အခန်း (၇၃၇-၇၃၈)
Vol. 74 Ch. 737-738
အခန်း (၇၃၇) ခေါင်းဆောင်
"စိတ်ဝင်စားစရာပဲ... တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြံပဲ။ ငါ ဒါကို အသေအချာ စဉ်းစားပေးပါ့မယ်" ဘုရင်ကြီးက ခေါင်းညိတ်ရင်း လုံချန်းကို ပြန်ပြောလိုက်သည်။ ထို့နောက် ပလ္လင်ပေါ်တွင် ကျောမှီလိုက်ရင်း အနားယူဟန် ပြုလေသည်။
"ကဲ... မင်း အခု သွားလို့ရပြီ။ ငါ စစ်တပ်ကို နှစ်ဖွဲ့ခွဲဖို့ စီစဉ်လိုက်ဦးမယ်၊ ပြီးတော့ တခြားသူတွေနဲ့လည်း ဒီအစီအစဉ်ကို ဆွေးနွေးရဦးမယ်" ဘုရင်ကြီးက လုံချန်းကို ထွက်ခွာရန် လက်ဟန်ပြလိုက်သည်။
လုံချန်းက ခေါင်းကို အသာအယာ ညွှတ်ကာ ဂါရဝပြုပြီးနောက် ခန်းမဆောင်အတွင်းမှ လှည့်ထွက်လာခဲ့သည်။ သူသည် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာလာပြီး သူ၏ အခန်းဆီသို့ ဦးတည် လျှောက်လှမ်းလာခဲ့သည်။
"တကယ့်ကို အံ့ဩစရာပဲ။ ဒါက နင့်ရဲ့ အစီအစဉ်ပေါ့လေ။ ဆူနိုင်းဘုရင်နဲ့ နီးစပ်အောင်လုပ်၊ သူ့ရဲ့ ယုံကြည်မှုကို ရအောင်ယူ၊ ပြီးတော့ နိုင်ငံ နှစ်နိုင်ငံကြား စစ်ပွဲဖြစ်အောင် ဖန်တီးတယ်၊ အခုတော့ စစ်ပွဲကို အလွယ်တကူ နိုင်မယ့်နည်းလမ်းကို ပေးပြီး အက်ရှာနိုင်ငံကို ဆုလာဘ်အဖြစ် တောင်းလိုက်ပြန်ပြီ။ တကယ်လို့ သူ့ဘက်က သဘောတူပြီး အစီအစဉ်အတိုင်းသာ ဖြစ်လာရင် နင်က အက်ရှာနိုင်ငံရဲ့ တရားဝင် ဘုရင် ဖြစ်လာတော့မှာပေါ့" ရွှင်းက လုံချန်းကို ချီးကျူးစကား ဆိုလိုက်သည်။
"ငါ တကယ် လိုချင်တာက အဲဒါ မဟုတ်ပါဘူး။ ငါ နင့်ကို ပြောဖူးတယ်လေ... နောင်တစ်ချိန်မှာ မိလျာယီအတွက် ဘာပြဿနာမှ မကျန်ခဲ့အောင် ငါ ဘုရင်လုပ်ပြမယ်ဆိုတာ။ ရန်သူတွေ မရှိတော့ဘဲ ပြည်သူတွေကပါ သူ့ကို လက်ခံလာမှသာ အဲဒါက ဖြစ်နိုင်မှာ။ အခု အစီအစဉ်က တကယ့် အစီအစဉ်ကသာ လွဲချော်သွားခဲ့ရင် သုံးဖို့အတွက် အရန်အစီအစဉ် သက်သက်ပါပဲ" လုံချန်းက ခပ်ပြုံးပြုံးဖြင့် တိုးတိုးလေး ပြန်ပြောလိုက်သည်။
ရွှင်းသည် လုံချန်း၏ စကားကို ကြားသောအခါ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ လုံချန်း မည်သည်ကို လုပ်မည်ဖြစ်ကြောင်း သူမ သိပြီဟု ထင်ထားခဲ့သော်လည်း ယခု သူ၏ စကားများကို ကြားရသောအခါ သူမ လုံးဝ မှားယွင်းနေကြောင်း သိလိုက်ရသည်။
မကြာမီပင် လုံချန်းသည် သူ၏ အခန်းသို့ ပြန်ရောက်လာသည်။ တံခါးကို ဖွင့်ကာ အထဲသို့ ဝင်လိုက်သည်နှင့် ကုတင်ပေါ်သို့ ပစ်လှဲချလိုက်တော့သည်။ သူသည် လွန်ခဲ့သော အချိန်များတစ်လျှောက်လုံး ကျင့်ကြံခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းများဖြင့်သာ အချိန်ကုန်လွန်ခဲ့သဖြင့် အိပ်စက်ခြင်းနှင့် ဝေးကွာနေသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအခါ တော်တော်လေး အိပ်ချင်စိတ် ပေါက်နေပြီ ဖြစ်၏။
"ရွှင်း... ငါကတော့ အမြဲတမ်း သတိနဲ့ နေချင်သေးတယ်။ နင် ငါ့အနားမှာ ရှိနေပေးပါ၊ တစ်ခုခု ထူးခြားတာ ရှိရင် ငါ့ကို နှိုးလိုက်နော်" လုံချန်းက မျက်လုံးများကို မှိတ်ထားရင်း ရွှင်းကို တောင်းဆိုလိုက်သည်။
"အင်းပါ" ရွှင်းက လုံချန်း၏ မျက်နှာကို ကြည့်ရင်း ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
"လိမ္မာတယ်" လုံချန်းက ရေရွတ်လိုက်ပြီးနောက် မကြာမီပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက်တွင် တံခါးခေါက်သံကြောင့် လုံချန်း နိုးလာခဲ့သည်။ သူသည် ဘေးသို့ လှည့်ကြည့်လိုက်ရာ ရွှင်းက ထိုနေရာတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။
"ငါ့အတွက် မအိပ်ဘဲ စောင့်ပေးလို့ ကျေးဇူးပဲနော်" သူက ရွှင်း၏ ခေါင်းလေးကို အသာအယာ ပုတ်ရင်း ပြောလိုက်သည်။ "အခုတော့ ငါ တော်တော်လေး လန်းဆန်းသွားပြီ။ အိပ်စက်ခြင်းက တကယ်ပဲ အံ့ဩစရာ ကောင်းတာပဲ"
လုံချန်းသည် ကုတင်ပေါ်မှ ထရပ်ကာ အခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။ တံခါးကို ဖွင့်လိုက်သောအခါ မိန်းမစိုးက အပြင်တွင် စောင့်နေသည်အား တွေ့လိုက်ရသည်။
"အရှင်မင်းကြီးက မင်းကို အခေါ်လွှတ်လိုက်တယ်" မိန်းမစိုးက ဆိုသည်။
"ဪ... ဟုတ်လား။ သွားကြတာပေါ့" လုံချန်းက အခန်းပြင်သို့ ထွက်လှမ်းလိုက်သည်။
သူသည် မိန်းမစိုး၏ နောက်မှ လိုက်ပါရင်း ခန်းမဆောင်ကြီးဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ လုံချန်း အထဲသို့ ဝင်လိုက်သောအခါ ပထမတစ်ခေါက် ရောက်စဉ်ကနှင့် အခြေအနေမှာ များစွာ မခြားနားလှပေ။ နန်းတွင်းအမတ်ကြီးများ၊ နဂါးတပ်ဖွဲ့ဝင်များနှင့် ပလ္လင်ပေါ်တွင် စံမြန်းနေသော ဘုရင်ကြီးကို တွေ့လိုက်ရသည်။
သူသည် ရှေ့သို့ တိုးသွားကာ ဘုရင်ကြီးကို ဂါရဝပြုလိုက်သည်။
"မင်း အကြံပေးခဲ့တဲ့ အစီအစဉ်ကို ငါတို့တွေ ဆွေးနွေးပြီးပြီ။ အားလုံးကလည်း ဒါဟာ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်တယ်လို့ သဘောတူကြတယ်။ ဒါကြောင့် ငါတို့ ဒီအတိုင်း ဆက်လုပ်မယ်။ စစ်တပ် ဖွဲ့စည်းပုံတွေလည်း ပြီးသွားပြီ၊ အားလုံးလည်း အသင့်ပဲ။ ပထမ စစ်တပ်ကတော့ ဒီနေ့ပဲ နယ်စပ်ကို ထွက်ခွာမယ်၊ ဒုတိယ စစ်တပ်က စစ်သည်တွေကတော့ မနက်ဖြန်ကျရင် အုပ်စုခွဲပြီး စတင် ထွက်ခွာကြလိမ့်မယ်" ဘုရင်ကြီးက အသိပေးလေသည်။
"နောက်ပြီး မင်းကို ဒုတိယ စစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ် စစ်ဗိုလ်ချုပ် လိုင်ဟူးနဲ့အတူ ခန့်အပ်လိုက်တယ်။ မင်းတို့ နှစ်ယောက်စလုံးမှာ လုပ်ပိုင်ခွင့် အာဏာ တူတူပဲ ရှိမယ်၊ ဒါကြောင့် တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ကူညီဖြည့်ဆည်းပေးရင်း အောင်မြင်အောင် လုပ်ဆောင်ကြလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ ဝူသျှန်က မင်းကို ဗိုလ်ချုပ်ဟူးနဲ့ မိတ်ဆက်ပေးလိမ့်မယ်။ မနက်ဖြန် ခရီးထွက်ကြမှာဆိုတော့ ဒီနေ့ပဲ မင်းတို့ အချင်းချင်း တွေ့ဆုံပြီး ရင်းနှီးအောင် လုပ်ထားကြဦး"
"ဗိုလ်ချုပ်ဟူးနဲ့ ကျွန်တော်က ခေါင်းဆောင် ဟုတ်လား။ ဒါဆို ဆရာဝူသျှန်ကကော" လုံချန်းက ဝူသျှန်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။ သူသည် အဖြေကို ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း မသိသလို ဟန်ဆောင်ကာ မေးလိုက်ခြင်း ဖြစ်သည်။
"ဝူသျှန်နဲ့ ကျန်တဲ့သူတွေကတော့ အဓိက နယ်စပ်ကို တာဝန်ယူရမှာပေါ့။ ဒုတိယ တိုက်စစ်အတွက် လူကုန်လွှတ်လိုက်လို့ နယ်စပ် အဖောက်ခံရရင် မခက်ဘူးလား။ သူတို့က ပထမ စစ်တပ်ကို ကူညီပေးကြလိမ့်မယ်" ဘုရင်ကြီးက ရှင်းပြသည်။
"နောက်ပြီးတော့... အက်ရှာနိုင်ငံဘက်က ငါ့ကို အဲဒီမှာ မတွေ့ရင် သူတို့ သံသယ ဝင်သွားလိမ့်မယ်။ အဲဒီအခါမှာ သူတို့က ပိုပြီး သတိထားလာကြလိမ့်မယ်။ ငါတို့ဘက်က တစ်ခုခု မှားယွင်းနေတယ်ဆိုတဲ့ သဲလွန်စမျိုး သူတို့ကို လုံးဝ မပေးလို့ မဖြစ်ဘူး" ဝူသျှန်က ဝင်ပြောလိုက်သည်။
ဘုရင်ကြီးသည် လာမည့် စစ်ပွဲအကြောင်းကို အနည်းငယ် ထပ်မံ ပြောဆိုပြီးနောက် အားလုံးကို ပြန်ခွင့်ပြုလိုက်လေသည်။
လုံချန်းသည် ဝူသျှန်နှင့်အတူ နန်းတော်၏ ရှည်လျားလှသော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။
"မင်းက အက်ရှာနိုင်ငံရဲ့ ဘုရင်လုပ်ချင်တယ်လို့ ဆုလာဘ် တောင်းခဲ့တယ်ဆို" ဝူသျှန်က လုံချန်းကို ကြည့်ကာ တဟားဟား ရယ်ရင်း ဆိုသည်။
"ဟုတ်တယ်လေ။ သူကတော့ ဖြည့်ဆည်းပေးမယ်လို့ တိုက်ရိုက် မပြောပေမဲ့ စဉ်းစားပေးမယ်လို့တော့ ပြောတယ်" လုံချန်းက သက်ပြင်းချရင်း ပြန်ဖြေသည်။
"သူက မင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်ချင်သေးတာပါ။ အဲဒါကြောင့်လည်း မင်းကို ဒုတိယ တိုက်စစ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ခန့်လိုက်တာပေါ့။ တကယ်လို့ မင်းသာ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် မင်းကို ရုပ်သေးဘုရင် တစ်ယောက်အနေနဲ့ ထားပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
"ရုပ်သေးဘုရင် ဟုတ်လား" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"ဪ... အဲဒါက တခြားသူတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဘုရင်တွေကို ခေါ်တာပါ။ ကိုယ်ပိုင် အစွမ်းအစ မရှိဘဲ အမိန့်ပေးသမျှကိုပဲ နားထောင်ရတဲ့သူတွေ ဒါမှမဟုတ် တခြားဘုရင်တွေရဲ့ လက်အောက်ခံ ဘုရင်တွေကို ပြောတာပေါ့" ဝူသျှန်က ရှင်းပြသည်။
"ဪ... အဲဒါဆိုလည်း ဟုတ်တာပဲ။ အရှင်မင်းကြီးက အရာအားလုံးကို အုပ်ချုပ်နေတာဆိုတော့ ကျွန်တော်က ရုပ်သေးဘုရင် ဖြစ်မှာပေါ့။ ရုပ်သေးဘုရင် လုပ်ရလည်း ကျွန်တော်ကတော့ ပျော်ပါတယ်" လုံချန်းက ပြုံးရင်း ပြန်ပြောလိုက်သည်။
သူသည် အပြင်ပန်းတွင် အပြစ်ကင်းစင်သော ပုံစံမျိုး ပြသနေသော်လည်း စိတ်ထဲတွင်မူ သူ့ကို ရုပ်သေးတစ်ရုပ်လို ထိန်းချုပ်ထားနိုင်မည်ဟု ထင်နေကြသော လူများအပေါ် လှောင်ရယ်နေမိသည်။
ဝူသျှန်ကတော့ လုံချန်း၏ အမူအရာတွင် ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။
သူသည် လုံချန်းကို နန်းတော်ပြင်ပရှိ စစ်သည်တော်များ လေ့ကျင့်ပြင်ဆင်နေကြသည့် ဧရာမ အမိုးခုံးကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
"ဝမ်ကျန့်... မင်းက ကျင့်ကြံသူတစ်ယောက်နဲ့ ပိုတူအောင် နေဦးမှပေါ့။ အခုထိတော့ စစ်သားတစ်ယောက်နဲ့ပဲ တူနေသေးတယ်။ ဆံပင်ကို ဖြေချလိုက်၊ ပြီးတော့ ဟောင်းနွမ်းနေတဲ့ ဝတ်ရုံမျိုးကို ဝတ်စမ်း။ ငါတို့ မနက်ဖြန် ထွက်ကြတော့မှာ၊ ဘယ်သူ့ဆီကမှ အမှားအယွင်း အဖြစ်မခံနိုင်ဘူး။ သွား... ပြန်သွားပြီး ပြန်ပြင်ခဲ့ဦး"
လုံချန်းသည် ဆံပင်ဖြူဖြူနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က စစ်သည်ငယ်တစ်ဦးကို ဟောက်ငေါက်နေသည်ကို တွေ့လိုက်ရသည်။
"အဲဒါ ဗိုလ်ချုပ်ဟူးပဲ။ သူက မင်းနဲ့အတူ စစ်တပ်ကို ဦးဆောင်မယ့်သူပေါ့။ သူက နည်းနည်းတော့ တည်ကြည်လွန်းတယ်၊ ပြီးတော့ ကိစ္စတွေကို ပေါ့ပေါ့တန်တန် လုပ်တာမျိုး၊ အမှားအယွင်း ဖြစ်တာမျိုးကို လုံးဝ လက်မခံတဲ့သူပဲ။ သူ့အသံကလည်း နည်းနည်း ကျယ်တယ်၊ မင်း သူ့ကို နည်းနည်းတော့ သည်းခံရလိမ့်မယ်" ဝူသျှန်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
"ဗိုလ်ချုပ်ဟူး" ဝူသျှန်က ထိုဆံပင်ဖြူနှင့် လူကြီးအနားသို့ သွားကာ လှမ်းခေါ်လိုက်သည်။
"ဆရာဝူ... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ" ဗိုလ်ချုပ်ဟူးက မေးမြန်းသည်။
"အရှင်မင်းကြီးရဲ့ အမိန့်အရ လုံချန်းကို မင်းနဲ့ မိတ်ဆက်ပေးဖို့ ခေါ်လာတာပါ။ မင်းတို့ နှစ်ယောက်က ဒီတိုက်စစ်ကို အတူတူ ဦးဆောင်ရမှာဆိုတော့ အချင်းချင်း သိထားတာ ပိုကောင်းတာပေါ့"
ဗိုလ်ချုပ်ဟူးသည် လုံချန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"သူက လုံချန်း ဟုတ်လား။ ကလေးလေးပဲ ရှိသေးတာကို။ အရှင်မင်းကြီးက ဘာတွေတွေးပြီး ဒီကလေးကို ငါနဲ့တန်းတူ အာဏာပေးလိုက်တာလဲ" သူက လုံချန်းကို အထင်သေးသည့် ပုံစံဖြင့် ငုံ့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"ကလေးလေး... မင်းကို စစ်တပ် ဦးဆောင်ခိုင်းမယ်လို့ ပြောထားတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းက အတွေ့အကြုံ မရှိသေးဘူး။ အရာအားလုံးကို ငါတစ်ယောက်တည်း ကိုင်တွယ်ပါ့မယ်။ မင်း ဘာမှ စိတ်ပူနေစရာ မလိုဘူး" ဗိုလ်ချုပ်ဟူးက မျက်လုံးလှန်ရင်း ခပ်မဲ့မဲ့ ဆိုလိုက်လေသည်။
ဗိုလ်ချုပ်ဟူးက သူ့ကို လှောင်နေသည်လား သို့မဟုတ် တကယ် မာန်မာနကြီးနေသည်လား ဆိုသည်ကို လုံချန်း မဝေခွဲနိုင်သေးပေ။
ဤအခြေအနေကို နည်းလမ်းနှစ်မျိုးဖြင့် ကိုင်တွယ်နိုင်သည်ကို သူ သိသည်။ စိတ်အေးအေးထားပြီး ဖြေရှင်းမည်လား သို့မဟုတ် ဒေါသနဲ့ တုံ့ပြန်မည်လား။
'အင်း... မှန်သားပဲ။ ခရမ်းရောင်မြူခိုး စစ်ဝိညာဉ်က ဟန်ရေးပြမှ နိုးထတတ်တယ်ဆိုတာ ငါ စာအုပ်ထဲမှာ ဖတ်ခဲ့တယ်လေ။ အခုက အဲဒါကို နှိုးဖို့ အခွင့်အရေးကောင်းပဲ။ သူက ငါ့ကို လာပြီး ဟန်ပြနေတာလား။ အေးလေ... အဲဒါဆိုရင် ငါက သူ့ထက် ပိုပြီး ဟန်ပြပေးလိုက်ရတာပေါ့' လုံချန်းသည် မနေ့က စစ်ဝိညာဉ်များအကြောင်း ဖတ်ခဲ့သည်ကို သတိရသွားပြီး စိတ်ထဲမှ ပြုံးလိုက်တော့သည်။
အခန်း (၇၃၈) ခွဲခွာခြင်း
"ကလေး... ငါပြောတာ ကြားတယ်မလား။ ငါပဲ အရာအားလုံးကို တာဝန်ယူမှာ။ ငါတို့ အက်ရှာနိုင်ငံကို သိမ်းပိုက်နေတုန်း မင်းကတော့ အေးအေးဆေးဆေး ထိုင်ကြည့်နေရုံပဲ" ဗိုလ်ချုပ်ဟူးသည် သူ့စကားကို ပြန်မဖြေဘဲ ငြိမ်နေသော လုံချန်းအား ကြည့်ကာ ထပ်လောင်းပြောဆိုလိုက်သည်။
လုံချန်းကမူ ဤအခြေအနေကို အသုံးချပြီး သူ၏ စစ်ဝိညာဉ်အား နိုးထလာစေရန် မည်သို့ဟန်ရေးပြရမည်ကိုသာ အာရုံစိုက်နေခဲ့သည်။
"ခင်ဗျားက ဗိုလ်ချုပ်ဟူး ထင်တယ်... ဟုတ်လား" လုံချန်းက မည်သည်မျှ မထူးခြားသလိုပင် ခပ်အေးအေး မေးလိုက်သည်။ သူသည် ဗိုလ်ချုပ်ဟူးကို တစ်စက္ကန့်ပင် ပြည့်အောင် မကြည့်ဘဲ ပျင်းရိငြီးငွေ့နေသည့် ပုံစံမျိုးဖြင့် လေ့ကျင့်ရေးကွင်းထဲကိုသာ ဟိုဟိုဒီဒီ လှည့်ကြည့်နေတော့သည်။
"ငါက ဗိုလ်ချ..." ဗိုလ်ချုပ်ဟူး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လုံချန်းက စကားဖြတ်လိုက်သည်။
"ရှူး... အခု ကျုပ် ပြောနေတာလေ။ ဗိုလ်ချုပ်တစ်ယောက် ဖြစ်ပြီးတော့ သူများစကားပြောနေတုန်း ကြားဖြတ်မပြောသင့်ဘူးဆိုတာ ခင်ဗျား မသိဘူးလား" လုံချန်းက ဝင်ဟန့်လိုက်သည်။
"ထားပါတော့... ဗိုလ်ချုပ်ဟူး။ ခင်ဗျားက ဒီတာဝန်ကို ခင်ဗျားပဲ တာဝန်ယူပါရစေလို့ ပြောခဲ့တယ်နော်။ အဲဒီတော့ ကျုပ်ကလည်း ခင်ဗျားကို အလားတူ ကမ်းလှမ်းချက်မျိုးပဲ ပြန်ပေးချင်တယ်။ ခင်ဗျားပဲ အေးအေးဆေးဆေး ထိုင်ကြည့်နေလိုက်ပါ၊ ကျုပ် ဒီအလုပ်ကို ခင်ဗျားကိုယ်စား အပြတ်ရှင်းပြပါ့မယ်"
"မင်း... ဒီကလေးစုတ်ကတော့"
ဗိုလ်ချုပ်ဟူးသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ထပ်မံပြောဆိုရန် ကြိုးစားပြန်သော်လည်း လုံချန်းက မညှာမတာပင် ထပ်မံ စကားဖြတ်လိုက်ပြန်သည်။
"ခင်ဗျားကတော့ သင်ခန်းစာ မရသေးဘူးပဲ" လုံချန်းက ဆိုသည်။
"အရှင်မင်းကြီးက ဘာလို့ ကျုပ်ကို ရွေးချယ်ခဲ့တာလဲဆိုတာ ခင်ဗျား သိချင်နေတယ် မဟုတ်လား။ ကဲ... ကျုပ် ဖြေပေးမယ်။ ခင်ဗျား ကလေးလို့ ခေါ်နေတဲ့ ဒီလူက အက်ရှာနိုင်ငံရဲ့ ဘုရင်ပြီးရင် အာဏာအရှိဆုံးဖြစ်တဲ့ ဒုတိယမြောက် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကို ကိုယ်တိုင် သတ်ခဲ့တာဗျ။ စွမ်းဆောင်ချက်တွေနဲ့ ယှဉ်မယ်ဆိုရင် ဒီတစ်ခုတည်းနဲ့တင် ခင်ဗျားတစ်သက်လုံး လုပ်ခဲ့တာတွေထက် ပိုတောင် သာဦးမယ်" လုံချန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ရင်း ရှေ့သို့ တစ်လှမ်းတိုးကာ ဗိုလ်ချုပ်ဟူး၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
ဝူသျှန်ကတော့ အနောက်မှနေ၍ ဤမြင်ကွင်းကို ပြုံးစစဖြင့် ကြည့်နေခဲ့သည်။ လုံချန်းက ဤမျှအထိ လူအများ ခန့်ညားအောင် ဟန်ရေးပြနိုင်သည်အား မြင်ရသဖြင့် သူ အံ့အားသင့်နေမိသည်။ သို့သော် သူ ဝင်မပါခဲ့ပေ။ ဗိုလ်ချုပ်ဟူး ကိုယ့်ထက်သာသူနှင့် တွေ့ကာ အရှက်ကွဲနေသည်ကို သူ သဘောကျနေမိပြီး ရယ်ချင်စိတ်အား မနည်းအောင့်ထားရသည်။
"မင်း... မင်း" ဗိုလ်ချုပ်ဟူးမှာ လုံချန်း၏ ကြွားဝါမှုများကြောင့် မည်သို့ ပြန်ပြောရမှန်း မသိဘဲ စကားများပင် ထစ်နေတော့သည်။
"ကဲ... ဒီနေ့အတွက်တော့ ဒါပဲ။ မနက်ဖြန် ခရီးထွက်မှာဆိုတော့ အကုန် အသင့်ပြင်ထားလိုက်ဦး။ ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ရန်သူတွေ ရိပ်မိမသွားအောင် ခင်ဗျားပဲ အပင်ပန်းဆုံး လုပ်ရမှာနော်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပြီး ဝတ်စားဆင်ယင်မှုကိုလည်း အရင်ဆုံး ရွေးထားဦး။ မနက်ဖြန် မနက်စောစော ခရီးစထွက်မယ်။ အားလုံး အဆင်သင့်ဖြစ်အောင် လုပ်ထားနော်" လုံချန်းက ကျောခိုင်းကာ ထွက်ခွာရန် ပြင်လိုက်သည်။
"သွားရအောင် ဆရာဝူသျှန်။ ဗိုလ်ချုပ်ဟူးနဲ့ တွေ့ပြီးပြီဆိုတော့ ကျွန်တော် သူ့ကို ယုံကြည်စိတ်ချသွားပြီ။ ဗိုလ်ချုပ်ဟူးက အရာအားလုံးကို အဆင်ပြေအောင် လုပ်နိုင်မှာပါ" သူက အံ့အားသင့်ပြီး ကျန်ရစ်ခဲ့သော ဗိုလ်ချုပ်ဟူးကို ထားရစ်ကာ ဝူသျှန်ကို ခေါ်၍ ထွက်လာခဲ့တော့သည်။
ဝူသျှန်ကတော့ ခပ်ပြုံးပြုံးဖြင့် လုံချန်းနောက်မှ လိုက်လာခဲ့သည်။
"မင်း လုပ်လိုက်တဲ့ ပုံစံက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ နည်းနည်းတော့ များသွားသလားလို့။ ဗိုလ်ချုပ်ဟူးက တကယ်တော့ သစ္စာရှိတဲ့သူပါ၊ တာဝန်ကို ပျက်ကွက်မယ့်သူ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ပိုင်းတော့ နည်းနည်း သတိထားနေဦးမှ ဖြစ်မယ်" ဝူသျှန်က ဘေးမှနေ၍ အကြံပေးသည်။
"မပူပါနဲ့။ အခုလို လုပ်လိုက်တော့မှ သူက စစ်တပ်ရှေ့မှာ ဟန်ပြနိုင်ဖို့နဲ့ စွမ်းဆောင်ရည်တွေ ပြနိုင်ဖို့ ပိုပြီး ကြိုးစားလာမှာလေ။ အဲဒါက မဆိုးပါဘူး။ ကျွန်တော့်အတွက်ကတော့ အေးဆေးပါ" လုံချန်းက ပြန်ဖြေလိုက်သည်။
"အင်း... မင်း ဒီနေ့ တစ်နေ့လုံး အစီအစဉ်တွေ ဆွဲနေမယ်လို့ ငါ ထင်ထားတာ၊ အခုတော့ အဲဒါတွေကို သူ့အပေါ် အကုန်ပုံချလိုက်ပြီပေါ့။ အဲဒီတော့ ဒီနေ့ တစ်နေ့လုံး မင်း ဘာလုပ်မှာလဲ"
"အစီအစဉ် ဟုတ်လား။ အဲဒါက ရိုးရိုးလေးပါပဲ၊ အရှင်မင်းကြီးကို ပြောပြခဲ့တဲ့အတိုင်းပါပဲ။ ဗိုလ်ချုပ်ဟူးလည်း အဲဒါကို သိမှာပါ။ တကယ့် အဓိက အစီအစဉ်ကိုတော့ မြောက်ဘက်ကို ရောက်မှပဲ အားလုံးကို ပြောပြတော့မယ်။ အခုလောလောဆယ်တော့ အများကြီး ထုတ်မပြောချင်သေးဘူး" လုံချန်းက ဆိုသည်။
"ဒီနေ့ တစ်နေ့လုံးတော့ မြို့ထဲမှာပဲ လျှောက်သွားရင်း ဈေးဝယ်ထွက်မလားလို့ စဉ်းစားထားတယ်"
"ဪ... ဟုတ်သားပဲ။ မင်း ပစ္စည်းတွေ လိုအပ်မှာပေါ့။ မင်းကို စတွေ့ကတည်းက ဒီဝတ်စုံပဲ ဝတ်ထားတာကိုး။ အဲဒါနဲ့ သတိရလို့... နဂါးတပ်ဖွဲ့ထဲ ဝင်တဲ့အတွက် ပေးရမယ့် ဆုလာဘ်ကို ငါ မေ့နေတာ။ မင်းရဲ့ ရင်ထိုးတံဆိပ်က အဆင်သင့် ဖြစ်နေပြီ။ ရော့... ဒီမှာ" ဝူသျှန်က သူ့နဖူးကို အသာပုတ်ရင်း သတိရသွားကာ ငွေရောင် ရင်ထိုးတံဆိပ်တစ်ခုကို ကမ်းပေးလိုက်သည်။
"ဒီတံဆိပ်က မင်းဟာ ငါတို့ နဂါးတပ်ဖွဲ့ဝင် ဖြစ်တယ်ဆိုတာကို သက်သေပြလိမ့်မယ်။ နောက်ပြီးတော့ ဒီတံဆိပ်ကို သုံးပြီး တစ်လကို ရွှေဒင်္ဂါးငါးရာဖိုးအထိ မင်း နှစ်သက်ရာ ဝယ်လို့ရတယ်။ ကုန်ကျစရိတ်ကို ငါတို့ တာဝန်ယူပေးမယ်။ ဆိုင်ရှင်ကို ဒီတံဆိပ် ပြလိုက်ရုံပဲ၊ သူတို့ အကုန်စီစဉ်ပေးလိမ့်မယ်" ဝူသျှန်က ရှင်းပြသည်။
"ဒါကတော့ တကယ့်ကို ကောင်းတာပဲ။ ကျွန်တော်က ပိုက်ဆံတောင်းမလို့ စဉ်းစားနေတာ။ အခုတော့ မလိုတော့ဘူးပေါ့" လုံချန်းက ပြုံးရင်း ဆိုလိုက်သည်။
"ဆရာရော ကျွန်တော်နဲ့ လိုက်မလား"
"မလိုက်နိုင်တော့ဘူးကွ။ နောက်ထပ် နာရီပိုင်းအတွင်း ငါ ထွက်ရတော့မယ်။ နဂါးတပ်ဖွဲ့ဝင်တွေက နယ်စပ်မှာ အားလုံး အသင့်ဖြစ် မဖြစ် သွားစစ်ရမှာလေ။ နယ်စပ်က ငါတို့အတွက် အရေးအကြီးဆုံးပဲ မဟုတ်လား" ဝူသျှန်က ခေါင်းခါရင်း ငြင်းလိုက်သည်။
"အာ... ဟုတ်သားပဲ။ ဒါဆိုလည်း သွားတော့မယ်နော်" လုံချန်းက ခေါင်းညိတ်ပြလိုက်သည်။
"နောက်တစ်ခါ ငါတို့ ပြန်တွေ့ကြတဲ့အခါမှာတော့ မင်း မြို့တော်ကို သိမ်းပိုက်ပြီး ဖြစ်နေလောက်ပြီ။ ကံကောင်းပါစေကွာ" ဝူသျှန်က ရယ်မောရင်း နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
ဝူသျှန် ထွက်သွားပြီးနောက် လုံချန်းသည် ဝေးကွာသွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။ "နောက်တစ်ခါ ပြန်တွေ့ကြတဲ့အခါပေါ့... ဟုတ်လား"
"နောက်တစ်ခါ ကျွန်တော်တို့ ပြန်တွေ့ကြတဲ့အခါ ခင်ဗျားရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ရှိနေမှာ မဟုတ်တော့ဘူးဆိုတာ ကျွန်တော် အာမခံတယ်" သူက သက်ပြင်းချရင်း ဆိုလိုက်သည်။ ထို့နောက် လှည့်ထွက်လာခဲ့ကာ မြို့လယ်ဈေးဆီသို့ ဦးတည်သွားတော့သည်။
လုံချန်းသည် ဈေးသို့ ရောက်သောအခါ မည်သို့သော လက်နက်မျိုး ဝယ်ယူနိုင်မည်ကို သိရှိရန် လက်နက်အရောင်းဆိုင် တစ်ဆိုင်အတွင်းသို့ ဝင်ခဲ့သည်။
"အာ... နဂါးတပ်ဖွဲ့ဝင် တစ်ယောက်ပါလား။ သခင်လေး... ဘာများ ကြည့်မလဲဗျ" ဆိုင်ရှင်သည် လုံချန်း၏ နဂါးဝတ်ရုံကို မြင်သည်နှင့် လာရောက် ကြိုဆိုလေသည်။
"လက်နက်တွေ လိုချင်လို့။ ခင်ဗျားဆီမှာ အကောင်းဆုံး ဓားတွေကို ပြပေးပါ" လုံချန်းက ဆိုသည်။ သူသည် မိမိ၏ စစ်ဝိညာဉ်ကို နှိုးရန်အတွက် မာန်ကြီးသော မျိုးနွယ်စုကြီးတစ်ခုမှ သခင်လေးတစ်ဦးကဲ့သို့ တည်ငြိမ်ခန့်ညားသော အမူအရာအား ဆက်လက် ထိန်းသိမ်းထားလေသည်။
"ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ အဖိုးတန်ဆုံး ဓားတွေ ရှိတဲ့နေရာကို ခေါ်သွားပါ့မယ်" ဆိုင်ရှင်က ပြောဆိုကာ အောက်ထပ်သို့ ဆင်းသည့် လှေကားဆီသို့ ဦးဆောင်သွားသည်။
လုံချန်းလည်း ဆိုင်ရှင်၏ နောက်မှ လိုက်ကာ မြေအောက်ထပ်သို့ ဆင်းလာခဲ့သည်။
ငါးမိနစ်ခန့် ဆင်းလာပြီးနောက် လုံချန်းသည် လှပခမ်းနားသော မြေအောက် ခန်းမဆောင်ကြီး တစ်ဆောင်သို့ ရောက်ရှိသွားသည်။ ထိုအခန်းမှာ တစ်ခန်းလုံးကို ငွေရောင်များဖြင့် ပြုလုပ်ထားပြီး ရွှေရောင် ပန်းနွယ်ဒီဇိုင်းများဖြင့် အလှဆင်ထား၏။ နံရံတစ်လျှောက်တွင်လည်း လက်နက်မျိုးစုံကို စီရီထားကာ အချို့ကို နံရံတွင် ချိတ်ဆွဲထားသည်အား တွေ့ရသည်။
"ဒါတွေက ကျွန်တော်တို့ဆိုင်ရဲ့ အကောင်းဆုံး လက်နက်တွေပါပဲ။ ဒီလက်နက်တွေက ကျွမ်းကျင်တဲ့ လက်နက်ပညာရှင်တွေရဲ့ နာရီပေါင်း ထောင်ချီ အပင်ပန်းခံ ဖန်တီးထားတဲ့ လက်ရာတွေပေါ့။ သခင်လေး စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်" ဆိုင်ရှင်က ဖော်လံဖား အပြုံးဖြင့် ပြောဆိုလေသည်။
လုံချန်းသည် ရှေ့ဘက်နံရံဆီသို့ လျှောက်သွားကာ နံရံတွင် ချိတ်ထားသော ဓားတစ်လက်ကို အသာအယာ ထိတွေ့လိုက်သည်။
"အာ... ဒါကတော့ သတ်ဖြတ်ခြင်း အဓိပ္ပာယ်လို့ ခေါ်တဲ့ ဓားပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်က ထိပ်တန်း လက်နက်ပညာရှင် သုံးယောက် ပေါင်းပြီး ဖန်တီးခဲ့တာပေါ့။ အဲဒီအချိန်က ကျွန်တော် မမွေးသေးပေမဲ့ ကြားဖူးတာကတော့ ဒီဓားကို ပြီးမြောက်ဖို့ သုံးလလောက် အချိန်ယူခဲ့ရတယ်တဲ့။ အစမ်းသပ်ခံရင်း ကျရှုံးခဲ့တဲ့ အချိန်တွေကို ထည့်မတွက်ရင်တောင် ဒီဓား ဖြစ်လာဖို့ နှစ်နှစ်လောက် အပင်ပန်းခံခဲ့ရတာပါ" ဆိုင်ရှင်က ရှင်းပြသည်။
"ဒါက ဘယ်လောက် တန်လဲ။ ပြီးတော့ သူ့ရဲ့ ထူးခြားချက်က ဘာလဲ" လုံချန်းက မေးလိုက်သည်။
"ဒီဓားက ဘယ်တော့မှ ကျိုးပဲ့မသွားဘူးဗျ။ ပျက်စီးသွားရင်တောင်မှ လူတွေကို သတ်ဖြတ်ခြင်းနေရင် ဒီဓားကို ပြန်ပြီး ပြုပြင်လို့ ရတယ်။ ခင်ဗျား လူတွေ ပိုသတ်နိုင်လေလေ ဒီဓားက ပိုပြီး ကောင်းမွန်တဲ့ အခြေအနေကို ရောက်လာလေလေပဲ။ အဲဒါကြောင့်လည်း သူ့ကို သတ်ဖြတ်ခြင်း အဓိပ္ပာယ်လို့ နာမည်ပေးထားတာပေါ့" ဆိုင်ရှင်က ပြန်လည် ဖြေကြားလိုက်လေသည်။