← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀)- လူအပေါင်းစုဝေးခြင်းနှင့် လက်ရည်ယှဉ်ပွဲ စတင်ခြင်း

~ချောင်ကျားရှီး ၏ ပြဿနာမှာ သိပ်ပြီး မကြီးမားလှပေ။ သူသည် လုံထျန်းရှင်း နှင့် တိုက်ပွဲအတွင်းမှာပင် အဆင့်တက်လှမ်းခဲ့ပြီး ဖြစ်ရာ နောက်ထပ် တိုးတက်မှုကို ရှာဖွေရန်မှာ မလွယ်ကူတော့ပေ။ ထို့ကြောင့် ယဲ့ဖုန်းသည် ချောင်ကျားရှီး ၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ဆောင်ပေးရန်သာ စီစဉ်ခဲ့လေ၏။

ဥပမာအားဖြင့် သူရဲကောင်း သွေးကြောများကို နိုးကြွစေနိုင်သော နတ်ဆိုးဘုရင်၏ အသားများကို စားသုံးစေခြင်းနှင့် ပြင်းထန်သော လေ့ကျင့်ခန်းများမှတစ်ဆင့် ပိုလျှံနေသော အပူရှိန်များကို ဖယ်ရှားစေခြင်းတို့ ဖြစ်ပေသည်။ ဤနည်းလမ်းဖြင့် သူသည် အချိန်တိုအတွင်း များပြားလှသော သွေးနှင့် အသက်စွမ်းအားများကို စုဆောင်းနိုင်ပြီး သူ၏ အခြေခံကို ပိုမို ခိုင်မာစေခဲ့လေ၏။ သေချာသည်မှာ ဤအမြန်လမ်း နည်းလမ်းမျိုးမှာ ခဏခဏ အသုံးပြုရန်အတွက်မူ မသင့်တော်ပေ။

“အရမ်း ပူတာပဲဗျာ”

ချောင်ကျားရှီး သည် ပျံလွှားငါးတစ်ကောင်ပမာ အိုင်အတွင်း၌ အရှိန်အဟုန်ဖြင့် ကူးခတ်နေလေ၏။ သူ၏ ကိုယ်ခန္ဓာနှင့် ထိတွေ့သမျှ ရေများမှာ အငွေ့ပျံသွားခဲ့ပြီး မြူခိုးများအဖြစ် ပြောင်းလဲကုန်၏။

“ဟိုမှာကြည့်စမ်း... ညီလေး ချောင် ဘာလုပ်နေတာလဲ”

“သူ့တင်ပါးကနေ မီးခိုးတွေ ထွက်နေတယ်”

“ဘာတွေ လျှောက်ပြောနေတာလဲ... အဲဒါက သူ့ကိုယ်ထဲက ထွက်လာတဲ့ အရှိန်အဝါတွေလေ”

တပည့်များမှာ ကမ်းပါးယံ အစွန်းတွင် စုရုံးလျက် စိတ်ဝင်တစား ကြည့်ရှုနေကြလေ၏။ တပည့်များ၏ ပြောဆိုငြင်းခုံသံများကို ကြားရသောအခါ ယဲ့ဖုန်း မှာမူ အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်သွားရပြီး အိုင်ဘေးရှိ ကျောက်ပြားဝိုင်းလေး တစ်ခုပေါ်တွင် ခပ်အေးအေးပင် ထိုင်နေလိုက်၏။

“ဒါဟာ တကယ့်ကို သာယာချမ်းမြေ့စရာ ကောင်းတဲ့ ဘဝပဲ”

ယဲ့ဖုန်းသည် လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားလိုက်မိ၏။ သူ ထိုင်နေသော ကျောက်ပြားမှာ အလွန် ချောမွေ့ပြီး ထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိလှပေရာ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ရှပ်ပြေးလာခဲ့လေ၏။ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ကျောက်တုံးအတွင်းသို့ ထည့်သွင်းလိုက်ပြီး ၎င်းအား သန့်စင်ရန် ပြင်လိုက်၏။

လေဓာတ် ဝိညာဉ်စွမ်းအင် ဆိုသည်မှာ လေဝိညာဉ် ပုလဲလုံး က ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုပ်ယူရာမှ ဖြစ်ပေါ်လာသော ထူးခြားသည့် စွမ်းအားတစ်ခုပင် ဖြစ်၏။ ဤကျောက်တုံးကို နေ့စဉ်နေ့တိုင်း လေဓာတ် ဝိညာဉ်စွမ်းအင် ဖြင့် သန့်စင်ပေးမည်ဆိုပါက မည်ကဲ့သို့သော အကျိုးသက်ရောက်မှု ရှိလာမည်နည်းဆိုသည်ကို ယဲ့ဖုန်း သိချင်နေမိ၏။

စွမ်းအင် တစ်မျှင်ကို စုပ်ယူပြီးနောက် ကျောက်တုံးမှာ လောလောဆယ်တွင် ထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးပေ။ သို့သော် ၎င်းပေါ်တွင် လှဲလျောင်းနေရသည်မှာမူ အရင်ကထက် ပိုမို သက်တောင့်သက်သာ ရှိလာရတော့၏။

ဟိုယွင်ကျဲ၊ မိုယင် နှင့် ချောင်ကျားရှီး တို့၏ အထူးလေ့ကျင့်ခန်းများမှာ ဆက်လက် ရှိနေဆဲပင် ဖြစ်သည်။ သူတို့ တစ်ဦးချင်းစီမှာ မိမိတို့၏ တိုက်ခိုက်မှု အတွေ့အကြုံ၊ အရှိန်အဟုန် နှင့် အခြေခံအုတ်မြစ်များကို အသီးသီး မြှင့်တင်နေကြပြီး တိုးတက်မှုများမှာလည်း မနည်းလှပေ။

---

တောင်ပိုင်းမြစ်ဝှမ်း ဒေသ။

ခရိုင်ဘုရင်မြို့တော်ရှိ လူကြီးပိုင်း ပညာရှင် အများအပြားကို စိန်ခေါ်ခဲ့သော ကောင်းကင်ဓားဘုရင် ရီကျွမ်း မှာမူ ယခုအခါ ပွဲပေါင်း သုံးဆယ် ဆက်တိုက် အနိုင်ရရှိထားရတော့၏။ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် နဝမအလွှာ ဖြစ်စေ၊ အထွတ်အထိပ် ဖြစ်စေ မည်သူမျှ ကောင်းကင်ဓားဘုရင် ရီကျွမ်း ကို မယှဉ်နိုင်ကြပေ။ ကောင်းကင်ဓားဘုရင် ဟူသော အမည်နာမမှာ တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးသို့ ကျော်ဇောသွားတော့၏။

ဓားဘုရင်ဂိုဏ်း။

ဂိုဏ်း၏ ထိပ်တန်းတပည့် ကျန်းပိုင်ကော သည် ကမ်းပါးယံ အစွန်းတွင် ရပ်လျက် အဝေးသို့ အကြည့်ပို့လွှတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

“တကယ့်ကို အစွမ်းထက်တဲ့ ကောင်းကင်ဓားဘုရင် ပါလား... တတိယမင်းသားကို ဖယ်လိုက်မယ်ဆိုရင်တော့... သူဟာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ လူငယ်မျိုးဆက်တွေထဲမှာ ထိပ်ဆုံးကပဲ ဖြစ်ရမယ်”

ကျန်းပိုင်ကော လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သူသည် မြူခိုးဂိုဏ်း နှင့် မြင့်မြတ်သော လေဓားဂိုဏ်း ရှိရာ အရပ်ဆီသို့ အကြည့်ပို့လွှတ်လိုက်၏။

“ဒါပေမဲ့ မုရုရွှယ် ကလည်း အံသြစရာ ပါရမီတွေနဲ့ အစွမ်းတွေ ရှိနေတာပဲ... သူမ ကြီးပြင်းလာတဲ့အခါမှာတော့ ကောင်းကင်ဓားဘုရင် ရီကျွမ်း ထက် အားနည်းမှာ မဟုတ်ဘူး... မြူခိုးဂိုဏ်း မှာတော့ လူငယ်မျိုးဆက်တွေထဲက အစွမ်းထက်တဲ့ ပါရမီရှင် သိပ်မတွေ့ရသေးဘူး ထင်တယ်”

ထိုအခိုက်အတန့်တွင် လော့ဟယ်တုန် အပြေးရောက်လာခဲ့လေ၏။

“စီနီယာအစ်ကို... သတင်းရပြီဗျ”

“ဘာသတင်းလဲ”

“နန်းမြို့တော်က လူငယ်ပါရမီရှင်တွေက မြူခိုးဂိုဏ်း က တပည့်တွေကို စိန်ခေါ်ထားတယ်တဲ့ဗျ... အဆင့်တူချင်း သုံးပွဲပြိုင်ရမှာဖြစ်ပြီးတော့ ပြိုင်ပွဲဝင်တွေ အကုန်လုံးက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တွေပဲတဲ့”

“အိုး... ဘယ်တော့လဲ”

“မနက်ဖြန်ပါပဲ... နန်းမြို့တော်က ပါရမီရှင်တွေက ဒီသတင်းကို တမင် ဖြန့်ထားတာဗျ... အဲဒီပွဲကို သွားကြည့်မယ့်လူတွေ အများကြီး ရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

လော့ဟယ်တုန် ခေတ္တရပ်လိုက်ပြီးမှ -

“စီနီယာ... ဒီတိုက်ပွဲက နန်းမြို့တော်နဲ့ မြူခိုးဂိုဏ်း ကြားက လက်ရည်ယှဉ်ပွဲလို့ ထင်ရပေမဲ့... တကယ်တမ်းမှာတော့ ဒါဟာ ကျုပ်တို့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်နေတာဗျ... စီနီယာကော သွားကြည့်မလို့လား”

“သွားမှာပေါ့... သေချာပေါက် သွားရမှာပေါ့”

ကျန်းပိုင်ကော ခေါင်းညိတ်လိုက်၏။ သူသည် မြူခိုးဂိုဏ်း ၏ တပည့်များအပေါ် အလွန်ပင် စူးစမ်းလိုစိတ် ရှိနေသည် မဟုတ်ပါလော။ ဤတိုက်ပွဲကို သူ သေချာပေါက် သွားကြည့်ရပေလိမ့်မည်။ သေချာသည်မှာ သူသည် လူမသိအောင် တိတ်တဆိတ်သာ စောင့်ကြည့်ပေလိမ့်မည်။

ဓားဘုရင်ဂိုဏ်း သာမက ခရိုင်ဘုရင်မြို့တော်၊ မြင့်မြတ်သော လေဓားဂိုဏ်း၊ ကျွန်းပေါင်းသောင်းခြောက်ထောင် မဟာမိတ်၊ ယွန်းဟွာဂိုဏ်း၊ လျူယွင်ဂိုဏ်း၊ ဆန်းယွမ်မြို့၊ ချင်းယွင်ဂိုဏ်း နှင့် အခြားသော အင်အားစုများမှာလည်း ဤသတင်းကို လက်ခံရရှိထားကြတော့‌သည်။ မနက်ဖြန်တွင် ကျင်းပမည့် လက်ရည်ယှဉ်ပွဲအကြောင်း ကြားရသောအခါ လူတိုင်းမှာ အထုပ်အပိုးများကို အလျင်အမြန် ပြင်ဆင်ကြပြီး ညတွင်းချင်းပင် ခရီးစတင်ခဲ့ကြလေတော့သည်။

*

စားသောက်ဆိုင်တစ်ခုအတွင်း၌ ဖြစ်သည်။

ကျူးလေ သည် သူ၏ ဘေးရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ ရှိသော ပါရမီရှင်အား ပြောလိုက်၏။

“ညီနောင် ဟွမ်... ငါတို့ သတင်းဖြန့်ပြီးသွားပြီ... မနက်ဖြန် နေမွန်းတည့်ချိန်ကျရင် မြူခိုးဂိုဏ်း ဆီကို မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ရောက်လာကြလိမ့်မယ်”

“အင်း... ကောင်းတယ်” ဟွမ်ဖင်းဖုန်း က ခေါင်းညိတ်လိုက်၏။

သူတို့သည် မြူခိုးဂိုဏ်း တပည့်များကို အနိုင်ယူပြီးနောက် နန်းမြို့တော်၏ ပါရမီရှင်များမှာ မည်မျှ အစွမ်းထက်ကြောင်း ကမ္ဘာကို ပြသရန်အတွက် ဤသတင်းကို တမင်တကာ ဖြန့်ဝေခဲ့ခြင်းပင် ဖြစ်၏။

---

မြူခိုးတောင်ထိပ်။

ကုန်းချင်းချိုး သည် ရေပေါ်ဖြူ မြို့တော် မှ သတင်းကို ကြားရသောအခါ အတော်လေး အံ့သြသွားရလေ၏။ သူမသည် အိုင်ဘေးရှိ ကျောက်ပြားပေါ်တွင် လှဲလျောင်း အနားယူနေသော ယဲ့ဖုန်း ထံသို့ အပြေးအလွှား သွားရောက်ခဲ့လေသည်။

“ဂိုဏ်းချုပ်... တစ်စုံတစ်ယောက်က တမင်တကာ သတင်းလွှင့်နေတာပါ။ မနက်ဖြန် လက်ရည်ယှဉ်ပွဲကို လာကြည့်မယ့် လူတွေ အများကြီး ရှိလိမ့်မယ် ထင်တယ်”

ယဲ့ဖုန်း မှာမူ ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်ရာ အံ့သြနေခြင်း မရှိပေ။ သူက ဖြည်းညှင်းစွာ ပြောလိုက်၏။

“နန်းမြို့တော်က ပါရမီရှင်တွေက သူတို့.. ကျုပ်တို့ကို အသာလေး နှိမ်နိုင်မယ်လို့ ထင်နေတာကိုး... အဲဒါကြောင့် သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြတာပေါ့... သူတို့ နိုင်သွားရင် နန်းမြို့တော်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ပေါ့လေ”

ကုန်းချင်းချိုး သည် အသားများကို အငမ်းမရ စားနေသော ချောင်ကျားရှီး ကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် လေဓားများကို အသည်းအသန် ရှောင်တိမ်းနေသော မိုယင် နှင့် ရုပ်သေးရုပ်များစွာကြားတွင် ပြင်းထန်စွာ တိုက်ခိုက်နေသော ဟိုယွင်ကျဲ တို့ကို ကြည့်ကာ တိတ်တဆိတ် အံ့သြနေမိလေသည်။

“ဂိုဏ်းချုပ်... သူတို့ ဘာလုပ်နေကြတာလဲဟင်”

“အထူးလေ့ကျင့်ခန်း လုပ်နေကြတာလေ” ဟု ယဲ့ဖုန်းက ဖြေလိုက်၏။

“အဲဒါက တကယ်ပဲ အသုံးဝင်မှာလားဟင်” ကုန်းချင်းချိုး စူးစမ်းလိုစိတ် ပြင်းပြနေလေသည်။

“မနက်ဖြန်ကျရင် သိရမှာပေါ့ဗျာ...” ယဲ့ဖုန်းက သမ်းဝေလိုက်ရင်း - “ဂိုဏ်းချုပ်ဖြစ်တဲ့ ငါလည်း ပင်ပန်းနေပြီ... ခဏလောက် အိပ်လိုက်ဦးမယ်”

သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထုတ်ယူကာ သူ၏ ခြေရင်းရှိ ကျောက်ပြားအတွင်းသို့ ရိုက်သွင်းလိုက်ပြီးနောက် ဆက်လက် အိပ်စက်နေလေတော့၏။

---

နောက်ဆုံးတွင်တော့ စိန်ခေါ်ပွဲနေ့သို့ ဆိုက်ရောက်လာခဲ့လေပြီ။

မနက်စောစောအချိန်မှာပင် ကျင့်ကြံသူ အများအပြားမှာ အနီးနားသို့ ရောက်ရှိနေကြပြီး တိုက်ပွဲကို စောင့်ကြည့်ရန် အသင့် ပြင်ထားကြလေ၏။ ယဲ့ဖုန်းသည် အိုင်ဘေးသို့ အကြည့်ပို့လွှတ်လိုက်၏။ ချောင်ကျားရှီး မှာ မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး ဘေးရှိ ကင်စင်မှာလည်း ဗလာ ဖြစ်နေရတော့၏။ ပေါင်တစ်ထောင်ရှိသော ရူးသွပ်မြွေဟောက်ဘုရင် ၏ အသားများမှာလည်း ကုန်စင်သွားရတော့၏။

လှောင်အိမ်အတွင်း၌ ၊

မိုယင် သည် မြေပြင်ပေါ်တွင် ရပ်နေလေ၏။ သူမသည် သူမ၏ ဓားကို အသုံးပြု၍ လေဓားအားလုံးကို ပိုင်းဖြတ်နိုင်ရတော့၏။ သူမ၏ ဝတ်စုံများမှာ စုတ်ပြတ်နေသော်လည်း သူမ၏ ရဲရင့်လှသော စိတ်ဓာတ်မှာမူ လုံးဝ ညှိုးနွမ်းခြင်း မရှိပေ။

“ဘုရားရေ.. ငါ အသည်းအသန် ပြေးလာတာ ခြေထောက်တွေတောင် ကျိုးတော့မယ်”

“ဟုတ်ပဗျာ...ကျုပ်လည်း ဒီလောက်အထိ မပြေးရတာ နှစ်ပေါင်းများစွာ ရှိပြီ... ပင်ပန်းလွန်းလို့ အသက်တောင် ထွက်တော့မယ်”

ကြည့်ရှုသူများမှာ လေ့ကျင့်ရေးကွင်းပြင်သို့ တဖြည်းဖြည်း ရောက်ရှိလာကြလေ၏။ အချို့မှာ အကောင်းဆုံး နေရာကို ရယူရန်အတွက် အသည်းအသန် ပြေးလာကြသဖြင့် အမောတကော ဖြစ်နေကြရရှာသည်။

“ဘာလို့ အစ်မက ခုထိ ရောက်မလာသေးတာလဲ”

လင်းကျင့်လေ့ သည် ပိုမို များပြားလာသော ကြည့်ရှုသူများကို ကြည့်ကာ စိုးရိမ်စိတ်ဖြင့် ဂဏာမငြိမ် ဖြစ်နေလေ၏။

“အစ်မက လာမယ်လို့ ပြောထားရင် သေချာပေါက် လာမှာပါ... စိတ်မပူပါနဲ့”

လင်းယိရွှမ် သည် သူ၏ အစ်မအပေါ် လုံးဝ ဥဿဿုံ ယုံကြည်ချက် ရှိနေသူ ဖြစ်ပေသည်။ သူ၏ စူးရှလှသော မျက်ဝန်းများမှာလည်း တောက်ပနေ၏။

“ဆရာသခင် တစ်ခုခု ကြောင့် နောက်ကျနေတာများလား”

ရှီထို ၏ မျက်လုံးလေးများမှာ တောက်ပနေပြီး ပြောလိုက်၏။

“မင်းကတော့ ဘာတွေ လျှောက်ပြောနေတာလဲ” ဝမ်မုံ က သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

“လာနေပြီ”

လင်းယိရွှမ် ၏ အကြည့်များမှာ ရုတ်တရက် တောက်ပသွားပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်၏။

“ဝှစ်…”

ထိုအခိုက်အတန့်တွင် ဧရာမ လင်းယုန်ကြီး တစ်ကောင်မှာ ရှည်လျားလှသော အော်ဟစ်သံကြီး တစ်ချက်နှင့်အတူ ကောင်းကင်ယံမှနေ၍ အောက်ခြေသို့ ထိုးဆင်းလာရတော့၏။

“ဟိုမှာကြည့်စမ်း... ဧရာမ လင်းယုန်ကြီး တစ်ကောင်ပဲ”

“လင်းယုန်ပေါ်မှာ လူတစ်ယောက် ပါလာတယ်ဗျ”

“မိန်းကလေး တစ်ယောက်လား”

“ဟော... အဲဒါ ကျင့်ကုန်းရဲ့ သမီးကြီး မဟုတ်လား”

“ဘုရားရေ... သူက ကောင်းကင်ကနေ တိုက်ရိုက် ထိုးဆင်းလာတာပဲ... လင်းယုန်ပေါ်ကနေ ပြုတ်ကျမသွားဘူးလား မသိဘူးနော်”

“အို... ငါတော့ ရင်တုန်လွန်းလို့ သေတော့မှာပဲ”

လင်းယုန်ကြီး၏ အော်သံကို ကြားရသောအခါ လေ့ကျင့်ရေးကွင်းပြင် တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားရတော့၏။ ကွင်းပြင်ရှေ့တွင် စုရုံးနေသော လူအုပ်ကြီးမှာ အလွန်ပင် အံ့အားသင့်သွားကြရပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကြပြန်သည်။ လူတိုင်းမှာ ကောင်းကင်ယံကို စိုးရိမ်တကြီး မော့ကြည့်နေကြစဉ် လင်းယုန်ကြီးမှာ မြေပြင်သို့ နီးကပ်လာရတော့၏။

“နောက်ထပ် မိန်းကလေး တစ်ယောက်လား”

“သူတို့တွေ ဘာတွေ လုပ်နေကြတာလဲဗျာ

”

လူအုပ်ကြီးမှာ အံ့သြတကြီး ဖြစ်နေကြရလေ၏။

ကုန်းစွန်းပထျန်း ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာလည်း စစ်ဗိုလ်ချုပ်အဆင့်သို့ ရောက်ရှိနေရတော့၏။ ၎င်းမှာ သူ၏ ကျင့်ကြံခြင်း အဆင့်လောက် မမြင့်မားသော်လည်း ကြီးမားလှသော အထောက်အကူပြု စွမ်းအားတစ်ခု ဖြစ်စေသည်မှာ အမှန်ပင်။

“စီနီယာအစ်ကို ရဲ့ တိုက်ပွဲကတော့ နည်းနည်း ခက်ခဲလိမ့်မယ် ထင်တယ်ဗျ”

လုံထျန်းရှင်း သည် ဖေးလိုင်တောင်ထိပ် ပေါ်တွင် ရပ်လျက် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

အခန်း (၄၆၁)- လူအပေါင်းစုဝေးခြင်းနှင့် လက်ရည်ယှဉ်ပွဲ စတင်ခြင်း

~“ဖိအားတွေအောက်မှာပဲ... တွန်းအားနဲ့ ပေါက်ကွဲနိုင်စွမ်းတွေက ထွက်ပေါ်လာတတ်တာမျိုးပေါ့...”

ယဲ့ဖုန်းသည် ဖေးလိုင်တောင်ထိပ်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာလေ၏။ သူသည် တပည့်များကို ကြည့်ကာ ပြုံးလျက် -

“ဒီတိုက်ပွဲကို သေသေချာချာ ကြည့်ထားကြ...”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”

တပည့်များက တညီတညွတ်တည်း ထူးလိုက်ကြလေ၏။ ထိုစဉ် လူတိုင်း၏ အကြည့်များမှာ ဖူယွင် တောအုပ်နက်၏ အလယ်ဗဟိုဆီသို့ စုပြုံရောက်ရှိသွားကြတော့သည်။ အကြောင်းမူကား ထိုနေရာတွင် နန်းမြို့တော်မှ ပါရမီရှင်များနှင့် မြူခိုးဂိုဏ်း၏ တပည့်သုံးဦးတို့ လက်ရည်ယှဉ်ပွဲ စတင်တော့မည် ဖြစ်သောကြောင့်ပင်။

ပထမဆုံးပွဲစဉ်မှာ ဟိုယွင်ကျဲ နှင့် ကုန်းစွန်းပထျန်း တို့၏ တိုက်ပွဲ ဖြစ်လေ၏။ ကောင်းကင်ယံထက်တွင် အေးစိမ့်သော လေပြင်းများ တိုက်ခတ်နေ၏။ ကြေးနီရောင် အသားအရေရှိပြီး ဆံပင်ကျစ်ထားသော ကုန်းစွန်းပထျန်းသည် ကိုယ်ခန္ဓာကျင့်ကြံခြင်းလမ်းစဉ်တွင် အသည်းအသန် ကြိုးစားထားသူတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။

သူသည် ဧရာမ ပုဆိန်ကြီးတစ်လက်ကို ဝှေ့ယမ်းလိုက်ပြီး အော်ဟစ်လိုက်၏။

“မင်းနာမည်က ဟိုယွင်ကျဲ လား... ကျူးလေ ကို လူပုံအလယ်မှာ အနိုင်ယူခဲ့တယ်ဆိုတာ မင်းပဲလား...”

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျူးလေမှာ ဒေါသထွက်လွန်းသဖြင့် သွားများကိုပင် ကြိတ်ထားမိလေ၏။ အကြောင်းမူကား ကုန်းစွန်းပထျန်းမှာ တိုက်ပွဲဝင်နေရင်းနှင့် သူ၏ အရှုံးကို ထည့်ပြောကာ အရှက်ခွဲနေသောကြောင့် ဖြစ်၏။

ဟိုယွင်ကျဲကမူ တည်ငြိမ်စွာဖြင့် -

“ကံကောင်းလို့ နိုင်သွားတာပါ ခင်ဗျာ...”

“ကျူးလေ ဆိုတာက သာမန်ပါပဲ... ငါ့လက်အောက်မှာ အမြဲတမ်း ရှုံးနေတဲ့သူလေ... သူ့ကို နိုင်တယ်ဆိုမှတော့ မင်းက ငါနဲ့ တိုက်ဖို့ အရည်အချင်းရှိသွားပြီပေါ့...”

ကုန်းစွန်းပထျန်းက မောက်မာစွာ ကြေညာလိုက်၏။ ထိုစကားကြောင့် ကျူးလေမှာ ဒေါသပေါက်ကွဲပြီး ဆဲရေးတိုင်းထွာမိတော့မည့်အလား။ ဟိုယွင်ကျဲ၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲခြင်း မရှိပေ။

“စကားတွေ အများကြီး ပြောမနေပါနဲ့တော့... တိုက်ကြရအောင်ဗျာ...”

“ကောင်းပြီလေ...”

ကုန်းစွန်းပထျန်း ပြေးဝင်သည်။ ပုဆိန်ကို မြှောက်သည်။ အစွမ်းကုန် ပိုင်းချလိုက်၏။

ထိုအချိန်၌၊ ဟိုယွင်ကျဲ က အေးစက်အလင်းဓားကို သိမ်းလိုက်သည်။ နှင်းခဲဓားကို ထုတ်သည်။ ပုဆိန်ကို ပုတ်ထုတ်လိုက်၏။ ဓားသွားက ရင်ဘတ်ဆီသို့ ဦးတည်နေသည်။

ကုန်းစွန်းပထျန်း အရှိန်ပြောင်းသည်။ ဘေးတိုက် ပိုင်းသည်။ နှင်းခဲဓားကို လွင့်သွားစေ၏။ လက်သီးတစ်ချက် ပစ်သွင်းသည်။ ဟိုယွင်ကျဲ အေးစက်အလင်းဓားကို ထုတ်သည်။ လက်သီးကို တားဆီးလိုက်၏။ အရှိန်ဖြင့် နောက်သို့ ဆုတ်သည်။ နှင်းခဲဓားကို ပြန်ဖမ်းလိုက်၏။

ပုဆိန်ကြီးက ပြန်ဝှေ့လာသည်။ အရှိန်အဝါက ပေပေါင်း ရာချီ ရှည်လျားလှ၏။ ဟိုယွင်ကျဲ ဓားနှစ်စင်းကို ယှက်လိုက်သည်။ ပုဆိန်ချက်ကို တားလိုက်၏။

“ဘုန်း...။ ဘုန်း…”

လက်နက်ချင်း ထိတွေ့သည်။ အသံများ စူးရှလှ၏။ လေထုထဲတွင် တုန်ခါမှုများ ဖြစ်ပေါ်သည်။

ဟိုယွင်ကျဲ ဓားကို သိမ်းသည်။ ချက်ချင်း ပြန်ဆွဲထုတ်လိုက်၏။ ဓားဆွဲထုတ်ခြင်း နည်းစနစ်။ ဓားအလင်းတန်း နှစ်ခု ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်ကို ခွဲထုတ်၏။ ကုန်းစွန်းပထျန်းက ပုဆိန်ဖြင့် ကာသည်။

ဟိုယွင်ကျဲ လက်ဟန် ရေးဆွဲလိုက်သည်။ လျှို့ဝှက်ဆန်းကြယ် ပန်းချီကားချပ် ပေါ်လာ၏။ ရေဓားများ ပစ်လွှတ်သည်။ နွယ်ပင်များက ရစ်ပတ်သည်။

ကုန်းစွန်းပထျန်း ဟိန်းဟောက်လိုက်၏။ တဆက်တည်း၌၊ အရှိန်အဝါတွေ ပေါက်ကွဲထွက်လာ၏။ ရေဓားများကို ဖယ်ရှားလိုက်သည်။

သို့သော် ဟိုယွင်ကျဲက နောက်ကျောတွင် ရောက်နေလေပြီ။

ကျောဘက်မှ ဓားထိုးခြင်း မန္တန်။ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို ထပ်သုံးသည်။

ပတ်ဝန်းကျင်က အေးခဲသွားသည်။ နှင်းမုန်တိုင်း ကျဆင်းလာ၏။

ကုန်းစွန်းပထျန်း တုန်ယင်သွားသည်။ ခြေထောက်တွေ မခိုင်တော့ပေ။ နွယ်ပင်တွေက ပြန်ဖမ်းသည်။ သူ မလှုပ်နိုင်တော့။ ပုဆိန်ကို အားကိုးပြီး ခုတ်ပိုင်းလိုက်၏။

သို့သော်လည်း နှင်းခဲဓားက ပိုမြန်သည်။ ပုဆိန်ကို လွင့်စဉ်သွားစေ၏။ ပြင်းထန်သော စွမ်းအားက သူ့ကို ရိုက်ခတ်သည်။ သူ မြေပေါ်သို့ လွင့်ကျသွားရသည်။ ရင်ဘတ်တွင် ဓားဒဏ်ရာ တစ်ခု ပေါ်လာလေ၏။

“ခင်ဗျား ရှုံးသွားပြီ...”

ဟိုယွင်ကျဲသည် ကုန်းစွန်းပထျန်း၏ လည်ပင်းတွင် ဓားနှစ်စင်းကို ယှက်ကာ တင်လိုက်၏။ ထိုအခိုက် ကုန်းစွန်းပထျန်း၏ မျက်နှာမှာ တောင့်တင်းသွားခဲ့ရတော့‌သည်။

“ငါ... ငါ ရှုံးသွားတာလား...”

နန်းမြို့တော်မှ ပါရမီရှင်များမှာ မကျေမနပ်ဖြင့် ခြေဆောင့်နေကြကုန်၏။ သို့သော်ငြား ကျူးလေကမူ ပခုံးတွန့်လိုက်ရင်း -

“ကုန်းစွန်းပထျန်း... မင်းကလည်း တစ်နေကုန် ကြွားနေပြီးတော့... အခုတော့ မင်းလည်း ရှုံးတာပဲ မဟုတ်လား...”

“ပထမပွဲစဉ်... မြူခိုးဂိုဏ်း အနိုင်ရပါတယ်...”

ဟွမ်ဖင်းဖုန်းသည် မလိုလားသော်လည်း ရလဒ်ကို ကြေညာပေးလိုက်ရလေ၏။

“သိပ်ကောင်းတာပဲ...”

“မြူခိုးဂိုဏ်း က တပည့်တွေက မရိုးရှင်းဘူးဆိုတာ ငါ သိသားပဲ...”

တောင်ပိုင်းမြစ်ဝှမ်းဒေသမှ ကျင့်ကြံသူများမှာ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်ကြလေ၏

အကြောင်းမူကား သုံးပွဲ ပြိုင်ရာတွင် တစ်ပွဲကို အသာရထားပြီ ဖြစ်သောကြောင့်ပင်။ နောက်ထပ် နှစ်ပွဲလုံး ရှုံးသွားလျှင်ပင် တောင်ပိုင်းမြစ်ဝှမ်းဒေသတွင် ပါရမီရှင်များ ရှိကြောင်း သက်သေပြနိုင်ခဲ့ပြီ မဟုတ်ပါလော။

“နောက်တစ်ပွဲကတော့... ကျွန်တော့်အလှည့်ပဲ...”

ချောင်ကျားရှီးက ရှေ့သို့ ထွက်လာလေ၏။

သူ၏ အရှိန်အဝါများမှာ ရုတ်တရက် ဆယ်ဆခန့် မြင့်တက်လာပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားလေ၏။

သူသည် လေထဲသို့ ပျံတက်သွားပြီး ဖူယွင် တောအုပ်နက်၏ အလယ်တွင် ရပ်တန့်လိုက်၏။

“ကိုယ်ခန္ဓာ ကျင့်ကြံသူလား...”

“ထူးဆန်းလိုက်တာ... ကိုယ်ခန္ဓာ ကျင့်ကြံသူက ဘယ်လိုလုပ် ပျံနိုင်တာလဲဟ..”

အင်အားစုအသီးသီးမှ လူများမှာ ဇဝေဇဝါ ဖြစ်လျက် တွတ်ထိုးနေကြလေ၏။ သို့သော်လည်း မည်သူမျှ အဖြေကို ရှာမတွေ့ကြပေ။

“ဒါ ချောင်ကျားရှီး လေ... ငါ သူ့ကို သိတယ်... အရင်က ခရိုင်ဘုရင်မြို့တော်ရဲ့ မြေအောက်စမ်းသပ်ကွင်းမှာ အပြင်းစား တိုက်ခိုက်မှု စွမ်းအားတွေကို ပြခဲ့တာ... တကယ့် ပါရမီရှင်ပဲ...”

ချောင်ကျားရှီးကို မှတ်မိသူတစ်ဦးက အံ့သြတကြီး အော်ဟစ်လိုက်၏။

“ကိုယ်ခန္ဓာ ကျင့်ကြံသူလား... ဘယ်အဆင့်လဲ...”

ဟွမ်ဖင်းဖုန်းက ချောင်ကျားရှီးကို ကြည့်လိုက်ရင်း -

“ညီလေး... မင်းအနေနဲ့ ငါတို့ နန်းမြို့တော် ပါရမီရှင်တွေထဲက အဆင့်တူတဲ့ တစ်ယောက်ယောက်ကို ရွေးချယ်နိုင်ပါတယ်...”

“ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် စတုတ္ထအလွှာ အောက်မှာ ရှိတဲ့သူ ဘယ်သူမဆို... လာခဲ့ကြပါ... အေးအေးဆေးဆေး တိုက်ပေးပါ့မယ်...”

ချောင်ကျားရှီးက တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ အရှိန်အဝါများမှာ သာမန်ကျင့်ကြံသူများ အနားမကပ်ရဲလောက်အောင် ပြင်းထန်သော မုန်တိုင်းတစ်ခုပမာ ဖြစ်ပေါ်နေလေသည်။

“ဒါဆိုရင်တော့... ငါပဲ မင်းကို စမ်းသပ်ပေးရတာပေါ့...”

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ ရှိသော လူငယ်တစ်ဦးမှာ ရှေ့သို့ ထွက်လာလေ၏။ သူ၏ လက်ထဲတွင် ဓားမြှောင်ငယ်လေး ဒါဇင်ပေါင်းများစွာကို ကိုင်ဆောင်ထားသည်။

ချောင်ကျားရှီးက ထိုသူကို အကဲခတ်လိုက်ရင်း -

“မြူခိုးဂိုဏ်း ရဲ့ အတွင်းစည်းတပည့်... ချောင်ကျားရှီး ပါ...”

ဓားမြှောင်ကိုင်လူငယ်ကလည်း -

“နန်းမြို့တော် လီမိသားစုရဲ့ မျိုးဆက်... လီဟဲ ပါ...”

“တိုက်ကြရအောင်ဗျာ...”

ချောင်ကျားရှီးမှာ အချိန်ဖြုန်းလိုစိတ် မရှိပေ။

“ချွင်…”

လီဟဲသည် ဓားမြှောင် ဒါဇင်ပေါင်းများစွာကို ပစ်လွှတ်လိုက်ရာ ၎င်းတို့မှာ သူ၏ ပတ်လည်တွင် ဓားဝင်္ကပါတစ်ခုပမာ လှည့်ပတ်နေလေ၏။ ဓားမြှောင်တစ်ခုချင်းစီမှ ထက်ရှလှသော အအေးဓာတ်များ ထွက်ပေါ်နေပြီး နတ်ဆိုးဗိုလ်ချုပ်များ၏ ကိုယ်ခန္ဓာကိုပင် အသာလေး ပိုင်းဖြတ်နိုင်စွမ်း ရှိလေ၏။

“မိုးမခရွက် ဓားမြှောင်... ပစ်မှတ်ကို လွဲချော်ခြင်း မရှိစေရ...”

လီဟဲသည် လက်ညှိုးဖြင့် ချောင်ကျားရှီးဆီသို့ ညွှန်ပြလိုက်၏။ ထိုစဉ် ဓားမြှောင် တစ်ဝက်ကျော်မှာ မြှားများအလား တရှိန်ထိုး ထွက်ပေါ်သွားပြီး ချောင်ကျားရှီး၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းအသီးသီးဆီသို့ ဦးတည်သွားတော့သည်။

“လာစမ်းပါ...”

ချောင်ကျားရှီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထိုအခိုက်အတန့်တွင် သူ၏ အရှိန်အဝါမှာ အကန့်အသတ်ကို ချိုးဖျက်ကာ ဆယ့်နှစ်ဆအထိ တစ်ဟုန်ထိုး မြင့်တက်သွားရတော့၏။

“အုန်း…”

သူသည် သူ၏ လက်သီးနှင့် ခြေထောက်များကို အသုံးချကာ ဓားမြှောင်ဝင်္ကပါ၏ ပထမအသုတ် တိုက်ခိုက်မှုကို ပယ်ဖျက်လိုက်၏။ သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာ အနည်းငယ်မျှပင် မရရှိခဲ့ပေ။

“တကယ့်ကို သန်မာလှတဲ့ ကိုယ်ခန္ဓာပါလား...”

ကြည့်ရှုနေသူများမှာ အံ့သြလွန်းသဖြင့် အော်ဟစ်ချီးကျူးမိကြလေ၏။

အခန်း (၄၆၂) ထက်မြက်လှသော ဓားစိတ်ဆန္ဒ၊ ရှေးဟောင်းနတ်ဘုရား အသွင်နှင့် ပြိုင်ဘက်ကို အလဲထိုးခြင်း

~ချောင်ကျားရှီးသည် ကောင်းကင်ယံ အမြင့်ထက်တွင် မားမားမတ်မတ် ရပ်နေလေသည်။

သူသည် မလှမ်းမကမ်းတွင် ဝဲပျံနေသော မိုးမခရွက် ဓားမြှောင်များကို စိုက်ကြည့်ရင်း ခပ်အေးအေးပင် ပြောလိုက်၏။

“ဒီအရာတွေနဲ့တင်တော့... ခင်ဗျား ကျွန်တော့်ရဲ့ အကာအကွယ်ကို ဖောက်နိုင်မှာ မဟုတ်ဘူးဗျ...”

အကြောင်းမူကား... သူသည် ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား သွေးကြောကို ဆက်ခံထားသော ကိုယ်ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်လေ၏။ သူ၏ သဘာဝအလျောက် ရှိနေသော အကာအကွယ်မှာပင် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခုနှင့် တန်းတူ ရှိနေသည် မဟုတ်ပါလော။ ဤဓားမြှောင်ဝင်္ကပါကို တားဆီးရန်မှာ သူ့အတွက်တော့ အပန်းမကြီးလှပေ။

“ဒါက အမြည်းပဲ ရှိသေးတာ.. ငါ့ကို ဘာမှမလုပ်နိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား...”

လီဟဲ၏ လက်ချောင်းများက အသာအယာ လှုပ်ရှားသွားလေ၏။ ထိုခဏ၌ လေထဲရှိ ဓားမြှောင်အားလုံးမှာ သူ၏ ပတ်လည်သို့ ပြန်လည် စုစည်းလာခဲ့ကြတော့‌သည်။

ချောင်ကျားရှီးကမူ တည်ငြိမ်စွာဖြင့် -

“ဒါဆိုရင်လည်း... လာစမ်းပါဗျာ...”

“ထက်မြက်လှသော ဓားစိတ်ဆန္ဒ...”

လီဟဲသည် သူ၏ လက်ညှိုးကို ဓားတစ်စင်းပမာ ကောင်းကင်သို့ ညွှန်ပြလိုက်၏။ ထိုအခိုက် ဓားမြှောင်အားလုံးမှာ အထက်သို့ ပျံတက်သွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားရတော့၏။ ထက်ရှလှသော ဓားစိတ်ဆန္ဒများမှာ နေမင်းကြီးထက်ပင် ပိုမိုတောက်ပစွာ ဖြာထွက်လာတော့သည်။

“အရှိန်အဝါတွေက တကယ် ပြင်းထန်တာပဲ...”

ချောင်ကျားရှီး ဖိအားများကို စတင် ခံစားလိုက်ရလေ၏။ ပေါင်းစည်းထားသော ဓားမြှောင်ကြီးမှာ သူ၏ ကိုယ်ခန္ဓာကိုပင် အပိုင်းပိုင်း ဖြတ်တောက်ပစ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ ၎င်းမှာ အမှန်တကယ်ပင် အန္တရာယ် ရှိလှပေသည်။

“ချောင်ကျားရှီး... မင်း ငါ့ကို သာမန်လူလို့ ထင်နေတာလား... ငါ့မှာ အစွမ်းမရှိဘဲနဲ့တော့... နန်းမြို့တော်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒီတိုက်ပွဲကို လာမှာ မဟုတ်ဘူးဗျ...”

လီဟဲ၏ ဆံပင်ရှည်များမှာ လေထဲတွင် ရူးသွပ်စွာ ဝဲပျံနေလေ၏။ သူ၏ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဓားမြှောင်ကြီးမှာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်လျက် ချောင်ကျားရှီး၏ အထက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ရက်စက်စွာ ပိုင်းချလိုက်လေတော့သည်။

“လာစမ်း...”

ချောင်ကျားရှီးသည် သက်စောင့်ဝိညာဉ် ဓားချက် ကို အသုံးပြု၍ ထိုဓားမြှောင်ကြီးကို တားဆီးလိုက်သော်လည်း၊ တန်ပြန်သက်ရောက်မှုကြောင့် နောက်သို့ မီတာ အနည်းငယ်မျှ လွင့်စဉ်သွားခဲ့ရလေ၏။

“ညီလေး ချောင် အခြေအနေ မဟန်တော့ဘူးလား...”

လုံထျန်းရှင်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

“ဒီလိုဖြစ်မယ်မှန်း သိရင်... ကျွန်တော်ပဲ အရင် ထွက်လိုက်ရမှာ... ကျွန်တော့်ရဲ့ ငွေရောင်လက်သည်းတွေက ဒီဓားမြှောင်တွေကို သေချာပေါက် တားနိုင်မှာပဲလေ...”

“အခုမှ နောင်တရနေလို့လည်း မထူးတော့ဘူး...”

ယဲ့ဖုန်းက ခေါင်းခါယမ်းလိုက်ရင်း -

“ဒါပေမယ့်... ညီလေး ချောင် က အားနည်းတဲ့သူ မဟုတ်ပါဘူး... သူ ဘယ်လိုမှ မရှုံးဘူး...”

ထိုစကားကို ကြားသော်၊ လူအုပ်ကြီးမှာ ယဲ့ဖုန်းအား အံ့သြတကြီး လည်ပြန်ကြည့်လိုက်ကြလေ၏။

လက်ရှိ အခြေအနေအရ ချောင်ကျားရှီးမှာ သူ၏ အစွမ်းရှိသမျှ ထုတ်သုံးနေရသော်လည်း ဓားမြှောင်ကြီး၏ တိုက်ခိုက်မှုအောက်တွင် နောက်သို့ ဆုတ်နေရသည် မဟုတ်ပါလော။ ဤအခြေအနေမှ မည်သို့လျှင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ပါမည်နည်း။

“ဆက်ကြည့်နေကြစမ်းပါ...”

ယဲ့ဖုန်းက လက်ကို နောက်ပစ်ထားလျက် ချောင်ကျားရှီးအပေါ်တွင် ယုံကြည်မှု အပြည့် ရှိနေလေ၏။ အကြောင်းမူကား သူ၏ အထူးလေ့ကျင့်ခန်းမှာ အလကား မဟုတ်သောကြောင့်ပင်။

---

ဓားမြှောင်ကြီးက ပြန်ဝှေ့လာသည်။ အရှိန်က အံသြဖို့ ကောင်း၏။

ထိုအခါ၊ ချောင်ကျားရှီး လက်ဟန် ရေးဆွဲသည်။ သက်စောင့်ဝိညာဉ် ဓားချက်ဖြင့် တားသည်။

“ဘုန်း…”

လက်ဖဝါးတွေ အက်ကွဲသွား၏။ သွေးစတွေ လွင့်စင်ကုန်သည်။ ဓားမြှောင်ကတော့ လွင့်ထွက်သွားသည်။

“ဓားစိတ်ဆန္ဒက တကယ် ပြင်းတာပဲ။ ငါ့ရဲ့ အရေပြားကိုတောင် ခွဲနိုင်တာလား။”

ချောင်ကျားရှီး လေးနက်သွားသည်။ သူ ယဲ့ဖုန်း၏ လမ်းညွှန်ချက်ကို သတိရမိ၏။

သူ အတင်းမတိုးပေ။ ခုခံခြင်းကိုသာ အာရုံစိုက်သည်။ အမြဲတမ်း ဖိနှိပ်ခံထားရသည့် ပုံစံမျိုး ဖြစ်နေလေတော့သည်။

“မကောင်းတော့ဘူးဗျာ...”

“ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး...”

“ကြည့်ရတာ ချောင်ကျားရှီး ရှုံးတော့မှာပဲ...”

အင်အားစုအသီးသီးမှ လူများမှာ စိတ်မကောင်းစွာဖြင့် တတွတ်တွတ် ညည်းတွားနေကြကုန်၏။

တောင်ပိုင်းမြစ်ဝှမ်းဒေသသားများ ဖြစ်ကြသည့်အတိုင်း၊ နန်းမြို့တော်မှ ပါရမီရှင်ကို အနိုင်မရစေလိုဘဲ ချောင်ကျားရှီးကိုသာ အောင်ပွဲ ဆက်လက်ရယူစေလိုကြသည် မဟုတ်ပါလော။

*

တောင်ထိပ်တစ်ခုပေါ်တွင် ၊

ကျန်းပိုင်ကောသည် လက်ကို နောက်ပစ်ကာ အဝေးမှ တိုက်ပွဲကို ငြိမ်သက်စွာ စောင့်ကြည့်နေလေ၏။

“လီဟဲရဲ့ ဓားမြှောင်တွေက တကယ် အစွမ်းထက်တယ်... သူ့ရဲ့ ဓားစိတ်ဆန္ဒကလည်း အရမ်း ထက်မြက်သလို ထွင်းဖောက်နိုင်စွမ်းကလည်း မြင့်မားတယ်... သူ့ကို အထင်သေးလို့ မရဘူး...”

ကျန်းပိုင်ကောက တိုးတိုးလေး ရေရွတ်လိုက်မိ၏။ လော့ဟယ်တုန် အပါအဝင် ဓားဘုရင်ဂိုဏ်းမှ တပည့်များမှာ သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြလေ၏။

“စီနီယာအစ်ကို... ဆိုလိုတာက မြူခိုးဂိုဏ်း က ချောင်ကျားရှီး ရှုံးတော့မယ်လို့ ပြောချင်တာလားဟင်...” လော့ဟယ်တုန်က မေးမြန်းလိုက်သည်။

“အခုလောလောဆယ်တော့ ပြောရခက်သေးတယ်ဗျ...”

ကျန်းပိုင်ကောက ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း -

“မင်းတို့ သတိမထားမိဘူးလား... ချောင်ကျားရှီး က ဖိနှိပ်ခံနေရသလို ထင်ရပေမဲ့... တကယ်တမ်းမှာတော့ သူက ရှုံးမသွားဘဲ တောင့်ခံထားနိုင်တုန်းပဲလေ... သေသေချာချာ ကြည့်စမ်းပါ...”

ထိုစကားကြောင့် လူတိုင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားရလေ၏။

“ဟုတ်ပါရဲ့... ချောင်ကျားရှီး က အားနည်းနေသလို ထင်ရပေမဲ့... ဓားမြှောင်တွေရဲ့ တိုက်ခိုက်မှုက သူ့ရဲ့ ဒဏ်ရာတွေကိုပဲ နက်သွားစေတာ... သူ့ကို လုံးဝ အလဲမထိုးနိုင်သေးဘူးပဲ...” လော့ဟယ်တုန်က အမှန်တရားကို သဘောပေါက်သွားရတော့၏။

“မင်းတို့ကော ဘယ်လို ထင်ကြလဲ...” ကျန်းပိုင်ကောက အခြားတပည့်များကို မေးလိုက်၏။

“ဒီအတိုင်းသာ ဆက်သွားရင်တော့... ချောင်ကျားရှီး ရှုံးဖို့ များပါတယ်... ဒါပေမဲ့ စီနီယာအစ်ကို ပြောတာကို ကြားမှပဲ... သူက တစ်ခုခုကို စောင့်နေတာများလားလို့ တွေးမိတော့တယ်...”

ဖြူဝင်းလှပသော အသားအရေရှိသည့် အမျိုးသမီး တပည့်တစ်ဦးက စဉ်းစားဆင်ခြင်စွာဖြင့် ပြောလိုက်သည်။

“မှန်တာပေါ့... သူက အခွင့်အရေးကို စောင့်နေတာဗျ...” ကျန်းပိုင်ကောက ထောက်ခံလိုက်၏။

---

ဖူယွင် တောအုပ်နက်၏ အထက်တွင် ဖြစ်သည်။

လူပုံရိပ် နှစ်ခုမှာ ပြင်းထန်စွာ အားပြိုင်နေကြဆဲပင်။

“ချွင်…”

ဓားမြှောင်မှာ ဟင်းလင်းပြင်ကို ခွဲထုတ်လျက် ချောင်ကျားရှီး၏ နောက်ကျောသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာရတော့၏။ ချောင်ကျားရှီးကမူ ရုတ်တရက် လှည့်ကာ သက်စောင့်ဝိညာဉ် ဓားချက် ဖြင့် ပုတ်ထုတ်လိုက်သည်။

“ငါ့ကိုယ်ထဲက ဖိအားတွေက ပိုပြီး ပြင်းထန်လာပြီ... ကြည့်ရတာ ငါ့ရဲ့ သွေးကြောတွေက နောက်တစ်ကြိမ် နိုးထလာတော့မှာပဲ...”

ချောင်ကျားရှီးမှာ အမောတကော အသက်ရှူနေရပြီး သူ၏ နဖူးပေါ်တွင်လည်း ပဲစေ့ခန့်ရှိသော ချွေးစက်များမှာ တစိမ့်စိမ့် ကျဆင်းနေလေ၏။ သို့သော်ငြား သူ၏ စိတ်ထဲတွင်မူ စိတ်လှုပ်ရှားမှုများမှာ တဖျပ်ဖျပ် လက်နေသည်။

သူသည် ယဲ့ဖုန်း ကျွေးခဲ့သော ပေါင်တစ်ထောင် ရှိသည့် နတ်ဆိုးဘုရင်အသားများကို သတိရလိုက်ရင်း တိတ်တဆိတ် တွေးတောနေမိလေ၏။

‘အော်... ဂိုဏ်းချုပ် ရဲ့ ရည်ရွယ်ချက်က... ဒီလို အဆင့်တူတဲ့ ပြိုင်ဘက်ရဲ့ ဖိအားအောက်မှာ ငါ့ရဲ့ သွေးကြောတွေကို သန့်စင်ပြီးတော့... အဆင့်တက်စေချင်တာကိုး...’

“ချောင်ကျားရှီး... မင်းက တစ်ချိန်လုံး ခုခံနေတာပဲ... ဘာလို့ ပြန်မတိုက်တာလဲ..” လီဟဲက ထိုစဉ် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

ချောင်ကျားရှီးမှာ အစွမ်းထက်သူတစ်ဦးဖြစ်ကြောင်း သူ သိသော်လည်း၊ အဘယ်ကြောင့် တိုက်စစ်မဆင်ဘဲ ခုခံရုံသာ လုပ်နေရသလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခြင်းပင်။

“မလိုသေးပါဘူးဗျာ...” ချောင်ကျားရှီးက ခေါင်းခါပြလိုက်၏။

“ဟမ့် ဒီအတိုင်းဆိုရင်တော့... မင်း ရှုံးမှာ သေချာသွားပြီ...”

လီဟဲက အေးစိမ့်စွာ ပြောလိုက်ရင်း သူ၏ လက်ကွက်ကို ပြောင်းလဲလိုက်သည်။

“ဓားမြှောင်ဝင်္ကပါ... နှိမ်နင်းစမ်း...”

ဓားမြှောင်တစ်စင်းမှာ မျက်စိတစ်မှိတ်အတွင်း ကိုးစင်းအဖြစ် ပြောင်းလဲသွားပြီး၊ ချောင်ကျားရှီးအား အရပ်မျက်နှာ ကိုးခုမှ နေ၍ တပြိုင်နက်တည်း ထိုးနှက်လိုက်၏။ မည်သည့် တန်ပြန်တိုက်ခိုက်မှုမှ လုပ်၍ မရနိုင်တော့ပေ။

“နတ်ဘုရားလက်သီး... တားဆီး၍မရ...”

ချောင်ကျားရှီးသည် သူ၏ အရှိန်အဝါများကို စုစည်းလိုက်သည်။ ထိုအခိုက် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးများ ထွက်ပေါ်လာခဲ့ပြီးနောက်၊ သူ၏ ကိုယ်ပတ်လည်တွင် အနီရွှေရောင် မီးလျှံများမှာ ဒိုင်းလွှားတစ်ခုပမာ ဖြစ်ပေါ်လာရတော့၏။

“ထန်”

ဓားမြှောင်အားလုံးမှာ အကာအကွယ်ကို ထိမှန်သွားခဲ့ရာ ပြင်းထန်လှသော တုန်ခါမှုများနှင့် ဖိအားများမှာ ရုန်းကြွလာလေ၏။

ထိုအခိုက်အတန့်တွင် ချောင်ကျားရှီးသည် သူ၏ တစ်ကိုယ်လုံးမှာ မီးတောက်နေသကဲ့သို့ ခံစားလိုက်ရပြီး အင်အားများပင် ကုန်ခမ်းလုနီးပါး ဖြစ်သွားသော်လည်း အံကို ကြိတ်ကာ တောင့်ခံထားလိုက်သည်။

သို့သော်ငြား... ဓားမြှောင် ကိုးစင်းစလုံးတွင် ထက်မြက်လှသော ဓားစိတ်ဆန္ဒများ ပါရှိနေသဖြင့် ဒိုင်းလွှားကို ထွင်းဖောက်ကာ ချောင်ကျားရှီး၏ အသားများကို တိုက်စားနေလေ၏။ ၎င်းမှာ ချောင်ကျားရှီးအတွက်တော့ ပုရွက်ဆိတ် သန်းပေါင်းများစွာ၏ အကိုက်ခံနေရသကဲ့သို့ နာကျင်လှသော်လည်း၊ တစ်ဖက်တွင်မူ ဖော်ပြ၍မရသော ပျော်ရွှင်မှုကြီးတစ်ခုကိုပါ ခံစားနေရခြင်းပင်။

“အား...”

ဖိအားများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် ခဏ၌ ချောင်ကျားရှီးသည် နောက်ဆုံးတွင်တော့ ပေါက်ကွဲထွက်လာရတော့၏။

သူ၏ သွေးကြောအတွင်းမှနေ၍ လွန်ခဲ့သော ရက်အနည်းငယ်က သူ စားသုံးခဲ့သော ကြီးမားလှသော သက်စောင့်အားများကို ရူးသွပ်စွာ စုပ်ယူနေသည်ကို သူ အတိုင်းသား ခံစားလိုက်ရလေည်။

“ဝှစ်…”

သူ၏ ကိုယ်ပေါ်တွင် မျက်ဝါးထင်ထင် မြင်တွေ့နိုင်သော သွေးနှင့် အသက်စွမ်းအားများ ပေါ်ထွက်လာခဲ့ပြီး၊ ခန့်ညားလှသော အနီရွှေရောင် ချပ်ဝတ် အဖြစ် ပြောင်းလဲသွားရတော့၏။ သူ၏ ကိုယ်မှာလည်း ဤလုပ်ငန်းစဉ်အတွင်း၌ တစ်ဟုန်ထိုး ကြီးမားလာခဲ့၏။ နောက်ဆုံးတွင်တော့ ကိုးမီတာခန့် မြင့်မားသော လူ့ဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေတော့သည်။

“ဒုတ်…”

ဓားမြှောင် ကိုးစင်းစလုံးမှာ လွင့်စဉ်သွားခဲ့ရတော့‌သည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့ ရှုံးနိမ့်သွားခြင်းပင်။

မူလထက် ဆယ့်သုံးဆခန့် ပြင်းထန်လှသော အရှိန်အဝါများမှာ ချောင်ကျားရှီးထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့လေ၏။ ကိုးမီတာ မြင့်မားသော ဘီလူးကြီးမှာ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် သက်စောင့်အားများဖြင့် ဖွဲ့စည်းထားသော လက်သီးချက်တစ်ချက်ကို ပစ်သွင်းလိုက်လေတော့သည်။

“သူက... တိုက်ပွဲအလယ်မှာတင် အဆင့်တက်သွားတာလား...”

လီဟဲ၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားရလေ၏။ သူသည် ဓားမြှောင်များကို အလျင်အမြန် ထိန်းချုပ်၍ ခုခံရန် ကြိုးစားလိုက်သော်လည်း၊ ထိုလက်သီးပုံရိပ်အောက်တွင် ဓားမြှောင်များမှာ အမှိုက်စများအလား လွင့်စင်သွားသည်ကို မြင်လိုက်ရသည့်အခါ အတိုင်းထက်အလွန် ထိတ်လန့်သွားရရှာသည်။

“သူက ဒီလောက်တောင် သန်မာသွားတာလား...”

လီဟဲသည် ကြောက်လန့်တကြားဖြင့် သူ၏ အသိစိတ်ဝိညာဉ်ကို အသုံးပြုကာ ဓားမြှောင်များကို ပြန်လည်ပေါင်းစည်း၍ တိုက်ခိုက်ရန် ကြိုးစားပြန်သည်။

“ဝုန်း…”

ကိုးမီတာ မြင့်မားသော ချောင်ကျားရှီးမှာမူ ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာနေ၏။ သူသည် ဓားမြှောင်ကို လက်သီးဖြင့် ရိုက်ထုတ်လိုက်ပြီးနောက်၊ ကျန်လက်တစ်ဖက်ဖြင့် လီဟဲအား ကြက်ပေါက်လေး တစ်ကောင်ကို ဖမ်းသကဲ့သို့ ဆွဲမလိုက်ပြီး မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်လေတော့သည်။

“ဝုန်း…”

လီဟဲသည် မြေပြင်ပေါ်ရှိ ကျောက်တုံးများနှင့် ပြင်းထန်စွာ ရိုက်မိသွားခဲ့ရာ၊ မီတာပေါင်းများစွာ နက်ရှိုင်းသော လူပုံသဏ္ဌာန် ကျင်းကြီး တစ်ခု ဖြစ်ပေါ်သွားရတော့၏။ ထိုစဉ် ချောင်ကျားရှီးသည် ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီး ခြေတစ်ချက်ဖြင့် နင်းချလိုက်ရာ၊ ကျင်းအတွင်းမှ ခေါင်းလေး ပြူထွက်လာသော လီဟဲမှာမူ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရရှာလေတော့သည်။

“ကျွန်.. ကျွန်တော် အရှုံးပေးပါတယ်...”

လီဟဲသည် ချောင်ကျားရှီးထံမှ ကျရောက်လာသော ဖိအားများကို အသည်းအသန် ခုခံရန် ကြိုးစားသော်လည်း၊ တစ်ဖက်လူမှာ တောင်ကြီး တစ်လုံးပမာ လေးလံလှသဖြင့် လုံးဝ တားဆီး၍ မရနိုင်ကြောင်း သိရှိသွားရတော့၏။ ဤအခြေအနေတွင်မူ သူသည် အရှုံးကိုသာ လက်ခံလိုက်ရလေတော့သည်။

“ကျားရှီး နိုင်သွားပြီလား...”

ထိုအခိုက်အတန့်တွင် လူတိုင်းမှာ မယုံနိုင်လောက်အောင် ဖြစ်နေကြရလေ၏။

တစ်ချိန်လုံး အားနည်းနေခဲ့သော ချောင်ကျားရှီးသည် ချပ်ဝတ်ကို ဆင်မြန်းထားသော ဧရာမ ဘီလူးကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး လီဟဲကို အသာလေး နှိမ်နင်းသွားခဲ့သည် မဟုတ်ပါလော။

ဤတိုက်ခိုက်မှု အဆင့်အတန်းမှာ တကယ့်ကို ကြောက်စရာ ကောင်းလှပေသည်။

“အဆင့်တူချင်းသာ တိုက်ရမယ်ဆိုရင်တော့... ငါတောင် သူ့ကို နိုင်ဖို့ မလွယ်ဘူး...”

ကျန်းပိုင်ကောက လေးနက်စွာ ပြောလိုက်၏။ ထိုစကားကြောင့် လော့ဟယ်တုန် နှင့် အခြားသော ဓားဘုရင်ဂိုဏ်းမှ တပည့်များမှာလည်း အံ့သြတကြီးဖြင့် မျက်နှာများ ပျက်ယွင်းသွားကြရလေ၏။

All Chapters