← Chapters

အခန်း (၇၃၃-၇၃၄)

Vol. 74 Ch. 733-734

အခန်း (၇၃၃-၇၃၄)

Vol. 74 Ch. 733-734

အခန်း (၇၃၃) ကမ္ဘာဦးအစ၏ လျှို့ဝှက်ချက်

လုံချန်းသည် ဝူသျှန်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ဝူသျှန်အား လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။ ဝူသျှန်မှာ ထိုလက်သီးချက်ကြောင့် နောက်သို့ တစ်လက်မမျှပင် ယိုင်မသွားပေ။ သူ၏ မျက်နှာမှာလည်း မည်သည်မျှ မဖြစ်သကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။

"မင်းရဲ့ လက်သီးကို ငါ ခံစားမိရုံပဲ ရှိတယ်။ ဒီဝတ်စုံက တကယ့်ကို အသုံးမကျတာပဲ။ ဒီလောက် အားပျော့တဲ့ တိုက်ခိုက်မှုကိုတောင် ငါ့ကို ယားကျိကျိ မဖြစ်အောင် မကာကွယ်ပေးနိုင်ဘူးဆိုရင်တော့ ဒါက အလုပ်လုပ်တာ မဟုတ်တော့ဘူး။ အလကားပဲ" ဝူသျှန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်ကာ ဝတ်စုံကို ချွတ်လိုက်သည်။

သူသည် ကျင့်ကြံသူ တစ်ယောက် မဟုတ်သလို သွေးကို အသုံးပြုပြီး ဝတ်စုံကို နှိုးဆော်ရမည့် နည်းလမ်းကိုလည်း မသိသောကြောင့် ဤဝတ်စုံမှာ သူ့အတွက် အလုပ်မလုပ်ခြင်းဖြစ်သည်ကို ဝူသျှန် မသိရှာပေ။

လုံချန်း၏ တိုက်ခိုက်မှုကို သူက ယားကျိကျိလောက်သာ ခံစားရခြင်းမှာလည်း လုံချန်းက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို လုံးဝ အသုံးမပြုခဲ့သောကြောင့် ဖြစ်သည်။ လုံချန်းသည် သာမန်လူသားတစ်ယောက်၏ အင်အားထက်ပင် လျှော့ချကာ ထိုးနှက်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ အစွမ်းကုန် သုံးလိုက်ပါက ဝူသျှန်မှာ နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ အကျည်းတန်စွာ လဲကျသွားမည်ကို လုံချန်း သိထားသည်။ သူသည် ဝူသျှန်၏ ရှေ့တွင် သူ၏ အစွမ်းအစများကို အထင်အရှား မပြသလိုပေ။

"ကျွန်တော် ပြောသားပဲ... ဒါက နန်းတွင်းဆရာကြီးက သူ့ကိုယ်သူ အစွမ်းထက်တယ်လို့ ထင်ရအောင် လွှင့်ထားတဲ့ ကောလာဟလတွေပဲ ဖြစ်မှာပါ။ ဒါက သာမန်ဝတ်စုံ တစ်ထည်ပါပဲ" လုံချန်းက ဆိုလိုက်သည်။

"ဒီအသုံးမကျတဲ့ အရာကိုမှ ငါက ပင်ပင်ပန်းပန်းနဲ့ ရအောင် ယူခဲ့ရတာ၊ တကယ်တော့ သာမန် အဝတ်စုတ် တစ်ခုပဲကိုး" ဝူသျှန်က ရေရွတ်ရင်း ဝတ်စုံကို ဆွဲဖြဲလိုက်သဖြင့် လုံချန်းမှာ လန့်သွားရသည်။

ဝူသျှန်သည် နှစ်ပိုင်းပြတ်သွားသော ဝတ်စုံကို ဘေးသို့ ပစ်ချလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... ကိစ္စမရှိပါဘူး။ မင်း ဒီဝတ်စုံကို ရအောင် ယူပေးခဲ့တာနဲ့ ဒီနေ့ ငါ့သားကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်း ဘယ်လို ပြောလိုက်လို့ ငါ့သားက အပြင်ထွက်ပြီး မတိုက်ခိုက်တော့ဘဲ နားဝင်သွားတာလဲ ငါ မသိပေမဲ့၊ အဲဒါက ငါ့ကို တကယ် ကူညီရာရောက်ပါတယ်။ သူ နဂါးမျှော်စင်ထဲမှာ ရှိနေသရွေ့တော့ သူ ဘေးကင်းပါတယ်။ အရာအားလုံးအတွက် ကျေးဇူးပါပဲ" ဝူသျှန်က လုံချန်းကို ပြောလိုက်သည်။

"ရပါတယ်ဗျာ" လုံချန်းက ခေါင်းခါရင်း ဆိုလိုက်သည်။

အစပိုင်းတွင် သူတော်စင်အဆင့် ရတနာတစ်ခု ပျက်စီးသွားပြီဟု တွေးကာ သူ၏ စိတ်ထဲတွင် တလှပ်လှပ် ဖြစ်သွားခဲ့သော်လည်း ရွှင်း ပြောပြချက်အရ ဤဖီးနစ်သွေးဝတ်စုံသည် သူ့ကိုယ်သူ ၉ ကြိမ်တိုင်တိုင် ပြန်လည် ပြုပြင်နိုင်ကြောင်း သတိရသွားသည်။

ထိုကိုးကြိမ်မြောက် အခွင့်အရေးမှာ မကုန်ဆုံးသေးရန် သူ မျှော်လင့်နေမိသည်။ သူသည် ဝတ်စုံကို သွားကောက်ချင်သော်လည်း မိမိကိုယ်မိမိ ထိန်းချုပ်ထားလိုက်သည်။

"မင်း နဂါးမျှော်စင်ထဲကို လိုက်ကြည့်ချင်လား။ ရော့... ဒါက အထူးတံဆိပ်ပဲ။ မင်းအတွက် ပိုပြီး အဆင့်မြင့်တဲ့ တံဆိပ်အသစ် တစ်ခု မရခင်အထိ ဒါကို သုံးလို့ရတယ်။ ဒီတံဆိပ်က မျှော်စင်ထဲက နေရာတော်တော်များများကို ဝင်ခွင့်ရစေလိမ့်မယ်။ မင်း လိုက်ကြည့်လို့ရပါတယ်။ ငါကတော့ လုပ်စရာရှိတာလေးတွေ သွားလိုက်ဦးမယ်။ ငါ့သားကို ကူညီပေးခဲ့တဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်" ဝူသျှန်က နောက်ဆုံးတစ်ခါ ပြောကြားကာ ထွက်ခွာသွားတော့သည်။

ဝူသျှန် ထွက်သွားပြီဖြစ်ကြောင်း သေချာသွားမှ လုံချန်းသည် ကြမ်းပြင်ပေါ်တွင် လဲနေသော ဖီးနစ်သွေးဝတ်စုံဆီသို့ လျှောက်သွားလိုက်သည်။

သူသည် ဝတ်စုံကို ကောက်ယူလိုက်ချိန်တွင် တစ်ဖန် အံ့အားသင့်သွားရပြန်သည်။ နှစ်ပိုင်းပြတ်နေသော ဝတ်စုံမှာ တစ်စပ်တည်း ပြန်ဖြစ်သွားခဲ့ပြီ။ ၎င်းမှာ ပြန်လည် ကုသသွားခဲ့ပြီ ဖြစ်သည်။

"အံ့ဩစရာပဲ" လုံချန်းက ပြုံးရင်း ရေရွတ်လိုက်သည်။

သူသည် သူ၏ နဂါးတပ်ဖွဲ့ ဝတ်စုံကို ချွတ်ကာ ဖီးနစ်ဝတ်စုံကို ဝတ်လိုက်သည်။ ထို့နောက် ဖီးနစ်ဝတ်စုံအပေါ်မှ နဂါးတပ်ဖွဲ့ ဝတ်စုံကို ပြန်လည် ဝတ်ဆင်ကာ ဖုံးအုပ်လိုက်သည်။

"အခုမှပဲ သူ့နေရာနဲ့သူ ဖြစ်သွားတော့တယ်။ အဲဒါကို ပြန်ရဖို့ ဒီထက်ပိုပြီး ကြိုးစားရလိမ့်မယ်လို့ ငါ ထင်ထားတာ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

သူသည် စင်္ကြံလမ်းအတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ သူ၏ ဦးတည်ရာမှာ နဂါးမျှော်စင် စာကြည့်တိုက်ပင် ဖြစ်သည်။ ဝူသျှန်က လုံချန်းကို ဤနေရာသို့ ပထမဆုံးအကြိမ် ခေါ်လာစဉ်က နဂါးမျှော်စင်အတွင်းရှိ အရေးကြီးသော နေရာအချို့ကို ပြသခဲ့ဖူးသည်။

နဂါးမျှော်စင် စာကြည့်တိုက်မှာ ရှာတွေ့နိုင်သမျှသော အကြောင်းအရာတိုင်းနှင့် ပတ်သက်သည့် စာအုပ်ပေါင်းများစွာ ရှိရာနေရာဟု ဆိုကြသည်။

လုံချန်းသည် ထိုနေရာသို့သွားကာ အနည်းငယ် လေ့လာချင်နေသည်။ ထိုသို့လုပ်ရန် သူ့တွင် အဓိက ရည်မှန်းချက် နှစ်ခု ရှိသည်။ ပထမဆုံးနှင့် အရေးအကြီးဆုံးမှာ ဝိညာဉ်စစ်သည်တော်များ အကြောင်းနှင့် စစ်ဝိညာဉ်ကို မည်သို့ နှိုးဆော်ရမည်နည်း ဆိုသည်ကို လေ့လာရန် ဖြစ်သည်။ သူသည် ဤခန္ဓာကိုယ်က ပိုင်ဆိုင်နိုင်မည့် ကိုယ်ပိုင် စစ်ဝိညာဉ်ကို နှိုးဆော်ကြည့်ချင်သည်။

ဒုတိယ အကြောင်းရင်းကတော့ အချိန်ဓားနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် ဖြစ်သည်။ အချိန်ဓားသည် ရတနာအားလုံး၏ ဘုရင်ကဲ့သို့သော နတ်ဘုရားအဆင့် ရတနာ တစ်ခု ဖြစ်သည်။ ၎င်းမှာ ဤပိတ်လှောင်ခံထားရသော ဂြိုဟ်၏ တစ်နေရာရာတွင် ရှိနေသည်ဟု ဆိုကြသည်။ သူသည် ဤကမ္ဘာ၏ သမိုင်းကြောင်းများထဲတွင် အချိန်ဓားနှင့် ပတ်သက်သော သဲလွန်စများ ရှိ မရှိ သိချင်နေခြင်း ဖြစ်သည်။

မကြာမီ သူသည် နဂါးမျှော်စင် စာကြည့်တိုက်သို့ ရောက်ရှိလာသည်။ သူသည် နဂါးတပ်ဖွဲ့ ဝတ်စုံကို ဝတ်ထားသော်လည်း အတွင်းသို့ ဝင်ရန်အတွက် တပ်ဖွဲ့ဝင် တံဆိပ် လိုအပ်သေးသည်။ သူသည် လွန်ခဲ့သော မိနစ်ပိုင်းက ဝူသျှန် ပေးခဲ့သော အထူးတံဆိပ်ကို ထုတ်ပြလိုက်သည်။

တံဆိပ်ကို ပြလိုက်သည်နှင့် သူသည် ချက်ချင်းပင် အတွင်းသို့ ဝင်ခွင့် ရရှိသွားသည်။ ထိုမျှမကဘဲ စာကြည့်တိုက် တာဝန်ခံ အကြီးအကဲမှာ လုံချန်း၏ လက်ထဲရှိ တံဆိပ်ကို မြင်သောအခါ အံ့အားသင့်သွားပုံ ရသည်။ ထိုတံဆိပ်မှာ တကယ့်ကို ထူးခြားသော တစ်စုံတစ်ခု ဖြစ်ပုံရသည်။

လုံချန်းသည် စာကြည့်တိုက်အတွင်းသို့ ဝင်ကာ သူရှာနေသော စာအုပ်များကို မည်သည့်နေရာတွင် တွေ့နိုင်မည်နည်းဟု အကြီးအကဲများကို မေးမြန်းလိုက်သည်။ အချက်အလက်များ ရရှိပြီးနောက် သူသည် စာကြည့်တိုက်အတွင်း လှည့်ပတ်ကြည့်ကာ လိုအပ်သော စာအုပ်များကို ရွေးချယ်လိုက်သည်။

လုံချန်းသည် စာအုပ်ပေါင်း ၂၀ ကျော်ကို ကိုင်ဆောင်ကာ စားပွဲတစ်လုံး၏ ရှေ့ရှိ ကုလားထိုင်တွင် ထိုင်လိုက်သည်။

"ဟင်း... ငါ ဒီမှာ အချိန်တော်တော်ပေးရတော့မှာပဲ။ ငါ မြန်မြန်ဖတ်ရင်တော့ နှစ်ရက်ဆိုရင် လုံလောက်မှာပါ" လုံချန်းက ပထမဆုံး စာအုပ်ကို ဖွင့်ရင်း ရေရွတ်လိုက်သည်။

သူသည် ဝိညာဉ်စစ်သည်တော်များ၏ မြစ်ဖျားခံရာဆိုသည့် စာအုပ်ကို စတင် ဖတ်ရှုလိုက်သည်။

ဝိညာဉ်စစ်သည်တော်များ၏ တကယ့် မြစ်ဖျားခံရာအကြောင်းကို ရွှင်းက သူ့အား ပြောပြပြီးသား ဖြစ်သည်။ သူတို့မှာ မျိုးသုဉ်းသွားပြီဖြစ်သော ဝိညာဉ်သတ္တဝါများ၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး ထိုသတ္တဝါများသည် အခြားမျိုးစိတ်များကို ဖမ်းဆီးကာ မျိုးပွားခဲ့ကြသဖြင့် ကောင်းကင်ဘုံ ဧကရာဇ်က အမျက်ထွက်ပြီး ဤကမ္ဘာအား ပြင်ပနှင့် အဆက်အသွယ်ဖြတ်ကာ ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်သည်။

လုံချန်းသည် ဤစာအုပ်ကို ဖတ်ပြီးရန် တစ်နာရီခန့်သာ ကြာလိုက်သည်။ သူ ဖတ်ပြီးသွားချိန်တွင် သူ၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ ဤလူများ လုပ်ကြံဖန်တီးထားသော ပုံပြင်များကို သူ မယုံနိုင်အောင် ဖြစ်နေရသည်။

ထိုစာအုပ်ထဲတွင် အမှန်တရား တစ်ခုမျှ မပါဝင်ပေ။ အထဲမှ အရာအားလုံးမှာ အလိမ်အညာများသာ ဖြစ်သည်။

စာအုပ်ထဲတွင် ဝိညာဉ်စစ်သည်တော်များမှာ နတ်ဘုရားများ၏ ကောင်းချီးပေးခြင်းကို ခံရသော နတ်ဘုရား၏ သားသမီးများ ဖြစ်သည်ဟု ရေးသားထားသည်။ ထို့ပြင် သူတို့သည် သူတို့ကို ကောင်းချီးပေးသော ဝိညာဉ်နတ်ဘုရားများထံမှ စွမ်းအားများကို ရရှိကြသည်ဟုလည်း ဆိုထားသည်။ ဤဂြိုဟ်ကြီး ပိတ်လှောင်ခံထားရခြင်း အကြောင်းရင်းကိုမူ ဝိညာဉ်ကမ္ဘာ၏ တိုးတက်မှုအပေါ် ကောင်းကင်ဘုံနယ်မြေက မနာလိုဖြစ်ခဲ့သောကြောင့်ဟု ဖော်ပြထားသည်။

သူတို့သည် ဝိညာဉ်ကမ္ဘာကို တိုက်ခိုက်ပြီး ပိတ်လှောင်ထားခဲ့ကြသည် ဟုလည်း ပါရှိသည်။

'သူတို့မှာ စိတ်ကူးယဉ်နိုင်စွမ်း တော်တော်ကောင်းတာပဲလို့ ငါ ပြောရမယ်' လုံချန်းက ပြုံးရင်း တွေးလိုက်မိသည်။

"ဒါက ထင်ရှားပါတယ်လေ။ ဘိုးဘေးတွေက သူတို့ရဲ့ မှောင်မိုက်တဲ့ သမိုင်းကြောင်းကို ဘယ်သူမှ မသိစေချင်ကြဘူး။ သူတို့ရဲ့ အတိတ်က ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ သမိုင်းတုတွေကို ဖန်တီးခဲ့ကြတာပေါ့။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ဒီရှက်စရာကောင်းတဲ့ အမှန်တရားကို သိတဲ့သူတွေက အသက်ကြီးပြီး သေဆုံးသွားကြပြီ။ သူတို့နောက်က လိုက်လာတဲ့သူတွေကတော့ အမှန်တရားကို မသိကြတော့ဘူး။ သူတို့က စာပေတွေထဲမှာ ရေးထားသမျှ သမိုင်းကြောင်းတွေကိုပဲ ယုံကြည်နေကြတော့တာပေါ့" ရွှင်းက သူ၏အနားတွင် ပေါ်လာရင်း ပြောလိုက်သည်။ သူမသည် သူ၏ရှေ့ရှိ စားပွဲပေါ်တွင် ထိုင်လိုက်သည်။

"အဲဒါလည်း ဟုတ်တာပါပဲ။ ရှက်စရာကောင်းတဲ့ သမိုင်းကို မေ့ပစ်လိုက်တာက ပိုကောင်းပါတယ်၊ ဒါပေမဲ့ ဒါက အဲဒီလို အခြေအနေမျိုး မဟုတ်ဘူး။ သမိုင်းကို ဖျောက်ဖျက်ရုံတင် လုပ်လိုက်မယ်ဆိုရင် အနာဂတ် မျိုးဆက်သစ်တွေက အတိတ်ကနေ ဘယ်လို သင်ခန်းစာယူပြီး မလုပ်သင့်တဲ့ အမှားတွေကို သိနိုင်မှာလဲ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

သူသည် ထိုစာအုပ်ကို ဘေးသို့ ဖယ်လိုက်ပြီး ဒုတိယ စာအုပ်ကို ဖွင့်လိုက်သည်။

ဒုတိယ စာအုပ်မှာ သူ အမှန်တကယ် စိတ်ဝင်စားသော စာအုပ်ဖြစ်သည်။ အဆုံးသတ်တွင် သူ ဤနေရာသို့ လာရခြင်းမှာလည်း ဤအကြောင်းကြောင့် မဟုတ်လော။

ဤနေရာမှစ၍ တကယ့် စိတ်လှုပ်ရှားစရာများ စတင်တော့မည် ဖြစ်သည်။ ထိုစာအုပ်မှာ စစ်ဝိညာဉ်များကို နှိုးဆော်ခြင်းအကြောင်း ဖြစ်သည်။ လုံချန်းသည် သူ၏ စစ်ဝိညာဉ်ကို မည်သို့ နှိုးဆော်ရမည်နည်း ဆိုသည်ကို သင်ယူချင်နေသည်၊ သို့မဟုတ် အနည်းဆုံးတော့ သူသည် ဝိညာဉ်စစ်သည်တော် တစ်ယောက်အဖြစ် ဟန်ဆောင်နေရသဖြင့် အခြေခံ အချက်အလက်များကို သိထားချင်သည်။ ဤကဲ့သို့သော အခြေခံ ကိစ္စလေးတွေကြောင့် သူ၏ လိမ်ညာမှုများ ပေါ်သွားမည်ကို သူ မလိုလားပေ။

အခန်း (၇၃၄) ဝိညာဉ်တို့၏ ဘုရင်

လုံချန်းသည် စာအုပ်ကို စတင်ဖတ်ရှုလိုက်ရာ ပထမဆုံး စာကြောင်းအနည်းငယ်ကို ဖတ်ပြီးသည်နှင့် သူ အံ့အားသင့်သွားရသည်။ အမှန်တကယ်တွင် စစ်ဝိညာဉ်များကို နှိုးဆော်ရန် တိကျသေချာသော နည်းလမ်းဟူ၍ မရှိကြောင်း သူ သဘောပေါက်သွားသည်။ သို့သော်လည်း နှိုးဆော်ခြင်းဖြစ်စဉ်ကို အထောက်အကူပြုသည့် နည်းလမ်းအချို့တော့ ရှိနေပါသည်။

စာအုပ်၏ ပထမဆုံး စာမျက်နှာအချို့တွင် တည်ရှိပြီးသမျှသော စစ်ဝိညာဉ် အမျိုးအစားများအကြောင်း ဖော်ပြထားသည်။ ဝူသျှန်နှင့် ဗာမီလီယန်တို့ ပိုင်ဆိုင်သည့် ဒြပ်စင်သက်ရှိ စစ်ဝိညာဉ်များ၊ ဒြပ်စင်သက်မဲ့ စစ်ဝိညာဉ်များ၊ သားရဲ စစ်ဝိညာဉ်များ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုဆိုင်ရာ စစ်ဝိညာဉ်များ၊ လက်နက်ဆိုင်ရာ စစ်ဝိညာဉ်များနှင့် အခြားများစွာသော အမျိုးအစားများ ရှိနေသည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ စစ်ဝိညာဉ် အမျိုးအစားတွေ ဒီလောက်တောင် များမယ်လို့ ငါ မထင်ထားဘူး။ ပြီးတော့ စစ်ဝိညာဉ် တစ်ခုချင်းစီမှာလည်း နှိုးဆော်ဖို့အတွက် မတူညီတဲ့ အကြံပြုချက်တွေ ရှိနေတာပဲ" လုံချန်းက စာအုပ်ကို ဆက်ဖတ်ရင်း ရေရွတ်လိုက်သည်။

အက်ရှာနိုင်ငံ၏ စစ်ဝိညာဉ်ရှင် ကောလိပ်ဝင်ခွင့် စာမေးပွဲတုန်းက သူ့တွင် ခရမ်းရောင်မြူခိုး စစ်ဝိညာဉ် ရှိသည်ဟု ပြောခဲ့ကြပြီး သူကလည်း ထိုအရာကို ယုံကြည်ခဲ့သည်။ ဝိညာဉ်စီရင်ခြင်း မှန်က အခြေအနေ အရပ်ရပ်ကို အပြည့်အစုံ မပြသည်မျိုး ဖြစ်နိုင်ကြောင်း သူ နည်းနည်းမျှပင မသံသယ မဖြစ်ခဲ့ဖူးပေ။

စာမေးပွဲနေ့က မှန်ပြင်သည် သူ၏ ခန္ဓာကိုယ်အတွင်း ငုပ်လျှိုးနေသော စစ်ဝိညာဉ်ကို ရှာဖွေစဉ် ခရမ်းရောင်မြူခိုးများကိုသာ ပြသခဲ့သည်။ လူတိုင်းက ၎င်းကို အသုံးမကျသော ခရမ်းရောင်မြူခိုး စစ်ဝိညာဉ်ဟုသာ ယူဆခဲ့ကြသော်လည်း နောက်ဆုံးအချိန်တွင် ခရမ်းရောင်မြူခိုးများကြား၌ ဝင်းလက်သွားသော နီရဲသည့် မျက်လုံးများကို မည်သူမျှ မမြင်လိုက်ကြပေ။ ထိုအချိန်က လုံချန်းကိုယ်တိုင်ပင် သတိမထားမိခဲ့ခြင်း ဖြစ်သည်။

သူသည် ခရမ်းရောင်မြူခိုး စစ်ဝိညာဉ်အကြောင်း ရေးသားထားသော အပိုင်းကို ရှာဖွေကာ ဖတ်ကြည့်လိုက်သည်။ သူ ခန့်မှန်းထားသည့်အတိုင်းပင်။ သူ ဖတ်ရှုရသလောက်တော့ ခရမ်းရောင်မြူခိုး စစ်ဝိညာဉ်သည် အသုံးမကျသော အရာဟုသာ ဆိုထားသည်။

သို့သော်လည်း ခရမ်းရောင်မြူခိုး စစ်ဝိညာဉ်ကို နှိုးဆော်ရာတွင် ထိရောက်သည်ဟု သက်သေပြထားသော နည်းလမ်းအချို့ကိုတော့ ရေးသားထားသည်။

၎င်းမှာ ဟန်ရေးပြခြင်းနှင့် သက်ဆိုင်သော စစ်ဝိညာဉ် ဖြစ်သည်ဟု ဆိုသည်။ ဝိညာဉ်စစ်သည်တော်များကို လူကြားထဲတွင် ခန့်ညားထည်ဝါစေရန်နှင့် ဟန်ရေးပြနိုင်စေရန်သာ အထောက်အကူပြုပြီး ထိုထက်ပိုသော အသုံးဝင်မှု မရှိပေ။

ဤဝတ်စုံသည် ဟန်ရေးပြခြင်းနှင့် ဆက်နွှယ်နေသောကြောင့် ခရမ်းရောင်မြူခိုး စစ်ဝိညာဉ်၏ ဝိသေသလက္ခဏာများကို လှုံ့ဆော်ရန်အတွက် လူတစ်ဦးသည် မာန်မာနကြီးရန်နှင့် အခြားသူများရှေ့တွင် ဟန်ရေးပြရန် လိုအပ်သည်ဟု ဆိုထားသည်။

"ဟန်ရေးပြရမယ် ဟုတ်လား။ ဟားဟား... အဲဒါဆိုရင်တော့ နင့်ထက် ပိုတော်တဲ့သူ ဘယ်သူ ရှိဦးမလဲ" ရွှင်းက လုံချန်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ငတုံးမလေး... ငါက ဘယ်တုန်းက ဟန်ရေးပြခဲ့လို့လဲ" လုံချန်းက မျက်လုံးအသာလှန်ရင်း ရေရွတ်လိုက်သည်။

"နင် ဘယ်တုန်းက ဟန်ရေးမပြခဲ့ဘူးလဲလို့ မေးရမှာ မဟုတ်ဘူးလား" ရွှမ်းက တခစ်ခစ်ရယ်မောရင်း ပြန်ပြောသည်။

"လျှောက်ပြောနေပြန်ပြီ။ ငါက ဘယ်လောက်တောင် နှိမ့်ချတတ်တဲ့သူလဲဆိုတာ ငါ ကိုယ်တိုင် သိပါတယ်။ ငါ ဘယ်တော့မှ ဟန်ရေးမပြဘူး။ ငါက ဒီလောကမှာ အနှိမ့်ချဆုံးလူပဲ" လုံချန်းက မျက်လုံးလှန်ရင်း ဆိုလိုက်သည်။

"အင်းပါ... ဟုတ်ပါပြီရှင်" ရွှင်းက ကလေးတစ်ယောက်ကို ချော့သကဲ့သို့ ဆိုလိုက်သည်။

"နင် ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ငါသိတယ်။ ငါကတော့ အဲဒီ အထဲကို မကျဆင်းသွားပါဘူး" လုံချန်းက ဆိုကာ ရွှင်းအား ဆက်မကြည့်တော့ဘဲ စာအုပ်ကိုသာ အာရုံစိုက် ဖတ်နေတော့သည်။

သူသည် အခွင့်အရေးရခိုက်တွင် စစ်ဝိညာဉ်အားလုံးအကြောင်းကို သိထားချင်သည်။ အထူးသဖြင့် သူ့ကို စိတ်ဝင်စားစေသော စစ်ဝိညာဉ်များနှင့် ၎င်းတို့အား မည်သို့ နှိုးဆော်ရသည် ဆိုသည်ကို ဖြစ်သည်။

သူသည် စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ရှုလာခဲ့သည်။ ဝူသျှန်၏ တောင်ပံဖြူ လေနတ်သမီး စစ်ဝိညာဉ် အကြောင်း၊ ဗာမီလီယံ၏ ဗာမီလီယံ စစ်ဝိညာဉ် အကြောင်းနှင့် အုပ်စိုးသူ စစ်ဝိညာဉ် အကြောင်းများကိုပင် ဖတ်ခဲ့သည်။

ထိုစာအုပ်တွင် စစ်ဝိညာဉ်များ၏ အချက်အလက်များသာမက ၎င်းတို့၏ သိသာထင်ရှားသော အားနည်းချက်များကိုပါ ဖော်ပြထားသည်။ ဤကမ္ဘာတွင် သူ့အတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်လာနိုင်သည့် လူများ၏ စစ်ဝိညာဉ် အားနည်းချက်များကို သူ သိထားချင်နေခြင်း ဖြစ်သည်။

သူသည် စာအုပ်ကို ဖတ်လာရင်း မကြာမီ နောက်ဆုံးစာမျက်နှာသို့ ရောက်ရှိလာသည်။ ထိုနောက်ဆုံးစာမျက်နှာမှာ စာအုပ်၏ ကျန်အပိုင်းများနှင့် တစ်နည်းနည်းဖြင့် ကွာခြားနေသည်။ ကျန်စာမျက်နှာများမှာ စာရွက်အဝါရောင်ပေါ်တွင် စာလုံးအဖြူများဖြင့် ဖြစ်သော်လည်း နောက်ဆုံးစာမျက်နှာမှာမူ စာရွက်အမည်းရောင်ပေါ်တွင် စာလုံးအနီများဖြင့် ရေးသားထားခြင်း ဖြစ်သည်။

လုံချန်းသည် ဤစာမျက်နှာမှာ တစ်ခုခု ထူးခြားနေသည်ဟု ခံစားမိသဖြင့် အလွန် စိတ်ဝင်တစားဖြင့် စတင် ဖတ်ရှုလိုက်သည်။

ထိုနောက်ဆုံးစာမျက်နှာမှာလည်း စစ်ဝိညာဉ်တစ်ခုအကြောင်းပင် ဖြစ်သည်။ လုံချန်းသည် စာမျက်နှာ၏ ထိပ်ဆုံးတွင် နီရဲသော မျက်လုံးများ၏ ပုံရိပ်ကို မြင်လိုက်ရသည်။ ထိုမျက်လုံးပုံရိပ်၏ အောက်တွင် စစ်ဝိညာဉ်၏ အမည်ကို ရေးသားထားသည်။

"ဒဏ္ဍာရီလာ မျက်လုံးနီ စစ်ဝိညာဉ်" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

"ဤစစ်ဝိညာဉ်နှင့် ပတ်သက်၍ များများစားစား မသိရပေ။ ကမ္ဘာဦးအစ ရှေးကျလှသော အချိန်ကာလတစ်ခုတွင် တစ်ကြိမ်သာ တွေ့ရှိခဲ့ဖူးသည်။ တစ်ကမ္ဘာလုံးကို အလံတစ်ခုတည်းအောက်တွင် စုစည်းညီညွတ်အောင် လုပ်ဆောင်နိုင်ခဲ့သည့် ပထမဆုံးသော ဘုရင်ကြီးသည် ဒဏ္ဍာရီလာ မျက်လုံးနီ စစ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သည့် ပထမဆုံးနှင့် နောက်ဆုံးသော ပုဂ္ဂိုလ်အဖြစ် လူသိများသည်"

"ဒဏ္ဍာရီလာ မျက်လုံးနီ စစ်ဝိညာဉ်သည် အင်အားအကြီးဆုံး စစ်ဝိညာဉ်ဟု လူသိများသော်လည်း ၎င်း၏ စွမ်းဆောင်ရည်များကိုမူ မည်သူမျှ မသိရှိကြပေ။ ဤစစ်ဝိညာဉ်သည် အဘယ်အရာများ ပြုလုပ်နိုင်သည်ကို မည်သူမျှ အတိအကျ မသိကြချေ။ သုတေသနပြုချက်များအရ မျက်လုံးနီ စစ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသူသည် တစ်ကမ္ဘာလုံးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်နိုင်သည့် အင်အားရှိရုံတင်မကဘဲ ဝိညာဉ်ဂြိုဟ်၏ တံဆိပ်ခတ်နှိပ်မှုကိုပင် ချိုးဖျက်နိုင်သည့် အစွမ်းရှိသည်ဟု ဆိုသည်" လုံချန်းက အမည်းရောင် စာမျက်နှာပေါ်ရှိ စာသားများကို ဖတ်လိုက်သည်။

"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ စွမ်းဆောင်ရည်တွေကို မသိရရုံတင်မကဘူး၊ အားနည်းချက်တွေကိုလည်း မသိရဘူး။ စစ်ဝိညာဉ်ကို နှိုးဆော်ရမယ့် နည်းလမ်းနေရာမှာတောင် ဘာမှ ရေးမထားဘူးပဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

"ဒါက တကယ့်ကို အစွမ်းထက်လွန်းတဲ့ စစ်ဝိညာဉ်ပဲ။ မျက်လုံးနဲ့ ပတ်သက်တဲ့ စစ်ဝိညာဉ်ပေါ့... ဒီလိုမျိုး တစ်ခုခုကို ပိုင်ဆိုင်ထားရရင် တော်တော်လေး အံ့ဩစရာ ကောင်းမှာပဲ" သူက သက်ပြင်းချရင်း ဆိုလိုက်သည်။

"ဒီလို စစ်ဝိညာဉ်မျိုး ရှိမယ့်အစား ငါ့မှာကျတော့ အသုံးမကျတဲ့ ခရမ်းရောင်မြူခိုး စစ်ဝိညာဉ်ကြီး ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်လေ... ဘာမှ မရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်၊ အနည်းဆုံးတော့ သုံးလိုက်ရင် လူကြည့်တော့ ခန့်မှာပေါ့" သူက ဆက်ပြောသည်။

"မျက်လုံးနီ စစ်ဝိညာဉ် ဟုတ်လား။ အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခု မှတ်မိသလိုပဲ" ရွှင်းက တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရုတ်တရက် ဆိုလိုက်သည်။

"နင် အဲဒါနဲ့ ပတ်သက်ပြီး ဘာသိလဲ" လုံချန်းက ရွှင်းကို မေးလိုက်သည်။

"နတ်ဘုရားတွေရဲ့ မဟာစစ်ပွဲကြီးအကြောင်း ငါ နင့်ကို ပြောပြခဲ့တာ မှတ်မိလား။ ကောင်းကင်ဘုံ ဧကရာဇ်က ဒီဂြိုဟ်ရဲ့ အပြစ်တွေအတွက် ဖျက်ဆီးဖို့ လာခဲ့တုန်းက နတ်ဆိုးဧကရာဇ်က သူ့ကို လာတားခဲ့တယ်လေ" ရွှင်းက လုံချန်းကို မေးသည်။

"အင်း... မှတ်မိတာပေါ့။ အဲဒါက ဘာဖြစ်လို့လဲ"

"အဲဒီအချိန်တုန်းက ဝိညာဉ်သတ္တဝါတွေရဲ့ ဘုရင်ကို မျက်လုံးနီ ဘုရင်လို့ ခေါ်ကြတယ်။ ငါလည်း သူ့အကြောင်း အများကြီးတော့ မသိဘူး။ ကောင်းကင်ဘုံ ဧကရာဇ်က ဒီဂြိုဟ်ကို ဖျက်ဆီးဖို့အတွက် သူ့ရဲ့ ကောင်းကင်စစ်သည်တော်တွေကို အရင် စေလွှတ်ခဲ့ပေမဲ့၊ မျက်လုံးနီ ဘုရင်က အဲဒီ စစ်သည်တော်အားလုံးကို တစ်ယောက်တည်းနဲ့ သတ်ပစ်ခဲ့တယ်လို့ ဆိုကြတယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်ဘုံ ဧကရာဇ်က ဒေါသထွက်ပြီး ကိုယ်တိုင် ဆင်းလာခဲ့တာ" ရွှင်းက ပြောသည်။

"ဒါဆိုရင် ဒီစစ်ဝိညာဉ်က ဒီကမ္ဘာက ဝိညာဉ်သတ္တဝါတွေရဲ့ ဘုရင်နဲ့ ဆက်နွှယ်နေတာပေါ့" လုံချန်းက မေးမြန်းသည်။

"ဟုတ်တယ်။ မျက်လုံးနီ ဘုရင်က အရမ်း အစွမ်းထက်တယ်လို့ ဆိုကြပေမဲ့ သူလည်း ကောင်းကင်ဘုံ ဧကရာဇ်ကို မနိုင်ခဲ့ဘဲ အသတ်ခံလိုက်ရတာပဲ။ ကောလာဟလတွေအရတော့ မျက်လုံးနီ ဘုရင် ရှုံးနိမ့်သွားရတာက သူက သူ့ရဲ့ အစွမ်းကုန်ကို မထုတ်သုံးနိုင်ခဲ့လို့ပဲ။ ဒီကမ္ဘာရဲ့ စွမ်းအင်တွေက သူ့ရဲ့ အစွမ်းကုန်ကို သုံးဖို့အတွက် မလုံလောက်ခဲ့လို့ သူ အသတ်ခံလိုက်ရတာတဲ့။ အမှန်တကယ် အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် အမှန်တရားကတော့ မျက်လုံးနီ ဝိညာဉ်ဘုရင်ကြီး အသတ်ခံခဲ့ရတာပဲ" ရွှင်းက ရှင်းပြသည်။

"ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတယ်ဆိုပေမဲ့လည်း ကောင်းကင်စစ်သည်တော် အားလုံးကို တစ်ယောက်တည်းနဲ့ သတ်နိုင်ခဲ့တယ်ဆိုတာကပဲ သူ့ရဲ့ အစွမ်းအစအတွက် လုံလောက်တဲ့ သက်သေပါပဲ" လုံချန်းက စာအုပ်ကို ပိတ်ရင်း ရေရွတ်လိုက်သည်။

"ဒါပေမဲ့ ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။ ငါ့မှာ ရှိနေတာက ခရမ်းရောင်မြူခိုး စစ်ဝိညာဉ်ပဲ။ အဆင့်အနိမ့်ဆုံး စစ်ဝိညာဉ် ရှိတဲ့သူက ဝိညာဉ်တို့ရဲ့ ဘုရင်အကြောင်း တွေးမနေသင့်ပါဘူး" လုံချန်းက ခေါင်းခါရင်း ဆိုလိုက်သည်။

သူသည် ထိုစာအုပ်ကို ဘေးသို့ ဖယ်လိုက်ပြီး နောက်ထပ် စာအုပ်တစ်အုပ်သို့ ကူးပြောင်းလိုက်သည်။ ကျန်ရှိသော စာအုပ်များမှာ ဤကမ္ဘာရှိ အမျိုးမျိုးသော လျှို့ဝှက်ချက်များအကြောင်း ပိုမို ပါဝင်သည်။ လုံချန်းသည် စာအုပ်များ ရွေးချယ်စဉ်က ဤကဲ့သို့သော စာအုပ်များစွာ ရှိနေသည်ကို တွေ့ရသဖြင့် အံ့အားသင့်ခဲ့ရသည်။

သူသည် စာအုပ်များကို ဆက်လက် ဖတ်ရှုနေသည်။

ကျန်ရှိသော စာအုပ်မှာ ၁၇ အုပ် ဖြစ်သည်။ သူ ယခုအထိ နှစ်အုပ်သာ ဖတ်ပြီးသေးသည်။

သူသည် မနားမနေ၊ မစားမသောက်ဘဲ တစ်နေ့လုံးနှင့် တစ်ညလုံး စာဖတ်နေခဲ့သည်။ သူ၏ ဇွဲလုံ့လမှာ နဂါးမျှော်စင် စာကြည့်တိုက်က အကြီးအကဲများကိုပင် အံ့အားသင့်စေခဲ့သည်။ လုံချန်းသည် စာလေ့လာရာတွင် ဤမျှအထိ စိတ်အားထက်သန်နေသည်ကို မြင်ရသဖြင့် သူတို့မှာ အံ့ဩနေကြတော့သည်။

All Chapters