောင်မှ ထွက်ခွာသွားချိန်ကတည်းက ရန်မေတွင် ကိုယ်ဝန်ရှိနေခဲ့ခြင်းပင် ဖြစ်သည်။
တင်းယန်က ပြောလိုက်သည်။ "ဒါဆိုရင် နောက်ဆို နေရာအနှံ့ လျှောက်မသွားနဲ့တော့... အိမ်မှာပဲနေပြီး ရန်မေအနားမှာ အချိန်ပေးလိုက်ပါ"
ဆုန့်ဝမ်ကလည်း မနေနိုင်ဘဲ ဝင်ပြောသည်။ "အစ်ကိုလင်း... အစ်ကို ခုတလော နေရာအနှံ့ လျှောက်သွားနေတော့ အားလုံးက အစ်ကို့ကို အရမ်းလွမ်းနေကြတာ"
လင်းယွမ်က အားနာသွားသည့် အမူအရာဖြင့် "ဘာသာရေးဂိုဏ်းကြီး သုံးခုလည်း ပျက်စီးသွားပြီဆိုတော့ ထွက်ပြေးသွားတဲ့ လက်ကျန်လူတွေကလွဲရင် တခြား သိပ်အရေးကြီးတဲ့ ကိစ္စတွေလည်း မရှိတော့ပါဘူး"
"ထိုက်ယန်တောင်က ကိစ္စတွေအကုန်လုံးလည်း အခုဆို လမ်းကြောင်းမှန်ပေါ် ရောက်နေပြီပဲ... ငါလည်း တကယ်ကို ခဏတဖြုတ် အနားယူလို့ ရပါပြီ"
"စိတ်ချ... နောက်ပိုင်း ငါ ထိုက်ယန်တောင်မှာပဲ နေပြီး နင်တို့အနားမှာ ရှိနေပေးပါ့မယ်"
မိန်းကလေး သုံးယောက်စလုံး၏ မျက်နှာတွင် အပြုံးများ ပေါ်လာသည်။
"အမမေရဲ့ ကလေးကို နောက်ကျရင် ဘယ်လိုနာမည်ပေးရင် ကောင်းမလဲ" ဆုန့်ဝမ်က မနေနိုင်ဘဲ မေးလိုက်သည်။
ဤမေးခွန်းကြောင့် ချက်ချင်းပင် အားတက်သရော ဆွေးနွေးမှုများ ဖြစ်ပေါ်လာတော့သည်။
တုံယန်က ချက်ချင်း ဝင်ပြောသည်။ "ဒါက ယောကျ်ားလေးလား မိန်းကလေးလား ဆိုတဲ့အပေါ် မူတည်သေးတယ်... တကယ်လို့ ယောကျ်ားလေးသာဆိုရင် အနာဂတ်မှာ အစ်ကိုလင်းလိုမျိုး တော်တဲ့လူ ဖြစ်လာမှာ သေချာတယ်... နာမည်ကိုလည်း ခန့်ခန့်ထည်ထည်နဲ့ သြဇာရှိတဲ့ နာမည်မျိုး ပေးရမယ်"
ဆုန့်ဝမ်က တခစ်ခစ် ရယ်မောရင်း "မိန်းကလေးဆိုရင်ရော ခန့်ခန့်ထည်ထည်နဲ့ သြဇာမရှိနိုင်ဘူးလား... အမတင်းလည်း မိန်းကလေးပဲလေ... ဘယ်လောက်တောင် တော်လိုက်လဲ"
တင်းယန်က ပြုံးရင်း ပြောလိုက်သည်။ "ဒီကလေးကို ဘယ်လိုနာမည်ပေးမလဲ ဆိုတာက ရန်မေနဲ့ လင်းယွမ်တို့ သဘောပဲလေ"
လင်းယွမ်က ရယ်မောကာ "နင်တို့လည်း ဝိုင်းစဉ်းစားပေးကြလေ... နာမည် လေး၊ ငါးခုလောက် ကြိုစဉ်းစားထားပြီး အချိန်ကျရင် ရွေးကြတာပေါ့"
"သိပြီ သိပြီ... ယောကျ်ားလေးနာမည်ကို ကျွန်မ တာဝန်ယူ စဉ်းစားမယ်" တုံယန်က ချက်ချင်း အော်ပြောလိုက်သည်။
ဆုန့်ဝမ်ကလည်း "မိန်းကလေးနာမည်ကို ကျွန်မ စဉ်းစားမယ်" ဟု အော်ပြောသည်။
တင်းယန်က ပြုံးလိုက်ပြီး "ဒါဆို ဒီလိုလုပ်... အိမ်နာမည်ကိုတော့ ငါ စဉ်းစားမယ်"
လင်းယွမ်က ပြုံးရွှင်စွာဖြင့် "အေးပါ အေးပါ... နင်တို့ပဲ တာဝန်ယူပြီး စဉ်းစားကြ... ငါနဲ့ အမမေက အချိန်ကျရင် တာဝန်ယူပြီး ရွေးပေးမယ်"
ထမင်းစားသောက်ပြီးချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။
ယနေ့ညတွင် လင်းယွမ်သည် အခြားသူများ၏ အခန်းများသို့ မသွားတော့ဘဲ ရန်မေ၏ အခန်းထဲတွင်သာ အနားယူလိုက်သည်။
နောက်တစ်နေ့ မိုးလင်းသောအခါ ရန်မေ၏ ရှည်လျားသော မျက်တောင်ကော့လေးများ အနည်းငယ် တုန်ခါသွားပြီး အိပ်မက်ထဲမှ နိုးထလာသည်။
သူမ ဘေးနားသို့ အလိုအလျောက် လှမ်းကြည့်လိုက်ရာ သူမ တစ်ကိုယ်လုံးကို သန်မာသော လက်မောင်းကြီးတစ်ခုက ဖက်တွယ်ထားပြီး ကြီးမားသော လက်တစ်ဖက်က သူမ၏ ရင်ဘက်ပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရသည်။
ရင်းနှီးနေသော အငွေ့အသက်ကို ခံစားရင်း သူမ ခေတ္တ ငေးကြောင်သွားမိပြီး မလှမ်းမကမ်းမှ သန္ဓေပြောင်း နေကြာပန်းဆီမှ ထွက်ပေါ်နေသော နူးညံ့နွေးထွေးသည့် အလင်းရောင်ကို လှမ်းကြည့်လိုက်သည်။
နွေးထွေးသော စောင်အောက်ရှိ အခြေအနေနှင့် ပြတင်းပေါက် အပြင်ဘက်တွင် ငန်းမွေးများသဖွယ် ဖြာကျနေသော နှင်းပွင့်ကြီးများမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဤကဲ့သို့သော ရာသီဥတုမျိုးက အိပ်ရာထနောက်ကျရန် အလွန်ပင် သင့်တော်လှပေသည်။
သူမ အလိုအလျောက် ခေါင်းလှည့်ကာ ဘေးနားရှိ ခန့်ညားသော လင်းယွမ်ကို ကြည့်လိုက်မိသည်။
ချက်ချင်းပင် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူမ သူ့ရင်ခွင်ထဲသို့ အလိုအလျောက် တိုးဝင်လိုက်ပြီး သူ၏ ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
လင်းယွမ် မျက်လုံးများ ပွင့်လာပြီး ရန်မေ၏ ရှားရှားပါးပါး ကလေးဆန်သော အမူအရာလေးကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
သူမ၏ ပြောင်ဝင်းနေသော နဖူးလေးကို အကြင်နာပေးလိုက်ရင်း လင်းယွမ်က မေးလိုက်သည်။ "နိုးပြီလား"
ရန်မေက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောသည်။ "အိပ်မက်မက်နေသလိုပဲ ခံစားရတယ်... အမမှတ်ဉာဏ်ထဲမှာ ဒီလိုမျိုး အေးအေးချမ်းချမ်း မအိပ်ရတာ တော်တော်ကြာနေပြီ"
လင်းယွမ်က ရယ်မောရင်း "ဘာလို့ မရှိရမှာလဲ... ပထမဆုံးအကြိမ် ကျွန်တော် အမကို ဆွဲဆောင်မှုရှိတဲ့ အတွင်းခံလေး ဝတ်ခိုင်းခဲ့တဲ့ အချိန်တုန်းကလေ မှတ်မိလား... အဲ့ဒီတုန်းက အမ နှစ်ခါ သုံးခါလောက် သတိလစ်သွားပြီး နောက်နေ့ ကုတင်ပေါ်ကတောင် မဆင်းနိုင်ဘူးလေ... အဲ့ဒီတုန်းက အေးအေးချမ်းချမ်း မအိပ်ရဘူးလား"
"အာ... မောင်လေးက တော်တော်ဆိုးတာပဲ"
ရန်မေက မနေနိုင်ဘဲ သူမ၏ သွားလေးများဖြင့် သူ၏ ရင်ဘတ်ကို ကိုက်လိုက်သည်။ သူမမှာ နွေးထွေးကြည်နူးစရာလေးတွေကို တွေးနေပါလျက်နှင့် သူက တမင်သက်သက် ရှက်စရာကောင်းသော ကိစ္စများကို ထည့်ပြောနေသည် မဟုတ်ပါလား။
လင်းယွမ်က ဟားတိုက် ရယ်မောလိုက်လေသည်။
ရန်မေသည် သူ၏ တောင့်တင်းခိုင်မာသော ရင်အုပ်ကြွက်သားများပေါ်သို့ မှီချလိုက်ပြီး သူ၏ သန်မာအားပါသော နှလုံးခုန်သံကို နားထောင်ရင်း လုံခြုံနွေးထွေးမှုကို အပြည့်အဝ ခံစားနေရသည်။
သူမက နူးညံ့သော လေသံဖြင့် "အမက နည်းနည်း တကယ်မဟုတ်သလို ခံစားနေရလို့ပါ... မောင်လေးရဲ့ရင်ခွင်ထဲမှာရယ်... အပြင်ဘက်မှာလည်း မိုးသည်းကြီးမည်းကြီး ရွာမနေဘူးဆိုတော့... ကပ်ဘေးမကျခင် အချိန်ကို ပြန်ရောက်သွားပြီလို့တောင် အမ ထင်သွားမိတယ်"
"ကပ်ဘေး မကျခင်ကတည်းကသာ အမ မောင်လေးကို တွေ့ခဲ့ရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်"
လင်းယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။ "အခုက ပိုမကောင်းဘူးလား... ကပ်ဘေးကာလကြီး ဖြစ်နေပေမဲ့ ကျွန်တော်တို့က စားစရာလည်း မရှား... ဝတ်စရာလည်း မရှားဘူး... ကိုယ်ပိုင် အခြေခံအဆောက်အအုံတွေတောင် ရှိနေသေးတာပဲ"
"ကပ်ဘေး မကျခင်ကဆိုရင် ကျွန်တော်က အိမ်လခ အကြွေးတွေ တင်နေပြီး ဘာပညာမှလည်း မတတ်ဘူး... အဲ့ဒီလို ဘဝမျိုးက ဘယ်လိုလုပ် ကောင်းကောင်း နေနိုင်ပါ့မလဲ"
ရန်မေက မနေနိုင်ဘဲ ဝင်ပြောသည်။ "အဲ့ဒါ သူတို့က မောင်လေးအကြောင်း နားမလည်လို့ မောင်လေးရဲ့ ကောင်းကွက်တွေကို မသိကြတာပါ"
"တကယ့် အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကျမှပဲ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို မြင်နိုင်တာလေ"
လင်းယွမ်မှာ ငိုရမလို ရယ်ရမလို ဖြစ်သွားပြီး "ရင့်ကျက်ပြည့်စုံနေတဲ့ လူမှုအဖွဲ့အစည်း ဖွဲ့စည်းပုံထဲမှာတော့ သာမန်လူတွေအတွက် ကြီးပွားတိုးတက်ဖို့ အခွင့်အရေးဆိုတာ မရှိသလောက်ပါပဲ"
"အမလည်း လျှောက်တွေးမနေပါနဲ့တော့... လက်ရှိအချိန်ကိုပဲ အကောင်းဆုံး ဆုပ်ကိုင်ထားပြီး ကျွန်တော်တို့တွေ အတူတူ ပျော်ပျော်ရွှင်ရွှင် နေသွားကြတာက အကောင်းဆုံးပဲ မဟုတ်ဘူးလား"
ရန်မေက ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ပြီးနောက် ပျင်းရိပျင်းတွဲဖြင့် အကြောဆန့်လိုက်ရာ ဖြူဖွေးနုဖတ်နေသော အသားအရည် အများအပြား ပေါ်ထွက်လာသည်။
သူမက "အမ တစ်ညလုံးလည်း အိပ်ပြီးပြီဆိုတော့... ထမင်းဟင်း သွားချက်လိုက်ဦးမယ်"
လင်းယွမ်က သူမကို အလျင်အမြန် ဆွဲထားလိုက်ပြီး "အမ မထနဲ့တော့... ကျွန်တော်ပဲ သွားချက်လိုက်မယ်... ပထမ သုံးလမှာ ငြိမ်ငြိမ်လေး အနားယူရမယ်လို့ ပြောထားတယ် မဟုတ်လား"
ရန်မေက အနည်းငယ် တုံ့ဆိုင်းသွားပြီး "ထမင်းဟင်း ချက်တာလောက်တော့ ကိစ္စမရှိလောက်ပါဘူး"
"ပြီးတော့ အမကလည်း အစွမ်းပိုင်ရှင် တစ်ယောက်ပဲလေ... အဲ့ဒီလောက်ကြီးလည်း မနုပါဘူး"
လင်းယွမ်က ပြုံးရင်း "ဒီသုံးလအတွင်းမှာ အမ ဘာမှ မလုပ်နဲ့တော့... ဒီလိုလုပ်... ကျွန်တော် နောက်ကျရင် ဟင်းချက်တတ်တဲ့ အဒေါ်ကြီး တစ်ယောက်ယောက်များ လာကူပေးနိုင်မလား သွားမေးကြည့်လိုက်ဦးမယ်"
ထိုက်ယန်တောင်တွင် အသက်ရှင်ကျန်ရစ်သူများ အများအပြား ရှိပြီး အမျိုးသမီး အသက်ရှင်ကျန်ရစ်သူများလည်း မနည်းလှပေ။ ဟင်းချက်တတ်သူများမှာလည်း အများအပြား ရှိနေသည်။
လင်းယွမ် ခန့်မှန်းကြည့်ရသလောက် သူသာ သတင်းထုတ်ပြန်လိုက်လျှင် ဆန္ဒရှိသူ အမြောက်အမြား ရှိလာမည်မှာ သေချာသည်။
ရန်မေက အလျင်အမြန် တားလိုက်သည်။ "နေပါစေ... အဲ့ဒီလောက်ကြီးလည်း လူတွေ အလုပ်ရှုပ်မခံပါနဲ့... ဟိုဘက်က ထန်ယင်းတောင် ဒီလောက်ကြီး ဂရုစိုက်မခံရပါဘူး... ထန်ယင်းက ဆေးကျောင်းသူလေ... ဒေါက်တာရန်ကလည်း တိုင်းရင်းဆေးဆရာပဲ... သူတို့တောင် ငြိမ်ငြိမ်လေး နားမနေကြဘဲနဲ့... အမကျမှ တစ်မူထူးပြီး မလုပ်ပါနဲ့တော့"
လင်းယွမ်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့သော်လည်း ဟင်းချက်ရန် လူငှားမည့် ကိစ္စကိုတော့ သေချာပေါက် ရှာဖွေရမည် ဖြစ်သည်။
ရန်မေနှင့်အတူ ခဏမျှ ကြည်နူးစွာ နေထိုင်ပြီးနောက် ရန်မေသည် ရုတ်တရက် မွှေးပျံ့သော အနံ့တစ်ခုကို ရလိုက်သည်။
"ဟင်... ဘယ်သူ မနက်စာ လုပ်နေတာလဲ"
လင်းယွမ်လည်း ထိုအနံ့ကို ရသွားပြီး "ကျွန်တော် သွားကြည့်လိုက်မယ်"
"အမလည်း လိုက်ခဲ့မယ်"
သူတို့နှစ်ဦးစလုံး အိပ်ရာမှထကာ အဝတ်အစားများ လဲလှယ်လိုက်ကြပြီး မီးဖိုချောင်သို့ သွားကြည့်လိုက်ရာ တင်းယန်၊ ဆုန့်ဝမ်နှင့် တုံယန်တို့ သုံးယောက်စလုံး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
လင်းယွမ်၏ မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ပြုံးကာ မေးလိုက်သည်။ "နင်တို့ သုံးယောက် ဘယ်လိုလုပ်ပြီး ဟင်းချက်ဖို့ အားနေကြတာလဲ"
ရန်မေကလည်း အလျင်အမြန် လှမ်းပြောသည်။ "အို... တင်းယန်၊ ဝမ်ဝမ်၊ ယန်ယန်... နင်တို့ အဲ့ဒါတွေ အမြန်ချထားလိုက်... ငါပဲ လုပ်လိုက်ပါ့မယ်"
တင်းယန်က လှည့်ကြည့်ကာ ရန်မေကို တားလိုက်ရင်း ပြုံးပြသည်။ "ရန်မေ... နင့်မှာ အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ အနားများများ ယူရမယ်လေ"
ဆုန့်ဝမ်ကလည်း ဝင်ပြောသည်။ "အမမေ... အရင်တုန်းက အမပဲ ကျွန်မတို့ကို ထမင်းဟင်း ချက်ကျွေးခဲ့တာ... အခု ကျွန်မတို့ အလှည့် ရောက်ပြီလေ"
တုံယန်ကလည်း တခစ်ခစ် ရယ်မောရင်း "ဒါပေမဲ့ ကျွန်မတို့ ချက်တာကတော့ အမ ချက်သလောက် အရသာမရှိဘူးနော်... အမမေ... အမကတော့ မကြိုက်ဘူးလို့ မပြောနဲ့ဦး"
ရန်မေမှာ ကြည်နူးစိတ်ကြောင့် မျက်ရည်များပင် ဝဲလာပြီး အလျင်အမြန် ပြောလိုက်သည်။ "ဘယ်လိုလုပ် မကြိုက်ဘဲ နေပါ့မလဲ... နင်တို့... နင်တို့ ဒီလိုလုပ်တော့ ငါတောင် ငိုချင်လာပြီ"
လင်းယွမ်သည် သူတို့၏ သိတတ်လိမ္မာသော မြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ကြည်နူးမှုများ ဖြစ်ပေါ်လာမိသည်။
သူ အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "နင်တို့ကလည်း ထိုက်ယန်တောင်က ဌာနအသီးသီးရဲ့ တာဝန်ခံတွေ ဖြစ်နေပြီဆိုတော့... ထမင်းဟင်း ကူချက်ပေးဖို့ အချိန်အဲ့ဒီလောက် ရှိမှာမဟုတ်ဘူး... ငါ နောက်ကျရင် ဟင်းချက်တတ်တဲ့သူ တစ်ယောက်ကို သီးသန့် သွားရှာပြီး လာချက်ခိုင်းလိုက်မယ်"
တင်းယန်က "ဒါက တကယ်ကို လိုအပ်တယ်... နောက်ပိုင်း ရန်မေက ကိုယ်ဝန်နဲ့ဆိုတော့ ကိစ္စတော်တော်များများကို လုပ်လို့ရမှာ မဟုတ်ဘူး... အစားအသောက်ပိုင်းကိုလည်း သေချာ ဂရုစိုက်ဖို့ လိုအပ်တယ်"
"ကျွန်မတို့ကလည်း သိပ်နားလည်တာ မဟုတ်ဘူး... နောက်ကျရင် နေထိုင်သူတွေထဲမှာ ကလေးထိန်း အတွေ့အကြုံရှိတဲ့သူ... ဒါမှမဟုတ် ဒီဘက်ပိုင်းကို နားလည်တဲ့သူ ရှိမရှိ မေးကြည့်လိုက်မယ်"
ရန်မေက အလျင်အမြန် ဝင်ပြောသည်။ "အဲ့ဒီလောက်ကြီးလည်း ဒုက္ခမခံပါနဲ့... ဒေါက်တာရန်က တိုင်းရင်းဆေးဆရာပဲ... အစားအသောက်ပိုင်းကို သူ သိပါတယ်... ငါ နောက်ကျရင် ဒေါက်တာရန်နဲ့ ထန်ယင်းကို မေးကြည့်လိုက်ရင် ရပါပြီ"
ဤမနက်စာသည် ရန်မေ ချက်သလောက် အရသာမရှိလှပေ။
သို့သော် လူတိုင်း၏ ရင်ထဲတွင် နွေးထွေးမှုများကို ခံစားလိုက်ရပြီး ရန်မေ စားလိုက်သောအခါတွင်လည်း အလွန် အရသာရှိသည်ဟု ထင်မှတ်နေမိသည်။
မနက်စာ စားပြီးနောက် တင်းယန်၊ ဆုန့်ဝမ်နှင့် တုံယန်တို့ သုံးယောက်စလုံးသည် အလျင်စလို အပြင်ထွက်ကာ အလုပ်ရှုပ်သွားကြတော့သည်။
ယမန်နေ့ကမှ ထိုက်ယန်တောင်၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး ပြီးဆုံးခဲ့ရာ စီစဉ်ရမည့် ကိစ္စများ အလွန်များပြားနေသဖြင့် သူတို့မှာ အလုပ်များလွန်း၍ လက်မလည်နိုင်အောင် ဖြစ်နေကြသည်မှာ သဘာဝပင်။
လင်းယွမ်ကတော့ ဘာမှလုပ်စရာမရှိသူကြီး ဖြစ်သွားပြီး အိမ်တွင် ရန်မေနှင့်အတူ ရှိနေပေးလေသည်။
ရန်မေကမူ ငြိမ်ငြိမ်မထိုင်နိုင်ဘဲ ဘာမှလုပ်စရာမရှိသဖြင့် စိတ်ထဲတွင် ကသိကအောက် ဖြစ်နေကာ ဈေးဝယ်စင်တာဘက်ရှိ ရုံးခန်းသို့ သွားရောက်၍ အခြေအနေကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လင်းယွမ်က မတားဆီးပေ။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ စိတ်ခံစားချက်က အလွန်အရေးကြီးသော်လည်း ကိုယ်ဝန်ဆောင်ကို အားလပ်နေစေ၍ မရပေ။ တစ်ဖက်လူအတွက် လုပ်စရာကိစ္စ တစ်ခုခု ရှိနေခြင်းက အကောင်းဆုံး ဖြစ်ပြီး သို့မှသာ လျှောက်တွေးနေမည် မဟုတ်ပေ။
ထို့ကြောင့် သူသည် ရန်မေနှင့်အတူ လိုက်ပါသွားပြီး ဈေးဝယ်စင်တာသို့ ကိုယ်တိုင် သွားပို့ပေးပြီးနောက် ပစ္စည်းသိုလှောင်ရုံအတွက် ကုန်ပစ္စည်း အတော်များများကို ဖြည့်တင်းပေးလိုက်သည်။
အထူးသဖြင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ဖြစ်သည့် အမျိုးသမီးသုံး လစဉ်သုံးပစ္စည်း ကဲ့သို့သော အရာများမှာ ကုန်ဆုံးသွားသည်မှာ ကြာပြီ ဖြစ်သည်။
ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည် တို့ကိုမူ ယခုအခါ လင်းယွမ်ဘက်မှ လဲလှယ်ပေးရန် မလိုအပ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ပဲပိစပ် စိုက်ပျိုးမှု အောင်မြင်ပြီးနောက် ပဲဖြင့် ပြုလုပ်သော ထုတ်ကုန်အချို့ကို မိမိဘာသာ ပြုလုပ်နိုင်နေပြီ ဖြစ်သောကြောင့်တည်း။
ဥပမာအားဖြင့် ပဲပြား၊ ပဲခြောက်၊ တို့ဖူး၊ ပဲနို့၊ ပဲပိစပ်ဆော့စ်နှင့် ပဲငံပြာရည် ကဲ့သို့သော အရာများပင် ဖြစ်သည်။
လင်းယွမ်သည် ကုန်ပစ္စည်းများကို ပစ္စည်းသိုလှောင်ရုံတွင် ဖြည့်တင်းပြီးနောက် သူ၏ အမှတ်များကို ကြည့်လိုက်သည်။
အမှတ်များ စုဆောင်းရသည့် နှုန်းမှာ နှေးကွေးလွန်းနေဆဲပင်။ ယခုအခါ လူဦးရေ တိုးလာသော်လည်း အကြောင်းအကျိုး လွှဲပြောင်းခြင်း၏ စွမ်းဆောင်ရည်မှာ မြင့်တက်မလာသေးပေ။
အဓိကအားဖြင့် သားသတ်ရုံရှိ စက်များပေါ်တွင် သူ၏ အကြောင်းအကျိုး ထိခိုက်မှု လွှဲပြောင်းခြင်း အစွမ်းကို အသုံးပြုကာ အမှတ်အမြောက်အမြားကို ရယူနေသော်လည်း...
မြွေမိစ္ဆာ ဟင်းလင်းပြင်နှင့် တွင်းနက်အရိပ်နဂါး အစရှိသည့် ရေပေါ်ကျွန်းများဘက်တွင် သတ်ဖြတ်ခြင်း လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ အကြောင်းအကျိုး လွှဲပြောင်းခြင်း စက်များကို အချိန်မီ မစီစဉ်နိုင်သေးပေ။
"အရင်က ဝူယင်ကို အကြောင်းအကျိုး လွှဲပြောင်းတဲ့ စက်တွေ ယူသွားပြီး တွင်းနက်အရိပ်နဂါးကျွန်းဘက်ကို စေလွှတ်ထားခဲ့တာဆိုတော့... အဲ့ဒီဘက်မှာ အသုံးပြုနေလောက်ပြီ"
"မြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်မှာလည်း အသုံးပြုနေလောက်ပါပြီ"
"ဒီရက်ပိုင်းအတွင်း ရလဒ်ကို တွေ့ရလောက်တယ်"
"မီယွမ်မိုးသစ်တောကျွန်းနဲ့ မြေဝါနတ်ဘုရားကျွန်းဘက်ကို လုံးဝ လက်ပြောင်းယူပြီးလို့ သားသတ်ရုံတွေကို အဲ့ဒီဘက်မှာ ဖွင့်လိုက်နိုင်ရင်... ငါ့ရဲ့ အမှတ်တိုးပွားလာတဲ့ နှုန်းက အများကြီး မြင့်တက်လာတော့မှာ"
"ဒါနဲ့... အခု အချိန်ရတုန်း လက်နက်စက်ရုံဘက်ကို သွားပြီး လက်နက်စက်ရုံရဲ့ ပုံစံထုတ် ဒီဇိုင်းတွေမှာ ဒီလို အကြောင်းအကျိုး ထိခိုက်မှု လွှဲပြောင်းတဲ့ လုပ်ဆောင်ချက်မျိုး ထပ်ထည့်လိုက်ရင် ကောင်းမယ်"
လင်းယွမ်၏ စိတ်ထဲတွင် ထိုအတွေး ဖြတ်ပြေးသွားပြီး တစ်ချိန်တည်းမှာပင် ချန်ဖူတောင်၊ မီသွေ့တောင်နှင့် တိန့်ကုန်းတောင် အစရှိသည့် တောင်ကုန်းများတွင်လည်း လူဦးရေ အများအပြား နေထိုင်နေကြသည်ကို တွေးမိလိုက်သည်။
စစ်တပ်၏ ချန်ချုံးတောင်ပေါ်တွင်လည်း လူဦးရေ အများအပြား နေထိုင်ကြသည်။
ကြည့်ရသည်မှာ သားသတ်ရုံကို ထိုဘက်အထိပါ ဖွင့်လှစ်ရန် လိုအပ်ပုံရသည်။
"ဟူး... အခုဆိုရင် အခြေအနေက တဖြည်းဖြည်း ပိုကျယ်ပြန့်လာတော့... အမှတ်တွေက သုံးဖို့တောင် လုံးဝ မလောက်တော့ဘူး"
လင်းယွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ယခုအခါ နေ့စဉ် အမှတ် သောင်းဂဏန်းအထိ ဝင်ငွေရှိနေသော်လည်း လုံးဝကို မလုံလောက်ပေ။
မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့အတွက်တင် အမှတ် တစ်သန်းခန့် လိုအပ်လေသည်။
ထိုက်ယန်တောင်ဘက်တွင် ထူးခြားသော အရည်အသွေး ရှိသူများစွာ ရှိနေပြီး ရေပေါ်ကျွန်းအချို့တွင် ကိုက်ညီသော မျိုးရိုးဗီဇမျိုးစေ့များကို မရရှိနိုင်ပါက သူ့စနစ်ကို အားကိုး၍သာ လဲလှယ်ရမည် ဖြစ်သည်။
သေချာသည်ကတော့ သာမန်လူများအတွက် သူ ကူညီပြီး လဲလှယ်ပေးမည် မဟုတ်ပေ။
သို့သော် ရန်ဆန်းမင်၊ ထန်ယင်း တို့ကဲ့သို့သော မိတ်ဆွေဟောင်းများက သက်ဆိုင်ရာ မျိုးရိုးဗီဇမျိုးစေ့များကို လဲလှယ်ရန် လိုအပ်လာပါက သူ စဉ်းစားပေးရဦးမည် ဖြစ်သည်။
ထို့အပြင် ယခုအခါ မိမိလက်ထဲတွင် ရေပေါ်ကျွန်း အမြောက်အမြား ရှိနေသဖြင့် ကျေးရွာအဆင့် လျှပ်စစ်ထုတ်လုပ်ရေး စက်ကိရိယာများမှာ အသုံးပြုရန် လုံလောက်တော့မည် မဟုတ်ဟု ခန့်မှန်းရသည်။
နောက်ပိုင်းတွင် ရေပေါ်ကျွန်းတိုင်း၌ လျှပ်စစ်ထုတ်လုပ်ရေး စက်ကိရိယာများကို အသစ်ပြန်လည် တည်ဆောက်ရမည် ဖြစ်ရာ ၎င်းတို့အတွက် အမှတ်များစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပေသည်။
ကံကောင်းသည်မှာ နေရာအားလုံး တည်ငြိမ်သွားမည့် အချိန်ကို စောင့်ဆိုင်းနိုင်ပါက လူဦးရေ အများအပြားက သူ့အတွက် အမှတ်များကို ကူညီစုဆောင်းပေးနိုင်မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူ၏ နေ့စဉ် အမှတ်ဝင်ငွေမှာ အဆပေါင်းများစွာ မြင့်တက်လာပေလိမ့်မည်။
အကယ်၍ စစ်တပ်ဘက်ကိုပါ သားသတ်ရုံရှိ စက်များကို အသုံးပြုခိုင်းနိုင်မည် ဆိုလျှင်...
စစ်တပ်မှ သတ်ဖြတ်လိုက်သော ကောင်းကင်ချောက်နက် သတ္တဝါများ အားလုံးကို သူ့နာမည်အောက်သို့ သွင်းလိုက်နိုင်ပါက တစ်ရက်တည်းဖြင့် အမှတ် တစ်သန်းအထိ ရရှိရန်လည်း ဖြစ်နိုင်ချေ ရှိလာပေမည်။
"နောက်ပိုင်းကျရင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနနဲ့ လက်နက်စက်ရုံကနေ ထုတ်လုပ်တဲ့ လက်နက်ကြီးတွေ အားလုံးမှာ... အကြောင်းအကျိုး ထိခိုက်မှု လွှဲပြောင်းတဲ့ သင်္ကေတတွေကို ရေးဆွဲထားမှ ရတော့မယ်"
"ပြီးတော့ ဒီ ကောင်းကင်ချောက်နက်နဲ့ ထာဝရချောက်နက် ဆိုတာက တကယ်တော့ ဘာတွေလဲ ဆိုတာကိုလည်း ကြိုတင် လေ့လာသိရှိနိုင်ဖို့ နည်းလမ်းရှာရမယ်"
"ကျန်းယွီကျန်း ပြောပုံအရဆိုရင်... ဒီလိုမျိုး ကောင်းကင်ချောက်နက် လမ်းကြောင်းက... ရေပေါ်ကျွန်းတွေရဲ့ အထက်လေထဲမှာ ပေါ်လာဖို့ အလွယ်ကူဆုံးပဲ"
"ကောင်းကင်ချောက်နက် လမ်းကြောင်းဆိုတာ... အခြေခံအားဖြင့် ရေပေါ်ကျွန်းတွေ အောက်ကို ကျသွားပြီး... မိုးကြိုးတိမ်တိုက်တွေကို ဖြတ်သန်းသွားပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းပဲ"
"ရေပေါ်ကျွန်း ရေစီးအတိုင်းမျောပါသွားပြီးတဲ့နောက်မှာ ဒီကောင်းကင်ချောက်နက် လမ်းကြောင်းက အပြောင်းအလဲ မရှိဘဲ ကျန်နေခဲ့မှာလား... ဒါမှမဟုတ် ရေပေါ်ကျွန်းနဲ့အတူ ရွေ့လျားသွားမလား ဆိုတာကိုပဲ မသိရတာ"
လင်းယွမ်၏ အတွေးများ ဂယောက်ဂယက် ဖြစ်နေပြီး စုံစမ်းစစ်ဆေးရေး ဌာနဘက်မှ လူများကို အနီးအနားသို့ ပိုမို စေလွှတ်ကာ ကောင်းကင်ချောက်နက် လမ်းကြောင်း ပေါ်လာသည့် အခြေအနေများ ရှိမရှိ စူးစမ်းလေ့လာခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် လင်းယွမ် အချိန်မီ သွားရောက် စုံစမ်းရန် မဖြစ်နိုင်ခဲ့သေးသော ကိစ္စရပ် အချို့လည်း ရှိနေသေးသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်က လင်းယွီကျွန်းသည် ထိုက်ယန်တောင်မှ ကြိုတင် ထွက်ခွာသွားခဲ့ပြီး တွင်းနက်အရိပ်နဂါး ရေပေါ်ကျွန်းသို့ သွားရောက်ကာ ကံစမ်းမည်ဟု ပြောဆိုခဲ့သော်လည်း ထိုသို့ ထွက်သွားပြီးနောက် ပြန်မလာတော့ပေ။
လင်းယွမ် ကိုယ်တိုင် တွင်းနက်အရိပ်နဂါးကို သန့်စင်ပြီးစီးသွားခဲ့သည့်တိုင်အောင် လင်းယွီကျွန်းကို မရှာတွေ့ခဲ့သဖြင့် ဤကိစ္စက သူ့ကို အမြဲတစေ မကောင်းသော နိမိတ်တစ်ခုခု ခံစားနေရစေသည်။
ဒုတိယအချက်မှာ ဤတစ်ကြိမ် တွင်းနက်အရိပ်နဂါး ခရီးစဉ်တွင် သူသည် လင်ကျောင်းမြို့ပြင်ပရှိ မြို့ပြအင်အားစုများနှင့် အဆက်အသွယ် ရခဲ့သဖြင့် လင်ကျောင်းမြို့ ပြင်ပရှိ အခြေအနေများကို သွားရောက် စုံစမ်းစစ်ဆေးရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
ဆက်ရန်...