အခန်း (၆၁၁-၆၁၂)
Vol. 31 Ch. 611-612
အပိုင်း (၆၁၁) လင်းယွမ်၏ ရည်းစားဟောင်း
"အဲ့ဒီတုန်းက အမလည်း ဒီသတင်းကို တွေ့လိုက်သေးတယ်... ဒါပေမဲ့ အဲ့ဒါ မောင်လေးဖြစ်နေမယ်လို့ ထင်မထားမိဘူး"
ရန်မေက ဝင်ပြောလိုက်ပြီးနောက် သိချင်စိတ်ဖြင့် ဆက်မေးလိုက်သည်။ "မောင်လေး... ဒီကောင်မလေးက မောင်လေးရဲ့ ရည်းစားလား"
ထိုစကားကို ကြားလိုက်သည်နှင့် တုံယန်နှင့် ဆုန့်ဝမ်တို့က ချက်ချင်း လှမ်းကြည့်လာကြ၏။
လင်းယွမ်က ဖုံးကွယ်မနေတော့ဘဲ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ "အင်း... သူ့နာမည်က ယွီရွှယ် လို့ခေါ်တယ်"
တုံယန်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "အစ်ကိုလင်းက ဒီလောက်စိတ်ထားကောင်းတာကို... သူက အစ်ကို့ကို လမ်းခွဲသွားတယ်... သူဦးနှောက် ပျက်နေတာများလား"
ဆုန့်ဝမ်ကလည်း မနေနိုင်ဘဲ ဝင်မေးသည်။ "အစ်ကိုလင်း... အစ်ကိုတို့က ဘာလို့ လမ်းခွဲလိုက်ကြတာလဲ"
အမျိုးသမီးများက သဘာဝအရ အမျိုးသားများ၏ ရည်းစားဟောင်းများအပေါ် သိချင်စိတ် ရှိတတ်ကြစမြဲပင်။
လင်းယွမ်က ဤအချစ်ရေးကို စိတ်ထဲမထားတော့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုလို ဝိုင်းဝန်း အမေးခံရသည့်အခါ မတတ်သာဘဲ ဖြစ်သွားရသည်။
သူက အရင်ဆုံး မေးလိုက်သည်။ "ကျွန်တော်က ဘာလို့ အိမ်ရာပိုင်ရှင်တွေရဲ့ ဂရုထဲမှာ မတွေ့ခဲ့ရတာလဲ"
ရန်မေက ရယ်မောလိုက်သည်။ "မောင်လေးက နောက်မှ ဂရုထဲ ဝင်လာလို့ နေမှာပေါ့... မောင်လေးအိမ် ပြင်တာက တော်တော်နောက်ကျတော့ ပထမဆုံးအသုတ်ထဲ ပါမှာမဟုတ်ဘူးလေ"
လင်းယွမ် သဘောပေါက်သွားသည်။ အမှန်ပင်... သူ အိမ်ဝယ်ပြီးနောက် ဂရုထဲသို့ ပထမဆုံးအသုတ်အနေဖြင့် ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။
သူက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒီဓာတ်ပုံ ရှိနေသေးမယ်လို့ ထင်မထားဘူး... လင်းယာ... နောက်မှ ကျွန်တော့်ကို တစ်ပုံလောက် ပို့ပေးပါဦး"
"အင်တာနက်မှ မရှိတော့တာ... ဘယ်လိုလုပ် ပို့လို့ရမှာလဲ... အစ်ကိုလင်း... အစ်ကိုက ရည်းစားဟောင်းကို မမေ့နိုင်သေးတာတော့ မဟုတ်ပါဘူးနော်" ဆုန့်ဝမ်က မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ နူးညံ့လှသော မျက်နှာလေးကို ဖွဖွလေး ဆွဲညှစ်လိုက်ကာ ပြောလိုက်သည်။ "ဘာတွေ တွေးနေတာလဲ... ငါက ကိုယ့်ကိုယ်ကိုယ် သာမန်လူတစ်ယောက်ဆိုတာ မေ့မသွားအောင် သတိရချင်ရုံ သက်သက်ပါ"
လူဆိုသည်မှာ အစွမ်းသတ္တိ ရှိလာသည်နှင့်အမျှ စိတ်က အလိုလို ဘဝင်မြင့်လာတတ်ကြသည်။
လင်းယွမ်လည်း ထိုကဲ့သို့ ခံစားနေရသည်။ ယခင်က တိုက်ခန်းထဲတွင် ပုန်းအောင်းနေခဲ့ရသော မိမိကိုယ်နှင့် နှိုင်းယှဉ်ပါက သူ ယခုတလော အနည်းငယ် ဘဝင်မြင့်နေမိသည်မှာ အမှန်ပင်။
အရင်တုန်းက မိန်တုဥယျာဉ် တိုက်ခန်းထဲမှာဆိုလျှင် သူက အလွန် သတိထားပြီး နေရာတိုင်းကို ကာကွယ်စောင့်ကြည့်နေခဲ့သည်။
ပြတင်းပေါက်နှင့် တံခါးမကြီးများကို အခိုင်အမာ ပြုလုပ်ထားပြီး အပြင်ဘက်မှ တံခါးလာခေါက်လျှင်လည်း လုံးဝ ဖွင့်မပေးခဲ့ပေ။
သို့သော် ယခုအခါတွင်မူ သူက အရိပ်နဂါးကျွန်းဆီသို့ အန္တရာယ်စွန့် သွားရောက်ခဲ့ပြီး တွင်းနက်အရိပ်နဂါး၏ အရိပ်ကမ္ဘာထဲတွင် ဝါးမျိုခံရမလိုပင် ဖြစ်ခဲ့သေးသည်။
ပြန်ရောက်လာပြီးနောက်တွင်လည်း တစ်ကိုယ်တော် အင်အားဖြင့် ဘာသာရေးဂိုဏ်းကြီး သုံးခုကို ရှင်းလင်းပစ်ခဲ့သည်။ နောက်ဆုံးတွင် အနိုင်ရခဲ့သော်လည်း ထိုကာလအတွင်း ဒီရေပင်မဦးနှောက် ကဲ့သို့သော ထူးဆန်းသည့် တည်ရှိမှုနှင့် စစ်တပ်ဘက်မှ ဒေါက်တာအန်း၊ စမ်းသပ်ခံ ခန္ဓာကိုယ်တို့နှင့်ပါ ရင်ဆိုင်ခဲ့ရသည်။
ရိုးရိုးသားသား ပြောရလျှင် စနစ် ကသာ သူ့အရည်အသွေးများကို မြှင့်တင်မပေးခဲ့ပါက သူ အမှန်တကယ်ပင် အသက်အန္တရာယ် ကြုံတွေ့သွားနိုင်ချေ ရှိသည်။
အမှန်ဆိုလျှင် သူ ထပ်ပြီး သည်းခံနေနိုင်သေးသည်။ ထိုက်ယန်တောင်မှ လူအားလုံး၏ စွမ်းရည်များ မြင့်တက်လာချိန်အထိ စောင့်ဆိုင်းပြီးမှသာ သေချာစွာ ပြင်ဆင်၍ တိုက်ခိုက်ခြင်းက အလုံခြုံဆုံးသော နည်းလမ်း ဖြစ်ပေသည်။
ထို့အပြင် ယခုတစ်ကြိမ် ကျန်းယွီကျန်းထံမှ စာတစ်စောင်ဖြင့် ကောင်းကင်ချောက်နက် လမ်းကြောင်းကို လာရောက် စစ်ဆေးပေးရန် ဖိတ်ခေါ်ခြင်း ခံရပြန်သည်။
သူ အမှန်တကယ်ပင် သွားရန် စဉ်းစားနေခဲ့မိသည်။ မိမိ၏ လက်ရှိအစွမ်းက ဖုန်းကျန့်ကုန်းထက် သိပ်ပြီး သာလွန်မနေဘဲနှင့် ဘာကြောင့် အန္တရာယ်ကြားထဲ သွားစွန့်စားရမည်နည်း။
အမှန်တကယ် သူ့စိတ်ကို သူ ပြန်မေးကြည့်ရလျှင် ခွန်အားကြီးမားလာပြီးနောက် ဘဝင်မြင့်လာခြင်းပင် ဖြစ်သည်။
ထိုဓာတ်ပုံကို မြင်လိုက်ရမှ လင်းယွမ် ရုတ်တရက် သတိဝင်သွားတော့သည်။
သူသည်လည်း တစ်ချိန်က သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့ပြီး လောကဓံ၏ ရိုက်ခတ်မှုများကြောင့် ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ရသည့် သနားစရာ ကောင်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်။
ယခုမှ အခွင့်အရေး ရလာချိန်တွင် လုံးဝကို ဘဝင်မြင့် မောက်မာသွား၍ မဖြစ်ပေ။
ဤအချက်ကပင် ထိုဓာတ်ပုံကို သူ သိမ်းထားချင်သည့် အဓိက အကြောင်းရင်း ဖြစ်သည်။
လင်းယွမ်၏ စကားကို ကြားလိုက်ရသောအခါ အခန်းထဲရှိ မိန်းကလေးများအားလုံး အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။
"ဟုတ်တယ်... အရင်က ကျွန်မတို့အားလုံး သာမန်လူတွေချည်းပါပဲ" လင်းယာက သက်ပြင်းချရင်း ပြောလိုက်သည်။
ရန်မေကလည်း ခဏမျှ ငေးမောသွားပြီးနောက် အသိဝင်လာကာ လင်းယွမ်၏ လက်ဖဝါးကို အလိုလို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အမကတော့ လက်ရှိဘဝလေးကိုပဲ သဘောကျတယ်"
လင်းယွမ်က သူမနှင့် အကြည့်ချင်းဆုံသွားပြီး ပြုံးပြလိုက်သည်။
လင်းယာက အနည်းငယ် အားကျစွာဖြင့် ပြောလိုက်၏။ "ကပ်ဘေးကာလကြီးထဲမှာ ရှင်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်တဲ့ အဖော်မွန်ကို ရှာတွေ့နိုင်တာ တကယ်ကို အားကျစရာပဲ"
"ကိုလင်းယွမ်... ဒီမှာ ကွန်ပျူတာ ရှိလား... နောက်မှ ကွန်ပျူတာထဲ ကူးထည့်ပေးမယ်လေ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ကျွန်တော့်အခန်းထဲမှာ ရှိတယ်" ဟု ပြန်ဖြေသည်။
တုံယန်က အဓိကပြဿနာကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ ဆက်မေးလိုက်သည်။ "အစ်ကိုလင်း... အစ်ကို့ရည်းစားဟောင်းက ဘာလို့ လမ်းခွဲသွားတာလဲ... သူ ဘယ်လိုများ ရက်စက်နိုင်ရတာလဲ"
ဆုန့်ဝမ်က သူမကို တစ်ချက်ဆွဲလိုက်ပြီး "တော်ပါတော့... လမ်းခွဲပြီးသားကို ဘာအကြောင်းပြချက်မှ ရှိမနေတော့ပါဘူး" ဟု ဝင်ပြောသည်။
သူမက လင်းယွမ်အတွက် မျက်နှာပန်းလှအောင် ဝင်ထိန်းပေးလိုက်ခြင်း ဖြစ်သည်။
လင်းယွမ်ကမူ ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်ပြီး "အကုန်လုံး ပြီးသွားခဲ့ပါပြီ... ပြောပြလို့ မရစရာ အကြောင်းမရှိပါဘူး"
သူက လမ်းခွဲရသည့် အကြောင်းရင်းကို အတိုချုံး ပြောပြလိုက်သည်။
ရန်မေမှာ ကြားရပြီးနောက် မျက်ရည်ဝဲလာကာ လင်းယွမ်ကို သနားသွားသဖြင့် သူ့လက်ဖဝါးကို ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။
တုံယန်ကမူ ဒေါသတကြီးဖြင့် "ဘာကြီးလဲ... သူက ချစ်သူနဲ့ ဒုက္ခမခံချင်ဘဲ ချမ်းသာချင်နေတာပဲ... အစ်ကိုလင်းနဲ့ လုံးဝ မတန်ဘူး" ဟု ပြောလိုက်သည်။
"ပြီးတော့ သူက ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ... အဲ့ဒီ ခြေတံတွေ... အဲ့ဒီ ရင်သားတွေ... အဲ့ဒီ အသားအရည်က အမဆုန့်ဝမ်နဲ့ အမမေကို ယှဉ်နိုင်မှာမို့လို့လား"
"အခုချိန်မှာသာ အစ်ကိုလင်း ဘယ်လောက်စွမ်းလဲ သိရင် သူ သေချာပေါက် နောင်တရနေမှာ"
လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး သူမ၏ ကလေးလေးလို ဖောင်းအစ်နေသော ပါးပြင်ကို ဆွဲညှစ်လိုက်ကာ "ဟားဟား... နင်တောင် အခု မြှောက်ပင့်ပြောတတ်နေပြီပေါ့... ဒါပေမဲ့ ဒီစကားကြားရတာ တကယ် စိတ်ချမ်းသာစရာပဲ" ဟု ပြောလိုက်သည်။
တုံယန်က ဟီးဟီးရယ်လိုက်ပြီး "ကျွန်မ တကယ်ပြောနေတာပါနော်"
"အမဆုန့်ဝမ်က ကပ်ဘေးမတိုင်ခင်တုန်းက နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်သူလေ... အဲ့ဒီ ခန္ဓာကိုယ်... အဲ့ဒီ မျက်နှာလေးက ရိုးရိုးကင်မရာနဲ့ ရိုက်ရင်တောင် အင်တာနက်ပေါ်က နာမည်ကြီးတွေကို အေးဆေး အနိုင်ယူနိုင်တယ်"
ဆုန့်ဝမ်က ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။ သူမက အဲ့ဒီတုန်းက အမှန်တကယ်ပင် အလှအပပြ တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦး ဖြစ်ခဲ့သည်။
တုံယန်က ထိုသို့ စကားဖြတ်ပြောလိုက်သဖြင့် အားလုံး၏ စကားဝိုင်းမှာ ပြန်လည် မြူးကြွလာပြီး ရေဘေးကြီး မတိုင်မီက သူတို့၏ အတိတ်အကြောင်းများကို ပြန်လည် အမှတ်ရ ပြောဆိုဖြစ်ကြသည်။
လင်းယာ အလှည့်သို့ ရောက်သောအခါမှသာ လင်းယာက အပေါ်ယံ ကြည့်လျှင် ခေတ်မီမြို့ပြ မိန်းမလှလေးနှင့် တူသော်လည်း အမှန်တကယ် ရေဘေးကြီး မတိုင်မီက သူမ၏ ဘဝမှာ သိပ်ပြီး ချောမွေ့ခဲ့ခြင်း မရှိကြောင်း အားလုံး သိလိုက်ကြရသည်။
သူမက ဆွဲဆောင်မှုရှိပြီး လှပကာ သိမ်မွေ့ပညာတတ်ဟန် ရှိသော်လည်း လုပ်ငန်းခွင်တွင် အရှိန်အဝါ ကင်းမဲ့နေသဖြင့် အထက်လူကြီးများ၏ နှောင့်ယှက်မှုကို အကြိမ်ကြိမ် ခံခဲ့ရပြီး အလုပ်ပြောင်းရသည့် အခြေအနေမျိုး ကြုံခဲ့ရသည်။
နောက်ပိုင်းတွင် သူငယ်ချင်းများနှင့်အတူ ကိုယ်ပိုင်စတူဒီယို ဖွင့်ကာ ပြင်ပအလုပ်များ လက်ခံလုပ်ကိုင်ရင်း နယ်ပယ်ထဲတွင် နာမည်အနည်းငယ် ရလာမှသာ ခြေကုပ်ယူနိုင်ခဲ့ပြီး လုပ်ငန်းခွင် အနိုင်ကျင့်ခံရသည့် အခြေအနေမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
အချစ်ရေးပိုင်းတွင်မူ လုပ်ငန်းခွင်အတွင်း နှောင့်ယှက်မှု ပြဿနာများကို အများအပြား ကြုံတွေ့ခဲ့ရသဖြင့် အလွန်အမင်း အရည်ရွှမ်းပြီး ကပ်သီးကပ်ဖဲ့နိုင်သော အမျိုးသားများကို မုန်းတီးကာ လက်တွဲဖော်အတွက် သပ်ရပ်သန့်ရှင်းသော အမျိုးသားမျိုးကိုသာ လိုလားခဲ့သည်။
သို့သော် ထိုအချိန်က သူမသည် အသက် (၂၇) နှစ်၊ (၂၈) နှစ် အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ ဖောက်သည်များနှင့် လူမှုပတ်ဝန်းကျင်မှ လူများမှာ သူမထက် အသက်ကြီးသော လူကြီးဆန်နေသည့် သူဌေးများ၊ သို့မဟုတ် ကန်ထရိုက်တာများသာ ဖြစ်နေခဲ့သည်။
အတိုချုပ်ပြောရလျှင် လည်ပတ်သွားလာရင်းဖြင့်ပင် သူမက အပျိုကြီးဘဝသို့ ရောက်ရှိသွားခဲ့ရသည်။
ရန်မေက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ညီမလေးက ဒီလောက် လှတာ... တကယ်လို့များ ငယ်တဲ့သူကို ရှာချင်ရင် သိပ်တော့ မခက်ခဲလောက်ပါဘူး"
လင်းယာက မျက်နှာ အနည်းငယ် ရဲသွားပြီး ပြန်ဖြေသည်။ "မဟုတ်ဘူး... အသက်ငယ်တဲ့သူကို ရှာမယ်ပြောတာ မဟုတ်ပါဘူး... လူငယ်ဆန်ဆန် သွက်လက်ပြီး အဲ့ဒီလို လူကြီးဆန်နေတဲ့ ပုံစံမျိုး မဟုတ်တဲ့သူကို ပြောတာပါ"
"အဲ့ဒါဆိုရင်တော့ ခက်ပြီ... လူ့အသိုင်းအဝိုင်းဆိုတဲ့ ဆေးရိုးအိုးကြီးထဲ ရောက်သွားမှတော့ ဘယ်လိုလုပ် လူငယ်ဆန်တဲ့ စိတ်ဓာတ် ရှိနိုင်တော့မှာလဲ" ရန်မေက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
လင်းယာက ရှန်ယွင်ရှီကို အလိုလို သတိရသွားသည်။ သူမ၏ အချစ်ဆုံး သူငယ်ချင်းမှာ အသက်အရွယ် မငယ်တော့သော်လည်း စိတ်ထားကတော့ အပြစ်ကင်းစင်ပြီး ခလေးဆန်ဆန်လေး ရှိနေဆဲပင်။
ကျောင်းပတ်ဝန်းကျင်က သူမအပေါ် လွှမ်းမိုးမှု ကြီးမားနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူမ တွေ့ဆုံရသူ အများစုမှာ ကျောင်းသားများသာ ဖြစ်သည် မဟုတ်ပါလော။
ဤအချက်ကပင် လင်းယာနှင့် ရှန်ယွင်ရှီတို့ နှစ်ဦး ပေါင်းသင်းလို့ ရသွားသည့် အဓိက အကြောင်းရင်း ဖြစ်သည်။
တုံယန်က မနေနိုင်ဘဲ ဝင်ပြောပြန်သည်။ "အဲ့ဒီ ကောင်လေးတွေက ဘာများ ကောင်းတာရှိလို့လဲ... ကျွန်မကတော့ ကျွန်မထက် အသက်ကြီးတဲ့ ယောက်ျားတွေကိုပဲ သဘောကျတယ်"
"ဦးလေးကြီး ပုံစံမျိုးဆိုရင် ဘယ်လောက်ကောင်းလဲ... အကြင်နာလည်း ပေးတတ်တယ်... အစွမ်းလည်း ရှိတယ်... ကျွန်မရဲ့ အတန်းဖော် ကောင်လေးတွေလို ကလေးဆန်မနေဘူး"
ဆုန့်ဝမ်က "ခစ်" ခနဲ ရယ်မောလိုက်ပြီး မေးလိုက်သည်။ "ဘယ်လိုလဲ... တုံယန်... ကျောင်းမှာ နင့်ကို လိုက်တဲ့သူတွေ အများကြီး ရှိတယ်ပေါ့လေ"
တုံယန်က ဟီးဟီးရယ်လိုက်ပြီး "ရှိတာပေါ့... နေ့တိုင်း ရည်းစားစာ ပေးတဲ့သူတွေ ရှိတယ်... ဒါပေမဲ့ ကျွန်မတို့ နောက်ဆုံးနှစ်က စာအရမ်းများတော့ အင်တာနက်ပေါ်က ရည်းစားစာတွေကို ကူးရေးတတ်တဲ့ ကောင်တွေနဲ့ စကားပြောဖို့ အချိန်မရှိပါဘူး"
ထိုသို့ပြောရင်း သူမက လင်းယွမ်ကို ခိုးကြည့်လိုက်သည်။ လင်းယွမ်က သူမကို ပြုံးပြုံးလေး ကြည့်နေပြီး ဒေါသထွက်နေပုံ မပေါ်သဖြင့် သူမ စိတ်အေးသွားရသည်။
ဆုန့်ဝမ်ကလည်း ရေဘေးကြီး မတိုင်မီက သူမ အမြဲတမ်း တစ်ကိုယ်ရေ ဖြစ်နေခဲ့ရသည့် အကြောင်းရင်းကို ပြောပြလာသည်။
သူမ၏ ဘဝကတော့ ပို၍ ရိုးရှင်းလှသည်။ အမြဲတမ်း တိုက်ရိုက်ထုတ်လွှင့်နေရသဖြင့် သူမ၏ လူမှုဆက်ဆံရေး နယ်ပယ်မှာ အတော်လေး သေးငယ်သည်။
အများစုမှာ အင်တာနက်ပေါ်မှ သူငယ်ချင်းများသာ ဖြစ်ပြီး အဆင့်မြင့်စာရင်းထဲမှ အစ်ကိုကြီးအချို့က သူမကို ဆုငွေများ မကြာခဏ ပေးတတ်သော်လည်း နောက်ကွယ်မှ စာတိုများတွင်မူ ညစ်ညမ်းသော စကားလုံးများကို မကြာခဏ ပေးပို့တတ်ကြသည်။
ထို့ကြောင့် သူမက အင်တာနက်ပေါ်မှ လူများအပေါ် အထင်အမြင် အလွန်ဆိုးရွားခဲ့ပြီး အင်တာနက်ပေါ်တွင် လုံးဝ ရည်းစားမရှာရန် ခိုင်မာစွာ ဆုံးဖြတ်ထားခဲ့သည်။
အင်တာနက်ပေါ်တွင်သာ ထိုလူများ၏ အမှောင်ဘက်ခြမ်းကို မြင်တွေ့ရတတ်သဖြင့် ဆုန့်ဝမ်က အင်တာနက်ပေါ်တွင် လူယုတ်မာများသာ ရှိသည်ဟု တစ်ချိန်က ထင်မြင်ခဲ့ပြီး ဆန့်ကျင်ဘက် လိင်အပေါ်တွင်လည်း အလွန် သတိထားတတ်လာခဲ့သည်။
ရေဘေးကြီး ကျရောက်ပြီးနောက် ဆိုးရွားလှသော ပြင်ပပတ်ဝန်းကျင်က သူမ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုကို ဖျက်ဆီးပစ်ခဲ့ကာ အကျပ်အတည်းများ ကြုံတွေ့လာရမှသာ အပေါ်ထပ်သို့ တက်၍ လင်းယွမ်ထံမှ ရိက္ခာ သွားရောက်ငှားရမ်းခဲ့ရခြင်း ဖြစ်သည်။
ထိုအချိန်က သူမသည် မိမိကိုယ်ကို ပေးဆပ်ရန်ပင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
ထိုအချိန်က သူမ ဆက်သွယ်နိုင်သူ အရေအတွက် အကန့်အသတ်ရှိပြီး အစားအစာ ထောက်ပံ့ပေးနိုင်သူ သိပ်မရှိကြောင်း သူမ တွေးမိခဲ့သည်။
ထိုလူများထဲတွင် လင်းယွမ် တစ်ယောက်သာ သူမနှင့် အရောင်းအဝယ် လုပ်ဖူးပြီး သူမက လင်းယွမ်အပေါ် အမြင်မဆိုးလှပေ။
အကယ်၍ လူတစ်ယောက်ကို အမှန်တကယ် ရွေးချယ်ရမည် ဆိုပါက သူမက လင်းယွမ်ကိုသာ ရွေးချယ်ချင်စိတ် ရှိနေခဲ့သည်။
သို့သော် လင်းယွမ်က သူမအပေါ် ရင်းနှီးဟန် မပြဘဲ သူမ၏ အလှအပကို မမက်မောသည့်အပြင် အခက်အခဲများကို ရင်ဆိုင်စေကာ ဤကပ်ဘေးကမ္ဘာတွင် အသားကျလာစေရန် ကူညီပေးလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ထိုအချိန်ကတည်းက သူမက လင်းယွမ်အပေါ် သံယောဇဉ် တွယ်နေခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်း တိုက်ခန်းထဲတွင် ပိတ်မိနေစဉ် အားလုံးအတူတကွ လျှိုအားလုံ၊ ဝမ်ကျဲ စသည့် လူယုတ်မာများကို ရင်ဆိုင်ခဲ့ရပြီးနောက် သဘာဝကျကျပင် ပေါင်းစပ်မိသွားကြခြင်း ဖြစ်သည်။
ဤစကားဝိုင်းမှာ တစ်နာရီကျော်ခန့် ကြာမြင့်သွားပြီးနောက် ဆုန့်ဝမ်နှင့် တုံယန်တို့မှာ ကိုယ့်ဌာနမှ အလုပ်များ လုပ်စရာရှိသဖြင့် မတတ်သာဘဲ စကားဝိုင်းကို အဆုံးသတ်လိုက်ရသည်။
လင်းယွမ်လည်း ဖြေရှင်းစရာ ကိစ္စများ ရှိနေသဖြင့် ခေါင်းဆောင်စံအိမ် သို့ ထွက်သွားခဲ့သည်။
အိမ်ထဲတွင် ရန်မေနှင့် လင်းယာ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး သူတို့နှစ်ဦးမှာ စကားပြောလေလေ ပို၍ အဆင်ပြေလေလေ ဖြစ်လာကာ ညီအစ်မလို သံယောဇဉ် ပိုမို နက်ရှိုင်းလာပုံရသည်။
လင်းယွမ်ကတော့ ဤမြင်ကွင်းကို မြင်တွေ့ရသည်မှာ အလွန် ကျေနပ်နေမိသည်။
အကြောင်းမှာ လင်းယာနှင့် ရန်မေတို့၏ သံယောဇဉ် နက်ရှိုင်းလေလေ... နောင်တစ်ချိန် ရန်မေ အန္တရာယ် ကြုံလာရပါက လင်းယာက ပို၍ အလေးထား ကူညီပေးလိမ့်မည် ဖြစ်သောကြောင့်ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် သုံးရက် အချိန် ကုန်လွန်သွားပြန်သည်။
လင်းယွမ်၏ အမှတ်များ ပြည့်စုံလုံလောက်သွားပြီဖြစ်ရာ နောက်ဆုံးတွင် [စွမ်းအင်ဝဲကတော့ သင်္ကေတ] ကို ရည်ရွယ်ချက်ရှိရှိ မဲနှိုက်ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
နောက်ထပ် တစ်ရက်ခွဲ အချိန်ယူပြီးနောက် လင်းယွမ်က ဤသင်္ကေတကို လေ့လာမှတ်သားကာ ပုံတူရေးဆွဲနိုင်ခဲ့သည်။
[စွမ်းအင်ဝဲကတော့ သင်္ကေတ] - သဘာဝ သင်္ကေတ
အရည်အသွေး - အစိမ်းရောင်
အစွမ်းအာနိသင် - သန္ဓေပြောင်းအစွမ်းဖြင့် သင်္ကေတကို အသက်သွင်းလိုက်ပါက သတ်မှတ်ဧရိယာအတွင်း စွမ်းအင်ဝဲကတော့ တစ်ခု ဖြစ်ပေါ်လာစေပြီး ထိုဧရိယာအတွင်းရှိ သန္ဓေပြောင်းစွမ်းအင်ပြင်းအားကို တိုးမြှင့်ပေးနိုင်သည်။
မှတ်ချက် - စွမ်းအင်ဝဲကတော့မှ တိုးမြှင့်ပေးသော စွမ်းအင်ပြင်းအားသည် ထောက်ပံ့ပေးလိုက်သည့် သန္ဓေပြောင်းစွမ်းအင်နှင့် အချိုးကျ ဖြစ်သည်။
လင်းယွမ်က သူ့ရှေ့ရှိ ဤသင်္ကေတ မိတ်ဆက်ကို ကြည့်ပြီး အနည်းငယ် အံ့သြသွားမိသည်။
သူက သဘာဝ သင်္ကေတ ၏ ရှင်းလင်းချက်ကို အမြန် ကြည့်လိုက်သည်။
သဘာဝ သင်္ကေတ - သဘာဝဖြစ်စဉ်များမှတစ်ဆင့် ဖြစ်ပေါ်လာသော သဘာဝသင်္ကေတဖြစ်ပြီး အစွမ်း သင်္ကေတများနှင့် မတူဘဲ သီးခြား အရည်အသွေး တစ်ခုတည်းအပေါ် ကန့်သတ်ထားခြင်း မရှိပေ။
"သဘာဝ သင်္ကေတ..."
လင်းယွမ်က ကျောက်ခိုင် ကို သူ လက်ဆောင်ပေးခဲ့ဖူးသော ပေတံကို ရုတ်တရက် သတိရသွားသည်။
ထိုပေတံထဲတွင်လည်း ထူးခြားသော သင်္ကေတ အစီအရင် ပါရှိနေခဲ့သည်။
ထိုပေတံက တစ်စုံတစ်ရာသော သန္ဓေပြောင်းသားရဲ၏ အရိုးဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။
လီရှန်ယန် တို့၏ အဆိုအရ ဤပေတံသည် ကျဲ့ဆစ် စာသင်ကျောင်း တွင် ထားရှိသော ရှေးဟောင်းကျောက်စာ ဖြစ်နေခဲ့သည်။
ထိုအချိန်က လင်းယွမ် အနေဖြင့် ဤကဲ့သို့သော အရာဝတ္ထုက ဘာကြောင့်များ အစွမ်းလက်နက်တစ်ခု ဖြစ်လာရသလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။
ယခု စနစ် ၏ သဘာဝ သင်္ကေတ ရှင်းလင်းချက်ကို မြင်တွေ့ရချိန်တွင်တော့ သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
"ဒါဆိုရင် အဲ့ဒီပေတံက အမှန်တော့ သဘာဝ သင်္ကေတပဲ... ပြီးတော့ သူက အစီအရင်တစ်ခုပါ ဖြစ်ပေါ်နေတာပေါ့"
"ဒါကြောင့်မို့လို့ ဘယ်လို အရည်အသွေးမျိုးရဲ့ စွမ်းအင်ကိုမဆို အထဲကို သွင်းလိုက်တာနဲ့... အစွမ်းထက်တဲ့ အရည်အသွေး အလင်းဓားသွားအဖြစ် ပြောင်းလဲပေးနိုင်တာကိုး"
"ကြည့်ရတာ ဒီလို သဘာဝ သင်္ကေတတွေက... အစွမ်းအမျိုးအစားတွေရဲ့ ကန့်သတ်ချက် မရှိဘူးနဲ့တူတယ်"
လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ခန့်မှန်းနေမိသည်။
ထို့အပြင် ဤသင်္ကေတက အစွမ်း သင်္ကေတများနှင့် မတူဘဲ မည်သည့် အစွမ်းအမျိုးအစား လိုအပ်ချက်မျှ မရှိပေ။
မည်သူမဆို အသုံးပြုနိုင်ပုံ ရသည်။
"ဒီသင်္ကေတကို သုံးပြီးတော့ စွမ်းအင်ပြင်းအား မြင့်တဲ့ နေရာတစ်ခုကို ဖန်တီးလို့ရပြီ... ထိုက်ယန်တောင်က အဆင့်တက်ဖို့ လိုအပ်နေတဲ့သူတွေကို အမှတ်ပေးပြီး အဲ့ဒီထဲမှာ ဝင်ရောက်လေ့ကျင့်ခိုင်းလို့ရတာပေါ့"
"စွမ်းအင်ဝဲကတော့ ရှိတဲ့နေရာထဲမှာ လေ့ကျင့်မယ်ဆိုရင်... သေချာပေါက် အချိန်ကုန်သက်သာပြီး အကျိုးသက်ရောက်မှု ပိုကောင်းမှာပဲ"
"စွမ်းအင်ဝဲကတော့ တစ်ခုရဲ့ လွှမ်းခြုံနိုင်တဲ့ ဧရိယာက အကန့်အသတ် ရှိပေမဲ့... ငါ အများကြီး ဖန်တီးထားလိုက်ရင် ဧရိယာအကျယ်အဝန်းကို အများကြီး ကျယ်သွားစေနိုင်သလို... အဲ့ဒီဧရိယာရဲ့ စွမ်းအင်ပြင်းအားကိုလည်း မြှင့်တင်ပေးနိုင်မှာပဲ"
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ဆောက်လုပ်ရေးဌာနမှ လူများကို ချက်ချင်း သွားရှာကာ ဤအစီအစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်လေတော့သည်။
ဆက်ရန်...
အပိုင်း (၆၁၂) ထိုက်ယန်တောင်၌ စွမ်းအင်စုဝေးအဆောက်အအုံ တည်ဆောက်ခြင်း
သုံးရက်ကြာပြီးနောက် မူလက ကိုးဝူမျှော်စင်ဟောင်း နေရာဘေးတွင် ဧရာမ ခြောက်ထပ်အဆောက်အအုံကြီးတစ်ခု မားမားမတ်မတ် ပေါ်ပေါက်လာခဲ့သည်။
တောင်ထိပ်ဖြစ်သောကြောင့် နှင်းများကို ရှင်းလင်းရသည်မှာ ပို၍ လွယ်ကူအဆင်ပြေလှသည်။
မီးဓာတ် အစွမ်းပိုင်ရှင်များက မီးတောက်များကို တိုက်ရိုက် ထုတ်လွှတ်ကာ တောင်ထိပ်ရှိ နှင်းများကို အရည်ပျော်စေသည်။ ထို့နောက် ဆောက်လုပ်ရေးဌာနမှ လူများက အဆောက်အအုံကို အလျင်အမြန် စတင်တည်ဆောက်ကြရာ မကြာမီမှာပင် ကျောက်ခဲအုတ်မြစ်၊ ကွန်ကရစ်တည်ဆောက်မှုဖြင့် အဆောက်အအုံကြီးတစ်ခု အောင်မြင်စွာ ပြီးမြောက်သွားလေသည်။
အဆောက်အအုံကြီးက ကိုးဝူမျှော်စင်နှင့် နီးကပ်စွာ တည်ရှိပြီး ၎င်း၏ ပတ်ပတ်လည်တွင် ဧရာမ အကာအကွယ် တစ်လွှာက ဖုံးလွှမ်းထား၏။
ယခုအချိန်တွင် လင်းယွမ်၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ရင်ကျဲနှင့် ဖုချီပေါ်တို့သည် ထိုအကာအကွယ် အပြင်ဘက်၌ ရပ်နေကြသည်။
လင်းယွမ်က ရင်ကျဲနှင့် ဖုချီပေါ်တို့ ရှင်းပြနေသော ဤအကာအကွယ်နှင့် အဆောက်အအုံ အကြောင်းကို နားထောင်နေသည်။
ဖုချီပေါ်က မြေဝါရောင် အကာအကွယ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဒီအကာအကွယ်က ကျွန်တော်တို့ မိုင်တစ်သောင်း သဲဝါ သင်္ကေတ ကို အခြေခံပြီး ဖန်တီးထားတဲ့ စွမ်းအင် အကာအကွယ်ပါ"
"ဒီအစွမ်းက မြေဓာတ် အမျိုးအစား အစွမ်းဖြစ်ပြီး အရည်အသွေးက အစိမ်းရောင်အဆင့်ထိ ရှိတယ်... အကာအကွယ်က တော်တော်လေး ခိုင်မာတောင့်တင်းတဲ့အတွက်... မြေဓာတ် အစွမ်းပိုင်ရှင်တော်တော်များများက ဒီအစွမ်းကို လေ့ကျင့်ဖို့ ကျွန်တော်တို့ဌာနဆီ တကူးတက လာဝယ်ကြတယ်"
လက်ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနက အမျိုးမျိုးသော သင်္ကေတနည်းပညာများနှင့် သန္ဓေပြောင်း လက်နက်ကိရိယာများကို တီထွင်နိုင်ရုံသာမက သက်ဆိုင်ရာ သင်္ကေတအစွမ်းများကိုပါ ရောင်းချပေးနေပြီ ဖြစ်သည်။
အစိမ်းရောင်အဆင့် အစွမ်းများသည် အတော်လေး အစွမ်းထက်နေပြီ ဖြစ်သည်။ အနည်းဆုံးတော့ ယခုအချိန်အထိ ထိုက်ယန်တောင်၌ ပြင်ပသို့ ရောင်းချနေသော သင်္ကေတအစွမ်းများထဲတွင် အစိမ်းရောင်အဆင့်သည် အမြင့်ဆုံးပင် ဖြစ်၏။
ပို၍ အဆင့်မြင့်သော ခရမ်းရောင်အဆင့် သင်္ကေတအစွမ်းများလည်း ဌာနတွင် ရှိသော်လည်း ပြင်ပသို့ ရောင်းချခြင်း မရှိပေ။
လင်းယွမ် ကိုယ်တိုင်လည်း ခရမ်းရောင်အဆင့် သင်္ကေတအစွမ်း နှစ်မျိုးကို တတ်မြောက်ထားသည်။
ထိုအထဲမှ တစ်မျိုးမှာ အကြောင်းအကျိုး အမျိုးအစား အစွမ်းဖြစ်သော ထိခိုက်မှု လွှဲပြောင်းခြင်း ပင် ဖြစ်သည်။
ယခုအခါ ထိုအစွမ်းသည် သူ၏ အမှတ်များ စုဆောင်းရာတွင် အရေးပါသော စွမ်းရည်တစ်ခု ဖြစ်လာခဲ့ပြီး လက်နက်စက်ရုံမှ ထုတ်လုပ်သော စက်ကိရိယာ အားလုံးနီးပါးတွင် ထိုသင်္ကေတကို ရေးထွင်းထားလေသည်။
သားသတ်ရုံရှိ စက်များတွင်လည်း အဆိုပါ သင်္ကေတများကို ရေးထွင်းထား၏။
လက်နက်တိုင်းတွင် ဤသို့သော ထိခိုက်မှု လွှဲပြောင်းခြင်း သင်္ကေတ၏ အထောက်အပံ့ ပါဝင်သည်။
ထိုလက်နက်များဖြင့် သတ်ဖြတ်လိုက်သော သန္ဓေပြောင်း သတ္တဝါတိုင်း၏ သေဆုံးမှုမှာ လင်းယွမ် ကိုယ်တိုင် သတ်ဖြတ်လိုက်သည့် သဘော သက်ရောက်သွားပေသည်။
လင်းယွမ် တတ်မြောက်ထားသည့် ဒုတိယမြောက် ခရမ်းရောင်အစွမ်းကိုမူ အစောပိုင်း ကပ်ပါးမျိုးစေ့ ရရှိစဉ်က အတူပါလာသော သင်္ကေတအရိုးများထဲမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုအစွမ်းကို လျှပ်စီးရောင်ခြည် ဟုခေါ်ပြီး လျှပ်စီးဓာတ် အမျိုးအစားဖြစ်ကာ ၎င်းသည်လည်း ခရမ်းရောင်အဆင့်ပင် ဖြစ်သည်။
ယခင်ကတည်းက လင်းယွမ်က ထိုအစွမ်းကို လေ့ကျင့်နေခဲ့သော်လည်း အသုံးပြုလေ့ အသုံးပြုထ သိပ်မရှိခဲ့ပေ။
ခရမ်းရောင်အဆင့် အစွမ်းတိုင်းတွင် တကယ့်ကို သာမန်မဟုတ်သော စွမ်းအားများ အသီးသီး ရှိကြသည်။
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနက ခရမ်းရောင်အဆင့် အစွမ်းများ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရန် တင်းကျပ်စွာ ထိန်းချုပ်ထားသည်မှာ သဘာဝပင် ဖြစ်၏။
အစိမ်းရောင်အဆင့်များကိုမူ ကန့်သတ်ထားခြင်း မရှိဘဲ လဲလှယ်ရန် လိုအပ်သော အမှတ် များပြားသည်မှလွဲ၍ အခြား အပိုသတ်မှတ်ချက်များ ကြီးကြီးမားမား မရှိပေ။
ယခု မျက်စိရှေ့ရှိ မိုင်တစ်သောင်း သဲဝါ သည်လည်း အစိမ်းရောင်အဆင့် အစွမ်းဖြစ်ပြီး ယခုအခါ ဌာနမှ ဤသင်္ကေတကို အသုံးပြုကာ အဆောက်အအုံ တစ်ခုလုံးကို လွှမ်းခြုံထားနိုင်သည့် အကာအကွယ် တစ်ခုကို ဖန်တီးထားခြင်း ဖြစ်သည်။
"ဒီအကာအကွယ်ရဲ့ ခံနိုင်ရည်က ဘယ်လိုနေလဲ" ဟု လင်းယွမ်က မေးလိုက်သည်။
ဖုချီပေါ်က ဖြေသည်။ "အကာအကွယ်ရဲ့ ခံနိုင်ရည်က ထည့်သွင်းထားတဲ့ စွမ်းအင်ကျောက်တုံးတွေနဲ့ သက်ဆိုင်တယ်... ပံ့ပိုးပေးထားတဲ့ စွမ်းအင်ကျောက်တုံးက စွမ်းအင်များလေလေ ဒီလို အကာအကွယ်မျိုးက ပိုပြီး ခိုင်မာလေလေပါပဲ"
"လူခွဲခြားသိမြင်နိုင်တဲ့ စနစ်ရော ထည့်ထားသေးလား"
ရင်ကျဲက ဝင်ပြောသည်။ "ရှောင်တုံကျဲကို အီလက်ထရောနစ် ခွဲခြားတဲ့စနစ် ထည့်သွင်းခိုင်းထားပါတယ်... ကျွန်တော်တို့ဌာနက ထုတ်ပေးထားတဲ့ အထူး သင်္ကေတကျောက်တုံး ကိုင်ဆောင်ထားသူတွေပဲ အထဲကို ဝင်ခွင့်ရမှာပါ"
လင်းယွမ် အံ့သြသွားပြီး မနေနိုင်ဘဲ ပြုံးကာ မေးလိုက်သည်။ "တုံကျဲက အခု အဲ့ဒီလောက်တောင် တော်နေပြီလား"
ရင်ကျဲက ရယ်မောရင်း ပြောသည်။ "တုံကျဲက အသက် ငယ်ပေမဲ့ သင်ယူလိုစိတ် ပြင်းပြတယ်ဗျ... ပါမောက္ခလီ နံဘေးမှာနေပြီး ဗဟုသုတတွေ အများကြီး သင်ယူထားတယ်... ပြီးတော့ သူကိုယ်တိုင်ကလည်း လျှပ်စစ်ဓာတ် အစွမ်းပိုင်ရှင်ဆိုတော့ အီလက်ထရောနစ် ပစ္စည်းတော်တော်များများကို သူက ပြန်ပြင်နိုင်နေပြီလေ"
"အခုဆိုရင် သူက ကျွန်တော်တို့ ဌာနမှာ တကယ့်ကို တော်တဲ့ သုတေသန လက်ထောက်လေး ဖြစ်နေပြီ"
လင်းယွမ် မှင်သက်သွားမိသည်။ တုံယန်၏ မောင်လေးက သုတေသနနယ်ပယ်တွင် ဤမျှလောက် အသုံးဝင်လိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။
သူက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "ဒီ အီလက်ထရောနစ် ခွဲခြားမှုစနစ်က ဘယ်လို အလုပ်လုပ်တာလဲ"
"အသံလှိုင်း ကြိမ်နှုန်း ကိုက်ညီမှု သီအိုရီကို သုံးထားတာပါ... ကျွန်တော်တို့က အကာအကွယ် အတွင်းပိုင်းမှာ အထူး အသံလှိုင်းထုတ်စက် တပ်ဆင်ထားတယ်... သတ်မှတ်ထားတဲ့ ဧရိယာအတွင်းမှာ ကျွန်တော်တို့ စက်က ထုတ်လွှတ်တဲ့ အသံလှိုင်းနဲ့ ကြိမ်နှုန်း တူညီမှသာ ဝင်ခွင့်ရမယ့် စည်းကမ်းချက်နဲ့ ကိုက်ညီမှာပါ"
"တကယ်လို့ အသံလှိုင်း ကြိမ်နှုန်း မတူညီဘူးဆိုရင် ချက်ချင်း အလန်းမြည်ပြီး အချက်ပေးပါလိမ့်မယ်"
"ဒါ့အပြင် ကျွန်တော်တို့က အချိန်နဲ့အမျှ ပြောင်းလဲတဲ့ စနစ်ကိုလည်း ထည့်သွင်းထားပါတယ်... နေ့တိုင်း အသံလှိုင်း ကြိမ်နှုန်းက ပြောင်းလဲနေမှာဖြစ်ပြီး ထုတ်ပေးထားတဲ့ သင်္ကေတကျောက်တုံးတွေကလည်း ဒီပြောင်းလဲမှုကို သိရှိပြီး အလိုအလျောက် ပြောင်းလဲ ချိတ်ဆက်ပေးသွားမှာပါ"
"အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ စကားဝှက် တစ်ခုလိုမျိုးပေါ့... ဒီလိုလုပ်ထားခြင်းအားဖြင့် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာမယ့် အန္တရာယ် တော်တော်များများကို တားဆီးနိုင်မှာပါ"
"ဪ... ဒါက ဆရာလင်းအတွက် သီးသန့် ပြုလုပ်ထားတဲ့ အမြင့်ဆုံး အဆင့်ရှိတဲ့ သင်္ကေတကျောက်တုံးပါ"
ရင်ကျဲက လက်ထဲမှ မြေဝါရောင် သင်္ကေတကျောက်တုံး တစ်ခုကို ထုတ်ပေးလိုက်သည်။ ကျောက်တုံးပေါ်ရှိ သင်္ကေတများမှာ ရှုပ်ထွေး သိပ်သည်းနေသဖြင့် လင်းယွမ်ပင် မနေနိုင်ဘဲ ချီးကျူးမိသွားသည်။
"ငါတို့ရဲ့ သုတေသနနဲ့ နည်းပညာတွေကလည်း အတော်လေးကို မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ"
"သွားကြစို့... အထဲဝင်ပြီး သွားကြည့်ရအောင်"
သူက သင်္ကေတကျောက်တုံးကို ကိုင်ဆောင်ကာ မိုင်တစ်သောင်း သဲဝါ အကာအကွယ်အနီးသို့ ကပ်သွားလိုက်သည်။
ထိုအခါ အကာအကွယ်သည် အနည်းငယ် တုန်ခါသွားပြီး လူတစ်ရပ်စာရှိသော ဝင်ပေါက်တစ်ခု အလိုအလျောက် ပွင့်လာလေသည်။
လင်းယွမ်၏ ဦးဆောင်မှုအောက်တွင် ရင်ကျဲနှင့် ဖုချီပေါ်တို့က အနောက်မှ လိုက်ပါ ဝင်ရောက်သွားကြသည်။
သူတို့သုံးယောက် ဝင်ရောက်သွားပြီးသည်နှင့် မိုင်တစ်သောင်း သဲဝါ အကာအကွယ်မှာ အလိုအလျောက် ပြန်လည် ပိတ်သွားတော့သည်။
လင်းယွမ် အနောက်သို့ လှည့်ကြည့်လိုက်ရာ မြေဝါရောင် အကာအကွယ် အတွင်းပိုင်းတွင် တကယ်ပဲ မရေမတွက်နိုင်သော သဲဝါများ လွင့်စင်လည်ပတ်နေသကဲ့သို့ ထင်မှတ်ရသည်။
သို့သော် အထဲသို့ ရောက်သွားပြီးနောက် မည်သည့် လေတိုက်ခတ်မှုကိုမျှ မခံစားရပေ။
ထို့ပြင် ဤအတွင်းပိုင်းရှိ အပူချိန်မှာ အပြင်ဘက်နှင့် နှိုင်းယှဉ်လျှင် များစွာ ပို၍ နွေးထွေးနေလေသည်။
"ဒီမှာ သန္ဓေပြောင်း နေကြာပန်းတွေ စိုက်ထားတာလား... အပူချိန်က အပြင်ဘက်ထက် ပိုမြင့်နေသလိုပဲ"
ဖုချီပေါ်က ရှင်းပြသည်။ "ဟုတ်ပါတယ်... ကျွန်တော်တို့ သန္ဓေပြောင်း နေကြာပန်းတွေကို စိုက်ပျိုးထားပြီး အကာအကွယ် အတွင်းပိုင်းအတွက် အလင်းရောင်နဲ့ အပူစွမ်းအင်ကို ထောက်ပံ့ပေးထားတာပါ"
"ဒါ့အပြင် သဲတွေရဲ့ အပူသိုလှောင်နိုင်စွမ်းက အတော်လေး နည်းပါးပြီး... အပူကို စုပ်ယူမှုနဲ့ ထုတ်လွှတ်မှု အရှိန်က အတော်လေး မြန်ဆန်တဲ့အတွက်... အပူကို ကြာကြာ မထိန်းထားနိုင်ဘူးလေ... နေ့လယ်ဘက်ဆိုရင်တော့ နွေးထွေးနေပေမဲ့ မနက်ခင်းနဲ့ ညနေဘက်တွေမှာတော့ နည်းနည်း အေးစိမ့်လာနိုင်ပါတယ်"
"ဒါပေမဲ့ ဒီနေရာကို လာပြီး စွမ်းအင်ဝဲကတော့ သင်္ကေတကို အသုံးပြုမယ့်သူတွေ အားလုံးက အစွမ်းပိုင်ရှင်တွေချည်းပဲ ဆိုတော့... ဒီလောက် အပူချိန်ကွာဟမှုလေးက ပြဿနာ မရှိလောက်ပါဘူး"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "သွားကြစို့... အဆောက်အအုံထဲ ဝင်ကြည့်ရအောင်" ဟု ပြောလိုက်သည်။
ရင်ကျဲက ဆက်လက် မိတ်ဆက် ရှင်းပြသည်။ "အဆောက်အအုံ တစ်ခုလုံးမှာ စုစုပေါင်း ခြောက်ထပ် ပါဝင်ပြီး... တစ်ထပ်ကို အခန်း ၃၀ ရှိပါတယ်... အများဆုံး အနေနဲ့ တစ်ပြိုင်နက်တည်း လူပေါင်း ၁၈၀ အထိ ဝင်ဆံ့နိုင်ပါတယ်"
"အခန်းတိုင်းမှာ အစီအရင်ဆွဲထားပါတယ်... ပထမထပ်က အခန်းတွေမှာ စွမ်းအင်ဝဲကတော့ သင်္ကေတ တစ်ခုစီ တပ်ဆင်ထားပြီး ဒုတိယထပ်မှာတော့ ၁၀ ခုစီ တပ်ဆင်ထားပါတယ်... တတိယထပ်နဲ့ စတုတ္ထထပ်မှာတော့ မတပ်ရသေးပါဘူး... ကျွန်တော်တို့က အဆတိုးပြီး တပ်ဆင်သွားဖို့ ရည်ရွယ်ထားတာပါ"
"ဆိုလိုတာက ခြောက်ထပ်မြောက် ရောက်တဲ့အခါ... စွမ်းအင်ဝဲကတော့ သင်္ကေတ တစ်သိန်းလောက် ရှိလာနိုင်ခြေ ရှိပါတယ်"
"ဒါကတော့ ကျွန်တော်တို့ မှန်းထားတဲ့ အစီအစဉ်ပေါ့ဗျာ... လောလောဆယ်မှာတော့ အကောင်အထည်ဖော်ဖို့ ခဲယဉ်းပါသေးတယ်"
လင်းယွမ် နားလည်လိုက်သည်။ စွမ်းအင်ဝဲကတော့ သင်္ကေတသည် အစိမ်းရောင်အဆင့် သင်္ကေတဖြစ်ရာ ရေးဆွဲရသည့် အခက်အခဲမှာ မသေးလှပေ။
လက်ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် သင်္ကေတများ ရေးဆွဲနိုင်သည့် စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင် အများအပြားကို စုဆောင်းထားနိုင်သော်လည်း သူတို့သည် ပုံမှန်အားဖြင့် အခြား လုပ်ဆောင်ရန် တာဝန်များ ရှိနေကြသေးသည်။
လူတိုင်းက စွမ်းအင်ဝဲကတော့ သင်္ကေတများ ဖန်တီးသည့် အလုပ်တစ်ခုတည်းကိုသာ ဖိလုပ်နေ၍ မဖြစ်နိုင်ပေ။
အချုပ်အားဖြင့်ဆိုရသော် ဤစွမ်းအင်လေဝဲ အဆောက်အအုံကို အပြည့်အဝ အောင်မြင်စွာ တည်ဆောက်နိုင်ရန်မှာ နေ့ချင်းညချင်း ဖြစ်လာနိုင်မည့် ကိစ္စမဟုတ်ဘဲ ရေရှည် စီမံကိန်းတစ်ခုသာ ဖြစ်သည်။
"လောလောဆယ်တော့ ပထမထပ်နဲ့ ဒုတိယထပ်ကို... အပြင်လူတွေ အသုံးပြုနိုင်ဖို့ ဖွင့်လှစ်ပေးလို့ ရနေပါပြီ" ဟု ရင်ကျဲက ပြုံးလျက် ပြောသည်။
ပထမထပ်တွင် အခန်း ၃၀ ရှိရာ စွမ်းအင်ဝဲကတော့ သင်္ကေတ အခု ၃၀ ဖြစ်ပြီး ဒုတိယထပ်တွင်မူ ဆယ်ဆ ပိုများသွားသဖြင့် စွမ်းအင်ဝဲကတော့ သင်္ကေတ အခု ၃၀၀ ရှိလေသည်။
ဤသည်မှာ ဌာနရှိ သင်္ကေတရေးဆွဲသူများက သုံးရက်အချိန်ယူကာ အပြင်းအထန် ကြိုးစားထားရခြင်း ဖြစ်ပြီး လုံးဝ မလွယ်ကူလှပေ။
လင်းယွမ်က ပြောလိုက်သည်။ "အားလုံးကို အနားယူဖို့ သတိပေးလိုက်ပါဦး... အလုပ်လုပ်တာနဲ့ အနားယူတာကို မျှတအောင် လုပ်ကြဖို့ပေါ့"
ရင်ကျဲက ရယ်မောလိုက်ပြီး "အားလုံးကိုယ်စား ဆရာ့ကို ကျေးဇူးတင်ပါတယ်ဗျာ"
"စွမ်းအင် တိုးပွားလာတဲ့ နှုန်းကရော ဘယ်လိုနေလဲ"
ဘေးနားရှိ ဖုချီပေါ်က ဝင်ပြောသည်။ "စမ်းသပ်ထားတဲ့ အချက်အလက်တွေ အကုန်ထွက်လာပါပြီ... ပထမထပ်က စွမ်းအင်ဝဲကတော့ သင်္ကေတ တစ်ခုဆိုရင်... စွမ်းအင်သိပ်သည်းဆကို တစ်ဆ တိုးစေပါတယ်"
"စွမ်းအင်ဝဲကတော့ သင်္ကေတ ဆယ်ခုဆိုရင်တော့... စွမ်းအင်သိပ်သည်းဆကို ဆယ်ဆ အထိ မြှင့်တင်ပေးနိုင်ပါတယ်... တိုးတက်နှုန်းက တော်တော်လေး ကောင်းပါတယ်"
လင်းယွမ်က ချက်ချင်းပင် ပြောလိုက်သည်။ "ဝင်ကြည့်ရအောင်"
သူက အားလုံးကို ဦးဆောင်ကာ ပထမထပ်သို့ ဝင်သွားပြီး အခန်းတစ်ခန်းကို ကျပန်းရွေးချယ်၍ ဝင်လိုက်သည်။
ဖုချီပေါ်က ပြောသည်။ "ဆရာ့ ဘယ်ဘက်လက်နားမှာ ခလုတ်တစ်ခု ရှိတယ်... အဲ့ဒါကို နှိပ်လိုက်ရင် အခန်းထဲက စွမ်းအင်ဝဲကတော့ သင်္ကေတ စပြီး အလုပ်လုပ်ပါလိမ့်မယ်"
လင်းယွမ်က အခန်းတံခါးဝသို့ လှည့်ကြည့်လိုက်ရာ တကယ်ပင် ခလုတ်နှင့်တူသော ကိရိယာတစ်ခုကို တွေ့လိုက်ရသည်။
သူက လက်လှမ်း၍ တစ်ချက် နှိပ်လိုက်သည်။
"ထပ်" ခလုတ်ပွင့်သွားပြီး ချက်ချင်းပင် ကြမ်းပြင်အလယ်ဗဟိုမှ သင်္ကေတတစ်ခု လင်းလက်လာလေသည်။
ထိုနောက် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်များ အရှိန်အဟုန်ဖြင့် စုဝေးလာသည်ကို သူ ခံစားလိုက်ရပြီး ထိုသင်္ကေတ၏ အထက်လေဟာပြင်တွင် ပါးလွှာသော လေဝဲတစ်ခု အဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာတော့သည်။
လင်းယွမ်က ထိုလေဝဲအနီးသို့ လျှောက်သွားလိုက်ရာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာ သိသိသာသာ တိုးပွားလာကြောင်းကို ချက်ချင်း ခံစားလိုက်ရပြီး သန္ဓေပြောင်းစွမ်းအင်များစွာ ပိုမို သိပ်သည်းလာသကဲ့သို့ ရှိနေသည်။
ထိုအချိန်တွင် ရင်ကျဲက စွမ်းအင်တိုင်းစက် တစ်ခုကို ထုတ်ယူကာ လင်းယွမ်ထံ ကမ်းပေးရင်း ပြောလိုက်သည်။ "ဒီနေရာက လက်ရှိ စွမ်းအင်ပမာဏ အချက်အလက်ကို ဆရာ ကြည့်ကြည့်ပါ"
လင်းယွမ်က တိုင်းတာရေးစက်ပေါ်ရှိ အချက်အလက်များကို ကြည့်လိုက်ရာ တကယ်ပင် လေဝဲအနီးသို့ ချဉ်းကပ်သွားပြီးနောက် ဤနေရာရှိ စွမ်းအင်သိပ်သည်းဆမှာ ချက်ချင်း နှစ်ဆ မြင့်တက်သွားကြောင်း တွေ့လိုက်ရသည်။
"စွမ်းအင် သိပ်သည်းဆက နှစ်ဆ ဖြစ်သွားတာပဲ... မဆိုးဘူး"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အပြုံးတစ်ခု ပေါ်လာသည်။
"ဆရာလင်းကို အပေါ်ထပ် လိုက်ပြမယ်"
လင်းယွမ်က ထပ်မံ ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်သို့ တက်ကာ စစ်ဆေးကြည့်လိုက်သည်။
ဤအခန်းထဲတွင် စွမ်းအင်ဝဲကတော့ သင်္ကေတ ဆယ်ခုက တစ်ပြိုင်နက်တည်း အလုပ်လုပ်နေပြီး စွမ်းအင်သိပ်သည်းဆ တိုးပွားနှုန်းမှာ ဆယ်ဆအထိ ရောက်ရှိနေလေသည်။
ဤနေရာတွင် တစ်ကြိမ်လေ့ကျင့်ခြင်း သည် အပြင်ဘက်တွင် ဆယ်ကြိမ်လေ့ကျင့်ခြင်း နှင့် ညီမျှပေသည်။
လင်းယွမ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ကောင်းတယ်... နောက်ဆိုရင် ငါတို့ရဲ့ ဒီနေရာက ထိုက်ယန်တောင် တစ်ခုလုံးက အစွမ်းပိုင်ရှင်တွေ အမြဲ လာရောက်လည်ပတ်တဲ့ နေရာတစ်ခု သေချာပေါက် ဖြစ်လာတော့မှာပဲ"
"ဈေးနှုန်းပိုင်းကိုရော ဘယ်လို သတ်မှတ်ထားလဲ" သူက မေးလိုက်သည်။
ဖုချီပေါ်က ခေါင်းခါလိုက်သည်။ "မသိသေးဘူးဗျ... ကျွန်တော်တို့က ဒီက အချက်အလက် စာရင်းဇယားတွေကို အထွေထွေအုပ်ချုပ်ရေးဌာနဘက်ကို ပို့ပေးထားပါတယ်... သူတို့ဘက်က လက်ရှိ ပေါက်ဈေးအပေါ် မူတည်ပြီး သင့်လျော်တဲ့ ဈေးနှုန်း သတ်မှတ်ချက်ကို ထုတ်ပြန်ပေးပါလိမ့်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ဌာနအသီးသီးတွင် သူတို့၏ သက်ဆိုင်ရာ တာဝန်ဝတ္တရားများ ကိုယ်စီ ရှိကြသည်။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနက တီထွင်ဖန်တီးမှုအပိုင်းကိုသာ တာဝန်ယူရပြီး ဈေးနှုန်းသတ်မှတ်ခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များကိုမူ အထွေထွေအုပ်ချုပ်ရေးဌာနကသာ တာဝန်ယူ စီမံရမည် ဖြစ်သည်။
လင်းယွမ်က အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။ "ဒီအဆောက်အအုံက အစွမ်းလေ့ကျင့်ဖို့ သက်သက်အတွက်ပဲ အသုံးဝင်တာ... တည်းခိုဖို့နဲ့ စားသောက်ဖို့ မရှိဘူး... စားသောက် တည်းခို အနားယူနိုင်ဖို့အတွက် နောက်ထပ် တည်းခိုခန်းတစ်ခုကို သီးသန့် ထပ်ဆောက်ပေးလို့ ရတယ်"
ဖုချီပေါ်က ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် ပြန်ရောက်ရင် ဆောက်လုပ်ရေးဌာနကို ပြောထားလိုက်ပါ့မယ်"
"ဆရာလင်းယွမ်... ဒီအဆောက်အအုံကို နာမည် မပေးရသေးဘူး... ဆရာပဲ နာမည် တစ်ခုလောက် ပေးခဲ့ပါလား"
လင်းယွမ် ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဒါက အားလုံးရဲ့ လေ့ကျင့်မှု အမြန်နှုန်းကို မြှင့်တင်ပေးနိုင်ဖို့ သီးသန့် တည်ဆောက်ထားတာလေ"
"ဒီကို လာတဲ့သူတွေ အားလုံးက အဓိက အရည်အသွေးကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး လာကြမှာပဲ... တခြားနေရာတွေနဲ့ ယှဉ်ရင် သူ့ရဲ့ အကြီးမားဆုံး အားသာချက်က ဒီနေရာမှာ စွမ်းအင်သိပ်သည်းဆ မြင့်မားပြီး စွမ်းအင်တွေကို ပိုများများ စုဆောင်းပေးနိုင်တာပဲ... ဒါကြောင့် ရိုးရိုးရှင်းရှင်းလေးပဲ 'စွမ်းအင်စုဝေးအဆောက်အအုံ' လို့ပဲ နာမည်ပေးလိုက်ကြတာပေါ့"
ရင်ကျဲနှင့် ဖုချီပေါ်တို့ နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြပြီး ဤနာမည်သည် အကာအကွယ် အဆောက်အအုံကြီး၏ လုပ်ဆောင်ချက်နှင့် အလွန် လိုက်ဖက်သည်ဟု ထင်မြင်ကာ ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ဤသို့ဖြင့် စွမ်းအင်စုဝေးအဆောက်အအုံဟု တရားဝင် အမည်ပေးလိုက်ပြီး ဈေးကွက်ရှာဖွေရေးဌာနမှ လေ့လာသုံးသပ်မှုများ ပြီးစီးသည်နှင့် ပြင်ပသို့ တရားဝင် ဖွင့်လှစ်ပေးတော့မည် ဖြစ်သည်။
သို့သော် နှမြောစရာကောင်းသည်မှာ စွမ်းအင်စုဝေးအဆောက်အအုံက စွမ်းအင်စုပ်ယူမှုနှုန်းကို မြှင့်တင်ပေးနိုင်သော်လည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းကိုမူ မြှင့်တင်ပေးနိုင်စွမ်း မရှိပေ။
ဆိုလိုသည်မှာ ဤအဆောက်အအုံက ထိုက်ယန်တောင်ရှိ အခြားလူများ၏ စွမ်းရည်ကို အလျင်အမြန် တိုးတက်စေရန် ကူညီပေးနိုင်သော်လည်း လင်းယွမ်အတွက်မူ အကူအညီ မဖြစ်နိုင်ပေ။
"အမှတ်တွေများများရအောင် ဆက်ပြီး စုဆောင်းရဦးမှာပဲ... ဒါမှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ နှုန်းကို မြှင့်တင်ပေးနိုင်မယ့် ပစ္စည်း လဲလို့ရမရ သိရမှာ"
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားရာ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။
ထိုကာလအတွင်း ကျန်းယွီကျန်းက စာနှစ်စောင် ထပ်ပို့လာခဲ့ပြီး ယွိပေါ်နှင့် ကျန်းဝမ်ကျင်းတို့ ကိုယ်တိုင်လည်း တစ်ခေါက် ရောက်လာကြကာ လင်းယွမ်အား တိမ်မြူကျွန်းသို့ လိုက်ခဲ့ပြီး ကောင်းကင်ချောက်နက် လမ်းကြောင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့ကြသည်။
သို့သော် လင်းယွမ်က တိမ်မြူကျွန်းသို့ သွားရန် လုံးဝ ငြင်းဆန်ခဲ့ပြီး သူကိုယ်တိုင်မှာ အရေးကြီးသော လေ့ကျင့်မှုကာလသို့ ရောက်ရှိနေကြောင်းသာ အကြောင်းပြခဲ့သည်။
လင်းယာ၏ လက်ကိုင်ဖုန်းထဲမှ ထိုဓာတ်ပုံကို မြင်တွေ့ခဲ့ရပြီးချိန်မှစ၍ လင်းယွမ်၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်လာပြီး သူ၏ မူလ သတိကြီးသော စရိုက်လက္ခဏာကို ပြန်လည် ရရှိလာခဲ့သည်။
အရာအားလုံးထက် မိမိ၏ ကိုယ်ပိုင်လုံခြုံရေးကသာ ပထမဦးစားပေး အရေးအကြီးဆုံး ဖြစ်သည်။
မိမိ၏ စွမ်းရည်များ အဆမတန် အစွမ်းထက်လာသည့် အချိန်ရောက်မှသာ ဤ ကောင်းကင်ချောက်နက် လမ်းကြောင်းဆိုသည်ကို သွားရောက် စူးစမ်းရန် နည်းလမ်း ရှာကြံရပေမည်။
ဆက်ရန်...