အခန်း (၆၁၉-၆၂၀)
Vol. 31 Ch. 619-620
အပိုင်း (၆၁၉) လက်စွပ်
"ဟူး"
ခဏကြာပြီးနောက် ဟန်ရှန်းမန်က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
သူမက မျက်လုံးဖွင့်လိုက်ရာ ချက်ချင်းပင် ကြောင်အမ်းအမ်းဖြစ်သွားသည် "လင်းယွမ်... မဟုတ်ဘူး... ကိုလင်းယွမ်"
သူမက အလျင်အမြန်ပင် စကားကို ပြင်ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ကျွန်တော်တို့ကြားမှာ ဒီလောက် အားနာနေစရာ လိုသေးလို့လား"
ဟန်ရှန်းမန်က သူ၏ ရင်းနှီးသော ဆက်ဆံရေးကို ရိပ်မိသွားပြီး မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
"ရှင် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
လင်းယွမ်၏ မျက်နှာအမူအရာက တည်ကြည်သွားပြီး "ခင်ဗျားကို အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိလို့"
လင်းယွမ်၏ လေးနက်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ဟန်ရှန်းမန်လည်း အလိုအလျောက် တည်ငြိမ်သွားသည်။
"ပြောပါ"
"ပေါက်ဆန်းမြို့ဘက်မှာ ဆူပူအုံကြွမှုတွေ ဖြစ်နေတယ်လို့ သတင်းရထားတယ်... အဲဒီက အကြီးဆုံး အသက်ရှင်ကျန်ရစ်သူတွေ စုဝေးရာဖြစ်တဲ့ ပေါင်ရှန်းတောင်နဲ့ ဒုတိယအကြီးဆုံး ဖြစ်တဲ့ ပေချန်ကျွန်းတို့ကြားမှာ တိုက်ပွဲ ဖြစ်နေကြတာ"
"အခု ပေါင်ရှန်းတောင်က ပေချန်ကျွန်းကို မယှဉ်နိုင်တော့ဘဲ တွင်းနက်အရိပ်ကျွန်းဆီကနေ အကူအညီ လာတောင်းနေတယ်"
"ဟင်... ပေါင်ရှန်းတောင်က လူတွေက ဘာလို့ တွင်းနက်အရိပ်ကျွန်းဆီ အကူအညီ လာတောင်းရတာလဲ" ဟု ဟန်ရှန်းမန်က အံ့သြစွာ မေးလိုက်သည်။
လင်းယွမ်က ပြန်ဖြေသည် "ကျွန်တော် အရင်က တွင်းနက်အရိပ်ကျွန်းကို သိမ်းပိုက်တုန်းက ပေါင်ရှန်းတောင် နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ တပ်ဖွဲ့ခေါင်းဆောင် ရွှီဟောင်ယန်လည်း အဲဒီမှာ ရှိနေခဲ့တယ်"
"အဲဒီလူက အခြေအနေကို ကောင်းကောင်း သုံးသပ်တတ်တယ်... ကျွန်တော် တွင်းနက်အရိပ်ကျွန်းကို သိမ်းပိုက်လိုက်တာ မြင်တော့ သူက လုမယူတော့ဘဲ နောက်ဆုတ်သွားတယ်... ကျွန်တော်လည်း သူ့ကို အခက်မတွေ့စေဘဲ သူရထားတာတွေ အကုန်ချထားခိုင်းပြီး ကျွန်တော့်ဆုံးရှုံးမှု တစ်စိတ်တစ်ပိုင်းကို လျော်ကြေးပေးခိုင်းပြီးမှ ပြန်လွှတ်ပေးလိုက်တာ"
"သူ ပြန်ရောက်သွားပြီးကတည်းက လျော်ကြေးလာပို့မယ့် သတင်းကို ကျွန်တော် စောင့်နေတာ... အခုတော့ ရုတ်တရက်ကြီး သူ့ဆီက အကူအညီတောင်းတဲ့ သတင်းကို ရလိုက်တာပဲ"
ဟန်ရှန်းမန်က ထိုစကားကို ကြားပြီးနောက် "ကျွန်မကို ဘာလုပ်စေချင်တာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က "တွင်းနက်အရိပ်ကျွန်းက ပေါက်ဆန်းမြို့နဲ့ အရမ်းနီးတယ်... အထူးသဖြင့် ပေချန်ကျွန်းနဲ့ဆို သိပ်မဝေးဘူး"
"ပြီးခဲ့တဲ့တစ်ခေါက်က ပေါက်ဆန်းမြို့ကနေ လူတစ်စု ရောက်လာပြီး ဖန်ဆန်းကျွန်းကို သိမ်းထားတယ်လို့ ကြားတယ်... သူတို့က ပေါင်ရှန်းတောင်ရဲ့ ရန်သူတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယရှိတယ်"
"ဝူယင်နဲ့ ကျန်းဖန်တို့က လူတွေခေါ်ပြီး ဖန်ဆန်းကျွန်းကို ပြန်လုဖို့ သွားကြပြီ... ဒါပေမဲ့ အခုချိန်ထိ သတင်းပြန်မလာသေးဘူးဆိုတော့ ဖန်ဆန်းကျွန်း ပြန်သိမ်းမယ့် အစီအစဉ်က အခက်အခဲ တွေ့နေတဲ့ပုံပဲ"
"ဖန်ဆန်းကျွန်းကို သိမ်းထားတဲ့ ရန်သူတွေထဲမှာ အစွမ်းထက်တဲ့သူတွေ ရှိနေလောက်တယ်... ခင်ဗျား လူတွေခေါ်ပြီး ဝူယင်တို့ကို သွားကူညီပေးဖို့ လိုတယ်"
"အခု ခင်ဗျားရဲ့ အဓိက အရည်အသွေးက ၁၀၀ ပြည့်သွားပြီလား"
ဟန်ရှန်းမန်က ခေါင်းယမ်းလိုက်ပြီး "၉၃ မှတ်ပဲ ရှိသေးတယ်"
သူမက ထိုက်ယန်တောင်တွင် ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို အစောဆုံး ရရှိခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည်။
အရင်က လင်းယွမ်သည် လင်းယွီကျွန်းဘက်မှ ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို လဲလှယ်ရရှိပြီးနောက် ဟန်ရှန်းမန်ကို တစ်စေ့ ပေးခဲ့ခြင်း ဖြစ်သည်။
ဟန်ရှန်းမန်က မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို လျင်မြန်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် ဆက်တိုက် ကြိုးစားလေ့ကျင့်ခဲ့သည်။
သူမ၏ လေ့ကျင့်မှု တိုးတက်နှုန်းသည် အမှန်တကယ်တွင် ကျောက်ခိုင်နှင့် နှိုင်းယှဉ်လျှင် နှေးကွေးလှသည်တော့ မဟုတ်ပေ။
အထူးသဖြင့် လင်းယွမ်က မီယွမ်မိုးသစ်တောကျွန်းကို သိမ်းပိုက်ပြီးနောက်တွင် ဟန်ရှန်းမန်သည် အမှတ် အမြောက်အမြား အသုံးပြုကာ ရေဓာတ် သွေးသလင်းကျောက်များကို လဲလှယ်ခဲ့ပြီး ထိုအထဲမှ စွမ်းအင်များကို စုပ်ယူခဲ့သဖြင့် သူမ၏ စွမ်းရည်မှာ အံ့မခန်း တိုးတက်လာခဲ့သည်။
ဒီလဝက်အတွင်း သူမသည် ငါးဖမ်းစခန်းမှ ရရှိသော အမှတ် ဝင်ငွေများကို အသုံးပြုကာ စွမ်းအင်စုဝေးအဆောက်အအုံ၏ ဒုတိယထပ်တွင် အမြဲလိုလို လေ့ကျင့်ခဲ့သည်။
ထို့ကြောင့် သူမ၏ စွမ်းရည်က ဤအဆင့်အထိ အလျင်အမြန် တိုးတက်လာခြင်း ဖြစ်သည်။
ယခုအခါ ထိုက်ယန်တောင် တစ်ခုလုံးတွင် စွမ်းအင်စုဝေးအဆောက်အအုံ ပေါ်ပေါက်လာခြင်းကြောင့် လူအများအပြား၏ စွမ်းရည်များမှာ လျင်မြန်စွာ မြင့်တက်လာနေကြသည်။
ထိုအထဲတွင် အဓိက အရည်အသွေး ၉၀ မှတ်အထက် ကျော်လွန်သူများလည်း မနည်းမနော ရှိနေပြီဖြစ်သည်။
အထူးသဖြင့် ရေဓာတ်၊ မြေဓာတ်နှင့် စိတ်စွမ်းအင် အစွမ်းပိုင်ရှင် သုံးမျိုးမှာ တိုးတက်မှု အမြန်ဆုံး ဖြစ်သည်။
အကြောင်းမှာ မီယွမ်မိုးသစ်တောကျွန်းနှင့် မြေဝါနတ်ဘုရားကျွန်းတို့က သွေးသလင်းကျောက် အမြောက်အမြားကို ထောက်ပံ့ပေးထားသဖြင့် သူတို့အနေဖြင့် အမှတ်များကို အသုံးပြုကာ လဲလှယ်နိုင်သောကြောင့်ပင်။
လက်ရှိ အစွမ်းအထက်ဆုံး အုပ်စုထဲတွင် လီချင်းဟွာနှင့် ကျောက်ခိုင်တို့သည် ၉၅ မှတ်အထိ ကျော်လွန်သွားကြပြီ ဖြစ်သည်။
ဟန်ရှန်းမန်၊ တင်းယန်နှင့် အခြားသူများမှာမူ ၉၀ မှတ် ဝန်းကျင်တွင် ရှိနေကြသည်။
အဓိက အရည်အသွေး ၈၀ မှတ်အထက် ရောက်ရှိသူများမှာမူ ဆယ်ဂဏန်းချီ၍ပင် ရှိနေပြီဖြစ်သည်။
ယခု လက်ရှိ ထိုက်ယန်တောင်၏ အလုံးစုံ စွမ်းရည်မှာ သိသိသာသာကို အဆင့်မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
"ရေနတ်ဘုရားဂိုဏ်းရဲ့ ယဇ်ပုရောဟိတ်ကြီး လေးပါးထဲက တစ်ပါးဖြစ်တဲ့ ရေလေး ယဇ်ပုရောဟိတ် တိန့်ကျဲကိုလည်း ကျွန်တော် လွှတ်လိုက်ပြီ"
"ဒါပေမဲ့ သေချာအောင်နဲ့ ဟိုဘက်က အခြေအနေ အတိအကျကို သိရအောင်လို့ ခင်ဗျားကို တစ်ခေါက်လောက် သွားပေးစေချင်တယ်"
"ခင်ဗျား လုပ်ရမှာက ပြတ်ပြတ်သားသားနဲ့ ဖန်ဆန်းကျွန်းရဲ့ ပြဿနာကို ချက်ချင်း ဖြေရှင်းပြီး ဖန်ဆန်းကျွန်းကို သိမ်းထားတဲ့ ရန်သူတွေကို အညံ့ခံခိုင်းဖို့ပဲ"
"တကယ်လို့ အညံ့မခံတဲ့သူရှိရင် တွေဝေမနေဘဲ ရှင်းပစ်လိုက်"
လင်းယွမ်သည် ပေါက်ဆန်းမြို့ရှိ လူများကို သိမ်းသွင်းလိုသဖြင့် ပထမဆုံး ကာကွယ်ရေးစည်းဖြစ်သော တွင်းနက်အရိပ်ကျွန်းနှင့် ဖန်ဆန်းကျွန်းကို အဆုံးရှုံးခံ၍ မဖြစ်ပေ။
ဝူယင်နှင့် ကျန်းဖန် နှစ်ယောက်တည်းနှင့်ဆိုလျှင် ဖန်ဆန်းကျွန်းကို ချက်ချင်း သိမ်းပိုက်နိုင်မည် မဟုတ်ချေ။ သို့မဟုတ်ပါက သူတို့ သွားသည်မှာ ကြာပြီဖြစ်၍ သတင်းကောင်း ပို့လာရမည် ဖြစ်သည်။
သူက တိန့်ကျဲကို ပေးထားသော အမိန့်မှာ ကျန်းဖန်နှင့် ဝူယင်တို့ကို တိတ်တဆိတ် လေ့ကျင့်ပျိုးထောင်ပေးရန်သာ ဖြစ်ပြီး ဤကိစ္စတွင် ဝင်ပါရန် ခွင့်မပြုထားပေ။
သို့သော် ယခု ကြည့်ရသလောက် ဤကိစ္စကို ချက်ချင်း အရှိန်မြှင့်လုပ်ဆောင်ပြီး ဖန်ဆန်းကျွန်းကို စောစော ပြန်လည်သိမ်းပိုက်မှ ရတော့မည် ဖြစ်သည်။
ဖန်ဆန်းကျွန်းမှာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် သိပ်မများသော်လည်း အလွန် အရေးပါလှသည်။
၎င်းသည် တွင်းနက်အရိပ်ကျွန်းနှင့် အလွန်နီးကပ်ပြီး တွင်းနက်အရိပ် ရေပေါ်ကျွန်း၏ တံခါးပေါက်ဟုပင် ဆိုနိုင်ပေသည်။
အကယ်၍ ပေချန်ကျွန်းမှ လူများသည် ပေါင်ရှန်းတောင်မှ လူများကို အနိုင်ရပြီးနောက် တွင်းနက်အရိပ်ကျွန်းကို မက်မောလာကာ လင်ကျောင်းမြို့ကိုပါ လက်ဝါးကြီးအုပ်ရန် ကြိုးစားလာပါက ဤဖန်ဆန်းကျွန်းသည် သူတို့၏ ခြေကုပ်စခန်း ဖြစ်လာနိုင်ချေ ရှိသည်။
ထို့ကြောင့် ပေချန်ကျွန်း၏ စစ်အင်အားများ ပေါင်ရှန်းတောင်တွင် အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူကာ လျှပ်စီးလက်သကဲ့သို့ အလျင်အမြန်ဖြင့် ဖန်ဆန်းကျွန်းကို ပြန်လည်သိမ်းပိုက်ရမည် ဖြစ်သည်။
အချိန်တစ်ခုအထိ ထပ်စောင့်လိုက်လျှင် ပေါင်ရှန်းတောင် အင်အားစု ပြိုကွဲသွားပြီး ပေချန်ကျွန်း၏ စစ်အင်အား အများစုကို ကုန်ခမ်းသွားစေမည့်အပြင် ထိုက်ယန်တောင်ဘက်မှ အစွမ်းထက်သူများလည်း အခြေခံအားဖြင့် အဓိက အရည်အသွေး ၉၀ မှတ်အထိ တက်လှမ်းနိုင်မည် ဖြစ်သည်။
အဓိက အရည်အသွေး ၁၀၀ မှတ်ရှိသော အစွမ်းထက်သူများပင် ပေါ်ထွက်လာနိုင်ချေ ရှိပေသည်။
ထိုအချိန်ကျမှ ရွှီဟောင်ယန်၏ တောင်းဆိုမှုကို လက်ခံပြီး ပေါက်ဆန်းမြို့၏ ရှုပ်ထွေးနေသော ပြဿနာများကို သွားရောက် ရှင်းလင်းပါက အားစိုက်ထုတ်မှု နည်းနည်းဖြင့် အကျိုးသက်ရောက်မှု ပိုမို ရရှိမည်ဖြစ်သည်။
ဟန်ရှန်းမန်က လင်းယွမ်၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "သိပြီ... ကျွန်မ အခုပဲ လူတွေခေါ်ပြီး သွားကူညီလိုက်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စဉ်းစားကာ "ဒီပစ္စည်းကို ခင်ဗျား ယူထားလိုက်... အန္တရာယ်ကြုံလာလို့ လွတ်လမ်းမရှိတဲ့အခါ အသက်ကယ်နိုင်လိမ့်မယ်"
ထို့နောက် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ သုမာရု လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
ဒီကာလအတွင်း သူသည် သုမာရု ဟင်းလင်းပြင် ပင်ကိုယ်အစွမ်းကို အသုံးပြုကာ သုမာရု လက်စွပ် နောက်တစ်သုတ်ကို ထပ်မံ ဖန်တီးခဲ့သည်။
သုမာရု လက်စွပ်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်နိုင်ရုံသာမက သက်ရှိလူများပါ အထဲသို့ ဝင်ရောက်ကာ ဘေးအန္တရာယ်မှ ပုန်းရှောင်နိုင်လေသည်။
အရင်က သူ တွင်းနက်အရိပ်ကျွန်းတွင် ရှိနေစဉ် အရိပ်ကမ္ဘာထဲသို့ စုပ်ယူခံရချိန်က ဤသုမာရု လက်စွပ်ကို အားကိုးကာ အထဲသို့ ဝင်ရောက်ပြီး နဂါးနက်၏ တိုက်ခိုက်မှုမှ ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဟန်ရှန်းမန်နှင့် သူ၏ ဆက်ဆံရေးမှာ သာမန်မဟုတ်သဖြင့် သူမကို တစ်စုံတစ်ရာ ထိခိုက်မည်ကို သူ မလိုလားသည်မှာ သဘာဝပင်။
"ဒါက ဘာလဲ"
ဟန်ရှန်းမန်မှာ ကြောင်သွားပြီး လင်းယွမ်လက်ထဲရှိ လက်စွပ်ကို ကြည့်ကာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
လင်းယွမ်က ရှင်းပြလိုက်သည် "ဒီလက်စွပ်က ကျွန်တော် ကိုယ်တိုင် ဖန်တီးထားတာ... ဟင်းလင်းပြင် အမျိုးအစား သင်္ကေတကျောက်တုံးကို အသုံးပြုထားပြီး ဟင်းလင်းပြင် သင်္ကေတ တစ်ခုကိုလည်း ရိုက်သွင်းထားတယ်"
"စိတ်စွမ်းအင်နဲ့ လက်စွပ်ကို အသက်သွင်းလိုက်ရင် သီးခြား ဟင်းလင်းပြင် တစ်ခုကို ဖွင့်နိုင်လိမ့်မယ်"
"ဒီသီးခြား ဟင်းလင်းပြင်က အကျယ်ကြီးတော့ မဟုတ်ဘူး... ကုဗပေ ရာဂဏန်းလောက်ပဲ ရှိပေမဲ့ အသက်ရှင်နေတဲ့ လူတွေ ဝင်နေလို့ရတယ်"
"တကယ်လို့ အန္တရာယ်နဲ့ ကြုံလာရပြီး တကယ် ဖြေရှင်းလို့ မရတော့ဘူးဆိုရင် သုမာရု လက်စွပ်ထဲကို ဝင်ပုန်းနေလိုက်... မှတ်ထားနော်... အချိန်တိုအတွင်း ပြန်မထွက်လာနဲ့... ကျွန်တော် သတင်းရတာနဲ့ အမြန် လာကယ်မယ်"
ထိုသို့ပြောရင်း သူက သူမ၏ ဖြူဖွေးနေသော လက်ချောင်းလေးများကို လှမ်းဆွဲလိုက်ပြီး သူမ ငြင်းဆန်မည်ကို စိုးရိမ်သဖြင့် လက်စွပ်ကို အတင်းစွပ်ပေးလိုက်သည်။
သို့သော် ဤလုပ်ရပ်မှာ အနည်းငယ် ရုတ်တရက်ဆန်ပြီး အလွန်အမင်း ရင်းနှီးလွန်းနေပုံ ပေါ်သည်။
ဟန်ရှန်းမန်သည် စိတ်နေစိတ်ထား တည်ငြိမ်သူ ဖြစ်သော်လည်း ဤအချိန်တွင်မူ သူမ၏ ရင်ခုန်သံများမှာ သမင်ငယ်လေးတစ်ကောင် ပြေးလွှားနေသကဲ့သို့ မြန်ဆန်လာပြီး ပါးပြင်တစ်ပြင်လုံး နီရဲသွားတော့သည်။
လင်းယွမ်လည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် လက်စွပ်ကို စွပ်ပေးပြီးသည်နှင့် အလျင်အမြန် လက်ကို လွှတ်လိုက်ကာ "မငြင်းပါနဲ့... ခင်ဗျားကို ဘာမှ အဖြစ်မခံနိုင်လို့ပါ" ဟု ပြောလိုက်သည်။
ဟန်ရှန်းမန်က ယဉ်ကျေးစွာ ငြင်းဆန်မည့် စကားများ ထွက်မလာခင်မှာပင် လင်းယွမ်၏ စကားကြောင့် ရပ်တန့်သွားရသည်။
သူမ၏ လက်ညှိုးပေါ်ရှိ လက်စွပ်ကို ကြည့်ရင်း နီမြန်းနေသော မျက်နှာပေါ်တွင် ရှက်သွေးဖြာမှုများ ပေါ်လာသည်။
ထို့နောက် ခေါင်းညိတ်ပြလိုက်ပြီး "ကျေးဇူးပါပဲ"
လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်ရင်း "လမ်းခရီးမှာ သတိထားပါ... ဘေးကင်းကင်း ပြန်လာခဲ့"
"အင်း... ပြန်ရောက်လာရင် ရှင့်ကို ပြန်ပေးမယ်လေ"
လင်းယွမ်က ပြုံးရုံသာ ပြုံးလိုက်ပြီး သိပ်ဂရုမစိုက်ပေ။
သူတို့နှစ်ယောက် ခဏမျှ စကားဆက်ပြောပြီးနောက် လင်းယွမ်က နှုတ်ဆက်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။
ဟန်ရှန်းမန်သည် ကင်းစောင့်မျှော်စင်ပေါ်တွင် ရပ်ရင်း ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြည့်ကာ မျက်လုံးများထဲတွင် နှမြောတသဖြစ်မှုများ ပေါ်လွန်းနေသည်။
သူမက ငုံ့ကြည့်ကာ လက်ချောင်းပေါ်ရှိ သုမာရု လက်စွပ်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များက အလိုအလျောက် လှပစွာ ကွေးညွှတ်သွားသည်။
သူမ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လက်ညှိုးပေါ်ရှိ လက်စွပ်ကို ချွတ်လိုက်ကာ သူမ၏ လက်သူကြွယ်ပေါ်သို့ ပြောင်းစွပ်လိုက်သည်။
ဘာကို တွေးမိသွားမှန်း မသိသော်လည်း သူမ၏ ဖြူဖွေးလှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးများ ဖြာကျလာသည်။
"အို... ဟန်ရှန်းမန်... နင် ဘာတွေ တွေးနေတာလဲ... သူက နင် တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပေးတာ... တခြား ရည်ရွယ်ချက် မရှိပါဘူး"
"လက်ညှိုးမှာ စွပ်ထားတော့ နည်းနည်း ချောင်နေလို့ လက်သူကြွယ်မှာ အနေတော်ဖြစ်သွားတာပါ... တခြား ဘာအတွေးမှမရှိပါဘူး"
သူမက တိုးတိုးလေး ရေရွတ်လိုက်ရင်း သူမကိုယ်သူမ ဆင်ခြေပေးနေသကဲ့သို့ ဖြစ်နေသည်။
ကောင်းကင်မှ နှင်းပွင့်များ အဆက်မပြတ် ကျဆင်းနေသော်လည်း သူမသည် အေးစိမ့်မှုကို မခံစားရဘဲ ရင်ထဲတွင် နွေးထွေးမှုများ ယိုဖိတ်နေတော့သည်။
"မန်နေဂျာ... ရှေ့က ကျိအန်မြို့ပဲ"
အဆုံးအစမရှိသော နှင်းပြင်ကြီးထက်တွင် ဧရာမ သံချပ်ကာ ယာဉ်တန်းကြီးတစ်ခုက နှင်းပြင်ကို ဖြတ်ကျော်ကာ ကျိအန်မြို့သို့ ရောက်ရှိလာသည်။
ကျိအန်မြို့ နယ်နိမိတ်အတွင်း တောင်တန်းများ မနည်းမနော ရှိပြီး လင်ကျောင်းမြို့ထက် များစွာ ပိုများပြားသည်။
သို့သော် ဝူယောင်ပန်း၏ ဤခရီးစဉ် ရည်ရွယ်ချက်မှာ ကျိအန်မြို့ရှိ အခြား တောင်တန်းများဆီသို့ သွားရန် မဟုတ်ဘဲ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် အနီးသို့ တိုက်ရိုက် သွားရောက်ရန် ဖြစ်သည်။
"ဆက်သွားကြ"
ဝူယောင်ပန်းက အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"မန်နေဂျာဝူ... မရလောက်တော့ဘူး... ကျွန်တော်တို့ ရိက္ခာဖြည့်ဖို့ လိုနေပြီ... စွမ်းအင်ယန္တရားရဲ့ စွမ်းအင်ကျောက်တုံးတွေလည်း အများကြီး ကုန်သွားပြီ... အဲဒီအပြင် အစားအသောက်တွေလည်း ထပ်ဖြည့်ဖို့ လိုနေပြီ"
စကားပြောစက်ထဲမှ အရှေ့ဆုံး သံချပ်ကာယာဉ်အတွင်းရှိ ဟူဖေကန်း၏ သတင်းပို့သံ ထွက်ပေါ်လာသည်။
ဝူယောင်ပန်း မျက်မှောင်ကြုတ်သွားပြီး "အနီးအနားမှာ ရိက္ခာဖြည့်လို့ရမယ့် နေရာ ရှိလား" ဟု မေးလိုက်သည်။
"ကျွန်တော်တို့ စုံစမ်းဖို့ အချိန်လိုတယ်... ဒရုန်းတွေတော့ လွှတ်ထားပြီးပြီ"
ဝူယောင်ပန်းက စကားပြောစက်ကို ချလိုက်ပြီး ဘေးနားရှိ လူငယ်တစ်ဦးအား "မြေပုံ ယူခဲ့စမ်း" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့... မန်နေဂျာဝူ"
လူငယ်စစ်သားက မြေပုံတစ်ချပ်ကို အလျင်အမြန် ယူဆောင်လာသည်။
ဝူယောင်ပန်းက လက်ညှိုးထိုးကာ မြေပုံပေါ်တွင် ဆွဲရွှေ့လိုက်ရာ မကြာမီ ကျိအန်မြို့ဘက်သို့ ရောက်ရှိသွားသည်။
သူက အမှတ် (၁၄) ကိုယ်ပွား၏ မှတ်ဉာဏ်များကို အနည်းငယ် ပြန်လည် စဉ်းစားလိုက်ပြီးနောက် သူရောက်ရှိနေသည့် နေရာကို ခန့်မှန်းချက်အရ လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။
"ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် အနီးနား... ကျိအန်မြို့ နယ်နိမိတ်ထဲမှာ... ဖူရုံတောင်ကြားလား"
သူက စကားပြောစက်ကို ကောက်ကိုင်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည် "အမိန့်ပေးလိုက်... အရှေ့တောင်ဘက်ကို ဆက်သွားမယ်... အဲဒီဘက်မှာ ဖူရုံတောင်ကြားလို့ ခေါ်တဲ့ အသက်ရှင်ကျန်ရစ်သူတွေ စုဝေးရာ နေရာတစ်ခု ရှိလောက်တယ်"
"ငါတို့ အဲဒီမှာ သွားပြီး ရိက္ခာဖြည့်ကြမယ်"
"ဟုတ်ကဲ့ပါ... မန်နေဂျာဝူ"
သံချပ်ကာ ယာဉ်တန်းက အလျင်အမြန် ထွက်ခွာသွားပြီး အရှေ့တောင်ဘက်သို့ တစ်လျှောက်လုံး ဦးတည်မောင်းနှင်သွားကြသည်။
နောက်ထပ် တစ်ရက်နှင့်တစ်ည အကြာတွင် အဆုံးအစမရှိသော နှင်းပြင်ကြီးထက်၌ ထိုးထွက်နေသော နှင်းတောင်ကြီးတစ်ခု တကယ်ပင် ပေါ်လာလေသည်။
နှင်းတောင်ကြီးက သိပ်မမြင့်လှဘဲ တောင်ထိပ် သုံးလေးခု ဆက်တန်းနေကာ တောင်နှစ်ခုကြားတွင် တောင်ကြားတစ်ခု ဖြစ်ပေါ်နေပြီး အေးစိမ့်သော လေကြမ်းများကို ထိရောက်စွာ ကာကွယ်ပေးထားသည်။
ဤနေရာမှာ ရေကြီးမှုကြီး မတိုင်မီက နာမည်ကြီးခဲ့သော ဖူရုံတောင်ကြား အပန်းဖြေစခန်းပင် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုအပန်းဖြေစခန်းမှာ ရေမြုပ်သွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ဖူရုံတောင်ကြား တစ်ခုလုံးသည်လည်း တောင်ခါးပန်းအထိ ရေလွှမ်းမိုးခံထားရပြီ ဖြစ်သည်။
သံချပ်ကာ ယာဉ်တန်း ရှေ့သို့ ဆက်တိုက် တိုးလာသည်နှင့်အမျှ မကြာမီပင် ဖူရုံတောင်ကြားရှိ ကင်းစောင့်မျှော်စင်၏ အာရုံစိုက်မှုကို ရရှိသွားသည်။
ကင်းစောင့်မျှော်စင်ပေါ်မှ သတိပေး ဥဩဆွဲသံများ ချက်ချင်း ထွက်ပေါ်လာသည်။
ခဏချင်းမှာပင် ဖူရုံတောင်ကြား တစ်ခုလုံး တုန်လှုပ်သွားကြသည်။
"ဘာဖြစ်တာလဲ"
"ဘာလို့ သတိပေး ဥဩဆွဲနေတာလဲ"
"အပြင်ထွက်ကြည့်ရအောင်"
တောင်ပေါ်ရှိ လူအများအပြား အသီးသီး အိမ်အပြင်သို့ ထွက်လာကြပြီး လေထဲတွင် ပျံသန်းနိုင်သူများကမူ တိုက်ရိုက် ပျံတက်သွားကာ ဖြူဖွေးနေသော တောင်အောက်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ထိုသို့ ကြည့်လိုက်သည်နှင့် လူတိုင်း၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"ကြီးလိုက်တဲ့ ကားကြီးတွေ"
"ဘယ်က ယာဉ်တန်းကြီးလဲ"
"ဒါ သံချပ်ကာယာဉ်တွေလား"
"ဒါ အနည်းဆုံး ပေ ၇၀ ကနေ ၁၀၀ လောက်ကို မြင့်တာနော်... ဒါ ဘယ်လိုလုပ် ကားဖြစ်တော့မလဲ... ရွေ့လျားလို့ရတဲ့ ခံတပ်ကြီးတွေပဲ"
လူအများ၏ အမြင်အာရုံထဲတွင် နှင်းပြင်ကြီးထက်၌ သံချပ်ကာ ယာဉ်တန်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုသံချပ်ကာ ယာဉ်ကိုယ်ထည် တစ်ခုလုံးကို သတ္တုများနှင့် အရိုးခွံများဖြင့် ဂဟေဆော်ထားပြီး တောရိုင်းဆန်ဆန် ရှေးဟောင်းအငွေ့အသက်များနှင့် အနာဂတ်နည်းပညာ ပေါင်းစပ်ထားသော ရောယှက်နေသည့် အလှတရားတို့ဖြင့် ပြည့်နှက်နေသည်။
သံချပ်ကာ ယာဉ်တစ်စီးစီတိုင်းသည် အမြင့် ပေ ၇၀ မှ ၁၀၀ ခန့်နှင့် အလျား ပေ ၁၃၀ မှ ၁၆၀ ခန့်အထိ ရှိလေသည်။
ယာဉ်တန်းတစ်ခုလုံးတွင် ဤကဲ့သို့သော သံချပ်ကာယာဉ် ၈ စီးတိတိ ပါဝင်သည်။
သံချပ်ကာယာဉ်အောက်တွင် ချိန်းကြိုးတပ် လေအုံးယန္တရားများ ပါရှိပြီး ပျော့အိနေသော နှင်းပွင့်များပေါ်တွင် အံ့သြဖွယ်ကောင်းလောက်အောင် တည်ငြိမ်စွာ မောင်းနှင်သွားနိုင်ကြသည်။
ဤလေအုံးယန္တရားများတွင် သင်္ကေတများ လင်းလက်နေသည်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပြီး တစ်ချက်ကြည့်ရုံဖြင့် သင်္ကေတနည်းပညာများ ပေါင်းစပ်ထားကြောင်း သိသာလှကာ ထို့ကြောင့်ပင် ဤမျှ ကြီးမားလှသော ယာဉ်ကိုယ်ထည်ကြီးကို အလွယ်တကူ ထိန်းထားနိုင်ခြင်း ဖြစ်သည်။
သံချပ်ကာယာဉ် ဖြတ်သန်းသွားသော လမ်းတစ်လျှောက်တွင် နက်ရှိုင်းသော ဘီးရာအရာများ ချန်ရစ်ခဲ့သည်။
ထိုနည်းတူစွာပင် ဖူရုံတောင်ကြားရှိ လူအများကို အရင်က မကြုံဖူးသော တုန်လှုပ်ချောက်ချားမှုမျိုးကိုလည်း ပေးစွမ်းနေလေတော့သည်။
ဆက်ရန်...
အပိုင်း(၆၂၀) ဖူရုံတောင်ကြား
ရေကြီးမှုကြီး ဖြစ်ပွားပြီးချိန်မှစ၍ လူသားတို့၏ နည်းပညာများသည် အသုံးမဝင်တော့သကဲ့သို့ ဖြစ်သွားခဲ့ပြီ။
ယဉ်ကျေးမှု လူ့အဖွဲ့အစည်း တစ်ခုလုံးက နောက်ကြောင်းပြန် လှည့်သွားသလိုပင်။
အင်တာနက်လိုင်းများ ပြတ်တောက်သွား၏။ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွား၏။ စက်ကိရိယာ အသုံးအဆောင် အမျိုးမျိုးမှာလည်း ရေလွှမ်းမိုးမှုအောက်တွင် နစ်မြုပ်သွားခဲ့ရသည်။
လူသားများသည် ခေတ်ဦးကျောက်ခေတ်ဆီသို့ ရုတ်တရက် ပြန်လည်ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားပြီး သန္ဓေပြောင်း သားရဲများကို တိုက်ခိုက်ရာတွင် သံမဏိလက်နက်များကိုသာ အားထားနေရတော့သည်။
ယခုကဲ့သို့ ကြီးမားခမ်းနားပြီး ခေတ်မီဆန်းပြားလှသော သံချပ်ကာကားတန်းကြီးကို ရုတ်တရက် မြင်လိုက်ရချိန်တွင် မည်သူက မအံ့သြဘဲ နေမည်နည်း။
ဖူရုံတောင်ကြားဘက်တွင် လင်းမြောင်မြောင်က အလွန်တရာ အံ့အားသင့်နေသော မျက်နှာဖြင့် ဘေးရှိ သူမ၏အဖော်ကို လှည့်ကြည့်ကာ "ဒါ... ဒါက လူတွေရဲ့ နည်းပညာလား" ဟု မေးလိုက်သည်။
"ဒါဆို ဒီကားတန်းကြီးက ဘယ်ကရောက်လာတာလဲ... အပြင်ဘက်က နည်းပညာတွေက ဒီလောက်အထိတောင် တိုးတက်နေပြီလား"
မည်သူကမျှ သူမကို အဖြေမပေးနိုင်ကြပေ။ လက်ရှိ ဖူရုံတောင်ကြားတွင် နာမည်အကြီးဆုံး ဖြစ်သော မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ဖြစ်သူ လင်းမြောင်မြောင်၏ နေရာမှာ ဖူရုံတောင်ကြားတွင် သာမန်မဟုတ်ပေ။
သူမနှင့် အစ်ကိုဖြစ်သူ လင်းကျင်းထောင်တို့က လင်ကျောင်းမြို့ရှိ ထိုက်ယန်တောင် ခိုလှုံရေးစခန်းနှင့် ကုန်သွယ်ရေးလမ်းကြောင်း ဖောက်နိုင်ခဲ့ချိန်မှစ၍ သူတို့ မောင်နှမနှစ်ယောက်မှာ လုံးဝကို အောင်မြင်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
ထိုက်ယန်တောင်ဘက်မှ မျိုးရိုးဗီဇမျိုးစေ့ ဖွဲ့စည်းရာတွင် လိုအပ်သော သွေးအဆီအနှစ်များကို လဲလှယ်ရရှိခဲ့ရုံသာမက မျိုးရိုးဗီဇမျိုးစေ့ကိုပါ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြသည်။
ယခုဆိုလျှင် နှစ်ဖက်စလုံးရှိ ဒေသထွက်ကုန်များကို ရောင်းချခြင်းဖြင့် ဝင်ငွေများစွာ ရရှိနေပြီ ဖြစ်သည်။
သူတို့မောင်နှမနှစ်ယောက်က မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့ ဟု အမည်ရသော တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။
ဤအမည်မှာ သူတို့နှစ်ယောက် သေချာ တိုင်ပင်ဆွေးနွေးပြီးမှ အတည်ပြုထားခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယခင်က ဓားမြီး ပင်လယ်မြွေကို တွေ့ရှိပြီးနောက် လင်းယွမ်နှင့် အမှတ်မထင် ဆုံတွေ့ခဲ့ရချိန်မှစ၍ သူတို့က ရှင်သန်ရန် မျှော်လင့်ချက်ရောင်ခြည်ကို အမှန်တကယ် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
ယခင်က သူတို့မောင်နှမနှစ်ယောက်သည် ဖူရုံတောင်ကြားတွင် ဆက်လက် ရှင်သန်ရန် အလွန် ခက်ခဲနေခဲ့သည်။ မျိုးရိုးဗီဇမျိုးစေ့ အဆင့်တက်ရန် နည်းလမ်းကို အချိန်ကြာမြင့်စွာ ရှာမတွေ့ခဲ့သည့်အပြင် ဖူရုံတောင်ကြားအတွင်း၌လည်း လူအချို့နှင့် ပြဿနာတက်ခဲ့သေးသည်။
အမှန်တော့ မျိုးရိုးဗီဇမျိုးစေ့ သက်ရှိများ၏ သွေးအဆီအနှစ်ကို ထွက်ရှာခြင်းသည် အလွန်တရာ မျှော်လင့်ချက် နည်းပါးလှသော ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် လင်းယွမ်နှင့် တွေ့ဆုံပြီးနောက်တွင်ကား သွေးအဆီအနှစ်များကို ရရှိခဲ့ရုံသာမက လီချင်းဟွာနှင့်ပါ ရင်းနှီးကျွမ်းဝင်ခွင့် ရခဲ့သည်။
ထိုအချိန်မှစ၍ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် အပြင် ထိုက်ယန်တောင်နှင့်ပါ အဆက်အသွယ် ရသွားခဲ့ခြင်း ဖြစ်သည်။
အချိန်အတိုင်းအတာ တစ်ခုတိုင်းတွင် သူတို့က ထိုက်ယန်တောင်သို့ သွားရောက်ကာ ကျိအန်မြို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပေးပို့လေ့ရှိပြီး အသွားအပြန် ခရီးစဉ်များတွင် တစ်ဖက်နှင့်တစ်ဖက် မရှိသေးသော ပစ္စည်းများကို သယ်ဆောင်ကာ အရောင်းအဝယ် ပြုလုပ်လေ့ရှိကြသည်။
အသွားအပြန် လုပ်ရင်းဖြင့် သူတို့၏ စီးပွားရေးမှာ တစ်နေ့တခြား ပိုမို ကောင်းမွန်လာခဲ့ပြီး ယခင်က ရန်သူများကိုလည်း ရှင်းလင်းနိုင်ခဲ့သည်။ ဤအရာအားလုံးက သူတို့ကို ဆက်လက် ရှင်သန်ရန် မျှော်လင့်ချက်များ မြင်တွေ့လာစေခဲ့သည်။
ထို့ကြောင့် မောင်နှမနှစ်ယောက်က ဤမျှော်လင့်ချက် ကြေးစားတပ်ဖွဲ့ကို ဖွဲ့စည်းကာ ဖူရုံတောင်ကြားတွင် အခြေချပြီး လင်းယွမ်အတွက် သတင်းအချက်အလက်များ စုံစမ်းပေးနေခြင်း ဖြစ်သည်။
မသိမသာဖြင့် မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့သည်လည်း ဖူရုံတောင်ကြားအတွင်း ဩဇာအာဏာ ကြီးမားသော တပ်ဖွဲ့တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"ငါ့အစ်ကိုကို မြန်မြန် သွားခေါ်" လင်းမြောင်မြောင်က ဤတပ်ဖွဲ့၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း ရိပ်မိသွားသဖြင့် အစ်ကိုဖြစ်သူ လင်းကျင်းထောင်ကို သွားခေါ်ရန် လူလွှတ်လိုက်သည်။
မကြာမီတွင် လင်းကျင်းထောင် ပြေးထွက်လာသည်။ သူက ထိုက်ယန်တောင်မှ ပြန်လည် သယ်ဆောင်လာသော ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း သားရဲ၏ သွေးအဆီအနှစ်ကို ယခုလေးတင် ချေဖျက် စုပ်ယူပြီးခဲ့ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှာ ၈၅ မှတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ ဖူရုံတောင်ကြားရှိ ကြေးစားတပ်ဖွဲ့များစွာထဲတွင် ၈၅ မှတ်ရှိသော အဓိက အရည်အသွေးသည် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်နေပြီ ဖြစ်၏။
"အစ်ကို... ဒီကို မြန်မြန် လာကြည့်ပါဦး"
လင်းကျင်းထောင်က နှင်းပြင်ပေါ်ရှိ ကားတန်းကြီးကို ကြည့်လိုက်ရာ အလွန်တရာ အံ့အားသင့် မျက်နှာပျက်သွားရသည်။
"ဒီလို သံချပ်ကာ ကားတန်းကြီးက ဘယ်လိုလုပ် ရှိနေရတာလဲ"
လူအားလုံး အံ့အားသင့်နေကြစဉ် ဖူရုံတောင်ကြား အသက်ရှင်ကျန်ရစ်သူများ ခိုလှုံရေးစခန်း အနက်ရှိုင်းဆုံး နေရာမှ လူရိပ်အချို့ ပျံသန်းထွက်ပေါ်လာသည်။
လင်းကျင်းထောင်က မော့ကြည့်လိုက်ရာ စုစုပေါင်း လူလေးယောက် ပျံသန်းထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
အလယ်တွင်ရှိသူမှာ အရပ် ၆ ပေ ၂ လက်မခန့်ရှိပြီး ဝါးလုံးတစ်လုံးကဲ့သို့ ပိန်ပိန်ရှည်ရှည်နှင့် ရပ်နေသော အမျိုးသားတစ်ဦး ဖြစ်သည်။
"တောင်ကြားသခင်မာ"
လင်းကျင်းထောင်က လာသူကို ချက်ချင်း မှတ်မိသွားသည်။ ဤသူမှာ ဖူရုံတောင်ကြား၏ ခေါင်းဆောင် မာကောင်းရွှမ်ပင် ဖြစ်သည်။
ဤပုဂ္ဂိုလ်သည် တွင်းနက်အရိပ်ကျွန်း တိုက်ပွဲမှ ပြန်ရောက်လာပြီးနောက် တစ်စုံတစ်ခု၏ လှုံ့ဆော်မှုကို ခံလိုက်ရသကဲ့သို့ အချိန်လုကာ လေ့ကျင့်နေခဲ့ပြီး အပြင်ထွက်လေ့ သိပ်မရှိတော့ပေ။ လင်းကျင်းထောင်ပင် သူ့ကို မမြင်ရသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။
ယခု ဤသံချပ်ကာ ကားတန်းကြီး ထွက်ပေါ်လာမှုက သူ့ကို တိုက်ရိုက် ဆွဲထုတ်နိုင်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
တွင်းနက်အရိပ်ကျွန်း တိုက်ပွဲတွင် ဤတောင်ကြားသခင် မာကောင်းရွှမ်သည် လင်းယွမ်၏ လက်အောက်၌ အကြီးအကျယ် အရှုံးပေါ်ခဲ့ရသည်ကို လင်းကျင်းထောင်က မသိပေ။ အကျိုးအမြတ် တစ်စုံတစ်ရာ မရခဲ့သည့်အပြင် မိမိကိုယ်ကို ကယ်တင်ရန်အတွက် လုံလောက်သော အရင်းအမြစ်များကိုပါ မဖြစ်မနေ ပေးအပ်ခဲ့ရသေးသည်။
ဩဇာအာဏာ ကြီးမားသော ခေါင်းဆောင်တစ်ဦး ဖြစ်နေပြီဖြစ်သည့် မာကောင်းရွှမ်အတွက်မူ ဤအရာသည် အလွန်တရာ ကြီးမားလှသော အရှက်ကွဲမှုကြီးပင် ဖြစ်သည်။
ပြန်ရောက်လာပြီးနောက် အသက်ကယ်ကြေး အရင်းအမြစ်များကို လူလွှတ်၍ ပို့ဆောင်စေခဲ့ပြီး မိမိ၏ စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ရန်အတွက် စိတ်နှစ်ကာ လေ့ကျင့်နေခဲ့သည်။ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ချိန်တွင် လင်းယွမ်ကို အနိုင်ယူနိုင်ရန် သူ မျှော်လင့်ထားသည်။
"အစ်ကို... တောင်ကြားသခင်မာ တစ်ယောက်တည်း မဟုတ်ဘူး... တပ်ဖွဲ့ကြီး သုံးခုရဲ့ ခေါင်းဆောင်တွေပါ ရောက်လာကြပြီ" လင်းမြောင်မြောင်က လေသံတိုးတိုးဖြင့် အလျင်အမြန် သတိပေးလိုက်သည်။
မာကောင်းရွှမ်၏ ဘေးရှိ လူသုံးယောက်ကိုလည်း လင်းကျင်းထောင်က ကောင်းကောင်း မှတ်မိနေသည်။
မာကောင်းရွှမ်၏ ဘယ်ဘက်မှ သန်မာတောင့်တင်းသော လူငယ်မှာ သားရေဂျာကင်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များက ပခုံးပေါ်အထိ ကျနေသည်။ ဤသူမှာ ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင် ကျန်းဟိုင်ယန် ဖြစ်သည်။
ကျန်းဟိုင်ယန်၏ ဘေးတွင် အသက် သုံးဆယ်ဝန်းကျင်ရှိ ရှန်ယန်းဟု ခေါ်သော အမျိုးသမီးတစ်ဦး ရှိသည်။ သူမက အုပ်ချုပ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ဖူရုံတောင်ကြား၏ အုပ်ချုပ်ရေး ကိစ္စရပ်များကို တာဝန်ယူ ကိုင်တွယ်ရသော ပါးနပ်သည့် မိန်းမတစ်ဦး ဖြစ်၏။
ကောလာဟလများအရ ဤအမျိုးသမီးနှင့် မာကောင်းရွှမ်တို့၏ ဆက်ဆံရေးက သာမန်မဟုတ်ဟု ဆိုကြသည်။
မာကောင်းရွှမ်၏ ညာဘက်တွင်မူ အသက် ငါးဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦး ရှိပြီး မေကျင်းရွှမ်ဟု ခေါ်သည်။ သူက ဖူရုံတောင်ကြား အရင်းအမြစ်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး တောင်ကြားအတွင်းရှိ အရင်းအမြစ်များ ခွဲဝေမှုများကို တာဝန်ယူရသူ ဖြစ်သည်။
ဤလူသုံးယောက်သည် မာကောင်းရွှမ်၏ ညာလက်ရုံး၊ ဘယ်လက်ရုံးများ ဖြစ်ပြီး အဓိက အမာခံအဖွဲ့ဝင်များပင် ဖြစ်သည်။
ယခု သူတို့လေးယောက်စလုံး အတူတကွ ထွက်ပေါ်လာခြင်းကို ကြည့်ခြင်းအားဖြင့် ဤသံချပ်ကာ ကားတန်းကြီးအပေါ် မည်မျှ အလေးထားကြောင်း သိသာနိုင်ပေသည်။
"တောင်ကြားသခင်နဲ့ တပ်ဖွဲ့ခေါင်းဆောင် သုံးယောက်စလုံး ထွက်လာကြပြီ... တိုက်ပွဲများ ဖြစ်ကြမလား မသိဘူး" လင်းမြောင်မြောင်က မနေနိုင်ဘဲ ပြောလိုက်သည်။
"ဒီသံချပ်ကာ ကားတန်းကြီးက ကြည့်ရုံနဲ့တင် သာမန်မဟုတ်မှန်း သိသာတယ်... ဒီလိုအဆင့်ရှိတဲ့ သံချပ်ကာကားဆိုတာ နည်းပညာ ရှိရုံနဲ့တင် တည်ဆောက်နိုင်တာ မဟုတ်ဘူး... သန္ဓေပြောင်းအစွမ်း သင်္ကေတတွေလို ဗဟုသုတတွေကိုလည်း အများကြီး နားလည်ထားဖို့ လိုအပ်မှာပဲ"
"ဒီသံချပ်ကာ ကားတန်းကြီးရဲ့ နောက်ကွယ်မှာ အလွန် အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေလောက်တယ်"
"တောင်ကြားသခင်မာ ကတော့ လွယ်လွယ်နဲ့ စစ်တိုက်မှာ မဟုတ်ဘူး ထင်တယ်" လင်းကျင်းထောင်က လျင်မြန်စွာ သုံးသပ်ပြလိုက်သည်။
"အစ်ကို... ထိုက်ယန်တောင်ကရော ဒီလို ဧရာမ သံချပ်ကာ ကားတန်းကြီးကို တည်ဆောက်နိုင်မယ်လို့ ထင်လား"
"ဒါက... ဖြစ်နိုင်လောက်ပါတယ်... ထိုက်ယန်တောင်က အခု စစ်တပ်နဲ့ ပူးပေါင်းနေပြီဆိုတော့ သူတို့ရဲ့ သုတေသနနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်ကလည်း အလျင်အမြန် တိုးတက်နေမှာ... ပစ္စည်းတွေနဲ့ အရင်းအမြစ်တွေကလည်း မလိုအပ်တော့ဘူးလေ... သူတို့ အခု အလိုအပ်ဆုံးက အချိန်ပဲ ဖြစ်လိမ့်မယ်"
လင်းယွမ်က ကွမ်ဖူကို သိမ်းပိုက်ပေါင်းစည်းခဲ့သည့် အချိန်မှာ အလွန်တိုတောင်းလွန်းသေးပြီး စစ်တပ်နှင့် ပူးပေါင်းသည့် အချိန်ကလည်း အလွန် တိုတောင်းလွန်းသေးကြောင်း လင်းကျင်းထောင် သိထားသည်။
ထိုက်ယန်တောင်တွင် ယခုအခါ အရင်းအမြစ်များ လုံလောက်စွာ ရှိသော်လည်း သူတို့၏ ဖွံ့ဖြိုးတိုးတက်မှု အချိန်မှာ တိုတောင်းလွန်းနေသည်။ အခြေခံ အုတ်မြစ်မှာလည်း အနည်းငယ် အားနည်းနေသေးပြီး ဤရရှိထားသော အရာများကို အပြည့်အဝ အသုံးမချနိုင်သေးပေ။
သို့သော် ထိုက်ယန်တောင်ကိုဖြစ်စေ၊ ထို ဆရာလင်းကိုဖြစ်စေ လုံလောက်သော အချိန်တစ်ခုသာ ပေးလိုက်ပါက ထိုက်ယန်တောင်သည် ဧရာမ အင်အားစုကြီး တစ်ခု သေချာပေါက် ဖြစ်လာမည်ဟု လင်းကျင်းထောင် ယုံကြည်ထားသည်။
ဤသည်မှာလည်း သူက ထိုက်ယန်တောင်ဆိုသည့် အင်အားစုကြီးကို အသေအလဲ တွယ်ဖက်ထားလိုသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။
"ဒီသံချပ်ကာ ကားတန်းကြီးက သာမန်မဟုတ်ဘူး... ငါတို့လူတွေကို စောင့်ကြည့်ခိုင်းထား... အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရမလားလို့ စုံစမ်းခိုင်းပြီး အချိန်ကျရင် ထိုက်ယန်တောင်ကို ပို့လိုက်မယ်" လင်းကျင်းထောင်က ပြောလိုက်သည်။
လင်းမြောင်မြောင်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "အင်း... ညီမ နားလည်ပါတယ်"
ထိုအချိန်တွင် ဥသြဆွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ထိုသံချပ်ကာ ကားတန်းကြီးမှာ တဖြည်းဖြည်း ရပ်တန့်သွားသည်။
ရှေ့ဆုံးမှ သံချပ်ကာကား၏ ညာဘက်တံခါး ပွင့်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် တိုက်ပွဲဝင်ဝတ်စုံများကို ဝတ်ဆင်ကာ လက်နက်များ ကိုင်ဆောင်ထားပြီး ကျောဘက်တွင် ဓား၊ လှံ စသည့် လက်နက်များကို လွယ်ထားသော လူဆယ်ဂဏန်းခန့် ကားပေါ်မှ ဆင်းလာကြသည်။
ထိုလူများ၏ လှုပ်ရှားမှုများမှာ စနစ်တကျ ရှိလှပြီး မျက်နှာတွင် မျက်နှာဖုံးများ တပ်ဆင်ထားကာ မျက်လုံးများက အေးစက်တည်ကြည်နေကြသည်။
အရှေ့ဆုံးမှ တိုက်ပွဲဝင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဖူရုံတောင်ကြားဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ "ဖူရုံတောင်ကြားက ဘယ်သူများ တောင်ကြားသခင်လဲ... ကျွန်တော်တို့က မုန်ယာကုမ္ပဏီ တိုက်ခိုက်ရေးဌာနက သံချပ်ကာတပ်ဖွဲ့ပါ... ကျွန်တော်တို့မှာ ရန်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး"
သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပထမဆုံး သံချပ်ကာကားပေါ်တွင် အသံချဲ့စက် ပါရှိနေသည့်အလား သူ၏အသံကို အဆပေါင်းများစွာ ကျယ်လောင်သွားစေပြီး အရှေ့ဘက်ရှိ ဖူရုံတောင်ကြားအတွင်းသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားစေသည်။
မာကောင်းရွှမ်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး "မုန်ယာကုမ္ပဏီ ဟုတ်လား... ရှန်ယန်း... ဦးလေးမေ... ခင်ဗျားတို့ ဒီကုမ္ပဏီအကြောင်း ကြားဖူးလား"
ရှန်ယန်းကလည်း မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး "မုန်ယာကုမ္ပဏီ ဟုတ်လား... မကြားဖူးပါဘူး... ဦးလေးမေရော ကြားဖူးလား"
မေကျင်းရွှမ်က ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ "ကပ်ဘေးမတိုင်ခင်က ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းထဲမှာတော့ ဒီကုမ္ပဏီကို မကြားဖူးသလိုပဲ"
"ဒီထက်သေးတဲ့ ကုမ္ပဏီတွေကိုတော့ ကျွန်တော်လည်း မသိဘူးဗျ"
ဘေးနားရှိ ကျန်းဟိုင်ယန်က လေးနက်သော လေသံဖြင့် "ကပ်ဘေးမတိုင်ခင်က ကုမ္ပဏီတော့ မဟုတ်လောက်ဘူး... ကပ်ဘေးဖြစ်ပြီးမှ တည်ထောင်ထားတာလည်း ဖြစ်နိုင်တယ်"
"သူတို့က မြောက်ပိုင်းက လာတယ်လို့ ပြောတယ်... အတိအကျ ဘယ်နေရာကို ပြောတာလဲတော့ မသိဘူး"
မာကောင်းရွှမ်က တည်ကြည်သော လေသံဖြင့် "မြောက်ပိုင်းက မြေမျက်နှာသွင်ပြင်က ငါတို့ဒီဘက်ထက် မြင့်တယ်လေ... ငါတို့ဒီမှာ ရေမြုပ်နေတဲ့အချိန် မြောက်ပိုင်းက ရေမမြုပ်သေးတာလည်း ဖြစ်နိုင်တာပဲ"
"သူတို့မှာ ရေဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ လုံလောက်တဲ့ အချိန်ရှိခဲ့တယ်... စောစောစီးစီးပဲ ထိရောက်တဲ့ ကာကွယ်မှုတွေ လုပ်ပြီး ခိုလှုံရေးစခန်း တည်ဆောက်ထားတာလည်း ဖြစ်နိုင်တယ်"
"ဒီလို သံချပ်ကာ ကားတန်းကြီး ရှိနေတာက မျှော်လင့်ထားတာထက် ပိုနေပေမဲ့ ဖြစ်နိုင်ချေတော့ ရှိပါတယ်"
ကျန်သုံးယောက်ကလည်း ခေါင်းကို အနည်းငယ် ညိတ်လိုက်ကြပြီး ထိုအချက်ကို သဘောတူ လက်ခံလိုက်ကြသည်။
အမှန်တကယ်လည်း မြေမျက်နှာသွင်ပြင် မြင့်မားသော နေရာများတွင် ပြင်ဆင်ချိန် ပိုမို ရရှိနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။
အချိန်ရရှိမည် ဆိုပါက လူသားတို့၏ နည်းပညာ အဆင့်အတန်းဖြင့်ဆိုလျှင် အလျင်အမြန်ပင် တုံ့ပြန် ဖြေရှင်းနိုင်စွမ်း ရှိပေလိမ့်မည်။
"ကျွန်တော် သွားစကားပြောလိုက်မယ်" မေကျင်းရွှမ်က ပြောလိုက်သည်။
မာကောင်းရွှမ်က "အတူတူ သွားကြတာပေါ့... တစ်ခုခု ဖြစ်လာရင်တောင် အကူအညီ ရနိုင်တာပေါ့"
တွင်းနက်အရိပ်ကျွန်းတွင် သူ အရှုံးပေါ်ခဲ့ဖူးသဖြင့် တစ်ယောက်တည်း တိုက်ခိုက်ခြင်းက အလွန် အန္တရာယ်များကြောင်း ကောင်းကောင်း သိထားသည်။
အဘယ်ကြောင့်ဆိုသော် မည်သည့် အစွမ်းပိုင်ရှင် မဆို သိသာထင်ရှားသော အားနည်းချက် ကိုယ်စီ ရှိတတ်ကြသောကြောင့် ဖြစ်သည်။
သူက သူ၏ ကျည်ဆန်အချိန် အစွမ်းသည် အလွန် အစွမ်းထက်ပြီး အန္တရာယ် အများစုကို ရင်ဆိုင်နိုင်မည်ဟု ယခင်က ထင်မှတ်ထားခဲ့သည်။
သို့သော် ထိုတွင်းနက်အရိပ်ကျွန်း တိုက်ပွဲတွင် သူ အမှန်တကယ်ပင် အရိပ်ကမ္ဘာထဲ၌ သေလုမတတ် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ထိုအချိန်မှစ၍ သူသည် တစ်ယောက်တည်း စွန့်စားခြင်းမျိုး ခဲယဉ်းသွားခဲ့သည်။
"တောင်ကြားသခင် ပြောတာ မှန်တယ်... ကျွန်တော်တို့ လေးယောက် အတူတူ သွားကြတာပေါ့... တစ်ဖက်လူတွေမှာ မကောင်းတဲ့ အကြံအစည် ရှိနေရင်တောင် ရင်ဆိုင်နိုင်မှာပါ" ကျန်းဟိုင်ယန်က တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
လေးယောက်သား ချက်ချင်း ခေါင်းညိတ်လိုက်ကြပြီး သံချပ်ကာ ကားတန်းကြီးဆီသို့ အတူတကွ ပျံသန်းသွားကြသည်။
"ခေါင်းဆောင်ဟူ... လူတွေ လာနေပြီ"
သံချပ်ကာကား ရှေ့တွင် ရှောင်ချင်က ဟူဖေကန်းကို အလျင်အမြန် ပြောလိုက်သည်။
ဟူဖေကန်းက ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး ပျံသန်းလာသော လူလေးယောက်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "သတိထားကြ"
ရှောင်ချင်က ခေါင်းညိတ်လိုက်သည်။ "နားလည်ပြီ"
သူက အနောက်ဘက်ရှိ တိုက်ခိုက်ရေး တပ်ဖွဲ့ကို တိတ်တဆိတ် လက်ဟန်ပြလိုက်သည်။
အားလုံးက နားလည်မှု ရှိစွာဖြင့် လက်ထဲရှိ သေနတ်များကို ဆုပ်ကိုင်လိုက်ကြသည်။
ပေ ၁၆၀ ခန့် အကွာအဝေးသို့ ရောက်သောအခါ မာကောင်းရွှမ်တို့ လေးယောက် ရပ်တန့်လိုက်ကြသည်။
မာကောင်းရွှမ်က ရှေ့သို့ ထွက်လာပြီး "ကျွန်တော်က ဖူရုံတောင်ကြားရဲ့ တောင်ကြားသခင် မာကောင်းရွှမ်ပါ... ခင်ဗျားတို့ ဘာကိစ္စများ ရှိလို့လဲ" ဟု မေးလိုက်သည်။
ဟူဖေကန်းက ခမောက်ကို တစ်ချက် နှိပ်လိုက်ရာ မျက်နှာဖုံးက အလိုအလျောက် ဘေးနှစ်ဖက်သို့ ပွင့်သွားပြီး လူလတ်ပိုင်းအရွယ် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
သူသည် အသက် လေးဆယ် မပြည့်တပြည့်ခန့် ဖြစ်ပြီး မုတ်ဆိတ်မွေး တိုတိုလေးများ ထားရှိကာ မျက်လုံးများက ပါးနပ်လှသည်။
"တောင်ကြားသခင်မာ... မင်္ဂလာပါ... ကျွန်တော်တို့က မုန်ယာကုမ္ပဏီ တိုက်ခိုက်ရေးဌာနက သံချပ်ကာတပ်ဖွဲ့ပါ... ကျွန်တော့်နာမည်က ဟူဖေကန်းလို့ ခေါ်ပါတယ်... ဒီသံချပ်ကာတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့... ဒီနေရာကို ဖြတ်သွားရင်းနဲ့ ရိက္ခာတွေ တော်တော်လေး ကုန်သွားလို့... ခင်ဗျားတို့ဆီမှာ အရောင်းအဝယ် နည်းနည်းလုပ်ပြီး ရိက္ခာ ဖြည့်တင်းချင်လို့ပါ"
သူက အပြုံးမျက်နှာဖြင့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သော်လည်း ရုတ်တရက် အနီးသို့ ကပ်မလာခဲ့ပေ။
မာကောင်းရွှမ်၏ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်သည်။ "သြော်... ခေါင်းဆောင်ဟူကိုး... မင်္ဂလာပါဗျာ... ကျွန်တော်တို့ ဖူရုံတောင်ကြားက တကယ်တော့ သိပ်မကြီးပါဘူး... ရိက္ခာပိုင်းမှာလည်း ကျွန်တော်တို့ကိုယ်တိုင်တောင် အနိုင်နိုင် ရပ်တည်နေရတာဆိုတော့... အရောင်းအဝယ် လုပ်ဖို့အတွက် ပိုလျှံတဲ့ ရိက္ခာတော့ မရှိလောက်ဘူး ထင်တယ်"
ဟူဖေကန်းက ပြုံးလျက် "တောင်ကြားသခင်မာ... ခင်ဗျား ချက်ချင်းကြီး မငြင်းပါနဲ့ဦး... ကျွန်တော်တို့ မုန်ယာကုမ္ပဏီက စည်းကမ်းမဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး... သူများတွေကိုလည်း အရောင်းအဝယ်လုပ်ဖို့ အတင်းအကျပ် မဖိအားပေးပါဘူး"
"ဒီလိုလုပ်ပါ... ကျွန်တော်တို့ အရောင်းအဝယ် လုပ်ပေးနိုင်တဲ့ ရိက္ခာစာရင်းကို အရင် ပြပေးမယ်... ခင်ဗျားတို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိ၊ မရှိ ကြည့်ကြည့်လိုက်ပါဦး... တကယ်လို့ ဘာမှမရှိဘူး ဆိုရင်လည်း ကျွန်တော်တို့ တခြားနေရာမှာပဲ ရိက္ခာ သွားရှာလိုက်ပါ့မယ်"
ထိုသို့ပြောရင်း သူက တက်ဘလက် တစ်လုံးကို ထုတ်ယူကာ လက်လှမ်း၍ ညင်သာစွာ ပစ်ပေးလိုက်သည်။
မာကောင်းရွှမ်၏ ဘေးရှိ ကျန်းဟိုင်ယန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စိတ်စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာပြီး တက်ဘလက်ကို ချက်ချင်း ဖမ်းယူလိုက်သည်။
ကျန်းဟိုင်ယန်၏ စိတ်စွမ်းအင် အားကောင်းမှုကို ရိပ်မိသွားသဖြင့် ဟူဖေကန်း၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ပြုံးကာ ပြောလိုက်သည်။ "တော်တော် ကောင်းတဲ့ စိတ်စွမ်းအင် ထိန်းချုပ်မှုပဲ... ဒီလူကြီးမင်းက အဓိက အရည်အသွေး ရာကျော်နေလောက်ပြီ... ဘယ်လိုများ ခေါ်ရမလဲဗျ"
ကျန်းဟိုင်ယန်က ခပ်အေးအေး လေသံဖြင့် "ကျန်းဟိုင်ယန်... ဖူရုံတောင်ကြား ကင်းလှည့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပါ" ဟု ပြန်ဖြေလိုက်သည်။
သူ စကားပြောနေရင်း တစ်ဖက်မှ တက်ဘလက်ကို ဖွင့်လိုက်ရာ အပေါ်တွင် စာရင်းတစ်ခု ပေါ်လာသည်။
သူက လက်ဖြင့် အသာအယာ ပွတ်ဆွဲကြည့်လိုက်ပြီးနောက် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေတော့သည်။
ဆက်ရန်...
နောက်တစ်အုပ်မှာတော့.... မုန်ယာကုမ္ပဏီဆိုတာ ဘယ်လောက်တောင် အစွမ်းထက်ပြီး အင်အားကြီးလဲ၊ ဘယ်လိုတီထွင်မှုတွေရှိနေလဲ၊ ကိုယ်ပွားတွေစိတ်ကြိုက်ဖန်တီးနိုင်တဲ့ ဝူယောင်ပန်းက မုန်ယာကုမ္ပဏီနဲ့ဘယ်လိုပတ်သတ်လဲ၊ သူ့လိုအစွမ်းထက်တဲ့သူကဘာလို့ မုန်ယာကုမ္ပဏီသူဌေးကို အရမ်းကြောက်နေရတာလဲ၊ ချိုးငှက်စစ်တပ်က ဘာလို့လင်းယွမ်ကို ခဏခဏအကူအညီလာတောင်းနေတာလဲ၊ ကောင်းကင်ချောက်နက်ပွင့်သွားပြီလား၊ ကောင်းကင်အထက်က မိုးကြိုးတိမ်တွေရဲ့အပေါ်မှာ ဘယ်လိုကမ္ဘာတစ်ခုရှိနေလဲ၊ စိတ်ဝိဉာဉ်ကိုခွဲထုတ်ပြီး အဲ့ဒီမိုးကြိုးတိမ်တွေကိုကျော်ဖြတ်ထောက်လှမ်းနိုင်တယ်ဆိုတဲ့လူနဲ့ရော လင်းယွမ်ဘယ်လိုအပေးအယူလုပ်မှာလဲ၊ စစ်တပ်နဲ့ရော တိုက်ပွဲထပ်ဖြစ်ဦးမှာလား... စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုအားပေးကြပါဦးနော်။