← Chapters

အခန်း (၁၆၁၁-၁၆၁၂)

Vol. 162 Ch. 1611-1612

အခန်း (၁၆၁၁-၁၆၁၂)

Vol. 162 Ch. 1611-1612

အခန်း (၁၆၁၁) - သမိုင်းမသေမျိုး

​ကျိမျိုးနွယ်စု၏ ကျမ်းစာဂိုဒေါင်။

​ထိုနှစ်ရက်အတွင်း ဖန့်ချန်သည် ဤနေရာတွင် ရှေးဟောင်းကျမ်းစာများစွာ ရှိနေကြောင်းနှင့် ၎င်းတို့ထဲတွင် နတ်ဘုရားလောက၏ လျှို့ဝှက်ချက်များစွာ ပါဝင်နေကြောင်း သိရှိရသဖြင့် မကြာခဏဆိုသလို လာရောက်ဖတ်ရှုလေ့ရှိသည်။

​အချို့သော ရှေးဟောင်းကျမ်းစာများကို သာမန် ကျိမျိုးနွယ်စု တိုက်ရိုက်မျိုးနွယ်ဝင်များပင် ကြည့်ရှုခွင့်မရှိသော်လည်း ဖန့်ချန်မှာ အမာခံတပည့်တစ်ဦး ဖြစ်နေသည့်အတွက် ကျိမျိုးနွယ်စု၏ အဓိကကျင့်စဉ်များနှင့် နည်းစနစ်များမှလွဲ၍ ကျန်ရှိသော ကျမ်းစာအားလုံးကို ဖန့်ချန်အတွက် အတားအဆီးမရှိ ခွင့်ပြုပေးထားသည်။

​ဖန့်ထုန်သည်လည်း ထိုအကြောင်းကို သိရှိပြီးနောက် ထိုနှစ်ရက်အတွင်း ကျမ်းစာဂိုဒေါင်သို့ မကြာခဏ လာရောက်ကာ အခွင့်အရေးရလျှင်ရသလို ဖန့်ချန်နှင့် စကားစမြည် ပြောဆိုလေ့ရှိသည်။ သို့သော် သူတို့နှစ်ဦး၏ အစစ်အမှန် စကားဝိုင်းများကိုမူ အသံလွှင့်ခြင်း နည်းလမ်းဖြင့်သာ ပြောဆိုကြ၏။

​ဖန့်ထုန်၏ အဓိကရည်ရွယ်ချက်မှာ သူသည် အစ်ကိုလား၊ ညီလား ဆိုသည်ကို အတည်ပြုရန်ဖြစ်ပြီး နောက်ဆုံးတွင် သူက ညီဖြစ်ကြောင်း သိလိုက်ရသောအခါမှ စိတ်အေးသွားရသည်။ အကယ်၍ အစ်ကိုဖြစ်သူက ညီဖြစ်သူလောက် မတော်ပါက သူသည် အလွန်အမင်း ရှက်ရွံ့မိမည်ဖြစ်သော်လည်း၊ ညီက အစ်ကိုလောက် မတော်ခြင်းမှာမူ ကိစ္စမရှိပေ။

​"အစ်ကို... မနက်ဖြန် မီးနတ်ဘုရားမသေမျိုး မျိုးနွယ်က လူလွှတ်ပြီး လာဆွေးနွေးတော့မှာ၊ ကျွန်တော် တကယ်ပဲ ဘာမှမဖြစ်ဘူးမလား"

ဖန့်ထုန်သည် သိပ်မဝေးသောနေရာတွင် ရပ်နေပြီး လက်ထဲတွင် ရှေးဟောင်းကျမ်းစာတစ်အုပ်ကို ကိုင်ထားရင်း တိုးတိုးလေး အသံလွှင့်လိုက်သည်။

​"ဘာမှမဖြစ်ဘူး"

ဖန့်ချန်က အေးဆေးစွာပင် အသံပြန်လွှင့်သည်

"ငါ့ကို ခဏလောက် စာအုပ်အေးအေးဆေးဆေး ဖတ်ပါရစေဦး၊ မင်းဘာသာမင်း သွားဆော့ချင်ရာ သွားဆော့တော့"

​"အဲ... ဟုတ်ကဲ့ပါ"

ဖန့်ထုန်သည် လက်ထဲမှ ကျမ်းစာကို ချက်ချင်းချလိုက်ပြီး ကျမ်းစာဂိုဒေါင်ထဲမှ လှည့်ထွက်သွားတော့သည်။ သူ၏ ဤအစ်ကိုကြီးသည် အဘယ်ကြောင့် ဤမျှ ယုံကြည်မှုရှိနေသနည်းဆိုသည်ကို သူ မသေချာသော်လည်း ကျွယ်မင်နန်းတော်၏ ဂုဏ်သတင်းကိုမူ သူ အတော်အတန် ယုံကြည်နေမိသည်။

​ဖန့်ချန်က သူ့အား တစ်ချက်လှမ်းကြည့်ကာ လက်ထဲမှ ကျမ်းစာကို ချလိုက်ပြီး အခြားတစ်အုပ်ကို ပြန်လည်ရွေးချယ်ကာ လှန်လှောကြည့်ရှုနေသည်။

​သူ အသေအချာ ကောက်ချက်ချနိုင်သည်မှာ ဖန့်ထုန်ဆိုသည်မှာ အစပျိုးရုံသက်သက်သာ ဖြစ်သည်။ တစ်ဖက်လူ၏ ပစ်မှတ်မှာ ဖန့်ထုန်မဟုတ်သလို ကျိမျိုးနွယ်စုလည်း မဟုတ်ပေ။ မနက်ဖြန်တွင် ပြဿနာတစ်ခုခု အမှန်တကယ် ပေါ်ပေါက်လာပါက ချန်အင်းရွှယ်ကိုသာ ဦးတည်လိမ့်မည်။

​'စီနီယာအစ်မကြီးက ဒီအနီးအနားမှာ ရှိနေမှာပဲ။ သူမရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် တစ်ဖက်က အဆင့် ၉ မသေမျိုး ကိုယ်တိုင် ထွက်မလာသရွေ့ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေကို ဒုက္ခပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ'

​ဖန့်ချန်၏ မျက်ဝန်းထဲတွင် ခပ်ပါးပါး အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ရင်ထဲတွင်လည်း စူးစမ်းလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။ ဤနတ်ဆိုးမျိုးနွယ်စုများက ချန်အင်းရွှယ်အား မည်သို့သော နည်းလမ်းမျိုးဖြင့် စီစဉ်ရန် ကြံစည်ထားကြသနည်းဆိုသည်ကို သူ အလွန် သိချင်နေမိသည်။

​"ဟော... ကမ္ဘာပျက်သုဉ်းသော်လည်း မျက်လုံးတော် ကျန်ရစ်အံ့၊ ဘဝပေါင်း ရာချီလွန်သော် ဧရာမနှစ်ကာလမျက်လုံး ဖြစ်လာအံ့..."

​ဖန့်ချန်သည် ရှေးဟောင်းကျမ်းစာ၏ စာမျက်နှာတစ်ခုမှ အကြောင်းအရာကြောင့် ရုတ်တရက် စိတ်ဝင်စားသွားရသည်။ ထိုထဲတွင် ရေးသားထားသည်မှာ အဆင့် ၈ တောက်ပသောလောကမသေမျိုး တစ်ဦး သေဆုံးပြီးနောက် ချန်ရစ်ခဲ့သည့် ဧရာမနှစ်ကာလမျက်လုံး အကြောင်း ဖြစ်သည်။

​ဒါဟာ တောက်ပသော နတ်ဘုရားမျက်လုံး ရဲ့ စတုတ္ထအဆင့် အတွက် လိုအပ်တဲ့ အဓိက ဝိညာဥ်ပစ္စည်းပဲ။

​အကယ်၍ သူသာ ထိုမျက်လုံး တစ်လုံး ရရှိခဲ့မည်ဆိုပါက ကျွယ်မင်နန်းတော်၏ အကူအညီဖြင့် ကျန်ရှိသော လိုအပ်သည့် ဆေးဖက်ဝင်ပစ္စည်းများကို အလျင်အမြန် စုဆောင်းနိုင်ပြီး လျှို့ဝှက်ဆေးအဖြစ် ဖော်စပ်ကာ တောက်ပသောနတ်ဘုရားမျက်လုံး ၏ စတုတ္ထအဆင့်ကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

​တောက်ပသောနတ်ဘုရားမျက်လုံး ၏ ထူးခြားဆန်းပြားမှုများကို သူ နှစ်ပေါင်းများစွာ ခံစားသိရှိခဲ့ပြီးဖြစ်ရာ စတုတ္ထအဆင့်သည် ရှေ့သုံးဆင့်နှင့် လုံးဝမတူညီသော စွမ်းဆောင်ရည်မျိုး ရှိလိမ့်မည်ဟု သူ သံသယဝင်နေမိသည်။ ထိုသို့မဟုတ်ပါက ဤမျှ ရှားပါးလှသော ပစ္စည်းများကို အသုံးပြုရန် လိုအပ်လိမ့်မည် မဟုတ်ပေ။

​ဖန့်ချန်သည် တစ်လုံးချင်းစီကို သေချာဖတ်ကြည့်ရာ ထိုရှေးဟောင်းစာသားကို ရေးသားသူသည် ထိုနှစ်ကာလ မျက်လုံး အကြောင်းကို အလွန်အမင်း နှံ့နှံ့စပ်စပ် သိရှိထားကြောင်း တွေ့ရသည်။ ဖြစ်နိုင်သည်မှာ တောက်ပသောလောမသေမျိုး တစ်ဦးက သူ မသေဆုံးမီ နောက်မျိုးဆက်များအတွက် အမှတ်တရအဖြစ် ရေးသားထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

​သူသည် မူလက ကျိမျိုးနွယ်စု၏ ကျမ်းစာဂိုဒေါင်မှတစ်ဆင့် မှန်လေးက သတ်မှတ်ထားသော တားမြစ်နယ်မြေကို ရှာဖွေရန် ကြံစည်ခဲ့သော်လည်း ယခုတော့ မထင်မှတ်ဘဲ ထူးခြားသော ရလဒ်တစ်ခု ရရှိခဲ့ခြင်း ဖြစ်သည်။

​'ဒီမှာ မှတ်တမ်းရှိနေတယ်ဆိုရင် မသေမျိုးလောကငယ်ထဲမှာလည်း အဆင့် ၈ တောက်ပသောလောကမသေမျိုးတွေ ပေါ်ထွက်ခဲ့ဖူးပြီး နှစ်ကာလမျက်လုံးတွေ ကျန်ရစ်နေနိုင်တယ်...'

'ဒါပေမဲ့ ဒီပစ္စည်းက အလွန်တန်ဖိုးကြီးတာပဲ၊ တကယ်လို့ ပေါ်လာခဲ့ရင်တောင် ငါ့လက်ထဲ ရောက်လာဖို့ဆိုတာ...'

​ထိုသို့ စဉ်းစားနေစဉ်မှာပင် ကျိထျန်းကျွင်းသည် ကျမ်းစာဂိုဒေါင်ထဲသို့ ဖြည်းညင်းစွာ လမ်းလျှောက်ဝင်လာပြီး ဖန့်ချန်ရှိရာသို့ တည့်တည့်လာနေသည်။

​"ဖန့်အမာခံတပည့်"

ကျိထျန်းကျွင်းက ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်သည်။

​ဖန့်ချန်ကလည်း ပြုံး၍ ခေါင်းငြိမ့်ပြကာ

"နံပါတ် ၁၀ က ငါ့ကို ခေါ်ခိုင်းလိုက်တာလား"

​ကျိထျန်းကျွင်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ တစ်ဖက်လူ၏ စကားအဓိပ္ပာယ်မှာ သူက ဖန့်ချန်အား တစ်ဦးတည်း လာရောက်တွေ့ဆုံရန် အဆင့်မမီဟု ဆိုလိုခြင်းပင် ဖြစ်သည်။

​"ဖန့်အမာခံတပည့် နားလည်မှု လွဲသွားပါပြီ။ ဖန့်အမာခံတပည့်က ဒီနှစ်ရက်အတွင်း ကျမ်းစာဂိုဒေါင်မှာ ရှေးဟောင်းကျမ်းစာတွေ ဖတ်ရတာ ဝါသနာပါပြီး မသေမျိုးလောကရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားပုံရတယ်လို့ သိရလို့ ကျွန်တော် စာအုပ်တစ်အုပ် လာလက်ဆောင်ပေးတာပါ"

​ကျိထျန်းကျွင်းက ပြောရင်းနှင့် ထူးခြားသော အလင်းတန်းများ ဖြာထွက်နေသည့် ရှေးဟောင်းကျမ်းစာတစ်အုပ်ကို ထုတ်ယူလိုက်သည်။

"ဒီစာအုပ်က သမိုင်းမသေမျိုး တစ်ဦး ရေးသားခဲ့တာပါ၊ အဲဒီထဲမှာ နတ်ဘုရားလောကရဲ့ လျှို့ဝှက်ချက်တွေ အများကြီး ပါဝင်ပါတယ်"

​"သမိုင်းမသေမျိုး"

ဖန့်ချန်က အံ့အားသင့်စွာဖြင့်

"မင်းပြောတဲ့ သမိုင်းမသေမျိုးဆိုတာကို ငါဘာလို့ လူသားနယ်မြေကိုးခု မှာ တစ်ခါမှ မကြားဖူးတာလဲ"

​"ဒါက နတ်ဘုရားလောကနဲ့ လူသားလောကရဲ့ ကွာခြားချက်ပေါ့"

ကျိထျန်းကျွင်းက ရယ်မောလျက်

"သမိုင်းမသေမျိုး လမ်းစဉ်ဆိုတာ အလွန်ထူးခြားပါတယ်။ နတ်ဘုရားလောကရဲ့ သမိုင်းကြောင်း ထွန်းကားခြင်းနဲ့ ဆုတ်ယုတ်ခြင်းတွေကို မသေမျိုးဆေး အဖြစ် အသုံးပြုပြီးတော့မှ အဆင့်တက်နိုင်တာပါ။ လူသားနယ်မြေကိုးခု ရဲ့ ထွန်းကားဆုတ်ယုတ်မှုတွေကတော့ ဒီလို အာနိသင်မရှိတဲ့အတွက် လူသားလောကမှာ သမိုင်းမသေမျိုး မရှိတာပါ"

​သူက ခေတ္တရပ်ကာ

"ဒါပေမဲ့ နတ်ဘုရားလောကနဲ့ မသေမျိုးလောကငယ် ခွဲထွက်သွားကတည်းက ဒီကမ္ဘာပေါ်မှာ သမိုင်းမသေမျိုးဆိုတာ မရှိတော့သလောက်ပါပဲ။ နှစ်ပေါင်းများစွာအတွင်း ဒီလမ်းစဉ်ကို သိတဲ့သူက လက်ချိုးရေလို့ရပါတယ်။ ကျွန်တော်လည်း ဒီသမိုင်းမသေမျိုး ရေးသားခဲ့တဲ့ ရှေးဟောင်းကျမ်းစာကို မတော်တဆ ရခဲ့လို့သာ အနည်းငယ် သိရတာပါ"

​ဖန့်ချန်သည် စိတ်လှုပ်ရှားသွားပြီး ကျိထျန်းကျွင်း လက်ထဲမှ ကျမ်းစာကို လှမ်းယူလိုက်သည်။ သို့သော် ချက်ချင်း မလှန်ကြည့်ဘဲ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"ကျိမိတ်ဆွေ... ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးကို တကယ်ပဲ ပေးရက်လို့လား"

​"တကယ်လို့ ဒါဟာ ပြည့်စုံတဲ့ သမိုင်းမသေမျိုးရဲ့ ကျမ်းစာဆိုရင်တော့ ဝိညာဉ်ရတနာ တစ်ခု ဖြစ်နိုင်ပြီး ဝိညာဉ်ရတနာစာရင်းရဲ့ ထိပ်တန်း ၃၀၀ ထဲမှာ ပါဝင်မှာပါ။ ဒါပေမဲ့ ဒါက အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်လို့ တန်ဖိုးအားဖြင့်တော့ သိပ်မမြင့်လှပါဘူး"

ကျိထျန်းကျွင်းက ပြုံးလျက်

"ကျွန်တော်ကတော့ အထဲက အကြောင်းအရာတွေကို ဖတ်ပြီးသွားပြီမို့ ကျွန်တော့်အတွက် အသုံးမဝင်တော့ပါဘူး။ ဖန့်အမာခံတပည့်ကို ပေးလိုက်တာကမှ ဒီတစ်ခေါက် ကျိမျိုးနွယ်စုကို လာကူညီတဲ့ ကျေးဇူးကို တုံ့ပြန်ရာ ရောက်မှာပါ"

​"လာကူညီတာက စီနီယာအစ်မသုံးပါ၊ ဒီစာအုပ်ကို သူမကိုပဲ လက်ဆင့်ကမ်း ပေးလိုက်ရင် မကောင်းဘူးလား"

ဖန့်ချန်က ဆိုသည်။

​"ချန်အမာခံတပည့် အတွက်ကတော့ ကျိမျိုးနွယ်စု ဒုတိယဘိုးဘေး ကိုယ်တိုင် ကျေးဇူးတင်ပါလိမ့်မယ်။ ဖန့်အမာခံတပည့်အနေနဲ့ အားမနာပါနဲ့တော့"

ကျိထျန်းကျွင်းက လက်အုပ်ချီ နှုတ်ဆက်ကာ

"ကျွန်တော် ခွင့်ပြုပါဦး"

​ဖန့်ချန်သည် ကျိထျန်းကျွင်း ထွက်ခွာသွားသည်ကို လိုက်ကြည့်နေမိသည်။

ရှေးလူကြီးတွေ ပြောတဲ့ စကားပုံတစ်ခု ရှိသည်။

"အကြောင်းမရှိဘဲ လာပြီး ဖော်ရွေပြရင်တော့ မရိုးသားတာ တစ်ခုခု ရှိနေပြီ"

​'သူကတော့ ငါ အရင်က အညစ်ကြေးကင်းစင်မသေမျိုးလမ်းစဥ် ရဲ့ အစီအစဉ်ကို ဖျက်ဆီးခဲ့တာ ငါဆိုတာ မသိလောက်သေးဘူး'

'ဒါပေမဲ့ ငါနဲ့ ကြာနီနတ်မိမယ် ရင်းနှီးတာကိုတော့ သူ သဘောကျမှာ မဟုတ်ဘူး'

'ဘယ်လောက်ပဲ သဘောမကျပါစေ၊ အခုလို အရေးကြီးတဲ့ အချိန်မှာ ငါ့ကို တိုက်ခိုက်ဖို့အထိတော့ မဖြစ်နိုင်ဘူး။ တကယ်တမ်းက ဘာအကြောင်းကြောင့်လဲ...'

​ဖန့်ချန်သည် လက်ထဲမှ သမိုင်းမသေမျိုးကျမ်းစာကို ကြည့်ကာ စိတ်ထဲမှ မေးမြန်းလိုက်သည်။

"မှန်လေး ဒီသမိုင်းမသေမျိုးကျမ်းစာမှာ ဘယ်လို ထူးခြားဆန်းပြားမှုတွေ ရှိလဲ။ ငါသာ လှန်ဖတ်လိုက်ရင် အန္တရာယ် ရှိမလား"

​"အစ်ကိုကြီး... အခု ဒီစာအုပ်က အစ်ကို့လက်ထဲ ရောက်နေပြီဆိုတော့ အန္တရာယ် ရှိ၊ မရှိတော့ ကျွန်တော် ဖြေပေးလို့ ရပါတယ်"

"သမိုင်းမသေမျိုး လမ်းစဉ်ကို မလိုက်တဲ့သူသာ ဒီစာအုပ်ကို ဖတ်မိရင် ဧကန်မုချ သေရမှာပါ"

"ဒါပေမဲ့ အစ်ကို့လက်ထဲကဟာက ပြည့်စုံတဲ့ ကျမ်းစာမဟုတ်တော့ မသေလောက်ဘူး ဆိုရင်တောင် ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ကြုံရလိမ့်မယ်"

"အသေးစိတ် သိချင်ရင်တော့ မသေမျိုးကျောက်တုံး ၁၀၀ ပေးရပါမယ်"

​ဖန့်ချန်တွင် ရှိသမျှ မသေမျိုးကျောက်တုံးများမှာ ဤနေရာရှိ တားမြစ်နယ်မြေကို ရှာဖွေရန် အသုံးပြုလိုက်သဖြင့် ၁၀၀ မပြောနှင့် ၁၀ တုံးပင် မရှိတော့ချေ။ သို့သော် ကျိထျန်းကျွင်းသည် သူ့အား တကယ်ပင် ဒုက္ခပေးရန် ကြံစည်နေကြောင်း သူ အတည်ပြုနိုင်လိုက်ပြီ။

​'သူ ကျမ်းစာဂိုဒေါင်ကို လာတာက ဖုံးကွယ်လို့မရတဲ့ ကိစ္စပဲ။ ငါသာ တစ်ခုခုဖြစ်သွားရင် စီနီယာအစ်မသုံးက သူ့ကို သံသယဝင်မှာ မကြောက်ဘူးလား '

'ဒါမှမဟုတ် သူ တစ်ခုခုကို... ဟုတ်ပြီ ကျိထျန်းကျွင်း... ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ရတော့မယ်'

​ဖန့်ချန်၏ မျက်ဝန်းထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။

မနက်ဖြန်သည် ဆွေးနွေးပွဲနေ့ ဖြစ်သည်။ ကျိထျန်းကျွင်းအနေဖြင့် ချန်အင်းရွှယ်အား မကြောက်တော့သည့် အခြေအနေမျိုးမှာ တစ်ခုတည်းသာ ရှိနိုင်သည်။

​'မနက်ဖြန်မှာ ပြဿနာတစ်ခုခု ဧကန်မုချ ပေါ်လာလိမ့်မယ်။ ဖြစ်နိုင်တာက သူတို့မှာ စီနီယာအစ်မသုံးတို့ကို နိုးထခြင်း စေမယ့် နည်းလမ်းတစ်ခုခု တကယ်ပဲ တွေ့ထားတာ ဖြစ်နိုင်တယ်။

ဒါပေမဲ့ ကျိထျန်းကျွင်းက... ငါ့ကိုတော့ နိုးထခွင့် မပေးချင်ဘူး။ ဒါကြောင့် တစ်ရက်စောပြီး ငါ့ကို အပြတ်ရှင်းဖို့ ကြံတာပဲ...'

​ဖန့်ချန်သည် သမိုင်းမသေမျိုးကျမ်းစာကို သိမ်းဆည်းလိုက်ပြီး မည်သည့်အမူအရာမျှ မပြဘဲ ကျမ်းစာဂိုဒေါင်ထဲမှ ထွက်ခွာသွားတော့သည်။

သိပ်မဝေးသော နေရာမှ စူးစမ်းနေသော အကြည့်တစ်စုံထဲတွင်မူ စိတ်ပျက်အားလျော့မှု အနည်းငယ် အရိပ်ထင်နေလေသည်။

အခန်း (၁၆၁၂) - ယနေ့တွင် ရှေးဟောင်းမသေမျိုးအဆင့်သို့ တက်လှမ်းအံ့

​ဖန့်ချန်၏ ရှေးဦးနတ်ဘုရားမျက်လုံး သည် ကျိထျန်းကျွင်း၏ မျက်ဝန်းထဲမှ စိတ်ပျက်အားလျော့မှုကို ဖမ်းယူမိလိုက်ရာ ရင်ထဲမှနေ၍ လှောင်ပြောင်လိုက်မိသည်။

​သာမန်ကျင့်ကြံသူတစ်ဦးသာဆိုလျှင် ဤကဲ့သို့သော အရာမျိုးကို ရုတ်တရက်ရရှိပါက မဆိုင်းမတွဘဲ လှန်လှောဖတ်ရှုမိပေလိမ့်မည်။ သို့သော် တစ်ဖက်လူ မထင်မှတ်ထားသည်မှာ နှစ်ဦးနှစ်ဖက် သိရှိထားသည့် အချက်အလက်များမှာ အစကတည်းက တန်းတူမညီမျှခဲ့ခြင်းပင် ဖြစ်သည်။

​တစ်ဖက်လူက ဖန့်ချန်အား ကျွယ်မင်နန်းတော်၏ အမာခံတပည့်တစ်ဦးဟုသာ ထင်မှတ်ထားသော်လည်း၊ ဖန့်ချန်မှာမူ အစကတည်းက သူတို့နှစ်ဦးမှာ တစ်ဖက်စီဖြစ်နေသည်ကို သိရှိပြီးသားဖြစ်သည်။

စိတ်ထဲတွင် သံသယရှိနေသည့်အတွက် သူပေးသည့် သမိုင်းမသေမျိုးကျမ်းစာ ကို မည်သို့လျှင် ပေါ့ပေါ့ဆဆ ဖတ်ရှုပါမည်နည်း။ သာ၍ဆိုးသည်မှာ သူ၏အနီးတွင် မှန်လေး ရှိနေခြင်းပင် ဖြစ်ရာ ထိုကဲ့သို့သော အန္တရာယ်မျိုးကို ကြိုတင်ရှောင်ရှားနိုင်ပေသည်။

​ဖန့်ချန်သည် ချန်အင်းရွှယ် တည်းခိုရာ အခန်းတံခါးဝသို့ ရောက်ရှိလာပြီး တံခါးကို အသာအယာ ခေါက်လိုက်သည်။

​"ဘယ်သူလဲ"

​"ကျွန်တော်ပါ စီနီယာအစ်မသုံး"

​တံခါးချပ်မှာ ချက်ချင်းပွင့်သွားပြီး ချန်အင်းရွှယ်က ဖန့်ချန်အား ခပ်ပြုံးပြုံး ကြည့်လိုက်ကာ

"နံပါတ်ကိုး... ဒါက ငါ့ရဲ့ အိပ်ခန်းနော်၊ မင်း ရုတ်တရက်ကြီး လာရှာတယ်ဆိုတော့... စိတ်ပြောင်းသွားပြီလား ကြာနီညီမလေးထက် ငါက ပိုသာတယ်လို့ ထင်သွားပြီလား "

​"ကျွန်တော် စီနီယာအစ်မကို မေးစရာလေးရှိလို့ပါ"

ဖန့်ချန်က သက်ပြင်းချရင်း အားကိုးရာမဲ့စွာ ပြောလိုက်သည်။

​"ဩော်... ဒါဆိုလည်း ဝင်ခဲ့လေ"

ချန်အင်းရွှယ်က နှာတစ်ချက်မှုတ်ကာ ကိုယ်ကို အသာဖယ်ပေးလိုက်သည်။

​အခန်းထဲတွင် ဖန့်ချန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေစဉ် ချန်အင်းရွှယ်က အေးဆေးစွာ ဆိုသည်။

"စီနီယာအစ်မကြီး မရှိဘူး၊ ရှာမနေနဲ့တော့။ ရှိတာကို မြန်မြန်မေး"

​"စီနီယာအစ်မ... သမိုင်းမသေမျိုးကျမ်းစာ အကြောင်း ကြားဖူးလား "

ဖန့်ချန်က လက်အုပ်ချီ မေးမြန်းလိုက်သည်။

​"သမိုင်းမသေမျိုးကျမ်းစာ အဲဒါက ဘာကြီးလဲ "

ချန်အင်းရွှယ်က အံ့အားသင့်သွားဟန်ရှိသည်။

​သူမပင် ထိုအရာကို မကြားဖူးဘူးလား

ဖန့်ချန်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။ ကျိထျန်းကျွင်းက သူ့ကို ဤမျှ တည့်တည့်ကြီး ကြံစည်ရဲသည်မှာ ချန်အင်းရွှယ်ပင် ဤအရာကို မမြင်ဖူးကြောင်း သူသေချာပေါက် သိထား၍ ဖြစ်ပေလိမ့်မည်။

​"ခုနက ကျိမိတ်ဆွေက ကျွန်တော့်ကို သမိုင်းမသေမျိုးကျမ်းစာတစ်အုပ် ပေးခဲ့တယ်။ သူပြောတာကတော့ အရင်က နတ်ဘုရားလောကမှာပဲ ရှိခဲ့တဲ့ သမိုင်းမသေမျိုး လမ်းစဉ်ကလူ ရေးခဲ့တာတဲ့၊ အဲဒီထဲမှာ နတ်ဘုရားလောကရဲ့ သမိုင်းကြောင်း ထွန်းကားဆုတ်ယုတ်မှုတွေ မှတ်တမ်းတင်ထားတယ်လို့ ပြောတယ်"

ဖန့်ချန်က ရှင်းပြလိုက်သည်။

​"သမိုင်းမသေမျိုးလား ခဏနေဦး... ငါစဉ်းစားကြည့်မယ်။ တစ်ခုခုတော့ ကြားဖူးသလိုပဲ၊ အရင်က နတ်ဘုရားလောကမှာ လမ်းစဉ်အတော်များများ အဆက်အပြတ် ဖြစ်ကုန်ကြတယ်လို့ ငါမှတ်မိနေတယ်"

ချန်အင်းရွှယ်၏ မျက်ဝန်းထဲတွင် အတွေးနက်သွားဟန် ပေါ်လာပြီးနောက် ရုတ်တရက် ဖန့်ချန်အား တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။

"မင်းသေချာလား ကျိရှန့်ပေးတာက သမိုင်းမသေမျိုးကျမ်းစာ ဆိုတာ "

​"သူက သမိုင်းမသေမျိုးအကြောင်း ပြောပြခဲ့တာလား "

​"ကျိရှန့်မဟုတ်ဘူး၊ ကျိရှန့်ဘေးက မျိုးနွယ်ခွဲကျင့်ကြံသူ ကျိထျန်းကျွင်းပါ"

ဖန့်ချန်က ပြန်လည်ရှင်းပြလိုက်သည်။

​ချန်အင်းရွှယ်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီးနောက် အေးဆေးစွာ ဆိုသည်။

"ငါ တစ်ခုသတိရပြီ။ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ငါနဲ့ စီနီယာအစ်ကိုနှစ်တို့ တရားဆွေးနွေးစဉ်မှာ သူက ငါ့ကို သမိုင်းမသေမျိုးလမ်းစဉ်အကြောင်း ပြောပြဖူးတယ်"

​"စီနီယာအစ်ကိုနှစ်"

ဖန့်ချန် စိတ်ဝင်စားသွားသည်။ ဤပုဂ္ဂိုလ်နှင့် ပတ်သက်၍ သူ သိပ်မသိရသေးသလို တစ်ကြိမ်သာ တွေ့ဖူးသေးသည်။ ရှဲ့အာမန် လုပ်ကြံခံရသည့် ကိစ္စကြောင့် သူသည် ကျွယ်မင်နန်းတော်၏ အပြစ်ပေးမှုကို ခံနေရသူလည်း ဖြစ်သည်။

​"စီနီယာအစ်ကိုနှစ်က နတ်ဘုရားလောကရဲ့ သမိုင်းကြောင်း ပြောင်းလဲမှုတွေကို အထူးတလည် လေ့လာခဲ့တာ။ သူတွေ့ရှိခဲ့တာက နတ်ဘုရားလောကရဲ့ ကြီးမားတဲ့ အပြောင်းအလဲ အချို့မှာ သမိုင်းမသေမျိုးတွေရဲ့ အရိပ်အယောင်တွေ ရှိနေတတ်တယ်ဆိုတာပဲ"

ချန်အင်းရွှယ်က ခပ်ပြုံးပြုံး ဆိုလိုက်သည်။

​"ကျိထျန်းကျွင်းကလည်း အဲဒါကို သိပုံရတယ်။ သူပြောတာကတော့ သမိုင်းမသေမျိုးလမ်းစဉ်ဟာ သမိုင်းရဲ့ ထွန်းကားဆုတ်ယုတ်မှုတွေကို မသေမျိုးဆေးအဖြစ် အသုံးပြုတာဖြစ်တဲ့အတွက် အဲဒါတွေကို မှတ်တမ်းတင်ဖို့ဆိုရင် အဲဒီအဖြစ်အပျက်တွေထဲမှာ ကိုယ်တိုင် ရှိနေရမယ်တဲ့"

ဖန့်ချန်က ဝင်ပြောလိုက်သည်။

​ချန်အင်းရွှယ်က အေးစက်စွာ ရယ်မောလိုက်သည်

"စီနီယာအစ်ကိုနှစ်ကတော့ ခန့်မှန်းချက်တစ်ခု ထုတ်ခဲ့ဖူးတယ်။ အဲဒီသမိုင်းကြောင်း အပြောင်းအလဲတွေကို သမိုင်းမသေမျိုးတွေကပဲ နောက်ကွယ်ကနေ တွန်းအားပေးနေတာ ဖြစ်နိုင်တယ်တဲ့။

သမိုင်းမသေမျိုးလမ်းစဉ်မှာ ဒါတွေအားလုံးကို လွှမ်းမိုးနိုင်တဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခုခု ရှိနေနိုင်တယ်ပေါ့။

အဲဒီတုန်းက စီနီယာအစ်ကိုနှစ်က ကျွယ်မင်နန်းတော်ရဲ့ အဆက်အသွယ်တွေကို သုံးပြီး သမိုင်းမသေမျိုးကျမ်းစာကို ရှာဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ နန်းတော်သခင်က သူ့ကို ဆူပူလိုက်တော့မှ ငြိမ်သွားတာ။ မင်း အခုမှ မပြောရင် ငါတောင် မေ့တော့မလို့ပဲ"

​သမိုင်းမသေမျိုးတွေက သမိုင်းကြောင်းကို တွန်းအားပေးခဲ့တာလား

ဖန့်ချန် အတွေးနက်သွားသည်။

ချန်အင်းရွှယ် ပြောသည်မှာ ဖြစ်နိုင်ခြေ ရှိသော်လည်း မည်သူမျှ သက်သေမပြနိုင်သေးသည့် ကောလာဟလသာ ဖြစ်သဖြင့် လောလောဆယ်တွင် အမှတ်အသားတစ်ခု ပြုထားလိုက်သည်။

​"ဒါကြောင့်မို့လို့ သမိုင်းမသေမျိုးလမ်းစဉ်က သိပ်ပြီး ကောင်းမွန်တဲ့အရာ မဟုတ်ဘူးလို့ ငါထင်တယ်။ တကယ်လို့ ကျိထျန်းကျွင်း ပေးတာက အဲဒီကျမ်းစာဆိုရင် မင်း ပေါ့ပေါ့ဆဆ မဖတ်တာ အကောင်းဆုံးပဲ၊ အဲဒီထဲမှာ အန္တရာယ်တစ်ခုခု ကိန်းအောင်းနေနိုင်တယ်။ အဲဒီပစ္စည်းကို သိမ်းထားပြီး ကျွယ်မင်နန်းတော် ပြန်ရောက်မှ အပ်လိုက်၊ ဒါဆိုရင် မင်းအတွက် ဂုဏ်ထူးရမှတ်တွေ ရလိမ့်မယ်"

ချန်အင်းရွှယ်က ဆိုသည်။

​"ကျိထျန်းကျွင်းကတော့ သူက အထဲက အကြောင်းအရာတွေကို အကုန်ဖတ်ပြီးသွားပြီမို့ သူ့အတွက် အသုံးမဝင်တော့ဘူးလို့ ပြောတာပဲ"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

​"ငါနားလည်ပြီ။ မင်းက ဒီကောင်က တစ်ခုခု ထူးဆန်းနေတယ်လို့ ငါ့ကို သတိပေးနေတာလား "

ချန်အင်းရွှယ်က ခေါင်းငြိမ့်ပြကာ

"မနက်ဖြန် ကိစ္စတွေပြီးရင် ငါ ဒီအကြောင်းကို သေသေချာချာ စုံစမ်းစစ်ဆေးလိုက်မယ်"

​"စီနီယာအစ်မ... မနက်ဖြန်မှာ... ပြဿနာတစ်ခုခု ရှိလာနိုင်တယ်၊ မဟုတ်ရင် ကျိထျန်းကျွင်းက ဒီနေ့ ဒီလို ရဲတင်းတဲ့ အပြုအမူမျိုး လုပ်ရဲမှာ မဟုတ်ဘူး။ စီနီယာအစ်မကြီးကို ဆက်သွယ်ပြီး သူမရဲ့ အမြင်ကို မေးကြည့်ရင် မကောင်းဘူးလား "

ဖန့်ချန်က အလေးအနက် ဆိုလိုက်သည်။

​"ငါပြောပြီးပြီလေ၊ စီနီယာအစ်မကြီး ဒီမှာ မရှိဘူး။ ဒီမှာ ရှိသမျှ အားလုံးကို ငါပဲ တာဝန်ယူတယ်၊ မင်း စိတ်ချလက်ချ နေစမ်းပါ။ ငါရှိနေတာပဲ၊ မင်းလို နံပါတ်ကိုးကို ဘာဖြစ်အောင် ခွင့်ပြုပါ့မလဲ"

ချန်အင်းရွှယ်က ပြုံးပြုံးလေး ပြောပြီးနောက် မျက်နှာထား ပြန်တင်းလိုက်သည်။

"မင်း အပြင်ထွက်တော့"

​"..."

​ဖန့်ချန်သည် ချန်အင်းရွှယ်၏ အခန်းထဲမှ လှည့်ထွက်လာခဲ့သော်လည်း စိတ်ထဲတွင်မူ သူမ၏ စကားကို ပြန်လည် စဉ်းစားနေမိသည်။

ရှဲ့အာမန်က ဒီမှာ မရှိဘူးလား တကယ်ပဲ မရှိတာလား ဒါဆို ဘယ်ကို ရောက်သွားတာလဲ။

မီးနတ်ဘုရားမသေမျိုး မျိုးနွယ်နဲ့ နောက်ကွယ်က ကောင်းကင်မသေမျိုး မျိုးနွယ်စုဟာ အရင်တုန်းက ချုံခိုတိုက်ခိုက်မှုနဲ့ ပတ်သက်နေနိုင်တယ်လို့ သံသယရှိခဲ့ကြတာ မဟုတ်ဘူးလား။ မနက်ဖြန် ဆွေးနွေးပွဲက အရေးကြီးဆုံးနေ့ ဖြစ်ရမှာကို၊ သူမက...

​ရုတ်တရက်ဆိုသလို ဖန့်ချန်၏ မျက်စိရှေ့မှ မြင်ကွင်းများ ပြောင်းလဲသွားပြီး ရှန်းယန်မြို့ သို့ ချက်ချင်း ပြန်ရောက်သွားသည်။

သူ၏ ပင်ကိုယ်ခန္ဓာမှာ ကျိမျိုးနွယ်စုထဲတွင် မလှုပ်မယှက် ရှိနေသော်လည်း ယခုမြင်ကွင်းမှာ ကိုယ်ပွား ဖန့်လူသား၏ မြင်ကွင်း ဖြစ်သည်။

​ဖန့်လူသားသည် လက်ဖက်ရည်ဆိုင်၏ ပြတင်းပေါက်နားတွင် ထိုင်လျက် လက်ဖက်ရည် သောက်နေစဉ် မုန့်မျိုးနွယ်စု ဘက်မှ လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

မုန့်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံတွင် အလွန်အမင်း အစွမ်းထက်လှသော မသေမျိုးစွမ်းအင် များ စုစည်းနေသည်ကို မြင်လိုက်ရသည်။

​ကျင့်ကြံသူများက အလန့်တကြား အော်ဟစ်နေကြသည်။

"မုန့်မျိုးနွယ်စုရဲ့ မျိုးဆက်သစ် ခေါင်းဆောင်က ရှေးဟောင်းမသေမျိုးအဆင့် ကို တက်လှမ်းတော့မယ် "

​"တကယ်လား "

"ဒါဆိုရင် မုန့်မျိုးနွယ်စုမှာ အဆင့် ၇ ရှေးဟောင်းမသေမျိုး သုံးယောက် ရှိလာတော့မှာပေါ့ "

"နှမြောစရာပဲ၊ အကယ်၍ အဲဒီဘိုးဘေးကြီးသာ မသေသေးရင် ငါတို့ ရှန်းယန်မြို့ရဲ့ အင်အားကရွှမ်ခွန်းနယ်မြေထဲမှာ ထိပ်တန်းက ဖြစ်မှာပဲ "

​မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အိမ်ထဲမှ ထွက်လာကြပြီး မုန့်မျိုးနွယ်စု ရှိရာအရပ်ကို ဝမ်းသာအားရ ကြည့်နေကြသည်။

ဖန့်ချန်သည် ဖန့်လူသား၏ မြင်ကွင်းမှတစ်ဆင့် ဟင်းလင်းပြင်ထဲတွင် စုစည်းနေသည့် သိပ်သည်းလှသော မသေမျိုးစွမ်းအင်များကို မြင်တွေ့နေရသည်။

​'ဒီစွမ်းအင်က ငါ့ကိုယ်ထဲမှာ ရှိသမျှ မသေမျိုးစွမ်းအင်တွေ အားလုံး ပေါင်းတာထက်တောင် အဆပေါင်းများစွာ ပိုအားကောင်းနေတယ်'

ဖန့်ချန် ရင်ထဲမှ ချီးကျူးမိသည်။

​အကယ်၍ ထိုစွမ်းအင်များသာ ပေါက်ကွဲထွက်သွားပါက ရှန်းယန်မြို့တစ်ခုလုံး ပြာအဖြစ် ပြောင်းလဲသွားနိုင်သလို၊ လူသားနယ်မြေကိုးခု၌ ဆိုလျှင် ဂြိုဟ်တစ်လုံးကို ခဏချင်း ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

သူသည် အဆင့် ၆ မသေမျိုးမှ အဆင့် ၇ ရှေးဟောင်းမသေမျိုးသို့ တက်လှမ်းသည့် မြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးသလို၊ အရင်က ရှဲ့အာမန် ပေးခဲ့သည့် အမည်းရောင် ကျောက်ခဲကလေးက ဘာအတွက်လဲ ဆိုသည်ကိုလည်း သိချင်နေသဖြင့် အသေအချာ စောင့်ကြည့်နေလိုက်သည်။

​ဆယ်စက္ကန့်ခန့်အကြာတွင် သိပ်သည်းသော စွမ်းအင်များထဲမှ ရွှေရောင်အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာသည်။

၎င်းမှာ နတ်ဘုရား၏ အမိန့်တော် တစ်ခုကဲ့သို့ စုစည်းသွားပြီး အပေါ်တွင် ရှေးဟောင်းဆန်းပြားသော စာလုံးများ စီးဆင်းနေသည်။ သာမန်လူများ မဖတ်တတ်သော်လည်း ဖန့်ချန်ကမူ ထိုစာလုံးများကို သိရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ငရဲမင်း က ယင်လောကရှိ နတ်ဘုရားများကို ရာထူးခန့်အပ်စဉ်က အသုံးပြုသည့် စာလုံးများနှင့် အနည်းငယ်သာ ကွဲပြားပြီး အများစုမှာ တူညီနေသောကြောင့် ဖြစ်သည်။

​'ရှေးဟောင်းမသေမျိုး ရာထူးအမိန့်တော်... ဒါကလည်း ဘွဲ့နှင်းသဘင် တစ်မျိုးပဲလား '

ဖန့်ချန်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။

​ရှန်းယန်မြို့အတွင်းရှိ လေထုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး လူပေါင်းများစွာက ရှေးဟောင်းမသေမျိုးအသစ် ပေါ်ထွက်လာခြင်းကို စောင့်မျှော်နေကြသည်။

မကြာမီ ထိုအမိန့်တော်မှာ လုံးဝပွင့်ထွက်သွားပြီး မုန့်မျိုးနွယ်စုထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင်ပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားပြီး အမိန့်တော်ဆီသို့ ဦးတည်သွားသည်။

ထိုသူမှာ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူဖြင့် အလွန်ချောမောလှပသော လူငယ်တစ်ဦး ဖြစ်ပြီး ဆံပင်အနက်ရောင်များမှာ ပုခုံးပေါ်သို့ ရေတံခွန်ကဲ့သို့ ဖြာကျနေသည်။ သူ၏ မျက်ဝန်းထဲတွင် တစ်လောကလုံးကို မလေးမစား ကြည့်နေသည့် အရှိန်အဝါမျိုး ရံဖန်ရံခါ ဖြတ်ပြေးသွားတတ်သည်။

​သူသည် အမိန့်တော်၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး သူ၏ ညာလက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ကာ

"ကျုပ် မုန့်ဆွေ့ခုန်း သည်၊ ယနေ့တွင် ရှေးဟောင်းမသေမျိုးအဆင့်သို့ တက်လှမ်းအံ့ "

​အမိန့်တော်မှာ သူ၏ လက်ဖဝါးဆီသို့ တဖြည်းဖြည်း လွင့်မျောသွားသည်။

နှစ်ဖက် ထိတွေ့လုနီးဆဲခဏတွင် အမည်းရောင် အလင်းတန်းတစ်ခုမှာ လျှပ်စစ်ကဲ့သို့ ပြေးထွက်လာပြီး အမိန့်တော်ပေါ်သို့ ကျရောက်သွားသည်။

၎င်းမှာ အမည်းရောင် မှင်ရည်များ ဖြစ်ပြီး အမိန့်တော်၏ တစ်ဝက်ကျော်ကို စွန်းထင်းစေကာ အပေါ်မှ ရှေးဟောင်းစာလုံးများကို မမြင်ရတော့အောင် ဖုံးလွှမ်းသွားတော့သည်။

​ထိုခဏတွင် ရှန်းယန်မြို့တစ်ခုလုံးသည် အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

All Chapters