← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁)- နန်းမြို့တော်မှ ပါရမီရှင် လူငယ်များနှင့် စိန်ခေါ်ပွဲ

~ဘိုးဘေး လင်မြောင် သည် ဆောက်လုပ်ရေး နယ်မြေမှ လုံးဝ မထွက်ခွာပေ။

သူသည် ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီး တည်ဆောက်နေမှုကို တစ်ချိန်လုံး အနီးကပ် စောင့်ကြည့်နေပြီး၊ အသေးအဖွဲလေးမျှပင် ပေါ့ဆခြင်း မရှိဝံ့ရှာပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဧရာမ ဝင်္ကပါအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ အလွန်ပင် ရှားပါးလွန်းလှသောကြောင့် ဖြစ်၏။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ ဘဏ္ဍာတိုက်အတွင်းရှိ အရင်းအမြစ် သုံးပုံတစ်ပုံခန့်ကို အကုန်အစင် သုံးစွဲခဲ့မှသာ၊ ဤဝင်္ကပါ တစ်ခုစာအတွက် လိုအပ်သော ပစ္စည်းများကို မနည်း စုဆောင်းနိုင်ခဲ့ခြင်းပင်။ အမှားအယွင်း အနည်းငယ်မျှ ရှိသွားခဲ့မည်ဆိုပါက အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

---

တောင်ပိုင်းမြစ်ဝှမ်း ဒေသမှ သတင်းများမှာ လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် အတွင်းသို့ ဆက်တိုက် စီးဝင်နေခဲ့ပြီး၊ တော်ဝင်မိသားစုများနှင့် နတ်ဘုရား မျိုးနွယ်စုဝင်များအကြားတွင်လည်း အပြင်းအထန် ဆွေးနွေးစရာ ဖြစ်နေရတော့၏။

နတ်ဘုရား မျိုးနွယ်စုဝင် ရှုမိသားစု အတွင်းဝယ်၊

ရှုဟွာမို သည် မျှော်စင်ကြီး၏ ရှေ့တွင် ဒူးထောက်လျက် တင်ပြနေသည်။

“ဘိုးဘေးတို့... မယုံမရှိကြပါနဲ့... အဲဒီ ယဲ့ဖုန်း ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းတာပါ... အနည်းဆုံးတော့ မူလနတ်ဘုရား အလယ်အလတ် အဆင့်ကို ရောက်နေပါပြီ...”

ရှုမိသားစု၏ တတိယ ဘိုးဘေးကလည်း ဘေးမှ ခေါင်းညိတ် ထောက်ခံလိုက်၏။

“ဘိုးဘေးကြီးနဲ့ ဦးလေးတို့ မယုံချင်ပေမဲ့ ဒါက တကယ့် အမှန်တရားပါပဲ...”

“ယဲ့ဖုန်း က တကယ်ပဲ အဲဒီလောက်အထိ အစွမ်းထက်တာလား...” ရှုမိသားစု၏ ဒုတိယ ဘိုးဘေးမှာမူ ယခုထက်တိုင် မယုံနိုင်သေးပုံရသည်။

“ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး...”

ထိုအခိုက်အတန့်တွင် ရှုမိသားစု၏ အဓိက ဘိုးဘေးကြီး ထံမှ အိုမင်းသော်လည်း ခံ့ညားလှသော အသံ ထွက်ပေါ်လာလေ၏။ ဒုတိယ ဘိုးဘေးမှာ ခေတ္တမျှ ကြောင်အသွားရရှာ၏။

ဘိုးဘေးကြီးက ဆက်လက်၍ မိန့်ကြားလေ၏။

“ဒီလောကကြီးမှာ အစွမ်းထက်တဲ့သူတွေ အများကြီး ရှိတာပဲ... အထူးသဖြင့် ရုတ်တရက်ကြီး ထွန်းတောက်လာတဲ့ အင်အားစုတွေပေါ့... အပြင်ပန်းကြည့်ရင် အားနည်းသလို ထင်ရပေမဲ့ သူတို့နောက်ကွယ်မှာ ပညာရှင်ကြီးတစ်ယောက် ရှိနေနိုင်သလို၊ ဒါမှမဟုတ်ရင်လည်း အဲဒီလူကိုယ်တိုင်က မဟာတန်ခိုးရှင် တစ်ယောက်ယောက်ရဲ့ လူဝင်စား ဖြစ်နေနိုင်တာပဲ...”

ရှုဟွာမို မျက်မှောင်ကြုတ်လိုက်မိသည်။

“ဘိုးဘေးကြီး... ဆိုလိုတာက ယဲ့ဖုန်း က လူဝင်စား တစ်ယောက် ဖြစ်နိုင်တယ်လို့ ပြောချင်တာလားဟင်...”

“ဟုတ်တယ်...” ဘိုးဘေးကြီးက ပြတ်သားစွာပင် ဖြေကြားလိုက်၏။

သူ့အမြင်တွင်မူ ရုတ်တရက်ကြီး အရှိန်အဟုန်နှင့် တိုးတက်လာသော အင်အားစုတစ်ခု၏ အမာခံမှာ ဤကဲ့သို့သော လူဝင်စား ကျင့်ကြံသူမျိုးသာ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ယဲ့ဖုန်း၏ မန္တန်များနှင့် နတ်ဘုရား စွမ်းရည်များအပေါ် နားလည်မှုမှာ မည်သို့လျှင် ဤမျှ ထူးချွန်နိုင်ပါမည်နည်း။

သေချာသည်မှာ ယဲ့ဖုန်းကိုယ်တိုင်ကပင် မိမိ၏ ကျင့်ကြံခြင်း အရှိန်အဝါကို ဖုံးကွယ်ထားသော ပညာရှင်ကြီးတစ်ဦး ဖြစ်နေနိုင်ခြင်းလည်း ရှိပေသည်။

“ဒါဆို... ဘိုးဘေးကြီး... ကျုပ်တို့ မြူခိုးဂိုဏ်း ကို သွားပြီး တရားရင်ဆိုင်ဖို့ လိုဦးမလားဟင်...” ရှုဟွာမိုက တုံ့ဆိုင်းစွာ မေးလိုက်၏။

“ဟမ့်.. ဒီလောက် ကလေးကလား ကိစ္စလေးကို ဘာလို့ ပြဿနာ လုပ်နေမှာလဲ... ကိစ္စကြီးရင် ငယ်အောင်လုပ်၊ ငယ်ရင် ပပျောက်အောင်လုပ်တာက ပိုကောင်းတယ်... ဒါမှမဟုတ်ရင်လည်း ဘာမှ မဖြစ်ခဲ့သလိုပဲ နေလိုက်ကြစမ်း...” ဘိုးဘေးကြီးက စိတ်မရှည်စွာပင် ပြောလိုက်လေတော့သည်။

အကယ်၍ ယဲ့ဖုန်းသာ မူလနတ်ဘုရား အဆင့် တတိယအလွှာထက် မပိုသော သာမန် ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုပါက၊ ရှုမိသားစု အနေဖြင့် သူတို့၏ အာဏာကို အသုံးပြု၍ ဖိနှိပ်နိုင်ပေလိမ့်မည်။ သို့သော် ယခုမူ ယဲ့ဖုန်းသည် မူလနတ်ဘုရား အလယ်အလတ် အဆင့် စွမ်းအားများကို ပြသထားခဲ့ပြီ ဖြစ်ရာ၊ သူသည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်အတွင်း၌ ထိပ်တန်း ဆယ်ယောက်စာရင်းဝင် ဖြစ်နေချေပြီ။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုမူ သွားရောက် ရန်မစသင့်သည်မှာ အမှန်ပင်။

“နားလည်ပါပြီ ဘိုးဘေးကြီး...” ရှုဟွာမိုမှာလည်း အဆက်မပြတ် ခေါင်းညိတ်ရင်း နာခံလိုက်ရလေတော့သည်။

---

ဆယ်ထပ် မြင့်မားသော ဧရာမ လက်ဖက်ရည်ဆိုင်ကြီး တစ်ခုအတွင်းဝယ်။

ဤနေရာမှာ လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် အတွင်း၌ အကျော်ကြားဆုံး နေရာတစ်ခုပင် ဖြစ်၏။ ဆိုင်ရှင်မှာ ဝိညာဉ်ပင်လယ် အဆင့် ရှိသော ရင်သပ်ရှုမောဖွယ် အလှဂုဏ်သတင်း ကျော်ကြားသူ ဖြစ်သဖြင့်၊ မရေမတွက်နိုင်သော လူငယ်များမှာ သူမ၏ အလှကို ကြည့်ရင်း လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောရန် ဤနေရာသို့ စုရုံးရောက်ရှိနေတတ်ကြသည်။

“ငါ ကြားတာတော့... မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း က မူလနတ်ဘုရား အလယ်အလတ် အဆင့် ရှိတဲ့ ပညာရှင်တဲ့ဗျ... တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှာတော့ သူနဲ့ ယှဉ်နိုင်သူ မရှိဘူးလို့ ပြောကြတယ်...”

“လျှောက်ပြောမနေပါနဲ့ဗျာ... ကောလာဟလတွေ နေမှာပါ...”

“မင်းက မယုံဘူးလား... ငါ ပြောပြမယ်... ငါ့ရဲ့ ဝမ်းကွဲ အစ်မတစ်ယောက်က ခရိုင်ဘုရင်မြို့တော် ကလေ... သူမက ငါ့ကို အသေအချာ ပြောပြထားတာ... ဂိုဏ်းချုပ်ယဲ့ က တကယ့်ကို ခန့်ညားပြီး ဘုန်းကံကြီးမားတာတဲ့... မိန်းကလေး အများကြီးရဲ့ အသည်းစွဲ အိပ်မက်မင်းသားကြီးပေါ့ဗျာ...”

“မဖြစ်နိုင်တာ... အဲဒါတွေက အပိုတွေပါ...”

“မင်းလို တွင်းထဲက ဖားတစ်ကောင်နဲ့ စကားပြောနေရတာ တကယ်ပဲ အချိန်ဖြုန်းတာပဲကွာ...”

လက်ဖက်ရည်ဆိုင်အတွင်း၌ လူတိုင်းမှာ တောင်ပိုင်းမြစ်ဝှမ်း ဒေသ၏ အကြောင်းကိုသာ ပြောဆိုနေကြလေ၏။ မြူခိုးဂိုဏ်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ တစ်လကျော် ရှိခဲ့ပြီ ဖြစ်သော်လည်း၊ လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် နှင့် အခြားသော နယ်မြေများအတွက်မူ ဤသတင်းမှာ ယခုထက်တိုင် ဆန်းသစ်နေဆဲပင်။

“ငါ ကြားတာတော့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ ဆိုတာ ဝိညာဉ်စွမ်းအင်တွေ ခန်းခြောက်နေတဲ့ ဖုန်ထူတဲ့ နေရာတစ်ခုပဲတဲ့... အရင်တုန်းက အစွမ်းထက်ဆုံးသူက ခရိုင်ဘုရင် ပဲ ရှိတာလေ... အဲဒါတောင် ကောင်းကင်ဘုံနှင်းရည် ကျဆင်းလာမှသာ မူလနတ်ဘုရား အဆင့် ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့တာ...”

“ငါလည်း အဲဒါကို သိတယ်...”

“အခုမှ မူလနတ်ဘုရား အဆင့် ရောက်ကာစ ဆိုတော့လည်း... ခရိုင်ဘုရင် ကတော့ သန်မာမှာပါလေ...”

“ငါ့အဖေလည်း မူလနတ်ဘုရား အဆင့် ကို ရောက်သွားပြီပဲ... ခရိုင်ဘုရင် ကို ကြောက်နေစရာ မလိုပါဘူး... ဘာပဲဖြစ်ဖြစ် ငါက ငါ့အဖေကိုတောင် မကြောက်တာ...”

“တော်စမ်းပါကွာ... ပြီးခဲ့တဲ့ အခေါက်က မင်းအဖေ မင်းကို ရိုက်တုန်းက ချက်ချင်း ဒူးထောက်သွားတာ ဘယ်သူလဲ...”

“အဲဒီကိစ္စကို ထပ်မပြောနဲ့တော့လေဟာ...”

“ဟေ့... ဒါနဲ့ ငါတို့ နန်းမြို့တော်က ပါရမီရှင် လူငယ်တွေကို စုပြီးတော့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ ကို သွားလည်ကြရင် မကောင်းဘူးလား... အဲဒီက လူငယ်သူရဲကောင်းတွေကို စိန်ခါ်ကြည့်တာပေါ့... သူတို့တွေ ကျုပ်တို့နဲ့ ယှဉ်နိုင်မလားဆိုတာ သိရတာပေါ့...”

“တကယ်ကို ကောင်းတဲ့ အကြံပဲဗျာ...”

လူငယ် ပါရမီရှင် အများအပြားမှာ စိတ်ဝင်စားသွားကြလေ၏။ ဤသတင်းမှာလည်း အလျင်အမြန် ပြန့်နှံ့သွားရတော့၏။

အချိန်ဝက်မျှသော အတွင်းမှာပင် နန်းမြို့တော်မှ ပါရမီရှင် လူငယ်များ၏ သုံးပုံတစ်ပုံခန့်မှာ အင်အားကြီးသော အဖွဲ့ကြီးတစ်ခု ဖွဲ့စည်းလိုက်ကြပြီး တောင်ပိုင်းမြစ်ဝှမ်း ဒေသ ရှိရာဆီသို့ ဦးတည် ထွက်ခွာခဲ့ကြလေတော့သည်။

ဤလှုပ်ရှားမှုမှာ နတ်ဘုရား မျိုးနွယ်စုများနှင့် တော်ဝင်မိသားစုများမှ လူကြီးအချို့၏ အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း၊ သူတို့မှာမူ ဝင်ရောက် မတားဆီးခဲ့ကြပေ။ လူအများစုမှာလည်း နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာခဲ့သော တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှ မည်ကဲ့သို့သော ပါရမီရှင်များ ထွက်ပေါ်လာမည်ကို သိလိုစိတ်များ ပြည့်နှက်နေကြလေ၏။

---

ယဲ့ဖုန်းမှာမူ နန်းမြို့တော်မှ ပါရမီရှင် လူငယ်များ တဟုန်ထိုး လာနေကြသည်ကို လုံးဝ မသိရှိသေးပေ။ သူ သိရှိခဲ့လျှင်ပင် ဂရုစိုက်နေမည် မဟုတ်ပေ။ ထိုလူငယ်များမှာ အစွမ်းထက်ကြသည် မှန်သော်လည်း သူနှင့် ယှဉ်လျှင်မူ ပြောပလောက်စရာ မရှိပါပေ။

၎င်းတို့၏ မိဘဘိုးဘွားများပင်လျှင် ယဲ့ဖုန်း၏ ပြိုင်ဘက် မဟုတ်ကြပေ။

ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းသည် အသစ်စက်စက် ဂိုဏ်းသား စာရင်းသွင်း တံဆိပ်ပြား ရာပေါင်းများစွာကို သွန်းလုပ်ပြီးနောက် စနစ်တကျ ဝေငှပေးလိုက်၏။

“ဂိုဏ်းချုပ်... ကျွန်မ နောက်ဆုံး တာဝန်တစ်ခုကိုပဲ ပြီးအောင် လုပ်ဖို့ လိုတော့တယ်... အဲဒါဆိုရင်တော့ ကျွန်မ အမွေခံတပည့် အဆင့်ကို တက်လှမ်းနိုင်ပါပြီ...”

မိုယင် သည် သူမ၏ လေညှင်းစီး ဓားပျံကို ကိုင်ဆောင်လျက် ယဲ့ဖုန်း၏ အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့လေ၏။ သူမသည် ခရိုင်ဘုရင်မြို့တော် အနီးတွင် လုပ်ဆောင်ရမည့် တာဝန်သစ် တစ်ခုကို ခုလေးတင် လက်ခံရရှိထားခြင်း ဖြစ်ပေသည်။

သူမသည် တိမ်ထုများကြားတွင် လွင့်မျောနေသော မြောက်ပိုင်းမဟာ ခုနစ်တောင်ထိပ် ကို မော့ကြည့်လိုက်ရင်း၊ သူမ နေထိုင်မည့် နေရာကိုပင် စိတ်ထဲမှ ရွေးချယ်ပြီးသား ဖြစ်နေရတော့၏။

“ဒီလောက်တောင် မြန်တာလား...”

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိ၏။ “ဒါဆိုရင်လည်း တာဝန်ကို သွားပြီး ထမ်းဆောင်လိုက်တော့လေ... မင်းဟာ ငါတို့ မြူခိုးဂိုဏ်း ရဲ့ ပထမဆုံးသော အမွေခံတပည့် ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်...”

“ဦးလေး ဂိုဏ်းချုပ်... ကျွန်မလည်း တာဝန်တစ်ခု သွားလုပ်မလို့ပါ... စီနီယာအစ်မ မိုယင် နဲ့ လမ်းကြုံနေလို့ အတူတူ သွားကြမလို့ရှင်...” လီကျောက်ကျောက် သည် လက်ထဲတွင် ဟင်းချက်ဓား နှစ်လက်ကို ကိုင်ဆောင်လျက်၊ ပါးပြင်လေးများမှာ ပန်းသီးမှည့်လေးများပမာ နီမြန်းနေပြီး အနားသို့ ရောက်ရှိလာလေ၏။

“ကျွန်တော်လည်း လမ်းတူတူပါပဲ ခင်ဗျာ...” ဝမ်ဖင်းအန်း မှာလည်း သူ၏ အမည်းရောင် ဒယ်အိုးကြီးကို သယ်ဆောင်လျက် အေးအေးဆေးဆေးပင် ပြောလိုက်၏။

ယဲ့ဖုန်းက သူ့အား ခပ်စောင်းစောင်း ကြည့်လိုက်ရင်း -

“မင်း အပြင်သွားတဲ့အခါ... စကားနည်းနည်းပြောပြီး အလုပ်များများလုပ်နော်...”

“စိတ်ချပါ ဦးလေး ဂိုဏ်းချုပ်... ကျွန်တော် စကားမပြောဘဲ နေမယ့် ကျင့်စဉ်ကို သေချာပေါက် ကျင့်ကြံပါ့မယ်...” ဝမ်ဖင်းအန်း က သူ့လက်နှင့် သူ့ပါးစပ်ကို ကပျာကယာ အုပ်လိုက်၏။

“အင်း... သွားကြတော့...” ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။

ဝှစ်...

မိုယင်၊ လီကျောက်ကျောက် နှင့် ဝမ်ဖင်းအန်း တို့သည် မိမိတို့၏ ဓားများကို စီးနင်းကာ မိုင်ပေါင်း ထောင်ချီ ဝေးကွာသော ခရိုင်ဘုရင်မြို့တော် ရှိရာဆီသို့ ပျံသန်း ထွက်ခွာသွားကြလေတော့သည်။

---

မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာတွင်၊

ဟိုယွင်ကျဲ၊ လုံထျန်းရှင်း၊ ချောင်ကျားရှီး နှင့် ရှီလေ့ တို့သည် လေထဲတွင် ပျံသန်းနေကြလေ၏။ သူတို့သည် မနေ့ကမှ ဂိုဏ်း၏ တာဝန်သစ် တစ်ခုကို လက်ခံရရှိထားခဲ့ခြင်းဖြစ်ပြီး၊ အဖိုးတန် ဝိညာဉ်ဆေးပင်များ ရှာဖွေရန်အတွက် မြောက်ဘက်ရှိ ဓားဘုရင်ဂိုဏ်း ၏ နယ်မြေအတွင်းသို့ ဦးတည်နေကြခြင်း ဖြစ်ပေသည်။

ယခုအခါ သူတို့သည် ခရိုင်ဘုရင်မြို့တော် ကို ဖြတ်ကျော်ပြီး မြောက်ဘက်သို့ ဆက်လက် ခရီးနှင်နေကြလေ၏။

---

ဓားဘုရင်ဂိုဏ်း မှာ တောင်ပိုင်းမြစ်ဝှမ်း ဒေသ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး၊ ဤနယ်မြေကို ဖြတ်ကျော်လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ ဗဟိုနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်ရာ နန်းမြို့တော်နှင့်လည်း သိပ်မဝေးလှပေ။

တောင်တန်းများကြားဝယ် လူပေါင်း ရာနှင့်ချီ၍ တစ်ဦးကိုတစ်ဦး ဒေါသတကြီး စိုက်ကြည့်နေကြလေ၏။

သူတို့မှာ အုပ်စုနှစ်ခု ကွဲနေ၏။

ပထမ အုပ်စုမှာ ဓားဘုရင်ဂိုဏ်း ၏ ဝတ်စုံများကို ဆင်မြန်းထားကြပြီး လူပေါင်း တစ်ရာခန့် ရှိကာ၊ ၎င်းတို့ထဲမှ ဒါဇင်ကျော်မှာ ဒဏ်ရာများ ရရှိထားသဖြင့် မျက်နှာများမှာ ဖြူဖျော့နေကြရှာသည်။

ကျန်ရှိသော အုပ်စုမှာမူ အရောင်အသွေး စုံလင်လှသော ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး လူပေါင်း နှစ်ရာကျော် ရှိလေ၏။ သူတို့မှာ မတူညီသော ကျင့်ကြံခြင်း အဆင့်များ ရှိကြပြီး၊ လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် မှ အင်အားစု အသီးသီး၏ ပါရမီရှင် လူငယ်များပင် ဖြစ်သည်။

သူတို့မှာ လက်ကို နောက်ပစ်ကာ၊ ဒဏ်ရာရရှိထားသော ဓားဘုရင်ဂိုဏ်း တပည့်များကို မထီမဲ့မြင် ပြုသော အကြည့်များဖြင့် ကြည့်နေကြလေ၏။

အပြာရောင် ဝတ်စုံနှင့် ခန့်ညားသော လူငယ်တစ်ဦးက ပခုံးတွန့်ရင်း လှောင်ပြောင်လိုက်သည်။

“အို... ဒါတွေက ဓားဘုရင်ဂိုဏ်း ရဲ့ အတွင်းစည်းတပည့်တွေလား... ကြည့်ရတာ အရိုက်တော့ အခံသိပ်မရှိကြဘူးပဲနော်...”

“ကျုပ်တို့က အဆင့်တူချင်း တိုက်ခိုက်ပြီး ရှုံးခဲ့တာပါ... မင်းတို့ နန်းမြို့တော်က ပါရမီရှင်တွေ အစွမ်းထက်တာကို ကျုပ်တို့ ဝန်ခံပါတယ်... ဒါပေမဲ့ ကျုပ်တို့ရဲ့ ဓားဘုရင်ဂိုဏ်း ကို အရှက်ခွဲဖို့ အခွင့်အရေး မရှိဘူး...” ဓားဘုရင်ဂိုဏ်း မှ တပည့်တစ်ဦးက မျက်နှာပျက်ပျက်နှင့် အေးစိမ့်စွာ ပြန်လည် တုံ့ပြန်လိုက်၏။

“မှန်တယ်... ဓားဘုရင်ဂိုဏ်း ကို စော်ကားဖို့ မင်းတို့မှာ ဘာအရည်အချင်း ရှိလို့လဲ...” အခြားသော အတွင်းစည်းတပည့်များကလည်း ဝိုင်းဝန်း အော်ဟစ်လိုက်ကြကုန်၏။

ယနေ့တွင် နန်းမြို့တော်မှ ပါရမီရှင် လူငယ် နှစ်ရာကျော်မှာ ဓားဘုရင်ဂိုဏ်း ၏ အတွင်းစည်းတပည့်များကို လာရောက် ရှာဖွေခဲ့ကြပြီး၊ ဤနေရာ၌ လက်ရည်ယှဉ်ရန် သဘောတူခဲ့ကြခြင်း ဖြစ်ပေသည်။ ရလဒ်အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ဓားဘုရင်ဂိုဏ်း တပည့်များ အားလုံးမှာ ရှုံးနိမ့်ကာ ဒဏ်ရာများ ရရှိခဲ့ကြရလေ၏။

“ငါတို့က လှောင်တော့ ဘာဖြစ်လဲ... ရှုံးတဲ့သူကတော့ အရှက်ခွဲခံရဖို့ ထိုက်တန်တာပဲလေ... ဘာလို့လဲဆိုတော့ ခေတ်နောက်ကျနေရင် အထုခံရမှာပဲလေ...”

ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် ရှိသော နန်းမြို့တော်မှ ပါရမီရှင် လူငယ်တစ်ဦးက လက်ကို ရင်ဘတ်တွင် ပိုက်လျက် မာန်တက်စွာ ပြောလိုက်၏။

“မင်း စကားက တော်တော်လေး ကောင်းတာပဲ... ဒါဆိုရင် ငါနဲ့ရော တစ်ချက်လော

က် တိုက်ရဲလား...”

လူအုပ်ကြီးကို ထိုးဖောက်ကာ လူပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

၎င်းထံမှ ထွက်ပေါ်နေသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁) အထွတ်အထိပ်၏ အရှိန်အဝါများကြောင့် ဓားဘုရင်ဂိုဏ်း တပည့်များမှာ စိတ်ဓာတ်များ ပြန်လည် နိုးထလာကြရလေ၏။

ဤသူကား ဓားဘုရင်ဂိုဏ်း ၏ အသစ်စက်စက် တိုးမြှင့်ခံထားရသော အမွေခံတပည့် ဖြစ်၏။

သူ၏ အမည်မှာ လော့ဟယ်တုန် ပင် ဖြစ်၏။

“အို... နောက်ဆုံးတော့ စိတ်ဝင်စားစရာ ကောင်းတဲ့သူ တစ်ယောက် ပေါ်လာပြီပဲ... ဘာလဲ... မင်းက မင်းတို့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် လာတိုက်ပေးမလို့လား...” နန်းမြို့တော်မှ လူငယ်က လှောင်ပြောင်လိုက်၏။

“မင်းမှာ သတ္တိရှိရင်တော့ ထွက်လာခဲ့ပြီး တိုက်စမ်း...” လော့ဟယ်တုန် က ဟိန်းဟောက်လိုက်၏။

“ငါက မင်းကို ကြောက်နေမယ် ထင်လို့လား...” နန်းမြို့တော်မှ လူငယ်သည် ရှေ့သို့ လှမ်းတက်လာခဲ့ရာ၊ သူ၏ ပြင်းထန်လှသော အရှိန်အဝါများကြောင့် လော့ဟယ်တုန် မှာမူ အန္တရာယ် အငွေ့အသက်အချို့ကို စတင် ခံစားလိုက်ရလေ၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ အမြင့်ထက်၌ ဖြစ်သည်။

မြူခိုးဂိုဏ်း၏ အစွမ်းထက် တပည့်လေးဦးမှာ ထိုနေရာကို ဖြည်းညှင်းစွာ ဖြတ်သန်း ပျံသန်းလာခဲ့ကြလေ၏။

“ဟိုမှာကြည့်စမ်း... ဓားဘုရင်ဂိုဏ်း က တပည့်တွေနဲ့ တခြားလူတွေ ရန်ဖြစ်နေကြတာပဲ... ငါတို့ သိတဲ့ လော့ဟယ်တုန် တောင် ပါနေသေးတယ်...” ဟိုယွင်ကျဲ သည် အောက်ခြေသို့ လက်ညှိုးညွှန်ပြရင်း ရပ်တန့်လိုက်၏။

“ဒါက လက်ရည်ယှဉ်တဲ့ ပွဲလားဟင်...” ရှီလေ့က မေးမြန်းလိုက်သည်။

“အဲဒီလိုပဲ ထင်တာပဲဗျ...” ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။

“ဒါဆိုရင် တာဝန်ကို အလောတကြီး မသွားကြသေးဘဲ... ဒီပွဲကို အရင် ကြည့်ကြတာပေါ့...” ဟိုယွင်ကျဲ သည် သူ၏ အေးစက် အလင်းဓားပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ရင်း လေထဲမှာ ပျံဝဲနေလိုက်၏။

ကျန်ရှိသော သူသုံးဦးမှာလည်း ဆက်မသွားကြသေးဘဲ ရပ်ကြည့်နေကြ၏။ သူတို့မှာ ဘာရည်ရွယ်ချက်မျှ မရှိဘဲ၊ ပျော်စရာ မြင်ကွင်းတစ်ခုကိုသာ ကြည့်ရှုချင်ကြခြင်း ဖြစ်ပေသည်။

“ဟို အပေါ်က လူတွေက ဘယ်သူတွေလဲဗျ... ငါတို့ကို လူမထင်တဲ့ပုံစံနဲ့ အပေါ်ကနေ ငုံ့ကြည့်နေရဲတယ်ပေါ့လေ... အခုချက်ချင်း အောက်ကို ဆင်းခဲ့စမ်း...”

သို့သော်လည်း မကြာမီမှာပင် နန်းမြို့တော်မှ ပါရမီရှင်တစ်ဦးက ဟိုယွင်ကျဲ တို့အုပ်စုကို လှမ်းမြင်သွားခဲ့ပြီးနောက်၊ အောက်သို့ ဆင်းလာရန် အော်ဟစ် ကြိမ်းမောင်းလိုက်လေတော့သည်။

ထိုအသံကြောင့် နှစ်ဖက်စလုံးမှ လူများမှာ ခေါင်းမော့ကြည့်လိုက်ကြပြီး၊ ဟိုယွင်ကျဲ တို့အဖွဲ့အပေါ်သို့ အာရုံများ ရောက်ရှိသွားကြလေ၏။

ထိုအခိုက်အတန့်မှာပင် သူတို့ လေးဦးမှာ လူအများ၏ အာရုံစိုက်မှုကို ရရှိသွားရတော့၏။

“ပျော်စရာ လာကြည့်တာပါဆိုမှ... ဘယ်လိုလုပ်ပြီး ပစ်မှတ် ဖြစ်သွားရတာလဲဗျာ...”

ချောင်ကျားရှီး မှာမူ စိတ်အနှောင့်အယှက် ဖြစ်သွားသော လေသံဖြင့် ရေရွတ်လိုက်၏။

အခန်း (၄၅၂)- မြူခိုးဂိုဏ်း အတွင်းစည်းတပည့်များ၏ အရှိန်အဝါနှင့် မာန်တက်နေသူများကို နှိမ်နင်းခြင်း

~ချောင်ကျားရှီးမှာမူ စကားပင် မပြောနိုင်အောင် ဖြစ်သွားရုံတင်မက၊ ဟိုယွင်ကျဲ၊ ရှီလေ့ နှင့် လုံထျန်းရှင်း တို့မှာလည်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမိကြလေ၏။

ထိုစိမ်းသက်လှသော နန်းမြို့တော်မှ လူငယ်တစ်စုမှာ မိမိတို့က အထက်စီးတွင် ရပ်နေသည်ကိုပင် မကျေမနပ် ဖြစ်နေကြသည် မဟုတ်ပါလော။ သူတို့က ငါတို့ကို အောက်ခြေကနေ မော့ကြည့်စေချင်တာလား၊ ဒါမှမဟုတ် မြေအောက်ထဲမှာ ပုန်းပြီး ကြည့်စေချင်တာလား။

'ဒီလောကကြီးမှာတော့ ထူးထူးဆန်းဆန်း လူတွေကလည်း ပေါပါပေ့ဗျာ...'

ရှီလေ့သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိ၏။

“ကျွန်တော်တို့ အောက်ကို ဆင်းရမလားဟင်...” လုံထျန်းရှင်းက မေးမြန်းလိုက်သည်။

“သူတို့က ဘယ်သူတွေလဲဆိုတာတောင် ငါတို့ မသိဘူးလေ... ဆင်းဆိုတိုင်း ဆင်းရမှာလား...” ဟိုယွင်ကျဲက မျက်လုံးလေး ကလည်ကလည်လုပ်ရင်း ပြန်ပြောလိုက်၏။

သူတို့သည် အဝေးတစ်နေရာမှ တိုက်ပွဲကို ရိုးရိုးသားသား ကြည့်နေခြင်းသာ ဖြစ်သော်လည်း၊ ထိုစိမ်းသက်သော လူများက လာရောက် ကြိမ်းမောင်းနေသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားကြကာ အောက်သို့ ဆင်းရန် လုံးဝ စိတ်မကူးတော့ပေ။

ထို့ကြောင့် ဟိုယွင်ကျဲ နှင့် သူ၏ သူငယ်ချင်း သုံးဦးမှာ ထိုလူငယ်၏ စကားကို လျစ်လျူရှုကာ ကောင်းကင်ယံတွင် ဆက်လက် ရပ်တန့်နေခဲ့ကြလေ၏။

“ဟေ့... မင်းတို့က ငါ့စကားကို အလေးမထားဘူးပေါ့လေ... ကြည့်ရတာ မင်းတို့ရဲ့ အရေခွံကတော့ အဆုံးမခံချင်လို့ ယားနေပြီ ထင်တယ်...”

အော်ဟစ်လိုက်သော နန်းမြို့တော်မှ လူငယ်မှာလည်း အစွမ်းထက်သူ တစ်ဦး ဖြစ်ပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအလွှာ ရှိ ပညာရှင် တစ်ဦးပင် ဖြစ်၏။ သူသည် လက်ကို မြှောက်လိုက်ရာ အနှစ်သာရ စွမ်းအားများမှာ ပြင်းထန်သော လေပြင်းလက်ဝါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ လေထဲရှိ လူလေးဦးကို လှမ်း၍ ဖမ်းဆုပ်လိုက်လေတော့သည်။

နန်းမြို့တော်မှ ပါရမီရှင် လူငယ်များမှာမူ တဟားဟားနှင့် လှောင်ရယ်နေကြကုန်၏။

သူတို့မှာ မွေးရာပါ မာန်မာနကြီးသူများ ဖြစ်ပြီး သူတစ်ပါး၏ မြှောက်ပင့်မှုကို ခံချင်ကြသော်လည်း၊ ကြည့်ရှုသူမှာမူ မြေပြင်ပေါ်တွင် ထိုင်လျက် အားကျကြည်ညိုသော မျက်ဝန်းများဖြင့်သာ မော့ကြည့်ရမည်ဟု ယူဆထားကြခြင်းပင်။ ယခုကဲ့သို့ အပေါ်မှနေ၍ ငုံ့ကြည့်ခံရခြင်းကိုမူ သူတို့က အလွန်ပင် မုန်းတီးကြလေ၏။

မိမိတို့အဖွဲ့ဝင်တစ်ဦးက စတင် လှုပ်ရှားလိုက်သည်ကို မြင်သောအခါ၊ ကျန်ရှိသော သူများမှာလည်း လက်မှိုင်ချလျက် ပျော်စရာ မြင်ကွင်းကို ကြည့်ရန် ပြင်လိုက်ကြလေ၏။

ဓားဘုရင်ဂိုဏ်း မှ တပည့်ပေါင်း တစ်ရာကျော်မှာမူ ဟိုယွင်ကျဲ တို့အုပ်စုကို စူးစမ်းကြည့်လိုက်ကြရာမှ မျက်နှာအမူအရာများမှာ ရုတ်တရက် ပြောင်းလဲသွားကြတော့သည်။

“သူတို့ပါလား...”

လော့ဟယ်တုန်၏ အကြည့်များမှာ စူးရှသွားရတော့၏။

ထိုင်ယွီ တောင်တန်းကြီးအတွင်းဝယ် အန္တရာယ်နှင့် ကြုံတွေ့ရစဉ်က သူ့အား ကူညီပေးခဲ့ကြသူများမှာ ရှီလေ့၊ ဟိုယွင်ကျဲ၊ လုံထျန်းရှင်း နှင့် ဝမ်ဖင်းအန်း တို့ ဖြစ်သည် မဟုတ်ပါလော။ ၎င်းအပြင် လော့ဟယ်တုန်သည် ကျီဝူရွှမ်း နှင့်အတူ မြူခိုးဂိုဏ်း သို့ သွားရောက်စဉ်ကလည်း အခြားသော တပည့်များကို မြင်တွေ့ဖူးသဖြင့် သူတို့မှာ ရင်းနှီးပြီးသား သူငယ်ချင်းများပင် ဖြစ်၏။

“သူတို့ကို ဒီမှာ မြင်ရလိမ့်မယ်လို့ ထင်မထားဘူး...” ဓားဘုရင်ဂိုဏ်း မှ အခြားတပည့်များမှာလည်း အံ့သြတကြီး ဖြစ်သွားကြရလေ၏။

သူတို့သည် ဟိုယွင်ကျဲ တို့မှာ မည်သူမည်ဝါဖြစ်ကြောင်း အသေအချာ မသိသော်လည်း၊ သူတို့ ဝတ်ဆင်ထားသော ဝတ်စုံကိုမူ မှတ်မိနေကြ၏။ ၎င်းမှာ မြူခိုးဂိုဏ်း ၏ တပည့်များသာ ဝတ်ဆင်သော ဝတ်စုံပင် ဖြစ်ချေတော့သည်။

“ဒါကို ငါပဲ ကိုင်တွယ်လိုက်မယ်...”

ကောင်းကင်ယံ အမြင့်ထက်ဝယ်၊ နန်းမြို့တော်မှ လူငယ်၏ တိုက်ခိုက်မှုကို မြင်လိုက်ရသည့် ခဏ၌ ချောင်ကျားရှီးက ရှေ့သို့ လှမ်းတက်လိုက်၏။

“သက်စောင့်ဝိညာဉ် ဓားချက်...”

ချောင်ကျားရှီးသည် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး အပေါ်မှနေ၍ အားဖြင့် ပိုင်းချလိုက်၏။ တောက်ပလှသော အနီရောင် စွမ်းအားဓားချက်တစ်ခုမှာ ‘ရွှပ်’ ဟူသော အသံနှင့်အတူ ထွက်ပေါ်လာပြီး၊ လေပြင်းလက်ဝါးကြီးကို နှစ်ခြမ်းခွဲပစ်လိုက်ကာ အောက်ခြေသို့ ဆက်လက် တိုးဝင်သွားလေတော့သည်။

“ဘာ...”

နန်းမြို့တော်မှ လူငယ်များ၏ မျက်နှာထားမှာ လုံးဝ ပျက်ယွင်းသွားရပြီး ကပျာကယာ ရှောင်တိမ်းလိုက်ကြရရှာသည်။

“ဘုန်း…”

အနီရောင် စွမ်းအားဓားချက်မှာ မြေပြင်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့ရာ၊ မီတာ တစ်ရာကျော် ရှည်လျားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး ဖုန်မှုန့်များမှာလည်း ကောင်းကင်သို့ လွင့်စင်သွားရတော့၏။

“တကယ့်ကို အစွမ်းထက်လှပါပေတယ်...” ဓားဘုရင်ဂိုဏ်း မှ တပည့်များက အံ့သြတကြီး အော်ဟစ်လိုက်ကြကုန်၏။

“အိုး... ကျွန်တော် အင်အား သုံးတာ နည်းနည်း များသွားတယ် ထင်တယ်...” ချောင်ကျားရှီးက သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်၏။

သူသည် ရှောင်တိမ်းရန် အချိန်မရဘဲ စွမ်းအားများကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သော နန်းမြို့တော်မှ လူငယ်များကို ကြည့်ကာ၊ အားနာသည့်ဟန်ဖြင့် သူ၏ ဦးခေါင်းကို ကုပ်လိုက်၏။

“ဒီလောက် ပြင်းထန်တဲ့ တိုက်ကွက်မျိုးကို သုံးနိုင်တာဆိုတော့... မင်းက ဘယ်ဂိုဏ်းကလဲ...” ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိသော လူငယ်က မျက်နှာ ပျက်ပျက်ဖြင့် မေးမြန်းလိုက်၏။

“မြူခိုးဂိုဏ်း ရဲ့ အတွင်းစည်းတပည့်... ချောင်ကျားရှီး ပါ...”

သူ၏ ဟိန်းထွက်သွားသော အသံမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေလောက်ပေသည်။

“မြူခိုးဂိုဏ်း က ညီနောင်တွေ ဖြစ်နေတာကိုး... တကယ့်ကို ဝမ်းသာစရာပဲဗျာ...” ဓားဘုရင်ဂိုဏ်း မှ တပည့်များမှာ ပျော်ရွှင်သော မျက်နှာများဖြင့် လက်ဝှေ့ယမ်း ပြလိုက်ကြလေ၏။

နန်းမြို့တော်မှ လူငယ်များမှာမူ မျက်နှာထားများ ပြောင်းလဲသွားကြရတော့‌သည်။

မကြာသေးမီ ရက်များအတွင်းက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးမှာ မြူခိုးဂိုဏ်း ၏ သတင်းများဖြင့် ဆူညံနေခဲ့သည် မဟုတ်ပါလော။ ၎င်းမှာ ကြယ်တစ်ပွင့်အဆင့် အင်အားစုမျှသာ ဖြစ်သော်လည်း၊ ယဲ့ဖုန်း ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ကြယ်သုံးပွင့်အဆင့် အင်အားစုများပင်လျှင် ရှိန်နေကြရသည် မဟုတ်ပါလော။

“မြူခိုးဂိုဏ်း ရဲ့ အတွင်းစည်းတပည့် ဆိုတော့လည်း... မဆိုးပါဘူးလေ...”

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေသော မျက်လုံးစူးစူးနှင့် လူငယ်တစ်ဦးမှာ၊ သူ၏ ဝတ်ရုံဖြူကို တဖျပ်ဖျပ် လွင့်စေလျက် အေးအေးဆေးဆေး ရှေ့သို့ လှမ်းတက်လာခဲ့လေ၏။

သူကား နန်းမြို့တော်မှ လူငယ်များ၏ ခေါင်းဆောင် ဖြစ်သူ ကျူးလေပင် ဖြစ်၏။ သူသည် နန်းမြို့တော်ရှိ လူငယ်မျိုးဆက်များအကြားတွင် ထင်ရှားသော ဂုဏ်သတင်း ရှိသူတစ်ဦးပင်။

“စီနီယာ ကျူးလေ... ကျုပ်တို့ ခေါင်းဆောင်အနေနဲ့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ က ကောင်တွေကို အပြတ်နှိမ်ပြလိုက်ပါ... နန်းမြို့တော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးပါဦးဗျာ...”

“စီနီယာ ကျူးလေ... သူတို့ကို အလဲထိုးပစ်လိုက်စမ်းပါ...”

ကျူးလေ ရှေ့သို့ ထွက်လာသည်ကို မြင်သောအခါ နန်းမြို့တော်မှ လူငယ်များမှာ အားတက်သရော အော်ဟစ် အားပေးလိုက်ကြလေ၏။

ကျူးလေသည် လက်ကို ရင်ဘတ်တွင် ပိုက်ထားလျက် ဟိုယွင်ကျဲကို စိုက်ကြည့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မိမိနှင့် သိပ်မကွာခြားကြောင်း သိလိုက်ရသဖြင့် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာခဲ့လေ၏။

“မင်း... လက်ရည်ယှဉ်ဖို့ အောက်ကို ဆင်းရဲလား...”

ကျူးလေက ဟိုယွင်ကျဲကို လက်ညှိုးညွှန်လျက် ဟိန်းဟောက်လိုက်၏။

“ကျွန်တော်တို့က လမ်းကြုံလို့ ဘာတွေ ဖြစ်နေလဲဆိုတာ ကြည့်ချင်ရုံ သက်သက်ပါ... ဒါပေမဲ့ ခင်ဗျားက စိန်ခေါ်လာမှတော့... ကျွန်တော်လည်း ငြင်းစရာ မရှိပါဘူးဗျာ...” ဟိုယွင်ကျဲက လေထဲတွင် လက်ကို ရိုက်လိုက်သည်။ ၎င်းမှ ထွက်ပေါ်လာသော အရှိန်ဖြင့် နောက်သို့ ဆုတ်ခွာကာ၊ လူသူမရှိသော မြေပြန့်လွင်ပြင် တစ်ခုပေါ်သို့ သက်ဆင်းလိုက်၏။

“ချွင်…”

သူက လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ အေးစက်အလင်းဓားမှာ အလိုအလျောက် ပျံသန်းလာပြီး သူ၏ လက်အတွင်းသို့ ဆိုက်ရောက်လာရတော့၏။

“အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်ခုတည်းနဲ့လား... မင်းက ငါ့ကို အထင်သေးနေတာလား...” ကျူးလေက အေးစက်အလင်းဓားကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ဟိုယွင်ကျဲ၏ ကျောပေါ်ရှိ ဒုတိယမြောက် ဓားကိုပါ အကြည့်ပို့လွှတ်လိုက်လေသည်။

ဟိုယွင်ကျဲက သူ၏ ကျောပေါ်ရှိ အလယ်အလတ်အဆင့် ‘နှင်းခဲဓား’ ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။

“ခင်ဗျားကို ကိုင်တွယ်ဖို့အတွက်... ဒီဓားကို သုံးစရာ မလိုပါဘူးဗျာ...”

“မောက်မာလှချည်လား...” ကျူးလေက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

“ချွင်…”

သူသည် သူ၏ ကျောနောက်မှ အလယ်အလတ်အဆင့်ရှိသော အနီရောင် ဓားရှည်ကြီးကို ဆွဲထုတ်လိုက်ရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်များမှာ လူးလွန့်လာခဲ့သည်။ ကျူးလေ၏ ခန္ဓာကိုယ်ကို မီးတောက်များဖြင့် လွှမ်းခြုံသွားစေတော့၏။

“ဟိုမှာ... မီးတောက်ဓား

အသိ ပဲ...”

နန်းမြို့တော်မှ လူငယ်များမှာ တစ်ဦးပြီးတစ်ဦး အော်ဟစ် အားပေးလိုက်ကြသည်။

လော့ဟယ်တုန်၏ မျက်နှာမှာ မှောင်ကျသွားရပြီး ကျယ်လောင်စွာ သတိပေးလိုက်၏။

“ညီနောင် ဟို... သတိထားပါဦး... ဒီလူက ဓားစိတ်ဆန္ဒ ကို နားလည်ထားတာဗျ... သူ့ကို အထင်မသေးပါနဲ့... ဘေးကင်းအောင်လို့ ခင်ဗျားရဲ့ တခြားဓားကိုပဲ သုံးလိုက်ပါလား...”

“စိတ်ပူမနေပါနဲ့ ညီနောင် လော့... ဘာမှ မဖြစ်ပါဘူးဗျာ...” ဟိုယွင်ကျဲက ခေါင်းခါယမ်းပြလိုက်၏။

သူသည် မိမိ၏ အင်အားကို မိမိ ကောင်းကောင်း သိရှိထားသည် မဟုတ်ပါလော။

ချွင်...

ဟိုယွင်ကျဲသည် အဆင့်နိမ့် အေးစက်အလင်းဓားကို ဝှေ့ယမ်းလိုက်ရာ၊ သူ၏ အကြည့်များမှာ ရုတ်တရက် အေးစက်သွားခဲ့ပြီး နှလုံးသားကွဲကြေနေသော အမျိုးသားတစ်ဦးနှယ် တည်ငြိမ်သွားရတော့၏။

သူ၏ အရှိန်အဝါမှာ နှင်းခဲများပမာ အေးစိမ့်လာခဲ့ပြီး ပတ်ဝန်းကျင် အပူချိန်မှာလည်း ရုတ်တရက် ထိုးကျသွားခဲ့လေ၏။

ဒါက ရက်စက်သော ဓားစိတ်ဆန္ဒပင် ဖြစ်လေသည်။

“မင်းလည်း ဓားစိတ်ဆန္ဒ ကို နားလည်ထားတာလား...” ကျူးလေ၏ မျက်ဝန်းများမှာ အနည်းငယ် ကျုံ့သွားရလေ၏။ “ဒါက နှင်းခဲဓားစိတ်ဆန္ဒ လား...”

“မဟုတ်ဘူး... ဒါက ရက်စက်သော ဓားစိတ်ဆန္ဒ ပဲ...”

ဟိုယွင်ကျဲက အေးစက်အလင်းဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရင်း

“လာစမ်းပါ...”

“မင်းရဲ့ ရက်စက်သော ဓားစိတ်ဆန္ဒ က ပိုစွမ်းမလား... ဒါမှမဟုတ် ငါ့ရဲ့ မီးတောက်ဓားစိတ်ဆန္ဒ က ပိုသာမလားဆိုတာ စမ်းကြည့်ရသေးတာပေါ့...”

ကျူးလေ၏ ခြေလှမ်းမှာ မြေပြင်ကို နင်းချလိုက်ရာ၊ သူ၏ ပုံရိပ်မှာ ဖမ်းဆုပ်ရခက်လှသော အရှိန်ဖြင့် ပျောက်ကွယ်သွားခဲ့၏။ သူ၏ နောက်ကွယ်တွင်မူ ပုံရိပ်ယောင်များစွာ ကျန်ရစ်ခဲ့သဖြင့် သူ၏ တကယ့် တည်နေရာကို သိရှိရန် ခက်ခဲလှပေသည်။

ဤသည်ကား စတုတ္ထအဆင့် ကိုယ်ဟန်ပြောင်း နည်းစနစ်ပင် ဖြစ်ချေ၏။

ဟိုယွင်ကျဲ၏ မျက်နှာထားမှာမူ ပြောင်းလဲခြင်း မရှိပေ။ သူသည် ညာလက်ဖြင့် ဓားကို ကိုင်ထားကာ၊ ဘယ်လက်ဖြင့် လက်ဟန် ရေးဆွဲလိုက်၏။ သူ၏ နောက်ကျောဘက်တွင် တောင်တန်းများနှင့် မြစ်ဝှမ်းပုံရိပ်များ ပါရှိသော ပန်းချီကားတစ်ချပ် ပေါ်ထွက်လာခဲ့လေ၏။ ၎င်းမှာ အခြားမဟုတ်ဘဲ “လျှို့ဝှက်ဆန်းကြယ် ဝိညာဉ် ပန်းချီကား” ပင် ဖြစ်ချေ၏။

“ဝှစ်…”

ရေဓား ဒါဇင်ပေါင်းများစွာမှာ ဓားဝင်္ကပါ တစ်ခုပမာ ဝဲပျံထွက်လာခဲ့ပြီး၊ ကျူးလေ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်လေတော့သည်။

“မီးတောက်ဓား ဒိုင်းလွှား...”

ကျူးလေသည် သူ၏ ခြေလှမ်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး၊ ဘယ်လက်ဖြင့် ဓားလက်ဟန် ရေးဆွဲကာ ဓားသွားကို ထိလိုက်ရင်း ကောင်းကင်သို့ ညွှန်ပြလိုက်ရာ၊ သူ၏ ပတ်လည်ရှိ မီးတောက်များမှာ လုံးဝန်းသော အကာအကွယ် အမြှေးပါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့အား လွှမ်းခြုံသွားလေတော့သည်။

“ရှဲ…”

ရေဓားများနှင့် မီးတောက်ဓားဒိုင်းလွှားတို့မှာ ရေနှင့်မီးပမာ ဆုံတွေ့မိကြရာ၊ ပွက်ပွက်ဆူနေသော အိုးကြီးအတွင်းသို့ အသားစများ ပစ်ထည့်လိုက်သကဲ့သို့ စူးရှလှသော အသံများနှင့်အတူ မရေမတွက်နိုင်သော ပေါက်ကွဲမှုများမှာ ဖြစ်ပေါ်လာခဲ့လေ၏။

“နှိမ်နင်းစမ်း...”

ဟိုယွင်ကျဲက အေးစက်အလင်းဓားကို ဝှေ့ယမ်းလိုက်ရာ၊ သူ၏ နောက်ကွယ်ရှိ ပန်းချီကားအတွင်းမှ ရေမြှေးပါးများ ဖုံးလွှမ်းနေသော နွယ်ပင် ဒါဇင်ပေါင်းများစွာမှာ ထွက်ပေါ်လာခဲ့ပြီး၊ မီးတောက်ဓားစိတ်ဆန္ဒ မှ ထွက်ပေါ်နေသော မြင့်မားလှသည့် အပူရှိန်ကို အံတုလျက် ရှေ့သို့ တိုးဝင်သွားလေတော့သည်။

“ဖမ်းဆီးစမ်း...”

နွယ်ပင်များမှာ မီးတောက်ဓားဒိုင်းလွှား အတွင်းရှိ ကျူးလေကို တင်းကျပ်စွာ ရစ်ပတ် ဖမ်းဆုပ်လိုက်တော့‌သည်။

“စီနီယာ ကျူးလေ အသာစီး မရတော့ဘူးလား...”

“မဟုတ်ဘူး... သူ ခုခံနေတာပဲ ဖြစ်ရမယ်...”

နန်းမြို့တော်မှ လူငယ်များမှာ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြလေ၏။

လေထဲတွင် ဖြစ်သည်။

ဟိုယွင်ကျဲသည် ဘယ်လက်ဖြင့် လက်ကွက်များကို ထပ်မံ ဖော်လိုက်ရာ၊ နွယ်ပင်များမှာ ပိုမို တင်းကျပ်လာခဲ့သဖြင့် ကျူးလေ၏ မီးတောက်ဓားဒိုင်းလွှားမှာ ‘ကျွိကျွိ’ ဟူသော အက်ကွဲသံများကိုပင် ထွက်ပေါ်စေလေတော့သည်။

“ချွင်…”

ဟိုယွင်ကျဲသည် သူ၏ ဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်ရာ၊ ကြည့်ရှုနေသူအားလုံးမှာ အံ့သြမှင်သက်သွားကြရလေ၏။

“ဘုရားရေ... သူက တော်တော်လေးကို မောက်မာတာပဲ... ဒီမန္တန် တစ်ခုတည်းနဲ့တင် စီနီယာ ကျူးလေ ကို အပြတ်နှိမ်နိုင်မယ်လို့ သူ တကယ် ထင်နေတာလား...”

“စောင့်ကြည့်စမ်းပါ... စီနီယာ ကျူးလေ က အဲဒီ နွယ်ပင်တွေကို အခုချက်ချင်း ရိုက်ခွဲပြလိမ့်မယ်...”

“စီနီယာ ကျူးလေ... မြန်မြန် လှုပ်ရှားလိုက်စမ်းပါဗျာ...”

နန်းမြို့တော်မှ လူငယ်များမှာ ကျူးလေအပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိကြပြီး၊ နွယ်ပင်များကြားမှ အမြန်ဆုံး ရုန်းထွက်နိုင်ရန် အသည်းအသန် အော်ဟစ် အားပေးနေကြလေ၏။

“ဘုန်း…”

မျှော်လင့်ထားသည့်အတိုင်းပင် ပြင်းထန်လှသော မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ နွယ်ပင်အားလုံးကို ဖြိုဖျက်ကာ ရေဓားများကိုပါ အငွေ့ပျံသွားစေရတော့၏။

ကျူးလေ၏ ခန္ဓာကိုယ်မှာ မီးတောက်များ လွှမ်းခြုံနေပြီး သူ၏ မျက်ဝန်းများတွင်ပင် မီးလျှံများ တောက်လောင်နေကာ၊ သူ၏ အရှိန်အဝါမှာလည်း အပြင်းထန်ဆုံးသော အခြေအနေသို့ ရောက်ရှိသွားခဲ့လေ၏။

“ချွင်…”

သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ဟိုယွင်ကျဲသည် သူ၏ ဓားကို စတင် ဆွဲထုတ်လိုက်တော့‌၏။

တောက်ပလှသော ဓားအလင်းတန်းတစ်ခုမှာ ဓားသွားမှ ဖွဲ့တည်လာ၏။ ထိုအခိုက်၊ ကောင်းကင်ယံရှိ နေမင်းကြီးထက်ပင် ပိုမို တောက်ပနေသကဲ့သို့ ရှိသော်လည်း၊ ၎င်းထံမှ ဖြာထွက်နေသော ကျောရိုးထဲအထိ စိမ့်တက်သွားစေမည့် အအေးဓာတ်ကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်သွားကြရလေ၏။

“မကောင်းတော့ဘူး...”

ကျူးလေမှာမူ ခုနက နွယ်ပင်တိုက်ခိုက်မှုမှာ လှည့်ကွက်မျှသာ ဖြစ်ပြီး၊ ယခု တိုက်ကွက်မှာမှ တကယ့် အစစ်အမှန်ဖြစ်ကြောင်း နောက်ဆုံး၌ သဘောပေါက်သွားရတော့၏။

ဓားဆွဲထုတ်ခြင်း နည်းစနစ် ကို ထုတ်ဖော်လိုက်သည့် ခဏ၌၊ ကျူးလေသည် မိမိအား ခွန်အားကြီး သတ္တဝါကြီးတစ်ကောင်က ပစ်မှတ်ထားလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့်၊ သူ၏ မျက်နှာမှာ တစ်ခဏအတွင်း ဖြူရော်သွားရလေတော့သည်။

“ရွှပ်…”

သူ၏ ခွန်အား အနည်းငယ်ကိုသာ အသုံးပြု၍ အေးစက်အလင်းဓားကို လျှပ်တပြက် ဆွဲထုတ်လိုက်သော်လည်း၊ ၎င်းမှာ အတိုင်းထက်အလွန် ကြောက်စရာကောင်းလှပေသည်။

ထက်ရှလှသော ဓားအလင်းတန်းမှာ မျက်စိတစ်မှိတ်အတွင်း ကျူးလေ၏ အနားသို့ ရောက်ရှိသွားခဲ့ပြီး၊ သူနှင့် သူ၏ ဓားကိုပါ တပြိုင်နက်တည်း ပိုင်းဖြတ်လျက် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် လွှင့်စဉ် ကျဆင်းသွားစေခဲ့လေ၏။

“ချွင်…”

ဟိုယွင်ကျဲသည် သူ၏ ဓားကို ဓားအိမ်အတွင်းသို့ အသာအယာ ပြန်ထည့်လိုက်ပြီးနောက် တည်ငြိမ်စွာပင် ရပ်နေလိုက်၏။

ဤတိုက်ပွဲ၏ အနိုင်အရှုံးမှာမူ ရှင်းလင်းသွားခဲ့လေပြီ..။

အခန်း (၄၅၃)- လူခေါ်ဖို့ စောင့်နေလိုက်၊ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါငယ်နှင့် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့

~ဟိုယွင်ကျဲ အနိုင်ရရှိသွားသည်။ လူအုပ်ကြီးက ကျူးလေထံ အကြည့်များ ရောက်ရှိသွားသည်။

ကျူးလေ၏ ရင်ဘတ်တွင် ဒဏ်ရာတစ်ခု ရှိနေ၏။ သွေးများ အရှိန်အဟုန်ဖြင့် စီးကျနေသည်။ ဒဏ်ရာက မနက်သော်လည်း မြင်ရသူအပေါင်း ထိတ်လန့်သွားရသည်။ မီးဝိညာဉ်ဓားတွင် အထစ်တစ်ခု ဖြစ်သွားသည်။ မီးလျှံများက ဟိုတစ်စ ဒီတစ်စ လောင်ကျွမ်းနေ၏။

ကျူးလေ မတ်တတ်ရပ်သည်။ ဓားကို အားပြုထားရ၏။ သူ ပြင်းထန်စွာ ချောင်းဆိုးသည်။ ထိတ်လန့်မှုများက မျက်ဝန်းတွင် ပြည့်နေသည်။ ခုနက ဓားဆွဲထုတ်လိုက်သည့် ခဏက သူ သေတော့မည်ဟု ထင်ခဲ့သည်။ ဟိုယွင်ကျဲက တမင်သက်သက် လက်ညှာခဲ့၏။ ၎င်းကြောင့်သာ သူ အသက်ရှင်နေခြင်းပင်။

"လက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။"

ကျူးလေက စိတ်ကို ထိန်းလိုက်သည်။ အဝေးမှနေ၍ ဟိုယွင်ကျဲအား အရိုအသေပြုသည်။

"ချီးကျူးတာ လွန်သွားပါပြီဗျာ။"

ဟိုယွင်ကျဲက လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်သည်။ သူ လေထဲသို့ ပျံတက်သွားသည်။ ရှီလေ့၏ ဘေးတွင် ပြန်လည်ရပ်တန့်လိုက်၏။ အောက်ခြေရှိ လူအုပ်ကြီးကို တည်ငြိမ်စွာ ငုံ့ကြည့်နေ၏။

လူအုပ်ကြီးမှာမူ သူ့အား သတိကြီးစွာဖြင့် မော့ကြည့်နေကြသည်။

"မင်းရဲ့ အမည်ကို သိခွင့်ရမလား"

ကျူးလေက မော့၍ အော်မေးသည်။

"မြူခိုးဂိုဏ်း ရဲ့ အတွင်းစည်းတပည့်... ဟိုယွင်ကျဲ ပါ။"

ဟိုယွင်ကျဲ၏ အကြည့်များက တဖျပ်ဖျပ် လက်သွားသည်။ သူလည်း တာဝန်များကို အရှိန်မြှင့်ရမည်။ အတွင်းစည်းတပည့် ဟူသော ဘွဲ့ထူးဖြင့် အကြာကြီး မနေချင်တော့ပေ။

နန်းမြို့တော်မှ လူငယ်ပါရမီရှင်များ တီးတိုးပြောဆိုနေကြသည်။

"နောက်ထပ် အတွင်းစည်းတပည့် တစ်ယောက်လား။"

"မြူခိုးဂိုဏ်း ရဲ့ တပည့်တိုင်းက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် မှာ ရှိနေရတာလား။"

"အမွေခံတပည့် ဖြစ်ဖို့ဆိုရင် ဝိညာဉ်ပင်လယ်အဆင့် တောင် ရောက်နေရမှာလား မသိဘူး။"

ဟိုယွင်ကျဲက လက်ဝှေ့ယမ်းပြလိုက်သည်။

"မိတ်ဆွေတို့...ကျွန်တော်တို့က လမ်းကြုံလို့ ဝင်ကြည့်တာပါ။ ဆက်လုပ်ကြပါဦး။"

သူ့စကားက ရှင်းနေသည်။

‘ ငါတို့က ပျော်စရာလာကြည့်တာ။ မြန်မြန်တိုက်ကြစမ်း။ ငါ စောင့်ကြည့်ချင်လို့ဟေ့။’

ဤသို့သော သဘောပင် ဖြစ်၏။ သို့သော် နန်းမြို့တော်မှ လူငယ်များ ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ပေ။

"မတိုက်တော့ဘူး။ မတိုက်တော့ဘူးဗျ"

"နန်းမြို့တော်ကို ပြန်မယ်။ တခြား ထိပ်တန်းလူတွေကို လာတိုက်ဖို့ ခေါ်ရမယ်။"

"သွားကြစို့။"

သူတို့ အရှက်ရလွန်းနေသည်။ မျက်နှာများ နီမြန်းလျက် ရှိ၏။ ဓားများကို စီးနင်းကာ ပျံသန်း ထွက်ခွာသွားကြသည်။ သိက္ခာကို ပြန်လည်ဆယ်တင်ချင်သည်။

သို့သော် ကျူးလေပင် မယှဉ်နိုင်မှတော့ ကျန်ရှိသောသူများမှာ ပို၍ပင် မဖြစ်နိုင်ပေ။ နန်းမြို့တော်သို့ ပြန်၍ အကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်ကြ၏။

“ဝှစ်.. ဝှစ်..ဝှစ်”

ဆယ်ချက်စာ အချိန်ပင် မကြာလိုက်။ လူငယ် နှစ်ရာကျော်စလုံး ပျောက်ကွယ်သွားသည်။

"ဟိုယွင်ကျဲ... ငါ ပြန်လာခဲ့မယ်။"

ကျူးလေ၏ အသံက အဝေးမှနေ၍ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ဟိုယွင်ကျဲကတော့ မျက်လုံးလေး ကလည်ကလည် လုပ်နေ၏။ သူသည် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို အသုံးပြုရာတွင် စွမ်းအားအနည်းငယ်ကိုသာ သုံးခဲ့ခြင်း ဖြစ်သည်။ ကျူးလေမှာ ထိုမျှနှင့်ပင် မတောင့်ခံနိုင်ပေ။ သူ အဆင့်တစ်ခု ထပ်တက်လာလျှင်ပင် ဟိုယွင်ကျဲ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။

"ညီနောင်ဟို... ကျေးဇူးတင်ပါတယ်ဗျာ။"

လော့ဟယ်တုန်က ဓားဘုရင်ဂိုဏ်းမှ တပည့်များကို ဦးဆောင်ကာ လာရောက် ကျေးဇူးတင်သည်။

"ကျွန်တော်တို့က လမ်းကြုံလို့ ကူညီလိုက်တာပါဗျာ။"

ဟိုယွင်ကျဲက လက်ဝှေ့ယမ်းပြလိုက်သည်။

"ညီနောင်လော့... ကျွန်တော်တို့လည်း တာဝန်လုပ်စရာ ရှိသေးလို့ သွားခွင့်ပြုပါဦး ခင်ဗျာ။"

"နောက်မှ ပြန်တွေ့ကြတာပေါ့။"

လော့ဟယ်တုန်ကလည်း ဆက်၍ မတားတော့ပေ။ သူသည် ဒဏ်ရာရရှိထားသော သူများကို ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်ရမည်။ ကုသပေးရန်နှင့် အခြေအနေများကို တင်ပြရန် လိုအပ်နေသည်။ အုပ်စုနှစ်ခု လမ်းခွဲခဲ့ကြသည်။

ဟိုယွင်ကျဲနှင့် သူ၏ သူငယ်ချင်း သုံးဦးမှာမူ အနီးနားရှိ တောင်တန်းများအတွင်းသို့ ဝင်ရောက်သွားကြ၏။ တာဝန်အတွက် လိုအပ်သော ဆေးပင်များကို စတင်ရှာဖွေကြလေတော့သည်။

---

မြူခိုးဂိုဏ်း။

ယဲ့ဖုန်း သမ်းဝေလိုက်သည်။ သူ အိပ်ချင်မူးတူး ဖြစ်နေ၏။

“ချွင်”

မီးဖိုကြီး ရုတ်တရက် ပွင့်ဟသွားသည်။ ဝိညာဉ်လက်နက် အစိတ်အပိုင်းတစ်ခု လေထဲသို့ ထိုးတက်သွား၏။ ယဲ့ဖုန်းက လှမ်းဖမ်းလိုက်သည်။ စားပွဲပေါ်သို့ ပစ်တင်လိုက်၏။

ထိုစားပွဲပေါ်တွင် အလားတူ ပစ္စည်းများ အပုံလိုက် ရှိနေသည်။ ၎င်းတို့က ရောင်စုံအလင်းတန်းများ ဖြာထွက်နေသည်။ ထူးခြားသော မန္တန်အမှတ်အသားများဖြင့် ဖုံးလွှမ်းနေ၏။ ငွေရောင်အလင်းတန်းလေးများ တဖျပ်ဖျပ် လက်နေသည်။

"နောက်ဆုံးတော့ အောင်မြင်သွားပြီ။ ဒါဆိုရင် နောက်ထပ် ခြေလှမ်းကို ဆက်သွားလို့ ရပြီ။"

ယဲ့ဖုန်းက တိုးတိုးလေး ပြောလိုက်သည်။ သူ မီးဖိုကြီးကို သိမ်းလိုက်သည်။ စားပွဲပေါ်မှ အစိတ်အပိုင်းများကို ယူဆောင်သည်။ ကျောက်သား စင်မြင့်ဝိုင်းလေးဆီသို့ လျှောက်သွား၏။

သူက အစိတ်အပိုင်းများကို မြေပြင်ပေါ်တွင် တင်လိုက်သည်။ တစ်ခုနှင့်တစ်ခု စတင် ပေါင်းစပ်စေ၏။ အဝါနုရောင် စက်ဝိုင်းချပ်ကြီး တစ်ခု ပေါ်ထွက်လာသည်။ ၎င်းပေါ်တွင် ထူးခြားသော မန္တန်ပုံစံများ ပါရှိနေ၏။ ဟင်းလင်းပြင်နိယာမ ၏ ရှေးဟောင်းအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဤအရာကား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပင် ဖြစ်၏။

ယဲ့ဖုန်းသည် တောက်ပလှသော ငွေဖြူရောင် မီးတောင်ချော်ရည် တစ်မျိုးကို ထုတ်ယူလိုက်သည်။ ဝင်္ကပါ၏ အလယ်ဗဟိုသို့ လောင်းထည့်သည်။ အရည်များက မန္တန်အမှတ်အသားများအတိုင်း ပျံ့နှံ့သွားသည်။ တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ချက်ချင်းပင် ခဲသွား၏။ ဟင်းလင်းပြင် အငွေ့အသက်များက ဆယ်ဆခန့် ပြင်းထန်လာသည်။

"ပြီးပြီ။"

ယဲ့ဖုန်းသည် ဝင်္ကပါ၏ အထက်တွင် ရပ်သည်။ ဝိညာဉ်ကျောက်တုံးများကို စနစ်တကျ ထည့်သွင်း နေသည်။

"နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ... အသက်ဝင်စေ"

ယဲ့ဖုန်းက ရှေးဟောင်းအမိန့်ပေးတံဆိပ်ကို နှိပ်လိုက်သည်။

“ဝီ”

ဖြူဖွေးသော အလင်းတန်းကြီးသည် ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ယဲ့ဖုန်း၏ ပုံရိပ်ကို လွှမ်းခြုံသွား၏။ အလင်းတန်းများ ပျောက်ကွယ်သွားသည်။ ယဲ့ဖုန်းမှာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားရတော့၏။

အစ်ကိုကြီး ခေါင်းပြား မျက်လုံးကို အသည်းအသန် ပွတ်ကြည့်သည်။ သူ မျက်စိမှားသည်ဟု ထင်နေ၏။ သူ ဝင်္ကပါပေါ်သို့ ခုန်တက်သည်။ ဘာမှ ရှာမတွေ့ပေ။ ထိုအခါ၊ ထိုအပေါ်မှာတင် လှဲအိပ်လိုက်လေတော့သည်။

---

မိုင်ပေါင်း ထောင်ချီဝေးသော ခရိုင်ဘုရင်မြို့တော်၌၊

ကောင်းကင်ယံတွင် ဖြူဖွေးသော အလင်းတန်းတစ်ခု ပေါ်လာသည်။ လူပုံရိပ်တစ်ခု တဖြည်းဖြည်း ထင်ရှားလာ၏။ ၎င်းမှာ ယဲ့ဖုန်း ပင် ဖြစ်၏။ သူ ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သည်။

"မိုင်ပေါင်း တစ်သောင်း ခရီးကို ရွှေ့လိုက်တာ။ တစ်မိုင်လောက်ပဲ လွဲသွားတယ်။ တကယ်ကို မဆိုးပါဘူး။"

ယဲ့ဖုန်း ကျေနပ်စွာ ခေါင်းညိတ်သည်။ ဤဝင်္ကပါမှာ တစ်ဖက်သတ် သွားရသော အမျိုးအစား ဖြစ်ပေသည်။ ခရိုင်ဘုရင်မြို့တော်ရှိ ဂိုဏ်းချုပ်ခန်းမဆောင်ကြီး၏ အထက်တည့်တည့်သို့ ရောက်ရန် သူ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်မိုင်ခန့် လွဲချော်သွားခဲ့သည်။ အမှားအယွင်းနှုန်းမှာ တစ်သောင်းပုံ တစ်ပုံခန့်သာ ရှိပေသည်။ ၎င်းက လက်ခံနိုင်စရာ ကောင်းလှ၏။

"ဂိုဏ်းချုပ်ယဲ့... ဘာများ ထူးခြားလို့ ဒီကို ကြွလာတာပါလဲ"

လျူမင်က ယဲ့ဖုန်းကို နှုတ်ဆက်သည်။

"ပျော်စရာလေးတွေ လာရှာတာပါ။"

ယဲ့ဖုန်းက ပြုံးလျက် ပြောလိုက်သည်။ ထို့နောက်၊ ငွေဖြူရောင် အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူသည်။ သူ၏ ရင်ဘတ်တွင် ကပ်လိုက်၏။

“ဘုန်း”

သူသည် ဖြူဖွေးသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ပျောက်ကွယ်သွားပြန်သည်။

---

ခေတ္တမျှအကြာ။

မြူခိုးတောင်ထိပ်ရှိ နေရာရွှေ့ပြောင်းခြင်း စင်မြင့်။ ဖြူဖွေးသော အလင်းတန်းတစ်ခု ပေါ်လာသည်။ ယဲ့ဖုန်း ထွက်ပေါ်လာသည်။ သူ မညီမညာသော အရာတစ်ခုပေါ်သို့ နင်းမိသည်။ မှောက်ခုံ လဲကျလုနီးပါး ဖြစ်သွား၏။

"အိုး... ဒါ ဘာကြီးလဲ။"

ယဲ့ဖုန်း မိမိကိုယ်မိမိ အမြန် ထိန်းလိုက်သည်။ သူ နင်းထားမိသည်မှာ အိပ်မောကျနေသော အစ်ကိုကြီး ခေါင်းပြား ၏ ဦးခေါင်း ဖြစ်နေ၏။

"ဒီကောင်ကတော့ကွာ။ ဘာလို့ ဒီမှာ လာအိပ်နေတာလဲ။"

ယဲ့ဖုန်းက ကန်ထုတ်လိုက်သည်။ အစ်ကိုကြီး ခေါင်းပြား လွင့်စဉ်သွားသည်။ ဘေးနားရှိ ဝိညာဉ်သားရဲတောင်ထိပ် ပေါ်သို့ ကျသွား၏။

"ဝါး။"

အစ်ကိုကြီး ခေါင်းပြား နိုးလာသည်။ သူ ဝိညာဉ်သားရဲ စင်္ကြံပေါ်သို့ ရောက်နေသည်ကို သိလိုက်ရ၏။ သူ ဇဝေဇဝါ ဖြစ်နေသည်။ သူ မြူခိုးတောင်ထိပ်ပေါ်မှာ ရှိနေခဲ့သည် မဟုတ်ပါလော။ ဘာကြောင့် ဝိညာဉ်သားရဲတောင်ထိပ်ကို ပြန်ရောက်နေသနည်း။ သူ နားမလည်နိုင်ပေ။

'ငါ ခုနက မြူခိုးတောင်ထိပ်ကို သွားပြီး အိပ်ပျော်သွားတယ်လို့ အိပ်မက်မက်နေတာလား မသိဘူး။'

သူ တွေးတောရင်း သူ၏ ဦးခေါင်းကို ကုပ်သည်။ ပြန်လည် လှဲအိပ်လိုက်သည်။ အိပ်စက်ခြင်းကို ဆက်လက် ဆင်နွှဲလိုက်လေတော့သည်။

ယဲ့ဖုန်းသည် ငွေဖြူရောင် အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်သည်။ ဤသည်ကား နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ပင် ဖြစ်၏။ ၎င်းကို အသုံးပြုလိုက်သည်နှင့် မိုင်ပေါင်း ငါးသောင်း ပတ်လည်အတွင်း မည်သည့် နေရာမှာပင် ရှိနေပါစေ။ ဤနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ရှိရာဆီသို့ တိုက်ရိုက် ရောက်ရှိနိုင်မည် ဖြစ်ပေသည်။

သို့သော်လည်း ဤအရာများမှာ ကုန်ဆုံးသွားနိုင်သော ပစ္စည်းများ ဖြစ်ကြသည်။ တစ်ခုချင်းစီကို တစ်ကြိမ်သာ အသုံးပြု၍ ရနိုင်ခြင်းပင်။ ၎င်းတို့၏ တန်ဖိုးမှာမူ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုနှင့်ပင် ညီမျှလှ၏။

All Chapters