မင်း ဘာမေးချင်လဲ ၊ မေးကြည့်လိုက်
Vol. 22 Ch. 303
အခန်း (၃၀၃) မင်း ဘာမေးချင်လဲ ၊ မေးကြည့်လိုက်
"ဂိုဏ်းတူအစ်မ 'လင်' ၊ ကျွန်တော် ဒီအထပ်ကိုတက်လာတုန်းက သားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရတယ် ၊ အဲဒါ ဂိုဏ်းတူအစ်မ တစ်ယောက်တည်းမနေဘဲ တခြားဂိုဏ်းတူအစ်ကိုအစ်မတွေနဲ့ အမြန်ဆုံးသွားတွေ့ဖို့ အကြံပေးချင်ပါတယ်"
ကျန်းလန်က ထွက်မသွားခင် လင်စီးယာကို စေတနာဖြင့် သတိပေးလိုက်သည်။
"သတိပေးတာ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူမောင်လေး"
လင်စီးယာ ပြန်ပြောလိုက်သည်။
ထို့နောက် စြင်္ကံလမ်းအတိုင်း ကျန်းလန်ထွက်ခွာပျောက်ကွယ်သွားသည်ကို သူမ ကြည့်နေခဲ့သည်။ ကျန်းလန်က အမြင်ကျယ်ပြီး သူလုပ်ရာကို ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း သူမ ခံစားမိသည်။
ကျန်းလန်ထွက်ခွာသွားတော့မှ လင်စီးယာ ပြုံးလိုက်မိရင်း ရေရွတ်သည်။
"သြော်… ဂိုဏ်းတူအစ်မလုန်ယွိက ဂိုဏ်းတူမောင်လေးကျန်းလန်အတွက် တစ်ချက်တောင်မတုံ့ဆိုင်းဘဲ ချောက်ထဲ ခုန်ချသွားတာပဲ… ကျစ် ကျစ် ၊ ဒီလောက် အေးစက်ပြီး ခံစားချက်ကင်းမဲ့တဲ့ ဂိုဏ်းတူအစ်မမှာ ဒီလိုနေ့ရက်မျိုး ရှိလာမယ်လို့ ထင်တောင်ထင်မထားခဲ့မိဘူး"
ထို့နောက် အခြားဂိုဏ်းတူမောင်နှမများကို ရှာဖွေရန် သူမ ထွက်ခွာသွားတော့သည်။
လုန်ယွိ မှော်ရုံနယ်မြေအတွင်းမှ ထွက်ခွာသွားပြီးနောက် သူမတွင် အဖော်မရှိတော့ပေ။ အခြား ဂိုဏ်းတူမောင်နှမများကိုသာ ရှာမတွေ့လျှင် သူမလည်း မကြာခင် မှော်ရုံနယ်မြေထဲမှ ဖယ်ထုတ်ခံရမည် ဖြစ်သည်။
သူ ဘာမှမလုပ်ရသေးခင် ဤမှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲမှ ဖယ်ရှားခံရမည်ဆိုလျှင် သေချာပေါက် ဒေါသထွက်မိမည် အမှန်ပင်။
သို့သော်...
သားရဲများ...။
အဘယ့်ကြောင့် သားရဲများ ဤနေရာ ရောက်ရှိလာရပါသနည်း။
"ထားလိုက်တော့ ၊ နောက်မှပဲ ဂိုဏ်းတူအစ်ကိုအစ်မတွေကို ပြောပြတော့မယ်"
တွေးရင်းဖြင့်ပင် လင်စီးယာ စြင်္ကံလမ်းအတိုင်း ထွက်ခွာသွားလေတော့သည်။
***
ကျန်းလန် တတိယထပ်သို့ပြန်ရန် မစဉ်းစားတော့ပေ။
သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ပဉ္စမထပ်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
စတုတ္ထထပ်နှင့် အောက်ထပ်များက အင်မော်တယ်များ မဟုတ်သဖြင့် တန်ခိုးစွမ်းအားနည်းပါးသည့် ကျင့်ကြံသူများသာ ရှိကြသည်။
ပဉ္စမထပ်တွင်တော့ အင်မော်တယ်များ ရှိနေမည် ဖြစ်သည်။
ထို့ပြင် စောစောက သူရရှိခဲ့သည့် အလင်းရောင်ကြိုးမျှင်က မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိရပေ။
အပေါ်ထပ်မှ တိုက်ပွဲများကြောင့်လား ၊ သို့တည်းမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်လား မပြောတတ်လေရာ သူက သိရှိအောင်ပြုလုပ်ရန် ရည်ရွယ်ထားသည်။
ကျန်းလန် ပဉ္စမထပ်သို့ရောက်သည်နှင့် သားရဲများနှင့် သတ္တဝါဆိုးများကို ထိန်းချုပ်ထားသည့် အမှောင်ထုအစီအရင်က ပျက်စီးတော့မည်ကို ကျန်းလန် တွေ့ရှိလိုက်ရသည်။
သတ္တဝါဆိုးများနှင့်တိုက်ခိုက်ရန် အချိန် သိပ်မလိုတော့ပေ။
သားရဲများနှင့် သတ္တဝါဆိုးများကိုကြည့်ရင်း ကျန်းလန်ခေါင်းထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။
အကယ်၍…
မှော်ရုံနယ်မြေအထပ်တိုင်းမှ သားရဲများကို သူရှင်းထုတ်နိုင်ခဲ့လျှင် မည်သို့ ရှိမည်နည်း။ ထိုသို့ဆိုလျှင် စောစောက ရရှိခဲ့သည့် အလင်းရောင်ကြိုးမျှင်မျိုး များစွာ ရရှိနိုင်မည်လား။
"စမ်းကြည့်တာပေါ့"
ကျန်းလန်တွေးလိုက်သည်။
ပဉ္စမထပ်က စတုတ္ထထပ်ကဲ့သို့ပင် နေရာတိုင်းတွင် စြင်္ကံလမ်းများ ရှိနေသည်။ စတုတ္ထထပ်အောက်ဘက်တွင်တော့ ဝိညာဉ်မိစ္ဆာငရဲဘုံအတွင်းသက်ဆင်းရသည့် ချောက်နက်ကြီးတစ်ခု ရှိသည်။
ပဉ္စမထပ်အောက်ဘက်တွင်တော့ လောင်မြိုက်နေသည့် မီးတောက်မီးလျှံများ ရှိနေသည်။ ထိုအရာက လောင်ကျွမ်းနေသည့် ငရဲတစ်ခုအလား ထင်မှတ်ရသည်။
သို့သော် ကျန်းလန်က အရေးမစိုက်ပေ။
စောစောက ရရှိခဲ့သည့် အလင်းရောင်ကြိုးမျှင်ကဲ့သို့အရာမျိုး ရရှိနိုင်ဦးမည်လားဟု သိရှိရန် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ကြည့်ရမည် ဖြစ်သည်။
မကြာမီ မိန်းကလေးကျင့်ကြံသူတစ်ယောက်ကို သူ တွေ့လိုက်ရသည်။
ထိုမိန်းမပျိုက ရုတ်တရက် စြင်္ကံလမ်းအောက်ဘက်ရှိ မီးတောက်များအတွင်းသို့ ခုန်ချလိုကသည်။ သို့သော် မီးတောက်များက သူမကို ထိခိုက်စေခြင်းမရှိသည့်အပြင် သူမက မီးတောက်များကို စုပ်ယူပစ်လိုက်သည်။
သူမကိုကြည့်ရသည်မှာ မီးတောက်များထဲတွင် ပုန်းအောင်းရင်း သားကောင်ကို ချောင်းမြောင်းနေသည့်အလားင် ဖြစ်၏။
ကျန်းလန်က မသိသလိုဖြင့် သူမ ရှိရာနေရာသို့ ဖြတ်ကျော်သွားသည်။
ကျန်းလန်ရောက်လာသည်ကိုတွေ့သည်နှင့် သူမက စြင်္ကံလမ်းထက်သို့ ခုန်တက်လိုက်ပြီး…
"အစ်ကို…"
သို့သော် ကျန်းလန်က သူမကို စကားပြောခွင့်မပေးပေ။ ချက်ချင်းပင် လှံရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး သူမခန္ဓာကိုယ်ကို ထိုးစိုက်ချလိုက်သည်။
"ဘုန်း"
မကြာမီ မိန်းမပျို၏ ခန္ဓာကိုယ်အား အလင်းတန်းများ ဖုံးလွှမ်းသွားပြီး မှော်ရုံနယ်မြေအပြင်ဘက်သို့ ဖယ်ထုတ်ခံလိုက်ရလေသည်။
မိန်းကလေးကျင့်ကြံသူက ကျန်းလန်ကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ရင်း သနားစရာကောင်းစွာပင် အော်ပြောလိုက်သည်။
"တကယ်တော့ ကျွန်မက လမ်းမေးမလို့ပါ ၊ ဘာလို့ ကျွန်မကို တိုက်ခိုက်ရတာလဲ"
ကျန်းလန် : "……"
မိန်းကလေးကျင့်ကြံသူပျောက်ကွယ်သွားပြီးနောက် ကျာပွတ်တစ်ချောင်းနှင့်ဆင်တူသည့် မှော်ဝင်ပစ္စည်းတစ်ခု ကျန်ရစ်ခဲ့သည်။
သို့သော် ထိုပစ္စည်းက အသုံးမဝင်လှသဖြင့် ကျန်းလန် မယူခဲ့တော့ပေ။
ထိုမိန်းမပျိုကို မှော်ရုံနယ်မြေအပြင်ဘက်သို့ ပို့လိုက်သည့်အတွက် အလွန်တရာသေးငယ်ဖျော့တော့လွန်းသည့် အလင်းရောင်ကြိုးမျှင်လေးတစ်ခု ရရှိလိုက်သည်ကို ကျန်းလန် ခံစားလိုက်ရသည်။ ထိုအရာလေးကို သူ့ခန္ဓာကိုယ်က စုပ်ယူသွားလေသည်။
သို့သော် ထိုအလင်းရောင်ကြိုးမျှင်က စတုတ္ထထပ်တွင် သူရရှိခဲ့သည့် အလင်းရောင်ကြိုးမျှင်၏ (၁) ရာခိုင်နှုန်းပင် မရှိပေ။
ကျန်းလန် : "……"
"ဘာဖြစ်တာလဲ ၊ စတုတ္ထထပ်မှာ ရခဲ့တဲ့ အလင်းရောင်ကြိုးမျှင်က ငါ့ကြောင့်လား ၊ ဒါမှမဟုတ် တခြားသူတွေကြောင့် ဖြစ်ပေါ်လာတာလား"
"ငါ့ကြောင့်ဆိုရင် ငါ ဘယ်သူ့ကို အနိုင်ယူတိုက်ခိုက်ခဲ့မိလို့လဲ"
ကျန်းလန် ချက်ချင်းပင် လုန်ယွိအကြောင်းတွေးလိုက်မိသည်။
လုန်ယွိက သူ့ကြောင့် ဝိညာဉ်မိစ္ဆာငရဲဘုံသို့ ခုန်ချလာသည်ဖြစ်လေရာ သူက လုန်ယွိကို မှော်ရုံနယ်မြေအတွင်းမှ ဖယ်ရှားလိုက်သလို ဖြစ်သွားခဲ့လေသည်။
ထို့ကြောင့် သူ့ကို တိုက်ပွဲအနိုင်ရသူဟုသတ်မှတ်ပြီး အလင်းရောင်ကြိုးမျှင် ရရှိခဲ့ခြင်းလေလား။ ပြီးတော့ ထိုအလင်းရောင်ကြိုးမျှင်က သူတစ်ယောက်တည်းရရှိခဲ့ခြင်းမဟုတ်ဘဲ ခွန်လွန်တောင်မှ လူအားလုံး ရရှိခဲ့ခြင်း ဖြစ်ဟန်တူသည်။
လုန်ယွိထံမှရရှိသည့် အလင်းရောင်ကြိုးမျှင်က စွမ်းအားများပြားလွန်းပြီး ယခု သူ အပြင်သို့ ပို့ပေးလိုက်သည့် လူသားအင်မော်တယ်ကတော့ အဘယ့်ကြောင့် နည်းပါးလွန်းနေရပါသနည်း။
"ကြည့်ရတာ လုန်ယွိက ကျောက်စိမ်းရေကန်နတ်ဘုရားမ မို့လို့ထင်တယ်"
ကျန်းလန် တွေးလိုက်သည်။
"ကျောက်စိမ်းရေကန်နတ်ဘုရားမ" ဆိုသည်က လုန်ယွိ၏ ထူးခြားသည့် ဝိသေသဂုဏ်ပုဒ်ဖြစ်သည်။ တစ်နည်းဆိုရသော် ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်ရခြင်းက သူမကို မြင့်မားသည့် အဆင့်အတန်းတစ်ခု ရရှိစေခဲ့သည်။
ထို့ပြင် သူနှင့် ရှောင်ယွိ အတူတူရှိနေချိန်ဆိုလျှင် သူ့တွင် နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်း ပိုမိုမြင့်တက်နေခဲ့သည်။ သူမထံမှ အလင်းရောင်ကြိုးမျှင် ရရှိရန် ကျန်းလန် ရှောင်ယွိကို နေ့တိုင်း အနိုင်ယူတိုက်ခိုက်သင့်လေသလား။
ကျန်းလန် အများကြီးမတွေးတော့ဘဲ ရှေ့ဆက်လျှောက်လာခဲ့သည်။
သူ့အတွက် အကျိုးရှိမည်ဆိုလျှင် ဤအထပ်မှ ကျင့်ကြံသူများအားလုံးကို အပြင်သို့ ပို့ပစ်ရမည် ဖြစ်သည်။ ပြီးလျှင် သားရဲများနှင့် သတ္တဝါဆိုးများကို ဆက်လက်တိုက်ခိုက်ရပေမည်။
တတိယထပ်တွင် လူပေါင်းများစွာကို သူ အပြင်သို့ ပို့ပေးခဲ့သော်လည်း ယခုကဲ့သို့ အလင်းရောင်ကြိုးမျှင်မျိုး ရရှိခဲ့ခြင်း မရှိပေ။ အကြောင်းမှ ထိုသူများက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးပြီး တန်ခိုးစွမ်းအား နည်းပါးသောကြောင့် ဖြစ်သည်။
ဤလောကကြီးသည် အင်မော်တယ်မဖြစ်သေးသူများကို အရေးစိုက်မည် မဟုတ်ပေ။
ရှောင်ယွိကတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်နေသောကြောင့် ချွင်းချက်အနေဖြင့် ထူးခြားမှုရှိနေခြင်း ဖြစ်၏။ ထို့ပြင် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ခွန်လွန်တောင်၏ တည်ရှိမှုက အရေးကြီးသောကဏ္ဍတွင် ပါဝင်နေသည် မဟုတ်ပါလား။
***
မဟူရာမှော်ရုံနယ်မြေ အပြင်ဘက်။
မြောင်ယွဲ့နှင့် အခြားသူများအားလုံးက မဟူရာမှော်ရုံနယ်မြေကို ကြည့်နေကြ၏။
ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် နဂါးမျိုးနွယ်တို့၏တိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်လေရာ အနည်းငယ်တော့ ပျင်းရိငြီးငွေ့စရာကောင်းသွားလေသည်။
ပြင်ပမှလူများ မတွေ့မြင်နိုင်ကြသည့်တိုင် မှော်ရုံနယ်မြေထဲတွင်တော့ တိုက်ပွဲများ ရှိနေမည် ဖြစ်သည်။ အားလုံးက တစ်စုံတစ်ခုအကျိုးအမြတ်ရရှိရန်အတွက် တိုက်ခိုက်နေကြပေလိမ့်မည်။
လူတိုင်းတိုက်ခိုက်နေသရွေ့ တစ်စုံတစ်ခုကို အစပျိုးပေးသလို ဖြစ်နေပေလိမ့်မည်။ ထိုတစ်စုံတစ်ခုက လူအနည်းငယ်သာ အာရုခံနိုင်သည့်တစ်စုံတစ်ခု ဖြစ်သည်။
ကျူးချင်သည်လည်း မဟူရာမှော်ရုံနယ်မြေဆီသို့ စူးစိုက်ကြည့်နေလေသည်။
အမှန်တော့ သူမ အာရုံစိုက်စရာ ဘာမှ မရှိတော့ပေ။ သို့သော် သူမ၏တပည့်များထဲမှ မည်သူ အပြင်ဘက်သို့ ထွက်လာမည်လဲဟု စောင့်ကြည့်နေခြင်း ဖြစ်၏။
စတုတ္ထထပ်တွင်တော့ လုန်ယွိက အခြားသူများထက် တန်ခိုးစွမ်းအားမြင့်မားသူဖြစ်သည်။ အခြားသူများနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်တိုင် သူမက လွယ်လွယ်နှင့် အပြင်ပြန်ထွက်လာမည် မဟုတ်ပေ။
ထိုစဉ်…
"ဝှစ်"
စတုတ္ထထပ်မှ အလင်းတန်းတစ်ခု ပေါ်လာသည်။
ကျူင်းချင်က အမှတ်တမဲ့ပင် ထိုအလင်းတန်းကို ကြည့်လိုက်မိပြီး အံ့အားသင့်သွားလေသည်။
အလင်းတန်းကြားမှ ထွက်ပေါ်လာသူက အရပ်မြင့်မြင့် ၊ ကိုယ်ဟန်သွယ်သွယ်နှင့် အလွန်တရာ ချောမောသည့် အလှဧကရီလေး ဖြစ်သည်။ သို့သော် သူမ၏ မျက်နှာကတော့ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေ၏။
သူမသည်ကား အခြားသူမဟုတ်ပေ။ ကျောက်စိမ်းရေကန်နတ်ဘုရားမ "လုန်ယွိ" ပင် ဖြစ်သည်။
"ရှောင်ယွိ"
ကျူးချင်က တပည့်မလေး၏ နာမည်ကို ခေါ်လိုက်သည်။
ဘာတွေဖြစ်နေသည်ကို သူမ နားမလည်တော့ပေ။
ရန်ကျင်းသည်လည်း လုန်ယွိကို စိုက်ကြည့်နေ၏။ လုန်စီးစီးမှာလည်း စိတ်ရှုတ်ထွေးနေဟန်ပင်။
တန်ခိုးစွမ်းအားမြင့်မားလှသည့် ကျောက်စိမ်းရေကန်နတ်ဘုရားမက မှော်ရုံနယ်မြေမှ မည်သို့ဖယ်ရှားခံလိုက်ရပါသနည်း။ သူမ၏ခန္ဓာကိုယ်ထင်တွင်လည်း မည်သည့်ဒဏ်ရာဒဏ်ချက်မှ မတွေ့ရပေ။
ကျူးချင်က တုံ့ဆိုင်းမနေဘဲ လက်ဝှေ့ယမ်းပြလိုက်ပြီး လုန်ယွိကို သူမအနားသို့ လာရောက်ရန် လှမ်းခေါ်လိုက်သည်။
လုန်ယွိက ကောင်းကင်ထက်တွင် ပျံသန်းနေသည့် စက်ဝိုင်းပုံသဏ္ဍန်မှော်ဝင်ယဉ်ပျံကြီးဆီသို့ လှပစွာပင် ပျံသန်းရောက်ရှိလာသည်။
အခြားအင်အားကြီးအုပ်စုများမှ လူများကလည်း လုန်ယွိ အပြင်သို့ရောက်လာသည်ကို တွေ့မြင်ရသည်နှင့် အံ့အားသင့်ပြီး ထင်မြင်ချက်အနည်းငယ် ပြောဆိုကြသည်။
သို့သော် သူတို့အတွက်စတုတ္ထထပ်က အရေးမကြီးပေ။ ပဉ္စမထပ်က ပိုပြီး အရေးကြီးလေသည်။
ပထမထပ်မှ စတုတ္ထထပ်အထိက ကျင့်ကြံသူများ အတွေ့အကြုံရရန်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်၏။
လုန်ယွိက ကျူးချင်နှင့် မြောင်ယွဲ့ရှေ့သို့ရောက်လာပြီး ဦးညွှတ်ဂါရဝပြုလိုက်သည်။
"ဆရာ ၊ ဆရာဒေါ်လေး"
ကျူးချင်နှင့် မြောင်ယွဲ့က သူမကို ခေါင်းညိတ်ပြလိုက်သည်။
သူမက နဂါးဧကရီ"ရန်ကျင်း" ကိုလည်း ဦးညွှတ်ဂါရဝပြုနှုတ်ဆက်စကားဆိုလိုက်သည်။
"အမေ"
ရန်ကျင်းက လုန်ယွိကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး အရေးမစိုက်တော့ပေ။
လုန်ယွိက ဆရာဖြစ်သူ၏ အနောက်ဘက်တွင် မတ်တတ်ရပ်နေလိုက်သည်။
ကျူးချင်က…
"မင်း ဒဏ်ရာရထားသေးလား"
လုန်ယွိက ခေါင်းခါယမ်းလိုက်ရင်း…
"ဒဏ်ရာမရပါဘူး ဆရာ"
ကျူးချင်က ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
မြောင်ယွဲ့၏ မျက်ဝန်းများကတော့ ပြုံးရိပ်သန်းလျှက် ရှိသည်။
သူမက အရာရာကိုး ထိုးဖောက်သိမြင်နေသည်ဟု လုန်ယွိ ခံစားလိုက်ရသည်။
အဋ္ဌမမင်းသားမှာတော့ ကြက်သေသေလျှက် ရှိ၏။ သူ့အစ်မ မည်သို့မည်ပုံ အပြင်ပြန်ရောက်လာရပါသနည်း။
သူမ ဒဏ်ရာရထားခြင်း မရှိသည့်အတွက် သူ ဝမ်းသာမိသည်။
မဟုတ်ပါက…
အစ်မဖြစ်သူကို ဒဏ်ရာရအောင်လုပ်သူအားလုံးကို သူက ပညာပေးပစ်မည်ဖြစ်သည်။
သူတစ်ယောက်တည်းတော့ မဟုတ်ပေ။
သေရည်ဆိုင်မှ ကောင်ငယ်လေးကိုပါ သွားခေါ်ရမည် ဖြစ်၏။
အတူတကွ လုပ်ဆောင်ခြင်းက အန္တရယ်ကင်းစေမည် မဟုတ်ပါလား။
***
မဟူရာမှော်ရုံနယ်မြေ ၊ ပဉ္စမထပ်။
ပေဖန်းက သူ့ရှေ့မှလူများကို အေးစက်စွာဖြင့်ပြောလိုက်သည်။
"ဟက်... လူအများကြီးနဲ့ ဝိုင်းတိုက်ပုံထောက်ရင် နတ်လူသားမျိုးနွယ်တွေက ကျုပ်တို့ကို အတော်လေး အထင်ကြီးနေပုံရတယ်"
ဒုတိယတောင်ထွတ်မှ ပေဖန်းနှင့် ကျိချိုး ၊ ပထမတာင်ထွတ်မှ ကျိကျန်တို့မှာ နတ်လူသားမျိုးနွယ် (၇)ယောက် ဝိုင်းထားခြင်းကို ခံနေရလေ၏။
ပေဖန်းက လူသားအင်မော်တယ် ၊ အလယ်ဆင့် ဖြစ်ပြီး ကျိချိုးနှင့် ကျိကျန်ကတော့ လူသားအင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သည်။
ကျိကျန်က အင်မော်တယ်အဖြစ် အဆင့်တက်ထားသည်မှာ သိပ်မကြာသေးပေ။
ထို့ကြောင့် သူတို့ (၃)ယောက်တည်းဖြင့် နတ်လူသားမျိုးနွယ် (၇)ယောက်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
"မင်းတို့ ခွန်လွန်တောင်ကကောင်တွေကို သောက်ထင်ကြီးတာ မဟုတ်ဘူးကွ ၊ ကျုပ်တို့က အားသာချက်ကို အသုံးချတာ ၊ မင်းတို့ဘက်မှာလူတွေ အများကြီးရှိရင်လည်း ခေါ်လိုက်လေ ၊ မျှမျှတတတိုက်တာပေါ့"
သက်လက်ပိုင်းလူရွယ် နတ်လူသားမျိုးနွယ်တစ်ယောက်က ခေါင်းခါယမ်းရင်းဆိုသည်။
ထိုသူ၏ စကားသံ အဆုံးသတ်သွားသည်နှင့် ပေဖန်းက သူ့ဓားကို စြင်္ကံလမ်းပေါ် ထိုးစိုက်ချလိုက်လေရာ ပါးကွသင်္ကေတ အစီအရင်တစ်ခု ထွက်ပေါ်လာသည်။
"ချုပ်နှောင်စေ"
ပေဖန်းက အစီအရင်ကို အမိန့်ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင်...
ကျိချိုးက အနောက်ဘက်မှ ထိုးဖောက်ထွက်ရန် ကြိုးစားလိုက်ပြီး ကျိကျန်က အပေါ်သို့ပျံသန်းထွက်ခွာသွားသည်။
နတ်လူသားမျိုးနွယ်များ၏ တုံ့ပြန်မှုကလည်း လျှင်မြန်လွန်း၏။
သူတို့ထဲမှ (၂) ယောက်က ကျိုချိုးကို တားဆီးလိုက်ပြီး (၃) ယောက်က ပေဖန်း၏ ပါးကွအစီအရင်ကို ထိန်းချုပ်ထားလိုက်သည်။
ကျန်ရှိသည့် (၂)ယောက်က ကျိကျန်နောက်သို့ ပျံသန်းလိုက်ပါသွားကြသည်။
ကျိကျန်က အပေါ်သို့ရောက်သည်နှင့် ပေါက်ကွဲစေသည့် မှော်ဝင်ပစ္စည်းများကို ဖြန့်ကျဲချလိုက်သည်။
"ပေါက်ကွဲစေ"
"ဘုန်း"
"ဘုန်း"
ပြင်းထန်သောပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး လေထုတစ်ခုလုံးလှိုင်းဂယက်များရိုက်ခတ်သွား၏။
ပေဖန်းက အခွင့်အရေးကို အသုံးချပြီး ဓားကိုဝှေ့ယမ်းကာ သူ့ရှေ့မှ လူ (၃) ယောက်ကို တိုက်ခိုက်လိုက်သည်။
ထိုလူ (၃) ယောက် ပါးကွအစီအရင်ကို ထိန်းချုပ်နေသည်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ချက်ချင်းပင် ပေဖန်း၏ဓားချက်က ထိုသူ(၃) ယောက်ကို ခုတ်ပိုင်းပစ်လိုက်သည်။
သွေးစများပျံ့ကျဲသွားသွားသည်။
ရန်သူ (၃) ယောက်က ဒဏ်ရာရရှိသွားသည့်တိုင် တစ်ချက်နောက်မဆုတ်ဘဲ ပေဖန်းကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
"ဘုန်း"
ကျိချိုးမှာလည်း သူ့ကိုတိုက်ခိုက်လာသူ (၂) ယောက်အား ရင်ဆိုင်လိုက်၏။
နှစ်ဖက်လုံး နောက်ဆုတ်သွားကြသည်။
ပေဖန်းရော ကျိချိုးပါ နှစ်ယောက်လုံး ဒဏ်ရာများစွာ ရရှိထားကြသည်။
နတ်လူသားမျိုးနွယ်များဘက်မှလည်း (၃) ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွား၏။
"ဘန်း"
ကျိကျန်တစ်ယောက် ပေဖန်းနှင့် ကျိချိုး နံဘေးသို့ ပြုတ်ကျလာ၏။ သူလည်း ဒဏ်ရာအပြင်းအထန်ရထားလေသည်။
ကျိကျန်နောက်လိုက်သွားသည့် နတ်လူသားမျိုးနွယ် (၂) ယောက်မှာလည်း
စြင်္ကံလမ်းထက် ပြန်ပြုတ်ကျလာကြပြီး တစ်ယောက်က ဒဏ်ရာရရှိထားသည်။
ကျိကျန်က တစ်ယောက်ကိုသာ ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သည်။
ပေဖန်းတို့ (၃) ယောက်လုံး ဒဏ်ရာများရရှိထားကြပြီး နတ်လူသားမျိုးနွယ် (၇) ယောက်တွင် (၄) ယောက် ဒဏ်ရာရရှိထားသည်။
"သူတို့ကို အသက်ရှူခွင့်တောင် မပေးကြနဲ့"
နတ်လူသားမျိုးနွယ် လူရွယ်က အော်ပြောသည်။
ရန်သူ ဒဏ်ရာရနေသည်ကို အခွင့်ကောင်းယူပြီး ဖိနှိပ်တိုက်ခိုက်ကာ ဇီဝိန်ခြွေပစ်ရပေမည်။
လူရွယ်က တိုက်ခိုက်ရန်ဟန်ပြင်လိုက်စဉ်...
"ဟူး"
လှံရှည်တစ်ချောင်းက သူ့ခန္ဓာကိုယ်သို့ ထိုးဖောက်ဝင်ရောက်လာသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ သူ့နံဘေးတွင် ရပ်နေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။
"မင်း..."
ထိုသူ၏သဏ္ဍန်က မှုံဝါးနေပြီး သေသေချာချာ တွေ့မြင်ရခြင်းမရှိပေ။
လူရွယ်က ထိုသူကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ဒီလူ ဘယ်အချိန်ကရောက်လာရပါသနည်း။
သူ ဇဝေဇဝါဖြစ်နေစဉ် ထိုသူ့ထံမှ စကားသံထွက်ပေါ်လာ၏။
"မင်း ဘာမေးချင်လဲ ၊ မေးကြည့်လိုက်"