အခန်း (၆၁၅-၆၁၆)
Vol. 31 Ch. 615-616
အပိုင်း(၆၁၅) ဖူဆန်းလဲ့နှင့် မီးလျှံဖားမိစ္ဆာကြီး
အချိန်အတော်ကြာသွားသော်လည်း ချန်ယွင်တောက်က ပျောက်ဆုံးသွားသော ရေခဲဓာတ် သွေးသလင်းကျောက်များကို မေ့ပစ်၍မရနိုင်သေးပေ။
သူ အင်မတန် ပင်ပန်းဆင်းရဲစွာဖြင့် နှလုံးအမြူတေကို သန့်စင်ပြီးနောက် အပြင်သို့ ထွက်လာချိန်တွင် နှလုံးခန်းအတွင်းရှိ သွေးသလင်းကျောက်များအားလုံး အခိုးခံလိုက်ရသည်ကို မြင်တွေ့ခဲ့ရသည့် မြင်ကွင်းအား သူ ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။
ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသော သွေးသလင်းကျောက် အစအနများက သူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သော ဖြန်းခနဲ ပါးရိုက်ချက်တစ်ခုအလား ခံစားခဲ့ရသည်။
ထို့ကြောင့် သူ၏ ရေပေါ်ကျွန်းမှ သွေးသလင်းကျောက်များကို တူးယူသွားသူအား သူ အရိုးထဲစွဲမတတ် နာကြည်းမုန်းတီးနေမိသည်။
မြူခိုးမြို့တော်ကို သူ ပြန်လည် ထိန်းချုပ်နိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုကိစ္စကို ချက်ချင်း စတင်စုံစမ်းခဲ့ကာ ထိုနေ့က အဓိကရုဏ်းတွင် ပါဝင်ပတ်သက်သူများကို နေရာအနှံ့ လိုက်လံ ဖမ်းဆီးခဲ့သည်။
နောက်ဆုံးတွင် သဲလွန်စအားလုံးသည် လင်းယွမ် ဟုခေါ်သော လူတစ်ယောက်ဆီသို့ စုဆုံသွားလေသည်။
ထိုသူက ကျွန်းအပြင်ဘက်ရှိ သင်္ဘောပိုင်ရှင်များကို ဦးဆောင်ကာ ကျွန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကြေးစားတပ်ဖွဲ့ကြီး သုံးခုကို အနိုင်ယူခဲ့သည်။ ထို့အပြင် ထိုသူများကို အတင်းအကျပ် ခြိမ်းခြောက်ကာ အဓိကရုဏ်းတွင် ပါဝင်စေခဲ့ပြီး မြူခိုးမြို့တော် တစ်ခုလုံးကို ဖရိုဖရဲဖြစ်အောင် မွှေနှောက်ခဲ့လေသည်။
သို့သော် ထိုသူသည် အဓိကရုဏ်းကြီး ပြီးဆုံးသွားပြီးနောက် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူနှင့်အတူ ထိုသွေးသလင်းကျောက်များလည်း ပျောက်ဆုံးသွားခဲ့၏။
ဤကိစ္စကို လင်းယွမ် လုပ်ခဲ့ခြင်းဖြစ်ကြောင်း ချန်ယွင်တောက် အခြေခံအားဖြင့် ရာနှုန်းပြည့်နီးပါး သေချာနေပြီ ဖြစ်သည်။
နောက်ပိုင်းတွင် သူ လင်းယွမ်၏ သတင်းအချက်အလက်များကို စုံစမ်းနေစဉ် လန်ယွဲ့ဟွာ က ဘုရင်မသင်္ဘော မှ လူအချို့ကို ခေါ်ဆောင်ကာ သူ့ထံ လာရောက်ခိုလှုံခဲ့ပြီး လင်းယွမ်၏ သတင်းများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
ချန်ယွင်တောက် အလွန် ဝမ်းသာသွားပြီး လန်ယွဲ့ဟွာ၏ လူများကို လက်ခံပြီးနောက် လင်းယွမ်ကို ဖမ်းဆီးရန် ထိုက်ယန်တောင် သို့ လူများကို ဦးဆောင်သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် လန်ယွဲ့ဟွာ၏ ခန္ဓာကိုယ်တွင်းရှိ ကပ်ပါးမျိုးစေ့က ရုတ်တရက် အသက်ဝင်လာခဲ့သည်။
ထို ကြောက်မက်ဖွယ်ကောင်းသော ကပ်ပါးမျိုးစေ့ကြောင့် လန်ယွဲ့ဟွာတစ်ယောက် အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ချန်ယွင်တောက်က ချက်ချင်း လက်ဦးမှုရယူကာ လန်ယွဲ့ဟွာ၏ ဦးခေါင်းကို ရေခဲဖြင့် အေးခဲပစ်လိုက်ရာမှ သူမ၏ ဦးနှောက်ထဲရှိ ကပ်ပါးမျိုးစေ့ ကြီးထွားလာမှုကို တားဆီးနိုင်ခဲ့သည်။
ထို့နောက် သူက ရေခဲဓာတ် အစွမ်းကို အသုံးပြုကာ အေးခဲမှု အတိုင်းအတာကို အကန့်အသတ်အထိ ကျုံ့ပစ်လိုက်ပြီး လန်ယွဲ့ဟွာ၏ စိတ်ပင်လယ် အတွင်းရှိ ကပ်ပါးမျိုးစေ့ကိုသာ အေးခဲထားလိုက်မှ လန်ယွဲ့ဟွာတို့ လူစု အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်မှစ၍ လန်ယွဲ့ဟွာတို့ လူစုတွင် နောက်ဆက်တွဲ ဆိုးကျိုးများ ကျန်ရစ်ခဲ့သည်။
သူတို့၏ စိတ်ခံစားမှုအပိုင်း ပျောက်ဆုံးသွားကာ တစ်ကိုယ်လုံး အချိန်တိုင်း တည်ငြိမ်အေးဆေးနေပြီး မည်သည့် စိတ်ခံစားမှု လှုပ်ရှားမှုမျှ မရှိတော့ပေ။
၎င်းမှာ စိတ်ပင်လယ်အတွင်း ရေခဲပိတ်လှောင်ခံထားရသော ကပ်ပါးမျိုးစေ့ကြောင့် ဖြစ်ပုံရသည်။
လန်ယွဲ့ဟွာ ဤကိစ္စကို သိရှိသွားပြီးနောက် လင်းယွမ်အပေါ် ထားရှိသော သူမ၏ မုန်းတီးမှုမှာ သဘာဝကျကျပင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
လင်းယာ တို့က သူတို့ကို တိတ်တဆိတ် လွှတ်ပေးလိုက်သဖြင့် သူမတို့ အောင်မြင်စွာ လွတ်မြောက်သွားပြီဟု သူမ ထင်မှတ်ခဲ့မိသည်။
သို့သော် လင်းယွမ်က သူတို့ ခန္ဓာကိုယ်ထဲတွင် ကြိုတင်၍ အကွက်ရွှေ့ထားခဲ့မည်ဟု မည်သူက ထင်ထားမည်နည်း။
အကယ်၍ သူမသာ လင်းယွမ်ကို လက်စားချေရန်အတွက် မြူခိုးမြို့တော် သခင် ချန်ယွင်တောက်ထံ သွားရောက် မခိုလှုံခဲ့ပါက ယခုအချိန်ဆိုလျှင် သူမ၏ ဦးခေါင်းသည် ကပ်ပါးမျိုးစေ့ ရှင်သန်ကြီးထွားရန် အာဟာရဓာတ်များ ဖြစ်နေလောက်ပြီ ဖြစ်သည်။
ချန်ယွင်တောက် သည်လည်း ဤကပ်ပါးမျိုးစေ့ကြောင့် လင်းယွမ်အပေါ် အလွန် ကြီးမားသော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်အထိ သူ့အနေဖြင့်ပင် ဤကပ်ပါးမျိုးစေ့ကို အေးခဲထားနိုင်ရုံသာ တတ်နိုင်ပြီး အမြစ်ပြတ် ဖယ်ရှားပစ်ရန် မစွမ်းသာသောကြောင့် ဖြစ်သည်။
ထို့ကြောင့် လင်းယွမ်၏ အစွမ်းအစအပေါ် သူ အနည်းငယ် စိုးရိမ်သွားကာ ထိုက်ယန်တောင်သို့ ရမ်းတမ်း မသွားတော့ဘဲ လူလွှတ်၍ ထိုက်ယန်တောင်၏ အခြေအနေများကို နေရာအနှံ့ လိုက်လံ စုံစမ်းစေခဲ့သည်။
နောက်ပိုင်းတွင် ထိုက်ယန်တောင်နှင့် ဘာသာရေးဂိုဏ်းကြီး သုံးခုတို့ စစ်မီးပွင့်လာသောအခါ သတင်းအချက်အလက် အမျိုးမျိုးက သူ့ထံသို့ စုပြုံရောက်ရှိလာခဲ့သည်။
လင်းယွမ် တစ်ယောက်တည်းဖြင့် ဘာသာရေးဂိုဏ်းကြီး သုံးခုကို တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့သည်မှစ၍ နောက်ပိုင်းတွင် လင်းယွမ်က တွင်းနက်အရိပ် ရေပေါ်ကျွန်းကို သန့်စင်လိုက်နိုင်သည်အထိ ဖြစ်သည်။
ထို့နောက် လင်းယွမ်က တစ်ကိုယ်တော် စွမ်းရည်ဖြင့် ဘာသာရေးဂိုဏ်းကြီးများမှ ထိပ်တန်းအစွမ်းပိုင်ရှင်များကို ထွက်ပြေးသွားရသည်အထိ တိုက်ခိုက်နိုင်ခဲ့ခြင်းများ ပါဝင်သည်။
ထိုတိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကိုလည်း သူ သိရှိခဲ့ရသည်။
လင်းယွမ်သည် သူနှင့် ထပ်တူပင် ရေပေါ်ကျွန်းတစ်ကျွန်းကို သန့်စင်နိုင်ခဲ့ရုံသာမက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ပင် ကူးပြောင်းရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးနောက်တွင် ရေခဲဓာတ် မျိုးရိုးဗီဇမြေပုံ သက်ရှိတစ်ခုပင် ရှိနေသေးသည် မဟုတ်ပါလော။
ယင်းက သူ့ကို လင်းယွမ်အပေါ် ပို၍ပင် စိုးရိမ်ထိတ်လန့်စေခဲ့သည်။ ယခုအချိန်၌ သူကိုယ်တိုင်ပင် လင်းယွမ်ကို အနိုင်ရရန် ရာနှုန်းပြည့် သေချာမှု မရှိပေ။
ထို့ကြောင့် သူက ထိုက်ယန်တောင်ကို ဝင်ရောက်တိုက်ခိုက်ခြင်း မပြုသည့်အပြင် မြူခိုးမြို့တော် ရေပေါ်ကျွန်းကို တိုက်ရိုက်ယူဆောင်ကာ လင်ကျောင်းမြို့ တစ်ဖက်ကမ်းရှိ ပေါက်ဆန်းမြို့ သို့ တောက်လျှောက် ရွှေ့ပြောင်းလာခဲ့သည်။
ထိုမျှမက သူက တိုက်ရိုက် ဝင်ရောက်စွက်ဖက်ကာ ပေါက်ဆန်းမြို့၏ ဒုတိယအကြီးဆုံးကျွန်း ဖြစ်သော ပေချန်ကျွန်း ကိုပါ သိမ်းပိုက်လိုက်သေးသည်။
ပေချန်ကျွန်းပေါ်ရှိ ဓားပြများအားလုံးကို အညံ့ခံစေကာ မိမိ၏ ပိုင်နက်နယ်မြေနှင့် အင်အားကို ချဲ့ထွင်လိုက်လေသည်။
သူ၏ အတွေးက အလွန် ရိုးရှင်းလှသည်။ အနိုင်ရရန် သေချာသော နည်းလမ်းမရှိပါက သူက လင်းယွမ်ကို လုံးဝ ဦးစွာ သွားရောက် ရင်ဆိုင်မည် မဟုတ်ပေ။
ယခင်က သူ မြူခိုးမြို့တော်ပေါ်သို့ တက်ရောက်ပြီးနောက် မြူခိုးမြို့တော်ကို ချက်ချင်း ဖုံးကွယ်ထားရန် ရွေးချယ်ခဲ့ပြီး နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို စိတ်ရှည်လက်ရှည် သန့်စင်ခဲ့သကဲ့သို့ပင်။
မည်သည့် အင်အားစုကိုမျှ တည်ဆောက်ခြင်း၊ လူအင်အား စုဆောင်းခြင်းမျိုးကို မလုပ်ခဲ့ပေ။
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အနေဖြင့် သူသည် တစ်ခဏတာ အောင်မြင်မှုရရုံဖြင့် မာနထောင်လွှားတတ်သော လူငယ်မျိုး မဟုတ်တော့ချေ။
သူသည် တည်ငြိမ်စွာဖြင့် တိုးတက်အောင် လုပ်ဆောင်နိုင်ပြီး ခေါင်းလျှိုကာ တဖြည်းဖြည်း အင်အားမွေးမြူနိုင်သည်။
အနှေးနဲ့အမြန် တစ်နေ့တွင် သူ ပြန်လည် လက်စားချေနိုင်မည်သာ ဖြစ်သည်။
ယခုအချိန်တွင် လန်ယွဲ့ဟွာက ထိုက်ယန်တောင်မှ လင်းယွမ်အကြောင်းကို ထပ်မံပြောဆိုလာသည်ကို ကြားလိုက်ရသော်လည်း သူက အမူအရာ မပျက်ဘဲ ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။ "အော်... ဒီလိုကိုး... လင်းယွမ် လက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာနိုင်တာ ကြည့်ရရင် ဒီလူက အစွမ်းအစ နည်းနည်းတော့ ရှိသားပဲ"
လန်ယွဲ့ဟွာက ထိုအခြေအနေကို မြင်သောအခါ မနေနိုင်တော့ဘဲ "အရှင်မင်းကြီး... ဟို လင်း ဆိုတဲ့ကောင်က အရှင်မင်းကြီးရဲ့ သွေးသလင်းကျောက်တွေကို ခိုးသွားတာ... ကျွန်မတို့နဲ့ သူသေကိုယ်သေ ရန်ငြိုး ရှိတယ်လေ... အခု သူက တွင်းနက်အရိပ်ကျွန်း ကိုပါ သန့်စင်လိုက်ပြီး ဘာသာရေးဂိုဏ်းကြီး သုံးခုကိုတောင် အနိုင်ယူလိုက်သေးတယ်... မြန်မြန် တားဆီးဖို့ နည်းလမ်းမရှာရင် ဒီလူ့ရဲ့ အင်အားက ပိုပိုပြီး ကြီးမားလာတော့မှာ" ဟု ပြောလိုက်သည်။
ချန်ယွင်တောက်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။ "ယွဲ့ဟွာ... အလုပ်လုပ်တဲ့အခါ မလောပါနဲ့... ကောင်းကင်က လူတစ်ယောက်ကို ဖျက်ဆီးတော့မယ်ဆိုရင် အရင်ဆုံး အဲဒီလူကို ရူးသွပ်သွားအောင် လုပ်တတ်စမြဲပဲ"
"ဒီလူက အခုဆိုရင် ဒီလောက်ကြီးမားတဲ့ ပိုင်နက်နယ်မြေနဲ့ သယံဇာတ အရင်းအမြစ် အများကြီးကို ရရှိထားတော့... မသိမသာနဲ့တင် လူအများကြီးနဲ့ ရန်သူတွေ ဖြစ်နေလောက်ပြီ"
"ငါတို့ လောစရာမလိုဘူး... ဖြည်းဖြည်းချင်း စောင့်ကြည့်ကြတာပေါ့... သူ အနှေးနဲ့အမြန် တစ်နေ့နေ့ အမှားလုပ်မိမှာပါ... အဲဒီအချိန်ကျမှ ငါတို့ ဝင်ပါဖို့ အချိန်အခါကောင်းပဲ"
လန်ယွဲ့ဟွာသည် ထိုစကားကို ကြားလိုက်ရသောအခါ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူမ ရင်ထဲတွင် မကျေနပ်သော်လည်း မည်သည့်နည်းလမ်းမှ မရှိပေ။
သူမက ချန်ယွင်တောက်ကို အားကိုး၍ မျိုးရိုးဗီဇမျိုးစေ့ ကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း လက်ရှိအချိန်အထိ သူမ၏ အဓိက အရည်အသွေး မှာ ၉၂ မှတ်သာ ရှိသေးသည်။
သူမ ကိုယ်တိုင် သွားပြီး လင်းယွမ်ကို လက်စားချေရန်ဆိုသည်မှာ သဘာဝကျကျပင် မဖြစ်နိုင်ပေ။
လင်းယွမ်ကို ရင်ဆိုင်ရန်အတွက် သူမက ချန်ယွင်တောက်၏ အကူအညီကို မဖြစ်မနေ ရယူမှသာ ရနိုင်မည် ဖြစ်သည်။
သို့သော် ချန်ယွင်တောက်က သူမ၏ သွေးထိုးလှုံ့ဆော်မှုအောက်သို့ လွယ်လွယ်နှင့် ပါသွားမည် မဟုတ်သည်မှာ ထင်ရှားနေသည်။
ဤဘက်တွင် လူနှစ်ယောက် စကားပြောနေစဉ် တစ်ဖက်ရှိ ပေါင်ရှန်းတောင် ပေါ်တွင်တော့ လူရိပ်အချို့က ရွှီဟောင်ယန် ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
ချိုးကုံရုံ က ခေါင်းတည့်တည့်ဆီသို့ တူကြီးဖြင့် အားကုန် လွှဲရိုက်လိုက်သည်။
ရွှီဟောင်ယန်က လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ အလင်းရောင်များ ဖြာထွက်သွားသည်။
သူသည် အရိုးတူကြီးကို တိုက်ရိုက် မထိတွေ့ဘဲ လက်သီးစွမ်းအားဖြင့် ကာကွယ်လိုက်သည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လက်သီးစွမ်းအားနှင့် အရိုးတူကြီးတို့ ထိခိုက်မိသွားရာမှ ပေရာချီ ရှည်လျားသော လေလှိုင်းဂယက်များ ရိုက်ခတ်ထွက်ပေါ်လာသည်။
ပုစဉ်းရင်ကွဲ ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော လူရိပ်တစ်ခုက မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားပြီးနောက် ဖန်လျန် ၏ အတောင်ပံများထက်တွင် ထက်မြက်သော ပုစဉ်းရင်ကွဲ ဓားသွားများအဖြစ် ပြောင်းလဲသွားကာ လိမ်ယှက်နေသော ပုံစံဖြင့် လှည့်ပတ်ခုတ်ထစ်လာသည်ကို တွေ့လိုက်ရသည်။
ရွှီဟောင်ယန်က အလျင်အမြန် ပျံသန်းရှောင်တိမ်းလိုက်သော်လည်း ဝေးဝေး မရောက်သေးခင်မှာပင် အလင်းတန်းတစ်ခုက ရုတ်တရက် ပစ်ခတ်လာလေသည်။
"ဘုန်း"
ရွှီဟောင်ယန် မျက်နှာပျက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ လွင့်စင်ထွက်သွားကာ အလင်းတန်းဆီသို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။
"အလင်းဓာတ်ပါလား"
ရောက်လာသူမှာ ကောင်းကင်ဘုရင် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယန်ဇီချုံး ပင် ဖြစ်လေသည်။
သူသည် အလင်းဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလော။
ရွှီဟောင်ယန်၏ မျက်နှာအမူအရာမှာ ကြည့်ရဆိုးနေသည်။ အဓိက အရည်အသွေး ၉၀ မှတ်ကျော်ရှိသော အစွမ်းပိုင်ရှင် သုံးယောက်၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံထားရသဖြင့် သူ၏ အဓိက အရည်အသွေးက ၁၀၀ မှတ်အထိ ရောက်ရှိနေလျှင်ပင် ယခုအချိန်၌ ဖိအားများကို ခံစားနေရသည်။
ဟုတ်ပေသည်။ တွင်းနက်အရိပ် ရေပေါ်ကျွန်းမှ ခွဲခွာလာခဲ့သည်မှာ လအတော်ကြာခဲ့ပြီဖြစ်ပြီး ရွှီဟောင်ယန်၏ အဓိက အရည်အသွေးမှာလည်း နောက်ဆုံးတွင် ၁၀၀ မှတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ယခု ၁၀၀ မှတ်သို့ ရောက်ရှိပြီးနောက်တွင်တော့ သူ ဆက်လက် တိုးတက်မလာတော့ဘဲ ရပ်တန့်နေခဲ့သည်။
အမှန်တကယ်ပင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ဆောင်ရန်မှာ အန္တရာယ် အလွန် များလွန်းလှသည်။
ခန္ဓာကိုယ်တွင်းရှိ ရောနှောနေသော မျိုးရိုးဗီဇများက များလွန်းသဖြင့် သူ ကိုယ်တိုင်ပင်လျှင် ယုံကြည်မှု မရှိသောကြောင့် အမြဲတမ်း တွေဝေတုံ့ဆိုင်းနေခဲ့ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းရန် မကြိုးစားရဲခဲ့ပေ။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ မရောက်ရှိပါက မိမိ၏ အဓိက အရည်အသွေးအောက် ၅ မှတ်အတွင်း ကွာဟနေသော ရန်သူများကို အပြတ်အသတ် ဖိနှိပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ယခု သူ၏ မျက်စိရှေ့မှ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်တိုင်းသည် ၉၅ မှတ်အထက်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
၁၀၀ မှတ်နှင့်ဆိုလျှင်လည်း သိပ်များများစားစား ကွာဟတော့မည် မဟုတ်ပေ။
တစ်ယောက်ချင်း ယှဉ်တိုက်ရမည်ဆိုလျှင်တော့ မည်သူ့ကိုမျှ ရှုံးနိမ့်မည်မဟုတ်ဟု ရွှီဟောင်ယန် သူ့ကိုယ်သူ ယုံကြည်ထားသည်။
သို့သော် သုံးယောက်ပေါင်း၍ တိုက်ခိုက်လာသောအခါတွင်တော့ သူ အမှန်တကယ်ပင် မတားဆီးနိုင်တော့ပေ။
"အားလုံး ဝိုင်းတိုက်ကြ"
ဖန်လျန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပထမဆုံး စတင် တိုက်ခိုက်လိုက်သည်။
"ရွှပ်... ရွှပ်... ရွှပ်"
သူ၏ ပုစဉ်းရင်ကွဲ အတောင်ပံများ တုန်ခါသွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
သူ၏ အလျင်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ထိုမျှမက အတောင်ပံများ တုန်ခါသွားချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော လေဓားသွား အသံများ ထွက်ပေါ်လာခဲ့သည်။
လေပြင်းများ တိုက်ခတ်သွားပြီးနောက် ရွှီဟောင်ယန်၏ အနောက်ဘက်သို့ ရောက်ရှိလာခဲ့လေပြီ။
ရွှီဟောင်ယန်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာခဲ့သည်။
နောက်တစ်ခဏတွင်တော့ အစွမ်းကို တိုက်ရိုက် အသုံးပြုကာ ဒြပ်စင်အသွင်ပြောင်း၍ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပင် ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
"ဟေး"
အသံလှိုင်းများ ဟိန်းထွက်လာပြီး ထိုအထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် တိုက်ခိုက်မှုများ ရောနှောပါဝင်နေသည်။
ချိုးကုံရုံ ဝင်ပါလာပြီ ဖြစ်သည်။
ဒြပ်စင်အသွင်ပြောင်းခြင်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သော်လည်း စိတ်စွမ်းအင် တိုက်ခိုက်မှုများကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။
တစ်ချိန်တည်းမှာပင် အလင်းဓာတ် အစွမ်းပိုင်ရှင် ဖြစ်သော ယန်ဇီချုံး ကလည်း ဒြပ်စင်အသွင်သို့ တိုက်ရိုက် ပြောင်းလဲသွားကာ ရွှီဟောင်ယန်ထံသို့ အားကုန် ဝင်တိုက်လိုက်လေသည်။
"ဘုန်း"
ပြင်းထန်သော တိုက်မိမှုအောက်တွင် အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး လူနှစ်ယောက်လုံး ဒြပ်စင်အသွင်မှ လူသားပုံစံသို့ တစ်ချိန်တည်းလိုလို ပြန်လည် ပြုတ်ကျလာခဲ့သည်။
ရွှီဟောင်ယန်၏ မျက်လုံးထဲတွင် ကြယ်လများ လည်ထွက်သွားသည်။ ယင်းမှာ ချိုးကုံရုံ၏ စိတ်စွမ်းအင်များ ပါဝင်နေသော အသံလှိုင်းရိုက်ခတ်မှုကြောင့် ဖြစ်သည်။
ယခုအချိန်တွင် သူ ဘာကိုမျှ ဂရုစိုက်မနေနိုင်တော့ဘဲ အောက်ဘက်သို့ အလျင်အမြန် ထွက်ပြေးလိုက်ရသည်။
သို့သော် ထိုအချိန်မှာပင် ပုစဉ်းရင်ကွဲ အသွင်ပြောင်းထားသော ဖန်လျန်က အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီးဖြစ်ရာ ပုစဉ်းရင်ကွဲ ဓားသွားများက လေပြင်းများအလား ရစ်ပတ်တိုက်ခတ်လာခဲ့သည်။
"ဖောက်"
ရွှီဟောင်ယန် ချက်ချင်း ညည်းညူလိုက်မိပြီး ရင်ဘတ်ပေါ်တွင် သွေးထွက်နေသော ဓားဒဏ်ရာ နှစ်ချက် စုတ်ပြဲသွားလေသည်။
ကြွက်သားများ စုတ်ပြဲသွားပြီး သွေးများ ပန်းထွက်လာသည်။
သူ၏ မျက်နှာ ဖြူရော်သွားပြီး အစိမ်းရောင် သင်္ကေတကျောက်တုံး တစ်ခုကို အမြန်ဆွဲထုတ်ကာ ချေမွလိုက်သည်။
အစိမ်းရောင် အလင်းတန်း တစ်ချက် လက်သွားပြီးနောက် သူ၏ ဒဏ်ရာမှ သွေးထွက်ခြင်း ချက်ချင်း ရပ်တန့်သွားကာ မျက်စိရှေ့တွင်ပင် မြန်ဆန်သော နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။
ထိုအချိန်တွင် ပေါင်ရှန်းတောင်၏ တောင်တန်းများ တုန်ခါသွားပြီး ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။
ချက်ချင်းပင် လူတိုင်း ရပ်သွားကြပြီး ပေါင်ရှန်းတောင်ပေါ်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ရွှီဟောင်ယန်လည်း အမြန် လှည့်ကြည့်လိုက်ရာ အံ့သြဝမ်းသာနေသည့် အမူအရာများ ပေါ်ထွက်လာသည်။
"ခေါင်းဆောင် ထွက်လာပြီဟေ့"
"ဟားဟားဟား... ငါတို့ ခေါင်းဆောင် ထွက်လာပြီ... မင်းတို့တော့ သေဖို့သာ ပြင်ထားတော့"
"ခွေးမသားတွေ... မင်းတို့တော့ ဇာတ်သိမ်းပြီပဲ"
ပေါင်ရှန်းတောင်မှ လူများအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
မြူခိုးမြို့တော်ဘက်မှ လူများကမူ မျက်မှောင်ကြုတ်သွားကြပြီး သတိထားကာ လေးနက်သော အမူအရာများ ပေါ်ထွက်လာသည်။
ရေခဲပလ္လင်ပေါ်တွင် ထိုင်နေသော ချန်ယွင်တောက်၏ မျက်လုံးများ အရောင်လက်သွားပြီး ပေါင်ရှန်းတောင်ပေါ်ရှိ လျှပ်စီးတန်းများကို ကြည့်ကာ ပြောလိုက်သည်။ "ဖူဆန်းလဲ့"
ဖူဆန်းလဲ့ ဆိုသည်မှာ ပေါင်ရှန်းတောင်၏ ခေါင်းဆောင်ဖြစ်ပြီး ပေါင်ရှန်းတောင် တစ်ခုလုံးတွင် နံပါတ်တစ် အတော်ဆုံးလူ ပင် ဖြစ်လေသည်။
လဝက်ခန့် အကြာက ချန်ယွင်တောက်သည် ပေါင်ရှန်းတောင်မှ အရေးကြီးသော လူတစ်ယောက်ကို ငွေဖြင့် ပေါက်ကာ ပေချန်ကျွန်းကို အသုံးပြုပြီး ပေါင်ရှန်းတောင်ကို ဝင်ရောက်တိုက်ခိုက်စေခဲ့သည်။
ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း သူ လာဘ်ပေးထားသော လူက ဖူဆန်းလဲ့ကို ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် ဖူဆန်းလဲ့ ဒဏ်ရာရသွားခဲ့သော်လည်း သူ၏ ကြီးမားသော စွမ်းရည်ကို အားကိုးကာ ပုန်ကန်မှုများကို နှိမ်နင်းပြီး သစ္စာဖောက်များကို သတ်ဖြတ်ကာ ပေချန်ကျွန်းမှ လူများကို မောင်းထုတ်နိုင်ခဲ့သည်။
ချန်ယွင်တောက်က ထိုအခြေအနေကို မြင်သောအခါ ဒုတိယအကြိမ် ပြင်းထန်သော တိုက်ခိုက်မှုကို ချက်ချင်း စတင်ခဲ့သည်။ လဝက်ခန့် အကြာတွင် ပေါင်ရှန်းတောင်၏ အပြင်ဘက် စခန်း အတော်များများကို သိမ်းပိုက်နိုင်ခဲ့ရုံသာမက ယခုအခါတွင် ပေါက်ဆန်းမြို့၏ နံပါတ်တစ် တောင်ကြီးကို အပြီးတိုင် သိမ်းပိုက်ရန် ပေါင်ရှန်းတောင်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ မျှော်လင့်မထားခဲ့သည်မှာ ပေါင်ရှန်းတောင် ခေါင်းဆောင်သည် ယခုအချိန်၌ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးခြင်းပင် ဖြစ်သည်။
ကြည့်ရသည်မှာ ထိုနေ့က သူ ခိုးကြောင်ခိုးဝှက် အတိုက်ခံရသော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်း မရှိသည့်ပုံပင်။
ချန်ယွင်တောက် မျက်လုံးများကို မှေးကျဉ်းလိုက်ရာ ပေါင်ရှန်းတောင်ပေါ်မှ အနီရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။
လောင်ကျွမ်းလုမတတ် ပူပြင်းလှသော အပူရှိန်က ကောင်းကင်နှင့် မြေကြီးကို လောင်ကျွမ်းစေပြီး လေထဲမှ ဆီးနှင်းမုန်တိုင်းများ မြေပြင်ပေါ်သို့ မကျရောက်ခင်မှာပင် မရေမတွက်နိုင်သော မိုးရေစက်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤ ဖူဆန်းလဲ့ က မီးဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေခဲ့သည်တကား။
"အွမ်"
မိုးကြိုးသံကဲ့သို့ လေးလံသော အသံကြီးတစ်ခု တောင်ကြားမှ ထွက်ပေါ်လာသည်။
ချက်ချင်းပင် လူရိပ်တစ်ခုက အားကုန် ခုန်ထွက်လာပြီး မီးရောင်များ ဖြာထွက်နေစဉ်အတွင်း ကောင်းကင်ယံတွင် ပေ ၆၀ ကျော်ခန့် မြင့်မားသော အနီရောင် မီးလျှံဖားမိစ္ဆာကြီး တစ်ကောင် ပေါ်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ထိုမိစ္ဆာကောင်ကြီး၏ မျက်လုံးထဲတွင် အနီရောင်အလင်းများ လှုပ်ရှားနေပြီး မီးပွားများ လွင့်စင်နေသကဲ့သို့ ထင်ရသည်။
၎င်းက နှင်းပြိုကျမှုကို တားဆီးထားသော ရေခဲနဂါး နံရံကြီးကို ငုံ့ကြည့်လိုက်ပြီး ပါးစပ်ကြီးကို ရုတ်တရက် ဟလိုက်သည်။
"ဝှစ်"
လှိုင်းလုံးကြီးတစ်ခုအလား မီးတောက်များက မျက်စိတစ်မှိတ်အတွင်း အောက်ဘက်သို့ ထိုးဆင်းလာခဲ့သည်။
"ဝုန်း"
ရေခဲနဂါးနှင့် မီးနဂါးတို့ မျက်စိတစ်မှိတ်အတွင်း တိုက်မိပြီး ပေါက်ကွဲထွက်သွားသည်။ ပြင်းထန်သော အပူရှိန်ကြောင့် ရေခဲနံရံများ အရည်ပျော်သွားကာ ဆီးနှင်းပြင်ကြီးမှာ ဆူပွက်လာခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပူလောင်နေသော ရေနွေးပူကြီးက အောက်ဘက်ရှိ မြူခိုးမြို့တော်မှ လူများဆီသို့ ဒလဟော စီးဆင်းလာလေသည်။
ထိုလူများအားလုံး ချက်ချင်း မျက်နှာပျက်သွားကြပြီး ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးကြလေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ယွင်တောက်၏ မျက်နှာက ချက်ချင်း တင်းမာသွားပြီး မတ်တတ်ထရပ်လိုက်သည်။
"အတင့်ရဲလိုက်တာ"
သူ၏ ခန္ဓာကိုယ် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လေထဲသို့ လှမ်းတက်လိုက်သည်။
ခြေလှမ်း အနည်းငယ်မျှ လှမ်းအပြီးတွင် သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားလေပြီ။
ကောင်းကင်ထက်တွင် ဧရာမ ရေခဲဝက်ဝံကြီး တစ်ကောင် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဤ ရေခဲဝက်ဝံကြီး၏ အရွယ်အစားမှာ ပေ ၆၀ ကျော်ခန့် မြင့်မားပြီး လင်းယွမ်၏ ရေခဲမြေရိုင်းဝက်ဝံ နှင့် အရွယ်အစားချင်း သိပ်မကွာခြားလှပေ။
သို့သော် မတူညီသည့်အချက်မှာ ရေခဲဝက်ဝံကြီးသည်လည်း တစ်ကိုယ်လုံး ဆီးနှင်းများကဲ့သို့ ဖြူဖွေးနေသော်လည်း ခန္ဓာကိုယ်ပေါ်တွင် ရေခဲချပ်ဝတ် အကာအကွယ် ဖုံးလွှမ်းနေခြင်း မရှိပေ။
ထိုအစား အေးစက်သော အငွေ့အသက်များ လွှမ်းခြုံထားပြီး ဖြူဖွေးသော မြူခိုးအလွှာတစ်ခုက ၎င်းကို ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေသည်။
"ဖူဆန်းလဲ့... မင်းမှာ ပြန်တိုက်ဖို့ အင်အား ကျန်နေဦးမယ်လို့ ငါ မထင်ထားဘူး"
"ဒါဆိုလည်း မင်းရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ဘယ်လောက်ထိ ရောက်နေပြီလဲဆိုတာ ငါ့ကို ပြစမ်းပါဦး"
မျက်နှာချင်းဆိုင် တောင်တန်းပေါ်ရှိ မီးလျှံဖားမိစ္ဆာကြီးက ခေါင်းမော့လာပြီး ၎င်း၏ မျက်လုံးများထဲတွင် မုန်းတီးမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
"အွမ်"
၎င်းက စကားတစ်ခွန်းမျှ မဆိုတော့ဘဲ နောက်ခြေနှစ်ဖက်ဖြင့် အားကုန် ကန်ထွက်လိုက်လေသည်။
"ဝုန်း"
မီးလျှံဖားမိစ္ဆာကြီးက အရိပ်တစ်ခုအသွင် တိုက်ရိုက် ပြောင်းလဲသွားပြီး လေထုကို ဖောက်ထွင်းလာသော ဥက္ကာပျံ တစ်ခုအလား အလွန် လျင်မြန်သော အလျင်ဖြင့် ဝင်တိုက်လိုက်လေတော့သည်။
ဆက်ရန်...
အပိုင်း (၆၁၆) သံချပ်ကာ ယာဉ်တန်း
အဆုံးအစမရှိ ဖြူလွှနေသော နှင်းပြင်ကြီးပေါ်တွင် အလွန်တရာ ကြီးမားလှသည့် လေအိတ်အောက်ခံ သံချပ်ကာ ယာဉ်တန်းကြီးတစ်ခုသည် ဖြည်းညင်းစွာ ချီတက်နေ၏။
ထိုသံချပ်ကာယာဉ် တစ်စီးစီတိုင်းသည် အလျား ပေ ၁၆၀ နှင့် အမြင့် ပေ ၁၀၀ ခန့် ရှိသည်။
ယာဉ်၏ အပြင်ဘက် ခန္ဓာကိုယ်၌ သတ္တုဘောင်များ အမြောက်အမြား တပ်ဆင်ထားရုံသာမက အရိုးများဖြင့် ပြုလုပ်ထားသော သင်္ကေတ အပြားများကိုပါ ကပ်ထားသေးသည်။ အဆင့်မြင့် နည်းပညာသုံး ယာဉ်တစ်စီးအသွင် ဆောင်နေသကဲ့သို့ တောရိုင်းဆန်ဆန် ရှေးဟောင်းအငွေ့အသက်များလည်း ရောယှက်နေလေသည်။
"ဝှစ်"
ရုတ်တရက် ကောင်းကင်ယံရှိ တိမ်မည်းများကြားမှ လျှပ်စီးတစ်ကြောင်း ဖြာဆင်းလာသည်။
ထို့နောက် ထိုလျှပ်စီးအလင်းရောင်ကြားမှနေ၍ ဧရာမ သန္ဓေပြောင်း ငှက်ဘီလူးကြီး တစ်ကောင်သည် အရှိန်ပြင်းပြင်းဖြင့် စိုက်ဆင်းလာ၏။
၎င်းက တိမ်လွှာများကို ဆွဲဖြဲကာ လေခွင်းသံကြီးနှင့်အတူ သံချပ်ကာ ယာဉ်တန်းဆီသို့ ပြင်းထန်စွာ ထိုးသုတ်လာလေသည်။
"ဝီး"
သံချပ်ကာယာဉ်အတွင်း၌ စူးရှသော အချက်ပေးသံများ ချက်ချင်း ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် တုန်ခါသံများနှင့်အတူ သံချပ်ကာယာဉ် အားလုံးထံမှ ဩရှရှ အင်ဂျင်သံကြီးများ ဆူညံစွာ ထွက်ပေါ်လာ၏။
သံချပ်ကာယာဉ်၏ အပြင်ဘက် အသံချဲ့စက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"အကာအကွယ် ဒိုင်းကို ဖွင့်လိုက်"
"လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်ကို ဖွင့်လိုက်"
"ဝီ... ဝီ... ဝီ"
ချက်ချင်းပင် သံချပ်ကာယာဉ် အားလုံးထံမှ မြေဝါရောင် အလင်းကွင်းများ လင်းလက်လာပြီး ယာဉ်ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ထူထဲခိုင်ခံ့သော အလင်းဒိုင်း အကာအကွယ်တစ်ခုကို ဖြစ်ပေါ်စေသည်။
ထို့နောက် သံချပ်ကာ ယာဉ်တန်း၏ အရှေ့ဘက်တွင် အမြောက်ပြောင်းများ မြင့်တက်လာကာ ကောင်းကင်ယံမှ သန္ဓေပြောင်း သတ္တဝါဆိုးကြီးကို လျင်မြန်စွာ ချိန်ရွယ်လိုက်ကြ၏။
"ဒိုင်း... ဒိုင်း... ဒိုင်း"
ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အလင်းတန်း အမြောက်ဆံများ ပစ်ခတ်လိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မျက်စိကျိန်းမတတ် လင်းလက်သော အလင်းတန်းများက ကောင်းကင်ယံကို ဖြတ်သန်းသွား၏။
သို့သော် ထို သန္ဓေပြောင်း ငှက်ဘီလူးကြီးက အလွန် လျင်မြန်သော အလျင်ဖြင့် ထိုအလင်းတန်းများကို ရှောင်တိမ်းကာ ယှက်နွယ်နေသော အလင်းရောင်များကြားမှ ဖောက်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အောက်သို့ ထိုးဆင်းလာပြီး အရှေ့ဆုံးမှ သံချပ်ကာယာဉ်ကို ကြမ်းတမ်းစွာ ခုန်အုပ်လိုက်တော့သည်။
"ဒုန်း"
ဤသန္ဓေပြောင်း ငှက်ဘီလူးကြီး၏ ချွန်ထက်သော ခြေသည်းအစုံက မြေဝါရောင် အလင်းဒိုင်းကို ကြမ်းတမ်းစွာ ဆွဲဖြဲလိုက်ပြီးနောက် တောင်ပံများကို အားကုန်ခတ်ကာ ချက်ချင်း ပြန်လည် ပျံတက်သွားသည်။
ဧရာမ သံချပ်ကာယာဉ်ကြီးမှာ မြေပြင်မှ အရှင်လတ်လတ် ဆွဲမခံလိုက်ရပြီး အမြင့်ဆုံးသော ကောင်းကင်ယံဆီသို့ လျင်မြန်စွာ ပါသွားလေတော့သည်။
အမြောက်များက ဆက်တိုက် ပစ်ခတ်နေပြီး ဒေါသတကြီး အော်ဟစ်သံများလည်း ဆက်တိုက် ထွက်ပေါ်နေ၏။
ယာဉ်တန်းအတွင်းရှိ လူများကလည်း ဒေါသတကြီး အော်ဟစ်နေကြသည်။
သို့သော် ထိုငှက်ဘီလူးကြီး တိမ်မည်းများကြားထဲ ထိုးဖောက်ဝင်ရောက်ကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို သူတို့ လက်ပိုက်ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။
"ဒါ လျှပ်စီးတောင်ပံငှက်နဂါးပဲ"
သံချပ်ကာယာဉ်အတွင်းမှ အမျိုးသားတစ်ဦးက မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်။
သူက စကားပြောစက်ကို ကောက်ကိုင်လိုက်ပြီး အလယ်ဗဟိုရှိ သံချပ်ကာယာဉ်ဆီသို့ အခြေအနေကို သတင်းပို့လိုက်၏။
"မန်နေဂျာဝူ... တိုက်တန်-၂၃ ကတော့ ချီသွားခံရပြီ... သက်ရှိဇီဝ မျိုးစိတ်ခွဲခြမ်းစိတ်ဖြာချက်အရ ဒီသတ္တဝါက လျှပ်စီးတောင်ပံငှက်နဂါးပဲ"
စကားပြောစက်ထဲမှ ဩရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။ "အကြောင်းရင်းကို ရှာစမ်း... ဘာကများ လျှပ်စီးတောင်ပံငှက်နဂါးကို ဆွဲဆောင်သွားတာလဲဆိုတာ သိရမယ်"
"ဉာဏ်ရည်တု စနစ်က ခွဲခြမ်းစိတ်ဖြာနေပါပြီ... ကနဦး ခန့်မှန်းချက်အရတော့ တိုက်တန်ရဲ့ အဏုမြူစွမ်းအင် ယိုစိမ့်မှုက သူ့ကို ဆွဲဆောင်သွားတာပါ"
"အဏုမြူ စွမ်းအင်ထုတ်စက်ကို သွားစစ်ဆေးခိုင်းလိုက်"
"အလိုအလျောက် စစ်ဆေးတဲ့ အစီအစဉ်ကို လုပ်ဆောင်နေပါပြီ"
"ဟုတ်ပြီ... အခု ဘယ်နားရောက်ပြီလဲ... ကျိအန်မြို့ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ"
"မော်ရှန်းမြို့နယ်နိမိတ်ထဲ ရောက်နေပါပြီ... မော်ရှန်းမြို့ကို ဖြတ်ကျော်ပြီးတာနဲ့ ကျိအန်မြို့ကို ရောက်ပါလိမ့်မယ်"
ကျိအန်မြို့နှင့် မော်ရှန်းမြို့သည် နယ်နိမိတ်ချင်း ထိစပ်နေပြီး လင်ကျောင်းမြို့ကဲ့သို့ပင် ကျန်းနန်ပြည်နယ် အတွင်း၌ ပါဝင်သည်။
မော်ရှန်းမြို့၏ ပထဝီဝင် အနေအထားသည် ကျိအန်မြို့၏ အထက်ပိုင်း၌ တည်ရှိလေသည်။
ဤယာဉ်တန်းသည် မော်ရှန်းမြို့ အပြင်ဘက်မှနေ၍ တောင်ဘက်သို့ တစ်လျှောက်လုံး စုန်ဆင်းလာကာ ဤနေရာသို့ ရောက်ရှိလာခြင်းပင်။
စကားပြောစက်ထဲမှ မန်နေဂျာဝူ၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။ "အမိန့်ပေးလိုက်... အရှိန်တင်ပြီး ကျိအန်မြို့ကို အမြန်ဆုံး ရောက်အောင်သွား"
"နားလည်ပါပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် စကားပြောစက်ကို ချလိုက်ပြီး ဘေးရှိ လူငယ်တစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အရှိန်တင်လိုက်... ကျိအန်မြို့ကို အမြန်ဆုံး ရောက်အောင်သွားမယ်"
"ခေါင်းဆောင်ဟူ... မန်နေဂျာဝူက ကျိအန်မြို့ကို သွားဖို့ ဘာလို့ ဒီလောက်တောင် လောနေရတာလဲဗျာ... နှင်းတွေက လမ်းကို ပိတ်ထားတော့ သံချပ်ကာယာဉ်ဆိုရင်တောင် အရှိန်တင်လို့ မရဘူးလေ"
ဟူဖေးကန်းက ခေါင်းခါလိုက်သည်။ "မသိဘူးကွ... အထက်က ပေးလိုက်တဲ့ တာဝန်တစ်ခုခု ရှိလို့နေမှာပေါ့... ကြားရသလောက်တော့ မန်နေဂျာဝူက အရင်တုန်းက ကျိအန်မြို့ဘက်ကနေ ငါတို့ ကျန်းပေပြည်နယ်ဘက်ကို ထွက်ပြေးလာတာတဲ့... ဟိုမှာ သူ့မိသားစုဝင်တွေများ ရှိနေလို့လား မသိပါဘူး"
"မိသားစုဝင်တွေလား... ဒါကြောင့်ကိုး" လူငယ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး နှင်းပွင့်များ ကျဆင်းနေသော မှိုင်းညို့ညို့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
"ကျန်းနန်ပြည်နယ်ကတော့ ကံကောင်းတဲ့ မြေပြင်တစ်ခုပဲ... ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး ကိရိယာတွေရဲ့ စောင့်ကြည့်ချက်အရ ကျန်းနန်ပြည်နယ်တစ်ဝိုက်က တိမ်လွှာတွေအထက်မှာ လေပေါ်ကျွန်းတွေ သိပ်မရှိဘူးလေ... ဒါကြောင့် ကောင်းကင်တောင်ပံငှက်တွေရဲ့ တိုက်ခိုက်မှုကို သိပ်မခံရတာ"
"ငါတို့ ဒီလမ်းတစ်လျှောက်လုံး လာခဲ့တာ... သံချပ်ကာယာဉ်တွေက ပစ်မှတ်ကြီးလွန်းတော့ ကောင်းကင်တောင်ပံငှက်တွေရဲ့ တိုက်ခိုက်မှုကို ဘယ်နှစ်ခါတောင် ခံခဲ့ရပြီလဲ"
ဟူဖေးကန်းက ပြန်ပြောလိုက်သည်။ "ဒီနေရာက ဘာလို့ ကံကောင်းတဲ့ မြေဖြစ်ရမှာလဲကွ... မြေနိမ့်ပိုင်း ဖြစ်နေတော့ နွေရာသီရောက်လို့ ရေခဲတွေ အရည်ပျော်သွားရင် ဒီနေရာက အနှေးနဲ့အမြန် ရေမြုပ်သွားမှာပဲ... ရေပေါ်ကျွန်းမရှိရင်တော့ အနောက်မြောက်ဘက်ကို ဆက်သွားရမှာပဲ"
"ရှောင်ချင်း... ဒီကျန်းနန်ပြည်နယ်က သက်တောင့်သက်သာ ရှိတယ်ဆိုပေမဲ့ အဲ့ဒီ အေးချမ်းမှုကို မက်မောပြီး ဒီမှာပဲ ဆက်နေမယ်ဆိုရင်တော့ အနှေးနဲ့အမြန် သေလမ်းဆီ သွားရမှာပဲ"
"ဒီနယ်မြေရဲ့ ကောင်းကင်ယံမှာ လေပေါ်ကျွန်းတွေ ဘာလို့ နည်းနေရလဲဆိုတာ မင်းသိလား"
"အဲ့ဒါက မူလကရှိနေတဲ့ လေပေါ်ကျွန်းတွေက ရေကြီးတဲ့အထဲ ပြုတ်ကျပြီး ရေပေါ်ကျွန်းတွေ ဖြစ်သွားလို့လေ... ဒါကြောင့် ဒီနယ်မြေရဲ့ ကောင်းကင်ယံမှာ လေပေါ်ကျွန်းတွေ နည်းနေတာပေါ့"
"ဒါပေမဲ့ ဒါကို မင်းက ကောင်းတဲ့ကိစ္စလို့ ထင်နေတာလား... လေပေါ်ကျွန်းတွေ ပြုတ်ကျပြီး ရေပေါ်ကျွန်းတွေ ဖြစ်သွားရင် ချောက်နက်တွေ ဖြစ်လာလိမ့်မယ်... အရင်တုန်းက လေပေါ်ကျွန်းတွေပေါ်မှာ တွယ်ကပ်နေထိုင်ခဲ့ကြတဲ့ သန္ဓေပြောင်း မိစ္ဆာကောင်တွေက ပင်လယ်အောက်ကြမ်းပြင်က ကြောက်မက်ဖွယ် သတ္တဝါဆိုးကြီးတွေ အဖြစ် အမြန်ဆုံး ဆင့်ကဲပြောင်းလဲသွားကြလိမ့်မယ်"
"ဒီနေရာက မကြာခင်မှာ အစစ်အမှန် ရေကမ္ဘာကြီး ဖြစ်လာတော့မှာ... ဒီမှာ နေရင် သေလမ်းပဲရှိတယ်"
ရှောင်ချင်းက ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်တော် သိပါတယ် ခေါင်းဆောင်ရယ်... ဒါကြောင့်မို့လို့ပဲ အထက်က ဒီကျန်းနန်ပြည်နယ် တစ်ဝိုက်ကို စောစောစီးစီး လက်လွှတ်လိုက်တာလား"
"ကျန်းနန်ပြည်နယ် တစ်ခုတည်းတင် မကဘူး... မိုတု... ပြီးတော့ အရှေ့ကွမ်တုန်း... အနောက်ကွမ်တုန်း... အရင်က ရှိခဲ့တဲ့ တောင်ပိုင်းပင်လယ်ကျွန်းစုတွေ... နောက်ပြီး မြောက်ပိုင်းက ချီလုပြည်နယ်ရဲ့ ဒေသတချို့ပါ မျှော်လင့်ချက် မရှိတော့ဘူး"
ရှောင်ချင်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ချီလုပြည်နယ်တောင် မျှော်လင့်ချက် မရှိတော့ဘူးလား"
သိထားရမည်မှာ ချီလုနယ်မြေကြီးတွင် နာမည်ကြီး တောင်တန်းများစွာ ရှိနေခြင်းပင်။ ဤသည်မှာတောင် မျှော်လင့်ချက် မရှိတော့ဘူးလော။
ဟူဖေးကန်းက ခေါင်းခါရင်း ပြောလိုက်၏။ "ချီလုပြည်နယ်က မြစ်ဝကျွန်းပေါ် ဒေသတစ်ဝိုက်ရဲ့ ပင်လယ်ရေမျက်နှာပြင်အမြင့်က သိပ်မမြင့်ဘူးလေ... အဲ့ဒီနယ်မြေက မြစ်ရဲ့ နုန်းတင်လွင်ပြင် ဖြစ်နေတော့ ပင်လယ်ဝ ဖြစ်နေတာ... အဲ့ဒါကြောင့် ပင်လယ်ရေမျက်နှာပြင်က နိမ့်နေတာပေါ့"
"အကြမ်းဖျင်း ပြောရရင် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်လုံးက ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး"
သူတို့နှစ်ဦး စကားစမြည် ပြောဆိုနေကြစဉ် ယာဉ်တန်းကြီးကလည်း ရှေ့သို့ ဆက်လက် ထွက်ခွာသွားလေသည်။
ထိုအချိန်တွင် ယာဉ်တန်း၏ အလယ်ဗဟို၌ ရှိနေသော ဧရာမ သံချပ်ကာယာဉ်ကြီးထဲ၌မူ ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဝိုင်နီခွက်ကို ကိုင်ကာ စားပွဲတစ်လုံးရှေ့တွင် မတ်တတ်ရပ်ရင်း စားပွဲပေါ်ရှိ မျက်နှာပြင်ကို ငုံ့ကြည့်နေသည်။
သူက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး "ကျိအန်မြို့လို နေရာမျိုး... အစောဆုံး ရေလွှမ်းမိုးခံခဲ့ရတဲ့ ဒေသမျိုးမှာတောင် ငါ့ရဲ့ ကိုယ်ပွားကို သတ်နိုင်တဲ့ ဒီလို အစွမ်းထက်တဲ့သူမျိုး ပေါ်လာနိုင်သေးတယ်ပေါ့" ဟု ရေရွတ်လိုက်သည်။
"ဒီလို အခြေအနေမျိုး ဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့ရင်... ငါ ကိုယ်တိုင် အရင်လာပြီး ဒီ ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းမှာ ကြီးကြပ်ကွပ်ကဲလိုက်ရမှာ"
သူ တစ်ယောက်တည်း ရေရွတ်လိုက်ပြီးနောက် မုန်ယာကုမ္ပဏီမှ လျှို့ဝှက်ဆန်းကြယ်လှသော သူဌေးကို ရုတ်တရက် သတိရသွားကာ ရင်လေးသွားပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
"အဲ့ဒါလည်း မဖြစ်နိုင်ဘူး... တကယ်လို့ ဒီဟင်းလင်းပြင်ကိုသာ ငါ သိမ်းပိုက်လိုက်ရင် အဲ့ဒီလူ့ရှေ့မှာတော့ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူး"
အကယ်၍ လင်းယွမ်သာ ဤနေရာ၌ ရှိနေပါက မျက်မှောက်ရှိ ဤလူမှာ သူ အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခဲ့ဖူးသည့် ဝူယောင်ပန်း ဖြစ်နေကြောင်း သေချာပေါက် မှတ်မိနေမည် ဖြစ်သည်။
သူသည် တစ်ချိန်က ရှောင်မောင်းတောင်ပေါ်တွင် ဧဒင်ဥယျာဉ်ကို တစ်ကိုယ်တော် တည်ထောင်ခဲ့သည့် ကိုယ်ပွားဖန်တီးနိုင်စွမ်းရှိသော အစွမ်းပိုင်ရှင် ဖြစ်ပေသည်။
လင်းယွမ် ခန့်မှန်းထားသည့်အတိုင်းပင် ဧရာမမြွေကြီး၏ ဟင်းလင်းပြင်အတွင်းရှိ ကိုယ်ပွားများ အားလုံးမှာ ကိုယ်ပွားသက်သက်သာ ဖြစ်လေသည်။
ဤလူ၏ မူလခန္ဓာကိုယ်မှာ ထိုမြွေကြီး၏ ဟင်းလင်းပြင်အတွင်း၌ လုံးဝ မရှိနေခဲ့ပေ။
မျက်မှောက်ရှိ ဤသူသည်ပင်လျှင် မူလခန္ဓာကိုယ်လော၊ သို့မဟုတ် ကိုယ်ပွားလော ဆိုသည်ကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်ပေ။
ဝူယောင်ပန်းက စားပွဲပေါ်ရှိ မြေပုံကို ကြည့်ရင်း သူ၏ မျက်ဝန်းအိမ်ထဲတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"လင်းယွမ်... ငါ့ကိုယ်ပွားကို သတ်ရဲတယ်ပေါ့... အနှေးနဲ့အမြန် ရေလွှမ်းခံရမယ့် သက်တောင့်သက်သာဇုန်လေးထဲမှာ ပုန်းအောင်းနေတဲ့ ပုရွက်ဆိတ်ကောင်လေးမှာ ဘယ်လောက်တောင် စွမ်းဆောင်ရည် ရှိနေမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
——
ထိုက်ယန်တောင်၊ စွမ်းအင်စုဝေးအဆောက်အအုံ ဒုတိယထပ်။
တင်းယန်က မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
မနက်ခင်း တစ်ပိုင်းလုံး သူမသည် စွမ်းအင်စုဝေးအဆောက်အအုံအတွင်း၌ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။
သူမကဲ့သို့ ထူးကဲသော စိတ်ဓာတ်နှင့် ဇွဲလုံ့လ ရှိသူပင်လျှင် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လေ့ကျင့်မှုကို စွမ်းအင်စုဝေးအဆောက်အအုံ တည်ဆောက်ပြီးကတည်းက ဆယ်ရက်ကျော်ကြာအောင် သူမ ဇွဲကုပ် လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်သည်။
ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင်ကို ဖွင့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ် အခြေအနေကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။
"ဝီ"
အိမ်မြှောင်ပေါ်တွင် ဂဏန်းတန်ဖိုးများ လျင်မြန်စွာ ပြောင်းလဲခုန်ပေါက်လာသည်။
မကြာမီမှာပင် ထိုအပေါ်၌ "၈၇" ဟူသော ဂဏန်း ပေါ်လာလေသည်။
တင်းယန်၏ မျက်နှာပေါ်တွင် ချက်ချင်း ဝမ်းသာပျော်ရွှင်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ပင်ပန်းနွမ်းနယ်မှုများ အားလုံးလည်း လွင့်စင်ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
"တိုတောင်းလှတဲ့ ၁၆ ရက်အတွင်းမှာ ငါ့ရဲ့ အဓိက အရည်အသွေးက ၁၅ မှတ်နီးပါးလောက် မြင့်တက်လာတယ်... တစ်ရက်ကို တစ်မှတ်နှုန်းလောက် တက်လာတာပဲ"
"ဒီ စွမ်းအင်စုဝေးအဆောက်အအုံရဲ့ အကျိုးသက်ရောက်မှုက တကယ်ကို ကောင်းလွန်းတယ်"
"ဒီမှာ နေ့တိုင်း လေ့ကျင့်ခွင့်ရရင် သိပ်ကောင်းမှာပဲ"
တင်းယန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားနေသော်လည်း ဤအရာမှာ သိပ်မဖြစ်နိုင်ကြောင်း သူမ သိနေသည်။
(၁၆) ရက်တိုင်တိုင် လေ့ကျင့်ခဲ့ရသဖြင့် သူမ၏ ကိုယ်ရောစိတ်ပါ နွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။
ခန္ဓာကိုယ်ကလည်း သိပ်မခံနိုင်တော့ကြောင်း သူမ ခံစားနေရသည်။
"ဒီစွမ်းအင်တွေကို ချေဖျက်ဖို့အတွက် ခဏလောက် အနားယူမှပဲ"
တင်းယန်က ထရပ်လိုက်ပြီး စွမ်းအင်စုဝေးအဆောက်အအုံထဲမှ ထွက်ခွာလာခဲ့သည်။
လွန်ခဲ့သော ဆယ်ရက်ကျော်က လူသူကင်းမဲ့နေခဲ့သည်နှင့် ယှဉ်လျှင် ယခု စွမ်းအင်စုဝေးအဆောက်အအုံမှာ လူများဖြင့် အလွန် ပြည့်နှက်နေပြီ ဖြစ်သည်။
အထူးသဖြင့် မြေညီထပ်ရှိ တစ်ဆတိုး စွမ်းအင်စုဆောင်းရေး အခန်းများအတွင်းသို့ ဝင်ရောက်နိုင်ရန် တန်းစီ၍ ကြိုတင် စာရင်းပေးသွင်းနေရပြီ ဖြစ်သည်။
သန်းခေါင်ယံ အချိန်ရောက်မှသာ လူအသွားအလာ အနည်းငယ် ပါးလပ်သွားပြီး စောင့်ဆိုင်းရမည့် အချိန် သိပ်မလိုတော့ခြင်း ဖြစ်သည်။
သေချာသည်မှာ ဒုတိယထပ်ရှိ ဆယ်ဆတိုး စွမ်းအင်စုဝေးအဆောက်အအုံတွင် လူ သိပ်မရှိပေ။ သို့သော် ကုန်ကျမည့် အမှတ်သည် မြေညီထပ်ထက် ဆယ်ဆ ပိုများပြားသဖြင့် လူအများစုက ထိုမျှလောက် မသုံးစွဲနိုင်ကြပေ။ ထို့ကြောင့် ဒုတိယထပ်တွင် လူပိုနည်းနေခြင်း ဖြစ်သည်။
အပြင်သို့ ထွက်လာသည်နှင့် တင်းယန်၏ နှာခေါင်း အနည်းငယ် လှုပ်ရှားသွားပြီး မိန်းမတစ်ဦးထံမှ ရနံ့မျိုး လွင့်ပျံလာသည်ကို ရလိုက်သည်။
သူမ မျက်မှောင်ပင့်လိုက်ပြီး အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။
ဘေးနားရှိ အခန်းအမှတ် (၂၀၃) တံခါး ပွင့်လာပြီး ချီပေါင် ဝတ်စုံ ဝတ်ဆင်ထားသော ကျွမ်းရှုယွမ် ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူမက ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ရာ မျက်နှာပေါ်တွင် သွေးရောင်များ လွှမ်းနေပြီး ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်လှိုင်းများ လှုပ်ရှားနေသဖြင့် အစွမ်းများ သိသိသာသာ တိုးတက်လာပုံရသည်။
တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ကို ရုတ်တရက် သတိထားမိသွားသဖြင့် ကျွမ်းရှုယွမ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်သည်။
ထိုသူမှာ တင်းယန် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမလည်း မျက်မှောင် အနည်းငယ် ပင့်သွားလေသည်။
"အော်... ခေါင်းဆောင်တင်းပါလား... မတွေ့ရတာတောင် တော်တော်ကြာပြီနော်"
တင်းယန်မှာ မျက်နှာသေဖြင့် ခေါင်းလှည့်ကာ ထွက်သွားခဲ့ပြီး ဤမိန်းမနှင့် စကားတစ်ခွန်းမျှပင် မပြောချင်ပေ။
ပထမအချက်အနေဖြင့် ကျွမ်းရှုယွမ်နှင့် လင်းယွမ်တို့၏ ပတ်သက်မှုမှာ သံသယဖြစ်ဖွယ် ရှိနေသည်ကို သူမ ကောင်းကောင်းသိထားသဖြင့် မျက်မှောက်ရှိ ဤမိန်းမအပေါ် သဘာဝကျစွာပင် ရွံရှာမုန်းတီးနေမိသည်။
ဒုတိယအချက်မှာ ကျွမ်းရှုယွမ်၏ အစွမ်းသည် အလွန်ထူးခြားပြီး တခြားသူများ၏ အတွေးများကို ခိုးယူနားထောင်နိုင်စွမ်း ရှိသည့်အတွက် ဤမိန်းမနှင့် လုံးဝ မပတ်သက်ချင်ခြင်း ဖြစ်သည်။
ကျွမ်းရှုယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသော်လည်း ဒေါသထွက်ခြင်းမရှိဘဲ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ အနည်းငယ် ဂုဏ်ယူနေမိသည်။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင် အချိန်တိုလေးအတွင်းမှာပင် တင်းယန်၏ ရင်တွင်းမှ အတွေးများကို သူမ ချောင်းမြောင်း သိရှိသွားခဲ့သောကြောင့် ဖြစ်၏။
"ဟားဟား... ငါ့ကို ကြောက်သွားတာလား"
ကျွမ်းရှုယွမ်က ရင်ထဲတွင် ဂုဏ်ယူစွာ တွေးလိုက်ပြီး တင်းယန်၏ သန်မာသွယ်လျသော ခြေတံရှည်ကြီးများဖြင့် လျှောက်လှမ်းသွားသည်ကို ကြည့်နေလိုက်သည်။ ဂျင်းဘောင်းဘီအောက်တွင် ဖုံးအုပ်ထားသော တင်ပါးများမှာ အလွန် သိသာစွာ စွန့်ကားနေလေသည်။
တင်ပါးဆုံရိုးများမှာ ပခုံးအကျယ်နီးပါး ရှိနေပြီး တင်းယန်၏ ခါးသိမ်သိမ်လေးကို ပိုမို ပေါ်လွင်သွားစေသည်။
လင်းယွမ်၏ ထူးဆန်းသော အကျင့်အချို့ကို သူမ မနေနိုင်ဘဲ သတိရသွားကာ နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်သည်။
"ဟမ့်... အလကားကောင်... ဒီလိုမျိုးတွေကိုပဲ သဘောကျနေတာ"
သူမက ခေါင်းငုံ့၍ မိမိ၏ အချိုးအစားပြေပြစ်သော တင်ပါးများကို ပြန်ကြည့်လိုက်ပြီး ချက်ချင်းပင် ရယ်မောလိုက်ပြန်သည်။
တော်သေးသည်မှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း လုံလောက်အောင် ပြည့်စုံနေသေးခြင်း ဖြစ်၏။
ကျွမ်းရှုယွမ်က ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင် တစ်ခုကို ထုတ်ယူကာ စမ်းသပ်စစ်ဆေးကြည့်လိုက်သည်။
အိမ်မြှောင်ပေါ်တွင် ဂဏန်းများ လျင်မြန်စွာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် "၇၇" ဟူသော နေရာ၌ ရပ်တန့်သွားသည်။
ဤရလာဒ်က သူမကို သိပ်ပြီး မကျေနပ်စေခဲ့ပေ။
"ဘာလို့ ၇၇ မှတ်ပဲ ရှိနေသေးတာလဲ"
စုံစမ်းစစ်ဆေးရေးဌာန၏ ဌာနမှူး တစ်ယောက် ဖြစ်နေပါလျက် စွမ်းရည်က အမှတ် (၈၀) ထိတောင် မရောက်သေးသည်မှာ တကယ်ကို အားနည်းလွန်းနေသည်။
လင်းယွမ်နှင့် သူမကြားတွင် အထူး ဆက်ဆံရေးမျိုး ရှိနေသည်ဆိုလျှင်တောင် သိပ်ပြီး စိတ်ချရမည်ဟု သူမ မထင်ပေ။
ထိုက်ယန်တောင်၏ အာဏာပိုင် အဆောက်အအုံတွင် အထက်ဆုံးအလွှာ၌ ရှိနေသူများ အားလုံး၏ စွမ်းရည်သည် အမှတ် (၈၀) အောက် မနိမ့်ကြပေ။
သူမက အခက်အခဲများကို ဒုက္ခခံနိုင်စွမ်းမရှိသော မိန်းမတစ်ယောက်တော့ မဟုတ်ပေ။
အမှန်တကယ်တွင် ရေကြီးမှုကြီး မဖြစ်ပွားမီက သူမ အစိုးရအလုပ် ရခဲ့ခြင်းမှာ အလှအပ တစ်ခုတည်းကို အားကိုးခဲ့ခြင်း မဟုတ်ဘဲ ထက်မြက်သော ဉာဏ်ရည်နှင့် ခိုင်မာသော အကအခုန် အခြေခံစွမ်းရည်များကသာ အနုပညာအဖွဲ့သို့ ဝင်ရောက်နိုင်ရန် သူမ၏ အရေးကြီးဆုံး အရည်အချင်းများ ဖြစ်ခဲ့သည်။
ယခုအခါ မိမိ၏ အာဏာကို ခိုင်မာစေရန်အတွက် သူမ၏ အဓိက အရည်အသွေးကို မြှင့်တင်ရန် အခက်အခဲအနည်းငယ်ကို ဒုက္ခခံရမည်ကို သူမ ဂရုမစိုက်ပေ။
စွမ်းအင်စုဝေးအဆောက်အအုံထဲမှ ထွက်လာချိန်တွင် စုံစမ်းစစ်ဆေးရေးဌာနမှ ဝန်ထမ်းတစ်ဦးက အနီးအနားတွင် အစောကြီးကတည်းက စောင့်ဆိုင်းနေပြီး စိုးရိမ်တကြီးဖြင့် လျင်မြန်စွာ ရှေ့သို့ တိုးလာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျွမ်းရှုယွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကာ လျင်မြန်စွာ လျှောက်သွားပြီး မေးလိုက်သည်။ "ကျိုးမေ... ဘာကိစ္စလဲ"
"ဌာနမှူး... ပေါက်ဆန်းမြို့ကနေ အရေးကြီးတဲ့ သတင်းတစ်ခု ပို့လိုက်ပါတယ်"
ဆက်ရန်...