ဂိုဏ်းတူအစ်မမှော်ရုံနယ်မြေကထွက်သွားပြီ
Vol. 22 Ch. 302
အခန်း (၃၀၂) ဂိုဏ်းတူအစ်မမှော်ရုံနယ်မြေကထွက်သွားပြီ
လုန်ယွိ အလျှင်အမြန် ပြေးလာနေလေသည်။
အဝေးဆီတွင် ဝိညာဉ်မိစ္ဆာငရဲဘုံသို့ ခုန်ချတော့မည့် သူမအရင်းနှီးဆုံး ကျန်းလန်၏ ပုံရိပ်ကို တွေ့မြင်နေရသည်။
ကျန်းလန်က ဝိညာဉ်မိစ္ဆာငရဲဘုံအတွင်းသို့ ခုန်ချမည်တဲ့လား။
လုန်ယွိ အံ့သြမှင်တက်သွားမိလေသည်။
ထို့နောက် သူမ ရှိသမျှတန်ခိုးစွမ်းအား အကုန်လုံးကို အသုံးပြုကာ ကျန်းလန် ခုန်ချသည့်နေရာသို့ ဦးတည်သွားလိုက်သည်။
သူမ ဘာကိုမှ အရေးမစိုက်သလို စဉ်းစားခြင်းလည်း မပြုတော့ဘဲ ကျန်းလန်ခုန်ချသွားရာသို့ လက်လံခုန်ချသွားလေသည်။
ချောက်နက်အတွင်းသို့ ခုန်ချသွားသည့် ကျန်းလန်ကို ဖမ်းဆုပ်လိုက်ချင်သည့် ဆန္ဒတစ်ခုတည်းသာလျှင် သူမတွင် ရှိတော့သည်။
လင်စီးယာမှာလည်း များစွာ အံ့အားသင့်သွားလေသည်။
"ဂိုဏ်းတူအစ်မ ၊ ဘာလုပ်လိုက်တာလဲ"
သူမ နောက်မှ ချက်ချင်းလိုက်သွားသည့်တိုင် လုန်ယွိကို မတားဆီးနိုင်ခဲ့ပေ။
***
ကျန်းလန်မှာ ရှေ့ဆက်လုပ်ရညမ့်အလုပ်များကို အစီအစဉ်ရေးဆွဲပြီး ဖြစ်သော်လည်း သူ့နောက်သို့လိုက်ပါ ခုန်ချလာသည့် ပုံရိပ်လေးကို တွေ့မြင်ရသည့်အခါ အလွန်အံ့အားသင့်သွားရသည်။
အစပိုင်းတွင် သူ့ထံမှ မှော်ဝင်ပစ္စည်းလိုချင်သူများထဲမှတစ်ယောက် သူ့နောက်လိုက်လာသည်ဟု ထင်ခဲ့မိသည်။
ငှက်များက အစာအတွက်အသေခံကြသလို လူသားများကလည်း စည်းစိမ်အတွက် အသေခံဝံ့ကြသည် မဟုတ်လား။
သို့သော် တကယ်တမ်း သူ့နောက်လိုက်လာသူ မည်သူဖြစ်ကြောင်း သိလိုက်သည့်အခါ ကျန်းလန် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
သူ့အရင်းနှီးဆုံး မျက်နှာလေးကို ကျန်းလန် တွေ့လိုက်ရလေသည်။
ထိုမျက်နှာလေးက အေးစက်နေသည့်တိုင် သူမမျက်ဝန်းများတွင်တော့ စိုးရိမ်ပူပန်သည့် အရိပ်အယောင်လေးများ ထင်ဟပ်လေ့ရှိသည်။
လုန်ယွိ ကျန်းလန်နှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။
"ဂိုဏ်းတူအစ်မ"
ကျန်းလန် ရေရွတ်လိုက်သည်။
သူမ သူ့နောက်သို့လိုက်ပါ ခုန်ချလာခြင်းက သူ့အစီအစဉ်များကို ပျက်စီးသွားစေသည်။
သို့သော်…
ထူးဆန်းစွာပင် သူ ပျော်ရွှင်နေမိလေသည်။ ပြီးတော့ သူ့ရင်ထဲတွင်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လျှက် ရှိသည်။
တကယ့်ကို မယုံကြည်နိုင်စရာကောင်းလှပြီး လုန်ယွိ သူ့ထံသို့ တဖြည်းဖြည်းကျရောက်လာသည်ကို ကျန်းလန် ကြည့်နေခဲ့သည်။
လုန်ယွိက ကျန်းလန်ရှိရာသို့ အမြန်ဆုံးရောက်ရှိနိုင်ရန်အတွက် အဖြူရောင်နဂါးအသွင် ပြောင်းလဲလိုက်သည်။
ကျန်းလန်က ချောက်နက်ထဲသို့ နက်ရှိုင်းစွာ ကျရောက်နေပြီး လုန်ယွိက သူ့နောက်သို့ လျှင်မြန်စွာ လိုက်ပါလာသည်။
လုန်ယွိက နှင်းပွင့်အလား ဖြူစင်သည့် နဂါးတစ်ကောင်ဖြစ်ပြီး သူမရင်ဘတ်ကတော့ ရှောင်ယွိကဲ့သို့ပင် ပြားချပ်ချပ်နှင့် ဖြစ်လေသည်။
သို့ဖြစ်လျှင် လုန်ယွိ၏ ပုံစံအမှန်က လုန်ယွိပုံစံမဟုတ်ဘဲ ရှောင်ယွိပုံစံ ဖြစ်နိုင်သည်ဟု ကျန်းလန် တွေးလိုက်၏။
"ဂရား"
နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး လုန်ယွိ လျှင်မြန်စွာပင် ကျန်းလန်ရှေ့သို့ ရောက်လာသည်။
ကျန်းလန်နှင့် နီးကပ်လာသည်နှင့် သူမက လုန်ယွိအသွင်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။ သူတို့ (၂)ယောက် မျက်နှာချင်းဆိုင် အနေအထားဖြင့် ချောက်နက်ထဲသို့ အတူတကွ ကျရောက်သွားသည်။
"ဂိုဏ်းတူအစ်မ ဘာလုပ်တာလဲ"
လုန်ယွိ၏ပတ်ဝန်းကျင်မှ အမှောင်ထုကို ဖယ်ရှားပေးရင်း ကျန်းလန်က မေးလိုက်သည်။
လုန်ယွိက နူးညံ့သည့်လေသံဖြင့်…
"ဂိုဏ်းတူမောင်လေးကို ကယ်ဖို့ ရောက်လာတာလေ"
ယခု သူတို့ (၂)ယောက်၏ အကွာအဝေးက တစ်ပေမျှသာ ရှိတော့သည်။ ကျန်းလန် သူမကို လက်ဖြင့်လှမ်းပြီး ထိကိုင်နိုင်သည့် အနေအထား ဖြစ်နေပေပြီ။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ အပေါ်ကို ပြန်တက်နိုင်မယ်လို့ ယုံကြည်ချက် ရှိလား"
လုန်ယွိ မျက်ခုံးလေးများကိုတွန့်ချိုးရင်း တိတ်ဆိတ်ငြိမ်သက်နေသည်။
ကျန်းလန်ကို စိတ်ပူလွန်းသဖြင့် သူမ ထိုအကြောင်းကို မတွေးလိုက်မိပေ။
ကျန်းလန်က လုန်ယွိကို ကြည့်လိုက်သည်။
သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ကိုယ် ဂိုဏ်းတူအစ်မကို ဖုံးကွယ်မထားတော့ပါဘူး"
ကျန်းလန်က ဆက်ရှင်းပြသည်။
"တကယ်တော့ ကိုယ်က တမင်သက်သက် ခုန်ချလိုက်တာ ၊ ငရဲတံခါးက မရဏအငွေ့အသက်တွေကတောင် ကိုယ့်ကိုမထိခိုက်စေတာ ဒီနေရာက ဘာမှ မပြောပလောက်ပါဘူး ၊ ဒီလူတွေလက်ကလွတ်တာနဲ့ အပေါ်ပြန်တက်ပြီး ဂိုဏ်းတူအစ်မကို လာရှာမလို့လေ ၊ အခုလိုမျိုး ဂိုဏ်းတူအစ်မ ကိုယ့်နောက်လိုက်ပြီး ချောက်ထဲခုန်ချလာမယ်လို့ ဘယ်ထင်ပါ့မလဲ"
လုန်ယွိ ကျန်းလန်ကို စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
သူမ မျက်နှာနှင့် လည်ပင်းတစ်လျှောက်တွင် သွေးနီရောင်အနာရွတ်ကြီးက မြင်သာအောင်ပေါ်လွင်လျှက် ရှိသည်။သို့သော် ကျန်းလန်က ထိုအနာရွတ်ကိုအရေးမစိုက်ပေ။
ထိုအနာရွတ်က တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေတွင် ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်း ကျန်းလန် မှတ်မိလိုက်သည်။
အချိန်ကိုသာ နောက်ပြန်လှည့်၍ရမည်ဆိုလျှင်...
တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေထဲတွင် သူ လုန်ယွိကို စောစီးစွာပင် သွားရောက်ကယ်တင်မည် ဖြစ်လေသည်။ ထိုသို့ဆိုလျှင် လုန်ယွိ ယခုကဲ့သို့ ဒဏ်ရာကြီး ရရှိလာမည် မဟုတ်ပေ။
သို့သော် သူနှင့်လုန်ယွိ ယခုလို သံယောဇဉ်ဖြစ်ရမည့် အခြေအနေရောက်လာရမည်ဟု ထိုစဉ်ကတော့ သူ အဘယ်မှာ သိနိုင်ခဲ့ပါမည်နည်း။
ပြီးတော့ ထိုအနာရွတ်က နဂါးအသွင်ပြောင်းသည့်အခါ မည်သည့်နေရာတွင် ရှိနေပါသနည်း။
နဂါးမျက်နှာထက်တွင် ရှိမည်လား။ စောစောက လုန်ယွိ နဂါးအသွင်ပြောင်းစဉ်မှာတော့ မျက်နှာထက်တွင် တွေ့မြင်ခဲ့ရခြင်း မရှိပေ။
လုန်ယွိက အဖြူရောင်နဂါးဖြစ်လေသည်။ အနာရွတ်သာထင်ကျန်နေလျှင် အတော်လေး သိသာထင်ရှားမည်ပင်။
တွေးရင်းဖြင့်ပင် ကျန်းလန်က လက်ကိုအသာဆန့်ထုတ်ကာ လုန်ယွိ၏ ခါးသွယ်သွယ်ကို ပွေ့ဖက်လိုက်သည်။
လုန်ယွိ၏ခန္ဓာကိုယ်က ကျန်းလန်၏ခန္ဓာကိုယ်ထက်သို့ ဖြည်းဖြည်းချင်းကျလာပြီး စက္ကန့်ပိုင်းအတွင်း ခန္ဓာကိုယ်နှစ်ခု ဖိကပ်မိသွားသည်။
သူမ လန့်သွားပြီး ခန္ဓာကိုယ်လေး တောင့်တင်းသွားသည်။ သို့သော် သူမက ကျန်းလန်ရင်ခွင်ထဲမှ အတင်းရုန်းကန်ထွက်ခြင်း မရှိခဲ့ပေ။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ... မလှုပ်နဲ့နော် ၊ ကိုယ့်ကို သေချာဖက်ထား ၊ မင်းကို အပေါ်ကို ပြန်ခေါ်သွားပေးမယ်"
ကျန်းလန်က လုန်ယွိကို သူ့ရင်ခွင်ထဲပွေ့ဖက်ထားလျှက်ဖြင့် မတ်တတ်ရပ်အနေအထားသို့ ပြောင်းလိုက်သည်။ လုန်ယွိကလည်း ကျန်းလန်ကို ပြန်ဖက်ထားလေသည်။
လုန်ယွိက သူ့ကို သေသေချာချာဖက်ထားကြောင်း သေချာတော့မှ ကျန်းလန်က ခြေဖျားကို အသာထောက်ကာ အပေါ်သို့ ပြန်ခုန်တက်လိုက်ပြီး ချောက်နက်အတွင်းမှ ထွက်ခွာလိုက်သည်။
ဝိညာဉ်မိစ္ဆာငရဲဘုံမှ များပြားလှစွာသော အနက်ရောင်ချီစွမ်းအားများက ကျန်းလန်ကို ထိန်းချုပ်ထားလိုသော်လည်း ထိုသို့ပြုလုပ်နိုင်စွမ်း မရှိကြပေ။
ကျန်းလန်က ချောက်နက်အတွင်းမှ ပျံသန်းထွက်ခွာရင်း စောစောက သူခုန်ချခဲ့သည့်နေရာသို့ ပြန်မရောက်စေရန် လမ်းကြောင်းလွှဲလိုက်သည်။
အပေါ်ဘက်တွင် စောစောက မှော်ဝင်ပစ္စည်းဓါးပြတိုက်သူ (၅)ယောက် ရှိနေမည်ဆိုပါက ပြဿနာများ အဆုံးမရှိ ဖြစ်လာနိုင်သည်။
"ဟူး ဟူး..."
လေက တဟူးဟူးအော်မြည်တိုက်ခတ်လျှက်ရှိသည်။
ကျန်းလန်က အနေအထားကိုပြောင်းကာ အရှေ့ဘက်ဆီသို့ ဦးတည်လိုက်ပြီးနောက် စြင်္ကံလမ်းတစ်ခုထက်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။
အခြေအနေတည်ငြိမ်သွားမှ ကျန်းလန်က လုန်ယွိကိုပွေ့ဖက်ထားသည့် လက်များကို လွှတ်ပေးလိုက်သည်။
လုန်ယွိလည်း ကျန်းလန်ကို ဖက်ထားသည့်လက်များကို လွှတ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
သူမ၏ နားရွက်ဖျားလေးများ နီရဲလဆက် ရှိသော်လည်း သူမက ကျန်းလန်ကို စိုက်ကြည့်နေလေ၏။
သူမက တစ်ခုခုကို စူးစမ်းလေ့လာနေသည့်အလား ကျန်းလန်ကို ကြည့်နေခြင်း ဖြစ်ပြီး ကျန်းလန်၏ အကြည်များကိုလည်း ရှောင်လွှဲခဲ့ခြင်း မရှိပေ။
သို့သော် ကျန်းလန်က သူမကို အတန်ကြာငေးကြည့်နေသည့်အခါ သူမက ခန္ဓာကိုယ်ကို အသာကျုံ့လိုက်သည်။
ကျန်းလန် : "......"
လုန်ယွိက တိုးလျသည့်လေသံဖြင့်...
"ဂိုဏ်းတူမောင်လေး… ဒီအနီးပတ်ဝန်းကျင်မှာ တစ်ယောက်ယောက် ရှိနေတယ်ထင်လား"
ကျန်းလန် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
"မရှိလောက်ပါဘူး"
သူ ပြန်လှည့်ကြည့်လိုက်ချိန်တွင် လုန်ယွိက ရှောင်ယွိအဖြစ် သေးငယ်သည့်အသွင် ပြောင်းလဲသွားပြီ ဖြစ်သည်။
သူမက ချက်ချင်းပင် ကျန်းလန်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမော်လေး... ကျွန်မတို့ စာရင်းရှင်းဖို့လိုပြီ ၊ ဒါမှ ကျွန်မရင်ထဲက ဒေါသပြေလိမ့်မယ်"
ကျန်းလန် : "……"
သူ့ကို ရန်တွေ့ဖို့အတွက် လုန်ယွိအသွင်က ရှောင်ယွိအသွင် ပြန်ပြောင်းသည်တဲ့လား။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက ဒီချောက်နက်ထဲ တမင်သက်သက် ခုန်မှန်း ကျွန်မမှမသိတာ ၊ ကျွန်မ ဘယ်လောက်စိတ်ပူသွားလဲ သိလား ၊ မဟုတ်ရင် လိုက်ခုန်ချမလာပါဘူး"
ကျန်းလန်က အေးဆေးစွာဖြင့်ပင်…
"ဂိုဏ်းတူအစ်မ ပြုတ်ကျမယ်ဆိုရင်ရော... ကိုယ့်ကိုလိုက်ပြီး ခုန်ချစေချင်လား"
ထိုမေးခွန်းကို ကြားသည်နှင့် လုန်ယွိက သေသေချာချာ စဉ်းစားလိုက်ပြီး တီးတိုးစကားဆိုသည်။
"ရှင် လိုက်ခုန်ချလာဖို့တော့ မျှော်လင့်မိမှာပဲ ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ခုန်မချစေချင်ပါဘူး ၊ ဒါကြောင့် ရှင် ခုန်မချခင် နောက်ကနေဆွဲမယ့်သူတစ်ယောက် ပေါ်လာပါစေလို့ ဆုတောင်းမိလိမ့်မယ် ၊ ဒါပေမဲ့ ကျွန်မခုန်ချလို့မှ ရှင်လည်း လိုက်ပြီး ခုန်မချဘူးဆိုရင်တော့ အထီးကျန်သလိုခံစားရမှာပေါ့"
ရှောင်ယွိ စကားပြောသည်ကို ခဏရပ်လိုက်ပြီး ကျန်းလန်ကို ကြည့်လိုက်သည်။
"ကျွန်မခုန်ချရင်… ဂိုဏ်းတူမောင်လေး ခုန်ချမှာလား"
ကျန်းလန်က တစ်ချက်ပင်မတုံ့ဆိုင်းဘဲ အဖြေပြန်ပေးလိုက်သည်။
"ဒါပေါ့ ၊ အောက်ကအန္တရယ်တွေကို ကိုယ် ရင်မဆိုင်နိုင်ဘူးဆိုရင်တောင်မှ ဂိုဏ်းတူအစ်မသာခုန်ချရင် ကိုယ်လည်း လိုက်ခုန်ချမှာပေါ့"
သူ၏ အသံက နူးညံ့သိမ်မွေ့လျှက် ရှိလေသည်။
ရှောင်ယွိက ကျန်းလန်ကို စိုက်ကြည့်ရင်း…
"တကယ်တော့ ကျွန်မက ဂိုဏ်းတူမောင်လေးထက် တန်ခိုးစွမ်းအားပိုပြီး မြင့်မားတာပဲလေ ၊ ကျွန်မကပဲ ဂိုဏ်းတူမောင်လေးကို ကယ်တင်ရမှာပေါ့ ၊ ဂိုဏ်းတူမောင်လေးက ကျွန်မကို ကယ်တင်စရာ မလိုပါဘူး"
သူမ စကားသံထဲတွင် ရယ်သံစွက်လျှက် ရှိလေရာ စိတ်ဆိုးပြေသွားပြီလား မပြောတတ်ပေ။
သူမပုံစံလေးက အရင်လိုပင် ရွှင်ရွှင်ပြပြဖြင့် အသက်ဝင်လာလေသည်။ ပြီးတော့ ရှောင်ယွိက သူမကိုယ်သူမ အမွှန်းတင်ကာ ဝါဝါကြွားကြွားလေး ပြောဆိုရသည်ကို သဘောကျလေသည်။
ကျန်းလန်က သူမ၏ စကားများကို ငြင်းဆန်ခြင်း မပြုဘဲ သူမကိုသာ ငေးကြည့်နေမိသည်။
ဝိညာဉ်မိစ္ဆာချီစွမ်းအားများကြောင့် ရှောင်ယွိခန္ဓာကိုယ် တစ်စုံတစ်ခု ထိခိုက်ခြင်း ရှိ မရှိ စစဆေးပေးရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
သို့သော်…
ထိုစဉ်မှာပင် ရှောင်ယွိ၏ ခန္ဓာကိုယ်ထက်တွင် အနက်ရောင်အစင်းကြောင်းများ ထွက်ပေါ်လာသည်။ ထိုအနက်ရောင်အစင်းကြောင်းများက ဝိညာဉ်မိစ္ဆာငရဲဘုံမှ အနက်ရောင်ချီစွမ်းအားအကြွင်းအကျန်များ ဖြစ်သည်။
အနက်ရောင်အစင်းကြောင်းများပေါ်လာသည်နှင့် အလင်းရောင်များ ဖြာလင်းထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ရှောင်ယွိ၏ လက်ဖမိုးထက်မှ အသက်ကယ်အင်းသင်္ကေတက ရှောင်ယွိ အန္တရယ်ကျရောက်ပြီဟု ယူဆကာ သူမကို မှော်ရုံနယ်မြေအတွင်းမှ ဖယ်ထုတ်ပစ်တော့မည် ဖြစ်သည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ မင်းတော့ မှော်ရုံနယ်မြေထဲက သွားရတော့မယ်ထင်တယ်"
ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်ယွိခန္ဓာကိုယ်တွင် စွန်းထင်းနေသည့် အနက်ရောင်အစင်းကြောင်းများကို ဖယ်ရှားပေးလိုက်သည်။
ရှောင်ယွိ ဝိညာဉ်မိစ္ဆာငရဲဘုံအတွင်း ကျရောက်ခဲ့သော်လည်း ကျန်းလန်ကယ်တင်ခဲ့သည့်အတွက် ပြန်ထါက်လာနိုင်ခဲ့သည်။ အမှန်ဆိုလျှင် သူမ အန္တရယ်မှ လွတ်မြောက်နေပြီ ဖြစ်သည်။
သို့သော် သူမခန္ဓာကိုယ်တွင် အနက်ရောင်ချီစွမ်းအားများ ထင်ကျန်နေသောကြောင့် အသက်ကယ်အင်းသင်္ကေတက သူမတွင် အန္တရယ်ရှိနေသည်ဟု ယူဆကာ မှော်ရုံနယ်မြေအပြင်ဘက်သို့ ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့ပုံရသည်။
အသက်ကယ်အင်းသင်္ကေတက လုန်ယွိကို မှော်ရုံနယ်မြေအပြင်ဘက်သို့ ဖယ်ရှားပစ်တော့မည် ဖြစ်သည်။
ကျန်းလန်က ရှောင်ယွိ အခြေအနေကို အလျှင်အမြန် စစ်ဆေးကြည့်လိုက်ပြီး ရှောင်ယွိကလည်း ငြိမ်ခံနေလေသည်။
ပြီးမှ သူမက…
"ဟွန့်… ဂိုဏ်းတူမောင်လေးကို ကယ်ချင်တာနဲ့ပဲ အခုတော့ ကျွန်မ မှော်ရုံနယ်မြေအပြင်ဘက်ကို ဖယ်ထုတ်ခံရတော့မယ်"
ပြောပြီးသည်နှင့် သူမက စတုရန်းပုံသဏ္ဌန် မှော်ဝင်ရတနာလေးတစ်ခုကို ထုတ်ယူပြီး ကျန်းလန်ကို ပေးလိုက်သည်။
"ဒါက ဆရာ ကျွန်မကို ပေးထားတဲ့ မှော်ဝင်ပစ္စည်းလေးပါ ၊ ဂိုဏ်းတူမောင်လေးက ဒီပစ္စည်းကို လိုချင်လွန်းလို့ ကျွန်မကို မှော်ရုံနယ်မြေထဲက ထွက်သွားရအောင်လုပ်လိုက်တယ်လို့ အပြင်ရောက်မှ လျှောက်ပြောပစ်မယ်"
ထို့နောက် ရှောင်ယွိက လုန်ယွိအသွင်ပြောင်းလဲသွားလေသည်။
ကျန်းလန် လုန်ယွိ၏ ရင်ဘတ်နေရာသို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသည်။
အဖြူရောင်နဂါးဆိုလျှင် ထိုရင်ဘတ်နေရာက မည်သည့်နေရာတွင်လဲဟု ကျန်းလန် ခန့်မှန်းကြည့်နေသည်။ လူသားပုံစံ လက်အနေအထားအရဆိုလျှင် နဂါးတစ်ကောင်၏ ရှေ့လက်သည်းအောက်ဘက်နားတွင် ရှိသင့်လေသည်။
ကျန်းလန်က…
"ကိုယ်လည်း ခဏနေရင် အပြင်ကို လိုက်လာခဲ့ပါ့မယ်"
ထိုစကားအဓိပ္ပါယ်က သူ မှော်ဝင်နယ်မြေထဲတွင် အချိန်အတန်ကြာမျှ နေဦးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့နောက် လုန်ယွိ လှမ်းပေးလာသည့် မှော်ဝင်ပစ္စည်းကို ကျန်းလန် လှမ်းယူလိုက်သည်။
"ကံကောင်းပါစေ ဂိုဏ်းတူမောင်လေး"
လုန်ယွိ ကျန်းလန်ကို ငေးကြည့်နေစဉ်ပင် အလင်းရောင်များကြား ပျောက်ကွယ်သွားလေသည်။
လုန်ယွိ မှော်ရုံနယ်မြေထဲမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်လေရာ ကျန်းလန်တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီ ဖြစ်၏။ တစ်ယောက်တည်းဆိုလျှင် အနှောင်အဖွဲ့ မရှိတော့သည့်အတွက် လုပ်ချင်ရာကို လုပ်နိုင်ပြီ ဖြစ်သည်။
သို့သော် လောလောဆယ်တွင် ကျန်းလန်က မည်သည့်အရာမှ ပြုလုပ်ရန် အစီအစဉ် မရှိသေးပေ။ သူ စောင့်ကြည့်ချင်သေးသည်။
အဘယ်ကြောင့်ဆိုသော သူ တွေ့မြင်ခဲ့ရသည့် အမှောင်ထုထဲမှ သားရဲများနှင့် သတ္တဝါဆိုးများက ရောက်ရှိလာကြခြင်း မရှိသေးပေ။
ကျန်းလန် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ် သူ့အနားသို့ မိန်းမပျိုတစ်ယောက် ရောက်လာလေသည်။ အခြားသူမဟုတ် ၊ လင်စီးယာပင် ဖြစ်၏။
သူမက ကျန်းလန်ကို နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းတူမောင်လေးကျန်းလန်"
ထို့နောက် သူမက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...
"ဂိုဏ်းတူအစ်မ လုန်ယွိရော"
ကျန်းလျန်က သိမ်မွေ့စွာဖြင့်ပင်...
"ဂိုဏ်းတူအစ်မ မှော်ရုံနယ်မြေကထွက်သွားပြီ"
လုန်ယွိ အဘယ့်ကြောင့် မှော်ရုံနယ်မြေအတွင်းမှ ထွက်ခွာသွားရသည်ကို လင်စီးယာ အကြမ်းဖျင်းနားလည်လိုက်သည်။ သူမက လုန်ယွိအကြောင်း ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
ဤသည်က ကျန်းလန်နှင့်လုန်ယွိကြားမှ ကိစ္စဖြစ်သည် မဟုတ်ပါလား။ သူမက မေးခွန်းများ မေးလွန်းလျှင် ကျန်းလန်အတွက် စိတ်မသက်မသာ ဖြစ်နိုင်လေသည်။
သူမက…
"ဂိုဏ်းတူမောင်လေး ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
စတုတ္ထထပ်က ကျန်းလန်အတွက် အန္တရယ်များလွန်းလေသည်။
ကျန်းလန် ပြန်ဖြေရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လင်စီးယာ၏ ခန္ဓာကိုယ်မှ အလင်းရောင်တစ်ခု လင်းလက်သွားသည်ကို တွေ့လိုက်ရသည်။
လင်စီးယာမှ မဟုတ်ပေ။ ကျန်းလန်၏ခန္ဓာကိုယ်မှလည်း ထိုသို့ပင် လင်းလက်သွားသည်။ ထို့နောက် အလင်းရောင်ကို ကျန်းလန်၏ ခန္ဓာကိုယ်က စုပ်ယူလိုက်သည်။
"ကျွန်တော် ဒီအထပ်ကနေ သွားတော့မယ်"
ကျန်းလန်က ပြန်ဖြေလိုက်သည်။
သူက ပဉ္စမထပ်သို့သွားရောက်ရန် ရည်ရွယ်ထား၏။
စောစောက ထွက်ပေါ်လာသည့် အလင်းရောင်က နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်း ပိုမိုမြင့်မားလာစေကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
ဤနေရာတွင် သူ၏ နတ်ဘုရားရာထူးကို ပိုမိုလျှင်မြန်စွာ ထိန်းချုပ်နိုင်စေမည့် အခွင့်အရေး သေချာပေါက် ရှိရပေလိမ့်မည်။