အခန်း (၆၁၃-၆၁၄)
Vol. 31 Ch. 613-614
အပိုင်း (၆၁၃) မြူခိုးမြို့တော်၏ သတင်း
"ဝှစ်"
ဟင်းလင်းပြင်ထဲရှိ မှောင်မည်းနေသော နေရာတစ်ခုတွင် အနက်ရောင် နဂါးကြီးတစ်ကောင်က ဟိန်းဟောက်ကာ ပျံသန်းရွေ့လျားနေသည်။
ခဏအကြာတွင် နဂါးနက်ကြီး၏ ကိုယ်လုံးက ရုတ်တရက် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လူအသွင်ပြောင်းကာ အရိပ်ထဲမှ ထွက်ပေါ်လာသည်။
နှင်းပွင့်လေးများက လွင့်စင်ကျဆင်းလာပြီး ထိုသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ အဝတ်အစားတစ်စုံကို ထုတ်ယူပြီး ဝတ်ဆင်လိုက်သည်။
သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုက ၇% ထိ ရောက်လာပြီပဲ... ပြီးတော့ တွင်းနက်အရိပ်နဂါးအဖြစ် အသွင်ပြောင်းတာက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အတော်များများကို ရှောင်ရှားနိုင်တယ် ဆိုပေမဲ့... အလင်းဓာတ် စွမ်းအင်တိုက်ကွက်နဲ့တွေ့ရင် တွင်းနက်အရိပ်နဂါး ခန္ဓာကိုယ်ကို အထိနာစေတာပဲ"
"အလင်းရောင်ရှိတဲ့ နေရာမှာဆိုရင် တွင်းနက်အရိပ်နဂါးက အရိပ်ရဲ့ ထူးခြားချက်တွေ မရှိတော့ဘူး... အစွမ်းတွေ တော်တော်လေး အားနည်းသွားတယ်"
လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ တစ်လခွဲ အချိန်အတွင်း သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုမှာ ၅% မှ ၇% အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤတိုးတက်မှုနှုန်းကို လုံးဝ နှေးကွေးသည်ဟု မထင်မှတ်သင့်ပေ။
တကယ်တမ်းတွင် ဤသည်မှာ အလွန် မြန်ဆန်သော နှုန်းထားပင် ဖြစ်နေချေပြီ။
အဘယ်ကြောင့်ဆိုသော် အစွမ်းပိုင်ရှင် အများအပြားသည် အဓိက အရည်အသွေး ၁၀၀ မှတ် ပြည့်သွားပြီးနောက်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို မပြုလုပ်ရဲဘဲ အချိန်ဆွဲနေတတ်ကြသောကြောင့် ဖြစ်သည်။ ဖွဲ့စည်းမှု ကျရှုံးသွားပါက မည်သည့်အချိန်တွင်မဆို မျိုးရိုးဗီဇ ပြိုကွဲသွားမည်ကို သူတို့ စိုးရိမ်ကြလေသည်။
အဓိက အရည်အသွေး ၁၀၀ မှတ်မှ စတင်၍ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ကူးပြောင်းခြင်းသည် သုညမှ တစ်သို့ သွားရသော လုပ်ငန်းစဉ်မျိုး ဖြစ်သည်။
ဤအဆင့်က အခက်ခဲဆုံးပင် ဖြစ်သည်။
သို့မဟုတ်ပါက အစောပိုင်းကာလများက ဘာသာရေးဂိုဏ်းကြီး သုံးခုနှင့် စစ်တပ်ထဲတွင် အဓိက အရည်အသွေး ၁၀၀ မှတ် ပြည့်နေသော အစွမ်းထက်သူ အများအပြား ရှိခဲ့သော်လည်း... မည်သူကများ ထိုအဆင့်ကို ဖောက်ထွက်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ကာ မျိုးရိုးဗီဇမြေပုံပေါ်ရှိ အစွမ်းထက်သော မျိုးရိုးဗီဇ သတ္တဝါကြီးများအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါသနည်း။
စစ်တပ်မှ သိမ်းငှက်အုပ်စု ခေါင်းဆောင် ယွမ်ရှီကျဲ တစ်ယောက်သာလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နယ်ပယ်သို့ ကနဦး ခြေချနိုင်ခဲ့သည်။ သို့သော် ထိုစဉ်က သူ၏ တိုးတက်မှုနှုန်းမှာ ၁% ပင် မပြည့်လောက်သေးပေ။
ထို့အပြင် ဓာတ်ခွဲခန်းထဲတွင် ဒေါက်တာအန်း လွှတ်ပေးလိုက်သည့် မြေခွေးကောင်မလေးလည်း ရှိသေးသည်။
ထိုကောင်မလေးသည်လည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းကို ပိုင်ဆိုင်ထားပုံရသော်လည်း တိုးတက်မှုနှုန်းက သိပ်မြင့်မည် မဟုတ်ချေ။
သူမ၏ အစွမ်းများမှာ အဓိကအားဖြင့် စိတ်စွမ်းအင် အပေါ်တွင်သာ အခြေခံထားပုံ ရသည်။
ယခုအချိန်အထိ လင်းယွမ် တွေ့ကြုံဖူးသမျှထဲတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှု အမြင့်မားဆုံးသူမှာ စစ်တပ်မှ ချိုးငှက်အုပ်စု ခေါင်းဆောင် ဖုန်းကျန့်ကုန်း ပင် ဖြစ်သည်။
သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းမှာ ၇% ဝန်းကျင်ခန့် ရှိနိုင်ပေသည်။
ဤလူကို စစ်တပ်၏ နံပါတ်တစ် အစွမ်းထက်ဆုံးသူဟု ခေါ်ဆိုကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ယခင်က သိမ်းငှက်အုပ်စုမှ ယွမ်ရှီကျဲ မည်မျှပင် ရမ်းကားနေစေကာမူ ချိုးငှက်အုပ်စု၏ တိမ်မြူကျွန်းကိုတော့ မထိရဲခဲ့ပေ။
ဖုန်းကျန့်ကုန်း တစ်ယောက်တည်းနှင့်ပင် ကွမ်ဖူ တစ်နယ်လုံးကို လွှမ်းမိုးထားနိုင်စွမ်း ရှိသည်။
ကောင်းကင်ချောက်နက် လမ်းကြောင်းကြီး ရှိနေ၍သာ ဖုန်းကျန့်ကုန်းကို အဟန့်အတား ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ဘာသာရေးဂိုဏ်းကြီး သုံးခုနှင့် သိမ်းငှက်အုပ်စုတို့မှာ ကြီးထွားလာရန် လုံးဝ အခွင့်အရေး ရခဲ့မည် မဟုတ်ပေ။
"တစ်လခွဲ အချိန်ကုန်သွားပြီ... ငါ တိုးတက်နေသလို တစ်ဖက်လူကလည်း တိုးတက်နေမှာပဲ... အခုဆို သူ့အစွမ်းတွေ ဘယ်အဆင့်ထိတောင် ရောက်နေပြီလဲ မသိဘူး"
လင်းယွမ်က သူ၏ တိုးတက်မှုနှုန်းမှာ တစ်ဖက်လူထက် နှေးကွေးမည် မဟုတ်ကြောင်း မိမိကိုယ်ကိုယ် ယုံကြည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မျိုးရိုးဗီဇ သန့်စင်မှုက အလွန် မြင့်မားပြီး ရောနှောနေသော မျိုးရိုးဗီဇများ အလွန် နည်းပါးသောကြောင့် ဖြစ်သည်။
သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အခက်အခဲမှာ တကယ်တမ်းတွင် သိပ်မမြင့်မားလှပေ။
သို့သော် အခြားသူများအတွက်မူ ထိုသို့ မဟုတ်ချေ။ အထူးသဖြင့် သန္ဓေပြောင်း သတ္တဝါများ၏ သွေးသားများကို ကာလရှည်ကြာ စားသုံးထားသော အစွမ်းပိုင်ရှင်များ အတွက် ပို၍ပင် ခက်ခဲလှသည်။
သူတို့၏ ခန္ဓာကိုယ်ထဲတွင် ရောနှောနေသော မျိုးရိုးဗီဇများ အလွန် များပြားစွာ ပါဝင်နေသဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို လေ့ကျင့်သည့် အကြိမ်တိုင်းက သူတို့အတွက် ကြီးမားသော စမ်းသပ်မှုကြီး တစ်ခု ဖြစ်နေလေသည်။
"အစ်ကိုလင်း... အစ်ကိုလင်း"
တောင်ထိပ်တွင် ရွှေနက်မျောက်ဝံကြီး တစ်ကောင်၏ အရိပ်က လင်းယွင်တောင်စောင်း၏ တောင်ထွတ်ပေါ်၌ ထွက်ပေါ်လာသည်။
တုံယန်က ရွှေနက်မျောက်ဝံကြီး၏ ပခုံးပေါ်တွင် ထိုင်လျက် လင်းယွမ်ကို လှမ်း၍ လက်ဝှေ့ယမ်းပြနေသည်။
လင်းယွမ်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လျှပ်တစ်ပြက် လှုပ်ရှားကာ လင်းယွင်တောင်စောင်းရှိ နှင်းဖုံးနေသော တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်သည်။
ရွှေနက်မျောက်ဝံကြီးက လင်းယွမ်ကို မြင်သောအခါ လိမ္မာယဉ်ကျေးစွာဖြင့် အနားသို့ လျှောက်လာပြီး ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်သည်။
လင်းယွမ်က အပေါ်သို့ အနည်းငယ် ပျံတက်ပြီး ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ပခုံးပေါ်ရှိ တုံယန်ကို ကြည့်၍ မေးလိုက်သည်။ "ညနေကျရင် အိမ်ပြန်ပြီး ထမင်းစားမှာလား"
တုံယန်က ခေါင်းခါပြသည်။ "အချိန်မီမှာ မဟုတ်ဘူး ထင်တယ်... ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ဥတော့မယ်... ပုရွက်ဆိတ် အုပ်စုအသစ်လေးတွေ မွေးလာတော့မှာမို့ ကျွန်မ ဒီမှာ စောင့်ကြည့်နေရမယ်"
လင်းယွမ်က "ပိုးစာတောက အခု ဘာမှ မထွက်တော့ဘူးလေ... နှင်းတွေ ဒီလောက် ထူနေတာ မြေကြီးအောက်မှာ ဘာရှိဦးမှာလဲ" ဟု မေးလိုက်သည်။
တုံယန်က "ရှိတာပေါ့... သန္ဓေပြောင်း မုန်လာဥတွေ၊ သန္ဓေပြောင်း စတော်ဘယ်ရီတွေ ရှိသေးတယ်... နှင်းတွေ ဒီလောက်ကျနေတာကိုပဲ မကြည့်နဲ့ဦး... သန္ဓေပြောင်း အပင်တော်တော်များများက ဒီလို အအေးဒဏ် ပြင်းထန်တဲ့ ရာသီဥတုနဲ့ အသားကျနေပြီ... နှင်းတွေအောက်မှာ တိတ်တဆိတ် ရှင်သန် ကြီးထွားနေကြတုန်းပဲ" ဟု ပြန်ဖြေသည်။
"ဒါပေမဲ့ ဒါတွေက အဓိက မဟုတ်ပါဘူး... ကျွန်မရဲ့ အဓိက အလုပ်က သန္ဓေပြောင်း သတ္တဝါတွေကို ယဉ်ပါးအောင် မွေးမြူရတာလေ"
"အခု ကျွန်မရဲ့ သန္ဓေပြောင်း သတ္တဝါ တပ်ကြီးထဲမှာ ရွှေနက်မျောက်ဝံကြီး အပြင်... ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၊ တောင်ပံ ပိုးတောင်မာပြာ၊ အမွေးထူခွေးပြာနဲ့ အကြေးခွံစိမ်း စပါးအုံးမြွေ တို့လည်း ရှိသေးတယ်"
"အကြေးခွံစိမ်း စပါးအုံးမြွေက ဆောင်းခိုနေလို့ နှမြောစရာပဲ... မဟုတ်ရင် အစ်ကိုလင်းကို ပြလို့ရတယ်"
လင်းယွမ်က ပြုံးလိုက်သည်။ တုံယန်သည် ယခင်ကအတိုင်း အပြစ်ကင်းစင်ပြီး ပူပင်သောက ကင်းမဲ့နေဆဲပင်။
"ဒါဆိုလည်း ညနေကျရင် ထမင်း လာပို့ပေးမယ်... ဒီနေ့ လင်းယာက ခရုနဲ့ ကြက်သားပေါင်း ချက်ထားတယ်"
တုံယန်၏ မျက်လုံးလေးများ ချက်ချင်း အရောင်လက်သွားသည်။ "တကယ်လား... အစ်ကိုလင်း ကိုယ်တိုင် လာပို့မှာလား"
"အင်းပေါ့"
"ဟီးဟီး... ဒါဆိုလည်း အစ်ကိုလင်းကို စောင့်နေမယ်နော်... အစ်ကိုလင်း မလာရင်တော့ ဗိုက်ဆာခံပြီး နေရမှာပဲ"
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ ပါးပြင်လေးကို ဖွဖွလေး ဆွဲညှစ်လိုက်သည်။
ထို့နောက် သူက လင်းယွင်တောင်စောင်း တစ်ဝိုက်တွင် လှည့်လည်ကြည့်ရှုလိုက်သည်။
ယခုအချိန်တွင် ဤနေရာ၌ သတ္တုတွင်းလည်း ရှိနေပြီဖြစ်ကာ ကင်းလှည့်တပ်ဖွဲ့များလည်း ရှိနေသည်။ လူအင်အားလည်း မနည်းလှသဖြင့် လုံခြုံရေးအတွက်မူ ပူပန်ရန် မလိုတော့ပေ။
လင်းယွမ်က သူမနှင့်အတူ ရယ်မောစကားပြောပြီးနောက် ထိုက်ယန်တောင်ရှိ အိမ်သို့ ပြန်လာခဲ့သည်။
လင်းယာက ညစာ ပြင်ဆင်ထားပြီးဖြစ်ကာ ဆုန့်ဝမ်လည်း အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
ပို၍ ရှားရှားပါးပါး ဖြစ်ရပ်မှာ တင်းယန်လည်း ယနေ့ အိမ်သို့ ပြန်ရောက်နေခြင်းပင်။
သူမသည် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် တစ်ပတ်လျှင် တစ်ကြိမ်သာ အိမ်ပြန်လာလေ့ ရှိသည်။
သူမက လင်းယာနှင့် အစောပိုင်းကတည်းက ဆက်ဆံရေး ရှိခဲ့ပြီးဖြစ်ကာ မည်သည့် အကြောင်းကြောင့်မှန်း မသိသော်လည်း လင်းယာအပေါ် မနှစ်မြို့သည့် အရိပ်အယောင်မျိုး မပြခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ယောက်နှင့်တစ်ယောက် အလွန်ပင် သင့်မြတ်နေကြသည်။
"ကိုလင်းယွမ် ပြန်ရောက်ပြီလား... ထမင်းဟင်းတွေ အဆင်သင့် ဖြစ်နေပြီ" လင်းယာက ပြုံးလျက် ဆီးကြိုပြောလိုက်သည်။
သူမက အလိုက်တသိ မတ်တတ်ထရပ်ကာ လင်းယွမ်အတွက် ထမင်းသွားခူးပေးသည်။
လင်းယွမ်က ပြုံးပြီး "ကျွန်တော်ဘာသာ ခူးစားပါ့မယ်... အော် ဒါနဲ့... ဒီနေ့ တုံယန် ပြန်မလာဘူး... ထမင်းဘူး တစ်ဘူးလောက် ထည့်ပေးထားပါ... ကျွန်တော် သွားပို့လိုက်မယ်" ဟု ပြောလိုက်သည်။
တင်းယန်က အံ့သြသွားပြီး "ဒီကောင်မလေး ဒီနေ့ ပြန်မလာဘူးလား" ဟု မေးလိုက်သည်။
"အင်း... ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ဥတော့မှာမို့ သူ ထားခဲ့လို့ မရဘူးတဲ့"
အားလုံး သဘောပေါက်သွားကြသည်။ ဆုန့်ဝမ်က "ဒါဆို ကျွန်မပါ လိုက်ခဲ့ရမလား" ဟု လှမ်းမေးသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "မလိုက်နဲ့တော့... အိမ်မှာပဲ ကောင်းကောင်း အနားယူလိုက်ပါ... ဒီတလော စိုက်ပျိုးရေးဌာနဘက်မှာ အလုပ်တွေ များနေတော့ နင်လည်း တော်တော်လေး ပင်ပန်းနေလောက်ပြီ" ဟု ပြောလိုက်သည်။
ဆုန့်ဝမ်မှာလည်း အမှန်တကယ် ပင်ပန်းနေရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်နှင့် ထိုက်ယန်တောင်၊ မိန်တောင်၊ လင်းယွင်တောင်စောင်း တစ်ဝိုက်ရှိ စိုက်ပျိုးရေးဌာန ကိစ္စရပ်များကို ဦးစီးနေရရုံမျှမကသေးပေ။
မြေဝါနတ်ဘုရားကျွန်းနှင့် မီယွမ်မိုးသစ်တောကျွန်း ဘက်မှ ထန်တယ်ချန် ကပင် စိုက်ပျိုးရေးနှင့် ပတ်သက်သော ကိစ္စအချို့ကို လာရောက်မေးမြန်းရန် လူလွှတ်တတ်သေးသည်။
ထိုအချိန်တွင် တင်းယန်က ဝင်ပြောလိုက်သည်။ "ကျွန်မ ရှင်နဲ့ အတူလိုက်ခဲ့မယ်... အတော်ပဲ ပြောစရာကိစ္စလေး ရှိနေလို့"
လင်းယွမ် ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့သြသွားသည်။ သို့သော် သူမက အခုချက်ချင်း မပြောသည်ကို ကြည့်ခြင်းအားဖြင့် လင်းယာ ရှိနေသောကြောင့်ဟု ခန့်မှန်းမိလိုက်သည်။
ထို့ကြောင့် လင်းယွမ်ကလည်း ဆက်မမေးတော့ဘဲ ထမင်းစားရင်း စကားစမြည်သာ ပြောနေလိုက်သည်။
ထမင်းစားပြီးသွားသောအခါ လင်းယာက ထမင်းဘူးကို သေချာထုပ်ပိုးပြီး လင်းယွမ်ထံသို့ လှမ်းပေးလိုက်သည်။
လင်းယွမ်က တင်းယန်ကို "သွားကြစို့" ဟု ပြောလိုက်သည်။
"အင်း"
သူတို့နှစ်ဦး အိမ်ထဲမှ ထွက်လာခဲ့ကြပြီး လေထဲသို့ ပျံတက်ကာ လင်းယွင်တောင်စောင်းဘက်သို့ ဦးတည် ပျံသန်းသွားကြသည်။
လေထဲတွင် ရှိနေစဉ် လင်းယွမ်က "ဘာကိစ္စမို့လို့ ဒီလောက် လျှို့ဝှက်နေရတာလဲ" ဟု မေးလိုက်သည်။
တင်းယန်က လေးနက်သော မျက်နှာထားဖြင့် "ဒီတလော သတင်းတစ်ခု ကြားထားတယ်... ရှင်နဲ့ ပတ်သက်နေလောက်တယ်" ဟု ပြောလိုက်သည်။
"ဘာသတင်းလဲ"
"မြူခိုးမြို့တော်က လူတွေ ကျွန်မတို့ရဲ့ ရေပေါ်တံတားဆိပ်ကမ်း တစ်ဝိုက်မှာ ပေါ်လာကြတယ်"
မူလက တည်ငြိမ်နေသော လင်းယွမ်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများကို ချက်ချင်း မှေးကျဉ်းလိုက်သည်။
"မြူခိုးမြို့တော်... ချန်ယွင်တောက် လား"
ယခင်က သူ မြူခိုးမြို့တော်ထဲသို့ ခိုးဝင်ခဲ့ပြီး ထိုရေပေါ်ကျွန်းထဲမှ ရေခဲဓာတ် သွေးသလင်းကျောက် အမြောက်အမြားကို ခိုးယူခဲ့ဖူးသည်။
နောက်ပိုင်းတွင် တိတ်တဆိတ် ထွက်ပြေးလာခဲ့ပြီးနောက် မြူခိုးမြို့တော်၏ သတင်းကို တစ်ခါမှ ထပ်မကြားရတော့ပေ။
ချန်ယွင်တောက်က မြူခိုးမြို့တော်ကို ဖျောက်ထားပြီး နှလုံးအမြူတေကို တိတ်တဆိတ် သန့်စင်နေသည်ဟုသာ သူ ထင်မှတ်ထားခဲ့သည်။
သူကိုယ်တိုင်လည်း ဘာသာရေးဂိုဏ်းကြီး သုံးခု၏ ကိစ္စများနှင့် ရှုပ်ထွေးနေသဖြင့် ထိုကိစ္စကို ခဏတာ မေ့လျော့နေခဲ့မိသည်။
ဤမျှ အချိန်ကြာမြင့်ပြီးမှ မြူခိုးမြို့တော်၏ သတင်းကို ပြန်ကြားရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
"ဟုတ်တယ်... ဒီတစ်ခေါက် ပြန်လာတော့ ရေပေါ်တံတားဆိပ်ကမ်း အရောင်းအဝယ် ဈေးကို ဖြတ်လာခဲ့တယ်... အဲ့ဒီမှာ လူတချို့ မြူခိုးမြို့တော်အကြောင်း ပြောနေကြတာ ကြားလို့ ခဏရပ်ပြီး နားထောင်ခဲ့တာ"
"သူတို့ပြောတဲ့ အချက်အလက်တွေအရ အဲ့ဒါ ရှင် အရင်က သွားခဲ့တဲ့ မြူခိုးမြို့တော် ဆိုတာ သေချာသလောက် ရှိတယ်"
လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး "အဲ့ဒီလူတွေက ဘာလုပ်တဲ့လူတွေလဲ" ဟု မေးလိုက်သည်။
"မြူခိုးမြို့တော်က သာမန် ကုန်သည်တွေပဲ ဖြစ်လောက်တယ်... ကျွန်မတို့ ထိုက်ယန်တောင်က တော်တော်ကြီးတဲ့ ခိုလှုံရေးစခန်း ဖြစ်နေတယ်ဆိုတာကို ကြားပြီး အရောင်းအဝယ် လာလုပ်ကြတာပဲ"
လင်းယွမ်က "သူတို့မှာ ဘာတွေ ရောင်းစရာ ပါလာလဲ" ဟု မေးလိုက်သည်။
"ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့တွေနဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အဆီအနှစ် သွေးတွေပဲ... ဒါတွေက အတော်လေး တန်ဖိုးရှိတယ်... ပြီးတော့ ရေခဲဓာတ်နဲ့ သက်ဆိုင်တဲ့ ဆေးဘက်ဝင်အပင်တွေ၊ ဆေးရည်တွေနဲ့ သန္ဓေပြောင်း အသီးအနှံ အတော်များများလည်း ပါတယ်"
"သူတို့ အဓိက ဝယ်ချင်နေတာက ဆန်စပါး... ဟင်းသီးဟင်းရွက်နဲ့ အနီရောင်... အဖြူရောင် အသားတွေပဲ"
"အခုက ဆောင်းရာသီဆိုတော့ အစားအသောက် ရှားပါးတယ်လေ... အရင်တုန်းက ရှင်ပြောဖူးတဲ့အတိုင်းဆို မြူခိုးမြို့တော်က ဆန်စပါးတို့ ဟင်းသီးဟင်းရွက်တို့ စိုက်ပျိုးဖို့ သင့်တော်တဲ့ နေရာ မဟုတ်ဘူး"
"ဟိုဘက်မှာ စားနပ်ရိက္ခာတွေ သေချာပေါက် မလောက်မငှ ဖြစ်နေလောက်ပြီ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒါနဲ့ မြူခိုးမြို့တော်က အခု ဘယ်မှာရှိလဲဆိုတာ စုံစမ်းလို့ ရခဲ့လား" ဟု မေးလိုက်သည်။
"ကျွန်မ လူလွှတ်ပြီး သူတို့ကို စောင့်ကြည့်ခိုင်းထားတယ်... သူတို့နဲ့ ထိတွေ့ဆက်ဆံပြီး မြူခိုးမြို့တော်ရဲ့ နေရာကို မေးကြည့်ဖို့ ကြိုးစားကြည့်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ မြူခိုးမြို့တော်နှင့် ပတ်သက်၍ ချန်ယွင်တောက်က ပြဿနာ လာမရှာသရွေ့ သူကလည်း တစ်ဖက်လူကို သွားရောက် ပတ်သက်နေမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ မြူခိုးမြို့တော် မြေအောက်ရှိ ရေခဲဓာတ် သွေးသလင်းကျောက် အများစုကို သူက အကုန်အစင် သယ်ထုတ်သွားခဲ့ပြီ မဟုတ်ပါလော။
မြူခိုးမြို့တော်တွင် အမည်ခံ ရေပေါ်ကျွန်း တစ်ကျွန်းသာ ကျန်တော့ပြီး အရင်းအမြစ်များ သိပ်မကျန်တော့ပေ။
သို့သော် သူ သတိမထားဘဲတော့ မနေနိုင်ပေ။ အကယ်၍ တစ်ဖက်လူက မြူခိုးမြို့တော် ရေပေါ်ကျွန်းထဲရှိ သွေးသလင်းကျောက်များကို မိမိ သယ်ထုတ်သွားကြောင်း သိသွားပါက အလွယ်တကူ ကျေအေးပေးမည် မဟုတ်ချေ။
ပြီးတော့ ယခင်က သူ ဤကိစ္စကို လုပ်ခဲ့ကြောင်း သိထားသူမှာ ချိုးကုံရုံ တစ်ယောက်တည်းသာ ရှိသည်။
ချိုးကုံရုံ အကြောင်း တွေးမိသောအခါ လင်းယွမ် အနည်းငယ် သံသယ ဝင်သွားသည်။ ယခင်က သူတို့နှစ်ဦး လမ်းခွဲခဲ့ကြစဉ်က ချိုးကုံရုံသည် သမီးဖြစ်သူ ချိုးရင်ယွဲ့ကို ရှာတွေ့ပြီးပါက ထိုက်ယန်တောင်သို့ လာရောက် ပူးပေါင်းမည်ဟု ပြောဆိုထားခဲ့သည်။
သို့သော် ဤမျှ အချိန်ကြာမြင့်သွားပြီ ဖြစ်သော်လည်း သတင်းအစအနလေးမျှပင် မကြားရချေ။
ပြဿနာ တစ်ခုခုများ တက်နေလို့လား။
လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သော်လည်း ဆက်၍ အများကြီး မစဉ်းစားနေတော့ပေ။
ယခင်က ချိုးကုံရုံ၏ အစွမ်းမှာ မဆိုးလှပေ။ သို့သော် ယခုအခါ ထိုက်ယန်တောင်မှာ အလွန် ကြီးထွား တိုးတက်နေပြီ ဖြစ်သည်။ သူ၏ လက်အောက်တွင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းထက်သူများ မရှားတော့ဘဲ အဓိက အရည်အသွေး ၁၀၀ မှတ် ပြည့်သော ထိပ်တန်း အစွမ်းထက်သူများကိုသာ လိုအပ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် တစ်ဖက်လူ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ တကယ်တမ်းတွင် လင်းယွမ်က ဂရုမစိုက်တော့ပေ။
"သူတို့ကို သေချာ စောင့်ကြည့်ထား... အရင်က မြူခိုးမြို့တော်ရဲ့ ရေခဲဓာတ် သွေးသလင်းကျောက် အများစုကို ငါ ယူလာခဲ့တယ်... ဒီကိစ္စက လျှို့ဝှက်ထားတယ် ဆိုပေမဲ့ သေချာ စုံစမ်း စိစစ်ကြည့်မယ်ဆိုရင်တော့ ချန်ယွင်တောက်က ငါ့ကို သေချာပေါက် ရိပ်မိသွားနိုင်တယ်"
"ဘာဖြစ်လို့လဲ" တင်းယန်က အံ့သြစွာ မေးလိုက်သည်။
လင်းယွမ်က ပြောလိုက်သည်။ "အရင်တုန်းက မြူခိုးမြို့တော်ကို ဝင်စီးတာ မြေမိခင်ဂိုဏ်း အပြင်... သင်္ဘောခေါင်းဆောင်တွေကို ခေါ်ပြီး မြူခိုးမြို့တော်ပေါ် တက်သွားတာ ငါပဲ ရှိတယ်"
"နောက်ပိုင်း မြေမိခင်ဂိုဏ်းက အစွမ်းထက်သူတွေ အများကြီး သေကုန်တယ်... ငါကတော့ ဘာအန္တရာယ်မှ မရှိဘဲ ထွက်ပြေးလွတ်မြောက်လာပြီး သင်္ဘောခေါင်းဆောင် အားလုံးကိုပါ ခေါ်ထုတ်လာခဲ့တာ"
"ထိုက်ယန်တောင် ဘက်မှာ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ အဆင့် စွမ်းရည်တွေကို ငါ အကြိမ်ကြိမ် ထုတ်သုံးပြခဲ့ဖူးတယ်... ချန်ယွင်တောက်သာ ဒီသတင်းကို ကြားသွားရင် သူ ငတုံးမဟုတ် သရွေ့ သေချာပေါက် ခန့်မှန်းမိမှာပဲ"
"ပြီးတော့ မြေမိခင်ဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက လူတွေလည်း အကုန် မသေသေးဘူး... သူတို့ရဲ့ အခြေခံစခန်းတွေကို စွန့်လွှတ်ပြီး အထက်ပိုင်းခေါင်းဆောင်တွေ ထွက်ပြေးသွားကြတယ်... တကယ်လို့ အခွင့်အရေး သာရရင် ချန်ယွင်တောက် ငါ့အပေါ် ရန်ငြိုးဖွဲ့လာအောင် သူတို့ သေချာပေါက် သွေးထိုးပေးကြမှာပဲ"
"ဒါကြောင့် သတိမထားဘဲ နေလို့မရဘူး"
တင်းယန်က ထိုစကားကို ကြားသောအခါမှ သဘောပေါက်သွားပြီး သတိထားရမည့် အမူအရာ ချက်ချင်း ပေါ်လာကာ ပြောလိုက်သည်။ "သူတို့ကို သေချာ စောင့်ကြည့်ခိုင်းထားလိုက်မယ်... အကောင်းဆုံးကတော့ မြူခိုးမြို့တော်ရဲ့ တည်နေရာ အတိအကျကို စုံစမ်းနိုင်ရင် ပိုကောင်းမယ်"
သူမ စကားပြောပြီးသည်နှင့် ချက်ချင်း ဆက်ပြောလိုက်သည်။ "နေဦး... အခုချက်ချင်း လူလွှတ်ပြီး သူတို့ကို ဖမ်းခိုင်းလိုက်မယ်... ညှဉ်းပန်းနှိပ်စက်ပြီး မေးရမယ်ဆိုရင်တောင် မြူခိုးမြို့တော်ရဲ့ နေရာနဲ့ သူတို့ ဒီကို လာတဲ့ ရည်ရွယ်ချက်ကို သိရအောင် မေးယူမယ်"
လင်းယွမ်က ခဏတွေးလိုက်ပြီး ပြောလိုက်သည်။ "ဒါလည်း ဖြစ်တာပဲ... စစ်ဆေးဖို့ ကိစ္စတွေကို ကြီးကြပ်ရေးအဖွဲ့ဆီ လွှဲပေးလိုက်... ကျွမ်းရှုယွမ်ရဲ့ အစွမ်းက အဲ့ဒီအတွက် အံကိုက်ပဲ"
တင်းယန်က ထိုစကားကို ကြားသောအခါ "ဟွန့်" ဟု နှာခေါင်းရှုံ့လိုက်ပြီး "ရှင်ဘာသာ သွားရှာလိုက်... သူ့ရဲ့ မိန်းမပျက်လို အမူအရာတွေကို မြင်ရတာ ကျွန်မ အမြင်ကတ်တယ်"
သူမ၏ ဉာဏ်ပညာဖြင့် ကျွမ်းရှုယွမ်နှင့် လင်းယွမ် အိပ်ပြီးသွားပြီ ဆိုသည်ကို မသိဘဲ နေမည်လော။
ထို့ကြောင့် သူမက ကျွမ်းရှုယွမ်အပေါ် မျက်နှာသာ မပေးချေ။
လင်းယွမ်က ပြုံးလိုက်ပြီး "နင် တခြားလူကို သွားအကြောင်းကြားခိုင်းလိုက်ပေါ့... ကိုယ်တိုင် သွားစရာမှ မလိုတာ" ဟု ပြောလိုက်သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် လင်းယွင်တောင်စောင်းရှိ တုံယန်၏ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
"အစ်ကိုလင်း... အယ်... အစ်မတင်းယန်ပါ ပါလာတာလား"
တုံယန်က တံခါးဖွင့်လိုက်ပြီး လင်းယွမ်ကို မြင်သောအခါ မျက်နှာအပြည့် အပြုံးများ ပေါ်လာသော်လည်း တင်းယန်ကို မြင်လိုက်ရချိန်တွင် အပြုံးများ ရပ်တန့်သွားသည်။
တင်းယန်က ပြုံးစိစိဖြင့် "ဘာလဲ... နင့်ရဲ့ အမတင်းယန်ကို မကြိုဆိုဘူးလား" ဟု မေးလိုက်သည်။
တုံယန်က အလျင်အမြန် ပြုံးကာ "မ... မဟုတ်ပါဘူး... မြန်မြန် ဝင်လာကြပါ"
တင်းယန်က မျက်လုံးလေး မှေးသည်အထိ ပြုံးရင်း "တုံယန်လေးရေ... နင့် အမတင်းယန်ကို ကြားဝင်နှောင့်ယှက်သူလို့ မထင်လိုက်နဲ့ဦး... နင်က အခုမှ အရွယ်ရောက်ခါစ ဆိုတော့ ငါက နင့်ကို ကူပြီး စိတ်ငြိမ်အောင် လုပ်ပေးရဦးမယ်... မဟုတ်ရင် တစ်စုံတစ်ယောက်ရဲ့ အလွယ်တကူ ဝါးစားပစ်တာကို ခံလိုက်ရလိမ့်မယ်" ဟု ပြောလိုက်သည်။
တုံယန်၏ မျက်နှာလေးမှာ ချက်ချင်း နီရဲသွားပြီး လင်းယွမ်ကိုပင် မကြည့်ရဲတော့ချေ။
ဆက်ရန်...
အပိုင်း (၆၁၄) ပေါင်ရှန်းတောင်ကို တိုက်ခိုက်ခြင်း
"ဝုန်း"
အဆုံးအစမရှိ ကျယ်ပြန့်လှသော ဆီးနှင်းပြင်ကြီးထက်၌ စွတ်ဖားယာဉ် ဒါဇင်ပေါင်းများစွာက မြေပြင်ပေါ်တွင် လျင်မြန်စွာ လျှောတိုက်ဖြတ်သန်းသွားကြ၏။
ထိုစဉ် ရှေ့ဘက်ဆီမှ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဆီးနှင်းပြင်အောက်မှ မီးတောက်တစ်ခု ပေါက်ကွဲထွက်လာပြီးနောက် နှင်းလွှာများမှာ ဝုန်းခနဲ ချက်ချင်း ပြိုကျသွားလေသည်။
စွတ်ဖားယာဉ်များပေါ်ရှိ လူများမှာ ရုတ်တရက်ဖြစ်သွားသဖြင့် အငိုက်မိသွားကြပြီး လူအတော်များများက နှင်းကျင်းထဲသို့ တိုက်ရိုက် ပြုတ်ကျသွားကြ၏။
သို့သော်လည်း ဦးဆောင်လာသော လူသုံးယောက်ကမူ လျှပ်တစ်ပြက်အတွင်း လေထဲသို့ ခုန်တက်သွားကြပြီး လေဟာပြင်ထဲတွင် တိုက်ရိုက် ရပ်တန့်နေလိုက်ကြသည်။
"ဘယ်သူလဲ"
"ထွက်ခဲ့စမ်း"
ကောင်းကင်ထက်မှ လူနှစ်ဦးက အသီးသီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ထိုအထဲမှ တစ်ယောက်မှာ ကိုယ်လုံးကိုယ်ပေါက် လှပကျော့ရှင်းသော်လည်း မျက်နှာမှာ ရေခဲပြင်အလား အေးစက်နေပြီး လေဟာပြင်ကို လက်ဖြင့် တစ်ချက် ထောက်လိုက်၏။
ထိုခဏမှာပင် ကတော့ပုံသဏ္ဌာန် အရာတစ်ခုက အရှိန်အဟုန်ဖြင့် ပစ်လွှတ်ထွက်ခွာသွားလေသည်။
"ဝှစ်"
စူးရှသော လေခွင်းသံကြီး ထွက်ပေါ်လာပြီးနောက် ထိုကတော့ပုံ လက်နက်သည် နှင်းပြင်အောက်ခြေသို့ ကျဆင်းသွားကာ နှင်းလွှာများအောက်တွင် တရစပ် ထိုးဖောက်သွားလာနေတော့သည်။
ချက်ချင်းဆိုသလိုပင် နှင်းပြင်အောက်မှ စူးစူးဝါးဝါး အော်ဟစ်ညည်းတွားသံများ ဆက်တိုက် ထွက်ပေါ်လာ၏။
နှင်းလွှာများအောက်မှ သွေးများ အမြောက်အမြား စိမ့်ထွက်လာသည်။
အခြားလူတစ်ယောက်က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် မြေပြင်ဆီသို့ အားပြင်းပြင်း ဖိချလိုက်သည်။
နောက်တစ်ခဏတွင် မြေပြင်က တုန်ခါသွားပြီး မြေစူးချွန် ဒါဇင်ပေါင်းများစွာက မြေအောက်မှနေ၍ ရုတ်ချည်း ထိုးထွက်လာလေသည်။
ဖောက်... ဖောက်... ဖောက် ဟူသော အသံများ ထွက်ပေါ်လာပြီးနောက် လူသေအလောင်း ဆယ်ဂဏန်းခန့်မှာ မြေစူးချွန်များ၏ ဖောက်ထွင်းခြင်းခံလိုက်ရကာ နှင်းလွှာပေါ်သို့ ပင့်တင်ခံရပြီး မြေစူးချွန်များပေါ်တွင် ချိတ်ဆွဲခံထားရသည်ကို မြင်လိုက်ရသည်။
ရွှီကျန်ယွဲ့ က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုကတော့ပုံ ဓားပျံလေးက သူမလက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ သူမက စူးရှသော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး စိတ်စွမ်းအင်ဖြင့် အာရုံခံကြည့်လိုက်၏။ ချုံခိုတိုက်ခိုက်မည့် ရန်သူများ ပုန်းကွယ်မနေတော့ကြောင်း သေချာသွားမှသာ သူမက စကားစလိုက်သည်။
"အကုန် ရှင်းပြီးပြီ"
ရှီလျန်ဟိုင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ဒီလို အောက်တန်းစား ကောင်တွေကများ ငါတို့ကို ချုံခိုတိုက်ရဲသေးတယ်"
ဝင်ရောက် မတိုက်ခိုက်ဘဲ ရပ်နေခဲ့သော ကွမ်မောက်ချိုင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ငါတို့ မြေဝါနတ်ဘုရားကျွန်းကနေ ထွက်လာတာ တစ်လခွဲတောင် ရှိနေပြီ... လမ်းတစ်လျှောက် နေရာခုနစ်နေရာ ရှစ်နေရာလောက် ပြောင်းခဲ့ပြီးပြီ... အရွယ်အစားသေးတဲ့ တောင်ကုန်းလေးတွေတောင် လူတွေ နေရာယူထားကြတော့ ငါတို့အတွက် ခြေချစရာ နေရာကောင်း လုံးဝ မရှိတော့ဘူး"
"ကျွန်မတို့ တကယ်ပဲ မြေဝါနတ်ဘုရားကျွန်းကို လက်လွှတ်လိုက်ရတော့မှာလား" ဟု ရွှီကျန်ယွဲ့ က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
"လက်လွှတ်လိုက်တာ မဟုတ်ပါဘူး... လောလောဆယ် အန္တရာယ်ကို ရှောင်နေတာပါ... လင်း ဆိုတဲ့ကောင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ... မျိုးရိုးဗီဇမြေပုံထဲက သတ္တဝါကိုတောင် အသက်သွင်းနိုင်နေတာ... သူက အရမ်း စွမ်းလွန်းတယ်... ငါတို့အထဲမှာ လျန်ဟိုင် ကလွဲရင် ဘယ်သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနိုင်လို့လဲ... လင်း ဆိုတဲ့ကောင်ရဲ့ တိုက်ကွက် တစ်ကွက် နှစ်ကွက်လောက်ကိုတောင် တောင့်ခံနိုင်တဲ့သူရှိလို့လား" ကွမ်မောက်ချိုင်က ခေါင်းခါရင်း ပြန်ဖြေသည်။
ရှီလျန်ဟိုင်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။ "ငါက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကိုတက်ပြီး အမွေးရှည်ဆင်ကြီးကို အသက်သွင်းနိုင်ပြီဆိုတော့... မကြာခင် ကွမ်ဖူ တစ်ခုလုံးကို သိမ်းသွင်းနိုင်တော့မယ်လို့ ထင်ထားတာ... လင်း ဆိုတဲ့ကောင် ရုတ်တရက် ထွက်လာလိမ့်မယ်လို့ မထင်ထားမိဘူး"
"ယွမ်ရှီကျဲ တောင်မှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေပြီဆိုတော့... ဒီနေ့ခေတ်လူတွေကို တကယ် အထင်သေးလို့ မရတော့ဘူး"
တကယ်တော့ ရှီလျန်ဟိုင်ကလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို တက်ရောက်အောင်မြင်ထားပြီး မျိုးရိုးဗီဇမျိုးစေ့ အလယ်အလတ်အဆင့်သို့ ဝင်ရောက်ထားပြီး ဖြစ်သည်။
သူ၏ မျိုးရိုးဗီဇမြေပုံမှာ အမွေးရှည်ဆင်ကြီး ဖြစ်ကာ အမွေးရှည်ဆင်ကြီးအဖြစ် အသွင်ပြောင်း၍ အရပ်မျက်နှာ အနှံ့အပြားကို နင်းချေဖျက်ဆီးနိုင်သည်။ အဆုံးမဲ့ ခွန်အားများ ပိုင်ဆိုင်ထားရုံသာမက မြေဓာတ် စွမ်းရည် ပါရမီကိုပါ ပူးတွဲ ပိုင်ဆိုင်ထားလေသည်။
ဤအစွမ်းမှာ အမြဲတမ်း သူ လျှို့ဝှက်ထားခဲ့သော အသက်ကယ် လက်နက်တစ်ခု ဖြစ်သည်။ နောင်တစ်ချိန် ဖုန်းကျန့်ကုန်းတို့နှင့် ရင်ဆိုင်ရချိန်ကျမှ ဤအစွမ်းကို ထုတ်သုံးရန် သူ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် ဖုန်းကျန့်ကုန်းနှင့် ရင်ဆိုင်ရမည့် အချိန်အထိ စောင့်ရန် မလိုလိုက်ဘဲ လင်းယွမ်နှင့် ယွမ်ရှီကျဲတို့ နှစ်ယောက်စလုံးက မျိုးရိုးဗီဇမြေပုံ သတ္တဝါများကို အသက်သွင်းနိုင်နေပြီ ဖြစ်ကြောင်း သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
ထို့အပြင် ထိုလူနှစ်ယောက်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အရှိန်အဟုန်က သူ့ထက် ပိုမို မြင့်မားနေပုံရသည်။
၎င်းက သူ မြေဝါနတ်ဘုရားကျွန်းကို ပြတ်ပြတ်သားသား စွန့်လွှတ်ကာ အသက်လု ထွက်ပြေးခဲ့ရသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။
သူတို့က ကွမ်ဖူမှ ထွက်ပြေးလာခဲ့ပြီးနောက် လမ်းတစ်လျှောက်တွင် မိုးမျှော်တိုက်ကြီးများ၊ တောင်ကုန်းတောင်တန်းများနှင့် ရေခဲပြင်ပေါ်တွင် ပိတ်မိနေသော သင်္ဘောကြီးများ အစရှိသည့် နေရာအနှံ့အပြားသို့ လှည့်လည်သွားလာခဲ့ကြသည်။
သို့သော် ထိုနေရာများအားလုံးက သူတို့ စခန်းချ အခြေချရန်နှင့် တိတ်တဆိတ် အင်အားစုဆောင်းရန်အတွက် မသင့်တော်ပေ။
ယခုတစ်ကြိမ် သူတို့ ခေါ်ဆောင်လာခဲ့သူများမှာ အဆင့်မြင့် ခေါင်းဆောင်ပိုင်းများသာ ဖြစ်ပြီး အရင်းအမြစ် အမြောက်အမြားကိုလည်း သယ်ဆောင်လာခဲ့ကြသည်။
သူတို့အနေဖြင့် ရေပေါ်ကျွန်း ကဲ့သို့သော နေရာမျိုး လိုအပ်နေသည်။ ရေရှည် နေထိုင်နိုင်ပြီး တည်ငြိမ်စွာ အင်အားချဲ့ထွင်နိုင်မည့် အခြေချစရာ နေရာမျိုး ဖြစ်၏။
သို့သော် ထိုသို့သော နေရာမျိုးမှာ အလွန်တရာ ရှားပါးလွန်းလှသည်။
ရေကြီးမှုကြီးက ကမ္ဘာမြေပြင်ကို လွှမ်းမိုးသွားခဲ့ပြီ ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်ကလည်း အလွန်အမင်း မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
တစ်ချိန်က မိုးမျှော်တိုက်ကြီးများပင်လျှင် ရေပြင်အထက်၌ ကျန်ရှိနေသည်မှာ များများစားစား မရှိတော့ချေ။
"ကျွန်မတို့ တကယ်တမ်း ဘယ်လိုနေရာမျိုးကို လိုက်ရှာနေတာလဲ" ဟု ရွှီကျန်ယွဲ့ က မနေနိုင်ဘဲ ထပ်မေးလိုက်သည်။
ရှီလျန်ဟိုင်က ဘာမှ ဝင်မပြောပေ။ ကွမ်မောက်ချိုင်က စကားဆိုလိုက်သည်။ "အနည်းဆုံးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လို့ရတဲ့ နေရာမျိုးပေါ့... ဒီလိုနေရာမျိုးက သေချာပေါက် မြေကြီး ရှိရမယ်... စားစရာတွေ စိုက်ပျိုးနိုင်ရမယ်... မဟုတ်ရင် ငါတို့ ရှေ့ဆက် တိုးတက်နိုင်မှာ မဟုတ်ဘူး"
ယခုလို ခေတ်ပျက်ကြီးထဲတွင် အစားအစာက အမြဲတမ်း ပထမဦးစားပေး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အစားအစာသာ မရှိလျှင် လူသစ်များ စုဆောင်းနိုင်မည် မဟုတ်သဖြင့် မည်ကဲ့သို့ အင်အားချဲ့ထွင်နိုင်ပါမည်နည်း။
မျိုးရိုးဗီဇမျိုးစေ့ကို နိုးထထားပြီးဖြစ်သော သူတို့လို အစွမ်းပိုင်ရှင် အဆင့်များကို အစားအစာ ဘယ်ကရမလဲဟု တွေးတောပူပန်နေခိုင်းရမည်လော။
ရှီလျန်ဟိုင်က မေးလိုက်သည်။ "ငါတို့ အခု ဘယ်နား ရောက်နေပြီလဲ"
ကွမ်မောက်ချိုင်က အနည်းငယ် တွက်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။ "အခုဆိုရင် ကျိအန်မြို့ နယ်နိမိတ်ထဲ ရောက်နေလောက်ပြီ"
"ကျိအန်မြို့ရဲ့ ပထဝီဝင် အနေအထားက ပုံမှန်ဆို လင်ကျောင်း ထက် ပိုမြင့်တယ်... လင်ကျောင်းရဲ့ မြစ်ညာဘက်မှာ ရှိတာ"
"ဒီဘက်မှာ နာမည်ကြီးတဲ့ တောင်တွေ ဘာတွေရှိလဲ" ဟု ရှီလျန်ဟိုင်က မေးလိုက်၏။
ကွမ်မောက်ချိုင်က စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ကျိအန်မြို့က တောင်များတဲ့ နေရာအဖြစ် နာမည်ကြီးတယ်... လင်ကျောင်းထက် အများကြီး ပိုများတယ်"
"ငါတို့ လင်ကျောင်းနဲ့ အနီးဆုံးကတော့... အနီးအနားမှာရှိတဲ့ ဖူရုံတောင်ကြား ပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ ပုံမှန်ဆိုရင်တော့ ဒီလိုနေရာမျိုးက လူတွေ နေရာယူထားပြီးလောက်ပြီ"
ထိုစကားကို ကြားသောအခါ ရှီလျန်ဟိုင်က ချက်ချင်း အေးစက်စက် ရယ်မောလိုက်သည်။ "လူတွေ နေရာယူထားတော့ရော ဘာဖြစ်လဲ... လုယူလိုက်ရုံပဲလေ"
"အရင်သွားကြည့်ကြတာပေါ့... ဖူရုံတောင်ကြားမှာ အခြေချနေတဲ့ အဖွဲ့အစည်းတွေ ရှိနေရင် သတိထားတာ အကောင်းဆုံးပဲ... လင်း ဆိုတဲ့ကောင်လို နောက်ထပ် တစ်ယောက် ထွက်လာမှာ စိုးရတယ်" ဟု ကွမ်မောက်ချိုင်က သတိပေးလိုက်သည်။
"စိတ်ချပါ... ငါ နားလည်ပါတယ်" ဟု ရှီလျန်ဟိုင်က ခေါင်းညိတ်လိုက်၏။
ရွှီကျန်ယွဲ့ က နှင်းကျင်းထဲသို့ မတော်တဆ ပြုတ်ကျသွားသော မြေမိခင်ဂိုဏ်းမှ လူများကို ဆင်း၍ ကယ်တင်ပေးလိုက်သည်။
လူအုပ်ကြီးက ခေတ္တမျှ အနားယူလိုက်ကြပြီးနောက် ဖူရုံတောင်ကြား ရှိရာဘက်သို့ ဆက်လက် ထွက်ခွာသွားကြလေသည်။
...
ပေါင်ဆန်းမြို့၊ ပေါင်ရှန်းတောင် အောက်ခြေတွင် လူပေါင်း ထောင်ချီခန့် ဝန်းရံ စုရုံးနေကြသည်။
ကောင်းကင်ထက်တွင်လည်း လေထဲပျံသန်းနိုင်စွမ်းရှိသော အစွမ်းပိုင်ရှင် တစ်ရာထက်မနည်း ရှိနေ၏။
ထိုပျံသန်းနေသော အစွမ်းပိုင်ရှင်များ၏ အရှေ့ဆုံးတွင် အဖြူရောင် ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားပြီး ထိပ်ပြောင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေသည်။
သူ၏ ခန္ဓာကိုယ်မှာ ပိန်ပါးသော်လည်း သူ၏ အရှိန်အဝါကမူ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှသည်။
သူက ရေခဲများဖြင့် ဖွဲ့စည်းထားသော ပလ္လင်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေပြီး သူ၏ ဘေးနားတွင် လေထဲပျံသန်းနိုင်သော အမျိုးသား အမျိုးသမီး အများအပြားလည်း လိုက်ပါလာကြသည်။
အမျိုးသားက သူ၏ လက်ညှိုးကို ဖွဖွလေး ခေါက်ရင်း မေးလိုက်သည်။ "ငါ့အတွက် ပေါင်ရှန်းတောင်ကို ဘယ်သူ ရှင်းလင်းပေးချင်လဲ"
ဘေးနားရှိ အစွမ်းပိုင်ရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အမျိုးသား အချို့က ချက်ချင်း အသံထွက်လာကြသည်။ "သံမဏိသွေး ကြေးစားတပ်ဖွဲ့က တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်"
"အရှင်မင်းကြီး... သန်လျက် ကြေးစားတပ်ဖွဲ့က အရှင့်အတွက် ဒီ ပေါင်ရှန်းတောင်ကို ရှင်းလင်းပေးပါရစေ"
"အရှင်မင်းကြီး... ကြယ်နီ ကြေးစားတပ်ဖွဲ့က အရှင့်အတွက် မီးပင်လယ်ထဲပဲဖြစ်ဖြစ် ရေအနက်ထဲပဲဖြစ်ဖြစ် ဆင်းသက်ပါ့မယ်"
"အရှင်မင်းကြီး... နတ်မင်း ကြေးစားတပ်ဖွဲ့က အသေခံ တိုက်ခိုက်ဖို့အသင့်ပါပဲ"
မျက်မှောက်ရှိ ထိုအမျိုးသားများ၏ အရှိန်အဝါက အံ့မခန်းဖြစ်ပြီး အားလုံးမှာ အဓိက အရည်အသွေး (၉၀) မှတ် အထက်သို့ ရောက်ရှိနေကြသော အဆင့်မြင့် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
အကယ်၍ လင်းယွမ်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက သံမဏိသွေး ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်ဆိုသူမှာ ချိုးကုံရုံ ဖြစ်နေကြောင်း သေချာပေါက် မှတ်မိသွားပေလိမ့်မည်။
အခြားသော ကြေးစားတပ်ဖွဲ့များမှာလည်း ယခင်က မြူခိုးမြို့တော်ထဲရှိ ကြေးစားတပ်ဖွဲ့ကြီး သုံးဖွဲ့ပင် ဖြစ်လေသည်။
သို့သော်လည်း သူတို့၏ တပ်ဖွဲ့ခေါင်းဆောင်များမှာ စောစောစီးစီးပင် လူစားထိုး ပြောင်းလဲခံထားရပြီး ဖြစ်သည်။
ယခင် သန်လျက် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် လီခွန်း၊ ကြယ်နီ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ဟွမ်မင်ခိုင် နှင့် နတ်မင်း ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် လီကျင်း တို့အားလုံးမှာ လင်းယွမ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။
ယခု တာဝန်ယူထားသော တပ်ဖွဲ့ခေါင်းဆောင်သစ်များမှာလည်း သာမန်လူများ မဟုတ်ကြပေ။
ထိုအထဲမှ သန်လျက် ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်မှာ ယခင် လီခွန်း၏ လူယုံတစ်ဦးဖြစ်ပြီး ဖန်လျန် ဟု အမည်ရသည်။
ထိုသူမှာ အသွင်ပြောင်း အမျိုးအစား အစွမ်းပိုင်ရှင်ဖြစ်ပြီး သူ၏ အစွမ်းအမည်မှာ ပုစဉ်းရင်ကွဲ အသွင်ပြောင်းခြင်း ဖြစ်သည်။ သူသည် နွေဦး ပုစဉ်းရင်ကွဲ အဖြစ် အသွင်ပြောင်းနိုင်ပြီး ကျောဘက်တွင် အတောင်ပံတစ်စုံ ပေါက်လာကာ ခပ်နိမ့်နိမ့် ပျံသန်းနိုင်သည်။ တစ်ချိန်တည်းမှာပင် ပုစဉ်းရင်ကွဲ ချပ်ဝတ်၊ ပုစဉ်းရင်ကွဲ ဓားသွားတို့ကို ဖန်တီးနိုင်ပြီး အလွန် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တတ်လေသည်။
ကြယ်နီ ကြေးစားတပ်ဖွဲ့ဘက်မှ ခေါင်းဆောင်သစ်၏ အမည်မှာ ဟုန်ဝေကော် ဖြစ်သည်။ ထိုသူမှာ မူလက ရေခဲချပ်ဝတ် ကြေးစားတပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း ဟွမ်မင်ခိုင် သေဆုံးသွားပြီးနောက် ချန်ယွင်တောက် က သူ့ကို ကြယ်နီ ကြေးစားတပ်ဖွဲ့အား ဦးစီးရန်နှင့် ဟွမ်မင်ခိုင်၏ လက်အောက်ခံ အင်အားစုများကို ပြန်လည်စုစည်းရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ကြယ်နီ ကြေးစားတပ်ဖွဲ့မှာ ချန်ယွင်တောက်၏ သစ္စာအရှိဆုံး ထောက်ခံသူများ ဖြစ်နေပြီဟု ပြော၍ရသည်။
နောက်ဆုံး နတ်မင်း ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်သစ်မှာ ယန်ဇီချုံး ဟု အမည်ရပြီး မြူခိုးမြို့တော်၏ မူလနေထိုင်သူ မဟုတ်ဘဲ နောက်ပိုင်းမှ မြူခိုးမြို့တော်သို့ ဝင်ရောက်လာသော သင်္ဘောပိုင်ရှင် တစ်ဦးဖြစ်သည်။
ချန်ယွင်တောက်က ပြီးခဲ့သည့်အကြိမ် လင်းယွမ် ဦးဆောင်၍ သင်္ဘောပိုင်ရှင်များ ဆူပူအုံကြွခဲ့သည့် အတွေ့အကြုံကို သင်ခန်းစာယူပြီး အပြင်မှ သင်္ဘောပိုင်ရှင်များကို ကျွန်းပေါ်သို့ လုံးဝ ပေးမတက်ခြင်းမျိုး မလုပ်သင့်ကြောင်းနှင့် သူတို့ကို မျှော်လင့်ချက် တစ်ခုခုတော့ ပေးထားသင့်ကြောင်း တွေးမိခဲ့သည်။
ထို့ကြောင့်ပင် ယန်ဇီချုံး ဟူသော ဤသင်္ဘောပိုင်ရှင်ကို လက်ခံလိုက်သည့် လုပ်ရပ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။
ဤလုပ်ရပ်က သင်္ဘောပိုင်ရှင်များကို အမှန်တကယ်ပင် မျှော်လင့်ချက် ရောင်ခြည် မြင်သွားစေခဲ့ပြီး လူတိုင်းက မြူခိုးမြို့တော်သို့ ဝင်ရောက်ခွင့် ရရှိရန်အတွက် ကြိုးစားအားထုတ်လာခဲ့ကြသည်။
သို့သော် ထိုလူများ၏ တက်ကြွစွာ တာဝန်တောင်းဆိုမှုများ အပေါ်တွင် ချန်ယွင်တောက်က မည်သို့မျှ တုံ့ပြန်ခြင်း မရှိဘဲ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေသော ဆံပင်တို အမျိုးသမီးကိုသာ ကြည့်လိုက်သည်။
"ယွဲ့ဟွာ... မင်းက ငါ့အတွက် အလုပ်မလုပ်ပေးချင်ဘူးလား"
ထိုဆံပင်တို အမျိုးသမီး၏ မျက်နှာမှာ အေးစက်စက်နိုင်လှပြီး ရုပ်ရည်ကလည်း အလှမယ်တစ်ဦးဟု ပြော၍ မရပေ။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ လူများကို အဝေးသို့ တွန်းထုတ်နေသည့်ဟန်ရှိသော အေးတိအေးစက် အငွေ့အသက်များ ထွက်ပေါ်နေသည်။
ချန်ယွင်တောက်၏ စကားကို ကြားသောအခါ လန်ယွဲ့ဟွာ ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းငုံ့ကာ အရိုအသေပေးလျက် ပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီး... ကျွန်မ လက်အောက်က ကြေးစားတပ်ဖွဲ့ရဲ့ အင်အားက နည်းပါးလွန်းလို့ အရှင့်ရဲ့ အစီအစဉ်ကြီးကို နှောင့်နှေးသွားမှာ စိုးရိမ်လို့ပါ... ဒါပေမဲ့ ကျွန်မ အပါအဝင် အလှမယ် တပ်ဖွဲ့ဝင် အားလုံးက အရှင်မင်းကြီးအတွက် တိုက်ပွဲဝင်ဖို့ အသင့်ရှိနေကြပါတယ်"
ချန်ယွင်တောက်က ထိုစကားကို ကြားမှသာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "မင်းရဲ့ တပ်ဖွဲ့ထဲမှာ ရှိတာတွေက ငါ ကိုယ်တိုင် အသေအချာ ရွေးချယ်ထားတဲ့ အလှမယ်လေးတွေချည်းပဲ... သူတို့ကို စစ်မြေပြင်ကို ဘယ်လိုလုပ် လွှတ်ရက်ပါ့မလဲ ဟဲဟဲ"
"သံမဏိသွေး... သန်လျက်... ကြယ်နီ... နတ်မင်း ကြေးစားတပ်ဖွဲ့ကြီး လေးဖွဲ့လုံး အမိန့်ကို နာခံကြ"
"ငါ့အမိန့်ကို နာခံပြီး ပေါင်ရှန်းတောင်ကို အစွမ်းကုန် တိုက်ခိုက်ကြ"
"အမိန့်အတိုင်းပါ"
ချိုးကုံရုံ၊ ဖန်လျန်၊ ဟုန်ဝေကော် နှင့် ယန်ဇီချုံး လေးယောက်စလုံးက ချက်ချင်း အမိန့်နာခံလိုက်ကြပြီးနောက် သူတို့၏ ကိုယ်ရိပ်များ လှုပ်ရှားသွားကာ လူများကို လျင်မြန်စွာ ဦးဆောင်လျက် အလုံးအရင်းဖြင့် စတင် တိုက်ခိုက်ကြလေတော့သည်။
ချက်ချင်းဆိုသလိုပင် သတ်ဖြတ်သံများက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး တိုက်ပွဲကြီး စတင်သွားလေပြီ။
ပေါင်ရှန်းတောင်ပေါ်မှ လူ ဒါဇင်ပေါင်းများစွာကလည်း အလျင်အမြန် ပျံသန်းဆင်းသက်လာပြီး ပြန်လည် ခုခံတိုက်ခိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် လှိုင်းဂယက် အသီးသီး ပေါက်ကွဲထွက်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံများကလည်း တရစပ် ထွက်ပေါ်နေသည်။
တောင်ပေါ်ရှိ ထူထဲသော ဆီးနှင်းများက တုန်ခါမှုကြောင့် ပေါက်ကွဲကွဲအက်သွားပြီး ကြောက်မက်ဖွယ် နှင်းထုပြိုကျမှုကြီး ဖြစ်ပေါ်လာကာ တောင်အောက်သို့ တဟုန်ထိုး ဆင်းသက်လာတော့သည်။
မြူခိုးမြို့တော်ဘက်မှ အစွမ်းပိုင်ရှင် အမြောက်အမြားကို ဖုံးလွှမ်းသွားတော့မည့်ဆဲဆဲ အချိန်လေးမှာပင်။
ရေခဲပလ္လင်ပေါ်တွင် ထိုင်နေသော ချန်ယွင်တောက်က ခေါင်းငုံ့လိုက်ပြီး သူ၏ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ အောက်ဘက်သို့ ခပ်ဖွဖွလေး တစ်ချက် ထောက်လိုက်သည်ကို မြင်လိုက်ရ၏။
ထိုခဏမှာပင် ဧရာမ ရေခဲနဂါးကြီး တစ်ကောင် တရွှီးရွှီးမြည်သံများနှင့်အတူ စုစည်းဖြစ်ပေါ်လာပြီး ကောင်းကင်ယံမှနေ၍ ဟိန်းဟောက်ကာ ဆင်းသက်လာလေသည်။
ဝုန်းခနဲ အသံနှင့်အတူ တောင်ခါးပန်းနေရာတွင် တိုက်ရိုက် ရစ်ပတ်သွားလေသည်။
ချက်ချင်းဆိုသလို ဧရာမ ရေခဲနဂါးကြီးက ကြီးမားသော ရေခဲနံရံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြိုကျလာသော နှင်းထုများမှာ ရေခဲနံရံ၏ တားဆီးခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ကြေးစားတပ်ဖွဲ့ကြီး လေးဖွဲ့မှ လူများက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
သံမဏိသွေး ကြေးစားတပ်ဖွဲ့ဘက်မှ ချိုးကုံရုံ တစ်ယောက်တည်းသာ မသိမသာလေး လှည့်၍ ချန်ယွင်တောက် ရှိရာဘက်သို့ ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။
"သူ ပိုအစွမ်းထက်လာပြန်ပြီပဲ"
ချိုးကုံရုံ၏ ကိုယ်ရိပ်က လျှပ်စီးအလား ကောင်းကင်ယံတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
သိပ်မကြာခင်မှာပင် သူက ပေါင်ရှန်းတောင် အတွင်းရှိ ခိုလှုံရေးစခန်းထဲသို့ ပြေးဝင်သွားလေပြီ။
ထိုအချိန်တွင် လူငယ်တစ်ဦးက လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး သူနှင့် ပြင်းထန်စွာ တိုက်ခိုက်လာသည်ကို မြင်လိုက်ရ၏။
ချိုးကုံရုံက ပါးစပ်ကိုဟကာ ရူးသွပ်စွာ ဟိန်းဟောက်လိုက်ရာ အစွမ်းထက်သော အသံလှိုင်းများက အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။
ထိုအသံလှိုင်းများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် လှိုင်းဂယက်များ ပါဝင်နေသည်။
မျက်နှာချင်းဆိုင်ရှိ လူငယ်မှာ ရုတ်တရက်ဖြစ်သွားသဖြင့် အငိုက်မိသွားပြီး ချက်ချင်းပင် ခေါင်းကွဲထွက်မတတ် နာကျင်သွားရသည်။
ကံကောင်းသည်မှာ သူ့တွင် ကာကွယ်ပေးနိုင်သည့် ရွှေရောင် ခေါင်းဆောင်းတစ်ခု ရှိနေပြီး ထိုခေါင်းဆောင်းပေါ်ရှိ သင်္ကေတများက အလင်းရောင်များ တောက်ပလာသည်။
သို့သော် ထိုလူငယ် အသက်ရှူမှန်အောင် ပြန်မလုပ်နိုင်သေးခင်မှာပင် ချိုးကုံရုံ၏ အရိုးတူရွင်းကြီးက အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့ပြီ ဖြစ်သည်။
"ဒုန်း"
ထိုသူမှာ အော်ဟစ်သံလေးတစ်ချက်တောင် မထုတ်နိုင်လိုက်ဘဲ သူ၏ သွေးသားများနှင့် အရိုးများ တစ်ကိုယ်လုံး တိုက်ရိုက် ကြေမွသွားကာ ပွဲချင်းပြီး သေဆုံးသွားရလေတော့သည်။
တစ်ချိန်တည်းမှာပင် အခြားနေရာအနှံ့အပြားတွင်လည်း ကြေးစားတပ်ဖွဲ့ကြီး လေးဖွဲ့က သူတို့၏ အစွမ်းအသီးသီးကို အပြည့်အဝ ထုတ်သုံးနေကြသည်။
ပေါင်ရှန်းတောင်ပေါ်ရှိ လူများမှာ ချက်ချင်းပင် တပ်ပျက်သွားသည့်အထိ တိုက်ခိုက်ခံလိုက်ရလေသည်။
ထိုအချိန်မှာပင် ရုတ်တရက် အလင်းရောင်တစ်ခု တောက်ပလာပြီး လူငယ်တစ်ဦးက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်ကို လူအများ မြင်လိုက်ရ၏။
"အလင်းရောင် ဓားခုတ်ချက်"
"ဝှစ်"
ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းက အစွမ်းထက်သည့် အလင်းဓားသွား တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရှေ့ဘက်ရှိ ကြယ်နီ ကြေးစားတပ်ဖွဲ့ဝင် တစ်ဦး၏ ခန္ဓာကိုယ်ကို ချက်ချင်း ဆွဲဖြဲပစ်လိုက်သည်။
အစွမ်းထက်ပြီး စူးရှလွန်းသော အလင်းရောင်ကြောင့် လူတိုင်းက မျက်လုံးကို မနေနိုင်ဘဲ မှိတ်လိုက်ကြရသည်။
ထိုမျက်တောင်တစ်ခတ် အချိန်လေးအတွင်းမှာပင် သူက လူသုံးယောက်ကို ဆက်တိုက် ခုတ်ပိုင်းသတ်ဖြတ်လိုက်ရာ ကောင်းကင်ယံရှိ ချန်ယွင်တောက်၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားလေသည်။
ချန်ယွင်တောက်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး စိတ်ဝင်စားသွားကာ မေးလိုက်သည်။ "အဲဒီလူက ဘယ်သူလဲ"
ဘေးနားရှိ လန်ယွဲ့ဟွာ က အလျင်အမြန် ပြန်ဖြေလိုက်၏။ "အရှင်မင်းကြီး... သူက ပေါင်ရှန်းတောင် ခိုလှုံရေးစခန်းရဲ့ နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ ခေါင်းဆောင် ရွှီဟောင်ယန် ဖြစ်လောက်တယ်... ကြားရသလောက်ဆို ဒီလူက ဟို တွင်းနက်အရိပ် ရေပေါ်ကျွန်း လုပွဲမှာ ပါဝင်ပတ်သက်ခဲ့ဖူးတယ်တဲ့"
"တွင်းနက်အရိပ် ရေပေါ်ကျွန်း ဟုတ်လား"
လန်ယွဲ့ဟွာ ၏ မျက်ဝန်းများထဲတွင် ချက်ချင်း အရောင်လက်သွားပြီး ပြန်ဖြေသည်။ "နောက်ဆုံး လင်း ဆိုတဲ့ကောင် ရသွားတဲ့ ရေပေါ်ကျွန်းကို ပြောတာပါ အရှင်မင်းကြီး... လင်း ဆိုတဲ့ကောင်ရဲ့ နယ်မြေက တဖြည်းဖြည်း ကြီးမားလာနေပြီ... အရင်တုန်းက သူက သင်္ဘောပိုင်ရှင် အများကြီးကို ခေါ်လာပြီး ပြဿနာရှာခဲ့တာ... သွေးသလင်းကျောက်ကို ခိုးသွားတဲ့သူက ဆယ်ပုံ ကိုးပုံလောက် သူပဲ ဖြစ်လိမ့်မယ်"
ချန်ယွင်တောက်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာတော့သည်။
ဆက်ရန်...