အခန်း (၄၅၄-၄၅၆)
Vol. 31 Ch. 454-456
အခန်း (၄၅၄)- တာဝန်ပြီးဆုံးခြင်း၊ မြူခိုးဂိုဏ်း၏ ပထမဆုံးသော အမွေခံတပည့်
~ယခုအခါ ယဲ့ဖုန်း၏ လက်ဝယ်တွင် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ကိုးခု ရှိနေလေပြီ။ ယခင်က အသုံးပြုခဲ့သော တစ်ခုနှင့် ပေါင်းစပ်လိုက်ပါက ၎င်းတို့၏ စုစုပေါင်းတန်ဖိုးမှာ အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
“နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုကို သွန်းလုပ်ရတဲ့ ကုန်ကျစရိတ်က တော်တော်လေး မြင့်မားတယ် ဆိုပေမဲ့... ဘေးကင်းဖို့အတွက်တော့ များများ ပြင်ဆင်ထားတာက ပိုကောင်းပါတယ်လေ...”
ယဲ့ဖုန်းသည် မိမိကိုယ်မိမိ တီးတိုး ရေရွတ်လိုက်မိ၏။ နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ဆိုသည်မှာ အရေးကြုံလာပါက အသက်ကယ်ပေးနိုင်သော ပစ္စည်းများဖြစ်ရာ အမြဲတမ်း လက်ဝယ် ဆောင်ထားသင့်သည် မဟုတ်ပါလော။ အရေးကြီးသော အခိုက်အတန့်များတွင် ၎င်းတို့က ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ဤအဆောင်လက်ဖွဲ့များ ပြုလုပ်ရန် လိုအပ်သော ကုန်ကြမ်းများမှာ အလွန်အမင်း ရှားပါးနေခြင်းမျိုး မရှိပေ။ ၎င်းတို့ကို ပြုလုပ်သည့် နည်းလမ်းမှာလည်း သာမန် အဆောင်လက်ဖွဲ့များနှင့် ဆင်တူသော်လည်း... ဟင်းလင်းပြင်၏ စွမ်းအားကို တောင့်ခံနိုင်သော အရည်အသွေးမြင့် သားရေချပ်များ သို့မဟုတ် အခွံများ လိုအပ်ပေသည်။
ဥပမာအားဖြင့် အဆိပ်ကင်းမြီးကောက်ဘုရင်၏ အခွံမျိုး ဖြစ်၏။ ယခု ယဲ့ဖုန်း အသုံးပြုထားသော ကုန်ကြမ်းမှာ အဆိပ်ကင်းမြီးကောက်ဘုရင်၏ အခွံမှ သန့်စင်ထုတ်ယူထားသော အနှစ်သား ဖြစ်လေသည်။ ၎င်းကို အခြားသော သွန်းလုပ်ရေး ပစ္စည်းများနှင့် ရောနှောကာ လက်နက်သွန်းလုပ်သည့် မီးဖိုအတွင်း ထည့်သွင်းပုံဖော်ပြီးနောက်... နောက်ဆုံးတွင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို ၎င်းပေါ်၌ ရေးထွင်းလိုက်ခြင်းပင် ဖြစ်၏။
ဤနေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုချင်းစီတွင် ကြီးမားလှသော စွမ်းအင်များ ကိန်းအောင်းနေပြီး မိုင်ပေါင်း ငါးသောင်းအထိ ခရီးပေါက်နိုင်စွမ်း ရှိလေသည်။ သေချာသည်မှာ ပိုမိုကောင်းမွန်အောင် မြှင့်တင်နိုင်သည့် အခွင့်အရေးများ ရှိနေဆဲပင်။ သို့သော်လည်း ၎င်းအတွက် နတ်ဆိုးဧကရာဇ် တစ်ပါး၏ အရေခွံကဲ့သို့သော ပိုမိုမြင့်မားသည့် ကုန်ကြမ်းများ လိုအပ်ပေလိမ့်မည်။
ယဲ့ဖုန်းသည် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့များကို သိမ်းဆည်းလိုက်ပြီးနောက်... ဝင်္ကပါ၏ ပတ်ပတ်လည်တွင် ထည့်သွင်းထားသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်လေးတုံးကို ငုံ့ကြည့်လိုက်လေသည်။ ထိုကျောက်တုံးများအတွင်းရှိ ဝိညာဉ်စွမ်းအင် ငါးပုံတစ်ပုံခန့်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သူ သတိပြုမိလိုက်၏။
ဆိုလိုသည်မှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုပါက သာမန်အခြေအနေတွင် အနည်းဆုံး မိုင်ပေါင်း ငါးသောင်းအကွာအဝေးအထိ လူတစ်ယောက်ကို ပို့ဆောင်ပေးနိုင်ခြင်းပင်။ ဤခရီးအကွာအဝေးမှာ လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော်၊ တာ့လျန် နတ်ဆိုးနိုင်ငံ နှင့် တောင်မင်းနိုင်ငံ အစရှိသော နေရာများသို့ ရောက်ရှိရန် လုံလောက်လှပေသည်။
ယဲ့ဖုန်းသည် ဝင်္ကပါစင်မြင့်ကို ထိန်းချုပ်သည့် အမိန့်ပေးတံဆိပ်ကို ထုတ်ယူကာ အသာအယာ ဝှေ့ယမ်းလိုက်၏။ ထိုစဉ် အတွင်းပိုင်းရှိ ဝိညာဉ်စွမ်းအင် စုစည်းခြင်း ဝင်္ကပါမှာ အသက်ဝင်လာခဲ့ပြီး... ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ကုန်ဆုံးသွားသော ကျောက်တုံးများကို ပြန်လည် ဖြည့်တင်းပေးလိုက်လေတော့သည်။
“ဂိုဏ်းချုပ်... ဒါက... နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ လားဟင်...”
ကုန်းချင်းချိုး ရောက်ရှိလာခဲ့ပြီး ထိုစင်မြင့်ဝိုင်းလေးကို အသေအချာ စူးစမ်းကြည့်ရှုပြီးနောက် မဝံ့မရဲ မေးမြန်းလိုက်လေသည်။
“ဟုတ်တယ်... ဒါက မြူခိုးဂိုဏ်းရဲ့ ပထမဆုံးသော နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပဲ။ အခုလောလောဆယ်မှာတော့ တစ်ဖက်သတ် ပို့ဆောင်ပေးနိုင်ပြီး... မိုင်ပေါင်း ငါးသောင်းအထိ ခရီးရောက်နိုင်တယ်။ အမှားအယွင်းနှုန်းကတော့ တစ်သောင်းပုံ တစ်ပုံပဲ ရှိလိမ့်မယ်...”
ယဲ့ဖုန်းက ရှင်းပြလိုက်၏။
“မိုင်... မိုင်ပေါင်း ငါးသောင်း တဲ့လားရှင်...”
ကုန်းချင်းချိုးမှာ အံ့သြလွန်းသဖြင့် စကားပင် ထစ်သွားရရှာသည်။ သူမအတွက်မူ ထိုခရီးအကွာအဝေးမှာ အတိုင်းအဆမရှိ ကျယ်ပြောလှသည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်... ဒါက တစ်ဖက်သတ် ပို့ဆောင်ပေးတာဆိုတော့... ပြန်လာမယ့် ခရီးကိုတော့ ကျမတို့ဘာသာ ကျမတို့ပဲ ပြန်လာရမှာလားဟင်...”
ကုန်းချင်းချိုးသည် ဤဝင်္ကပါ၏ အားနည်းချက်ကို စဉ်းစားမိသဖြင့် အမြန်ပင် မေးမြန်းလိုက်လေသည်။ ယဲ့ဖုန်းသည် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ပြလိုက်ရင်း -
“ဒါက နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ လေ... ဒါကို အသုံးပြုလိုက်ရင် မိုင်ပေါင်း ငါးသောင်း ပတ်လည်အတွင်း ဘယ်နေရာမှာပဲ ရှိနေပါစေ... ဒီစင်မြင့်ပေါ်ကို တိုက်ရိုက် ပြန်ရောက်လာနိုင်မှာပါ...”
ကုန်းချင်းချိုး၏ မျက်လုံးများမှာ ဝိုင်းစက်သွားရလေသည်။ သူမသည် ထိုအဆောင်လက်ဖွဲ့ကို အသေအချာ စစ်ဆေးကြည့်လိုက်ရာ... ၎င်းပေါ်ရှိ ဝင်္ကပါမှာ အလွန်ပင် နက်နဲလှသဖြင့် သူမ၏ လက်ရှိ စွမ်းရည်ဖြင့်မူ လုံးဝ တုပ၍ မရနိုင်ကြောင်း သိရှိလိုက်ရ၏။
“ဂိုဏ်းချုပ်... ဒီလို အဆောင်လက်ဖွဲ့မျိုး လုပ်ရတာ တော်တော်လေး ခက်ခဲပြီး လက်ဝင်မှာပဲ နော်...”
ကုန်းချင်းချိုးသည် အဆောင်လက်ဖွဲ့ ပညာရှင်တစ်ဦး ဖြစ်သည့်အတိုင်း ဤအဆောင်လက်ဖွဲ့အတွင်း၌ ကြီးမားလှသော စွမ်းအင်များ ပါဝင်နေရမည်ကို ခန့်မှန်းမိလေသည်။ မဟုတ်ပါက မိုင်ပေါင်း ငါးသောင်းခရီးကို နေရာရွှေ့ပြောင်းနိုင်ရန်မှာ မဖြစ်နိုင်သည် မဟုတ်ပါလော။
“အမှန်အတိုင်း ပြောရရင်တော့... သိပ်ပြီး မဆိုးလှပါဘူးဗျာ...”
ယဲ့ဖုန်းက ခေါင်းခါယမ်းလိုက်ရင်း -
“အရာရာကို ခြုံငုံကြည့်ရင်တော့... အဆောင်လက်ဖွဲ့ တစ်ခုရဲ့ တန်ဖိုးက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုနဲ့ ညီမျှတယ်လို့ ပြောလို့ရတာပေါ့...”
ကုန်းချင်းချိုး: “အဲဒါဆိုရင်တော့ သိပ်မများပါဘူးရှင်...”
အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခု၏ ဈေးနှုန်းမှာ သာမန်အားဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့် ရှိပေသည်။ မိုင်ပေါင်း ငါးသောင်း ခရီးကို ပို့ဆောင်ပေးနိုင်သော ဤကဲ့သို့သော အသက်ကယ် ပစ္စည်းမျိုးမှာ ထိုတန်ဖိုးထက်ပင် ပိုမို ထိုက်တန်လှသည် မဟုတ်ပါလော။
“ခင်ဗျားအတွက် ငါးခု ချန်ထားပေးမယ်... နောက်ပိုင်း အရေးကြီးတဲ့ အချိန်တွေမှာ သုံးလို့ရတာပေါ့...” ယဲ့ဖုန်းက ဆိုလိုက်လေသည်။
“ကျမက ဘယ်လိုလုပ် ဒါမျိုးကို လက်ခံနိုင်မှာလဲဟင်...”
“ယူထားလိုက်စမ်းပါဗျာ...”
“ဟုတ်ကဲ့ပါ... နားလည်ပါပြီရှင်...”
ကုန်းချင်းချိုးသည် ယဲ့ဖုန်း၏ စကားကို မြေဝယ်မကျ နာခံကာ အဆောင်လက်ဖွဲ့များကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူမသည် ဂိုဏ်းအတွင်းရှိ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စအဝဝကို တင်ပြပြီးနောက်... ယဲ့ဖုန်း၏ လမ်းညွှန်ချက်များကို ခံယူကာ ပြန်လည် ထွက်ခွာသွားလေတော့သည်။
ကြိုးစားအားထုတ်လှသော ကုန်းချင်းချိုး၏ ကျောပြင်ကို ကြည့်ရင်း... ယဲ့ဖုန်းသည် သူမအား ဂိုဏ်း၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ တကယ့်ကို မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု တွေးတောနေမိ၏။ ဤကဲ့သို့သော စီမံခန့်ခွဲမှု ပါရမီရှင်မျိုးကိုတော့ မြူခိုးဂိုဏ်းတွင် သေချာပေါက် ဆက်လက် ထိန်းသိမ်းထားရပေလိမ့်မည်။
---
ခရိုင်ဘုရင်မြို့တော် အနီးရှိ တောင်တန်းကြီးများအတွင်းဝယ် ၊
မိုယင် နှင့် လီကျောက်ကျောက် တို့သည် ဂူတစ်ခု၏ အပြင်ဘက်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြလေသည်။
မကြာမီမှာပင် ဝမ်ဖင်းအန်းသည် သူ၏ ကျောတွင် အမည်းရောင် ဒယ်အိုးကြီးကို လွယ်လျက်၊ လက်ထဲတွင်မူ ထူးဆန်းလှသော ဖြူဖွေးသည့် ဝိညာဉ်ပိုးကောင်လေး တစ်ကောင်ကို ကိုင်ဆောင်ကာ ထွက်ပေါ်လာခဲ့လေပြီ။
“နောက်ဆုံးတော့ 'ကျောက်စိမ်းအေး ဝိညာဉ်ပိုးကောင်' ကို ဖမ်းမိသွားပြီဗျာ...”
ဝမ်ဖင်းအန်းသည် ထိုပိုးကောင်လေးအား ဝါးကျည်တောက်အတွင်း ထည့်ကာ... ထိုမှတစ်ဆင့် ဝိညာဉ်သားရဲ သိုလှောင်အိတ်အတွင်းသို့ စနစ်တကျ ထည့်သွင်းလိုက်လေသည်။ ထိုပိုးကောင်ကို ဖမ်းဆီးခြင်းမှာ သူ၏ တာဝန်ပင် ဖြစ်၏။
“ညီမလေး မိုယင်... အခုတော့ မင်းရဲ့ တာဝန် တစ်ခုပဲ ကျန်တော့တယ် နော်...” လီကျောက်ကျောက်က မိုယင်အား ပြောလိုက်လေသည်။
ခရိုင်ဘုရင်မြို့တော်သို့ ရောက်ရှိပြီးနောက်တွင် လီကျောက်ကျောက်သည် သူမ၏ တာဝန်ကို အရင်ဆုံး ပြီးမြောက်ခဲ့ခြင်း ဖြစ်ပေသည်။ သူမ၏ တာဝန်မှာ ရိုးရှင်းလှ၏။ ဟန်ရီ နှင့် ဟန်အာ တို့ နေထိုင်ရာ နေရာကို ရှာဖွေပြီး...သူတို့ ဝှက်ထားသော ပြင်ပမျိုးနွယ်စုများ အကြောင်း ရေးသားထားသည့် ရှေးဟောင်းသိုင်းကျမ်းများကို ယူဆောင်ရန်နှင့် သူတို့ စိုက်ပျိုးထားသော ဝိညာဉ်သီးနှံများအားလုံးကို သိမ်းဆည်းရန် ဖြစ်ပေသည်။ ဤတာဝန်မှာ မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ ချောမွေ့စွာ ပြီးဆုံးသွားခဲ့လေသည်။
ဝမ်ဖင်းအန်း၏ တာဝန်မှာလည်း ကျောက်စိမ်းအေး ဝိညာဉ်ပိုးကောင်ကို ရှာဖွေရန် ဖြစ်ရာ... သူလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီ ဖြစ်၏။
“ငါ့ရဲ့ တာဝန်ကတော့ နည်းနည်း ခက်ခဲလိမ့်မယ်..နင်တို့ နှစ်ယောက်လုံး သတိထားကြပါဦး...” မိုယင်က လေးနက်စွာ ပြောလိုက်လေသည်။
“အင်း... စိတ်ချပါ...” လီကျောက်ကျောက် နှင့် ဝမ်ဖင်းအန်း တို့ ခေါင်းညိတ်လိုက်ကြ၏။
“ဝှစ်…”
သူတို့ သုံးဦးသည် မိုင်ပေါင်း ထောင်ချီ ဝေးကွာသော အိုင်ကြီးတစ်ခု ရှိရာဆီသို့ ပျံသန်း ထွက်ခွာသွားကြလေတော့သည်။
ထိုနေရာမှာ 'မီးခိုးရောင်နွယ်ပင် နတ်ဆိုး' ဒုတိယအကြိမ် ပေါ်ထွက်လာခဲ့သော နေရာပင် ဖြစ်၏။ ၎င်း၏ အရှိန်အဝါကြောင့် ပတ်ဝန်းကျင်တွင် သစ်ပင်နတ်ဆိုးများစွာ ပေါ်ထွက်လာခဲ့ပြီး... အသန်မာဆုံးသော သူများမှာ နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ပင် ရောက်ရှိနေပြီပင်။ ၎င်းတို့မှာ ပတ်ဝန်းကျင်ရှိ သက်ရှိအပေါင်းကို ဝါးမြိုကာ ရက်စက်လှသော လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။
မိုယင်၏ တာဝန်မှာမူ ၎င်းတို့ကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်ပင် ဖြစ်၏။ မကြာမီမှာပင် သူတို့ သုံးဦးသည် ထိုနေရာသို့ ရောက်ရှိလာခဲ့ကြ၏။ မိုယင်သည် သူမ၏ ဝိညာဉ်မျက်လုံးများကို အသုံးပြု၍ အောက်ခြေရှိ ထူထပ်လှသော တောအုပ်အတွင်းရှိ သစ်ပင်နတ်ဆိုး အုပ်စုကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
“သစ်ပင်နတ်ဆိုး (၁၃၀) ကောင်... အများစုက နတ်ဆိုးစစ်သည်တွေပဲ။ နတ်ဆိုးဗိုလ်ချုပ် (၉) ကောင် ပါတယ်... အဲဒီထဲမှာ အဆင့်နိမ့် ဗိုလ်ချုပ် (၅) ကောင်၊ အဆင့်လတ် ဗိုလ်ချုပ် (၄) ကောင်... အဆင့်မြင့် ဗိုလ်ချုပ်တော့ မပါဘူးပဲ... ကောင်းပြီလေ...”
မိုယင်က မှတ်ချက်ချလိုက်လေသည်။ ဤအတောအတွင်း သူမသည် အဆက်မပြတ် ကျင့်ကြံခဲ့သဖြင့်... သူမ၏ ကျင့်ကြံခြင်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် စတုတ္ထအလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သူမ၏ တိုက်ခိုက်မှု စွမ်းအားဖြင့်ဆိုလျှင် အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်နှင့် တွေ့လျှင်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။
“ကြည့်စမ်း... ဒီသစ်ပင်နတ်ဆိုးတွေရဲ့ မြစ်ပွားတွေကြားမှာ အရိုးတွေ အပုံလိုက်ပဲ။ လူရိုးတွေရော၊ သားရဲရိုးတွေရော... တကယ့်ကို ရက်စက်တဲ့ ကောင်တွေပဲဟယ်...” လီကျောက်ကျောက်က အောက်ခြေကို ညွှန်ပြရင်း မျက်နှာပျက်ပျက်နှင့် ပြောလိုက်လေသည်။
“ကြောက်စရာကြီးဗျာ...” ဝမ်ဖင်းအန်းမှာမူ ကြောက်လန့်လွန်းသဖြင့် သူ၏ ဒယ်အိုးကြီးကို တင်းတင်းဖက်ထားမိ၏။ အကယ်၍သာ သူ၏ ဘေးတွင် အစွမ်းထက်လှသော စီနီယာ အစ်မနှစ်ယောက် မရှိပါက... သူသည် ချက်ချင်းပင် ထွက်ပြေးမိမည်မှာ အသေအချာပင်။
---
မိုယင် ဓားကို ဆွဲထုတ်လိုက်သည်။ ပေပေါင်း သုံးရာခန့် ရှည်လျားသော ဓားအရှိန်အဝါ ပေါက်ကွဲထွက်လာ၏။ အောက်ခြေရှိ သစ်ပင်နတ်ဆိုးများဆီသို့ တရှိန်ထိုး ကျဆင်းသွားသည်။ သစ်ပင်နတ်ဆိုးများ နှစ်ခြမ်းကွဲကုန်သည်။ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသည်။ နေရာမှာတင် သေဆုံးကုန်၏။ အဆင့်လတ် နတ်ဆိုးဗိုလ်ချုပ် လေးကောင်သာ ကျန်ရစ်သည်။ သူတို့ ဟိန်းဟောက်ကြသည်။ ဒေါသတွေ ထွက်နေ၏။ သတ်ဖြတ်လိုစိတ်တွေ ပြင်းထန်လာသည်။
“ဘယ်သူကများ ငါတို့ကို လာပြီး စော်ကားရဲတာလဲ...”
“သေချင်နေကြပြီ ထင်တယ်...”
“ရှာပြီးတော့... အကုန် သတ်ပစ်ကြစမ်း...”
သစ်ပင်နတ်ဆိုး လေးကောင်မှာ ရူးသွပ်စွာ အော်ဟစ်နေကြလေသည်။ ခုနက တိုက်ခိုက်မှုမှာ ကြောက်စရာကောင်းလှ၏။ သူတို့၏ အကာအကွယ်ကြောင့်သာ မသေဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သော်လည်း... ဒဏ်ရာအချို့တော့ ရရှိသွားခဲ့ကြလေပြီ။
“မင်းတို့တွေက အပြစ်မဲ့သူတွေကို သတ်ဖြတ်ပြီး... မကောင်းမှုတွေကို အမြဲ လုပ်နေတာပဲ။ ဒီနေ့တော့... ငါကိုယ်တိုင် မင်းတို့ကို ပိုင်းဖြတ်ပေးမယ်...”
မိုယင်သည် ဘယ်လက်ဖြင့် လက်ဟန် ရေးဆွဲလိုက်ပြီး... ညာလက်ဖြင့် လေညှင်းစီးဓားကို ဆုပ်ကိုင်လျက် ကောင်းကင်ယံမှနေ၍ တရှိန်ထိုး ဆင်းသက်လာခဲ့လေပြီ။ သူမသည် လျင်မြန်သော ဓားစိတ်ဆန္ဒ ကို ကျင့်ကြံထားသူ ဖြစ်သည့်အတိုင်း... သူမ၏ ဓားချက်များမှာ သစ်ပင်နတ်ဆိုးများ၏ တုံ့ပြန်နိုင်စွမ်းကို ကျော်လွန်ကာ ဒါဇင်ပေါင်းများစွာသော တိုက်ခွက်များကို လျှပ်တပြက် ထုတ်ဖော်လိုက်လေတော့သည်။
“ရွှပ်... ရွှပ်…”
ပြတ်သားလှသော အရှိန်အဟုန်ကြောင့် ဓားအရှိန်အဝါများမှာ သစ်ပင်နတ်ဆိုးများ၏ အကာအကွယ်ကို ကျော်လွှားကာ... ၎င်းတို့၏ အားနည်းချက်များကို အသာလေး ပိုင်းဖြတ်သွားခဲ့လေပြီ။
“ဝုန်း…”
သစ်ပင်နတ်ဆိုး လေးကောင်စလုံး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားခဲ့ရ၏။
မိုယင်သည် သူမ၏ ဓားကို ဓားအိမ်အတွင်း ပြန်ထည့်လိုက်ပြီးနောက်... လက်ကို ဆန့်ထုတ်ကာ သစ်ပင်နတ်ဆိုးများ၏ အစိမ်းရောင် အနှစ်သာရ အမြုတေများကို ဆွဲထုတ်၍ သူမ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်လေသည်။
“ညီမလေး မိုယင်ကတော့... တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ...”
လီကျောက်ကျောက်က လက်မထောင်၍ ချီးကျူးလိုက်လေသည်။ ဝမ်ဖင်းအန်းသည်လည်း လှမ်း၍ ချီးကျူးရန် ပြင်လိုက်သော်လည်း... မိုယင်က သူ့အား လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ရလေသည်။
မိုယင်၏ မျက်နှာမှာ အနက်ရောင် ပုဝါဖြင့် ဖုံးအုပ်ထားသော်လည်း... သူမ၏ စူးရှလှသော ဓားကဲ့သို့ အကြည့်များကိုမူ သူ အတိုင်းသား ခံစားလိုက်ရသောကြောင့် ဖြစ်၏။
“တော်ပြီ... စကားမပြောတော့ဘူး...”
ဝမ်ဖင်းအန်းသည် သူ၏ ပါးစပ်ကို လက်နှင့် အမြန်အုပ်လိုက်မိ၏။ သူသာ ချီးကျူးစကား ပြောမိလျှင် တစ်ခုခု ဖြစ်သွားမည်ကို သူ ကြောက်နေခြင်းပင် ဖြစ်ချေတော့သည်။
---
မြူခိုးဂိုဏ်း။
အချိန်ဝက်ခန့် ကြာပြီးနောက်တွင် မိုယင်နှင့် အဖွဲ့မှာ ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာခဲ့ကြလေပြီ။ အပန်းဖြေထိုင်ခုံပေါ်တွင် ထိုင်လျက် ထူးဆန်းသော အနံ့ရှိသည့် အညိုရောင် ဝိညာဉ်ရည် တစ်မျိုးကို သောက်နေသော ယဲ့ဖုန်းကို မြင်တွေ့ရသည့်အခါ... မိုယင်သည် လက်သီးဆုပ်၍ အရိုအသေပြုလိုက်ရင်း -
“ဂိုဏ်းချုပ်... ကျွန်မတို့ ပြန်ရောက်ပါပြီ။ တာဝန်တွေ အားလုံးကိုလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီရှင်...”
ယဲ့ဖုန်းသည် ပျော်ရွှင်ခြင်းရေများ ပြည့်နေသော ဖန်ခွက်ကို ဘေးသို့ ချလိုက်ရင်း -
“အိုး... မင်း (၁၀) ခုမြောက် တာဝန်ကို ပြီးသွားပြီပေါ့လေ...”
“ဟုတ်ကဲ့ပါ...” မိုယင် ခေါင်းညိတ်လိုက်၏။
ယဲ့ဖုန်း ပြုံးလိုက်မိသည်။
“သိပ်ကောင်းတာပဲ... ဒီနေ့ကစပြီး... မင်းဟာ ငါတို့ မြူခိုးဂိုဏ်းရဲ့ သမိုင်းမှာ ပထမဆုံးသော အမွေခံတပည့် ဖြစ်လာပြီပေါ့...”
“ကျွန်မ ဆက်ပြီးတော့ ကြိုးစားသွားပ့ါမယ်..” မိုယင်၏ မျက်နှာမှာ လေးနက်တည်ငြိမ်နေလေသည်။
“အရင်ဆုံး အကြီးအကဲတွေဆီမှာ တာဝန်ပြီးဆုံးကြောင်း သွားပြီး အပ်နှံလိုက်ဦး... ပြီးမှ ငါ့ဆီ ပြန်လာခဲ့... မင်းရဲ့ စာရင်းသွင်း တံဆိပ်ပြားကို ငါ ပြန်ပြင်ပေးမယ်...” ယဲ့ဖုန်းက လက်ဝှေ့ယမ်းပြလိုက်၏။
“ဟုတ်ကဲ့ပါ..”
တပည့် သုံးဦးလုံးသည် တာဝန်အပ်နှံရန်အတွက် ဖေးလိုင်တောင်ထိပ်ရှိ တာဝန်ခံ အကြီးအကဲ ချူယွင်အာ ထံသို့ ဦးတည် ထွက်ခွာသွားကြလေတော့သည်။ တာဝန်အပ်နှံခြင်း လုပ်ငန်းစဉ်မှာ ချောမွေ့လှပေသည်။
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိသော မိုယင်သည် ကျင့်ကြံရေးမျှော်စင်၏ သတ္တမအလွှာကို ဖြတ်ကျော်ထားပြီးဖြစ်သလို... ယခုအခါ တာဝန် (၁၀) ခုကိုလည်း ပြီးမြောက်သွားပြီဖြစ်ရာ အမွေခံတပည့် အဖြစ် တိုးမြှင့်ခံရရန် အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်၏။
ယခုမူ ယဲ့ဖုန်း၏ အသိအမှတ်ပြုမှုကို ရရှိရန်သာ လိုအပ်တော့ပေသည်။
“အားလုံးပဲ... သတင်းကောင်း ရှိပါတယ်...”
“ပထမမျိုးဆက် တပည့် မိုယင် ဟာ စစ်ဆေးမှုတွေကို အောင်မြင်သွားပြီ ဖြစ်လို့... အမွေခံတပည့် အဖြစ် တိုးမြှင့်ခံရတော့မှာ ဖြစ်ပါတယ်။ အားလုံးပဲ... အမွေခံတပည့်သစ်တွေ ဖြစ်လာဖို့အတွက် ဆက်ပြီးတော့ ကြိုးစားကြပါဦး...”
တာဝန်အပ်နှံခြင်း မှတ်တမ်းတင်ပြီးနောက်တွင် ချူယွင်အာသည် ဖေးလိုင်တောင်ထိပ်တွင် ရပ်လျက် အသံကုန် အော်ဟစ် ကြေညာလိုက်လေသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ မြူခိုးဂိုဏ်း တစ်ခုလုံးမှာ ဆူညံသွားခဲ့လေပြီ။
“စီနီယာအစ်မ မိုယင် က အမွေခံတပည့် ဖြစ်သွားပြီလား...”
“ထင်တဲ့အတိုင်းပါပဲဗျာ...”
“ငါလည်း အမွေခံတပည့် ဖြစ်ချင်လိုက်တာ...”
တပည့်များမှာ ကျင့်ကြံခြင်းကို ခေတ္တရပ်နားကာ အားပါတရ ဆွေးနွေးနေကြလေသည်။
မြူခိုးတောင်ထိပ် ထက်ဝယ်။
“တီ..တီ... အတွင်းစည်းတပည့် 'မိုယင်'ဟာ အမွေခံတပည့် အဖြစ် တိုးမြှင့်ခံရဖို့ လိုအပ်ချက်များ ပြည့်မီသွားတဲ့ အတွက်... ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်း အဆင့် မြှင့်တင်ပေးမှုမှာ နှစ်ဆ ဖြစ်သွားပါပြီ...”
စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့လေသည်။ ယဲ့ဖုန်းမှာမူ ကြောင်အသွားရရှာ၏။
ကျင့်ကြံခြင်း အဆင့် မြှင့်တင်ပေးမှုက... နှစ်ဆ ဖြစ်သွားတယ်... တဲ့လား...။
ဒါက ဘာကို ဆိုလိုတာပါလိမ့်...။
အခန်း (၄၅၅)- ကျင့်ကြံခြင်းအဆင့် မြှင့်တင်ပေးမှု၊ ပိုင်လင် ဓားပျံ နှင့် ပါရမီရှင်များ စုဝေးခြင်း
~“စနစ်... ကျင့်ကြံခြင်း အဆင့် မြှင့်တင်ပေးမှုက ဘယ်လိုမျိုးလဲ”
ယဲ့ဖုန်းသည် စနစ်အား ချက်ချင်းပင် မေးမြန်းလိုက်သည်။
“သာမန် တပည့်တစ်ယောက်ဟာ ဂိုဏ်းချုပ်ဆီကို သူတို့ရဲ့ ကျင့်ကြံခြင်း အစွမ်းနဲ့ ညီမျှတဲ့ ပမာဏကို ပေးနိုင်ပါတယ်။ အကယ်၍ တပည့်တစ်ယောက်ဟာ အမွေခံတပည့် အဖြစ် တိုးမြှင့်ခံရရင်တော့ အကျိုးသက်ရောက်မှုက နှစ်ဆ ဖြစ်သွားမှာပါ။”
စနစ်က ရှင်းပြလိုက်၏။
ထိုအခါ၊ ယဲ့ဖုန်း ခေတ္တမျှ တွေးတောလိုက်၏။
“ဆိုလိုတာက မိုယင်ဟာ အမွေခံတပည့် ဖြစ်သွားပြီးတဲ့နောက်..ငါက မိုယင်ရဲ့ ကျင့်ကြံခြင်း အစွမ်း နှစ်ဆနဲ့ ညီမျှတဲ့ အင်အားကို ရမှာပေါ့လေ။”
“အဲဒီလိုလည်း ပြောလို့ရပါတယ်” ဟု စနစ်က ဖြေကြားလိုက်၏။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း တိတ်ဆိတ်သွားသည်။ သူသည် မိမိ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုအတွင်းရှိ ပြောင်းလဲမှုများကို စတင် အာရုံခံကြည့်လိုက်၏။
“တကယ်ပဲ တိုးလာတာပဲ။ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် စတုတ္ထအလွှာ အထွတ်အထိပ် ပမာဏလောက် တိုးလာတာပဲ။ ဒါဆိုရင်တော့ ဂိုဏ်းက တပည့်တွေ အမွေခံတပည့် အဖြစ် တစ်ယောက်ပြီး တစ်ယောက် တက်လှမ်းနိုင်လေလေ... ငါ့ရဲ့ အစွမ်းကလည်း အဆမတန် တိုးလာလေလေ ဖြစ်မှာပေါ့။”
ယဲ့ဖုန်း ပြုံးလိုက်မိသည်။ သို့သော်လည်း မကြာမီမှာပင် သူ၏ နှုတ်ခမ်းများ တွန့်သွားရ၏။
အမွေခံတပည့် တစ်ယောက် ဖြစ်လာရန်မှာ မလွယ်ရေးချ မလွယ်ပေ။
မိုယင်ကဲ့သို့ အစွမ်းထက်သူပင် ယခုမှသာ စစ်ဆေးမှုကို အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။ အခြားသူများအတွက်မူ ပို၍ပင် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ပေးသလောက်ရသည်မှာ မရှိသည်ထက်စာလျှင် ပိုကောင်းသည် မဟုတ်ပါလော။ ၎င်းအပြင် အမွေခံတပည့်များ၏ ကျင့်ကြံခြင်း အဆင့် တိုးတက်လာလျှင် မိမိအတွက် ရရှိမည့် အကျိုးကျေးဇူးမှာလည်း နှစ်ဆ ဖြစ်နေသည် မဟုတ်ပါလော။
“ဒီလုပ်ဆောင်ချက်ကိုတော့ ငါ တကယ် ကြိုက်သွားပြီ”
ယဲ့ဖုန်းသည် ကျေနပ်စွာ ပြုံးနေရင်းမှ သူ၏ အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဖေးလိုင်တောင်ထိပ်ရှိ အကြီးအကဲများ ခန်းမဆောင်ဆီသို့ အကြည့်ပို့လွှတ်လိုက်၏။
မိုယင်သည် ခန်းမဆောင်အတွင်းမှ ထွက်လာပြီးနောက် ချိတ်ဆက်ထားသော တံတားပေါ်မှတစ်ဆင့် မြူခိုးတောင်ထိပ်သို့ လျှောက်လာခဲ့သည်။ သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ ယဲ့ဖုန်း၏ အကြည့်များနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံသွားလေ၏။
“ဒီကို လာခဲ့ပါဦး... မင်းရဲ့ စာရင်းသွင်း တံဆိပ်ပြားကို ငါ ပြန်ပြီး ပြုပြင်ပေးမယ်။”
ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်ကာ ညင်သာစွာ ပြောလိုက်သည်။ မိုယင်သည် မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာပြီးနောက် သူမ၏ ခါးပတ်တွင် ချိတ်ထားသော တံဆိပ်ပြားကို ဖြုတ်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
“ဂိုဏ်းချုပ်... ရပါပြီ။”
“ခဏလေးပဲ စောင့်ပါ... ပြန်ပြင်ရတာ မကြာပါဘူး။”
ယဲ့ဖုန်း လက်ကို မြှောက်လိုက်သည်။ လက်နက်သွန်းလုပ်သည့် မီးဖို ပေါ်လာသည်။ တံဆိပ်ပြားကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။ 'ချွင်' ဟူသော အသံများ ထွက်ပေါ်လာ၏။ သွန်းလုပ်မှုက မြန်ဆန်လှသည်။ နှစ်ဦးသား ခေတ္တမျှ တိတ်ဆိတ်နေစဉ်မှာပင် မီးဖိုဖုံး ပွင့်သွားလေ၏။
“ရပြီ... ဒါက မင်းရဲ့ တံဆိပ်ပြား အသစ်ပဲ။”
ယဲ့ဖုန်းသည် အနည်းငယ် ပူနွေးနေသော တံဆိပ်ပြားကို ဆုပ်ကိုင်ကာ မိုယင်ထံ ကမ်းပေးလိုက်သည်။ မိုယင်သည် တံဆိပ်ပြားကို လှမ်းယူလိုက်ရာ သူမ၏ လက်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရ၏။ သူမသည် တံဆိပ်ပြား၏ ကျောဘက်ကို ကြည့်လိုက်ရာ “အမွေခံတပည့် မိုယင်” ဟူသော စာလုံးများမှာ ထင်းလင်းစွာ ပေါ်နေလေ၏။
သူမသည် ထိုစာလုံးများကို အသာအယာ ထိတွေ့လိုက်ရာ နှုတ်ခမ်းထောင့်များ အနည်းငယ် ပြုံးယောင်သန်းသွားလေ၏။ ထိုအခိုက်အတန့်တွင် မိုယင်၏ မြူခိုးဂိုဏ်းအပေါ် ထားရှိသော သံယောဇဉ်မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားရတော့၏။
“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။”
မိုယင်သည် တံဆိပ်ပြားကို သူမ၏ ခါးပတ်တွင် ပြန်လည် ချိတ်ဆွဲလိုက်ပြီးနောက် အလေးအနက် အရိုအသေပြုလိုက်၏။
ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။
“ဒီနေ့ကစပြီး... မင်းဟာ ငါတို့ မြူခိုးဂိုဏ်း ရဲ့ ပထမဆုံးသော အမွေခံတပည့်ပဲ။ မင်း အနေနဲ့ ဆက်ပြီးတော့ ကြိုးစားသွားပါ... တစ်နေ့မှာ မြူခိုးဂိုဏ်း အတွက် ဂုဏ်ဆောင်နိုင်မယ့်သူ ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။”
ထိုစကားလုံးများမှာ မိုယင်၏ နှလုံးသားကို နွေးထွေးသွားစေခဲ့လေ၏။ လှိုင်းလုံးကြီးများ သူမ၏ ရင်ထဲတွင် ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး “ဂုဏ်ဆောင်နိုင်သူ” ဟူသော စကားလုံးမှာ သူမ၏ အသိစိတ်ထဲတွင် ပဲ့တင်ထပ်နေတော့သည်။ မိုယင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူမ၌ ပိုမို ကြီးမားသော တက်ကြွမှုများ ဖြစ်ပေါ်လာရတော့၏။
“ဂိုဏ်းချုပ်... ကျွန်မ သွားပြီး ကျင့်ကြံလိုက်ပါဦးမယ်ရှင်။”
မိုယင်သည် စိတ်လှုပ်ရှားမှုများကို အသက်ပြင်းပြင်းရှူကာ ထိန်းချုပ်လိုက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်၏။
“အမွေခံတပည့် တစ်ယောက်အနေနဲ့... မင်းဟာ အသစ်စက်စက် ဝိညာဉ်လက်နက် တစ်ခု ရပါလိမ့်မယ်။ ပြောပါဦး... ဘယ်လို လက်နက်မျိုး လိုချင်သလဲ။ အသေးစိတ်လေးတွေ ပြောပြရင်တော့ ငါ ကိုယ်တိုင် သွန်းလုပ်ပေးပါ့မယ်။”
ယဲ့ဖုန်းက မိုယင်ကို လှမ်းခေါ်လိုက်သည်။ မိုယင်မှာ အံ့အားသင့်သွားရရှာ၏။
“ဂိုဏ်းချုပ်... ကျွန်မမှာ အလယ်အလတ်အဆင့် ဝိညာဉ်ဓား ရှိနေတာပဲ။ အခုလောလောဆယ် မလိုသေးဘူး ထင်ပါတယ်”
“ဒါက မတူဘူးလေ။”
ယဲ့ဖုန်းက လက်ဝှေ့ယမ်းပြလိုက်ရင်း လက်နက်သွန်းလုပ်သည့် မီးဖိုကို မြေပြင်ပေါ် တင်လိုက်သည်။ ၎င်း၏ ဘေးတွင် တစ်ပေခန့် ရှည်လျားသော ဖြူဖွေးသည့် အရိုးတစ်ခု ပေါ်လာရတော့၏။ ၎င်းမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ ဒါက အရိုးစုမိစ္ဆာ ဧကရီ ထံမှ ရရှိခဲ့သော နံရိုးတစ်ချောင်းပင် ဖြစ်၏။
ထိုအရိုးကို ကြည့်ရင်း မိုယင်မှာ အတိုင်းအဆမရှိလှသော စွမ်းအားများကို အာရုံခံမိလိုက်ရာ ၎င်းမှာ အနည်းဆုံးတော့ နတ်ဆိုးဘုရင်အဆင့် ရှိနေမည်မှာ အသေအချာပင်။
“ကဲ... ပြောပါဦး... ဘယ်လို ဝိညာဉ်လက်နက်မျိုး လိုချင်သလဲ။”
ယဲ့ဖုန်း ခေတ္တမျှ ရပ်လိုက်ပြီးမှ -
“မင်းဟာ လျင်မြန်သော ဓားစိတ်ဆန္ဒကို နားလည်ထားတာဆိုတော့... ငါ့ရဲ့ အကြံပေးချက်ကတော့ ဓားပျံ တစ်စင်းပေါ့။ အဲဒါက မင်းနဲ့ အသင့်တော်ဆုံးပဲ။”
“အင်း... ဒါဆိုရင်တော့... ကျွန်မအတွက် တစ်ပေလောက် ရှည်တဲ့ ဓားပျံတစ်စင်း သွန်းလုပ်ပေးပါ ဂိုဏ်းချုပ်။ သိပ်ပြီးတော့ ကြီးစရာ မလိုပါဘူး။ အရေးကြီးတာက ထက်မြက်ပြီးတော့ ပေါ့ပါးနေဖို့ပါပဲ...”
မိုယင်က သူမ၏ လိုအပ်ချက်များကို တစ်ခုချင်းစီ ပြောပြလိုက်၏။
“အင်း... ဒါက လုပ်လို့ရပါတယ်”
သဘောတူကာ ယဲ့ဖုန်းက လက်နက်သွန်းလုပ်သည့် မီးဖိုနှင့် စိတ်ချင်း ဆက်သွယ်ကာ လိုအပ်သော အချက်အလက်များကို ညှိနှိုင်းလိုက်၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်တော့ သွန်းလုပ်ခြင်း လုပ်ငန်းစဉ် စတင်တော့၏။
နတ်ဆိုးဧကရာဇ်၏ အရိုးအပိုင်းအစကို မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထည့်သွင်းလိုက်ပြီး ထူးခြားသော သွန်းလုပ်ရေး ကုန်ကြမ်းများကိုပါ ထပ်မံ ထည့်လိုက်၏။ လုပ်ငန်းစဉ် တစ်ဝက်ခန့်တွင် ယဲ့ဖုန်းသည် မိုယင်၏ လတ်ဆတ်သော သွေးအချို့ကို ယူဆောင်ကာ ရောနှောလိုက်ပြီးနောက် အသစ်တစ်ဖန် သန့်စင်ပြန်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မှ သွန်းလုပ်ခြင်းမှာ ပြီးဆုံးသွားရတော့၏။
“ချွင်…”
မီးဖိုဖုံးမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
ကြည်လင်လှသော ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသည့် အရိုးဓားပျံလေး တစ်စင်းမှာ လေထဲတွင် လွင့်မျောနေလေ၏။ ဤဓားမှာ ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလွှာလှပြီး မျက်နှာပြင်ပေါ်တွင် အနီရောင် နွယ်မျှင်လေးအချို့ ရစ်ပတ်နေသည်။ ညင်သာသော တုန်ခါမှုတိုင်းက ပြင်းထန်သော ဓားအလင်းတန်းများကို ထုတ်လွှတ်နေစေတော့သည်။ ယဲ့ဖုန်းက ဓားသွားကို အသာအယာ တောက်လိုက်ရာ သာယာလှသော ဓားသံလေး ထွက်ပေါ်လာရတော့၏။
“တကယ့်ကို ထက်မြက်တဲ့ ဓားပျံလေးပဲ။ ပေါ့ပါးပြီး ထက်ရှနေတာက တကယ့်ကို ပြည့်စုံလွန်းပါတယ်ရှင်။”
မိုယင်သည် ဓားပျံလေးကို စူးစိုက်ကြည့်လိုက်ရာ ၎င်းပေါ်တွင် မင်ရောင်ဖြင့် ရေးထွင်းထားသော “ယင်”ဟူသော စာလုံးလေးကို တွေ့ရှိလိုက်ရ၏။
“ဒီဓားက အဆင့်မြင့် ဝိညာဉ်လက်နက် အဆင့်ပဲ။ ဒါကို မင်းရဲ့ ချီပင်လယ် ထဲမှာ သိမ်းထားလို့ ရတယ်။ မင်းရဲ့ မူလစွမ်းအင်တွေနဲ့ နေ့ရောညပါ အဆက်မပြတ် မွေးမြူပေးနေရင်တော့ သူက တဖြည်းဖြည်းနဲ့ ပိုပြီး အစွမ်းထက်လာမှာပဲ။ ဓားရဲ့ နာမည်ကိုတော့ မင်းပဲ ပေးလိုက်ပါတော့။”
ယဲ့ဖုန်းက ဓားပျံကို ကမ်းပေးလိုက်၏။
“အဆင့်မြင့် ဝိညာဉ်လက်နက် တဲ့လား”
မိုယင်၏ စိတ်ထဲတွင် ထိတ်လန့်သွားရသည်။ ယဲ့ဖုန်းအနေဖြင့် အလွန်ဆုံးရှိမှ အဆင့်ကောင်းလှသော အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုကိုသာ သွန်းလုပ်ပေးလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်ပေသည်။
ယခုမူကား အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်နေသည် မဟုတ်ပါလော။
“အဆင့်က နည်းနည်းတော့ နိမ့်နေသေးတာပေါ့။ ဒါက မူလနတ်ဘုရားအဆင့် ရှိတဲ့ နတ်ဆိုးဧကရာဇ် ရဲ့ အရိုးနဲ့ သွန်းထားတာဆိုတော့လေ...” ယဲ့ဖုန်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။
“နတ်ဆိုးဧကရာဇ်ရဲ့ အရိုး...”
မိုယင်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။ ထိုအရိုး ပေါ်လာစဉ်က သူမ ဘာကြောင့် ရင်တုန်သွားခဲ့ရသလဲဆိုသည်မှာ ယခုမှ ရှင်းသွားတော့၏။ ၎င်းမှာ နတ်ဆိုးဘုရင်အဆင့်ရှိသော ဧကရာဇ်တစ်ပါး၏ အရိုး ဖြစ်နေသည် ပင်။
“ဒီဓားကို မွေးမြူဖို့အတွက် မင်းရဲ့ စွမ်းအားတွေကို ကောင်းကောင်း အသုံးချပါ။ သူ့ရဲ့ အလားအလာက မနည်းဘူး။ နောင်တစ်ချိန်မှာ အထွတ်အထိပ် ဝိညာဉ်လက်နက် ဖြစ်လာဖို့က ဘာမှ မခက်ခဲသလို... ဝိညာဉ်ရတနာ ဖြစ်လာဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး။”
ယဲ့ဖုန်းသည် လက်နက်သွန်းလုပ်သည့် မီးဖိုကို သိမ်းဆည်းလိုက်ပြီးနောက် အပန်းဖြေ ထိုင်ခုံပေါ်တွင် ထိုင်ကာ ‘ပျော်ရွှင်ခြင်းရေ’ကို တစ်ငုံ သောက်လိုက်ရာ ချက်ချင်းပင် လန်းဆန်းသွားရတော့၏။
မိုယင်မှာမူ ထိုဓား၌ ဤမျှလောက် ကြီးမားသော အလားအလာ ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမသည် ဓားကို အသာအယာ ပွတ်သပ်လိုက်ရာ ၎င်းနှင့် နက်ရှိုင်းသော ဆက်နွှယ်မှု တစ်ခုကို ခံစားလိုက်ရ၏။
ယခင်က ယဲ့ဖုန်းသည် သူမ၏ သွေးကို ယူဆောင်ကာ သွန်းလုပ်ခဲ့ခြင်းမှာ သူမနှင့် ဓားကို ကြိုတင် ချိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပုံရပေသည်။ ယခုအခါတွင်မူ သူမသည် မည်သည့် စတေးမှုမျှ ထပ်မံ ပြုလုပ်ရန် မလိုဘဲ တိုက်ရိုက် အသုံးပြုနိုင်ပြီ ဖြစ်၏။ အခြားသူများ ရရှိသွားလျှင်ပင် သူတို့အတွက်မူ အသုံးမဝင်နိုင်ပေ။
“ဓားအတွက် နာမည် စဉ်းစားပြီးပြီလား။” ယဲ့ဖုန်းက မေးလိုက်သည်။
မိုယင်သည် ဓားပျံလေးကို စိုက်ကြည့်ရင်း ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်၏။
“ဒီဓားကို ‘ပိုင်လင်’လို့ အမည်ပေးပါ့မယ်”
“ပိုင်လင် ဓား လား။” ယဲ့ဖုန်း ထိုအမည်ကို အသေအချာ ပြန်လည် စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
“မဆိုးပါဘူး... ငါ ပေးမယ့် နာမည်တွေထက်တော့ အများကြီး ပိုကောင်းတာပေါ့။”
မိုယင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်သွားရ၏။ သူမ အမှန်တကယ် ပြောချင်သည်မှာ “ဂိုဏ်းချုပ်... ရှင်က နာမည်ပေးတဲ့နေရာမှာတော့ တကယ့်ကို အသုံးမကျတာပဲ။ ကျမတို့ ဂိုဏ်းထဲက ဘယ်သူမဆို ရှင့်ထက် ပိုတော်ကြမှာပါ” ဟူ၍ပင်။ သို့သော်လည်း သေချာသည်မှာ သူမ ထိုသို့ ထုတ်ဖော် မပြောရဲသည်မှာ အမှန်ပင်။
“ဂိုဏ်းချုပ်... ကျွန်မ ပိုင်လင် ဓားကို သွားပြီး စမ်းသပ်ကြည့်လိုက်ပါဦးမယ်။”
“သွားလေ။”
ယဲ့ဖုန်းသည် မိုယင် ဖူယွင် တောအုပ်နက် ဆီသို့ ပျံသန်းသွားသည်ကို ကြည့်နေလိုက်သည်။
ပိုင်လင် ဓားလေးသည် လေထုကို အရှိန်အဟုန်ဖြင့် ပိုင်းဖြတ်သွားပြီး စူးရှလှသော အသံများကို ထုတ်လွှတ်နေသည်ကို သူ မြင်တွေ့လိုက်ရ၏။
သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိပြီး ဤဓား၏ စွမ်းအားမှာ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား နှင့်ပင် ယှဉ်နိုင်လောက်ကြောင်း တွက်ချက်လိုက်၏။
---
လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော်ဝယ်၊
ကျူးလေသည် ခမ်းနားထည်ဝါလှသော နန်းတော်တစ်ခုအတွင်း ထိုင်နေပြီး သူ၏ ပတ်လည်တွင် ထိုင်နေကြသော ပါရမီရှင်များကို ကြည့်ကာ စိုးရိမ်ထိတ်လန့်နေမိ၏။ ဤခန်းမဆောင်အတွင်း၌ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန်ပင် သာမန်ကာလျှံကာမျှသာ ဖြစ်၏။
အခြားသူများမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ သို့မဟုတ် စတုတ္ထအလွှာများတွင် ရှိနေကြပြီး၊ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် သုံးဦးမှာမူ သတ္တမအလွှာသို့ပင် ရောက်ရှိနေကြပြီ ဖြစ်ရာ ဓားဘုရင်ဂိုဏ်း၏ အမွေခံတပည့် ခေါင်းဆောင် ကျန်းပိုင်ကော နှင့် အဆင့်တူပင် ဖြစ်၏။
“ဟိုယွင်ကျဲ... ချောင်ကျားရှီး...ကျန်းပိုင်ကော... မူရူရွှယ်... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ကြည့်ရတာ တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှာလည်း ပါရမီရှင် လို့ ခေါ်ထိုက်တဲ့သူတွေ အများကြီး ထွက်ပေါ်လာတာပဲ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာက... မင်းတို့လို ပါရမီရှင်မျိုးက ငါတို့ နန်းမြို့တော်မှာတော့ နေရာတိုင်းမှာ ရှိနေတာပဲကွ။”
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ ရှိသော ထိပ်တန်း ပါရမီရှင်တစ်ဦးက လှောင်ပြောင်လိုက်၏။
“အားလုံးပဲ... ငါ ကိုယ်တိုင် တောင်ပိုင်းမြစ်ဝှမ်း ဒေသ ကို သွားပြီးတော့ ကျန်းပိုင်ကော ကို စိန်ခေါ်ဖို့ ကြံထားတယ်။ ငါနဲ့အတူ ဘယ်သူ လိုက်ချင်သေးလဲ။” သူက မေးမြန်းလိုက်၏။
“ကျုပ်တို့ လိုက်ပါ့မယ်...”
ထိုနေရာရှိ ပါရမီရှင် အများစု၏ ကိုယ်မှ ပြင်းထန်လှသော အရှိန်အဝါများမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာရတော့၏။ ၎င်းမှာ ခန်းမဆောင်ကြီး၏ အမိုးကိုပင် လွင့်ထွက်သွားစေခဲ့ရာ တကယ့်ကို အံ့သြစရာ မြင်ကွင်းတစ်ခုပင်။
ထောင့်တစ်နေရာတွင်မူ ပါရမီရှင် တစ်ဦးက သူ၏ နဖူးမှ ချွေးများကို သုတ်နေရရှာသည်။
“ဒီလူတွေက ရူးနေတာလား... ငါ့ရဲ့ အစည်းအဝေးခန်းမဆောင်ကို အမြဲတမ်း လာပြီး ဖောက်ခွဲနေကြတာပဲ။ လျော်ကြေးလည်း တစ်ပြားမှ မပေးကြဘူး... တကယ့်ကို ပြောစရာ စကားတောင် မရှိတော့ဘူးဗျာ...” သူက မကျေမနပ် ရေရွတ်လိုက်၏။
သူတို့က ဤမျှအထိ ဆူညံကြလိမ့်မည်ဟု သိလျှင် သူတို့ကို ဤနေရာတွင် စုဝေးခွင့် ပေးခဲ့မည် မဟုတ်သည်မှာ အမှန်ပင်။
“မိတ်ဆွေတို့... ကျွန်တော် မပါဘဲနဲ့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ ကို ဘယ်လိုလုပ် သွားလို့ ရမှာလဲဗျ။”
ထိုအခိုက်အတန့်တွင် နူးညံ့ပြီး သာယာလှသော အသံ တစ်ချက်သည် ခန်းမဆောင်၏ အပြင်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့လေ၏။
အခန်း (၄၅၆)- ကောင်းကင်ဓားဘုရင် ရီကျွမ်း၊ ကျန်းပိုင်ကော၏ ကပ်သီးလေး ရှုံးနိမ့်ခြင်းနှင့် စိန်ခေါ်မှု
~ဤအသံကြောင့် အစည်းအဝေး ခန်းမဆောင်အတွင်း ရှိနေကြသော ထိပ်တန်း ပါရမီရှင်များ အားလုံး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားရလေ၏။
“ဒါ... ဒါက ‘ကောင်းကင်ဓားဘုရင်’ ရီကျွမ်း ပဲ...”
“သူက အဆင့်တက်ဖို့အတွက် တံခါးပိတ် ကျင့်ကြံနေတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ...”
ထိုနေရာရှိ ပါရမီရှင်များ အားလုံးမှာ နေရာမှ ဝုန်းခနဲ ထရပ်လိုက်ကြပြီး ခန်းမဆောင်၏ အဝင်ဝဆီသို့ အကြည့်ပို့လွှတ်လိုက်ကြလေ၏။
သန်မာထွားကြိုင်းသော လူငယ်တစ်ဦးမှာ ခန်းမဆောင်အတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်လာရတော့သည်။ သူသည် ရိုးရှင်းလှသော ဝတ်ရုံဖြူကို ဆင်မြန်းထားသော်လည်း သူ၏ အပေါ်ပိုင်း ကိုယ်ခန္ဓာမှာမူ တြိဂံပုံသဏ္ဌာန်ရှိ၏။ ကြွက်သားများမှာလည်း အလုံးလိုက် အခဲလိုက် ထွက်နေသဖြင့် တကယ့်ကို ထွားကြိုင်းလှပေသည်။
သူ၏ ကျောနောက်တွင်မူ ဓားအိမ်အတွင်း ထည့်ထားသော ဓားရှည်ကြီး တစ်လက်ကို လွယ်ထားပြီး ၎င်းထံမှနေ၍ ပြင်းထန်ကာ မောက်မာလှသော ဓားအရှိန်အဝါများမှာ ဖုံးကွယ်၍ မရနိုင်အောင် ဖြာထွက်နေတော့သည်။
“တကယ်ပဲ ကောင်းကင်ဓားဘုရင် ပါလား...”
လူတိုင်းမှာ ထိုပုံရိပ်ကို စိုက်ကြည့်ရင်း မျက်နှာများမှာ လေးနက်တည်ငြိမ်သွားကြရလေ၏။
သာမန်အားဖြင့် ‘ဘုရင်’ ဟူသော ဘွဲ့ထူးကို ဝိညာဉ်ပင်လယ်အဆင့် ရှိသော ပညာရှင်များကိုသာ ပေးအပ်လေ့ ရှိခြင်းပင်။ ဥပမာအားဖြင့် ကြွေထည်ဘုရင် ရှုရန်ရှန် ၊ ရွှေစီးဆင်းခြင်းဘုရင် လျူမင် နှင့် ခရိုင်ဘုရင် ရှုချန်ကျွင်း တို့ကဲ့သို့ ပုဂ္ဂိုလ်မျိုးများကို ဆိုလိုခြင်း ဖြစ်ပေသည်။
သို့သော်လည်း ယခုအခါ ရီကျွမ်း သည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ အထွတ်အထိပ်သို့သာ ရောက်ရှိနေသေးသော်လည်း ‘ကောင်းကင်ဓားဘုရင်’ ဟူသော ဘွဲ့ထူးကို ရရှိထားခြင်းမှာ သူ၏ ထူးခြားလှသော ပါရမီနှင့် အစွမ်းသတ္တိတို့ကို သက်သေပြနေခြင်းပင် ဖြစ်၏။
လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် တစ်ခုလုံးတွင်မူ ထိုလျှို့ဝှက်လှသော တတိယမင်းသားမှလွဲ၍ ကောင်းကင်ဓားဘုရင် ရီကျွမ်း မှာ လူငယ်မျိုးဆက်များအကြားတွင် အစွမ်းထက်ဆုံးသူအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပေသည်။
မူလကမူ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ အပြင်သို့ ထွက်ခွာလေ့ မရှိသော်လည်း ယနေ့တွင်မူ သူ ပေါ်ထွက်လာရတော့၏။
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ အထွတ်အထိပ်တွင် ရှိနေကြသော ကျန်ရှိသည့် ထိပ်တန်း ပါရမီရှင် သုံးဦးမှာလည်း တပြိုင်နက်တည်း ထရပ်လိုက်ကြပြီး မေးမြန်းလိုက်ကြလေ၏။
“ကောင်းကင်ဓားဘုရင်... မင်းကော ဘာလို့ လိုက်လာတာလဲ...”
“ငါ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အဋ္ဌမအလွှာကို တက်လှမ်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ဘူး... အဲဒါကြောင့် ဓားဘုရင်ဂိုဏ်း က ကျန်းပိုင်ကော ဆိုတဲ့ကောင်က တော်တော်လေး အစွမ်းထက်တယ်လို့ ကြားလို့... ငါကိုယ်တိုင် လာကြည့်တာပဲ...” ဟု ကောင်းကင်ဓားဘုရင် ရီကျွမ်း က ပြောလိုက်၏။
ပါရမီရှင် တစ်ဦးက ရယ်မောလိုက်ရင်း -
“ဘာလဲ... မင်းက ကျန်းပိုင်ကော က ကျုပ်တို့ သုံးယောက်ထက် ပိုပြီးတော့ ဖိအားပေးနိုင်လိမ့်မယ်လို့ ထင်နေတာလား...”
“မင်းတို့ အားလုံးက ငါ့လက်အောက်မှာ ရှုံးဖူးတဲ့သူတွေပဲ... ဘယ်သူမှ ငါ့ကို ဖိအားပေးဖို့ မလုံလောက်ဘူး... တတိယမင်းသားကလည်း အာဏာလုဖို့ပဲ စိတ်ဝင်စားနေပြီး ငါနဲ့ မတိုက်ချင်ဘူးလေ... အဲဒီတော့ ငါ့အတွက် ဖိအားတစ်ခုခု ရနိုင်မယ်ဆိုရင်တော့... အဲဒါ ကျန်းပိုင်ကော ဆီကပဲ ဖြစ်ရမယ်...”
ရီကျွမ်း က ပြန်လည် တုံ့ပြန်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်လိုက်၏။
“သေသေချာချာ နားထောင်ထားကြစမ်း... ကျန်းပိုင်ကော ဆိုတဲ့ကောင်က... ငါ့အပိုင်ပဲ...”
“ဝူး…”
သူသည် တစ်ခဏအတွင်းမှာပင် အရှိန်မြှင့်လိုက်ပြီး တောင်ပိုင်းမြစ်ဝှမ်း ဒေသ ရှိရာ အရပ်ဆီသို့ လျှပ်စီးအလား ပျံသန်း ထွက်ခွာသွားလေတော့သည်။
ခန်းမဆောင်အတွင်း ကျန်ရစ်ခဲ့သော ထိပ်တန်း ပါရမီရှင်များမှာမူ မှင်သက်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြ၏။
ဤကောင်းကင်ဓားဘုရင်မှာ တော်တော်လေးကို မောက်မာလွန်းသည်ပင််။
သို့သော်လည်း သူတို့၏ လက်တွေ့ဘဝတွင် ရီကျွမ်း ၏ လက်အောက်၌ ရှုံးနိမ့်ခဲ့ဖူးသဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မကျေမနပ်နှင့်သာ ကျန်ရစ်ခဲ့ကြရလေတော့သည်။
---
ဓားဘုရင်ဂိုဏ်း အနီးရှိ နက်ရှိုင်းသော တောင်တန်းကြီးများအတွင်းဝယ် ဖြစ်သည်။
ဟိုယွင်ကျဲ၊ လုံထျန်းရှင်း၊ ရှီလေ့ နှင့် ချောင်ကျားရှီး တို့ လေးယောက်အဖွဲ့မှာ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ၊ သူတို့ရှေ့ရှိ ဧရာမ ကျောက်ရုပ်တုကြီးမှာ အမှုန့်ဖြစ်အောင် ချေမှုန်းခြင်း ခံလိုက်ရလေ၏။
“ဝုန်း…”
ကျောက်စိုင် ကျောက်ခဲများစွာမှာ တောင်ပုံရာပုံပမာ ပြိုကျလာရတော့၏။
“နောက်ဆုံးတော့ ဖောက်ခွဲနိုင်ခဲ့ပြီဗျာ...”
ချောင်ကျားရှီး က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း၊ လေထဲသို့ ပျံတက်ကာ ကမ်းပါးယံအောက်မှ နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော ဝိညာဉ်ဆေးပင် ဒါဇင်ပေါင်းများစွာကို တူးဖော်လိုက်၏။
“စီနီယာအစ်ကို... ဝိညာဉ်ဆေးပင်တွေ ရပြီဗျိုး...” ချောင်ကျားရှီး က လှမ်းအော်လိုက်၏။
“ဒီဆေးပင်တွေ ရပြီဆိုရင်တော့.. ဆေးပင်ရှာတဲ့ တာဝန်က ပြီးဆုံးသွားပြီပေါ့... ဂိုဏ်းကို ပြန်ပြီး သတင်းပို့လို့ ရပြီဗျ...” လုံထျန်းရှင်း ကလည်း ပြုံးလျက် ပြောလိုက်၏။
“နောက်ထပ် တာဝန်တစ်ခု ပြီးသွားရင်တော့... ငါလည်း အမွေခံတပည့် တစ်ယောက် ဖြစ်လာတော့မှာပဲ...” ဟိုယွင်ကျဲ မှာမူ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေ၏။
သူတို့သည် မိုယင် တစ်ယောက် အမွေခံတပည့် အဖြစ် တိုးမြှင့်ခံရရုံတင်မကဘဲ ‘ပိုင်လင် ဓား’ ဟု အမည်ရသော အဆင့်မြင့် ဝိညာဉ်လက်နက် တစ်စင်းကိုပါ ဆုလာဘ်အဖြစ် ရရှိခဲ့ကြောင်း သတင်းကြားသိထားရသည် လေ။
ဟိုယွင်ကျဲ အနေဖြင့် ထိုအရာကို မနာလိုဖြစ်မိသည်မှာ အမှန်ပင်။ ထို့ကြောင့်ပင် သူ့၌ ပိုမို ကြီးမားသော တက်ကြွမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ပေသည်။
“သွားကြစို့..... ဟင်... ဟိုမှာ ဘယ်သူလဲ...”
ရှီလေ့က လူတိုင်းကို ဂိုဏ်းသို့ ပြန်ရန် လှမ်းခေါ်မည့်အချိန်တွင်၊ ဓားဘုရင်ဂိုဏ်း ရှိရာ အရပ်ဆီသို့ လေထုကို ဖြတ်သန်းကာ တဟုန်ထိုး ပျံသန်းသွားသော လူပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရခြင်းပင်။
“ငါဟာ ကောင်းကင်ဓားဘုရင် ရီကျွမ်း ပဲ... ဒီနေ့ ငါ ဓားဘုရင်ဂိုဏ်း ရဲ့ အမွေခံတပည့် ခေါင်းဆောင် ကျန်းပိုင်ကော ကို စိန်ခေါ်တယ်.. သတ္တိရှိရင် ထွက်လာခဲ့ပြီး တိုက်စမ်း...”
မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာမှပင် ရီကျွမ်း ၏ ဟိန်းထွက်နေသော အသံကြီးမှာ သူ၏ မောက်မာလှသော ဓားစိတ်ဆန္ဒများနှင့်အတူ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့လေ၏။
“ဘယ်သူလဲဟ ကောင်းကင်ဓားဘုရင် ဆိုတာ...”
“ဒီလူရဲ့ ကျင့်ကြံခြင်းက တော်တော် သန်မာတာပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ အထွတ်အထိပ်မှာ ရှိနေတာပါလား...”
“သွားကြစို့... ဘာတွေ ဖြစ်နေလဲဆိုတာ သွားကြည့်ကြရအောင်...”
ဟိုယွင်ကျဲ နှင့် အခြားသူများမှာလည်း ချက်ချင်းပင် နောက်မှ လိုက်ပါသွားကြလေ၏။ သူတို့၏ ဆေးပင်ရှာဖွေရေး တာဝန်မှာလည်း ပြီးဆုံးသွားပြီဖြစ်ရာ ပျော်စရာ မြင်ကွင်းကို သွားကြည့်ခြင်းမှာ အန္တရာယ် မရှိနိုင်ဟု ယူဆလိုက်ကြခြင်းပင်။
ကောင်းကင်ဓားဘုရင်၏ အော်ဟစ်သံမှာ ဓားဘုရင်ဂိုဏ်း ကိုသာမကဘဲ၊ အနီးနားရှိ မြို့တော်များမှ ကျင့်ကြံသူများ၏ အာရုံစိုက်မှုကိုပါ ရရှိသွားခဲ့လေ၏။ စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော လူအပေါင်းမှာ ဓားဘုရင်ဂိုဏ်း ရှိရာ အရပ်ဆီသို့ တရဟော စုပြုံ ရောက်ရှိလာကြတော့သည်။
အေးချမ်းသာယာလှသော အိမ်တော်လေး တစ်ခု အတွင်းဝယ် ၊
ကျန်းပိုင်ကော သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ၏ အရှိန်အဝါများမှာ ပိုမို၍ ထက်ရှလာခဲ့ပြီး သူ၏ နောက်ကျောဘက်တွင်လည်း ဓားအရိပ် တစ်ခု စုစည်းလာနေ၏။ ၎င်းမှာ အခြားမဟုတ်ဘဲ ဓားဘုရင်ရုပ်ခန္ဓာ ၏ ထူးခြားသော ဖြစ်စဉ်ပင်။
“ငါ့ကို စိန်ခေါ်တာလား...”
ကျန်းပိုင်ကော ပြုံးလိုက်မိသည်။ သူ၏ အရှိန်အဝါမှာလည်း ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေရတော့၏။
“ငါလည်း ပြိုင်ဘက်ကောင်း တစ်ယောက်ကို ရှာနေတာပဲ... တကယ့်ကို အချိန်ကိုက်ပါပဲလား...”
သူသည် ကောင်းကင်ဓားဘုရင် ရီကျွမ်း ၏ အကြောင်းကို ကြားဖူးနားဝ ရှိထားလေ၏။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးတွင်မူ ကောင်းကင်ဓားဘုရင်မှာ တတိယမင်းသားပြီးလျှင် လူငယ်မျိုးဆက်များအကြားတွင် ထိပ်တန်း ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။ သို့သော်လည်း ကျန်းပိုင်ကော သည် ရီကျွမ်း နှင့် တစ်ခါမှ လက်ရည်မယှဉ်ဖူးသေးပေ။
သူသည် ခြေရင်းရှိ ဓားဘုရင် ခန္ဓာ ပုံရိပ်ယောင်ကြီးနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး၊ အရှိန်အဟုန်ဖြင့် တိုးဝင်လာသော ရီကျွမ်း ကို စိုက်ကြည့်ကာ ကျယ်လောင်စွာ ကြေညာလိုက်၏။
“ကောင်းကင်ဓားဘုရင်... မင်းရဲ့ စိန်ခေါ်မှုကို ငါ လက်ခံတယ်...”
“ဒီနေ့ထက် ကောင်းတဲ့ နေ့ မရှိတော့ဘူး... အခုပဲ တိုက်ကြရအောင်...”
ကောင်းကင်ဓားဘုရင် ရီကျွမ်း မှာ အချိန်ဖြုန်းလိုစိတ် မရှိပေ။ သူသည် နန်းမြို့တော်မှနေ၍ ဤတိုက်ပွဲ တစ်ခုတည်းအတွက်သာ ခရီးဝေးနှင်လာခဲ့ခြင်း မဟုတ်ပါလော။
“မင်း ဆန္ဒအတိုင်း ဖြစ်စေရမယ်...”
ကျန်းပိုင်ကော သည် လူသူကင်းမဲ့သော တောင်တန်းကြီးများ၏ အထက် ကောင်းကင်ယံသို့ ခုန်တက်လိုက်ပြီး ကောင်းကင်ဓားဘုရင် ဆင်းသက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်၏။
ရီကျွမ်း တောင်တန်းဆီသို့ ရောက်သည်။ ကျောပေါ်မှ ဓားကို ဆွဲထုတ်လိုက်သည်။ ဓားက တဖျပ်ဖျပ် လက်နေသည်။ လေထုကို ပိုင်းဖြတ်လိုက်၏။ ၎င်းမှာ အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်သည်။ စွမ်းအားက ပြင်းထန်လှ၏။ ဓားအလင်းတန်း ထွက်ပေါ်လာသောအခါ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။ ဒုတိယ နေမင်းကြီး ပေါ်လာသည့်အလား၊ ကြည့်နေသူများ မျက်စိကျိန်းကုန်ကြသည်။
ကျန်းပိုင်ကော အလျှော့မပေးပေ။ လက်ချောင်းကို ဓားအဖြစ် သုံးသည်။ ဓားအလင်းတန်းဆီသို့ ညွှန်လိုက်၏။ ခြေရင်းမှ ဓားဘုရင်ရုပ်ခန္ဓာပုံရိပ် ပြောင်းလဲသွားသည်။ ဓားသွားများ မုန်တိုင်းပမာ တိုက်ခိုက်တော့၏။
“ဝုန်း…”
ကောင်းကင်ယံတွင် ဓားအလင်းနှင့် ဓားအရိပ်တို့ တိုက်မိသည်။ ပေါက်ကွဲသံများ ပြင်းထန်လှ၏။ စွမ်းအားလှိုင်းများ အောက်သို့ ကျဆင်းလာသည်။ တောင်ထိပ်များ ဖြိုဖျက်ခံရသည်။ မြေစာနှင့် ကျောက်ခဲများ လွင့်စင်ကုန်၏။
နတ်ဆိုးသားရဲများ ထွက်ပြေးကြသည်။ အော်ဟစ်သံများ ဆူညံနေ၏။
“ဒါဟာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရဲ့ တိုက်ပွဲပဲ။ တကယ့်ကို အံ့သြဖို့ ကောင်းတယ်။ တစ်ယောက်ချင်းစီမှာ အထွတ်အထိပ် စွမ်းအားတွေ ရှိနေတာပဲ။”
ဟိုယွင်ကျဲ လေးနက်စွာ ပြောလိုက်သည်။ သူနှင့် ထိုနှစ်ဦးကြားတွင် ကွာဟချက် ရှိနေသည်ကို သူ ဝန်ခံလိုက်ခြင်းပင်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ သူတို့ထက် အများကြီး နိမ့်ကျနေသေးသည် မဟုတ်ပါလော။ အကယ်၍သာ အဆင့်တူချင်း တိုက်ရမည်ဆိုပါက သူသည် လုံးဝ ကြောက်ရွံ့နေမည် မဟုတ်ပေ။
“ဓားဘုရင်ရဲ့ ဓား...”
ကျန်းပိုင်ကော ၏ ဟစ်ကြွေးသံ ထွက်ပေါ်လာသည်။ သူ၏ နောက်ကွယ်မှ ပုံရိပ်ကြီးမှာ ကြီးမားလာသည်။ ဧရာမ ဓားကြီ းတစ်စင်းအဖြစ် ပြောင်းလဲသွား၏။ အစွမ်းကုန် လွှဲ၍ ပိုင်းချလိုက်သည်။
“ဓားချက်က ကောင်းကင်ကို ခွဲထုတ်စေ...”
ရီကျွမ်း သည်လည်း သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်တော့သည်။ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်သည်။ အပေါ်မှနေ၍ ခုတ်ပိုင်းလိုက်၏။ သူ၏ တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ တစ်ကိုယ်လုံး ဓားအလင်းများ ဖုံးလွှမ်းသွားသည်။ ကြွက်သားများ ရောင်ကိုင်းလာ၏။
“ရွှပ်…”
ဧရာမ ဓားကြီးနှင့် ဓားအလင်းတန်းတို့ ပြင်းထန်စွာ တိုက်မိသည်။ နောက်ဆုံးတွင် ရီကျွမ်း က လက်ဦးသွားသည်။ ဧရာမ ဓားကြီးကို ရိုက်ခွဲပစ်လိုက်၏။ ပြင်းထန်သော စွမ်းအားလှိုင်းများ ကျဆင်းလာသည်။
ကျန်းပိုင်ကော မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ သွေးများ အန်ထုတ်လိုက်ရ၏။
“စီနီယာအစ်ကို...”
ဓားဘုရင်ဂိုဏ်း မှ တပည့်များမှာ ကျန်းပိုင်ကော ရှိရာဆီသို့ အသည်းအသန် ပြေးဝင်သွားကြလေ၏။
“မင်း ရှုံးသွားပြီ...”
ကောင်းကင်ဓားဘုရင်မှာ သူ၏ ဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီးနောက် အမောတကော အသက်ရှူနေရရှာသည်။ သူ၏ ကျယ်ပြန့်သော ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည်နှင့်ပင်။ သူသည်လည်း မိမိ၏ စွမ်းအားများကို အစွမ်းကုန် အသုံးချလိုက်ရခြင်း ဖြစ်ပေသည်။
သူသည် ကျန်းပိုင်ကော မှာ အစွမ်းထက်သော ပြိုင်ဘက်ဖြစ်ကြောင်းနှင့် မိမိအား ဖိအားများစွာ ပေးနိုင်ခဲ့ကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူကသာ အနိုင်ရရှိခဲ့ခြင်းပင်။
“ငါ သွားတော့မယ်...”
ကောင်းကင်ဓားဘုရင် ရီကျွမ်း သည် လှည့်ထွက်ကာ ခရိုင်ဘုရင်မြို့တော် ရှိရာဆီသို့ ပျံသန်း ထွက်ခွာသွားလေတော့သည်။ သူသည် နောက်ထပ် ပြိုင်ဘက်အဖြစ် လူကြီးပိုင်း ပညာရှင်များကို ရှာဖွေရန် ကြံစည်နေခြင်း ဖြစ်ပေသည်။
“ဟူး...ငါတို့ နောက်ကျသွားပြီ...”
ထိုအခိုက်အတန့်တွင် နန်းမြို့တော်မှ အခြားသော ပါရမီရှင်များမှာ ထိုနေရာသို့ ဆိုက်ရောက်လာခဲ့ကြတော့၏။ သူတို့ ရောက်ရှိလာသည့် အချိန်မှာ ကျန်းပိုင်ကော မြေပြင်ပေါ်သို့ လဲကျသွားသည့် မြင်ကွင်းနှင့် အတော်လေးကို အချိန်ကိုက် ဖြစ်နေခြင်းပင်။ တိုက်ပွဲ အစအဆုံးကိုမူ သူတို့ မြင်တွေ့ခွင့် မရလိုက်ကြပေ။
“ဟိုမှာ... မြူခိုးဂိုဏ်း ရဲ့ အတွင်းစည်းတပည့် ဟိုယွင်ကျဲ ပဲ...”
လူအုပ်ကြီးအတွင်းရှိ ကျူးလေ က တောင်ထိပ်ပေါ်ရှိ လူတစ်ဦးကို လက်ညှိုးညွှန်ကာ အော်ဟစ်လိုက်၏။
“မြူခိုးဂိုဏ်း က တပည့်တွေလား...”
“သွားကြည့်ကြရအောင်ဟေး...”
နန်းမြို့တော်မှ ပါရမီရှင် ဒါဇင်ပေါင်းများစွာမှာ ဟိုယွင်ကျဲ တို့ ရှိရာ အရပ်ဆီသို့ ပျံသန်းလာကြ၏။ ထိုအခါ၊ ဟိုယွင်ကျဲ နှင့် အဖွဲ့မှာလည်း မျက်နှာများ တင်းမာသွားကြပြီး တိုက်ပွဲဝင်ရန် အသင့် ပြင်လိုက်ကြလေ၏။
“ဟိုယွင်ကျဲ...ငါတို့ ပြန်တွေ့ကြပြန်ပြီပေါ့...” ကျူးလေ က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
အခြားသော ပါရမီရှင်များမှာလည်း ဟိုယွင်ကျဲ နှင့် သူ၏ သူငယ်ချင်းများကို စူးစမ်း ကြည့်လိုက်ကြရာ၊ ဟိုယွင်ကျဲ မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ ၌သာ ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် ခေါင်းခါယမ်းလိုက်ကြလေ၏။ ထိုမျှလောက်သော ကျင့်ကြံခြင်း အဆင့်မျိုးကိုမူ သူတို့က စိတ်ဝင်တစား တိုက်ခိုက်လိုစိတ် မရှိကြပေ။
ထိုအခိုက်အတန့်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ ရှိသော ပါရမီရှင် တစ်ဦးက ရှေ့သို့ လှမ်းတက်လာပြီး ပြောလိုက်၏။
“မြူခိုးဂိုဏ်း က တပည့်တွေဟာ အံသြစရာ ကောင်းတဲ့ တိုက်ခိုက်မှု စွမ်းအားတွေ ရှိတယ်လို့ ငါ ကြားဖူးတယ်... အဲဒီတော့ ဒီလို လုပ်ကြရအောင်... ငါတို့ မင်းတို့ ဂိုဏ်းကို လာပြီးတော့ အဆင့်တူချင်း လက်ရည်ယှဉ်ကြမယ်... ဘယ်လိုလဲ...”
“ကောင်းတာပေါ့ဗျာ...” လူအုပ်ကြီးမှာ တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။
အဆင့်တူချင်း တိုက်ခိုက်ခြင်းမှာ ပါရမီရှင်နှင့် သာမန်လူကို ခွဲခြားရန် အကောင်းဆုံးသော နည်းလမ်းပင်။
ဟိုယွင်ကျဲ မှာမူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ရင်း မေးလိုက်သည်။
“ခင်ဗျားတို့က ကျုပ်တို့ မြူခိုးဂိုဏ်း ကို လာပြီး စိန်ခေါ်ချင်တာလား...”
“ဒါက စိန်ခေါ်တာတော့ မဟုတ်ပါဘူး... ရင်းရင်းနှီးနှီး လက်ရည်ယှဉ်တာပါ... ဒါကတော့ ကျုပ်တို့ရဲ့ စိန်ခေါ်လွှာပဲ... မင်းတို့ မြူခိုးဂိုဏ်း က လက်ခံရဲသလား ဆိုတာကတော့ မင်းတို့အပေါ်မှာပဲ မူတည်ပါတယ်...”
ကျူးလေ က စိန်ခေါ်လွှာ တစ်စောင်ကို ရေးသားပြီးနောက် ဖြန့်ပြလိုက်၏။