← Chapters

အခန်း (၃၅၈-၃၅၉)

Vol. 33 Ch. 358-359

အခန်း (၃၅၈-၃၅၉)

Vol. 33 Ch. 358-359

အခန်း ၃၅၈ - သူတို့သာ သိုင်းပညာပြိုင်ပွဲကို ရပ်တန့်ရဲရင်၊ သူတို့မြင်အောင် ဂြိုဟ်တစ်လုံးကို ငါဖောက်ခွဲပြလိုက်မယ်...

ခံတပ်စခန်းတွင် ဖြစ်သည်။

ကျိယွမ်၏ပုံရိပ်သည် တဖြည်းဖြည်းနှင့် ထင်ရှားလာ၏။

တာဝန်ပြီးဆုံးပြီဖြစ်သောကြောင့် သူသည် စခန်းသို့ ပြန်ရောက်လာခဲ့ခြင်းပင်။

"ဒီတစ်ခါတာဝန်ရဲ့ ဆုလာဘ်က နည်းနည်းတော့ ရိုးရှင်းလွန်းတယ်"

သွေးနီရောင်ဆေးလုံးကို ကြည့်ရင်း ကျိယွမ်သည် သိပ်စိတ်ဝင်စားပုံမရပေ။

သို့သော် ဆုလာဘ်အသေးအမွှားပင် ဖြစ်ပါစေ ဆုလာဘ်ပင် ဖြစ်သောကြောင့် သူသည် ဆေးလုံးကို မျိုချလိုက်သည်။

ထို့နောက် သူ၏ကျောက်ခန်းထဲမှ ထွက်လာပြီး ယခင်ကထက် ဆယ်ဆခန့် ပိုမိုကြီးမားလာသော ခံတပ်ကို လှည့်ပတ်ကြည့်ရှုနေသည်။

နှစ်ပေါင်းများစွာအတွင်း ကျိယွမ်သည် တာဝန်များစွာကို ပြီးမြောက်ခဲ့ပြီး သေခြင်းစွမ်းအင်ကမ္ဘာအတွင်းရှိ ခံတပ်သည်လည်း သိသိသာသာ ကျယ်ပြန့်လာခဲ့၏။

ခံတပ်ငယ်များစွာသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြခြင်းပင်။

ယခင်က ခံတပ်ငယ်လေးများသည် ယခုအခါ ခံတပ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။

ခံတပ်ကြီးများတွင် အစွမ်းထက်သောအင်အားကြီးပုဂ္ဂိုလ်များစွာ ရှိ၏။

ယခင်က ရှားပါးခဲ့သော သိုင်းဘုရင်များပင် ယခုအခါ များပြားနေလေပြီ။

ပြောရလျှင် ဤနေရာတွင် 'ပါရမီရှင်များမဟာမိတ်၏ အကိုင်းအခက်တစ်ခုပင် ရှိသေးသည်။

"ဒီတစ်ခေါက်တော့ မဆိုးဘူး၊ အဘိုးအဘွားတချို့ကို ငါထပ်ပြီး လွှတ်လို့ရပြီ"

ယခု သူသွားခဲ့ရသော တာဝန်ကမ္ဘာသည် ကျိယွမ် ကြုံတွေ့ခဲ့ဖူးသမျှထဲတွင် အကြီးမားဆုံးဟု ဆိုနိုင်၏။

သူသည် မိစ္ဆာနယ်မြေတစ်ခုလုံးကို သတ်ဖြတ်ခဲ့ပြီး သိုင်းနတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သူ၏ခန္ဓာကိုယ်တွင်လည်း အလွန်များပြားသော သွေးအဆီအနှစ်များစွာကို စုပ်ယူနိုင်ခဲ့၏။

ယခုအခါ သူသည် အဘိုးအဘွားများကို ပို၍ပို့နိုင်ပြီ ဖြစ်သည်။

“နှမြောစရာကောင်းတာက 'ဝူရှီ' မယ်တော်ရဲ့ စိတ်ဝိညာဥ်ကိုတော့ စေလွှတ်လို့ မရသေးတာပဲ”

ကျိယွမ်က စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်၏။

အစားရှောင်မယ်တော်ဝူရှီနှင့် အတူရှိခဲ့သည့်အချိန်များကို ပြန်တွေးမိပြီး ကျိယွမ်သည် အတိတ်ကို ပြန်သတိရနေမိသည်။

သူတို့၏ ဆက်ဆံရေးသည် ဝေးကွာသော်လည်း နက်ရှိုင်းပြီး သူတို့ကြားတွင် ခိုင်မာသော သံယောဇဉ်ရှိ၏။

အထူးသဖြင့် အစားရှောင်မယ်တော်ဝူရှီသည် သူ့အား 'ဝါးမြိုခြင်းကမ္ဘာဦးခန္ဓာကိုယ်'ကို ပေးခဲ့သောကြောင့် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

၎င်းသာမရှိပါက သူသည် သိုင်းနတ်ဘုရားအဆင့်သို့ ဤမျှမြန်မြန် တက်လှမ်းနိုင်မည်မဟုတ်ပေ။

“မင်းနိုးလာတဲ့အခါ ငါမင်းကို ငါးဖန်းကျွေးပါ့မယ်”

ကျိယွမ်က သူ၏အတွင်း၌ ငြိမ်သက်နေသော သူမ၏စိတ်ဝိညာဥ်ကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

သူ၏ မှတ်ဉာဏ်များသည် အချိန်ကို ဖြတ်သန်းပြီး ဝူရှီနှင့် ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်ကာလဆီသို့ ပြန်လည်ရောက်ရှိသွား၏။

ထိုမိန်းကလေးသည် အသက်ငယ်သော်လည်း သူမ၏စကားကို အလွန်တည်ကြည်သူ ဖြစ်သည်။သူမလို စကားတည်သူက အလွန်ရှားပါလှ၏။

"ထားတော့ ...ပြန်တွေ့မှပဲ ပြောကြတာပေါ့ .."

အတွေးများကိုဖယ်ထုတ်ကာ ကျိယွမ်သည် သွေးကျောက်စိမ်းနံရံ ဆီသို့ ဦးတည်လိုက်၏။

နံရံတွင်တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် ကျိယွမ်၏ မျက်လုံးများပြန်ပွင့်လာခဲ့သည်။

သို့သော် သူ၏မျက်ဝန်းများထဲတွင် စိတ်ပျက်နေသော အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွား၏။

ယခုတစ်ကြိမ်တွင် သူသည် အဘိုးအဘွားအများအပြားကို 'မူလဇစ်မြစ်နယ်မြေဆီသို့ ထပ်မံစေလွှတ်ခဲ့သည်။

သို့သော် 'ဝူရှီ' မယ်တော်၏ စိတ်ဝိညာဥ်မှာမူ သူ၏ခန္ဓာကိုယ်ထဲတွင် ငြိမ်သက်စွာ ကိန်းအောင်းနေဆဲပင် ။

“ဝူရှီ...မင်းအတွက် အတွင်းခံကို စစ်ဆေးကြည့်ချင်လား”

ကျိယွမ်က နောက်ပြောင်လိုက်၏။

ကံမကောင်းစွာဖြင့် သူမ၏စိတ်ဝိညာဥ်သည် မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ထုံးစံအတိုင်း တိတ်ဆိတ်နေမြဲပင်။

ထိုစဉ် ဝတ်စုံဖြူဝတ် လူငယ်တစ်ဦးသည် ကျိယွမ်ဆီသို့ တိုက်ရိုက် ချဉ်းကပ်လာသည်။ သူ၏ ဝတ်ဆင်ပုံအရ သူသည် ပါရမီရှင်များမဟာမိတ်မှ ဖြစ်ကြောင်း သိသာ၏။

ကျိယွမ်ကလည်း သူ့ကို မှတ်မိပါသည်။

ခံတပ်များ ပေါင်းစည်းပြီးနောက် ထိုပါရမီရှင်များမဟာမိတ် အဖွဲ့ဝင်လူငယ်သည် ကျိယွမ်ကို အဖွဲ့ထဲဝင်ရန် တစ်ကြိမ် ဖိတ်ခေါ်ဖူး၏။

သို့သော် ကျိယွမ်က ငြင်းပယ်ခဲ့သည်။

သူက ပါရမီရှင်များမဟာမိတ်သို့ ဝင်ရောက်ရန် စိတ်မဝင်စားသဖြင့် နှစ်ခါပြန်မစဥ်းစားဘဲ ချက်ချင်း ငြင်းခဲ့ခြင်းပင်။

"မစ္စတာကျိ...လွန်ခဲ့တဲ့ ရက်အနည်းငယ်က စခန်းကို အထူးဧည့်သည်တချို့ ရောက်လာပြီး ခင်ဗျားနဲ့ တွေ့ချင်နေကြတယ်"

ထိုလူငယ်က ကျိယွမ်အား လေးစားစွာပြောလိုက်သည်။

"အို.. ငါ့ဆီက ဘာလိုချင်လို့လဲ"

ကျိယွမ်က မေးလိုက်သော်လည်း စိတ်မဝင်စားပါ။

အရေးကြီးသောအကြောင်းအရာ မဟုတ်ပါက သူသည် ကုံရှင်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

သူသည် ကျူးယန်ကို မတွေ့ရသည်မှာ ကြာပြီဖြစ်၍ သူမကို အလွန်လွမ်းဆွတ်လေပြီ။

“မူလဇစ်မြစ်နယ်မြေနဲ့ ပတ်သက်တယ်လို့ ကြားပါတယ်”

ပါရမီရှင်များမဟာမိတ် အဖွဲ့ဝင်လူငယ်ကလည်း မရေမရာဖြစ်နေဟန် ဖြင့် သူသိသလောက် ပြောပြသည်။

“အဲဒါဆိုရင်တော့ သွားကြည့်သင့်တာပေါ့။ လမ်းပြပါဦး”

ကျိယွမ်က စိတ်ပြောင်းသွားပြီး လူငယ်အား လမ်းပြခိုင်းလိုက်၏။

တစ်ချိန်တည်းမှာပင် စားသောက်ဆိုင်တစ်ခု၏ မီးခိုးငွေ့များ ပြည့်နှက်နေသော သီးသန့်ခန်းထဲ၌ ဖြစ်သည်။

အထွတ်အထိပ်သိုင်းဘုရင်သုံးဦးသည် ရယ်ရယ်မောမော စကားပြောရင်း ထိုင်နေကြ၏။ သူတို့တစ်ဦးစီက အာဏာရှိသူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

သူတို့တစ်ဦးစီ၏ နောက်တွင် အခြားသော အထွတ်အထိပ်သိုင်းဘုရင် နှစ်ဦးစီ ရပ်နေ၏။

သို့သော် ထိုရပ်နေသော သိုင်းဘုရင်များသည် အစေခံများနှင့် ဆင်တူနေသည်။

အနီးကပ်ကြည့်မည်ဆိုလျှင် သူတို့သည် ရှေးဟောင်းသိုင်းပညာရှင်များ ဖြစ်ကြောင်း သတိပြုမိပါလိမ့်မည်။

သွေးစစ်သည်များကို သိုင်းအသစ် နှင့် 'ရှေးဟောင်းသိုင်းဟူ၍ လမ်းစဉ်နှစ်ခု ခွဲထား၏။

ရှေးဟောင်းသိုင်းပညာကို လေ့ကျင့်ထားခြင်းကြောင့် 'တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်သည့်အခါ သူတို့၏ ကျင့်ကြံမှုအဆင့်သည် တစ်ဆင့် လျော့ကျသွားလေ့ရှိသည်။

သူတို့ ပိုမိုသန်မာလေလေ၊ တာဝန်များက ပိုခက်ခဲလာလေလေ ဖြစ်ပြီး သူတို့ရင်ဆိုင်ရမည့် အန္တရာယ်များမှာလည်းသိသိသာသာ တိုးလာတတ်သည်။

ရလဒ်အနေဖြင့် ရှေးဟောင်းသိုင်းပညာရှင် အများအပြားသည် သိုင်းအသစ်ပညာရှင်များကို အမှီပြုရန် ရွေးချယ်ခဲ့ကြပြီး 'သွေးသိုင်းစာချုပ်ကို လက်မှတ်ရေးထိုးကာ အစေခံများ ဖြစ်လာကြရသည်။

ဤအစီအစဉ်အရ နှစ်ဖက်စလုံး၏ တာဝန်များသည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာပြီး ခေတ်သစ်သိုင်းပညာရှင်များက ရှေးဟောင်းသိုင်းပညာရှင်များကို အကာအကွယ်ပေးရသည်။

ထို့ကြောင့် ဤရှေးဟောင်းသိုင်းပညာရှင်များသည် အထွတ်အထိပ် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိနေသော်လည်း၊ သူတို့၏ အသက်အရွယ်ကြီးရင့်ချိန်တွင်ပင် ရှင်သန်ရန်အတွက် ခေတ်သစ်သိုင်းပညာရှင်များကို အားကိုးနေကြရ၏။

၄င်းသည် ကမ္ဘာကြီး၏ခါးသီးသော အမှန်တရားဖြစ်ပြီး ၊ ခေတ်သစ်သိုင်းပညာရှင်များ၏ အထောက်အပံ့မရှိလျှင် သူတို့ သေရမည်ဖြစ်သောကြောင့်

ရွေးချယ်စရာမရှိပေ။

ရှေးဟောင်းသိုင်းပညာရှင်တစ်ဦးအနေဖြင့် တောင်နှင့်မြစ်ပန်းချီကားချပ်ထဲသို့ ဝင်ရောက်ခြင်းသည် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးက ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကို ရင်ဆိုင်ရသလို ခက်ခဲပါသည်။

ဝိုင်း၏ ထိပ်ဆုံးတွင် ထိုင်နေသူမှာ လက်တိုဝတ်ထားသော လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး သာမန်သိုင်းပညာရှင်တစ်ဦးနှင့် ဆင်တူ၏။

သို့သော် အခန်းထဲရှိ မည်သူမျှ သူ့ကို အထင်မသေးရဲကြပေ။

အဘယ်ကြောင့်ဆိုသော် သူသည် ပါရမီရှင်များမဟာမိတ် ဌာနချုပ်၏ အမှုဆောင်အရာရှိတစ်ဦးဖြစ်သော မူယန်ဆိုသူဖြစ်သောကြောင့်ပင်။

ပါရမီရှင်များမဟာမိတ်တွင် စုစုပေါင်း အမှုဆောင်အရာရှိ ၃၆ ဦးရှိပြီး တစ်ဦးစီသည် အထွတ်အထိပ် သိုင်းဘုရင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည့် မှတ်တမ်းများ ရှိကြသည်။

"ဒီစခန်းရဲ့ ခေါင်းဆောင်၊ ကျိယွမ် ဆိုတဲ့လူက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်"

မူယန်က ခပ်ဩဩအသံဖြင့် ပြောလိုက်သည်။ သူ၏အမည်နှင့်အသံမှာ သူ၏ ရုပ်ရည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။

“ကျွန်မလည်း သူ့အကြောင်း ကြားဖူးပါတယ်။ သူ တာဝန်တစ်ခုလုပ်တိုင်း ပစ်မှတ်ကို အရင်ဆုံးဖမ်းဆီးထားပြီး တာဝန်မပြီးခင် ပန်းချီကားချပ်ထဲက မိစ္ဆာအားလုံးကို သတ်ပစ်လေ့ရှိတယ်တဲ့။ လူတွေအများကြီးက သူ့ကိုတွေ့ဖို့နဲ့ အဖွဲ့ဖွဲ့ဖို့ မျှော်လင့်နေကြတယ်”

အမျိုးသမီးတစ်ဦးက ရယ်မောရင်း သူကြားဖူးထားသည်ကို ဖောက်သည်ချ၏။

“သူက မိစ္ဆာတွေကို အလွန်မုန်းတီးတဲ့ပုံရတယ်”

သူမက ကျိယွမ်အပေါ်မှတ်ချက်ချ၏။

အမျိုးသမီးသည် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည်။ သူမတွင် ဦးခေါင်းနှစ်လုံးရှိပြီး တစ်ခုမှာ လူမျက်နှာဖြစ်ကာ အခြားတစ်ခုမှာ မျောက်မျက်နှာ ဖြစ်နေ၏။

သူမသည် မိစ္ဆာသွေးကို မိမိကိုယ်ထဲသို့ သွင်းယူထားသည့် ပေါင်းစပ်မျိုးစိတ်တစ်ခုဖြစ်ကြောင်း မြင်ရုံနှင့်သိနိုင်သည်။

ထိုသို့သောလူများကို ခံတပ်တွင် မကြာခဏ တွေ့ရလေ့ရှိသဖြင့် အထူးအဆန်းတော့ မဟုတ်တော့ပါ။

“မိစ္ဆာကမ္ဘာတစ်ခုလုံးကို သတ်ပစ်နိုင်တယ်ဆိုရင် သူက အထွတ်အထိပ် သိုင်းဘုရင်တစ်ဦး ဖြစ်ဖို့များတယ်။ သူက ငါတို့နဲ့အတူ မူလဇစ်မြစ်နယ်မြေကို သွားဖို့ အရည်အချင်း ပြည့်မီပါတယ်”

လူပုလေးတစ်ဦးကလည်း ကျိယွမ်၏ အရည်အချင်းအား မှတ်ချက်ပေးသည်။

"နှမြောစရာကောင်းတာက သူ့မှာ သိုင်းနတ်ဘုရားအမှတ်အသား မရှိဘူး။ သူ မူလဇစ်မြစ်နယ်မြေကို ဝင်နိုင်ခဲ့ရင်တောင် အမြှောက်စာပဲ ဖြစ်သွားမှာပါ"

အမျိုးသမီးက သက်ပြင်းချလိုက်သည်။

သူတို့လိုအဆင့်လူများအတွက် အနာဂတ်တိုးတက်မှုလမ်းမှာ ခွန်အားက အရေးကြီးဆုံး မဟုတ်တော့ဘဲ။ သိုင်းနတ်ဘုရားအမှတ်အသားကသာ အရေးကြီးဆုံးဖြစ်လာ၏။

သိုင်းနတ်ဘုရားအမှတ်အသားသည် အလွန်ရှားပါးပြီး ရရှိရန် ခက်ခဲကာ တင်းကြပ်သော လိုအပ်ချက်များ ရှိသည်။

ပထမဦးစွာ သွေးမျိုးဆက်၏ ဘိုးဘေးသည် သက်ရှိထင်ရှား ရှိနေရမည်။

ဒုတိယအချက်မှာ ဘိုးဘေးသွေးစုစည်းနိုင်မှုသည် အလွန်မြင့်မားနေရမည်။

တတိယအချက်မှာ သိုင်းပညာပါရမီကလည်း အလွန် ထူးချွန်ထက်မြက်ရန်လိုအပ်၏။

ဤအချက်သုံးချက်လုံးနှင့် ကိုက်ညီသူကိုသာ မူလဇစ်မြစ်နယ်မြေမှ သိုင်းနတ်ဘုရားတစ်ဦးက အသိအမှတ်ပြုပြီး သိုင်းနတ်ဘုရားအမှတ်အသားကို ပေးအပ်ခြင်း ဖြစ်သည်။

သိုင်းနတ်ဘုရားအမှတ်အသားကို လွှဲပြောင်းပေး၍ မရသလို ခိုးယူ၍လည်း မရနိုင်ပါ။

အမှတ်အသား ရှိပါက မူလဇစ်မြစ်နယ်မြေသို့ ဝင်ရောက်နိုင်ပြီး အမှတ်အသားပိုင်ရှင်ဘိုးဘေးများ၏ သွေးကို သောက်သုံးကာ သိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ပြီး ဒုတိယမျိုးဆက် သွေးမျိုးဆက်ဘိုးဘေး ဖြစ်လာနိုင်လေပြီ။

ထို့ကြောင့် အမှတ်အသားအပေါ် သူတို့၏ ဂုဏ်ယူဝင့်ကြွားမှုမှာ နားလည်ပေးနိုင်စရာ ရှိသည်။

“သူ့မှာ သိုင်းနတ်ဘုရားအမှတ်အသား မရှိပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ အထင်ကြီးစရာပဲ။ သူက ထက်မြက်တဲ့ ဓားသွားတစ်လက်လို ကြောက်ဖို့ကောင်းတာသေချာတယ်”

မူယန်ကတော့ ကျိယွမ်၏ ခွန်အားအပေါ် အရှိအတိုင်းမှတ်ချက်ချသည်။

“နှမြောစရာကောင်းတာက သူလို ထက်မြက်တဲ့ ဓားသွားတွေက အရမ်းမာကျောလွန်းပြီး သွေးသိုင်းစာချုပ်တွေကို လက်မှတ်ထိုးဖို့ ဆန္ဒမရှိကြဘူး”

ခေါင်းနှစ်လုံးအမျိုးသမီးက နောင်တရသံဖြင့် ပြောလိုက်သည်။

ခေတ်သစ်သိုင်းပညာရှင် အများစုသည် အခြားသူများ၏ အစေခံ ဖြစ်လာရမည်ကို မနှစ်သက်ကြပေ။

“နင်ကတော့ လူယုတ်မာပဲ၊ လက်တွေ့ဘဝမှာ လူတွေကို ကျွန်ပြုတာ အားမရလို့ အခု ဒီမှာပါ အဲဒီအကျင့်ကို လာဖြန့်နေတာလား”

မူယန်က သူမအား သဘောမကျသလို ဆူလိုက်သည်။

“နှမြောလို့ပါ၊ ကျွန်မ လက်တွေ့ကမ္ဘာကို မပြန်ရတာ တော်တော်ကြာပြီ။ အခုဆို အွန်လိုင်းကနေ အစေခံတွေ ခေါ်လို့ရနေပြီလို့တောင် ကြားတယ်”

ခေါင်းနှစ်လုံး အမျိုးသမီးက လက်တွေ့ဘဝကို တောင့်တနေဟန်ရှိ၏။

သူတို့ ပိုမိုသန်မာလာလေလေ၊ ခံတပ်စခန်း၏ ကန့်သတ်မှုကို ပိုခံရလေလေဖြစ်ပြီး လက်တွေ့ဘဝသို့ မပြန်နိုင်သလောက် ဖြစ်လာသည်။

ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသဖြင့် သူတို့ သုံးဦးစလုံး စကားရပ်သွားသည်။

“ဝင်ခဲ့ပါ”

မူယန်၏ အသံဆုံးသည်နှင့်

တံခါးပွင့်လာပြီး ပါရမီရှင်မဟာမိတ်အဖွဲ့ဝင်သည် ကျိယွမ်ကိုခေါ်ဆောင်ကာ ဝင်လာ၏။

သိမ်းငှက်နှင့်ဝံပုလွေများကဲ့သို့ ထက်မြက်သော အကြည့်များစွာသည် ကျိယွမ်ဆီသို့ ချက်ချင်း ကျရောက်သွားသည်။

အထွတ်အထိပ်သိုင်းဘုရင်များ၏ စူးစူးရှရှစိုက်ကြည့်မှုများအောက်တွင်ပင် ကျိယွမ်သည် မူလအတိုင်းတည်ငြိမ်လျှက်ရှိ၏ ။

"ဒါ မစ္စတာကျိယွမ် ဖြစ်မှာပဲ။ ခင်ဗျားက တကယ်ကို နာမည်နဲ့လိုက်အောင် ရုပ်ရည်ချောမောပြီး ခန့်ညားတာကိုး"

မူယန်က ယဉ်ကျေးစွာ နှုတ်ဆက်သည်။

“ကျွန်တော့် ဇနီးကို သွားတွေ့ဖို့ အလျင်လိုနေတယ်။ နှုတ်ဆက်စကားတွေကို ကျော်လိုက်ရအောင်။ ခင်ဗျားတို့ ကျွန်တော့်ဆီက ဘာလိုချင်တာလဲဆိုတာပဲ ပြောပါ”

ကျိယွမ်က ထုံးစံအတိုင်း ထိရောက်မှုကို ဦးစားပေးလိုက်သည်။

သူစိမ်းများနှင့်ဆုံရာတွင် အပိုစကားများဖြင့် အချိန်ဖြုန်းရန် မလိုအပ်ပေ။

သူ၏စကားကိုကြားသောအခါ ခေါင်းနှစ်လုံးအမျိုးသမီး၏ မျက်လုံးများက မြူဆွယ်အပြုံးများနှင့်ဝင်းလက်သွားပြီး မျောက်မျက်နှာဘက်ခြမ်း၏ ပါးစပ်ကလည်း ကာမဂုဏ် လိုလားသော အပြုံးမျိုးဖြင့် တွန့်ကွေးသွားသည်။

“ငါကတော့ အစေခံတွေက နည်းနည်းပါးပါး ခုခံတာကို သဘောကျတယ်၊ အဲဒါက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်”

မူယန်သည် ခဏတာ ဆိုင်းငံ့သွားပြီးနောက် ပြုံးကာအဓိကအချက်ကို ပြောလိုက်သည်။

“ကျွန်တော်တို့ မူလဇစ်မြစ်နယ်မြေကိုသွားဖို့ မစ္စတာကျိကို ဖိတ်ခေါ်ချင်လို့ပါ။ စိတ်ဝင်စားပါသလား”

သိုင်းဘုရင်အဆင့်သို့ ရောက်ရှိလာသောအခါ ကမ္ဘာကြီး၏ အမှန်တရားကို တဖြည်းဖြည်း သိရှိလာပြီး မူလဇစ်မြစ်နယ်မြေအကြောင်း ဗဟုသုတအချို့ ရရှိလာသည်။

“စိတ်ဝင်စားပါတယ်။ ဘယ်လိုသွားရမှာလဲ၊ ပြီးတော့ ဘယ်အချိန်လဲ”

ကျိယွမ်က အချိန်မဖြုန်းလိုသဖြင့်လုပ်ထုံးလုပ်နည်းများကို တိုက်ရိုက်မေးလိုက်၏။

ဝိညာဉ်လမ်းစဥ်သိုင်းဘုရင်တာဝန်ကို ပြီးမြောက်ရန်အတွက် မူလဇစ်မြစ်မြေသို့ ဝင်ရောက်ရန် လိုအပ်လိမ့်မည်ဟု သူ ယူဆထားသဖြင့် ထိုနေရာသို့ သွားချင်နေသည်။

“အတိအကျ အချိန်ကိုတော့ မသေချာဘူး၊ သုံးရက်ကနေ နှစ်တစ်ရာလောက်ထိ ကြာနိုင်တယ်။ ဒါပေမဲ့ မူလဇစ်မြစ်မြေကို ဝင်ဖို့အတွက် ပထမဆုံး 'ပင်လယ်နက်ကို ဖြတ်ကျော်ရမယ်"

"ပင်လယ်နက်ဟာ အန္တရာယ်မြူခိုးတွေနဲ့ ပြည့်နှက်နေပြီး သဘာဝနိယာမတွေနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါဆိုးတွေလည်း ရှိတယ်။ သိုင်းဘုရင်တွေတောင် အဲဒီမှာ သေဆုံးနိုင်တယ်။ အဲဒါကို ဖြတ်ကျော်ဖို့ သတ္တိရှိရဲ့လား”

မူယန်က အရေးကြီးသောအချက်ကို မေးလိုက်သည်။

ယေဘုယျအားဖြင့် မူလဇစ်မြစ်နယ်မြေသည် သိုင်းဘုရင်များ၊ အထူးသဖြင့် သိုင်းနတ်ဘုရားအမှတ်အသားရှိသူများအတွက် ဆွဲဆောင်မှု ကြီးမားလှသည်။

သို့သော် သာမန်သိုင်းပညာရှင်များအတွက်မူ ထိုမျှဆွဲဆောင်မှု မရှိပေ။

အထူးသဖြင့် အန္တရာယ်များလွန်းသောပင်လယ်နက်ကို ဖြတ်ကျော်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။

ခံတပ်အားလုံးကို ပင်လယ်နက်က ဝန်းရံထားပြီး ပင်လယ်နက်အတွင်းရှိ သတ္တဝါကြီးများသည် ခံတပ်စခန်းတစ်ခုလုံးကိုပင် မျိုချလေ့ရှိ၏။

ထို့ကြောင့် သိုင်းပညာရှင်အားလုံးသည် ပင်လယ်နက်ကို သတိထားကြရသည်။

ပင်လယ်နက်အတွင်းရှိ စည်းမျဉ်းများသည် အမြဲတမ်း ပြောင်းလဲနေပြီး သိုင်းဘုရင်များပင် အလွယ်တကူကျဆုံးနိုင်၏။

“အိုး...ရတာပေါ့။ အဆင်သင့်ဖြစ်တဲ့အခါ ကျွန်တော့်ကို ခေါ်လိုက်ပါ။ ရော့၊ ဒါက ကျွန်တော့်ရဲ့ ဆက်သွယ်ရေးစက်၊ အချိန်မရွေး ဆက်သွယ်လို့ရတယ်”

ကျိယွမ်က ခံတပ်စခန်းသုံး ဆက်သွယ်ရေးစက်ကို ကမ်းပေးလိုက်သည်။

“အထင်ကြီးစရာပဲ။ ညီအစ်ကို ကျိယွမ်၊ မင်းက တကယ်ကို သတ္တိရှိတာပဲ”

မူယန်က အသံပြောင်းကာ ရင်းနှီးစွာ ပြောပြီး ကျိယွမ်၏ အဆက်အသွယ်ကို မှတ်သားလိုက်၏။

သူတို့ဘက်တွင် နောက်ထပ် အထွတ်အထိပ်သိုင်းဘုရင်တစ်ဦး ရှိလာခြင်းက ပင်လယ်နက်ကို ဖြတ်ကျော်နိုင်ခြေ ပိုများလာစေသဖြင့် ကြိုဆိုရမည့်ကိစ္စပင်။

“ကိစ္စပြီးပြီဆိုတော့ ကျွန်တော် သွားပါဦးမယ်။ အားလုံးပဲ နှုတ်ဆက်ပါတယ်”

ကျိယွမ်က ထွက်ခွာခါနီးတွင် ယဉ်ကျေးစွာ နှုတ်ဆက်၏။

မူယန်ကလည်း ပြုံးပြလိုက်သည်။

“နောက်တစ်ခါ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်”

ထိုစဉ် မျောက်မျက်နှာနှင့် အမျိုးသမီးက မြူဆွယ်သော အသံဖြင့် ဝင်ပြောလာ၏။။

“ညီအစ်ကိုကျိက သူငယ်ချင်းတစ်ယောက်အတွက် ဇနီးကောင်း ရှာပေးနေတယ်လို့ ကြားတယ်။ ကျွန်မကရော သင့်တော်မယ် ထင်လား”

သူမက ကျိယွမ်ကို မျက်စိပင်မှိတ်ပြလိုက်သေးသည်။

“မသင့်တော်ဘူး”

ကျိယွမ်က ချက်ချင်းခေါင်းခါပြ၏။

သူမမှာ အမွှေးအမျှင်တွေ အရမ်းများလွန်းသည်။ အဝတ်အစားတွေ ချွတ်ကြည့်ဖို့တောင် မလိုဘဲ သိသာနေ၏။

“ကျွန်မက 'ဝါး'ခနဲဖြစ်လောက်အောင် မဆွဲဆောင်နိုင်လို့လား”

မျောက်မျက်နှာ အမျိုးသမီးက မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ထပ်မေးသည်။

ကျိယွမ်သည် သူ၏ သူငယ်ချင်းကောင်းအတွက် အလွန်ဆွဲဆောင်မှုရှိသော အံ့ဖွယ်ဇနီးတစ်ဦးကို အမြဲရှာဖွေနေကြောင်း တော်တော်များများက ကြားဖူးကြ၏။

သူမ၏မျောက်မျက်နှာနှင့် အမွှေးအမျှင်များကို ကြည့်ပြီး ကျိယွမ်က ခေါင်းညိတ်ပြသည်။

“မဟုတ်ဘူး ..မင်းက 'ဝါး' ဖြစ်လွန်းနေတာ”

သူမ၏ အမွှေးအမျှင်များကြောင့် ကြက်ဖကေနှင့်ဟွမ်ချန်းယွင်မှာ " ဝါး " ဖြစ်ရုံသာမက'" အား.. အား " ဟုပါဖြစ်သွားနိုင်လေသည်။

"အားလုံးပဲ နှုတ်ဆက်ပါတယ် "

ကျိယွမ်သည် အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။

..............

ထုံးစံအတိုင်း ကျူးယန်၏ နုနယ်သော ခြေထောက်ကလေးများကို အသာအယာကိုင်ထားရင်း ကျိယွမ်၏ မျက်နှာသည် တည်ငြိမ်နေ၏။

သို့သော်လည်း သူမ၏ ပန်းပုံပါ ခြေအိတ်ရှည်များပေါ်မှာတော့ သူ လက်က သိက္ခာမရှိပါ။ သူသည် သူမ၏ ဆံပင်များကို အသာသပ်တင်ပေးရင်း ချစ်ခင်ကြင်နာစွာဖြင့် သူမအနီးသို့ တိုးကပ်သွားလေသည်။

ကျူးယန်ကလည်း သူမ၏ မျက်လုံးများကို မှိတ်ထားပြီး ကျိယွမ်ကို တင်းကြပ်စွာဖက်ထားကာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ခံစားခဲ့ရသော လွမ်းဆွတ်မှုများကို ဖြေသိပ်နေ၏။

နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည် ထွက်ပေါ်လာချိန်ရောက်သောအခါမှာတော့ ကျူးရန်သည်ချစ်ရည်လဲ့နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ နှုတ်ခမ်းလေး စူလိုက်သည်။

“နင် ဘာလို့ အများကြီး ပိုသန်မာလာသလို ခံစားရတာလဲ”

ကျိယွမ်က သူမကို ပွေ့ဖက်ပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။

“ငါ့ရဲ့ 'ပေါက်ကွဲငှက်လက်သီး' က မင်းရဲ့ ကာကွယ်ရေးကို ဖောက်ထွက်သွားလို့ ဖြစ်မှာပါ”

“ဘာက်ို ကာကွယ်ရေးလဲ ...နင့်ကို သေအောင် ကိုက်ပစ်မယ်”

ကျူးယန်သည် ပြောပြောဆိုဆိုပင် ကျိယွမ်၏ ပုခုံးကို အားရပါးရ ကိုက်လိုက်ရာ သွားရာလေးများ ထင်ကျန်ရစ်သည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လက်တွေ့ကမ္ဘာမှာ ဘာတွေဖြစ်ခဲ့လဲ”

ကျိယွမ်က သူမအားထွေးပွေ့ထားရင်းမှ မေးလိုက်သည်။

“ထူးထူးခြားခြားတော့ မရှိပါဘူး”

ကျိယွမ်မရှိသော ကမ္ဘာကြီးသည် ပျင်းစရာကောင်းလှ၏။ သူမ၏'ကြယ်အမြုတေပေါ်တွင် ကစားနေရသည်က မှ ပိုပျော်စရာကောင်းသေးသည်။

“အရေးကြီးတာ ရှိတယ်ဆိုရင်လည်း ငါတို့အတွက်တော့ ကိစ္စသေးသေးလေးတွေပါပဲ။ မကြာသေးခင်က နှစ်တွေအတွင်းမှာ နယ်မြေသုံးခုမဟာမိတ်က လူသစ်စုဆောင်းဖို့အတွက်ဆိုပြီး ဝူကွေနိုင်ငံ (ရှေးဟောင်းဝူနိုင်ငံ) ကို ကျူးကျော်ခဲ့တယ်"

"အဲဒါက ချင်းယွမ်'နဲ့ ဝူကွေနိုင်ငံကြား စစ်ပွဲဖြစ်စေခဲ့တယ်လေ ၊ မဟာမိတ်အဖွဲ့ကကျင့်ကြံသူတွေရဲ့ အထောက်အပံ့ကြောင့် ဝူကွေ့နိုင်ငံက ရှုံးနိမ့်နေရတယ်”

ဝူကွေနိုင်ငံနှင့် ချင်းယွမ်ကြားမှ ပဋိပက္ခသည် နက်ရှိုင်းလှ၏။

နယ်မြေသုံးခုမဟာမိတ် ကျင့်ကြံသူများ၏ပါဝင်မှုကြောင့် စစ်ပွဲသည် ရှောင်လွှဲ၍ မရနိုင်တော့ပေ။

“အိုး.. စစ်ပွဲလား”

ကျိယွမ်သည် ထိုသို့ရေရွတ်လိုက်သော်လည်း ထူးထူးခြားခြားစိတ်မဝင်စားပါ။

“ဒါပေမဲ့ သတ္တမမင်းသားက 'ဇီးရိုးဝမ်းကို ပြောတာကတော့ စစ်ပွဲရဲ့ တကယ့်အကြောင်းရင်းက ဝူကွေ့နိုင်ငံ နယ်စပ်မှာ ရှေးဟောင်းအပျက်အစီးတစ်ခုကို တွေ့ခဲ့လို့တဲ့။ ဒီအပျက်အစီးက... 'ကောင်းကင်မျက်လုံး နဲ့ တော်တော်လေးဆက်နွှယ်နေတယ်လို့ ဆိုတယ်”

ကျူးယန်က ရှင်းပြလိုက်သည်။

သူမ၏အစွမ်းဖြင့် စုံးစမ်းလျှင်မခက်ခဲသော်လည်း သူမက စိတ်မဝင်စားပါ။ သူမက ကျိယွမ်မှလွဲ၍ အခြားအရာများကို စိတ်ထဲတွင်မရှိပေ။

ချင်းယွမ်နှင့် ဝူကွေနိုင်ငံ နှစ်ခုစလုံး၏ နည်းပညာအဆင့်အတန်းသည် 'ကန်ရှင်းဂြိုဟ်ထက် နိမ့်ကျ၏။

သို့သော်ကန်ရှင်းပင်လျှင် ကောင်းကင်မျက်လုံးကဲ့သို့ လက်နက်မျိုးကို မဖန်တီးနိုင်ပေ ။ ချင်းယွမ်က မည်သို့ ဖန်တီးနိုင်မည်နည်း။

ခရမ်းရောင်နန်းတော် ကျင့်ကြံသူတစ်ဦးကို ဖျက်ဆီးနိုင်သော ဤလက်နက်သည် သူတို့ဖန်တီးထားခြင်း မဟုတ်ပါ ။ ချင်းယွမ်နှင့် ဝူကွေနိုင်ငံတို့က မတော်တဆ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဤလက်နက်၏ မူလအစမှာ ဂြိုဟ်သားများထံမှ ဖြစ်နိုင်သည်ဟု အားလုံးက သံသယရှိနေကြ၏။

ယခုအခါ အခြားသော ဂြိုဟ်သားအပျက်အစီးတစ်ခုကို တွေ့ရှိလိုက်သဖြင့် ချင်းယွမ်ရော ၊ နယ်မြေသုံးခုမဟာမိတ်အဖွဲ့ရော ငြိမ်နေ၍ မရတော့ပါ။

၎င်းတွင် ကောင်းကင်မျက်လုံးထက် ပိုမိုအစွမ်းထက်သော လက်နက်များ ရှိနေလျှင် မည်သို့ဖြစ်လာမည်နည်း။

“သူတို့ဘာသာ တိုက်ကြပါစေ။ ငါ့ရဲ့ သိုင်းပညာပြိုင်ပွဲကို လာမနှောင့်ယှက်ရင် ပြီးတာပဲ”

ကျိယွမ်က အရေးမကြီးသလို ပြောလိုက်သည်။

“ဝူကွေနိုင်ငံက ကန်ရှင်းဆီက အကူအညီ တောင်းထားပြီးပြီလို့ ကြားတယ်။ မကြာခင် ကြယ်တာရာစစ်ပွဲကို မြင်ရတော့မယ် ထင်တယ်”

ကျူးယန်က ထွေရာလေးပါးသဘော ဆက်ပြောနေသည်။

“ဒါပေမဲ့ ချင်းယွမ်နဲ့ နယ်မြေသုံးခုကကျင့်ကြံသူတွေ ပေါင်းလိုက်ရင် ကန်ရှင်းက ပြင်ပအကူအညီမရသရွေ့ သူတို့ကန်ရှင်းကို ခုခံနိုင်မှာပါ”

ထိုသို့ပြောရင်းမှ ကျူးယန်၏ မျက်လုံးများက လေးနက်သွားပြီး နတ်ဆိုးတစ်သောင်းနယ်မြေ၏ နာကျင်ဖွယ်အငွေ့အသက်များကို ပြန်သတိရသွား၏။

အကယ်၍ နတ်ဆိုးတစ်သောင်းနယ်မြေနှင့် ကန်ရှင်းသာ မဟာမိတ်ဖွဲ့ပါက ချင်းယွမ်၏ လက်ရှိအင်အားသည် သူတို့ကို ခုခံရန် ခက်ခဲပါလိမ့်မည်။

“အဆင်ပြေပါတယ်။ ငါတို့နဲ့ မဆိုင်ပါဘူး။ သာမန်လူတွေအတွက်တော့ အုပ်ချုပ်သူအသစ် တက်လာတာပဲ မဟုတ်လား”

ကျိယွမ်ကတော့ သာမန်ကာလျှံကာပင်။

ဒါက သူ့အတွက်တော့ ဂိမ်းတစ်ခုလိုဖြစ်နေပြီး သူက ထူးထူးခြားခြားစိတ်ဝင်စားနေခြင်းမျိုး မရှိပါ။

“ကန်ရှင်းဂြိုဟ်ကသာ ကုံရှင်းကို သိမ်းပိုက်ပြီး သိုင်းပညာပြိုင်ပွဲကို ရပ်တန့်လိုက်ရင်ရော”

ကျူးယန်က ကျိယွမ်၏ ခါးကို ဖက်ရင်း နောက်ပြောင်သလိုမေးလိုက်သည်။

သူမ၏ ကိုယ်လုံးသေးသေးလေးသည် အရုပ်မလေးတစ်ရုပ်လို ကျိယွမ်ကို တွယ်ကပ်နေပြီး အမြဲတမ်း စနောက်နေတတ်၏။

“မဖြစ်နိုင်တာ”

ကျိယွမ်က အလေးအနက် ပြောလိုက်သည်သည်။

“သူတို့သာ သိုင်းပညာပြိုင်ပွဲကို ရပ်တန့်ရဲရင်၊ အနီးဆုံးက ဂြိုဟ်တစ်လုံးကို ငါဖောက်ခွဲပစ်ပြီး ဘယ်သူက ဆရာကြီးလဲဆိုတာ သူတို့မြင်အောင် ပြလိုက်မယ်"

ကန်ရှင်းဂြိုဟ်အနီးတွင် ဂြိုဟ်များစွာ ရှိနေသော်လည်း သက်ရှိများရှိသည့် အရိပ်အယောင်တော့ မရှိပေ။

ကျူးယန်၏ တွေ့ရှိချက်အရ ဤစကြာဝဠာ၏ အစိတ်အပိုင်းသည် နေအဖွဲ့အစည်းတစ်ခုစာခန့်သာ ကျယ်ဝန်း၏။

သို့သော် ၄င်း၏ အစွန်းအထက်သို့မူ ကျူးယန်ပင်လျှင် ထပ်မံမစူးစမ်းနိုင်တော့ပေ။

“နင် အခု ဂြိုဟ်တစ်လုံးကို ဖောက်ခွဲနိုင်ပြီလား”

ကျူးယန်၏ မျက်လုံးများက စူးစမ်းလိုစိတ်ဖြင့် ဝင်းလက်သွားပြီး ကျိယွမ်၏ ချောမောသောမျက်နှာကို မော့ကြည့်ကာ မေးလိုက်သည်။

သူမသည် ဂြိုဟ်တစ်ခုပေါ်ရှိ သက်ရှိအားလုံးကို မျိုးတုံးစေနိုင်သော်လည်း၊ ဂြိုဟ်တစ်ခုလုံးကို ရုပ်ပိုင်းဆိုင်ရာအရ ဖောက်ခွဲရန်မှာမူ နောက်ထပ် အဆင့်တစ်ခု ဖြစ်၏။

ကျိယွမ် အစာနင်သွား၏။

“အဟမ်း...ငါက နည်းနည်းပိုပြောလိုက်တာပါ။ တကယ်လို့ မဖြစ်မနေ အခြေအနေရောက်လာရင် ကြယ်အမြုတေကို သူတို့နားက ဂြိုဟ်တစ်လုံးပေါ် ပစ်တင်လိုက်မှာပေါ့”

ကျိယွမ်က သူလုပ်နေကြနည်းလမ်းဟောင်းကြီးကို ထုတ်သုံးလိုက်ရုံပင်။

မင်းတို့ မိုက်လား ၊ မိုက်တယ်ဆို ရော့ ...။

သူက ဘာကောင်လာလာ ၊ မနိုင်လျှင် နေလုံးကြီးနှင့် ပိတ်ပေါက်ပစ်မည်ဖြစ်၏။

“ဒါက မတူဘူးလေ”

ကျူးယန်က လက်မခံသလို ပြန်ငြင်းရင်း သူမ၏မျက်လုံးများက စိတ်ဝင်စားမှုဖြင့် ဝင်းလက်လာသည်။

“နင် ဂြိုဟ်တစ်လုံးကို ဖောက်ခွဲတာကို ငါ တကယ်ကြည့်ချင်တယ် ၊ အဲဒါက ဒီကလူတွေစကားနဲ့ပြောရရင် အရမ်းလန်းမှာပဲ”

“နင်ကတော့ ကိုယ့်ယောက်ျားကို အခက်တွေ့အောင် လုပ်နေတာပဲ၊ ဒါပေမဲ့... အဲဒါက ဖြစ်နိုင်ပါသေးတယ်”

ကျိယွမ်က သူမ၏နှာသီးဖျားလေးကို ညှစ်လိုက်၏။

မဟာအုပ်စိုးရှင်ရှန်းလဲ့ နှင့် အခြားသူများသာ ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ပါက ကျိယွမ်၏ ခွန်အားသည် သိသိသာသာတိုးလာမည်ဖြစ်ပြီး သူကိုယ်တိုင်ပင် ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိကောင်းရောက်ရှိသွားနိုင်သည်။

ထိုအခါကျလျှင် ဂြိုဟ်တစ်လုံးကို ဖောက်ခွဲရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။

“နင် ဂြိုဟ်ဖောက်ခွဲတော့မယ်ဆိုရင် ငါ့ကို ကြိုပြောဦး။ ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် တင်ချင်လို့။ အဲဒါက တကယ်ပေါက်သွားမှာ သေချာတယ်၊ ပြီးတော့ ငါ့မှာ ဖော်လိုဝါတွေ အများကြီး ရလာမှာပဲ။ ဟီးဟီး”

ကျူးယန်က ကလေးဆန်းစွာ တခိခိ ရယ်မောနေသည်။

“နင်ကတော့ TV ဒရာမာဇာတ်လမ်းတွဲတွေထဲက မင်းသမီးနဲ့ ပိုပိုတူလာပြီ။ ငါ နင့်ကို လက်နက်ကြီးတချို့ ပြလိုက်ရမလား ”

"နင်နော်....."

"ဟားဟား ဟားဟား ..ကြောက်သွားပြီမှတ်လား.."

ကျူးယန်နှင့် အတူရှိနေချိန်တိုင်းက ကျိယွမ်ဘဝအတွက် ပေါ့ပါးပျော်ရွှင်စရာပင်။

"ကြောက်စရာလား..."

-------------

အခန်း ၃၅၉ - ဒုတိယရတယ်ဆိုတာလည်း မဆိုးပါဘူး

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်နှစ်ပေါင်း ခြောက်ဆယ် ကုန်ဆုံးသွားခဲ့သည်။

လောကီရေးရာများသည် ခဏတာအတွင်း ပျောက်ကွယ်သွားတတ်သော လွင့်မျောနေသည့် တိမ်တိုက်များကဲ့သို့ပင် ။

အချိန်သည် အရာအားလုံးကို ဆေးကြောနိုင်ပြီး အနက်ရှိုင်းဆုံး အမှတ်အသားများပင်လျှင် ၎င်း၏ တိုက်စားမှုကို မခုခံနိုင်ခဲ့ကြပေ။

"နိုင်ငံတော်အဆင့် ကိုယ်ခံပညာပြိုင်ပွဲမှာ နောက်တစ်ကြိမ် ထပ်မံအနိုင်ရရှိသွားတဲ့ ပြိုင်ပွဲဝင် ကျိယွမ်ကို ဂုဏ်ပြုပါတယ်"

ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာချိန်တွင် ကျိယွမ်သည် သူ၏ရှေ့ မြေပြင်ပေါ်၌ လဲလျောင်းနေသော အဘိုးအိုကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"လူငယ်လေး၊ သိပ်တော်တာပဲ၊ မင်းက မနှစ်ကထက် ပိုတိုးတက်လာတယ်နော်"

အဘိုးအိုက ခါးသီးစွာ ပြုံးလိုက်၏။

"ဟင်း... ငါ ထပ်ရှုံးပြန်ပြီ။"

"စိတ်မပူပါနဲ့၊ ခင်ဗျား ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တာပဲ။ ဒုတိယဆုရတာကလည်း မဆိုးပါဘူး ၊ တစ်ခုခုတော့ ဖြစ်ထွန်းတာပဲ မဟုတ်လား"

လူကြီးသူမများကို အမြဲရိုသေတတ်သော ကျိယွမ်က အဘိုးအိုကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

"ဒါပေမဲ့ ပြိုင်ပွဲဝင်တာ ငါတို့နှစ်ယောက်တည်းပဲ ရှိတာလေ ၊ ဒုတိယဆုရတော့ ဘာထူးမှာလဲ"

အဘိုးအိုက သေချင်စော်နံစွာ ညည်းတွားလိုက်၏။

"ဒီကိုယ်ခံပညာပြိုင်ပွဲက အခုထိ ဘယ်လိုလုပ် ကျင်းပနေသေးတာလဲ၊ တကယ် ထူးဆန်းတာပဲ။"

အဘိုးအိုသည် ကွင်းအတွင်းကို ဝေ့ကြည့်လိုက်သည်။

ကွင်းမှာ ယခင်လိုကြီးမားဆဲဖြစ်သော်လည်း အနည်းငယ် ဟောင်းနွမ်းပျက်စီးနေလေပြီ။

သူ ငယ်စဥ်က ကိုယ်ခံပညာပြိုင်ပွဲသည် အလွန်အမင်း ရေပန်းမစားသော်လည်း အနည်းဆုံးတော့ ခုံတန်းဝက်ခန့်မှာ လူပြည့်နေတတ်သည်။

တစ်ခါတစ်ရံတွင် စီစဉ်သူများက ပိုက်ဆံသုံးနိုင်လျှင် ပွဲကြည့်ပရိသတ်အတုများကိုပင် ငှားရမ်းကာ အငွေ့အသက်ကို မြှင့်တင်ပေးလေ့ရှိ၏။

သို့သော် ယခုမူ... ပရိသတ်တစ်ဦးတစ်ယောက်မျှ မရှိတော့ပါ။

နေပါဦး၊ မဟုတ်သေးဘူး...

တစ်ယောက်တော့ ရှိပါသည်။

ပရိသတ်ခုံတန်းတွင် ပြောပြရခက်အောင်လှပသော မိန်းမပျိုလေးတစ်ဦးသည် တောက်ပနေသော မီးရှုးမီးပန်းတုတ်ကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ထိုင်အားပေးနေသည်။

"တကယ်သန်မာတာပဲ... နောက်တစ်ခါ ချန်ပီယံဖြစ်ပြန်ပြီ"

"ကျိယွမ်၊ ရှင့် အရမ်းတော်တယ်လို့"

"ကျွန်မက ရှင့်ရဲ့ အမာခံပရိသတ်နော်"

တစ်ဦးတည်းသော ပရိသတ်မှာ ကျိယွမ်အတွက် အမြဲတမ်း တက်ကြွစွာ အားပေးနေသည့် ကျူးယန်မှ လွဲ မည်သူဖြစ်နိုင်မည်နည်း ။

ပြိုင်ပွဲတိုင်းတွင် သူမသည် သူ၏ ဖန်ဂဲလ်အဖွဲ့ဝင်၊ ပရိသတ်၊ မိသားစုဝင်အဖြစ်ဟန်ဆောင်ကာ သူ့ကို မမောနိုင်မပန်းနိုင် အားပေးလေ့ရှိသည်။

ယင်းကို ကြားရသောအခါ အဘိုးအိုမှာ ပို၍ပင် စိတ်မကောင်းဖြစ်သွားရှာသည်။

"အရှင်၊ ကိုယ်ခံပညာပြိုင်ပွဲထဲကို နောက်ထပ်မဝင်လာဘဲနေလို့ မရဘူးလား ၊ ကျွန်တော် ငယ်ငယ်တုန်းက အိပ်မက်ဟာ ချန်ပီယံတစ်ကြိမ်လောက် ဖြစ်ဖူးဖို့ပါ။ အရှင်က ကျွန်တော့်ကို အကြိမ်ပေါင်း ခြောက်ဆယ်နီးပါး အနိုင်ယူပြီးပြီပဲ။ ကျွန်တော့်ကို အခွင့်အရေးလေး တစ်ခုလောက် ပေးလို့မရဘူးလား"

အဘိုးအိုမှာ အကြံအိုက်နေသည်။

သူ၏ငယ်ဘဝတွင် သိုင်းပညာပြပွဲများကို ကြည့်ရသည်ကို နှစ်သက်ခဲ့ပြီး သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ သိုင်းသမားများကဲ့သို့ လယ်ကွင်းများအတွင်း ပြေးလွှားခဲ့ဖူးသည်။

သို့သော် သူ၏ သိုင်းပညာပါရမီမှာ သာမန်မျှသာဖြစ်သဖြင့် ပင်မပြိုင်ပွဲသို့ မည်သည့်အခါမျှ အရည်အချင်းမမီခဲ့ပါ။

နောက်ပိုင်းတွင် ကျင့်ကြံခြင်းလမ်းစဥ်များ ပြန်လည်နိုးထလာပြီး သိုင်းပညာများ ဆုတ်ယုတ်လာချိန်တွင် ကိုယ်ခံပညာပြိုင်ပွဲသို့ ပါဝင်သူ နည်းပါးသွားခဲ့၏။

ထိုအချိန်တွင် သူသည် ပြိုင်ပွဲဝင်လိုသောဆန္ဒမှာ ပြန်လည်ထကြွလာသည်။

ထို့နောက် ပြိုင်ပွဲတွင် သူ၏ အဆင့်မှာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ချန်ပီယံဖြစ်ရန် မျှော်လင့်ချက်များ စတင်ရရှိလာခဲ့သည်။

သို့သော် အကြိမ်တိုင်းတွင်... ဗိုလ်လုပွဲ၌ သူ ရှုံးနိမ့်နေ၏။

"အရှင်၊ ကျွန်တော့်မှာ နေဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ကျွန်တော့်ကို အနားပေးလို့ မရဘူးလား ၊ နောက်ဆုံးတော့ ကိုယ်ခံပညာပြိုင်ပွဲဆိုတာ ရက်စက်တာမျိုးပါ။ ပန်းတွေ၊ လက်ခုပ်သံတွေနဲ့ ကျော်ကြားမှုတွေအားလုံးဟာ ချန်ပီယံဆီမှာပဲ ရှိတာပါ။ ရှုံးနိမ့်ပြီး တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားရတဲ့ ဒုတိယလူကို ဘယ်သူမှ မမှတ်မိကြပါဘူး"

အဘိုးအိုက စိတ်လှုပ်ရှားစွာ အသနားခံလိုက်သည်။

နှစ်ပေါင်း ခြောက်ဆယ်နီးပါး ကြာသော်လည်း ကျိယွမ်မှာ အသက်မကြီးသွားခဲ့ပါ။

ထိုအရာက သူသည် သိသိသာသာပင် ကျင့်ကြံသူတစ်ဦး ဖြစ်နေကြောင်း ပြသနေ၏။

သူ့လိုကျင့်ကြံသူကြီးက သိုင်းပညာပြိုင်ပွဲတွင် ပါဝင်နေခြင်းမှာ မတရားသလို ဖြစ်နေ၏။

ကိုယ်ခံပညာပြိုင်ပွဲတွင် ကျင့်ကြံသူတစ်ဦး ရှိနေခြင်းမှာ တမင်ကာအနိုင်လာကျင့်နေခြင်းပင် မဟုတ်ပါလား။

ပြီးတော့ သူက အဘိုးကြီးတွေကို အနိုင်ကျင့်နေတာ ၊ အရှက်တရားဆိုတာ မရှိတော့ဘူးလား ။

"ခင်ဗျားကတော့ မတူပါဘူး။ ခင်ဗျားက အမြဲတမ်း ဒုတိယရနေတဲ့သူဆိုတော့ လူတွေက ခင်ဗျားကို မှတ်မိနေကြမှာပါ"

ကျိယွမ်က အဘိုးအိုအား နှစ်သိပ်ပေးလိုက်၏။

လူတစ်ယောက်က ဒုတိယဆုကို တစ်ခါတစ်လေ ရလျှင် မည်သူမှသတိမထားမိသော်လည်း ထိုသူက နှစ်တိုင်းလိုလို ဒုတိယချည်းရနေလျှင်တော့ လူအများက သေချာပေါက် သတိထားမိမည်မှာ အမှန်ပင် ။(ဘောလုံးအသင်းတစ်သင်းနှင့် မဆိုင်ပါ ၊ ဘာသာပြန်သူ )

ထို့နောက် သူသည် ကျူးယန်ထံသို့ လျှောက်သွားကာ သူမ၏ နူးညံ့ဖြူစင်သော လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။

"လာမယ့်နှစ်မှ တွေ့ကြတာပေါ့၊ လူငယ်လေး။"

အဘိုးအိုမှာ စိတ်ဓာတ်များ အဝိစိထိ ထိုးကျသွားတော့သည်။

သူက နောက်နှစ်လည်း ပြိုင်ဦးမှာတဲ့လား။

ငါ့ကိုသာ သတ်လိုက်ကြပါတော့ ...။

ကျူးယန်သည် ရွှင်မြူးစွာဖြင့် ကျိယွမ်ကို ဖက်တွယ်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။

"ကြည့်လိုက်၊ ငါ့မှာ ဘာရှိလဲဆိုတာ"

"ဖိတ်စာတစ်စောင်လား"

ကျူးယန်ကိုင်ထားသောအရာကိုကြည့်ပြီး ကျိယွမ် အနည်းငယ်စိတ်ဝင်စားသွား၏။

"ဟုတ်တယ်၊ နင် ခရမ်းရောင်နန်းတော် အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာ မဟုတ်လား ၊ ငါ လိုက်စုံစမ်းကြည့်တော့ နယ်မြေသုံးခုက ကျင့်ကြံသူတချို့နဲ့ ကန်ရှင်းဂြိုဟ်ပေါ်က မိစ္ဆာကျင့်ကြံသူတချို့ဟာ ခရမ်းရောင်နန်းတော်ရဲ့လမ်းစဥ်ကို ဆွေးနွေးဖို့ နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပနေကြတာကို တွေ့ခဲ့တယ်။ တက်ရောက်ဖို့ဆိုရင် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ ဖြစ်ရမယ်တဲ့"

"နင်သွားမယ်ဆိုရင် တစ်ခုခု ရနိုင်လိမ့်မယ်။"

ယင်းကို ကြားရသောအခါ ကျိယွမ်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"နင်ပြောတာ မှန်တယ်။"

ဂိမ်းထဲတွင် ကျိယွမ်သည် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ အဆင့်တက်လှမ်းမှုမှာ အတော်လေး ရှုပ်ထွေးနေ၏။

အပြင်ဘက်လက်တွေ့ဘဝတွင်မူ သူသည် အားနည်းသော စိတ်ဝိညာဥ်ကျင့်ကြံသူတစ်ဦးမျှသာ ရှိပါသေးသည်။

သူသည် အစွမ်းထက်သော ခရမ်းရောင်နန်းတော် ကျင့်ကြံသူများကို အားကျနေဆဲပင်။

"အတော်ပဲ။ ဒီနှီးနှောဖလှယ်ပွဲကို တက်ပြီးရင် ငါသင်ယူခဲ့တာတွေကို စုစည်းမယ်၊ ပြီးရင် အွန်လိုင်းဖိုရမ်တွေမှာ အကြံဉာဏ်တောင်းမယ်။ အဲဒါဆိုရင် မှန်ကန်တဲ့ အဖြေကို ငါ သေချာပေါက် ရှာတွေ့မှာပဲ"

ကျိယွမ်က ထက်မြက်သူဖြစ်၏။ ရှုထောင့်ပေါင်းစုံမှ နားထောင်ခြင်းသည် မည်မျှအရေးကြီးကြောင်း သူ သိထားသည်။

စိတ်ဝိညာဥ်အဆင့် သို့မဟုတ် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူအနည်းငယ်ထံမှ နားထောင်ခြင်းမှာ မလုံလောက်ပါ။

လူအများ၏ ဉာဏ်ပညာသည် အတိုင်းအဆမရှိပေ။

ဖိုရမ်များတွင် မေးခွန်းတစ်ခု တင်လိုက်ခြင်းက အံ့သြဖွယ်ကောင်းသော စိတ်ကူးစိတ်သန်းများကို ဖြစ်ပေါ်စေနိုင်သည်။

"ငါ့မှာလည်း ဖိတ်စာတစ်စောင် ရှိတယ်၊ ဒါကြောင့် နင့်နဲ့အတူ လိုက်ခဲ့မယ်"

ကျူးယန်က ထိုသို့ ပြောကာ လက်ကို ဝှေ့ယမ်းပြီး မျက်နှာဖုံးနှစ်ခုကို ထုတ်ပြလိုက်သည်။

"မြန်မြန်၊ ဒါကို ဝတ်လိုက်။ နှီးနှောဖလှယ်ပွဲက တက်ရောက်သူတွေကို သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားဖို့ လိုအပ်တယ်။"

ကျိယွမ်သည် မျက်နှာဖုံးကို ကြည့်ကာ အမူအရာ ထူးဆန်းသွားသည်။

"ဒီနှီးနှောဖလှယ်ပွဲက တရားဝင်ဖြစ်တာ သေချာရဲ့လား"

ဤမျက်နှာဖုံးများသည် အချို့သော... ဗီဒီယိုများတွင်သာ သူမြင်ဖူးသောအရာများနှင့် တူနေသည်။

"နင်နော်... ဘာတွေ တွေးနေတာလဲ"

ကျူးယန်၏ လှပသောမျက်နှာလေးက နီရဲသွားသည်။

တစ်ခါတစ်ရံတွင် ပျော်ရွှင်စေရန်အတွက် သူမသည် မျက်နှာဖုံး ဝတ်ဆင်တတ်လေသည်။

ထို့ကြောင့် ကျိယွမ် ဘာတွေးနေသည်ကို သူမ အတိအကျ သိပါသည်။

"ဘာမှမဟုတ်ပါဘူး။ နှီးနှောဖလှယ်ပွဲကို သွားကြစို့။"

ကျိယွမ်က ကျူးယန်ကို ပွေ့ဖက်လိုက်ပြီး သူတို့နှစ်ဦးလုံး ပျောက်ကွယ်သွားခဲ့သည်။

ဂိမ်း၏ တာဝန်များမှာ ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။

သူသည် ဂိမ်းကို အဆုံးသတ်ရန် သိပ်မဝေးတော့ပါ။

သို့သော် သူသည် ခရမ်းရောင်နန်းတော်အဆင့်နှင့် ပတ်သက်၍ ဘာမှမသိသေးပေ။

စစ်မှန်မဟာဉာဏ်ပညာရှိထံမှ အများကြီးသင်ယူခဲ့ရသော်လည်း မလုံလောက်သေးသကဲ့သို့ ကျိယွမ် ခံစားနေရ၏။

သူသည် နောက်ထပ် စိတ်ကူးစိတ်သန်းများ လိုအပ်နေလေသည်။

မဟုတ်ပါက သာမန်ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာရသည်မှာ ရှက်စရာကောင်းပါလိမ့်မည်။

ထို့အပြင် သူသည် ရှန်းကွမ်းဂိုဏ်း၏ ပထမဆုံးသော ခရမ်းရောင်နန်းတော် ကျင့်ကြံသူ ဖြစ်လာတော့မည်ဖြစ်ရာ အားလုံးအတွက် ရှေ့ဆောင်လမ်းပြသူတစ်ဦးလည်း ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းကိုထောက်ပံ့ပေးရန် အစွမ်းအစအချို့ သူလိုအပ်၏။

"သွားကြစီု့.."

နှီးနှောဖလှယ်ပွဲမှာ ပင်လယ်ပြင်၏ နေရာတစ်ခုတွင် ကျင်းပခြင်း ဖြစ်သည်။

ပင်လယ်ပေါ်တွင် ဟောင်းနွမ်းနေသော အပျော်စီးသင်္ဘောကြီးတစ်စင်း မျောပါနေ၏။

ရံဖန်ရံခါတွင် အလင်းတန်းတစ်ခု ၊ နှစ်ခု ဖြတ်သန်းသွားကာ သင်္ဘောထဲသို့ ဝင်ရောက်သွားတတ်လေသည်။

မျက်နှာကို အဝတ်နက်ဖြင့် ဖုံးအုပ်ထားသောရှဲ့ထန်မှာ သက်ပြင်းချလိုက်မ်သည်။

နှစ်ပေါင်း ခြောက်ဆယ် ကုန်ဆုံးသွားခဲ့ပြီးနောက် သူမသည်လည်း စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိခဲ့ပါပြီ။

ထျန်ရွှမ်းဂိုဏ်းတွင် ဂိုဏ်းချုပ်တစ်ဦးသာလျှင် သူမထက် ပို၍သန်မာသူရှိသည်။

သူမ၏ စီနီယာအစ်မမှာမူ...။

သူမ၏ အရိပ်အယောင်ပင် မတွေ့ရသေးပါ။

ဂိုဏ်း၏ တာဝန်ဝတ္တရားများသည် သူမ၏ပခုံးပေါ်သို့ အဆက်မပြတ်ကျရောက်လာခဲ့ပြီး သူမမှာလည်း ရင့်ကျက်လာခဲ့သည်။

"ဆရာ၊ ဒီမှာ အစွမ်းထက်တဲ့သူတွေ အများကြီးပဲ။"

ဟောင်းနွမ်းနေသော သင်္ဘောကြီးကို ကြည့်နေသည့် ဝမ်ကျစ်ချီက စပ်စုချင်နေသော အမူအယာရှိ၏။

ကျိယွမ်၏အိမ်နီးချင်းလေးသည် အခြေတည်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး နှစ်ပေါင်း ခြောက်ဆယ် ကုန်ဆုံးသွားသော်လည်း သူမမှာ မိန်းကလေးငယ်တစ်ဦးကဲ့သို့ပင် နုပျို ရှိနေဆဲ ဖြစ်သည်။

"မင်းရဲ့ အရှိန်အဝါကို သေချာဖုံးကွယ်ထား၊ ဘယ်သူ့ကိုမှ မင်းရဲ့ မည်သူမည်ဝါဖြစ်ကြောင်း မသိစေနဲ့"

ရှဲ့ထန်က သူမကို သတိပေးလိုက်သည်။

လောလောဆယ်တွင် ဝူကွေနိုင်ငံနှင့် ချင်းယွမ်တို့သည် စစ်ဖြစ်နေဆဲပင်။

ပဋိပက္ခသည် နှစ်ပေါင်း ခြောက်ဆယ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်၏။

နယ်မြေသုံးခု မဟာမိတ်အဖွဲ့မှာလည်း ပြိုကွဲသွားခဲ့ပြီး ယခုအခါ သူတို့သည် အချင်းချင်းပင် ပြင်းထန်စွာ တိုက်ခိုက်နေကြကုန်သည်။

ထိုအထဲတွင် မိစ္ဆာမျိုးနွယ်စုများကပါ ပါဝင်လာသဖြင့် ကမ္ဘာ့အခြေအနေမှာ ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။

ထို့ကြောင့် နှီးနှောဖလှယ်ပွဲတွင် ရန်သူတစ်ဦး ရှိနေနိုင်သော အခွင့်အရေးလည်း ရှိနေပြီး အကယ်၍ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားပါက အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်သည်။

"နားလည်ပါပြီ ဆရာ"

ဝမ်ကျစ်ချီသည် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ ပြန်လည်ဖုံးကွယ်လိုက်သည်။

ထိုအချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက သူတို့အနီးအနားသို့ ဆင်းသက်လာသဖြင့် ရှဲ့ထန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

သူတို့၏ မျက်နှာများကို ဖုံးကွယ်ထားသော်လည်း သူတို့၏ အရှိန်အဝါမှာ ထူးခြားလှ၏။

သာ၍ထူးခြားသည်မှာ သူမသည် အဘယ်ကြောင့်ဟု အတိအကျ မသိသော်လည်း ထိုစုံတွဲထံမှ ထူးဆန်းသော ရင်းနှီးမှုကို ခံစားနေရသည်။

"ကျင့်ကြံသူမိတ်ဆွေတို့၊ ရှင်တို့လည်း အစည်းအဝေးကို တက်ရောက်မှာလား ၊ ကျွန်မတို့ အတူတူသွားပြီး အချင်းချင်း စောင့်ရှောက်ပေးရင် မကောင်းဘူးလား"

ရှဲ့ထန်က အကြံပြုလိုက်သည်။

ဝမ်ကျစ်ချီကလည်း စပ်စုလိုသော မျက်နှာဖြင့် နောက်က လိုက်လာပြီး ထိုနှစ်ယောက်ကို စပ်စုနေ၏။

သူမသည်လည်း ထိုထူးဆန်းသော ရင်းနှီးမှုကို ခံစားနေရပါသည်။

ထိုစုံတွဲမှာ ကျိယွမ်နှင့်ကျူးယန်တို့ ဖြစ်၏။

သူတို့အနီးသို့ကပ်လာသော ရှဲ့ထန်နှင့် ဝမ်ကျစ်ချီကို ကြည့်ကာ ကျိယွမ်က ခေါင်းညိတ်လိုက်သည်။

"ရတာပေါ့"

ဝမ်ကျစ်ချီမှာ ယန်ရှန်း၏ သမီး ဖြစ်သည်။

သူ ဂိမ်းထဲကို ပထမဆုံး ဝင်လာချိန်တွင် ကျိယွမ်၏ သိုင်းပညာကျင့်ကြံမှုမနက်ရှိုင်းသေးချိန်၌ ယန်ရှန်းသည် သူ၏ သိုင်းပညာလမ်းကြောင်းတွင် များစွာ ကူညီပေးခဲ့၏။

ကိုယ်ခံပညာပြိုင်ပွဲတွင် သူ ပထမဆုံး ပါဝင်ယှဥ်ပြိုင်နိုင်ခဲ့သည်မှာပင် ယန်ရှန်းက သူ့အတွက် ကူညီပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ကျိယွမ်သည် ယန်ရှန်း၏ သမီးအပေါ် စိတ်စေတနာကောင်း ရှိနေသည်။

ရှဲ့ထန်သည် ထိုစုံတွဲကို ကြည့်ကာ သူမ၏ အမူအရာမှာ စပ်စုလိုစိတ်များဖြင့် ပြည့်နှက်နေပြီး စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာသည်။

နယ်မြေသုံးခုနှင့် မိစ္ဆာမျိုးနွယ်စုများအတွင်း ဤကဲ့သို့သော စိတ်ဝိညာဥ်အဆင့်စုံတွဲများမှာ အလွန်နည်းပါးလှသည်။

ထို့ပြင် သူမသိထားသမျှ စုံတွဲတိုင်းကလည်း ယခုရောက်လာသောစုံတွဲ၏ ကိုယ်ဟန်အနေအထားနှင့် ကိုက်ညီသူ တစ်ဦးမျှ မရှိပါ။

သို့သော် သူတို့၏ ပုံပန်းသဏ္ဌာန် အသက်အရွယ်အရ သူတို့သည် သူမကဲ့သို့ပင် အသစ်စက်စက် စိတ်ဝိညာဥ်အဆင့်သို့ တက်လှမ်းလာသူများသာ ဖြစ်နိုင်ပြီး ရှေးဟောင်းသတ္တဝါကြီးများ မဟုတ်နိုင်ပေ။

သူမ၏ ရန်သူများမှာ ရှေးဟောင်းသတ္တဝါကြီးများ ဖြစ်ကြသဖြင့် သူမသည် ကျိယွမ်ကို သတိထားသည်ဆိုသော်လည်း အလွန်အကျူးတော့ မဟုတ်ပါ။

"မသေမျိုးလမ်းစဥ်ဟာ တကယ်ကို ခက်ခဲပါတယ်၊ အထူးသဖြင့် ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်ဖို့ပေါ့။ အဲဒါက စိတ်ဝိညာဥ်အဆင့်ထက် အများကြီးကို ကျော်လွန်နေတာ။ ဒီတစ်သက်တော့ ခရမ်းရောင်နန်းတော်ထဲကို ဝင်ခွင့်ရမလားတောင် မသိပါဘူး"

ရှဲ့ထန်က သက်ပြင်းချလိုက်သည်။

"အင်း.. ကျွန်တော်လည်း အပြည့်အဝ သဘောတူပါတယ်"

ကျိယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"မသေမျိုးလမ်းစဥ်ဟာ ခြေလှမ်းတိုင်းမှာ အတားအဆီးတွေနဲ့ ပြည့်နေတာပဲ။"

"ကျွန်တော် အခြေတည်ဆောက်အဆင့်ကို တက်ဖို့ ကြိုးစားတုန်းက အဘိုးကြီး ၂,၇၀၀ နဲ့ တိုက်ခိုက်ခဲ့ရပြီး သေလုနီးပါး တောင် ဖြစ်ခဲ့တာ။"

"အမြုတေအဆင့်ကို တက်တာက ပိုတောင် အန္တရာယ်များသေးတယ်။ ကျွန်တော့်ရဲ့ အမြုတေက အရမ်းကြီးလွန်းလို့ အတွင်းထဲကနေ ကျွန်တော့်ကို ပေါက်ကွဲထွက်မတတ် ဖြစ်သွားစေခဲ့တာ ၊ ကံကောင်းလို့မသေတယ် ။"

"စိတ်ဝိညာဥ်အဆင့်ကို ရောက်တဲ့အခါမှာတော့ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး အကျပ်အတည်းနဲ့ ကြုံခဲ့ရတာပဲ။ အဲဒီလူက ကျွန်တော် ဆော့နေတဲ့ ဂိမ်းကိုတောင် ပျက်စီးသွားအောင် လုပ်လုနီးပါးပဲ။"

ကျိယွမ်က စိတ်လိုလက်ရရှိနေသဖြင့် အမှန်အတိုင်းပြန်ပြောပြနေခြင်းဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းခရီးလမ်းမှာ မယုံနိုင်လောက်အောင် ခက်ခဲခဲ့ပြီး မနားမနေကြိုးစားပြီး ဂိမ်းဆော့ခဲ့ရသည် မဟုတ်ပါလား ။

ကျိယွမ်၏ စကားများကို ကြားရသောအခါ ရှဲ့ထန်မှာ ထူးဆန်းသည်ဟု ထင်မိသော်လည်း အနည်းငယ်တော့ ဆက်စပ်တွေးတောနိုင်ပါသည်။

အခြေတည်အဆင့်ကို တက်လှမ်းရန်ကြိုးစားရင် ကျင့်ကြံသူအဘိုးကြီး ၂,၇၀၀ ၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည်မှာ အနည်းငယ် ချဲ့ကားထားသော်လည်း ယုံကြည်နိုင်စရာတော့ ရှိပါသေးသည်။

ဒါပေမဲ့... စိတ်ဝိညာဥ်အဆင့်ကို တက်လှမ်းချိန်မှာ ဂိမ်းပျက်လုနီးပါး ဖြစ်သွားတယ်ဆိုတာက ဘာကို ဆိုလိုတာပါလိမ့်။

"ရှင်က လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်၊ ဟုတ်တယ်မလား"

"ဒါကြောင့် ရှင့်ရဲ့ အဆင့်တက်လှမ်းမှုတွေက မယုံနိုင်လောက်အောင် ခက်ခဲနေပုံရတယ်"

ရှဲ့ထန်က ကိုယ်ချင်းစာစွာဖြင့် မှတ်ချက်ပေးလိုက်သည်။

ဝမ်ကျစ်ချီကလည်း ကျိယွမ်ကို ကိုယ်ချင်းစာသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"ကျွန်မတို့လို ဂိုဏ်းဝင်တွေထက် လေလွင့်ကျင့်ကြံသူတွေအတွက် အဆင့်တက်ဖို့ ပိုခက်ခဲပေမဲ့၊ အခု ရှင်စိတ်ဝိညာဥ်အဆင့်ကို ရောက်နေပြီဆိုတော့ အခက်အခဲတွေကနေ လွတ်မြောက်ပြီး နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ပါပြီ။"

ဝမ်ကျစ်ချီက သင့်တော်သောအချိန်တွင် သင့်တော်သောဥပမာဖြင့် သူ့ကို ချီးကျူးလိုက်ခြင်းပင်။

သို့သော် ချီယွမ်ကတော့ မကျေမနပ် ဖြစ်သွား၏။

သူသည် ဂိုဏ်းတစ်ခု၏ အစိတ်အပိုင်း ဖြစ်သည်။

ဘာကို လေလွင့်လဲ ၊ ရှန်းကွမ်းဂိုဏ်းက ဂိုဏ်းတစ်ခု မဟုတ်ဘူးလား။

သူသည် ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းတော့မည်ဖြစ်ပြီး ရှန်းကွမ်းဂိုဏ်း၏ သမိုင်းတစ်လျှောက် ပထမဆုံးသော ခရမ်းရောင်နန်းတော်ကျင့်ကြံသူ ဖြစ်လာကာ သူ၏ ဘိုးဘေးများကပင် ဂုဏ်ယူရမည့်သူပင် ။

"ငါက လေလွင့်ကျင့်ကြံသူ မဟုတ်ပါဘူး"

"ဟမ်"

ဝမ်ကျစ်ချီ မှင်တက်သွားသည်။

"ဒါပေမဲ့ ရှင်က ဂိုဏ်းဝင်တစ်ယောက်ဆိုရင် ဘာဖြစ်လို့ အဆင့်တက်ရတာ အဲဒီလောက် ခက်ခဲနေရတာလဲ"

သူမသည် ကျိယွမ်ကို စဥ်းစားသလို အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့မှာ ပါရမီ ညံ့ဖျင်းတာ ဖြစ်ရမယ်။

"အင်း..ရှင်က နှောင်းမှပွင့်တဲ့ပန်းပဲ"

ဝမ်ကျစ်ချီက အာမေဍိတ်သံဖြင့် ဥပမာပြု၏။

မကျေမနပ်ဖြစ်နေသော ကျိယွမ်မှာ စကားမပြောနိုင်အောင် ဖြစ်သွားတော့သည်။

ယန်ရှန်း၏သမီးမှာ ယခုအခါ အသက် ရှစ်ဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း လိမ္မာပါးနပ်စွာ မည်သို့ပြောရမည်ကို မသိသေးပါ။

သူမတွင် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EQ) မရှိမှ သိသာ၏။

"ငါ့ရဲ့ အခြေတည်ဆောက်မှုက နင်နဲ့ မတူတာမျိုး ဖြစ်နိုင်မလား"

ကျိယွမ်သည် ဝမ်ကျစ်ချီကို ကြည့်ကာ ရုတ်တရက် ကြွားဝါချင်စိတ် ပေါ်လာသည်။

"တကယ်ပြောတာ ၊ နင့်ရဲ့ အခြေခံတည်ဆောက်မှုက အရမ်းအားနည်းလွန်းတယ်။ နင့်လိုလူ တစ်သောင်းလောက်ကို ငါ အနိုင်ယူနိုင်တယ်"

"မယုံရင် ငါတို့ စမ်းသပ်ပြီး တိုက်ခိုက်ကြည့်မလား"

"တစ်သိန်းတော့ လုပ်လိုက်ပါ"

ကျူးယန်က တခိခိရယ်ရင်း ဝင်ပြောလိုက်သည်။

ဝမ်ကျစ်ချီမှာ အနည်းငယ် ဆွံ့အသွား၏။

သူ့လို စိတ်ဝိညာဥ်အဆင့်စီနီယာကြီးက အခြေတည်အဆင့် ကျင့်ကြံသူလေးတစ်ယောက်နဲ့ တကယ်ပဲ စမ်းသပ်တိုက်ခိုက်ဖို့ ကမ်းလှမ်းနေတာလား။

"အဟမ်း...စီနီယာ၊ ကျွန်မက စီနီယာနဲ့ ဘယ်လိုလုပ် ယှဥ်ပြိုင်ဝံ့မှာလဲ"

ဝမ်ကျစ်ချီက စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ငြင်းလိုက်သည်။

"ကျွန်မက မထိုက်တန်ပါဘူး။"

"ဟင်း... ချင်းမင်းဆက်က ကွယ်ပျောက်သွားတာ ကြာပြီ၊ ဒါပေမဲ့ သူတို့ရဲ့ အတွေးအခေါ်တွေထဲမှာ ကျစ်ဆံမြီးတွေ ရှိနေသေးတဲ့လူတွေ ရှိနေတုန်းပဲလား"

"ဒီနေ့ခေတ်မှာ ငါတို့ဟာ အမျိုးသား၊ အမျိုးသမီးမရွေး လူတိုင်းအတွက် တန်းတူညီမျှမှုကို ထောက်ခံအားပေးကြတယ်။"

"ငါတို့ နှစ်ယောက်လုံးဟာ လူသားတွေပဲ၊ ဒါကြောင့် ငါတို့ဟာ တန်းတူပဲလို့ သတ်မှတ်ရမယ်။ တန်းတူချင်း စမ်းသပ်တိုက်ခိုက်တာက ဘာလို့ မတရားရမှာလဲ"

ကျိယွမ်သည် ယန်ရှန်း၏ သမီးကို အနည်းငယ်"ပညာပေး" ရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ကျစ်ချီသည် သူထက် ငယ်သော်လည်း ခေတ်နောက်ကျပြီး ရှေးရိုးစွဲဆန်သော အတွေးအခေါ်များ ရှိနေဆဲပင်။ခေတ်သစ် လွတ်လပ်သော အမျိုးသမီးတစ်ဦးနှင့် လုံးဝမတူပါ။

ဝမ်ကျစ်ချီသည် မျက်တောင်ခတ်လိုက်ပြီး ထိုစီနီယာပြောတာက... အဓိပ္ပာယ်ရှိသလိုလို ခံစားလိုက်ရ၏။

သို့သော် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် ယှဥ်ပြိုင်ရမည့် အတွေးက သူမကို ကြောက်ရွံ့စေသဖြင့် ရှဲ့ထန်ကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှဲ့ထန်က ပြုံးလိုက်သည်။

"စီနီယာ၊ မျိုးဆက်သစ်တွေကို နောက်ပြောင်နေဖို့ မလိုပါဘူး။"

"ကျွန်တော် နောက်နေတာ မဟုတ်ဘူး။ အတည်ပြောနေတာ"

ကျိယွမ်ကလည်း လေးလေးနက်နက် ပြောလိုက်သည်။

"ခင်ဗျားက ရှေးခေတ်ကလူဆိုတော့ ခင်ဗျားရဲ့ အတွေးအခေါ်က ရှေးရိုးစွဲဆန်တာ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ သူက ခေတ်သစ်ကလူ ဖြစ်နေပါလျက်နဲ့ ခေတ်နောက်ကျတဲ့ အတွေးအခေါ်တွေ ရှိနေသေးတယ်။"

ရှဲ့ထန်မှာ စကားပြန်မရဘဲ ဖြစ်သွားသည်။

တစ်ချိန်က သဟဇာတဖြစ်ခဲ့သော အငွေ့အသက်မှာ ယခုအခါ အနေရခက်သွားပြီး သူတို့လေးဦးလုံးမှာ စကားသိပ်မပြောကြတော့ဘဲ တိတ်ဆိတ်သွားကြ၏။

တိတ်ဆိတ်ကာ ဆက်လျှောက်လာပြီးတစ်နေရာတွင် သူတို့၏ ဖိတ်စာများကို ပြသပြီးနောက်၊ အားလုံးသည် အစည်းအဝေးသို့ တက်ရောက်ရန် အပျော်စီးသင်္ဘောပေါ်သို့ တက်ခဲ့ကြသည်။

အစည်းအဝေးအတွက် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အများအပြား စုဝေးရောက်ရှိနေကြပြီး စုစုပေါင်း ၃၀ ကျော် ခန့်ရှိ၏။

ဝမ်ကျစ်ချီကဲ့သို့သော မျိုးဆက်သစ်များမှာမူ ပို၍ပင် များပြားနေသည်။

စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို ထိုင်ခုံများ သတ်မှတ်ပေးထားပြီး ဝမ်ကျစ်ချီကဲ့သို့သော မျိုးဆက်သစ်များမှာမူ မတ်တပ်ရပ်နေကြကာ လူပေါင်း တစ်ရာနီးပါး စုဝေးနေကြသည်။

ထို့နောက် စုဝေးခန်းထဲသို့ ကြက်သွေးရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဝင်လာ၏။ သူ၏ အရှိန်အဝါမှာ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နေပြီး စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်ဖြစ်ကြောင်း သိသာလှသည်။

သူသည် အခန်းထဲ၌ ရှိနေသူအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ စကားစ၏။

"လူစုံပြီဆိုတော့ စလိုက်ကြရအောင်။ ကျွန်တော် အရင်ဆုံး အခြေခံအတွေးအမြင်အချို့ကို တင်ပြပါမယ်၊ ပြီးရင် ကျွန်တော်တို့ အားလုံး အကြံဉာဏ်တွေ ဖလှယ်ပြီး ဆွေးနွေးနိုင်ပါတယ်။"

ကြက်သွေးရောင် မျက်နှာဖုံးနှင့် အဘိုးအိုသည် စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေပြီး သူ၏ မျက်နှာကို ဖုံးကွယ်ထားသည်။

သူ၏ အသံမှာ မသေမျိုးတို့၏ အသံကဲ့သို့ပင် နူးညံ့လှ၏။

"စိတ်ဝိညာဥ်အဆင့်ကနေ ခရမ်းရောင်နန်းတော်အဆင့်ကို ကူးပြောင်းခြင်းဟာ ဝိညာဉ်အပေါ်မှာပဲ မူတည်ပါတယ်။"

"ဝိညာဥ်ကို အဆုံးစွန်ထိ သန့်စင်နိုင်မှသာ အဆင့်တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။"

"စိတ်ဝိညာဥ်အဆင့်နဲ့ ခရမ်းရောင်နန်းတော်ကြားက အဓိက ကွာခြားချက်ဟာ နတ်ဘုရားစွမ်းအားမှာ ရှိပါတယ်။"

"စိတ်ဝိညာဥ်ကျင့်ကြံသူတွေဟာ ဝိညာဥ်စွမ်းအားတွေကို ပိုင်ဆိုင်ကြပြီး ခရမ်းရောင်နန်းတော် ကျင့်ကြံသူတွေကတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတရားတွေရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ချဉ်းကပ်ကြတယ်။"

"ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်ဝိညာ်အဆင့်ကနေ ခရမ်းရောင်နန်းတော်ကို တက်လှမ်းဖို့အတွက် ဝိညာဥ်ကို သန့်စင်ဖို့နဲ့ အနှစ်သာရကို နားလည်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"

"ဒီလုပ်ငန်းစဉ်မှာ အခက်ခဲဆုံး အစိတ်အပိုင်းကတော့ အနှစ်သာရကို နားလည်သဘောပေါက်ခြင်း ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ ကျင့်ကြံသူ အများအပြားဟာ ဒီအဆင့်မှာပဲ ပိတ်မိနေခဲ့ကြတာပါ။"

"အအနှစ်သာရကို နားလည်သဘောပေါက်ခြင်းဟာ မိမိကိုယ်တိုင်သာ လုပ်ဆောင်နိုင်ပြီး တခြားဘယ်သူမှ မကူညီနိုင်ပါဘူး။ နတ်ဘုရားတစ်ပါး ဆင်းသက်လာရင်တောင် ဒါကို မကူညီနိုင်ပါဘူး။"

"အချက်နှစ်ချက်လုံးဟာ မရှိမဖြစ် လိုအပ်ပါတယ်။"

"တကယ်လို့ ဝိညာဥ်က သန့်စင်ပြီးသန်မာပေမဲ့ အနှစ်သာရကို နားလည်မှု လိုအပ်နေမယ်ဆိုရင် ရှေ့ဆက်သွားလို့ မရပါဘူး။"

"တစ်ဖက်မှာလည်း အနှစ်သာရကို နားလည်သဘောပေါက်ထားပေမဲ့ ဝိညာဥ်က မသန့်စင်ဘဲအားနည်းနေမယ်ဆိုရင်တော့ ‘ဝိညာဥ်လောင်ကျွမ်းခြင်း ဆေးတောင့်’ ကို သုံးပြီး ဝိညာဥ်ကို လှုံ့ဆော်နိုင်သလို ခရမ်းရောင်နန်းတော်အဆင့်ကိုလည်း လှမ်းတက်နိုင်ပါသေးတယ်။"

ကြက်သွေးရောင် မျက်နှာဖုံးနှင့် အဘိုးအို စကားပြောနေစဉ်တွင် တက်ရောက်လာသော ကျင့်ကြံသူ အများအပြားမှာ သဘောတူညီစွာ ခေါင်းညိတ်ကြခြင်း သို့မဟုတ် အများကြီး သင်ယူလိုက်ရသည်ဟု ခံစားရသဖြင့် လေးနက်သော အတွေးများထဲသို့ ကျရောက်သွားကြသည်။

အထူးသဖြင့် တစ်ကိုယ်တော်လေ့လွင့်ကျင့်ကြံသူအချို့အတွက်မူ ယင်းမှာ သူတို့ တစ်ခါမှ မကြားဖူးသော ဗဟုသုတများ ဖြစ်လေသည်။

သို့သော် ယင်းကို ကြားရသောအခါ ကျိယွမ်မှာတော့ အလွန်အမင်း စိတ်ပျက်သွား၏။

သူပြောသွားတွေက စကားလုံး ၁၀၀၀ လောက်ရှိပေမဲ့ မဟာဉာဏ်ပညာရှိရဲ့ စကားတစ်ခွန်းနဲ့တောင် မနှိုင်းယှဥ်နိုင်ပါလား။

"ဟင်း...ခင်ဗျားက ခင်ဗျားရဲ့ အခြေခံအတွေးအမြင်အချို့ကို တင်ပြနေတာလို့ ပြောတုန်းက အဲဒါက နှိမ့်ချပြောတာလို့ ကျွန်တော် ထင်ခဲ့တာ။"

"ဒါပေမဲ့ ခင်ဗျားက တကယ်ကို အတည်ပြောနေတာကိုး၊ တကယ်ကို အခြေခံလေးတွေကိုပဲ တင်ပြနေတာပဲ။"

"ကျွန်တော် ဝန်ခံပါတယ် ၊ ခင်ဗျားက တကယ်ကို ရိုးသားတာပဲ"

ဤအတိုင်း ဆက်သွားနေပါက သူ ဘာမှ ရရှိလိမ့်မည် မဟုတ်ပါ။

သူတို့ကို... မှန်ကန်သော လမ်းကြောင်းသို့ လမ်းညွှန်ပေးသင့်သလား။

သူ၏စကားများက လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားသည်။

ဝမ်ကျစ်ချီ၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ ကျိယွမ်ကို စိုက်ကြည့်ရင်း ဒီစီနီယာက... တကယ်ကို လျှာစူးတာပဲဟု တွေးလိုက်သည်။

ခုလိုအခြေအနေမှာ ဘယ်သူကများ ဒီလို ပြောဝံ့မှာလဲ။

"ဒီစီနီယာက စိတ်ဝိညာဥ်အဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ကျွန်တော်တို့ကို စေတနာနဲ့ သူရဲ့ အတွေ့အကြုံတွေကို မျှဝေပေးနေတာပါ။ ခင်ဗျားက ဘာဖြစ်လို့ သူ့ကို လှောင်ပြောင်နေရတာလဲ"

တစိကိုယ်တော်လေလွင့်ကျင့်ကြံသူတစ်ဦးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးအိုမှာလည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရ၏။

"ကျွန်တော့်ရဲ့ စကားတွေကို ရိုးရိုးအုတ်ခဲတွေလို့ ခင်ဗျားက ယူဆနေမှတော့၊ ခင်ဗျားမှာ တင်ပြစရာ ‘ပတ္တမြားစကား’ တွေများ ရှိနေလို့လား"

"ကျွန်တော့်မှာ ‘ပတ္တမြားစကား’ တွေတော့ မရှိပါဘူး၊ ဒါပေမဲ့... ခင်ဗျားရဲ့ ‘အုတ်ခဲ’ တွေက အပြစ်အနာအဆာ ရှိနေတယ်။"

"ဥပမာအားဖြင့်၊ လူတစ်ယောက်ရဲ့ ဝိညာဥ် မလုံလောက်ရင် ဝိညာဥ်လောင်ကျွမ်းခြင်း ဆေးတောင့်ကို သုံးပြီး ခရမ်းရောင်နန်းတော်အဆင့်ကို တက်လှမ်းနိုင်တယ်လို့ ခင်ဗျား ပြောခဲ့တယ်။ အဲဒါက တကယ်ပဲ ဖြစ်နိုင်လို့လား"

"ဟင်း... လူသန်းတစ်ထောင်မှာ တစ်ယောက်လောက်ပဲ အောင်မြင်ကောင်း အောင်မြင်နိုင်လိမ့်မယ်။"

"ပြီးတော့ အနှစ်သာရကို နားလည်သဘောပေါက်တဲ့ ကိစ္စမှာ ဘယ်သူက တခြားသူကို မကူညီနိုင်ဘူးလို့ ပြောတာလဲ"

"အနှစ်သာရကို နားလည်ဖို့ ခက်ခဲပြီး စိတ်ဝိညာဥ်အဆင့်ရဲ့ထိပ်ဆုံးမှာ ပိတ်မိနေပေမဲ့ တခြားသူတွေရဲ့ အကူအညီနဲ့ ခရမ်းရောင်နန်းတော်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ လူအများကြီးကို ကျွန်တော် သိပါတယ်"

ကျိယွမ်က လေးနက်စွာ ပြောလိုက်သည်။

ကျိယွမ် လျူဖုန်းနယ်မြေတွင် ရှိနေစဥ်က အစွမ်းထက်သောပုဂ္ဂိုလ်အများအပြားကို နတ်ဘုရားစွမ်းအားများ၏ မူလအနှစ်သာရကို နားလည်သဘောပေါက်စေရန် သင်ကြားပေးခဲ့ပြီး သူတို့ကို အဓိပတိအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးခဲ့ဖူးသည်။

"အဓိပ္ပာယ်မရှိတာ၊ ပေါက်ကရတွေ"

"နတ်ဘုရားစွမ်းအားတွေရဲ့ အနှစ်သာရဆိုတာ မိမိရဲ့ ကိုယ်ပိုင်လမ်းစဥ် ပဲ။ အဲဒါကို တခြားသူက ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ"

"ဟုတ်တယ် ..အဲဒီလို အောင်မြင်ခဲ့တဲ့သူ တစ်ယောက်လောက် ပြစမ်းပါ"

ကျိယွမ်၏ စကားများက တက်ရောက်လာသူများအကြား ချက်ချင်းပင် ငြင်းခုံမှုများနှင့် ရှုပ်ထွေးမှုများကို ဖြစ်သွားစေ၏။

ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးမှာ ကျိယွမ်၏ စကားများကို ကြားရသောအခါ ထိတ်လန့်စရာကောင်းသော အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ ကျောရိုးထဲအထိ စိမ့်သွားခဲ့သည်။

သူသည် ကျိယွမ်ကို ကြည့်လိုက်ရင်း သူ၏ မျက်နှာမှာ ကြောက်ရွံ့မှုနှင့်အတူသံသယများဖြင့် ပြည့်နှက်လာ၏။

"သူက ဒါကို ဘယ်လိုလုပ်သိနေတာလဲ"

All Chapters