အခန်း ၁၇၇၁-၁၇၇၃
Vol. 119 Ch. 1771-1773
အခန်း (၁၇၇၁) ရှေးအတီတေ အမှောင်ဖီးနစ်
ထို့ကြောင့် အချိန်ဆွဲဆန့်နိုင်ရန် ကံကောင်းမှုများကို ပိုမိုလိုအပ်သည်။ သူနှင့် လီချန်းယွမ်တို့သည် ကမ္ဘာ့ရန်သူများဖြစ်သောကြောင့် ထိုအငြိုးအတေးများကို ဖြေဖျောက်ရန် မဖြစ်နိုင်တော့ပေ။ တိုက်ပွဲ စတင်သည်နှင့် သေရေး ရှင်ရေးတိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်လာပေလိမ့်မည်။ ၎င်းသည် သူ အမြဲတစေ ဂရုစိုက်နေရသည့် အကြောင်းအရာဖြစ်သည်။ ဝမ်ယီဖန်းသည် အစစ်အမှန်တပည့်တစ်ဦး ဖြစ်သော်လည်း ချူးယွင်ဖန်းသည် သူ့ကို တစ်ခါမျှ ထည့်မတွက်ခဲ့ပေ။ အစစ်အမှန်တပည့်များသည် သူ၏ ပြိုင်ဘက်များ မဟုတ်ကြပေ။
ချူးယွင်ဖန်းသည် နတ်ကြယ်ပွင့်ဂိုဏ်း၏ တပည့်များနောက်သို့ လိုက်ပါကာ သိန်းချီတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်သွားသည်။ သူသည် ခဏအတွင်း လူသားနှင့် နတ်ဆိုးများ တိုက်ခိုက်ရာ စစ်မြေပြင်နှင့် ဝေးကွာသွားခဲ့သည်။ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလေ အဆိပ်ငွေ့များကို ပို၍ ခံစားလာရလေဖြစ်ရာ ထိုနေရာ၌ သာမန်လူများ အသက်ရှင်ရန် မဖြစ်နိုင်ပေ။ ဒြပ်မဲ့အဆင့် ကျင့်ကြံသူများသာလျှင် အသက်ရှင်နိုင်စွမ်းရှိပေလိမ့်မည်။
၎င်းတို့ အရှေ့တွင် ရွှေခရမ်းရောင် သရဖူဆောင်းထားသော အမျိုးသမီးက သူမ၏ နတ်စွမ်းအင်ကို ဖြန့်ကျက်လျက် သူမအနောက်ရှိ ဒြပ်မဲ့အဆင့် တပည့်များကို အဆိပ်ငွေ့များနှင့် မထိခိုက်စေရန် ကာကွယ်ပေးထားသည်။ သူမ နောက်တွင်မူ ချူးယွင်ဖန်း တိတ်ဆိတ်စွာ လိုက်ပါလာသည်။ သူသည် ထိုအဆိပ်ငွေ့များ၏ သက်ရောက်မှုကို မခံစားရချေ။ ဧကရာဇ်ခန္ဓာကိုယ်နှင့် မိုးကြိုးကိုယ်ခန္ဓာတို့၏ ကြောက်မက်ဖွယ် စွမ်းအင်များကို ယခုအချိန်တွင် ကောင်းစွာ မြင်တွေ့နိုင်ပေသည်။ ထိုအဆိပ်ငွေ့များကို ရှူရှိုက်မိလျှင်ပင် သူ့ကို အနည်းငယ်မျှ မထိခိုက်နိုင်ပေ။
မကြာမီ ချူးယွင်ဖန်းအရှေ့၌ ဧရာမ ရှေးဟောင်းတောင်တန်းကြီးတစ်ခု ပေါ်ပေါက်လာသည်။ အဆုံးမဲ့ ရှည်လျားသော ထိုတောင်တန်းကို အဝေးမှ ကြည့်လျှင် ရက်စက်သော သားရဲကြီးတစ်ကောင်က သွေးရောင် ပါးစပ်ကြီးကို ဖွင့်ဟကာ ကိုက်ဖြတ်ရန် ပြုမူနေသကဲ့သို့ ထင်မှတ်ရစေသည်။ ဤမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုတောင်တန်းတွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု တည်ရှိနေသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင် တိန်းအောင်းနေခြင်း သို့မဟုတ် ရှေးဟောင်းသားရဲကြီးတစ်ကောင်သည် ဤနေရာ၌ သေဆုံးသွားသဖြင့် တောင်တန်းတစ်ခုသဖွယ် ပြောင်းလဲသွားသကဲ့သို့ ခံစားရစေသည်။ ၎င်းသည် သိန်းချီတောင်တန်းကဲ့သို့ အင်အားမကြီးမားသော်လည်း ပို၍ ကြမ်းတမ်းလှသည်။ ချူးယွင်ဖန်းသည် ရှေးဟောင်း ဒဿမသားရဲကြီးများ၏ အမွေအနှစ်များ ဤဂူထဲတွင် မြှုပ်နှံထားသည်ဟူသော စကားကို ယခုအခါ အနည်းငယ် ယုံကြည်သွားသည်။
ချူးယွင်ဖန်းအရှေ့ရှိ ကောင်းကင်ယံတွင် မရေတွက်နိုင်သော ပုံရိပ်များ ပေါ်ပေါက်လာသည်။ ထိုပုံရိပ်များထဲတွင် အင်အားကြီးမားသော မွန်းစတားများ၊ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများသာမကဘဲ အလယ်ပိုင်းလွင်ပြင်နှင့် ကြီးမြတ်သောတရှရှိ ပညာရှင်များပင် ပါဝင်ကြသည်။ ၎င်းတို့သည် အုပ်စုအလိုက် နေရာအသီးသီးတွင် ရပ်နေကြသည်။ ထိုသူများအပြင် ပျံကျကျင့်ကြံသူ အများအပြားသည်လည်း အစွန်အဖျားတွင် ရပ်နေကြသည်။ ထိုပျံကျကျင့်ကြံသူများသည် တိကျသော အုပ်စုမရှိဘဲ ဘေးတွင် ရပ်ကြည့်နေကြသော်လည်း ၎င်းတို့၏ အရေအတွက်သည် အလွန်များပြားလှသည်။
"စီနီယာ့ကို ဘယ်လို ခေါ်ရမလဲ" ချူးယွင်ဖန်း အံ့အားသင့်နေစဉ် ပြုံးရွှင်နေသော ပျံကျကျင့်ကြံသူတစ်ဦးက ချဉ်းကပ်ကာ မေးမြန်းလိုက်သည်။
"ကျုပ်က သံမဏိလှံဂိုဏ်းက လော့ကျောက်ပါ" ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ဤအချိန်တွင် သူသည် လော့ကျောက်၏ ရုပ်အသွင်ကို ဆောင်ယူထားခြင်းဖြစ်သည်။
ထိုပျံကျကျင့်ကြံသူသည် ခေတ္တစဉ်းစားကြည့်သော်လည်း လော့ကျောက်ကို မသိပုံပေါ်သည်။ သို့သော် ၎င်းဖြစ်စဥ်သည် ပုံမှန်သာဖြစ်သည်။ လော့ကျောက်သည် နှစ်ပေါင်းများစွာကြာ သီးသန့်ကျင့်ကြံနေခဲ့သူဖြစ်၍ ပြီးခဲ့သော နှစ်များတွင် ကွယ်လွန်သွားပြီဟု ကောလာဟလများ ထွက်ပေါ်နေသည့်အတွက် လူငယ်စစ်သည်များစွာသည် လော့ကျောက်ကို မသိကြချေ။ သို့သော်လည်း ၎င်းတို့သည် သံမဏိလှံဂိုဏ်း၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းကို သိထားကြသည်။ သံမဏိလှံဂိုဏ်းသည် ထိပ်တန်းဂိုဏ်းကြီးဆယ်ခုကဲ့သို့ အင်အားမကြီးမားသော်လည်း ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းအောက်ရှိ ပထမတန်းစား ဂိုဏ်းတစ်ခုဖြစ်သည့်အတွက် အလွန်အစွမ်းထက်လှသည်။
"ဪ... သံမဏိလှံဂိုဏ်းကကိုး" ထိုပျံကျကျင့်ကြံသူ၏ မျက်နှာတွင် အားကျသော အမူအရာမျိုး ပေါ်ပေါက်လာသည်။ ယေဘုယျအားဖြင့် ပျံကျကျင့်ကြံသူများသည် ထိတ်လန့်ဖွယ် ကျင့်စဥ်များ မပိုင်ဆိုင်ကျသရွေ့ ဂိုဏ်းကြီးများ၏ ကျင့်ကြံသူများကို အမြဲအားကျလေ့ရှိသည်။
ပြီးနောက် သူက ထပ်မေးမြန်းပြန်သည်။
"စီနီယာ ဒီနေရာကို ဘာလို့ရောက်လာတာလဲဆိုတာ သိလို့ရမလား"
"ကျုပ် ဘာလို့ရောက်လာလဲဆိုတာ သိတာနဲ့ ဘာထူးခြားမှာမို့လို့လဲ" ချူးယွင်ဖန်းက မေးလိုက်သည်။
"ထူးတာပေါ့ဗျ၊ စီနီယာက တစ်နှစ်ပတ်လုံး သီးသန့်ကျင့်ကြံနေလို့ ဘာမှမသိသေးတာဖြစ်မယ်"
ထိုပျံကျကျင့်ကြံသူသည် မှန်ကန်သည်ဟု ယူဆရသော အဖြေကို ချက်ချင်းပင် တွေ့ရှိသွားသည်။ သို့မဟုတ်ပါက သူသည် မည်သည့်အရာကိုမျှ မသိရှိဘဲ ဤနေရာသို့ အပြေးအလွှား ရောက်လာမည် မဟုတ်ပေ။ ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ထိုလူတွင် ဤသို့ထင်မြင်ချက်မျိုးရှိနေသရွေ့ သူ အနည်းငယ် ပျော်ရွှင်မိသွားသည်။
"ကျွန်တော့်နာမည်က ရှဲ့ဟန်ပါ၊ ပျံကျကျင့်ကြံသူတစ်ယောက်။ ဒါပေမယ့် ကျွန်တော်က ရှေးဒဿမသားရဲကြီးများဂူအကြောင်းကို သာမန်လူတွေထက် ပိုသိတယ်" ရှဲ့ဟန်က ပြောလိုက်သည်။
"စီနီယာ ဘာများသိချင်ပါသလဲ"
"ဒါက ရှေးဟောင်းဒဿမသားရဲကြီးများဂူလို့ ပြောကြပေမယ့် သားရဲထဲ ဆယ်ကောင်တောင်ရှိတာဆိုတော့ ဒီထဲမှာရှိတာက ဘယ်သားရဲလဲ။ တကယ်ပဲ သားရဲကြီးဆယ်ကောင်ရဲ့ ဂူလား " ချူးယွင်ဖန်း မေးလိုက်သည်။
"စီနီယာကတော့ နောက်နေပြန်ပြီ၊ တကယ်လို့ ဒါသာ ရှေးဒဿမသားရဲကြီးတွေဂူဖြစ်မယ်ဆိုရင် ကျွန်တော်တို့တွေ ဘယ်လိုလုပ်ပြီး ရတနာတွေလာရှာလို့ ရမှာလဲ။ အထက်က ပညာရှင်ကြီးတွေ အသေအလဲ တိုက်ခိုက်နေလောက်ပြီပေါ့" ရှဲ့ဟန်က ဆိုသည်။
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ သူ၏စကားများ မှန်ကန်ပေသည်။ ဒဿမသားရဲကြီးများသည် မည်မျှ အစွမ်းထက်သော တည်ရှိမှုများဖြစ်သနည်း။ ရှေးဟောင်းကာလက ဒဿမသားရဲကြီးများ၏ ဂူသင်္ချိုင်းတစ်ခု ပေါ်ပေါက်ခဲ့စဉ် ဧကရာဇ်များစွာ တိုက်ခိုက်ခဲ့ကြသဖြင့် ကောင်းကင်နှင့် မြေကြီး ပြိုကျလုမတတ်ဖြစ်ခဲ့ရသည်။ နေနှင့် လတို့ပင် အလင်းကွယ်ပျောက်ခဲ့၍ အဆုံးတွင် အသေအပျောက် အများအပြား ဖြစ်ပွားခဲ့သည်။
"ဒဿမသားရဲကြီးတွေရှိတာတော့ အမှန်ပါ၊ ဒါပေမယ့် ဒါက ဒဿမသားရဲကြီးများတွေရဲ့ မျိုးဆက်လေ" ရှဲ့ဟန်က ဆက်ပြောသည်။
"ရှေးအတီတေ အမှောင်ဖီးနစ်ရဲ့ မျိုးဆက်ပေါ့။ လူတိုင်း သိကြတဲ့အတိုင်း ဖီးနစ်တွေက ရတနာမရှိတဲ့နေရာမှာ ဘယ်တော့မှ မနားကြဘူးလေ။ ရှေးအတီတေ အမှောင်ဖီးနစ်က သီးခြားမျိုးကွဲတစ်ခုဆိုပေမယ့် သူလည်း ဖီးနစ်တစ်ကောင်ပဲဆိုတော့ လူတွေ အများကြီး ရောက်လာကြတာပေါ့"
ထိုအချိန်မှသာ ရှေးအတီတေ အမှောင်ဖီးနစ်ဖြစ်ကြောင်း ချူးယွင်ဖန်း သဘောပေါက်သွားသည်။ အမှန်တကယ်တွင် ရှေးဟောင်းကာလ၌ နတ်သားရဲများနှင့် မွန်းစတားများစွာ တည်ရှိခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အလွန်အစွမ်းထက်ကြသော်လည်း ဒဿမသားရဲကြီးများဟူ၍ သီးခြားသတ်မှတ်ခံရသော အချက်မှာ ၎င်းတို့၏ ရက်စက်မှုကို မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့တစ်ကောင်ချင်းစီသည် သတ္တဝါပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြ၍ ကမ္ဘာပေါ်တွင် ဘေးဒုက္ခများစွာ ဖြစ်ပေါ်စေခဲ့သည်။
ရှေးအတီတေ အမှောင်ဖီးနစ်သည် ၎င်းတို့အနက် တစ်ကောင်ဖြစ်သည်။ ကောလာဟလများအရ ရှေးအတီတေ အမှောင်ဖီးနစ်သည် ဖီးနစ်များထဲတွင် ထူးခြားသော မျိုးစိတ်တစ်ခုဖြစ်သည်။ ဖီးနစ်များသည် ၎င်းတို့၏ အသက်ဓာတ် စွမ်းအင်နိယာမကြောင့် ကျော်ကြားကြသည်။ ၎င်းတို့၏ ပြန်လည်မွေးဖွားခြင်း နိယာမများသည် ၎င်းတို့၏ သဘာဝကို အဆုံးစွန်အထိ လေ့လာပြီးနောက် ဖြစ်ပေါ်လာသော နတ်စွမ်းအင်တစ်မျိုးဖြစ်သည်။
သို့သော် ရှေးအတီတေ အမှောင်ဖီးနစ်သည် ကွဲပြားခြားနားသည်။ ၎င်းသည် သေခြင်းတရား နိယာမများနှင့်အတူ မွေးဖွားလာသဖြင့် သာမန်ဖီးနစ်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ၎င်းသည် နောက်ပိုင်းတွင် သီးခြားရပ်တည်ကာ အဆုံးမဲ့သော သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သဖြင့် ရက်စက်ကြမ်းကြုတ်သော သားရဲဆယ်ကောင် စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ဤအကြောင်းများကို ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ဆေးဧကရာဇ်၏ ခေတ်ကာလသည် ဒဿမသားရဲကြီးများ၏ ခေတ်ကာလနှင့် အလွန်ဝေးကွာသဖြင့် ဆေးဧကရာဇ်ကိုယ်တိုင်ပင် အနည်းအကျဉ်းသာ သိရှိထားသည်။
"ကောလာဟလတွေအရတော့ ရှေးအတီတေ အမှောင်ဖီးနစ်ရဲ့ မျိုးဆက်တစ်ခုကို ဒီမှာ မြှုပ်နှံထားတယ်လို့ ပြောကြတယ်။ သန့်စင်တဲ့မျိုးဆက် မဟုတ်ပေမယ့် သူလည်း အင်အားကြီးတုန်းပါပဲ။ သူ အသက်ရှင်စဉ်တုန်းကတော့ နတ်ဆိုးတောင်တန်းတွေရဲ့ အရှင်သခင်ပေါ့။ သေဆုံးသွားပြီးနောက် ဒီနေရာက သူ့ရဲ့ သင်္ချိုင်းဖြစ်လာတာပဲ။ ဒါပေမယ့် ရှေးအတီတေ အမှောင်ဖီးနစ်ကို တခြား ဟင်းလင်းပြင်တစ်ခုဆီ နယ်နှင်လိုက်တယ်လို့ ဆိုကြတယ်။ ဒါကို လူတွေ သိကြပေမယ့် တခြား ဘာမှလုပ်လို့မရဘူးလေ" ရှဲ့ဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"တကယ်တော့ လူအများစု ရှာနေတာက ရှေးအတီတေ အမှောင်ဖီးနစ် မဟုတ်ဘဲ အထဲရှိတဲ့ နတ်လက်နက်တွေနဲ့ လျှို့ဝှက်ကျမ်းစာတွေဖြစ်မှာပါ"
အခန်း (၁၇၇၂) ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူ
"ရှေးအတီတေ အမှောင်ဖီးနစ်ရဲ့မျိုးနွယ်တွေက အလွန်ကြမ်းကြုတ်တယ်လို့ ပြောကြတယ်။ ပြင်ပနယ်မြေက ဂိုဏ်းတွေ ခဏခဏ လုယက်ခံရပြီး အချို့ဆိုရင် ဖျက်ဆီးခံလိုက်ရတာတောင် ရှိတယ်။ သူတို့မှာရှိတဲ့ ကျမ်းစာတွေနဲ့ ကာကွယ်ရေး လက်နက်ဆန်းတွေအားလုံး အလုခံခဲ့ရတာ။ အခု လူတွေအများကြီး ရောက်လာကြတာကလည်း ဒါကြောင့်ပဲ" ရှဲ့ဟန်က ဆက်လက်ပြောလိုက်သည်။
လူအများစုသည် ဤမျှမျှော်လင့်ချက် မကြီးမားကြကြောင်း ချူးယွင်ဖန်း သဘောပေါက်လိုက်သည်။ ၎င်းတို့သည် နတ်အဆင့် သိုင်းပညာကျမ်းစာအချို့ သို့မဟုတ် ကောင်းကင်ရတနာအချို့ကို ရရှိရန်သာ ဆန္ဒရှိကြ၍ ဤသည်မှာ အလွန်ကောင်းမွန်သော ရလဒ်တစ်ခုဖြစ်သည်။
"ဒီနေရာက နတ်ဘုရားတွေပေးတဲ့ အခွင့်အရေးတစ်ခုလိုပဲ။ ပုံမှန်ဆိုရင် ဒါက နတ်ဆိုးတွေရဲ့ ဗဟိုနယ်မြေဖြစ်တော့ ကျုပ်တို့ ဝင်ရောက်စွက်ဖက်နိုင်တဲ့ နေရာမဟုတ်ဘူး။ ဒါပေမယ့် အခု ကြီးမြတ်တဲ့တရှရဲ့ တပ်မတော်က နွေဦးရှင်းလင်းမှု စစ်ဆင်ရေး လုပ်နေတာကြောင့် နတ်ဆိုးအထူးတပ်ဖွဲ့တွေက သူတို့ကို ခုခံဖို့ စုရုံးနေရတာ။ မဟုတ်ရင် သူတို့တပ်ဖွဲ့ဝင် တစ်ယောက်တလေ ရောက်လာရင်တောင် ကျုပ်တို့အားလုံး သေကုန်ကြမှာ" ရှဲ့ဟန်သည် ခံစားချက်များစွာဖြင့် ပြောလိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် ကောင်းကင်က ပေးအပ်ခဲ့သော အခွင့်အရေးဖြစ်သည်။
"အခု တစ်ကမ္ဘာလုံးက ပညာရှင်တွေ စုဝေးနေကြသလို နတ်ဆိုးတွေကလည်း ကြီးမြတ်တဲ့တရှ တပ်မတော်ရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်။ သူတို့တွေ အလွယ်တကူတော့ ထွက်မလာရဲကြဘူး။ မဟုတ်ရင် ဒီနွေဦးရှင်းလင်းမှုက အချိန်မရွေး အမြစ်ပြတ်ချေမှုန်းရေး စစ်ပွဲကြီးအဖြစ် ပြောင်းလဲသွားနိုင်တယ်" ရှဲ့ဟန်က ရယ်မောလျက် ပြောသည်။
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ အချို့သော သိုင်းပညာရှင်များသည် ရဲရင့်၍ ပါရမီထူးချွန်ကာ နတ်ဆိုးစစ်တပ်ကို ဂရုမစိုက်ကြသော်လည်း ဤနေရာရှိ လူများသည် ထိုသို့သော ကျွမ်းကျင်သူများ မဟုတ်ကြပေ။ သူ၏ အကြည့်များ နေရာတစ်ဝိုက်သို့ ဝေ့ဝိုက်ကြည့်လိုက်ရာ ဂူတစ်ခုလုံးတွင် လူများစွာ ပြည့်နှက်နေကြောင်း မြင်တွေ့လိုက်ရသည်။ အနည်းဆုံးလျှင် လူတစ်သောင်းခန့် ရှိနေသောကြောင့် အဆုံးမရှိသယောင် ထင်မှတ်ရစေသည်။ ထိုလူများအနက် အားအနည်းဆုံးသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်များဖြစ်၍ စကြဝဠာအဆင့် ကျင့်ကြံသူများစွာလည်း ပါဝင်နေသည်။ ထိုစကြဝဠာအဆင့် ကျင့်ကြံသူများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသဖြင့် ကောင်းကင်ယံရှိ မြူခိုးများပင် ထိုးဖောက်ခံလိုက်ရသည်။
ချူးယွင်ဖန်း တိတ်တဆိတ် အံ့အားသင့်သွားသည်။ စကြဝဠာအဆင့် ကျင့်ကြံသူ တစ်ယောက်သည် မည်သည့်နေရာတွင်မဆို အုပ်စိုးသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ချူးယွင်ဖန်းသည် စကြဝဠာအဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ပေါင်းထိုက်မြို့တစ်ခုလုံး သူ့ကို ခုခံနိုင်စွမ်းမရှိတော့သဖြင့် လက်နက်ချခဲ့ကြသည်။ သို့သော် ဤနေရာတွင်မူ စကြဝဠာအဆင့် ကျင့်ကြံသူအများအပြား တည်ရှိနေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် စကြဝဠာအဆင့် ကျင့်ကြံသူ အနည်းဆုံး ၂၀၀၀ ခန့် ရောက်ရှိနေကြောင်း မြင်တွေ့နိုင်သည်။ ၎င်းတို့သည် ဤပြိုင်ပွဲ၏ အဓိက အင်အားစုများဖြစ်ကြသည်။ ဒြပ်မဲ့ကျွမ်းကျင်အဆင့် ကျင့်ကြံသူများကမူ အလံကိုင်၍ အော်ဟစ်ပေးရုံသာ တတ်နိုင်သော နယ်ရုပ်လေးများဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ဒြပ်မဲ့ကျွမ်းကျင်အဆင့်များသည် ထူးချွန်သော တပည့်များဖြစ်ကြသော်လည်း ဤနေရာတွင်မူ နယ်ရုပ်လေးများဖြစ်သွားကြသည်။ ရှေးဟောင်းဒဿမသားရဲကြီးများဂူ၏ ဆွဲဆောင်မှု မည်မျှကြီးမားကြောင်း ဤအချက်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
ဤသည်မှာ နတ်ဆိုးများနှင့် ကြီးမြတ်သောတရှ တပ်မတော်တို့သည် ၎င်းတို့၏ ထိပ်တန်းပညာရှင်များကို အပြန်အလှန် ထိန်းချုပ်ထားကြခြင်းကြောင့်ဖြစ်သည်။ မဟုတ်ပါက ဤနေရာသို့ မည်သို့သော ဖြစ်တည်ရှိမှုများ ရောက်ရှိလာမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ထဲတွင် လူရိုင်းများနှင့် ဟူမျိုးနွယ်စု၏ စကြဝဠာအဆင့် ကျင့်ကြံသူအချို့ကိုပင် မြင်တွေ့လိုက်ရသည်။ အင်အားကြီး မျိုးနွယ်စုများ၏ အုပ်စိုးသူများပင် ဤနေရာသို့ ရောက်ရှိလာကြသည်။ ကမ္ဘာကို လွှမ်းမိုးထားသော အင်အားကြီး အဖွဲ့အစည်းအချို့၏ ပညာရှင်များအားလုံး ဤနေရာတွင် စုရုံးနေကြသည်။
"ခင်ဗျားပေးတဲ့ သတင်းအချက်အလက်တွေက အသုံးဝင်ပါတယ်။ ရော့၊ ဒါတွေက ခင်ဗျားအတွက်ပဲ" ချူးယွင်ဖန်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အလုံး ၁၀၀ ကို ထုတ်ယူ၍ ရှဲ့ဟန်ထံ ပေးလိုက်သည်။
ရှဲ့ဟန်က ချူးယွင်ဖန်းကို အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အလုံး ၁၀၀ ဆိုသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့် တစ်ယောက်အတွက် အတော်အတန် များပြားသော ပမာဏဖြစ်သည်။ အကြောင်းအရာအချို့ ရှင်းပြရုံဖြင့် ဤမျှ ရရှိခြင်းသည် မဆိုးလှပေ။
ချူးယွင်ဖန်း လှမ်းကြည့်လိုက်ရာ ထိုပညာရှင်များထဲတွင် အရပ်ရှည်ရှည်နှင့် ထင်ရှားသော ပုံရိပ်အချို့ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် လူအုပ်ကြားတွင် သိသိသာသာ တင့်တယ်နေ၍ ၎င်းတို့၏ အရှိန်အဝါများသည် ဖိအားပြင်းထန်လှသည်။ သာမန် စကြဝဠာအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် အလွန်အစွမ်းထက်ကြသည်။
၎င်းတို့အနက် တစ်ယောက်သည် နတ်ကြယ်ပွင့်ဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ ပတ်ပတ်လည်တွင် ရွှေခရမ်းရောင် သရဖူ ဆောင်းထားသော အမျိုးသမီး အပါအဝင် နတ်ကြယ်ပွင့်ဂိုဏ်း၏ တပည့်များစွာ ဝိုင်းရံထားလေသည်။ ထိုလူသည် မည်သူမည်ဝါဖြစ်ကြောင်း သိသာထင်ရှားလှသည်။ သူသည် နတ်ကြယ်ပွင့်ဂိုဏ်း၏ တပည့်ခေါင်းဆောင်ဖြစ်သူ ကျစ်ပုယွီဖြစ်သည်။
ချူးယွင်ဖန်းသည် ကျစ်ပုယွီကို တစ်ခါမျှ မမြင်ဖူးသော်လည်း ကမ္ဘာလောက ကျမ်းစာထဲတွင် သူ၏အကြောင်းနှင့်ပတ်သက်၍ ဖတ်ဖူးသည်။ ကျစ်ပုယွီသည် နတ်ကြယ်ပွင့်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် တစ်ဦးဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ဂိုဏ်းထဲတွင် ကျင့်ကြံခဲ့၍ ဂိုဏ်း၏ ကျင့်ကြံမှု စံချိန်များစွာကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သူဖြစ်သည်။ ပြီးနောက် ကျစ်ပုယွီသည် သက်တူရွယ်တူများထဲတွင် ပြိုင်ဘက်မရှိဘဲ တပည့်ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ နတ်ကြယ်ပွင့်ဂိုဏ်းတွင် သူ့ကို ယှဉ်ပြိုင်နိုင်သော သက်တူရွယ်တူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိချေ။
ကျစ်ပုယွီ၏ ခန္ဓာကိုယ်မှ ခပ်ဖျော့ဖျော့ ကြယ်အလင်းတန်းများ ထွက်ပေါ်လာကာ မြူခိုးများကို တားဆီးခြင်းဖြင့် နတ်ကြယ်ပွင့်ဂိုဏ်းသားများကို ကာကွယ်ပေးထားသည်။ နတ်ကြယ်ပွင့်ဂိုဏ်းနှင့် မနီးမဝေးတွင် အခြားလူအုပ်စု တစ်စု သီးသန့် ရပ်နေသည်။ ထိုလူများသည် စားသင်သားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ၎င်းတို့သည် သွယ်လျသော်လည်း မျက်လုံးများ တက်ကြွ၍ အတွေးအခေါ်များ အလွန်အားကောင်းပုံရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ဖြောင့်မတ်မှန်ကန်သော အရှိန်အဝါများ ထွက်ပေါ်ကာ ညစ်ညမ်းသော မြူခိုးများကို ဖယ်ရှားနေသည်။
ထိုလူများ၏ အလယ်တွင် အထူးတလည် မျက်စိကျစရာ ပုဂ္ဂိုလ်တစ်ဦးရှိနေသည်။ သူသည် စာသင်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားကာ ခါးတွင် ရှည်လျားသော ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။ ဝတ်စုံဖြူကို ဝတ်ဆင်ထား၍ ခန့်ညားထည်ဝါသော ပညာရှိဂိုဏ်းမှ ဆင်းသက်လာသော စာသင်သားတစ်ဦးနှင့် ဆင်တူပေသည်။ လူတိုင်း စိတ်ကူးထားသော စာသင်သားတစ်ဦး၏ ပုံရိပ်နှင့် ထပ်တူကျနေသည်။ သူ၏ လက်ထဲတွင် နတ်အလင်းတန်းများ ထွက်ပေါ်နေသည့် မြစိမ်းရောင် စုတ်တံတစ်ချောင်းကိုလည်း ကိုင်ဆောင်ထားသည်။ ထိုလူသည် ကျင့်ကြံမှုအရ ကျစ်ပုယွီအောက် နိမ့်ကျပုံမပေါ်ပေ။
၎င်းတို့သည် ကမ္ဘာပေါ်တွင် ဒုတိယအဆင့်ဟု သတ်မှတ်ထားသော ဂိုဏ်းဖြစ်၍ ကြီးမြတ်သောတရှ နှင့် အနီးကပ်ဆုံးဖြစ်သည့် မွန်မြတ်ခြင်းကျောင်းတော်၏ တပည့်များဖြစ်ကြသည်။ ဦးဆောင်လာသော တပည့်သည် မွန်မြတ်ခြင်းကျောင်းတော်၏ တပည့်ခေါင်းဆောင် မုန့်ထျန့်ရန်ဖြစ်သည်။ ဤနှစ်ဦး၏ ကျင့်ကြံမှုသည် အလွန်မြင့်မားလှသည်။ ချူးယွင်ဖန်း၏ အမြင်အရ ၎င်းတို့သည် လီချန်းယွမ်အောက် မနိမ့်ကျနိုင်ပေ။
မုန့်ထျန့်ရန်၏ ဘေးတွင်မူ မရေတွက်နိုင်သော မိစ္ဆာနတ်ဆိုးများ ဝိုင်းရံထားသည့် ပုံရိပ်တစ်ခုကို ချူးယွင်ဖန်း မြင်တွေ့လိုက်ရသည်။ ထိုလူငယ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ မျက်နှာတွင် ဆိုးသွမ်းသော အပြုံးတစ်ခု ဆင်မြန်ထားသည်။ သူ့ကို ဝိုင်းရံထားသည့် တပည့်များကို ကြည့်ခြင်းအားဖြင့် သူ မည်သူဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။
"ကြယ်စင်နတ်ဆိုးဂိုဏ်း"
နတ်ဆိုးလမ်းစဉ်၏ နံပါတ်တစ်ဂိုဏ်းဖြစ်သော ကြယ်စင်နတ်ဆိုးဂိုဏ်းသည် အလွန်ဖောက်ပြန်ဆိုးသွမ်းသော လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိသည့်အပြင် အလယ်ပိုင်းလွင်ပြင်သို့ ကျူးကျော်ဝင်ရောက်၍ပင် သတ်ဖြတ်မှုများ ကျူးလွန်ဝံ့ကြသည်။ သီးခြားကြယ်သည် ၎င်း၏ ဂန္ထဝင်မြောက်သော သာဓကတစ်ခုဖြစ်သည်။ ကြယ်စင်နတ်ဆိုးဂိုဏ်း၏ တပည့်ခေါင်းဆောင် ဟွမ်ဖုလီမှလွဲလျှင် မည်သူကိုမျှ ဤဆိုးသွမ်းလှသော တပည့်များ နာခံကြမည် မဟုတ်ပေ။
ဟွမ်ဖုလီသည်လည်း အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူ၏ နတ်ဆိုးပညာရပ်များသည် တုန်လှုပ်ဖွယ်ကောင်းလှရာ ကြယ်စင်နတ်ဆိုးဂိုဏ်း၏ မျိုးဆက်သစ်များထဲတွင် နံပါတ်တစ်ဟုပင် ကျော်ကြားပေသည်။ သူသည် လီချန်းယွမ်နှင့် တိုက်ခိုက်ခဲ့ဖူး၍ လီချန်းယွမ်ပင် သူ့ကို မဖမ်းဆီးနိုင်ဘဲ လက်လွှတ်လိုက်ရသည်ဟူသော ကောလာဟလများ ရှိခဲ့ဖူးသည်။ ကြယ်စင်နတ်ဆိုးဂိုဏ်း၏ ကျင့်ကြံသူများအပြင် ဒေသခံ နတ်ဆိုးကျင့်ကြံသူများလည်း ရှိနေသည်။ လူသားပုံစံ သို့မဟုတ် လူတစ်ပိုင်းပုံစံရှိ နတ်ဆိုးများစွာ၏ အလယ်တွင် ဝတ်စုံနီ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ခြေဗလာဖြင့် ဂုဏ်ယူစွာ ရပ်တန့်နေသည်။
'သူက ဝတ်စုံနီ ဝတ်ထားပြီး ခြေဗလာနဲ့။ ကောင်းကင်မြေခွေးမျိုးနွယ်ရဲ့ ဒသမမြောက် မင်းသမီး ဟူချင်းရွှမ်ပဲဖြစ်မယ်' ချူးယွင်ဖန်းသည် သူမ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းပင် သိရှိသွားသည်။
အခန်း (၁၇၇၃) ပါရမီရှင်များ၏ ထိပ်တိုက်ရင်ဆိုင်မှုနှင့် ဂူသင်္ချိုင်းပွင့်လာခြင်း
ကောင်းကင်ယံတစ်ခုလုံး တုန်လှုပ်စေနိုင်သည့် ဖိအားများ ထိုလူလေးဦးထံမှ ထုတ်လွှတ်နေကြရာ ချူးယွင်ဖန်းပင် အံ့အားသင့်စွာ စုတ်သပ်နေမိသည်။ ၎င်းတို့သည် ကမ္ဘာလောကကျမ်းစာတွင် မှတ်တမ်းတင်ထားသော ပါရမီရှင်စာရင်းဝင်သည့် နာမည်ကျော် ပုဂ္ဂိုလ်ကြီးများဖြစ်ကြ၏။ ချူးယွင်ဖန်းသည် ယခင်က ထိုပါရမီရှင်စာရင်းကို တစ်ကြိမ်မြင်တွေ့ဖူးသည်။ ၎င်းစာရင်းတွင် မျိုးဆက်သစ်လူငယ်များအနက် ထိပ်တန်းကျွမ်းကျင်သူအားလုံးကို ထည့်သွင်းထား၍ ထိပ်တန်းအယောက် ၁၀၀ သာ ပါဝင်ခွင့်ရသည့်အပြင် တစ်ဦးချင်းစီသည် သက်တူရွယ်တူများထဲတွင် အတော်ဆုံး ကျင့်ကြံသူများဖြစ်ကြသည်။
ထိုပါရမီရှင်စာရင်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းက ပြုစုထားခြင်း မဟုတ်ဘဲ ဆန်းကြယ်ရိပ်မြုံက ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းဂိုဏ်းသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော်လည်း လူမြင်ကွင်းသို့ ထွက်ပေါ်လာလေ့မရှိကြပေ။ ဆန်းကြယ်ရိပ်မြုံသည် ပါရမီရှင်စာရင်းကို တီထွင်ခဲ့သည့်အပြင် ၎င်းကို အချိန်နှင့်အမျှ အမြဲတစေ အသစ်ပြင်ဆင်လေ့ရှိသည်။
စကြဝဠာအဆင့် အစစ်အမှန်တပည့်တိုင်း၏ ပန်းတိုင်သည် ပါရမီရှင်စာရင်းတွင် ပါဝင်နိုင်ရန်ဖြစ်သည်။ စကြဝဠာအဆင့်အောက် ကျင့်ကြံသူများအတွက်မူ ထည့်သွင်းစဉ်းစားခံရမည် မဟုတ်သည့်အပြင် ထိုစာရင်းထဲပါဝင်ရန် စိတ်ကူးပင် မယဉ်ဝံ့ကြချေ။ ပါရမီရှင်စာရင်းတွင် ပါဝင်သူတိုင်းသည် ဤမျိုးဆက်၏ မျှော်လင့်ချက်အဖြစ် ချီးမြှောက်ခံရကြသည်။ ထိုလူများ မသေဆုံးသွားသရွေ့ အနာဂတ်တွင် လောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်မည့် ပုဂ္ဂိုလ်ကြီးများဖြစ်လာကြမည်ဟု လူတိုင်းက ဆိုကြသည်။
ဤလူငယ်လေးဦးသည် ပါရမီရှင်စာရင်း၏ ထိပ်ပိုင်းတွင် အသီးသီး ရပ်တည်နေကြသူများဖြစ်သည်။ နတ်ဆိုးများကြားတွင် နာမည်ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်သည့် မြေခွေးမျိုးနွယ်၏ ဒသမမြောက်မင်းသမီး ဟူချင်းရွှမ်ပင် လူသိနည်းသည်ဟု ဆိုသော်လည်း ထိုစာရင်းထဲတွင် ပါဝင်နေဆဲဖြစ်သည်။ ၎င်းတို့သည် ကြီးမြတ်သောတရှတွင် သိပ်မထင်ရှားသော်လည်း ပါရမီရှင်စာရင်းတွင် အားလုံး၏ မှတ်တမ်းများ တည်ရှိနေသည်။ ထိုစာရင်းတွင် ပါဝင်နိုင်သည့် ဖြစ်တည်မှုတိုင်းသည် လူငယ်မျိုးဆက်များ၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် စံနမူနာပြနှင့် မှတ်တိုင်များဖြစ်ကြသည်။
ချူးယွင်ဖန်းသည် ဤပါရမီရှင်များစွာကို မှတ်တမ်းတင်နိုင်သည့် ဆန်းကြယ်ရိပ်မြုံအပေါ် စိတ်ဝင်စားမှု မြင့်တက်လာသည်။ ဤဂိုဏ်းသည် ပါရမီရှင်များ၏ လျှို့ဝှက်ချက်များကို ၎င်းတို့၏ လက်ဖမိုးကဲ့သို့ ကောင်းစွာ သိရှိနေပုံပေါ်သောကြောင့် ဆန်းကြယ်ရိပ်မြုံသည် အမှန်တကယ် ထူးခြားဆန်းပြားလှသည်။ ထိုဆန်းကြယ်ရိပ်မြုံသည် ခရမ်းရောင်မိုကြိုးပြည်နယ်ရှိ ဆန်းကြယ်ရိပ်မြုံနှင့် ဆက်နွှယ်မှု ရှိပုံပေါ်သည်။ အတိအကျပြောရလျှင် ခရမ်းရောင်မိုကြိုးပြည်နယ်ရှိ ဆန်းကြယ်ရိပ်မြုံသည် ကနဦးတွင် ဤဆန်းကြယ်ရိပ်မြုံ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ခရမ်းရောင်မိုကြိုးဓားဂိုဏ်း၏ အတားအဆီးကြောင့် ပြည်နယ် သီးခြားစီသွားသဖြင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
ချူးယွင်ဖန်း အတွေးနယ်ချဲ့နေစဉ် ကြယ်စင်နတ်ဆိုးဂိုဏ်း၏ တပည့်ခေါင်းဆောင် ဟွမ်ဖုလီသည် မုန့်ထျန့်ရန်အရှေ့သို့ တိုးလာသည်။ ပြီးနောက် မုန့်ထျန့်ရန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မုန့်ထျန့်ရန်၊ ကျုပ်တို့ ရှင်းစရာစာရင်းရှိသေးတယ်။ အရင်က ကျုပ်တို့ဂိုဏ်းရဲ့ သီးခြားကြယ်က ခင်ဗျား ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီးတဲ့နောက် သေသွားတယ်။ သူ ခင်ဗျားလက်နဲ့ တိုက်ရိုက်သေတာ မဟုတ်ပေမယ့် ခင်ဗျားမှာ တာဝန်ရှိတယ်"
ဟွမ်ဖုလီ၏ မျက်နှာတွင် နတ်ဆိုးဆန်သော အပြုံးတစ်ခု တည်ရှိနေ၍ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် အရောင်အဝါများ ထုတ်လွှတ်နေသည်။ သူသည် ထိုနေရာတွင် ရပ်တန့်နေရုံဖြင့် နတ်ဆိုးဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ခံစားရစေသည်။
မုန့်ထျန့်ရန်သည် ခပ်ဖျော့ဖျော့ ပြုံးပြီးနောက် ထိုနတ်ဆိုးအရောင်အဝါကို ခုခံရန် သူ၏ ခန္ဓာကိုယ်မှ ဖြောင့်မတ်သော စွမ်းအင်များ ထွက်လွှတ်လိုက်သည်။ "ကောင်းပြီလေ။ ခင်ဗျားတို့က မကောင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့လူတွေ မဟုတ်လား။ ကြီးမြတ်တဲ့တရှက လူတွေ ခင်ဗျားတို့လက်ထဲမှာ ဘယ်နှယောက် သေခဲ့ရလဲဆိုတာ ဘယ်သူသိမှာလဲ။ ခင်ဗှားတို့လို လောကရဲ့ စည်းစနစ်တွေကို ဖျက်ဆီးနေတဲ့လူတွေက ကျုပ်ရဲ့ အသေသတ်ရမယ့် စာရင်းထဲမှာ ပါဝင်ပြီးသား"
လောကီရေးရာထဲ ဝင်ရောက်လာသည့် စာပေပညာရှိများအဖို့ တိုင်းပြည်တည်ငြိမ်ခြင်းနှင့် လူထုအေးချမ်းခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ စာပေပညာရှိများသည် မိသားစုကို လေ့ကျင့်ပေးခြင်း၊ တိုင်ပြည်ကို အုပ်ချုပ်ခြင်းနှင့် လောကကြီးကို ငြိမ်းချမ်းစေခြင်းတို့ကို အလေးထားကြသည်။ မွန်မြတ်ခြင်းကျောင်းတော်၏ တပည့်အားလုံးနီးပါးသည် လောကကြီး ငြိမ်းချမ်းမှုကို မိမိတို့၏ တာဝန်အဖြစ် မှတ်ယူထားကြသည်။
ထိုမိစ္ဆာဂိုဏ်းသားများသည် ကြီးမြတ်သောတရှကို နေ့ညမပြတ် ချောင်းမြောင်းနေကြသူများဖြစ်သည်။ မွန်မြတ်သောကျောင်းတော်အတွက်မူ ၎င်းတို့သည် ကမ္ဘာ့ရန်သူများဖြစ်ကြရာ ပြေလည်နိုင်ဖွယ် အကြောင်းအရင်းမရှိချေ။ ထို့ကြောင့် မုန့်ထျန့်ရန်၏ စိတ်ထဲတွင် သတ်ဖြတ်ရန် စာရင်းတစ်ခု ရှိနေခြင်းဖြစ်သည်။ ၎င်းတို့ကို သတ်ဖြတ်ခြင်းဖြင့် လူအများကို ကယ်တင်နိုင်သည်။ သူသည် ဤမူဝါဒကို ကောင်းစွာ နားလည်ထားသည့်အပြင် ခိုင်မာသော ယုံကြည်ချက်ကိုလည်း ပိုင်ဆိုင်ထားသည်။
"ဟားဟားဟား... မုန့်ထျန့်ရန်၊ ခင်ဗျား အရမ်းထောင်လွှားတယ်လို့ ကျုပ်ကြားနေတာ ကြာပြီ။ ဒီနေ့တော့ ကျုပ်ကိုယ်တိုင် တွေ့လိုက်ရတာပဲ။ ကျုပ်သာ ခင်ဗျားကို သတ်လိုက်ရင် ခင်ဗျားတို့ ကျောင်းအုပ်ကြီး ဘယ်လောက်များ ဒေါသထွက်မလဲဆိုတာ ကျုပ် သိချင်လှပြီ"
ဟွမ်ဖုလီ ရယ်မောနေစဥ် သူ၏ အရောင်အဝါများ ပို၍ အစွမ်းထက်လာကာ နတ်ဆိုးမီးတောက်များဖြင့် လွှမ်းခြုံလာသည်။ သို့သော် မုန့်ထျန့်ရန် ထုတ်လွှတ်လိုက်သော ဖြောင့်မတ်သည့် စွမ်းအင်သည်လည်း အနည်းငယ်မျှ နိမ့်ကျခြင်းမရှိဘဲ ဟွမ်ဖုလီ၏ နတ်ဆိုးမီးတောက်များကို ဖိနှိပ်ထားနိုင်သည်။ ဖြောင့်မတ်သော စွမ်းအင်သည် မိစ္ဆာစွမ်းအင်များအပေါ် သဘာဝအရ တုံ့ပြန်နှိမ်နင်းနိုင်စွမ်းရှိပေသည်။ ထိုနှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုသည် လူတိုင်း၏ အာရုံကို ဖမ်းစားထားသည်။ ထိုထိတ်လန့်ဖွယ် အရောင်အဝါများသည် ကွင်းပြင်ရှိ သောင်းနှင့်ချီသော လူအများကို ဖိနှိပ်ထားလေသည်။
'သူတို့ကြားက ကွာခြားချက်ကို တွက်ချက်လို့တောင် မရပါလား'
ထိုစကားလုံးများ လူတိုင်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ ထိုထိပ်တန်းပုဂ္ဂိုလ်များနှင့် သာမန်လူများကြားရှိ ကွာဟချက်သည် သေးငယ်သော ပြဿနာတစ်ခု မဟုတ်တော့ပေ။ ၎င်းတို့၏ အရောင်အဝါများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဧကန်မုဒ်ချ ပြိုင်ဘက်ကင်း ပါရမီရှင်များဖြစ်ကြသည်။ လူအများအပြားသည် လှုပ်ရှားမှု မရှိသေးသော ကျစ်ပုယွီနှင့် ဟူချင်းရွှမ်တို့ကို ကြည့်လိုက်ကြသည်။ မုန့်ထျန့်ရန်နှင့် ဟွမ်ဖုလီ နှစ်ဦးတည်းကပင် ဤမျှ တုန်လှုပ်ဖွယ်ကောင်းနေပါက ပါရမီရှင်စာရင်းတွင် ပါဝင်သည် ကျန်နှစ်ဦး မည်မျှအစွမ်းထက်ကြမည်နည်း။
၎င်းတို့နှစ်ဦး စကားပြောနေစဉ် ကျစ်ပုယွီက အရှေ့သို့ တစ်လှမ်းတိုးလာ၍ ထိုထိပ်တိုက်ရင်ဆိုင်မှုကို ဝင်ရောက်ဟန့်တားရန် ပြင်ဆင်လိုက်သည်။ သူသည် မုန့်ထျန့်ရန်ကို ကူညီချင်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ၎င်းတို့နှစ်ဦးကြားတွင် ပြိုင်ဆိုင်မှုများရှိနေသော်လည်း ဤနေရာသည် နတ်ဆိုးများ သောင်းကျန်းနေသည့် သိန်းချီတောင်တန်းနယ်စပ်ဖြစ်ကြောင်း သူကောင်းစွာ သိသည်။ အကယ်၍ တရားသောလမ်းစဉ် ကျင့်ကြံသူများသာ အချင်းချင်း မပူးပေါင်းကြပါက ၎င်းတို့အားလုံး အသာစီးရနိုင်မည် မဟုတ်ပေ။ သို့သော် သူ မလှုပ်ရှားနိုင်မီ ပုံရိပ်တစ်ခုက သူ့လမ်းကို ပိတ်ဆို့ထားလိုက်သည်။ သူ့ကို တားဆီးခဲ့သည့် ပုံရိပ်သည် ဟူချင်းရွှမ်ဖြစ်သည်။
"အစ်ကိုကျစ်။ ဒါက သူတို့နှစ်ယောက်ကြားက ရန်ငြိုးပါ။ ကျွန်မတို့လို အပြင်လူတွေ ဝင်မစွက်ဖက်တာ ပိုကောင်းမယ်လို့ ထင်တယ်" ဟူချင်းရွှမ်က တခိခိ ရယ်မောလျက် ပြောလိုက်သည်။
"ဟူချင်းရွှမ်၊ ခင်ဗျား ကျုပ်ကို တားဆီးဖို့ လုပ်နေတာလား" ကျစ်ပုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"တားဆီးနေတာလို့တော့ မပြောနိုင်ပါဘူး၊ ဒါပေမယ့် ကျွန်မက အစ်ကိုကျစ်ကိုတော့ အတော်လေး စိတ်ဝင်စားလို့ပါ" ဟူချင်းရွှမ်က မူယာမာယာများစွာ ရယ်မောလိုက်သော်လည်း အနည်းငယ်မျှ အလျှော့ပေးချင်ပုံ မပေါ်ပေ။
"ဟူချင်းရွှမ်၊ ခင်ဗျားအကြောင်း ကျုပ်သိတယ်။ ခင်ဗျား ငယ်ငယ်တုန်းက လူသားအယောင်ဆောင်ပြီး ကြီးမြတ်တဲ့တရှကို ခိုးဝင်ခဲ့တဲ့အပြင် အလယ်ပိုင်းဒေသတစ်ဝိုက်မှာ လှည့်လည်သွားလာပြီး မိတ်ဆွေတွေအများကြီး ဖွဲ့ခဲ့တာတောင် ခင်ဗျားက ထင်ရှားတဲ့ နတ်ဆိုးတစ်ယောက်ဆိုတာကို ဘယ်သူမှ မရိပ်မိခဲ့ကြဘူး။ အဲဒီတုန်းက ခင်ဗျားနဲ့ သက်တူရွယ်တူတွေကြား ခင်ဗျားကို ယှဉ်နိုင်သူ မရှိခဲ့ဘူးလို့ လူတွေ ပြောကြတယ်။ ဒါပေမယ့် ကျုပ်ကတော့ အဲလို မထင်ဘူး။ တောင်ပေါ်မှာ ကျားမရှိလို့ မျောက်တစ်ကောင်က မင်းမူနေတာလို့ပဲ ထင်တယ်" ကျစ်ပုယွီက ပြောလိုက်သည်။
ကျစ်ပုယွီက ဟူချင်းရွှမ်ကို စိုက်ကြည့်လိုက်သည်။ ဟူချင်းရွှမ်သည် အမှန်တကယ် ထူးခြားသည့် ကျင့်ကြံသူဖြစ်ကြောင်း သူ ဝန်ခံသော်လည်း ထိုမျှသာဖြစ်သည်။
"အို... အဲဒီလိုဆိုရင်လည်း တစ်ချက်လောက် စမ်းကြည့်ကြတာပေါ့ အစ်ကိုကျစ်" ဟူချင်းရွှမ်၏ မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် သူမသည် ထပ်ကာထပ်ကာ ရယ်မောနေပြန်သည်။
"ခင်ဗျားရဲ့ ဖြားယောင်းသွေးဆောင်တဲ့ အတတ်ပညာတွေကို သိမ်းထားလိုက်စမ်းပါ။ တခြားလူတွေကို လှည့်စားနိုင်ပေမယ့် ကျုပ်ကိုတော့ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး" ကျစ်ပုယွီက ပြောလိုက်သည်။
၎င်းတို့နှစ်ဦး စကားပြောနေစဉ် မစောင့်နိုင်တော့သည့် မုန့်ထျန့်ရန်နှင့် ဟွမ်ဖုလီတို့သည် စတင်တိုက်ခိုက်လာကြသည်။ ထိုနှစ်ဦး ကောင်းကင်ယံသို့ ပျံသန်းသွားသည်နှင့် ထိတ်လန့်ဖွယ် တိုက်ပွဲလှိုင်းလုံးများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။ ကျစ်ပုယွီနှင့် ဟူချင်းရွှမ်တို့သည်လည်း အချင်းချင်း စတင်တိုက်ခိုက်လိုက်ကြသည်။ ထိုအချိန်တွင် ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ရှေးဟောင်း ဒဿမသားရဲကြီးများ ဂူသင်္ချိုင်းကြီး ပွင့်လာလေသည်။