အခန်း (၃၆၄-၃၆၅)
Vol. 33 Ch. 364-365
အခန်း (၃၆၄) - စစ်ပွဲကြီး စပြီလား...
“ထားတော့ ..အဲဒီအကောင့်ထဲမှာ ငွေဘယ်လောက်ရှိလဲ”
ကျိယွမ်က ထိုသို့မေးလိုက်ရင်းမှ ဇီရိုးဝမ်းကို ကြည့်ကာ တစ်မျိုးဖြစ်သွား၏။
သူမသည် အနယ်ငယ် ဆွဲဆောင်မှုရှိလာသည်ဟု သူ ခံစားလိုက်ရသောကြောင့်ဖြစ်၏။
ဇီရိုးဝမ်းသည် ဤနေရာရှိ ဒေတာများကို ရယူပြီးနောက် ဆင့်ကဲပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်မည်ဟု သူသဘောပေါက်လိုက်သည်။
ထိုသို့မဟုတ်ပါက သူမသည် သူ့အား အချစ်ဆိုသည်မှာ ဘာလဲဟူသော ထူးဆန်းသည့် မေးခွန်းကို မေးလိမ့်မည်မဟုတ်ပေ။
စက်ရုပ်တစ်ရုပ်အတွက် ဆင့်ကဲပြောင်းလဲခြင်းနှင့် ဉာဏ်ရည်နိုးထလာခြင်းတို့သည် ဆင်တူသော်လည်း အခြေခံအားဖြင့်တော်တော်လေး ကွာခြားသည်။
ယခုဇီရိုးဝမ်းသည် ယခင်ကဇီးရိုးဝမ်း၏ပုံစံနှင့် လုံးဝ ကွာခြားသွားလေပြီ။
“ကျွန်မ မသိပါဘူး”
ဇီးရိုးဝမ်းက ခေါင်းခါပြ၏။
ကျိယွမ် ခေတ္တစဉ်းစားလိုက်ပြီးနောက် နားလည်သွားသည်။
ဤအရာသည် အကောင့်နာမည်နှင့်လျှို့ဝှက်နံပါတ်တစ်ခုသာ ဖြစ်ပြီး ငွေမည်မျှရှိသည်ကို သိရှိရန်မှာ ဘဏ်စနစ်တစ်ခုထဲသို့ လော့အင်ဝင်ရောက်ကြည့်ရှုရန် လိုအပ်ပေလိမ့်မည်။
အကောင့်နှင့် လျှိုဝှက်ကုတ်ကိုသိရုံဖြင့် ဘဏ်ကဒ်ထဲတွင် ငွေမည်မျှရှိကြောင်း မည်သို့သိနိုင်မည်နည်း။
ထိုအကောင့်ကို ဘဏ်စနစ်ထဲတွင် လော့အင်ဝင်ပြီးမှသာ သိနိုင်မည် မဟုတ်ပါလား။
အနားတွင် ရပ်နေသော နင်းထောင်က
ကျိယွမ်အား စပ်စု၏။
“ဒါက ရှင်ပြောတဲ့ လမ်းခွဲကြေးများလား”
နံရံဆေးရေးပန်းချီထဲတွင် ဇာတ်လိုက်မင်းသား၏မိခင်က ဇာတ်လိုက်မင်းသမီးကို ထွက်သွားခိုင်းရန် ငွေအမြောက်အမြား ပေးခဲ့ဖူးသည်။
“ငါလည်း မသိဘူး”
ကျိယွမ်က ခေါင်းခါပြလိုက်သည်။
ယခုအချိန်တွင် သူသည် အချစ်ဇာတ်လမ်းထက် ဤအကောင့်နှင့် လျှို့ဝှက်နံပါတ်ကို စိတ်ဝင်စားနေ၏။
၎င်းမှာ နည်းစနစ်အသစ်တစ်ခု ဖြစ်ပြီး နည်းပညာသက်သက်လည်း မဟုတ်သလို နက်နဲသောမှော်ပညာ သက်သက်လည်း မဟုတ်ပေ။
“ဒီအာကာသယာဉ်တစ်ခုလုံးပေါ်မှာ ခေါင်းတလားထဲက အမျိုးသမီးတစ်ယောက်ပဲ ရှိတာဆိုတော့ နည်းဥပဒေအရ သူကဒီငွေတွေရဲ့ပိုင်ရှင်ပဲ။ ဒီယာဉ်ပေါ်က အရာအားလုံးက သူပိုင်တာ။ ဝူရှီက သူမရဲ့ အဘွားဖြစ်သလို တရားဝင် အုပ်ထိန်းသူလည်း ဖြစ်တဲ့အတွက် ပိုင်ဆိုင်မှု ခွဲဝေမှုကို ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် ဒီအကောင့်နဲ့ လျှို့ဝှက်နံပါတ်ကို ယူတာက ခိုးတာမဟုတ်ဘူး၊ လုတာလည်း မဟုတ်ဘူး၊ ဓားပြတွေကို နှိမ်နင်းပေးတဲ့အတွက် ငါ့ရဲ့ လုပ်အားခပဲ”
“ဓားပြများ” ဆိုသည်မှာ ကျိယွမ် လေနှင့်မှုတ်ကာ သတ်ဖြတ်ခဲ့သော ကျင့်ကြံသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။
“ဘယ်သူက သဘောတူလဲ ၊ ဘယ်သူ က ကန့်ကွက်ချင်သလဲ”
ကျိယွမ်က ကျန်နေခဲ့သော သုံးယက်ကိုကြည့်ကာ မေးလိုက်၏။
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူက ချက်ချင်းဖြေသည်။
“ကျွန်တော် သဘောတူပါတယ်”
“ကျွန်မလည်း သဘောတူပါတယ်”
ရှဲ့ထန်ကလည်း တုန့်ဆိုင်းမနေရဲပါ။
တစ်ကိုယ်တော်ကျင့်ကြံသူကလည်းတုန်တုန်ယင်ယင်နှင့် အလန့်တကြားထဖြေ၏။
“ကျွန်တော်တို့တစ်မျိုးနွယ်လုံးကလည်း သဘောတူပါတယ်”
သူက ကြောက်ရွံ့စွာဖြင့် သူရရှိထားသော ကောင်းကင်မျက်လုံးကိုပင် ဆက်မသိမ်းထားရဲဘဲ ကျိယွမ်အားကမ်းပေးလိုက်သည်။
“ဒါက စီနီယာပိုင်တဲ့ အရာပါ”
သူက ကျိယွမ်အား “စီနီယာ” ဟု ခေါ်ဆိုခြင်းဖြင့် ဤအဆောက်အအုံဟောင်းအတွင်းရှိ အရာအားလုံးသည် ကျိယွမ်၏ ပိုင်ဆိုင်မှု ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။
၎င်းကို မြင်သောအခါ ခရမ်းရောင် နန်းတော်အဆင့် ကျင့်ကြံသူကလည်း သူ၏ ကောင်းကင်မျက်လုံးကို ကမ်းပေးလိုက်၏။
“တရားမျှတအောင်ပဲ လုပ်ပါ”
ကျိယွမ်က တည်ငြိမ်စွာဆိုရင်း ခေါင်းခါပြလိုက်သည်။
သူသည် ငြိမ်းချမ်းမှုနှင့် တရားမျှတမှုကို တန်ဖိုးထားသူပင်။
သူနှင့်နင်းထောင်သည် တန်ဖိုးကြီးခေါင်းတလားကိုယူပြီးသား ဖြစ်သောကြောင့် ကျန်သောပစ္စည်းများကို ရှဲ့ထန်တို့ ကျင့်ကြံသူလေးဦးကသာ သဘာဝအတိုင်း ခွဲဝေယူသင့်သည်ဟု သူက ဆိုလိုခြင်းပင်။
သူတို့လေးဦးသည် ရုတ်တရက်နားမလည်သလိုဖြစ်သွားသော်လည်း ကျိ ယွမ် ဆိုလိုသော “တရားမျှတမှု” ကို ချက်ချင်း နားလည်သွားကြပြီး ကောင်းကင်မျက်လုံးများကို ချက်ချင်း ခွဲဝေလိုက်ကြသည်။
သူတို့သည် တိုင်ပင်ထားစရာမလိုဘဲ လျင်မြန်စွာနှင့် ညီတူညီမျှ ခွဲဝေကြ၏။
လုံးဝ တရားမျှတမှု ရှိစေရန်အတွက် ပိုနေသော ကောင်းကင်မျက်လုံး တစ်ခုကိုပင် လေးပုံပုံကာ ခွဲယူကြသည်။
သူတို့အနက် မည်သူကမျှ သေဆုံးသွားသော ကျင့်ကြံသူများကဲ့သို့ အဖြစ်မျိုး မကြုံချင်ကြပေ။
"တရားမျှတအောင် ခွဲကြမယ်"
..............
“အသက် ၈၀ အရွယ် ကြောင်ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ”
အခန်းထဲတွင် ရှဲ့ရှင်းစုသည် အောင်နိုင်သူ တစ်ယောက်ကဲ့သို့ ကျေနပ်နေသော အပြုံးဖြင့် ပြုံးနေသည်။
သူမသည် အခန်းထဲတွင် ဟိုဟိုဒီဒီ ဟိုဘက်ဒီဘက် ပြေးလွှားနေ၏။
“ဟားဟားဟား၊ အားလုံး ထွက်သွားကြပြီ၊ အဲ့ဒီ ငတုံးစက်ရုပ်မ ဇီးရိုးဝမ်းတောင် မရှိတော့ဘူး”
ဒါဟာ သူမအတွက် ထွက်ပြေးဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလား။
ထွက်ပြေးရမည့် အချိန်ပင် ဖြစ်သည်။
“ဒီပိုင်ရှင်ကတော့ တကယ့်ကို ကံကောင်းတာပဲ။ လူသားလောကမှာ ချစ်စရာအကောင်းဆုံးကြောင်လေး ဖြစ်တဲ့ ငါရှိရုံတင်မကဘဲ လှပတဲ့ကျူးယန်ကလည်း သူ့ဇနီးအဖြစ် ရှိနေပြီး သူ မသေမျိုးလမ်းစဉ်ပေါ် တက်လှမ်းနိုင်အောင် ကူညီပေးနေသေးတယ်။
သူက လုံးဝ အိုမင်းမသွားဘူး၊ သူက အခြေတည်ဆောက်ခြင်း ဒါမှမဟုတ် အမြုတေကျင့်ကြံသူ အဆင့်လောက် ရောက်နေလောက်ပြီ။ ဒါပေမဲ့ ဘာဖြစ်လဲ။ သူ ဘယ်အဆင့်ပဲ ဖြစ်ဖြစ် ဒီကြောင်လေး အာဏာပြရမယ့် အချိန်ရောက်ပြီ”
ရှဲ့ရှင်းစုသည် အေးစက်စွာ ပြုံးလိုက်ပြီး ထွက်ပြေးသွားကာ သူမ၏ ဆရာတူညီမလေးနှင့် ဆရာတို့က ပိုင်ရှင်အား ကလဲ့စားချေပေးရန်အတွက် ထျန်းရွှမ်းဂိုဏ်းကို ရှာဖွေရန် စိတ်ကူးယဉ်
နေသည်။
ထိုအချိန်ရောက်လျှင် စက်ရုပ်မကို အရာအားလုံး ရိုက်ကူးခိုင်းမည် ဖြစ်သည်။
ပိုင်ရှင်ကိုတော့....။
ဟင်း....နင်က ငါ့ကို ဟိုပွတ်ဒီပွတ်လုပ်ရဲတယ်ပေါ့။
နောက်ဆိုရင်တော့ " ကြောင်က ပိုင်ရှင်ကိုပြန်ပွတ်ခြင်း"ဆိုတဲ့ သတင်းတွေ တတ်လာပြီသာမှတ်။
ထိုသို့ တွေးရင်းမှ ရှဲ့ရှင်းစုသည် ကျော့ရှင်းစွာ ခုန်ပျံလိုက်ပြီး တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်သည်။
သို့သော် တံခါးပွင့်သွားခိုက် ထူးဆန်းစွာပင် သူမ အနည်းငယ် တွန့်ဆုတ်သွားမိ၏။
သို့သော် ငတုံးပိုင်ရှင်ကို ပြန်လည် အနိုင်ယူရမည်ဟူသော အတွေးကြောင့် သူမသည် ဝမ်းသာအားရဖြင့် ချက်ချင်း ထွက်ခွာသွားတော့သည်။
ယခုအခါ အခန်းထဲတွင် မည်သူမျှ မရှိတော့ပေ။
..............
ရက်အနည်းငယ် ကြာပြီးနောက် .....
ကန်ရှင်းဂြိုဟ်ပေါ်တွင်ဖြစ်သည်။
ဆံပင်ဖားလျားချထားသော လူတစ်ဦးသည် တိမ်တိုက်များအထက် မြင့်မားသော နေရာတွင်ထိုင်နေပြီး သူ၏ ဆံပင်များသည် လေထဲတွင် လွင့်ဝဲနေကာ အနက်ရောင် မျက်လုံးပေါင်းများစွာကို ဖုံးကွယ်ထား၏။
ရုတ်တရက် တိမ်တိုက်များထဲမှ အလင်းတန်းများ ပွင့်ထွက်လာပြီး ထိုလူသည် သရဲတစ္ဆေများ ငိုကြွေးသံကဲ့သို့ အေးစက်လှသော အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။
အောက်ဘက်ရှိ ခန်းမဆောင်ကြီးအတွင်း စုဝေးနေသော အဆင့်မြင့် မှူးမတ်များ အားလုံးသည် ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ တည်ကြည် လေးနက်သော အမူအရာများဖြင့် မော့ကြည့်နေကြ၏။
တိမ်တိုက်ထဲမှ ကြောက်မက်ဖွယ် ပုံရိပ်သည် မိစ္ဆာတစ်သောင်းနယ်မြေ မှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
လက်ရှိတွင် ကန်ရှင်း၏ အာဏာ ဆယ်ပုံကိုးပုံသည် မိစ္ဆာနယ်မြေ၏ လက်ထဲတွင် ရှိနေပြီး ဘုရင်မှာလည်း ရုပ်သေးရုပ်မျှသာ ။
မင်းသမီးတစ်ပါးသည် နန်းတွင်းထောင့်တစ်နေရာတွင် ရပ်နေပြီး ကောင်းကင်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကို ထိတ်လန့်တကြား ကြည့်နေ၏။
သူမ၏ ဘေးတွင်မူ ဖျော့တော့ အားနည်းသော ပုံစံရှိသည့် လူတစ်ယောက်ရှိနေပြီး ကောင်းကင်ရှိ ပုံရိပ်ကို နာကျည်းမှုအပြည့်ဖြင့် ကြည့်နေသည်။
“မိစ္ဆာနန်းတော်က မိစ္ဆာတွေ ဂဏာမငြိမ် ဖြစ်နေကြပြီ။ စစ်ပွဲ... စတော့မယ်”
အားနည်းသောပုံစံရှိသည့် ဖန်ဟွန်က ထင်ကြေးပေးလိုက်သည်။
ဖန်ဟွန်ကလည်း မိစ္ဆာတစ်ဦး ဖြစ်လေသည်။ သို့သော် ကန်ရှင်းကို ထိန်းချုပ်ထားသော မိစ္ဆာနန်းတော်မှ မိစ္ဆာများနှင့် မတူဘဲ သူသည် ကျူးကျော်သူ မိစ္ဆာများ၏ ကျွန်ပြုခြင်းခံထားရသော ဌာနေမိစ္ဆာမျိုးနွယ်စုဝင်တစ်ယောက်ဖြစ်၏။
သူသည် မိစ္ဆာနန်းတော်မှ မိစ္ဆာများကို အလွန် နာကျည်းနေသူဖြစ်သည်။
“အင်း... စစ်ကြီးဖြစ်လာရင် ကန်ရှင်းက ပြည်သူတွေက အမြောက်စာတွေဖြစ်ကုန်တော့မှာ”
အရပ်ရှည်သော မင်းသမီးက အံကြိတ်ရင်းမှ စိတ်မကောင်းစွာ ပြောလိုက်သည်။
ကန်ရှင်းသည် ယခင်က ကုံရှင်းနှင့် စစ်ဖြစ်ခဲ့ဖူးသော်လည်း ဘုရင်သစ်၏ မူဝါဒမှာ ပြန်လည် ထူထောင်ရေးကိုသာ အာရုံစိုက်ရန် ဖြစ်သည်။ သို့သော် မိစ္ဆာနယ်မြေမှလာသော မိစ္ဆာများက စစ်ပွဲကို လှုံ့ဆော်ပါက ဒုက္ခရောက်ရမည်မှာ ကန်ရှင်းမှ အပြစ်မဲ့ ပြည်သူများသာ ဖြစ်၏။
“သူတို့က အမြဲတမ်း ရက်စက်ပြီး ယုတ်မာနေတာပဲ”
ဖန်ဟွန်က ရွံရှာစွာ ဆိုသည်။
ဘိုးဘေးမိစ္ဆာများ ပျောက်ကွယ်သွားသောအခါ အထက်ဘုံမှ မိစ္ဆာများ ဆင်းသက်လာပြီး မိစ္ဆာနန်းတော်ကို တည်ထောင်ကာ ဌာနေမိစ္ဆာများကို ကျွန်ပြုခဲ့ကြ၏။
ယခုလည်း သူတို့သည် ကန်ရှင်းပေါ်တွင် ထိုနည်းဗျူဟာကိုပင် ထပ်မံ အသုံးပြုနေပြန်သည်။
“ဖန်ဟွန်၊ နင့်ရဲ့ အဘိုးက ငါတို့ကို မကူညီနိုင်ဘူးလား”
မင်းသမီးက ဖန်ဟွန်အား အသနားခံသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
ဖန်ဟွန်၏ အဘိုးမှာ အလွန်အစွမ်းထက်သော ကျင့်ကြံသူ တစ်ဦး ဖြစ်၏။
“ကျွန်တော့်အဘိုးလား ၊ သူလည်း ဘာမှ မလုပ်နိုင်ပါဘူး”
ဖန်ဟွန်က ခါးသီးစွာ ပြန်ဖြေသည်။
အကယ်၍ သူ၏ အဘိုးက မိစ္ဆာနန်းတော်မှ မိစ္ဆာများကို တားဆီးနိုင်လျှင် သူတို့သည် လျှို့ဝှက်နယ်မြေများထဲတွင် ပုန်းအောင်းနေကြရမည် မဟုတ်ပေ။
“နင့်အဘိုးတောင် မကူညီနိုင်ဘူးလား”
မင်းသမီး စိတ်ပျက်သွားသည်။
ထိုစဉ် တိမ်တိုက်များထဲမှ ထူးဆန်းသော အသံတစ်ခု ပဲ့တင်ထပ်လာ၏။
တိမ်တိုက်ထဲရှိ ကြောက်မက်ဖွယ် ပုံရိပ်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“ကုံရှင်းပေါ်မှာ သွေးတွေ စီးဆင်းရမယ်။ ကောင်းကင်နဲ့ မြေကြီး ကခုန်ကြလိမ့်မယ်။ ရက်ပေါင်း တစ်ရာအတွင်းမှာ စစ်ပွဲ စတင်လိမ့်မယ်”
သူ၏ အသံ ထွက်ပေါ်လာသည်နှင့် အခြား မိစ္ဆာများကလည်း စိတ်လှုပ်ရှားစွာ ဟိန်းဟောက်ကြ၏"။
“စစ်ပွဲကြီး စတင်ပြီ”
“စစ်ပွဲကြီး စတင်ပြီ”
ကန်ရှင်းပေါ်မှ စစ်လိုလားသူများကလည်း ရူးသွပ်စွာဖြင့် ထိုအသံကို လိုက်လံ အော်ဟစ်ကြသည်။
“စစ်ပွဲကြီး စစ ”
“စစ်ပွဲကြီး စစ”
“စစ်ပွဲကြီး စစ"
ထိုအသံများသည် ဒီရေကဲ့သို့ မြို့တော်ကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
မင်းသမီးသည် ပျက်စီးနေသော အာကာသယာဉ်များနှင့် သွေးနှင့် မီးတောက်များ လွှမ်းနေသော မြေပြင်ကို မြင်ယောင်နေသကဲ့သို့ ထိတ်လန့်တကြား ကြည့်နေ၏။
စစ်ပွဲကြီးက ....
နောက်ဆုံးတော့ စတင်ပေတော့မည်။
ကန်ရှင်းပေါ်တွင် ပုန်းအောင်းနေသော သူလျှိုများကလည်း ဤသတင်းကို ကြားသောအခါ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။
ငါတို့ ကုန်ရှင်းတော့... သွားပြီ။
မကြာမီ ထိုသတင်းသည် ကုံရှင်းဂြိုဟ်သို့ ရောက်ရှိသွား၏။
ကြယ်ခုနစ်ပွင့် မိသားစုများနှင့် တော်ဝင်မိသားစုတို့မှာ ချက်ချင်း ထိတ်လန့် တုန်လှုပ်သွားကြကုန်သည်။
ယခင်က ကန်ရှင်းသည် ဝူကွေနိုင်ငံကို ကူညီခဲ့ဖူးသော်လည်း ထိုအကူအညီမှာ အကန့်အသတ် ရှိ၏။
ယခု ဂြိုဟ်နှစ်ခုကြား၌ တကယ့်စစ်ပွဲကြီး ဖြစ်တော့မည် ဖြစ်ရာ မိမိတို့ကုံရှင်းအနေဖြင့် ၎င်းကို တောင့်ခံနိုင်ပါ့မလား။
အထူးသဖြင့် ကန်ရှင်းဂြိုဟ်၏ နောက်ကွယ်တွင် မိစ္ဆာတစ်သောင်းနယ်မြေရှိနေသည်ဟူသော ကောလာဟလများကြောင့် ပို၍ စိုးရိမ်စရာ ဖြစ်နေ၏။
မိစ္ဆာနယ်မြေသည် ကျင့်ကြံခြင်း နယ်မြေသုံးခုထက် များစွာ ပိုမို အစွမ်းထက်သည်။
နန်းတော်ခန်းမထဲတွင် ဘုရင်သည် ထိပ်ဆုံးမှထိုင်နေပြီး ကြယ်ခုနစ်ပွင့် မိသားစု ခေါင်းဆောင်များ အားလုံး စုဝေးနေကြ၏။
နောက်ဆုံးအကြိမ် ကြယ်ခုနစ်ပွင့် ခေါင်းဆောင်များ အားလုံး စုဝေးခဲ့ကြသည်မှာ ကျိယွမ်ကို ရင်ဆိုင်ရန် ဖြစ်သည်။
သို့သော် ယခုအခါ ဘုရင်ကတော့ ပြောင်းလဲသွားပြီ ဖြစ်သည်။
ဘုရင်သစ်မှာ သတ္တမမြောက် မင်းသား ဖြစ်နေလေပြီ။
နှစ်ပေါင်း တစ်ရာနီးပါး ကုန်လွန်သွားသော်လည်း သတ္တမမင်းသားမှာ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်၏။
“အားလုံးပဲ၊ ကန်ရှင်းဆီက သတင်းရထားတာ သိပြီးသားဖြစ်မယ်ထင်ပါတယ် ။ ရက်ပေါင်း တစ်ရာအတွင်းမှာ စစ်ပွဲကြီးက စတင်တော့မယ်”
ဘုရင်က တည်ငြိမ်သော်လည်း စိုးရိမ်စိတ် ပါဝင်နေသော အသံဖြင့် ပြောလိုက်သည်။
“ကန်ရှင်းရဲ့ အင်အားက ငါတို့ထက် သာလွန်သလို သူတို့နောက်က မိစ္ဆာနယ်မြေကလည်း နက်နဲလွန်းနေတယ်။ ဒီစစ်ပွဲက... အလွန် ရက်စက်ကြမ်းကြုတ်မှာ သေချာတယ်”
“ဟွန့်... ငါတို့ရဲ့ ကောင်းကင်မျက်လုံးတွေက အလကား မဟုတ်ပါဘူး။ သူတို့ လာရဲရင် ပြန်မသွားနိုင်အောင် လုပ်ပေးလိုက်မယ်”
သက်လတ်ပိုင်းအရွယ် မိသားစုခေါင်းဆောင် တစ်ဦးက ယုံကြည်မှုအပြည့်ဖြင့် ကြုံးဝါးလိုက်သည်။
ကောင်းကင်မျက်လုံးများက သူ့အား ကြီးမားသော ယုံကြည်မှုကို ပေးထားပုံ ရ၏။
“စစ်ပွဲဆိုမှတော့... ဘာပြောစရာ ကျန်သေးလို့လဲ”
“မှန်တယ်၊ စစ်ပွဲက ရှောင်လွှဲလို့ မရဘူး။ ငါတို့ ပြင်ဆင်ထားရမယ်၊ နိုင်ငံတစ်ဝန်းကို စစ်ကာလအဖြစ် ကြေညာရမယ်”
“ဒီနေ့ခေတ်ရဲ့ ချင်းယွမ်ဟာ အရင်က ချင်းယွမ် မဟုတ်တော့ဘူး”
ကန်ရှင်း၏ ခြိမ်းခြောက်မှုအား ထိပ်တိုက်ရင်ဆိုင်ရန်ကိုသာ ကြယ်ခုနစ်ပွင့် မိသားစုများက ရွေးချယ်လိုက်ကြသည်။
မိစ္ဆာနယ်မြေသည် အစွမ်းထက်သော်လည်း နယ်မြေသုံးခုစုပေါင်းအင်အားထက်တော့ များစွာ မသာလွန်နိုင်ဟု သူတို့ ယုံကြည်နေကြ၏။
ထို့အပြင် ကောင်းကင်မျက်လုံး တစ်ရာကျော် ရှိနေသဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်ဟုလည်း ယုံကြည်သည်။
“ဒီကိစ္စကို လူတစ်ယောက်ဆီကိုလည်း သတင်းပို့ရမယ်”
ဘုရင်က အလေးအနက် ဆိုလိုက်သည်။
အခန်းထဲတွင် တိတ်ဆိတ်သွား၏။
သူတို့သည် ထိုသူမှာ မည်သူဖြစ်ကြောင်း ကောင်းစွာ သိကြသည်။
ထိုသူသည် ကုံရှင်း၏ အခိုင်မာဆုံးသော ထောက်တိုင်ကြီး ဖြစ်ရုံသာမက သူတို့၏ ဦးခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားတစ်လက်လည်း ဖြစ်၏။
"အလုပ်သင့်ဆုံးပါပဲ "
............
ချင်းယွမ်နိုင်ငံက စစ်ရေးကာလအဖြစ် ကြေညာနေစဉ် ကျိယွမ်ကတော့ ချင်းယွမ်တွင် ရှိမနေခဲ့ပါ။
သူက ခံတပ်စခန်းထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။
ယခုအချိန်ဆိုလျှင် သူသည် ခံတပ်မှထွက်ကာ ပင်လယ်နက်ဆီသို့ပင် ရောက်နေလေပြီ။
ခံတပ်စခန်းများမှ မူလဇာတ်မြစ်နယ်မြေသို့ ဝင်ရောက်ချင်လျှင် ပင်လယ်နက်ကို ဖြတ်ကျော်ရ၏။
ခံတပ်များမှ မူလဇစ်မြစ်နယ်မြေသို့ ထွက်ခွာသော သင်္ဘောများကို လမ်းကြောင်း ဆယ့်နှစ်ခု ခွဲခြားထားသည်။
ချီယွမ် သွားနေသော လမ်းကြောင်းပေါ်ရှိ သင်္ဘောပေါ်တွင် လူအများအပြား မပါဝင်ဘဲ သိုင်းဘုရင်တစ်ရာခန့်သာ ပါဝင်၏။
ကျိယွမ်သည် နောက်မှီကုလားထိုင်ပေါ်တွင် လဲလျောင်းကာ အေးအေးလူလူ အပန်းဖြေနေသည်။
မူယန်က သူ့အနီးသို့ အပြုံးဖြင့် ချဉ်းကပ်လာ၏။
“ညီအစ်ကိုကျိ၊ ခင်ဗျားကတော့ တကယ့်ကို အေးအေးဆေးဆေး နေနိုင်တာပဲ”
“အဲ့လိုတော့လည်း မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင် ငါ နည်းနည်းလွမ်းဆွတ်သလို ခံစားနေရတယ်”
ကျိယွမ်က သူ့အားပြန်မကြည့်ဘဲ မြူခိုးနက်များထူထပ်နေသော ပင်လယ်ပြင်အားကြည့်နေရင်းမှ ပေါ့ပေါ့ပါးပါး ဖြေ၏။
ဤဂိမ်းသည် အဆုံးသတ်ရန် နီးကပ်နေပြီဟု သူ မရေမရာ ခံစားနေရသည်။
ဂိမ်းပြီးဆုံးသွားပါက သူသည်
မဟာကပ်ဘေးကြီးကို ရင်ဆိုင်ရမည် ဖြစ်၏။
ထိုဘေးဒုက္ခကို ကျော်လွှားပြီးနောက် သူသည် အထက်ဘုံသို့ သွားကာ ကျင်းလီနှင့် တွေ့ဆုံပြီး သူ၏ ဆရာကို ရှာဖွေရမည်။
ယခု သူသည် ဘာကိုမှန်းမသိ လွမ်းဆွတ်မှုကို ခံစားနေရ၏။
ဤဂိမ်းမှ ထွက်ခွာသွားခြင်းသည် မြို့ပြရေးရာဗျူရို မရှိတော့ခြင်းကို ဆိုလိုသည်။
ထို့ကြောင့် ကျင်းလီ ၊ ဆရာမတို့နှင့် တွေ့ဆုံပြီးပါက လက်ထပ်စာချုပ်ရယူရန် နည်းလမ်း ရှိလိမ့်မည်မဟုတ်တော့ပေ။
“သေခြင်းစွမ်းအင်ကမ္ဘာကနေ ထွက်ခွာပြီး မူလဇစ်မြစ်နယ်မြေကို သွားရမှာ... အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း နည်းနည်း နှမြောသလို ဖြစ်မိတယ်”
မူယန်ကလည်း ဝမ်းနည်းရိပ် ပါသော အသံဖြင့် ဆိုသည်။
သေခြင်းစွမ်းအင်ကမ္ဘာသို့ ပထမဆုံး ရောက်ရှိစဉ်က သူတို့သည် နေ့မနား ညမနား တာဝန်များကို ထမ်းဆောင်ခဲ့ကြပြီး သေခြင်းနှင့် ရှင်ခြင်း ကြားတွင် အမြဲ ရုန်းကန်ခဲ့ရ၏။
ယခု မူလဇစ်မြစ်နယ်မြေသို့ ဝင်ရောက်ခြင်းသည် ထိုအခန်းကဏ္ဍ၏ အဆုံးသတ်ကို ဆိုလိုခြင်း ဖြစ်သည်။
သူသည် သိုင်းနတ်ဘုရားဖြစ်လာသည်နှင့် နယ်ရုပ်မဟုတ်တော့ဘဲ ကစားသမား တစ်ဦး ဖြစ်လာပေတော့မည်။
“မင်းရဲ့ နောက်လိုက်တွေ ဘယ်မှာလဲ။ ဘာလို့ မင်းနဲ့ အတူ မရှိတာလဲ”
ကျိယွမ်က တစ်ယောက်တည်းဖြစ်နေသော မူယန်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
မူယန်၏ အနားတွင် ယခင်က ရှေးဟောင်းသိုင်းဘုရင်အဆင့် နောက်လိုက်တစ်ချို့ပါလာခဲ့ပြီး သူတို့သည် မူယန်နှင့်အတူ မူလဇစ်မြသ်နယ်မြေသို့ လိုက်ပါကြရမည် ဖြစ်သည်။
မူယန်၏ အမူအရာ အနည်းငယ် ပျက်ယွင်းသွား၏။
“သူတို့... မလိုက်နိုင်တော့ဘူး။ ဒါ ကျွန်တော့်အပြစ်ပါ...”
မူလဇစ်မြစ်နယ်မြေသို့ ခရီးစဉ်သည် တရားဝင် စတင်နေပြီ ဖြစ်သည်။
အမှန်တကယ်တွင် ယခင်က လမ်းကြောင်းများကို ရှာဖွေရန် စမ်းသပ်ခရီးစဉ်များစွာ ရှိခဲ့ဖူး၏။
ထိုကဲ့သို့သော ခရီးစဉ်တစ်ခုတွင် စစ်ဘုရင်အများအပြားသည် နေရာတစ်ခုတွင် ပိတ်မိသွားခဲ့ဖူး၏။
ထိုနေရာသည် အလွန် ထူးဆန်းနေပြီးခေတ်သစ်သိုင်းဘုရင်များပင် သူတို့၏ တိုက်ခိုက်ရေး စွမ်းရည် ၁ % အောက်သာ ကျန်ရှိတော့သည်အထိ အားနည်းသွားကြသည်။ ပြောရလျှင် သူတို့သည် သိုင်းဝိညာဉ်အဆင့်များထက်ပင် အားနည်းသွားကြ၏။
ထိုခရီးတွင် ခေတ်သစ်သိုင်းဘုရင်ဒါဇင်ပေါင်းများစွာ ပိတ်မိခဲ့ကြသည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ထိုနေရာတွင် ရှေးဟောင်းသိုင်း ကို ကျင့်ကြံသူများကတော့ စွမ်းအား တစ်ဝက်ခန့်သာ အားနည်းသွားကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ထို့နောက်တွင် ပိတ်မိနေသူများကို ကယ်တင်ရန် ရှေးဟောင်းသိုင်းသမားများကို ဖွဲ့စည်းခဲ့သည်။
သို့သော် ထိုကယ်ဆယ်ရေးခရီးစဥ်က ခက်ခဲလွန်းသဖြင့် ရှေးဟောင်းသိုင်းသမားများစွာလည်း အကျအဆုံး များခဲ့ရသည်။
စွမ်းအားတစ်ဝက်သာကျန်ခြင်းမှာလည်း သိသိသာသာအားနည်းသွားခြင်းသာ မဟုတ်ပါလား။
၎င်းကို ကြားသောအခါ ကျိယွမ်က
“ဒါက ရေနွေးငွေ့ရထားတစ်စင်းစက်ရပ်နေလို့ ဘိုးဘေးကို အကူအညီ တောင်းနေရတာနဲ့ ဆင်တူတယ်” ဟု တွေးလိုက်မိသည်။
ထိုစဉ် မျောက်မျက်နှာနှင့် ခေါင်းနှစ်လုံးအမျိုးသမီးကလည်း သူတို့ဆီ ချဉ်းကပ်လာ၏။
“ညီအစ်ကိုကျိ၊ မူယန်က အခု လူအင်အား နည်းနေတယ်။ ရှင် သူနဲ့ ဘာလို့ မပူးပေါင်းတာလဲ။ သူ သိုင်းနတ်ဘုရားအဆင့် ရောက်သွားတဲ့အခါ ရှင့်ကိုလည်း သိုင်းနတ်ဘုရားအဆင့် ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်”
သင်္ဘောပေါ်ရှိ သိုင်းဘုရင်များထဲတွင် အမျိုးအစားနှစ်မျိုး ရှိသည်။
တစ်ခုမှာ သိုင်းနတ်ဘုရားအမှတ်အသားပါသူများ ဖြစ်ပြီး သူတို့သည် မူလဇစ်မြစ်နယ်မြေရှိ စမ်းသပ်မှုကို အောင်မြင်ပါက ဘိုးဘေးသွေးစစ်ဆေးခြင်းကို ခံယူကာ သိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ကြမည့်သူများ ဖြစ်၏။
အခြားတစ်မျိုးမှာ ကျိယွမ်ကဲ့သို့ သိုင်းနတ်ဘုရားအမှတ်အသား မပါသူများ ဖြစ်သည်။ သူတို့သည် အစွမ်းထက်သောသိုင်းဘုရင်များ ဖြစ်ကြသော်လည်း သူတို့၏ အနာဂတ်မှာ အမှတ်အသားရှိသူများလောက် မတောက်ပပေ။
“မလိုပါဘူး”
ကျိယွမ်က ပြုံးလိုက်သည်။
“ငါက လွတ်လပ်တာကို ကျင့်သားရနေလို့”
မူယန် အနည်းငယ် စိတ်ပျက်သွား၏။
“ညီအစ်ကိုကျိ၊ ခင်ဗျား ကျွန်တော့်ကို ကူညီရင် ခင်ဗျား သိုင်းနတ်ဘုရားအဆင့် ရောက်ဖို့ ကျွန်တော် တတ်နိုင်သမျှ ကူညီပေးပါ့မယ်”
မူလဇစ်မြစ်နယ်မြေသို့ သွားကြသူများသည် ရက်ပေါင်း တစ်ရာကြာ ဘိုးဘေးသွေး စစ်ပွဲကို ဆင်နွှဲကြရမည် ဖြစ်သည်။
ထိုကာလအတွင်း သိုင်းနတ်ဘုရားများက စာစစ်သူများအဖြစ် ဆောင်ရွက်ပြီး ပါဝင်သူများ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်ကြပေလိမ့်မည်။
စွမ်းဆောင်ရည် ကောင်းသူများကို ဘိုးဘေးသွေးများပို၍ ချီးမြင့်ကြ၏။
ဘိုးဘေးသွေး၏အဆင့်နှင့် ပမာဏနည်းနည်းရခြင်း များများရခြင်းသည် သူတို့အတွက် ကွဲပြားသော အလားအလာများကို ကိုယ်စားပြုနေသည်။
ကျိယွမ်က မူယန်၏ စကားကို နားထောင်ပြီးနောက် ပျင်းရိစွာဖြင့် တုန့်ပြန်၏။
“ငါက ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား ဖြစ်ချင်တာ။ မင်း အဲ့လိုဖြစ်အောင် ကူညီနိုင်မလား”
မူယန် မှင်တက်သွားသည်။
ဝိညာဥ်လမ်းစဥ်သိုင်းနတ်ဘုရားလား။
သူ ထိုသို့သော ဝေါဟာရမျိုး တစ်ခါမျှ မကြားဖူးပေ။
“အဲ့ဒါကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”
မူယန်က အမှန်အတိုင်းဝန်ခံလိုက်သည်။
“ဒါကြောင့် ကျွန်တော် ကူညီနိုင်မယ်လို့ ကတိမပေးနိုင်ပါဘူး”
သူသည် ရိုးသားသော လူတစ်ဦး ဖြစ်သည်။လိမ်ညာ၍ မျှော်လင့်ချက်မပေးတတ်ပါ။
ကျိယွမ် ဘာမှ ဆက်မပြောတော့ပေ။
ဝိညာဥ်လမ်းစဥ်သိုင်းနတ်ဘုရား ဖြစ်လာရေးမှာ သူ့အတွက် ခက်ခဲသောလျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။
မူလဇစ်မြစ်နယ်မြေရှိ မိုးကြိုးသခင်ရှန်းလဲ့နှင့် အခြားသူများပင် ထိုလမ်းစဥ်နှင့် ပတ်သက်သော သတင်းအချက်အလက်ကို ရှာမတွေ့သေးပေ။
၎င်းမှာ သူ့အတွက် ကြီးမားသောပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်။
ဘာလုပ်ရမယ်မှန်းမသိတဲ့တာဝန်ကို ငါက ဘယ်လိုပြီးအောင်လုပ်ရမှာလဲ။
မျောက်မျက်နှာနှင့် အမျိုးသမီးသည် ကျိယွမ်ကို ကြည့်ကာ သနားသလို ခံစားလိုက်ရသည်။ သူမ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် မူယန်က သူမကို ခေါ်ထုတ်သွားလေ၏။
သူတို့ အောက်ထပ်သို့ ရောက်သောအခါ မျောက်မျက်နှာနှင့် အမျိုးသမီးက စိတ်မကောင်းသလို ညည်းညူသည်။
“ကျိယွမ်က သူ ဘာကို လက်လွှတ်လိုက်ရလဲဆိုတာ မသိဘူး။ မူယန်.. နင့်ရဲ့ ပါရမီနဲ့ဆိုရင် နင်က တစ်နေ့မှာ ကြီးမြတ်တဲ့သိုင်းနတ်ဘုရား ဖြစ်လာမှာ သေချာတယ်။ သူ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်ဆို နင့်ကို တွေ့ခွင့်တောင် ရတော့မှာ မဟုတ်ဘူး”
မူယန်၏ ပါရမီမှာ အမှန်တကယ် ထူးချွန်လှ၏။
ဤသင်္ဘောပေါ်ရှိ သိုင်းဘုရင်များထဲတွင် သူ၏ ပါရမီမှာ ထိပ်ဆုံး သုံးယောက်စာရင်းဝင် ဖြစ်သည်။
မူလဇစ်မြစ်နယ်မြေသို့ သွားကြသော သိုင်းဘုရင်အားလုံးကိုတွက်လျှင်ပင် သူ၏ ပါရမီမှာ ထိပ်ဆုံး သုံးဆယ်စာရင်းဝင်၏။
“အင်း... လူတိုင်းမှာ ကိုယ်ပိုင်လမ်းကြောင်းတွေ ရှိကြတာပဲ။ အတင်းအကျပ် လုပ်စရာ မလိုပါဘူး။ တောင်နဲ့မြစ်ပန်းချီကားထဲမှာ အတွေ့အကြုံတွေ အများကြီး ရခဲ့ပြီးပြီ၊ သေခြင်းရှင်ခြင်း အခြေအနေတွေ လည်း အများကြီး ကြုံခဲ့ပြီးပြီဆိုတော့ အရာအားလုံးကို လက်လွှတ်တတ်ဖို့ သင်ယူခဲ့ပြီးသား ဖြစ်ရမှာပေါ့”
မူယန်က လေးနက်စွာဆိုသည်။
မျောက်မျက်နှာနှင့် အမျိုးသမီးသည် မူယန်၏ လေးနက်သောအမူအရာကို မြင်သောအခါ ထပ်မံ၍ မတိုက်တွန်းတော့ပေ။
“မူယန်၊ နင့်ရဲ့ ဘိုးဘေးက ဒီဘိုးဘေးသွေးစစ်ပွဲအတွက် စာစစ်သူ တစ်ယောက် ဖြစ်မယ်လို့ ငါ ကြားထားတယ်။ နင် သူ့ကို ငါ့အတွက် ကူညီပေးဖို့ ပြောပေးနိုင်မလား”
သူမ၏လေသံမှာ နှိမ့်ချဟန်များ ပါဝင်နေ၏။
ဘိုးဘေးသွေး စစ်ပွဲအတွက် စာစစ်သူ ၃၆ ဦး ရှိမည် ဖြစ်ပြီး ၎င်းတို့အနက် ၃ ဦးမှာ အဓိက စာစစ်သူများ ဖြစ်ကြသည်။
မူယန်၏ သွေးရင်းဘိုးဘေးမှာ ကြီးမြတ်သောသ်ုင်းနတ်ဘုရား တစ်ဦး ဖြစ်ပြီး အဓိက စာစစ်သူ သုံးဦးထဲမှ တစ်ဦး ဖြစ်၏။
အကယ်၍ ထိုသို့သော စာစစ်သူ တစ်ဦးကသာ ကူညီမည်ဆိုပါက ပြိုင်ပွဲဝင်သူ၏ စွမ်းဆောင်ရည် မကောင်းလျှင်ပင် “ထူးချွန်” အဆင့် သတ်မှတ်ခြင်း ခံရနိုင်သည်။
“ငါ ကတိမပေးနိုင်ဘူး။ လူတိုင်းက ကိုယ့်စွမ်းဆောင်ရည်အပေါ်ပဲ မူတည်ရမယ်”
မူယန်က သူ၏ပင်ကိုယ်စိတ်အတိုင်း ပြန်ဖြေလိုက်သည်။
သူသည် ထိုအမျိုးသမီးနှင့် ခင်မင်သည်ဆိုသော်လည်း အလွန်အမင်းမပတ်သတ်ချင်ပါ။
ထိုအချိန်တွင် ကျိယွမ်ကတော့ သူ၏ ကုလားထိုင်ပေါ်တွင် အေးအေးလူလူလဲလျောင်းကာ ကောင်းကင်ကို ကြည့်နေ၏။
တစ်ခါတစ်ရံ ပင်လယ်နက်ထဲကိုလည်း လှမ်းကြည့်နေတတ်သည်။
လူကငြိမ်နေသော်လည်း အချက်အလက်စီးကြောင်းပေါင်းများစွာကတော့ သူ၏ စိတ်ထဲတွင် စီးဆင်းနေကြ၏။
“ဒီနေရာက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ အချိန်ရဲ့ အကြွင်းအကျန်တွေနဲ့ ပြည့်နေတာပဲ။ ငါတို့ သင်္ဘောက အချိန်ကို ဆန့်ကျင်ပြီး လက်ရှိကနေ အတိတ်ကို၊ အချိန်မြစ်ကမ်းပါးအတိုင်း ပြောင်းပြန်ခရီးနှင်နေသလိုပဲ။ ဒါ ကျူးယန်အတွက် အသင့်တော်ဆုံး နေရာပဲ”
ကျူးယန်၏ နတ်ဘုရားနယ်ပယ်သည် အချိန်နှင့် ဆက်နွှယ်နေသည်။
ကျူးယန်ကို ဤနေရာသို့ ခေါ်ပြီး အချိန်၏ လျှို့ဝှက်ချက်များကို နားလည်စေပါက သူမ၏ အင်အားကို လျင်မြန်စွာ တိုးတက်စေနိုင်မှာ သေချာ၏။
"ငါ့မိန်းမကို ခေါ်ရမဲ့အချိန်ပဲ "
-------------
အခန်း ၃၆၅ - နင့်မှာ ကျောထောက်နောက်ခံရှိတယ်၊ ငါ့မှာ ငါကိုယ်တိုင်ရှိတယ်
"ယောက်ျား... ဒါက ပင်လယ်နက်ဆိုတာလား။"
ကျူးယန်၏ သေးသွယ်သောခန္ဓာကိုယ်လေးပေါ်လာပြီး သူမ၏ မျက်လုံးများမှာလည်း စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ကျိယွမ်၏စွမ်းအားက ယင်နတ်ဘုရား နယ်ပယ်အတွင်းသို့ ပထမဆုံး စတင်ဝင်ရောက်စဉ်ကတည်းက သူသည် ကျူးယန်ကို သေခြင်းစွမ်းအင်ကမ္ဘာအတွင်းသို့ ခေါ်ဆောင်နိုင်စွမ်းရှိလာခဲ့သည် ။သူ၏စွမ်းအားကြောင့် သူမကို ဆင့်ခေါ်ရန်မှာ လွယ်ကူသော အလုပ်တစ်ခုပင်။
သို့သော်လည်း ကျိယွမ်သည် များသောအားဖြင့် မစ်ရှင်များ သွားသည့်အခါ ကျူးယန်ကို ခေါ်မသွားတတ်ပေ။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်ကတော့ အိမ်မှာ ကျန်ခဲ့ရမည် မဟုတ်ပါလား။
အိမ်စောင့်မရှိလျှင် မမျှော်လင့်ထားသည်များ ဖြစ်ပွားတတ်၏။
“ဒီနေရာကို ဘယ်လိုသဘောရလဲ။ နင်နဲ့ သင့်တော်ရဲ့လား။”
ကျိယွမ်က ပင်လယ်နက်ဘက်သို့ လက်ညှိုးညွှန်လိုက်သည်။
“အတိုင်းအဆမဲ့တဲ့ အချိန်ကာလ စွမ်းအားတွေ၊ အစစ်အမှန်ရော အတူအယောင်တွေရော ရောနှောနေတာပဲ... ဒီပင်လယ်နက်ကို ဖန်တီးခဲ့တဲ့သူက အတိုင်းအထက်အလွန် အစွမ်းထက်ရမယ်”
ကျူးယန်၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်ရိပ်များ အနည်းငယ် ပေါ်လာ၏။
“အင်း...မဟာဉာဏ်ပညာရှိ ပြောပုံအရဆိုရင် ဒါက ကောင်းကင်ဘုံ၌နေရာယူခြင်းအဆင့်ထက်တောင် ကျော်လွန်နိုင်တယ်”
ကျိယွမ်ကလည်း တွေးတွေးဆဆ ပြောလိုက်သည်။
ဖန်ထုန်ကမ္ဘာတွင် သူတွေ့ခဲ့ရသော ယန်နတ်ဘုရား သားအဖမှာ ကောင်းကင်ဘုံ၌နေရာယူခြင်းအဆင့်ဖြစ်သော်လည်း သာမညအဆင့်လေးများသာဖြစ်သည်။
သို့သော် ကမ္ဘာ့များကို ပြန်လည်စတင်သတ်မှတ်နိုင်ခြင်း၊ တောင်နှင့်မြစ်ပန်းချီပားများကို ဖန်တီးနိုင်ခြင်းနှင့် အတိတ်နှင့်ပစ္စုပ္ပန်ကို ဆက်သွယ်ပေးထားသော ပင်လယ်နက်ကို သွန်းလုပ်နိုင်ခြင်းစသည့်များကို လုပ်နိုင်သော ဤဂိမ်း၏ ဘော့စ်မှာမူ သာမန်ယန်နတ်ဘုရားတစ်ပါး၏ စွမ်းဆောင်နိုင်ရည်ထက် များစွာသာလွန်နေ၏။
ကောင်းကင်ဘုံ၌ခြေချခြင်းအဆင့်၏ အထက်တွင် မူလသဘောတရားနယ်ပယ်ရှိသည်။ ထို့အထက်တွင်လည်း ပိုမြင့်သော အဆင့်များ ရှိနေသေးသည်။
ထို့ကြောင့် သူတို့မြင်နေရသော စွမ်းအားမှာ မူလသဘောတရားနယ်ပယ်မှလား သို့မဟုတ် ထို့ထက် ပိုလွန်သော အရာလားဆိုသည်ကို ကျိယွမ် မသေချာပေ။
“ယောက်ျား... သတိထားရမယ်နော်”
ကျူးယန်က ကျိယွမ်အားစိတ်မချသလို ဆိုသည်။
ယခုအခါ သူမသည် ရှက်ရွံ့နေခြင်းမရှိဆော့ဘဲ ကျိယွမ်ကို "ယောက်ျား" ဟု ခေါ်နိုင်နေလေပြီ။
“အင်း။”
ကျိယွမ်က ခေါင်းငြိမ့်ပြကာ သူမ၏ မျက်နှာလေးကို လက်ဝါးနှစ်ဖက်ဖြင့် ညှပ်ယူကာ ဆွဲညှစ်လိုက်သည်။
“စိတ်မပူပါနဲ့။ ငါက ကစားသမားတစ်ယောက်ပဲဟာ။ ပြီးတော့ ငါ့လို အားနည်းပြီး အစွမ်းမရှိတဲ့ စိတ် ဝိညာဥ်အဆင့်လေးတစ်ယောက်ကို ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေက ဘယ်လိုလုပ် သတိထားမိမှာလဲ။”
ကျူးယန်က တခိခိရယ်မောလိုက်၏။
“ငါပြန်သွားပြီး တခြား အမြုတေတွေကိုလည်း ဆင့်ခေါ်လိုက်ရမလား။”
ဂိမ်းကစားနေစဥ် နှစ်ပေါင်းများစွာအတွင်း ကျိယွမ်သည် ကြယ်တာရာအမြုတေကိုးခုအထိ ကျင့်ကြံနိုင်ခဲ့၏။
ကန်းလန်နယ်မြေရှိ လူများမှာတော့ ကောင်းကင်တွင် နေဆယ်စင်းတိတိ ထွက်ပေါ်နေသဖြင့် ဘာကိုမှန်းမသိ ကြောက်ရွံ့နေကြကုန်သည်။
ကျိယွမ်သည် ကန်းလန်နယ်မြေသို့ ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်မည့်အလုပ်တစ်ခုရှိ၏။
ကန်းလန်နယ်မြေသို့ရောက်သည်နှင့် လေးကိုင်တတ်သော "ယီ" ဟု အမည်ရသည့် မည်သည့် ကျင့်ကြံသူ သို့မဟုတ် စစ်သည်တော်ကိုမဆို တစ်နယ်မြေလုံး အနှံ့ လိုက်လံရှာဖွေရန် ဖြစ်သည်။
ထိုသို့သောသူများကို အနီးကပ် စောင့်ကြည့်ရပေလိမ့်မည် ။
ဟုန်ယီဆိုတဲ့ကောင် ပေါ်လာပြီး ငါ့ရဲ့နေတွေကို ပစ်ချလိုက်ရင် ငါ့ဘဝပျက်ပြီ။
(ဟုန်ယီ = ဒဏ္ဍာရီထဲ၌ နေဆယ်လုံးကို မြှားဖြင့်ပစ်ချခဲ့သူ ၊ လနတ်သမီးချန်အယ်၏ ယောက်ျား)
“မလိုပါဘူး။ အမြုတေကိုးခုက နည်းလွန်းသေးတယ်။ အရေအတွက်နဲ့တင် နိုင်ဖို့ ခက်တယ်။ ငါ့မှာ အမြုတေ ၉,၉၉၉ ခု ရှိတဲ့အထိ စောင့်လိုက်ပါဦး၊ အဲဒီကျမှ ဆွေးနွေးကြတာပေါ့”
ကျိယွမ်က ဆိုသည်။
ကြယ်တာရာအမြုတေကိုးခုမှာ အလွန်နည်းပါးသည်ဟု ခံစားရပြီး ၎င်းတို့၏ အရည်အသွေးမှာလည်း မကောင်းလှပေ။ သူသည် ပိုကြီးမားသော အရာတစ်ခုခုကို ဝါးမျိုပြီး ၎င်းကို အာကာသတွင်းနက်ကြီး(black hole) အဖြစ် ပြောင်းလဲရန် စမ်းသပ်လိုသည်။
နေတွေကစွမ်းတယ်ဆိုပေမဲ့ အာကာသတွင်းနက်ကြီးတွေလောက်တော့ ဘယ်စွမ်းမလဲ ။ ငါ့အမြုတေကို အာကာသတွင်းနက်ကြီးဖြစ်အောင် စမ်းသပ်ရမယ် ။
“ပင်လယ်နက်က အချိန် စွမ်းအားတွေ ကြွယ်ဝတယ်။ သွေးနဂါးသားရဲတွေရဲ့ ခန္ဓာကိုယ်တွေထဲမှာတောင် အဲဒီစွမ်းအားတွေ ပြည့်နေတာ။ ဒါက နင့်အတွက် အများကြီး အကျိုးရှိလိမ့်မယ်။ နင် ဒီမှာပဲ နေခဲ့ပါ”
ကျိယွမ်က ကျူးယန်ကို ဤနေရာတွင်လေ့ကျင့်စေချင်နေသည်။
သူမက ချီယွမ်ကို ကြည့်လိုက်ရာ သူမ၏ အကြည့်များမှာ ဝေဝါးသွား၏။
“ဒီတစ်ခါတော့ ငါ ယန်နတ်ဘုရား နယ်ပယ်ထဲကို အရောက်ဝင်မယ်လို့ ဆုံးဖြတ်ထားတယ်”
၎င်းကို ကြားရသောအခါ ကျိယွမ် စိတ်မသက်မသာ ဖြစ်သွားပြီး သက်ပြင်းချ၏။
“နင်တို့ကျတော့လည်း ယန်နတ်ဘုရား နယ်ပယ်ထဲ ဝင်ရတာ သိပ်လွယ်တာပဲ”
မူလဇစ်မြစ်နယ်မြေထဲသို့ ဝင်ရောက်လာသော စိတ်ဝိညာဥ်အဆင့် တိုင်းနီးပါးမှာလည်း ယန်နတ်ဘုရား ဖြစ်လာကြမည် ဖြစ်သည်။
ကျူးယန်ကလည်း ဤပင်လယ်နက်ထဲမှ အချိန်ကာလ စွမ်းအားများကို အပြည့်အဝ စုပ်ယူနိုင်ခဲ့လျှင် ယန်နတ်ဘုရား နယ်ပယ်သို့ တက်လှမ်းရန် အရည်အချင်း ပြည့်မီသွားမည် ဖြစ်သည်။
တစ်ဖက်တွင်မူ ကျိယွမ်သည် ဂိမ်းကစားနေသောအချိန်မျိုးမှာပင် ကျင့်ကြံခြင်းကို အမြဲအာရုံစိုက်ကာ နေ့ညမပြတ် ကြိုးစားအားထုတ်နေခဲ့သူဖြစ်၏။
သို့သော်လည်း ဤမျှ ကြိုးစားခဲ့ပါသော်လည်း သူသည် စိတ်ဝိညာဥ်အဆင့်မှာသာ ရှိနေသေးသည်။
သူ၏ ဂိမ်းဇာတ်ကောင်တွင် ယန်နတ်ဘုရားတစ်ပါး၏စွမ်းအား ရှိနေသော်လည်း ၎င်းမှာ ဂိမ်းထဲတွင်သာ ဖြစ်သည်။ လက်တွေ့ဘဝတွင်မူ သူသည် စိတ်ဝိညာဥ်အဆင့် အဖြစ်သာ ကျန်ရှိနေသေးသည် မဟုတ်ပါလား။
“ငါ ယန်နတ်ဘုရား ဖြစ်လာတဲ့အခါ နင့်ကို ကာကွယ်ပေးမယ်”
ကျူးယန်က ပျော်ရွှင်စွာရယ်မောလိုက်ရင်းမှ သွယ်လျသောလက်မောင်းလေးများဖြင့် ကျိယွမ်၏ လည်တိုင်အားဆွဲခိုကာ နှုတ်ခမ်းကို ဖိကပ် နမ်းရှိုက်လိုက်သည်။
“အဲဒီအချိန်ကျရင် ငါ့ရဲ့ အတိတ်ဘဝခန္ဓာရော ၊ ပစ္စုပ္ပန်ဘဝခန္ဓာရောက နင့်ရဲ့ အနားမှာ ရှိနေမှာပါ”
စကားအဆုံးတွင် ကျူးယန်သည် ပျောက်ကွယ်သွားပြီး ပင်လယ်နက်ထဲသို့ ဝင်ရောက်သွား၏။
ဒဏ္ဍာရီလာအဆင့်ပုဂ္ဂိုလ်တစ်ဦးသည် ယန်နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်သောအခါ ၎င်းတို့သည် အတိတ်ဘဝခန္ဓာနှင့် ပစ္စုပ္ပန်ဘဝခန္ဓာနှစ်မျိုးလုံးကို ထင်ရှားစေသည်။
အတိတ်ဘဝခန္ဓာ၏ စွမ်းအားမှာ ဒဏ္ဍာရီလာအဆင့်ပုဂ္ဂိုလ်တစ်ဦးနှင့် ယှဉ်နိုင်ပြီး ပစ္စုပ္ပန်ဘဝခန္ဓာမှာမူ ၎င်းတို့၏ စစ်မှန်သော ကိုယ်ထည် ဖြစ်သည်။
ပုံမှန်အားဖြင့် အတိတ်ဘဝခန္ဓာက ကိစ္စအရပ်ရပ်ကို ကိုင်တွယ်ပြီး ပစ္စုပ္ပန်ဘဝခန္ဓာကမူ လူသူကင်းမဲ့ရာ၌ တစ်သီးပုဂ္ဂလ နေထိုင်ကာ ကျင့်ကြံနေတတ်ကြ၏။
သို့သော် အစွမ်းထက်သော ယန်နတ်ဘုရား တစ်ပါးအတွက်မူ အတိတ်ဘဝခန္ဓာမှာလည်း ယန်နတ်ဘုရား တစ်ပါး၏ စွမ်းအား ရှိနေနိုင်သည်။
သို့သော် ကျိယွမ်မှာမူ ကွဲပြား၏။
သူသည် ဂိမ်းထဲတွင် ယန်နတ်ဘုရား အဆင့်သို့ ရောက်ရှိနေလျှင်ပင် သူ၌ ကိုယ်ပွားများ မရှိပေ။ သူသည် သူကိုယ်တိုင်သာ ဖြစ်သည်။
ကျူးယန် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျိယွမ်၏ မျက်လုံးများတွင် လေးနက်သော အမူအယာများ ထင်ဟပ်လာ၏။
သူက အလေးအနက်တွေးတောရင်း တစ်ယောက်တည်း ကျန်နေခဲ့သည်။
............
ပင်လက်နက်၏ မြူမည်းများ တဖြည်းဖြည်းလွင့်ပါးလာသည်။
သင်္ဘောပေါ်ရှိ လူတိုင်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာ၏။
အားလုံးက ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်ကြပြီး မျက်နှာများမှာ ပျော်ရွှင်မှုများဖြင့် လင်းလက်သွားသည်။
“မူလဇစ်မြစ်နယ်မြေကို ရောက်ပြီ”
“ငါတို့ နောက်ဆုံးတော့... အရာအားလုံးရဲ့ အစကို ရောက်လာခဲ့ပြီ”
အထွတ်အထိပ်သိုင်းဘုရင်များမှာ သိသိသာသာ စိတ်လှုပ်ရှားနေကြပြီး သူတို့၏ ပျော်ရွှင်မှုကို ထိန်းချုပ်ရန် ပင် ခက်ခဲနေသည်။ သူတို့အားလုံးသည် ရပ်တန့်နေရခြင်းကို မလိုချင်ပါ ၊ ပို၍တိုးတက်ချင်ကြ၏။
တောင်နှင့်မြစ်ပန်းချီကားများနှင့် ခံတပ်များတွင် သူတို့၏ လမ်းကြောင်းမှာ သိုင်းဘုရင်အဆင့်တွင် ပိတ်ဆို့ခံထားရသည်မှာ ကြာပြီ ဖြစ်သည်။
မူလဇစ်မြစ်နယ်မြေကို ရောက်မှသာ သိုင်းနတိဘုရားနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကို ရပေလိမ့်မည်။
“အားလုံးပဲ၊ မူလဇစ်မြစ်နယ်မြေက နီးနေပြီ။ နှုတ်ဆက်ခဲ့ပါတယ်”
ထိုအချိန်တွင် အထွတ်အထိပ်သိုင်းဘုရင်တစ်ဦးသည် သင်္ဘောပေါ်မှ လွှားခနဲခုန်ချကာ ပင်လယ်နက်ထဲသို့ ဆင်းသွားလေသည်။
“ကျွန်တော်လည်း နှုတ်ဆက်ခဲ့ပါတယ်”
မကြာမီမှာပင် အခြားသော အထွတ်အထိပ် သိုင်းဘုရင်များကလည်း တစ်ယောက်ပြီးတစ်ယောက် တလွှားလွှား ခုန်ချသွားကြ၏။
ထိုသို့ ထွက်ခွာသွားသော သိုင်းဘုရင်များမှာ သိုင်းနတ်ဘုရားအမှတ်အသားမပါသူများ ဖြစ်ကြသည်။
သူတို့သည် လွတ်လပ်မှုကို ကျင့်သားရနေပြီဖြစ်ကာ အမှတ်အသားပါသောသိုင်းဘုရင်များ၏ နောက်သို့လည်း မလိုက်ချင်ကြပေ။ သူတို့က သူတို့၏ ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေကြည့်ချင်နေကြဆဲ ဖြစ်သည်။
ယခုလို ကမ်းသို့ မရောက်မီ ထွက်ခွာသွားခြင်းမှာ သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏၊ အကြောင်းမှာ သူတို့သည် ကမ်းပေါ်တွင် စောင့်နေကြမည့် သိုင်းနတ်ဘုရားများကို မယုံကြည်သောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် ကျိယွမ်သည် ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး သူ၏ မျက်လုံးများ၌လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
“အစမှတ်ကို ပြန်သွားရတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ”
ထို့နောက် သူက မူယန်ကို ကြည့်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ညီအစ်ကို မူ၊ ငါ့ကို စောင့်နေတဲ့ သူငယ်ချင်းတချို့ ရှိလို့ ဒီမှာပဲ လမ်းခွဲကြရအောင်။ ငါတို့ ပြန်ဆုံချင် ဆုံဦးမှာပါ”
ထိုသို့ပြောပြီးနောက် ကျိယွမ်ကလည်း အခြား အထွတ်အထိပ် သိုင်းဘုရင်များကဲ့သို့ပင် ပင်လယ်နက်ထဲသို့ လွှားခနဲခုန်ချကာ ပျောက်ကွယ်သွားသည်။
၎င်းကို ကြည့်ရင်း မူယန်မှာ နောင်တရသလို နှမြောစွာညည်းညူ၏။
“ညီအစ်ကိုကျိက ငါ့ကို ကူညီဖို့ ငြင်းနေတုန်းပဲ။ နှမြောစရာကောင်းလိုက်တာ”
သူ၏ဘေးတွင်ရပ်နေသော မျောက်မျက်နှာနှင့် အမျိုးသမီးကတော့ ခနဲ့သလိုရယ်လိုက်သည်။
“အဲဒီလူက တော်တော်လေးကို တစ်မျိုးပဲနော်။ သိုင်းနတ်ဘုရားတွေရဲ့ ပစ်မှတ်ထားတာခံရမှာ ကြောက်လို့ စောစောထွက်သွားတာကို သူငယ်ချင်းတွေ ရှိတယ်ဆိုပြီး ဆင်ခြေပေးသွားတာ။ ဒီနေရာမှာ သူလိုလူက ဘာသူငယ်ချင်း ရှိမှာလဲ။"
" ဟွန်း...မူယန်က သိပ်ပြီး သဘောကောင်းလွန်းတယ်။ ငါသာ နင့်နေရာမှာဆိုရင် သူ့ကို ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။ သူ ကမ်းပေါ်ကိုတောင် ရောက်မှာ မဟုတ်ဘူး”
မူယန်မှာ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ဖြစ်သွားသည်။
ထိုအခိုက်မှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ ထွက်သွားမလို့ပဲ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့အတင်းပြောနေတာ ကြားလိုက်လို့ ပြန်လာတာ”
ကျိယွမ်၏ ပုံရိပ်သည် သင်္ဘောပေါ်တွင် ပြန်လည်ပေါ်လာပြီး သူ၏ မျက်လုံးများမှာ တည်ငြိမ်ကာ ပြုံးယောင်သန်းနေ၏။
ကျိယွမ်ကို မြင်သောအခါ မျောက်မျက်နှာနှင့် အမျိုးသမီး၏ မျက်နှာမှာ သူခိုးလူမိသလို ရှက်ရွံ့မှုကြောင့် နီရဲသွားသော်လည်း သူမက သူမ၏ အမူအရာကို ချက်ချင်းပင် တင်းမာအောင် ပြင်လိုက်သည်။
“ငါ နင့်အတင်းပြောနေတာ မဟုတ်ဘူး၊ အရှိကို အရှိအတိုင်း ပြောနေတာ။ နင်က သာမန် အထွတ်အထိပ် သိုင်းဘုရင်တစ်ယောက်ပဲ။ ခံတပ်မှာတော့ မင်းက အရေးပါတဲ့လူ ဖြစ်နိုင်ပေမဲ့ ဒီ မူလဇစ်မြစ်နယ်မြေမှာ နင်က ဘာမို့လို့လဲ”
သူမ၏ သိုင်းနတ်ဘုရားအမှတ်အသား နှင့် သူမကို ထောက်ပံ့ထားသော သိုင်းနတ်ဘုရားကို တွေးမိသောအခါ မျောက်မျက်နှာနှင့် အမျိုးသမီးမှာ ပို၍ ရဲတင်းလာသည်။
လူဆိုသည်မှာ အမြဲတမ်း ဤကဲ့သို့ပင်။
သူတို့ အားနည်းနေချိန်တွင် သတိထားတတ်ကြပြီး အန္တရာယ်ရှိသော ရန်သူများကို ရန်စရန် ကြောက်ရွံ့တတ်ကြသည်။ သို့သော် သူတို့အားကိုးစရာများ ရရှိလာသောအခါ မောက်မာပြီး ဆင်ခြင်တုံတရား ကင်းမဲ့လာတတ်ကြ၏ ။
မျောက်မျက်နှာနှင့် အမျိုးသမီးမှာလည်း ထိုအတိုင်းပင်။ နောက်ခံအားကိုးကြောင့် သူမကိုယ်သူမ အခြားသူများထက် သာလွန်သည်ဟု စတင် ယုံကြည်လာခဲ့သည်။
မူယန်၏ အမူအရာမှာတော့ မှောင်မည်းသွားသည်။
“နင် မှားနေပြီ ၊ သူက ကြားသွားမှတော့ တောင်းပန်တာက အမှန်ကန်ဆုံးလုပ်ရပ်ပဲ”
မျောက်မျက်နှာနှင့် အမျိုးသမီးမှာ မတရားခံရသည်ဟု ခံစားလိုက်ရ၏။
သူမက မတောင်းပန်ချင်သော်လည်း လာမည့် ဘိုးဘေးသွေးတိုက်ပွဲအတွက် မူယန်၏ အကူအညီကို လိုအပ်နေသေးသည်ကို ပြန်သတိရလိုက်သည်။
သူမက ကျိယွမ်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူမ၏ အမူအရာမှာ စိတ်ရှုပ်ထွေးနေပြီး တွေဝေနေ၏။
ထိုအချိန်တွင် ကျိယွမ်က လက်ကာပြလိုက်သည်။
“တောင်းပန်ဖို့ မလိုပါဘူး”
မျောက်မျက်နှာနှင့် အမျိုးသမီးမှာ သူမက သူ့ကို ခြိမ်းခြောက်လိုက်နိုင်ပြီဟု ထင်သွားပြီး ကျိယွမ်အပေါ် သူမ၏ အထင်အမြင်သေးမှုမှာ ပို၍ နက်ရှိုင်းလာသည်။
သို့သော် ကျိယွမ်က နှာခေါင်းရှုံကာ ဆက်ပြောလိုက်၏။
“သူ တောင်းပန်လိုက်ရင် ငါ သူ့ကို မသတ်ရက်ဘဲ ဖြစ်သွားလိမ့်မယ်။ ငါ သူ့ကို အခုမသတ်ဖြစ်ရင် နောက်မှ သူ့ကို သတ်မိရင် ငါ့မှာ အပြစ်ရှိသလို ခံစားနေရလိမ့်မယ်”
မျောက်မျက်နှာနှင့် အမျိုးသမီး၏ မျက်နှာမှာ ဖြူလျော့သွားပြီး ချက်ချင်းပင် သတိရှိသွားသည်။
“နင် ငါ့ကို မသတ်ရဲပါဘူး! ငါ့နောက်မှာ ဘယ်သူရှိလဲ နင်သိလား”
“သာမန်လူတစ်ယောက်ရဲ့ ဒေါသကလည်း ငါးလှမ်းအတွင်းမှာ သွေးမြေကျစေနိုင်တယ်။ ငါ ဘာလို့ မသတ်ရဲရမှာလဲ။ ငါ့မှာ ကျောထောက်နောက်ခံ သိုင်းနတ်ဘုရားဘိုးဘေး မရှိတာနဲ့တင် နင့်ရဲ့ အနိုင်ကျင့်တာကို ခံရတော့မှာလား။ ဒီကမ္ဘာကြီးက ငါ့လို ကျောထောက်နောက်ခံ မရှိတဲ့လူတွေအပေါ် သိပ်ပြီး မတရားတာပဲ”
ရုတ်တရက် ကျိယွမ်သည် သူ့တွင် သိုင်းနတ်ဘုရား ဘိုးဘေးမရှိသော်လည်း သိုင်းနတ်ဘုရား"မြေး" တစ်ယောက် ရှိနေသည်ကို သတိရသွားသည်။
၎င်းကို "ရှေ့ထွက်ကိုယ်စားလှယ်" ရှိသည်ဟု မှတ်ယူ၍ ရနိုင်မလား။
ဘိုးက နောက်ခံဆိုရင် မြေးက ရှေ့ခံ ပေါ့ ။
ငါ့မှာ ကျောထောက်နောက်ခံ မရှိပေမဲ့ ရှေ့ထွက်ကိုယ်စားလှယ်တော့ ရှိတယ်။
ဒါပေမဲ့ ရှေ့ထွက်ကိုယ်စားလှယ်ဆိုတာက တရားဝင်ပါ့မလား ။
ကျိယွမ်မှာ တွေးရင်းမှ အတွေးများ ရှုပ်ထွေးလာသဖြင့် ဆက်မတွေးနေတော့ပေ၊ သို့မဟုတ်ပါက သူ၏ ဦးနှောက်မှာ ဒဏ်ပိသွားနိုင်ပေသည်။
“သေလိုက်တော့..."
သူက နောက်ထပ်မည်သည့်စကားမှ မပြောတော့ဘဲ ရုတ်တရက် တိုက်ခိုက်လိုက်သည်။
မူယန်သည် ကျိယွမ်လက်လှုပ်လိုက်သည်ကို မြင်သောအခါ တင်းမာသွားပြီး အမြန်တားမြစ်လ်ုက်၏။
“သူ့ကို ချမ်းသာပေးလိုက်ပါ”
နောက်ဆုံးတွင် မျောက်မျက်နှာနှင့် အမျိုးသမီးမှာ သိုင်းနတ်ဘုရားတစ်ဦး၏ အနွယ်ဝင် ဖြစ်သည်။ ကျိယွမ်က သူမကို သတ်လိုက်လျှင် သိုင်းနတ်ဘုရားက သူ့ကို ပစ်မှတ်ထားလာမည်ဖြစ်ပြီး မူလဇစ်မြစ်နယ်မြေတွင် အသက်ရှင်ရန် ခက်ခဲသွားပေလိမ့်မည်။
မူယန်၏အမြင်တွင် ကျိယွမ်၏ စွမ်းအားမှာ ထိပ်တန်း အထွတ်အထိပ် သိုင်းဘုရင်များထဲမှ တစ်ဦးဖြစ်ပြီး မျောက်မျက်နှာနှင့် အမျိုးသမီးမှာ သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် သူသည် သူ့ကို စည်းရုံးရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
“အာ....မင်း အော်တာ နောက်ကျသွားတယ်။ ကောင်းပြီ၊ သူ့ရဲ့ လူသားဘက်ခြမ်းက ခေါင်းကတော့ ကျန်နေသေးတာပဲ။ ဒါက ချမ်းသာပေးလိုက်တာလို့ မှတ်လို့ရတယ် မဟုတ်လား”
ကျိယွမ်က ပေါ့ပေါ့ပါးပါးဆိုကာ မျက်နှာတစ်ခုကို မူယန်ထံသို့ လက်လွယ်စပယ် ပစ်ပေးလိုက်သည်။
မျောက်မျက်နှာနှင့် အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းမှာ အစအနမကျန် ပျောက်ကွယ်သွားပြီး မူယန်အတွက် လူသားမျက်နှာ တစ်ခုသာ ကျန်ရစ်ခဲ့၏။
မူယန်၏ နှလုံးသားမှာ တင်းကျပ်သွားလေသည်။
သူမ တကယ်ပဲ သေသွားပြီ ။
“ညီအစ်ကိုကျိ...မင်း ပြဿနာအကြီးကြီး ရှာလိုက်ပြီ”
မူယန်က မျောက်မျက်နှာအမျိုးသမီး၏မျက်နှာကို ကိုင်ရင်း နောင်တရစွာ ပြောလိုက်သည်။
“သူ့မှာ သိုင်းနတ်ဘုရားအမှတ်အသားရှိပြီး အဲဒီသိုင်းနတ်ဘုရားက သူ့ကို စောင့်ကြည့်နေတာ။ အခု မင်း သူ့ကို သတ်လိုက်ပြီဆိုတော့ သိုင်းနတ်ဘုရားက မင်းနောက်ကို လိုက်လာတော့မှာပဲ”
သင်္ဘောပေါ်ရှိ အခြား သိုင်းဘုရင်များမှာ ကျိယွမ်ကို ကြောက်ရွံ့ခြင်းနှင့် သနားခြင်းရောပြွမ်းသော အကြည့်များဖြင့် ကြည့်နေကြသော်လည်း မည်သူမျှ ရန်လိုဟန်ကို မပြရဲကြပေ။
ကျိယွမ်သည် အထွတ်အထိပ် သိုင်းဘုရင်တစ်ဦးကို အလွယ်တကူ သတ်ပစ်လိုက်ခြင်းမှာ သူကိုယ်တိုင်လည်း သိုင်းနတ်ဘုရားဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်ကို ညွှန်ပြနေသည် မဟုတိပါလား။
မည်သူကမှ အလဟဿအသေမခံချင်ကြပါ ။ အထူးသဖြင့် မူလဇစ်မြစ်နယ်မြေကို ရောက်လာခါစတွင်ဖြစ်သည်။
“သူ့မှာ ကျောထောက်နောက်ခံ ရှိရင်လည်း ငါ့မှာရှေ့ထွက်ကိုယ်စားလှယ် ရှိတယ်။ ငါ ဘာလို့ ကြောက်နေရမှာလဲ။”
ကျိယွမ်က သူတို့၏ စိုးရိမ်မှုများကို ပယ်ချလိုက်သည်။
အထွတ်အထိပ် သိုင်းဘုရင်များမှာ ဇဝေဇဝါ ဖြစ်သွားကြကုန်၏။
ရှေ့ထွက်ကိုယ်စားလှယ်လား ။
သူ ဘာကို ဆိုလိုတာလဲ။
ငွေကိုင်တစ်ယောက်လား။
အေ့ဂျင်ထင်တယ် ။
ဒါပေမဲ့ အေ့ဂျင်နဲ့ဘိုးဘေးနတ်ဘုရားကို ဘယ်လိုနှိုင်းယှဥ်လို့ရမှာလဲ။
“ငါက ဆရာကြီးတွေကို သတ်တဲ့သူပဲ ၊ သူ့ရဲ့ ကျောထောက်နောက်ခံသာ လာမယ်ဆိုရင် ငါ အရမ်းပျော်မိမှာ။ မျှော်လင့်တာကတော့ သူတို့ မလာခင် ရေချိုးလာဖို့ပဲ။ ငါ့ရဲ့မျှော်လင့်ခြင်းလမင်းလေးတွေကို အဘိုးကြီးနံ့တွေ မနံစေချင်ဘူး”
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။
ထိုအခါမှ အခြားသူများက သဘောပေါက်သွားသလို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
သူက အပြစ်လုပ်မိလို့ ထွက်ပြေးတာပဲ။
မပြေးခင် ကြီးကြီးကျယ်ကျယ်တွေတောင် ကြုံးဝါးသွားသေးတယ် ။
သဘာဝကျကျပင် သိုင်းနတ်ဘုရား၏ အမိဖမ်းခြင်းကို ခံရမှာ စိုးသောကြောင့် ဖြစ်သည်။
သို့သော် ထိုအတွေးများကိုတော့ ထုတ်မပြောရဲကြပါ ။ သူတို့ စိတ်ထဲတွင်သာ ထားလိုက်ကြ၏။
ကျိယွမ် ပြန်လာပြီး သူတို့ကိုပါ သတ်ပစ်မည်ကို စိုးရိမ်သောကြောင့် မည်သူမျှ အသံထွက်၍ မပြောရဲကြပေ။
................
“အဘိုးကြီး ရှန်းလဲ့ .."
" သမီးလေးချီချီ .."
" ရွာလူကြီး ခင်ဗျားရဲ့ဆေးတံကြီးရော..."
" ကျူးရှီကျုံး... မတွေ့တာ ကြာပြီ"
" မင်းတို့ အားလုံး အခု ယန်နတ်ဘုရားတွေ ဖြစ်နေကြပြီပဲ။ မဆိုးဘူး၊ မဆိုးဘူး။ မင်းတို့သာ ဖန်ထုန်ကမ္ဘာကို အခု ပြန်သွားပြီး အဲဒီ ရန်သူကြီး နှစ်ယောက်နဲ့ တွေ့ရင်.....ဟားဟား ဟားဟား သူတို့က မင်းတို့ရဲ့ဖိနပ်ကြိုး ချည်ပေးဖို့တောင် မတန်တော့ဘူး”
မူလဇစ်မြစ်နယ်မြေတစ်နေရာတွင် ကျိယွမ်သည် ရင်းနှီးသော မျက်နှာများရှိသည့်လူများကို ငုံ့ကြည့်ကာ အားရဝမ်းသာ နှုတ်ဆက်လိုက်သည်။
“နတ်ဘုရားအရှင်”
ကျူးရှီကျုံးသည် ရှေ့ဆုံးမှ အပြေးရောက်လာ၏။
ထွားကျိုင်းသောလူကြီး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေပြီး ငိုတော့မည့်အတိုင်း ဖြစ်နေသည်။
“ကျွန်တော်အရှင့်ကို တစ်ခါပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဖန်ထုံကမ္ဘာတွင် ထိုရန်သူကြီးများမှာ သူတို့အပေါ် အိပ်မက်ဆိုးများကဲ့သို့ လွှမ်းမိုးထားခဲ့သည်။ ရန်သူများမှာ ပြိုင်ဘက်ကင်း ယန်နတ်ဘုရားနှစ်ပါး ဖြစ်ကြပြီး သူတို့၏ ကျေရွားနတ်ဘုရားအရှင်ပင်လျှင် တစ်ဦးတည်း မတိုက်ခိုက်နိုင်ခဲ့ပေ။
ကျူးရှီကျုံးသည် ရွာလူကြီး ယွီလီ ၊ နတ်ဆရာရှန်ထုတို့နှင့်အတူ သူတို့၏ အသက်များကိုစတေးကာ သူတို့၏ နတ်ဘုရားအရှင်ကို စွမ်းအားမြှင့်တင်ပေးပြီး ရန်သူတော်ယန်နတ်ဘုရားနှစ်ပါးကို တိုက်ခိုက်ရန် တိတ်တဆိတ်အစီအစဉ်ဆွဲခဲ့ကြသည်။
သူတို့သည် ထိုရန်သူများကို ရင်ဆိုင်ရာတွင် အသက်စွန့်ရန် အပြည့်အဝ ပြင်ဆင်ထားခဲ့ကြ၏။
တကာ်တိုက်ပွဲကြီး ကြုံလာသောအခါမှာလည်း အမှန်တကယ် အသက်ပေးကာ တိုက်ခိုက်ခဲ့ကြသည်။
သို့သော် သူတို့ အံ့သြသွားသည်မှာ သူတို့ သေဆုံးသွားပြီးနောက်မှ သူတို့သည် ပြန်လည်ရှင်သန်လာရုံသာမက ယန်နတ်ဘုရားများပင် ဖြစ်လာခဲ့ကြ၏။
“တော်ပြီ မငိုနဲ့တော့။ ကြည့်ရတာ လုံးဝ စိတ်မလှုပ်ရှားစရာကြီး”
ကျိယွမ်က ထုံးစံအတိုင်း တဲ့တိုးပြောလိုက်သည်။
ကျူးရှီကျုံးက စိတ်မကောင်းသော အမူအရာဖြင့် ရှိုက်၏။
“နတ်ဘုရားအရှင်က ဆွဲဆောင်မှုရှိတဲ့ မိန်းမတွေကိုပဲ ကြိုက်တာလား။ ကျွန်တော် သိသင့်တာပေါ့။ ကျွန်တော့်ရဲ့ အတိတ်ဘဝခန္ဓာကို အမျိုးသမီး ခန္ဓာကိုယ်အဖြစ် ကျင့်ကြံခဲ့ရမှာ၊ ဒါဆိုရင် အရှင့်ရဲ့အနားမှာ နေ့ရောညပါ နေနိုင်မှာ”
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
ယန်နတ်ဘုရားနယ်ပယ်တွင် အတိတ်ဘဝခန္ဓာများသည် အမျိုးသား၊ အမျိုးသမီး သို့မဟုတ် ကျား၊ မ မခွဲခြားနိုင်သော ပုံစံများပင် ဖြစ်နိုင်ကြသည်။
ယန်နတ်ဘုရားများ၏ အတိတ်ဘဝခန္ဓာများသည် ပုံစံအမျိုးမျိုးဖြင့် လာတတ်ကြ၏။ ပြောရလျှင် ကမ္ဘာတစ်ခုလုံးသည်ပင် ယန်နတ်ဘုရားတစ်ပါး၏ အတိတ်ဘဝခန္ဓာတစ်ခု ဖြစ်နေနိုင်ပေသည်။
“ငါ့ကို လာပြီး ရွံစရာတွေ မလုပ်စမ်းနဲ့”
ကျိယွမ်က ရွံရှာစွာ ပြောလိုက်သည်။
ထိုသို့ပြောရင်း သူသည် သူ့ကို ပို၍ စိတ်မပျော်မရွှင်ဖြစ်စေသော အရာတစ်ခုကို ပြန်တွေးမိသည်။
ဖန်ထုန်ကမ္ဘာဂိမ်းကို ကစားနေရင်းမှ အရာအားလုံးမှာ သူ၏အစိတ်အပိုင်းများဖြစ်သည်ကို သူ နားလည်လာခဲ့သည်။ မိုးကြိုးနတ်ဘုရားမှာ သူ ဖြစ်သည်၊ ချီချီမှာလည်း သူ ဖြစ်သည်၊ ကျူးရှီကျုံးမှာလည်း သူပင် ဖြစ်၏ ။
ထို့ကြောင့် ကျူးရှီကျုံးက သူ့ကိုသူ ရွံစရာလုပ်နေလျှင် ကျိယွမ်က သူကိုယ်သူ ပြန်ပြီး ရွံနေခြင်း မဟုတ်ပါလား။
“ဖေဖေ၊ သမီး ဘာရှာတွေ့လဲ ကြည့်ဦး”
ထိုအချိန်တွင် သူ၏ အဖိုးတန်သမီးလေးချီချီသည် ရှေ့သို့ တိုးလာပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ရှေ့တွင် တောက်ပသော ခရမ်းရောင် စွမ်းအားစုကြီး တစ်ခု ပေါ်လာ၏။
၎င်းကို မြင်သောအခါ ကျိယွမ်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်သွားသည်။
“ခရမ်းရောင်ချီစွမ်းအင်”
【ခရမ်းရောင်ချီစွမ်းအင် ၊ မသေမျိုးလမ်းစဉ်၏ ပထမဆုံးသော စွမ်းအား၊ ကမ္ဘာလောက၏ မူလစွမ်းအား ဖြစ်ပြီး အတိုင်းအဆမဲ့သော သက်စောင့်အားကို ကိုယ်စားပြုသည်။】
“ဖေဖေက ဒီခရမ်းရောင်ချီစွမ်းအားကို လိုအပ်နေတယ်ဆိုတာ သိတာနဲ့ သမီးတို့ မူလဇစ်မြစ်နယ်မြေတစ်ခုလုံးကို နှံ့အောင်ရှာပြီး ရှာတွေ့သမျှ အကုန် စုဆောင်းခဲ့တာ”
ချီချီက ချီးကျူးစကားကို စောင့်မျှော်နေသော ကျောင်းသူလေးတစ်ဦးကဲ့သို့ ရင်ဘတ်ကို မို့ကာ ဝမ်းသာအားရ ပြောလိုက်သည်။
ခရမ်းရောင်ချီစွမ်းအင်များကို ကိုင်ထားရင်း ကျိယွမ်၏ စိတ်အခြေအနေမှာလည်း အလွန်တက်ကြွလာသည်။
“ဟားဟား တော်တယ်၊အရမ်းတော်တယ် ငါ့သမီးလေး”
သူ၏ အကြည့်မှာ ခရမ်းရောင်ချီစွမ်းအားပေါ်တွင် စူးစိူက်နေပြီး အားရကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။
“မသေမျိုးလမ်းစဉ်ရဲ့ ပထမဆုံးသော စွမ်းအား ဖြစ်ရကျိုးနပ်ပါတယ်။ ယန်နတ်ဘုရား နယ်ပယ်အောက်က ဘယ်သူမဆို ဘယ်လောက်ပဲ ဒဏ်ရာပြင်းပြင်း၊ အသက်ရှူနေသရွေ့တော့ ခရမ်းရောင်ချီစွမ်းအား တစ်စက်က သူတို့ကို ပြန်ရှင်လာစေနိုင်တယ်”
ကျိယွမ်သည် အလွန် ကျေနပ်သွားသည်။
ခရမ်းရောင်နန်းတော်လား ...။
ခရမ်းရောင်နန်းတော်တည်ဆောက်ရန်အတွက် သူ့မှာ ခရမ်းရောင်ချီစွမ်းအား ရှိပြီဆိုတော့ သူ့အတွက် ငရဲပြည်ပဲ လိုတော့လေသည်။
ခရမ်းရောင်ချီစွမ်းအားများကို သိမ်းဆည်းလိုက်ပြီးနောက် ကျိယွမ်သည် ချီချီနှင့် သူမ၏ ဘေးရှိ အစေခံမိန်းကလေးကို ကြည့်လိုက်သည်။
“ဒီနေရာက ဘော့စ်ရဲ့ သဲလွန်စရော ရှာတွေ့ကြလား။”
စိတ်ဝိညာဉ်သိုင်းနတ်ဘုရား ဖြစ်လာမည့်လမ်းစဉ်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
အရှေ့ဘက်အရှင်သခင်ဆိုသူကတော့ တစ်ခုခု သိနိုင်မည်ဟု ကျိယွမ်ယူဆ၏။
အရှေ့ဘက်အရှင်သခင်မှာ လက်ရှိတွင် ဤကမ္ဘာ၌ အကြီးဆုံး ဘောစ့်ဖြစ်နိုင်လေသည်။
ချီချီက ခေါင်းခါလိုက်၏။
“သမီးတို့ မူလဇစ်မြစ်နယ်မြေတစ်ခုလုံးကို ရှာပြီးပြီ၊ အရှေ့ဘက် မဟာမိတ်အဖွဲ့ရဲ့ တားမြစ်နယ်မြေတွေနဲ့ ရတနာတိုက်တွေကိုတောင် ရှာခဲ့ပေမဲ့ ဘာမှ မတွေ့ဘူး”
“အင်း.... ဒါဆိုရင် .."
ကျိယွမ် လေးနက်သွားသည်။
"နံရံဆေးရေးပန်းချီကသာ အစစ်အမှန်ဆိုရင် သူက မသိနိုင်တဲ့ တစ်နေရာရာမှာ ရန်သူကြီးကို တိုက်ထုတ်နေတာ ဖြစ်နိုင်တယ်”
ကျိယွမ်သည် ဂြိုယ်သားအကြွင်းအကျန်များထဲတွင် သူ မြင်ခဲ့သော နံရံဆေးရေးပန်းချီကို ပြန်လည် အမှတ်ရသွား၏။
နံရံဆေးရေးပန်းချီထဲတွင် အမျိုးသမီးသည် အစွမ်းထက်သော ရန်သူနှင့် တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွင် ပျက်စီးသွားခဲ့သည်။
အကယ်၍ အရှေ့ဘက်အရှင်သခင်သည် ထိုနံရံဆေးရေးပန်းချီထဲက အမျိုးသားဇာတ်လိုက်ဖြစ်ခဲ့လျှင် သူသည် ယခုအချိန်အထိ ထိုရန်သူကြီးကို တိုက်ခိုက်နေဆဲ ဖြစ်နိုင်လောက်သည်။
"ငါ့တိုက်ရမဲ့ ဘောစ့်က ..ဘယ်က ဘောစ့်ကို သွားတိုက်နေရတာလဲ "