← Chapters

အခန်း (၃၅၆-၃၅၇)

Vol. 33 Ch. 356-357

အခန်း (၃၅၆-၃၅၇)

Vol. 33 Ch. 356-357

အခန်း (၃၅၆) - ဒီလောက်ပဲလား..... လှည့်ကွက်လည်းမရှိဘူး - ဒါမျိုးက တီဗွီဒရာမာကားတောင် ဖြစ်မှာမဟုတ်ဘူး

လူသူအရောက်အပေါက်နည်းပါးလှသည့် သင်္ချိုင်းကုန်းထဲတွင် ခေါင်း၌ အိတ်အမည်းစွပ်ထားသော ဝမ်ယွမ်ယွီသည် ကျိယွမ်ကို လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည် ။

ဤသွေးမျိုးဆက်ပိုင်ဆိုင်သူသည် အနည်းငယ် ထူးဆန်းပုံရ၏။

အမြဲတမ်းလိုလို နားလည်ရခက်သောစကားများကို ပြောတတ်သော်လည်း သူပြောသမျှထဲမှ အတော်များများက သူမ၏ စိတ်နှလုံးကို နက်ရှိုင်းစွာ ရိုက်ခတ်စေခဲ့သည် ။

ဥပမာအားဖြင့် -

"သေရမှာကို ဘာကြောက်နေရမှာလဲ ၊ ငါ့မှာ ဟိုဘက် ဒီဘက် နှစ်ဖက်လုံးမှာ သူငယ်ချင်းတွေရှိတယ် ။"

"နေရောင်ခြည်တောင် သေဆုံးတတ်တာပဲ ၊ သူ့ရဲ့ အရိပ်ကတော့ သူ့ရဲ့ အလောင်းပေါ့ ။"

"အချိန်ကြာလာမှ သံယောဇဉ်ဖြစ်လာမယ့် မိန်းကလေးမျိုးကို ငါမကြိုက်ဘူး ၊ ဘာလို့လဲဆိုတော့ ငါ့မှာ စောင့်ရတာကို စိတ်ရှည်သည်းခံမှုမရှိလို့ပဲ ။"

စသောစကားများဖြစ်သည်။

အရေးကြီးဆုံးမှာ လက်တွေ့ဘဝ ၊ အတုအယောင်ဘဝနှင့် လောကအပေါ်ထားရှိသည့် သဘောထားများအပေါ် သူ၏ ဆင်ခြင်သုံးသပ်ချက်များက သူမအပေါ် သိသိသာသာသက်ရောက်မှု ရှိစေခဲ့သည် ။

ထူခွမ်ဆိုတာ ဘယ်သူမို့လဲ။

သူ့ကို အဝေးကိုသာ ထွက်သွားခိုင်းလိုက်ပါတော့ ။

ကျိယွမ်၏စကားများကြောင့် သူမ တန်ဖိုးထားသည့် အမှတ်တရများမှာ သူမအတွက် လက်တွေ့ကျသည့် အရာများ ဖြစ်လာသည် ။

“မာလုံဟွန်းက သင်္ချိုင်းကုန်းဝင်ကြေး မပေးနိုင်လို့ ပေါ်မလာတာလို့ မင်းထင်လား”

ကျိယွမ်က အတွေးများနေသောဝမ်ယွမ်ယွီဘက်သို့ ရုတ်တရက်လှည့်ကာ မေးလိုက်သည် ။

“ရှင်...”

“ငါ ဒီသင်္ချိုင်းကုန်းအတွက် ဝင်ကြေး မသတ်မှတ်ထားသင့်ဘူးထင်တယ်။ မလိုလားအပ်တဲ့သူတွေကို ဝေးဝေးမှာထားဖို့ ငါကဝင်ကြေးသတ်မှတ်ထားခဲ့တာ ၊ ဒါကြောင့် မာမိသားစုရဲ့ သင်္ချိုင်းကုန်းကို ဝင်ကြေးယူတဲ့ ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် ငါပြောင်းလဲလိုက်တယ် ။ သေစမ်း....မာလုံဟွန်းက ပိုက်ဆံပြတ်နေနိုင်တယ်ဆိုတာကို ငါမေ့သွားတယ် ။”

ကျိယွမ်သည် နက်နဲသော အရာတစ်ခုကို ရုတ်တရက် နားလည်သွားသကဲ့သို့ ဖြစ်နေသည် ။

ဝမ်ယွမ်ယွီမှာ မရယ်ဘဲ မနေနိုင်တော့ချေ ။

ကျိယွမ်၏ စကားများကို သူမယုံကြည်မိခြင်းမှာ သူ၏ ရူးသွပ်မှုများ ကူးစက်ခံရခြင်းကြောင့်လားဟုပင် ပြန်တွေးမိ၏ ။

“မစ္စတာကျိ.. ရှင် အတွေးလွန်နေပြီ ။”

ဝမ်ယွမ်ယွီက ငြင်းလိုက်သည် ။

သို့သော် သူမသည်လည်း အတော်လေး စပ်စုချင်နေမိ၏ ၊ ကျိယွမ်၏ စကားအချို့က အဓိပ္ပာယ်မရှိသော်လည်း သူမကိုယ်တိုင်ပင် ထိုအရာအချို့ကို ယုံကြည်မိနေသည်မှာ ထူးဆန်းလှသည် ။

ထိုအချိန်တွင် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အဘွားအိုတစ်ဦးက သူတို့စကားပြောနေရာသို့ ရောက်လာ၏ ။

သူမမှာ ဝမ်အထိန်းတော်ပင် ။

ဝမ်အထိန်းတော်က ဝမ်ယွမ်ယွီကို တစ်ချက်ကြည့်ပြီးနောက် တိုးညှင်းစွာ ပြောလိုက်သည် ။

“သခင်မလေး ၊ ကျွန်မ မစ္စတာကျိနဲ့ ဆွေးနွေးစရာရှိလို့ပါ ။”

ဆိုလိုရင်းမှာ ရှင်းပါသည် ၊ ဝမ်ယွမ်ယွီ ထွက်သွားပေးရန် လိုအပ်သောဟူသည် ။

ဇဝေဇဝါ ဖြစ်နေသော်လည်း ဝမ်ယွမ်ယွီသည် လိမ္မာပါးနပ်စွာ ထွက်ခွာသွားသဖြင့် သင်္ချိုင်းကုန်းတွင် ကျိယွမ်နှင့် ဝမ်အထိန်းတော်တို့ နှစ်ဦးတည်း ကျန်ရစ်ခဲ့လေသည် ။

ဝမ်အထိန်းတော်က စကားစရန် ကျိယွမ်အား တစ်ချက်ကြည့်လိုက်၏။

သို့သော် သူမ စကားမပြောရသေးခင် ကျိယွမ်က အရင်ဦးအောင် ပြောလိုက်သည် ။

“အာ... ဝင်ကြေးပေးပါဦး ။ ကျုပ်က နေ့ရောညပါ ဒီသင်္ချိုင်းကုန်းကို ကြိုးကြိုးစားစား စောင့်နေရတာ ။ ဝင်ကြေးတချို့ ရသင့်တယ်လေ ၊ လောကမှာ အလကားဘာမှမရဘူး "

ကျိယွမ်၏ တောင်းဆိုမှုက ဝမ်အထိန်းတော်ကို အံ့သြမသွားစေပါ ။

သူမသည် ဤစကားကို အကြိမ်ကြိမ် ကြားဖူးပြီးသား ဖြစ်ပုံရသည် ။ ကျိယွမ်က သူမကို ဝင်ကြေးတောင်းသည်မှာ ဒါ ပထမဆုံးအကြိမ် မဟုတ်သည်မှာ ထင်ရှားလှ၏။

“ဒီမှာ မိစ္ဆာသွေးဆယ်စက် ”

ဝမ်အထိန်းတော်က မိစ္ဆာသွေးကို ကျိယွမ်ထံ ပစ်ပေးလိုက်ရာ သူက ပျော်ရွှင်စွာ လက်ခံလိုက်သည် ။

ကံမကောင်းစွာဖြင့် မာလုံဟွန်း၏ မိသားစုဝင်များမှာ နာမည်ကြီး မိစ္ဆာကြီးများ မဟုတ်ဘဲ မိစ္ဆာအသေးအမွှားများသာ ဖြစ်နေကြပုံရသည် ။ သို့မဟုတ်ပါက ကျိယွမ်သည် ဝင်ကြေးကောက်ရုံနှင့်ပင် ချမ်းသာသွားနိုင်၏။

“မစ္စတာကျိ ၊ ကျွန်မမှာ တောင်းဆိုစရာ အသေးအဖွဲလေးတစ်ခု ရှိပါတယ် ။ ဒါကို တောင်းဆိုဖို့ သင့်တော်ပါ့မလားတော့ မသိဘူး...”

ဝမ်အထိန်းတော်က ယဉ်ကျေးစွာပြောကာ အနည်းငယ်တုံ့ဆိုင်းနေသည် ။

“တစ်... နှစ်... သုံး... ‘မသိဘူး’ တွေ များနေပြီ ၊ ခင်ဗျား မေးမှာလား မမေးဘူးလား”

ကျိယွမ်၏ အာရုံစိုက်မှုမှာ အမြဲတမ်းလိုလို ထူးဆန်းသော နေရာတစ်ခုဆီသို့ ရောက်နေတတ်သည် ။ယခုလည်း သူက ဘာတွေကို ရေတွက်နေမှန်း မသိပေ။

ဝမ်အထိန်းတော်က ချောင်းတစ်ချက်ဆိုးလိုက်ပြီး ခက်ခဲသော အမူအရာဖြင့် စပြောလာသည် ။

“သခင်မလေး ဝမ်ယွမ်ယွီနဲ့ ထူခွမ်တို့က ဘဝသုံးခုဆက်တိုက် ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ...”

“ဘဝသုံးခုလား "

" နည်းတာပေါ့ ၊ ဘာလို့ ခုနှစ်ဘဝရန်သူတွေ မဖြစ်ရတာလဲ”

ကျိယွမ်က ကြားဖြတ်မေးလိုက်သဖြင့်

ဝမ်အထိန်းတော်သည် ခေတ္တမျှ ရပ်တန့်သွား၏။ပြီးမှ သူမက ဆက်ပြောသည် ။

“ဝမ်ယွမ်ယွီက မြင့်မြတ်တဲ့ မိသားစုနောက်ခံက လာတာဖြစ်ပြီး ထူခွမ်ကတော့ ဆင်းရဲသားကောင်လေးတစ်ယောက်ပါ ။ ဒါပေမဲ့ သူက ကြိုးစားပြီး ရည်မှန်းချက် ကြီးမားသူမျိုးပဲ ။ သူတို့နှစ်ယောက် အတူတူ စာသင်ခဲ့ကြပြီး အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ် တွယ်ခဲ့ကြတယ်"

"ဒါပေမဲ့ အလှအပကိုမက်မောတဲ့ မာလုံဟွန်းပေါ်လာပြီး သခင်မလေးကို တိတ်တဆိတ် အဆိပ်ခတ်ခဲ့တယ် ။ သခင်မလေးကို ကယ်တင်ဖို့ ထူခွမ်က အေးခဲနေတဲ့ ချိုင့်ဝှမ်းတွေရဲ့ အနက်ရှိုင်းဆုံးအထိကို အသက်စွန့်သွားခဲ့တယ် ၊ထူးဆန်းတဲ့လိပ်ကြီးဆီမှာ အသနားခံဖို့ ရေခဲနေတဲ့ကန်ထဲကို ငုပ်ဆင်းခဲ့ရတယ် ။ ရေခဲက သူ့ခန္ဓာကိုယ်ကိုတင်မက သူ့ဝိညာဉ်ကိုပါ အေးခဲစေခဲ့တယ်"

"ဒါပေမဲ့ သူ့ရဲ့ လက်တစ်ဖက်နဲ့ဖြတ်ပြီး အလဲအလှယ်လုပ်မှပဲ လိပ်ကြီးက ပေါ်လာတယ်လေ ၊ ထူခွမ်က သခင်မလေးကို ကယ်ဖို့ လိပ်ခွံကိုသုံးပြီး ဆေးစွမ်းကောင်းတစ်မျိုး ဖော်စပ်ခဲ့တယ် ။”

ဝမ်အထိန်းတော်က ပြောနေရင်း ထူခွမ်၏ ကိုယ်ကျိုးစွန့် သောအပြုအမူများအတွက် အမှန်တကယ် စိတ်လှုပ်ရှားနေပုံရသည် ။

မည်သည့်ယောက်ျားမဆို သူမအပေါ် ထိုသို့ဆက်ဆံလျှင် သူမ စိတ်လှုပ်ရှားမိလိမ့်မည်ဟု သူမ တွေးမိ၏ ။

“သနားစရာ လိပ်ကလေး ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့အိမ်ကို ဆုံးရှုံးလိုက်ရတယ် ။”

ကျိယွမ်က ထူခွမ်ကို မသနားဘဲ အခွံခွာခံရသော လိပ်ကိုသနားကာ သက်ပြင်းချလိုက်သည် ။

ဝမ်အထိန်းတော် စိတ်ပျက်သွား၏ ။

အာရုံစိုက်ရမှာက စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်း မဟုတ်ဘူးလား ၊ ဘယ်နှဲ့ လိပ်လဲ ။

“သခင်မလေးပြန်လည်နိုးထလာပြီး ထူခွမ်ရဲ့ လုပ်ရပ်တွေကို သိသွားတဲ့အခါ အရမ်း စိတ်လှုပ်ရှားသွားခဲ့တယ် ။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ခံစားချက်တွေကို အပြန်အလှန် အတည်ပြုခဲ့ကြပြီး ‘အချစ်မြစ်’ ထဲမှာ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်ခဲ့ကြတယ် ။ ဒါပေမဲ့ ပျော်ရွှင်စရာနေ့ရက်တွေက ဘယ်တော့မှ မမြဲပါဘူး ။”

ဝမ်အထိန်းတော်က အချစ်ကို တမ်းတနေသည့် လေသံဖြင့် ဆက်ပြောသည် ။

“ဘာလို့လဲ...အချစ်မြစ်ထဲမှာ တစ်ယောက်ယောက်က ဆီးသွားလိုက်လို့လား”

ချီယွမ်က သူကိုယ်သူ အလွန်တော်သည်ဟု ထင်လိုက်၏။

သူက ‘အမှန်တရား’ ကို ချက်ချင်း မြင်လိုက်သည် မဟုတ်ပါလား ။

သူတို့ရဲ့ ပျော်ရွှင်မှုက မမြဲတာ သေချာတယ် ၊ တစ်ယောက်ယောက်က မြစ်ထဲမှာ ဆီးသွားပြီး ဖျက်ဆီးလိုက်လို့ ဖြစ်မှာပေါ့။

ဝမ်အထိန်းတော်မှာ ကျိယွမ်ကို ကြည့်ကာ ဇာတ်လမ်းကိုဆက်ရန်ပင် တွန့်သွားသည် ။

သူမသည် အေးအေးဆေးဆေး ပြန်ဖြစ်ရန် အသက်ပြင်းပြင်းရှူလိုက်ပြီးမှ ဆက်ပြောသည် ။

“ဘာလို့လဲဆိုတော့... မာလုံဟွန်း ပြန်လာလို့ပဲ ။ သူက ပြည်ပမျိုးနွယ်စုတွေနဲ့ ပူးပေါင်းပြီး ဒီလို ရွံရှာဖွယ်ရာ ရာဇ၀တ်မှုမျိုး ကျူးလွန်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး ။ သခင်မလေးနဲ့ ထူခွမ်တို့ရဲ့ မင်္ဂလာပွဲနေ့မှာ မာလုံဟွန်းက သတို့သမီးကို လုယူဖို့ ပြည်ပစစ်သား ၃,၀၀၀ ခေါ်လာခဲ့တယ် ။ သခင်မလေးကတော့ ငြင်းဆိုခဲ့တာပေါ့ ။ မာလုံဟွန်းက ဒေါသတကြီးနဲ့ သူ မပိုင်ဆိုင်ရရင် ဘယ်သူမှ မပိုင်ဆိုင်စေရဘူးလို့ ဆုံးဖြတ်လိုက်တယ် "

"သူက ဒေါသတကြီးတိုက်ခိုက်ခဲ့ပေမဲ့ ဒဏ်ရာရနေတဲ့ ထူခွမ်က သူမကို ကာကွယ်ပေးခဲ့ပြန်တယ် ။ ဒါပေမဲ့ အဲ့ဒီတိုက်ခိုက်မှုကြောင့် သူ သေဆုံးသွားခဲ့ပြီး သခင်မလေးကတော့ ဝမ်းနည်းပူဆွေးမှုနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ် ။”

ဝန်အထိန်းတော်မှာ စိတ်ပိုလှုပ်ရှားလာပြီး မျက်ရည်များပင် ဝဲလာတော့မလိုလို ရှိ၏။

“ဒါပဲလား”

ကျိယွမ် အံ့အားသင့်သွားသည် ။

“လှည့်ကွက်လေးဘာလေး မရှိဘူးလား ၊ စိတ်လှုပ်ရှားစရာလည်း မရှိဘူး"

“ခေတ်သစ် ဇာတ်ညွှန်းရေးနည်းအရဆိုရင် သူက သတို့သားကို လုသွားသင့်တာ မဟုတ်ဘူးလား ၊ နောက်ဆက်တွဲရော ရှိသေးလား ၊ မာလုံဟွန်းက ထူခွမ်ရဲ့ အလောင်းကို တူးထုတ်ပြီး အတင်းအကြပ် ရိုမန့်စ်တစ်ဆန်ဖို့ ဇွန်ဘီအဖြစ် ပြောင်းလဲလိုက်သေးလား”

ဝမ်အထိန်းတော်မှာ သူမ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး နောက်ထပ် အသက်ပြင်းပြင်း ရှူလိုက်ရပြန်သည် ။

“အခု ဒီကမ္ဘာမှာ အဲ့ဒီဖြစ်ရပ်တွေက ထပ်ဖြစ်နေတယ် ။ အဲ့ဒါတွေကို ပြန်လည် သရုပ်ဖော်မှသာ သခင်မလေးက အမှန်တကယ် နိုးထနိုင်မှာဖြစ်ပြီး ကမ္ဘာကြီးပျက်စီးတာကို ရှောင်ရှားနိုင်မှာပါ ။ ပိုပြီး နက်နဲတဲ့ အကြောင်းရင်းတွေက ကျွန်မ နားလည်ဖို့ အရမ်း ခက်ခဲလွန်းပါတယ် "

" ဒါပေမဲ့... မူလဖြစ်ရပ်တွေကို ပြန်လည် သရုပ်ဖော်ရပါမယ် ။ ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေတယ် ။ အခုထိ သခင်မလေးက ထူခွမ်ကို မချစ်သေးဘူး ။ ဒါက အလွန်အန္တရာယ်များတယ် ။ သူမအတွက်ရော ဒီကမ္ဘာကြီးအတွက်ပါ အချိန်ကုန်နေပြီ ။ ကျွန်မ တောင်းပန်ပါတယ် မစ္စတာကျိ ၊ ပိုကြီးမားတဲ့ ကောင်းကျိုးအတွက် သခင်မလေးနဲ့ ခဏလောက် မတွေ့ပါနဲ့ဦး"

ဝမ်အထိန်းတော်က ရိုသေစွာ ဦးညွှတ်လိုက်ပြီး သူမ၏ အသံမှာ ရိုးသားလှသည် ။

ကျိယွမ် အံ့သြသွားပြီး သူ့အားဂါရဝပြုနေသော ဝမ်အထိန်းတော်အား ကြည့်၏။

“အဲ့ဒါက ကျုပ်နဲ့ ဘာဆိုင်လို့လဲ”

“သခင်မလေးက ရှင်နဲ့ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့တယ် ။ သူ ရှင့်အပေါ် ခံစားချက်တွေ ရှိလာမှာကို ကျွန်မ စိုးရိမ်လို့ပါ ။”

ဝမ်အထိန်းတော်က အားကိုးရာမဲ့စွာ ပြောလိုက်သည် ။

မည်သူမှမငြင်းနိုင်သည်က ကျိယွမ်၏ရုပ်ရည်မှာ မမြင်ဖူးလောက်အောင် အလွန်ချောမောလွန်းနေခြင်း ဖြစ်၏ ။

သူ့ရဲ့ ထူးဆန်းတဲ့စကားတွေက သူ့ရဲ့ ပုံရိပ်ကို ဖျက်ဆီးနိုင်ပေမဲ့ သူက တိတ်တိတ်ဆိတ်ဆိတ် နေတဲ့အချိန်မှာတော့ အလွန်လှပတဲ့ လက်ရာမြောက်ပန်းအိုးတစ်လုံးလို အရမ်းကြည့်လိုကောင်းပြီး နှစ်လိုဖွယ်ရှိလွန်းနေတာ ။

ပုံကြီးချဲ့ပြောရလျှင် ကျိယွမ်နှင့်အချိန်အနည်းငယ်လောက် ကုန်ဆုံးရတာက နှစ်ပေါင်းထောင်ချီ သွေးဆုံးနေပြီဖြစ်သော ဝမ်အထိန်းတော်ကိုတောင် ရာသီပြန်လာတော့မလို ခံစားချက်မျိုး ဖြစ်ပေါ်စေ၏ ။(မူရင်းစာရေးဆရာကိုသာ ဆဲကြပါ ပရိတ်သတ်တို့..)

“ဟူး... အရမ်းချောနေရတာလည်း အလုပ်ရှုပ်စရာပဲ ။ အမှန်အတိုင်း ပြောရရင် ကျုပ်က အဲ့လောက် ချောတယ်လို့တော့ မထင်ပါဘူး ။ သာမန်ပါပဲ ။”

ကျိယွမ်က နာမည်ကြီး စကားစုတစ်ခုကို အတုခိုးကာ ပြောလိုက်သည် ။

“ကိုယ့်ရဲ့ ချောမောမှုကို ကိုယ်တိုင် သတိမထားမိဘူး ဖြစ်နေတာ ။”

“ဒါပေမဲ့ ဒါက ကျုပ်အပြစ် မဟုတ်ဘူး လေ၊ ပြီးတော့... ဝမ်ယွမ်ယွီက ကျုပ်ကို ချစ်နေတာလည်း မဟုတ်ပါဘူး ၊ ဟုတ်တယ်မလား”

ကျိယွမ်က ထိုသို့ပြောရင်း ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သူ၏ ကိုယ်ဟန်အနေအထားမှာ သက်သောင့်သက်သာ ရှိလှသည် ။

ဝမ်ယွမ်ယွီထံမှ မည်သည့် အချစ်ကိုမျှ သူ မခံစားရပါ။

အားကျမှုနှင့် စကားပြောကောင်းမှုတို့ကိုသာ ခံစားရ၏ ။

အကယ်၍ သူမကသာ အချစ်ရေးအရ စိတ်ဝင်စားမှု ရှိခဲ့လျှင် ကျိယွမ်သည် လွန်ခဲ့သောအချိန်ကတည်းက သတိထားမိလိမ့်မည် ဖြစ်သည် ။

အကယ်၍ ထိုသို့သတိထားမိခဲ့လျှင်လည်း သူသည် မည်သည့်အခါမျှ ငြိမ်မနေပါ သို့မဟုတ် ရှောင်လွှဲနေမည် လည်း မဟုတ်ပေ ။

“ဒါကြောင့် ဒါကို ကျုပ်ကို လာပြောနေတာက အလကားပါပဲ ။ ဝမ်ယွမ်ယွီက ထူခွမ်ကို မချစ်တာဟာ ကျုပ်ကို ချစ်နေလို့ မဟုတ်ဘဲ သူက သူ့ကို အစကတည်းက မကြိုက်လို့ ဖြစ်နိုင်ပါတယ် "

"ပြီးတော့ ဒီလို အသေးအဖွဲ ကိစ္စတွေနဲ့ ကျုပ်ကို လာမနှောင့်ယှက်ပါနဲ့ ။ ခင်ဗျားတို့ဇာတ်လမ်းက စိတ်ဝင်စားဖို့လည်း မကောင်းဘူး ၊ အကွေ့အဝိုက်လည်း မရှိဘူး ။ ပျင်းစရာကြီး ။”

ချီယွမ်က ဝမ်အထိန်းတော်၏ သုံးဘဝချစ်သူများပုံပြင်ကို စိတ်မဝင်စားကြောင်း ခေါင်းခါပြလိုက်သည် ။

ဒါက ခုနစ်ဘဝရန်သူတော်များ ဆိုတဲ့ တီဗွီရှိုးလောက်တောင် စိတ်လှုပ်ရှားဖို့ မကောင်းဘူး ။

ဝမ်အထိန်းတော်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည် ။

သူမ၏ အသံမှာ ပြတ်သားလာသည် ။

“ကျွန်မ ပြောတာ အမှန်တွေပါ ။ ဒါက ကမ္ဘာကြီး ရှင်သန်ရပ်တည်ရေးနဲ့ သက်ဆိုင်နေတာ ။ ကျွန်မတို့ ဘယ်လို အမှားမျိုးမှ အဖြစ်မခံနိုင်ဘူး ။ တစ်ခုခု လွဲချော်သွားတာထက်စာရင် အမှားအယွင်းနဲ့ သတ်လိုက်တာကမှ ပိုကောင်းဦးမယ် ။ ကျေးဇူးပြုပြီး မစ္စတာကျိ...သခင်မလေးနဲ့ ဝေးဝေးမှာနေပေးပါ ၊ သူနဲ့ ထူခွမ်တို့ရဲ့ မူလလမ်းကြောင်းပေါ်ကို ပြန်ရောက်ပါစေ”

ချီယွမ်က ခေါင်းခါလိုက်သည် ။

“သူတို့ရဲ့ မူလလမ်းကြောင်းက ငါနဲ့ ဘာဆိုင်လို့လဲ”

“ဒါက ကမ္ဘာကြီး ရှင်သန်ရပ်တည်ရေးနဲ့ သက်ဆိုင်နေတာပါ”

“အော်... အဲ့ဒါက ဂိမ်းဆာဗာ ပျက်ကျတာမျိုးလား ၊ မင်းက အဲ့ဒီအတွက် ပရိုဂရမ်မာတစ်ယောက်ကို ယဇ်ပူဇော်သင့်တာ ။ ငါ့ရဲ့ ဆံပင်ပုံစံက ပရိုဂရမ်မာနဲ့ တူလို့လား "

" အော်... ငါ မေ့သွားတယ် - မင်းက NPC ဆိုတော့ ပရိုဂရမ်မာကို သတ်လို့မရဘူးပေါ့ ။”

ကျိယွမ်က လက်ကာပြလိုက်ပြီးနောက် သူ၏ အမူအရာက ရုတ်တရက် ပျော့ပြောင်းသွားသည် ။

“ဒါနဲ့ ဝမ်အထိန်းတော် ၊ ခင်ဗျား အိမ်ထောင်ကျဖူးလား ၊ ကျုပ်မှာ အံ့သြစရာကောင်းတဲ့ ဇနီးသည် ရှာနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ် ။ ခင်ဗျားက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ငါထင်တယ် ။ အိမ်ထောင်ရှိရင်လည်း ပြဿနာမရှိပါဘူး ၊ ကွာရှင်းလိုက်ရုံပဲ ။ ကျုပ်သူငယ်ချင်းက သိပ်ပြီး ဇီဇာမကြောင်ပါဘူး ။”

ကျိယွမ်သည် မြောက်ပိုင်းကြိုးကြာဟန်ချန်းယွမ်ကို သတိရသွားပြီး သူ့ သူငယ်ချင်း၏ အချစ်ရေးအတွက် စိတ်ပူပေးနေသည် ။

အသက်ကြီးနေပြီဖြစ်သော ဝမ်အထိန်းတော်မှာ မှင်တက်သွားပြီး သူမ၏ အတွေးများ ရှုပ်ထွေးသွားသည် ။

သူမသည် ကျိယွမ်၏ အတွေးရထားနောက်ကို မလိုက်နိုင်သကဲ့သို့ ခံစားရ၏ ။

ဘာတွေ ဖြစ်နေတာလဲ။

“ကျွန်မက ကမ္ဘာကြီးကို အလုပ်အကျွေးပြုဖို့အတွက် ဘဝကို မြှုပ်နှံထားတာပါ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် အချိန်မရှိပါဘူး ။”

ဝမ်အထိန်းတော်က ငြင်းဆိုလိုက်သည် ။

ကျိယွမ်က စိတ်ပျက်လက်ပျက် သက်ပြင်းချ၏ ။

ဟန်ချန်းယွမ်၏ အချစ်ရေးမှာ ဖြေရှင်းရန် ခက်ခဲပုံရသည် ။

ဒီကောင့်ရဲ့ ကြက်ဖအမောက်ကေက နိမိတ်မကောင်းတာများလား ။

“အိမ်ထောင်မပြုဘူးဆိုရင်လည်း ထားလိုက်ပါတော့ ။ ကျုပ် စကားပြောဖို့ အချိန်ထပ်မဖြုန်းတော့ဘူး ။ ကျုပ် စနစ်နဲ့ ဆော့နေတုန်း မနှောင့်ယှက်ပါနဲ့ ၊ ကျင့်ကြံခြင်း စတော့မှာမို့ပါ ။”

ကျိယွမ်က အကြောင်းအရာကို မြန်မြန်ဆန်ဆန် ပြောင်းလိုက်သည် ။

ဝမ်အထိန်းတော်သည် ခေတ္တမျှတုန့်ဆိုင်းသွားသော်လည်း စိတ်ရှုပ်ထွေးနေလျက်နှင့်ပင် ထွက်ခွာသွားခဲ့သည် ။

သင်္ချိုင်းကုန်းထဲတွင် တစ်ဦးတည်း ကျန်ရစ်သောအခါ ကျိယွမ်သည် သူ၏ ရှေ့ရှိ ဂူဗိမာန်ကို စိုက်ကြည့်ရင်း အမှတ်တရများက သူ၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာသည် ။

"မစ်ရှင်တွေ အများကြီး လုပ်ပြီးတဲ့နောက် ငါ တစ်ခုခုကို စတင် ခံစားမိလာသလိုပဲ "

“အို... မဟုတ်ဘူး ၊ အတွေးတွေ မလွန်ခင် ရပ်လိုက်တာ ပိုကောင်းမယ် ၊ ခေါင်းကြီးပိုင်း မဖြစ်ချင်ဘူး ။”

ကျိယွမ်သည် အရာအားလုံး၏ နောက်ကွယ်မှ အမှန်တရားကို ရှာဖွေရန် သို့မဟုတ် ဖုံးကွယ်ထားသော လက်တွေ့ဘဝကို ဖော်ထုတ်ရန် ဂရုမစိုက်ပါ ။

သူ့အတွက် သူ၏အင်အားကသာ အရေးကြီးဆုံး ဖြစ်သည် ။

ပရိယာယ်တွေ ၊ အမှန်တရားတွေ ၊ တွက်ချက်မှုတွေ ၊ အဲ့ဒါတွေက အသုံးဝင်လို့လား ။

ဝင်ကောင်းဝင်နိုင်လေသည် ။

ဒါပေမဲ့ ငါကသာ လုံလောက်အောင် အားကောင်းလာရင် အဲ့ဒီ ပရိယာယ်တွေအားလုံးကို လက်သီးတစ်ချက်တည်းနဲ့ ချေမှုန်းပစ်နိုင်တယ်။

“တင်....သင်သည် မိစ္ဆာသွေး ၁၀၀ စက်ကို အသုံးပြုခဲ့ပြီး ကျင့်ကြံခြင်း ရက်ပေါင်း ၁၀၀ ကို ရရှိခဲ့သည် ။”

“တင်...သင်သည် မိစ္ဆာသွေး ၁၀၀ စက်ကို အသုံးပြုခဲ့သည် ၊ ပေါက်ကွဲ ငှက်လက်သီး’ သည် နောက်ဆုံးတွင် တိုးတက်သွားပြီ ။ ဝေဟင်ရှိ သတ္တဝါများအပေါ် ပျက်စီးစေမှု ၅၀ ရာခိုင်နှုန်း တိုးလာသည် ။ ငှက်များအပေါ် သံချပ်ကာဖောက်ထွင်းနိုင်မှု ၅၀ ရာခိုင်နှုန်း တိုးလာသည် ။”

ထိုစကားကို ကြားလိုက်ရသောအခါ ကျိယွမ်၏ မျက်လုံးများ ပြူးသွားသည် ။

“ဒါဆို လောကမှာရှိတဲ့ ယောက်ျားတွေ အားလုံး ငါ့ကို ကြောက်ကြတော့မှာလား”

“ဟူး... မိန်းကလေးတွေက ဘာလို့ အတောင်ပံ မပေါက်ကြတာလဲ ၊ ဒါဆိုရင် ငါက ပြိုင်ဘက်ကင်း ဖြစ်မှာပဲ ။”

ကျိယွမ်သည် သူ၏ အတွေးများကို စိတ်ကြိုက်လွှတ်ထားလိုက်သည် ။

“နေဦး ၊ မိန်းကလေးတွေကို အဲ့ဒီလို သတ်မှတ်လို့မရဘူး ။ သူတို့မှာ အတောင်ပံ မရှိဘူးလို့ ဘယ်သူပြောလဲ ၊ သူတို့ရဲ့ ဘောင်းဘီထဲမှာ ဝှက်ထားတာလည်း ဖြစ်နိုင်တာပဲ ။ ငါမှ တစ်ခါမှ မမြင်ဖူးတာ ၊ ဘယ်လိုသိမှာလဲ "

သို့သော် ခဏအကြာတွင် အဓိပ္ပာယ်မရှိသော အတွေးများကို ခါထုတ်လိုက်ပြီး ကျိယွမ်သည် တရားထိုင်ရန် မျက်လုံးများကို ပိတ်လိုက်၏ ။

ရုတ်တရက် ရင့်ကျက်သော အသံတစ်ခု ထွက်ပေါ်လာသည် ။

“ကောင်လေး... ငါ အသက်ရှင်နေသေးတယ်လို့ မထင်ထားမိဘူး ။”

ဤအသံသည် ကျိယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည် ။

ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏ ။

“ရှန်းလဲ့ ... ၊ အဘိုးကြီး.... နောက်ဆုံးတော့ ခင်ဗျားနိုးလာပြီပေါ့ ”

ရင်းနှီးပြီးသားဖြစ်သော ထိုအသံကို ကြားရခြင်းက ကျိယွမ်၏ စိတ်ထဲတွင် ပြောမပြနိုင်လောက်အောင် နက်ရှိုင်းသော ခံစားချက်များကို ဖြစ်ပေါ်စေသည် ။

သို့သော် သူတို့၏ ပြန်လည်ဆုံတွေ့မှုမှာ သူတို့တစ်ခါမှ မခွဲခွာခဲ့ဖူးသကဲ့သို့ ရင်းနှီးလှ၏ ။

မူလဇစ်မြစ်နယ်မြေတွင်ရှိနေသော မဟာအုပ်စိုးရှင်ရှန်းလဲ့၏ မျက်လုံးများမှာတော့ ဝမ်းနည်းမှုနှင့် လွမ်းဆွတ်မှုတို့ ရောယှက်ကာ တောက်ပနေသည် ။

“ဖန်ထုံကမ္ဘာ ပြိုလဲသွားတာနဲ့အတူ ငါလည်း သေရမယ်လို့ လက်ခံထားပြီးသားပါ ။ ဒါပေမဲ့ မင်းကတော့... အံ့သြစရာပဲ ကောင်လေး ။ မင်းက ယန်နတ်ဘုရားတွေကိုတောင် သတ်ပစ်နိုင်ခဲ့တယ်။”

မဟာအုပ်စိုးရှင်ရှန်းလဲ့သည် ကျိယွမ်အပေါ် နက်ရှိုင်းသော လေးစားမှုနှင့် ကျေးဇူးတင်မှုကို ခံစားနေရသည် ။

အဆုံးမှာတော့ ဖန်ထုံကမ္ဘာသည် သူ၏ အိမ်ဖြစ်သလို သတ္တဝါပေါင်းများစွာ ရှင်သန်ခဲ့သည့် နေရာလည်းဖြစ်သည် ။

ယန်နတ်ဘုရားများသည် လူသားတို့၏ အင်အားထက် များစွာကျော်လွန်သော ၊ ပြိုင်ဘက်ကင်းသော သတ္တဝါများ ဖြစ်ကြ၏ ။

သို့သော် ကျိယွမ်သည် သူ၏ ထူးကဲသော အင်အားဖြင့် မဖြစ်နိုင်သောအခြေအနေကို ရအောင် ပြောင်းပြန်လှန်နိုင်ခဲ့သည် ။

ယခုအချိန်ထိ ရှန်းလဲ့သည် ယန်နတ်ဘုရားနှစ်ပါးနှင့် သူတို့ရင်ဆိုင်ခဲ့ရပြီး ၄င်းတို့ကို အနိုင်ရလိမ့်မည်ဟု မယုံနိုင်စွာခံစားနေရ၏။

“အတိတ်က အကြောင်းတွေကို မတွေးပါနဲ့တော့ ။မဟာအုပ်စိုးရှင်ကြီး ရှန်းလဲ့၊ မြန်မြန် ကျင့်ကြံပါဦး ။ ကျွန်တော့်အတွက် ဆုလာဘ်အချို့ ရအောင် လုပ်ပေးဖို့ လိုနေတယ် ။”

ကျိယွမ်က အဘိုးကြီးကို တိုက်တွန်းလိုက်သည် ။

ဖန်ထုံကမ္ဘာမှ လွတ်မြောက်လာပြီးနောက် ရှန်းလဲ့နှင့် အခြားသူများမှာ သူတို့၏ နယ်ပယ်ထဲတွင် အမှန်တကယ် ရောက်ရှိနေကြပြီ ဖြစ်သည် ။

ကျိယွမ် ပေးထားသည့် အကန့်အသတ်မရှိသော ပုံရိပ်ဖော်ကျင့်ကြံခြင်း နည်းစနစ်ကြောင့် မဟာအုပ်စိုးရှင်ရှန်း လဲ့သည် သူ၏ ကျင့်ကြံခြင်းတွင် မည်သည့် အဟန့်အတားမှ မရှိတော့ပါ ။

သူ့အတွက် ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့သည် ။

အကယ်၍ သူသည် ဖန်ထုံကမ္ဘာတွင် ရှိနေစဉ်ကတည်းက ဒဏ္ဍာရီလာနယ်ပယ်သို့ ရောက်ရှိခဲ့လျှင် သူသည် ယန်နတ်ဘုရား နယ်ပယ်သို့ ချက်ချင်း ဖောက်ထွက်နိုင်ခဲ့လိမ့်မည် ဖြစ်သည် ။

ထိုအရာက မူလနတ်ဘုရားများ၏ ထူးခြားသောသဘာဝ ၊ ပုံရိပ်ဖော်နည်းစနစ်နှင့် ရှေးဟောင်းမျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေတို့ ဆက်နွှယ်မှုကြောင့် ဖြစ်သည် ။

“ငါ့ကို အတင်းမတိုက်တွန်းနဲ့ ။ ငါ ကျင့်ကြံနေပြီ ။ ငါတို့ နောက်တစ်ခါ ပြန်ဆုံတဲ့အခါ ငါက ယန်နတ်ဘုရားတစ်ပါး ဖြစ်နေလိမ့်မယ် ။”

မဟာအုပ််စိုးရှင်ရှန်းလဲ့၏ စကားများတွင် ပြတ်သားမှုများ ပါဝင်နေ၏။

တစ်ချိန်က မဖြစ်နိုင်လောက်အောင် အလှမ်းဝေးခဲ့သော ပန်းတိုင်ဖြစ်သည့် ယန်နတ်ဘုရားနယ်ပယ်မှာ ယခုအခါ သူ၏ လက်တစ်ကမ်းတွင် ရှိနေလေပြီ ။

ငါက ဘာလို့ရပ်တန့်နေရမှာလဲ ၊ ယန်နတ်ဘုရားနယ်ပယ်လား ...ငါလာခဲ့မယ် ။

ကျိယွမ်၏ အခြားသော စိတ်ဝိညာဉ်မျိုးစေ့ အတော်များများမှာလည်း အလားတူ လမ်းကြောင်းများပေါ်တွင် ရှိနေကြသည် ။

သူတို့သည် ယခင်ကမ္ဘာများ၏ ကန့်သတ်ချက်များမှ လွတ်မြောက်လာပြီးနောက် ဆက်လက် တိုးတက်နေကြပြီး ယန်နတ်ဘုရား အဆင့်သို့ ဖောက်ထွက်ရန်မှာ ရေသောက်သကဲ့သို့ လွယ်ကူနေလေပြီ ။

“မြန်မြန်လုပ်ပါ ။ ကျွန်တော့်ရန်သူတွေက အရမ်း အားကောင်းတယ် ၊ယန်နတ်ဘုရား တစ်ပါးတည်းနဲ့ မလုံလောက်ဘူး ။ ခင်ဗျားအခုနေတဲ့ ကမ္ဘာမှာလည်း အခြားသူတွေ ရှိသေးတယ် ။ သူတို့ကို စောင့်ကြည့်ပြီး သူတို့ နိုးထလာဖို့နဲ့ ပိုပြီး အားကောင်းလာဖို့ ကူညီပေးပါဦး ။”

ကျိယွမ်ကတော့ ကျိယွမ်ပင် ။ သူက မိတ်ဆွေအဟောင်း အသစ်မရွေးပါ ။ လိုအပ်လျှင် သူစိမ်းများကိုပါ အားမနာတမ်းတောင်းဆိုမည်သာ ။

သူ၏ စိတ်ဝိညာဥ်နတ်ဘုရားများသည် မူလဇစ်မြစ်နယ်မြေတွင် စတင် အမြစ်တွယ်နေပြီ ဖြစ်သော်လည်း အများစုမှာ တွယ်ကပ်ခံထားရသူ၏ ပင်ကိုယ်ဗီဇအတိုင်းသာ လှုပ်ရှားနေကြဆဲ ဖြစ်သည် ။

မဟာအုပ်စိုးရှင်ရှန်းလဲ့ကဲ့သို့ အပြည့်အဝ နိုးထလာသူ နည်းပါးနေသေးသည် ။

“အေးပါ..အခု အခြားသူတွေကို သွားရှာလိုက်ဦးမယ် ။”

ထို့သို့ပြောလိုက်သော်လည်း မဟာအုပ်စိုးရှင်ရှန်းလဲ့က ညည်းညူလိုက်၏ ။

“နိုးလာတာနဲ့ အလုပ်တွေ ပိနေတာပဲ ။ အိပ်ပျော်နေတာကမှ ပိုကောင်းဦးမယ် ။”

ထိုသို့ ညည်းညူနေသော်လည်း သူ၏ လေသံထဲတွင် ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုတို့ သိသိသာသာ ပါဝင်နေသည် ။

“ခင်ဗျား သိလား ၊ ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိတယ်ဗျ"

ကျိယွမ်၏ စိတ်လှုပ်ရှားနေသောအသံကို ကြားသောအခါ ရှန်းလဲ့ မျက်ခုံးလှုပ်သွား၏။

ဒီကောင်လေးရဲ့ အစီအစဥ်တွေက မကုန်တော့ဘူးလား ။

“ဒီတစ်ခါကရော ဘာအစီအစဉ်လဲ”

သူသည် ကျိယွမ်၏ “အစီအစဉ်များ” နှင့် ရင်းနှီးပြီးသားဖြစ်ပြီး ၎င်းတို့မှာ များသောအားဖြင့် ရိုးရှင်းပြီး ပြတ်သားလှသည် ၊ စစ်မှန်သော အစီအစဉ်ထက် ရုတ်တရက် စိတ်ကူးတည့်ရာ ထလုပ်သည်နှင့် ပိုတူ၏ ။

သို့သော် ထိုသို့သော အစီအစဉ်အကြမ်းစားများက အမြဲတမ်း အောင်မြင်လေ့ရှိသည်ကိုတော့ သူမငြင်းနိုင်ပါ ။

“ကျွန်တော် ဒီဂိမ်းကို ဝယ်ချင်တယ် ၊ ဒါပေမဲ့ ပိုက်ဆံမရှိဘူး ။ ဒါကြောင့် အင်အားသုံးပြီး သိမ်းပိုက်လိုက်ရင်ရော ဘယ်လိုလဲ "

"အမ်..."

အဘိုးကြီးရှန်းလဲ့မှာ ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။

ဒီကောင်လေးက ဘယ်ဘဝရောက်ရောက် ထူးဆန်းတဲ့စကားတွေ ပြောတဲ့အကျင့်က မပျောက်ပါလား။

" ဒါက အဆင့်သုံးဆင့်ပါဝင်တဲ့ အစီအစဉ်ပဲ "

" အဆင့် (၁) - ခင်ဗျားက အခြားသူတွေကို စုစည်းပါ ၊ အင်အားမြှင့်တင်ပါ ၊ ပြီးတော့ ကျွန်တော့်အတွက် အောက်က ကမ္ဘာကို သိမ်းပိုက်ပေးပါ"

"အဆင့် (၂) - ခင်ဗျားတို့ရဲ့ တိုးတက်လာတဲ့ အင်အားက ကျွန်တော့်ဆီကို ပြန်ရောက်လာလိမ့်မယ် ၊ အဲ့ဒီအခါ ကျွန်တော်က ကုံရှင်းဂြိုဟ်နဲ့ ကန်ရှင်းဂြိုဟ်ကို သိမ်းပိုက်မယ် "

"အဆင့် (၃) - ကမ္ဘာအားလုံး ကျွန်တော်တို့ လက်အောက်ရောက်သွားပြီဆိုရင် ကျွန်တော်က မစ်ရှင်တွေကို အာရုံစိုက်ပြီး လူသားလမ်းစဉ် သိုင်းနတ်ဘုရား ၊ ဝိညာဉ်လမ်းစဉ်သိုင်းနတ်ဘုရား ၊ နောက်ဆုံးမှာတော့ လမ်းစဉ်အားလုံးရဲ့နတ်ဘုရားအဖြစ် တက်လှမ်းနိုင်လိမ့်မယ်"

" ကဲ....မမိုက်ဘူးလား ၊ ဒါက အပြစ်ပြောစရာမရှိတဲ့ အစီအစဉ်ပဲ ၊ ပြိုင်ဘက်ကင်းတယ် ၊ တကယ့်ကို ပါရမီရှင်ပဲ"

ကျိယွမ်သည် သူ၏ အစီအစဉ်အတွက် အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ၏ ဦးနှောက်ပင် ကြည်လင်လန်းဆန်းသွားသကဲ့သို့ ခံစားရသည် ။

ဘလူးစတားမှာတုန်းကဆိုရင် ဒီလို အစီအစဉ်မျိုးက စိတ်လှုပ်ရှားလွန်းလို့ တစ်ညလုံး အိပ်မပျော်ဘဲ မယ်လတိုနင် (အိပ်ဆေး) သောက်ရမှာပဲ ။

တချို့လူတွေဆိုရင်တော့ စိတ်ငြိမ်သွားဖို့အတွက် တခြားတစ်ခုခုတောင် လိုအပ်လိမ့်မယ်။

“ဟားဟား...ဟား .၊ ကောင်လေး မင်းရဲ့ စီစဉ်နိုင်စွမ်းက ဒီတစ်ခါတော့ ကျဆင်းသွားပြီ ၊ အသေးစိတ် မလုံလောက်ဘူး ပဲ။”

ရှန်းလဲ့က အခွင့်သာခိုက် ကျိယွမ်အား လှောင်ပြောင်လိုက်သည်။

“ခင်ဗျား ပြောတာ မှန်တယ် ၊ အချိန်ဇယား မသတ်မှတ်မိတာက ကျွန်တော့်ရဲ့ အမှားကြီးပဲ ။ ခင်ဗျားရဲ့ ကမ္ဘာမှာ အချိန်က ပိုမြန်တယ်လေ ၊ အဲ့ဒီမှာ နှစ်ပေါင်း ၄၀ က ကျွန်တော်တို့ဆီမှာ တစ်နှစ်ပဲ ရှိသေးတာ ၊ အဲ့ဒီတော့ ပထမအဆင့်က ခင်ဗျားတို့ အားလုံး နှစ်ပေါင်း ၃,၀၀၀ အတွင်းမှာ ယန်နတ်ဘုရားတွေ ဖြစ်လာရမယ် "

" အဆင့် (၂) .. ကျွန်တော်က နှစ်ပေါင်း ၁၀၀ အတွင်းမှာ ကုံရှင်းဂြိုဟ်ကို ပေါင်းစည်းမယ်”

ကျိယွမ်သည် အရေးကြီးသောအချက်ကို သတိထားမိသွားသဖြင့် တုန်လှုပ်သွားသည် ။

တောက် ..ဉာဏ်အကောင်းဆုံးလူတွေတောင် အမှားလုပ်မိတတ်တာပဲ ။

ရှေးလူကြီးတွေရဲ့စကားက ဘယ်တော့မှ မမှားဘူး ။

ငါလို ထက်မြက်တဲ့သူတောင် ဒီလိုအသေးစိတ်ကို လျစ်လျူရှုမိရင် အခြားသူတွေကတော့ ဘာမျှော်လင့်ချက် ရှိတော့မှာလဲ။

“ငါတို့ကမ္ဘာကို မူလဇစ်မြစ်နယ်မြေလို့ ခေါ်တယ် ။ အဲ့ဒီမှာ အင်အားအကြီးဆုံးက အရှေ့ပိုင်း မဟာမိတ်အဖွဲ့ဆိုတာပဲ ။ သူတို့မှာ သိုင်းနတ်ဘုရားတွေ အတော်များများရှိပြီး သူတို့ရဲ့ အင်အားက မဆိုးဘူး ။ ဒါပေမဲ့... သူတို့နောက်ကွယ်မှာ အရှေ့ဘက်အရှင်သခင်လို့ ခေါ်တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ် ၊ သူက ယန်နတ်ဘုရားတစ်ပါး ဖြစ်နိုင်တယ် "

"ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် သူ့ရဲ့ နည်းလမ်းတွေက သာမန် ယန်နတ်ဘုရားတစ်ပါးထက်တောင် ပိုပြီး ကြောက်စရာကောင်းနိုင်တယ် ။”

မဟာအုပ်စိုးရှင်ရှန်းလဲ့က သူ စုဆောင်းထားသော အချက်အလက်များကို ပြောပြသည် ။

“မူလဇစ်မြစ်နယ်မြေလား ၊ သူက စုတ်တံတစ်ချောင်းကိုသုံးပြီး တောင်တန်းနဲ့မြစ်ပန်းချီကားပေါင်းများစွာကို ဖန်တီးတာပေါ့ ၊ ဒီလူက တကယ်ပဲ ပရိုဂရမ်မာတစ်ယောက် ဖြစ်နေတာလား”

ကျိယွမ်က သဘောကျသလို ရယ်မောလိုက်သည် ။

ယန်နတ်ဘုရားနယ်ပယ်၏ ကောင်းကင်ဘုံ၌ နေရာယူခြင်းနယ်ပယ်နှင့် မူလသဘောတရား နယ်ပယ်အကြောင်းကို သူ သိထား၏ ။

ဒါပေမဲ့ တောင်တန်းနှင့်မြစ်ပန်းချီကားလို စိတ်ကူးယဥ်ကမ္ဘာများကို ဖန်တီးနိုင်သောသူက မည်သည့်နယ်ပယ်မှာ ရှိနေတာလဲ ဆိုသည်ကိုတော့ သူမသိပါ။

သို့သော် ကျိယွမ်က ယုံကြည်မှုရှိစွာ ကြေညာလိုက်သည် ။

“စိတ်မပူပါနဲ့ ၊ သူဘယ်လောက်ပဲ အားကောင်းပါစေ ။ ကျွန်တော့်မှာ ပေါက်ကွဲငှက်လက်သီး ရှိတယ် ။ ကျွန်တော် မကြောက်ဘူး"

---------

အခန်း ၃၅၇ - ငါက ဗီလိန်လား..ငှဲငှဲ ငှဲ..ငှဲ

ကျိယွမ်နှင့် မဟုအုပ်စိုးရှင်ရှန်းလဲ့တို့ ဆက်သွယ်နေစဉ် သင်္ချိုင်းအပြင်ဘက်သို့ ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။

ထိုဧည့်သည်သည် ခါးတွင် ကျောက်စိမ်းခါးပတ်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် အရပ်ရှည်ပြီး ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါရှိကာ မည်သူမှ မငြင်းနိုင်အောင်ပင် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ဖြစ်သည်။

သို့သော်လည်း သင်္ချိုင်းစောင့်ကျိယွမ်နှင့် နှိုင်းယှဉ်လျှင်မူ သူသည် ဖားပြုတ်တစ်ကောင်သာ ဖြစ်နေဆဲပင်။

“သခင်လေး ခွမ်... ကျိယွမ်က ထွက်သွားဖို့ ငြင်းနေတယ်။ ငါတို့ သူ့ကို... သတ်လိုက်ရမလား”

ဝမ်အထိန်းတော်က သွားကြိတ်ကာ လူသတ်လိုသော အငွေ့အသက်များဖြင့် ပြောလိုက်သည်။

လောကကြီးအတွက်ဆိုလျှင် သူမသည် သူမ၏ ကိုယ်ကျင့်တရားကို ဖောက်ဖျက်ပြီး အပြစ်မဲ့သူများကို သတ်ရန်ပင် ဆန္ဒရှိ၏။ သူမအတွက်မူ လောကကြီးကို ကယ်တင်နိုင်သရွေ့ မည်သည့်စတေးမှုမျိုးကိုမဆို လက်ခံနိုင်သည် ။

ထူခွမ်၏ အမူအရာမှာ ယဉ်ကျေးသိမ်မွေ့နေဆဲဖြစ်သော်လည်း သူ၏မျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

“အဲဒါက လူကြီးလူကောင်းတစ်ယောက် လုပ်မယ့်အလုပ်မဟုတ်ဘူး။ ငါ အဲဒီလောက်အထိ အောက်တန်းမကျနိုင်ဘူး”

“သခင်လေး ... လောကပေါ်က သက်ရှိအားလုံးအတွက် ကိုယ်ကျင့်တရား အနည်းငယ် အစွန်းအထင်းခံရတာက ကိစ္စမရှိပါဘူး”

ဝမ်အထိန်းတော်ကတော့ ပြတ်သားစွာလုပ်ဆောင်ရန်သာ တိုက်တွန်းနေ၏။

ထူခွမ်ကလည်း ခေါင်းခါလိုက်ပြီး ပြတ်သားသော အမူအရာဖြင့် ဆိုသည်။

“အတိတ်ဘဝမှာ ငါ ယွမ်ယွီရဲ့နှလုံးသားကို ရအောင်ယူနိုင်ခဲ့တယ်၊ အခုတစ်ကြိမ်မှာလည်း ငါ ထပ်လုပ်နိုင်မယ်လို့ ယုံကြည်တယ်”

“အချိန် နှစ်လတောင်ကျန်တော့ဘူး၊ အချိန်မရှိတော့မှာ စိုးရတယ်”

ဝမ်အထိန်းတော်က စိုးရိမ်တကြီး သတိပေးပြီးနောက် သူမသည် စိတ်ကူးတစ်ခုရသွားသလို တီးတိုးအကြုံပြု၏။

“ငါ သခင်မလေးယွမ်ယွီကို ဆေးခတ်လိုက်ရမလား။ အလုပ်ဖြစ်အောင် သေချာလုပ်လိုက်မယ်လေ”

သူတို့သာ ဆက်ဆံရေးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ပါက အရာအားလုံးသည် လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာပေလိမ့်မည်။

ထိုအခါ ပုထျန်းခန်းမအတွက် သူတို့၏ တာဝန် ပြီးမြောက်သွားမည် ဖြစ်၏။

ပုထျန်းခန်းမသည် အရှေ့ပိုင်းမဟာမိတ်အဖွဲ့၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တောင်တန်းနှင့်မြစ်ပန်းချီကားချပ်အမျိုးမျိုးတွင် တာဝန်များ ထမ်းဆောင်နေခြင်း ဖြစ်သည်။

အဖွဲ့ဝင်များသည် သူတို့မွေးဖွားလာချိန်မှစ၍ သက်ရှိအားလုံးကို ကယ်တင်ရန်မှာ သူတို့၏ တာဝန်ဖြစ်သည်ဟု သင်ကြားပြသခံခဲ့ရ၏။

“ယွမ်ယွီကို အဲဒီလို မလုပ်နိုင်ဘူး။ ငါတို့ သူရဲ့ ခံစားချက်ကို လေးစားရမယ်”

ထူခွမ်က ဝန်အထိန်းတော်ကို စူးရဲစွာကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ငြင်းသည်။

“တကယ်လို့ ငါတို့ မလုပ်ရင်... လောကကြီး ပျက်စီးလိမ့်မယ်”

ဝမ်အထိန်းတော်၏ အသံမှာ သိသိသာသာ လေးနက်သွားသည်။

သူမစ၏ကားကို ကြားသောအခါ ထူခွမ်၏ အမူအရာမှာလည်း အေးစက်သွားသည်။

“လောကကြီး ပျက်စီးသွားရင်ရော ဘာဖြစ်လဲ။ ငါ့အတွက်တော့ ယွမ်ယွီက တစ်လောကလုံးထက် ပိုအရေးကြီးတယ်”

ဝမ်အထိန်းတော် နှုတ်ဆိတ်သွား၏။

ထူခွမ်သည် အချစ်ကြီးသူဖြစ်ရုံတင်မကဘဲ သူ၏အချစ်က အလွန်အမင်း မြင့်မြတ်လွန်းနေသည်။

ကျိယွမ်သာ ထိုအရာကိုမြင်လျှင်"ငါတို့ ဘလူးစတားမှာဆို ဒါမျိုးကို 'Simp' ဒါမှမဟုတ် 'Beta' လို့ခေါ်တယ် " ဟု ရယ်နေမှာ အသေအချာပင်။

[ Simp = မျက်နှာသာရဖို့ အောက်ကျို့သူ (တစ်ဖက်လူရဲ့ အာရုံစိုက်မှုရဖို့ ကိုယ့်သိက္ခာကို အောက်ချပြီး အလွန်အကျွံ အလိုလိုက်သူ)။

Beta = ခေါင်းမမော့ရဲသူ(ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ သူတစ်ပါးလွှမ်းမိုးသမျှ ခေါင်းငုံ့ခံသူ၊ နောက်လိုက်အဆင့်မှာပဲ နေသူ)]

“ဟူး...”

ထူခွမ်ကိုနားချ၍မရနိုင်ကြောင်း မြင်သောအခါ ဝမ်အထိန်းတော်သည် ဘာမှထပ်မပြောတော့ဘဲ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။

ထူခွမ်က သူမ၏ကျောပြင်ကို ကြည့်ကာ လွမ်းဆွေးသော အမူအရာဖြင့်

သက်ပြင်းချ၏။

“ငါက ယွမ်ယွီကို မလိုချင်လို့ ဒါမှမဟုတ် ငါ့အပိုင်မဖြစ်စေချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ စစ်မှန်တဲ့အချစ်ဆိုတာ အဲဒီလိုမျိုး မဟုတ်ဘူးလေ...”

မလှမ်းမကမ်းတွင် ပုန်းအောင်းကာ နားထောင်နေသည့် ဝမ်ယွမ်ယွီကတော့ မည်သည့်ခံစားချက်မှ မပြသဘဲ တည်ငြိမ်နေသည်။

သူမသည် မျက်မှောင်ကြုတ်ကာ အတွေးနက်နေပြီး အတန်ကြာစဥ်းစားနေ၏။

သို့သော် သူမဘာတွေးနေသည်ကိုတော့ သူမသာ အသိဆုံးဖြစ်ပါလိမ့်မည်။

................

“တောက်... ဒီတာဝန်မှာ ဘာလို့ အပြောင်းအလဲတွေ ဒီလောက်များနေရတာလဲ။ ထူခွမ်က အရမ်းခေါင်းမာလွန်းတယ်၊ အရမ်းလည်း ခံစားချက်ပြင်းထန်လွန်းတယ်”

ဝတ်ရုံနက်ဝတ်ထားသည့် အမျိုးသားတစ်ဦးက ဒေါသတကြီးဖြင့် အံကြိတ်ကာ ပြောသည်။

“အချိန် သိပ်မကျန်တော့ဘူး။ ကြည့်ရတာ... ငါတို့ နူးညံ့နေလို့ မရတော့ဘူးထင်တယ်”

ဝမ်အထိန်းတော်ကလည်း လူသတ်လိုသောမျက်လုံးများဖြင့် အေးစက်စွာ ရေရွတ်၏။

“မင်းပြောတာ မှန်တယ်။ သူတို့ တွန့်ဆုတ်နေနိုင်ပေမဲ့ လူအများစုရဲ့ အသက်နဲ့ယှဉ်ရင် သူတို့ရဲ့ တွန့်ဆုတ်မှုက အရေးမကြီးဘူး။ ငါ့ဆီမှာ ဟေဟွမ်ဆေးမှုန့် ရှိတယ်။ အဲဒါကို ထူခွမ်နဲ့ ဝမ်ယွမ်ယွီ နှစ်ယောက်လုံးအပေါ်မှာ မင်းသုံးရမယ်"

ဝတ်စုံနက်က ထိုသို့ပြောရင်း သခ်ျိုင်းဘက်သို့ တစ်ချက်ကြည့်၏။

" အဲဒီ သွေးမျိုးဆက် ပိုင်ရှင်က ထွက်မသွားဘူးဆိုမှတော့ ငါကိုယ်တိုင်ပဲ သူ့ကို ပို့ဆောင်ပေးလိုက်မယ်”

ဝတ်ရုံနက်သည် လူသတ်လိုစိတ်များသာမက စိတ်အားထက်သန်မှုများဖြင့် ဆက်ပြောသည်။

“ဒါတွေအားလုံးက လောကကြီးအတွက်ပဲ”

ဝမ်အထိန်းတော်၏ မျက်လုံးများမှာလည်း စိတ်အားထက်သန်မှုများ ပြည့်လျှံလာသည်။

“ဒါတွေအားလုံးက လောကကြီးအတွက်ပဲ”

သူမကလည်း သံယောင်လိုက်၏။

လူအများ၏ အထင်လွဲခြင်းကို ခံရပါစေ၊ ကျိန်ဆဲခြင်းဒဏ်ကို ထမ်းပိုးရပါစေ၊ သူတို့သည် နောက်မဆုတ်တမ်း ရှေ့သို့ ဆက်သွားမည် ဖြစ်သည်။

လောကကြီးကို ကယ်တင်ရန်အတွက် တွေးနေရင်းမှ ဝမ်အထိန်းတော်သည် ဆေးကိုမည်သို့သုံးမည်ဟု စဥ်းစားနေ၏။

သို့သော်လည်း ထိုအချိန်တွင် တည်ငြိမ်သောအသံတစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။

“ဒါနဲ့ ငါပြောဖို့ မေ့နေလို့၊ ငါ့နာမည်က ကျိယွမ်၊ ဒါပေမဲ့ ငါ့ရဲ့ နာမည်ပြောင်က 'လောကကြီး' တဲ့။ မင်းတို့က လောကကြီးအတွက်လို့ ပြောနေတော့.. ငါ့အတွက်... မင်းတို့ကိုယ်မင်းတို့ သတ်ပေးနိုင်မလား”

ပေါ့ပေါ့ပါးပါးအသံဆုံးသည်နှင့် ဝတ်ရုံနက်နှင့်လူ၏ မလှမ်းမကမ်းတွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပျင်းရိသော အမူအရာဖြင့် ကျိယွမ်သည် ထိုနေရာတွင် ရပ်နေ၏။

သစ်ရွက်များကြားမှ ဖြတ်သန်းကျလာသော နေရောင်ခြည်သည် သူ၏ ကိုယ်ပေါ်သို့ အရိပ်များ ကျရောက်နေစေကာ ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

မမျှော်လင့်ထားဘဲ ကျိယွမ်ကို မြင်သောအခါ ဝတ်ရုံနက်နှင့် ဝမ်အထိန်းတော် နှစ်ဦးစလုံး လန့်သွားကြသည်။

“မင်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”

သူတို့သည် သင်္ချိုင်းအပြင်ဘက်တွင် တိုင်ပင်နေကြခြင်း ဖြစ်၏။

ကျိယွမ်က မည်သို့ သိနိုင်မည်နည်း။

ပိုအရေးကြီးသည်မှာ သူသည် မည်သည့်အသံမှ မကြားရဘဲ လေထဲမှရုတ်တရက်ပေါ်လာခြင်း ဖြစ်သည်။ ဤအရာသည် အထွတ်အထိပ်သိုင်းဘုရင် တစ်ဦးပင် လုပ်ရန်ခက်ခဲသော အရာဖြစ်၏။

“မင်းတို့ ငါ့နောက်ကွယ်မှာ ကြံစည်နေတာကို ငါ အမှတ်မထင် ကြားလိုက်လို့ ဒီကို လာခဲ့တာပါ”

ကျိယွမ်က လေအဝှေ့တွင် လွင့်ပါလာသော သစ်ရွက်ခြောက်လေးတစ်ခုကို လက်နှစ်ချောင်းဖြင့် ဆက်ခနဲဖမ်းယူကာ လေဖြင့်မှုတ်လိုက်ရင်းမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

သူ့အတွင်းရှိ စိတ်ဝိညာဥ်များ နိုးထလာမှုနှင့်အတူ ကျိယွမ်၏ မသေမျိုးကျင့်စဉ်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာ၏။

ယခု သူသည် ယင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေလေပြီ။

ယင်နတ်ဘုရားများသည် ယန်နတ်ဘုရားများကဲ့သို့ ကောင်းကင်ဘုံကို မစူးစမ်းနိုင်သော်လည်း လောကကြီးကို နားထောင်နိုင်စွမ်း ရှိသည်။

အကယ်၍ အနီးအနားတွင် တစ်စုံတစ်ယောက်က သူ့အကြောင်း မကောင်းပြောလျှင် သူချက်ချင်းသိနိုင်၏။

အကယ်၍ တစ်စုံတစ်ယောက်က သတို့သမီးလေး ၊ကျူးယန် သို့မဟုတ် ကျင်းလီ ကဲ့သို့ သူချစ်ရသူများအကြောင်း မကောင်းပြောလျှင်လည်း သူ ကြားနိုင်၏။

ဝတ်ရုံနက်၏ အစပိုင်း ထိတ်လန့်မှုများ ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုဖြင့် အစားထိုးလိုက်သည်။

“မင်း ဒီကို ရောက်လာပြီဆိုမှတော့ ငါ တမင်တကာလာနေဖို့ မလိုတော့ဘူးပေါ့။ လောကကြီးအတွက်...လူကြီးမင်း... ကျေးဇူးပြုပြီး သေပေးပါ”

သူ၏ အသံကတည်ငြိမ်နေပြီး မျက်နှာထားမှာလည်း တည်ကြည်ပြီး ဖြောင့်မတ်သော အမူအရာ ဖြစ်သွားသည်။

သူသည် သွေးစွန်းနေသော ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။

ထိုကျောက်တုံးသည် သိုင်းနတ်ဘုရားတစ်ပါး၏ သွေးဖြင့် မှတ်သားထားခြင်း ဖြစ်သည်။

သိုင်းနတ်ဘုရားများသည် အလွန်အစွမ်းထက်ကြပြီး လက်သီးတစ်ချက်တည်းဖြင့် နိုင်ငံတစ်ခုလုံးကို ဖျက်ဆီးနိုင်သည်။ ခြောက်သွေ့နေသော သွေးစက်လေး တစ်စက်တည်းဖြင့်ပင် ထိပ်တန်းအဆင့်သိုင်းဘုရင်တစ်ဦးကို အလွယ်တကူ ချေမှုန်းနိုင်၏။

သိုင်းဘုရင်နှင့် သိုင်းနတ်ဘုရားသည် လုံးဝ ကွဲပြားခြားနားသော အဆင့်များပင်။

သိုင်းနတ်ဘုရား၏ သွေးကို ကိုင်ထားရင်း ဝတ်ရုံနက်နှင့်လူသည် ယုံကြည်မှုများ ပြည့်နှက်နေသည်။

ကျိယွမ်သည် မျှော်လင့်မထားဘဲ ပေါ်လာနိုင်သဖြင့် အစွမ်းထက်သည်မှာ သေချာသော်လည်း သူ့အတွက် အရေးမကြီးပါ။

သိုင်းနတ်ဘုရားအဆင့်သို့ မရောက်ရှိပါက ကျန်ရှိသူအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်သည်။

“မင်းသေပြီးရင် ငါ မင်းကို မှတ်မိနေမှာဖြစ်သလို မင်းအတွက် ဂုဏ်ပြုမှတ်တိုင်တစ်ခုလည်း စိုက်ထူပေးမယ်။ မင်းက လောကကြီးကို ကယ်တင်ဖို့အတွက် ပါဝင်ကူညီခဲ့တာဖြစ်လို့ နောင်လာနောက်သားတွေက မင်းကို ရိုရိုသေသေ ပြောကြလိမ့်မယ်”

ဝတ်ရုံနက်နှင့်လူက ပြောရင်း ကျောက်တုံးမှာ ပို၍ ကြီးမားလာသည်။

အစွမ်းထက်ပြီး လူသတ်လိုသော အငွေ့အသက်များ ပတ်ဝန်းကျင်သို့ ပြန့်လွင့်လာ၏။

ဝတ်ရုံနက်နှင့်လူသည် သူကိုယ်တိုင် အားကောင်းလာသည်ဟု ခံစားရပြီး အရာအားလုံး၏ အသက်နှင့်သေခြင်းကို ထိန်းချုပ်နိုင်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားနေရသည်။

“မင်းက တော်တော် စိတ်ကောင်းရှိတဲ့သူပဲ။ ဒါပေမဲ့ ငါက စိတ်ပုတ်တတ်တာ ဆိုးတာပဲ။ မင်းသေပြီးရင် ငါ မင်းကို အုတ်ဂူမှတ်တိုင် လုပ်ပေးမှာမဟုတ်သလို မင်းနာမည်ကိုလည်း ဘယ်သူမှ မှတ်မိမှာမဟုတ်ဘူး။ ကြည့်လေ ...အခု ငါတောင် မင်းနာမည်ကို မသိဘူး”

ကျိယွမ်က ဝတ်စုံနက်အားတည်ငြိမ်စွာ တုနိ့ပြန်လိုက်သည်။

သူ ခရီးသွားခဲ့သည့် ကမ္ဘာများတွင် လူမျိုးစုံကို သူ တွေ့မြင်ခဲ့ဖူးသည်။

ဝတ်ရုံနက်နှင့်လူကဲ့သို့ 'စွန့်လွှတ်အနစ်နာခံသူ' များကိုလည်း သူ တွေ့ဖူး၏။

ဥပမာအားဖြင့် ကန်းလန်ကမ္ဘာ တွင် 'ကံကြမ္မာတောင်ကုန်း'ဆိုသော နေရာရှိသည်။

ကျိယွမ်သည် ကပ်ဘေးဆိုးကြီးကို ခုခံတိုက်ခိုက်နေသောကြောင့် ထိုအဖွဲ့က ကျိယွမ်သည် ကပ်ဘေးဆိုးကြီးကို ပို၍ အမျက်ထွက်စေပြီး ကန်းလန်ကမ္ဘာကို ကပ်ဆိုးကျရောက်စေမည်ကို ကြောက်ရွံ့ကြသည်။

ထို့ကြောင့် သူတို့က ကျိယွမ်ကို ခွေးရူးကိုက်ထားသောငှက်ကိုလွှတ်ပြီး ကျိန်ဆဲခဲ့ကြရာ ကျိယွမ်က ထိုအရာကို ရယ်စရာဟု ထင်ခဲ့၏။

သတ်ဖြတ်မည့် ဓားသည် သင့်ခေါင်းပေါ် ရောက်နေချိန်တွင် ပြန်လည်ခုခံရန်ကြိုးစားရမည့်အစား သတ်ဖြတ်မည့်သူ အမျက်ထွက်ပြီး ပိုပြင်းပြင်းထန်ထန် ခုတ်မည်ကို စိုးရိမ်နေခြင်းမှာ အဓိပ္ပာယ်မရှိပေ။

ကျိယွမ်၏အမြင်တွင် ပုထျန်းခန်းမသည်လည်း ကံကြမ္မာတောင်ကုန်းနှင့် အလွန်တူသည်ဟု ခံစားရ၏။

“ငါ သဘောပေါက်ပြီ။ မင်းက မိစ္ဆာနှိမ်နင်းရေးနန်းတော်ရဲ့ အရှင်သခင် ဖြစ်ရမယ်။ အဲဒါကြောင့်လည်း မင်းက ဒီလောက် ယုံကြည်မှုရှိနေတာပေါ့။ ဒါပေမဲ့ ဒါက တောင်တန်းနဲ့မြစ်ပန်းချီကားချပ်ထဲမှာပဲ။ ဒီနေရာမှာ ပုထျန်းခန်းမက စိုးမိုးထားတာ”

ထိုသို့ပြောလိုက်စဥ်မှာပင် ဝတ်စုံနက်၏လကိထဲမှ သိုင်းနတ်ဘုရား၏ သွေးသည် စတင်လင်းလက်လာသည်။

တောင်နှင့်မြစ်ချီကားချပ်များအားလုံးတွင် သိုင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားကို မည်သည့်အရာကမျှ မခုခံနိုင်ပေ။

“လောကကြီးက မင်းရဲ့ စတေးမှုကို မှတ်မိနေမှာပါ”

ဝတ်ရုံနက်နှင့်လူက တည်ကြည်ဖြောင့်မတ်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

သူက တကယ်ကို အတည်ပေါက်ကြီး မှာကြားနေခြင်းပင်။

ကျိယွမ်ကတော့ ဝတ်စုံနက်အား အရူးတစ်ယောက်လိုကြည့်ကာ ပျင်းရိစွာ ခေါင်းယမ်း၏။

“ငါ ဒီကို လာတာ ဂိမ်းကစားဖို့၊ မင်းတရားဟောတာကို နားထောင်ဖို့ မဟုတ်ဘူး။ ဒီဂိမ်းရဲ့ ဒီဇိုင်နာတွေက တော်တော် ပျင်းစရာကောင်းတာပဲ”

ကျိယွမ်သည် ထိုအတိုင်း အတိအကျ ခံစားနေရသည်။

ယခုဂိမ်းထဲရှိ တာဝန်တိုင်းမှာ ဇာတ်လမ်းလေးများ ရှိသည်။ ဇာတ်လမ်းများကလည်း အမြဲတမ်း နောင်တများ၊ မတတ်သာမှုများနှင့် နာကျင်မှုများ ပြည့်နေ၏။

ဂိမ်းဒီဇိုင်နာများက ကြေကွဲစရာကောင်းသော ဇာတ်လမ်းလေးများကို ကစားခိုင်းကာ ကစားသမားများအပေါ် စွဲထင်ကျန်ရစ်အောင် လုပ်ချင်နေပြီး သူတို့ကို လွှမ်းမိုးဖို့ ကြိုးစားနေပုံရသည်။

ကျိယွမ်၏ အမြင်တွင်မူ ဒီဇိုင်နာများသည် အပေါ်ယံ ဟန်ဆောင်ကောင်းနေပြီး လေးနက်ချင်ယောင် ဆောင်နေကြခြင်းသာ ဖြစ်သည်။

“ဘယ်သူ့ဆီမှာ ဒီဇိုင်နာရဲ့ ဖုန်းနံပါတ် ရှိလဲ။ ငါ သူတို့ကို ဖုန်းဆက်ပြီး ငါ ဒီကိုလာတာ ဂိမ်းကစားဖို့၊ ဇာတ်လမ်းနားထောင်ဖို့ မဟုတ်ဘူးလို့ သတိပေးရမယ်။ ငါက သတ်မယ် ၊ ပြီးရင် သတ်မယ် ၊ ပြီးတော့ ဆက်သတ်မယ် ၊ ဒါမျိုးပဲ လိုချင်တာ”

ထို့သို့ပြောပြီးမှ သူက တစ်ခုခုကို သတိရသွား၏။

“အော်... ဒါက အလကားဆော့ရတဲ့ဂိမ်းပဲ။ ငါက ဖရီးကစားနေတဲ့သူ။ ထားလိုက်ပါတော့၊ ဒီဇိုင်နာတွေ လုပ်ချင်တာ လုပ်၊ ငါကတော့ ဆက်သတ်နေမှာပဲ"

ကျိယွမ်သည် ဤသို့ပြောရင်း ဝတ်ရုံနက်နှင့်လူကို အေးစက်စွာကြည့်လိုက်သည်။

ထို့နောက် ရွှင်မြူးစွာအော်ဟစ်လိုက်၏။

"သတ်...."

သူသည် ပေါက်ကွဲလက်သီးကို ထုတ်သုံးလိုက်ခြင်းပင်။

ကျိယွမ်၏ အစွမ်းထက်သော လက်သီးချက်သည် လောကကြီးကို ဖျက်ဆီးနိုင်ပုံ ရပြီး သွေးအရှိန်အဝါများက တဟီးဟီးထနေ၏။

ဝုန်း.....

သိုင်းနတ်ဘုရား၏ သွေးစက်စွန်းနေသော ကျောက်တုံးသည် ချက်ချင်း ကြေမွသွားတော့သည်။

ဝတ်ရုံနက်နှင့်လူ၏ မျက်နှာပေါ်ရှိ ယုံကြည်နေသောအမူအရာမှာ တောင့်ခဲသွားသည်။

“သိုင်း... သိုင်းနတ်ဘုရား”

သူက စိတ်နှင့်လူမကပ်စွာရေရွတ်လိုက်မိ၏။

ကျိယွမ် ယခုထုတ်လိုက်သည့် တိုက်ကွက်မှာ ငြင်းမရအောင်ပင် သိုင်းနတ်ဘုရားအဆင့် ဖြစ်သည်။

ယခုလောက်လွှမ်းမိုးနိုင်ပြီး အနှိုင်းမဲ့သောစွမ်းအားမျိုးသည် သိုင်းနတ်ဘုရားတစ်ပါး၌သာ ရှိနိုင်သည် မဟုတ်ပါလား။

မယုံကြည်နိုင်သလို အရိပ်အယောင်များ ဝတ်ရုံနက်၏ မျက်လုံးများတွင် ဖြတ်သန်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အပိုင်းအစများအဖြစ် ကြေမွပျက်စီးသွားသည်။

သူသည် ထိပ်တန်းသိုင်းဘုရင်တစ်ဦး ဖြစ်သလို သိုင်းနတ်ဘုရားတစ်ပါး၏ သွေးစက် ရှိသော်လည်း၊ ကျိယွမ်၏ ရှေ့တွင်မူ အလွန်အားနည်းနေဆဲပင်။

နတ်ဘုရားနှင့် လူသားတို့၏ ကွာခြားချက်ပင်တည်း။

“ဖုန်မှုန့်တွေပဲ ကျန်တော့တာဆိုတော့။ အုတ်ဂူမှတ်တိုင် မလိုတော့ဘူးထင်တယ်”

ကျိယွမ်က ဝတ်ရုံနက်ကို သတ်ပြီးနောက် ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးသည်။

ဝမ်အထိန်းတော်သည် တုန်ရင်နေပြီး သူမ၏ အိုမင်းသောမျက်နှာမှာ ထိတ်လန့်မှုနှင့်အတူ မယုံကြည်နိုင်မှုများဖြင့် ပြည့်နေ၏။

“တောင်တန်းနဲ့မြစ်ပန်းချီကားချပ်ထဲမှာ သိုင်းနတ်ဘုရားတစ်ပါး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဒီမှာ သိုင်းနတ်ဘုရားတစ်ပါးဘယ်လိုရှိနေနိုင်မှာလဲ”

သူမက မယုံနိုင်စွာဖြင့် ကယောင်ကတမ်းရေရွတ်နေပြီး ကျိယွမ်အား တုန်လှုပ်သောမျက်ဝန်းများဖြင့်ကြည့်နေသည်။

ကျိယွမ်သည် အထွတ်အထိပ်သိုင်းဘုရင်တစ်ဦးဖြစ်နေလျှင်ပင် ဘိုးဘေးသွေးမရှိဘဲ သိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်စရာမရှိပါ။

မူလဇစ်မြစ်နယ်မြေမှ ဘိုးဘေးသိုင်းဘုရင်များကလည်း ထိုနေရာမှ ထွက်ခွာ၍ မရပါ ၊ ထွက်ခွာခြင်းသည် သေခြင်းကို ဆိုလိုသည်။

ထို့ကြောင့် သိုင်းဘုရင်များရှိသည့် ပုထျန်းခန်းမသည် တောင်တန်းနှင့်မြစ်ပန်းချီကားများထဲတွင် လှည့်လည်သွားလာရင်း လောကစည်းမျဉ်းများကို ပြင်ဆင်နေကြခြင်း ဖြစ်၏။

“မဖြစ်နိုင်တာဆိုတာ မရှိဘူး ၊ မဖြစ်သေးတာပဲ ရှိတယ် "

ကျိယွမ်က တည်ငြိမ်စွာ ပြန်ပြောရင်း ဝမ်အထိန်းတော်ကို ကြည့်လိုက်သည်။

“ဟန်ရှန်းယွမ်ရဲ့ သတို့သမီးလောင်း လုပ်ဖို့ စိတ်ဝင်စားလား”

ဝမ်အထိန်းတော်သည် အလွန်ထိတ်လန့်နေဆဲဖြစ်ပြီး ဖြစ်ပျက်သွားသည်များကို နားမလည်နိုင်သေးသော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားပြီး စကားဆို၏။

“ကျိယွမ်... ကျေးဇူးပြုပြီး ဒါကို ရပ်လိုက်ပါ”

သူမက လေသံပျော့ဖြင့် တောင်းပန်သည်။

“ရှင် သိုင်းဘုရင်အဆင့်ကို ဘယ်လိုတက်သွားလဲ ငါမသိဘူး၊ ရှင့်မှာ ကံကောင်းမှုတစ်ခုခု ဒါမှမဟုတ် ထူးခြားတဲ့ ကံကြမ္မာရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမဲ့ လောကဆိုတဲ့ကြီးမားတဲ့မြင်ကွင်းကနေကြည့်ရင် သိုင်းဘုရင်တစ်ယောက်တောင်မှ ဘာမှအရေးမပါဘူးဆိုတာ ရှင်သိလာလိမ့်မယ်"

"အရုဏ်ဦးတေးသံရောက်လာဖို့ နှစ် ၃၀၀၀ တောင် မလိုတော့ဘူး။ ငါတို့ ပုထျန်းခန်းမက လောကစည်းမျဉ်းတွေကို မှန်အောင်ပြန်ပြင်ရမယ်၊ ဒါမှ လောကကြီး အမှားအယွင်းမရှိ ပြန်စနိုင်မှာ”

သူမက ယခုလိုအချိန်မှာပင် သူမ၏ကြီးမြတ်သော တာဝန်ကို မမေ့ပါ။

“ကျုပ် အဲဒါတွေကို စိတ်မဝင်စားဘူး။ ရှင်းရှင်း ပြောစမ်းပါ"

ကျိယွမ်၏ အသံမှာ အေးစက်နေပြီး လောကကြီး ဘာဖြစ်မည် ၊ ညာဖြစ်မည်ကို စိတ်မဝင်စားကြောင်း သိသာလှသည်။

သူသည် ထိုသို့သော စကားမျိုးကို ရှန်းလဲ့ထံမှ ကြားဖူးပြီးသား ဖြစ်သည်။

သို့သော်လည်း ဂိမ်းပြန်စခြင်းက သူနှင့် မသက်ဆိုင်ပါ ။ ၄င်းက ပရိုဂရမ်မာများ၏ ကိစ္စပင် ။

ထို့ပြင် မည်သည့်အရာက အစစ်အမှန် သို့မဟုတ် အတုအယောင်ဖြစ်သည်ကို မည်သူက အတတ်ပြောနိုင်မည်နည်း။

ဝမ်အထိန်းတော်က ရိုးသားစွာ ပြောနေခြင်းဖြစ်လျှင်ပင် ကျိယွမ်သည် ယိမ်းယိုင်သွားမည်မဟုတ်ပေ။

အတွေ့အကြုံအရ သမိုင်းဆိုသည်မှာ အောင်နိုင်သူများက စိတ်ကြိုက်ရေးသားထားခြင်းဖြစ်ပြီး အဖြစ်မှန်နှင့်လွဲမှားနိုင်ကြောင်း သူ သိထား၏။

“ကြီးမားတဲ့ အကျိုးစီးပွားကို ထည့်တွက်ပြီး ဝမ်ယွမ်ယွီနဲ့ ထူခွမ်ကို ပေါင်းစည်းပေးဖို့၊ သူတို့ကို ဖြစ်သင့်တဲ့ လောကစည်းမျဉ်းအတိုင်း လျှောက်လှမ်းခွင့်ပေးဖို့ ငါတောင်းဆိုပါတယ်။ ငါ... ငါ တောင်းပန်ပါတယ်”

ဝမ်အထိန်းတော်က အလေးအနက် ပြောကာ အရိုအသေပေးလိုက်သည်။

ထိုသို့ပြောပြီးနောက် ဝမ်အထိန်းတော်သည် သူမ၏ ဦးခေါင်းကို သူမ၏ လက်ဝါးဖြင့် ပြတ်ပြတ်သားသား ရိုက်ချလိုက်ကာ ဦးခေါင်းခွံကို ချက်ချင်း ကြေမွစေလိုက်သည်။

သွေးများ ပန်းထွက်လာပြီး သူမသည် အသက်မဲ့စွာ လဲကျသွားလေ၏။

သူမကိုယ်သူမ စတေးခြင်းဖြင့် ကျိယွမ်၏ စိတ်ကို ပြောင်းလဲနိုင်ရန် မျှော်လင့်နေပုံရသည်။

အကယ်၍ ကျိယွမ်သာ ဤမျှ အစွမ်းမထက်ပါက သူမသည် သူ့ကို တွန့်ဆုတ်ခြင်းမရှိဘဲ သတ်ပစ်မှာ သေချာ၏။

ကျိယွမ်သည် သူမကို အေးစက်စွာ ကြည့်နေပြီး မည်သည့် တုံ့ပြန်မှု သို့မဟုတ် မည်သည့်သနားဂရုဏာမှ မပြသပေ။

“နှမြောစရာပဲ... ဟန်ရှန်းယွမ်က တကယ့် အံ့သြဖို့ကောင်းတဲ့ ဇနီးတစ်ယောက် ဆုံးရှုံးသွားတာပဲ”

သူက စိတ်ပျက်သလိုခေါင်းခါရင်း ရေရွတ်သည်။

“နေဦး....အခုဆိုရင် ငါက မြင့်မြတ်တဲ့သူတစ်ယောက်ကို သေအောင်လုပ်တဲ့ ဗီလိန်ကြီး ဖြစ်သွားပြီလား”

“ဗီလိန်တွေက ဘယ်လိုသရုပ်ဆောင်ရတာပါလိမ့်”

ကျိယွမ်က ထိုသို့တွေးကာ ခေတ်စားသော ဗီလိန်များကဲ့သို့ လူယုတ်မာအပြုံးကြီးဖြင့် ရယ်မောလိုက်တော့သည်။

"ငှဲငှဲ ... ငှဲငှဲငှဲ "

...................

သုံးလတာအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ထိုကာလအတွင်း အရာများစွာ ဖြစ်ပျက်ခဲ့၏။

ပုထျန်းခန်းမအဖွဲ့ဝင်အချို့သည် ကျိယွမ်ကို လုပ်ကြံရန် ကြိုးစားခဲ့ကြသော်လည်း သူက အလွယ်တကူပင် အနိုင်ယူ သတ်ဖြတ်ခဲ့သည်။

ထူခွမ်မှာလည်း ဝမ်ယွမ်ယွီ၏ နှလုံးသားကို မရရှိသေးဘဲ မျှော်လင့်ချက်မရှိသော အချစ်ရူးတစ်ယောက်ကဲ့သို့ ဆက်ရှိနေသည်။

ဝမ်ယွမ်ယွီသည် ထူခွမ်ကို ချစ်မသွားခဲ့သလို ကျိယွမ်ကိုလည်း သူငယ်ချင်းတစ်ဦးအဖြစ်သာ ရှုမြင်သည်။

ဤသို့ဖြင့် အဓိကဇာတ်ကောင်နှစ်ဦးမှာ မူလဇာတ်ညွှန်းအတိုင်း မဖြစ်လာခဲ့ပေ။

သို့သော် ချီးကျူးစရာမှာ 'ဗီလိန်' မာလုံဟွန်းက သူ၏တာဝန်ကို အလွန်အပတ်တကုတ် ကြိုးစားနေပြီး 'မူလအချိန်မျဉ်း' အတိုင်း ဝမ်ယွမ်ယွီကို တိုက်ခိုက်ခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း ထူခွမ်သည် မာလုံဟွန်း၏ တိုက်ကွက်ကို ရှေ့မှ ထွက်၍ကာဆီးခဲ့ပြီး နောက်ဆုံးတွင် သေဆုံးသွားခဲ့ကာ သူ၏ 'သစ္စာရှိခွေးလေးတစ်ကောင်လိုအချစ်' အတိုင်း အနစ်နာခံသွားခဲ့လေ၏။

သို့သော်လည်း ဝမ်အထိန်းတော် ခန့်မှန်းထားသလို ဝမ်ယွမ်ယွီသည် မိမိကိုယ်ကိုယ် သတ်သေကာ ထူခွမ်နောက်သို့ လိုက်သွားခဲ့ပေ။

ကျိယွမ်သည် နောက်ဆုံးတွင် မာလုံဟွန်းနှင့် တွေ့ဆုံကာ သူ့ကို အလွယ်တကူ သတ်ပစ်လိုက်၏။

ဘာလို့ ကျိယွမ်က ထူခွမ်ကို မကယ်ခဲ့တာလဲလို့ သင်တို့ မေးကြလိမ့်မည်။

ကောင်းပြီ..ပထမအချက်က သူတို့က ရင်းနှီးတဲ့သူတွေ မဟုတ်ဘူး။

ဒုတိယအချက်က ကျိယွမ်ကလည်း မကယ်ချင်ဘူး။

တတိယအချက်က ဂိမ်းတာဝန်က သူ့ကို ထူခွမ်ကို ကာကွယ်ဖို့ မတောင်းဆိုထားဘူး။

“တာဝန် ပြီးပြီ၊ ငါ ထွက်သွားဖို့ အချိန်တန်ပြီထင်တယ်။ ငါ ဒီမှာ လိုတာထက်ပိုကြာအောင် နေခဲ့မိတာပဲ။ ကိုယ်ခံပညာပြိုင်ပွဲအချို့ လွတ်သွားပြီ... အဲဒါက ဆုံးရှုံးမှုပဲ”

ကျိယွမ်က ခေါင်းခါရင်း အနည်းငယ် နောင်တရစွာ ညည်းညူလိုက်သည်။

စစ်မှန်သော လူသားလမ်းစဉ်သိုင်းဘုရင်ဖြစ်လာရန်အတွက် သူသည် ကိုယ်ခံပညာပြိုင်ပွဲ ၁၀၀ပွဲ ဆက်တိုက် အနိုင်ရရန် လိုအပ်သည်။

သူသည် တောင်နှင့်မြစ်ပန်းချီကားများထဲ ရောက်နေချိန်တွင် ကိုယ်ခံပညာပြိုင်ပွဲများကို မဝင်နိုင်သောကြောင့် သူ၏ ဆက်တိုက်အနိုင်ရလဒ်ကို ထိခိုက်စေနိုင်၏။

ထို့ကြောင့် ဤသို့သော အခြေအနေမျိုးတွင် သူ၏ဇနီးကျူးယန်က သူ့အတွက် ပြိုင်ပွဲများကို ခေတ္တရပ်ဆိုင်းပေးထားလေ့ ရှိသည်။

ပြောရလျှင် ကိုယ်ခံပညာပြိုင်ပွဲသည် ကျိယွမ်အတွက် သီးသန့်ဖန်တီးထားခြင်းသာ ။သူမရှိလျှင် ပြိုင်ပွဲမရှိချေ။

ဝမ်ယွမ်ယွီသည် ကျိယွမ်ကို တစ်လှည့်၊ ထူခွမ်၏ အလောင်းကို တစ်လှည့် ကြည့်နေသည်။

သူမသည် အနည်းငယ် လွမ်းဆွေးနေပုံရသည်။

“ဝမ်အထိန်းတော် ပြောသလိုပဲ၊ သူက ကျွန်မကို ကယ်ဖို့ သူ့အသက်ကို ပေးသွားခဲ့တယ်။ ဒါပေမဲ့... ကျွန်မ ဘာဝမ်းနည်းမှု ဒါမှမဟုတ် ကျေးဇူးတင်မှုကိုမှ မခံစားရဘူး။ ကျွန်မက... နှလုံးသားမရှိတဲ့သူလား”

သူမက သူမကိုယ်သူမ နားမလည်သလို ဆိုသည်။

“ဖြစ်နိုင်ပါတယ်”

ကျိယွမ်က ရယ်မောရင်း ပြန်ပြောလိုက်၏။

“သာမန်ယောကျ်ားလေးဖြစ်တဲ့ ငါနဲ့ ဒီလောက်အချိန်အကြာကြီး အတူနေတာတောင် မင်း ငါ့ကို စိတ်မဝင်စားဘူးပဲ။ ကြည့်ရတာ မင်းက တကယ်ပဲ အေးစက်တဲ့သူ ဖြစ်ရမယ်”

“အဲဒါက... မကောင်းတဲ့အရာလား”

ဝမ်ယွမ်ယွီက တွေဝေစွာ မေးသည်။

“ဘာက ကောင်းပြီး ဘာက မကောင်းတာလဲ”

စကားပြောနေရင်း ကျိယွမ်၏ ပုံရိပ်မှာ ဝေဝါးလာနေသည်။

“ဒီလောကကြီးမှာ တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်တာက ပိုကောင်းတယ်။ တကယ်လို့ မင်းက ငါ့ကို လာထိရင်တော့ မင်း ဘယ်လောက်ပဲ ကောင်းကောင်း အဲဒါက မကောင်းတဲ့အရာဖြစ်သွားမှာပဲ”

ဝမ်ယွမ်ယွီသည် သူ၏ စကားကြောင့် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ရှင် ထွက်သွားတော့မလို့လား”

“အင်း၊ ငါ ပြန်တော့မယ်။ ငါ့ဇနီးတွေကို မတွေ့ရတာ ကြာပြီ။ ငါ သူတို့ကို လွမ်းတယ်”

“ကျွန်မတို့ ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်”

ဝမ်ယွမ်ယွီက ရိုးသားစွာ နှုတ်ဆက်သည်။

ကျယ်ပြောပြီး ထူးဆန်းသော လောကကြီးတွင် စကားပြောဖော်ရခြင်းမှာ ရှားပါးသော ကောင်းချီးတစ်ခု ဖြစ်၏။

“မင်း အသက်ရှည်ရှည် နေနိုင်သရွေ့တော့ အမြဲတမ်း အခွင့်အရေး ရှိပါတယ်”

ကျိယွမ်က အလိုက်သင့် ပြန်ပြောပြီး နောက် သူ အတွေးတစ်ခု ရသွားသကဲ့သို့ ဝမ်ယွမ်ယွီအား ကြည့်၏။

“မင်းသိလား၊ ဒရာမာကားတွေ ကြည့်တာက ပြဿနာမရှိဘူး၊ အဲဒီထဲမှာ ပါဝင်နေတယ်လို့ ခံစားရတာလည်း ရတယ်။ ဒါပေမဲ့ အဲဒါတွေကို အတည်ကြီး မယူနဲ့။ အဲဒါက ဆိုရှယ်မီဒီယာပေါ်က ခေတ်စားနေတဲ့ အရာတွေကို ကြည့်နေရသလိုပဲ ၊ တခြားလူတွေ ပြချင်တာကိုပဲ မင်း မြင်နေရတာ”

ဝမ်ယွမ်ယွီမှာ အနည်းငယ်မျက်ခုံးကျုံ့သွားပြီး ခပ်ဖွဖွ ခေါင်းညိတ်သည်။

“ဘာကြောင့်လဲမသိဘူး၊ အဲဒါက ပညာရှိဆန်တယ်။ ရှင်က တကယ့် ပညာရှိတစ်ယောက်လိုပဲ”

သူတို့နှစ်ဦးသည် အချင်းချင်း ချီးမွမ်းစကားများ ပြောလိုက်ကြသည်။

“မင်းလည်း မဆိုးပါဘူး”

ကျိယွမ်က သူမခေါင်းပေါ်က အိတ်အနက်ကြီးကို ကြည့်ကာ ပြုံးစိစိဖြစ်သွား၏။

“ပြန်ပေးဆွဲသမား လုပ်ဖို့ အကွက်ပဲ”

“နောက်တစ်ခါ တွေ့ရင် ငါ မင်းကို ခေါင်းမစွပ်တော့ဘူး ခြေအိတ်ရှည်တစ်စုံ ပေးမယ်”

ကျိယွမ်က ထပ်ပြောသည်။

“မင်း အဲဒါကို ငါ့အတွက် ဝတ်ပေးရမယ်”

ဝမ်ယွမ်ယွီက ရယ်မောလိုက်ပြီးမှ သူမ နားမလည်ခဲ့သော အရာကို မှတ်မှတ်ရရ မေးလိုက်သည်။။

“ကောင်းပါပြီ။ ဒါနဲ့... TV ဒရာမာ ဆိုတာ ဘာလဲ”

သူမသည် စောစောက ကျိယွမ်ကို ပညာရှိဟု ခေါ်ခဲ့ခြင်းမှာ မြှောက်ပင့်ပြောဆိုခြင်းသာ ဖြစ်ကြောင်း ထင်ရှားသည်။

ဝန်ခံရလျှင် သူပြောခဲ့သည်များကို သူမ တစ်ခုမှ နားမလည်ခဲ့ပါ။

“အင်း... မင်းက ဒရာမာထဲမှာ နေထိုင်နေတာ။ ငါကတော့ ပရိသတ်ပဲ”

ထိုစကားနှင့်အတူ ကျိယွမ်၏ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။

ဝမ်ယွမ်ယွီသည် ကျိယွမ်ရှိနေခဲ့သော နေရာကို ငေးကြည့်ကာ တစ်ယောက်တည်းကျန်ရစ်ခဲ့လေ၏။

"ဒါတွေက တကယ်ပဲ ဒရာမာတွေလား "

All Chapters