← Chapters

အခန်း (၇၃၁-၇၃၂)

Vol. 74 Ch. 731-732

အခန်း (၇၃၁-၇၃၂)

Vol. 74 Ch. 731-732

အခန်း (၇၃၁) သင်ခန်းစာ မရနိုင်သူများ

"ငါလည်း သဘောတူတယ်။ အဲဒါက ဖြစ်နိုင်သလို၊ ဒါမှမဟုတ်လည်း နဂါးတပ်ဖွဲ့က တကယ့် အမှိုက်ကို ရွေးချယ်လိုက်တာပဲ ဖြစ်ရမယ်" အခြားတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ နောက်တစ်ပွဲ ထပ်တိုက်ချင်တယ်" ဝူလန်က ထိုလူများကို တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။

"အို... ကလေးလေးက ထပ်ပြီး အထုအထောင်း ခံချင်နေတာလား။ သွားစမ်းပါကွာ... ငါ အခု လက်ညစ်ပတ်မခံချင်သေးဘူး။ မနက်ဖြန်မှ လာခဲ့" လူတစ်ယောက်က ဝူလန်ကို ပြောလိုက်သည်။

"ကောင်လေး... နင်က အဲဒီကောင်ရဲ့ သူငယ်ချင်းလား"

လုံချန်းက အနောက်တွင် ရပ်ကာ အခြေအနေအားလုံးကို စောင့်ကြည့်နေစဉ် အရက်ဆိုင်မှ စားပွဲထိုးမလေး တစ်ဦးက သူ၏အနားသို့ လာရပ်ကာ မေးလိုက်ခြင်း ဖြစ်သည်။

"အင်း... အဲဒီလိုပဲ ပြောလို့ရပါတယ်" လုံချန်းက ထိုအမျိုးသမီးကို တစ်ချက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"သူက တကယ့်ကို သနားဖို့ကောင်းပါတယ်။ မြေအောက်မြွေ စစ်ဝိညာဉ်ကောလိပ်က အဲဒီလူစုကို အမြဲတမ်း လာတိုက်နေတာ။ သူ အရိုက်ခံရလို့ အိမ်ပြန်ပို့ပေးဖို့ လူတွေကို ငါ ဘယ်နှစ်ခါ အကူအညီတောင်းပေးခဲ့ရလဲ မသိတော့ဘူး။ နဂါးတပ်ဖွဲ့ကကော သူ့ကို ဘာလို့ မတားတာလဲ၊ ဘာမှ မလုပ်ပေးတာလဲ။ ကလေးချင်း ကိစ္စတွေမှာ ဝင်မပါချင်လို့နဲ့ မြေအောက်မြွေ ကောလိပ်နဲ့ ပြဿနာမဖြစ်ချင်တာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ဒီလူ အရိုက်ခံရဖို့ ဒီကိုလာတာကိုတော့ တားသင့်တာပေါ့" စားပွဲထိုးမလေးက သက်ပြင်းချရင်း ဆိုသည်။

"သူ့ရဲ့ ဆန္ဒကို သူတို့က လေးစားနေလို့ ဖြစ်မှာပေါ့" လုံချန်းက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်... ယောကျာ်းတစ်ယောက်ဆိုတာ ပိုပြီး သန်မာလာဖို့အတွက် ပြဿနာတွေနဲ့ ထိုက်သင့်သလောက် ရင်ဆိုင်ရမှာပဲ။ ဝူလန် အနိုင်ရမယ့်နေ့ တစ်နေ့ ရောက်လာမှာပါ" လုံချန်းက ဆက်ပြောလိုက်သည်။

သူ ဤသို့ ပြောလိုက်ပြီးကာမှ ဝူလန်၏ မျက်နှာပေါ်သို့ လက်သီးတစ်ချက် ကျရောက်သွားသည်ကို မြင်လိုက်ရသဖြင့် လုံချန်း အံ့အားသင့်သွားသည်။ ဝူလန်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

အစိမ်းရောင် ဝတ်စုံဝတ်ထားသော လူများအနက် တစ်ဦးက မတ်တပ်ရပ်ကာ ကြမ်းပြင်ပေါ်တွင် လဲနေသော ဝူလန်ရှိရာသို့ လျှောက်သွားလိုက်သည်။

သူက ဝူလန်၏ လက်ကို ဆွဲကာ အပြင်ဘက်သို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။ ကျန်သည့် လူ ၉ ယောက်မှာလည်း သူတို့နောက်မှ လိုက်သွားကြသလို အရက်ဆိုင်အတွင်းရှိ လူအများအပြားမှာလည်း လူတစ်ယောက် အရိုက်ခံရသည်ကို ကြည့်ရန် လိုက်ထွက်သွားကြသည်။

"အခုလည်း ထပ်ဖြစ်ပြန်ပြီ။ ပြီးခဲ့တဲ့ အကြိမ်ကလိုပဲ ဖြစ်မှာပါပဲ။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် အဲဒီကောင် တစ်နေ့ သေတော့မှာပဲ" စားပွဲထိုးမလေးက သက်ပြင်းချရင်း တံခါးဆီသို့ လျှောက်သွားလိုက်သည်။

"ဒါက အားကြီးသူက အားနည်းသူကို နှိပ်စက်တဲ့ ကမ္ဘာပဲ။ မင်း မသန်မာရင် မင်း သေရမှာပဲ။ ဒီကောင်ကတော့ တကယ့် ငတုံးပဲ။ သူက ဒီလောက် အင်အားကြီးတဲ့ မိသားစုမှာ မွေးလာတာ။ သူ့အဖေက ဒီနိုင်ငံမှာ အင်အားအကြီးဆုံး လူတွေထဲက တစ်ယောက်။ သူ အနိုင်တိုက်နိုင်တဲ့ အစွမ်းမရှိဘူးဆိုတာ သိပေမဲ့ သူ့မိသားစုရဲ့ အင်အားကလည်း သူ့ရဲ့ အင်အားပဲလေ။ အကူအညီယူရတာ ရှက်စရာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ဒီလိုမျိုး သေမင်းဆီကို ကိုယ်တိုင် သွားမရှာသင့်ဘူး" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

"သူက ကံလည်း မကောင်းရှာဘူး။ ဖီးနစ်သွေးဝတ်စုံသာ အစွမ်းပြနေရင် သူ တစ်နည်းနည်းနဲ့တော့ အကာအကွယ် ရမှာပဲ" ထိုသို့ ဆိုကာ သူလည်း အပြင်သို့ ထွက်လာခဲ့သည်။

သူ အရက်ဆိုင်ထဲမှ ထွက်လာသောအခါ ဝူလန်သည် သူ့ကို လက်သီးဖြင့် ထိုးခဲ့သည့် လူနှင့် ရင်ဆိုင်နေရသည်ကို တွေ့လိုက်ရသည်။ နှစ်ဦးသား တိုက်ခိုက်နေကြသော်လည်း အမှန်တကယ်တွင် ထိုလူက ဝူလန်ကို ကစားစရာတစ်ခုလို ကိုင်တွယ်နေခြင်း ဖြစ်သည်။ ဝူလန်မှာ လက်သီးချက်ပေါင်းများစွာ ထိမှန်နေပြီး သူကတော့ တစ်ချက်ကလေးပင် ပြန်မထိုးနိုင်ပေ။ သူ၏ နှုတ်ခမ်းများမှာလည်း သွေးများ စိုရွှဲနေပြီ ဖြစ်သည်။

လုံချန်းသည် ထိုတိုက်ခိုက်နေသော လူ၏ နောက်ကွယ်တွင် ကျားသစ်နက် တစ်ကောင်၏ အရိပ်ကို မြင်လိုက်ရသည်။

"သူက တော်တော်လေး မြန်တာပဲ။ ကြည့်ရတာ သူက သူ့ရဲ့ စစ်ဝိညာဉ်ကို သုံးနေပြီ ထင်တယ်။ ဝူလန်မှာတော့ စစ်ဝိညာဉ် မရှိဘူး၊ သူက သူ့ရဲ့ သိုင်းပညာကိုပဲ သုံးနိုင်တာ။ ဝူလန် တစ်ချက် နှစ်ချက်လောက် ပြန်ထိအောင် မထိုးနိုင်သရွေ့တော့ ယှဉ်ဖို့က လုံးဝ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဝူလန်ရဲ့ တိုက်ပွဲကို ကြည့်ရတာတော့ အဲဒါက မဖြစ်နိုင်သလောက်ပဲ"

လုံချန်းသည် သူ ခန့်မှန်းထားသည့်အတိုင်း ဖြစ်ပျက်နေသော တိုက်ပွဲကို စောင့်ကြည့်နေသည်။ ၎င်းမှာ တိုက်ပွဲဆိုသည်ထက် ဝူလန်ကို တစ်ဖက်သတ် နှိပ်စက်နေခြင်းသာ ဖြစ်ပြီး ဝူလန်မှာ ကြမ်းပြင်ပေါ်တွင် လဲကျကာ သွေးများ အလိမ်းလိမ်း ဖြစ်နေပြီ ဖြစ်သည်။

"ဒီအမှိုက်ကောင်။ အစွမ်းလည်း မရှိဘဲနဲ့ ငါတို့ကို လာနှောင့်ယှက်ရဲသေးတယ်" ထိုလူက ဆိုကာ ဝူလန်အနားသို့ တိုးသွားသည်။ သူက ဝူလန်ကို ကန်လိုက်သဖြင့် ဝူလန်မှာ အနောက်သို့ လွင့်ထွက်သွားပြီး မှောက်လျက်သား လဲကျသွားတော့သည်။

"ဟမ်... ဝတ်ထားတဲ့ ဝတ်စုံက စိတ်ဝင်စားစရာပဲ" ဝူလန်၏ ဝတ်စုံနှင့် လှပသော ဖီးနစ်တံဆိပ်ကို သတိပြုမိသွားကာ ထိုလူက ပြောလိုက်သည်။

သူသည် ဝူလန်အနားသို့ တိုးသွားကာ ဝူလန်၏ ဝတ်စုံကို ချွတ်ယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုလူ၏ လက်က ဝတ်စုံကို ထိခါနီးမှာပင် တစ်စုံတစ်ဦးက သူ၏လက်ကို လှမ်းဖမ်းလိုက်သဖြင့် ရပ်တန့်သွားသည်။

ထိုလူမှာ တစ်စုံတစ်ယောက်က သူ့ကို တားရဲသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူသည် မျက်မှောင်ကြုတ်လျက် သူ၏လက်ကို ဖမ်းထားသူအား ကြည့်လိုက်သည်။

သူ ဘေးသို့ လှည့်ကြည့်လိုက်သောအခါ လူငယ်လေးတစ်ဦး၏ မျက်နှာကို တွေ့လိုက်ရသည်။ ထိုလူငယ်မှာ နဂါးတံဆိပ်ပါသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုသူမှာ အခြားသူမဟုတ် မိမိမျက်စိရှေ့တွင် ထိုဝတ်စုံကို သူတစ်ပါး ယူဆောင်သွားမည်အား မကြည့်ရက်နိုင်သော လုံချန်းပင် ဖြစ်သည်။

"ဒါက မင်း ယူရမယ့်အရာ မဟုတ်ဘူး" လုံချန်းက ထိုလူ၏လက်ကို မလွှတ်ဘဲ ပြောလိုက်သည်။

"နောက်ထပ် နဂါးတပ်ဖွဲ့ဝင် တစ်ယောက်လား။ မင်းက တကယ့် အဖွဲ့ဝင်လား ဒါမှမဟုတ် ဒီကောင်လိုပဲ အသုံးမကျတဲ့လူလား" ထိုလူက နှာခေါင်းရှုံ့ရင်း ဆိုကာ သူ၏လက်ကို ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

"ဪ... ငါက တခြားလူတွေနဲ့ တော်တော်လေး ကွာခြားတယ်ဆိုတာ မင်း သိလာမှာပါ" လုံချန်းက လှောင်ပြုံးဖြင့် ဆိုလိုက်သည်။

ထိုလူ မည်မျှပင် ရုန်းသော်လည်း လုံချန်း၏ လက်ထဲမှ လွတ်မြောက်အောင် မလုပ်နိုင်ပေ။

"မင်း... ငါ့လက်ကို လွှတ်စမ်း။ မင်းက လိမ်ပြီး ငါ့ကို ဖမ်းထားတာ၊ ပြီးတော့ ငါ့ကို မလွှတ်ပေးဖို့ မင်းရဲ့ စစ်ဝိညာဉ်ကို သုံးနေတာ မဟုတ်လား" ဆံပင်နီနှင့် လူက လုံချန်းကို ဟောက်လိုက်သည်။

"ဟေး... တော်တော့။ ငါတို့ သူငယ်ချင်းကို လွှတ်ပေးလိုက်။ တိုက်ချင်ရင် မျှမျှတတ တိုက်စမ်းပါ။ ခိုးကြောင်ခိုးဝှက် ဖမ်းထားတာ ဘာသဘောလဲ" ထိုလူ၏ သူငယ်ချင်းတစ်ဦးက လုံချန်းရှိရာသို့ ရှေ့တစ်လှမ်း တိုးလာရင်း ပြောလိုက်သည်။

"ကြည့်စမ်း သူငယ်ချင်းတို့... မင်းတို့ ငါ့သူငယ်ချင်းကို ရိုက်ခဲ့တယ်။ အဲဒါက သူကိုယ်တိုင် အလိုရှိတဲ့ တိုက်ပွဲမို့လို့ ငါ ဝင်မပါခဲ့ဘူး၊ ဒါပေမဲ့ မင်းတို့က သူ့ပစ္စည်းတွေကိုပါ ခိုးဖို့ ကြိုးစားနေတယ်။ အဲဒါကိုတော့ ငါ ကြည့်မနေနိုင်ဘူး။ အခု ငါ ကိုယ်တိုင် ပါဝင်ပတ်သက်လာပြီဆိုတော့ အရိုးတွေ အကျိုးခံပြီး မပြန်ချင်ရင် အခုချက်ချင်း ရပ်လိုက်တာ ကောင်းမယ်" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

"နဂါးတပ်ဖွဲ့ကို လွယ်လွယ်နဲ့ အထင်မသေးသင့်ဘူး၊ မဟုတ်ရင် မင်းတို့ ဘယ်လို သေသွားမှန်းတောင် သိမှာ မဟုတ်ဘူး" သူက ဆက်ပြောသည်။

"ဟက်... မင်းက ဒီကောင်ထက်တောင် ငယ်သေးတဲ့ ကလေးပဲဟာ။ ငါတို့ကို ခြောက်လို့ရမယ် ထင်နေတာလား။ ဟိုကောင်လည်း ပထမဆုံးအကြိမ် ကြမ်းပြင်ပေါ်မှာ အရိုက်မခံရခင်က ဒီလိုပဲ လေကြီးခဲ့တာပဲ။ မင်းလည်း အတူတူပဲ ဖြစ်မှာပါ... လေလုံးထွားတဲ့ကောင်" ဆံပင်နီနှင့်လူ၏ သူငယ်ချင်းများက ရယ်မောရင်း ဆိုကြသည်။

"မင်းတို့ ဘာတွေးတွေး အရေးမကြီးပါဘူး။ ငါ့သူငယ်ချင်းကို ခေါ်ပြီး ငါ ထွက်သွားတော့မယ်၊ မင်းတို့လည်း ထွက်သွားကြတော့" လုံချန်းက ဆံပင်နီနှင့်လူ၏ လက်ကို လွှတ်ပေးလိုက်ရင်း ပြောလိုက်သည်။

သူသည် ဝူလန်ကို ထူရန် အနားသို့ တိုးသွားစဉ်မှာပင် သူ့ဆီသို့ ကန်ချက်တစ်ချက် ရောက်လာသည်ကို မြင်လိုက်ရသည်။

"ဒီခွေးကောင်... မင်းက လေကြီးပြီးမှ ကြောက်သွားရင် ငါက ခွင့်လွှတ်မယ် ထင်နေတာလား" ဆံပင်နီနှင့်လူက ရယ်မောရင်း ဆိုသည်။ သူ၏ ကန်ချက်မှာ လုံချန်းကို ထိခါနီးမှာပင် လုံချန်းမှာ ထိုနေရာမှ ပျောက်ကွယ်သွားသည်အား သူ တွေ့လိုက်ရသည်။

"ငါ မင်းကို သတိပေးပြီးသားပဲ လူပုလေးရယ်။ စစ်ဝိညာဉ် ရှိတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး" လုံချန်းက ထိုလူ၏ နောက်တွင် ပေါ်လာရင်း ဆိုလိုက်သည်။

သူသည် ဆံပင်နီနှင့်လူ၏ နံဘေးကို ကန်လိုက်သဖြင့် ထိုလူမှာ လွင့်ထွက်သွားတော့သည်။

ဆံပင်နီနှင့်လူမှာ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် သူ၏ နံရိုးများ ကျိုးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပြန်ထရန် ခက်ခဲနေတော့သည်။

"မင်း... မင်း သူ့ကို တိုက်ခိုက်လိုက်တယ်" ဆံပင်နီနှင့်လူ၏ အခြားသူငယ်ချင်းများမှာ လုံချန်းရှိရာသို့ ပြေးလာကြသည်။

"ဟင်း... အချို့ ငတုံးတွေက ဘယ်တော့မှ သင်ခန်းစာ မရကြဘူးပဲ" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ သူသည် လက်ဆစ်များကို ချိုးလိုက်ပြီးနောက် တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားပြန်သည်။

မိနစ်အနည်းငယ်မျှသာ ကြာလိုက်ပြီးနောက် ထိုလူစုအားလုံးမှာ မြေပြင်ပေါ်တွင် လဲကျကာ နာကျင်စွာဖြင့် အော်ဟစ် ညည်းညူနေကြတော့သည်။

မြေအောက်မြွေ စစ်ဝိညာဉ်ကောလိပ်မှ မဟုတ်သော ဘေးမှ ကြည့်နေသူ အားလုံးမှာ လုံချန်းကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။

စားပွဲထိုးမလေးပင်လျှင် လုံချန်းက ထိုလူအားလုံးကို အလွယ်တကူ နှိမ်နင်းလိုက်သည်ကို မြင်ရသဖြင့် မှင်သက်နေမိသည်။

"ဒါဟာ ဒဏ္ဍာရီလာ နဂါးတပ်ဖွဲ့ရဲ့ တကယ့် အစွမ်းလား" သူမက အံ့ဩတကြီး ရေရွတ်လိုက်လေတော့သည်။

အခန်း (၇၃၂) အတုကြီးလား

လူအားလုံးက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြစဉ်မှာပင် လုံချန်းက ဝူလန်ရှိရာသို့ လျှောက်သွားလိုက်သည်။

"အိမ်ပြန်ရအောင် ငါ့ကောင်" သူက တိုးတိုးလေးပြောရင်း ဝူလန်ကို ထူလိုက်သည်။

"ငါ့အနားက ထွက်သွားစမ်း" ဝူလန်က လုံချန်းကို တွန်းထုတ်လိုက်သော်လည်း သူကိုယ်တိုင်ပင် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ပြန်လဲကျသွားသည်။

"ငါ မင်းဆီက ဘာအကူအညီမှ မတောင်းခဲ့ဘူး။ ငါ့ဘာသာငါ အနိုင်တိုက်ချင်တာ။ မင်း ဘာလို့ ဝင်ပါရတာလဲ" ဝူလန်က လုံချန်းကို ကြည့်ကာ ဆိုသည်။ သူ၏ နှုတ်ခမ်းများမှာ ခုထိတိုင် သွေးထွက်နေဆဲပင်။

"ငါ မင်းကို ကူညီခဲ့တာ မဟုတ်ဘူး။ ငါ့ရဲ့ ရဲဘော် တပ်ဖွဲ့ဝင် တစ်ယောက်ကို ကူညီခဲ့တာ။ မင်းကို ဒီအတိုင်း ပစ်ထားခဲ့ဖို့ဆိုတာတော့ စိတ်မကောင်းပေမဲ့ ငါ မလုပ်နိုင်ဘူး။ ဘာလို့လဲ သိလား" လုံချန်းက ဝူလန်အနားသို့ တိုးသွားရင်း ဆိုလိုက်သည်။

"ဘာလို့လဲ" ဝူလန်က ဇဝေဇဝါဖြင့် ပြန်ကြည့်ကာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းက ငတုံး တစ်ယောက်ဖြစ်နေလို့ပဲ" လုံချန်းက ပြတ်သားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။ သူ၏ စကားသံကို အနားရှိ လူအားလုံး ကြားလိုက်ရသဖြင့် နဂါးတပ်ဖွဲ့ဝင် နှစ်ယောက်ကြား နောက်ထပ် တိုက်ပွဲတစ်ပွဲ ထပ်မြင်ရတော့မည်လားဟု လူများက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

"မင်းဟာ ငါမြင်ဖူးသမျှထဲမှာ အကြီးမားဆုံး ငတုံးတွေထဲက တစ်ယောက်ပဲ။ မင်းလုပ်နေတာတွေကို သတ္တိရှိတယ်လို့ ထင်နေတာလား။ မဟုတ်ဘူး... လုံးဝမဟုတ်ဘူး။ မင်းက သူတို့ကို ယှဉ်နိုင်တဲ့ ပြိုင်ဘက်မဟုတ်ဘူး။ မင်းက သူတို့အတွက် လက်သီးလေ့ကျင့်တဲ့ အိတ်တစ်လုံးလိုပဲ၊ အဲဒါကို မင်းကိုယ်တိုင်လည်း သိပါတယ်။ မင်းမှာ အနိုင်တိုက်ဖို့ အစွမ်းမရှိဘူးဆိုတာလည်း မင်းသိတယ်။ ဒါတောင် မင်းက တိုက်ပွဲကို လိုက်ရှာနေတုန်းပဲ။ အဲဒါက ပိုပြီး သန်မာလာဖို့ မဟုတ်ဘူး။ မင်းက သေမင်းကို လိုက်ရှာနေတာ။ အားနည်းတဲ့ လူတစ်ယောက်အနေနဲ့ ဒီဘဝမှာ မရှင်သန်ချင်တော့လို့ သေဖို့ပဲ ကြိုးစားနေတာ... ဒါက တကယ့်ကို ထင်ရှားနေတာပဲ" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ငါ..." ဝူလန် တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း လုံချန်းက စကားကို ဖြတ်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း။ ငါ ပြောနေတာကို နားထောင်။ ဆင်ခြေတွေ ပေးဖို့တောင် မစဉ်းစားနဲ့။ မင်းဟာ တကယ့်ကို ငတုံးပဲ။ မင်း လုပ်သင့်တာက နဂါးမျှော်စင်ထဲမှာနေပြီး လေ့ကျင့်ဖို့၊ မင်းရဲ့ စစ်ဝိညာဉ်ကို နိုးထလာအောင် လုပ်ဖို့ပဲ။ တကယ်လို့ မင်း စစ်ဝိညာဉ် နိုးထမလာရင်တောင် နဂါးတပ်ဖွဲ့အတွက် အကျိုးရှိမယ့် တခြားအလုပ်တွေ အများကြီး ရှိသေးတယ်။ နဂါးတပ်ဖွဲ့ဝင်လို့ အမည်ခံဖို့အတွက် ဝိညာဉ်စစ်သည်တော် တစ်ယောက် ဖြစ်နေဖို့ပဲ မလိုဘူး။ မင်းမှာ အစွမ်းမရှိဘဲနဲ့ သေမင်းကို သွားရှာနေတာထက်စာရင် တခြား ဘာမဆို လုပ်တာက ပိုကောင်းသေးတယ်" လုံချန်းက ဆိုသည်။

"ငါ့မှာတုန်းကတော့ တခြား ရွေးချယ်စရာ မရှိလို့ အသက်ရှင်ဖို့အတွက် တိုက်ခိုက်ပြီး သန်မာလာအောင် လုပ်ခဲ့ရတာ၊ ဒါပေမဲ့ ငါ့မှာ အရင်းအမြစ်တွေ ရှိခဲ့တယ်။ မင်းမှာကျတော့ အဲဒီထက် ပိုကောင်းတဲ့ ရွေးချယ်စရာတွေ အများကြီး ရှိနေတာပဲ။ ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းလို့ ရပါလျက်နဲ့ မင်းက သေဖို့ လိုက်ရှာနေတယ်။ မင်းထက်မိုက်တဲ့ လူမိုက် ဘယ်မှာ ရှိဦးမလဲ" သူက ဆက်ပြောလိုက်သည်။

"ကဲ... အခု မင်းကို ငါ ပြန်ခေါ်သွားပေးရမလား၊ ဒါမှမဟုတ် မင်းရဲ့ ခန္ဓာကိုယ်ကို မင်းဘာသာ တရွတ်တိုက် ဆွဲသွားပြီး မင်း ဘယ်လောက် အဖြစ်သဲလဲဆိုတာ လူတိုင်းကို လိုက်ပြချင်သေးလား" သူက ခပ်ရွရွ မေးလိုက်သော်လည်း အဖြေကို စောင့်မနေဘဲ ရှေ့သို့ တိုးကာ ဝူလန်အား မ,ထူလိုက်သည်။

ဝူလန်သည် ယခုတစ်ကြိမ်တွင်တော့ သူ့ကို တွန်းမထုတ်တော့ပေ။ ထိုအစား သူသည် တစ်စုံတစ်ခုကို အသေအချာ တွေးတောနေပုံရသည်။

လုံချန်းက ဝူလန်၏ လက်တစ်ဖက်ကို သူ၏ ပုခုံးပေါ်သို့ တင်ကာ နဂါးမျှော်စင်ဆီသို့ ဦးတည် လျှောက်လှမ်းလာခဲ့သည်။

လမ်းခုလတ်ရောက်မှ ဝူလန်က စကားစပြောလာသည်။

"မင်း နာမည်က လုံချန်း ဟုတ်တယ်မလား" ဝူလန်က မေးသည်။ သူ၏ ဖခင်က လုံချန်းနှင့် မိတ်ဆက်ပေးခဲ့သည်ကို သူ မှတ်မိနေခြင်း ဖြစ်သည်။

"အေး... ဟုတ်တယ်" လုံချန်းက အေးဆေးပင် ပြန်ဖြေလိုက်သည်။

"ငါ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့မိတာကို တောင်းပန်ပါတယ်။ ပြီးတော့ ငါ့ကို ကယ်တင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဝူလန်က သက်ပြင်းချရင်း ဆိုသည်။

"ကိစ္စမရှိပါဘူး။ မင်း ခံစားနေရတာကို ငါ နားလည်ပါတယ်" လုံချန်းက ပြန်ဖြေသည်။

"ငါ့ကို အမြဲနှိပ်စက်နေတဲ့ သူတွေကို တစ်ကြိမ်လောက် ပြန်နိုင်ပြပြီး ငါ့အဖေ ဂုဏ်ယူရအောင် လုပ်ပေးချင်ရုံတင်ပါ။ အသုံးမကျတဲ့လူလို့ အမြင်မခံချင်ဘူး။ လူတိုင်း ဂုဏ်ယူအောင် လုပ်ပြချင်ခဲ့ပေမဲ့ ငါ့ရဲ့ အစွမ်းအစကို ငါ ကိုယ်တိုင် သေချာ မသိခဲ့ဘူး ဖြစ်နေတယ်။ ငါဟာ တကယ့် အမှိုက်ပါပဲ။ အဲဒီလူတွေ ငါ့ကို ခေါ်ခဲ့တဲ့အတိုင်းပါပဲ။ ဒါကို ငါ အမြန်ဆုံး လက်ခံနိုင်လေလေ ငါ့အတွက် ပိုပြီး လွယ်ကူလေလေ ဖြစ်မှာပါ" ဝူလန်က ဆိုသည်။

"မင်းက အမှိုက် မဟုတ်ပါဘူး။ မင်းက သာမန်လူသားတွေကို အမှိုက်လို့ ထင်လား။ သတင်းအချက်အလက်တွေ ယူဆောင်လာပေးတဲ့သူတွေ၊ နန်းတွင်းက ဝန်ကြီးတွေရော။ သူတို့မှာလည်း အရေးကြီးတဲ့ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေ ရှိကြတာပဲ။ ငါ ပြောသလိုပဲ... မင်းက ဝိညာဉ်စစ်သည်တော် တစ်ယောက်ရဲ့ အမြင်နဲ့ပဲ အရာရာကို ကြည့်မနေနဲ့" လုံချန်းက ပြန်ပြောလိုက်သည်။

"သာမန်လူသား တစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်စမ်းပါ။ မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ အဖေရှိနေတာကိုက ကံကောင်းနေတာပဲ။ သူ့ကို တခြားနည်းလမ်းတွေနဲ့ ဂုဏ်ယူအောင် လုပ်ပေးလို့ ရပါတယ်။ မင်းရဲ့ စစ်ဝိညာဉ် နိုးထလာရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ နိုးထမလာရင်တောင် မင်းက ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပြီး နဂါးတပ်ဖွဲ့ကို ကူညီလို့ရတယ်။ နဂါးတပ်ဖွဲ့ရဲ့ ကိုယ်ပိုင် လက်နက်ပညာရှင် ဖြစ်လာပြီး ရတနာတွေ ဖန်တီးပေးလို့ ရတယ်။ မင်း အောင်မြင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဓိကကတော့ မင်း အမြင်ကျယ်ကျယ် ကြည့်တတ်ဖို့ပဲ လိုတာပါ" သူက ဆက်လက် ရှင်းပြသည်။

ဝူလန်သည် လုံချန်း၏ စကားကို အသေအချာ နားထောင်ကာ သဘောပေါက်သွားပုံ ရသည်။

မကြာမီ သူတို့သည် နဂါးမျှော်စင်သို့ ရောက်ရှိလာကြသည်။

"မင်းရဲ့ အခန်းက ဘယ်မှာလဲ" နဂါးမျှော်စင်ထဲသို့ ဝင်လာရင်း လုံချန်းက မေးလိုက်သည်။

ဝူလန်က လမ်းညွှန်ပြသသည်။ လုံချန်းသည် ဝူလန်ကို ခေါ်ကာ နဂါးမျှော်စင်အတွင်း မိနစ်အနည်းငယ်မျှ လျှောက်လာပြီးနောက် ဝူလန်၏ဖခင် ဝူသျှန်နှင့် ထိပ်တိုက် တွေ့ဆုံလေတော့သည်။

"သူ ဘာဖြစ်လာတာလဲ" ဝူသျှန်က အပြေးအလွှား လာရင်း မေးလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး။ တခြားလူတွေနဲ့ နည်းနည်း ပါးပါး တိုက်ခိုက်ခဲ့ရုံပါ" လုံချန်းက ပြန်ဖြေသည်။

"နောက်တစ်ခါ ဒဏ်ရာတွေနဲ့ ပြန်လာပြန်ပြီလား။ တော်ပြီ၊ မင်း ငါ့ကို ဘယ်လိုပဲ ကတိတောင်းထားပါစေ ငါ ဂရုမစိုက်တော့ဘူး။ အဲဒီ ကောင်တွေဆီ ငါသွားမယ်။ သူတို့ရဲ့ အရိုးတွေ အကျိုးခံရရင် ဘယ်လိုနေမလဲဆိုတာ ကြည့်ကြသေးတာပေါ့" ဝူသျှန်က ဒေါသတကြီးဖြင့် လက်ဆစ်များကို ချိုးရင်း ပြောလိုက်သည်။

"နေပါဦး အဖေ"

ဝူသျှန် ထွက်သွားတော့မည့်အချိန်တွင် ဝူလန်က တားလိုက်သည်။

"အဖေ သွားစရာ မလိုတော့ပါဘူး။ လုံချန်းက ကျွန်တော့်ကို ကယ်ရင်းနဲ့ အဲဒီလူတွေကို ရိုက်နှက်ဆုံးမခဲ့ပြီးပါပြီ" ဝူလန်က ရှင်းပြလိုက်သည်။

"သူက မင်းကို ကယ်ခဲ့တာလား" ဝူသျှန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ဟုတ်ကဲ့။ ကျွန်တော် အနှိပ်စက်ခံနေရတုန်း သူ ရောက်လာပြီး ကူညီခဲ့တာပါ"

"ဒါဆို ဒီဝတ်စုံကရော။ ဒါက မင်းကို အကာအကွယ် မပေးဘူးလား" ဝူသျှန်က မေးမြန်းသည်။

"အကာအကွယ် ဟုတ်လား။ ဒါက သာမန်ဝတ်စုံ မဟုတ်ဘူးလား။ ဘာလို့ ကျွန်တော့်ကို ကာကွယ်ပေးရမှာလဲ။ ဘာမှလည်း ထူးခြားတာ မရှိပါဘူး" ဝူလန်က ခေါင်းခါရင်း ဆိုသည်။

'ဪ... သူက သူ့သားကို ဒါက ကာကွယ်ရေးရတနာဆိုတာ ပြောမပြထားတာပဲ။ သာမန်ဝတ်စုံလို့ပဲ ပြောထားပုံရတယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ အကာအကွယ်ပေးတဲ့ ရတနာမှန်း သိရင် ဝူလန်က ဒါကို ဝတ်ပြီး တိုက်မှာ မဟုတ်ဘူးလေ' လုံချန်းက အခြေအနေကို ရိပ်မိသွားပြီး တွေးလိုက်မိသည်။

"ဘာမှ မထူးခြားဘူး ဟုတ်လား။ အဲဒါ ထူးဆန်းနေပြီ" ဝူသျှန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

"အဲဒီဝတ်စုံကို ငါ့ကို ပြန်ပေး" သူက ဝူလန်ကို ပြောလိုက်သည်။ သူကိုယ်တိုင် စမ်းသပ်ကြည့်ချင်နေခြင်း ဖြစ်သည်။

"ဟုတ်ကဲ့... ကျွန်တော်လည်း အဖေကို ပြန်ပေးမလို့ပါပဲ။ ဒါက ကျွန်တော်နဲ့ မလိုက်ဖက်ဘူး ထင်တယ်။ ပြီးတော့ ကျွန်တော် ခဏလောက် အပြင်မထွက်တော့ဖို့ ဆုံးဖြတ်လိုက်ပြီ။ နဂါးမျှော်စင်ထဲမှာပဲ လေ့ကျင့်ပြီး စာလေ့လာရင်း ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ချင်တယ်" ထိုသို့ ဆိုကာ ဝူလန်က ဝတ်စုံကို ချွတ်၍ ဝူသျှန်အား ပေးလိုက်သည်။

"ကျွန်တော် အခု လမ်းလျှောက်နိုင်ပါပြီ" သူက လုံချန်းကို ပြောကာ လုံချန်း၏ ပုခုံးပေါ်မှ လက်ကို ဖယ်လိုက်သည်။

"အဖေနဲ့ စကားပြောလိုက်ဦးနော်၊ ကျွန်တော် သွားနားတော့မယ်။ ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ" ဝူလန်က လုံချန်းကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက အက်ရှာ နန်းတွင်းဆရာကြီးရဲ့ ဝတ်စုံပဲ။ ဒဏ္ဍာရီတွေအရဆိုရင် ဒါက အကောင်းဆုံး ကာကွယ်ရေးစွမ်းအား ရှိရမှာလေ။ ဘာလို့ ငါ့သားကို အကာအကွယ် မပေးရတာလဲ" ဝူသျှန်က ရေရွတ်သည်။

"ဒါမှမဟုတ် ဒီဝတ်စုံက တကယ်တမ်းကျတော့ ဘာမှ မထူးခြားဘူးဆိုတဲ့ ကောလာဟလတွေပဲ ဖြစ်နေမလား" လုံချန်းက အစီအစဉ်အတိုင်း အထင်အမြင်တစ်ခုကို ပစ်ကျွေးလိုက်သည်။

"ဒါက..." ဝူသျှန်မှာ လုံချန်း၏ စကားကြောင့် မှင်သက်သွားသည်။

သူသည် ဝတ်စုံကို ခဏမျှ ကြည့်နေပြီးနောက် ကိုယ်တိုင် ဝတ်ဆင်လိုက်သည်။

"ငါ့ကို ထိုးကြည့်စမ်း" သူက လုံချန်းကို ခိုင်းလိုက်သည်။

"ဗျာ..." လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"စိတ်မပူနဲ့။ ဒီဝတ်စုံက ဘယ်လောက် ထိရောက်လဲဆိုတာ ငါ သိချင်လို့ပါ။ မင်းရဲ့ အစွမ်းကုန်နဲ့ ငါ့ကို ထိုးကြည့်" ဝူသျှန်က လုံချန်းကို ပြောလိုက်လေတော့သည်။

All Chapters