အခန်း (၃၆၂-၃၆၃)
Vol. 33 Ch. 362-363
အခန်း ၃၆၂ - ကုံရှင်းဂြိုဟ်၏ နောက်ခံသမိုင်း၊ အချစ်ဒရာမာ ဇာတ်လမ်းတစ်ပုဒ်လား...
ပထမတွင် ကျင့်ကြံသူတစ်ဒါဇင်ခန့်သည် တံခါးကြီး ရုတ်တရက်ပွင့်သွားသည့်အပေါ် အတွေးကိုယ်စီ ရှိနေကြသော်လည်း ချက်ချင်းဆိုသလို သူတို့၏ အာရုံများမှာ တံခါးနောက်ကွယ်ရှိ အရာများဆီ ရောက်ရှိသွား၏။
ကောင်းကင်ဘုံတွန်းလှန်ရေးစီမံကိန်း ကို အကောင်အထည်ဖော်ရန်ကြိုးစားနေသော စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများကတော့ အလွန် တုန်လှုပ်နေကြသည် ။
ယခင်က သူတို့အားလုံးနီးပါးစုပေါင်း၍ ထိုတံခါးကို ဖွင့်ရန် ကြိုးစားခဲ့ကြသော်လည်း မရခဲ့ပါ ။ ယခုအခါတွင်မူ မည်သည့်အားထုတ်မှုမှ မလုပ်ရဘဲ တံခါးမှာ အမှန်တကယ်ကြီး ပွင့်သွားခဲ့ပြီဖြစ်သည် ။
"ဘာလို့ အကုန်လုံး ဒီအတိုင်း ရပ်ကြည့်နေကြတာလဲ၊ အတူတူ ဝင်ကြစို့လေ"
ကျင့်ကြံသူတစ်ဦးက အားမရသလို အကြံပြုသည် ။
အခြားသူများကတော့ ရှေးဟောင်းအဆောက်အအုံအတွင်းရှိ အန္တရာယ်များကို စိုးရိမ်သဖြင့် သတိကြီးစွာ ထားနေကြသည် ။ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူပင် ဤနေရာ၌ သေဆုံးနိုင်သဖြင့် သူတို့ မဆင်မခြင် မလုပ်ရဲကြပါ ။
"ဝင်ပြီး တစ်ချက်ကြည့်ရအောင်"
ကျိယွမ်ကတော့ ထူးထူးခြားခြားစိုးရိမ်မှုမျိုးမရှိပေ ။
သူ၏ ဘယ်ဘက်မျက်ခုံးက တလှုပ်လှုပ်ခုန်နေသောကြောင့် အတွင်း၌ ကြီးမားသော ကံကောင်းခြင်းများ စောင့်ကြိုနေသည့် အတိတ်နိမိတ်ပင်ဖြစ်သည် ။ အတွင်းရှိ အကျိုးအမြတ်နှင့် ရတနာများသည် ကုံရှင်းတစ်ခုလုံးကို ဝယ်ယူရန် လုံလောက်မှု ရှိ၊ မရှိ သူ သိချင်နေ၏ ။
ခပ်ဝဝကျင့်ကြံသူသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ကျိယွမ်နောက်သို့ တွန့်ဆုတ်မှုမရှိဘဲ လိုက်လာသည် ။
ရှဲ့ထန်သည်လည်း အံကိုတင်းတင်းကြိတ်ကာ နောက်မှ အမြန်လိုက်ပါသွား၏ ။
ယင်းကို မြင်သောအခါ ကျန်သော ကျင့်ကြံသူများလည်း ရှေ့သို့ တိုးလာကြသည် ။
သူတို့ တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ကမ္ဘာလုံးက ပြောင်းလဲသွားသကဲ့သို့ ခံစားရ၏ ။
ကျဉ်းမြောင်းသော ဂူတစ်ခုဖြစ်ခဲ့သည့် နေရာသည် ရုတ်တရက် ကျယ်ပြောလှသော မိုးကုပ်စက်ဝိုင်းကြီးအဖြစ် ပွင့်ထွက်သွားသည် ။
ကြယ်ရောင်များကလည်း သူတို့အပေါ်သို့ ဖြာကျလာ၏ ။
"ကြယ်စင် ကောင်းကင်ကြီးလား"
"ဒီနေရာက... ကြယ်စင်ကောင်းကင် တစ်ခုလုံးပဲ"
ကျင့်ကြံသူများအားလုံး မော့ကြည့်လိုက်ကြပြီး မြင်တွေ့ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည် ။
သူတို့အထက်တွင် ကြယ်များ ပြည့်နှက်နေသည့် အဆုံးမဲ့ ကောင်းကင်ကြီး ရှိနေ၏ ။ အကျယ်အဝန်းမှာ အတိုင်းအဆမရှိလှသဖြင့် ကြယ်အားလုံးကို တစ်ချက်တည်းနှင့် ကုန်အောင် မမြင်နိုင်ပါ ။
ကောင်းကင်ကြီးမှာ ရေတွက်မကုန်နိုင်သော ကြယ်များဖြင့် တောက်ပနေသည် ။
လူတိုင်း၏ မျက်လုံးများထဲတွင် ကမ္ဘာသစ်တစ်ခုသို့ ခြေချလိုက်ရသကဲ့သို့ အံ့သြလေစားမှုများဖြင့် ပြည့်နှက်လာသည် ။
"ကြယ်တွေ အများကြီးပဲ... ကြည့်ရင်းနဲ့တောင် ဗိုက်ဆာလာတယ်"
ကျိယွမ်က "ရေငတ်ပြေဖို့ ဆီးသီးကို အရသာခံကြည့်ခြင်း" ဟူသော ပုံစံမျိုးဖြင့် တံတွေးမြိုချရင်း ရေရွတ်သည် ။
"ဒါက နောက်ထပ် ကမ္ဘာတစ်ခုလား"
"ဘာလို့ ဒီကြယ်တွေက ထူးဆန်းနေရတာလဲ"
ကျင့်ကြံခြင်းလောကမှ မွေးဖွားလာသော ကျင့်ကြံသူများသည် အထက်မှ ကြယ်များသည် များသောအားဖြင့် နတ်ဘုရားများက သူတို့၏ စွမ်းအားကို ထင်ဟပ်ရန် အသုံးပြုသည့် ကောင်းကင်ဘုံ အစိတ်အပိုင်းများဖြစ်ကြောင်း သိထားကြသည် ။
ကြယ်တစ်ပွင့်စီသည် နတ်ဘုရားတစ်ပါးကို ကိုယ်စားပြု၏ ။
သူတို့ ကုံရှင်းဂြိုဟ်သို့ စတင်ရောက်ရှိစဉ်က ကောင်းကင်ယံသည် ထူးခြားနေသည်ကို သတိပြုမိခဲ့သော်လည်း ကြယ်အရေအတွက် နည်းပါးသဖြင့် သိပ်အာရုံမစိုက်ခဲ့ကြပါ ။
ယခုမူ ကောင်းကင်တစ်ခုလုံး ရေတွက်မကုန်နိုင်သော ကြယ်များဖြင့် ပြည့်နှက်နေ၏ ။
"ဒါက အာကာသယာဉ်ရဲ့ 3Dမြေပုံတစ်ခု ဖြစ်လောက်တယ်၊ ဒါပေမဲ့ တော်တော်လေး လက်တွေ့ကျတယ်"
ကျိယွမ်က ကြယ်များကို မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်သည် ။
"မြေပုံ ဟုတ်လား"
ကျင့်ကြံသူတစ်ဦးက မယုံနိုင်သလို ကျိယွမ်အားကြည့်၏။
သူတို့၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်သောအခါ ပို၍ပင် ထိတ်လန့်သွားကြသည် ။
"ဒီမြေပုံက ငါတို့ရဲ့ အာရုံခံစားမှုတွေကိုတောင် လှည့်စားနိုင်စွမ်း ရှိတာပဲ"
မြေပုံသက်သက်မျှက သူတို့အား တကယ့်ကြယ်စင်ကောင်းကင်ထဲတွင် ရောက်နေသည်ဟု ထင်မှတ်အောင် လှည့်စားနိုင်ခဲ့သည် ။
အကယ်၍ ဤနေရာ၌ ထောင်ချောက်များ သို့မဟုတ် စက်ကွင်းများ ရှိနေပါက သူတို့ သတိမထားမိဘဲ ဖြစ်သွားမှာ အသေအချာပင် ။
"ကောင်းပြီ၊ ငါတို့ ဒီရောက်နေပြီဆိုမှတော့ ကိုယ့်လမ်းကိုယ် သွားကြရအောင်"
လေလွင့်ကျင့်ကြံသူတစ်ဦးက ပြောပြီးသည်နှင့် အခြားစကား တစ်ခွန်းမှ မဆိုဘဲ ရှေးဟောင်းအဆောက်အအုံ၏ အတွင်းပိုင်းသို့ ပျံသန်းဝင်ရောက်သွားသည် ။
ကျန်နေခဲ့သော ကျင့်ကြံသူများလည်း စကားအများကြီး မပြောတော့ဘဲ အလျို အလျိုလူစုခွဲသွားကြ၏ ။
လူတိုင်းသည် ရှေးဟောင်းအဆောက်အအုံအတွင်း ဝှက်ထားသော ရတနာများကို ရှာဖွေရန် မျှော်လင့်နေပြီး လက်ဦးရန် ကြိုးစားချင်နေကြပုံရသည် ။
အကယ်၍ "ကောင်းကင်မျက်လုံး" ကဲ့သို့ အရာမျိုးကို တွေ့ရှိပါက သူတို့ အကြီးအကျယ် ချမ်းသာသွားကြမည် မဟုတ်ပါလား။
"မင်း ဘယ်ကို သွားချင်လဲ"
ခပ်ဝဝကျင့်ကြံသူက ကျိယွမ်ကို မေးလိုက်သည် ။
ရှဲ့ထန်သည်လည်း ကျိယွမ်၏ သဘောထားကို သိလိုသဖြင့် သူ့ကို ကြည့်လိုက်သည် ။
"ဒီရှေးဟောင်းအဆောက်အအုံက သိပ်မကြီးပါဘူး၊ ဒါကြောင့် မလောပါနဲ့ဦး။ အေးအေးဆေးဆေး အချိန်ယူပြီး ရှုခင်းကြည့်ကြရအောင်"
ကျိယွမ်က အေးအေးဆေးဆေးပင် ။
သူ၏ နတ်ဘုရားအဆင့် စွမ်းအားဖြင့် သူတို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် အာကာသယာဉ်ကြီး တစ်ခုလုံးကို စစ်ဆေးပြီးဖြစ်သည် ။
အဆင့်မြင့် ဒီဇိုင်းရှိသော်လည်း ယာဉ်မှာ ပျက်စီးနေပြီး စွမ်းအင်လည်း မရှိတော့ပါ ။ တန်ဖိုးရှိသော ပစ္စည်းအများစုမှာလည်း ကြာမြင့်စွာကပင် အသုံးပြုပြီးသာ ဖြစ်နေ၏ ။
ကျန်ရှိနေသည်မှာ သံတိုသံစ အပိုင်းအစများနှင့် ကောင်းကင်မျက်လုံးအချို့သာ ဖြစ်သည် ။
ကျိယွမ် စိတ်ကူးယဉ်ခဲ့သော ဂြိုဟ်ဖျက်အမြောက်များကဲ့သို့ အခြား အစွမ်းထက်လက်နက်များကတော့ မရှိပါ ။
"ဒီရှေးဟောင်းအဆောက်အအုံက နာမည်ကြီးသလောက် အတွင်းထဲမှာတော့ သံတိုသံစ ပုံကြီးပါပဲ"
ကျိယွမ်က စိတ်ပျက်သလို မှတ်ချက်ချလိုက်၏ ။
ရှဲ့ထန် အံ့အားသင့်သွားသည် ။
"မိတ်ဆွေ... ရှင်ဒီကို အရင်က ရောက်ဖူးလို့လား"
"ငါ တစ်ခါမှ မရောက်ဖူးပါဘူး၊ ဒါပေမဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီမှာ အမှိုက်တွေကလွဲရင် တန်ဖိုးရှိတာ ဘာမှမရှိဘူးဆိုတာ သိနိုင်တယ်။ တန်ဖိုးရှိတာ ရှိရင်လည်း အဲဒါက ဒီယာဉ်ကိုယ်ထည်ပဲ ဖြစ်လိမ့်မယ်"
"ဒီလောက်ဖွင့်ရခက်တဲ့ တံခါးနောက်ကွယ်မှာ ရှိနေတာက အမှိုက်တွေချည်းပဲလား"
ခပ်ဝဝကျင့်ကြံသူလည်း ဇဝေဇဝါ ဖြစ်နေသည် ။
"အင်း... ကောင်းကင်မျက်လုံး နည်းနည်းပါးပါး ၊ ထောင်ဂဏန်းလောက်တော့ ရှိပါတယ်၊ အဲဒါကို အမှိုက်လို့ သတ်မှတ်လို့ ရမလား"
ကျိယွမ်က တောက်ပနေသော ကြယ်များကို မော့ကြည့်နေရင်းမှ ပေါ့ပေါ့ပါးပါးမေးလိုက်သည် ။
ဤအာကာသယာဉ်တွင် နေထိုင်သူများအတွက် ကောင်းကင်မျက်လုံးများသည် ခေတ်သစ်စစ်တပ်တစ်ခုရှိ ရိုင်ဖယ်သေနတ်များကဲ့သို့ စံသတ်မှတ်ချက်မီ လက်နက်များသာ ဖြစ်ပုံရသည်။
ပို၍ အဆင့်မြင့်သော လက်နက်များကား... မရှိတော့ပါ ။
"ကောင်းကင်မျက်လုံး အခုရေ ထောင်ချီ ဟုတ်လား"
ခပ်ဝဝကျင့်ကြံသူခမျာ တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်သည် ။
ရှဲ့ထန်၏ အသက်ရှူသံများ မြန်လာသော်လည်း ကျိယွမ်၏ စကားအပေါ် သံသယရှိနေဆဲပင် ။
သို့သော် သူမကလည်း ထွက်မသွားခဲ့ပါ ။
အစောပိုင်းက တံခါးပွင့်သွားစဉ် သူမအား ပစ်မှတ်ထားနေသော လျှို့ဝှက်ချက်တစ်ခု ရှိနေသကဲ့သို့ သူမ စိတ်မချမ်းမြေ့သော ခံစားချက်တစ်ခု ရရှိခဲ့သည် ။
"ဒီမှာ တန်ဖိုးအရှိဆုံး အရာကတော့ ဒီနံရံပဲ ဖြစ်လောက်တယ်"
ကျိယွမ်က ထိုသို့ပြောကာ ထောင့်တစ်နေရာသို့ လျှောက်သွား၏ ။
ထိုထောင့်နေရာတွင် စကျင်ကျောက်ကဲ့သို့ အလွန်ချောမွေ့သော အမျိုးအမည်မသိပစ္စည်းဖြင့် ပြုလုပ်ထားသည့် နံရံတစ်ခု ရှိနေသည် ။
ထိုကျောက်နံရံပေါ်တွင် နံရံဆေးရေးပန်းချီများစွာကို ထွင်းထုထား၏ ။
စူးစမ်းလိုစိတ်ဖြင့် အခြားသူများကလည်း နံရံဆေးရေးပန်းချီများကို အာရုံစိုက်လိုက်ကြသည် ။
ပထမဆုံး ပန်းချီကားမှာ ရိုးရှင်းသည် ။
အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ခေတ်မီဗီလာတစ်ခုတွင်ရပ်လျက် ကြယ်စင်ကောင်းကင်ကို မော့ကြည့်နေသည်ကို ရေးဆွဲထားသောပုံဖြစ်၏ ။
သူ၏ မျက်လုံးများထဲတွင် တောင့်တမှုနှင့် အချစ်များ ပြည့်နှက်နေသည်။
"ငါ့ရဲ့ စာဖတ်စွမ်းရည်စာမေးပွဲ အတွေ့အကြုံတွေအရဆိုရင် ပထမဆုံး ပန်းချီကားက ကြယ်စင်တွေရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ အမျိုးသမီးတစ်ဦးကို ဇာတ်လိုက်က တမ်းတနေတာကို ဖော်ပြနေတာပဲ။ သူ လက်သီးဆုပ်ထားတာက သူ့ရဲ့ ပြတ်သားမှုကို ပြနေတာ။ ရှင်းရှင်းပြောရရင် သူက သူ့ချစ်သူကို ရှာဖို့ ဒီညမှာပဲ ခရီးထွက်တော့မယ်လို့ သူ့အမေကို ပြောတော့မယ့်ပုံပဲ"
ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ခွဲခြမ်းစိတ်ဖြာပြလိုက်သည် ။
ဘလူးစတားပေါ်တွင် ရှိစဉ်က ကျိယွမ်သည် စာဖတ်စွမ်းရည်တွင် အမြဲတမ်း ထူးချွန်ခဲ့သူဖြစ်ရာ သူ၏အမြင်တွင် ဤပန်းချီကားမှာ နားလည်ရန် အလွန်လွယ်ကူ၏။
သူသည် ဒုတိယမြောက်ပန်းချီကားသို့ ဆက်သွားလိုက်သည် ။
ဤကားထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ကျယ်ပြောလှသော ကြယ်စင်ကောင်းကင်ကို နောက်ခံထား၍ အာကာသထဲတွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏ ။
"ဟမ်... သူတို့ တွေ့ဆုံကြပြီပဲ။ ချစ်သူနှစ်ဦး ပြန်လည် ဆုံစည်းသွားကြပြီ"
တတိယမြောက် ပန်းချီကားတွင်တော့ အမျိုးသမီးတစ်ဦးသည် လှပသော ညကောင်းကင်အောက်တွင် ကျောခိုင်းရပ်နေပြီး လရောင်အောက်တွင် ရေချိုးနေသကဲ့သို့ ရှိနေ၏ ။
"ဇာတ်လိုက်မက အထင်လွဲခံလိုက်ရပြီ။ သူက နာကျင်နေပြီး တိတ်တဆိတ် ခံစားနေရတယ်၊ ဒါကြောင့် သူက အိမ်ပြန်တော့မယ်"
ကျိယွမ်က ဆရာကျကျ ဆက်လက် ခွဲခြမ်းစိတ်ဖြာပြသည် ။
"အရင် ပန်းချီကားတွေကို ကြည့်ရရင် အဲဒီလူရဲ့ မိဘတွေက မိန်းကလေးနဲ့ တိတ်တဆိတ် တွေ့ပြီး ဘဏ်ကတ်တစ်ခုပေးပြီး ထွက်သွားခိုင်းလိုက်တဲ့ ပုံပဲ။ အဲဒီလူရဲ့ အမေက အခုထိ ချောနေတုန်းပဲလို့ ငါ လောင်းရဲတယ်"
ယင်းကို ကြားသောအခါ နင်းထောင်က ခပ်တိုးတိုး ရယ်သည် ။
"ဒီဇာတ်ကွက်က တော်တော် ရင်းနှီးနေသလိုပဲ။ ကားအက်စီးဒင့်တွေ၊ ကင်ဆာရောဂါတွေရော ပါဦးမလား"
ကျိယွမ်က နင်းထောင်အား တော်တယ် ဟူသော အကြည့်ဖြင့် လှည့်ကြည့်၏။
သူတို့လင်မယားက အလွန်တော်ကြလေသည်။
"အဲဒီလမ်းကြောင်းကို သေချာပေါက် သွားနေတာပေါ့ ။ VCR လာမယ့်အချိန်ကို စောင့်ကြည့်လိုက်"
ကျိယွမ်က စတုတ္ထမြောက်ပန်းချီကားသို့ လှည့်ရင်း ပြောသည် ။
"နာကျင်မှုတွေကို ပိုက်ပွေ့ပြီး အမျိုးသမီးက သူရဲ့ မိခင်ဂြိုဟ်ကို ပြန်သွားတယ်။ အိုး... ဒီဂြိုဟ်က ကုံရှင်းဂြိုဟ် ဖြစ်နေတာပဲ။ဒါပေမဲ့ တစ်နေ့မှာ ရန်သူတော်ကြီး ရောက်လာတယ် ၊ သူက သူရဲ့ ဇာတိမြေကို ကာကွယ်ဖို့ အာကာသထဲမှာ အသက်ပေး တိုက်ပွဲဝင်ရင်း စစ်မြေပြင်မှာ သူရဲကောင်းပီသစွာ သေဆုံးသွားခဲ့တယ်"
နင်းထောင်၏ ရယ်ချင်နေသော မျက်နှာအမူအရာမှာ ပျော့ပျောင်းသွားသည် ။
"ရှင်ရှင်းပြတာက ရယ်စရာကောင်းပေမဲ့ ဇာတ်လမ်းကိုယ်တိုင်ကတော့ တော်တော်လေး စိတ်မကောင်းစရာပဲ"
ကျိယွမ်၏ ရှင်းပြပုံက ရယ်စရာကောင်းနေသော်လည်း ဇာတ်လမ်း၏ အနှစ်သာရမှာ အမှန်တကယ်ပင် ထိခိုက်ခံစားရစေသည် ။
မိမိကမ္ဘာကို ကာကွယ်ရင်း သေဆုံးသွားသော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှ၏ ။
အခြားသူများကတော့ ယုံသည်လည်းမဟုတ် မယုံသည်လည်းမဟုတ်ဘဲ ပဉ္စမမြောက် ပန်းချီကားသို့ ဆက်သွားလိုက်ကြသည် ။
"ဒီပန်းချီကားရဲ့ အဓိကအကြောင်းအရာက 'ရှာဖွေခြင်း' ပဲ။ အမျိုးသားက သူ့ချစ်သူ ပျောက်ဆုံးသွားတာကို သိလိုက်ရတဲ့အခါ သူ့ရဲ့ အာကာသယာဉ်နဲ့အတူ ကြယ်စင်တွေကြားထဲမှာ ခရီးစတင်ခဲ့တယ်။ နှစ်ပေါင်းထောင်ချီကြာအောင် သူက စကြဝဠာရဲ့ အဆုံးမဲ့နယ်ပယ်တွေမှာ မနားမနေ ရှာဖွေခဲ့တယ်။ ဒါပေမဲ့ ကြယ်တွေက အလွန်များပြားလွန်းတော့ သူ့ချစ်သူကို ရှာရတာက သမုဒ္ဒရာထဲမှာ အပ်ရှာသလိုပဲ"
"ဒါပေမဲ့ လူတိုင်းသိကြတဲ့အတိုင်း သူတို့ တစ်ယောက်နဲ့တစ်ယောက် အနီးလေးတင်ရှိနေပြီး သတိမထားမိဘဲ လွဲချော်သွားတာမျိုးတွေ ရှိမှာပဲ။ နောက်ဆုံးမှာတော့ အချစ်က ကောင်းကင်နဲ့ မြေကြီးကို လှုပ်ခတ်စေခဲ့ပြီး အမျိုးသားက အမျိုးသမီးကို နောက်ဆုံးမှာ ရှာတွေ့သွားခဲ့တယ်"
နင်းထောင်းသည် ယင်းကို ကြားသောအခါ အားရပါးရ ပြုံးလိုက်သည် ။
"အချစ်ဒရာမာ ဖြစ်ရမယ့်အစား ရှင့်ကြောင့် ဟာသကား ဖြစ်သွားပြီ"
သူမသည် ဆဋ္ဌမမြောက် ပန်းချီကားကို ကြည့်လိုက်၏ ။
ဤကားထဲတွင် အမျိုးသားသည် အမျိုးသမီးကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သော်လည်း သူမမှာ သေအံဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ ။
"ဇာတ်လိုက်မက ရန်သူ့စစ်တပ်တွေ ဝိုင်းထားတာကို ခံနေရပြီး သေခါနီး ဖြစ်နေပြီ။ နောက်ဆုံးမိနစ်မှာ ဇာတ်လိုက်က ရောက်လာပြီး သူမကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်နိုင်တယ်။ ဒါပေမဲ့ အမျိုးသမီးမှာ အသက်ရှင်တဲ့ လက္ခဏာ မရှိတော့ဘူး။ သူမက သူ့ကို နောက်ဆုံးတစ်ခေါက် ကြည့်ပြီး မျက်ရည်တစ်စက်နဲ့အတူ လုံးဝ အသက်ပျောက်သွားခဲ့တယ်"
"ပြန်လည်ဆုံစည်းရတဲ့ ပျော်ရွှင်မှုက ဝမ်းနည်းမှုအဖြစ် ပြောင်းလဲသွားပြီး ဝမ်းနည်းကြေကွဲမှုတွေကြားမှာ ဇာတ်လိုက်က သူ့ရဲ့ စွမ်းအားအပြည့်ကို ထုတ်သုံးပြီး ရန်သူတွေကို မောင်းထုတ်လိုက်တယ်"
ရှဲ့ထန်သည် ထိုမြင်ကွင်းမြင်ယောငိကာ ပန်းချီကားကို ကြေကွဲသော မျက်နှာဖြင့် ကြည့်နေမိသည် ။
"ဒီချစ်သူနှစ်ဦးအတွက် တော်တော်လေး ဝမ်းနည်းစရာကောင်းတဲ့ အဆုံးသတ်ပဲ"
ခပ်ဝဝကျင့်ကြံသူကလည်း သက်ပြင်းချသည် ။
"ဘဝမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့မရတဲ့ နောင်တတွေ အမြဲရှိတတ်ပါတယ်။ ငါ ကျင့်ကြံခြင်း မစခင်တုန်းက ဘေးအိမ်က ငယ်သူငယ်ချင်းမလေးကို ရည်စားစကား သွားပြောခဲ့ဖူးတယ်။ ငါက ဝလွန်းတယ်လို့ သူက ပြောတယ်။တကယ်လို့ ငါက တစ်လအတွင်း ပေါင် ၃၀ ကျအောင် လုပ်နိုင်ရင် သူက ငါနဲ့ တွဲမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ တစ်လပြည့်တဲ့အခါ ငါက ၂၉ ပေါင်ပဲ ကျခဲ့တယ်၊ ဒါကြောင့် ငါတို့ မတွဲဖြစ်ခဲ့ကြဘူး။ အဲဒါကို ငါ့တစ်သက်လုံး နောင်တရနေမိတယ်"
ကျိယွမ်က ခေါင်းညိတ်သည် ။
"အဲဒီဥပမာက တော်တော်လေး ဆီလျော်တယ်။ အဓိက အယူအဆကတော့ အတူတူပဲ၊ အဲဒါက နောင်တပဲ။ ဒီလို သီသီလေး လွဲချော်သွားတာတွေက ပရိသတ်ရဲ့ နှလုံးသားကို ဆွဲကိုင်နိုင်တယ်လေ"
အောင်မြင်မှုက လက်တစ်ကမ်းအလိုမှာ ရှိနေပါလျက် ရှုံးနိမ့်သွားရခြင်းသည် နှလုံးသားကို အကွဲအက်စေဆုံး သော ရှုံးနိမ့်မှုဖြစ်သည်ဟူသော စကားတစ်ခု ရှိသည် ။
လူတိုင်း၏ အာရုံမှာ နောက်ဆုံး ပန်းချီကားဆီသို့ ရောက်သွားသည် ။
"နောက်ဆုံး ပန်းချီကားရဲ့ အဓိကအကြောင်းအရာက 'စောင့်ကြည့်သူ' ပဲ။ အမျိုးသားက ဒီကမ္ဘာမှာ ကျန်ရစ်ခဲ့ပြီး သူ့ချစ်သူ တစ်ချိန်က အိမ်လို့ ခေါ်ခဲ့တဲ့ ကမ္ဘာကြီး တဖြည်းဖြည်း ပျက်စီးပြုန်းတီးသွားတာကို စောင့်ကြည့်နေခဲ့တယ်။ အဲဒါကို မကြည့်ရက်တဲ့အတွက် သူက ဒီကမ္ဘာမှာ ကင်းစောင့်တစ်ယောက်လို တစ်ယောက်တည်း ကျန်ရစ်နေခဲ့တယ်"
" သူက သူမ ချန်ထားခဲ့တဲ့ ခြေရာတိုင်းကို လိုက်နင်းပြီး သူမရဲ့ ကမ္ဘာကို ပျက်စီးခြင်းကနေ ကယ်တင်ဖို့နဲ့ သူမကို ပြန်လည် အသက်သွင်းဖို့ သစ္စာဆိုခဲ့တယ်။ သူက ဒီကမ္ဘာကြီးကို ပြန်လည် စတင် (Reboot) တော့မှာပဲ"
ကျိယွမ်က ပြောနေရင်းမှ သူ၏ အသံမှာ မိန့်ခွန်းတစ်ခု ပြောနေသကဲ့သို့ စိတ်အားထက်သန်လာသည် ။
လက်တွေ့ဘဝတွင် ရှက်တတ်သော ကျိယွမ်သည် ရှင်းဟွာကဲ့သို့သော ဖိုရမ်များတွင်သာ ထိုကဲ့သို့ မိန့်ခွန်းများ တင်လေ့ရှိသည် ။
သူသည် လက်တွေ့ဘဝတွင် မိန့်ခွန်း တစ်ခါမှ မပြောဖူးပါ ။
သို့သော် ဤနေရာတွင် လူနည်းလှသဖြင့် စမ်းကြည့်လျှင် ကောင်းမည်ဟု သူ တွေးလိုက်၏။
ကျိယွမ်သည် သူ၏ ပြောဆိုပုံ တိုးတက်လာခြင်းကို အားရကျေနပ်နေသည်။ သူသည် မိမိစကားပြောဟန်က ကောင်းလွန်းသဖြင့် မိမိကိုယ်တိုင်ပင် ပြန်လည်ထိခိုက်ခံစားနေရသည်ဟုပင် တွေးမိ၏ ။
အကယ်၍ သူသာ အနည်းငယ် ပို၍ စိတ်ကူးယဉ်တတ်သူဖြစ်ပါက မျက်ရည်များပင် အလုံးလိုက် ကျမိပေလိမ့်မည် ။
သို့သော် သူက ယနေ့ညစာအတွက် ဝက်သားအနှစ်ချက်တွင် ငရုတ်သီးမှုန့် မထည့်တော့ရန် ဆုံးဖြတ်လိုက်သည် ။
"တကယ့်ကို ကြေကွဲစရာကောင်းပြီး စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတစ်ပုဒ်ပါပဲ"
ရှဲ့ထန်က ကျိယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည် ။
အကယ်၍ ကျိယွမ်သာ ရှင်းမပြဘဲ တိတ်တိတ်နေပါက သူတို့သည် ဤပန်းချီကားများကို ကြည့်ရင်း ပို၍ စိတ်ထိခိုက်မိမှာ အသေအချာပင် ။
သို့သော် သူရှိနေသဖြင့် အရာအားလုံးက လွဲချော်နေသကဲ့သို့ ခံစားရ၏ ။
နင်းထောင်ပင် ကျိယွမ်ကို မျက်စောင်းထိုးလိုက်သည် ။
"ယောင်္ကျားရေ...ရှင်ကြောင့် ဒီလောက်နှလုံးကွဲရတဲ့ အချစ်ဇာတ်လမ်းတောင် ဟာသဇာတ်လမ်း ဖြစ်သွားပြီ"
"ဒါက အချစ်ဇာတ်လမ်းလို့ ဘယ်သူပြောလဲ။ ဒါက အာဏာလုပွဲ ဒါမှမဟုတ် ရာဇဝတ်မှုဒရာမာလည်း ဖြစ်နိုင်တာပဲ"
ကျိယွမ်က ဇာတ်လမ်းကို အလွယ်တကူ အဓိပ္ပာယ်မဖွင့်ဆိုစေချင်သလို ကန့်ကွက်၏။
"နားလည်ပါပြီ။ ယောင်္ကျားမှာက အနုပညာ အမြင်ရှိတာပဲ၊ ဟာသနှောပြီး ထိတ်လန့်စရာ ကားတွေကို ရှင်းပြတတ်တဲ့ ဗီဒီယိုတိုလေးတွေလိုမျိုးပေါ့ ၊ ကျွန်မ သဘောကျတယ် "
နင်းထောင်ကလည်း နင်းထောင်ပင် ။
သူမကတော့ ကျိယွမ်က ဖင်ချွတ်ပြီး လမ်းမပေါ်ထွက်ပြေးနေလျှင်ပင် ဖင်လေးကဝိုင်းနေတာပဲဟု ချီးကျူးမည့် မိန်းမဖြစ်သည်။
ကျိယွမ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်၏ ။
တစ်ချိန်တည်းမှာပင် ရှဲ့ထန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး သူမ၏ မျက်နှာအမူအရာမှာ လေးနက်သော စိုးရိမ်မှုများဖြင့် ပြည့်နှက်ကာ ရှုပ်ထွေးသွားသည် ။
"တကယ်လို့ ဒီပန်းချီကားတွေက အမှန်တရားကို ပြောနေတာဆိုရင်... ဒီကမ္ဘာကြီးက ပျက်စီးတော့မှာပေါ့"
နံရံဆေးရေးပန်းချီများတွင် စာသား သို့မဟုတ် အသေးစိတ် ဖော်ပြချက်များ မပါရှိသော်လည်း ပန်းချီတွင် ပါဝင်သော အမျိုးသားနှင့် အမျိုးသမီးသည် အနည်းဆုံး ယင်နတ်ဘုရားအဆင့် သို့မဟုတ် ထို့ထက်ပင် မြင့်မားနိုင်ကြောင်း ထင်ရှား၏ ။
အကြောင်းမှာ အာကာသထဲတွင် နှစ်ပေါင်းထောင်ချီ ခရီးသွားခြင်းသည် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများ မလုပ်နိုင်သော အရာဖြစ်သောကြောင့်ပင် ။
အကယ်၍ ဇာတ်လမ်းထဲတွင် ကမ္ဘာကြီးကို ပြန်လည်စတင်ခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို ပြန်လည် အသက်သွင်းခြင်းများ ပါဝင်နေပါက ယင်းမှာ ယင်နတ်ဘုရား၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပြီး ယန်နတ်ဘုရားတစ်ပါးသာ ထိုသို့သော အရာများကို လုပ်ဆောင်နိုင်ပေလိမ့်မည် ။
"အဲဒီ အမျိုးသား ဇာတ်လိုက်က အခုတစ်နေရာရာမှာ ရန်သူတွေကို တိုက်ခိုက်ရင်း ကမ္ဘာကြီးကို ပြန်စဖို့နဲ့ သူ့ချစ်သူကို အသက်ပြန်သွင်းဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်။ အဲဒီလိုသာ ဖြစ်ခဲ့ရင် ကုံရှင်းဇာတိဖွား မဟုတ်တဲ့ ငါတို့တွေက... သန္ဓေသားဘဝကို ပြန်ရောက်သွားမှာလား"
ခပ်ဝဝကျင့်ကြံသူကလည်း ကုံရှင်း၏ ခေတ်ပေါ် ဝေါဟာရကို သုံး၍ စိုးရိမ်တကြီး မေးလိုက်သည် ။
"ဒီကမ္ဘာကြီးက အရင်က တစ်ခါ ပြန်စပြီးသား ဖြစ်နိုင်တယ်... နေဦး..."
ရှဲ့ထန် ခဏနားလိုက်ပြီး စဉ်းစားခန်း ဝင်သွားသည် ။
သူမ၏ စီနီယာအစ်မသည် မပျောက်ဆုံးမီက ဤကမ္ဘာသို့ လာရောက်လည်ပတ်ခဲ့ပြီး နောက်ဆုံးတွင် သန္ဓေသားအဖြစ်သို့ ပြန်လည်ရောက်ရှိသွားခြင်းများ ဖြစ်နိုင်မလား ။
ယင်းမှာ လက်ခံရခက်သော အမှန်တရားတစ်ခုဖြစ်နေသော်လည်း ကမ္ဘာကြီးတောင် ပြန်စနိုင်လျှင် လူသားများက ကလေးပြန်ဖြစ်သွားခြင်းက ဘာဆန်းတော့မည်နည်း ။
"သူတို့ရဲ့ အချစ်ဇာတ်လမ်းက စိတ်လှုပ်ရှားစရာ ကောင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ့ကိုတော့ စိတ်မလှုပ်ရှားစေဘူး၊ ဒါကြောင့် ငါတို့ ဒီကမ္ဘာကနေ အမြန်ထွက်သင့်တယ်လို့ ထင်တယ်။ ငါတို့လို စိတ်ဝိညာဥ်ကျင့်ကြံသူတွေအတွက် ဒီနေရာက အန္တရာယ် အရမ်းများလွန်းတယ်"
ခပ်ဝဝကျင့်ကြံသူက တွေးမိလေစိုးရိမိလေဖြစ်လာပြီး တိုက်တွန်းလိုက်၏ ။
ထိုစုံတွဲ ရင်ဆိုင်ခဲ့ရသော ရန်သူများကို ထားလိုက်ပါဦး၊ ထိုအမျိုးသား ဇာတ်လိုက်တစ်ဦးတည်းပင် အန္တရာယ်ရှိသော အရူးတစ်ယောက်ကဲ့သို့ ထင်ရသည် ။
"မင်းအတွက် ငါ နယ်မြေသုံးခုလုံးကို ဖျက်ဆီးပစ်မယ်" ဟူသော လူမိုက်စကားမှာ သူနှင့် တော်တော်လေး ဆီလျော်နေပုံရ၏။
နတ်ဘုရားများ အချစ်ကို ကိုးကွယ်ကြသောအခါ စကြဝဠာတစ်ခုလုံး တုန်လှုပ်ရသည်ဟူသော စကားပုံမှာ အကြောင်းမဲ့ မဟုတ်ပေ ။
သို့သော် ကျိယွမ်မှာမူ တည်ငြိမ်နေဆဲပင် ။
"ဘာကို စိုးရိမ်နေတာလဲ။ ဒါက ဂိမ်းတစ်ခုရဲ့ နောက်ခံသမိုင်း သက်သက်ပဲဟာ။ ပြီးတော့ ငါ ပြောဖူးတယ်မဟုတ်လား၊ မင်း သေသွားရင်တောင် ငါ မင်းကို မှတ်မိနေမှာဖြစ်ပြီးတော့ ငါ့ရဲ့ ခရမ်းရောင်နန်းတော်ထဲမှာ မင်းကို ပြန်ပြီးအသက်သွင်းပေးမှာကို"
ခပ်ဝဝကျင့်ကြံသူ ခဏမျှ ကြောင်သွား၏ ။
"မင်း ပြောတာလည်း... အဓိပ္ပာယ် ရှိတာပဲ"
ကျိယွမ်သည် စကားပြန်မပြောတော့ဘဲ နောက်ဆုံး ပန်းချီကားကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေသည် ။
"ဒီဇာတ်ကွက်အရဆိုရင် ဒီကမ္ဘာကြီးက အကြိမ်ပေါင်းများစွာ ပြန်စခဲ့ပြီးပြီ မဟုတ်လား"
ဇာတ်လိုက်က သူ့ချစ်သူကို ကယ်တင်ရန် ကမ္ဘာကြီးကို ပြန်လည်စတင်ခြင်းသည် ကျိယွမ်အား တုန်းကျွင်းကို သတိရစေသည် ။
တုန်းကျွင်းသည်လည်း သူ၏ ကမ္ဘာကို အကြိမ်ကြိမ် ပြန်လည်စတင်ရန် ကြိုးစားခဲ့သော်လည်း သူ၏ ချစ်သူကို ပြန်လည် အသက်မသွင်းနိုင်ဘဲ အမြဲတမ်း ရှုံးနိမ့်ခဲ့ရပုံရသည် ။
နင်းထောင်က မျက်လုံးလေးများမှေးကာ စဥ်းစားပြီး ခေါင်းညိတ်၏။
"ဖြစ်နိုင်တယ်"
"အဲဒါဆိုရင် ဒီကမ္ဘာမှာ ကမ္ဘာဦးအစ ခရမ်းရောင်ချီစွမ်းအင်တွေ အများကြီး ရှိနေမယ်လို့ ဆိုလိုတာလား"
ကျိယွမ်က စိတ်လှုပ်ရှားသွားလေသည် ။
စကြဝဠာ အစပြုချိန်တွင် မွေးဖွားလာသော ခရမ်းရောင်ချီစွမ်းအင်သည် အရာခပ်သိမ်း၏ အခြေခံအုတ်မြစ် ဖြစ်သည် ။ အကယ်၍ ဤကမ္ဘာကြီးမှာ ပတ်ချာလည် အကြိမ်ကြိမ် ပြန်စနေခဲ့ပါက ဤနေရာတွင် ခရမ်းရောင် စွမ်းအင်များ ပေါများနေမည် မဟုတ်ပါလား ။
သို့သော် ချက်ချင်းပင် သူ ခေါင်းခါလိုက်သည် ။
အကယ်၍ ထိုကဲ့သို့ ပြန်လည်စတင်သည့် နည်းလမ်းကို အသုံးချပြီး ခရမ်းရောင်ချီစွမ်းအင်များကို စုဆောင်းရန် လွယ်ကူနေပါက အစွမ်းထက်သော ယန်နတ်ဘုရားများတွင် ထိုစွမ်းအားတို့ ပြတ်လပ်နေမည် မဟုတ်ပါ ။
သူတို့က ခရမ်းရောင်ချီကို လိုချင်တိုင်း ကမ္ဘာများကို ပြန်စနေမည် မဟုတ်ပါလား။
ထိုအခါ ခရမ်းရောင်ချီစွမ်းအင်ကို မသေမျိုးလမ်းစဉ်၏ ပထမဆုံး အနှစ်သာရဟုလည်း ခေါ်ဝေါ်ကြမည် မဟုတ်တော့ပါ ။
သို့သော် ဤကမ္ဘာတွင် ခရမ်းရောင်ချီစွမ်းအင် ရှိနေသည်ကိုတော့ ကျိယွမ် သေချာနေသည် ။
"ကဲ... တီဗီအစီအစဉ် ပြီးသွားပြီ။ ပစ္စည်းတွေ စသိမ်းကြစို့"
ကျိယွမ်က ထိုသို့ပြောကာ သူ၏ နတ်ဘုရားအာရုံကို ရှေးဟောင်းအဆောက်အအုံအတွင်း ဖြန့်ကြက်လိုက်သည် ။
ခဏချင်းမှာပင် အချက်အလက်များစွာ သူ၏ စိတ်ထဲသို့ စီးဝင်လာ၏ ။
"လာကြ၊ ထိန်းချုပ်ခန်းဆီ သွားရအောင်"
ကျိယွမ်သည် ထိန်းချုပ်ခန်းကို ရှာတွေ့ထားပြီးဖြစ်သည် ။
ရှဲ့ထန်သည် တုန့်ဆိုင်းမနေဘဲ ကျိယွမ်တို့နောက်မှ အမြန်လိုက်သွား၏ ။
အမှန်ပြောရလျှင် သူမသည် တော်တော်လေး စိုးရိမ်နေသည် ။ အကြောင်းမှာ ဤနေရာတွင် ကောင်းကင်မျက်လုံးများ အမှန်တကယ် ရှိနေနိုင်သောကြောင့်ဖြစ်၏ ။
အကယ်၍ အခြား စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများက ကောင်းကင်မျက်လုံးကို ရရှိသွားပြီး သူတို့မရရှိပါက မိမိတို့ဂိုဏ်း၏ အနေအထားမှာ အကြီးအကျယ် အားနည်းသွားပေလိမ့်မည် ။
ထို့အပြင် ဂိုဏ်းသည် လက်ရှိတွင် အရင်းအမြစ် ပြတ်လပ်မှုနှင့်အတူ အကျပ်အတည်းများ ရင်ဆိုင်နေရသခြင့် သူမ အနေဖြင့် ရတနာအချို့ကို မဖြစ်မနေ စုဆောင်းရန် လိုအပ်နေသည် ။
မကြာမီ သူတို့ လေးဦးသည် ရှေးဟောင်းအဆောက်အအုံ၏ ထိန်းချုပ်ခန်း အပြင်ဘက်သို့ ရောက်ရှိလာကြ၏ ။
အခြားကျင့်ကြံသူ ရှစ်ဦးမှာလည်း ထိုနေရာသို့ ရောက်နှင့်နေ၏ ။
သူတို့၏ မျက်နှာများတွင် ဖုံးကွယ်မရသော စိတ်လှုပ်ရှားမှုနှင့်အတူ လောဘရိပ်များ ထင်ဟပ်နေကြသည် ။
ရှေးဟောင်းအဆောက်အအုံ၏ အပြင်ဘက်ပိုင်းမှ ပစ္စည်းများကို ရှာဖွေရာတွင် သူတို့အားလုံး အကျိုးအမြတ်များစွာ ရရှိခဲ့ကြပုံရ၏။
အာကာသယာဉ်မှာ မကြီးမားသလို သွားလာရလည်း လွယ်ကူသဖြင့် သူတို့အားလုံး ကောင်းကင်မျက်လုံး အချို့ကိုပင် ရရှိထားကြသည် ။
ယခုအခါ သူတို့သည် ထိန်းချုပ်ခန်း အပြင်ဘက်တွင် စုဝေးနေကြပြီး သူတို့၏ မျက်လုံးများမှာ ထိုထက်မကသော လိုချင်တပ်မက်မှုများနှင့်အတူ စိတ်ပျက်မှုများလည်း ရောပြွမ်းနေ၏ ။
သို့သော် ထိုကျင့်ကြံသူရှစ်ဦးသည် ထိန်းချုပ်ခန်း တံခါးကို ဖွင့်ရန် အတူတကွ ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပါ ။
"ထူးဆန်းတယ်။ ဒီတံခါးက အဝင်ဝက တံခါးနဲ့ အတူတူပဲကို ဘာလို့ ဖွင့်လို့မရတာလဲ"
မျက်နှာဖုံးနှင့်အဖိုးအိုက ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် ရေရွတ်လိုက်သည် ။
သူတို့ထဲတွင် ကျိယွမ်တို့လေးဦးတည်သားလိုနေခြင်းဖြစ်သလို တံခါးဖွင့်ရန် အဓိက သော့ချက်ဖြစ်သော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူမှာ ဤနေရာတွင် ရှိနေ၏ ။
သေချာပေါက် ပွင့်သင့်သည် မဟုတ်ပါလား။
အခြားသူများလည်း ထိုနည်းတူပင် နားမလည်နိုင် ဖြစ်နေကြသည် ။
"ကောင်းကင်ဘုံတွန်းလှန်ရေးစီမံကိန်း" အဖွဲ့ဝင်များမှာမူ လှုပ်ရှားမှု မပြုရသေးသော်လည်း ပြုလုပ်ရန် စီစဉ်နေကြ၏။
အကြောင်းမှာ ရှေးဟောင်းအဆောက်အအုံ၏ အပြင်ဘက်ပိုင်းတွင်ပင် ရတနာများစွာ ရှိနေပါက ထိန်းချုပ်ခန်းအတွင်း၌ ပိုမိုကြီးမားသော ရတနာများ သေချာပေါက် ရှိနေမည်ကို သူတို့သဘောပေါက်ကြသဖြင့် အထဲသို့ရောက်ပြီးမှ လှုပ်ရှားကြမည်ဖြစ်သည်။
"ဒီလောက် ရိုးရှင်းတဲ့ အကြောင်းပြချက်ကို ခင်ဗျားတို့ ဘာလို့ နားမလည်ကြတာလဲ"
ကျိယွမ်က နင်းထောင်ကို ညင်သာစွာပွေ့လျက် ရောက်ရှိလာရင်း ခပ်တိုးတိုး ပြောလိုက်သည် ။
သူ၏ မျက်လုံးများထဲတွင်တော့ လှောင်ချင်သလိုလိုအရိပ်အယောင်များ ပေါ်နေသည်။
"ဆရာကြီးက အခမ်းအနားနဲ့ မဝင်လာရသေးလို့ပေါ့"
"ငါ အရင်က ပြောခဲ့သားပဲ... တံခါး ပွင့်သွားတာက ငါ့ကြောင့်ပါဆိုတာကို မင်းတို့က မယုံခဲ့ကြဘူး"
ကျိယွမ်၏ စကားကို ကြားသောအခါ မျက်နှာဖုံးနှင့် အဖိုးအိုက သံသယဖြင့် မျက်မှောင်ကြုတ်လိုက်သည် ။
အမှန်တကယ်ပဲ သူ ဖြစ်နိုင်ပါ့မလား ။
သူသည် ကျိယွမ်က မည်သည့် စွမ်းအားများကို ဖုံးကွယ်ထားသည်ကို သိနိုင်ရန် စစ်ဆေးကြည့်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပါ ။
ဒီကောင် တကယ်ပြောနေတာလား ။
------------------
အပိုင်း ၃၆၃ - တစ်မျိုးလုံး တစ်ဆွေလုံး သဘောတူပါတယ်ဗျ
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကတော့ ကျိယွမ်ကို ကြည့်ပြီး ပြုံးကာပြောလိုက်သည်။
"ငါတို့အားလုံး အင်အားစုပေါင်းပြီး ဒီတံခါးကို အတူတူ ဖွင့်ကြရအောင်။"
ထိုအချိန်တွင် ကျိယွမ်က နင်းထောင်ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"မင်း ပြန်သွားပြီး ဇီးရိုးဝမ်းကို ဒီနေရာ ခေါ်လာသင့်တယ်။ ဒီနေရာက သူ့အတွက် သင့်တော်မယ်လို့ ငါထင်တယ်။"
"ကောင်းတာပေါ့"
နင်းထောင်က ခေါင်းညိတ်ပြီး ချက်ချင်း ပျောက်ကွယ်သွားလေ၏။
အခြားကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး အတွေးများသွားကြသည်။
မျက်နှာဖုံးနှင့် အဖိုးအိုကလည်း မျက်မှောင်ကြုတ်ကာ စဥ်းစားနေ၏။
ဒီကောင်လေးက သူ့အဖော် တစ်ယောက်တည်းကို အဝေးကြီးပြန်လွှတ်လိုက်ရဲတာလား။
ကောင်းကင်ဘုံတွန်းလှန်ရေးစီမံကိန်း အဖွဲ့ဝင်များက ယခုနေရာသို့ လာနေကြပြီဖြစ်သည်။ အကယ်၍ သူတို့နှင့်သာ ဆုံသွားပါက သူ၏အမျိုးသမီး မှာ သေချာပေါက် လမ်းတွင် သေဆုံးရပေလိမ့်မည်။
သို့သော် သူသည် ထိုအတွေးများကို သူ့ဘာသာသာ သိမ်းထားလိုက်သည်။
အခြားကျင့်ကြံသူများကလည်း နင်းထောင် ထွက်သွားခြင်းအပေါ် ဘာမှမှတ်ချက်မပေးကြပါ။
အကျွင်းအကျန်နေရာထဲသို့ မဝင်ခင်ကတော့ အခြားသူများသိသွားမည်ကို စိုးရိမ်သဖြင့် သူတို့၏အထောက်
အထားများကို ဖုံးကွယ်ထားခဲ့ကြသည်။
ယခုတော့ သူတို့က အခြားသူများ သိသွားမှာကိုတောင် ဝမ်းသာနေကြသည်။
ကောင်းကင်မျက်လုံးကို ကိုင်ဆောင်ထားသရွေ့၊ ၎င်း၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်လျှင်ပင် စိတ်ဝိညာဉ်အဆင့်အနည်းငယ်ကို သတ်ပစ်ရန် လွယ်ကူသောကြောင့်ပင်။
"ကောင်းပြီ၊ အတူတူ လုပ်ကြရအောင်"
ပြောပြောဆိုဆိုပင် ကျိယွမ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
အားကောင်းသောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ယခင်က သူတို့အားလုံး စုပေါင်းအားထုတ်သော်လည်း မပွင့်ခဲ့သော တံခါးသည် ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ကြေမွသွားလေသည်။
ကျင့်ကြံသူများ အံ့အားသင့်သွားကြပြီး ကျိယွမ်ကို သံသယဝင်သော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
သို့သော်လည်း ခဏမျှသာဖြစ်သည်။
ချက်ချင်းလိုလိုပင် သူတို့အားလုံးက အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။
အခုချိန်က လျှင်သူစားပဲ ၊ နောက်ကျနေရင် ဘာမှမရတော့ဘူး ။
အားလုံးက ထိန်းချုပ်ခန်းထဲသို့ အမြန်ဆုံးပြေးဝင်သွားကြ၏။
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး သူက အနည်းငယ် ထိတ်လန့်နေပုံရသည်။
သူက သတိထားသောအမူအယာဖြင့် ကျိယွမ်အား တိုးတိုးမေးလိုက်သည်။
"စောစောက ခင်ဗျားပြောတဲ့ အနှစ်သာရကို အခြားသူတွေ နားလည်အောင် ကူညီပေးခဲ့တဲ့သူအကြောင်း ကျွန်တော့်ကို ထပ်ပြောပြလို့ ရမလား ၊ အဲဒီလူက တကယ်တော့ ဘယ်သူလဲ"
ကျိယွမ်က ထိန်းချုပ်ခန်းထဲသို့ ဟိုကြည့်ဒီကြည့်လုပ်နေရင်းမှ ခရမ်းရောင်ဝတ်စုံနှင့် လူကို လှည့်ကာ ပြုံးပြလိုက်သည်။
"အဲဒါ ငါ့ရဲ့ အကောင့်ခွဲတွေထဲက တစ်ခုပဲ။"
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ၏ နှလုံးခုန်သံများ မြန်လာပြီး အသက်ရှူသံများ ချက်ချင်း ပြင်းထန်သွားသည်။
"တကယ်...တကယ်ပြောတာလား"
"တကယ်ပေါ့"
ကျိယွမ်၏ အပြုံးများတွင် အတိတ်ကိုလွမ်းဆွတ်သောအငွေ့အသက်များ ပေါ်လာ၏။
"လျူဖုန်းနယ်မြေ၊ ဝူကွေမြို့၊ ငါက..."
"သွေးသခင်လား....."
ခရမ်းရောင်နန်းတော်ကျင့်ကြံသူက တစ်ကိုယ်လုံး တုန်ရင်သွားကာ အော်ဟစ်လိုက်သည်။
အနီးနားရှိ ရှဲ့ထန်သည် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ၏ တုံ့ပြန်မှုကြောင့် လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။
ခပ်ဝဝကျင့်ကြံသူမှာလည်း ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်သွားသည်။
ခရမ်းရောင်နန်းတော်အဆင့်ရှိတဲ့သူက ဒီလောက်ကြီးကြောက်ပြနေရင် ငါတို့စိတ်ဝိညာဥ်အဆင့်လေးတွေက ဘာလုပ်ရတော့မှာလဲ။
ပြီးတော့ ဘာတွေဖြစ်နေတာလဲ။
"ခင်ဗျားက သွေးသခင်ပဲ၊ ဒဏ္ဍာရီလာအဆင့်ကျင့်ကြံသူ တစ်သောင်းကို တရားဓမ္မတွေ ဟောကြားခဲ့တဲ့ လျူဖုန်းနယ်မြေရဲ့ ဂန္ထဝင်သွေးသခင်ပဲ"
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူသည် မယုံကြည်နိုင်သလိုအော်ဟစ်ကာ ကျိယွမ်အနီးမှ ခွာလိုက်၏။သူ၏ မျက်လုံးများထဲတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ရှဲ့ထန်ကတော့ ကျိယွမ်ကို စိုက်ကြည့်ရင်း အခြေအနေတစ်ခုလုံးမှာ အဓိပ္ပာယ်မရှိသလို ခံစားနေရသည်။
သူက စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်မဟုတ်ဘူးလား ။
စိတ်ဝိညာဥ်အဆင့်တွေကို မူလအနှစ်သာရအကြောင်း နားလည်အောင် ကူညီပေးခဲ့တဲ့ ဂန္ထဝင်ပုဂ္ဂိုလ်ကြီး သွေးသခင်အဖြစ် ဘယ်လိုလုပ် ချက်ချင်း ပြောင်းလဲသွားတာလဲ။
ခပ်ဝဝကျင့်ကြံသူမှာလည်း အံ့အားသင့်ကာ မျက်တောင်တဖျပ်ဖျပ် ခတ်နေသည်။
သူနောက်ပြောင်ခဲ့သလိုမျိုး တကယ်ပဲ ငါသေပြီးရင် သူ့ကို သွားရှာလို့ ရနိုင်မှာလား ။
ရှဲ့ထန်နှင့် ခပ်ဝဝကျင့်ကြံသူ နှစ်ဦးစလုံးသည် ထူးဆန်းမှုနှင့် အဓိပ္ပာယ်မရှိမှုတို့ကြောင့် မှင်တက်နေကြသည်။
ရှဲ့ထန်ကမူ သူတို့နှစ်ယောက် သရုပ်ဆောင်နေကြတာလားဟုပင် တွေးမိ၏။
သို့သော် နားမလည်ပေ။
သူတို့က ဘာအတွက်ကြောင့် သရုပ်ဆောင်ရမှာလဲ ။
"အိုး...."
ကျိယွမ်က မျက်ခုံးပင့်ပြီး ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူကို ကြည့်လိုက်သည်။
"မင်းက လျူဖုန်းနယ်မြေကို ကျူးကျော်ခဲ့တဲ့ မိစ္ဆာတစ်သောင်းနယ်မြေက မိစ္ဆာတွေထဲက တစ်ယောက်လား"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ၊ သွေးသခင်၊ ကျွန်တော်က အဲဒီမိစ္ဆာတွေထဲက တစ်ယောက်မဟုတ်ပါဘူး"
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူက ထိတ်လန့်တကြား ကန့်ကွက်လိုက်သည်။
အဓိပတိအဆင့်ကျင့်ကြံသူ တစ်သောင်းက သွေးသခင်၏လက်အောက်တွင် စုဝေးခဲ့သည်ကို သူကိုယ်တိုင်မတွေ့ခဲ့ရသော်လည်း သူ၏ဘိုးဘွားများ၏ ရှေးဟောင်းမှတ်တမ်းများထဲမှ သူကြားဖူးခဲ့သည်။
နှစ်ပေါင်း ထောင်ချီ ကြာသွားသော်လည်း ထိုဖြစ်ရပ်များသည်ကြုံတွေ့ခဲ့ရသူများ၏ မှတ်ဉာဏ်ထဲတွင် မေ့မရအောင်ခြောက်လှန့်နေဆဲပင်။
"မင်းက သူတို့နဲ့ ဘယ်လိုများ ကွာခြားလို့လဲ"
ကျိယွမ်က အေးအေးဆေးဆေး မေးလိုက်သည်။
သူသည် အစောပိုင်း လမ်းစဥ်ဆွေးနွေးပွဲကို တက်ရောက်စဉ်ကပင် ခရမ်းရောင်နန်းတော်ကျင့်ကြံသူ၏ အထောက်အထားကို သိရှိခဲ့ပြီးသာ းဖြစ်သော်လည်း ဂရုမစိုက်ခဲ့ပါ။
"ကျွန်တော်က မိစ္ဆာတစ်သောင်းနယ်မြေရဲ့ ဌာနေမိစ္ဆာ တစ်ယောက်ပါ"
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူက အလျင်အမြန် ရှင်းပြလိုက်သည်။
"ရှေးခေတ်တုန်းက မိစ္ဆာတစ်သောင်းနယ်မြေဟာ ကျွန်တော်တို့ ဌာနေမိစ္ဆာတွေ ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့မှာ ကျွန်တော်တို့ရဲ့ မိစ္ဆာဘိုးဘေးတွေ အားလုံးက အရိပ်အယောင်မရှိ ပျောက်ကွယ်သွားခဲ့ကြတယ်။"
မိစ္ဆာဘိုးဘေးများသည် မိစ္ဆာမျိုးနွယ်စု အသီးသီး၏ မူလအစ ဖြစ်ပြီး တစ်ဦးချင်းစီက ယင်နတ်ဘုရားအဆင့်တွင် ရှိကြသည်။ သူတို့သည် မိစ္ဆာတစ်သောင်းနယ်မြေကို အုပ်ချုပ်ခဲ့ကြပြီး ကောင်းကင်ဘုံနှင့် ဆက်သွယ်မှုကို ကိုယ်တိုင်ဖြတ်တောက်ကာ ပိုမိုမြင့်မားသော နယ်မြေများသို့ တက်လှမ်းရန် ငြင်းဆိုခဲ့ကြ၏။
သို့သော် ရှေးခေတ်က ကပ်ဘေးတစ်ခု ဖြစ်ပွားခဲ့ပြီး မိစ္ဆာဘိုးဘေးများ အားလုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ကာကွယ်ပေးမည့် မိစ္ဆာဘိုးဘေးများ မရှိတော့သည့်နောက် သူတို့၏မိစ္ဆာတစ်သောင်းနယ်မြေသည် အထက်ဘုံမှ မိစ္ဆာများ၏ ကျူးကျော်မှုကို ခံခဲ့ရ၏။
ဌာနေမိစ္ဆာများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း သို့မဟုတ် ကျွန်ပြုခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီး အထက်ဘုံမိစ္ဆာများအတွက် အရင်းအမြစ်များ ဖြစ်လာခဲ့ကြသည်။
ယခုအခါ မိစ္ဆာတစ်သောင်းနယ်မြေရှိ ရှေးဟောင်းဌာနေမိစ္ဆာအများစုမှာ ကျွန်ပြုခံထားရခြင်း သို့မဟုတ် ပုန်းအောင်းနေကြရ၏။
ယခုခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူကဲ့သို့ အနည်းငယ်သော သူများသာ လွတ်မြောက်ခဲ့ပြီး ခရမ်းရောင်နန်းတော် အဆင့်အထိ တိတ်တဆိတ် ကျင့်ကြံနိုင်ခဲ့ကြသည်။
ကျိယွမ်က ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အမှန်ပဲ၊ မင်းက တစ်မျိုးတစ်ဖုံ ကွဲပြားတယ်။ မင်းရဲ့ လမ်းစဉ်မှာ သိုင်းပညာ အရိပ်အယောင် နည်းနည်းပါနေတယ်။"
သူ၏နှာခေါင်းက ရှည်မလာသဖြင့် တစ်ဖက်သူသည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ သူ၏လေသံကလည်း စစ်မှန်နေပြီး သူ၏ အရှိန်အဝါတွင် သိုင်းပညာ၏ အငွေ့အသက်များ တကယ်ရှိနေသည်။
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူက စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်သည်။
"ဘာကြောင့်မှန်းမသိပေမဲ့ သွေးသခင်နဲ့ ကျွန်တော့်ကြားမှာ ထူးဆန်းတဲ့ ရင်းနှီးမှုတစ်ခုကို ခံစားနေရတယ်။"
သူ ကြောက်ရွံ့နေသော်လည်း ဆွေမျိုးတော်စပ်မှု ကဲ့သို့သော ခံစားချက်ကို ဖျောက်ပစ်၍ မရပေ။
ကျိယွမ်က ရယ်မောလိုက်သော်လည်း ပြန်မဖြေခဲ့ပေ။
အမှန်တရားမှာ ဤကမ္ဘာမှ လူသားများနှင့် တောင်တန်းနှင့်မြစ်ပန်းချီကားထဲမှ မိစ္ဆာမျိုးနွယ်စုများသည် ဘိုးဘေးတစ်ဦးတည်းမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။
"မိစ္ဆာတစ်သောင်းနယ်မြေက မိစ္ဆာတွေက ကန်ရှင်းဂြိုဟ်ကို ချုပ်ကိုင်ထားပြီး ကုံရှင်းကို ကျူးကျော်ဖို့ ကြိုးစားနေကြတယ်လို့ ငါကြားတယ်"
ကျိယွမ်က မေးလိုက်သည်။
"သွေးသခင်၊ အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး! အခု ကန်ရှင်းကို ထိန်းချုပ်ထားတဲ့ မိစ္ဆာတွေက အထက်ဘုံက လာကြတာပါ"
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူက သူ့ကိုအထင်လွဲသွားမည်ကို အလွန်စိုးရိမ်နေ၏။
"အင်း"
ကျိယွမ်ကတော့ ထိုကိစ္စကို ဂရုမစိုက်ပါ ။
"အတွင်းထဲဝင်ပြီး သွားကြည့်ရအောင်။"
ထိန်းချုပ်ခန်းသည် သိပ်မကြီးဘဲ စတုရန်းကီလိုမီတာ အနည်းငယ်သာ ရှိပြီး အတွင်းဘက်တွင် အခန်းငယ်လေးများ အနည်းငယ် ရှိသည်။ သို့သော် အခန်းတိုင်းသည် မွှေနှောက်ခံထားရပြီး ဖြစ်ကာ အဖိုးတန်ပစ္စည်းမှန်လျှင် ဆံပင်တစ်ပင်တောင် မကျန်တော့ပါ။
ထိန်းချုပ်ခန်းထဲရှိ အရာအားလုံးကို ယူဆောင်သွားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ထင်ရှားပြီး အရင်ဆုံး ရောက်ရှိလာသူများအတွက်ပင် ဘာမှကျန်မနေခဲ့ပေ။
ကျိယွမ်က ပိုမိုနက်ရှိုင်းသော နေရာသို့ ဦးတည်လိုက်၏။ ခဏအကြာတွင် သူတို့သည် အတွင်းရှိ အခြားကျင့်ကြံသူများနှင့် ပြန်လည် ဆုံတွေ့မိကြသည်။
ထိုကျင့်ကြံသူများသည် သူတို့ရှေ့ရှိ လေထုထဲမှ အရာတစ်ခုကို လောဘတကြီး စိုက်ကြည့်နေကြ၏။
လေထုထဲတွင် ဖောက်ထွင်းမြင်ရသော ဖန်သားသေတ္တာတစ်ခု လွင့်မျောနေသည်။
၎င်းသည် ဖြူစင်သော ကျောက်စိမ်းနှင့် ဆင်တူပြီး အပြစ်အနာအဆာကင်းသော တည်ဆောက်ပုံရှိသည်။ ပုံသဏ္ဌာန်ကိုကြည့်၍ အခေါင်းတစ်ခု ဖြစ်ကြောင်း သိသာ၏။
"ဒီအခေါင်းက အထွတ်အထိပ် ရတနာတစ်ခု ဖြစ်ရမယ်"
"အထဲမှာ... တစ်ယောက်ယောက် လှဲနေတာလား"
ကျင့်ကြံသူများက ကျိယွမ်တို့အဖွဲ့ရောက်လာသည်ကို သတိပြုမိသော်လည်း အခေါင်းကိုသာ ဆက်လက် စိုက်ကြည့်နေကြသည်။
အခေါင်းသည် သူတို့ ရှာဖွေတွေ့ရှိထားသော ရတနာများထက်ပင် ပိုမိုအားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသောကြောင့် ၎င်းသည် ဤနေရာတစ်ခုလုံးတွင် တန်ဖိုးအရှိဆုံး အရာ ဖြစ်ပေလိမ့်သည်။
သို့သော် သူတို့၏ မှော်စွမ်းအားများက အခေါင်းကို ဖောက်ထွင်းမြင်ရန် အလွန်အားနည်းနေသဖြင့် အထဲတွင် ရုပ်အလောင်း ရှိမရှိကို မသေချာကြပေ။
ကျိယွမ်က အခေါင်းအားမြင်သောအခါ ပြုံးလိုက်၏။
"ဒီအခေါင်းနဲ့ ငါက ရေစက်ရှိတယ်။ ဒါကြောင့် အခုကစပြီး ငါပိုင်ပြီ"
" ငါက တံခါးတွေဖွင့်ပေးခဲ့ပေမဲ့ ဒီနေရာကနေ ဘာမှမယူရသေးဘူးဆိုတော့ အခေါင်းတစ်ခု ယူတာက မတရားဘူးလို့ မဆိုနိုင်ဘူး မဟုတ်လား၊ အဲဒါ တရားမျှတတယ်နော် ၊ ဘယ်သူက သဘောတူလဲ ၊ ဘယ်သူက ကန့်ကွက်ချင်လဲ "
ကျိယွမ်သည် ကျင့်ဝတ်သိက္ခာရှိသူဖြစ်ရန်နှင့် အခြားသူများအပေါ် အခွင့်အရေးမယူတတ်ခြင်းကို အမြဲ ဂုဏ်ယူလေ့ရှိသည်။
ကျိယွမ်၏ စကားကိုကြားသောအခါ အနီရောင်မျက်နှာဖုံးနှင့် အဖိုးအိုက လှောင်ပြုံး ပြုံးလိုက်သည်။
"မင်းကတော့ အကွက်တွေ ချနိုင်လွန်းတယ်။"
မျက်နှာဖျော့တော့နေသောအမျိုးသမီးကျင့်ကြံသူကလည်း ဝင်ပြော၏။
"နင်ဘာမှ မရလိုက်တာက နင်ကိုယ်တိုင် မစွမ်းဆောင်နိုင်လို့ပဲ၊ အခုကျမှ တရားမျှတမှုအကြောင်း လာပြောနေတာလား"
ကောင်းကင်ဘုံတွန်းလှန်ရေစီမံကိန်း အဖွဲ့ဝင်များကလည်း တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်။
"ငါတို့ ဒီကိုမလာခင်မှာ အရာအားလုံးဟာ ငါတို့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်လို့ သဘောတူထားပြီးသား။"
"သူငယ်ချင်း၊ ငါတို့အားလုံးက စိတ်ဝိညာဉ်အဆင့်တွေပဲ။ ဒီကမ္ဘာမှာ တရားမျှတမှုဆိုတာ မရှိဘူးဆိုတာ မင်းနားလည်သင့်ပါတယ်။ အရာအားလုံးက... စွမ်းအားပေါ်မှာပဲ မူတည်တယ်။"
ထိုသို့ပြောနေကြသူအများစုမှာ ကောင်းကင်ဘုံတွန်းလှန်ရေးစီမံကိန်း အဖွဲ့ဝင်များ ဖြစ်ကြသည်။
တစ်ယောက်တည်းသမားဖြစ်နေသော လေ့လွင့်ကျင့်ကြံသူကမူ တိတ်ဆိတ်နေပြီး ဘာမှဝင်မပြောပါ။
ကျိယွမ်က သူတို့အဖွဲ့အားကြည့်ကာ သက်ပြင်းချ၏။
"ငါ မင်းတို့ကို တရားမျှတမှု ပေးခဲ့ပေမဲ့ မင်းတို့က ငြင်းပယ်ခဲ့တယ်။ ကောင်းပြီ၊ မင်းတို့ဆန္ဒအတိုင်းပေါ့။ ကဲ... ဘယ်သူက သဘောတူပြီး ဘယ်သူက ကန့်ကွက်လဲ "
" သဘောတူတဲ့သူတွေအတွက် တရားမျှတမှုကို စောင့်ထိန်းပေးမယ်။ ကန့်ကွက်တဲ့သူတွေအတွက်တော့... ကောင်းပြီ....သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကပဲ အဆုံးအဖြတ် ဖြစ်လိမ့်မယ်။"
အနီရောင်မျက်နှာဖုံးနှင့် အဖိုးအိုက ထပ်မံ၍ လှောင်ပြုံး ပြုံးလိုက်၏။
"ငါ ကန့်ကွက်တယ်"
"ငါလည်း ကန့်ကွက်တယ်"
"ကန့်ကွက်တယ်ကွာ"
ချက်ချင်းပင် စီမံကိန်း အဖွဲ့ဝင် ခြောက်ဦးက ကန့်ကွက်ကြောင်း ပြောဆိုကြသည်။
"ကျွန်တော် သဘောတူတယ်"
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူက ရုတ်တရက်ဝင်ပြောလိုက်သည်။
ရှဲ့ထန်ကလည်း ချက်ချင်း လိုက်ပြောသည်။
"ကျွန်မလည်း သဘောတူတယ်"
ခပ်ဝဝကျင့်ကြံသူမှာလည်း တင်းမာမှုကို ခံစားမိသဖြင့် အလျင်အမြန် ထပ်ပြောသည်။
"ငါလည်း သဘောတူတယ်"
အုပ်စုနှစ်ခုကြားတွင် ညှပ်နေသော တစ်ကိုယ်တော်ကျင့်ကြံသူမှာ တုံ့ဆိုင်းနေပြီး သူ၏မျက်နှာတွင် ရုန်းကန်နေရသည့် အရိပ်အယောင်များ ရှိနေသည်။
"ဒီမှာရှိတဲ့ လူတိုင်းက အကြွင်းအကျန်နေရာထဲမှာ တိုက်ခိုက်မှုမလုပ်ဖို့ နှလုံးသားနတ်ဆိုးကို ကျိန်ဆိုမှုလုပ်ထားကြတာပဲ။ အဲဒါက ပဋိပက္ခတွေကို ရှောင်ရှားဖို့ မလုံလောက်ဘူးလား"
သူက ထိတ်လန့်တကြား မေးလိုက်သည်။
"ဟက်.....မင်းက နှလုံးသားနတ်ဆိုးကျိန်ဆိုမှု လုပ်ထားပေမဲ့ ငါတို့က မလုပ်ထားဘူး"
ထိုအချိန်တွင် အခြားစိတ်ဝိညာဉ်အဆင့် ဆယ်ယောက်ကျော်ကလည်း အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ရင်း အခန်းထဲသို့ ရုတ်တရက်ဝင်လာကြသည်။
မရင်းနှီးသော စိတ်ဝိညာဉ်အဆင့် ဆယ်ယောက်ကျော်ကို မြင်လိုက်ရသောအခါ တစ်ယောက်တည်းဖြစ်နေသော လေလွင့်ကျင့်ကြံသူ၏ မျက်နှာ ဖြူဖျော့သွား၏။
ယခင်က ကျိယွမ်အား ကန့်ကွက်ခဲ့သော အဘိုးအိုတို့ ခြောက်ဦးကလည်း အသစ်ရောက်လာသူများနှင့် ပူးပေါင်းရပ်လိုက်ကြသည်။
သူတို့အဖွဲ့၏အင်အားက အလွန်တောင့်တင့်သွားလေပြီ။
"ကောင်လေး၊ အခုတော့ တရားမျှတမှုဆိုတာ တကယ်တော့ ဘာလဲဆိုတာ မင်းနားလည်သွားပြီ မဟုတ်လား"
အနီရောင်မျက်နှာဖုံးနှင့် အဖိုးအိုက ဝင့်ကြွားစွာ ပြောလိုက်သည်။
ယခုအချိန်တွင် သူတို့က ဘာကိုမှ မကြောက်တော့ပေ။ သူတို့အားလုံး အကြွငအကျန်နယ်မြေထဲမှာ မတိုက်ခိုက်ရန် ကျိန်ဆိုထားကြသော်လည်း အသစ်ရောက်လာသော စိတ်ဝိညာဉ်အဆင့်များသည် ထိုကျိန်ဆိုမှုတွင် မပါဝင်ကြပါ။
အနီရောင်မျက်နှာဖုံးနှင့် အဖိုးအိုက သူတို့၏ အပြတ်အသတ် သာလွန်သော အားသာချက်ကို ယုံကြည်ကာ ရယ်မောလိုက်သည်။
သူတို့သည် အကြွင်းအကျန်နယ်မြေမှ အကျိုးအမြတ် အများဆုံး ရရှိထားပြီးသားဖြစ်၏။
ကျိယွမ်နှင့် သူ၏အဖော်လူမိုက်တစ်စုမှာမူ နံရံဆေးရေးပန်းချီများကို ကြည့်ရင်း အချိန်ဖြုန်းနေခဲ့ကြသည် မဟုတ်ပါလား။
အခုမှ တရေးနိုးလာပြီးတော့ တန်ဖိုးအရှိဆုံး ရတနာကို လိုချင်နေတာလား။
ရယ်စရာကောင်းလိုက်တာ။
ထိုအချိန်တွင် ရှဲ့ထန်သည် ကျိယွမ်ကို ကြည့်ကာ အတွေးများ ရှုပ်ထွေးနေသည်။
သူက တကယ်ပဲ သွေးသခင်ဆိုတာလား ။
သူမသည် အန္တရာယ်မှန်သမျှကို ရင်ဆိုင်ရန် အသင့်အနေအထားဖြင့် သတိကြီးစွာ ထားနေရင်းမှ သူမ၏ရပ်တည်ချက်ကို နောင်တရချင်လာ၏။
ငါမရှိတော့ရင် ငါ့တို့ဂိုဏ်း ပိုပြီးအင်အားလျော့သွားမှာ ။
"ငါက မသင်မနေရပညာရေးစနစ်အောက်မှာ ၉ နှစ်ကြာအောင် လေ့လာခဲ့တာဆိုတော့ တရားမျှတမှုဆိုတာ ဘာလဲဆိုတာ နားလည်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဘာလဲဆိုတာကိုလည်း နားလည်တယ်"
ကျိယွမ်က အဘိုးအိုတို့အုပ်စုကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
" ပြီးတော့ မင်းတို့ သေသွားရင် ငါ့ရှေ့မှာ မင်းတို့ရဲ့ စွမ်းရည်တွေကို ထုတ်ပြခွင့်ပေးခဲ့တဲ့အတွက် ငါ့ကို ကျေးဇူးတင်ဖို့ မမေ့နဲ့ဦး။"
" အော်... ဟုတ်သားပဲ၊ မေ့သွားလို့ ၊ မင်းတို့အားလုံး မျက်နှာဖုံးတွေ တပ်ထားကြတာပဲ။ ထုတ်ပြစရာ မျက်နှာမှ မရှိတာ။"
စကားဆုံးသည်နှင့် ကျိယွမ်က ထိုအုပ်စုကို ကြည့်ပြီး လေတစ်ချက် ညင်သာစွာ မှုတ်လိုက်သည်။
"ဒါဟာ တရားမျှတမှုပဲ"
သူမှုတ်ထုတ်လိုက်သော လေသည်အလွန်အားနည်းလှသဖြင့် ကြောင်တစ်ကောင်၏ သမ်းဝေမှုလောက်ပင် အားမရှိပေ။
သို့သော် ထိုခဏချင်းမှာပင် သူ၏ရှေ့တွင် ရပ်နေသော စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ၂၀ ခန့်သည် မခုခံနိုင်ဘဲ ချက်ချင်းတောင့်တင်းသွား၏။
သူတို့အတွက် အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။
သူတို့၏ ဘိုးဘေးရတနာများ၊ သူတို့၏ ကောင်းကင်မျက်လုံးများ ၊ အရာအားလုံးသည် ထိုလေတစ်ချက်အောက်တွင် အမီးဘား (amoebas) လေးများကဲ့သို့ အရေးမပါဘဲ ကြေမွသွားကုန်တော့သည်။
ဂျွတ်...။
ခလွပ်...။
လူသားတို့ကြားတွင် နတ်ဘုရားများကဲ့သို့ ကိုးကွယ်ခံရသော၊ ကြီးမားသော စွမ်းအားရှင်များဖြစ်သည့် စိတ်ဝိညာဉ်အဆင့်များသည် ဖုန်ရုပ်တုများကဲ့သို့ ပျက်စီးသွားပြီး မျက်စိတစ်မှိတ်အတွင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကုန်၏။
လူ ၂၀ သည် လေတစ်ချက်မှုတ်ရုံဖြင့် ဖုန်မှုန့်များဖြစ်ကာ လေထဲတွင် တဖွားဖွားလွင့်သွားကြ၏။
ထိုမြင်ကွင်းသည် ထိတ်လန့်စရာ ကောင်းလှသည်။
ရှဲ့ထန်မှာ အသက်ရှုရန်ပင် သတိမရတော့ပါ။
ဒါတွေဟာ စိတ်င်ဝိညာဉ်အဆင့်တွေလေ ၊ သာမန်လူတွေကြားက ဂန္ထဝင်တွေ၊ ကြီးမားတဲ့ စွမ်းအားရှင်တွေပဲ။ ဒါပေမဲ့ သူတို့တွေဟာ လေတစ်ချက် မှုတ်ထုတ်တာလေးကိုတောင် မခံနိုင်ကြဘူး။
ပြီးတော့ တစ်ယောက်တည်းလည်း မဟုတ်ကြဘူး။ လူအယောက် ၂၀ လောက် အုပ်စုကြီးလေ ။
ရှဲ့ထန်မှာ မျက်တောင်ခတ်ရန်ကိုပါ မေ့နေ၏။
သူမ လုံးဝ နားလည်သွားလေပြီ။
သူသည် သွေးသခင်ဆိုသော ဒဏ္ဍာရီ လာ စွမ်းအားရှင်ကြီး ဖြစ်သည်။
ခရမ်းရောင်နန်းတော် ကျင့်ကြံသူသည်လည်း အလွန်ထိတ်လန့်သွားပြီး ကျိယွမ်အား မယုံနိုင်စွာငေးနေ၏။
သွေးသခင်သည် ရှေးဟောင်းမှတ်တမ်းများတွင် ဖော်ပြထားသည်ထက်ပင် ပိုမိုစွမ်းအားကြီးနေသည် မဟုတ်ပါလား။
သူ၏ လေတစ်ချက် မှုတ်ထုတ်မှုက အဓိပတိတစ်ဦးကိုပင် သတ်ပစ်နိုင်သည်။
ထို့အချိန် ကျိယွမ်သည် အခန်းထဲတွင် တစ်ဦးတည်း ကျန်ရစ်နေခဲ့သော၊ တစ်ကိုယ်တော်ကျင့်ကြံသူဘက်သို့ လှည့်လိုက်သည်။
"မင်း သဘောတူသလား၊ ဒါမှမဟုတ် ကန့်ကွက်သလား"
တစ်ကိုယ်တော်ကျင့်ကြံသူသည် အလွန်ထိတ်လန့်ကာ ချက်ချင်း စကားမပြောနိုင်ပေ။
ငါ ဘာကို မြင်လိုက်ရတာလဲ ။
ယင်နတ်ဘုရား တစ်ပါးတောင် ဒါမျိုး မလုပ်နိုင်ဘူးလေ။
"ကျွန်တော်... သဘောတူပါတယ်ခင်ဗျာ ၊ သဘောတူပါတယ် ၊ အကုန်တူပါတယ် "
သူသည် ကြောက်ရွံ့လွန်းသဖြင့် ပြောမိပြောရာများ ထွက်ကုန်၏။
"သဘောတူရဲ့သားနဲ့ ဘာလို့ ဒီလောက် ဝမ်းနည်းစရာကောင်းတဲ့ မျက်နှာ ဖြစ်နေတာလဲ ၊ ဘာလဲ... ဟန်ဆောင်ပြီး သဘောတူနေတာလား"
"အောင်မလေး...မဟုတ်ပါဘူး၊ မဟုတ်ပါဘူးဗျ ၊ ကျွန်တော်တင်မကဘူး ဘိုးဘေးတွေကပါ တူပါတယ် "
တစ်ကိုယ်တော်ကျင့်ကြံသူသည် အလွန်ကြောက်လန့်သွားသဖြင့် ဒူးထောက်ကျသွားရှာသည်။
"ကျွန်တော် ကျိန်ဆိုပါတယ်၊ ကျွန်တော့်ရဲ့ မျိုးဆက် ၁၈ ဆက်လုံးအထိတောင် သဘောတူပါတယ်ဗျ"
ကျိယွမ်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အင်း....တရားမျှတမှုက အောင်နိုင်သွားပြီ။ ဒီအခေါင်းကို ငါ့အပိုင်အဖြစ် ငါ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်။"
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် အခေါင်းဘက်သို့ လှည့်လိုက်ရာ သူ၏ မျက်လုံးများမှာ သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ယခင်က အခေါင်းအတွင်းရှိ အရာများကို ဖုံးကွယ်ထားသော်လည်း ယခုအခါတွင် အသေးစိတ်အချက်အလက်များ ပေါ်ထွက်လာသည်။
ရုတ်တရက် ကျိယွမ်၏ မျက်လုံးရှေ့တွင် ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်။
"သူမလား"
အခေါင်းထဲတွင် လှဲလျောင်းနေသော အမျိုးသမီး၏ ရုပ်ရည်သည် ကျိယွမ် သိသော တစ်စုံတစ်ဦးနှင့် အလွန်အမင်း ဆင်တူနေသည် မဟုတ်ပါလား။
ထိုအချိန်တွင် နင်းထောင်သည် စက်ရုပ် ဇီးရိုးဝမ်းနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
"အဲဒီအခေါင်းထဲမှာ တစ်ယောက်ယောက် ရှိနေတာလား"
"ဟုတ်တယ်၊ အမျိုးသမီးတစ်ယောက်၊"
ကျိယွမ်က အတည်ပြုပေးပြီး သူ မြင်သမျှကို နင်းထောင်အား ပြန်ပြောပြလိုက်၏။
နင်းထောင်က မျက်မှောင်ကြုတ်ကာ သူမ၏ အမူအရာ ပြောင်းလဲသွားသည်။
"ဒါက... နံရံဆေးရေးပန်းချီထဲက ဇာတ်လိုက်မင်းသမီး ဖြစ်နိုင်လား"
"ဖြစ်နိုင်တယ်"
ကျိယွမ်က ခေါင်းညိတ်သည်။
"တကယ်ကို ဝမ်းနည်းစရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းပဲ။ သနားစရာလေး"
ခပ်ဝဝကျင့်ကြံသူက ခေါင်းတလားကိုကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျိယွမ်က သက်ပြင်းချ၏။
"သူက ဘယ်လောက်ကြာကြာ ဒီမှာ လှဲနေရလဲ မသိဘူး။ အရမ်း အထီးကျန်နေမှာပဲ။"
ရှဲ့ထန်က ဇဝေဇဝါ ဖြစ်သွားပြီး ကျိယွမ်ကို ကြည့်သည်။
သေပြီးသားလူက အထီးကျန်တယ်လို့ ခံစားနိုင်လို့လား။
ကျိယွမ်၏ လေသံမှာ ကိုယ်ချင်းစာမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ အမူအရာမှာ စိုးရိမ်ပူပန်နေသော အစ်ကိုကြီးတစ်ယောက်နှင့်ပင် တူနေ၏။
"သူမက ဒီလိုအထီးကျန်နေရာကြီးမှာ တစ်ယောက်တည်း အိပ်ပျော်နေရှာတာ၊ သူငယ်ချင်းတစ်ယောက်၊ ဆွေမျိုးတစ်ယောက်မှ မရှိရှာဘူး။ စိတ်မကောင်းစရာပဲ"
" ငါက အရမ်းသနားတတ်တဲ့သူဆိုတော့ ဒီနေ့ ရက်ရက်ရောရောနဲ့ သူ့ကို အဘွားတစ်ယောက် ပေးလိုက်မယ်"
"ဟမ်"
ရှဲ့ထန်က နားမလည်နိုင်စွာ မျက်တောင်ခတ်လိုက်သည်။
အခေါင်းထဲကလူက ရင်သားပြားနေလို့လား ၊ ဒါပေမဲ့ နံရံဆေးရေးပန်းချီထဲမှာတော့ သူမက သေးပုံမရပါဘူး...။
ထိုအချိန်တွင် ကျိယွမ်က မျက်စိမှိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ တည်ငြိမ်နေသောစိတ်ဝိညာဉ်တစ်ခုမှာ လှုပ်ရှားလာ၏။
ထိုစိတ်ဝိညာဉ်သည် အခြားသူမဟုတ်ပါ ။ အစားရှောင်မယ်တော် ဝူရှီပင်။
သူမသည် အချိန်အတော်ကြာအောင် အိပ်ပျော်နေခဲ့ပြီး တုန့်ပြန်မှုမပြခဲ့ဖူးပါ။သို့သော် ယခုအခါတွင် ၎င်းသည် နိုးထလာမည့် အရိပ်အယောင်များကို ပြသလာသည်။
ကြည်လင်နေနေသောခေါင်းတလားကို ဖြတ်ပြီး အစားရှောင်မယ်တော်ဝူရှီ၏ စိတ်ဝိညာဉ်သည် အတွင်းရှိ အမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
ကျိယွမ်က သက်ပြင်းချလိုက်သည်။
ဝူရှီလည်း နိုးထလာတော့မည် မဟုတ်ပါလား။
ရုတ်တရက် သူ တစ်ခုခုကို သတိရသွားသည်။
"မဟုတ်သေးဘူး၊ သူ့ကို အဘွားတစ်ယောက် မပေးခင် သူ့ဆီက ခွင့်ပြုချက် မတောင်းလိုက်ရဘူး။ အဲဒါက ရိုင်းရာကျသလား"
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကတော့ အလွန် ထိတ်လန့်နေသည်။
အကယ်၍ အခေါင်းထဲက အမျိုးသမီးသည် နံရံဆေးရေးပန်းချီထဲက အမျိုးသမီးသာ အမှန်ဖြစ်ခဲ့လျှင် သူမ၏စွမ်းအားသည် စိတ်ကူးကြည့်လို့ပင် မရနိုင်ပေ။
သို့သော် သွေးသခင်က အခေါင်းကို အေးအေးဆေးဆေး ဖွင့်ပြီး တစ်ခုခုကို သူမ၏ခန္ဓာကိုယ်ထဲအား သူ့သဘောနှင့်သူ ထည့်လိုက်၏။
သွေးသခင်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ ။
နင်းထောင်က ရယ်မောလိုက်ပြီး ကျိယွမ်အား နှစ်သိပ်သည်။
"သူက သေနေတာပဲ၊ ခွင့်ပြုချက် မပေးနိုင်ပါဘူး။"
"ဒါဆိုရင် ငါ သူ့ရဲ့ အုပ်ထိန်းသူကို ရှာရမှာလား ၊ ဒါပေမဲ့ သူ့မှာ အုပ်ထိန်းသူ မရှိဘူးလေ။"
ကျိယွမ်က စဉ်းစားရင်းမှ အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။
ဒါက တော်တော်ခက်ခဲတဲ့ ကိစ္စပဲ။
ထို့နောက် ရုတ်တရက် အကြံတစ်ခု ရသွားပြီး သူ၏မျက်နှာဝင်းလက်သွား၏။
"နေဦး၊ ဝူရှီက သူ့ရဲ့ အဘွားပဲလေ ၊ ဝူရှီ သဘောတူသရွေ့ အဆင်ပြေပါတယ်။ ဝူရှီ၊ မင်း သဘောတူလား"
အမျိုးသမီး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝူရှီမယ်တော်၏စိတ်ဝိညာဉ်သည် တစ်ချက်၊ နှစ်ချက် တုန်ခါသွား၏။
ကျိယွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။
"ဝူရှီက သဘောတူတယ်။ ကောင်းတယ်.. ဒီနေ့တော့ ငါက တကယ့်ကို ယဉ်ကျေးပျူငှာတဲ့သူ ဖြစ်သွားပြီ။"
ကျိယွမ်ပြောဆိုနေသည်များကို နားထောင်နေသော ရှဲ့ထန်သည် ဘဝင်မကျသော်လည်း စကားတစ်လုံးမှ မဟရဲပေ။
ကိစ္စတွေက တကယ်ပဲ အဲဒီလို အလုပ်လုပ်တာလား။
တကယ်လို့ တစ်စုံတစ်ယောက်က ရှင့်ကို သဘောမတူရင် သူတို့အတွက် သဘောတူပေးမယ့် အဘွားအသစ်တစ်ယောက် ပေးလိုက်ရုံပဲပေါ့။
သူမသည် သွေးသခင်က အတော်လေး ထူးဆန်းသည်ဟု မခံစားဘဲ မနေနိုင်ပေ။
စွမ်းအားကြီးသော်လည်း သူက ထူးဆန်းလှ၏။
ထိုအချိန်တွင် ကျိယွမ်က ဇီးရိုးဝမ်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မင်းက ဉာဏ်ရည်တု စက်ရုပ်တစ်ရုပ်ပဲ။ ဒီနေရာရဲ့ ဒေတာဘေ့စ်ကို ဖောက်ထွင်းကြည့်နိုင်မလား စမ်းကြည့်ပါ။ အသုံးဝင်တာ တစ်ခုခု ရှိနေနိုင်တယ်၊ ဒါမှမဟုတ် မင်းကိုယ်မင်း အဆင့်မြှင့်တင်နိုင်တာမျိုးပေါ့။"
၄င်းမှာ ကျိယွမ်က နင်းထောင်ကို ဇီးရိုးဝမ်းအား ခေါ်လာရန် စေခိုင်းခဲ့သည့် အကြောင်းရင်း ဖြစ်သည်။
ကျိယွမ်၏ မြှင့်တင်မှုများကြောင့် ဇီးရိုးဝမ်းသည် နည်းပညာခေတ်မှ သာမန်စက်ရုပ်မျိုး မဟုတ်တော့ပေ။ သို့သော်၎င်းသည် ကျင့်ကြံခြင်းလောကရှိ သာမန်ရုပ်သေးများနှင့်လည်း ကွဲပြားနေပြန်၏။
၄င်းက စက်ရုပ်လည်းမဟုတ်သလို ရုပ်သေးလည်းမဟုတ်ပေ ။
"အမိန့်အတိုင်းပါ သခင်။"
ဇီးရိုးဝမ်း၏ လက်မှ လျှပ်စစ်အမျှင်တန်းအနည်းငယ် ထွက်ပေါ်လာပြီး ထိန်းချုပ်ခန်း၏ နံရံများနှင့် ဆက်သွယ်လိုက်သည်။ သူမ၏ မျက်လုံးများတွင်လည်း ဒေတာစီးကြောင်းများ တဖျပ်ဖျပ် လင်းလက်လာ၏။
ကျိယွမ်နှင့် အခြားသူများသည် တိတ်ဆိတ်စွာ ရပ်နေကြသည်။
အချိန်အတော်ကြာသွားပြီးနောက် ဇီးရိုးဝမ်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။
"ကဲ၊ ဘယ်လိုလဲ ၊ ဒေတာတွေ ရခဲ့လား"
ယခင်နှင့်မတူဘဲ ဇီးရိုးဝမ်းသည် ကျိယွမ်ကို ချက်ချင်း ပြန်မဖြေပေ။
ယင်းအစား သူမက ကျိယွမ်၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
"သခင်၊ အချစ်ဆိုတာ ဘာလဲဆိုတာ သခင် သိလား"
"ဟေ..."
ကျိယွမ်သည် စက်ရုပ်က ထိုမေးခွန်းမျိုးမေးလာမည်ဟု မထင်ထားသဖြင့် မျက်တောင်ခတ်သွားသည်။
" မဟုတ်သေးဘူး၊ ငါ့စက်ရုပ်က အချစ်ရူးမလေး ဖြစ်သွားပြီ။"
"ငါ့အထင်တော့ စက်ရုပ်တစ်ရုပ်အတွက် အချစ်ထက် ပိုက်ဆံရှာတာက ပိုအရေးကြီးတယ်"
ကျိယွမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူ၏စက်ရုပ်ကို အချစ်ရေးကိစ္စတွေနှင့် အာရုံမနောက်စေချင်ပေ။
"သခင်၊ ပိုက်ဆံနဲ့ အချစ်ကို ဝယ်လို့ရလား"
ဇီးရိုးဝမ်က စူးစမ်းလိုသော လေသံဖြင့် ထပ်မေးလိုက်ပြန်သည်။
"အင်း...တချို့လူတွေအတွက်တော့ ရနိုင်တာပေါ့"
ကျိယွမ်က အလွယ် ပြန်ဖြေလိုက်ပြီး ခေါင်းစဥ်ပြောင်းလိုက်သည်။
"အခု အလုပ်ကိစ္စ ပြန်သွားရအောင်။ အထဲမှာ တန်ဖိုးရှိတာ တစ်ခုခု တွေ့ခဲ့လား"
"တွေ့ပါတယ်၊"
ဇီးရိုးဝမ်က ရှင်းပြ၏။
"ကုုံရှင်းဂြိုဟ်ရဲ့ အသုံးအနှုန်းအရဆိုရင် ဘဏ်အကောင့်တစ်ခုနဲ့ လျှို့ဝှက်ကုဒ်တစ်ခု ရှိပါတယ်။"
"ပိုက်ဆံလား"
ကျိယွမ်၏ မျက်လုံးများ ကြယ်များပမာ တလက်လက်တောက်ပသွားသည်။
ငါတော့ ချမ်းသာပြီ။
"ဘယ်လောက်လဲ"
"မသိရသေးပါဘူး။"
"ငါ့ကို ပေးစမ်း"
ကျိယွမ်သည် ပိုက်ဆံကိုတော့ ဘယ်တော့မှ မမုန်းနိုင်ပါ။
"သခင် စစ်ဆေးကြည့်ပါဦး။"
ရုတ်တရက် သင်္ကေတများစွာသည် ကျိယွမ်၏ စိတ်ထဲတွင် ပေါ်လာ၏။
တကယ့်ကမ္ဘာရှိ အကောင့်နံပါတ်များ သို့မဟုတ် စကားဝှက်များနှင့် မတူပါ။ ဤနေရာမှ အကောင့်သည် နံပါတ်များ၊ စာလုံးများ သို့မဟုတ် သင်္ကေတများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပေ။
ယင်းအစား ၎င်းသည် ဖော်ပြရန်ခက်ခဲသော... ခံစားချက်တစ်ခုသာ ဖြစ်နေ၏။`
" ဘယ်လို ပက်စ်ဝက်ကြီးလဲ "