← Chapters

အခန်း (၃၂၇)

Vol. 33 Ch. 327

အခန်း (၃၂၇)

Vol. 33 Ch. 327

အခန်း။ ၃၂၇

ရွှီရန် ပြုပြင်မွမ်းမံထားသော အင်းကွက်များမှာမူ ပို၍ပင် နက်နဲခက်ခဲလှရာ သူတို့အနေဖြင့် ကြည့်ရန်ပင် မစွမ်းသာကြချေ။ ထိုမျှ ရှုပ်ထွေးလှသော အင်းကွက်များကို တစ်စုံတစ်ယောက်က တိတ်တဆိတ် လာရောက် ပြောင်းလဲသွားလိမ့်မည်ဟုလည်း အိမ်မက်ပင် မက်ဖူးကြမည် မဟုတ်ပေ။

ထို့ပြင် သူတို့၏ မြို့စားမင်းကြီး အသတ်ခံလိုက်ရသည်ကိုပင် ထိုမိစ္ဆာများ မရိပ်မိကြသေးချေ။

အမှန်စင်စစ် သူတို့ ထင်မှတ်နေကြသည်မှာ သမုဒ္ဒရာအရှင်နှင့် အသစ်ရောက်လာသော စီနီယာကြီးတို့က အတူတကွ ခရီးထွက်သွားကြသည်ဟူ၍သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမုဒ္ဒရာအတွင်း လှည့်လည်ကြည့်ရှုခြင်းမှာ သမုဒ္ဒရာအရှင်အရင်ကတည်းက အမြဲလုပ်လေ့ရှိသော အလုပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့်လည်း သူတို့၏ အရှင်သခင် သေဆုံးသွားပြီဟု သူတို့ လုံးဝ မယုံကြည်ကြပေ။

အဓိက အချက်မှာ မည်သည့် အလောင်းမှ ကျန်ရစ်မနေခြင်းကြောင့်ပင်။

သူတို့အရှင်က နတ်ဘုရားတစ်ပါးလေ... မဟုတ်ဘူးလား။ ဒီလောက် မြင့်မြတ်တဲ့အရှင်က ဘာသဲလွန်စမှ မထားခဲ့ဘဲ သေသွားတယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။ တကယ့်ကိုပဲ... သူတို့အရှင်သခင်ကို သတ်နိုင်တဲ့သူက ဒီလောကမှာ ရှိလို့လား။

ဘယ်သူက သတ်နိုင်မှာမို့လို့လဲ…

ဘယ်သူက သတ်ရဲမှာလဲ…

ထို့ကြောင့်လည်း သူတို့သည် ယခင်အတိုင်းပင် စည်းစနစ်တကျ ဆက်လက် တည်ရှိနေကြဆဲပင်။

“ဟားဟားဟားဟား...”

သူ၏ ဘဝတွင် ပထမဆုံးသော ယဇ်ပူဇော်ခြင်း ပြိုကွဲသန့်စင်မှု အစီအရင်ကြီးကို ထွင်းထုခြင်း ပြီးမြောက်သွားချိန်တွင် ရွှီရန်သည် စိတ်စွမ်းအင် အနည်းငယ် ကုန်ခမ်းသွားသော်လည်း အလွန်ပင် လန်းဆန်းတောက်ပစွာ ပြုံးလိုက်မိသည်။

နောက်တစ်စက္ကန့်တွင်မူ သူ၏ မျက်ဝန်းအစုံ၌ အမှောင်လှိုင်းများ ထက်သန်လာပြီး သဲ့သဲ့မျှရှိသော သတ်ဖြတ်လိုစိတ်များ ပျံ့လွင့်လာတော့သည်။

ထို့နောက်တွင် သူသည် အစီအရင်ကြီးကို စတင် နှိုးဆွလိုက်၏။

ထိုအစီအရင်ကြီးသည် စတုရန်းမီတာ တစ်သန်းအထိ ကျယ်ဝန်းပြီး ဘောလုံးကွင်းပေါင်း ၂၀၀၀ ကို စုစည်းထားသကဲ့သို့ပင်။ ၎င်းမှာ လယ်ယာစိုက်ပျိုးရေး နတ်ဘုရားဖွင့်လှစ်ခဲ့သော စစ်မြေပြင်ထက်ပင် ပိုမိုကြီးမားလှသည်။

အမြင့် မီတာ ၁၀၀ နှင့် အချင်း ၅ မီတာရှိသော ကောင်းကင်သို့ ထိုးတက်နေသည့် အနက်ရောင် ကျောက်တိုင်ကြီးများသည် အံ့မခန်းဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ် တည်ရှိနေသည်။

ထိုအချိန်၌ပင် ကျောက်တိုင်ကြီးများသည် ရွှေရောင်အလင်းတန်းများ တစ်တိုင်ပြီးတစ်တိုင် ထုတ်လွှတ်ကာ အချင်းချင်း စတင်ချိတ်ဆက်မိသွားကြသည်။ ရွှေရောင်အလင်းတန်းများမှာ ရေအောက်မြို့တော်ကြီးတစ်ခုလုံးကို လွှမ်းခြုံပိတ်ဆို့ထားသော အမိုးခုံးကြီးတစ်ခုအဖြစ် ယှက်နွယ်သွားတော့သည်။

ထို့နောက် မြို့တော်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု စတင်ရုန်းကြွလာခဲ့သည်။

မြို့တော်အတွင်းရှိ အရာအားလုံးက ကြေမွကာ ပျက်စီးသွားရတော့သည်။ သန်းနှင့်ချီသော ညစ်ညမ်းမှုမိစ္ဆာများမှာလည်း ကြောက်မက်ဖွယ်ကောင်းသော ဝါးမြိုစွမ်းအား၊ စုပ်ယူစွမ်းအားနှင့် ယဇ်ပူဇော်ခြင်း စွမ်းအားများကြောင့် အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ ဆုတ်ဖြဲခံလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ လိမ်ဖယ်လှည့်ပတ်သွားပြီးနောက် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားကာ တစ်ခုနှင့်တစ်ခု ရောထွေးသွားတော့သည်။ မည်သည့်အခါမျှ ပြန်လည်ခွဲခြား၍ မရနိုင်တော့သော အခြေအနေသို့ ရောက်ရှိသွားတော့သည်။

“ဝါး...”

ရွှီရန်သည် ယဇ်ပူဇော်ခြင်း ဖြစ်စဉ်တစ်ခုကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ဤမြင်ကွင်းမှာ ခမ်းနားထည်ဝါလွန်းသည်ဟု သူ ခံစားရသည်။

တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။

သွေးစွမ်းအင်တန်ဖိုး တစ်သန်းအထက်ရှိသော ရေအောက်သတ္တဝါများထဲမှ အထက်တန်းလွှာများ ဖြစ်ကြသည့် သန်းနှင့်ချီသော ညစ်ညမ်းမှုမိစ္ဆာအားလုံးမှာ ယခုအခါ ယဇ်ပူဇော်ခြင်း အစီအရင်အတွင်း၌ အသည်းအသန် ရုန်းကန်နေကြရသည်။

သို့သော်လည်း သူတို့သည် ရွှီရန် ကိုယ်တိုင် ထွင်းထုထားသော ယဇ်ပူဇော်ခြင်း အစီအရင်ကို မည်သို့မျှ မတွန်းလှန်နိုင်ကြချေ။

ငရဲဘုံပန်းချီကားချပ်တစ်ခုကဲ့သို့ ဖြစ်နေသော ထိုနေရာအတွင်း၌ သူတို့သည် အော်ဟစ်ငိုကြွေးရင်း သွေးအိုင်များအဖြစ် ပြောင်းလဲသွားကြရပြီး နောက်ဆုံးတွင်မူ စင်ကြယ်သော ဝိညာဉ်စွမ်းအင်များအဖြစ်သို့ ကူးပြောင်းသွားကြတော့သည်။

ထိုစွမ်းအင်များသည် ပင်လယ်ရေစီးကြောင်းနှင့်အတူ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားတော့သည်။

“ဟားဟား”

ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပနေပြီး မျက်နှာတစ်ပြင်လုံးတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူ၏ သွေးသားထဲမှ တစ်စုံတစ်ရာသော ဗီဇမှာ နိုးထလာသကဲ့သို့ပင်။ ငရဲပြည် မပိတ်သရွေ့ နိဗ္ဗာန်မလားဟူသော ဘုရားလောင်း၏ အဓိဌာန်ကို သူ ခံစားမိလိုက်သကဲ့သို့ပင်။

မိစ္ဆာမြို့တော်ကြီး တစ်မြို့လုံးကို ယဇ်ပူဇော်လိုက်ရခြင်းမှာ ဤမျှအထိ စိတ်ကျေနပ်စရာကောင်းပြီး လန်းဆန်းစေသည့် အတွေ့အကြုံမျိုး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။

ထိုငရဲဘုံသဏ္ဌာန် မြင်ကွင်းကြီးက သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းကို မြူးထူးကာ ပျော်ပါးသွားစေသည်။

ဘုရားလောင်း ခံစားခဲ့ရမည့် ကြည်နူးမှုမျိုးကို သူ အခု ခံစားလိုက်ရပြီ ဖြစ်သည်။

ဦးရေပြားများပင် စိမ့်တက်သွားရလောက်အောင် ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကောင်းသည်။

“ငါသာ ဒီယဇ်ပူဇော်ခြင်း အစီအရင်ကို ချက်ချင်းလက်ငင်း ထွင်းထုနိုင်မယ်ဆိုရင်...”

“ငါ့ကို ဒီအစီအရင်တွေ ချက်ချင်းထွင်းနိုင်အောင် ကူညီပေးမယ့် ရတနာမျိုးများ ရှိမလား”

ရွှီရန်သည် ရေအောက်မြို့တော်ကြီး၏ အထက်တွင် ဝဲပျံနေရင်း သူ၏ မျက်ဝန်းများအတွင်း၌ နီမြန်းသော လှိုင်းအစင်းကြောင်းများမှာ ပွက်ပွက်ဆူနေတော့သည်။

“အချိန်ပေးပြီး ရှာကြည့်ရမယ် သေသေချာချာကို ရှာရမယ်”

ရွှီရန်သည် သူ၏ လက်ရာမွန်ကြီးကို စိုက်ကြည့်နေမိသည်။

အနုပညာဆိုသည်မှာ ယဇ်ပူဇော်ခြင်းပင်။

ရွှီရန်၏ နှုတ်ခမ်းအစုံမှာ ရူးသွပ်မှုတို့ဖြင့် အထက်သို့ ကွေးညွတ်တက်သွားတော့သည်။

ဤနေရာသည် နောင်တစ်ချိန်တွင် သူ ပုံမှန်လာရောက်လည်ပတ်ရာ နေရာတစ်ခု ဖြစ်လာပေတော့မည်။

ယဇ်ပူဇော်ခြင်း အစီအရင်အတွင်း၌မူ အရာအားလုံးမှာ တရစပ် လည်ပတ်နေဆဲပင်။

ဝိညာဉ်စွမ်းအင်များမှာ ဆည်ကျိုးကျလာသည့် ရေတံခွန်ကြီးအလား အရှိန်အဟုန်ဖြင့် ပန်းထွက်လာနေ၏။

ထိုအစီအရင်ကြီးမှာလည်း အရပ်မျက်နှာအသီးသီးမှ ညစ်ညမ်းမှုများကို အဆက်မပြတ် ဝါးမြိုကာ သန့်စင်ပေးနေသည်။ အင်းကွက်များ မပျက်စီးသရွေ့ ဤယဇ်ပလ္လင်ကြီးမှာ ဆက်လက် လည်ပတ်နေမည် ဖြစ်သည်။

အကယ်၍ ထိခိုက်ပျက်စီးမှု မရှိခဲ့ပါက နှစ်ပေါင်း နှစ်ဆယ် သို့မဟုတ် ထိုထက်မက ကြာရှည်ခံနိုင်မည် ဖြစ်သည်။

“ဒီမှာ နေရာရွှေ့ပြောင်း အစီအရင်တစ်ခု တည်ဆောက်ထားရမယ်။ ဒါမှ ငါ အချိန်မှန် ပြန်လာကြည့်ပြီး ထိန်းသိမ်းရေး လုပ်လို့ရမှာ။ တခြားဒေသက ညစ်ညမ်းမိစ္ဆာတွေ လာပြီး ဖျက်ဆီးတာမျိုး မဖြစ်အောင်ပေါ့”

“ဒါပေမဲ့ ဒါက ပစိဖိတ်သမုဒ္ဒရာရဲ့ အနက်ဆုံးအပိုင်းပဲလေ။ တခြားဒေသတွေမှာ နတ်ဘုရားအဆင့် မိစ္ဆာတွေ ဒါမှမဟုတ် ထူးခြားတဲ့ အစွမ်းထက် သတ္တဝါတွေ မရှိနိုင်တော့ဘူး မဟုတ်ဘူးလား”

ရွှီရန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

ငါ တစ်ကမ္ဘာလုံးကို လှည့်လည်သွားလာဖို့ လိုအပ်နေတာလား။

All Chapters