← Chapters

အခန်း (၇၃၉-၇၄၀)

Vol. 74 Ch. 739-740

အခန်း (၇၃၉-၇၄၀)

Vol. 74 Ch. 739-740

အခန်း (၇၃၉) မီးလျှံနှင့် ရေခဲ

"ဪ... ကိုယ့်ကိုယ်ကိုယ် ပြန်ပြုပြင်နိုင်တဲ့ ဓားပေါ့။ မဆိုးပါဘူး" လုံချန်းက ခေါင်းညိတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

'ဒါက ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒါလေးတင်ဆိုရင်တော့ သိပ်ပြီး ထူးခြားလှတယ်လို့ မပြောနိုင်သေးဘူး' သူက စိတ်ထဲမှ တွေးလိုက်မိသော်လည်း အပြင်ပန်းတွင်မူ မည်သည့်ခံစားချက်မျှ ထုတ်မပြပေ။

"ဈေးနှုန်းကတော့ ရွှေဒင်္ဂါး သုံးထောင်ပဲ ကျသင့်မှာပါခင်ဗျာ" ဆိုင်ရှင်က ဆိုသည်။

လုံချန်းက ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် နောက်ထပ် လက်နက်တစ်လက်ဆီသို့ ကူးပြောင်းကြည့်ရှုလိုက်သည်။

နောက်ထပ်လက်နက်မှာလည်း ဓားတစ်လက်ပင် ဖြစ်သော်လည်း ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ ဓားသွားမှာ တစ်ပိုင်းတစ်စ ကြည်လင်နေသော အပြာရောင် ကျောက်သလင်းခဲဖြင့် ပြုလုပ်ထားပုံရပြီး၊ ဓားရိုးမှာမူ အနီရောင် ကျောက်သလင်းခဲဖြင့် ပြုလုပ်ထားပုံ ရသည်။

"ဒီဓားရဲ့ နောက်ခံသမိုင်းကြောင်းက ဘာလဲ" လုံချန်းက ဆိုင်ရှင်ကို မေးလိုက်သည်။

"အဲဒီဓားလား။ အဲဒါက ကျွန်တော်တို့ဆိုင်ရဲ့ အကောင်းဆုံး လက်နက်တွေထဲက တစ်လက်ပေါ့။ သူ့ကို မီးလျှံရေခဲဓားလို့ ခေါ်ပါတယ်။ မီးလျှံကျောက်သလင်းတွေနဲ့ ရှားပါးတဲ့ ရေခဲကျောက်သလင်းတွေကို ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။ ဒီပစ္စည်းမျိုးတွေက အခုခေတ်မှာ ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှားသွားပြီဆိုတော့ ဒီဓားဟာ တစ်လက်တည်းသော အဖိုးတန်ဓားပါပဲ။ နောက်ထပ် ဒီလိုမျိုးတစ်လက် ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး" ဆိုင်ရှင်က ရှင်းပြလေသည်။

"ဒီဓားက အဖိုးတန်ပစ္စည်းတွေနဲ့ လုပ်ထားတာအပြင် တခြား ဘာထူးခြားချက် ရှိသေးလဲ" လုံချန်းက စူးစမ်းလိုက်သည်။ သူက မည်သည်နှင့် လုပ်ထားသည်ထက် မည်သို့သော အစွမ်းမျိုး ရှိသည်ကိုသာ ပိုပြီး စိတ်ဝင်စားခြင်း ဖြစ်သည်။

"ဒီမီးလျှံရေခဲဓားရဲ့ အစွမ်းကလည်း တကယ့်ကို အံ့မခန်းပါပဲ။ မီးနဲ့ ရေခဲဆိုတာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်တွေ မဟုတ်လား။ အဲဒီလို ဆန့်ကျင်ဘက် အရာနှစ်ခုကို ပေါင်းစပ်ပြီး လက်နက်တစ်လက် ဖြစ်လာဖို့ဆိုတာ ဘယ်လောက် ခက်ခဲသလဲဆိုတာ ခင်ဗျား သိမှာပါ။ ဒီဓားနဲ့ အခုတ်ခံရတဲ့ ဒဏ်ရာတွေဟာ အဲဒီလို ဖရိုဖရဲနိုင်တဲ့ စွမ်းအင်တွေကို ရရှိသွားမှာပါ။ အဲဒီဒဏ်ရာတွေကို ကုသဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘယ်လို ဆေးဝါးမျိုးနဲ့မှလည်း ဒီဓားရဲ့ ဒဏ်ရာကို မပျောက်ကင်းစေနိုင်ဘူးဗျ" ဆိုင်ရှင်က ဂုဏ်ယူစွာ ပြောသည်။

"ဒါ့အပြင် ဒဏ်ရာကသာ နက်သွားခဲ့ရင် အဲဒီဒဏ်ရာရတဲ့သူဟာ အဆိပ်သင့်ဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ မီးလျှံရေခဲအဆိပ်က အဲဒီလူရဲ့ ခန္ဓာကိုယ်ကို တဖြည်းဖြည်း တိုက်စားသွားလိမ့်မယ်။ ဒီအဆိပ်က အသက်ဓာတ်ကို တဖြည်းဖြည်းချင်း စုပ်ယူသွားမှာပါ။ အဲဒီလူဟာ အဆိပ်ကြောင့် နာကျင်ရုံတင်မကဘဲ ကိုယ်ထဲက အဆိပ်ကို မထုတ်နိုင်သရွေ့ ပုံမှန်ထက် နှစ်ဆပိုပြီး မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်သွားလိမ့်မယ်ဗျ" သူက ဆက်လက် ရှင်းပြသည်။

"အံ့ဩစရာပဲ။ ဒီဓားက တော်တော်ကောင်းတာပဲ။ တိုက်စစ်အစွမ်းတွေက တကယ့်ကို အထင်ကြီးစရာပဲ။ ဒါက ဘယ်လောက် တန်လဲ" လုံချန်းက မေးလိုက်သည်။

"ဒီဓားက ရွှေဒင်္ဂါး တစ်သိန်းပဲ ကျသင့်မှာပါခင်ဗျာ" ဆိုင်ရှင်က ပြန်ဖြေလိုက်သည်။

'ဘာကြီးလဲ။ သူက တစ်သိန်းကိုပဲလို့ သုံးရဲတယ်ပေါ့။ နဂါးတပ်ဖွဲ့ဝင်တွေတောင် တစ်လကို ရွှေဒင်္ဂါး ၅၀၀ ပဲ သုံးခွင့်ရှိတာလေ၊ အဲဒါတောင် တော်တော် သုံးမကုန်အောင် များနေတာကို။ ဒီဓားက အဲဒီထက် အဆပေါင်း နှစ်ရာလောက် ပိုဈေးကြီးနေတာကို သူကပဲတဲ့လား' လုံချန်းသည် ဆိုင်ရှင်ကို ကြည့်ရင်း စိတ်ထဲမှ တွေးနေမိသည်။

သူသည် ဆိုင်ရှင်ကို ကျယ်ကျယ်လောင်လောင် ဆဲဆိုလိုက်ချင်သော်လည်း မိမိကိုယ်ကိုယ် ထိန်းချုပ်ထားလိုက်သည်။

သူ့လက်ထဲတွင် ရွှေဒင်္ဂါး ၅၀၀ သာ ရှိသဖြင့် ဤဓားကို ဝယ်ယူရန် မဖြစ်နိုင်ပေ။ သို့သော် သူသည် ဤဈေးကြီးသော ဓားများကို ဝယ်ရန်အတွက် ကြည့်နေခြင်းလည်း မဟုတ်ပေ။ သူ့တွင် အခြား ရည်ရွယ်ချက်တစ်ခု ရှိနေသည်။

"ဒီဓားက တော်တော်လေး ကောင်းတာပဲ၊ တစ်သိန်းဆိုတာလည်း မဆိုးပါဘူး" လုံချန်းက မည်သို့မျှ မဖြစ်သလို တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လုံချန်းက ဈေးနှုန်းကို ကြားသော်လည်း မျက်တောင်တစ်ချက်ပင် မခတ်ဘဲ တည်ငြိမ်နေသည်ကို မြင်ရသောအခါ ဆိုင်ရှင်မှာ အတန်ငယ် အံ့အားသင့်သွားရသည်။ ယခုအခါတွင်မူ သူသည် လုံချန်းအား ချမ်းသာသော မျိုးနွယ်စုကြီးတစ်ခုမှ လာသူဖြစ်ကြောင်း ပို၍ပင် ယုံကြည်သွားတော့သည်။

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ။ တကယ့်ကို ဈေးသက်သာပါတယ်ဗျာ။ သခင်လေး ဒီဓားကို ဝယ်ယူချင်လား" ဆိုင်ရှင်က မေးလိုက်သည်။

"အခုလောလောဆယ်တော့ မဟုတ်သေးဘူး။ အပြာနဲ့ အနီ ပေါင်းစပ်ထားတဲ့ အရောင်ကို ငါ သိပ်သဘောမကျလို့" လုံချန်းက လက်ကာပြရင်း ရေရွတ်လိုက်သည်။

သူသည် နောက်ထပ်လက်နက် တစ်လက်ဖြစ်သော လှံတစ်စင်းဆီသို့ လှည့်ကြည့်လိုက်သည်။

"လှံတွေကို စိတ်ဝင်စားလို့လား သခင်လေး" ဆိုင်ရှင်က မေးပြန်သည်။

"ဖြစ်နိုင်တာပဲ။ ငါက လက်နက်အမျိုးမျိုးကို သုံးနိုင်တာဆိုတော့။ တကယ်လို့ အစွမ်းထက်တယ်ဆိုရင် ဘယ်လက်နက်ဖြစ်ဖြစ် ငါ ဂရုမစိုက်ပါဘူး" လုံချန်းက ဆိုကာ လှံကို ကောက်ကိုင်ပြီး ဟိုဟိုဒီဒီ ဝှေ့ယမ်းကြည့်လိုက်သည်။

"ပေါ့ပါးပြီး ခိုင်ခံ့သားပဲ။ ဒီအကြောင်းကိုလည်း ထပ်ပြောပြပါဦး" သူက လှံကို ပြန်ချရင်း ဆိုင်ရှင်ကို မေးသည်။

"ဒါကတော့ လတ်တလောမှ ဖန်တီးထားတဲ့ လှံပါပဲ။ ကျွန်တော်တို့ရဲ့ လက်နက်ပညာရှင်တွေ မနေ့ကမှ အပြီးသတ်နိုင်ခဲ့တာပါ။ သူက အိုဘီလစ်စ် သတ္တုရိုင်းနဲ့ လုပ်ထားတာဗျ။ အိုဘီလစ်စ် သတ္တုရိုင်းဆိုတာ ဘယ်တော့မှ ကျိုးပဲ့မသွားတဲ့အပြင် လက်နက်တစ်လက်ဖြစ်အောင် ဖန်တီးဖို့လည်း အင်မတန် ခက်ခဲတယ်ဆိုတာ သခင်လေး သိမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပညာရှင်တွေက နေ့မနား ညမနား အပင်ပန်းခံပြီး ဒီလှံကို ဖန်တီးခဲ့ကြတာပါ" ဆိုင်ရှင်က ရှင်းပြသည်။

"သူက ပေါ့ပါးတယ်၊ ခိုင်ခံ့တယ်၊ ပြီးတော့ မကျိုးပဲ့နိုင်ဘူး။ ဘယ်အရာကိုမဆို ထိုးဖောက်နိုင်တယ်လို့လည်း ပြောကြတယ်ဗျ"

"အင်း... ကောင်းပါတယ်" လုံချန်းက ရေရွတ်လိုက်သည်။ "ဈေးက ဘယ်လောက်လဲ"

"ရွှေဒင်္ဂါး ခြောက်သောင်းပဲ ကျသင့်မှာပါခင်ဗျာ"

လုံချန်းက နောက်ထပ် လက်နက်တစ်လက်ဆီသို့ ကူးသွားပြန်သည်။

ဤသို့ဖြင့် လုံချန်းသည် ဆိုင်အတွင်းရှိ လက်နက်အားလုံးနီးပါးကို တစ်ခုပြီးတစ်ခု မေးမြန်းစစ်ဆေးနေခဲ့သည်။ လေးမြားများအပါအဝင် လက်နက်မျိုးစုံကို သူ ကြည့်ရှုခဲ့၏။ ဤနေရာရှိ လက်နက်အားလုံးနီးပါးမှာ ရွှေဒင်္ဂါး တစ်ထောင်ထက်မနည်း ဈေးကြီးကြသည်။ အဖိုးတန်ဆုံး လက်နက်မှာမူ မီးလျှံရေခဲဓားပင် ဖြစ်သည်။

"ဒါကတော့ နောက်ဆုံး လက်နက်ပါပဲ။ ရွှေဒင်္ဂါး ခုနစ်ထောင်ပဲ ကျသင့်မှာပါ" ဆိုင်ရှင်က လုံချန်း၏ လက်ထဲရှိ ဓားမြှောင်လေးကို ရှင်းပြနေသည်။

"ဒါလည်း မဆိုးပါဘူး။ ခင်ဗျားဆီမှာ တကယ့်ကို ကောင်းတဲ့ လက်နက်တွေ ရှိတာပဲ။ ဒါပေမဲ့ ငါ့စိတ်ကို တကယ် ဆွဲဆောင်နိုင်တာမျိုးတော့ မတွေ့သေးဘူး။ ဘယ်လက်နက်က သုံးရတာ ပိုပြီး အဆင်ပြေမလဲဆိုတာ ပြန်ပြီး စဉ်းစားဦးမှပဲ။ နောက်မှ ပြန်လာခဲ့မယ်" လုံချန်းက ဘာမှမဝယ်ဖြစ်သည့်အတွက် အကြောင်းပြချက်တစ်ခု ပေးလိုက်ကာ ဓားမြှောင်ကို ပြန်ထားလိုက်သည်။

"ဪ... ဟုတ်ကဲ့ပါခင်ဗျာ။ စိတ်တိုင်းကျသာ ပြန်စဉ်းစားပါ။ လိုအပ်တဲ့အချိန် အချိန်မရွေး ပြန်လာခဲ့လို့ ရပါတယ်" ဆိုင်ရှင်က လုံချန်းကို ပြန်လည် နှုတ်ဆက်လိုက်သည်။

"အေးလေ... သွားဦးမယ်" လုံချန်းသည် လှေကားဆီသို့ လျှောက်သွားကာ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။

ဆိုင်ရှင်ကတော့ လုံချန်း ပြန်လာပြီး တစ်ခုခု ဝယ်လိမ့်မည်ဟု မျှော်လင့်ချက်ကြီးစွာဖြင့် သက်ပြင်းချရင်း ကျန်ရစ်ခဲ့သည်။ ထို့နောက် သူလည်း အပေါ်ထပ်သို့ လိုက်ပါတက်လာခဲ့လေသည်။

လုံချန်း ဆိုင်ပြင်သို့ ထွက်လာပြီးနောက် ခပ်ဝေးဝေးသို့ လျှောက်လာခဲ့သည်။

"ကဲ... ပြောစမ်းပါဦး။ ဘယ်လက်နက်ကို ခိုးဖို့ စဉ်းစားထားတာလဲ"

လုံချန်း လျှောက်လှမ်းနေစဉ်မှာပင် ဘေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ရွှင်း... ငါက ခိုးမယ်လို့ နင်က ဘာလို့ ထင်နေရတာလဲ" လုံချန်းက ရယ်မောရင်း မေးလိုက်သည်။

"နင့်အကြောင်းကို ငါ မသိဘူး ထင်နေလား၊ ဒါက သိသာလွန်းတာပဲ။ နင့်မှာ ပိုက်ဆံလည်း မရှိဘဲနဲ့ အဲဒီ လက်နက်တွေရဲ့ ဈေးနှုန်းတွေကို လိုက်မေးနေတာလေ။ ခိုးဖို့အတွက် အကောင်းဆုံး လက်နက်ကို နင် ရှာနေတာဆိုတာ ဘယ်သူမဆို သိနိုင်တာပဲ" ရွှင်းက လုံချန်းကို ပြန်ပြောလိုက်သည်။

"ဟားဟား... ဟေ့၊ ငါ့ကို အပြစ်မတင်စမ်းပါနဲ့။ အဲဒီလောက်ကြီး ဈေးမကြီးဘူးဆိုရင် ငါ ဝယ်မှာပေါ့။ နောက်ပြီး ဆိုင်ရှင်ကိုလည်း ငါ ပြန်လာမယ်လို့ ပြောခဲ့တာပဲလေ။ သူသာ ဥာဏ်ရှိရင် တစ်ခုခု လုပ်ထားမှာပေါ့" လုံချန်းက ခပ်ပြုံးပြုံးဖြင့် ဆိုသည်။

"ဟား... နင်က အဲဒီ မြေအောက်ခန်းကို မြင်ဖူးသွားပြီးပြီဆိုတော့ အဲဒီကို နေရာရွှေ့ပြောင်းပြီး ခိုးနိုင်တယ်ဆိုတာကို သူ သိဖို့ဆိုရင် နတ်ဘုရား ဖြစ်နေမှ ရမှာပေါ့" ရွှင်းက မျက်လုံးလှန်ရင်း ဆိုလိုက်သည်။ "ကဲ... ဒါနဲ့ ဘယ်လက်နက်ကို ယူမှာလဲ"

"မီးလျှံရေခဲဓားက မဆိုးဘူး။ ဈေးလည်း အကြီးဆုံးပဲ၊ သူ့ရဲ့ အစွမ်းတွေကလည်း အကောင်းဆုံးပဲလေ။ အဲဒါကိုပဲ ငါ ယူမယ်" လုံချန်းက အပြစ်ကင်းစင်စွာ ပြုံးရင်း ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒါ မလုပ်ခင် ငါ့ဆီမှာ ရှိတဲ့ ရွှေဒင်္ဂါး ၅၀၀ ကို အရင် သုံးလိုက်ဦးမယ်။ ခရီးမထွက်ခင် ပြင်ဆင်စရာလေးတွေ ရှိသေးတယ် မဟုတ်လား" လုံချန်းက ဆိုကာ အဝတ်အထည်ဆိုင် တစ်ဆိုင်အတွင်းသို့ ဝင်လိုက်သည်။

သူသည် အဝတ်အထည်ဆိုင်သို့ ဝင်ရောက်ကာ အရည်အသွေးကောင်းမွန်သော အဝတ်အစားများကို ဝယ်ယူလိုက်သည်။ သူသည် မှောင်မိုက်သောနေရာများတွင် အလွယ်တကူ ရောနှောသွားနိုင်မည့် အနက်ရောင် ဝတ်စုံများကိုသာ အဓိက ရွေးချယ်ခဲ့သည်။ အဝတ်အစားများအတွက် ရွှေဒင်္ဂါး ၅ ပြားသာ ကုန်ကျသဖြင့် သူ့တွင် ပိုက်ဆံအများကြီး ကျန်ရှိနေသေးသည်။

ထို့နောက် သူသည် ဤမြို့တွင် နေထိုင်ရမည့် နောက်ဆုံးညဖြစ်သဖြင့် အရသာရှိသော ညစာ စားသုံးရန် စားသောက်ဆိုင်တစ်ခုသို့ သွားခဲ့သည်။ သူ သွားလေရာ၌ နဂါးတပ်ဖွဲ့ ဝတ်ရုံကြောင့် လူအများ၏ လေးစားခြင်းကို ခံရသည်။ လုံချန်းသည် ဝဝလင်လင် စားသောက်ပြီးနောက် စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။ သူသည် သူအလိုရှိသော အရာကို ယူဆောင်ရန် လက်နက်ဆိုင်ဆီသို့ ပြန်လည် ဦးတည်လိုက်သည်။ ထိုလက်နက်သည် ရှေ့လျှောက် သူရင်ဆိုင်ရမည့် တိုက်ပွဲများတွင် သူ၏ လက်တွဲဖော် ဖြစ်လာပေတော့မည်။

အခန်း (၇၄၀) ခိုးယူခြင်း

လုံချန်းသည် လက်နက်ဆိုင်ရှိရာဘက်သို့ ဦးတည်လျှောက်လှမ်းလာခဲ့သော်လည်း ဆိုင်ရှေ့တွင် ရပ်မနေဘဲ ကျော်လွန်သွားခဲ့သည်။ သူသည် ဆိုင်နှင့် ကိုက်နှစ်ရာခန့်အကွာရှိ လူသူကင်းဝေးသော လမ်းကြားတစ်ခုထဲသို့ ရောက်မှသာ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်း သေချာစေပြီးနောက် သူသည် ခရီးစတင်ရန် ပြင်ဆင်လိုက်၏။ သူ၏ မျက်ဝန်းအရောင်မှာ မူလအရောင်မှ ကြယ်တာရာများကဲ့သို့ နက်မှောင်သော အရောင်သို့ ပြောင်းလဲသွားသည်။ မကြာမီမှာပင် လုံချန်း၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ မတည်မငြိမ် ဖြစ်လာပြီး သူသည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

လုံချန်းသည် လက်နက်ဆိုင်၏ မြေအောက်ခန်းအတွင်းသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ သူသည် ထိုနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်အတွင်း မတော်တဆ လူရှိနေပါက မြင်မသွားစေရန် အရိပ်အသွင်ပြောင်းခြင်း စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်သည်။

ကံကောင်းထောက်မစွာပင် ထိုနေရာ၌ မည်သူမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ အပေါ်ထပ်သို့ တက်သည့် လှေကားတံခါးများမှာ ပိတ်ထားသဖြင့် မြေအောက်ခန်းတစ်ခုလုံး မှောင်မည်းနေ၏။

"ငါ့ကမ္ဘာပဲဟေ့" လုံချန်းက ခပ်မဲ့မဲ့ ပြုံးရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် မီးလျှံရေခဲဓား ရှိရာသို့ လျှောက်သွားကာ နံရံပေါ်မှ ဖြုတ်ယူလိုက်သည်။ ဓားကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲတွင် ခံစားရသော အထိအတွေ့ကြောင့် အံ့အားသင့်သွားရသည်။ ဓားမှာ အလွန် အေးနေခြင်းလည်း မရှိသလို အလွန် ပူနေခြင်းလည်း မရှိဘဲ ကိုင်ရသည်မှာ အနေတော် အပူချိန်မျိုးပင်။

ဓားရိုးကို မီးလျှံကျောက်သလင်းဖြင့် ပြုလုပ်ထားသဖြင့် ပူနေလိမ့်မည်ဟု သူ ထင်ထားသော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။ ရေခဲကျောက်သလင်း၏ အစွမ်းက အပူချိန်ကို မျှတအောင် ထိန်းညှိပေးထားပုံရသည်။

သူသည် ဓားကို ကိုင်ကြည့်ရင်း ခဏမျှ အလှအပကို ခံစားပြီးနောက် ဓားအိမ်အတွင်းသို့ ထည့်လိုက်သည်။ ဤနေရာမှ ထွက်သွားသည့်အခါ ဓားကို လူမြင်မခံချင်သဖြင့် သူသည် ဈေးထဲတွင် ဓားအိမ်တစ်ခုကို ကြိုတင်ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ ထိုဓားအိမ်တွင် ဓားရိုးကိုပါ ဖုံးကွယ်ထားနိုင်သည့် သားရေစတစ်စ ပါရှိသည်။

"ဒီလို ဓားအိမ်မျိုးကို ပြန်သုံးရလိမ့်မယ်လို့ ထင်မထားမိဘူး။ ငါ့ရဲ့ သိုလှောင်လက်စွပ် ပြန်မရသေးသရွေ့တော့ ဒါတွေက အသုံးဝင်ဦးမှာပဲ" လုံချန်းက ရေရွတ်ရင်း ခန်းမဆောင်၏ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်သည်။

ထိုနေရာရှိ နံရံပေါ်တွင် ရွှေရောင်ဓားမြှောင်လေးတစ်လက် ချိတ်ဆွဲထားသည်။ သူသည် ထိုဓားမြှောင်ကို ကောက်ယူကာ အဝတ်အစားထဲသို့ ထည့်လိုက်ပြီးနောက် မူလနေရာသို့ ပြန်လည် နေရာပြောင်းလိုက်တော့သည်။

သူ ယူလာသော ဓားမြှောင်လေးမှာ ကွန်လီ၏ ဓားမြှောင်ဟု အမည်ရသည်။ ၎င်းမှာ မည်မျှဝေးသော နေရာမှ ပစ်လိုက်သည်ဖြစ်စေ ပစ်မှတ်ကို ထိမှန်နိုင်သည်ဟု အဆိုရှိ၏။ ထိုဓားမြှောင်ကို လက်ဖြင့် ဖမ်းယူ၍ မရနိုင်ဘဲ အခြားလက်နက်များဖြင့်သာ ခုခံတားဆီးနိုင်သည်။

လုံချန်းသည် လူသူကင်းမဲ့သော လမ်းကြားလေးထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူသည် ဓားအိမ်ကို ကိုင်ကာ လမ်းမကြီးပေါ်သို့ ထွက်လာခဲ့သည်။ လူအုပ်ထဲသို့ ရောနှောကာ နန်းတော်သို့ ပြန်ခဲ့သည်။

လမ်းတွင် သူသည် စစ်သည်တော်များ လေ့ကျင့်ရေးကွင်းသို့ ခေတ္တဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လေ့ကျင့်ရေးကွင်းထဲတွင် လူအများစုမှာ ခရီးထွက်ရန် အသင့်ပြင်နေကြပြီး အချို့မှာ စစ်သားနှင့်မတူဘဲ သာမန် ကျင့်ကြံသူများကဲ့သို့ အရပ်ဝတ်အရပ်စားများ လဲလှယ်ထားကြသည်ကို တွေ့ရသည်။

"အဆင်သင့် ဖြစ်နေကြပြီပဲ" လုံချန်းက ရေရွတ်ရင်း ပြန်လှည့်ထွက်ရန် ပြင်လိုက်သည်။

"နေဦး... ခဏစောင့်စမ်း"

နောက်ဘက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ လုံချန်းသည် ထိုအသံရှင်ကို သိနေသဖြင့် ခြေလှမ်းရပ်ကာ လှည့်ကြည့်လိုက်သည်။

"ဗိုလ်ချုပ်ဟူး... ဘာကိစ္စရှိလို့လဲ" လုံချန်းက မေးလိုက်သည်။ ဗိုလ်ချုပ်ဟူးသည် သူ့ကို ပြဿနာလာရှာနေခြင်းဖြစ်ကြောင်း သိသော်လည်း အခြေအနေကို သေချာစေရန် မေးလိုက်ခြင်း ဖြစ်သည်။

"ရှိတာပေါ့။ မင်းက ဆရာဝူရှေ့မှာ ဟန်ပြပြီး ဒီတိုင်း ထွက်သွားလို့ရမယ် ထင်နေလား။ ငါ့စစ်သည်တွေကို အုပ်ချုပ်ချင်ရင် မင်းမှာ အရည်အချင်းရှိတယ်ဆိုတာ သက်သေပြရမယ်။ ငါနဲ့ တိုက်ပြီး နိုင်အောင်လုပ်စမ်း။ အဲဒီကျမှ မင်းကို ငါ အာဏာလွှဲပေးမယ်" ဗိုလ်ချုပ်ဟူးက ကျယ်လောင်စွာ ဟောက်လိုက်ရာ အနီးအနားရှိ လူအားလုံး ကြားသွားပြီး လုံချန်း မည်သို့ တုံ့ပြန်မည်ကို ဝိုင်းကြည့်လာကြသည်။

သူကတော့ ထပ်ပြီး ဟန်ပြနေပြီ ဖြစ်သည်။ အကယ်၍ မြွေဘုရင်သာ ဤနေရာတွင် ရှိနေလျှင် ထိုလူ အပြောနှင့်ပင် ငိုသွားမည်မှာ သေချာသည်။ 'ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကြွားဝါတဲ့နေရာမှာတော့ မြွေဘုရင်လောက် မျက်နှာပြောင်မှာ မဟုတ်ဘူး' လုံချန်းက စိတ်ထဲမှ တွေးလိုက်သော်လည်း အပြင်ပန်းတွင်မူ အားနည်းချက်မပြဘဲ ခန့်ညားစွာ မတ်တပ်ရပ်နေခဲ့သည်။

"ဗိုလ်ချုပ်ဟူး... ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။ ကျုပ်မှာရှိတဲ့ အာဏာက အရှင်မင်းကြီးကိုယ်တိုင် ပေးထားတာ၊ ခင်ဗျားနဲ့ တန်းတူပဲ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေလဲတော့ မသိပေမဲ့ ခင်ဗျားက ဘုရင်တော့ မဟုတ်ဘူးလေ။ ခင်ဗျားဆီက ခွင့်ပြုချက်ယူစရာ မလိုဘူး။ တကယ်လို့ အဲဒါကို မကျေနပ်ရင် အရှင်မင်းကြီးဆီ သွားပြီး တိုင်ချင်တိုင်လိုက်လေ" လုံချန်းက ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။

"ငါနဲ့ မတိုက်ဘဲ ထွက်သွားလို့ မရဘူးလို့ ပြောနေတယ်လေ" ဗိုလ်ချုပ်ဟူးက အော်ဟစ်ရင်း လုံချန်းနောက်သို့ ပြေးလိုက်လာသည်။

'"ဒီလူကြီးကတော့ တကယ့် လူအပဲ'"လုံချန်းက ပြုံးရင်း ရေရွတ်လိုက်သည်။ ဗိုလ်ချုပ်ဟူးသည် လုံချန်းကို ဖမ်းဆုပ်ရန် လက်ကမ်းလိုက်သော်လည်း လုံချန်းမှာ သူ၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။

"ဟင်... ဘယ်လို" ဗိုလ်ချုပ်ဟူး အံ့ဩနေစဉ်မှာပင် နောက်ဘက်မှ တွန်းလိုက်သဖြင့် သူသည် မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားတော့သည်။

"စစ်သည်တော်ကောင်း တစ်ယောက်ဟာ တစ်ဖက်လူကို နောက်ကနေ မတိုက်ခိုက်ဘူးဆိုတာ ခင်ဗျားကို ဘယ်သူမှ မပြောပြဘူးလား" လုံချန်းက မြေပြင်ပေါ်တွင် လဲနေသော ဗိုလ်ချုပ်ကို ကြည့်ကာ ဆိုလိုက်သည်။ သို့သော် သူကိုယ်တိုင်လည်း ထိုသို့လုပ်ခဲ့ဖူးသည်ကို သတိရသွားသဖြင့် ခပ်ပြုံးပြုံး ဖြစ်သွား၏။ အခြား စစ်သည်များကလည်း ဤမြင်ကွင်းကို ကြည့်ရင်း ခပ်မဲ့မဲ့ ပြုံးနေကြသည်။

"လူတစ်ယောက်က ကိုယ့်ကို အရင်လုပ်မှ ပြန်လုပ်တာကတော့ တရားပါတယ်၊ ဒါပေမဲ့ အကြောင်းမဲ့သက်သက် ဒီလိုလုပ်တာကတော့ ရိုင်းပျလွန်းရာ မရောက်ဘူးလား။ ကျုပ် ခင်ဗျားကို တွန်းရုံပဲ တွန်းလိုက်တာနော်။ တကယ်လို့သာ ကျုပ်က ရန်သူဆိုရင် ခင်ဗျား အခုလောက်ဆို အလောင်းဖြစ်နေပြီ။ ကိုယ့်အတိုင်းအတာကိုယ် သိစမ်းပါ။ အရှင်မင်းကြီးက ခင်ဗျားထက် ပိုပြီး ပညာရှိတယ်၊ သူက လူအကဲခတ်လည်း တော်တယ်။ ခင်ဗျားအနေနဲ့ သူ့ရဲ့ အမြင်ကိုပဲ ယုံကြည်လိုက်ပါ" လုံချန်းက ပြောပြီးနောက် ထွက်ခွာလာခဲ့သည်။

ဗိုလ်ချုပ်ဟူးသည် ထရပ်ကာ လုံချန်း ထွက်သွားသည်ကို ကြည့်နေသော်လည်း ထပ်ပြီး မလုပ်တော့ပေ။ သူသည် သက်ပြင်းချရင်း ခေါင်းငုံ့လိုက်မိသည်။ သူ ရှုံးနိမ့်သွားကြောင်း သူ သိလိုက်ပြီ ဖြစ်သည်။ အကယ်၍ လုံချန်းသာ ရန်သူဆိုလျှင် သူသည် နောက်ကျောကို ဓားနှင့် ထိုးခံရပြီး သေဆုံးသွားမည်မှာ သေချာသည်။ လူအများရှေ့တွင် သူ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။

သူသည် စစ်သည်များဘက်သို့ လှည့်ကြည့်လိုက်ကာ ဟောက်လိုက်သည်။ "ဘာကြည့်နေကြတာလဲ။ ကိုယ့်အလုပ်ကိုယ် လုပ်ကြစမ်း။ မနက်ဖြန် ခရီးထွက်ဖို့ ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်"

လုံချန်းသည် နန်းတော်ရှိ သူ၏ အခန်းသို့ ပြန်ရောက်သောအခါ တံခါးကို ပိတ်ပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

သူသည် ဓားအိမ်အား ကုတင်ပေါ်တွင် တင်ထားလိုက်ပြီး ရွှေရောင်ဓားမြှောင်လေးကိုလည်း အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။

"ကဲ... အခုဆိုရင် လက်နက်ကောင်းတွေလည်း ရှိပြီ။ အရာအားလုံး အသင့်ပဲ"

"အချိန်ဓားကို ဘယ်တော့ သွားရှာမှာလဲ" ရွှင်းက လုံချန်း၏ ဘေးတွင် ပေါ်လာပြီး မေးလိုက်သည်။

"မနက်ဖြန်ပေါ့" လုံချန်းက ပြုံးရင်း ပြန်ဖြေသည်။

"မနက်ဖြန် ဟုတ်လား။ နင်က စစ်တပ်နဲ့အတူ အက်ရှာနိုင်ငံရဲ့ မြောက်ဘက်ကို သွားရမှာ မဟုတ်ဘူးလား။ သူတို့ကို ထားခဲ့မလို့လား" ရွှင်းက ဇဝေဇဝါဖြင့် မေးသည်။

"မဟုတ်ပါဘူး အူတူတူလေးရဲ့... နင် မြေပုံကို မကြည့်ဘူးလား" လုံချန်းက ရယ်မောရင်း မြေပုံကို ကုတင်ပေါ်တွင် ဖြန့်ပြလိုက်သည်။

"အချိန်ဓား ရှိနိုင်တဲ့ မြို့က ဒီမှာလေ။ ပြီးတော့ အက်ရှာနိုင်ငံ မြောက်ဘက်ကို သွားဖို့ ငါတို့ ဖြတ်သွားရမယ့် လမ်းကြောင်းကလည်း ဒီမှာပဲ။ အခု နင် နားလည်ပြီလား" သူက မြေပုံကို လက်ညှိုးထိုးပြရင်း ရှင်းပြလိုက်သည်။

"ဪ... လမ်းကြုံနေတာကိုး။ တော်တော် ဥာဏ်ကောင်းတာပဲ" ရွှင်းက ပြုံးကာ ဆိုသည်။

"ဒါပေါ့... အဲဒါကြောင့်လည်း ငါ ဒီလမ်းကြောင်းကို ရွေးခဲ့တာပေါ့" လုံချန်းက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

All Chapters