← Chapters

အခန်း (၇၄၁-၇၄၂)

Vol. 75 Ch. 741-742

အခန်း (၇၄၁-၇၄၂)

Vol. 75 Ch. 741-742

အခန်း (၇၄၁) တောင်းပန်ပါတယ်... ထျန်းရှန်

"ဒီလမ်းတလျှောက်မှာ ငါ ဒီမြို့လေးမှာ ခဏနားပြီး အချိန်ဓားကို ရှာမယ်။ အားလုံးကလည်း တစ်ယောက်တစ်လမ်းစီ ခွဲသွားကြမှာဆိုတော့ ငါက တစ်ယောက်ယောက်ကို စောင့်နေဖို့ ဒါမှမဟုတ် အလောတကြီး သွားနေဖို့ မလိုဘူးလေ။ ငါ့ရဲ့ ခရီးသွားနှုန်းကလည်း သူတို့ထက် ပိုမြန်နေတာပဲ။ အချိန်ဓားကို ရှာဖို့အတွက် ငါ့ရဲ့ အချိန်ဇယားထဲက တစ်ပတ်လောက်ကို ဖယ်ထားလို့ ရတာပဲ" လုံချန်းက ပြုံးရင်း ရေရွတ်လိုက်သည်။

သူသည် မြေပုံကို ပြန်ခေါက်ကာ ဘေးသို့ ချထားလိုက်၏။

"ရွှင်း..." သူက ရွှင်းကို ကြည့်ကာ ရုတ်တရက် ခေါ်လိုက်သည်။

"ဘာလဲ..." ရွှင်းက လုံချန်းကို သံသယမျက်လုံးများဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။

"နင့် ကြည့်ရတာ တကယ့်ကို ချစ်ဖို့ကောင်းနေတယ်" လုံချန်းက တိုးတိုးလေးပြောရင်း သူ့လက်ကို လှမ်းလိုက်သည်။

"ငါ နင့်ကို နမ်းခဲ့တာ တော်တော်တောင် ကြာသွားပြီဆိုတာ အခုမှ သတိရတယ်" သူက ရွှင်း၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း ဆက်ပြောသည်။ "ငါ့ကို အနမ်းတစ်ပွင့်လောက် ပေးလို့ရမလား"

"အိပ်မက်ထဲမှာပဲ သွားတောင်းလေ" ရွှင်းက မျက်လုံးလှန်ပြလိုက်သော်လည်း သူမ၏ လက်ကိုတော့ ရုန်းထွက်ခြင်း မရှိပေ။

"ငါ အနိုင်ရခဲ့တဲ့ အလောင်းအစားတစ်ခုကို သတိရမိသလိုပဲ။ အဲဒီ အလောင်းအစားရဲ့ ဆုလာဘ်အရ ငါတောင်းတဲ့အချိန်တိုင်း နင် ငါ့ကို အနမ်းပေးရမယ် မဟုတ်လား" လုံချန်းက တဟဲဟဲ ရယ်ရင်း ပြောလိုက်သည်။

"နင်... နင်နော်" ရွှင်းက လုံချန်းကို မျက်စောင်းထိုးရင်း ဟောက်လိုက်သည်။

"စည်းမျဉ်းအရဆိုရင်တော့ နင် နောက်ဆုတ်လို့ မရဘူးနော်။ နင် ငါ့ကို နမ်းရမှာပဲ။ ဒါပေမဲ့ နင် တကယ် မလုပ်ချင်ဘူးဆိုရင်တော့ ငါ အတင်းအကျပ် မတောင်းဆိုပါဘူး" လုံချန်းက အပြစ်ကင်းစင်စွာ ပြုံးရင်း သူမ၏ လက်ကို ပြန်လွှတ်ပေးလိုက်သည်။

ရွှင်းသည် သူ့ကို ငေးကြည့်နေမိသည်။

"ဟွန့်... ငါက ကတိဖျက်မယ့်သူလို့ ထင်နေတာလား။ ပြီးခဲ့တဲ့တစ်ခေါက်က နင် နိုင်ခဲ့တာပဲလေ။ ငါ့ဘက်က ပေးရမယ့် ကတိကို မတည်လို့ အရှုံးမပေးနိုင်တဲ့သူလို့ အပြောမခံနိုင်ပါဘူး။ ဟွန့်... ဒါက ငါ ကတိတည်ချင်လို့ လုပ်ပေးတာပဲနော်" ရွှင်းက နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။ သူမသည် ရှေ့သို့ တစ်လှမ်းတိုးကာ လုံချန်း၏ ပါးပြင်နှစ်ဖက်ကို သူမ၏ လက်ကလေးနှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီးနောက် သူ့မျက်နှာနားသို့ တဖြည်းဖြည်း တိုးကပ်လာကာ သူမ၏ နှုတ်ခမ်းလွှာလေးအား လုံချန်း၏ နှုတ်ခမ်းထက်သို့ ထိကပ်လိုက်တော့သည်။

စက္ကန့်အနည်းငယ်မျှ ကြာသော ခဏတာ အနမ်းတစ်ခုအပြီးတွင် သူမသည် လုံချန်း၏ နှုတ်ခမ်းများကို လွှတ်ပေးကာ နောက်သို့ ဆုတ်လိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

လုံချန်းကတော့ ပြုံးရင်း ကုတင်ပေါ်တွင် ပြန်လှဲချလိုက်သည်။

"နောက်ထပ် တစ်လလောက်ဆိုရင်တော့ ငါ အိမ်ပြန်ရောက်တော့မှာပါ။ အာ... ဟုတ်သားပဲ။ ငါက အဲဒီ ထူးဆန်းတဲ့ ဂူသင်္ချိုင်းထဲမှာ ပိတ်မိနေတုန်းပဲလေ။ အဲဒီကို ရောက်တာနဲ့ အပြင်ထွက်မယ့် နည်းလမ်းကို ရှာရဦးမယ်။ အနည်းဆုံးတော့ ကောင်မလေးတွေနဲ့ ပြန်တွေ့ရမှာပဲ။ ထွက်ပေါက်ကတော့ အဲဒီမှာ တစ်ခုခု ရှိနေမှာပါပဲ" လုံချန်းသည် ဤစမ်းသပ်မှုထဲသို့ မခေါ်ယူခံရမီ သူ ရှိနေခဲ့သည့် နေရာကို သတိရကာ ရေရွတ်လိုက်သည်။

"အဲဒီနေရာမှာ ထွက်ပေါက်ရှိဖို့ ငါ မျှော်လင့်ရတာပဲ။ ဒီနေရာက လွတ်ပြီး အဲဒီမှာ သွားပိတ်မိနေရင်တော့ မကောင်းဘူး။ ဒါပေမဲ့ ငါ့မိသားစုနဲ့ ငါ့ရဲ့ လက်စွပ်က အဲဒီမှာ ရှိနေတာပဲ" သူက သက်ပြင်းချရင်း ဆိုသည်။

"ကျိရှန်းကိုလည်း သွားရှာရဦးမယ်၊ သူ့မင်္ဂလာဆောင်ကိုလည်း တက်ရဦးမယ်။ သိပ်နောက်ကျလို့ မဖြစ်ဘူး။ နောက်ပြီး မင်ယုရဲ့ မိသားစုကလည်း ငါ့ကို စောင့်နေကြတာ။ သူတို့ နယ်မြေမှာ စစ်ပွဲတွေ ဖြစ်နေတာဆိုတော့ ငါ နှောင့်နှေးနေလို့ မရဘူး။ ငါတို့ မရောက်ခင် သူတို့ အိမ်ကြီး ပျက်စီးသွားရင် သူ ဘယ်တော့မှ နာလန်ထူနိုင်မှာ မဟုတ်ဘူး"

"လုပ်စရာတွေကလည်း အများကြီးပဲ" သူက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

ထိုအရာများက သူသိထားသော အရာများသာ ရှိသေးသည်။ သူ မသိသေးသည့် အရာများ အများကြီး ကျန်နေသေးသည်။ အိမ်ပြန်ရောက်သည့်အခါ လုံချန်းကို မည်သို့သော အရာများက စောင့်ကြိုနေမည်မှန်း သူ မသိနိုင်သေးပေ။ သူ့ကို သတ်နိုင်လောက်သည်အထိ အန္တရာယ်ရှိသော အရာများလည်း ရှိနေနိုင်သည်။ သူ့အကြောင်းကို အကုန်သိနေပုံရသော ထူးဆန်းသည့် လူနှစ်ယောက်အကြောင်းကိုလည်း သူ မသိသေးသလို သူ၏ ပထမ စမ်းသပ်မှုက သူငယ်ချင်း တာရာနှင့် သူ၏ အကိုဖြစ်သူတို့ အမှောင်ဝိညာဉ်ဂိုဏ်းတွင် အကျဉ်းကျနေသည်ကိုလည်း သူ မသိသေးပေ။ သူကတော့ ပထမ စမ်းသပ်မှု ကမ္ဘာကြီးကို တကယ့် ကမ္ဘာကြီး မဟုတ်ဟုသာ ထင်နေဆဲ ဖြစ်သည်။

အနာဂတ်တွင် ဖြစ်ပျက်မည့် အရာများအား သိသည့် လူဆိုလျှင်လည်း ထိုသူက ရွှင်းသာ ဖြစ်ပေမည်။ သို့သော် သူမပင် အရာအားလုံးကိုတော့ မသိနိုင်သေးပေ။

ရွှင်းသည် လုံချန်း၏ သွေးမျိုးဆက် ကျောင်းတော် အတွင်း၌ ရပ်နေသည်။ သူမသည် သူမ၏ ပုံရိပ်ကို ပြသနေသော မှန်ချပ်ကြီးတစ်ချပ်၏ ရှေ့တွင် မြေပြင်ပေါ်၌ ထိုင်နေ၏။

"မကြာခင် အချိန်ရောက်တော့မှာပါ။ ငါ နင့်ကို အရာအားလုံး ပြောပြချင်လိုက်တာ" သူမသည် စိတ်ပျက်အားငယ်စွာဖြင့် မြေပြင်ကို လက်သီးဖြင့် ထိုးလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

မှန်ချပ်ထဲတွင် ရွှင်းနှင့် မျက်နှာချင်းဆိုင်အနေအထား၌ အရိပ်တစ်ခု ပေါ်လာသည်။

ရွှင်းသည် ထိုအရိပ်ကို ကြည့်ကာ ခဏမျှ ငြိမ်နေမိသည်။ ထို့နောက် သူမသည် ထရပ်ကာ မှန်ချပ်နားသို့ တိုးသွားလိုက်၏။ သူမသည် လက်ကို ဆန့်ထုတ်ကာ မှန်ချပ်ကို ထိတွေ့လိုက်သည်။

မှန်ထဲက အရိပ်သည်လည်း သူ၏ လက်ကို ဆန့်ထုတ်ကာ ရွှင်းထိထားသော နေရာကိုပင် လာရောက် ထိတွေ့လိုက်သည်။

"တောင်းပန်ပါတယ်..." ရွှင်းက မှန်ချပ်ကို ကြည့်ရင်း တိုးတိုးလေး ဆိုလိုက်သည်။ "ထျန်းရှန်"

ထိုအရိပ်သည် အနည်းငယ် တုန်ခါသွားသည်။ မကြာမီမှာပင် ထိုအရိပ်သည် သူ၏ လက်ကို ဖယ်ရှားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ရွှင်းသည် ဗလာဖြစ်သွားသော မှန်ချပ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်တစ်စက်မှာ မှန်ချပ်ကို ကြည့်ရင်း စီးကျလာခဲ့သည်။ သူမသည် မှန်ပေါ်မှ လက်ကို ဖယ်လိုက်ပြီး ဒူးထောက်ကာ ထိုင်ချလိုက်သည်။

"အရာအားလုံးသာ အခုလို မဟုတ်ဘဲ တခြားစီ ဖြစ်နေခဲ့ရင် သိပ်ကောင်းမှာပဲ" သူမက ရေရွတ်လိုက်သည်။

သွေးမျိုးဆက် ကျောင်းတော်တစ်ခုလုံးမှာ ထာဝရ တိတ်ဆိတ်ငြိမ်သက်နေပြီး သူမ၏ စကားသံလေးကသာ ပဲ့တင်ထပ်နေတော့သည်။ ရွှင်း၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ဝေဝါးနေသော်လည်း သူမသည် မျက်ရည်များကို သုတ်သင်ခြင်း မပြုခဲ့ပေ။

လုံချန်းသည် ကုတင်ပေါ်မှ ဆင်းကာ စတင် ကျင့်ကြံလေသည်။ သူသည် တစ်ညလုံး ကျင့်ကြံခြင်းဖြင့် အချိန်ကုန်လွန်ခဲ့ပြီး မကြာမီမှာပင် နောက်ထပ် အဆင့်တစ်ဆင့်ကို ထပ်မံ ကျော်ဖြတ်နိုင်ခဲ့သည်။

နံနက်စောစော အချိန်ရောက်သောအခါ သူသည် ထရပ်လိုက်သည်။ သူသည် အသစ်ဝယ်ထားသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်၏။ သူသည် ဖီးနစ်သွေးဝတ်ရုံကို ဝတ်ဆင်ကာ အပေါ်မှ အနက်ရောင် ဝတ်ရုံရှည်ဖြင့် ထပ်မံ ဖုံးအုပ်လိုက်သည်။ သူ၏ ကျောဘက်တွင် မီးလျှံရေခဲဓား ထည့်ထားသော ဓားအိမ်ကို သေသေချာချာ ချိတ်ဆွဲလိုက်သည်။

ထို့ပြင် ကွန်လီ ရွှေရောင်ဓားမြှောင်ကိုလည်း အဝတ်အစားထဲတွင် သိမ်းဆည်းလိုက်သည်။ သူ၏ လက်ထဲတွင် မြေပုံကို ကိုင်လိုက်ပြီးနောက် နောက်ဆုံးတွင် သူသည် ခရီးထွက်ရန် အသင့်ဖြစ်သွားပြီ ဖြစ်သည်။

သူသည် အခန်းထဲမှ ထွက်လာပြီး နန်းတော်ပြင်ပသို့ ထွက်လှမ်းလိုက်သည်။ ဗိုလ်ချုပ်ဟူးမှာ နန်းတော်အပြင်ဘက်တွင် သူ့ကို ကြိုတင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

"မင်း နောက်ကျနေပြီ" လုံချန်း နန်းတော်ပြင်သို့ ထွက်လာသည်နှင့် ဗိုလ်ချုပ်ဟူးက ဆိုလိုက်သည်။

"ခင်ဗျား မသွားသေးဘူးလား" လုံချန်းက မေးလိုက်သည်။

"မသွားသေးဘူး။ မင်းကို စောင့်နေတာ။ ငါတို့ နှစ်ယောက်စလုံးက ဒီတာဝန်ရဲ့ ခေါင်းဆောင်တွေပဲလေ။ အတူတူ ထွက်တာ ပိုကောင်းတာပေါ့" ဗိုလ်ချုပ်ဟူးက ဆိုသည်။

"တခြားသူတွေကော ထွက်သွားကြပြီလား"

"အေး... သူတို့ ထွက်သွားတာ ကြာပြီ။ အစီအစဉ်အတိုင်း တစ်ယောက်တစ်လမ်းစီ သွားကြတာ။ ဘယ်နေရာမှာ ဆုံရမလဲဆိုတာလည်း သူတို့ အကုန်သိကြပါတယ်။ ကုန်သည်အသင်းနဲ့လည်း အကုန်စီစဉ်ပြီးပြီ။ သူတို့က လက်နက်တွေကို သယ်လာပြီး အဲဒီမှာ ငါတို့နဲ့ လာဆုံကြလိမ့်မယ်။ အခု ငါတို့ သွားလို့ရပြီ" ဗိုလ်ချုပ်ဟူးက ပြောသည်။

"ဗိုလ်ချုပ်ဟူး... ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်ကတော့ တစ်ယောက်တည်း သွားတာကို ပိုသဘောကျတယ်။ ကျုပ်တို့ နှစ်ယောက် တစ်ယောက်တစ်လမ်းစီ သွားတာက ပိုကောင်းလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက် တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် ကျန်တဲ့တစ်ယောက်က ဒီတာဝန်ကို ဆက်လုပ်နိုင်မှာလေ။ အတူတူ သွားလို့ ကံမကောင်းတာ တစ်ခုခုနဲ့ ကြုံရင် နှစ်ယောက်လုံး တစ်ပြိုင်တည်း သေသွားနိုင်တယ်။ အဲဒါကြောင့် ကျုပ်တစ်ယောက်တည်းပဲ သွားတော့မယ်" လုံချန်းက ခေါင်းခါရင်း ငြင်းလိုက်သည်။

သူသည် ဗာမီလီယံဆီမှ ရရှိခဲ့သော ဝိညာဉ်ပလွေကို ထုတ်ယူလိုက်သည်။ သူသည် ခရီးသွားရန်အတွက် ဝိညာဉ်လင်းယုန်သားရဲကို အသုံးပြုတော့မည် ဖြစ်သည်။ နဂါးတပ်ဖွဲ့ဝင် ဖြစ်သည့်အတွက်ကြောင့် အမှောင်တောင်ပံမြင်းကို သုံးခွင့်ရှိသော်လည်း ယခုအချိန်တွင်မူ ထိုသို့ လုပ်ခွင့်မရှိပေ။

အားလုံးမှာ လွတ်လပ်သော ကျင့်ကြံသူများအဖြစ် ဟန်ဆောင်ကာ ခရီးသွားကြရမည် ဖြစ်သည်။ အမှောင်တောင်ပံမြင်းများမှာ နဂါးတပ်ဖွဲ့ဝင်များ၏ အမှတ်အသားဖြစ်ကြောင်း လူတိုင်း သိကြသဖြင့် မည်သူမှန်း ရိပ်မိမသွားစေရန်အတွက် ဒုတိယ တိုက်စစ်တပ်ဖွဲ့ဝင် မည်သူမျှ ထိုမြင်းများကို မစီးကြခြင်း ဖြစ်သည်။

"မင်း တကယ်ပဲ ငါနဲ့ မလိုက်ဘူးလား။ လမ်းမှာ ငါ မင်းကို ကာကွယ်ပေးလို့ ရတယ်နော်" ဗိုလ်ချုပ်ဟူးက မျက်မှောင်ကြုတ်ရင်း မေးသည်။

"ကျုပ်မှာ ကာကွယ်ပေးမယ့်သူ လိုတယ်လို့ ခင်ဗျား တကယ် ထင်နေတာလား" လုံချန်းက ခပ်ပြုံးပြုံးဖြင့် ပြန်မေးလိုက်သည်။

ဗိုလ်ချုပ်ဟူးသည် လုံချန်းကို ခဏမျှ ကြည့်ပြီးနောက် သက်ပြင်းချကာ လှည့်ထွက်သွားတော့သည်။

လုံချန်းသည်လည်း သူ၏ ဝိညာဉ်ပလွေကို စတင် မှုတ်လိုက်သည်။ မကြာမီမှာပင် လှပသော အတောင်ပံပါသည့် ဝိညာဉ်လင်းယုန်သားရဲကြီးတစ်ကောင် ပျံသန်းလာပြီး သူ့ရှေ့တွင် ဆင်းသက်လိုက်သည်။

"ကြိုဆိုပါတယ် သူငယ်ချင်းလေး... မတွေ့တာ ကြာပြီနော်" လုံချန်းက လင်းယုန်ကြီး၏ ခေါင်းကို အသာပုတ်ရင်း ရေရွတ်လိုက်သည်။

သူသည် ဝိညာဉ်လင်းယုန်ကြီး၏ ကျောပေါ်သို့ တက်လိုက်ပြီးနောက် လင်းယုန်ကြီးသည် ကောင်းကင်ယံသို့ စတင် ပျံသန်းသွားတော့သည်။

အခန်း (၇၄၂) အခကြေးငွေ

လုံချန်းသည် ဝိညာဉ်လင်းယုန်ပေါ်တွင် ထိုင်လိုက်ပြီးနောက် လင်းယုန်ကြီးသည် ဆူနိုင်းနိုင်ငံ၏ တော်ဝင်မြို့တော်မှ ထွက်ခွာ၍ အက်ရှာနိုင်ငံ ရှိရာဘက်သို့ ပျံသန်းသွားတော့သည်။

ဝိညာဉ်လင်းယုန်ဖြင့် ခရီးနှင်ရသည်မှာ ရက်အနည်းငယ် ကြာမြင့်မည်ဖြစ်သဖြင့် လုံချန်းအတွက် လမ်းခရီးတွင် ကျင့်ကြံရန် အချိန်လုံလုံလောက်လောက် ရရှိစေသည်။ သူသည် ခရီးစဉ်တစ်လျှောက်လုံး မနားတမ်း ကျင့်ကြံနေခဲ့သည်။ သူသည် ဆူနိုင်းနိုင်ငံ နယ်နိမိတ်အတွင်း၌သာ ရှိသေးသဖြင့် ခရီးစဉ်မှာ အေးအေးချမ်းချမ်း ရှိလိမ့်မည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။ ရန်သူ့နယ်မြေထဲ မရောက်သေးသော်လည်း လမ်းခရီးတွင် အနှောင့်အယှက် အချို့နှင့် ကြုံတွေ့ခဲ့ရသည်။

လုံချန်းသည် ဆူနိုင်းနိုင်ငံ၏ မြို့ကြီးတစ်မြို့အပေါ်မှ ပျံသန်းနေစဉ် လမ်းခရီး၌ ပိတ်ဆို့တားဆီးမှုတစ်ခုနှင့် တွေ့ဆုံခဲ့သည်။

သူ့ထံသို့ ဦးတည်ပျံသန်းလာသော မိုးပျံ သားရဲအချို့ကို တွေ့လိုက်ရ၏။ ထိုသားရဲများပေါ်တွင် လူများပါရှိပြီး အားလုံးမှာ မြေခွေးတံဆိပ်ပါသော ဝတ်ရုံများကို ဆင်တူ ဝတ်ဆင်ထားကြသည်။ ထိုမြေခွေးတံဆိပ်က မည်သည်ကို ကိုယ်စားပြုမှန်း လုံချန်း မသိသော်လည်း ဤလူများမှာ အဖွဲ့အစည်းတစ်ခုတည်းမှ ဖြစ်ကြောင်း သိသာလှသည်။

လုံချန်းသည် အခြားသားရဲများ ကျော်ဖြတ်သွားနိုင်ရန် သူ၏ ဝိညာဉ်လင်းယုန်ကို ဘေးသို့ အသာဖယ်ပေးလိုက်သည်။ ပုံမှန်ဆိုလျှင် သူသည် မည်သူ့ကိုမျှ လမ်းဖယ်ပေးမည့်သူ မဟုတ်သော်လည်း ယခုအချိန်တွင်မူ သူ အလျင်လိုနေသည်။ ဤဝိညာဉ်ကမ္ဘာထဲတွင် သူ မနေချင်တော့သဖြင့် တစ်စက္ကန့်လေးပင် အချိန်မဖြုန်းချင်ပေ။

သို့သော် ထူးဆန်းသည်မှာ လုံချန်းက ဘေးသို့ ဖယ်ပေးလိုက်သော်လည်း ထိုလူများကလည်း သူတို့၏ သားရဲများကို လုံချန်းရှိရာဘက်သို့ပင် လိုက်လံ ပိတ်ဆို့လာကြခြင်း ဖြစ်သည်။ ထိုအခါမှ လုံချန်းသည် ဤလူများမှာ သူ့ကို ကျော်တက်သွားချင်ခြင်း မဟုတ်ဘဲ အကြောင်းတစ်ခုခုကြောင့် တားဆီးချင်နေခြင်း သို့မဟုတ် ရန်စချင်နေခြင်း ဖြစ်ကြောင်း ရိပ်မိလိုက်သည်။

လုံချန်းသည် သူ၏ ဝိညာဉ်လင်းယုန်ကို အရှိန်လျှော့လိုက်ပြီး လုံးဝ ရပ်တန့်လိုက်တော့သည်။

အခြားလူများကလည်း လုံချန်း၏ ရှေ့ ဆယ်ကိုက်ခန့်အကွာတွင် သူတို့၏ သားရဲများကို ရပ်တန့်လိုက်ကြသည်။

"မင်းတို့ ဘာကိစ္စ ရှိလို့လဲ" လုံချန်းက မေးလိုက်သည်။

"မေးခွန်းကလည်း ထူးဆန်းလှချည်လား။ မင်းက ဒီမြို့ကို အသစ်ရောက်တာလား။ ဒါ ငါတို့ ကျူးမျိုးနွယ်စုရဲ့ နယ်မြေဆိုတာ မသိဘူးလား။ ငါတို့ရဲ့ ဝေဟင်နယ်နိမိတ်ကို သုံးချင်ရင် အခကြေးငွေ ပေးရမယ်လေ။ မြန်မြန်လုပ်စမ်း... ရွှေဒင်္ဂါး တစ်ရာ ထုတ်ပေး" လူများထဲမှ တစ်ယောက်က လက်ပိုက်လျက် လုံချန်းကို အထက်စီးမှ ကြည့်ကာ ပြောလိုက်သည်။

"ငါက ဘာလို့ ပေးရမှာလဲ။ ဒီမြေနဲ့ ကောင်းကင်တစ်ခုလုံးက အရှင်မင်းကြီး ပိုင်တာလေ။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် ဘုရင်လို့ ပြောနေတာလား" လုံချန်းက ပြုံးရင်း မေးလိုက်သည်။

"စကားကို လှည့်မပတ်နဲ့၊ ငါတို့က ဘုရင်မဟုတ်ပေမဲ့ ငါတို့ ကျူးမျိုးနွယ်စုဟာ အရှင်မင်းကြီးရဲ့ သစ္စာရှိ လက်အောက်ခံဖြစ်သလို ဒီမြို့မှာ အင်အားအကြီးဆုံး မျိုးနွယ်စုပဲ။ ငါ့ကို ဒေါသထွက်အောင် မလုပ်ဘဲ ပိုက်ဆံသာ ပေးစမ်းပါ။ ပိုက်ဆံမရှိရင်တော့ ငါတို့ ကောင်းကင်လမ်းကို သုံးလို့မရဘူး။ အောက်ကို ဆင်းပြီး မြို့ထဲကနေ ခြေလျင်ပဲ သွားတော့" ထိုလူက ပြန်ပြောသည်။

"မင်းက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်လား။ နာမည် ဘယ်သူလဲ" လုံချန်းက စူးစမ်းလိုက်သည်။

"ငါ့နာမည်က ကျူးလိုင်ကွ" ထိုလူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ပြရင်း ဖြေသည်။

"ဪ... ကျူးမျိုးနွယ်စုကပေါ့။ ကလေး... နားထောင်စမ်း။ ငါက ကစားနေဖို့ အချိန်မရှိဘူး။ မင်းကို ပေးဖို့ ပိုက်ဆံလည်း မရှိဘူး။ ဖယ်ပေးစမ်း... ငါ သွားရတော့မယ်။ ဝေဟင်လမ်းကို သုံးလို့ ပိုက်ဆံပေးရတယ်ဆိုတာ မရှိဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် ငါ့သူငယ်ချင်းတွေနဲ့ ဒီကနေ ဖြတ်သွားခဲ့သေးတာပဲ။ ဖယ်ပေးတော့" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"လိမ်မနေနဲ့။ တော်ဝင်မြို့တော်က အဆင့်မြင့်ပုဂ္ဂိုလ်တွေ၊ အမှောင်ဝိညာဉ်မြင်း စီးနိုင်တဲ့သူတွေနဲ့ မြို့စားမင်းတွေပဲ ဒီနေရာကို အလကား ဖြတ်ခွင့်ရှိတာ လူတိုင်း သိတယ်။ မြို့စားတွေရဲ့ ပုံကို ငါ အကုန်မြင်ဖူးတယ်၊ မင်းက သူတို့ထဲမှာ မပါဘူး။ မင်းစီးနေတဲ့ လင်းယုန်က ကောင်းတော့ ကောင်းပါရဲ့၊ ဒါပေမဲ့ အမှောင်ဝိညာဉ်မြင်းတော့ မဟုတ်ဘူး" ကျူးလိုင်က နှာခေါင်းရှုံ့ရင်း ဆိုသည်။

"ကြည့်စမ်း... ငါ့မှာ အမှောင်ဝိညာဉ်မြင်း ရှိတယ်ကွ၊ တော်ဝင်မြို့တော်မှာ ထားခဲ့တာ။ အကြောင်းအမျိုးမျိုးကြောင့် အခု မစီးလာတာပဲ။ ဖယ်ပေးတော့... ငါက အရှင်မင်းကြီးရဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေတာ" လုံချန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"ဟားဟားဟား... မင်းပြောတာကို ငါက ယုံရမှာလား။ အမှောင်ဝိညာဉ်မြင်း ရှိတဲ့သူက ဘယ်သူက ဝိညာဉ်လင်းယုန်နဲ့ ခရီးသွားမှာလဲ။ ပြီးတော့ အရှင်မင်းကြီးရဲ့ တာဝန် ဟုတ်လား။ အဲဒါသာ အမှန်ဆိုရင် ငါက ကောင်းကင်ဘုံရဲ့ အရှင်သခင်ပဲဟေ့" ကျူးလိုင်က ကျယ်လောင်စွာ ရယ်မောတော့သည်။

"အရေးကြီးတဲ့ တာဝန်ပေးခံရတဲ့သူကို တားရအောင် ငါက ငတုံးများ နေသလား။ အရေးကြီးတဲ့သူဆိုရင် ပိုမြန်တဲ့ အမှောင်ဝိညာဉ်မြင်းကိုပဲ သုံးခိုင်းမှာပေါ့၊ ဘယ်သူက ဒီလို နှေးကွေးတဲ့ သားရဲနဲ့ လွှတ်မှာလဲ။ မင်းရဲ့ အလိမ်အညာတွေက နိုင်ငံရဲ့ အတွင်းရေးကို သိတဲ့သူတွေဆီမှာတော့ အလုပ်မဖြစ်ဘူးကွ လူအရဲ့" ကျူးလိုင်က ဆိုသည်။

"ကျူးလိုင်..." လုံချန်းက ရုတ်တရက် ခေါ်လိုက်သည်။

"ဘာလဲ..."

"မင်းက တကယ့်ကို လူအပဲ" လုံချန်းက မျက်လုံးလှန်ပြရင်း ပြောလိုက်သည်။

"ငါ ဒေါသမထွက်ခင် ဖယ်ပေးစမ်း။ မဟုတ်ရင် မင်း နောင်တရသွားလိမ့်မယ်"

"ဒီကောင်စုတ်၊ ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ မင်း ပိုက်ဆံမပေးချင်တာ သိသာနေပြီ။ အောက်ကနေ ခြေလျင်သွားဖို့ ပြောတာကို မင်းက နားမထောင်ဘဲ ကျူးမျိုးနွယ်စုရဲ့ အာဏာကို စိန်ခေါ်ပြီး ငါတို့ကို လှောင်ပြောင်တယ်ပေါ့။ ကဲ... မင်းရဲ့ ဝိညာဉ်လင်းယုန်ကို ငါတို့ သိမ်းလိုက်ပြီ။ နောက်မှ ရွှေဒင်္ဂါး ငါးရာနဲ့ လာပြန်ရွေးချေ" ကျူးလိုင်က လုံချန်းကို စိုက်ကြည့်ရင်း အမိန့်ပေးလိုက်သည်။

"သွား... သူ့လင်းယုန်ကို သိမ်းလိုက်ကြစမ်း"

ကျူးလိုင်၏ တပည့်ငါးယောက်ခန့်သည် လုံချန်းရှိရာသို့ သူတို့၏ သားရဲများဖြင့် ပျံသန်းလာကြသည်။

"လက်မြှောက်ထားစမ်း။ လင်းယုန်ကို အောက်ကို ဆင်းခိုင်းလိုက်။ အတင်းအဓမ္မ လုပ်မယ်ဆိုရင်တော့ ငါတို့က ပြင်းပြင်းထန်ထန် အရေးယူရလိမ့်မယ်။ မင်း အောက်ကို ပြုတ်ကျပြီး မသေချင်ဘူး မဟုတ်လား" ကျူးလိုင်က လှောင်ပြုံးဖြင့် မေးလိုက်သည်။

"လူအ... လျှောက်မလုပ်နဲ့။ ငါ သုံးအထိ ရေတွက်မယ်။ အဲဒီအချိန်အတွင်း ဖယ်မပေးရင် လေးစက္ကန့်မြောက်မှာ မင်း မတ်တပ်ရပ်နိုင်မှာ မဟုတ်တော့ဘူး" လုံချန်းက ကျူးလိုင်ကို သတိပေးလိုက်သည်။

"ဪ... သုံးစက္ကန့်လား။ ဟေ့ကောင်တွေ... ဘာမှမလုပ်နဲ့ဦး။ သူ့ကို ရေတွက်ခိုင်းလိုက်။ သူ ကြွားတာ မဟုတ်မှန်း သိသွားတဲ့အချိန်မှာ ရှက်လွန်းလို့ မျက်နှာကြီး နီမြန်းသွားတာကို ငါ မြင်ချင်သေးတယ်" ကျူးလိုင်က လှောင်ပြောင်သော မျက်လုံးများဖြင့် လုံချန်းကို ကြည့်ကာ ဆိုသည်။

"တစ်..."

လုံချန်းက စတင် ရေတွက်လိုက်သည်။

"နှစ်..."

သူ ဆက်လက် ရေတွက်နေစဉ် ကျူးလိုင်က လှောင်ပြုံးဖြင့် ကြည့်နေဆဲ ဖြစ်သည်။

"သုံး..."

နောက်ဆုံးတွင် လုံချန်း ရေတွက်ပြီးသွားပြီ ဖြစ်သည်။

"ကဲ... သုံးပြီးပြီ။ အခု ဘာဖြ..." ကျူးလိုင် စကားပြောနေတုန်းမှာတင် သူ၏ ပါးစပ်မှာ ပိတ်သွားတော့သည်။ ရွှေရောင်ဓားမြှောင် တစ်လက်မှာ သူ၏ လည်ပင်းကို ထိုးဖောက်သွားခဲ့၏။ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး သူ အသက်ရှူရ ခက်ခဲသွားသည်။ သူ၏ မျက်ဝန်းမှ အရောင်များ ကွယ်ပျောက်သွားကာ သူ၏ သားရဲပေါ်သို့ မှောက်ရက် လဲကျသွားတော့သည်။ လည်ပင်းမှ သွေးများမှာ ဆက်တိုက် စီးကျနေဆဲ ဖြစ်သည်။

လုံချန်းသည် ကျူးလိုင်၏ သားရဲပေါ်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ သူသည် ကျူးလိုင်၏ လည်ပင်းမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ကျူးလိုင်၏ အဝတ်အစားဖြင့် ဓားပေါ်မှ သွေးများကို သုတ်လိုက်သည်။

"ကဲ... မင်းတို့က လူသွားခေါ်ဖို့ ထွက်ပြေးကြမလား၊ ဒါမှမဟုတ် ဒီမှာပဲ အသေခံကြမလား" ကျန်ရှိနေသော လူငါးယောက်ကို လုံချန်းက လှမ်းမေးလိုက်သည်။

"ဒီကောင်စုတ်၊ မင်း သူ့ကို သတ်လိုက်တယ်ပေါ့" ကျန်တဲ့လူတွေမှာ ဒေါသတကြီး ဖြစ်သွားကြသည်။ သူတို့ အမြင်တွင် လုံချန်းမှာ ကျူးလိုင်ကို အရှက်မရှိ ခိုးတိုက်လိုက်ခြင်း ဖြစ်သည်။ သူတို့မှာ လုံချန်းကို လက်စားမချေဘဲ ထွက်မပြေးချင်ကြပေ။

သူတို့သည် လက်နက်များကို အသီးသီး ထုတ်ယူကာ လုံချန်းကို ချိန်ရွယ်လိုက်ကြသည်။

လုံချန်းက ပြုံးလိုက်ရင်း သူ၏ ကျောဘက်သို့ လက်လှမ်းလိုက်သည်။

"ဒီဓားကို ဒီလောက်စောစော သုံးရလိမ့်မယ်လို့ ထင်မထားဘူး" သူက ရေရွတ်ရင်း ဓားရိုးနီနီကို ကိုင်ကာ ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်တော့သည်။

All Chapters