အခန်း (၃၆၀-၃၆၁)
Vol. 33 Ch. 360-361
အခန်း ၃၆၀ - ခရမ်းရောင်နန်းတော်ဆိုတာ ဘာလဲ.. ဒါကတော့ ကျိယွမ်ရဲ့ ခရမ်းရောင်နန်းတော်ပဲ
"ဆံပင်သာရှည်ပြီး အသိဉာဏ်နည်းပါးလိုက်ကြတာ"
ခန်းမထဲမှ အဘိုးကြီး အဘွားကြီးများ၏စကားကို နားထောင်ရင်း ကျိယွမ်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
အမှန်ပင် သူတို့အားလုံးမှာ ခါးအထိရှည်သော ဆံပင်ရှည်ကြီးများ ရှိကြ၏။
ဘလူးစတားမှ ရှေးစကားအရဆိုလျှင် သူတို့မှာ လက်ထပ်ရန် အချိန်တန်နေပြီဖြစ်သည်။
သို့သော် ထိုသို့ပြောပြီးနောက် ကျိယွမ်မှာ တစ်စုံတစ်ခုကို သတိရသွားပြီး
သူ၏စကားကို အမြန်ပြန်ဖြည့်၏။
"ငါနဲ့ ငါ့ဇနီးကလွဲလို့ပေါ့"
ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျိယွမ်တွင်လည်း ရေတံခွန်လိုစီးကျနေသော ဆံပင်ရှည်များရှိပြီး ကျူးယန်၏ ဆံပင်မှာဆိုလျှင် ပို၍ပင်ရှည်လျားလေသည်။
"ဟွန့်... အဓိပ္ပာယ်မရှိတာ။ တခြားသူတစ်ယောက်ကို နတ်ဘုရားစွမ်းအင်ရဲ့ အနှစ်သာရကို နားလည်သဘောပေါက်အောင် ဘယ်သူကကူညီပေးနိုင်မှာလဲ"
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးအိုက မပြောဘဲမနေနိုင်တော့ပေ။
အခြားသူများကလည်း ကျိယွမ်မှာ တတမင်သပ်သပ်ပြဿနာရှာနေသည်ဟု ခံစားရ၏။
"လောကကြီးက ကျယ်ပြောပြီး အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာကို။ ဘာလို့ ဒီလောက်တောင် အပိုင်တွက်ပြီး ပြောနေတာလဲ။ ခင်ဗျား မမြင်ဖူးရုံနဲ့ အဲဒါ မရှိဘူးလို့ ဘယ်လိုသိနိုင်မှာလဲ"
ကျိယွမ်က အဘိုးအိုအား ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
သူဆိုလိုသည်မှာ "ခင်ဗျားက ငါးမဟုတ်ဘဲနဲ့ ငါးရဲ့ပျော်ရွှင်မှုကို ဘယ်လိုသိနိုင်မှာလဲ" ဆိုသည့် ရှေးစကားနှင့် ဆင်တူ၏။
"အထက်ဘုံက နတ်ဘုရားတွေတောင် ဒါမျိုး မလုပ်နိုင်ဘူး၊ သာမန်လူဆို ပြောမနေနဲ့တော့"
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးအိုကလည်း အလျှော့မပေးချေ။ သူ၏ အသိပညာဗဟုသုတအရ ထိုသို့သောအရာမျိုး ဖြစ်ကို မဖြစ်နိုင်ပါ။
"နတ်ဘုရာတွေကလည်း ဘာမို့လို့လဲ ၊ သူတို့က ပြိုင်ဘက်ကင်းတယ်လို့ ပြောနိုင်လို့လား"
ကျိယွမ်က တည်ငြိမ်စွာ ဆက်ပြောသည်။
"နတ်ဘုရားတွေရဲ့ အထက်မှာတောင် ပိုအစွမ်းထက်တဲ့ တည်ရှိမှုတွေ ရှိသေးတာပဲ။ ပြီးတော့ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံတဲ့အခါ အရာအားလုံးကို သိမြင်နိုင်ပြီး အရာအားလုံးကို တတ်စွမ်းနိုင်တယ်ဆိုတာ လူတိုင်း သိကြတာပဲ။ အဲဒီတော့ တခြားသူကို နတ်ဘုရားစွမ်းအင်အကြောင်း အနှစ်သာရ ကို နားလည်အောင် ကူညီပေးနိုင်တာ ကလည်း ဖြစ်နိုင်တာပဲလေ"
ကျိယွမ်မှာ သူ၏အငြင်းအခုံများကို အမြဲတမ်း အကြောင်းပြချက်နှင့် ယုတ္တိဗေဒဖြင့် အထောက်အပံ့ပေးတတ်သူဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် သူ၏ကျင့်ကြံခြင်းသာ ကျရှုံးခဲ့ပါက ဘလူးစတားသို့ ပြန်သွားပြီး ဆိုင်ဖွင့်ကာ လူများအတွက် အက်ဆေးများ ရေးပေးရင်း အသက်မွေးဝမ်းကျောင်း ပြုနိုင်နေလေပြီ။
"မင်း... မင်း..."
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးအိုမှာ ကျိယွမ်က တုံးအပြီး ခေါင်းမာလွန်းသည်ဟု ခံစားရကာ ပြောစရာစကားပြတ်တောက်သွားသည်။
ထိုစဉ် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက မထင်မှတ်ထားသော စကားကို ဝင်ပြောလိုက်၏။
"ဒီကျင့်ကြံဖော်ပြောတာက လုံးဝအမှားကြီးတော့ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် ပြောရရင် စိတ်ဝိညာဥ်ကနေ ခရမ်းရောင်နန်းတော်ကို တက်လှမ်းဖို့ လိုအပ်တဲ့ နတ်ဘုရားစွမ်းအင်အနှစ်သာရကို တခြားသူတစ်ယောက် နားလည်အောင် ဘယ်သူမှ မကူညီနိုင်တာတော့ ဟုတ်ပါတယ်"
" ဒါပေမဲ့ ချွင်းချက်တွေတော့ ရှိတာပေါ့။ ခရမ်းရောင်နန်းတော်အဆင့်အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ဦးက တရားဟောပွဲ ကျင်းပခဲ့တဲ့ ကမ္ဘာတစ်ခုအကြောင်း ကျွန်တော် ကြားဖူးတယ်"
" အဲဒီကို တက်ရောက်ခဲ့တဲ့ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ တစ်သောင်းလုံးဟာ တရားနာပြီးနောက်မှာ ခရမ်းရောင်နန်းတော်အဆင့်ကို ဝင်ရောက်နိုင်ခဲ့ကြတယ်"
"ဘာ"
"စိတ်ဝိညာဥ်အဆင့် တစ်သောင်းတောင် တက်ရောက်ခဲ့တာလား"
"အဲဒါက နတ်ဘုရား မဟုတ်ဘူးလား"
"တော်စမ်းပါ ..ခင်ဗျား ပြောနေတာတွေက လုပ်ကြံထားတာ မဟုတ်ဘူးလို့ ဘယ်သူ သိမှာလဲ"
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးကြီးက ခရမ်းရောင်ဝတ်ရုံနှင့် လူကို ရန်လိုသော လေသံဖြင့် လှောင်ပြောင်လိုက်သည်။
"ကျွန်တော်က အမှန်တရားကိုပြောနေတာ"
ခရမ်းရောင်ဝတ်ရုံနှင့် လူ၏အသံက အေးစက်သွား၏။
ထို့နောက် အလွန်တရာနက်ရှိုင်းသော ချောက်ကမ္ဘာတစ်ခုကဲ့သို့ အားကောင်းသော ဖိအားများ သူ့ထံမှ ရုတိတရက် ထွက်ပေါ်လာသည်။
ခန်းမထဲရှိ စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ ထိုအော်ရာကို အာရုံခံမိလျှင် ကြောက်ရွံ့မှုကြောင့် မျက်နှာများ ဖြူဖျော့သွားကြ၏။
"ခရမ်း...ခရမ်းရောင်နန်းတော်အဆင့်အစွမ်းထက် ကျင့်ကြံသူတစ်ဦးလား"
"သူက ခရမ်းရောင်နန်းတော်အဆင့်ပဲ"
သံသယများနှင့် ငြင်းခုံမှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးကြီးမှာလည်း အလွန်ထိတ်လန့်သွားပြီး ချက်ချင်း ရိုသေကိုင်းရှိုင်းသွား၏။
"ကြီးမြတ်တဲ့ ကျင့်ကြံသူက အဲဒီလို ပြောတယ်ဆိုရင် အမှန်ပဲ ဖြစ်ရပါမယ်။ ကျွန်တော်က အသိပညာနည်းပါးပြီး အမြင်ကျဉ်းမြောင်းခဲ့တာပါ"
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ လွှမ်းမိုးနိုင်သော စွမ်းအားကို စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများက မည်သို့ အံတုရဲမည်နည်း။
ကျင့်ကြံခြင်း လောကတွင် အင်အားမှာ အရာအားလုံး ဖြစ်သည်။
အဘိုးကြီး၏ စကားကိုကြားသောအခါ ကျိယွမ်ကတော့ မကျေမနပ် ဖြစ်သွား၏။
"နေပါဦး...ကျွန်တော် ပြောတုန်းကတော့ ငြင်းကြပြီး သူပြောတော့ ဘာလို့ လက်ခံကြတာလဲ"
ကြက်သွေးရောင်မျက်နှာဖုံးနှင့်အဘိုးကြီးက ကျိယွမ်ကိုမကျေမနပ်သလို တစ်ချက်ကြည့်ကာ ဘုစကားပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲဒီစီနီယာက ဒဏ္ဍာရီလာခရမ်းရောင်နန်းတော် ကျင့်ကြံသူမို့လို့ပဲ။ မင်းကရော ဟုတ်လို့လား"
ထိုစကားကို ကြားသောအခါ ကျိယွမ်က ခေါင်းယမ်းပြီး စိတ်မကောင်းဖြစ်သွားပုံရ၏။
"ဟူး....မဟုတ်ပါဘူး၊ ကျွန်တော်က သာမန် စိတ်ဝိညာဥ်ကျင့်ကြံသူလေး တစ်ယောက်ပါပဲ"
မှန်ပါသည်။ ကန်းလန်လောကတွင် သူသည် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသည် မဟုတ်ပါလား။
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးကြီးက ကျိယွမ်ကို လျစ်လျူရှုပြီး ခရမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူအား ဂုဏ်ထူးဆောင်နေရာကို ပေးအပ်ကာ ဖိတ်ခေါ်လိုက်သည်။
သို့သော် ကျိယွမ်မှာ မခံမရပ်နိုင်ဖြစ်နေဆဲ ဖြစ်သဖြင့် အထွတ်တက်ပြန်၏။
"ကျွန်တော်က စိတ်ဝိညာ်အဆင့် ဖြစ်နေပေမဲ့ ကျွန်တော့်ရဲ့ ဒုတိယအကောင့်က ယန်နတ်ဘုရားပဲ။ အဲဒါကော အကျုံးဝင်လား"
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးအိုက သူ့ကို အရူးတစ်ယောက်လို ကြည့်ပြီး ခေါင်းယမ်းသည်။
"မရဘူး၊ ခရမ်းရောင်နန်းတော်ပဲ ဖြစ်ရမယ်"
အခြားစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အားလုံးကလည်း ကျိယွမ်၏ စကားကို အလေးအနက် မထားကြတော့ပေ။
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး ပေါ်လာခြင်းမှာ သူတို့အတွက် လုံလောက်အောင် တုန်လှုပ်စရာ ကောင်းနေလေပြီ။
ထို့ကြောင့် အစည်းအဝေးတွင် ယန်နတ်ဘုရားတစ်ပါးပါ ပေါ်လာလိမ့်မည်ဟု မျှော်လင့်ခြင်းမှာ အဓိပ္ပာယ်မရှိပေ။
၎င်းမှာ ရွာငယ်လေးတစ်ရွာ၏ အစည်းအဝေးတွင် တစ်စုံတစ်ယောက်က သူသည် အိမ်နီးချင်းနိုင်ငံ၏ သမ္မတဖြစ်သည်ဟု ရုတ်တရက် အခိုင်အမာ ပြောဆိုနေသကဲ့သို့ ဖြစ်နေသည်။
မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။
"ယန်နတ်ဘုရားတောင် အရာမဝင်ဘူးပေါ့..."
ကျိယွမ် အလွန် စိတ်ပျက်သွားသည်။
သူ့ကို မည်သူမျှ ဂရုမစိုက်ကြတော့ဘဲ အားလုံး၏ အကြည့်မှာ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူထံသို့သာ ရောက်နေကြ၏။
ထိုကဲ့သို့သော ပုဂ္ဂိုလ်များမှာ မသေမျိုးနယ်မြေသုံးခုတွင်ပင် အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလား။
အခွင့်အရေးရသည်နှင့် သူနှင့်စကားပြောကာ မျက်နှာသာရရန် ကြိုးစားချင်နေကြကုန်၏။
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူက ဆက်ပြောသည်။
"ကျွန်တော်ပြောခဲ့တဲ့ ကြီးမြတ်တဲ့ တရားဟောပုဂ္ဂိုလ်ဟာ တကယ်တော့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လူဝင်စား ဖြစ်ပါတယ်။ အဲဒီကမ္ဘာရဲ့ တာအိုလမ်းစဥ်ကို သူကိုယ်တိုင် ဖန်တီးခဲ့တာမို့ တခြားသူတွေကို ခရမ်းရောင်နန်းတော်အဆင့်ထဲ ဝင်နိုင်အောင် သူက အလွယ်တကူ ကူညီနိုင်ခဲ့တာ ဖြစ်တယ်"
၎င်းကို ကြားသောအခါ အခြားကျင့်ကြံသူများက နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ကြသည်။
အချို့မှာ ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို သိရသဖြင့် စိတ်လှုပ်ရှားနေကြပြီး အချို့မှာမူ ဆုံးရှုံးမှုတစ်ရပ်ကဲ့သို့ ခံစားနေကြရ၏။
"မသေမျိုးလမ်းစဉ်က ကျယ်ပြောလှပါလား ။ ဘာမဆို ဖြစ်လာနိုင်တာပဲ"
"ကျင့်ကြံဆင့် မြင့်လေလေ၊ ကိုယ်ကိုယ်ကိုယ် ဘယ်လောက်အထိ သေးငယ်တယ်ဆိုတာ သိလေလေပဲ"
စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ ဝမ်းနည်းစွာဖြင့် မှတ်ချက်ချမိကြသည်။
ထိုစဉ် တစ်ချိန်လုံးငြိမ်နေသော ကျူးယန်၏ မျက်နှာမှာ ပျော်ရွှင်မှုဖြင့် ဝင်းပသွားသည်။ သူမသည် ကျိယွမ်၏ အနားသို့ ကပ်ကာ တိုးတိုးလေးမေး၏။
"သူပြောနေတာက နင့်အကြောင်းလား၊ သွေးပုလဲ"
"ဖြစ်နိုင်ပါတယ်"
ကျိယွမ်ကလည်း တွန့်ဆုတ်စွာဖြင့် ဖြေလိုက်သည်။
"သွေးသခင်က တရားဟောတုန်းက အနီရောင်ဝတ်ရုံကို ဝတ်ထားပြီး အရမ်းချောတယ်လို့ ကြားဖူးတယ်။ မြေကမ္ဘာဒဏ္ဍာရီပုဂ္ဂိုလ်တစ်သောင်းက သူ့ကို ဦးညွှတ်ခဲ့ကြတယ်တဲ့။ အဲဒီတုန်းက ရှင့်ရဲ့ ဂုဏ်ကျက်သရေကို မမြင်ခဲ့ရတာ နှမြောစရာပဲ။ နောက်တစ်ခါကျရင် ကျွန်မအတွက် အနီရောင်ဝတ်ရုံလေး ဝတ်ပေးမလား"
မိန်းမပျော်လေးမှာ ဆွဲဆောင်မှုရှိစွာဖြင့် တိုးတိုးလေး ပြောလိုက်ရာ သူမ၏ အသက်ရှူသံမှာ သင်းပျံ့နေပြီး သူမ၏ စကားလုံးများမှာ ရင်းနှီးကျွမ်းဝင်မှုနှင့် ချစ်ခင်မှုများဖြင့် ပြည့်နှက်နေသည်။
ကျိယွမ်သည် မျက်နှာဖုံးနောက်မှ မချိုမချဥ်ဖြစ်နေမည့် သူမ၏မျက်နှာအား အလိုလိုမြင်ယောင်သွားပြီး တုနိ့ပြန်လိုက်သည်။
"သတို့သမီးလေး မြင်ဖူးတယ်လေ၊ သူ့ကို ဘာလို့ မမေးတာလဲ"
"ရှောင်ကြားက မြင်ဖူးပေမဲ့ ကျွန်မက မမြင်ဖူးဘူးလေ"
ကျူးယန်က နှုတ်ခမ်းဆူကာ မကျေနပ်ဖြစ်သွား၏။
သူမ၏ နူးညံ့သော လက်ကို ဆုပ်ကိုင်ရင်း ကျိယွမ်က ပြုံးစစဖြင့် ပြောလိုက်သည် ။
"ဖမ်းမိပြီ၊ မင်းက နင်းထောင်ပဲ"
နင်းထောင်၏ မျက်နှာမှာ နီမြန်းသွားပြီး ချက်ချင်းငြင်း၏။
"သွေးပုလဲ ၊ ကျွန်မက နင်းထောင် မဟုတ်ပါဘူး"
သူမက ရှက်ကိုးရှက်ကန်းဖြင့် လက်လေးကို အားမပါစွာရုန်းသည်။
သူတို့နှစ်ယောက်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်သောနှုန်းဖြင့် တီးတိုးစကား ပြောနေကြစဉ် ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးကြီးက ရှေ့သို့ တိုးလာပြီး စိတ်အားထက်သန်သော အသံဖြင့် တောင်းဆိုနေ၏။
"စီနီယာ၊ ကျွန်တော်တို့ကို တရားဟောပြပြီး မှန်ကန်တဲ့ လမ်းစဉ်ကို လမ်းညွှန်ပေးပါဦး"
စိတ်ဝိညာဥ်ကျင့်ကြံသူတစ်စုက ခရမ်းရောင်နန်းတော်အကြောင်းဆွေးနွေးခြင်းမှာ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဟောပြောမှုနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
အခြားကျင့်ကြံသူများကလည်း မျှော်လင့်တကြီးဖြင့် ခရမ်းရောင်နန်းတော်ကျင့်ကြံသူကို ကြည့်နေကြသည်။
အံ့သြစရာကောင်းသည်မှာ ခရမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၏ အကြည့်မှာ ကျိယွမ်ထံသို့ ရောက်သွားခြင်းပင်။
"ကျင့်ကြံဖော်၊ ခရမ်းရောင်နန်းတော်အဆင့်နဲ့ ပတ်သက်ပြီး တစ်ခုခု သိထားတာရှိမလားလို့ သိချင်မိတယ်"
ခရမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူမှာ ကျိယွမ်၏ နောက်ခံကို စိတ်ဝင်စားနေပြီး သူ့ကို ထပ်မံ စမ်းသပ်ချင်နေ၏။
"တကယ်တော့ ကျွန်တော့်မှာ ခရမ်းရောင်နန်းတော်နဲ့ ပတ်သက်ပြီး အသိအမြင်တချို့ ရှိပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က စိတ်ဝင်စားဖို့ကောင်းတာ တစ်ခု ပြောဖူးတယ် 'ခရမ်းရောင်နန်းတော် ဆိုတာ.."
"ခရမ်းရောင်နန်းတော်... စာလုံးကိုယ်တိုင်မှာ နန်းတော်ဆိုတာ ပါဝင်နေတော့ အဲဒါက တကယ်ပဲ ခရမ်းရောင်နန်းတော်ကြီးပဲ ဖြစ်ရမယ်'"
ကျိယွမ်က စစ်မှန်မဟာဉာဏ်ပညာရှိ၏ စကားကို အရှက်မရှိ ငှားသုံးလိုက်သည်။ သို့သော် သူက အရင်းအမြစ်ကို ထည့်ပြောလိုက်သဖြင့် ခိုးချခြင်းဟုတော့ မဆိုနိုင်ပေ။
ကိုးကားတယ်လို့ ခေါ်ရတယ် ။
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ ခဏမျှ မှင်တက်သွားပြီးနောက် တဟားဟား ရယ်မောကြတော့သည်။
"တကယ်ပဲ အဲဒီလို အဆိုရှိလို့လား"
"ကျင့်ကြံဖော်၊ ခင်ဗျား နောက်နေတာလား"
"အဲဒီလိုပြောကြေးဆိုရင် ခရမ်းရောင်နန်းတော်ကို မူလခရမ်းရောင်ချီစွမ်းအင်နဲ့ လုပ်ထားတဲ့ နန်းတော်လို့ ပြောလို့ရတာပေါ့"
"အေးလေ ခရမ်းရောင်လို့ ပါနေတာကို ဟားဟား ဟားဟား "
"ဒီနန်းတော်က ကိုယ်တွင်းအင်္ဂါငါးပါး ဖြစ်ရမယ်"
"သိသာနေတာကို ၊ ဒါက ကောင်းကင်ဘုံက နန်းတော်ပဲ"
ခနိးမထဲမှ ကျင့်ကြံသူများမှာ အဓိပ္ပာယ်မရှိသည်များကို ဝိုင်း၍ ပြောကြတော့သည်။
နာမည်တွင် နန်းတော်ဟုပါရုံဖြင့် နန်းတော်တစ်ခုဖြစ်ရမည်ဟု မည်သို့ဆိုနိုင်မည်နည်း။
သဘာဝကျစွာပင် မည်သူကမှ လက်မခံပါ။
သို့သော် သူတို့၏ပေါက်ကရစကားများကို ကြားသောအခါ ကျိယွမ်မှာ အတွေးနက်သွားပြီး ခဏမျှ တုံ့ဆိုင်းသွားသည်။
"မူလခရမ်းရောင်ချီစွမ်းအင်နဲ့ လုပ်ထားတဲ့ နန်းတော်လား"
သူက အလေးအနက် တွေးနေ၏။
"ဟုတ်တယ်လေ ...မုလခရမ်းရောင်ချီဆိုတာ အမြင့်ဆုံး စွမ်းအင်၊ မူလအစ၊ အရာအားလုံးရဲ့ မိခင်ဖြစ်ပြီး အကန့်အသတ်မဲ့တဲ့ သက်စောင့်အားကို ကိုယ်စားပြုတာပဲ။ ဒါဟာ မသေမျိုးလမ်းစဉ်ရဲ့ ပထမဆုံး စွမ်းအင်ပဲ။ အမြင့်ဆုံး ယန်နတ်ဘုရားတွေအတွက်တောင် မွေးရာပါ ခရမ်းရောင်ချီဆိုတာ အလွန်ရှားပါးတဲ့ ရတနာပဲ။ အဲဒီတော့ ခင်ဗျားက အဲဒါနဲ့ နန်းတော်ဆောက်မလို့လား။ အဲဒါက တကယ့်ကို ရဲတင်းတဲ့ အကြံအစည်ပဲ၊ ယန်နတ်ဘုရားတွေတောင် အဲဒါကို မလုပ်နိုင်ဘူး"
ကျင့်ကြံသူတစ်ဦးက လှောင်ပြောင်သည်။
သို့သော် ကျိယွမ်က သူ့အားဂရုမစိုက်ပါ။
မွေးရာပါ ခရမ်းရောင်ချီဖြစ်နိုင်သည်ဟုသော အကြံဉာဏ်ကို ပေးခဲ့သော(ရွဲ့ပြောလိုက်သော) ခပ်ဝဝကျင့်ကြံသူထံသို့ လှည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မျက်နှာဝင်းပသွားသည်။
"ဆရာ၊ ခင်ဗျားရဲ့ ထက်မြက်မှုက အမြင့်ဆုံး ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ တကယ်တော့ ပါရမီရှင်တွေက သာမန်လူတွေကြားမှာ ပုန်းကွယ်နေတတ်တာပဲ။ ခင်ဗျားရဲ့ မျက်နှာဖုံးကို ချွတ်ပြီး ဘယ်လို ဉာဏ်ပညာရှိတဲ့ မျက်လုံးမျိုး ရှိတယ်ဆိုတာ ကျွန်တော့်ကို ကြည့်ခွင့်ပြုမလား"
ကျိယွမ်၏ သဘောထားမှာ အလွန်ပင် ရိုးသားလှပြီး ဒဏ္ဍာရီလာလျိုပေ့က ကျူးကော့လျန်ကို နှိမ့်ချစွာ ရှာဖွေနေသကဲ့သို့ပင် ။
ဝဖိုင့်ဖိုင့်ကျင့်ကြံသူမှာ အံ့သြသွားကာ ကျိယွမ်အား မမြင်ဖူးသလိုကြည့်သည်။
ကျိယွမ်၏ ရိုးသားသော စကားများကို ကြားရသောအခါ ကျိယွမ်က သူ့ကို လှောင်နေခြင်းလား သို့မဟုတ် တကယ်ပင် လေးစားနေခြင်းလားဆိုသည်ကို သူ မဝေခွဲနိုင် ဖြစ်သွားရသည်။
"အဟမ်း....အင်း... မလိုပါဘူး"
ခပ်ဝဝကျင့်ကြံသူက အနေခက်စွာဖြင့် တုန့်ပြန်လိုက်သည်။
အခြား စိတ်ဝိညာ်အဆင့် ကျင့်ကြံသူများက သူ့ကို ရယ်ချင်ပတ်ကျိဖြင့် ကြည့်ကြ၏။
ကျိယွမ်က အတည်ပေါက် ဆက်ပြောနေသည်။
"ဆရာ၊ ခင်ဗျားက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာပဲ။ ကုံရှင်း မှာ ခင်ဗျားကို ကျွန်တော် အမြဲတမ်း ကာကွယ်ပေးပါ့မယ်"
သူသည် သူ၏ရင်ဘတ်ကို ယုံကြည်ချက်ရှိရှိ ပုတ်ပြလိုက်သေးသည်။
ဤကဲ့သို့သော ပါရမီရှင်ဦးနှောက်ပိုင်ရှင်မျိုးကို သူဘက်သို့ ဆွဲဆောင်ချင်နေခြင်းဖြစ်သည်။
ထိုဦးနှောက်ကြီးထဲတွင် မည်သို့သော ထက်မြက်သည့် အစီအစဉ်များ ပုန်းကွယ်နေမည်ကို မည်သူ သိနိုင်မည်နည်း။
"အော....အဲ... ကောင်းပါပြီ"
ခဝဝကျင့်ကြံသူက မည်သူ့ကိုမျှ စိတ်မဆိုးစေချင်ပုံရှိသည် ။ သူက အလိုက်သင့် ပြန်ဖြေလိုက်သည်။ သူသည် ကျိယွမ်၏ချီးကျူးမှုနှင့် မထိုက်တန်ဟု ခံစားနေရသော်လည်း လိုက်လျောပေးလိုက်၏။
အမှန်တကယ်တော့ သူသည် မိမိကိုယ်ကိုယ် သာမန်မျှသာဟု ယူဆထားသဖြင့် အနည်းငယ် ရှက်သလိုတော့ ခံစားနေရသည်။
ကျိယွမ်ထံမှ ထိုကဲ့သို့သော မြင့်မားသည့် ချီးကျူးမှုကို ရရှိခြင်းက သူ့ကို မထိုက်တန်သလို ခံစားရစေ၏။
"မျှဝေဖို့ တခြားဉာဏ်ပညာတွေ ရှိသေးလား"
ကျိယွမ်က စိတ်အားထက်သန်စွာ မေးသည်။
၎င်းမှာ သူ၏ ကိုယ်ပိုင်လမ်းစဥ်နှင့် သက်ဆိုင်နေသဖြင့် သူသည် ပညာရှိတစ်ဦးအပေါ် ဂရုစိုက်ရန်နှင့် သင့်တော်သော ရိုသေမှုပြရန် လိုအပ်၏။
ခပ်ဝဝကျင့်ကြံသူမှာ သူ၏ လည်ချောင်းကို ရှင်းလိုက်ပြီးမှ သူ တတ်နိုင်သည်ထက် ပိုလုပ်နေမိပြီလားဟု အတွေးဝင်သွားပြီး တွန့်ဆုတ်သွားသည်။
သို့သော် အခြားကျင့်ကြံဖော်တစ်ဦး၏ အလေးထားမှုကို ခံရခြင်းက သူ့ကို အနည်းငယ် ကျေနပ်စေသည်ကိုတော့ မငြင်းနိုင်ပေ။
ခဏမျှ စဉ်းစားပြီးနောက် သူက ဤသို့ ပြောလိုက်သည်။
"ခရမ်းရောင်နန်းတော်နဲ့ ပတ်သက်လာရင် ကျင့်ကြံသူတိုင်းမှာ ကိုယ်ပိုင် နားလည်မှု ရှိကြပြီး လူတိုင်းရဲ့ အမြင်က မတူညီကြပါဘူး။"
"ကျင့်ကြံသူ တစ်ဦးချင်းစီအတွက် အကောင်းဆုံး နတ်ဘုရားစွမ်းအင် အနှစ်သာရဆိုတာ ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်တာကို ဆိုလိုတာပဲ။ တစ်နည်းအားဖြင့် ပြောရရင် ခင်ဗျားနဲ့ ကိုက်ညီတဲ့ ခရမ်းရောင်နန်းတော်က သာ ခင်ဗျားအတွက်အကောင်းဆုံးပါပဲ"
"ခင်ဗျားရဲ့ စကားတွေအရ ခင်ဗျားက သာမန်မဟုတ်တဲ့ လမ်းစဉ်၊ ထူးခြားတဲ့ ခရမ်းရောင်နန်းတော်မျိုးကို လိုချင်ပုံရတယ်"
"အဲဒီလိုဆိုရင် ခင်ဗျားအတွက် အဆင်ပြေတာက သဘာဝကျကျ အသင့်တော်ဆုံး ဖြစ်မှာပါပဲ"
ခပ်ဝဝကျင့်ကြံသူ၏ အဖြေမှာ အခြားကျင့်ကြံသူများအတွက် အဓိပ္ပာယ်မရှိသော စကားများပင် ဖြစ်သည်။
ကျင့်ကြံသူတိုင်း ကိုယ်ပိုင်လမ်းစဉ်ကို ဖော်ဆောင်ရမည်မှာ မှန်သော်လည်း ခရမ်းရောင်နန်းတော်နယ်ပယ်မှာ ထိုမျှအထိ ပြောင်းလွယ်ပြင်လွယ် ရှိရမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကျိယွမ်ကတော့ ဆရာ၏အိမ်တံခါးပြင်ပ နှင်းထဲတွင် ရပ်နေသော ကြိုးစားသည့် တပည့်တစ်ဦးကဲ့သို့ လေးလေးစားစားဖြင့် အသေအချာ နားထောင်နေ၏။
"အဲဒါကြောင့် 'နန်းတော်' ဆိုတဲ့ စာလုံးကို အခြေခံထားတဲ့ ခရမ်းရောင်နန်းတော်အပေါ် ခင်ဗျားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကနေပဲ အာရုံစိုက်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ အဲဒီကနေ ခင်ဗျား အမြင်သစ်တွေ ရလာနိုင်တယ်"
ခပ်ဝဝကျင့်ကြံသူက သူ၏အဖြေကို ကျေနပ်သွားကာ လည်ချောင်းကို တစ်ဖန် ရှင်းလိုက်သည်။
သို့သော် တစ်ခုခု လိုအပ်နေသေးသကဲ့သို့ ခံစားရသဖြင့် သူက ထပ်ဖြည့်လိုက်၏။
"မသေမျိုးလမ်းစဉ်က ယင်နဲ့ယန် ပေါင်းစပ်ခြင်း၊ ကောင်းကင်နဲ့ မြေကြီး ပေါင်းစည်းခြင်းနဲ့ သဘာဝတရားရဲ့ သဟဇာတဖြစ်ခြင်းကို အလေးပေးပါတယ်။ အဲဒါကို စိတ်ထဲမှာ မှတ်ထားရင် ခင်ဗျား လမ်းလွဲမှာ မဟုတ်ပါဘူး"
အခြားကျင့်ကြံသူများမှာ သူ၏စကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်ကြတော့ပေ။
သူတို့အတွက်တော့ ခပ်ဝဝကျင့်ကြံသူ၏စကားများသည် ရှေးဟောင်းစကားများကို ငှားသုံးထားသည့် နောက်ဆုံးတစ်ကြောင်းမှလွဲ၍ ရှေ့တွင်ပြောခဲ့သမျှအားလုံးမှာ အလကား စကားများသာ ဖြစ်သည်။
သူပြောချင်တာတွေပြောပြီး ရှေးဟောင်းစကားနဲ့ပိတ်လိုက်တာပဲရှိတာ ။
ပေါက်ကရတွေ။
ကျိယွမ်က မျက်မှောင်ကို ကြုတ်ထားပြီး အတွေးများစွာမှာ သူ၏စိတ်ထဲတွင် ဝဲလည်နေသည်။
"ကျွန်တော်နဲ့ ကိုက်ညီတဲ့ ခရမ်းနန်းတော်လား"
ဤကမ္ဘာတွင် အစွမ်းအထက်ဆုံးသော တည်ရှိမှုများကို တိုင်းတာ၍မရ၊ အဓိပ္ပာယ်ဖွင့်ဆို၍မရဘဲ စောင့်ကြည့်လေ့လာ၍လည်း မရနိုင်ကြပေ။
ခရမ်းရောင်နန်းတော်မှာ သာမန်ကျင့်ကြံခြင်းနယ်ပယ်တစ်ခု ဖြစ်သော်လည်း အစွမ်းအထက်ဆုံးသော အရာများသည် အဓိပ္ပာယ်ဖွင့်ဆိုချက်များထက် ကျော်လွန်နေပေလိမ့်မည်။
သို့မဟုတ် အခြားတစ်နည်းပြောရလျှင် အကောင်းဆုံး ခရမ်းရောင်နန်းတော်ဆိုသည်မှာ အခြေအနေအရ ပြောင်းလဲနိုင်ပြီး အဓိပ္ပာယ်ဖွင့်ဆို၍ မရနိုင်သော အရာဖြစ်ပေမည်။
အစွမ်းအထက်ဆုံးသော ပုဂ္ဂိုလ်များကဲ့သို့ပင် သူတို့သည် မည်သည့်အချိန်တွင်မဆို သူတို့နှင့် ကိုက်ညီအောင် သူတို့၏ ကမ္ဘာ့အမြင်ကို ပြောင်းလဲနိုင်ကြသည်။
ခပ်ဝဝကျင့်ကြံသူ၏ စကားများသည် ကျိယွမ်အပေါ် နက်ရှိုင်းသော သက်ရောက်မှု ရှိစေခဲ့သည်။
"ဆရာ၊ ကျွန်တော် တစ်ခုခုကို သိမြင်သွားပြီ"
မှန်ပါသည်၊ ကျိယွမ်သည် အမျိုးမျိုးဆင်ခြင်ပြီးနောက် လမ်းစဥ်ကို သိမြင်သွားလေပြီ။။
အခု သူ ဘာတွေ လိုအပ်နေတာလဲ။
ဒီနှစ်တွေတစ်လျှောက် ကျင့်ကြံခြင်းမှာ သူ ဘာလို့ ဒီလောက် ကြိုးစားခဲ့ရတာလဲ။
လွတ်လပ်မှုအတွက်၊ ပြီးတော့ အဆုံးစွန်သော ပျော်ရွှင်မှုအတွက်နဲ့ နောင်တကင်းတဲ့ ဘဝအတွက် ဖြစ်သည်။
ဒါပေမဲ့ သူ့ရဲ့လမ်းစဉ်မှာ နောင်တတွေ အများကြီး ရှိခဲ့ဖူးတယ်။
ဝမ်ယုကုန်းမြေတိုက်ကြီးမှာ ၊ ဒြပ်စင်ငါးပါး တားမြစ်နယ်မြေမှာ၊ ဘိုးဘေးငါးဦးဖြစ်တဲ့ ကျင်းကျူ ၊ ရှုကျူ၊ မုကျူ နဲ့ တခြားသူတွေဟာ ကျိယွမ်က တားမြစ်နယ်မြေကို ထိန်းချုပ်နိုင်ဖို့ သူတို့ရဲ့ အသက်တွေကို စတေးခဲ့ကြတယ်။ အဲဒါကလည်း သူ့အတွက် နောင်တတစ်ခုပဲ။
ရှေးဟောင်းသစ်ပင်အောက်မှာ သူ ကျင်းလီကို နောက်ထပ် မမြင်ရတော့ဘူး။ အဲဒါကလည်း သူအတွက် နောက်ထပ် နောင်တတစ်ခုပဲ။
ပြန်မလာရာမြို့မှာ လူသုံးယောက်က မြို့ကို ကာကွယ်ခဲ့ကြတုန်းက ကျန်းရှန်း နဲ့ ချန်ကျောင်းတို့ဟာ မသေခင်မှာ မြို့နဲ့စစ်သည်တွေအတွက် အသက်ရင်းခဲ့ကြတယ် ၊ ဒါပေမဲ့ ကျိယွမ်တစ်ယောက်ပဲ သူတို့ရဲ့ နာမည်တွေကို မှတ်မိနေခဲ့တယ်။ အဲဒါကလည်း နောင်တတစ်ခုပဲ။
အင်း ...ငါ့မှာ နောင်တတွေ အများကြီး ရှိခဲ့တာပဲ။
တစ်ခါတုန်းက ကျိယွမ်က ပြောဖူးတယ်၊ တစ်နေ့မှာ သူဟာ မြေ၊ ရေ၊ လေ၊ မီး ဒြပ်စင်တွေကို ပြန်လည် တည်ဆောက်ပြီး မရှိတာတွေကို အရှိလုပ်ပြီး ဘိုးဘေးငါးဦးကို ပြန်လည် ရှင်သန်စေမယ်လို့ပေါ့။
အခု... ခရမ်းရောင်နန်းတော်ကို ဒီရည်ရွယ်ချက်နဲ့ မတည်ဆောက်နိုင်ဘူးလား။
ရှေးစကားအတိုင်း ယင်နဲ့ယန်က မျှတနေရမယ်။
ခရမ်းရောင်ချီစွမ်းအင်က အမြင့်ဆုံး သက်စောင့်အား၊ အသက်ဇီဝအားလုံးရဲ့ အခြေခံနဲ့ ရှင်ပြန်ထမြောက်ခြင်းရဲ့ အနှစ်သာရကို ကိုယ်စားပြုတယ်။
သူ့မှာ ယန်ရှိနေပြီသားဆိုတော့ ယင်ကိုပဲ လိုအပ်နေတာ မဟုတ်လား။
ဒီကမ္ဘာရဲ့ အဆုံးစွန်သော ယင်က ဘာလဲ။
မြေအောက်ကမ္ဘာပဲ။
ဟုတ်တယ်၊ ဒါဟာ မြေအောက်ကမ္ဘာပဲ ဖြစ်ရမယ်။
ကျိယွမ်အတွက်တော့ မြေအောက်ကမ္ဘာသည် အဆုံးစွန်သော ယင်ဖြစ်ပြီး မရေမတွက်နိုင်သော ဝိညာဉ်များဖြင့်ပြည့်နှက်နေ၏ ။
(ယင်သည် သေခြင်း တရားကို ကိုယ်စားပြု၏။ ထို့ကြောင့် လောကတွင် သေခြင်းတရားအများဆုံးနေရာမှာ မြေအောက်ကမ္ဘာဟုခေါ်သော ငရဲဘုံဖြစ်သည် ။ ဘာသာပြန်သူ)
မြေအောက်ကမ္ဘာမှာ ယင်နှင့်ယန်ကို ဆက်သွယ်ပေးသော ပြန်လည်ဝင်စားခြင်းလမ်းခြောက်သွယ်လည်း ရှိနေ၏။
ထို့ကြောင့် မြေအောက်ကမ္ဘာသည်အကောင်းဆုံး ယင်ဘက်အခြမ်း ဖြစ်လာနိင်သည်။
အရေးအကြီးဆုံးကတော့ မြေအောက်ကမ္ဘာရဲ့ နာမည်မှာလည်း "နန်းတော်" ဆိုသော စာလုံး ပါဝင်နေခြင်းပင်။
ဒါဟာ တကယ့်ကို ကံကြမ္မာပဲ ဖြစ်ရမယ်။
ခရမ်းရောင်နန်းတော်ဆိုတာ ဘာလဲ။
အဲဒါဟာ ခရမ်းရောင်ချီရဲ့ သက်စောင့်အနှစ်သာရတွေ ပျံ့နှံ့နေတဲ့ မြေအောက်ကမ္ဘာပဲပေါ့။
ကျိယွမ်သည် တွေးရင်းတွေးရင်းမှ သူ၏အကြံဉာဏ်မှာ အလွန်ပင် ဖန်တီးစွမ်းမြင့်မားလှသည်ဟု ထင်မိသည်။
ခရမ်းရောင်ချီကို သုံးပြီး အတိတ်မှာ သူတွေ့ခဲ့သော သူများကို ပြန်လည်ရှင်သန်စေကာ မြေအောက်ကမ္ဘာထဲကို ခေါ်ဆောင်လာမည်။
ထိုနည်းလမ်းဖြင့် ဒြပ်စဥ်ငါးပါးတားမြစ်နယ်မြေမှ ဘိုးဘေးငါးဦးကိုတောင် ပြန်လည် ရှင်သန်စေနိုင်ပေလိမ့်မည်။
ငါရဲ့ နောင်တတွေ အားလုံးကို ဒီခရမ်းရောင်နန်းတော်မှာ ဖြေရှင်းနိုင်မှာ ဖြစ်သလို ကွယ်လွန်သွားတဲ့သူတွေလည်း ပြန်လာနိုင်ကြလိမ့်မယ်။
ထို့အပြင် ကျိယွမ်၏ နတ်ဘုရားစွမ်းအင် မြစ်ဖျားခံရာဖြစ်တဲ့ ဟင်းလင်းပြင်ဧကရာဇ် နှလုံးသားနတ်ဆိုးနိုးထခြင်းနှင့် မဟာမေ့လျော့ခြင်းစိတ်ကျမ်းတို့သည် မြေအောက်ကမ္ဘာပုံစံ ခရမ်းရောင်နန်းတော်နှင့် အပြည့်အဝ ကိုက်ညီမှာသေချာ၏။
နှလုံးသားနတ်ဆိုးနိုးထခြင်းက ငရဲကြီး ၁၈ ထပ် ဖြစ်လာပြီး ၄င်းထဲကို ဝင်လာသောသူများကို အဆုံးမရှိသော စိတ်အာရုံဆိုးများနှင့် နှိပ်စက်ပေလိမ့်မည်။
မဟာမေ့လျော့ခြင်းစိတ်ကျမ်းက မေ့လျော့ခြင်းမြစ်(နိုင်မြစ်) အဖြစ် အသုံးတော်ခံနိုင်ပြီး အဘွားမုန့်ရဲ့ စွပ်ပြုတ်တစ်ခွက်လို ဘယ်လိုကျင့်ကြံသူကိုမဆို သူတို့၏အတိတ်ကို မေ့သွားစေလိမ့်မည်။
ဤသို့ဖြင့် သူ၏ ခရမ်းရောင်နန်းတော်သည် မိတ်ဆွေဟောင်းများကို ပြန်လည်ရှင်သန်ရန်တင် မဟုတ်ဘဲ တိုက်ပွဲမှာလည်း ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
အရင်ဆုံး သာမန်ကမ္ဘာတစ်ခုကို ရှာမယ်၊ ခရမ်းရောင်နန်းတော်ကို ဖွင့်မယ်၊ ပြီးတော့ ရန်သူတွေကို မျှားခေါ်မယ်။
ဟုတ်တယ်၊ ခရမ်းရောင်ချီတွေကိုလည်း ပျံ့နှံ့စေရမယ်။
ခရမ်းရောင်ချီဆိုတာ ဘာလဲ။
အဲဒါ ကောင်းကင်ဘုံက ရတနာပဲ။ ခရမ်းရောင်ချီကို မြင်ရင် ရန်သူတွေက မမက်မောဘဲ နေပါ့မလား။
ခရမ်းရောင်ချီသည် အကန့်အသတ်မဲ့သော သက်စောင့်အားနှင့် အသက်ဇီဝ၏ အဆုံးစွန်သော မူလအနှစ်သာကို ကိုယ်စားပြု၏။ ၄င်းမှာ ဖုံးကွယ်ထားသော အန္တရာယ်များမရှိပါ ။ သို့သော် ဖမ်းယူရန်တော့ အလွန် ခက်ခဲသည့်အရာပင်။
အဲဒီတော့ ခရမ်းရောင်ချီကို မြင်ရင် ယန်နတ်ဘုရားတွေတောင် ဆွဲဆောင်ခံရမှာဖြစ်ပြီး ဖမ်းယူဖို့ မနေနိုင်ကြတော့ဘူးပေါ့ ...
ဒါပေမဲ့ သူတို့က အဲဒါကို ဖမ်းဖို့ လက်လှမ်းလိုက်တဲ့အချိန်မှာတော့ သူတို့ ဒုက္ခရောက်ပြီပဲ။
ခရမ်းရောင်ချီရဲ့ အောက်မှာ မှောင်မိုက်ပြီး အေးစက်တဲ့ မြေအောက်ကမ္ဘာ ရှိနေတာလေ။
အိုး.... တောင်းပန်ပါတယ်ဗျာ။ ခင်ဗျား ပြုတ်ကျသွားပြီ ။
သူတို့ ခရမ်းရောင်ချီကို ဖမ်းလိုက်တဲ့ ခဏမှာပဲ သူတို့ဟာ ငရဲထဲကို ဆွဲချခံလိုက်ရမှာပဲ။
ခရမ်းရောင်ချီကို ရှာဖွေလာတဲ့သူတွေဟာ အဲဒါကို လိုက်ဖမ်းရင်း ဘာလို့ ငရဲထဲ ရောက်သွားရလဲဆိုတာ ဘယ်တော့မှ နားလည်မှာ မဟုတ်တော့ဘူး။
ငါ့ရဲ့ ခရမ်းရောင်နန်းတော်ထဲကို တစ်ခါ ရောက်လာပြီဆိုရင် သူတို့ဟာ ငါ့ရဲ့ လက်ခုပ်ထဲက ရေပဲ ဖြစ်တော့မှာလေ။
နှလုံးသားနတ်ဆိုးနိုးထခြင်းပဲဖြစ်ဖြစ် ၊ မဟာမေ့လျော့ခြင်းစိတ်ကျမ်းပဲ ဖြစ်ဖြစ် ရန်သူတွေအတွက်တော့ အဆုံးသတ်ပဲ။
ငါ မကြိုက်တဲ့သူတွေကိုတော့ အလွယ်တကူပဲ ဖျက်ဆီးပစ်မယ်။
ငါကြိုက်တဲ့သူတွေကျတော့ သူတို့ရဲ့ ဝိညာဉ်နဲ့ မူလအနှစ်သာရကို ဖျက်ဆီးပစ်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံဆင့်ကိုတော့ ချန်ထားပြီး မူလအနှစ်သာရသစ်တစ်ခုကို ပေါက်ဖွားစေမယ်။ သူတို့ဟာ ငါ့အတွက် အလုပ်လုပ်ပေးဖို့ အသင့်ဖြစ်သွားမှာပဲ။
ငါက တကယ့်ကို...ပါရမီရှင်ပဲ။
ကျိယွမ်သည် သူ့ကိုယ်သူ ဤမျှအထိ ထက်မြက်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
တော်လွန်းလို့ လက်ဖျားခါလောက်အောင်ပဲ ။
ကျိယွမ်၏မျက်နှာမှာ ပျော်ရွှင်မှုဖြင့်ဝင်းလက်သွားသော်လည်း ချက်ချင်းပြန်တည်ငြိမ်သွား၏။
သူ၏အကြံမှာ အလွန် ချီးကျူးစရာကောင်းသော်လည်း ခရမ်းရောင်နန်းတော်ကိုတည်ဆောက်ရန် လမ်းစဉ်မှာ အလွန်ပင် ဝေးကွာနေသေးသည် မဟုတ်ပါလား။
သူက ခပ်ဝဝကျင့်ကြံသူကို ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။
"ဆရာ၊ ခင်ဗျားရဲ့ သင်ကြားမှုကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ တစ်နေ့မှာ ဆရာသေသွားပြီး ကျွန်တော်က ဆရာ့ရဲ့ အလောင်းကို မကောက်နိုင်လောက်အောင် မိုက်မဲနေခဲ့ရင်တောင် စိတ်မပူပါနဲ့၊ ကျွန်တော် ခင်ဗျားကို ပြန်လည် ရှင်သန်စေပါ့မယ်"
သူ၏ ပေါကြောင်ကြောင်စကားများကြောင့် အခန်းထဲတွင် ရယ်မောသံများ တဖန်ပျံ့လွင့်သွားပြန်သည်။
"ပြန်လည်ရှင်သန်စေမယ်တဲ့လား ၊ ကျင့်ကြံဖော်၊ မင်းကိုယ်မင်း တာအိုရဲ့ဘိုးဘေးလို့များ ထင်နေတာလား"
"နယ်ပယ်တစ်ခုလုံးရဲ့ တာအိုဘိုးဘေးတောင် အဲဒါကိုမလုပ်နိုင်ဘူး"
"ဒီကျင့်ကြံဖော်ရဲ့ ကိုယ်စား ကျွန်တော်ကပဲ ကျေးဇူးတင်လိုက်ပါ့မယ်၊ ဟားဟားဟား"
ခပ်ဝဝကျင့်ကြံသူ၏ မျက်နှာမှာ ကျိယွမ်ကို ကြည့်ရင်း အမျိုးမျိုး ပြောင်းလဲသွားသည်။
ဘယ်သူက ဒီလိုမျိုး လူတစ်ယောက်ကို သေဖို့ ကျိန်ဆဲပြီး စကားပြောလို့လဲ ။
သို့သော် ကျိယွမ်၏ ရိုးသားသော မျက်နှာအမူအရာကို မြင်သောအခါ ခပ်ဝဝကျင့်ကြံသူက ကျိယွမ်မှာ လူမှုဆက်ဆံရေး ညံ့ဖျင်းသူဟုသာ ယူဆလိုက်ပြီး စိတ်လှုပ်ရှားမိသွားသည်။
ဤလူငယ်လေးမှာ ရိုးသားပြီး ပွင့်လင်းသော သဘာဝရှိသဖြင့် သူနှစ်သက်သော လူစားမျိုးပင်။
"ခင်ဗျားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ် ကျင့်ကြံဖော်။ ကျွန်တော့်ရဲ့ ဝိညာဉ်သာ ကွယ်ပျောက်သွားခဲ့ရင် ခင်ဗျားဆီကို သရဲအဖြစ်နဲ့ သေချာပေါက် ပြန်လာခဲ့ပါ့မယ်"
ခပ်ဝဝကျင့်ကြံသူက လိမ္မာပါးနပ်စွာ ပြန်ပြောလိုက်သည်။
သူသည် သူ၏ ပါးနပ်သော အဖြေအတွက် အလွန်ပင် ဂုဏ်ယူမိ၏။
" ဟုတ်တာ မဟုတ်တာ အသာထား ၊ ဒီနေ့တစ်နေကုန် ငါ့အဖြေတွေက အရမ်း လိုက်လျောညီထွေ ရှိနေတာပဲ ..."
-----------------
အခန်း ၃၆၁ - ဂြိုဟ်သားအကြွင်းအကျန် စူးစမ်းရှာဖွေရေးယာဉ်နှင့် ရှေးဟောင်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေ
ကျိယွမ်နှင့် ခပ်ဝဝကျင့်ကြံသူတို့သည် သာမန်ကျင့်ကြံသူများသာ ဖြစ်ကြသဖြင့် သူတို့ပြောနေသောစကားးများကို တစ်ချို့ကသာ အာရုံစိုက်မိကြသည် ။
သို့သော် မည်သူကမှ အတည်မယူခဲ့ကြပေ။
လူအများစုက သူတို့နှစ်ဦးသည် အဓိပ္ပာယ်မရှိသည့် စကားများကိုပါးစပ်အရသာခံကာ လျှောက်ပြောနေကြသည်ဟုသာ ခံစားမိကြ၏။
ကျိယွမ်နှင့် မနီးမဝေးတွင် ရပ်နေသော ဝမ်ကျစ်ချီကတော့ သိချင်စိတ်ဖြင့် စပ်စု၏။
"စီနီယာ...ရှင်က ဘာကို နားလည်သဘောပေါက်သွားတာလဲ၊ ဘယ်လို ခရမ်းရောင်နန်းတော်မျိုးကို ကျင့်ကြံမှာလဲ"
"လျှို့ဝှက်ချက်ပဲ"
ကျိယွမ်က စနောက်လိုက်သလို ပြန်ဖြေလိုက်သည်။ သူ၏ ခရမ်းရောင်နန်းတော်အပြည့်အဝပုံပေါ်မလာခင်အထိ မည်သည့်အမျိုးအစားကို ရည်မှန်းထားသည်ဆိုသည်ကို ထုတ်ပြောရန် အစီအစဉ်မရှိပေ။
ဝမ်ကျစ်ချီက တိတ်ဆိတ်သွားသော်လည်း ရှဲ့ထန်က သူမကို မစပ်စုရန် တစ်ချက်ကြည့်ကာ သတိပေးလိုက်သည်။
ထိုအချိန်တွင် စုဝေးပွဲကလည်း ပို၍ အလေးအနက်ရှိလာပြီး စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည် ခရမ်းရောင်နန်းတော်နှင့် ပတ်သက်သည့် သူတို့၏ ထိုးထွင်းသိမြင်မှုများကို စတင်ဝေမျှကြသည်။
ကျိယွမ်မှာ အာရုံစိုက်ခံရသည့် ဗဟိုချက် မဟုတ်တော့သဖြင့် ဆွေးနွေးမှုများသည် လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်သွားပြီး မိမိတို့အမြင်များကိုအကြိတ်အနယ် တင်ပြနေကြကုန်၏။
အခြေအနေများ ပျင်းစရာကောင်းလာသည်ကို မြင်သောအခါ ကျိယွမ်သည် သူ၏ ဖုန်းကို ထုတ်လိုက်ပြီး သူစိတ်ကူးဖြင့်ဖန်တီးထားသည့် ငရဲပြည်ဗားရှင်းကို မည်သို့ ပြည့်စုံအောင် လုပ်ရမည်နည်းဟု မေးခွန်းတင်ရန် ပြင်ဆင်လိုက်သည်။
တစ်ယောက်တည်း စဉ်းစားသည်ထက် အများ၏ အကြံဉာဏ်ကို ရယူခြင်းက အမြဲတမ်း ပိုကောင်းသည် မဟုတ်ပါလား။
ထိုစဉ် ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးအိုက ကျိယွမ်ကို ကြည့်ကာ သတိပေးလိုက်သည်။
"ဓာတ်ပုံရိုက်တာ ဒါမှမဟုတ် အသံဖမ်းတာမျိုး ခွင့်မပြုဘူး"
ကျိယွမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်၏။
"နားလည်ပါတယ်။ ပေါ့ပေါ့ပါးပါး နောက်ပြောင်တာမျိုးလုပ်တတ်ပေမဲ့ ဆွေးနွေးနေတုန်းမှာ အသံသွင်းတာမျိုး မလုပ်ပါဘူး"
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးအိုသည် ကျိယွမ်ကို ဘာမှ ထပ်မပြောတော့ဘဲ ကျင့်ကြံသူများနှင့် ခရမ်းရောင်နန်းတော်အကြောင်း ဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်နေသည်။
တစ်ဖက်တွင်လည်း ကျိယွမ်သည် သူ၏ မေးခွန်းကို တင်လိုက်၏။
"၂၀ စင်တီမီတာရှိတဲ့ ညီအစ်ကိုတွေနဲ့ ၃၆ ဒီ ရှိတဲ့ ညီမလေးတို့ရေ... အကြံဉာဏ်လေး တောင်းချင်လို့ပါ။ ငရဲပြည်တစ်ခုကို ကျွန်တော် ဘယ်လို တည်ဆောက်သင့်သလဲဗျ"
ထို့နောက် အခြားအရာများကို အာရုံမစိုက်တော့ဘဲ ကျိယွမ်သည် မျက်စိမှိတ်ကာ အနားယူရင်း သူ၏ကိုယ်ပိုင်ခရမ်းရောင်နန်းတော်ကို မည်သို့ဖော်ဆောင်ရမည်နည်းဟု စဉ်းစားနေ၏။
ခရမ်းရောင်ချီနှင့် ငရဲပြည်ပေါင်းစပ်မှု။
နှစ်ခုလုံးက စိန်ခေါ်မှု ရှိလှသည်။
မူလခရမ်းရောင်ချီစွမ်းအင်သည် အလွန့်အလွန်ရှားပါးပြီး စကြဝဠာအစဦးပိုင်းတွင်သာ အများဆုံးတွေ့ရတတ်သည်။
ငရဲပြည် ဆိုသည်မှာကလည်း ပို၍ပင် ရှာဖွေရခက်ခဲသော အယူအဆတစ်ခု ဖြစ်၏။
"ငါ ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံတာအိုကို ခြိမ်းခြောက်သင့်သလား။ ဒါပေမဲ့... ဘာလို့ ဒီကမ္ဘာမှာ ကောင်းကင်ဘုံတာအို မရှိတာလဲ"
မဟာအုပ်စိုးရှင်အဆင့်သို့ ရောက်ရှိပါက ကောင်းကင်ဘုံတာအို၏ တည်ရှိမှုကို အာရုံခံနိုင်သည်။
အမှန်စင်စစ် အချို့သော အစွမ်းထက်သည့် မဟာအုပ်စိုးရှင်များသည် ကမ္ဘာငယ်လေးများ၏ ကောင်းကင်ဘုံတာအိုကို ဖမ်းဆီးဝါးမြိုခြင်းပင် ပြုလုပ်နိုင်ကြ၏။
သို့သော် ဤကမ္ဘာတွင် ကျိယွမ်သည် ကောင်းကင်ဘုံတာအိုကို ရှာမတွေ့ခဲ့ပါ။
ကောင်းကင်ဘုံတာအိုက အိမ်မှာမရှိလျှင် သူကဘယ်သူ့ကို သွားခြိမ်းခြောက်ရမည်နည်း။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျင့်ကြံသူများသည် ဆွေးနွေးမှုမှ အသိတရားအများအပြား ရရှိခဲ့သဖြင့် ဝမ်းသာအားရ ဖြစ်နေကြသည်။
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ချီးကျူးကြပြီး အချို့မှာ ဆက်သွယ်ရန် အချက်အလက်များပင် ဖလှယ်နေကြ၏။
"လူကြီးမင်းတို့ခင်ဗျာ... ဒီနေ့ ဆွေးနွေးပွဲကတော့ ဒီမှာတင် ပြီးဆုံးပါပြီ"
ကြက်သွေးရောင်မျက်နှာဖုံးနှင့် အဘိုးအိုက ထိုသို့ကြေညာကာ အစည်းအဝေး ပြီးဆုံးကြောင်း အချက်ပေးလိုက်သည်။
ကျင့်ကြံသူအများစုကတော့ အစွမ်းထက်သော ခရမ်းရောင်နန်းတော်ကျင့်ကြံသူတစ်ဦးကို တွေ့ရခိုက် ထိုသူ့ထံမှ ပိုမိုကြားလိုကြသဖြင့် အဆုံးသတ်ရန် အနည်းငယ် နှမြောနေကြ၏။
ထိုအချိန်တွင် မျက်နှာဖုံးစွပ်အဘိုးအိုက အကြောင်းအရာကို ပြောင်းလဲလိုက်သည် ။
"တကယ်တော့ ဒီနေ့ ခင်ဗျားတို့ကို ဖိတ်ကြားရတဲ့ ရည်ရွယ်ချက်က နှစ်ခု ရှိပါတယ်။ လမ်းစဥ်အကြောင်းဆွေးနွေးတာက တစ်ခုဖြစ်ပြီး ဒုတိယတစ်ခုကတော့ ခင်ဗျားတို့အားလုံးကို ပိုကြီးကျယ်တဲ့ အရာတစ်ခုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်တာပါ"
သူ၏ အကြည့်သည် အခန်းထဲရှိ လူတိုင်းကို အကဲခတ်ရင်း ဝေ့ကြည့်လိုက်ပြီး ခေတ္တရပ်ထားလိုက်သည်။
ထွက်ခွာတော့မည့်သူများသည် ထို ဒုတိယအကြောင်းအရာက ဘာဖြစ်နိုင်သလဲဟု သိချင်စိတ်ဖြင့် သူတို့၏ နေရာများတွင် ပြန်ထိုင်ကြ၏။
"ဒုတိယအကြောင်းအရာကတော့... အခုလောလောဆယ် အများကြီး မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဒါက လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းတာနဲ့ တူပါတယ်။ အန္တရာယ်တွေနဲ့ မသိနိုင်တာတွေ ပြည့်နှက်နေပေမဲ့ ရရှိမဲ့ ဆုလာဘ်ကတော့ အလွန်ကြီးမားပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်နေခဲ့ပါ၊ ကျွန်တော် ထပ်ရှင်းပြပါ့မယ်။ စိတ်မဝင်စားဘူးဆိုရင်တော့ အခုပဲ ထွက်ခွာသွားနိုင်ပါတယ်"
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည် ထိုသတင်းစကားကြောင့် အံ့အားသင့်သွားကြပြီး အချင်းချင်းကြည့်မိကြ၏။
"လျှို့ဝှက်နယ်မြေလား... ဒီကမ္ဘာမှာ ဘာမှ ရှိပုံလည်းမရပါဘူး"
"ကျွန်တော်ကတော့ ခုနက ဆွေးနွေးပွဲကနေ ရတဲ့ အသိအမြင်တွေပဲ ရှိသေးလို့ ဒါကိုတော့ ကျော်လိုက်ပါ့မယ်"
"ကျွန်တော်လည်း မသွားတော့ပါဘူး"
"ဟဲဟဲ... စိတ်လှုပ်ရှားစရာ မကြုံရတာ နှစ်တွေ အတော်ကြာပြီပဲ၊ ကျွန်တော် စိတ်ဝင်စားတယ်"
စိတ်ဝိညာဥ်အဆင့် ၂၀ ခန့်သည် သူတို့၏ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ပြောဆိုကြပြီး ၎င်းတို့အနက် ၅ ဦးခန့်မှာ ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူစိမ်းများနှင့် အတူတူ စူးစမ်းရှာဖွေခြင်းမှာ အန္တရာယ်များလှ၏။
အခြားသော ကျင့်ကြံသူအချို့ကလည်း နောက်မှ ထလိုက်သွားကြရာ စုစုပေါင်း ၁၂ ဦးခန့်သာ ကျန်ရစ်တော့သည်။
နင်းထောင်သည် ကျိယွမ်အနားသို့ တိုးကပ်ကာ တိုးတိုးလေးမေးလိုက်၏။
"ယောက်ျား... ကျွန်မတို့ သွားကြမလား"
"စဉ်းစားပါရစေဦး"
ကျိယွမ်က အာရုံစိုက်လိုက်သည်။
ထိုအခိုက်တွင် သူ၏ဘယ်ဘက်မျက်ခုံးမှာ ထူးထူးခြားခြား လှုပ်ခါသွားလေသည်။
သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာ၏။
"သွားကြတာပေါ့"
ဘယ်မျက်ခုံးလှုပ်လျှင် လာဘ်ရမည်၊ ညာမျက်ခုံးလှုပ်လျှင် ဘေးတွေ့မည်။
ယခု ဘယ်ဘက်မျက်ခုံးက အလွန်အမင်းလှုပ်နေခြင်းမှာ ကြီးမားသောလာဘ်လာဘ ရတော့မည့် သဘောပင် မဟုတ်ပါလား။
တစ်ဖက်တွင်လည်း ရှဲ့ထန်မှာ ဝေခွဲမရ ဖြစ်နေသည်။
အမှန်အတိုင်း ပြောရလျှင် သူမ ငယ်စဉ်ကဆိုလျှင် ယခုကဲ့သို့ မရေမရာနှင့်အန္တရာယ်များသော ခရီးစဉ်မျိုးကို မည်သည့်အခါမျှ လက်ခံမည် မဟုတ်ပေ။
ပါရမီရှင်အများအပြားမှာ လျှို့ဝှက်နယ်မြေများကို စူးစမ်းရင်း အသက်ဆုံးရှုံးခဲ့ကြရသည်များကို သူမများစွာကြားဖူး၏။
သို့သော် ယခုအခါ သူမ၏ စီနီယာအစ်မ ရှဲ့ရှင်းစုပျောက်ဆုံးသွားရုံသာမက အရင်းအမြစ်များကလည်း ပြတ်လပ်နေသဖြင့် ထျန်းရွှမ်းဂိုဏ်းမှာ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် သူမသည် အန္တရာယ်ကို ရင်ဆိုင်ပြီး အရင်းအမြစ်များ ရှာဖွေရန် အံကြိတ်ကာ ဆုံးဖြတ်လိုက်ရသည်။
"ကျွန်မလည်း သွားပါ့မယ်"
ဝမ်ကျစ်ချီကမူ ဂိုဏ်းသို့ ပြန်သွားရပေလိမ့်မည်။
ခပ်ဝဝကျင့်ကြံသူကလည်း ခဏမျှ စဉ်းစားပြီး သဘောတူ၏။
"ကျွန်တော်လည်း သွားမယ်"
ကျန်သောစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကတော့ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ၏ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။
"ကျွန်တော်လည်း အတော်လေး စိတ်ဝင်စားတယ်။ သွားပါ့မယ်"
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူက ကြေညာလိုက်သည်။
ထိုစကားကို ကြားသောအခါ အချို့မှာ စိတ်သက်သာရာ ရသွားကြသော်လည်း အချို့မှာမူ ပို၍ သတိထားလာကြ၏။
စိတ်သက်သာရာ ရသွားသူများမှာ အစွမ်းထက်သော ခရမ်းရောင်နန်းတော်ကျင့်အဆင့်ကြံသူ တစ်ဦး ပါလာခြင်းကြောင့် ခရီးစဉ်မှာ ပို၍ ဘေးကင်းမည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။
အကြောင်းမှာ ဆွေးနွေးစဉ်အတွင်း ဤခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူမှာ နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သူတစ်ဦးအဖြစ် ပြသခဲ့သောကြောင့်ပင်။
သို့သော် အခြားသူများ စိုးရိမ်နေခြင်းမှာ လူတစ်ယောက်၏ စိတ်ရင်းကို မည်သူမျှ အပြည့်အဝ မသိနိုင်ခြင်းနှင့် အကယ်၍ ထိုကျင့်ကြံသူက ရန်လိုလာပါက သူတို့အားလုံး သေဘေးကြုံရနိုင်သောကြောင့် ဖြစ်သည်။
သူ စိတ်မပြောင်းဖို့ မျှော်လင့်ရတာပဲ။
"အားလုံး ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မသက်ဆိုင်တဲ့သူတွေ ထွက်သွားပေးကြပါ"
မျက်နှာဖုံးနှင့် အဘိုးအိုက တောင်းဆိုလိုက်သည်။
ဝမ်ကျစ်ချီနှင့် အခြား တပည့်ငယ်များ၊ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများ၏ နောက်လိုက်များအားလုံးက သူတို့၏ခေါင်းဆောင်များကို နှုတ်ဆက်ကာ ထွက်ခွာသွားကြ၏။
အပျော်စီးသင်္ဘောပေါ်တွင် လူရှင်းသွားသောအခါမှ အဘိုးအိုက ချောင်းတစ်ချက် ဟန့်လိုက်သည်။
"ကျွန်တော်တို့ စူးစမ်းဖို့ သွားမဲ့နေရာက ကျင့်ကြံခြင်းလောကရဲ့ လျှို့ဝှက်နယ်မြေ မဟုတ်ပါဘူး၊ အဲဒါက... ဂြိုဟ်သားတွေရဲ့ အကြွင်းအကျန်နေရာတစ်ခုပါ"
"ဘာ... ဂြိုဟ်သား အကြွင်းအကျန်နေရာ ..ဟုတ်လား"
လူတိုင်း ထိတ်လန့်သွားကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဂြိုဟ်သားအကြွင်းအကျန်တစ်ခု ပေါ်ပေါက်လာခြင်းမှာ ကုံရှင်းပေါ်တွင် ကြီးမားသော စစ်ပွဲတစ်ခုကို ဖြစ်ပွားစေခဲ့၏။
ချင်းယွမ်နှင့် ဝူကွေတိုင်းပြည်တို့ စစ်ဖြစ်ခဲ့ကြပြီး ကန်ရှင်းမှ အင်အားစုများက ဝူကွေကို ကူညီရန် ကြားဝင်ဆောင်ရွက်ခဲ့ကြသည်။
သုံးနှစ်အကြာတွင် စစ်ပွဲမှာ ချင်းယွမ်၏ ပွတ်ကာသီကာအောင်နိုင်မှုဖြင့် ပြီးဆုံးခဲ့ပြီး ဂြိုဟ်သားအကြွင်းအကျန်ကို အတူတကွ စူးစမ်းလေ့လာရန် ချင်းယွမ်နှင့် ဝူကွေတို့အကြား စာချုပ်ချုပ်ဆိုခဲ့၏။
သို့သော် ထိုစူးစမ်းလေ့လာမှုမှာ ကျရှုံးမှုဖြင့်သာ ပြီးဆုံးသွားခဲ့သည်။
ထိုအကြွင်းအကျန်နေရာမှာ လုယက်ခံထားရသကဲ့သို့ လုံးဝ ဗလာဖြစ်နေခဲ့ပြီး အဖိုးတန်သောအရာ တစ်ခုမှမရှိခဲ့ပါ။
ချင်းယွမ်နှင့် ဝူကွေ နှစ်နိုင်ငံလုံးကို အလွန်အမင်း စိတ်ပျက်သွားကြ၏။
သို့သော် နှစ်နိုင်ငံစလုံးမှ ကျွမ်းကျင်သူများက ထိုဂြိုဟ်သားအကြွင်းအကျန်မှာ တစ်စုံတစ်ဦးက ရွှေ့ပြောင်းသွားခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
အချို့ကမူ စစ်မှန်သောဂြိုဟ်သားအကြွင်းအကျန်မှာ ကုံရှင်းပေါ်ရှိ တစ်နေရာရာတွင် ဝှက်ထားဆဲဖြစ်သည်ဟုပင် ထင်ကြေးပေးခဲ့ကြ၏။
စွန့်ပစ်ခံထားရသည်ဆိုသော ဂြိုဟ်သားအကြွင်းအကျန်ကိုပင် နိုင်ငံအသီးသီးမှ တင်းကျပ်စွာ စောင့်ကြပ်ထားဆဲဖြစ်ပြီး ကျွမ်းကျင်သူများမှာလည်း ၎င်းကို မည်သည့်နေရာသို့ ရွှေ့ပြောင်းသွားသနည်းဟူသည်ကို အစဉ်တစိုက် လေ့လာနေကြသည်။
ယခုအခါ မျက်နှာဖုံးနှင့်အဘိုးအိုက အခြားဂြိုဟ်သားအကြွင်းအကျန်တစ်ခု၏တည်နေရာကို သိသည်ဟု ပြောလာသဖြင့် လူတိုင်းအံ့သြသွားကြကုန်၏။
အကြောင်းမှာ ခရမ်းရောင်နန်းတော်ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်သော စွမ်းအားရှိသည့် "ကောင်းကင်မျက်လုံး" လက်နက်ကိုပင် ဂြိုဟ်သားအကြွင်းအကျန်မှ ရရှိခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့သာ နောက်ထပ် ကောင်းကင်မျက်လုံးတစ်ခုကို ရရှိနိုင်ပါက သူတို့၏ ဂိုဏ်းများသည် ခရမ်းရောင်နန်းတော်အဆင့်ရှိ အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး၏ အင်အားနှင့် အရင်းအမြစ်များကို ရရှိနိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ထိုသို့တွေးမိသောအခါ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည် အသက်ရှူသံများ ပြင်းထန်လာပြီး မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာသည်။
မျက်နှာဖုံးနှင့် အဘိုးအိုက ဆက်ပြောသည်။
"ဒီအကြွင်းအကျန်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိပြီးတဲ့နောက်မှာ ကျွန်တော်ကိုယ်တိုင် စူးစမ်းဖို့ ကြိုးစားခဲ့ပါတယ်၊ အားလုံးကို ကျွန်တော်တစ်ယောက်တည်း ပိုင်ဆိုင်ချင်ခဲ့လို့ပါ"
" ဒါပေမဲ့ ကျွန်တော့်အင်အားက သိပ်အားနည်းနေပြီး တံခါးကိုတောင် မကျော်နိုင်ခဲ့ပါဘူး။"
" ဒီအကြွင်းအကျန်ကို ဆယ်နှစ်ကျော်ကြာအထိကြိုးစားပေမဲ့ အောင်မြင်မှုမရှိတဲ့နောက် ခင်ဗျားတို့ အားလုံးဆီက အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်တာပါ"
ကျင့်ကြံသူများသည် သူ၏ရှင်းပြချက်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။
ဤမျှ ကြီးမားသော အကျိုးအမြတ်ကို မည်သူမဆို မိမိဘာသာ သိမ်းထားချင်စိတ်ကို ဖြစ်ပေါ်စေမည်မှာ သဘာဝပင် ။
မိမိတစ်ယောက်တည်း မပိုင်ဆိုင်နိုင်တော့မှသာ အခြားသူများကို ဖိတ်ခေါ်ခြင်း ဖြစ်ပေမည်။
ထိုလောဘမျိုးမှာ ကျင့်ကြံခြင်းလောကတွင် အသစ်အဆန်း မဟုတ်ပေ။
"ဒါပေမဲ့ ကျွန်တော်တို့ အကြွင်းအကျန်ကို မစူးစမ်းခင်မှာ သတ်မှတ်ချက် သုံးခုကို သဘောတူရပါမယ်။
ပထမ၊ အကြွင်းအကျန်နယ်မြေထဲမှာ တိုက်ခိုက်တာမျိုး မလုပ်ရဘူး။
ဒုတိယ၊ အတွင်းထဲမှာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်တာမျိုး မလုပ်ရဘူး။
အကြွင်းအကျန်နယ်မြေကနေ ထွက်လာပြီးရင်တော့ အားလုံးက မိမိဘာသာပဲ ဖြစ်ပါတယ်။
ဒါကို ဘယ်လိုသဘောရသလဲ"
မျက်နှာဖုံးနှင့် အဘိုးအိုက အဆိုပြုလိုက်သည်။
"ပြဿနာမရှိပါဘူး"
ထွားကြိုင်းသော အမျိုးသားတစ်ဦးက ချက်ချင်းပြန်ဖြေ၏။ သူ၏ အရှိန်အဝါမှာ စိတ်ဝိညာဥ်အဆင့်နှောင်းပိုင်း တစ်ဦး ဖြစ်ကြောင်း ဖော်ပြနေ၏။
"ကျွန်တော်တို့ အားလုံး ကောင်းကင်ဘုံတာအိုကို သစ္စာဆိုကြရအောင်၊ ကျွန်တော်တို့ရဲ့ နှလုံးသားနတ်ဆိုးတွေကို တိုင်တည်ပြီး ကျိန်ဆိုကြရင် ဘယ်လိုလဲ"
အခြားကျင့်ကြံသူတစ်ဦးက စိတ်ချရစေရန် အကြံပြုသည်။
"ကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်"
"ငါလည်း သဘောတူတယ် "
မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။
သူတို့အားလုံးမှာ ယခုကဲ့သို့ စူးစမ်းရှာဖွေမှုမျိုးကို ယခင်က လုပ်ဆောင်ဖူးကြကြောင်းမှာ ထင်ရှားသည်။
ကျိယွမ်ကလည်း ခေါင်းညိတ်လိုက်၏။
"ရတာပေါ့"
ကောင်းကင်ဘုံတာအိုကို ကျိန်ဆိုခြင်းမှာ သူ့အတွက် မည်သို့မျှအကျိုးသက်ရောက်မှု မရှိပေ။
ယခင်ကလို ကောင်းကင်ဘုံတာအို အခြေတည်ဆောက်ဆဲ အချိန်တုန်းကဆိုလျှင် သူသည် ကန်းလန်ကမ္ဘာ၏ ဝဝဖိုင့်ဖိုင့် ကောင်းကင်ဘုံတာအိုကြီးကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်ပါသည်။
ဒါပေမဲ့ အခုတော့လား... ။
သူက ၄င်းကို အလွယ်တကူ ချေမှုန်းပစ်နိုင်ပါသည်။
သူတို့ ၁၂ ဦးမှာ အသီးသီးသစ္စာဆိုလိုက်ကြသော်လည်း ယင်းသို့ လုပ်ဆောင်ပြီးသည့်တိုင် လူတိုင်းမှာ သတိဝီရိယ ရှိနေကြဆဲ ရှိသည်။
ခပ်ဝဝကျင့်ကြံသူမှာ ကျိယွမ်အနားသို့ တိုးလာပြီး တိုးတိုးလေးမိတ်ဖွဲ့၏။
"တာအိုမိတ်ဆွေ... ကျွန်တော်တို့က ဆုံတွေ့ဖို့ ကံပါလာပုံရတယ်။ အကြွင်းအကျန်နယ်မြေထဲမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စောင့်ရှောက်ပေးရင် ဘယ်လိုလဲ"
"ကောင်းပြီလေ"
ကျိယွမ်က ချက်ချင်းသဘောတူလိုက်သည်။
ဤဝဝဖိုင့်ဖိုင့် ကျင့်ကြံသူမှာ တောင်တန်းများအတွင်း ပုန်းအောင်းနေသော နဂါးတစ်ကောင်ကဲ့သို့ပင် အလွန်ထက်မြက်ပြီး လျင်မြန်သော ဉာဏ်ရည်ရှိသူ ဖြစ်သည်။
သူတို့ဘေးတွင်ရပ်နေသော ရှဲ့ထန်မှာ လည်း အနညိးငယ်ခက်ခဲနေဟန်ဖြင့် ဝင်ပြော၏။
"ကျွန်မလည်း ရှင်တို့ သုံးယောက်နဲ့ ပူးပေါင်းလို့ ရမလားလို့ သိချင်မိပါတယ်"
အကြွင်းအကျန်နယ်မြေ စူးစမ်းရှာဖွေမှုတစ်ခုတွင် တစ်ယောက်တည်း သွားခြင်းမှာ လုံးဝအဆင်မပြေပါ။
ကျိယွမ်မှာ အနည်းငယ် ထူးဆန်းနေသော်လည်း သူမက သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်၏။
"ပြဿနာမရှိပါဘူး"
ကျိယွမ်က သဘောတူလိုက်ပြန်သည်။
တစ်စိတ်တစ်ပိုင်းအနေဖြင့် သူမကကျစ်ချီ၏ ဆရာမဖြစ်နေသောကြောင့် သူကသဘောကောင်းနေခြင်းပင် ။
"အဲဒါဆို သွားကြတာပေါ့.."
.....................
နာရီဝက်ခန့် ကြာပြီးနောက်။
ကျင့်ကြံသူ ၁၂ ဦးမှာ တောနက်ကြီးတစ်ခုအတွင်းသို့ ဆင်းသက်လိုက်ကြသည်။
တောအုပ်မှာ စိမ်းလန်းစိုပြည်နေပြီး ပိုးမွှားအမျိုးမျိုး ပျံသန်းနေကြကာ အဆိပ်ရှိသော မြွေများမှာလည်း ရံဖန်ရံခါ တွားသွားနေကြ၏။
အခြားသော အဆိပ်ရှိ သတ္တဝါများမှာလည်း အရိပ်များထဲတွင် ပုန်းအောင်းနေကြသည်။
သာမန်လူများအတွက်ဆိုလျှင် ယခုကဲ့သို့ တောရိုင်းထဲတွင် အသက်ရှင်ရန်မှာ မဖြစ်နိုင်သော်လည်း စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများအတွက်မူ ၎င်းမှာ ခြိမ်းခြောက်မှု မဟုတ်ပေ။
"အကြွင်းအကျန်နယ်မြေရဲ့ အဝင်ဝကို တွေ့ပြီးတဲ့နောက်မှာ တခြားသူတွေ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားမှာ စိုးလို့ ကျွန်တော် ဒီမှာ ဝင်္ကပါအစီအရင် တစ်ခု တည်ဆောက်ထားခဲ့ပါတယ်။ အခုတော့ ကျွန်တော် အဲဒါကို ဖယ်ရှားလိုက်ပါ့မယ်"
မျက်နှာဖုံးနှင့် အဘိုးအိုက ရှင်းပြရင်း လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ ဝှက်ထားသော ဝင်္ကပါ ပေါ်လာသည်။
ဝင်္ကပါ ပျောက်ကွယ်သွားသည်နှင့် နက်ရှိုင်းသော မြေကျင်းကြီးတစ်ခုမှာ အားလုံး၏ မြင်ကွင်းထဲသို့ ရောက်လာကြ၏။
မြေကျင်း၏အစွန်းတစ်လျှောက်တွင် မြင့်မားသော ဝါးပင်များ တန်းစီနေကြပြီး မြေကျင်းကြီးမှာ အလွန်နက်လွန်းသဖြင့် ၎င်း၏ အောက်ခြေမှာ မှောင်အတိ ကျနေသည်။
သို့သော် အောက်ခြေမှ အေးမြသော လေပြေတစ်ခုမှာ တိုက်ခတ်လာခြင်းကြောင့် အောက်ခြေတွင် အသက်ရှူရန် လေရှိကြောင်း ဖော်ပြနေ၏။
တွေဝေမနေဘဲ ကျင့်ကြံသူများသည် မြေကျင်းထဲသို့ ချက်ချင်းပျံဆင်းသွားကြသည်။
မီတာငါးရာခန့် နက်သော မြေကျင်းကြီးမှာ သူတို့အတွက် ခဏတာ ခရီးစဉ်သာ ဖြစ်၏။
မကြာမီ သူတို့ မြေကျင်းအောက်ခြေသို့ ရောက်ရှိသွားကြသည်။
မျက်နှာဖုံးနှင့် အဘိုးအိုက လမ်းပြ၍ခေါ်သွားရာ သူတို့သည် မြေကျင်းအတွင်းသွားရာ လမ်းတစ်လျှောက်တွင် ဂူပေါက်အချို့ကို တွေ့ရှိခဲ့ကြသည်။
လက်သီးဆုပ်ခန့်သာရှိသော အပေါက်တစ်ခုရှေ့ရောက်သောအခါ အားလုံးရပ်တန့်သွား၏။
"ဒီနေရာပဲ.."
အဘိုးအိုက ထိုကြွက်တွင်းလိုအပါက်လေးထဲသို့ ကိုယ်ကိုကျုံ့၍ဝင်သွားရာ အခြားသူများလည်း ထိုသို့ပြုလုပ်ကာ ဂူအတွင်းသို့ ဝင်လိုက်ကြသည်။
ဂူအတွင်းပိုင်းမှာ အေးစက်နေပြီး အပူချိန်မှာ ရေခဲမှတ်အောက်သို့ပင် ရောက်နေသည်။
၁၅ မိနစ်ခန့်ဆက်သွားပြီးမှ အဘိုးအိုက ရပ်တန့်လိုက်သည်။
သူတိူ့ရှေ့ရှိ မြင်ကွင်းမှာလည်း ကျယ်ပြောသွား၏။
"ဒီလို သေသေချာချာဝှက်ထားတဲ့ နေရာကို ရှာတွေ့ဖို့ဆိုရင် မိတ်ဆွေ... ခင်ဗျားမှာ ထူးခြားတဲ့ ကံကောင်းမှု ရှိရမယ်"
ကျင့်ကြံသူတစ်ဦးက အံ့ဩတကြီး ပြောလိုက်သည်။
"တကယ်ကို ကံကောင်းတာပါ"
အဘိုးအိုက ပြန်ဖြေရင်း တစ်နေရာသို့ညွှန်၏။
"ဒါက အကြွင်းအကျန်နယ်မြေရဲ့ အဝင်ဝပါပဲ။ ကံမကောင်းစွာနဲ့ ကျွန်တော် တစ်ခါမှ အတွင်းထဲကို မဝင်နိုင်ခဲ့ပါဘူး။ တံခါးကို ဖွင့်ဖို့အတွက် ကျွန်တော်တို့ အားလုံးရဲ့ အင်အားကို ပေါင်းစပ်ပြီး အသုံးပြုရပါလိမ့်မယ်"
သူ၏ လက်ကို ဝေ့ယမ်းလိုက်ပြီး အဘိုးအိုသည် တံခါးကို ဖုံးကွယ်ထားသော ဝင်္ကပါကို ဖယ်ရှားလိုက်သည်။
ဖန်ကဲ့သို့ကြည်လင်နေသောတံခါးတစ်ခုမှာ မြင်ကွင်းထဲသို့ ရောက်လာ၏။
၎င်းမှာ အလွန်ကြည်လင်တောက်ပနေပြီး အခြားကမ္ဘာတစ်ခုမှ အလှတရားကဲ့သို့ သိပ္ပံစိတ်ကူးယဉ် (Sci-fi) ပုံစံမျိုး ဖြစ်နေသည်။
တံခါးပေါ်တွင် တစ်စုံတစ်ရာသော စာသားကို ဖော်ဆောင်နေသည့် ထူးဆန်းသော သင်္ကေတများ ရှိနေ၏။
[စူးစမ်းရှာဖွေရေးယာဉ် တံခါး၊ ရှန်ဟန် မျိုးနွယ်စုမှ ဖန်တီးထားသည်။ ဝင်ရောက်ရန် အထူးသော့ လိုအပ်သည်။]
ကျိယွမ်သည် သူ၏ မျက်စိရှေ့တွင် လျှပ်ခနဲ ပေါ်လာသော သတင်းစကားကို မြင်လိုက်ရသည်။
သူသည် ခဏမျှ ကြောင်သွား၏။
အကြောင်းမှာ ၎င်းသည် ဖန်ထုံနယ်မြေရှိ ရှေးဟောင်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေ၏ ဗိသုကာလက်ရာများကို သတိရစေသောကြောင့် ဖြစ်သည်။
ဒါက အတူတူများ ဖြစ်နိုင်မလား......
ကျိယွမ်၏ မျက်လုံးများမှာ သိချင်စိတ်ဖြင့် တောက်ပလာ၏။
သူသည် ဤဂိမ်း၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို ဖော်ထုတ်တော့မည်ဟု ခံစားမိနေသည်။
"လာကြပါ အားလုံးပဲ... ကျွန်တော်တို့ အင်အားကို ပေါင်းစပ်ပြီး တံခါးကို ဖွင့်ကြရအောင်"
မျက်နှာဖုံးနှင့် အဘိုးအိုကပြုံးရင်း တိုက်တွန်းလိုက်သည်။
သူကိုယ်တိုင် တံခါးကို မဖွင့်နိုင်ခဲ့ခြင်းမှာ သူ၏ အင်အား မလုံလောက်ကြောင်း သက်သေပြနေ၏။
ယခု လူအများကြီး ရှိနေသဖြင့် တံခါးကို ချိုးဖျက်နိုင်မည့် အခွင့်အရေး ရှိလာလေပြီ။
အခြားသူများကလည်း အင်အားချင်း ပူးပေါင်းလိုက်ကြပြီး တံခါးကို ချိုးဖျက်ဖွင့်လှစ်ရန် သူတို့၏ စွမ်းအားများကို ပြင်ဆင်လိုက်ကြသည်။
ထိုအခိုက်တွင် ကျိယွမ်၏ မျက်လုံးများမှာ ထူးဆန်းသော အလင်းတန်းတစ်ခုဖြင့် လက်ခနဲ ဖြစ်သွားသည်။
"စိတ်ဝိညာဥ်အဆင့်ရဲ့ စွမ်းအားနဲ့ မဖွင့်နိုင်ဘူးဆိုရင် ယင်နတ်ဘုရားအဆင့်ရဲ့ စွမ်းအားနဲ့ဆိုရင်ကော ဘယ်လိုလဲ"
ခဏချင်းတွင် ယင်နတ်ဘုရားအဆင့်ရှိ စွမ်းအားများမှာ ကျိယွမ်၏ လက်အတွင်းသို့ စီးဝင်လာသည်။
သို့သော် သူ၏စွမ်းအားထိန်းချုပ်မှုမှာ အလွန်ပင် သိမ်မွေ့လှသဖြင့် အခြားသူများမှာ မည်သူမျှ သတိမပြုမိကြပေ။
ဘုန်း....။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မည်သို့မျှ မဖျက်ဆီးနိုင်ဟု ယူဆရသော တံခါးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေသည်။
"တံခါး ပွင့်သွားပြီ "
ခပ်ဝဝကျင့်ကြံသူက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
မျက်နှာဖုံးနှင့် အဘိုးအိုမှာ ဆွံ့အသွားလေသည်။
ပြီးခဲ့သည့်အကြိမ်က စိတ်ဝိညာဥ်အဆငိ့ကျင့်ကြံသူ အယောက် ၂၀ အတူတူ တိုက်ခိုက်ခဲ့ကြသော်လည်း တံခါးမှာ အက်ကြောင်းပင် မထင်ခဲ့ပေ။
အခုတော့...ဘာမှမလုပ်ရသေးခင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီလား။
အရမ်းမြန်လွန်းနေသည်။
စီမံကိန်းက လိုအပ်နေသေးရဲ့လား။
သူသည် ဝေခွဲမရ ဖြစ်သွားပြီး ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူကို သတိကြီးစွာဖြင့် ကြည့်လိုက်မိ၏။
ဒါက ခရမ်းရောင်နန်းတော်ကျင့်ကြံသူရဲ့ စွမ်းအားလား။
ထိုအခိုက် သူ၏နားထဲသို့ အသံပို့လွှတ်မှုများ ရောက်လာ၏။
"ငါတို့ ဘာလုပ်ကြမလဲ ပဉ္စမအစ်ကို"
"တံခါးက ပွင့်မသွားသင့်ဘူးလေ။ ဒါက မဖြစ်နိုင်ဘူး မဟုတ်လား"
"အဲဒါ ဟိုခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူကြောင့် ဖြစ်ရမယ်"
"အခုလောလောဆယ် စီမံကိန်းကို ရပ်ထားလိုက်ဦး။ ဒီခရမ်းရောင်နန်းတော်အဆင့်က အရမ်းအစွမ်းထက်လွန်းတယ်။ ငါတို့ရဲ့ ရဲဘော်တွေဆီကို လျှို့ဝှက်သတင်းပို့လိုက်၊ အကြွင်းအကျန်နယ်မြေရဲ့ ထွက်ပေါက်မှာ ချုံခိုတိုက်ခိုက်ဖို့ ပြင်ခိုင်းလိုက်"
အဘိုးအိုက လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။
လူတိုင်းမှာ တံခါးရှေ့တွင် ရပ်နေကြပြီး မည်သူမျှ အရင်ဆုံး မဝင်လိုကြပေ။
"ဒီတံခါးက တကယ်ကို ခိုင်တာပဲ။ ဒါကို ဖွင့်ဖို့ ငါ့အင်အားရဲ့ ၃၀ ရာခိုင်နှုန်းကို သုံးလိုက်ရတယ်။ အတွင်းထဲမှာ တစ်ခုခုတော့ ကောင်းတာရှိရမယ်"
ကျိယွမ်က အထဲသို့လှမ်းကြည့်ကာ အလွန်သိချင်နေပုံရ၏။
မျက်နှာဖုံးနှင့် အဘိုးအိုကတော့ "ခရမ်းရောင်နန်းတော်ကျင့်ကြံသူသာ မပါရင် ငါတို့ ဝင်နိုင်မှာ မဟုတ်ဘူး" ဟု ပြန်ပြောချင်သည့် စိတ်ကို ထိန်းထားရင်း စကားမဲ့နေသည်။
စိတ်ဝိညာဥ်အဆင့် လူအယောက်၂၀ တောင် မဖွင့်နိုင်တဲ့တံခါးကို သူက သူ့အင်အား ၃၀ ရာခိုင်နှုန်းပဲ သုံးရတယ်လို့ ပြောနေတာလား။အကုန်အတူတူဖွင့်လို့ ပွင့်သွားတာကို ..။
အခြားကျင့်ကြံသူများမှာလည်း ကျိယွမ်ကို သံသယများဖြင့် ကြည့်လိုက်ကြသည်။
သို့သော် မျက်နှာဖုံးနှင့် အဘိုးအိုနှင့် မတူသည်မှာ ၎င်းတို့မှာ ကျိယွမ်၏ စကားကို ပွင့်ပွင့်လင်းလင်း ငြင်းခုံခြင်း မပြုကြပေ။
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူက အလိုက်သင့်ပြုံးကာ ဆို၏။
"အားလုံးက ဝိုင်းကူကြတာပါ။ ဒါက အားလုံးရဲ့ ကုသိုလ်ပါပဲ၊ ငြင်းခုံနေစရာ မလိုပါဘူး"
ထိုအချိန်တွင် နင်းထောင်သည် ကျိယွမ်အနားသို့ တိုးကပ်လာသည်။
"ယောက်ျား... သူတို့အားလုံးကို သတ်ပစ်ကြမလား"
မဟာအုပ်စိုးရှင်တစ်ဦးအနေဖြင့် သူမသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံမှ သတ်ဖြတ်လိုသည့် ဆန္ဒများကို အလွယ်တကူ အာရုံခံနိုင်သည်။
"မလိုသေးဘူး။ သူတို့ရဲ့ အကူတွေအားလုံး ရောက်လာတဲ့အထိ စောင့်ကြတာပေါ့၊ ပြီးမှ သူတို့ကို ရှင်းပစ်မယ်"
ကျိယွမ်က အေးအေးဆေးဆေးဖြေလိုက်သည်။
သူသည် ယင်နတ်ဘုရားအဆင့်တွင် ရှိနေလေပြီ။
ထို့ကြောင့် ယခုကျင့်ကြံသူများ၏ လျှို့ဝှက်သတင်းပေးပို့ရန် ကြိုးစားမှုများမှာ အော်ဟစ်ပြောနေသကဲ့သို့ သူ့၏နားထဲတွင် ကျယ်လောင်လှသည်။
သူတို့မှာ ဖုံးကွယ်ထားကြသော်လည်း ကျိယွမ်မှာမူ သူတို့၏ ရုပ်မှန်များကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
ဥပမာအားဖြင့် လျှို့ဝှက်လက်နက်ကို ကိုင်ဆောင်ထားသော ကျင့်ကြံသူ ၆ ဦးအနက် တစ်ဦးမှာ အမျိုးသမီးကျင့်ကြံသူ တစ်ဦးဖြစ်ပြီး သူမ၏ မျက်နှာမှာ ထူးထူးခြားခြား ဖြူဖျော့နေသည်။
ပိုးဟပ်ထက်တောင် ဖြူနေတာ။