အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အခန်း (၄၅၇)- ဂုဏ်သိက္ခာအတွက် တိုက်ပွဲ နှင့် ဟိုယွင်ကျဲ၏ တာဝန်သစ်
~ဟိုယွင်ကျဲနှင့် အခြားသုံးဦးသည် စိန်ခေါ်လွှာပေါ်ရှိ စာသားများကို စိုက်ကြည့်နေကြလေ၏။ ၎င်းကို ရှင်းလင်းစွာ ရေးသားထား၏။
မြူခိုးဂိုဏ်းနှင့် နန်းမြို့တော်တို့သည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ရှိသော ပါရမီရှင် လူငယ်သုံးဦးစီကို စေလွှတ်၍ အဆင့်တူချင်း လက်ရည်ယှဉ်ရမည် ဖြစ်သည်။ သုံးပွဲကစား၍ နှစ်ပွဲနိုင်သူက အောင်နိုင်သူ ဖြစ်ပေလိမ့်မည်။
ဤတိုက်ပွဲတွင် မည်သည့် အလောင်းအစားမျှ မပါဝင်ဘဲ စစ်မှန်သော ပညာဖလှယ်ပွဲသက်သက်သာ ဖြစ်ပေသည်။ အပြင်ပန်းကြည့်လျှင် ရှုံးနိမ့်ခြင်းက ဘာမှအရေးမကြီးဟု ထင်ရသော်လည်း၊ အကယ်၍ ရှုံးနိမ့်ခဲ့ပါက မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းမှာ အကြီးအကျယ် ကျဆင်းသွားမည်ကို ဟိုယွင်ကျဲ သိရှိနေလေ၏။
သူသည် စိန်ခေါ်လွှာကို ကိုင်ဆောင်လျက် တုံ့ဆိုင်းနေမိ၏။
“ယွင်ကျဲ... ဒါကို လက်ခံလိုက်ပါ။”
ထိုအခိုက်အတန့်တွင် ရှီလေ့က ပြောလိုက်၏။ သူ၏ ပါရမီမှာ သာမန်မျှသာဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း မမြင့်မားလှသော်လည်း၊ မြူခိုးဂိုဏ်း၏ အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူ၌ လုံလောက်သော တာဝန်ယူစိတ်နှင့် သတ္တိရှိပေသည်။
အကယ်၍ စိန်ခေါ်လွှာတစ်ခုကိုပင် လက်ခံရန် ကြောက်ရွံ့နေပါက မြူခိုးဂိုဏ်း၏ သိက္ခာမှာ သေချာပေါက် ညှိုးနွမ်းသွားပေလိမ့်မည်။ တစ်ခါတစ်ရံတွင် မိမိကိုယ်မိမိ ယုံကြည်မှု မရှိလျှင်ပင် ရှိသမျှ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ရသည် မဟုတ်ပါလော။ ဤသို့ တွေးတောရင်း ရှီလေ့က ဟိုယွင်ကျဲ၏ ပုခုံးကို ပုတ်လိုက်၏။
“ကောင်းပါပြီ... ကျုပ်တို့ မြူခိုးဂိုဏ်းက ခင်ဗျားတို့ရဲ့ စိန်ခေါ်မှုကို လက်ခံပါတယ်။” ဟိုယွင်ကျဲက နောက်ဆုံးတွင် စိန်ခေါ်လွှာကို လှမ်းယူလိုက်၏။
“ဒါဆိုရင် လက်ရည်ယှဉ်ပွဲကို နောက်သုံးရက်နေရင် မြူခိုးတောင်ထိပ် အနီးမှာ ကျင်းပကြတာပေါ့... ဘယ်လိုလဲ။” ကျူးလေက မေးမြန်းလိုက်၏။
“ပြဿနာ မရှိပါဘူး။” ဟိုယွင်ကျဲက ခေါင်းညိတ် သဘောတူလိုက်၏။
“ဒါဆိုရင်တော့
သွားခွင့်ပြုပါဦး။” ကျူးလေက ခေါင်းညိတ်ပြပြီးနောက် အခြားသော လူငယ်ပါရမီရှင်များနှင့်အတူ ခရိုင်ဘုရင်မြို့တော်သို့ ဦးတည်သွားကြလေ၏။
ကောင်းကင်ဓားဘုရင် ရီကျွမ်း ဘာတွေလုပ်နေသလဲဆိုသည်ကို သူတို့ သွားရောက်ကြည့်ရှုချင်ကြခြင်းပင် ဖြစ်၏။
လူတိုင်း ထွက်ခွာသွားပြီးနောက် လုံထျန်းရှင်းက သူ၏ ဦးခေါင်းကို ကုပ်ရင်း စိုးရိမ်တကြီး ပြောလိုက်တော့သည်။
“စီနီယာအစ်ကို... ဂိုဏ်းချုပ်ကြီးကိုတောင် မတိုင်ပင်ရသေးဘဲ စိန်ခေါ်လွှာကို လက်ခံလိုက်တာ... ဒါက မသင့်တော်ဘူး မဟုတ်လားဗျာ။”
“စိန်ခေါ်လွှာတစ်ခုကိုတောင် လက်မခံရဲလောက်အောင် ကြောက်နေမယ်ဆိုရင် ဒါက ငါတို့ဂိုဏ်းအတွက် အရမ်းအရှက်ရစရာကြီး ဖြစ်သွားမှာပေါ့။”
ရှီလေ့က ခေါင်းခါယမ်းလျက် ဆက်ပြောလေ၏။
“ဒီတိုက်ပွဲမှာ အလောင်းအစားတွေ မပါတော့ လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ ငါတို့ ရှုံးသွားရင်တော့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာပဲ။”
“ငါတို့ ဂိုဏ်းကို အမြန်ပြန်ပြီးတော့... ဦးလေးဂိုဏ်းချုပ်ဆီ ဒီစိန်ခေါ်လွှာကို တင်ပြရမယ်။” ဟိုယွင်ကျဲက ဆိုလိုက်၏။
“အင်း။” ရှီလေ့ ခေါင်းညိတ်လိုက်သည်။
သူတို့ လေးဦးမှာ တစ်စက္ကန့်မျှပင် မနှောင့်နှေးတော့ဘဲ ဂိုဏ်းရှိရာဆီသို့ အပြေးအလွှား ပြန်လာခဲ့ကြလေတော့သည်။
---
ယဲ့ဖုန်းသည် သူ၏ ရှေ့တွင်ရှိသော ကုန်းချင်းချိုးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဘေးရှိ ဟူဖေးဖေးနှင့် လီဇီလုံတို့ကို ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျားတို့ အဆင်သင့် ဖြစ်ပြီလား... မဖြစ်သေးရင်တော့ ကျွန်တော်ကတော့ ဖျက်ဆီးတော့မှာပဲနော်။”
ထိုအခိုက်အတန့်တွင် သူတို့ လေးဦးမှာ မာကျောက်ဝိုင်းတစ်ခုတွင် ထိုင်နေကြခြင်း ဖြစ်ပေသည်။ ဤသည်ကား ယဲ့ဖုန်းက သူ၏ နေ့စဉ်ဆုတောင်းမှုငယ်ကို အသုံးပြု၍ ရရှိထားသော မာကျောက်ဝိုင်းနှင့် မာကျောက်တုံးများပင် ဖြစ်၏။ အလုပ်မရှိ အကိုင်မရှိဖြစ်နေပြီး လူတစ်ယောက် လိုနေသဖြင့် သူတို့ သုံးဦးကို ခေါ်ယူခဲ့ခြင်းပင်။
“ဂိုဏ်းချုပ်... ခိုးကစားနေတာလား။” လီဇီလုံ၏ နှုတ်ခမ်းများ တွန့်သွားရလေ၏။ “မဟုတ်ရင် ခင်ဗျား ဘယ်လိုလုပ် ဆယ့်သုံးပွဲဆက်တိုက် နိုင်ရမှာလဲ။”
“ကြိုက်ကြိုက် မကြိုက်ကြိုက်... ခင်ဗျားတို့ လက်ခံရမှာပဲဗျ။ ရှုံးတဲ့သူက တပည့်တွေကို ကျင့်စဉ်တွေနဲ့ မန္တန်တွေအကြောင်း ရှင်းပြပြီး သင်ကြားပေးရမယ်။” ယဲ့ဖုန်းက ခပ်အေးအေးပင် ဆိုလိုက်၏။
ခိုးကစားတာလား။ မဟုတ်ပါဘူး။ သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို အသုံးပြု၍ ကစားပွဲကို တွက်ချက်ခဲ့ခြင်းသာ ဖြစ်ပေသည်။ ရလဒ်အနေဖြင့် ဆယ့်သုံးပွဲဆက်တိုက် နိုင်ခဲ့ခြင်းပင် ဖြစ်ချေ၏။
“ခင်ဗျားတို့ နှစ်ယောက်က ငါးပွဲနဲ့ လေးပွဲစီ ရှုံးထားတာနော်... ကျန်တဲ့ပွဲတွေကတော့ ဖေးဖေး ရှုံးတာပေါ့။ ဒါပေမဲ့ ဖေးဖေးကတော့ ရှင်းပြနေဖို့ မလိုပါဘူး။ အဲဒီတော့ အကြီးအကဲကုန်း နဲ့ အကြီးအကဲလီ... ခင်ဗျားတို့ နှစ်ယောက်ပေါင်း ကိုးရက်တိုင်တိုင် တပည့်တွေကို ကျင့်စဉ်တွေအကြောင်း သင်ကြားပေးဖို့ မမေ့နဲ့ဦးနော်။” ယဲ့ဖုန်းက အားပါတရ ရယ်မောလိုက်၏။
ထိုစကားကို ကြားသောအခါ လီဇီလုံနှင့် ကုန်းချင်းချိုးတို့မှာ အချင်းချင်း ကြည့်ကာ သက်ပြင်းချလိုက်ကြရရှာသည်။ မာကျောက်ကစားတာ ပျော်စရာကောင်းမယ် ထင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ရှုံးနိမ့်ကာ စာသင်ကြားပေးရမည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရတော့၏။
ထိုအခိုက်အတန့်တွင် ကျီဇီလင်း ရောက်ရှိလာသည်။
“ဂိုဏ်းချုပ်... သတင်းအသစ် ရထားပါတယ်ရှင်။”
ကျီဇီလင်းသည် စားပွဲပေါ်ရှိ မာကျောက်တုံးများကို စူးစမ်းစွာ ကြည့်လိုက်ပြီးနောက် ယဲ့ဖုန်း၏ ရှေ့တွင် စာတစ်စောင်ကို ချထားပေးလိုက်၏။
“ဒါက ဘာလဲ။”
ယဲ့ဖုန်းသည် စာကို ဖွင့်ဖတ်လိုက်၏။ သူ၏ မျက်ခုံးများမှာ အနည်းငယ် ပင့်တက်သွားပြီးနောက် ပြောလိုက်၏။
“နန်းမြို့တော်ရဲ့ ထိပ်တန်းပါရမီရှင် ကောင်းကင်ဓားဘုရင် ရီကျွမ်းက ဓားဘုရင်ဂိုဏ်းရဲ့ ကျန်းပိုင်ကောကို အနိုင်ယူလိုက်ပြီတဲ့။ အခုတော့ သူ ခရိုင်ဘုရင်မြို့တော်ကို ရောက်နေပြီး... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်မှာရှိတဲ့ လူကြီးပိုင်း ပညာရှင်တွေကို စိန်ခေါ်နေတာ... ဆယ်ပွဲဆက်တိုက် အပြတ်အသတ် နိုင်ထားတယ်တဲ့ဗျ။”
ထိုစကားကို ကြားသည်နှင့် လီဇီလုံနှင့် ကုန်းချင်းချိုးတို့မှာ လက်ထဲမှ မာကျောက်တုံးများကို ချလိုက်ကြလေ၏။
“ကောင်းကင်ဓားဘုရင်အကြောင်း ကျွန်မ သိပါတယ်ရှင်... သူက တကယ့်ကို သန်မာတဲ့သူပဲ... သူ့အဆင့်မှာတော့ ထိပ်တန်းကစားသမား တစ်ယောက်ပဲလေ... နန်းမြို့တော်က တတိယမင်းသား ပြီးရင်တော့ သူက အတော်ဆုံးပဲ။” ကုန်းချင်းချိုးသည် သတင်းအချက်အလက်များစွာကို လက်ဝယ်ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
“ဒါပေမဲ့... ကောင်းကင်ဓားဘုရင် ရီကျွမ်းက ဘယ်လောက်ပဲ သန်မာပါစေ... ကျုပ်တို့ မြူခိုးဂိုဏ်းနဲ့တော့ ဘာမှမဆိုင်ဘူး မဟုတ်လားဗျာ။” လီဇီလုံက အံ့သြတကြီး မေးလိုက်၏။
“သူက ကျွန်တော်တို့ မြူခိုးဂိုဏ်းကိုလည်း စိန်ခေါ်ချင်နေတာ ဖြစ်မှာပေါ့။” ယဲ့ဖုန်းက ဆိုလိုက်၏။
“သူ တစ်ယောက်တည်းနဲ့လား။” လီဇီလုံက သူ၏ ဦးခေါင်းကို ကုပ်လိုက်သည်။ ထို့နောက် ပြန်လည် စဉ်းစားကြည့်လိုက်ရာ မြူခိုးဂိုဏ်းတွင် ဂိုဏ်းချုပ်၊ ဂိုဏ်းစောင့်၊ အစ်ကိုကြီး ခေါင်းပြားနှင့် သူကိုယ်တိုင်မှလွဲ၍ ကောင်းကင်ဓားဘုရင်ကို ယှဉ်နိုင်မည့်သူ မရှိသလောက်ပင် ဖြစ်နေသည်ကို သဘောပေါက်သွား၏။ ဤလူသည် ကျန်းပိုင်ကောကိုပင် အနိုင်ယူခဲ့သည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်... ကျွန်မတို့ ဘာလုပ်ကြမလဲဟင်။” ကုန်းချင်းချိုးက မေးမြန်းလိုက်သည်။
“ဘာမှ ကြောက်စရာ မလိုပါဘူး။” ယဲ့ဖုန်းက အေးဆေးတည်ငြိမ်စွာ ဖြေကြားလိုက်၏။
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ အထွတ်အထိပ်ရှိသော ပါရမီရှင်တစ်ဦးမှာ သန်မာလှသည် မှန်သော်လည်း၊ မြူခိုးဂိုဏ်း၏ ရှေ့တွင်မူ ပြောပလောက်စရာ မရှိသေးပေ။ မူလနတ်ဘုရားအဆင့်ရှိသော ပညာရှင်တစ်ဦး လာရောက် ပြဿနာရှာလျှင်ပင် ဒူးထောက်သွားစေရမည် မဟုတ်ပါလော။
“ဦးလေးဂိုဏ်းချုပ်...ကျွန်တော်တို့ ပြန်ရောက်ပါပြီ။”
ထိုအခိုက်အတန့်တွင် ဟိုယွင်ကျဲ၏ အသံမှာ ကောင်းကင်မှ ထွက်ပေါ်လာခဲ့လေ၏။ ၎င်းတို့ လေးဦးမှာ တောင်ထိပ်သို့ ဆင်းသက်လိုက်ကြပြီးနောက် စားပွဲပေါ်သို့ စိန်ခေါ်လွှာကို တင်လိုက်ကြလေ၏။
“ဂိုဏ်းချုပ်... ဒါက ခရိုင်ဘုရင်မြို့တော်က လူငယ်ပါရမီရှင်တွေ ကျွန်တော်တို့ မြူခိုးဂိုဏ်းကို ပေးတဲ့ စိန်ခေါ်လွှာပါ... အဆင့်တူချင်း သုံးပွဲပြိုင်ရမှာဖြစ်ပြီး... ပြိုင်ပွဲဝင်တွေ အကုန်လုံးက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်က ဖြစ်ရမယ်လို့ ဆိုထားပါတယ်။” ဟိုယွင်ကျဲက အခြေအနေကို ရှင်းပြလိုက်၏။
“ဒါဆို... ကျန်းပိုင်ကော ရှုံးနိမ့်သွားတုန်းက မင်းတို့လည်း အဲဒီမှာ ရှိနေကြတာပေါ့လေ။” ယဲ့ဖုန်းက စိန်ခေါ်လွှာကို ကြည့်လိုက်သည်။ “မင်းတို့ စိန်ခေါ်မှုကို လက်ခံလိုက်တာ ကောင်းပါတယ်။ အခု တိုက်ပွဲအတွက် ပြင်ဆင်ကြတော့။”
“ဂိုဏ်းချုပ်..ကျွန်တော်တို့က ကိုယ့်သဘောနဲ့ကိုယ် လက်ခံခဲ့တာဆိုတော့... ဂိုဏ်းချုပ် စိတ်မဆိုးဘူးလားဟင်။” ချောင်ကျားရှီးက အနည်းငယ် စိုးရိမ်စိတ်ဖြင့် မေးလိုက်ရှာသည်။
“ဒါက ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ စိန်ခေါ်မှုပဲ။ တိုက်ပွဲ ဖိတ်ခေါ်လွှာတစ်ခုကိုတောင် လက်ခံရဲတဲ့ သတ္တိမရှိရင် အဲဒါကမှ ရှက်စရာကောင်းတာ။”
ယဲ့ဖုန်းက လက်ဝှေ့ယမ်းလိုက်ရာ မာကျောက်ဝိုင်းမှာ ပျောက်ကွယ်သွားရတော့၏။
“ကဲ... သေသေချာချာ ပြင်ဆင်ကြစမ်း”
သူသည် ဟိုယွင်ကျဲကို ကြည့်လိုက်၏။
“ယွင်ကျဲ... မင်းက အမွေခံတပည့် ဖြစ်ဖို့ တာဝန်တစ်ခုပဲ လိုတော့တာ မဟုတ်လား။”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။” ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင် ဂိုဏ်းချုပ်အနေနဲ့ ငါကိုယ်တိုင် မင်းကို နောက်ထပ် တာဝန်တစ်ခု ပေးမယ်။ ဒီသုံးပွဲပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီးတော့ အနိုင်ရအောင် တိုက်ခဲ့စမ်း။” ယဲ့ဖုန်းက လက်နှစ်ဖက်ကို နောက်ပစ်လျက် အမိန့်ပေးလိုက်၏။ သူ၏ အသံမှာ ခန့်ညားထည်ဝါလှပေသည်။
“ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ် ခင်ဗျာ”
ဟိုယွင်ကျဲက လေးနက်စွာ အရိုအသေပြုလိုက်၏။ သူ၏ ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာရတော့၏။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ကုန်လွန်ပြီးနောက်...
ဟိုယွင်ကျဲ၊ ရှီလေ့၊ လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့သည် ကုန်းချင်းချိုးနှင့် လီဇီလုံတို့၏ နောက်မှ လိုက်ပါ၍ အကြီးအကဲများ ခန်းမဆောင်သို့ သွားရောက်ခဲ့ကြလေ၏။ သူတို့သည် ချူယွင်အာနှင့် တွေ့ဆုံကာ ဆေးပင်ရှာဖွေရေး တာဝန်ကို အောင်မြင်စွာ အပ်နှံလိုက်ကြ၏။
၎င်းနောက်တွင် အကြီးအကဲများ ခန်းမဆောင်မှ တာဝန်သစ်တစ်ခုကို ထုတ်ပြန်လိုက်၏။
‘နန်းမြို့တော် လူငယ်ပါရမီရှင်များ ပြိုင်ပွဲ’
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ရှိသော တပည့်များသာ ဤတာဝန်အတွက် စာရင်းသွင်းနိုင်မည် ဖြစ်ပေသည်။ ဟိုယွင်ကျဲက ပထမဆုံး နေရာကို ရယူထားပြီး ဖြစ်၏။
“နန်းမြို့တော်က ပါရမီရှင်တွေနဲ့ တိုက်ရမှာလား... စိတ်ဝင်စားဖို့ ကောင်းသားပဲ” ဖူယွင် သစ်တောအုပ်မှ ခုလေးတင် ပြန်ရောက်လာသော မိုယင်က ဒုတိယမြောက် နေရာကို ပြတ်သားစွာ ရယူလိုက်၏။
“စီနီယာအစ်ကို... ကျွန်တော့်ကို ပေးလိုက်ပါဗျာ” ချောင်ကျားရှီးသည် တာဝန်ကြော်ငြာသင်ပုန်းရှေ့တွင် ရပ်ကာ တိုက်ခိုက်လိုစိတ်များ ပြင်းပြနေလေ၏။
“ညီလေး... ဒီတိုက်ပွဲက ငါတို့ သေချာပေါက် နိုင်မှ ဖြစ်မှာနော်... မင်းက ငယ်သေးတော့ တောင့်ခံနိုင်ပါ့မလား မသေချာဘူး... စီနီယာအစ်ကိုပဲ လုပ်ပါရစေ။” လုံထျန်းရှင်းက သူ၏ ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်၏။
“ကျွန်တော်ပဲ လုပ်မယ်ဗျာ” ချောင်ကျားရှီးက ခေါင်းမာစွာပင် ဆိုလိုက်၏။
“မင်းတို့ နှစ်ယောက်ပဲ အရင်ဆုံး လက်ရည်ယှဉ်ကြည့်ကြပါလား။” ချူယွင်အာက မျက်တောင်လေး ခတ်လျက် ညင်သာသော အသံလေးဖြင့် အကြံပေးလိုက်၏။
“ကောင်းပြီလေ”
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ နှစ်ဦးစလုံး၏ မျက်လုံးများမှာ အရောင်တောက်သွားကြလေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပထမမျိုးဆက် တပည့်နှစ်ဦး လက်ရည်ယှဉ်ကြမည်ဟူသော သတင်းမှာ မြူခိုးဂိုဏ်းတစ်ခုလုံးသို့ ပေါက်ကြားသွားရတော့၏။ ဝိညာဉ်ဆေးပင် ဥယျာဉ်ရှိ ကျားယွိလန်နှင့် ယန်ရူယွီတို့ ဖြစ်စေ၊ ကျင့်ကြံရေးမျှော်စင်ရှိ လန်တယ်နှင့် လေရှောင်ဟူတို့ ဖြစ်စေ အားလုံးပင် ကျင့်ကြံခြင်းကို ခေတ္တရပ်နားကာ တောင်ထိပ်သို့ စုရုံးလာကြလေ၏။ သူတို့သည် စားသောက်စရာများကို ပြင်ဆင်လျက် တိုက်ပွဲကို စတင် ကြည့်ရှုကြလေတော့သည်။
“ဒီကောင်လေး နှစ်ယောက်က တကယ်ပဲ တိုက်ကြတော့မှာလား။”
ယဲ့ဖုန်းသည် သူ၏ အံ့သြမှုကို ထိန်းချုပ်ရန် ‘ပျော်ရွှင်ခြင်းရေ’ ကို တစ်ငုံ သောက်လိုက်၏။ သူသည် မြူခိုးတောင်ထိပ်ပေါ်တွင် ရပ်လျက် အောက်ခြေရှိ လေ့ကျင့်ရေးကွင်းပြင်ကို ငုံ့ကြည့်နေ၏။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ လေထဲတွင် ရပ်နေသည်။ အကွာအဝေးမှာ မီတာ ဒါဇင်အနည်းငယ် ရှိ၏။ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်သည်။
ချောင်ကျားရှီးက ရွှေရောင်မီးတောက်များ လွှမ်းခြုံထားသည်။ သူ့ဆံပင်များ ထောင်ထနေ၏။ မျက်လုံးများက ရွှေရောင်တောက်နေသည်။ ခန့်ညားထည်ဝါလှသည်။
လုံထျန်းရှင်းက နဂါးအသွင်ပြောင်းလိုက်သည်။ ထိုစဉ်၊ ငွေရောင်အကြေးခွံများ ဖုံးလွှမ်းသွား၏။ လက်သည်းများက ငွေရောင်တဖျပ်ဖျပ် လက်သည်။ ထက်ရှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
အရှိန်အဝါများ ပြင်းထန်လာသည်။ ဟင်းလင်းပြင်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်၏။ တစ်ဦးနှင့်တစ်ဦး ရိုက်ခတ်သည်။ အသံများ ဆူညံနေ၏။
လူအုပ်ကြီးမှာ မှင်သက်သွားကြလေ၏။
အခန်း (၄၅၈)- ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့၏ တိုက်ပွဲ
~“အရှိန်အဝါတွေက တကယ်ကို ပြင်းထန်လွန်းတယ်ဗျာ။”
“စီနီယာအစ်ကို နှစ်ယောက်ရဲ့ တိုက်ကွက် တစ်ကွက်ကိုတောင် ကျွန်တော် တောင့်ခံနိုင်ပါ့မလား မသိဘူး။”
“တိုက်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတောင် ကျွန်တော်တို့ ကြောက်နေရပြီ။”
ဒုတိယမျိုးဆက် တပည့်များ၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ပျက်ယွင်းနေကြလေ၏။ သူတို့သည် တိုက်ပွဲ၏ ရိုက်ခတ်မှုဒဏ်ကို မခံရစေရန် နောက်သို့ အသည်းအသန် ဆုတ်ခွာနေကြရရှာသည်။
ယဲ့ဖုန်းသည် ကမ်းပါးယံ အစွန်းတွင် ရပ်လျက် တည်ငြိမ်စွာ စောင့်ကြည့်နေလေ၏။
သူ၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ မိုယင်၊ ရှီလေ့၊ ကုန်းချင်းချိုး နှင့် ဟိုယွင်ကျဲ တို့ ရှိနေကြ၏။ အချို့က တည်ငြိမ်နေသော်လည်း အချို့ကမူ တစ်ဦးနှင့်တစ်ဦး တီးတိုး ပြောဆိုနေကြလေသည်။
ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့အနက် မည်သူက ပိုမို အစွမ်းထက်ပြီး လက်ရည်ယှဉ်ပွဲတွင် ပါဝင်ရန် ထိုက်တန်သနည်းဆိုသည်ကို လူတိုင်း သိချင်နေကြခြင်းပင်။
“စီနီယာအစ်ကို လုံ နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်ဗျ။”
ရှီလေ့က သူ၏ ထင်မြင်ချက်ကို ပထမဆုံး ထုတ်ဖော်လိုက်၏။
“ကျွန်တော်လည်း စီနီယာအစ်ကို လုံ က မဆိုးဘူးလို့ ထင်ပါတယ် ခင်ဗျာ။” ဟိုယွင်ကျဲက ခေါင်းညိတ် ထောက်ခံလိုက်၏။
“ဒါဆိုရင်တော့ ကျွန်မက ညီလေး ချောင် ဘက်ကနေ အားပေးမယ်လေ။” မိုယင်က လက်ကို ရင်ဘတ်တွင် ပိုက်ထားလျက် ပြောလိုက်သည်။
“ကျွန်တော် ထင်တာကတော့ နှစ်ယောက်စလုံးက... အွန်း အွန်း” ဝမ်ဖင်းအန်း၏ စကားပင် မဆုံးသေးမီမှာပင် ရှီလေ့က သူ၏ ပါးစပ်ကို လှမ်းအုပ်လိုက်၏။
ဝမ်ဖင်းအန်းမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ရှာပေ။ စကားတစ်ခွန်း ပြောရတာ ဒီလောက်တောင် ခက်ခဲရသလားဗျာ။
ယဲ့ဖုန်းသည် ဝမ်ဖင်းအန်းကို တစ်ချက် အကြည့်ပို့လွှတ်လိုက်မိ၏။ ဤကောင်လေးသာ နိမိတ်ပြောင်းပြန် စကားများ မပြောခဲ့လျှင် အောင်နိုင်မှု အလားအလာမှာ ပြောင်းလဲသွားမည် မဟုတ်ပေ။ သို့မှသာ တိုက်ပွဲက မျှတမည် မဟုတ်ပါလော။
---
ကောင်းကင်ယံ အမြင့်တွင် ဖြစ်သည်။ ချောင်ကျားရှီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ အရှိန်အဝါက ဆယ်ဆအထိ ပေါက်ကွဲထွက်လာ၏။ လုံထျန်းရှင်း၏ ငွေရောင် အလင်းတန်းများနှင့် ပြင်းထန်စွာ ရိုက်ခတ်သည်။ လေဓားနှစ်စင်း တိုက်ခိုက်နေသည့်အလား ရှိသည်။ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှ၏။
“ညီလေး ချောင်... စီနီယာအစ်ကို့ စကားကို နားထောင်စမ်းပါ။ မင်းက ငယ်သေးတယ်။ ဒီတိုက်ပွဲက မင်းနဲ့ မသင့်တော်ဘူး။ မင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး။ စီနီယာအစ်ကိုပဲ တိုက်ပါရစေ။ ငါ ကိုင်တွယ်နိုင်ပါတယ်။”
လုံထျန်းရှင်းက ဆက်လက် ဖျောင်းဖျနေသည်။ သူက စီနီယာအစ်ကို ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေကို သူကသာ အရင် ဦးဆောင်ဖြေရှင်းသင့်သည်ဟု ယူဆထားခြင်းပင်။
“စီနီယာအစ်ကို... ကျွန်တော်ကတော့ ဒီလို ပြင်းပြင်းထန်ထန် တိုက်ရမယ့် တိုက်ပွဲမျိုးကိုပဲ မျှော်လင့်နေတာပါ။ ဒါမှလည်း ကျွန်တော့်ရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်နိုင်မှာပေါ့။”
ချောင်ကျားရှီး၏ လက်သီးများ မြင့်တက်လာသည်။ သူ၏ အရှိန်အဝါက ထပ်မံ မြင့်တက်လာ၏။ အတားအဆီးကို ချိုးဖျက်လိုက်သည်။ အရှိန်အဝါက ဆယ့်တစ်ဆအထိ ရောက်ရှိသွားတော့သည်။
“ပြီးတော့... ပြီးခဲ့တဲ့ အခေါက်က စီနီယာအစ်ကို နိုင်ခဲ့သလားဆိုတာ ကျွန်တော် မမှတ်မိဘူးနော်။” ချောင်ကျားရှီးက ထပ်လောင်း ပြောလိုက်သည်။
လုံထျန်းရှင်း၏ နှုတ်ခမ်းများ တွန့်သွားရလေ၏။ ဝမ်ဖင်းအန်းမှာမူ စိတ်မသက်မသာဖြင့် မျက်နှာကို လက်ဖြင့် အုပ်ထားသော်လည်း လက်ချောင်းကြားမှ ခိုးကြည့်နေလေ၏။
“တိုက်ကြတာပေါ့”
လုံထျန်းရှင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“မင်းရဲ့ ကိုယ်ခန္ဓာ ကျင့်ကြံခြင်းက ပိုစွမ်းမလား။ ငါ့ရဲ့ နဂါးအသွင်ပြောင်းခြင်း ပုံစံက ပိုသာမလား။ အခုပဲ ကြည့်ကြတာပေါ့။”
“တိုက်မယ်”
ချောင်ကျားရှီးလည်း ဟိန်းဟောက်လိုက်၏။ နှစ်ဦးစလုံး၏ ပတ်ဝန်းကျင်မှ အရှိန်အဝါများ ပျောက်ကွယ်သွားသည်။ ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည် စုပ်ယူလိုက်၏။ သူတို့၏ အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာရတော့၏။
“ဘုန်း”
မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲ စတင်သည်။ ကောင်းကင်ယံတွင် ရာနှင့်ချီ၍ ထိတွေ့မိကြ၏။ လက်သီးချင်း တိုက်ရိုက် ရိုက်နှက်ကြ၏။ မန္တန်များ မပါဝင်ပေ။ လေးလံလှသော အရှိန်အဝါများ ပါသည့် လက်သီးချက်များသာ ဖြစ်သည်။
“ဘုန်း ဘုန်း ဘုန်း”
လက်သီးပုံရိပ်များ လေထဲတွင် ပြည့်နှက်နေသည်။ လက်မောင်းများ၏ လှုပ်ရှားမှုကို မမြင်ရတော့ပေ။
“ဝုန်း”
ချောင်ကျားရှီး၏ လက်သီးချက်တွေက အသံထက် မြန်သွားသည်။ အသံလှိုင်း ပေါက်ကွဲသံတွေ ထွက်လာသည်။ မြူခိုးတွေ ဆိုင်းသွား၏။
“ဝုန်း”
လုံထျန်းရှင်းကလည်း အားမနည်းပေ။ သူ၏ တိုက်ခိုက်မှုတွေက အစကတည်းက အသံထက် မြန်နေခဲ့ခြင်းပင်။ ကောင်းကင်ယံတွင် တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်လာသည်။ အဝေးမှ လူများပင် နားထဲတွင် ကိုက်ခဲလာကြရ၏။ အားလုံး နားကို ပိတ်ထားကြရလေ၏။
ဘုန်း
နောက်ဆုံးတွင် နှစ်ဦးစလုံး သူတို့၏ အပြင်းထန်ဆုံး လက်သီးချက်များကို ထုတ်ဖော်လိုက်ကြသည်။ တန်ပြန်သက်ရောက်မှုကြောင့် လက်မောင်းများ ထုံကျင်သွားကြရ၏။ သူတို့၏ ကိုယ်ခန္ဓာများမှာ မီတာ ရာနှင့်ချီ၍ နောက်သို့ လွင့်စဉ်သွားကြလေသည်။ နှစ်ဦးသား အမောတကော အသက်ရှူရင်း အဝေးမှ စိုက်ကြည့်နေကြကုန်၏။
“ဘုရားရေ”
“စီနီယာအစ်ကိုတွေရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်တာပဲ။ ကျွန်တော် ဘာမှ မမြင်လိုက်ရဘူး။”
“ကျွန်တော်လည်း အတူတူပဲဗျ။ အသံလှိုင်း ပေါက်ကွဲသံတွေပဲ ကြားလိုက်ရတယ်။” ဒုတိယမျိုးဆက် တပည့်များမှာ မျက်လုံးကို ပွတ်ကြည့်ရင်း ညည်းတွားနေကြလေ၏။
ယဲ့ဖုန်းမှာမူ အရာအားလုံးကို အသေအချာ မြင်နေရ၏။ သူသည် ပျင်းပျင်း ရှိသည်နှင့် ရေတွက်ကြည့်လိုက်ရာ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့သည် တိုက်ကွက်ပေါင်း သုံးထောင်ခန့် အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိလိုက်ရလေသည်။
“နှစ်ယောက်စလုံးရဲ့ အင်အားက အတူတူပဲဗျ။ အနိုင်အရှုံး ခွဲဖို့ ခက်တယ်။ နောက်ပိုင်းမှာတော့ ဘယ်သူက ပိုပြီးတော့ ခံနိုင်ရည်ရှိမလဲဆိုတာပဲ ကြည့်ရတော့မယ်။” မိုယင်က လက်ကို ပိုက်လျက် ပြောလိုက်သည်။
“မှန်ပါတယ် ခင်ဗျာ။” ဟိုယွင်ကျဲက ခေါင်းညိတ်လိုက်၏။
ကျီဇီလင်းသည် စာအုပ်ကို လှန်ကြည့်ရင်း တိုက်ပွဲကို စောင့်ကြည့်နေသည်။ သူမသည် ကိုယ်ခန္ဓာ ကျင့်ကြံခြင်း နှင့် နဂါးမျိုးနွယ်စုဝင်များ၏ တိုက်ခိုက်မှုအကြောင်း မှတ်တမ်းများကို ရှာဖွေနေခြင်းပင်။
“ညီလေး ချောင်... အစွမ်းကုန် ကြိုးစားပါ” ယန်ရူယွီက သူမ၏ လက်ကလေးကို ဝှေ့ယမ်း၍ အားပေးလိုက်၏။
ပုံမှန်နေ့ရက်များတွင် ချောင်ကျားရှီး ကိုယ်ခန္ဓာ ကျင့်ကြံစဉ် ဒဏ်ရာရလေ့ရှိရာ ယန်ရူယွီကသာ ကုသပေးခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အတော်လေး ရင်းနှီးလှ၏။ ၎င်းမှာ အမေက သားကို၊ သို့မဟုတ် အစ်မက မောင်လေးကို ဂရုစိုက်သည့်နှယ် နွေးထွေးလှပေသည်။
“စီနီယာအစ်ကို လုံ... အလျှော့မပေးနဲ့နော်” ကျားယွိလန်ကတော့ လုံထျန်းရှင်းကို အားပေးနေ၏။ သူတို့ နှစ်ဦးစလုံးမှာ ရေပေါ်ဖြူ မြို့တော်ရှိ သူဌေးမျိုးနွယ်စုများမှ လာကြသူများ ဖြစ်သဖြင့် ပို၍ ရင်းနှီးကြခြင်းပင် ဖြစ်၏။
လီဇီလုံက နှုတ်ခမ်းကို သပ်ရင်း ပြောလိုက်သည်။
“နှစ်ယောက်စလုံးက တော်တော် သန်မာတာပဲဗျ။ အဆင့်တူချင်း တိုက်ပွဲမှာ ဝိညာဉ်လက်နက်တွေ မပါဘူးဆိုရင်တော့ ကျွန်တော်တောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”
“ဘယ်သူကများ ငြင်းမှာလဲဗျာ။” ကုန်းချင်းချိုးကလည်း အမှန်အတိုင်းပင် ချီးကျူးလိုက်၏။ အကယ်၍သာ အဆင့်တူချင်း တိုက်ရမည်ဆိုပါက သူမကိုယ်တိုင်ပင် ထိုနှစ်ဦးကို အနိုင်ရရန် မလွယ်ကူကြောင်း ခံစားမိနေခြင်းပင်။
ကောင်းကင်ယံတွင် ဖြစ်သည်။
လုံထျန်းရှင်းက အော်ဟစ်လိုက်၏။
“ညီလေး ချောင်... ငါ မင်းကို ဒဏ်ရာ မရစေချင်ဘူး။ အဲဒီတော့ ငါ့ရဲ့ ငွေရောင် လက်သည်းတွေကို မသုံးတော့ဘူး။ ဒါပေမဲ့ မင်းကို အနိုင်ယူဖို့ နည်းလမ်း ရှိပါသေးတယ်။”
ထိုစကားကြောင့် ချောင်ကျားရှီး၏ မျက်နှာမှာ အုံ့မှိုင်းသွားရလေ၏။ လုံထျန်းရှင်း၏ အစွမ်းထက်ဆုံးသော အရာမှာ သူ၏ နဂါးအသွင်ပြောင်းခြင်း ပုံစံရှိ ကိုယ်ခန္ဓာ မဟုတ်ဘဲ၊ ငွေရောင် အလင်းတန်းများ လွှမ်းခြုံထားသော လက်သည်းများ ဖြစ်သည်ကို သူ သိရှိနေလေ၏။ မိမိ၏ ကိုယ်ခန္ဓာမှာ မည်မျှပင် သန်မာစေကာမူ ထိုလက်သည်းများ၏ အစွမ်းကို တိုက်ရိုက် ရင်ဆိုင်ရန်မှာ မဝံ့မရဲ ဖြစ်ရသည်။ အမှားအယွင်း အနည်းငယ် ရှိသွားခဲ့လျှင် မိမိ၏ ကိုယ်ခန္ဓာမှာ နှစ်ခြမ်း ကွဲသွားနိုင်သည် မဟုတ်ပါလော။
“စီနီယာအစ်ကို... လာစမ်းပါဗျာ”
သို့သော်လည်း ချောင်ကျားရှီးမှာ ကြောက်ရွံ့နေခြင်း မရှိပေ။ လုံထျန်းရှင်းတွင် ငွေရောင် လက်သည်းများ ရှိသကဲ့သို့ သူ၌လည်း သက်စောင့်ဝိညာဉ် ဓားချက် ရှိသည် မဟုတ်ပါလော။
“နဂါးမူလအမြောက်”
ထိုအခိုက်အတန့်တွင် လုံထျန်းရှင်းက လက်နှစ်ဖက်ကို ပူးကပ်လိုက်၏။ သူ၏ ကိုယ်ပေါ်ရှိ ငွေရောင် အလင်းတန်းများမှာ ငွေရောင် နေမင်းကြီးပမာ တောက်ပလာရတော့၏။ အလင်းတန်းများစွာမှာ သူ၏ လက်ဖဝါး အလယ်ဗဟိုသို့ စုစည်းသွားခဲ့ပြီး ငွေရောင် စွမ်းအင်လုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ပြီးနောက် သူ၏ လက်နှစ်ဖက်ကိုပင် ဘေးသို့ တွန်းဖယ်လိုက်နိုင်သည်အထိ ပြင်းထန်လှပေသည်။
“ဒါက ဘယ်လို မန္တန်မျိုးလဲ။”
လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားကြရလေ၏။
ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
“ဒါက မန္တန် မဟုတ်ဘူးဗျ။ ဒါက မိမိရဲ့ အရှိန်အဝါတွေကို ဖိသိပ်ပြီး စုစည်းလိုက်တဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုပဲ။ ဓားဆွဲထုတ်ခြင်း နည်းစနစ် နဲ့ အတော်လေး ဆင်တူတယ်။ ထျန်းရှင်း မှာ ဒီလောက်အထိ ထူးချွန်တဲ့ သိမြင်မှု စွမ်းအားတွေ ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူးဗျာ။”
“ကျင့်ကြံရေးမျှော်စင် ရဲ့ ဉာဏ်အလင်းပွင့်နယ်မြေ ထဲမှာ သူ သိမြင်ခဲ့တာ ဖြစ်ရမယ် ခင်ဗျာ။” ဟိုယွင်ကျဲက ခန့်မှန်းလိုက်၏။
“ဖြစ်နိုင်တာပဲ။” ယဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်။
“သက်စောင့်ဝိညာဉ် ဓားချက်”
တိုးဝင်လာသော နဂါးမူလအမြောက်ကို ရင်ဆိုင်ရန်အတွက် ချောင်ကျားရှီးသည်လည်း လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး သူ၏ အရှိန်အဝါများကို စုစည်းလိုက်၏။
“ဝုန်း”
လုံထျန်းရှင်းက သူ၏ အရှိန်အဝါများကို အစွမ်းကုန် ဖိသိပ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။ နဂါးမူလအမြောက်မှာ လက်မောင်းခန့် ထူထဲသော အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အသံထက် မြန်သော အရှိန်ဖြင့် တိုးဝင်သွားတော့သည်။
“ပိုင်းဖြတ်စမ်း”
ချောင်ကျားရှီးက လက်နှစ်ဖက်ကို အပေါ်မှနေ၍ ပိုင်းချလိုက်၏။ အနီရွှေရောင် သက်စောင့်ဝိညာဉ် ဓားချက်မှာ နဂါးမူလအမြောက်နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားရတော့၏။ စွမ်းအား နှစ်ခုမှာ လေထဲတွင် အားပြိုင်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးများကို ထုတ်လွှတ်နေစေတော့သည်။
ပြင်းထန်လှသော အလင်းတန်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး လေပြင်းများမှာလည်း လူအုပ်ကြီးကို လွင့်စဉ်သွားစေခဲ့သဖြင့် အားလုံး၏ မျက်နှာများမှာ လုံးဝ ပျက်ယွင်းသွားကြရလေ၏။
“ဘယ်လောက်တောင် မြင့်မားတဲ့ တိုက်ခိုက်မှု အဆင့်လဲ။”
“နှစ်ယောက်စလုံးရဲ့ အင်အားက အနည်းဆုံးတော့ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အလယ်အလတ်ကို ရောက်နေပြီဗျ။ သူတို့ရဲ့ အရှိန်အဝါတွေကို ထိန်းချုပ်နိုင်စွမ်းကလည်း တကယ့်ကို အံ့သြဖို့ ကောင်းတယ်။”
ထိုနေရာရှိ ပညာရှင်များမှာ အံ့သြချီးကျူးနေကြကုန်သည်။ ဤကဲ့သို့သော သူများကိုမှ တကယ့် တိုက်ခိုက်ရေး ပါရမီရှင်များဟု ခေါ်ဆိုထိုက်သည် မဟုတ်ပါလော။
“သိပ်တော်တာပဲ”
ရှီလေ့မှာမူ လက်ခုပ်တီး၍ အားပါတရ အော်ဟစ်လိုက်မိ၏။ ထိုအခိုက်အတန့်တွင် မည်သူက ပိုသန်မာသနည်းဆိုသည်မှာ အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ဦးစလုံးမှာ ဤတိုက်ပွဲအတွင်းမှာပင် အဆင့် တက်လှမ်းနိုင်ခဲ့ကြသောကြောင့် ဖြစ်ပေသည်။ ၎င်းမှာ အရေးကြီးဆုံး အရာပင် ဖြစ်ချေသည်။
“အနိုင်အရှုံးကတော့ ပေါ်တော့မှာပဲ။”
သို့သော်လည်း ထိုအခိုက်အတန့်တွင် ယဲ့ဖုန်း၏ တိုးညှင်းလှသော စကားသံကြောင့် လူတိုင်း၏ အာရုံမှာ ပြောင်းလဲသွားရတော့၏။ လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်လျက် ကောင်းကင်ယံကို မော့ကြည့်လိုက်ကြကုန်သည်။ သက်စောင့်ဝိညာဉ် ဓားချက် နှင့် နဂါးမူလအမြောက် တို့မှာ လေထဲတွင် အားပြိုင်နေဆဲ ဖြစ်ပြီး မည်သူမျှ အသာစီး မရကြသေးပေ။ ဤအခြေအနေတွင် မည်သို့လျှင် အနိုင်အရှုံး ပေါ်နိုင်ပါမည်နည်း။
“ဝုန်း”
ရုတ်တရက် ချောင်ကျားရှီး၏ သွေးကြောများအတွင်းမှနေ၍ ရှေးဟောင်းကာလမှ လာသော ဟိန်းဟောက်သံကြီး တစ်ချက်မှာ ပဲ့တင်ထပ် ထွက်ပေါ်လာရတော့၏။ သူ၏ နောက်ကွယ်တွင်မူ သွေးရောင်အရှိန်အဝါများ စုစည်းလာခဲ့လေတော့သည်။
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား တစ်ပါး၏ ပုံရိပ်မှာ တဖြည်းဖြည်း ပေါ်ထွက်လာရတော့၏။ သူသည် ခန့်ညားလှသော ချပ်ဝတ်ကို ဆင်မြန်းထားပြီး လက်ထဲတွင်လည်း လှံရှည်ကြီး တစ်လက်ကို ကိုင်ဆောင်လျက်၊ လောကတွင် အနှိုင်းမဲ့သော စွမ်းအားများကို ထုတ်လွှတ်နေစေတော့သည်။
ထိုပုံရိပ်ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချောင်ကျားရှီး၏ အရှိန်အဝါမှာ မူလထက် ဆယ့်နှစ်ဆအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး လုံထျန်းရှင်းအား လုံးဝ ဥဿဿုံ ဖိနှိပ်လိုက်လေတော့သည်။
“ဝှစ်”
သက်စောင့်ဝိညာဉ် ဓားချက်က နဂါးမူလအမြောက်ကို ပိုင်းဖြတ်လိုက်တော့၏။ မီတာ ရာနှင့်ချီ ဝေးကွာနေသော လုံထျန်းရှင်းမှာမူ ထိုပေါက်ကွဲမှုဒဏ်ကြောင့် လွင့်စဉ်သွားခဲ့ရပြီး တောင်နံရံတစ်ခုနှင့် ပြင်းထန်စွာ ရိုက်မိကာ အတွင်းထဲသို့ နက်ရှိုင်းစွာ မြုပ်ဝင်သွားလေတော့သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”
လူတိုင်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့ကြရလေ၏။
အခန်း (၄၅၉) - ယဲ့ဖုန်း ပြင်ဆင်ပေးသော အထူးလေ့ကျင့်ရေး သုံးခု
~"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ချောင်ကျားရှီး ကိုယ်တိုင်ပင် မျက်လုံးအဝိုင်းသားဖြင့် မယုံနိုင်လောက်အောင် ဖြစ်သွားရလေသည်။ သူသည် အလျင်အမြန် လှည့်ကြည့်လိုက်ရာ ရှေးဟောင်း လူ့ဘီလူးနတ်ဘုရားကြီး၏ ပုံရိပ်ယောင်ကို မြင်တွေ့လိုက်ရ၏။
“ဝှူး…”
လေတစ်ချက် ဝှေ့ယမ်းသွားပြီး ရှေးဟောင်း လူ့ဘီလူးနတ်ဘုရားကြီး၏ ပုံရိပ်ယောင်မှာ တဖြည်းဖြည်း ပြိုကွဲသွားကာ၊ နီရဲသော ရွှေရောင် အလင်းစက်လေးများအဖြစ် ပြောင်းလဲပြီး ချောင်ကျားရှီး၏ ကိုယ်ခန္ဓာအတွင်းသို့ စီးဝင်သွားတော့သည်။
သူ တကယ်ပဲ အဆင့်တက်သွားခဲ့ပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
သူ၏ အရှိန်အဝါကို အနည်းငယ် စုစည်းလိုက်ရုံဖြင့် ချက်ချင်းပင် ဆယ့်နှစ်ဆသော နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားနိုင်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အမင်း မြင့်တက်လာတော့၏။
"ပြင်းထန်တဲ့ ဖိအားအောက်မှာ ငါ့ရဲ့ ကန့်သတ်ချက်တွေကို ဖောက်ထွက်နိုင်ခဲ့ပြီး ငါ့ရဲ့ အရှိန်အဝါကို နောက်ထပ် တစ်ဆင့် ထပ်မြှင့်နိုင်ခဲ့ပြီပဲ"
ချောင်ကျားရှီးက ရေရွတ်လိုက်လေသည်။
"မှန်တယ်။ အဲဒီအတိုင်းပဲ"
လေဟာနယ်ကို ဖြတ်လျှောက်လာသော ယဲ့ဖုန်းက ဝင်ရောက် ပြောဆိုလိုက်၏။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ အရှိန်အဝါချင်း ယှဉ်ပြိုင်နေကြစဉ်ကတည်းက ချောင်ကျားရှီး၏ ရှေးဟောင်း လူ့ဘီလူးနတ်ဘုရား သွေးမျိုးဆက်မှာ စုစည်းလာပြီး အဆင့်တက်တော့မည် ဖြစ်ကြောင်း စနစ်၏ အသိပေးချက်ကြောင့် ယဲ့ဖုန်း သိရှိနေခဲ့ပြီး ဖြစ်လေသည်။
ထို့ကြောင့် ချောင်ကျားရှီး၏ အရှိန်အဝါများ သေချာပေါက် ပေါက်ကွဲထွက်လာမည်ကို သူ သိနေခဲ့၏။ ၎င်းနှင့်အတူ ပြိုင်ပွဲ၏ ရလဒ်မှာလည်း အသေအချာ ထွက်ပေါ်လာမည်သာ ဖြစ်လေသည်။
ယဲ့ဖုန်းသည် တောင်နံရံအတွင်း နစ်ဝင်နေသော လုံထျန်းရှင်းကို လှမ်းဆွဲထုတ်လိုက်ပြီး ပြောလိုက်၏။
"မင်းတို့ နှစ်ယောက်စလုံး အရမ်း အစွမ်းထက်ကြပါတယ်။ ဒါပေမဲ့ အခု ယှဉ်ပြိုင်မှုရဲ့ အနိုင်အရှုံးက ပေါ်သွားပြီဆိုတော့... မင်းတို့ ဘာပြောစရာ ရှိသေးလဲ"
လုံထျန်းရှင်းသည် သူ၏ အဝတ်အစားများပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ပြောလိုက်လေသည်။
"ဂျူနီယာညီလေးက ကျွန်တော့်ကို အနိုင်ယူသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးဗျ။ ဒါပေမဲ့ သူ နိုင်သွားပြီဆိုမှတော့... ယှဉ်ပြိုင်ပွဲအတွက် နေရာကို သူပဲ ရသင့်ပါတယ်"
"စီနီယာ အစ်ကို..
ကျေးဇူးတင်ပါတယ်ဗျာ"
ချောင်ကျားရှီးက လက်သီးဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်လေသည်။
အရေးအကြီးဆုံး အချိန်လေးတွင် အဆင့်တက်သွားပြီး လုံထျန်းရှင်းကို လွှမ်းမိုးကာ နောက်ဆုံးနေရာကို ရရှိသွားလိမ့်မည်ဟု သူကိုယ်တိုင်ပင် ထင်မထားခဲ့ချေ။
"အားလုံးပဲ လူစုခွဲကြတော့"
ယဲ့ဖုန်းက လက်ကို တစ်ချက် ဝှေ့ယမ်းကာ လူအုပ်ကြီးကို ပြန်လွှတ်လိုက်လေသည်။
မြူခိုးဂိုဏ်းမှ တပည့် တစ်ထောင်ကျော်ခန့်မှာ တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားကြပြီး မိမိတို့၏ ကိစ္စများကို ဆက်လုပ်နေကြသော်လည်း... တစ်ခါတစ်ရံတွင်မူ ထိုတိုက်ပွဲအကြောင်းကို ပြောဆိုနေကြဆဲပင်။
"ယွင်ကျဲ၊ မိုယင်၊ ကျားရှီး... ငါ့နောက်ကို လိုက်ခဲ့ကြ"
ယဲ့ဖုန်းက ရှေ့မှနေ၍ လျှောက်သွားလေသည်။
သူတို့ သုံးဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ယဲ့ဖုန်းနောက်သို့ လိုက်ပါသွားကြ၏။
"မင်းတို့ရဲ့ ခွန်အားတွေက ချီးကျူးစရာ ကောင်းပါတယ်။ ဒါပေမဲ့ အောင်ပွဲရဖို့နဲ့ ငါတို့ မြူခိုးဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်နိုင်ဖို့ ဆိုရင်တော့... မင်းတို့ရဲ့ လက်ရှိ အဆင့်လောက်နဲ့တင် မှီခိုနေဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲလိမ့်မယ်" လမ်းလျှောက်နေရင်း ယဲ့ဖုန်းက ပြောလိုက်လေသည်။
"တော်ဝင်မြို့တော် ကနေ လာမယ့်သူတွေက ထိပ်တန်း ပါရမီရှင်တွေချည်းပဲ။ ပြီးတော့ အဆင့်တူ ယှဉ်ပြိုင်ပွဲတွေမှာ သူတို့ထဲက အကောင်းဆုံးတွေကို ရွေးချယ်ပြီး လွှတ်လိုက်မှာ သေချာတယ်။ သူတို့ရဲ့ ခွန်အားတွေနဲ့ စိတ်ဓာတ်ခွန်အားတွေက သေချာပေါက် ထူးခြားနေမှာပဲ"
"နိုင်ချင်သလား... ဒါဆိုရင် မင်းတို့ ပိုပြီး ကြိုးစားအားထုတ်ရလိမ့်မယ်"
ယဲ့ဖုန်းက သတိပေးစကား အနည်းငယ် ပြောကြားလိုက်လေသည်။ သူ၏ တပည့်များ မာနထောင်လွှားလာပြီး ပြိုင်ဘက်များကို အထင်သေးသွားမည်ကို သူ စိုးရိမ်မိ၏။ ထိုသို့ဖြစ်လာပါက ပြဿနာ ရှိပေလိမ့်မည်။
"ဂိုဏ်းချုပ်... ကျွန်မတို့ အထူး လေ့ကျင့်ရေးတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာလားဟင်" ဟု မိုယင်က မေးလိုက်လေသည်။
"မှန်တယ်"
ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
"မင်းတို့အတွက် အထူး လေ့ကျင့်ရေး သုံးခု စီစဉ်ပေးဖို့ ငါ ရည်ရွယ်ထားတယ်။ တစ်ယောက်ကို တစ်ခုစီပေါ့။ မင်းတို့နဲ့ အရမ်းကို ကိုက်ညီလိမ့်မယ်"
"ဒါပေမဲ့ ယှဉ်ပြိုင်ပွဲက သန်ဘက်ခါလေ။ အချိန်က လောက်ပါ့မလား" ဟိုယွင်ကျဲက ယုံကြည်မှု သိပ်မရှိလှပေ။
"အထူး လေ့ကျင့်ရေး ဆိုတာ ပုံမှန် ကျင့်ကြံတာနဲ့ မတူဘူးကွ။ မင်းတို့ ဇွဲရှိရှိ ကြိုးစားသရွေ့... မင်းတို့ရဲ့ တိုက်ခိုက်ရေးအဆင့်က သိသိသာသာ တိုးတက်လာနိုင်တယ်"
ယဲ့ဖုန်းသည် သူတို့ သုံးဦးကို ဖူယွင် တောအုပ်နက်ကြီးဆီသို့ ခေါ်ဆောင်သွားလေသည်။
"ယွင်ကျဲ... မင်းရဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ် က အရမ်း အစွမ်းထက်တယ်။ မင်းထက် အဆင့်မြင့်တဲ့ ရန်သူတွေကိုတောင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ဒါက ယှဉ်ပြိုင်ပွဲလေ။ အသေအကြေ တိုက်ခိုက်ရမှာ မဟုတ်ဘူး။ အဲဒီတော့ ဓားဆွဲထုတ်ခြင်း နည်းစနစ် က သိပ်ပြီး အလုပ်ဖြစ်မှာ မဟုတ်ဘူး"
ယဲ့ဖုန်းက စတင် ရှင်းပြလေသည်။
"အဲဒီလို အခြေအနေမျိုးမှာ မင်းက အရမ်း သန်မာတယ်လို့ ထင်ရပေမဲ့... ဓားဆွဲထုတ်ခြင်း နည်းစနစ် ကို အသုံးမပြုဘဲ တိုက်ခိုက်ရမယ်ဆိုရင်တော့ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အဲဒီလောက်ကြီး ထူးခြားပြောင်မြောက်နေတာ မဟုတ်ဘူးကွ"
ထိုစကားကို ကြားသောအခါ ဟိုယွင်ကျဲက ခေါင်းညိတ်လိုက်လေသည်။
ဤသည်မှာ တကယ်ပင် သူ၏ အားနည်းချက် တစ်ခု ဖြစ်ကြောင်း သူ ဝန်ခံရပေမည်။ ဓားဆွဲထုတ်ခြင်း နည်းစနစ် ကို အသုံးမပြုပါက တိုက်ပွဲတစ်ခုတွင် သူ၏ တစ်ခုတည်းသော အားကိုးစရာမှာ ရက်စက်သော ဓားဆန္ဒ သာ ရှိလေသည်။
သို့သော် အကယ်၍ အခြား ပါရမီရှင်များကလည်း ဓားဆန္ဒ၊ ဓားမဆန္ဒ၊ လက်သီးဆန္ဒ သို့မဟုတ် အခြားသော အထောက်အကူပြု စွမ်းရည်များကို ပိုင်ဆိုင်ထားမည်ဆိုပါက... သူတို့နှင့် တိုက်ခိုက်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် တိုးတက်လာအောင် ဘာလုပ်သင့်တယ်လို့ ထင်လဲဟင်" ဟိုယွင်ကျဲက ခေါင်းငုံ့ကာ နှိမ့်ချစွာ မေးလိုက်လေသည်။
"မင်း တိုက်ခိုက်ဖို့ လိုတယ်" ယဲ့ဖုန်းက ပြန်ဖြေလိုက်၏။
သူသည် လေဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထုတ်ယူကာ အလင်းတန်း ဒါဇင်ပေါင်းများစွာအဖြစ် ပြောင်းလဲလိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ ထိုအလင်းတန်းများမှာ မြေဆီလွှာနှင့် ကျောက်တုံးများအတွင်းသို့ ပေါင်းစပ်သွားတော့၏။
ဝုန်း... ဝုန်း... ဝုန်း...။
မြေပြင်မှာ ဖောင်းကြွလာပြီး လူပုံသဏ္ဌာန် ရုပ်သေးရုပ် ရာပေါင်းများစွာ ထွက်ပေါ်လာလေသည်။ သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ဟိုယွင်ကျဲထက် မအားနည်းချေ။
"မင်းရဲ့ တိုက်ခိုက်ရေးအဆင့်ကို မြှင့်တင်ဖို့ သူတို့နဲ့ တိုက်ခိုက်ပါ။ စိတ်မပူနဲ့... သူတို့ထဲမှာ ငါ့ရဲ့ အငွေ့အသက်လေး ချန်ထားခဲ့တယ်။ သူတို့က မင်းကို သေအောင် သတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုဆိုပြီး ပေါ့ပေါ့ဆဆတော့ မလုပ်နဲ့"
ယဲ့ဖုန်းက ခေတ္တရပ်လိုက်ပြီး...
"မင်း ခြေပြတ်လက်ပြတ် ဖြစ်သွားရင်တောင် ရူယွီ က ပြန်ဆက်ပေးနိုင်ပေမဲ့... လူတစ်ယောက်ရဲ့ ယုံကြည်မှု ဆိုတာ ပြန်လည် တည်ဆောက်ဖို့ အဲဒီလောက် မလွယ်ကူဘူးကွ"
"ဂိုဏ်းချုပ်ဦးလေး... တပည့် နားလည်ပါပြီ"
ဟိုယွင်ကျဲက ခေါင်းညိတ်လိုက်ပြီး၊ အေးစက်သော အလင်းရောင် ဓားကို ကိုင်ကာ ထိုကြံ့ခိုင်လှသော လူပုံသဏ္ဌာန် ရုပ်သေးရုပ် ရာပေါင်းများစွာဆီသို့ ပြေးဝင်သွားတော့သည်။
ပြင်းထန်လှသော တိုက်ပွဲကြီး ချက်ချင်း စတင်သွားတော့၏။
အစွမ်းထက်သော ရန်သူ အမြောက်အမြား၏ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ဟိုယွင်ကျဲမှာ ပေါ့ပေါ့ဆဆ မနေရဲတော့ချေ။ သူသည် ခက်ခဲလှသော အခြေအနေကို ရင်ဆိုင်ရန်အတွက် နည်းစနစ် အမျိုးမျိုးကို အဆက်မပြတ် ထုတ်ဖော်နေရတော့၏။
"မဆိုးဘူး"
ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး မိုယင်ကို လှမ်းကြည့်လိုက်လေသည်။
"မင်းဆီမှာ အခြေခံအားဖြင့် အားနည်းချက် မရှိဘူး။ ဒါကြောင့် မင်းအတွက် ငါ့ရဲ့ အထူး လေ့ကျင့်ရေးက... မင်းရဲ့ အားသာချက်တွေကို မြှင့်တင်ပေးပြီး သန်မာတဲ့သူကို ပိုသန်မာလာအောင် လုပ်ပေးဖို့ပဲ"
သူသည် လေဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထုတ်လွှတ်လိုက်ရာ မြေပြင်ပေါ်တွင် အချင်း မီတာ တစ်ရာခန့်ရှိသော လှောင်အိမ်ကြီး တစ်ခု ပေါ်ထွက်လာလေသည်။ ၎င်းအတွင်း၌ မရေမတွက်နိုင်သော လေဓားသွားများမှာ အလွန် လျင်မြန်သော အရှိန်ဖြင့် ပျံသန်း ခုတ်ပိုင်းနေကြ၏။ ၎င်းတို့မှာ အားမပြင်းသော်လည်း ယုံကြည်နိုင်လောက်အောင် မြန်ဆန်လှပေသည်။
"မိုယင်... လေဓားသွားတွေ ရှိနေတဲ့ ဒီလှောင်အိမ်ထဲကို ဝင်လိုက်ပါ။ မင်းရဲ့ မြန်ဆန်သော ဓားဆန္ဒ ကို နားလည်သဘောပေါက်မှုက အဆင့်တစ်ခုကို ဖောက်ထွက်သွားတဲ့ အထိ... အန္တရာယ်တွေကို အဆက်မပြတ် ရှောင်ရှားနေရမယ်။ အဲဒါက ဒီအထူး လေ့ကျင့်ရေးရဲ့ ပြီးဆုံးခြင်းကို အမှတ်အသား ပြုလိမ့်မယ်"
ယဲ့ဖုန်းက အမိန့်ပေးလိုက်လေသည်။
"တပည့် အစွမ်းကုန် ကြိုးစားပါ့မယ်"
မိုယင်သည် လေညင်းစီး ဓားကို ကိုင်ကာ လှောင်အိမ်အတွင်းသို့ ခုန်ဝင်သွားတော့၏။
“ရွှစ်... ရွှစ်... ရွှစ်…”
လေဓားသွား ဒါဇင်ပေါင်းများစွာမှာ သူမဆီသို့ ပြေးဝင်လာကြရာ... မိုယင်သည် ထိုအန္တရာယ်များသော တိုက်ခိုက်မှုများကို ရှောင်ရှားရန် သူမ၏ မြန်ဆန်သော ဓားဆန္ဒ ကို အလျင်အမြန် အသုံးပြုနေရတော့သည်။
"ဘယ်လောက်တောင် မြန်တဲ့ အရှိန်လဲ"
မိုယင်၏ ထူးဆန်းလွန်းလှသော သွက်လက်သည့် လှုပ်ရှားမှုများကို ကြည့်ရင်း ချောင်ကျားရှီးမှာ ရေရွတ်လိုက်မိလေသည်။ အကယ်၍ သူမသာ မိုယင်နှင့် တိုက်ခိုက်ရမည်ဆိုပါက... လက်သီး တစ်ချက်တောင် မပစ်ရသေးခင် သူမ၏ လည်ပင်း ပြတ်သွားမည်ဟုပင် ခံစားနေရ၏။
"ကျားရှီး... ငါ့နောက် လိုက်ခဲ့"
ယဲ့ဖုန်းက ချောင်ကျားရှီးကို ဝိညာဉ်ရေကန် ကမ်းစပ်ဆီသို့ ခေါ်ဆောင်သွားလေသည်။
ဤရေကန်မှာ မြူခိုးတောင်ထိပ်၊ ပျံသန်းခြင်းတောင်ထိပ်၊ ကျင့်ကြံခြင်းတောင်ထိပ် နှင့် ဝိညာဉ်သားရဲတောင်ထိပ် တို့၏ ကြားတွင် တည်ရှိလေသည်။ ဝိညာဉ်စမ်းရေများ အဆက်မပြတ် စီးဝင်နေမှုကြောင့် ရေကန်အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ အလွန် မြင့်မားနေပြီး... ၎င်းအတွင်း နေထိုင်သော ငါးများမှာ သူတို့၏ ဝိညာဉ်အသွင်ပြောင်းလဲခြင်း ကို စတင်နေကြပြီ ဖြစ်၏။
“ဖလွတ်”
ငါးတစ်ကောင်မှာ ရေထဲမှ ခုန်ထွက်လာပြီး ရေဓားသွား တစ်ခုကို မှုတ်ထုတ်လိုက်ရာ... ခပ်နိမ့်နိမ့် ပျံသန်းနေသော ငှက်တစ်ကောင်ကို ထိုးဖောက်သွားလေသည်။ ထို့နောက် ၎င်းသည် ကူးသွားကာ ပြုတ်ကျလာသော ငှက်ကို ရေထဲသို့ ဆွဲချသွားတော့၏။
"ဒီနှုန်းအတိုင်းဆိုရင် ရေကန်ထဲမှာ မိစ္ဆာငါးတွေ ရှိနေလောက်ပြီ" ယဲ့ဖုန်းက တီးတိုး ရေရွတ်လိုက်လေသည်။
ချောင်ကျားရှီးမှာမူ ယဲ့ဖုန်းက သူ့အတွက် ဘယ်လို အထူး လေ့ကျင့်ရေးမျိုး ပြင်ဆင်ထားမှန်း မသိဘဲ အနောက်မှ လိုက်ပါလာခဲ့၏။
"ဂိုဏ်းချုပ်... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဘယ်လို တိုးတက်အောင် လုပ်ရမလဲဟင်"
ရေကန်ပတ်လည်တွင် ယဲ့ဖုန်းနောက်သို့ အကြိမ်အနည်းငယ် လိုက်သွားပြီးနောက်... ယဲ့ဖုန်းက အထူး လေ့ကျင့်ရေး အကြောင်းကို အခုထိ ပြောမပြသေးသည်ကို သတိပြုမိသွားသဖြင့် ချောင်ကျားရှီးမှာ မနေနိုင်ဘဲ စိတ်အားထက်သန်စွာ မေးလိုက်လေသည်။
"မင်းက နည်းနည်းလေး စိတ်လောလွန်းနေပြီ"
ယဲ့ဖုန်းက ရယ်မောလိုက်၏။
ရေကန်ကို ပတ်၍ လမ်းလျှောက်ပြီးနောက် သူ၏ အတွေးများမှာ ကြေးမုံပြင်ပမာ ရှင်းလင်းသွားခဲ့တော့၏။
ချောင်ကျားရှီးသည် သူ၏ ခေါင်းကို ကုတ်ရင်း...
"တပည့်က ဒီအတိုင်း သွားနေရတော့ ဘာတိုးတက်မှုမှ မမြင်ရလို့ မေးကြည့်တာပါ"
"စိတ်မပူပါနဲ့။ ငါ စဉ်းစားပြီးသွားပါပြီ"
ယဲ့ဖုန်းသည် ရေကန်ဘေးရှိ စင်တစ်ခုပေါ်တွင် အသားတစ်တုံးကို တင်လိုက်ပြီး... လေဝိညာဉ်စွမ်းအင် တစ်မျှင်ကို အသုံးပြုကာ ဝိညာဉ်မီးတောက် တစ်ခု ဖန်တီး၍ အသားကို ကင်လိုက်လေသည်။
မွှေးကြိုင်လှသော ရနံ့များ ချက်ချင်းပင် လေထဲသို့ ပျံ့နှံ့သွားတော့၏။
"ဗိုက်ဆာလိုက်တာ"
ချောင်ကျားရှီးမှာ သွားရည်များပင် ကျလာလေသည်။
"ဗိုက်ဆာလား... ဒါဆို စားလေ"
ယဲ့ဖုန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ရင်း...
"ဒါက ရူးသွပ် စပါးကြီးမြွေ ဘုရင် ဆီကနေ ငါ လှီးယူလာတဲ့... ကျင်း တစ်ထောင်လောက် အလေးချိန်ရှိတဲ့ မိစ္ဆာဘုရင် ရဲ့ အသားပဲ။ ဝိညာဉ်မီးတောက် နဲ့ ကင်ပြီး အညစ်အကြေးတွေကို ဖယ်ရှားကာ အနှစ်သာရတွေကို ချန်ထားခဲ့တာမို့... မင်း ဒါကို စားလိုက်ပါ။ အကယ်၍ ကိုယ်တွင်း အပူဓာတ်တွေ လွန်ကဲလာတယ်လို့ ခံစားရရင်... ရေကန်ကို ပတ်ပြေး ဒါမှမဟုတ် ရေထဲ ခုန်ချပြီး ရေချိုးလိုက်ပေါ့"
ချောင်ကျားရှီး၏ မျက်လုံးများ ဝိုင်းစက်သွားလေသည်။
‘ကျင်း တစ်ထောင် အလေးချိန်ရှိတဲ့ အသား ဟုတ်လား ..
ဒါက အရမ်း များလွန်းတယ်လေ’
သို့သော် ဒါက အထူး လေ့ကျင့်ရေး ဖြစ်သည်ဟု တွေးမိကာ ချောင်ကျားရှီးသည် စားရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ကင်ထားသော အသားတုံး ကြီးကြီးတစ်တုံးကို ချက်ချင်း လှီးဖြတ်ကာ အငမ်းမရ စားသောက်လိုက်လေ၏။
"အင်း... အရသာ ရှိလိုက်တာ"
"ဟင်... ဘာလို့ ငါ့ကိုယ်တွင်းက သွေးမျိုးဆက်တွေ ဆူပွက်လာသလို ခံစားနေရတာလဲ။ ဒုက္ခပဲ... ငါ မီးလောင်နေပြီ"
အသား ကျင်း တစ်ရာခန့် စားပြီးနောက်... ချောင်ကျားရှီးမှာ သူ၏ ကိုယ်တွင်း အပူဓာတ်များ တောက်လောင်လာပြီး တစ်ကိုယ်လုံး ပူလောင်လာကာ၊ သူမ၏ အဝတ်အစားများမှ မီးခိုးများ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
သူသည် ဒုတိယအကြိမ် စဉ်းစားမနေတော့ဘဲ ဝိညာဉ်ရေကန် အတွင်းသို့ ချက်ချင်း ခုန်ချလိုက်မိ၏။ ရေအောက်တွင် ကူးခတ်ရင်း... သူ့ကိုယ်တွင်းမှ အပူဓာတ် အလွန်အကျွံများကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်တော့၏။
"အဲဒီလိုပဲ... အဲဒီအတိုင်း လုပ်"
ယဲ့ဖုန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ ကျေနပ်စွာ ပြုံးလိုက်လေတော့သည်။