← Chapters

အခန်း (၆၀၇-၆၀၈)

Vol. 61 Ch. 607-608

အခန်း (၆၀၇-၆၀၈)

Vol. 61 Ch. 607-608

အခန်း (၆၀၇) - နှလုံးသားကို မေးမြန်းခြင်း ထူးခြားစွမ်းအား၊ တည်ငြိမ်လှသော ဟူမယ်မယ်၊ ပြတ်သားသော လုပ်ဆောင်ချက်နှင့် ဆုတောင်းပြည့် နတ်စင်

​“ရှင်တို့နှစ်ယောက် ပြောနေတာတွေကို ကျွန်မ နည်းနည်း နားမလည်တော့ဘူး၊ တကယ်တော့ ဘာတွေဖြစ်နေတာလဲရှင်”

ဟူမယ်မယ်က စပ်စုလိုသော အမူအရာဖြင့် မေးမြန်းလိုက်သည်။

​“လင်းကျန်းခရိုင်က ကျိုးမိသားစုဟာ မိစ္ဆာမျိုးနွယ်တွေနဲ့ ကုန်သွယ်ပြီး လူတွေကို ဖမ်းဆီးရောင်းစားနေတာပါ။ အဲဒီလို ဝယ်ယူနေတဲ့ မိစ္ဆာက ဟူမယ်မယ် ဆိုတဲ့ အမည်ကို သုံးထားလို့ ကျုပ်က ဒီကို လာခဲ့တာပဲ ဖြစ်တယ်”

လီယန်ချူးက ဟူမယ်မယ်၏ မျက်လုံးများကို စိုက်ကြည့်ရင်း တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

​“ဘာ... ဘာပြောတယ်”

“လူကုန်ကူးပြီး မိစ္ဆာတွေနဲ့ ကုန်သွယ်နေတယ် ဟုတ်လား ”

ဟူမယ်မယ်မှာ အလွန်အံ့အားသင့်သွားပြီး ပျာပျာသလဲ ရှင်းပြတော့သည်။

“ကျွန်မက မိစ္ဆာမျိုးနွယ်ကနေ ကျင့်ကြံလာတာ မှန်ပေမဲ့ ကျင့်စဉ်လမ်းမှာ အောင်မြင်မှုရဖို့ မျှော်လင့်ထားတဲ့သူပါ။ ဒါကြောင့်လည်း ကုသိုလ်တွေ အမြောက်အမြား စုဆောင်းပြီး ဒီနယ်မြေကို စောင့်ရှောက်နေတာ။ လူကုန်ကူးဖို့ နေနေသာသာ မကောင်းမှုတစ်ခုလေးတောင် မလုပ်မိအောင် ဆင်ခြင်နေတဲ့သူပါရှင်”

​ဟူမယ်မယ်၏ စကားကြောင့် လီယန်ချူးနှင့် မင်ဟော်တို့ တစ်ဖက်ပြန်၍ တိတ်ဆိတ်သွားကြပြန်သည်။ ဤမြေခွေးနတ်သမီး၏ ကိုယ်ပေါ်တွင် ကုသိုလ်တော်အလင်းတန်းများ ရှိနေသည်မှာ အမှန်ပင် ဖြစ်သလို၊ သူမသည် ကုသိုလ်ကောင်းမှု အစဉ်တစိုက် ပြုလုပ်နေသည့် ပုံစံမျိုးလည်း ဖြစ်သည်။

​“ဒီကိစ္စရဲ့ အမှန်တရားက မပေါ်သေးဘူး၊ ဒါကြောင့် ဟူမယ်မယ်အနေနဲ့ ကျုပ်တို့နဲ့အတူ တစ်ခေါက် လိုက်ခဲ့ပေးဖို့ တောင်းဆိုချင်ပါတယ်”

လီယန်ချူးက ပြတ်သားစွာ ပြောလိုက်သည်။ တစ်ဖက်လူမှာ သူတို့ရှာနေသော ဟူမယ်မယ် မဟုတ်ဟု သူ လုံးဝ အတည်မပြုသေးပေ။ ထို့ကြောင့် သူမကို ဤနေရာမှ ဦးစွာ ခေါ်ထုတ်သွားရန် ပြင်ဆင်ခြင်းဖြစ်သည်။

​“တာအိုဆရာက ကျွန်မကို မယုံဘူးပေါ့”

ဟူမယ်မယ်က မေးလိုက်သည်။

​“ဒီကိစ္စက အလွန်အရေးကြီးပါတယ်။ မယ်မယ်က ကုသိုလ်ယူချင်တယ်ဆိုရင် ဒါဟာ အကြီးမားဆုံး ကုသိုလ်တစ်ခု မဟုတ်ဘူးလား မယ်မယ် ဘယ်လိုထင်လဲ ”

လီယန်ချူးက ဆိုလိုက်သည်။

​ဟူမယ်မယ်မှာ ခေတ္တကြောင်သွားပြီးမှ ခေါင်းညိတ်ပြလိုက်၏။

“တာအိုဆရာ ပြောတာလည်း မမှားပါဘူး၊ ဒီလိုဆိုရင်တော့ ကျွန်မ တာအိုဆရာနဲ့အတူ လိုက်ခဲ့ပါ့မယ်”

​မင်ဟော်မှာမူ ဤတည်ငြိမ်အေးဆေးလှသော ဟူမယ်မယ်ကို ကြည့်ကာ အတော်လေး ဝေခွဲမရ ဖြစ်နေမိသည်။ နှလုံးသားကို မေးမြန်းခြင်း ထူးခြားစွမ်းအားက ပေးသည့် တုံ့ပြန်မှုအရ မည်သည့် ပြဿနာမျှ မရှိပါချေ။ ဤမြေခွေးနတ်သမီးမှာ အစမှအဆုံး မုသားတစ်လုံးမျှ မပြောခဲ့သလို၊ သူတို့နှစ်ဦးအပေါ်တွင်လည်း မည်သည့် ရန်ငြိုးရန်စမှ မရှိပေ။

​သူတို့သည် ဟူမယ်မယ်အပေါ်တွင် မည်သည့် ချိပ်ပိတ်ခြင်း သို့မဟုတ် တားမြစ်ချက်မှ ပြုလုပ်ထားခြင်း မရှိပေ။ အမှန်စင်စစ် လီယန်ချူးက အင်အားသုံးကာ သူမကို ဖမ်းဆီးနှိမ်နင်းခြင်း မပြုသရွေ့ သူမအနေဖြင့် တစ်ပါးသူ၏ စေခိုင်းမှုအောက်တွင် လွယ်လွယ်နှင့် ရှိနေမည့်သူ မဟုတ်ပါချေ။

​“ဒီကိစ္စက တစ်ခုခုတော့ ထူးဆန်းနေတယ်”

လီယန်ချူး မျက်မှောင်ကြုတ်လိုက်မိသည်။

ရှန်းဟိုင်လောင်မှ ကျိုးမိသားစုနှင့် ကုန်သွယ်နေသူမှာ ဟူမယ်မယ် ပင် ဖြစ်သည်။ ကျိုးယွီရှု၏ ဖော်ပြချက်အရဆိုလျှင် ဆွဲဆောင်မှုအလွန်ရှိပြီး ညို့ယူနိုင်စွမ်းရှိသော အလှပဂေး အမျိုးသမီးတစ်ဦး ဖြစ်ရမည်။ သို့သော် သူတို့ ရရှိထားသော အချက်အလက်များအရ နတ်စင်သို့ လိုက်လာသောအခါတွင်မူ တည်ငြိမ်အေးဆေးသော နတ်စင်နတ်ဘုရားမတစ်ပါးကိုသာ တွေ့ရလေသည်။

​လီယန်ချူးသည် ထိုမြေခွေးနတ်သမီးမှာ သူမ၏ အရှိန်အဝါကို မှော်အတတ်တစ်ခုခုဖြင့် ဖုံးကွယ်ထားမည်ကို စိုးရိမ်သဖြင့် သူမကို မိမိအနီးတွင်သာ ထားရှိလိုက်သည်။ သူတို့သည် ခရိုင်ရုံးသို့သွားကာ အထောက်အထားပြ၍ စုံစမ်းကြည့်ကြရာ၊ ဤတုန်းလင်နယ်အတွင်းတွင် အခြားသော ဟူမယ်မယ် အမည်ရှိသူ မရှိသည်ကို တွေ့ရ၏။ ကောင်းလင်ခရိုင်ရှိ မြေခွေးနတ်သမီး နတ်စင်ကြီး တစ်ခုသာ ရှိပေသည်။

​သူတို့သုံးဦး မြို့ပြင်ရှိ တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်သောအခါ လီယန်ချူးက ရှစ်ခွင်မှန် ဖြင့် ထိုးကြည့်လိုက်ပြန်သည်။

ဤဟူမယ်မယ်မှာ အမှန်တကယ်ပင် မည်သည့် ပြဿနာမျှ မရှိသလို၊ ဝိညာဉ်ခွဲထွက်ခြင်းမျိုးလည်း မဟုတ်ဘဲ သူမ၏ မူလကိုယ်ထည် စစ်စစ်ပင် ဖြစ်သည်။ ကျင့်စဉ်အဆင့်မှာ ဒုတိယအဆင့် ၏ ရှေ့ပိုင်းနှင့် အလယ်ပိုင်းကြားတွင် ရှိပေသည်။

​ပုံမှန်အားဖြင့် မိစ္ဆာမျိုးနွယ်များ၏ ကျင့်စဉ်တက်လှမ်းမှုမှာ အလွန်နှေးကွေးလှသော်လည်း၊ လမ်းမှားလိုက်ကာ လူသားများကို စားသောက်မည်ဆိုပါက အရှိန်အဟုန်ဖြင့် တိုးတက်နိုင်ပေသည်။

​“ဒီကိစ္စက အတော်လေး အရေးကြီးတာမို့ မယ်မယ်အနေနဲ့ ကျုပ်တို့နဲ့အတူ တုန်းလင်နယ် မြို့တော် အထိ လိုက်ခဲ့ပေးဖို့ တောင်းဆိုပါတယ်”

လီယန်ချူးက တည်ကြည်စွာ ပြောလိုက်သည်။

​ဟူမယ်မယ် မျက်မှောင်ကြုတ်သွားပြီး

“ကျွန်မက ကောင်းကောင်းမွန်မွန် ရှင်းပြသလို၊ တာအိုဆရာတို့ နောက်ကိုလည်း ဒီအထိ လိုက်လာခဲ့ပြီးပြီ။ ဒါတောင် တာအိုဆရာက မယုံသေးဘူးလားကျွန်မ မြို့တော်ကို မလိုက်ချင်ဘူး”

​လီယန်ချူးသည် ယခင်က မိစ္ဆာများ၊ မကောင်းဆိုးဝါးများနှင့် မိစ္ဆာကျင့်ကြံသူများကိုသာ သတ်ဖြတ်လာခဲ့သူ ဖြစ်သည်။ သို့သော် ယနေ့ကိစ္စမှာ အလွန်ပင် ထူးဆန်းလှပြီး၊ အကယ်၍ သူသာ လူမှားသတ်မိပါက အကုသိုလ် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထိုဟူမယ်မယ်ကို ကောင်းလင်ခရိုင်တွင် ဒီအတိုင်း ထားရစ်ခဲ့ရန်မှာမူ သူ လုံးဝ စိတ်မချပါချေ။ အကယ်၍ တစ်ဖက်လူက တစ်စုံတစ်ရာသော ထူးခြားသည့် မှော်အတတ်ဖြင့် အရှိန်အဝါကို ဖုံးကွယ်ထားခြင်း ဖြစ်နေပါက သူ့အတွက် ဟာသဖြစ်စရာ ဖြစ်သွားပေလိမ့်မည်။

​ထို့ကြောင့် လီယန်ချူး ခေတ္တစဉ်းစားလိုက်သည်။ တစ်ဖက်လူက မလိုက်လိုသော်လည်း ယခုအချိန်တွင်မူ သူမအတွက် ရွေးချယ်စရာ မရှိတော့ပါချေ။

​ချွမ်း

ဓားအလင်းတန်း ဝင်းလက်သွားသည်

ကျန့်ကျောင်းဓား အိမ်မှ ထွက်လာငည်

​မြေပြင်ပေါ်တွင် ပေပေါင်းများစွာ ရှည်လျားသော အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်းမှာ အလွန်ပင် ဖြောင့်တန်းလှသော မျဉ်းတစ်ကြောင်းပင် ဖြစ်၏။ ထိုအက်ကြောင်းအတွင်း၌ ကြမ်းတမ်းလှသော ဓားဆန္ဒ များ ကိန်းအောင်းနေတော့သည်။

​“တာအိုဆရာ... ဒါ ဘာလုပ်တာလဲ”

ဟူမယ်မယ်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

​“ဒီကိစ္စက မယ်မယ်နဲ့ တကယ်မသက်ဆိုင်ဘူးဆိုရင် ကျုပ်က နောက်ပိုင်းမှာ ပြန်ပြီး တောင်းပန်ပါ့မယ်။ ဒါပေမဲ့ အခုအချိန်မှာ မယ်မယ်က မလိုက်ဘူးဆိုရင်တော့ ကျုပ်ရဲ့ဓားက ညှာတာမှာ မဟုတ်ဘူးဆိုတာ မယ်မယ် သိထားပါ”

လီယန်ချူးက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

​သူသည် မိစ္ဆာမျိုးနွယ်များအပေါ်တွင် အာဃာတမရှိပါချေ။ မကောင်းမှုမလုပ်ဘဲ သန့်စင်စွာ ကျင့်ကြံနေသည့် မိစ္ဆာများကို သူ မနှောင့်ယှက်တတ်ပေ။ သို့သော် လူစားသည့် မိစ္ဆာဆိုလျှင်မူ လုံးဝ ခွင့်မလွှတ်နိုင်ပါချေ။ ယခု ထိုမြေခွေးနတ်သမီးကို ကိုင်တွယ်ပုံမှာ သူ၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်နေသလို ခံစားရပြီး၊ တစ်ဖက်လူကို အာဏာဖြင့် ဖိနှိပ်နေသကဲ့သို့ ဖြစ်နေပေသည်။

​ဟူမယ်မယ်မှာ နှုတ်ဆိတ်သွားတော့သည်။ သူမသည် လီယန်ချူးနှင့် သူ၏လက်ထဲရှိ ကျန့်ကျောင်းဓားကို တစ်ချက်ကြည့်လိုက်ပြီး၊ ထို့နောက် မင်ဟော်ကိုပါ လှမ်းကြည့်လိုက်သည်။ သူမသည် သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်ပြီး

“တာအိုဆရာရဲ့ လုပ်ဆောင်ချက်က အတော်လေး ပြတ်သားတာပဲ၊ ကျွန်မ ဘာပြောနိုင်ဦးမှာလဲ။ လိုက်ခဲ့ပါ့မယ်”

​လီယန်ချူး ခေါင်းညိတ်လိုက်သည်။ သူသည် မှော်လွန်းပျံ ကို ထုတ်ယူလိုက်ရာ၊ ၎င်းမှာ မှော်စွမ်းအင်များ ဖြည့်သွင်းလိုက်သည်နှင့် လှေငယ်တစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။

​“ပျံသန်းနိုင်တဲ့ မှော်လက်နက်လား”

ဟူမယ်မယ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

​“မယ်မယ်ရဲ့ အချိန်ကို အများကြီး မယူပါဘူး၊ ဘာပြဿနာမှ မရှိဘူးဆိုရင် ကျုပ်ကိုယ်တိုင် မယ်မယ်ကို ပြန်ပို့ပေးပါ့မယ်”

လီယန်ချူးက ပြုံးလျက် ဆိုလိုက်သည်။

သုံးဦးသားသည် မှော်လွန်းပျံမှ ပြောင်းလဲလာသော လှေငယ်ပေါ်သို့ တက်လိုက်ကြရာ၊ အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံသို့ ပျံတက်သွားတော့၏။

​...

​ကောင်းလင်ခရိုင်

ဟူမယ်မယ် နတ်စင်အတွင်းတွင် သားဆုတောင်းသူများ၊ ရောဂါပျောက်ကင်းရန် ဆုတောင်းသူများ၊ အိမ်ထောင်ရေး၊ စာမေးပွဲအောင်မြင်ရေး၊ ချမ်းသာကြွယ်ဝရေးနှင့် ဘေးအန္တရာယ်ကင်းဝေးရန် ဆုတောင်းသူများဖြင့် ပြည့်နှက်နေသည်။ လူအုပ်ကြီးမှာ နတ်စင်တစ်ခုလုံးတွင် ပြည့်နှက်နေအောင် ဒူးထောက်နေကြသည်။

​နတ်စင်စောင့်နတ်မင်းမှာလည်း အလွန်ပင် အလုပ်များနေသဖြင့် အနားမရဘဲ လည်ချောင်းများပင် ခြောက်ကပ်နေတော့သည်။ ဤဟူမယ်မယ် နတ်စင်မှာ ဆီမီးအမွှေးတိုင် ပူဇော်မှု အလွန်မများလှသော်လည်း၊ တစ်ခါတရံတွင် လူများမှာ တစ်ပြိုင်နက်တည်း စုပြုံရောက်ရှိလာတတ်သဖြင့် အလွန်ပင် စည်ကားနေတတ်ပေသည်။

​ထိုအချိန်တွင် စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦးမှာ ဟူမယ်မယ် နတ်စင်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာသည်။ သူမသည် ဟူမယ်မယ်၏ ရုပ်တုရှေ့တွင် ဒူးထောက်ကာ ဦးချလိုက်တော့သည်။

​“မယ်မယ်... ကျေးဇူးပြုပြီး ကျွန်မရဲ့ အမေကို ကယ်ပေးပါ၊ အမေကို ကယ်ပေးပါရှင် ကျွန်မအမေက ရောဂါနဲ့ သေတော့မယ် ”

စုတ်ပြတ်နေသော အဝတ်အစားများနှင့် ထိုမိန်းကလေးငယ်က ငိုယိုကာ ပြောလိုက်သည်။

​ပတ်ဝန်းကျင်ရှိ လူအချို့မှာ သူမဆီမှ ထွက်လာသော အနံ့အသက်များကြောင့် နှာခေါင်းရှုံ့ကာ မသိမသာ ဖယ်ခွာသွားကြသည်။ ကြွယ်ဝချမ်းသာပုံရသော အမျိုးသမီးကြီးတစ်ဦးကမူ မနှစ်မြို့သော လေသံဖြင့် ရေရွတ်လိုက်သည်။

“ဘယ်က သူတောင်းစားမလေးက ဟူမယ်မယ် နတ်စင်ထဲကို ဝင်လာရတာလဲ ”

သူမသည် ဤကဲ့သို့ သူတောင်းစားမလေးနှင့် နတ်စင်တစ်ခုတည်းတွင် အတူတူ ဒူးထောက်ရခြင်းမှာ သူမ၏ အဆင့်အတန်းကို ကျဆင်းစေသည်ဟု ထင်မြင်နေမိသည်။

​မိန်းကလေးငယ်မှာမူ ပတ်ဝန်းကျင်ကို သတိမထားမိဘဲ ဟူမယ်မယ် ရုပ်တုကိုသာ အဆက်မပြတ် ဦးချနေပြီး၊ နဖူးမှ သွေးများပင် ထွက်လာတော့သည်။ ထိုအမျိုးသမီးကြီးမှာ အစပိုင်းတွင် တတွတ်တွတ် ပြောဆိုနေသော်လည်း၊ မိန်းကလေးငယ်၏ စိတ်အားထက်သန်မှုကို မြင်သောအခါ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်ကာ နှုတ်ဆိတ်သွားတော့သည်။

​ဟူမယ်မယ် ရုပ်တုပေါ်မှ တည်ကြည်ခန့်ညားလှသော အမျိုးသမီးတစ်ဦး လျှောက်လှမ်းဆင်းသက်လာသည်။ သူမ၏ မျက်ဝန်းများမှာ ကရုဏာတရားများဖြင့် ပြည့်နှက်နေသည်။

​“မင်းရဲ့ အမေ ရောဂါပျောက်စေချင်တာလား”

တည်ငြိမ်သော ဟူမယ်မယ်က နူးညံ့စွာ မေးလိုက်သည်။

​မိန်းကလေးငယ်မှာ ကြောင်သွားပြီး မော့ကြည့်လိုက်ရာ၊ မိမိရှေ့တွင် တည်ကြည်ခန့်ညားသော အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ပတ်ဝန်းကျင်ရှိ လူများမှာမူ ထိုအမျိုးသမီးကို လုံးဝ မြင်တွေ့ပုံမရပါချေ။

​“ဟုတ်ပါတယ်၊ ကျွန်မအမေကို ကယ်ချင်ပါတယ်၊ ဘာပဲလုပ်ရလုပ်ရ ကျွန်မ လုပ်ပါ့မယ်။ မယ်မယ်... ကျွန်မအမေကို ကယ်ပေးပါ ”

မိန်းကလေးငယ်က ဦးချရင်း ပြောလိုက်သည်။

ဘေးပတ်ဝန်းကျင်ရှိ လူများမှာမူ အံ့အားသင့်သွားကြပြီး၊ ဤမိန်းကလေးမှာ ရူးသွပ်သွားကာ လေထဲသို့ စကားပြောနေသည်ဟု ထင်မြင်နေကြ၏။

​“မင်းအမေရဲ့ ရောဂါကို ပျောက်ကင်းစေချင်ရင် မင်းမှာ ရှိသမျှ အဖိုးတန်ဆုံးအရာနဲ့ လဲလှယ်ရလိမ့်မယ်၊ မင်း သဘောတူရဲ့လား ”

ဟူမယ်မယ်က ပြုံးလျက် မေးလိုက်သည်။

​မိန်းကလေးငယ်မှာ စဉ်းစားပင် မနေတော့ဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“သဘောတူပါတယ် သဘောတူပါတယ်ရှင် မယ်မယ် ကျွန်မအမေကို ကယ်ပေးပါ ”

​ဟူမယ်မယ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ကောင်းပြီ၊ အိမ်ကို ပြန်ကြည့်လိုက်ပါ၊ မင်းအမေရဲ့ ရောဂါက ပျောက်ကင်းသွားပါပြီ”

​မိန်းကလေးငယ်မှာ ကြောင်အမ်းသွားပြီး ဟူမယ်မယ်ကို မယုံနိုင်သလို ကြည့်နေမိသည်။ ထို့နောက် သူမသည် ရုတ်တရက် ထရပ်ကာ နတ်စင်တံခါးအပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။ သူမသည် နေမကောင်းဖြစ်နေသည်မှာ ကြာပြီဖြစ်သလို၊ ဆေးဝယ်ရန် ပိုက်ဆံမရှိသဖြင့် သေလုမြောပါး ဖြစ်နေသော မိခင်ထံသို့ အမြန်ဆုံး သွားရောက်ကြည့်ရှုလိုခြင်း ဖြစ်သည်။

​သူမ ပြေးထွက်သွားချိန်တွင် သူမ၏ ဦးခေါင်းထက်မှ အလင်းတန်းတစ်ခု ပျံထွက်လာပြီး ဟူမယ်မယ်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။ ဟူမယ်မယ်မှာ သက်သောင့်သက်သာရှိလှသော သက်ပြင်းတစ်ချက်ကို မအောင့်နိုင်ဘဲ ချလိုက်မိ၏။

​သူမ၏ မျက်ဝန်းများမှာမူ အလွန်ပင် တည်ငြိမ်အေးဆေးနေဆဲပင် ဖြစ်သည်။

အခန်း (၆၀၈) - လူသေကို ဆေးကုခြင်း၊ အသက်ပြန်သွင်းအတတ်၊ ထူးဆန်းသော သေဆုံးမှု၊ မြေခွေးနတ်သမီး၏ လှည့်ကွက်နှင့် ငါ့ကို အဲဒီလိုမကြည့်နဲ့

​ကောင်းလင်ခရိုင်၏ လူမသိသူမသိ ဟောင်းနွမ်းစုတ်ပြတ်နေသော လမ်းကြားလေးတစ်ခုအတွင်း...။

​ဤနေရာမှာ ကောင်းလင်ခရိုင်၏ ဆင်းရဲသားရပ်ကွက်ဖြစ်ပြီး ပတ်ဝန်းကျင် အခြေအနေမှာ အလွန်ပင် ဆိုးရွားလှသည်။ နေရာအနှံ့တွင် ရှူရခက်လှသော အနံ့အသက်မျိုးစုံက နှာခေါင်းကို လာရောက် စူးရှနေ၏။

​ထိုမိန်းကလေးငယ်၏ အမည်မှာ ထျန်းရှောင်လင်း ဖြစ်သည်။ သူမသည် သူမ၏မိခင်ဖြစ်သူ လျိုမျိုးနွယ်နှင့်အတူ လမ်းကြား၏ အဆုံးပိုင်းရှိ တဲစုတ်လေးတစ်ခုတွင် အမှီသဟဲပြု နေထိုင်ကြခြင်းဖြစ်သည်။ သူမ၏မိခင်မှာ ဖျားနာနေသည်မှာ ကြာလှပြီ ဖြစ်သည်။

​ထျန်းရှောင်လင်း အိမ်သို့ အပြေးအလွှား ပြန်ရောက်သွားချိန်တွင်မူ သူမ၏မိခင်မှာ ကုလားထိုင်ပေါ်တွင် ကောင်းမွန်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩဝမ်းသာ သွားတော့သည်။

​“အမေ အမေ နေကောင်းသွားပြီလား”

​ထျန်းရှောင်လင်းက ဝမ်းသာအားရဖြင့် အပြေးအလွှားသွားကာ လျိုမျိုးနွယ်ကို ဖက်ထားလိုက်သည်။ ထျန်းရှောင်လင်း၏ မိခင်မှာ မျက်နှာတွင် ဆင်းရဲပင်ပန်းမှုများ အထင်သားပေါ်လွင်နေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ လက်ဖဝါးပေါ်ရှိ အရေပြားများမှာ အလွန်ပင် ကြမ်းတမ်းနေပြီး လက်သည်းကြားများတွင်လည်း ရွှံ့နွံများဖြင့် ပြည့်နှက်နေ၏။

​ဤကဲ့သို့သော တဲစုတ်ရပ်ကွက်တွင် နေထိုင်ရသည်မှာ ညစ်ပတ်ပင်ပန်းလှသော အလုပ်ကြမ်းမျိုးစုံကို လုပ်ကိုင်ရသည်။ သို့သော်လည်း ထိုသို့ရုန်းကန်ရခြင်းမှာ အသက်ကို မသေရုံတမယ် ဆက်ထားရခြင်းသာ ဖြစ်သည်။ လျိုမျိုးနွယ်သည် သူမနှင့် ထျန်းရှောင်လင်းတို့ သားအမိနှစ်ယောက်၏ ဘဝကို မည်သို့မျှ ညည်းညူခြင်းမရှိဘဲ အစွမ်းကုန် ထိန်းကျောင်းလာခဲ့သူ ဖြစ်သည်။

ထို့အပြင် ထျန်းရှောင်လင်းကိုလည်း ခိုးဆိုးလုယက်ခြင်း မပြုရန်နှင့် လူသားပီပီ သန့်သန့်ရှင်းရှင်း နေထိုင်ရန် အမြဲပင် ဆုံးမသွန်သင်လေ့ရှိသည်။

​“မင်း ဘယ်တွေသွားနေတာလဲ” လျိုမျိုးနွယ်က နူးညံ့သောလေသံဖြင့် မေးလိုက်သည်။

​“သမီး ဟူမယ်မယ် နတ်စင်ကို သွားခဲ့တာပါ။ ဟူမယ်မယ်ကို အမေ့ရောဂါ ကုပေးဖို့ သွားတောင်းပန်တာ။ သမီး တကယ်ပဲ ဟူမယ်မယ်ကို တွေ့ခဲ့ရတယ် သူက သမီးကို အိမ်ပြန်ခိုင်းလိုက်တာ၊ အိမ်ရောက်ရင် အမေ့ရောဂါ ပျောက်နေလိမ့်မယ်လို့ ပြောလိုက်တယ်”

​ထျန်းရှောင်လင်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားလုံးများပင် ထစ်ငေါ့နေတော့သည်။ ထိုကရုဏာမျက်နှာနှင့် တည်ကြည်လှသော အမျိုးသမီးမှာ အမှန်တကယ်ပင် ဟူမယ်မယ် ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။ ထို့ပြင် သေလုမြောပါး ရောဂါဝေဒနာကို ကုသပေးနိုင်သည့် ထိုမျှကြီးမားသော တန်ခိုးစွမ်းအားမျိုး ရှိလိမ့်မည်ဟုလည်း မယောင်မလည်ပင် မတွေးရဲခဲ့ပါချေ။

​လျိုမျိုးနွယ်မှာလည်း ထိုစကားကို ကြားသောအခါ အတော်လေး စိတ်လှုပ်ရှားသွားရသည်။

“အမေလည်း ကိုယ့်ကိုယ်ကိုယ် ခံစားရတယ်၊ ကိုယ်ပေါ်က ရောဂါတွေအားလုံး ပျောက်သွားသလိုပဲ၊ ဘာမှမဖြစ်တော့တဲ့ လူတစ်ယောက်လိုပဲ။ ဟူမယ်မယ် တကယ်ပဲ မစလိုက်တာပဲ ”

​လျိုမျိုးနွယ်သည် ထရပ်လိုက်ပြီး ဟောင်းနွမ်းနေသော အခန်းကျဉ်းလေးအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်ရာ အမှန်တကယ်ပင် ဖျားနာနေသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိတော့ချေ။ ထျန်းရှောင်လင်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ထိန်းမရဘဲ စီးကျလာတော့သည်။ သူမနှင့် အမှီသဟဲပြုနေရသော မိခင်ဖြစ်သူမှာ ဤတဲစုတ်လေးထဲတွင်ပင် ဖျားနာကာ သေဆုံးသွားတော့မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။

အနီးကပ်ဆုံးသော ဆွေမျိုးရင်းချာကို ဆုံးရှုံးရတော့မည်ဟူသော နာကျင်မှုက သူမကို အစွန်းကုန် မျှော်လင့်ချက်မဲ့စေပြီး တစ်ခါမျှ မခံစားဖူးသည့် အားကိုးရာမဲ့မှုကို ပေးစွမ်းခဲ့သည်။

​ယခုအချိန်တွင် မိခင်ဖြစ်သူမှာ ရုတ်တရက် နေကောင်းသွားသဖြင့် ထျန်းရှောင်လင်း၏ စိတ်အစဉ်မှာ အလွန်ပင် တက်ကြွနေတော့သည်။

သားအမိနှစ်ယောက် စကားစမြည် အတန်ကြာ ပြောဆိုပြီးနောက် ထျန်းရှောင်လင်းမှာ ဟူမယ်မယ် နတ်စင်သို့ ထပ်မံပြေးသွားကာ ဟူမယ်မယ်၏ ရုပ်တုရှေ့တွင် အဆက်မပြတ် ဦးချလိုက်ပြန်သည်။

​“ဟူမယ်မယ်ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်၊ ဟူမယ်မယ်ကို ကျေးဇူးအများကြီး တင်ပါတယ် ”

“ကျွန်မအမေရဲ့ ရောဂါ တကယ်ကြီး ပျောက်သွားပါပြီ၊ အမေ့ကို ကယ်ပေးတဲ့အတွက် ဟူမယ်မယ်ကို ကျေးဇူးအထူးတင်ပါတယ်ရှင် ”

​ထျန်းရှောင်လင်းမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေတော့သည်။ သူမ၏ အော်ဟစ်သံများကြောင့် ဟူမယ်မယ် နတ်စင်အတွင်းတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ အချို့က ဘာတွေဖြစ်ပျက်ခဲ့သနည်းဟု ဝိုင်းဝန်းမေးမြန်းကြရာ ထျန်းရှောင်လင်းက ဖြစ်သမျှအကြောင်းကို အကုန်အစင် ပြောပြလိုက်တော့သည်။ ထို့အပြင် ဟူမယ်မယ်၏ ရုပ်တုကိုလည်း တစ်ချိန်တည်းမှာပင် အဆက်မပြတ် ဦးချနေသေး၏။

​လူအများမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။ ဟူမယ်မယ်က ဤမျှအထိ ဆုတောင်းပြည့်သည် ဟုလား သူတို့အားလုံးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြပြီး ပိုမို၍ သဒ္ဓါတရား ထက်သန်စွာဖြင့် ပူဇော်ကြတော့သည်။

သူတောင်းစားမလေးလို မိန်းကလေးငယ်တစ်ဦးပင် ဟူမယ်မယ်၏ မစမှုကို ရရှိနိုင်သေးလျှင် သူတို့လည်း ရရှိနိုင်သည်မှာ အသေအချာပင် ထိုကဲ့သို့သော အတွေးများဖြင့် ဟူမယ်မယ် နတ်စင်အတွင်း လူအုပ်ကြီးမှာ ပိုမိုတိုးဝှေ့လာပြီး စစ်မှန်သော ယုံကြည်မှုဖြင့် ဦးချကြသဖြင့် ဆီမီးအမွှေးတိုင် အငွေ့အသက်များမှာ ပိုမို၍ သိပ်သည်းလာတော့သည်။

​ထျန်းရှောင်လင်းမှာ နောက်ဆုံးတွင် ထိုကရုဏာမျက်နှာနှင့် တည်ကြည်လှသော ဟူမယ်မယ်ကို ထပ်မံမတွေ့ရတော့ပါချေ။ သူမ၏ စိတ်ထဲတွင် မိခင်ဖြစ်သူကို စိတ်ပူနေသဖြင့် အိမ်သို့သာ ကပျာကယာ ပြန်ပြေးခဲ့တော့သည်။

မိခင်ဖြစ်သူက သူမကို လူဆိုသည်မှာ ကျေးဇူးသိတတ်ရမည်၊ အနည်းငယ်သော ကျေးဇူးကိုပင် ရေတွင်းထွက်စမ်းရေပမာ ပြန်လည်ပေးဆပ်ရမည်ဟု အမြဲဆုံးမခဲ့သည်။ ထို့အပြင် သူတစ်ပါးအပေါ်တွင် အခွင့်အရေး မယူရန်လည်း သင်ကြားခဲ့ဖူးသည်၊ အကြောင်းမှာ သူမတို့မိသားစုတွင် ပြန်ပေးဆပ်နိုင်စွမ်း မရှိသောကြောင့်ပင်။

​ထျန်းရှောင်လင်းသည် ဟူမယ်မယ်အပေါ် ကျေးဇူးတင်စကား ဆိုပြီးနောက် အိမ်သို့ ပြန်ရောက်လာခဲ့သည်။ မိခင်ဖြစ်သူ၏ ရောဂါမှာ အမှန်တကယ်ပင် ပျောက်ကင်းသွားခဲ့ပြီး အိမ်တွင် စောင့်ကြိုနေ၏။ ဒါဟာ အိပ်မက်တစ်ခု မဟုတ်ပါချေ ထျန်းရှောင်လင်းသည် လျိုမျိုးနွယ်၏ လက်ကို ဆွဲကိုင်လိုက်သော်လည်း ရုတ်တရက် ကြောင်အမ်းသွားရသည်။

​“အေးစက်နေတာပဲ”

​ထျန်းရှောင်လင်း ရင်ထဲ နာကျင်သွားရပြီး သူမ၏လက်ကလေးများဖြင့် မိခင်ဖြစ်သူ၏ လက်ကို အမြန်ပင် ပွတ်သပ်ပေးတော့သည်။ ဒါဟာ ရောဂါကြီး ပျောက်ကင်းပြီးနောက် သွေးလေ အားနည်းသွားလို့ ဖြစ်မှာပဲဟု သူမ တွေးမိသည်။ သူမသည် စိတ်မကောင်းစွာဖြင့် လျိုမျိုးနွယ်၏ လက်နှစ်ဖက်ကို ပွတ်သပ်ပေးနေသလို၊ ရေနွေးများရရန်လည်း ဟိုဟိုဒီဒီဖြင့် အလုပ်ရှုပ်နေတော့သည်။

​သူမတို့၏ ဘဝမှာ ဆင်းရဲပင်ပန်းလှသော်လည်း ဤကဲ့သို့သော သားအမိသံယောဇဉ်မှာမူ အလွန်ပင် နွေးထွေးလှ၏။ သို့သော် တဖြည်းဖြည်းနှင့် ထျန်းရှောင်လင်း၏ ဦးနှောက်မှာ ဝေဝါးလာသလို ခံစားရပြီး ခေါင်းထဲမှ တစ်စုံတစ်ရာ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်လာသည်။ သူမသည် မိမိကိုယ်ကို သတိပြန်ဝင်လာစေရန် ခေါင်းကို အားရပါးရ ခါယမ်းလိုက်ရသည်။

​“ဟူမယ်မယ်က ပြောတယ်... အမေ နေကောင်းဖို့အတွက် ငါ့မှာရှိတဲ့ အဖိုးတန်ဆုံးအရာနဲ့ လဲရမယ်တဲ့၊ အဲဒါက ဘာများပါလိမ့် ”

​ထျန်းရှောင်လင်း၏ စိတ်ထဲတွင် ဤအတွေးလေး ဖြတ်ပြေးသွားသည်။ သို့သော် သူမအတွက်မူ အဖိုးတန်ဆုံးအရာမှာ သူမ၏မိခင်သာ ဖြစ်ပြီး အခြား မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရပါချေ။ သူမ၏မိခင် နေကောင်းကျန်းမာလာမည်ဆိုလျှင် မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်ရန် သူမ အသင့်ရှိနေသည်။

​ထျန်းရှောင်လင်းသည် မျက်ရည်ဝိုင်းလျက်ဖြင့် စောစောကပင် သေလုမြောပါး ဖြစ်နေသော မိခင်ဖြစ်သူ ယခုအခါ ကိုယ်ပေါ်တွင် အားအင်များ ပြည့်နှက်နေသည်ကို ကြည့်ကာ စိတ်လှုပ်ရှားနေမိသည်။ သာမန်အချိန်များမှာပင် မိခင်ဖြစ်သူမှာ ယခုကဲ့သို့ အားအင်ပြည့်ဝနေခြင်းမျိုး မရှိခဲ့ဖူးပါချေ။

​ချက်ချင်းပင်

ထူးဆန်းသော ကိစ္စကြီး တစ်ခု ဖြစ်ပွားသွားတော့သည်။

​လျိုမျိုးနွယ်သည် ထျန်းရှောင်လင်းကို ဆွဲကာ အပြင်သို့ ထွက်သွားရန် ပြင်စဉ်၊ သူမ၏ ခြေထောက်မှာ ဘာကို ငြိမိသွားသည်မသိဘဲ ကုလားထိုင်ခြေထောက်ဆီသို့ တည့်တည့်မတ်မတ် လဲကျသွားတော့သည်။

​ဖုန်း

​ဤကဲ့သို့ မတော်တဆ ခြေချော်လဲကျမှုလေးတစ်ခုမှာပင် သူမ၏ နဖူးက ကုလားထိုင်ခြေထောက်နှင့် တိုက်မိသွားပြီး ကြီးမားသော အသံကြီး ထွက်ပေါ်လာ၏ နဖူးတွင် သွေးပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး သွေးများမှာ အဆက်မပြတ် စီးကျလာတော့သည်။

​ထျန်းရှောင်လင်း ကြောင်အမ်းသွားပြီး အမြန်ပင် အရှေ့သို့ တိုးသွားကာ လျိုမျိုးနွယ်ကို ဖက်ထားလိုက်သည် သူမ၏ လက်နှစ်ဖက်မှာ သွေးများဖြင့် စွန်းထရမ်းသွားသော်လည်း မိခင်ဖြစ်သူမှာ အသက်ပျောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည် ဖြူဖျော့နေသော မျက်နှာမှာ အနည်းငယ်မျှ ရှုံ့တွသွားတော့သည်။

​ခဏချင်းအတွင်းမှာပင် ကောင်းကင်ဘုံမှ ငရဲဘုံသို့ ရောက်ရှိသွားရပြန်သည်။ ထျန်းရှောင်လင်း တစ်ကိုယ်လုံး မှင်တက်သွားရ၏။ မယုံနိုင်စရာပင်ကြီးမားလှသော ဝမ်းနည်းမှုကြောင့် အသံပင် ထွက်မလာတော့ပါချေ။ သူမသည် အော်ဟစ်ငိုယိုခြင်းပင် မပြုနိုင်တော့ဘဲ ထိုနေရာမှာတင် ကြောင်အမ်းနေမိတော့သည်။

​ဒါဟာ မယုံနိုင်စရာပင် သူမ၏မိခင်မှာ ကုတင်ပေါ်တွင် ရက်ပေါင်းများစွာ ဝေဒနာခံစားခဲ့ရပြီး ဟူမယ်မယ်က ကယ်တင်လိုက်သဖြင့် အနိုင်နိုင် နေကောင်းလာခဲ့ကာမှ၊ အိမ်ထဲတွင် ထူးဆန်းစွာ ခြေချော်လဲရုံမျှဖြင့် သေဆုံးသွားရသည် ထျန်းရှောင်လင်း တစ်ကိုယ်လုံး ခြေဖျားလက်ဖျားများ အေးစက်သွားပြီး ရေခဲကျင်းထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

​ခေတ္တအကြာတွင်မူ ထျန်းရှောင်လင်းဆီမှ စူးရှသော ငိုယိုသံကြီး ထွက်ပေါ်လာတော့သည်။

​“အမေ”

​သူမသည် ဤကိစ္စကို လုံးဝ လက်မခံနိုင်ပါချေ။ လျိုမျိုးနွယ်၏ အလောင်းကို ဖက်ကာ အသဲအသန် ငိုကြွေးနေမိသည်။ သူမ သတိပြန်ဝင်လာချိန်တွင်မူ သူမ၏ လက်နှစ်ဖက်မှာ တွန့်ရှုံ့နေပြီး အဖိုးအိုများတွင် ရှိတတ်သော အမည်းစက်များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

​ထျန်းရှောင်လင်း ကြောင်သွားရ၏၊ ဘာတွေဖြစ်နေမှန်း သူမ လုံးဝ မယုံနိုင်တော့ပါချေ။ အကယ်၍ ထိုစဉ်က အပြင်လူ တစ်ယောက်ယောက်သာ ရှိနေမည်ဆိုလျှင် မြင်တွေ့ရမည်မှာ ထျန်းရှောင်လင်းသည် ခဏချင်းအတွင်းမှာပင် မိန်းကလေးငယ်ဘဝမှ လူလတ်ပိုင်း၊ ထိုမှတစ်ဆင့် အသက်ကြီးပိုင်းသို့ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

​ယခုအချိန်တွင် ထျန်းရှောင်လင်းမှာ အသက် ရှစ်ဆယ်၊ ကိုးဆယ်ခန့်ရှိသော အိုမင်းရင့်ရော်နေသည့် အဘွားအိုကြီး တစ်ဦး ဖြစ်နေပြီ။

​ဒုန်း ဒုန်း ဒုန်း

နှလုံးခုန်သံ တစ်ချက်ချင်းစီမှာ စည်တီးနေသကဲ့သို့ပင် သူမ ငိုကြွေးနေသည့် အသက်ရှူသံမှာပင် တိုတောင်းနေတော့သည်။ ပျက်စီးနေသော လေမှုတ်တံ တစ်ခုကဲ့သို့ပင်။

သူမ၏ ကိုယ်ပေါ်တွင် မည်သည့် ရောဂါမျှ မရှိသော်လည်း အိုမင်းကာ သေဆုံးတော့မည် ဖြစ်သည် အင်္ဂါအစိတ်အပိုင်းများမှာ ပျက်စီးကုန်ပြီဖြစ်ပြီး ကိုယ်တွင်းမှ နောက်ဆုံး ကျန်ရှိသော အသက်စွမ်းအား များ ကုန်ခမ်းသွားသည်နှင့် သေဆုံးတော့မည် ဖြစ်သည်။

​သူမ၏ အသိစိတ်များ ဝေဝါးလာချိန်တွင် သူမ၏ မျက်စိရှေ့၌ တည်ကြည်ကာ ကရုဏာကြီးမားပုံရသော အမျိုးသမီးတစ်ဦး ရေးရေးလေး ထွက်ပေါ်လာသည်။

​“မယ်မယ်... ဟူမယ်မယ်”

အဘွားအို ဖြစ်သွားသော ထျန်းရှောင်လင်းက အားအင်ချည့်နဲ့စွာဖြင့် ခေါ်လိုက်သည်။ သို့သော် တကယ်တမ်းတွင်မူ သူမ၏ ပါးစပ်မှ မည်သည့်အသံမျှ ထွက်မလာတော့ဘဲ အလွန်ပင် တိုးညင်းနေတော့၏။

​ဘာတွေဖြစ်ကုန်သလဲဆိုတာ သူမ နားမလည်တော့ပါချေ။ ဘာကြောင့် ဟူမယ်မယ်က သူမမိခင်ရဲ့ ရောဂါကို ကုသပေးပြီးတာနဲ့ မိခင်က ချက်ချင်း သေသွားရတာလဲ ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ။

​“ငါ့ကို အဲဒီလို မျက်လုံးမျိုးနဲ့ မကြည့်နဲ့၊ ငါ ပြောခဲ့သားပဲလေ... မင်းမှာရှိတဲ့ အဖိုးတန်ဆုံးအရာနဲ့ လဲရမယ်လို့။ မင်းအတွက် အဖိုးတန်ဆုံးအရာက မင်းအမေ မဟုတ်ဘူးလား။ ဘယ်လိုလဲ ငါ မင်းကို မလိမ်ခဲ့ဘူးနော်၊ သူမရဲ့ ရောဂါကို တကယ် ကုပေးခဲ့တာပဲ။ မင်းအမေကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်တွေ့ခွင့်ရအောင် ငါ လုပ်ပေးခဲ့တာပဲ၊ ကျေးဇူးတင်သင့်တယ် မဟုတ်လား ”

​ဟူမယ်မယ်က နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလိုက်တော့သည်။

All Chapters