အခန်း (၆၀၉-၆၁၀)
Vol. 31 Ch. 609-610
အပိုင်း(၆၀၉) တိမ်မြူကျွန်းမှ စာတစ်စောင်
ဆုန့်ဝမ်က အမြန်ထရပ်လိုက်ပြီး "နင် ဘယ်မှာ မြင်လိုက်တာလဲ" ဟု မေးလိုက်၏။
"မီးဖိုချောင်ထဲမှာလေ... ဟင်းချက်နေတာ... အစ်ကိုလင်းယွမ်ကတော့ ဆိုဖာပေါ်မှာ တစ်ယောက်တည်း ထိုင်နေတယ်"
"ဆိုဖာပေါ်ထိုင်ပြီး ဘာလုပ်နေတာလဲ"
"စာရွက်စာတမ်းတွေ ဖတ်နေတယ်လေ"
"သူ တကယ်ပဲ စာရွက်စာတမ်းတွေကို ဖတ်နေတာ ဟုတ်မဟုတ် နင် သေချာကြည့်ခဲ့ရဲ့လား" ဟု ဆုန့်ဝမ်က မေးလိုက်သည်။
တုံယန်က ခေါင်းခါလိုက်ပြီး "သေချာတော့ မကြည့်ခဲ့ဘူး... အဲ့ဒီအမျိုးသမီးကို မြင်မြင်ချင်း အမဝမ်ကို လာခေါ်တာပဲ"
ဆုန့်ဝမ်က နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး "လာ... ငါတို့ သွားကြည့်ရအောင်"
ထိုသို့ပြောရင်း သူမ၏ နောက်လိုက်လေး တုံယန်ကို ခေါ်ကာ အခန်းထဲမှ အတူတကွ ထွက်လာခဲ့ကြသည်။
အခန်းထဲမှ ထွက်လိုက်သည်နှင့် လင်းယွမ်က စာရွက်စာတမ်းများကို ချထားလိုက်ချိန်နှင့် လင်းယာက ဟင်းတစ်ပွဲကို သယ်ဆောင်လာပြီး စားပွဲပေါ် ချထားလိုက်ချိန်တို့ တစ်ထပ်တည်း ကျသွားသည်ကို သူမ တွေ့လိုက်ရ၏။
သူတို့နှစ်ဦး အကြည့်ချင်းဆုံကာ စကားပြောနေကြသည်။
ဆုန့်ဝမ်က လင်းယာ၏ ဘေးတိုက် ကိုယ်လုံးကိုယ်ပေါက်ကို ပထမဆုံး သတိပြုမိသွားသည်။
အသက်သုံးဆယ်အရွယ် လင်းယာသည် အရပ် ၅ ပေ ၇ လက်မခန့်ရှိပြီး ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက် ရှိ၏။ ခရမ်းရောင် ဆွယ်တာအင်္ကျီအောက်တွင် သူမ၏ ရင်သားများမှာ မို့မောက်ပြည့်တင်းနေသည်။
ခါးမြင့် ဂျင်းဘောင်းဘီပွပွကို ဝတ်ဆင်ထားမှုက သူမ၏ သွယ်လျသော ခါးလေးကို အပြစ်အနာအဆာကင်းစွာ ပေါ်လွင်စေသည်။
ခြေထောက်တွင် အဖြူရောင် အမွေးပွ ဖိနပ်လေးကို စီးထားပြီး သူမ၏ တစ်ကိုယ်လုံးမှ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုး ထွက်ပေါ်နေ၏။
၎င်းက ဆုန့်ဝမ်နှင့် တုံယန်တို့ နှစ်ဦးစလုံးတွင် မရှိသော ဆွဲဆောင်မှုမျိုး ဖြစ်သည်။
အမမေကလွဲလျှင် တင်းယန်၌ပင် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုး မရှိချေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆုန့်ဝမ် ချက်ချင်း သတိဝင်သွားသည်။
သူမက အမူအရာမပျက်ဘဲ လျှောက်သွားကာ "ဒီအမက လင်းယာ ဆိုတာလား" ဟု နှုတ်ဆက်လိုက်၏။
လင်းယာက လှည့်ကြည့်လိုက်ပြီး ဆုန့်ဝမ်ကို မြင်သောအခါ ချက်ချင်း ပြုံးပြလိုက်သည်။ "မင်္ဂလာပါ ဆုန့်ဝမ်... တုံယန်... ကျွန်မက လင်းယာပါ"
ထိုသို့ပြောရင်း သူမက ပွင့်ပွင့်လင်းလင်းပင် လက်ကမ်းပေးလိုက်သည်။
ဆုန့်ဝမ်ကလည်း ယဉ်ကျေးစွာဖြင့် သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ပြုံးပြုံးလေး ပြောလိုက်၏။ "မနေ့က အစ်ကို ပြောတယ်... အမမေက ဟင်းချက်အရမ်းကောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို ခေါ်လာတယ် ဆိုလို့"
"အမလင်းယာက ဒီလောက်တောင် လှနေမယ်လို့ ကျွန်မ မထင်ထားဘူး"
ထိုစကားကို ကြားသောအခါ လင်းယာက နူးညံ့စွာ ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ်... ညီမလေးလည်း အရမ်းလှတာပါပဲ"
သူမက မိမိ၏ အလှအပကို မငြင်းဆန်ဘဲ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်ခြင်း ဖြစ်သည်။
ထိုအချက်က ဆုန့်ဝမ်ကို ဤအမျိုးသမီးသည် မြေခွေးမတစ်ကောင်နှင့် မတူလှဟု ရုတ်တရက် ခံစားသွားရစေသည်။
ထို့အပြင် တစ်ဖက်လူထံမှ ထွက်ပေါ်နေသော နူးညံ့သိမ်မွေ့မှုနှင့် အသိဉာဏ်ကြွယ်ဝမှုတို့က သူမကို ခဏတာမျှ ရန်လိုစိတ် မဖြစ်ပေါ်စေနိုင်တော့ပေ။
သူမက လင်းယွမ်ကို လှမ်းကြည့်လိုက်ပြီး နောက်ပြောင်ဟန်ဖြင့် မေးလိုက်၏။ "အစ်ကို... အစ်ကိုက အမလင်းယာ အရမ်းလှနေလို့ အလုပ်ခန့်လိုက်တာများလား"
ထိုစကားကို ကြားလိုက်ရသော လင်းယွမ်သည် သူမနှင့် တုံယန်ကို တစ်ချက်ကြည့်လိုက်ရာ မိန်းကလေးနှစ်ယောက်၏ သဝန်တိုနေမှုကို ချက်ချင်း သဘောပေါက်သွားသည်။
ထို့ကြောင့် သူက ပြုံးလိုက်ပြီး "နင်တို့ကတော့... သူ ချက်ထားတဲ့ ဟင်းကို အရင်မြည်းကြည့်ပြီးမှ ဆက်ပြောကြ"
လင်းယာသည်လည်း ဆုန့်ဝမ်နှင့် တုံယန်တို့၏ သဝန်တိုနေမှုကို ရိပ်မိလိုက်သဖြင့် ရင်ထဲတွင် မတတ်သာသလို ခံစားလိုက်ရပြီး လင်းယွမ်ကို မနေနိုင်ဘဲ တစ်ချက် လှမ်းကြည့်လိုက်မိသည်။
သူမ၏ စိတ်ထဲတွင်တော့ သူက မိမိကို အလုပ်ခန့်ရခြင်းမှာ ဟင်းချက်ကောင်းသောကြောင့် တကယ်ဟုတ်ရဲ့လား ဟု တွေးတောနေမိ၏။
ဒါမှမဟုတ် သူ့ဘက်ကရော မိမိအပေါ် အနည်းငယ် သဘောကျနေတာများ ရှိနေမလား။
ထိုအကြောင်းကို တွေးမိသည်နှင့် သူမ၏ ရင်ခုန်သံများ မြန်ဆန်လာပြီး စိတ်ခံစားမှုများလည်း အနည်းငယ် တင်းမာလာရသည်။
လင်းယွမ်၏ အာရုံခံနိုင်စွမ်းက မည်မျှ အားကောင်းသနည်း။
လင်းယာ၏ သွေးလည်ပတ်မှု မြန်ဆန်လာခြင်းနှင့် ပုံမှန်မဟုတ်သော ရင်ခုန်သံများကို သူ ချက်ချင်း သတိထားမိလိုက်သည်။
ထို့ကြောင့် လင်းယာကို တစ်ချက်ကြည့်လိုက်ပြီး တုံယန်နှင့် ဆုန့်ဝမ်တို့၏ စကားကြောင့် လင်းယာ ရှက်သွားသည်ဟုသာ သူ ထင်မှတ်လိုက်၏။
ထို့နောက် သူက စကားစလိုက်သည်။ "ဆုန့်ဝမ်... တုံယန်... အမမေကို မနက်စာစားဖို့ သွားခေါ်ကြပါဦး"
ဆုန့်ဝမ်က ချက်ချင်း ပြန်ပြောလိုက်သည်။ "ငါ သွားခေါ်လိုက်မယ်... တုံယန်... နင် ဒီမှာပဲ နေခဲ့လိုက်"
ထိုသို့ပြောရင်း သူမက လှည့်ကာ တုံယန်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်၏။
တုံယန်က ချက်ချင်း သဘောပေါက်သွားပြီး စိတ်ချင်းဆက်သွယ်မှုကို ဖွင့်ကာ အသံလွှင့်လိုက်သည်။ "အမဆုန့်ဝမ်... စိတ်ချလက်ချသာ သွားပါ... သူတို့နှစ်ယောက်ကို ကျွန်မ ဒီကနေ စောင့်ကြည့်ထားလိုက်မယ်"
ဆုန့်ဝမ်က ချက်ချင်း ပြုံးလိုက်ပြီး စိတ်ထဲမှ ပြန်လည်တုံ့ပြန်လိုက်၏။ "သေချာကြည့်ထားနော်... အစ်ကိုရဲ့အခု အဆင့်အတန်းက အရင်လို မဟုတ်တော့ဘူး... မိန်းမတွေ အများကြီး ကပ်လာလိမ့်မယ်"
တုံယန်က အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။
လင်းယွမ်ကမူ ဘာမှမပြောဘဲ နှုတ်ဆိတ်နေ၏။ တုံယန်၏ စိတ်ချင်းဆက်သွယ်နိုင်သော အစွမ်းမှာ အားကောင်းသော်လည်း မည်သူ့ရှေ့တွင် သုံးနေသလဲဆိုသည်ကို ကြည့်ရဦးမည် ဖြစ်သည်။
လင်းယွမ်၏ လက်ရှိ စိတ်စွမ်းအင် အင်အားဖြင့်ဆိုလျှင် တုံယန်၏ စိတ်ချင်းဆက်သွယ်မှုကို ဖုံးကွယ်ထားနိုင်စရာ အကြောင်းမရှိပေ။
သူက စိတ်ထဲမှ ကြိတ်ရယ်လိုက်မိသည်။ ဒီကောင်မလေး နှစ်ယောက်က သဝန်တိုတတ်နေပြီပဲ။ သူ့ကို သေသေချာချာကို စောင့်ကြည့်နေကြတာ။
ခဏကြာသောအခါ ရန်မေ အိပ်ရာမှထကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် ရောက်လာပြီး အားလုံးနှင့်အတူ မနက်စာ ဝင်စားလေသည်။
ထို့နောက် သံသယကင်းရှင်းစေရန်အတွက် လင်းယာသည် လင်းယွမ်၏ အိမ်မှ ကမန်းကတမ်း ထွက်ခွာသွားခဲ့သည်။
လင်းယာ ထွက်သွားသည်ကို မြင်မှသာ ဆုန့်ဝမ်နှင့် တုံယန်တို့သည် ထမင်းစားနှုန်းကို အလျင်အမြန် မြှင့်တင်လိုက်ကြတော့သည်။
လင်းယွမ်က ပြောလိုက်၏။ "ငါ စားလို့ပြီးပြီ... နင်တို့ပဲ ဆက်စားကြတော့... ငါ စာရွက်စာတမ်းတွေ သွားလုပ်လိုက်ဦးမယ်"
လင်းယွမ် ထမင်းဝိုင်းမှ ထသွားသည်ကို မြင်သောအခါ ဆုန့်ဝမ်က အခွင့်အရေးရသွားပြီး ရန်မေကို ဆွဲကာ ပြောလိုက်သည်။ "အမမေ... အမက ဘယ်လိုလုပ်ပြီး ဒီလို အိမ်အကူမျိုးကို ရှာလာရတာလဲ"
ရန်မေက အံ့အားသင့်သွားပြီး "ဘာဖြစ်လို့လဲ... လင်းယာ ချက်တဲ့ ဟင်းတွေက မကောင်းလို့လား" ဟု ပြန်မေးလိုက်၏။
"အင်း... ဟင်းချက်တာတော့ အရသာရှိပါတယ်... ဒါပေမဲ့ သူက အရမ်းလှလွန်းနေတယ်လို့ အမ မထင်ဘူးလား" ဆုန့်ဝမ်က မနေနိုင်ဘဲ ပြောလိုက်သည်။
တုံယန်ကလည်း ချက်ချင်း ဝင်ထောက်ခံသည်။ "ဟုတ်တယ် ဟုတ်တယ်... ပြီးတော့ ခန္ဓာကိုယ် အချိုးအစားကလည်း အရမ်းမိုက်တာ... သူ့ဆီက ထွက်နေတဲ့ အငွေ့အသက်ကလည်း အရမ်းကောင်းလွန်းနေတယ်"
ရန်မေက အသံထွက်ကာ ရယ်မောလိုက်မိပြီး သူမတို့ ဘာကို စိုးရိမ်နေကြသလဲဆိုတာကို ယခုမှ သဘောပေါက်သွားတော့သည်။
သူမက ဖြောင်းဖျလိုက်၏။ "နင်တို့ကတော့လေ... မဖြစ်သေးတာကို ကြိုတွေးပြီး ပူပန်လွန်းနေကြတာပါ"
"တခြားဟာတွေ အသာထားဦး... လင်းယာနဲ့ ငါက သူငယ်ချင်းကောင်းတွေလို့ ပြောလို့ရတယ်... သူ့အကျင့်စရိုက်ကို ငါသိပါတယ်... သူက အဲ့ဒီလိုလူမျိုး မဟုတ်ပါဘူး"
"နင်တို့ရဲ့ အစ်ကိုလင်းဘက်က စိတ်ဖောက်ပြန်သွားတာမျိုး မဟုတ်ရင်ပေါ့... ဒါပေမဲ့ နင်တို့ရဲ့ အစ်ကိုလင်းက တကယ်ပဲ စိတ်ဖောက်ပြန်လာပြီ ဆိုရင်လည်း... နင်တို့ လင်းယာကို ဘယ်လောက်ပဲ ကာကွယ်တားဆီးနေပါစေ အလကားပဲလေ"
"နောက်ပြီး နင်တို့ရဲ့ စိတ်နေသဘောထားကိုလည်း နည်းနည်း ပြောင်းလဲသင့်တယ်... ယောကျာ်းတွေရဲ့ စိတ်ဆိုတာ ဖမ်းဆုပ်ထားလို့ ရတာမဟုတ်ဘူး... သူတို့က မွေးရာပါကိုက မိန်းမလိုက်စားတတ်တဲ့ သဘာဝရှိတယ်"
"သူ့ကို တကယ် ဆွဲထားနိုင်တာက ငါတို့တွေ ဒီလောက်အချိန်ကြာကြီး အတူတူ ဖြတ်သန်းလာခဲ့ကြတဲ့ သံယောဇဉ်ပဲ"
"အရင်တုန်းက သူ ငါတို့ကို ကတိပေးထားဖူးတယ်လေ... အိမ်ထဲကို နောက်ထပ် ဘယ်သူ့ကိုမှ ထပ်ခေါ်လာမှာ မဟုတ်ဘူးဆိုတာ... သူ တကယ် လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်"
"ငါတို့ အစတုန်းကလည်း သဘောတူထားခဲ့ကြတယ် မဟုတ်လား... သူက တခြားလူကို အိမ်ထဲ ခေါ်မလာသရွေ့... အပြင်မှာ သူ ဘာပဲလုပ်လုပ် ငါတို့ ဝင်မစွက်ဖက်ဘူးဆိုတာ... ဟုတ်တယ်မလား"
မည်သို့ပင်ဆိုစေ ဆုန့်ဝမ်နှင့် တုံယန်တို့မှာ အသက်ငယ်ရွယ်သေးသဖြင့် ယောကျာ်းတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာကို နားလည်သဘောပေါက်ရန် ရင့်ကျက်မှု မရှိသေးပေ။
ရန်မေကဲ့သို့ ယောကျာ်းနှင့် မိန်းမကြားရှိ အတိုင်းအတာကို သူတို့ ဘယ်လိုလုပ် နားလည်နိုင်မည်နည်း။
သူမက အလွန် ရှင်းလင်းစွာ နားလည်ထားသည်။ လင်းယွမ်၏ လက်ရှိ အဆင့်အတန်းနှင့် စွမ်းဆောင်ရည်အရဆိုလျှင် အမျိုးသမီးတစ်ယောက်တည်းက သူ့ကို အမြဲတမ်း ဘေးနားမှာ ဆွဲထားနိုင်မည်ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
ဤကမ္ဘာပေါ်တွင် ထူးချွန်သော အမျိုးသမီးများ အလွန်များပြားလှသည်။ သူတို့ မျက်စိမကန်းသရွေ့ ဤမျှ စွမ်းအားကြီးမားပြီး အင်အားစုတစ်ခုကို ပိုင်ဆိုင်ထားသော ယောကျာ်းတစ်ယောက်ကို သေချာပေါက် သဘောကျ မြတ်နိုးကြမည်သာ ဖြစ်သည်။
သူမ လုပ်ရမည့်အရာမှာ ဤယောကျာ်းကို တခြားအမျိုးသမီးများနှင့် အဆက်အသွယ် မလုပ်ရန် ကန့်သတ်ချုပ်ချယ်နေဖို့ မဟုတ်ပေ။
ထိုယောကျာ်း၏ ရင်ထဲတွင် အရေးအပါဆုံးသူ တစ်ယောက် ဖြစ်လာစေရန်သာ ဖြစ်သည်။
ဤယောကျာ်းကို ကန့်သတ်ချုပ်ချယ်ရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက်... အမှန်တကယ်တွင်မူ သူ့ကို တခြားအမျိုးသမီးတစ်ယောက်၏ ဘေးနားသို့ တဖြည်းဖြည်း တွန်းပို့နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤအကြောင်းတရားကို နားလည်ထားမှသာ လင်းယွမ်ကို ထာဝရ အပိုင်ရနိုင်မည် ဖြစ်သည်။
ဤသဘောတရားကို နားလည်ထားသော်လည်း တကယ်တမ်း လက်တွေ့လုပ်ဆောင်ရန်မှာမူ မလွယ်ကူလှပေ။
မည်သူကမျှ မိမိ၏ အိမ်ထောင်ဖက်က မိမိအပေါ်ထားရှိသော အချစ်ကို အခြားသူများနှင့် အပိုင်းပိုင်း ခွဲဝေပေးနေခြင်းကို သည်းခံခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
သို့သော် ခေတ်ကြီးက မတူတော့ချေ။ ရေကြီးမှုကြီး ခေတ်ကာလတွင် သန္ဓေပြောင်းစွမ်းအင်များ ပေါ်ပေါက်လာခြင်းက ခွန်အားကြီးသူသာ ဘုရင်ဖြစ်ကြောင်း စောစီးစွာကတည်းက သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်နေသည်။
ကျား၊ မ တန်းတူအခွင့်အရေး ရှိသော ခေတ်ကြီးက အပြီးတိုင် ပြီးဆုံးသွားခဲ့ပြီ မဟုတ်ပါလော။
သူမ၏ ဤစကားများက ဆုန့်ဝမ်နှင့် တုံယန်တို့ကို အတော်ကြာ မှင်သက်သွားစေခဲ့သည်။
အမမေသည် အရင်က အိမ်ထောင်ရှင်မ တစ်ဦး ဖြစ်ခဲ့သော်ငြားလည်း ဘာကြောင့် အစ်ကိုလင်း၏ အချစ်ကို အများဆုံး ရရှိနေသလဲ ဆိုသည်ကို ဆုန့်ဝမ် ယခုမှ ရုတ်တရက် သဘောပေါက်သွားတော့သည်။
မိမိသည် အပျိုစင်ဘဝဖြင့် အစ်ကိုလင်းနောက်သို့ လိုက်လာခဲ့သော်လည်း အစ်ကိုလင်း၏ ရင်ထဲတွင် အမမေကသာ အရေးအကြီးဆုံး ဖြစ်နေဆဲဟု ထင်ရသည်။
ယနေ့တော့ သူမ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
အမမေ၏ တွေးခေါ်နိုင်စွမ်း အဆင့်အတန်းက သူမထက် အများကြီး ပိုမြင့်မားနေခြင်းပင်။
အမှန်တကယ်တွင်မူ အစကတည်းကသာ ရန်မေ၏ ခွင့်ပြုချက် မရှိခဲ့လျှင် သူမ၊ တင်းယန်နှင့် တုံယန်တို့ ဤအိမ်ထဲသို့ ဝင်ရောက်လာနိုင်ရန်မှာ အလွန် ခက်ခဲသွားနိုင်ပေသည်။
ထိုအကြောင်းကို တွေးမိသောအခါ သူမ မည်သို့ လုပ်ဆောင်သင့်သလဲ ဆိုသည်ကို ရင်ထဲ၌ ရုတ်တရက် အနည်းငယ် သဘောပေါက်လာတော့သည်။
သို့သော် သဘောပေါက်သည်က တစ်ပိုင်း၊ လက်ခံနိုင်ရန်အတွက်မူ အချိန်အနည်းငယ် လိုအပ်နေသေးသည်။
စိတ်အနည်းငယ် ညစ်ညူးသွားသော ဆုန့်ဝမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်၏။ "ဟူး... အမမေ ပြောတာတွေ အကုန်လုံး အဓိပ္ပါယ်ရှိတယ်ဆိုတာ ကျွန်မသိပါတယ်... ဒါပေမဲ့... ကျွန်မ နည်းနည်းတော့ ဝမ်းနည်းမိတယ်"
ရန်မေက သူမကို ဖွဖွလေး ဖက်လိုက်ပြီး ကျောပြင်ကို ပုတ်ပေးရင်း "ငါ နားလည်ပါတယ်... ငါ အကုန် နားလည်ပါတယ်" ဟု နှစ်သိမ့်လိုက်သည်။
တုံယန်မှာ အသက်အရွယ် ငယ်ရွယ်လွန်းသေးသဖြင့် အနည်းငယ် နားမလည်နိုင်သေးပေ။
သူမက မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်မတို့က တတ်နိုင်သလောက် စောင့်ကြည့်ကြမယ်လေ... သူတို့ကို နှစ်ယောက်တည်း အတူတူရှိနေမယ့် အခွင့်အရေးမျိုး မပေးရင်... ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို တားဆီးနိုင်မယ် မဟုတ်ဘူးလား"
ရန်မေက ပြုံးလိုက်ပြီး "အဲ့ဒီလို လုပ်လို့ မရတာတော့ မဟုတ်ပါဘူး" ဟု ပြောလိုက်၏။
ဆုန့်ဝမ်ကလည်း ခေါင်းညိတ်လိုက်ပြီး "ဒီလိုပဲ လုပ်ရတော့မှာပေါ့"
အခန်းထဲတွင် ရှိနေသော လင်းယွမ်သည် မိမိ၏ အမျိုးသမီးသုံးယောက် ပြောဆိုနေသော စကားများကို ခိုးနားမထောင်ခဲ့ပေ။
သူက လက်ထဲရှိ စာကို ကြည့်ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
ဤစာက တိမ်မြူကျွန်းမှ ပေးပို့လိုက်ခြင်း ဖြစ်သည်။
စာပို့လိုက်သူမှာ ကျန်းယွီကျန်း ဖြစ်၏။
စာထဲတွင် ကျန်းယွီကျန်းက လင်းယွမ်အား တိမ်မြူကျွန်းသို့ လာရောက်ပြီး ကောင်းကင်ချောက်နက်ကို ကာကွယ်ရန် ကူညီပေးဖို့ ဖိတ်ခေါ်ထားသည်။
အကြောင်းရင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းကင်ချောက်နက်သည် ထပ်မံ၍ ဖောက်ထွင်းခံလိုက်ရသောကြောင့် ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဖောက်ထွင်းခံလိုက်ရသော အက်ကွဲကြောင်းမှာ အလွန် ကြီးမားလှပြီး အလွန်အမင်း အစွမ်းထက်သော သန္ဓေပြောင်း သားရဲများစွာ ဆင်းသက်လာခဲ့ရာ တိမ်မြူကျွန်းအနေဖြင့် ရင်ဆိုင်ရန် အနည်းငယ် ခက်ခဲနေခဲ့သည်။
ကောင်းကင်ချောက်နက်အထက်မှ ဆင်းသက်လာသော သန္ဓေပြောင်း သားရဲ အရေအတွက် အလွန်များပြားလွန်းသဖြင့် ဤတစ်ကြိမ် လက်နက်အရောင်းအဝယ်ကို နောက်ဆုတ်ရဖွယ် ရှိကြောင်း စာထဲတွင် ဖော်ပြထား၏။
ပါမောက္ခ လီဟန်ကျုံး အပါအဝင် အခြား ပါမောက္ခများသည်လည်း တိမ်မြူကျွန်းတွင် ပိတ်မိနေပြီး လောလောဆယ်တွင် ထွက်ခွာ၍ မရနိုင်သေးချေ။
ဤစာက ဖိတ်စာဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ အကူအညီ တောင်းခံသည့် အဓိပ္ပါယ် သက်ရောက်နေသည်။
လင်းယွမ် တစ်ခဏမျှ စဉ်းစားလိုက်သည်။ ယခုအခါ ထိုက်ယန်တောင်နှင့် စစ်တပ်တို့သည် မဟာမိတ် ဖွဲ့ထားပြီး ဖြစ်သည်။
ယခုလို ကောင်းကင်ပေါ်မှ သန္ဓေပြောင်း သားရဲမျိုးဖြစ်သော ကောင်းကင်ချောက်နက်နှင့် ရင်ဆိုင်နေရချိန်တွင် အားလုံး၏ ဆက်ဆံရေးမှာ အမှန်တကယ် ပိုမို နီးကပ်သင့်ပေသည်။
နှုတ်ခမ်း မရှိလျှင် သွားကျိန်းမည် ဆိုသည့် စကားအတိုင်း ကျန်းယွီကျန်းတို့သာ ကောင်းကင်ချောက်နက်ကို မတားဆီးနိုင်တော့ပါက...
ကောင်းကင်ချောက်နက် သတ္တဝါများ အမြောက်အမြား ဝင်ရောက် ကျူးကျော်လာမည်ကို စိုးရိမ်ရပြီး ထိုအချိန်ရောက်လျှင် တိမ်မြူကျွန်း ကျဆုံးသွားရုံသာမက...
အနီးအနားရှိ ချန်ချုံးတောင်၊ မီသွေ့တောင်၊ ချန်ဖူတောင်၊ တိန့်ကုန်းတောင် တို့ပါ ဘေးဒုက္ခ ရောက်သွားနိုင်ချေ ရှိပေသည်။
"ကြည့်ရတာ သွားကြည့်ဖို့တော့ တကယ် လိုနေပြီပဲ... ငါလည်း ဒီ ကောင်းကင်ချောက်နက် သတ္တဝါတွေကို မမြင်ဖူးသေးတော့ ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်ပေါ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို လေ့လာလို့ ရတာပေါ့"
"ဒါပေမဲ့ ထိုက်ယန်တောင် ဘက်ကတော့..."
လင်းယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထိုက်ယန်တောင်ဘက်တွင် လူအများစုမှာ လျင်မြန်စွာ တိုးတက် မလာကြသေးပေ။ အကယ်၍ သူ ယခု ထွက်သွားလိုက်လျှင် တစ်ယောက်ယောက်က အနောက်မှ ဝင်ရောက် တိုက်ခိုက်ခြင်းကို ခံရနိုင်ပေသည်။
ပြောရမည်ဆိုလျှင် လူအင်အား မလုံလောက်သေးဘဲ အစွမ်းထက်သော သူများ အလွန် နည်းပါးနေသေးခြင်း ဖြစ်သည်။
"မဖြစ်သေးဘူး... နည်းနည်း ထပ်စောင့်ဦးမှ... အနည်းဆုံးတော့ ထိုက်ယန်တောင်ကနေ အဓိက အရည်အသွေး ၁၀၀ မှတ် အထိ ရောက်တဲ့ အစွမ်းထက်တဲ့သူ တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက် သုံးယောက်လောက် မွေးထုတ်နိုင်မှပဲ ငါ စိတ်ချလက်ချ ထွက်သွားနိုင်မှာ"
အဆုံးတွင် လင်းယွမ်သည် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။
ယခုအခါ တင်းယန်သည်လည်း အမှတ် ၈၀ အထိ ရောက်ရှိနေပြီ ဖြစ်သည်။
သူမကို အချိန်အနည်းငယ် ထပ်ပေးလိုက်လျှင် အများဆုံး တစ်လအတွင်း သူမ သေချာပေါက် အမှတ် ၁၀၀ အထိ ရောက်ရှိသွားပေလိမ့်မည်။
ထိုက်ယန်တောင်၏ လက်ရှိ အရင်းအမြစ်များဖြင့် တင်းယန်တို့ကို အစွမ်းကုန် ပျိုးထောင်ပေးမည်ဆိုလျှင် အတင်းအဓမ္မ တွန်းတင်ပေးခြင်းဖြင့်ပင် အမှတ် ၁၀၀ အထိ ရောက်ရှိသွားနိုင်သည်။
ထို့အပြင် မိမိကိုယ်တိုင်လည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို မြှင့်တင်ရန် အချိန်လိုအပ်နေသေးသည်။
ပြီးခဲ့သည့်အကြိမ်က မိမိ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း စွမ်းအား ၅ ရာခိုင်နှုန်းဖြင့် ဖုန်းကျန့်ကုန်း ပြောင်းလဲထားသော အက်တမ်ဒိုင်နိုဆောနှင့် သရေသာ ကျခဲ့သည်။
ဤတစ်ကြိမ် ထပ်သွားမည်ဆိုလျှင် တစ်ဖက်လူကို အပြတ်အသတ် မနှိမ်နင်းနိုင်ပါက ဟိုဘက်ကို သွား၍ ကောင်းကင်ချောက်နက် သတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် အန္တရာယ် များလွန်းလှပေသည်။
ထိုသို့ဖြစ်မယ့်အစား နောက်ထပ် တစ်လလောက် ထပ်စောင့်တာက ပိုကောင်းလိမ့်မည်။
"တစ်လအတွင်း ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို ၁၀ ရာခိုင်နှုန်း အထက် ရောက်အောင် ကြိုးစားရမယ်"
ဤလုပ်ငန်းစဉ်သည် အချိန်ကုန်ခံပြီး ကြိုးစားနေရုံ သက်သက်ဖြင့်ဆိုလျှင် အနည်းငယ် နှေးကွေးနေဆဲ ဖြစ်သည်။
ထိုအကြောင်းကို တွေးမိသည်နှင့် လင်းယွမ်က စနစ် ကို ချက်ချင်း လှမ်းကြည့်လိုက်၏။
"စနစ်ရဲ့ ကံစမ်းမဲဘီးမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနှုန်းကို မြှင့်တင်ပေးနိုင်တဲ့ ပစ္စည်းကောင်းတွေ ပါ၊ မပါ ကြည့်ရမယ်"
"စနစ်... ကံစမ်းမဲဘီးကို ဖွင့်လိုက်"
ဆက်ရန်...
အပိုင်း(၆၁၀) အရည်အသွေးမှတ်များ တိုးပွားစေသည့် ကံစမ်းမဲဘီး
လင်းယွမ်က သန္ဓေပြောင်း အရည်အသွေးမှတ်များကို နောက်ဆုံး လဲလှယ်ခဲ့သည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ယခုအခါ လင်းယွမ်၏ အမှတ်များက ၄၃၀,၀၀၀ အထိ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤအမှတ် စုဆောင်းနှုန်းက အမှန်တကယ်ပင် အနည်းငယ် နှေးကွေးနေ၏။
ယခုအခါ လင်းယွမ်၏ လက်အောက်ရှိ နယ်မြေနှင့် လူဦးရေက ဘက်စုံမှ တိုးတက်လာခဲ့ပြီ မဟုတ်ပါလော။
ပုံမှန်ဆိုလျှင် အမှတ် စုဆောင်းနှုန်းက လျင်မြန်စွာ နှစ်ဆ တိုးလာသင့်ပေသည်။
ယခင်ကဆိုလျှင် သူက တစ်လအတွင်း အမှတ် ၃၀၀,၀၀၀ ရရှိနိုင်ခဲ့၏။
ယခု နယ်မြေနှင့် လူဦးရေ ပိုများလာသော်လည်း တစ်လအတွင်း အမှတ် ၄၃၀,၀၀၀ သာ ရရှိခဲ့သည်။
လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း အံ့ဩမသွားခဲ့ပေ။
"ဆောင်းရာသီက တော်တော် ဒုက္ခပေးတာပဲ... နှင်းတွေက ရေပြင်ကို အေးခဲသွားစေရုံတင် မကဘူး... ရေအောက်က သန္ဓေပြောင်း သတ္တဝါတွေ အကုန် ပုန်းအောင်းသွားကြတယ်... တောင်ပေါ်က တိရစ္ဆာန်တွေတောင် ဆောင်းခိုဖို့ ပုန်းနေကြပြီ"
"ဖမ်းလို့ရတဲ့ သန္ဓေပြောင်း သတ္တဝါ အရေအတွက်က အရမ်း နည်းသွားတော့ အမှတ် စုဆောင်းတဲ့ နှုန်းက ဒီလောက် နှေးသွားတာ"
သူက မျက်မှောင်ကြုတ်လိုက်ပြီး မိမိ၌ ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုတည်းသာ ရှိနေသေးလျှင် တစ်လအတွင်း အမှတ် ၁၀၀,၀၀၀ တောင် ပြည့်မည် မဟုတ်ကြောင်း တွေးပင် မတွေးဝံ့ချေ။
"အခု ရနေတဲ့ အမှတ်တွေ အများစုက... မွေးမြူရေးခြံက မွေးထားတဲ့ သန္ဓေပြောင်း သတ္တဝါတွေဆီကနေ ရတာ"
"အမှတ်တွေ ရဖို့အတွက်... နည်းလမ်းသစ် ရှာမှ ရတော့မယ် ထင်တယ်"
သူက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ပထမဆုံး တွေးမိသည်က ကောင်းကင်ချောက်နက် လမ်းကြောင်းပင် ဖြစ်ကာ ထိုအထဲတွင် သန္ဓေပြောင်း သတ္တဝါများ အမှန်တကယ် အများအပြား ရှိမရှိကိုတော့ သူမသိပေ။
ကျန်းယွီကျန်း ပြောပြချက်အရ ဆိုလျှင် ထိုအထဲရှိ သန္ဓေပြောင်း သတ္တဝါများက အစွမ်းထက်ရုံသာမက အရေအတွက်လည်း အလွန် များပြားလေသည်။
ထို့ကြောင့် သန္ဓေပြောင်း သတ္တဝါ တစ်ကောင်စီ၏ တန်ဖိုးရှိသော အမှတ်များကလည်း သေချာပေါက် မြင့်မားမည်ဖြစ်ပြီး သန္ဓေပြောင်း ငါးများကို သတ်ခြင်းထက် ပို၍ တွက်ခြေကိုက်နိုင်ပေသည်။
[ဒင်... သင်၏ လက်ရှိ အမှတ်မှာ ၄၀၀,၀၀၀ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်... အမှတ် ၄၀၀,၀၀၀ ကံစမ်းမဲဘီးကို ဖွင့်လှစ်လိုက်ပါပြီ]
လင်းယွမ်က ကံစမ်းမဲဘီးကို တစ်ချက်ကြည့်လိုက်ပြီး အမြောက်အမြားရှိသော နေ့စဉ်သုံး ပစ္စည်းများကို ကျော်ကာ အစွမ်းနှင့် ပတ်သက်သည့် ပစ္စည်းများကိုသာ ကြည့်လိုက်၏။
အမှတ် ၄၀၀,၀၀၀ ဆိုသည်မှာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် နည်းလွန်းနေသေးကာ မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ပင်လျှင် အမှတ် တစ်သန်းခန့် လိုအပ်လေသည်။
သေချာပေါက် စနစ်မှ ထုတ်ပေးသော မျိုးရိုးဗီဇမျိုးစေ့က သူကိုယ်တိုင် သန့်စင်ထားသော မျိုးရိုးဗီဇမျိုးစေ့နှင့် ယှဉ်လျှင် ပို၍ ပြီးပြည့်စုံပေမည်။
အဘယ်ကြောင့်ဆိုသော် စနစ်မှ ပေးသော မျိုးရိုးဗီဇမျိုးစေ့က မည်သည့် အခြား မျိုးဗီဇများမျှ မပါဝင်ဘဲ သန့်စင်မှု ရာခိုင်နှုန်း အပြည့်ရှိသည်ဟု ဆိုနိုင်သောကြောင့် ဖြစ်၏။
လင်းယွမ်တို့ ကိုယ်တိုင် သန့်စင်ထားသော မျိုးရိုးဗီဇမျိုးစေ့များတွင်မူ အနည်းနှင့်အများ ဆိုသလို အခြား မျိုးဗီဇများ ပါဝင်နေတတ်သည်။
အခြား မျိုးဗီဇများက နောက်ပိုင်းတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ အန္တရာယ်ပမာဏနှင့် သက်ဆိုင်နေသဖြင့် နည်းလေ ကောင်းလေ ဖြစ်ပေသည်။
ဤအချက် တစ်ချက်တည်းနှင့်ပင် အမှတ် တစ်သန်း အသုံးပြုရခြင်းက အလွန် တန်လေသည်။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို မြှင့်တင်ပေးနိုင်တဲ့ ပစ္စည်းတွေ ရှာပေးပါ"
"ရွှစ်"
လင်းယွမ်၏ စိတ်အလိုအရ စနစ်၏ ကံစမ်းမဲဘီးက လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
ကံစမ်းမဲဘီးထဲတွင် ပစ္စည်းများ ဆက်တိုက် ထွက်ပေါ်လာ၏။
[ပြန်လည်ဖွဲ့စည်း ပေါင်းစပ်ဆေးရည် (အခြေခံအဆင့်) - ပြန်လည်ဖွဲ့စည်းခြင်း အမြန်နှုန်းကို ၁၀၀၀ ပုံ ၄ ပုံ မြှင့်တင်ပေးသည်... တန်ဖိုး - အမှတ် ၄၀၀,၀၀၀]
[မျိုးရိုးဗီဇ သန့်စင်ထိုးဆေး (အခြေခံအဆင့်) - ပြန်လည်ဖွဲ့စည်းခြင်း အမြန်နှုန်းကို ၁၀၀၀ ပုံ ၃ ပုံ မြှင့်တင်ပေးသည်... တန်ဖိုး - အမှတ် ၃၀၀,၀၀၀]
[ဂါမာရောင်ခြည် ထုတ်လွှင့်စက် - မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်း ပေါင်းစပ်ခြင်းကို ဖြစ်ပေါ်စေရန် အနည်းငယ် အခွင့်အလမ်း ရှိသည်... အာနိသင် မသိရပါ... တန်ဖိုး - အမှတ် ၂၀၀,၀၀၀]
[အပေါ်ယံဆဲလ် ခွဲခြမ်းစိတ်ဖြာစက် - စက်မှ ပေးသော မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှုအတိုင်း ပြန်လည်ဖွဲ့စည်းနိုင်သည်... ပြန်လည်ဖွဲ့စည်းခြင်း အမြန်နှုန်းကို ၁၀၀၀ ပုံ ၅ ပုံ မြှင့်တင်ပေးသည်... တန်ဖိုး - အမှတ် ၄၀၀,၀၀၀]
......
မျိုးရိုးဗီဇ ဆေးရည်များ၊ သန္ဓေပြောင်း အသီးများနှင့် မျိုးရိုးဗီဇ စက်ပစ္စည်း အမျိုးမျိုးက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာ၏။
လင်းယွမ်က ခေတ္တမျှ ကြည့်လိုက်ရာ သူ ရွေးချယ်နိုင်သော ပစ္စည်းများမှာ သိပ်မများလှဘဲ ဆယ်ခုကျော်မျှသာ ရှိလေသည်။
ပစ္စည်းတစ်ခုစီ၏ တန်ဖိုးမှာ အမှတ် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကြားတွင် ရှိသဖြင့် လင်းယွမ်က ကြည့်ရင်း ခေါင်းခါယမ်းလိုက်မိ၏။
အမြန်နှုန်း မြှင့်တင်ခြင်း အပိုင်းတွင် မည်မျှ နှေးကွေးကြောင်း ပြောနေစရာပင် မလိုတော့ပေ... ၁၀၀၀ ပုံ အနည်းငယ်မျှသာ ရှိသော အမြန်နှုန်းက အလွန် နှေးကွေးလွန်းလှသည်။
ဤမျှများပြားသော အမှတ်များကို အသုံးပြု၍ ယခုကဲ့သို့သော အမြန်နှုန်း တိုးတက်မှုကို လဲလှယ်ရခြင်းက သူကိုယ်တိုင် လေ့ကျင့်ရသလောက်ပင် မမြန်ဆန်ပေ။
"အမှတ် မလောက်သေးတာပဲ... သန်းချီတဲ့ အမှတ်တွေသာ ရှိရင် ကံစမ်းမဲဘီးထဲမှာ ဆုတွေ ပိုများလာမှာ သေချာတယ်"
လင်းယွမ်က သက်ပြင်းတစ်ချက်ချကာ လဲလှယ်မည့် အတွေးကို စွန့်လွှတ်လိုက်၏။
ယခုက ဆောင်းရာသီ ဖြစ်သဖြင့် အမှတ်ရရန် မလွယ်ကူသောကြောင့် ထိုက်ယန်တောင်ကို တိုးတက်စေရန် ချန်ထားခြင်းက ပိုကောင်းပေမည်။
"မျိုးရိုးဗီဇ အရည်အသွေးတွေကို မြန်မြန် မြှင့်တင်ပေးနိုင်တဲ့ ဆုတွေ ရှိမရှိ ကြည့်ရမယ်"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွား၏... ထိုက်ယန်တောင်ဘက်တွင် စောင့်ကြပ်မည့် အစွမ်းထက်သူ မရှိသောကြောင့် သူကိုယ်တိုင် မတတ်သာဘဲ နေထိုင်ကာ စောင့်ကြပ်နေရခြင်း ဖြစ်သည်။
ထို့ကြောင့် အရေးတကြီး လိုအပ်နေသည်မှာ ထိုက်ယန်တောင်ရှိ အစွမ်းထက်သူ အရေအတွက်ကို လျင်မြန်စွာ တိုးမြှင့်ရန်ပင် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် လင်းယွမ်က စနစ်ထံသို့ ချက်ချင်း အမိန့်ပေးလိုက်၏။
"စနစ်... မျိုးရိုးဗီဇ အရည်အသွေးမှတ်တွေကို မြှင့်တင်ပေးနိုင်တဲ့ ဆုတွေကို ပြပါ"
"ရွှစ်"
စနစ် မျက်နှာပြင်က ချက်ချင်းပင် အသစ် ပြန်ပေါ်လာသည်။
ဆုအသစ်များက လျင်မြန်စွာ ထွက်ပေါ်လာပြီး ဆုများ၏ တန်ဖိုးမှာ အမြင့်မှ အနိမ့်သို့ အစဉ်လိုက် စီစဉ်ထားလေသည်။
[အရောင်ငါးမျိုး သဖန်းသီး - ဓာတ်ကြီးငါးပါး အမျိုးအစား အသီး... သက်ဆိုင်ရာ ဓာတ်သဘာဝ သက်ရှိများ၏ အဓိက အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်... တန်ဖိုး - အမှတ် ၄၀၀,၀၀၀]
[ရေခဲ ဘလူးဘယ်ရီသီး - ရေခဲဓာတ် သန္ဓေပြောင်း အမျိုးအစား အသီး... ရေခဲဓာတ် သဘာဝ သက်ရှိများ၏ အဓိက အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်... တန်ဖိုး - အမှတ် ၄၀၀,၀၀၀]
[မိုးကြိုး ဖားဥ - မိုးကြိုးဓာတ် သန္ဓေပြောင်း သတ္တဝါဥ... မိုးကြိုးဓာတ် သဘာဝ သက်ရှိများ၏ အဓိက အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်... တန်ဖိုး - အမှတ် ၄၀၀,၀၀၀]
[စိတ်စွမ်းအင် ဝဲကတော့ သင်္ကေတ - စွမ်းအင် စုစည်းသည့် သင်္ကေတ... နယ်မြေအတွင်းရှိ စိတ်စွမ်းအင် သိပ်သည်းဆကို ကောင်းမွန်စေနိုင်သည်... တန်ဖိုး - အမှတ် ၄၀၀,၀၀၀]
......
ကံစမ်းမဲဘီးထဲတွင် အဓိက အရည်အသွေးများကို မြှင့်တင်ပေးနိုင်သည့် ဆုပစ္စည်း အမျိုးမျိုး ထွက်ပေါ်လာ၏။
ထိုအထဲတွင် သန္ဓေပြောင်း အသီးများ ပါဝင်ပြီး သက်ဆိုင်ရာ အရည်အသွေးများကို တိုက်ရိုက် မြှင့်တင်ပေးနိုင်ပေသည်။
အချို့မှာ သန္ဓေပြောင်း သတ္တဝါအသား သို့မဟုတ် ဥများ ဖြစ်ကြပြီး စားသုံးစုပ်ယူခြင်းမှတစ်ဆင့် အသုံးပြုသူ၏ အဓိက အရည်အသွေး တန်ဖိုးများကို မြှင့်တင်ပေးလေသည်။
စိတ်စွမ်းအင် စုစည်းပေးသည့် သင်္ကေတ အမျိုးအစားများလည်း ပါဝင်ကာ နယ်မြေအတွင်းရှိ စိတ်စွမ်းအင် ပြင်းအားကို ကောင်းမွန်စေပြီး စိတ်စွမ်းအင် စုပ်ယူမှု အမြန်နှုန်းကို မြှင့်တင်ပေးခြင်းဖြင့် အဓိက အရည်အသွေး တိုးတက်မှုကို မြန်ဆန်စေသည်။
လင်းယွမ်က တစ်ပတ် လှည့်ကြည့်လိုက်ရာ ပစ္စည်းများစွာက သူ့ကို မက်မောစေခဲ့၏။
သူက မျိုးရိုးဗီဇ အရည်အသွေးမှတ်များကို တိုက်ရိုက် မလဲလှယ်နိုင်ခဲ့လျှင် သေချာပေါက် စိတ်လှုပ်ရှားမိမည်မှာ အမှန်ပင်။
သေချာပေါက် ဤပစ္စည်းများက မျိုးရိုးဗီဇ အရည်အသွေးမှတ်များကို တိုက်ရိုက် လဲလှယ်ခြင်းနှင့် ယှဉ်လျှင် လုံးဝတွက်ခြေမကိုက်ပေ။
အမှတ် ၄၀၀,၀၀၀ ဖြင့် လင်းယွမ်က မျိုးရိုးဗီဇ အရည်အသွေး ၄၀ မှတ်ကို လဲလှယ်နိုင်လေသည်။
သို့သော် ဤပစ္စည်းများက ထိုမျှလောက် တိုးတက်မှု အာနိသင်ကို လုံးဝ မရရှိနိုင်ပေ။
သို့သော် ပြန်ပြောရလျှင် ဤပစ္စည်းများတွင် အခြား အားသာချက် တစ်ခု ရှိနေသည်... ၎င်းမှာ လဲလှယ်ပြီး အခြားသူများကို အသုံးပြုရန် ပေးနိုင်ခြင်းပင် ဖြစ်၏။
မျိုးရိုးဗီဇ အရည်အသွေးမှတ်များကို တိုက်ရိုက် လဲလှယ်ပါက လင်းယွမ် ကိုယ်တိုင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။
ဤသည်က စနစ်မှ လင်းယွမ်အတွက် သီးသန့် ပေးထားသော အထူး အခွင့်အရေးဟု ဆိုနိုင်ပေသည်။
လင်းယွမ်က တစ်ချက်ကြည့်လိုက်ရုံဖြင့် လိုချင်သော ပစ္စည်းကို ဆုံးဖြတ်လိုက်၏။
"စနစ်... စိတ်စွမ်းအင် ဝဲကတော့ သင်္ကေတကို သတ်မှတ် မဲနှိုက်မယ်"
[ဒင်... သင်၏ အမှတ်များ မလုံလောက်ပါ]
လင်းယွမ်က ကြောင်သွားပြီးနောက် ချက်ချင်း သတိထားမိလိုက်သည်... ဤ [စိတ်စွမ်းအင် ဝဲကတော့ သင်္ကေတ] ၏ တန်ဖိုးမှာ အမှတ် ၄၀၀,၀၀၀ ဖြစ်လေသည်။
ဆုတစ်ခုကို သတ်မှတ် မဲနှိုက်ရန်အတွက် အမှတ်များ သီးသန့် ထပ်မံ အသုံးပြုရန် လိုအပ်ပေသည်။
"နောက်ထပ် ရက်နည်းနည်းလောက် စောင့်ရဦးမယ်"
သတ်မှတ် မဲနှိုက်ခြင်းက အမှတ် ၁၀,၀၀၀ မျှသာ လိုအပ်သဖြင့် တစ်ရက်အတွင်း စုဆောင်း၍ ရနိုင်လေသည်။
တွေးနေစဉ်မှာပင် အပြင်ဘက်မှ ရယ်မောသံများ ရုတ်တရက် ထွက်ပေါ်လာ၏။
လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်လိုက်ပြီး မနေနိုင်ဘဲ ထရပ်ကာ အခန်းတံခါးကို ဖွင့်လိုက်သည်။
ဆုန့်ဝမ်နှင့် တုံယန်တို့ နှစ်ယောက်လုံး ဟားတိုက် ရယ်မောနေကြသည်ကို တွေ့လိုက်ရ၏။
လင်းယာနှင့် ရန်မေတို့သည်လည်း ပါးစပ်ကိုအုပ်ကာ ရယ်မောနေကြသည်။
သူတို့ အဖွဲ့ ဘာအကြောင်း ပြောနေကြမှန်း မသိသော်လည်း ဤမျှလောက်အထိ ရယ်မောနိုင်ကြပေသည်။
လင်းယွမ်က အံ့ဩသွား၏... လင်းယာက သူတို့နှင့် ရင်းနှီးသွားပုံရပြီး ဆုန့်ဝမ်နှင့် တုံယန်တို့၏ ရန်လိုမှုကို မခံရပေ။
"ဘာတွေ ပြောနေကြတာလဲ... အရမ်း ပျော်နေကြတယ်ပေါ့"
လင်းယွမ်က အပြင်ထွက်လာကာ ပြုံး၍ မေးလိုက်သည်။
ရန်မေက ပြုံးလျက် "မောင်လေး အနှောင့်အယှက်များ ဖြစ်သွားလား"
လင်းယွမ်က ခေါင်းခါလိုက်ပြီး ရေခွက်ကို ယူကာ ရေတစ်ခွက် ငှဲ့လိုက်ရင်း ပြုံးလျက် "မဖြစ်ပါဘူး... အမတို့ ရယ်သံ ကြားလို့ လာကြည့်တာပါ"
ဆုန့်ဝမ်က ဟားတိုက် ရယ်မောလျက် "အစ်ကိုလင်း... အမြန်လာကြည့်ပါဦး... ဒါ အစ်ကို မဟုတ်လား"
ဆုန့်ဝမ်က စမတ်ဖုန်း တစ်လုံးကို ကိုင်ကာ လင်းယွမ်ကို လှမ်းခေါ်လိုက်သည်။
လင်းယွမ်က သံသယဖြစ်စွာဖြင့် သွားကြည့်လိုက်ရာ ထိုဖုန်းမှာ အလွန် အသစ်အတိုင်း ရှိနေသေးသည်ကို တွေ့လိုက်ရ၏။
ဖုန်းမျက်နှာပြင်ပေါ်တွင် ဓာတ်ပုံတစ်ပုံ ပေါ်နေသည်။
ဓာတ်ပုံထဲတွင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး ကိုယ်လုံးကိုယ်ပေါက် အနည်းငယ် ဝဖြိုးနေသော လူငယ်တစ်ယောက်က လှပစွာ ပြင်ဆင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် စကားပြောနေခြင်း ဖြစ်၏။
ကြည့်ရသည်မှာ ထိုနှစ်ဦးက အချေအတင် ငြင်းခုံနေပုံရပြီး အမျိုးသမီး၏ ကျောပြင်ကိုသာ မြင်ရသော်လည်း သူမ ဝတ်ဆင်ထားသော ဂျေကေ စကတ်တိုလေးက သူမ၏ ဖြူဖွေးရှည်လျားသော ခြေတံလှလှလေးများကို ပေါ်လွင်နေစေသည်။
ကြည့်ရသည်မှာ ကိုယ်လုံးကိုယ်ပေါက် လှပသော မိန်းမချောလေး တစ်ဦး ဖြစ်ပုံရလေသည်။
အမျိုးသားမှာမူ မျက်နှာက ညှိုးနွမ်းနေပြီး ဗိုက်က အနည်းငယ် စူထွက်နေကာ မျက်နှာအမူအရာက အနည်းငယ် ကြည့်ရဆိုးနေ၏။
ဤလူငယ်က ကြည့်ရသည်မှာ လင်းယွမ်နှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေသည်။
ထိုဓာတ်ပုံကို မြင်လိုက်ရသောအခါ လင်းယွမ်မှာ ချက်ချင်းပင် အနည်းငယ် ငေးမောသွားမိ၏။
မှတ်ဉာဏ်များက ရေလွှမ်းမိုးသည့် ကပ်ဘေး မတိုင်မီအချိန်ဆီသို့ အလိုလို ရောက်ရှိသွားတော့သည်။
နေမဝင်သေးသော ညနေခင်းတစ်ခု ဖြစ်ပြီး... ထိုနေ့က သူ အလုပ်မှ စောဆင်းလာကာ အချိန်လု၍ အိမ်၏ ကြမ်းပြင် အလှဆင်ခြင်းကို အပြီးသတ်ရန် ပြင်ဆင်ခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသေး၏။
သို့သော် ရည်းစားဖြစ်သူ ယွီရွှယ်က ဖုန်းဆက်ကာ သူ့ကို အောက်ထပ်သို့ ဆင်းလာရန် ခေါ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
သူ အောက်ထပ်သို့ ရောက်ရောက်ချင်း ကိုယ်ပေါ်တွင် ဖုန်တွေ ပေကျံနေပြီး တစ်နေ့ကုန် ပင်ပန်းထားသော်လည်း တက္ကသိုလ်ကျောင်းသား ဘဝကတည်းက သိကျွမ်းခဲ့သော ချစ်သူက ဂျေကေ စကတ်တိုလေးနှင့် အင်္ကျီအဖြူလေးကို ဝတ်ဆင်ထားကာ ကျောင်းသားဘဝက နတ်သမီးလေး ပုံစံအတိုင်း ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
သူ ချက်ချင်းပင် ပင်ပန်းမှုများ အားလုံး လွင့်စင်သွားသလို ခံစားလိုက်ရပြီး တစ်ခုခု ပြောရန် ပြင်လိုက်၏။
သို့သော် ယွီရွှယ်၏ စကားတစ်ခွန်းက သူ့ကို နေရာတွင်ပင် ကြောင်အမ်းသွားစေခဲ့သည်။
"ငါတို့တွေ လမ်းခွဲကြရအောင်... လင်းယွမ်"
သူမ၏ လေသံက အလွန် တည်ငြိမ်နေပြီး မျက်နှာအမူအရာကလည်း အလွန် တည်ငြိမ်နေခဲ့သည်ကို လင်းယွမ် ယခုထိ မှတ်မိနေသေး၏။
ထိုစကားက ဒေါသထွက်၍ ပြောသော စကားမဟုတ်ဘဲ သေချာ စဉ်းစားပြီးမှ ပြောသော စကားမျိုး ဖြစ်သည်။
သူက လက်ခံရန် အနည်းငယ် ခက်ခဲနေသဖြင့် မေးလိုက်၏ "ဘာဖြစ်လို့လဲ"
ယွီရွှယ်က ခေါင်းခါယမ်းရုံသာ ပြုပြီး "ဘာဖြစ်လို့လဲ ဟုတ်လား... ငါတို့နှစ်ယောက် ကြားထဲက ပြဿနာတွေက မလုံလောက်သေးလို့လား"
"အိမ်စပေါ်ငွေက ချေးထားတာ... အကြွေးက ၁.၂ သန်းနီးပါး ရှိတယ်... လစဉ် အတိုးကတင် တစ်သောင်းကျော်နေပြီ... လစာက ဘယ်လောက်များ ရလို့လဲ"
"ကိုယ်... ကိုယ့်မှာ စုဆောင်းငွေ ရှိပါတယ်... ပြီးတော့ အခု အိမ်ရာချေးငွေ အတိုးနှုန်းကလည်း ကျနေပြီလေ... နိုင်ငံတော်ကလည်း ထိန်းချုပ်နေတာပဲ... တို့တွေ အတူတူ ကြိုးစားရင် ကျော်ဖြတ်နိုင်မှာပါ"
ယွီရွှယ်က တိတ်ဆိတ်သွားပြီး ခဏအကြာတွင် ပြောလိုက်သည်။ "ဘယ်လို ကြိုးစားရမှာလဲ... ငါ့လစာက တစ်လ ၆,၅၀၀ ရတယ်... နင့် လစာက တစ်လ ၁၂,၀၀၀ လေ... အိမ်ရာချေးငွေတင် တစ်သောင်းကျော် ဆပ်နေရတော့ လက်ထဲမှာ ဘယ်လောက် ကျန်ဦးမှာလဲ"
"ဒီလစာလေးနဲ့တင် လူနှစ်ယောက်ကို ရှာကျွေးဖို့ စဉ်းစားထားတာလား"
လင်းယွမ်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ "ရှောင်ရွှယ်... ကိုယ်ပြောတာကို နားထောင်ပါဦး... ကိုယ်တို့ ကုမ္ပဏီက တိုးတက်နေတဲ့ အချိန်ရောက်နေပြီ... အထက်လူကြီးကလည်း ပြောထားတယ်... ဒီပရောဂျက် ပြီးသွားရင် နောက်ပရောဂျက် တစ်ခုကို ကိုယ့်ကို ဦးဆောင်ခိုင်းမယ်တဲ့... အဲ့ဒီအချိန်ကျရင် ပရောဂျက်မန်နေဂျာ ဖြစ်လာမှာမို့လို့ လစာနဲ့ ခံစားခွင့်တွေ တိုးလာမှာပါ"
ယွီရွှယ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။ "အဲ့ဒီလို ဖြစ်လာခဲ့ရင်တောင်... တင်တောင်းရမယ့် ငွေကရော... အိမ်ဘက်က စည်းကမ်းကို သိပါတယ်နော်... မင်္ဂလာကြေးက သုံးသိန်းထက် နည်းလို့ မရဘူး"
လင်းယွမ် ငြိမ်ကျသွား၏။
ယွီရွှယ်က ပို၍ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "အိမ်ဘက်က စည်းကမ်းအရ မင်္ဂလာဆောင်ပြီးရင် တင်တောင်းငွေကို ပြန်ယူလို့ မရဘူး... မိဘတွေကို ပေးခဲ့ရမှာ... သူတို့က ဒီအရွယ်ရောက်တဲ့အထိ ဆင်းရဲဒုက္ခခံပြီး ကျွေးမွေးပြုစုခဲ့တာလေ... ဒီငွေက သူတို့ အသက်ကြီးလာတဲ့အခါ သုံးဖို့ ပေးရမှာပဲ"
"အခု ဝယ်ထားတဲ့ အိမ်က အနှစ် ၃၀ လုံးလုံး အကြွေးဆပ်ရဦးမှာ... ရှေ့ဆက်ပြီး အဆုံးအစမရှိတဲ့ အနှစ် ၃၀ လုံးလုံးကို အတူတူ ဖြတ်သန်းရတော့မှာ... လင်းယွမ်... နင်ငါ့ကို ဒီလိုဘဝမျိုး ဖြတ်သန်းချင်ရဲ့လားလို့ ဘာလို့ မမေးတာလဲ"
"ကျောင်းတုန်းကဆိုရင် ငါက လူတိုင်း မျက်စိကျရတဲ့ ကောင်မလေး ဖြစ်ခဲ့ပြီး လူတိုင်းက ဝိုင်းဝိုင်းလည်နေခဲ့ကြတာ... အခုတော့ နေ့တိုင်း ထမင်းဟင်းအတွက်၊ အိမ်ရာချေးငွေအတွက် ရုန်းကန်နေရတာကို မခံစားနိုင်တော့ဘူး"
"တောင်းပန်ပါတယ်... လိမ်လည်း မလိမ်ချင်တော့ဘူး... ငါတို့က တကယ် ဖူးစာ မပါတာ ဖြစ်နိုင်တယ်"
လင်းယွမ်၏ မျက်နှာက ကြည့်ရဆိုးနေပြီး သူမကို မော့ကြည့်ကာ ဆွဲထားရန် ကြိုးစားလိုက်၏။ "တကယ်ပဲ အခွင့်အရေး မရှိတော့ဘူးလား"
"ဟန်ရှောက်ယွီက ထမင်းစားဖို့ ချိန်းထားတယ်... ငါ့ကို ဘဏ်မှာ ငွေအပ်မယ့် သူဌေးကြီး တစ်ယောက် ရှာပေးထားတယ်တဲ့... အဲ့ဒါက ငါ့ရဲ့အလုပ်စွမ်းဆောင်ရည် စာရင်းထဲ ဝင်မှာလေ... ငါသွားရတော့မယ်"
ယွီရွှယ်က မဖြေတော့ဘဲ ချက်ချင်း လှည့်ထွက်သွားလေသည်။
လင်းယွမ်က ရှေ့တိုးပြီး သူမကို ဆွဲထားချင်သော်လည်း ခြေလှမ်းတစ်ဝက်တွင်ပင် ရပ်တန့်သွားခဲ့၏。
သူ သိသည်... ဤတစ်ကြိမ်တွင် သူမကို ဆွဲထားနိုင်ကောင်း ဆွဲထားနိုင်မည် ဖြစ်သော်လည်း နောင်ဆိုလျှင်ရော...။
တက္ကသိုလ်တုန်းက အချစ်တွေက ဖြူစင်တယ်၊ ဘာအညစ်အကြေးမှ မရှိဘူးလို့ အားလုံးက ပြောကြသည်။
သို့သော် ပို၍ ဖြူစင်လေလေ ပို၍ ညစ်ညမ်းလွယ်လေလေ ဖြစ်၏။
လူ့အသိုင်းအဝိုင်းထဲ ဝင်လာသည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း ယွီရွှယ်က ပြောင်းလဲသွားခဲ့လေပြီ။
သေချာပေါက် သူမ ပြောင်းလဲသွားရုံသာမက သူကိုယ်တိုင်လည်း ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်က ထက်မြက် တက်ကြွခဲ့သော သူသည်လည်း အလုပ်ခွင်တွင် ဟန်ဆောင် အပြုံးများဖြင့် ဆက်ဆံတတ်လာပြီး အထက်လူကြီးကို ဖားယားတတ်လာခဲ့၏။
သူသည်လည်း တစ်ချိန်က သူအမုန်းဆုံး လူစားမျိုး ဖြစ်လာခဲ့လေသည်။
"အစ်ကိုလင်း... အစ်ကိုလင်း"
တုံယန်၏ အသံက နားထဲသို့ ဝင်လာသဖြင့် လင်းယွမ် သတိဝင်လာတော့၏။
သူက ဖုန်းမျက်နှာပြင်ပေါ်ရှိ ဓာတ်ပုံမှ အကြည့်လွှဲလိုက်ပြီး မေးလိုက်သည်။. "ဒီဓာတ်ပုံက ဘယ်ကရတာလဲ"
တုံယန်က ချက်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏... "အမလင်းယာ့ ဖုန်းထဲကလေ... ခစ်ခစ်... ဒါ အစ်ကို ဟုတ်တယ်မလား"
လင်းယာက အလျင်အမြန် ထရပ်ကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် ကိုလင်းယွမ်... ကျွန်မ ရိုက်ထားတာ မဟုတ်ပါဘူး... အိမ်ရာပိုင်ရှင်တွေရဲ့ ဂရုထဲကပါ"
"အဲဒီတုန်းက အောက်ထပ်မှာ စုံတွဲတစ်တွဲ ရန်ဖြစ်ပြီး လမ်းခွဲနေကြတယ်ဆိုလို့ အိမ်ရှင်တစ်ယောက်က ရိုက်ပြီး ဂရုထဲ တင်ထားတာပါ"
"အဲဒီတုန်းက စပ်စုချင်လို့ ဝင်ကြည့်လိုက်တာ... ဂရုထဲက စာတွေကို မဖျက်ရသေးလို့... ရေလွှမ်းမိုးတဲ့ ကပ်ဘေးကြီးပြီးတော့ ဖုန်းထဲမှာ ဒီအတိုင်း ကျန်နေခဲ့တာပါ"
လင်းယွမ် စကားပြောစရာ စကားလုံးများ ပျောက်ရှသွား၏... အတိတ်က သူက အိမ်ရာပိုင်ရှင်များ ဂရုထဲတွင် ဟာသတစ်ခု ဖြစ်နေခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဆက်ရန်...