← Chapters

အခန်း (၁၆၁၇-၁၆၁၈)

Vol. 162 Ch. 1617-1618

အခန်း (၁၆၁၇-၁၆၁၈)

Vol. 162 Ch. 1617-1618

အခန်း (၁၆၁၇) - သုံးရက်တာ အနားယူခြင်း

​ဆဌမမြောက် ကြယ်တာရာမသေမျိုး ထွက်ခွာသွားပြီးနောက်မှသာ ချန်အင်းရွှယ်သည် ယန်ချန်းကျွင်းဘက်သို့ ပြန်လည်လှည့်ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

​"စီနီယာကြီး ယန်... ဒီကိစ္စက အခုဆိုရင် ပြီးပြတ်သွားပြီလို့ ပြောလို့ရမလားရှင့်"

​"ကောင်းကင်မသေမျိုးမျိုးနွယ်ကတောင် အပြစ်မယူတော့မှတော့ ကျုပ်လို အဖိုးကြီးက ဘာပြောစရာ ရှိတော့မှာလဲ"

ယန်ချန်းကျွင်းက ခါးသက်သက် ပြုံးလိုက်၏။

​"ဒါဆိုရင် ကျိမျိုးနွယ်စုဘက်ကိုလည်း တစ်ခုခုတော့ တုံ့ပြန်ပေးသင့်တာပေါ့ မဟုတ်ဘူးလား"

ချန်အင်းရွှယ်က ရယ်မောကာ ပြောလိုက်သည်။

​ကျိချွမ်းမေသည် ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားပြီး ပြုံးလျက် ဆိုသည်။

"အခုလို အမှန်တရား ပေါ်ပေါက်သွားတာတင် ကျိမျိုးနွယ်စုအတွက် အကောင်းဆုံးပါပဲ။ ကျွန်မတို့ဘက်က ဘာတုံ့ပြန်မှုမှ မတောင်းဆိုရဲပါဘူး၊ နောက်နောင် ဒီလိုမျိုး ထပ်မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်"

​"ဒါတော့ မဖြစ်သေးပါဘူး။ ဒီတစ်ခေါက်က မီးနတ်ဘုရားမျိုးနွယ်ဘက်က တကယ်ပဲ မှားခဲ့တာဆိုတော့ ပေးသင့်တဲ့ တုံ့ပြန်မှုမျိုးတော့ ပေးရမှာပေါ့"

ယန်ချန်းကျွင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏အကြည့်မှာ ကျိထုံထံသို့ ကျရောက်သွားသည်။

​"မင်းက ဒီတစ်ခေါက်မှာ မတရား စွပ်စွဲခံခဲ့ရတာဆိုတော့ ဒါက မင်းအတွက် လျော်ကြေးပဲ။ မင်း နောက်ဆိုရင် ဘယ်မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းဖို့ စိတ်ကူးထားလဲ"

​လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

ကျိမျိုးနွယ်စုဝင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ယန်ချန်းကျွင်း၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်ကြ၏။ သူသည် မသေမျိုးဆေးပင် တစ်ပင်ကို လျော်ကြေးအဖြစ် ပေးတော့မည်လား။

ဤမျှ လက်ဖွာသည့် လုပ်ရပ်မျိုးမှာလည်း သင့်တော်လှပေသည်။ ထိုသတင်းသာ ပြန့်သွားလျှင် ကျိမျိုးနွယ်စုမှာ အလကား အနိုင်ကျင့်ခံလိုက်ရပြီး ဘာလျော်ကြေးမှ မရခဲ့ဘူးဟု အထင်မခံရတော့ပေ။ သိက္ခာလည်း ဆယ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

​"မသေမျိုးလမ်းစဉ်..."

ကျိထုံသည် စိတ်လှုပ်ရှားစွာဖြင့် လက်အုပ်ချီ၍ ဆိုလိုက်သည်။

"ကျွန်တော်မျိုးက နောက်ဆိုရင် စစ်မှန်သောမသေမျိုး လမ်းစဉ်ကို လျှောက်လှမ်းချင်ပါတယ်"

​"..."

ယန်ချန်းကျွင်းသည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် သူ၏ လက်ထဲမှ အရာတစ်ခုကို ကျိထုံထံသို့ ပစ်ပေးလိုက်သည်။

​"ဒါက ကိုယ်ခွဲမသေမျိုး လမ်းစဉ်ရဲ့ အဆင့် ၁ မသေမျိုးဆေးနွယ် ချန်းရင်အရိုး ပဲ။ ဒါကို မင်းနဲ့ ကျိမျိုးနွယ်စုအတွက် လျော်ကြေးအဖြစ် မှတ်လိုက်ပါ"

စကားဆုံးသည်နှင့် သူက ချန်အင်းရွှယ်အား ပြုံး၍ ခေါင်းငြိမ့်ပြလိုက်ကာ

"ချန်လေး... ဒါဆိုရင် ကျုပ်တို့ အရင်သွားနှင့်တော့မယ်"

​"စီနီယာကြီး ယန်... ကောင်းကောင်းသွားပါဦးရှင့်"

ချန်အင်းရွှယ်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

​မကြာမီမှာပင် ယန်ချန်းကျွင်းသည် သူ၏လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ ဖန့်ချန် ထင်မှတ်ထားသည့် အစီအစဉ်ပျက်ယွင်းမှုမျိုး တစ်ခုမှ ဖြစ်မလာခဲ့ပေ။ ကျိထျန်းကျွင်းမှာလည်း ယခုအခါ အလွန်ပင် တည်ငြိမ်နေပြီး ဘာသဲလွန်စမှ ရှာမရချေ။

​'စီနီယာအစ်မကြီးနဲ့ စီနီယာအစ်မသုံးတို့ရဲ့ နည်းလမ်းမျိုးစုံကြောင့် သူတို့ဘက်က အောင့်အီးသည်းခံနေရတာ ဖြစ်နိုင်မလား'

ဖန့်ချန်၏ ရင်ထဲတွင် ရုတ်တရက် သက်ပြင်းချလိုက်မိသလို အနည်းငယ်လည်း စိတ်ပျက်သွားမိသည်။ တစ်ဖက်လူက အောင့်အီးသည်းခံနေသည် ဆိုခြင်းမှာ လက်ရှိတွင် သူတို့၏အင်အားသည် ခန်းမထဲရှိ ကျင့်ကြံသူအားလုံးကို လုံးလုံးလျားလျား ဖိနှိပ်နိုင်စွမ်း မရှိသေးကြောင်း သက်သေပြနေသည်။

​သို့သော်လည်း... ထိုခရီးစဉ်တွင် ဘာမှ မလှုပ်ရှားခဲ့လျှင် သူတို့၏ ရည်ရွယ်ချက်ကို အနီးကပ် လေ့လာနိုင်မည့် အခွင့်အရေးကိုလည်း သူ ဆုံးရှုံးရပေလိမ့်မည်။ မိစ္ဆာကပ်ဘေး သည် လောကသို့ ကျရောက်နေပြီဖြစ်ရာ ၎င်းမှာ သူတို့၏ ပထမဆုံးသော နည်းဗျူဟာသာ ဖြစ်သည်။

အကယ်၍ လောကထဲတွင် အဆင့် ၉ ကျန်းမို များစွာ ပုန်းအောင်းနေသေးလျှင် သူတို့၏ လုပ်ဆောင်ချက်မှာ ဤမျှ ရိုးရှင်းလိမ့်မည်မဟုတ်ပေ။

​ထိုမိစ္ဆာကပ်ဘေးများသည် စမ်းသပ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။ နောက်ပိုင်းတွင်လည်း နည်းလမ်းပေါင်းစုံ ရှိလာဦးမည်ဖြစ်ရာ သဲလွန်စ အနည်းငယ်မျှ ရှာတွေ့နိုင်ခဲ့လျှင် သူတို့၏ နောက်ထပ် အကွက်များကို တွက်ဆနိုင်ပြီး ခုခံခြင်း သို့မဟုတ် ကြိုတင်တိုက်စစ်ဆင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

​"မင်းကတော့ တကယ်ကို သတ္တိကောင်းတာပဲ။ စစ်မှန်သောမသေမျိုးလမ်းစဉ်ကိုတောင် လျှောက်ချင်တယ်ပေါ့ တော်သေးတာပေါ့ စီနီယာကြီး ယန်က စိတ်သဘောထား ကောင်းလို့။ မဟုတ်ရင် မင်းကို အဆင့် ၁ ကိုယ်ခွဲမသေမျိုး ဆေးပင်ကို ပေးပါ့မလား။

မသေမျိုးလောကငယ်မှာတောင် စစ်မှန်သောမသေမျိုးလမ်းစဉ်ကို စစ်မှန်သောဘုရင် မျိုးနွယ်စုက လူအနည်းငယ်ပဲ ပိုင်ဆိုင်ထားတာ မင်းသိလား တခြားသူတွေဆိုရင် စစ်မှန်သောမသေမျိုး အဆင့် ၁ ဆေးပင်က ဘာလဲဆိုတာတောင် သေချာမသိကြဘူး"

ချန်အင်းရွှယ်က ကျိထုံအား ပြုံးစိစိဖြင့် တစ်ချက်ကြည့်လိုက်သည်။

​ကျိချွမ်းမေကလည်း ဘေးမှ ဝင်ရောက် ထောက်ခံပြောဆိုသည်။

​"မဖြစ်သေးပါဘူး... မင်းကို ကြည့်ရတာ ငါတို့ နံပါတ်ကိုးနဲ့ ပိုပိုတူလာသလိုပဲ။ မင်းရဲ့ အရည်အချင်းက ဘယ်လိုလဲ ငါ့ဘေးမှာပဲ လိုက်ပြီး ကျင့်ကြံမလား အပြင်စည်းကျင့်ကြံသူ အဖြစ် အရင်လုပ်၊ နောက်ဆိုရင် အမာခံတပည့် ဖြစ်လာနိုင်တဲ့ အခွင့်အရေး ရှိတာပေါ့"

ချန်အင်းရွှယ်က ဆိုလိုက်သည်။

​လူတိုင်း မှင်တက်သွားကြသည်။ နန်မင်ရုယွဲ့တို့အဖွဲ့မှာမူ ခါးသက်သက် ပြုံးလိုက်ကြ၏။

​ကြာနီနတ်မိမယ် က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်

"ဖန့်မိတ်ဆွေက ဖန့်မိတ်ဆွေပါပဲ။ ဒီလူက ကြည့်ရတာ နည်းနည်းလေး ဆင်ရုံသက်သက်ပါ။ စီနီယာအစ်မသုံးအနေနဲ့ စိတ်အလိုလိုက်ပြီး တခြားသူကို ဒုက္ခမပေးပါနဲ့ဦး"

​"ဟဲဟဲ... ဟုန်ညီမလေးက သဝန်တိုနေတာလား"

ချန်အင်းရွှယ်က ရယ်မောလိုက်သည်။

​ကြာနီနတ်မိမယ်က သူမအား တစ်ချက်ကြည့်ကာ ဘာမှပြန်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ပင် နေလိုက်တော့သည်။

​"အဲဒါ... ကျွန်တော် တကယ်ပဲ ကျွယ်မင်နန်းတော်ကို လိုက်သွားလို့ရတာလား အကယ်၍ ရမယ်ဆိုရင်..."

ကျိထုံသည် ဖန့်ချန်ဘက်သို့ မျက်လုံးအောက်မှ ခိုးကြည့်လိုက်ပြီး အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ အံကြိတ်ကာ ဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ ရည်မှန်းချက်ကို စွန့်လွှတ်ပြီး စစ်မှန်သောမသေမျိုးလမ်းစဉ်ကို မလျှောက်တော့ပါဘူး"

​"စတာပါအေ... မင်း တကယ်ပဲ ကျွယ်မင်နန်းတော်ကို လာချင်တယ်ဆိုရင် ကျိရှန့်လိုမျိုး ကိုယ့်အရည်အချင်းနဲ့ကိုယ် ဝင်ခဲ့ပေါ့"

ချန်အင်းရွှယ်က ရယ်မောကာ ပြောလိုက်ရာ ကျိထုံမှာ ချက်ချင်း စိတ်ပျက်သွားပြီး သူ၏ ရည်မှန်းချက်ကို ပြန်လည် ဆုပ်ကိုင်လိုက်တော့သည်။ ကျွယ်မင်နန်းတော်သို့ တိုက်ရိုက် မဝင်နိုင်မှတော့ စစ်မှန်သောမသေမျိုးလမ်းစဉ်ကို ရှာဖွေခြင်းကသာ ပို၍ အလားအလာ ရှိပေလိမ့်မည်။

​"စီနီယာအစ်မသုံး... ဒီတစ်ခေါက် စီနီယာအစ်မ ကြိုတင်ပြင်ဆင်ထားလို့သာပေါ့၊ မဟုတ်ရင် ကျွန်တော်တို့ ကျိမျိုးနွယ်စုတော့ အကြီးအကျယ် ဒုက္ခရောက်တော့မှာ"

ကျိရှန့်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

​"မင်းက ငါ့လူပဲ၊ ငါက မင်းကို မကာကွယ်ရင် ဘယ်သူက ကာကွယ်မှာလဲ ဒါ့အပြင် ဒီကိစ္စက အစကတည်းက တစ်ခုခု ထူးဆန်းနေတာ၊ မင်းတို့ ကျိမျိုးနွယ်စုမှာ အပြစ်မရှိဘူးလေ"

ချန်အင်းရွှယ်က ပြုံးလျက် ကျိချွမ်းမေဘက်သို့ လှည့်ကာ

"ကိစ္စတွေ ရှင်းသွားပြီဆိုတော့ ကျွန်မတို့လည်း ပြန်တော့မယ်"

​ကျိချွမ်းမေမှာ အနည်းငယ် တုန့်ဆိုင်းသွားပြီး

"မိတ်ဆွေ ချန်... ဒီမှာ ခဏလောက် အနားမယူတော့ဘူးလား မသေမျိုးလောကငယ်ကို တစ်ခေါက်လာဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲလေ..."

​"ကျိမျိုးနွယ်စုမှာတော့ မတည်းတော့ပါဘူး။ ဒါပေမဲ့ မသေမျိုးလောကငယ်ကနေ ချက်ချင်း ထွက်သွားမှာတော့ မဟုတ်ဘူး။ ဒီတစ်ခေါက် လာရခဲတာကို နတ်ဘုရားလောက ဘက်ကို သွားပြီး လည်ပတ်မကြည့်ရင် ဘယ်တန်ပါ့မလဲ"

ချန်အင်းရွှယ်က ရယ်မောကာ ဆိုသည်။

​"နတ်ဘုရားလောက "

အမာခံတပည့်များအားလုံး မှင်တက်သွားကြသည်။

ဖန့်ချန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားပြီး ကြာနီနတ်မိမယ်လည်း ထိုနည်းတူပင် ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။

​ကျိချွမ်းမေက ထိတ်လန့်စွာဖြင့်

"မိတ်ဆွေ ချန်က နတ်ဘုရားလောကဘက်ကို သွားဖို့ စိတ်ကူးထားတာလား အဲဒီဘက်မှာက ပျက်စီးယိုယွင်းနေပြီး နတ်ဆိုးသားရဲတွေ၊ မိစ္ဆာတွေပဲ ရှိတာလေ၊ တကယ်ကို အန္တရာယ်များလွန်းပါတယ် "

​"ကြောက်နေရင်တော့ မသေမျိုးဖြစ်အောင် မကျင့်ကြံသင့်တော့ဘူး"

ချန်အင်းရွှယ်က ဆိုလိုက်သည်

"မသေမျိုးလောကငယ်ကို ရောက်လာပြီးမှ နတ်ဘုရားလောကဘက်ကို သွားပြီး စွန့်စားမကြည့်ရင် အလကားပဲ။ အဲဒီဘက်မှာရှိတဲ့ အရင်းအမြစ်တွေက ဒီအပြင်ဘက်နဲ့ မတူဘူး၊ ကံကောင်းရင် မသေမျိုးဆေးပင် တွေ အများကြီး ရှာတွေ့နိုင်တယ်"

​'ကြည့်ရတာ မသေမျိုးဆေးပင် တွေအတွက်ပဲ'

လူတိုင်း အတွေးကိုယ်စီ ဖြစ်သွားကြသည်။ ချန်အင်းရွှယ်သည် အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်လာရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ထိုခရီးစဉ်မှာ သူမ၏ ကိုယ်ပိုင် ရည်ရွယ်ချက် ရှိနေခြင်း ဖြစ်မည်ဟု သံသယဝင်နေကြသည်။

ကျွယ်မင်နန်းတော်၏ နံပါတ်သုံး ဖြစ်သည့်အလျောက် နတ်ဘုရားလောက နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရရှိရန်မှာ သူမအတွက် ခက်ခဲသောကိစ္စ မဟုတ်ပေ။

​သတင်းများအရ နှစ်ပေါင်းများစွာ လူလုံးမပြဘဲ နေလေ့ရှိသော အဆင့် ၉ မသေမျိုးကြီးများသည်ပင် ရံဖန်ရံခါတွင် နတ်ဘုရားလောကသို့ သွားတတ်ကြသည်ဟု ဆိုသည်။

အကြောင်းမှာ ထိုဘက်ရှိ အရင်းအမြစ်များသည် လူသားနယ်မြေကိုးခုနှင့် မသေမျိုးလောကငယ်တို့ကဲ့သို့ ရှားပါးခြင်း မရှိသောကြောင့်ပင်။

​"စီနီယာအစ်မသုံး... တကယ်ပဲ နတ်ဘုရားလောကကို သွားမှာလား ကျွန်တော်တို့ ဘာမှ မပြင်ဆင်ရသေးဘူးလေ၊ ဒီလို သွားတာက..."

နန်မင်ရုယွဲ့က စိုးရိမ်တကြီး ပြောလိုက်သည်။ လီရှမ်းဇီနှင့် ကျိရှန့်တို့လည်း တုန့်ဆိုင်းသွားပြီးနောက် ဝင်ရောက် တားမြစ်ကြသည်။

​"ဟုတ်တယ်၊ ဟုတ်တယ်၊ တကယ် အန္တရာယ် များတယ်"

ရှန့်ယွဲ့ကွမ်းကလည်း ဝင်၍ ထောက်ခံသည်။

​ခန်းမထဲရှိ တခြားသော အမာခံတပည့် အများစုမှာလည်း ထိုခရီးစဉ်မှာ အန္တရာယ် များလွန်းသည်ဟု ယူဆကြသဖြင့် သွားရန် ဝန်လေးနေကြသည်။

သို့သော် အချို့သော သူများ၏ မျက်ဝန်းထဲတွင်မူ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ အရိပ်အယောင်မျှ လျှပ်ခနဲ ပေါ်သွားကြ၏။

​"ဘယ်သူမှ မသွားချင်ဘူးလား"

ချန်အင်းရွှယ်က အေးစက်စွာ ရယ်မောလိုက်သည်

"မင်းတို့ ဘယ်သူလဲဆိုတာ မမေ့ကြနဲ့ဦး၊ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေလေ။ ရှေ့မှာ ကျားရှိမှာ ကြောက်၊ နောက်မှာ ဝံပုလွေရှိမှာ ကြောက်နေရင်တော့ ဘာမသေမျိုး ကျင့်စဉ်မှ မကျင့်နဲ့တော့။ အိမ်ပြန်ပြီး သားသမီးတွေပဲ မွေးပြီး ဘာမှမလုပ်တဲ့ ဘိုးဘေးကြီးတွေပဲ သွားလုပ်ကြတော့"

​လူတိုင်း မျက်နှာပူသွားကြသည်။ ကျိချွမ်းမေ၏ မျက်နှာတွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာ၏။ ထိုစကားမှာ ကျိမျိုးနွယ်စု၏ အကြီးအကဲကြီးကို သွယ်ဝိုက်ပြီး ဆဲဆိုနေသလို ခံစားလိုက်ရသောကြောင့်ပင်။

​"စိတ်အေးအေးထားပါ၊ ဒီတစ်ခေါက်က အဝေးကြီး သွားမှာ မဟုတ်ဘူး။ အပြင်ဘက် ပတ်ပတ်လည်လောက်ပဲ လည်မှာပါ။ အန္တရာယ် တစ်ခုခု ရှိခဲ့ရင်လည်း မသေမျိုးလောကငယ်ဘက်ကို ပြန်လာဖို့ အချိန်မီပါတယ်"

ချန်အင်းရွှယ်က ပြောဆိုပြီးနောက် ဧည့်ခန်းမအပြင်သို့ ထွက်ခွာသွားရင်း

"မင်းတို့ကို အနားယူဖို့ သုံးရက် အချိန်ပေးမယ်။ သုံးရက်ကြာရင် စထွက်မယ်"

​"ဒီလို ကိစ္စမျိုးဆိုရင်တော့ ငါ မင်းတို့နဲ့ မလိုက်တော့ဘူးနော်"

ရှန့်ယွဲ့ကွမ်းက နန်မင်ရုယွဲ့နှင့် လီရှမ်းဇီကို ပြုံးပြလိုက်ပြီးနောက် သူ၏အကြည့်မှာ ဖန့်ချန်ထံသို့ ကျရောက်သွားသည်။

​"ဖန့်မိတ်ဆွေ... ပြီးခဲ့တဲ့ တစ်ခေါက်က ခွဲခွာခဲ့တာ နှစ်ပေါင်း အတော်ကြာသွားပြီပဲ။ ခင်ဗျားရဲ့ တာ့လေယင် က တိုက်ပွဲကတော့ တကယ်ကို ပြောင်မြောက်လှပါတယ်။ ခင်ဗျားရဲ့ နာမည်ကတော့ စိတ်ဝိညာဥ်နယ်မြေ တစ်ခုလုံးမှာ ပြန့်နှံ့နေပြီဗျ။ လူငယ်မျိုးဆက်သစ် အများကြီးက ခင်ဗျားကို စံပြအဖြစ် သတ်မှတ်ထားကြတာ"

​ကျိချွမ်းမေမှာ အနည်းငယ် မှင်တက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။

သူမအနေဖြင့် အလွန်ပင် အေးအေးဆေးဆေး နေတတ်သော ထိုဖန့်အမာခံတပည့်မှာ သူမ ထင်ထားသည်ထက် ပို၍ နာမည်ကျော်ကြားသူဖြစ်ကြောင်း လုံးဝ မထင်မှတ်ထားခဲ့ပေ။

အခန်း (၁၆၁၈) - မင်းနဲ့ ငါ နှစ်ယောက်တည်း

​"အစ်ကိုကြီးက... တကယ်ကို အစွမ်းထက်တာပဲ"

​ကျိထုံသည် သူ၏လက်ထဲမှ ကိုယ်ခွဲမသေမျိုး လမ်းစဉ် အဆင့် ၁ မသေမျိုးဆေးပင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဘေးမှနေ၍ တိတ်တဆိတ် အကဲခတ်နေမိသည်။

(ကျိထုံကို အရင်ပိုင်းမှာ ဖန့်ထုံ လို့ပါတယ် အခုက ကျိထုံဆိုတာက ကျိမျိုးနွယ်စုမှာ နေလို့ ထင်တယ် ကျိထုံလို့ခေါ်တာ ထင်တယ်)

​ရှန့်ယွဲ့ကွမ်းသည် ဖန့်ချန်နှင့် ရင်းရင်းနှီးနှီး စကားအချို့ ပြောဆိုပြီးနောက် နန်မင်ရုယွဲ့နှင့် လီရှမ်းဇီတို့ကို နှုတ်ဆက်ကာ ဧည့်ခန်းမထဲမှ ထွက်ခွာသွားပြီး လေဟာနယ်ကို ခွင်း၍ ပျံသန်းထွက်ခွာသွားတော့သည်။ သူသည် အစမှအဆုံးထိ ကျိရှန့်ကိုဖြစ်စေ၊ ကျွယ်မင်နန်းတော်မှ အခြားအမာခံတပည့်များကိုဖြစ်စေ တစ်ချက်ကလေးမျှ နှုတ်ဆက်ခြင်း မပြုခဲ့ပေ။

​'ကြည့်ရတာတော့ အလိုက်သင့်နေတတ်သလိုပဲ၊ စီနီယာအစ်မကြီးနဲ့လည်း ပတ်သက်မှုရှိပုံရတယ်၊ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ တကယ့်ကို မာန်မာနကြီးတာပဲ၊ သာမန်လူဆိုရင် သူ့မျက်စိထဲတောင် ဝင်မှာမဟုတ်ဘူး'

ဖန့်ချန်သည် ရှန့်ယွဲ့ကွမ်း၏ စရိုက်ကို စိတ်ထဲမှ မှတ်သားလိုက်သည်။

​သို့သော် ထိုအရာမှာ တစ်ဖက်လူက တမင်တကာ ဟန်ဆောင်ပြထားသည့် ပုံရိပ်လည်း ဖြစ်နိုင်ပေသည်။ အဆင့် ၆ မသေမျိုး အဆင့်သို့ ရောက်ရှိပြီး ထိုက်ယီမသေမျိုးဂိုဏ်း ၏ နံပါတ် ၃ အမာခံတပည့် ဖြစ်လာသူတစ်ဦးမှာ တစ်ကြိမ်နှစ်ကြိမ် ဆုံရုံမျှဖြင့် အကဲခတ်ရလောက်အောင် ရိုးရှင်းသူ မဟုတ်ချေ။

​သူက... မိစ္ဆာတစ်ယောက်လား

ဖန့်ချန်သည် ရှန့်ယွဲ့ကွမ်းအပေါ် သံသယအမှတ်အသား တစ်ခု ပြုလုပ်ထားလိုက်သည်။ မိစ္ဆာမျိုးနွယ်စုသည် ကျွယ်မင်နန်းတော်ကိုသာ အရင်ဆုံး ပစ်မှတ်ထားသည်ဟု အပိုင်တွက်၍ မရပေ။ သူတို့သည် ရှေးဟောင်းခေတ်ကာလမှ ယနေ့တိုင်အောင် အကွက်ချ စီစဉ်လာခဲ့ကြသူများ ဖြစ်သည်။

ရုလိုင်ဘုရားကျောင်းမှ ရှောက်ကွမ်းယင် လည်း ထိုနည်းတူပင်။ ဝိညာဉ်သုတ်သင်ရေးဌာန လည်း ထိုနည်းတူပင်။ ထို့ကြောင့် ထိုက်ယီမသေမျိုးဂိုဏ်းသည်လည်း ကျွယ်မင်နန်းတော်ထက်ပင် စော၍ မိစ္ဆာမျိုးနွယ်စု၏ ပစ်မှတ် ဖြစ်နေနိုင်ပေသည်။

​'ထိုက်ယီမသေမျိုးဂိုဏ်းက စီးပွားရေးလုပ်ငန်း အလွန်ကြီးတယ်၊ နယ်မြေချဲ့ထွင်မှုမှာ ကျွယ်မင်နန်းတော်လောက် မသွက်ပေမဲ့ အရင်းအမြစ် စုဆောင်းမှုမှာတော့ ပိုသာနိုင်တယ်။ စစ်ပွဲတစ်ခုမှာ ထောက်ပံ့ရေးက အဓိကပဲဆိုတော့ သူတို့က ပိုပြီး ပစ်မှတ်ထားခံရဖို့ လွယ်တာပေါ့'

​"ဖန့်မိတ်ဆွေ... ဘာတွေ တွေးနေတာလဲ ဒီရက်ပိုင်း ရှင် ခဏခဏ စိတ်လွင့်နေတာ ကျွန်မ သတိထားမိတယ်"

ကြာနီနတ်မိမယ်က ဖန့်ချန်၏ ဘေးသို့ လျှောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။

​'ဒီတစ်ယောက်ကတော့ မရီးဖြစ်ဖို့ များတယ်' ဟု ကျိထုံက စိတ်ထဲမှ ခိုး၍ တွေးနေမိ၏။

​"နတ်ဘုရားလောကက ဘယ်လိုပုံစံ ရှိမလဲဆိုတာ တွေးနေတာပါ"

ဖန့်ချန်က ပြုံး၍ ဖြေလိုက်သည်။

​ကြာနီနတ်မိမယ် စကားမပြောရသေးမီမှာပင် လီရှမ်းဇီက သက်ပြင်းချကာ ဝင်ပြောသည်။

"နံပါတ်ကိုးရာ... စပ်စုတာက ဘေးဖြစ်တတ်တယ်ကွ။ မင်း နတ်ဘုရားလောကကို စိတ်ဝင်စားနေတာက ဘေးဥပဒ်ကို ဖိတ်ခေါ်နေသလိုပဲ။ ငါ့အမြင်တော့ စီနီယာအစ်မသုံးကို နတ်ဘုရားလောက မသွားဖို့ ဖျောင်းဖျကြည့်တာ ပိုကောင်းမယ်ထင်တယ်။ မသေမျိုးလောကငယ်ထဲမှာပဲ လည်ပတ်တာက မကောင်းဘူးလား "

​"နံပါတ်ကိုးက ဖျောင်းဖျလို့ရမှာ မဟုတ်ပါဘူး၊ စီနီယာအစ်မကြီး ရှိရင်တော့ တစ်မျိုးပေါ့"

နန်မင်ရုယွဲ့က ခေါင်းကို အသာအယာ ခါလိုက်သည်။

​အားလုံးသည် စကားစမြည် ပြောဆိုရင်း ဧည့်ခန်းမအပြင်သို့ ထွက်လာကြသည်။ လမ်းတစ်လျှောက်တွင် ကျိထျန်းကျွင်းသည် ဖန့်ချန်၏ အကြည့်ကို တမင်ရှောင်လွှဲနေသကဲ့သို့ ရှိနေသည်ကို ဖန့်ချန် သတိပြုမိသဖြင့် ကြာနီနတ်မိမယ်ကို ခေါ်ကာ သူ၏အနားသို့ တိုးကပ်သွားလိုက်သည်။

​"မိတ်ဆွေ ကျိ... ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျား ကျွန်တော့်ကို လက်ဆောင်ပေးတဲ့ သမိုင်းဝင်မသေမျိုးကျမ်းစာ ကို ခင်ဗျားကိုယ်တိုင် အကုန်ဖတ်ပြီးပြီလား "

​"ဘာ သမိုင်းဝင်မသေမျိုးကျမ်းစာလဲ"

ကျိရှန့်က နားမလည်စွာ မေးလိုက်၏။

​ဖန့်ချန်က ပြုံးလျက်

"ကျွန်တော် မိတ်ဆွေ ကျိထျန်းကျွင်းကို မေးနေတာပါ"

​'သမိုင်းဝင်မသေမျိုးကျမ်းစာ' ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် ကြာနီနတ်မိမယ်၏ မျက်နှာသည် ချက်ချင်း ပျက်သွားတော့သည်။ သူမ၏ မျက်ဝန်းများမှာ အလွန်အေးစက်လှသော အကြည့်ဖြင့် ကျိထျန်းကျွင်းကို ဝေ့ဝဲကြည့်လိုက်ပြီးမှ ပြန်လည် ဖုံးကွယ်လိုက်သည်။

​ကျိထျန်းကျွင်းသည် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာပင် ကြာနီနတ်မိမယ်ကို အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ချောင်းတစ်ချက် ဟန့်ကာ

"အရင်က စာမျက်နှာ အနည်းငယ်တော့ လှန်ကြည့်ဖူးပါတယ်"

​"ဩော်... အေးပါ၊ ဒါဆိုရင် ကျွယ်မင်နန်းတော် ပြန်ရောက်မှပဲ ကျွန်တော် သေချာဖတ်ကြည့်တော့မယ်"

ဖန့်ချန်က ခေါင်းငြိမ့်ပြလိုက်သည်။

​၎င်းတို့ နှစ်ဦး ထွက်ခွာသွားပြီးနောက် ကျိရှန့်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ညီအစ်ကို... သူပြောတဲ့ သမိုင်းဝင်မသေမျိုးကျမ်းစာဆိုတာ ဘာလဲ ဘာလို့ ကျွန်တော် တစ်ခါမှ မကြားဖူးတာလဲ "

​"အလကားပါ၊ လက်ထဲ ရောက်လာတဲ့ အသေးအဖွဲ ပစ္စည်းလေး တစ်ခုပါပဲ၊ ရှေးဟောင်းစာအုပ် တစ်အုပ်ပေါ့။ အရင်က ဖန့်အမာခံတပည့်က ငါတို့ ကျိမျိုးနွယ်စုရဲ့ စာကြည့်တိုက်မှာ စာဖတ်နေတာ တွေ့လို့ သူ စာဖတ်တာ ဝါသနာပါမယ်အထင်နဲ့ လက်ဆောင်ပေးလိုက်တာပါ"

ကျိထျန်းကျွင်းက ဟန်ဆောင်ပြုံးကာ ဆိုလိုက်သည်။

"ဒါပေမဲ့ ဖန့်အမာခံတပည့်က ငါထင်သလောက် စာဖတ်တာကို သိပ်မကြိုက်ပုံ မရပါဘူး"

​"ဩော်..."

ကျိရှန့်က ခေါင်းငြိမ့်လိုက်ပြီး ထိုကိစ္စကို စိတ်မဝင်စားတော့သဖြင့် ဆက်မမေးတော့ပေ။

​ကျိထျန်းကျွင်း၏ မျက်နှာပေါ်မှ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် ကြောက်လန့်မှုနှင့် ဒေါသများ လှည့်ပတ်သွားသည်။ တစ်ဖက်လူက ယခုအချိန်မှ ထိုကိစ္စကို ထုတ်ပြောခြင်းမှာ သူ့ကို ဒုက္ခပေးရန် ကြံစည်နေခြင်းပင်။

​ထိုညတွင်...

ကျိထျန်းကျွင်းသည် အခန်းထဲ၌ ကျင့်ကြံနေစဉ် ဖန့်ချန်၏ ဝိညာဉ်သည်လည်း ထိုနေရာမှာပင် ရှိနေခဲ့သည်။ သိပ်မကြာမီမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

​ကျိထျန်းကျွင်း တံခါးဖွင့်လိုက်သောအခါ ကြာနီနတ်မိမယ် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ နှင်းခဲများ ဖုံးလွှမ်းထားသကဲ့သို့ တင်းမာနေပြီး တစ်ကိုယ်လုံးမှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ကြာနီနတ်မိမယ်သည် အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့ပြီး ကျိထျန်းကျွင်းက တံခါးပြန်ပိတ်ကာ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည်။

​ဖြောင်း

​ကျိထျန်းကျွင်း၏ ခေါင်းမှာ ရိုက်ချက်ကြောင့် အနည်းငယ် ယိမ်းသွားပြီးနောက် တိုးတိုးလေး ဆိုလိုက်သည်။

"မင်းသမီးလေး... ဘာလို့ အခုလို..."

​"သမိုင်းဝင်မသေမျိုးကျမ်းစာ ဟုတ်လား အဲဒီစာအုပ်ကို ဖတ်တဲ့သူဟာ အဲဒီခေတ်ကာလရဲ့ သမိုင်းဖြစ်စဉ်တွေထဲကို ဆွဲခေါ်သွားခံရပြီး ပြန်ထွက်လာဖို့ မဖြစ်နိုင်သလောက် ခက်ခဲတယ်ဆိုတာကို နင် သိသိကြီးနဲ့..."

ကြာနီနတ်မိမယ်က အေးစက်စွာ ဆိုလိုက်သည်

"ဘာလို့ ဖန့်အမာခံတပည့်ကို ပေးရတာလဲ သူဟာလည်း ငါတို့ရဲ့ လူမျိုးတစ်ယောက်ဆိုတာ နင် မေ့သွားပြီလား သူ့ရဲ့ မှတ်ဉာဏ်တွေ မနိုးထသေးတာပဲ ရှိတာလေ"

​ကျိထျန်းကျွင်းမှာ မည်သို့ ရှင်းပြရမှန်း မသိတော့ချေ။ အကြောင်းမှာ တစ်ဖက်လူက အရာအားလုံးကို သိရှိသွားပြီဖြစ်ရာ မည်သို့ပင် ဆင်ခြေပေးစေကာမူ ယုတ္တိတန်မည် မဟုတ်သောကြောင့်ပင်။

​'ဒီစာအုပ်ကို ဖတ်တဲ့သူဟာ အဲဒီခေတ်ရဲ့ သမိုင်းဖြစ်စဉ်တွေထဲကို ဆွဲခေါ်ခံရမှာလား '

ဖန့်ချန်မှာ အံ့အားသင့်သွားမိသည်။ သမိုင်းဝင်မသေမျိုးကျမ်းစာက ဤသို့ အသုံးပြုရခြင်းလော။ ဤအရာမှာ ကျိုးထျန်းကျင့် ပြောခဲ့သည့် အန္တရာယ် ဖြစ်ပေလိမ့်မည်။

​"ဘာလို့ စကားမပြောတော့တာလဲ ဖန့်အမာခံတပည့်က နင့်ကို ဘယ်နေရာမှာ စော်ကားမိလို့လဲ၊ နင်က ဒီလောက်အထိ အကွက်ချပြီး သူ့ကို အသံတိတ် သတ်ပစ်ဖို့ ကြံစည်ရတာလဲ "

ကြာနီနတ်မိမယ်က ပြောဆိုပြီးနောက် ကျိထျန်းကျွင်းကို ပါးထပ်ရိုက်လိုက်ပြန်သည်။ ဒေါသ မပြေသေးဟန်ဖြင့် ဆယ်ချက်မက ဆက်တိုက် ရိုက်လိုက်တော့သည်။

​ကျိထျန်းကျွင်း၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"မင်းသမီးလေး... မင်းသမီးက မိစ္ဆာချောက်နက် က ဆင်းသက်လာတဲ့ မြင့်မြတ်တဲ့သူပဲ၊ မှတ်ဉာဏ်တောင် မနိုးထသေးတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ဘယ်လိုလုပ် အတူရှိနေနိုင်မှာလဲ သူ့မှတ်ဉာဏ်တွေ မနိုးထမချင်း သူဟာ လူသားကျင့်ကြံသူပဲ၊ ငါတို့မျိုးနွယ်မဟုတ်တဲ့သူရဲ့ စိတ်ဓာတ်ဟာ အမြဲတမ်း ခြားနားနေမှာပဲ "

​ထိုခဏတွင် ကြာနီနတ်မိမယ်သည် ကျိထျန်းကျွင်း၏ စိတ်ထဲရှိ အတွေးများကို နားလည်သွားပုံရပြီး လှောင်ပြောင်လိုက်သည်။

"ဘာလဲ နင့်ရဲ့ အဆင့်အတန်းနဲ့ မိစ္ဆာချောက်နက်က ဆင်းသက်လာတဲ့ ငါနဲ့ အတူရှိချင်နေတာလား "

​မိမိ၏ စိတ်ကူးကို တစ်ဖက်လူက အကဲခတ်မိသွားသဖြင့် ကျိထျန်းကျွင်း၏ မျက်နှာမှာ ပျက်သွားပြီး နောက်ဆုံးတွင် တိုးတိုးလေး ဆိုလိုက်သည် ။

"မှတ်ဉာဏ်မနိုးထသေးတဲ့ လူသားကျင့်ကြံသူထက်စာရင်တော့ ပိုပြီး သင့်တော်တာပေါ့"

​"နောက်ဆိုရင် ဒီလိုအတွေးမျိုး မရှိစေနဲ့တော့၊ ဖန့်အမာခံတပည့်ကို ရန်ပြုဖို့လည်း မစဉ်းစားနဲ့။ နင် အခု စဉ်းစားသင့်တာက... သူတို့ ကျွယ်မင်နန်းတော် ပြန်ရောက်လို့ နင်ပေးလိုက်တဲ့ စာအုပ်က သတ်ဖြတ်ရေးလက်နက်မှန်း သိသွားရင် နင် ဘယ်ကို ပြေးပုန်းမလဲဆိုတာပဲ။ ဒီကိစ္စကြောင့် တခြားသော ငါတို့လူမျိုးတွေပါ ဒုက္ခရောက်ကုန်မယ်ဆိုတာ နင် မတွေးမိဘူးလား "

ကြာနီနတ်မိမယ်က အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ်ပဲ အရင် ဂရုစိုက်စမ်းပါ"

​"မင်းသမီးလေး စိတ်ချပါ... သူတို့ ကျွယ်မင်နန်းတော်ကို ပြန်မရောက်နိုင်ပါဘူး"

ကျိထျန်းကျွင်းက အေးစက်စွာ ဆိုလိုက်သည်။

ထိုသို့ ပြောပြီးမှ စကားမှားသွားသည်ကို သတိပြုမိသွားကာ ချက်ချင်းပင် လက်အုပ်ချီ၍

"ညဉ့်နက်နေပြီ၊ ပြန်ကြွပါတော့"

​ကြာနီနတ်မိမယ်က သူ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။ သူမ ထွက်သွားသည်နှင့် ကျိထျန်းကျွင်းသည် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှ မသေမျိုးစွမ်းအင်များ တုန်ခါနေပြီး ရင်ထဲမှ ဟုန်းဟုန်းတောက်နေသော ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေရသည်။

​"ဖာသည်မ... ဖာသည်မ... ဖာသည်မ"

သူ၏ လည်ချောင်းထဲမှ နိမ့်ရှိုင်းသော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ခုနက ပါးရိုက်ခံလိုက်ရသည့် အဖြစ်ကြောင့် သူသည် ကြာနီနတ်မိမယ်အပေါ် အမုန်းတရားများ စတင် ပေါက်ဖွားနေပြီ ဖြစ်ကြောင်း သိသာလှပေသည်။

​ကြာနီနတ်မိမယ်သည် မိမိ၏ အခန်းသို့ မပြန်ဘဲ ဖန့်ချန် တည်းခိုရာ နေရာသို့ ရောက်လာခဲ့သည်။

​"ဖန့်မိတ်ဆွေ... အိပ်ပြီလား"

သူမက တံခါးကို အသာအယာ ခေါက်လိုက်သည်။

​ခေတ္တမျှကြာသောအခါ တံခါးပွင့်လာပြီး ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"ဟုန်မိတ်ဆွေ... ညဉ့်နက်လှပြီ၊ ဘာကိစ္စ ရှိလို့လဲ"

​ကြာနီနတ်မိမယ်သည် အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။ ဖန့်ချန် တံခါးပြန်ပိတ်လိုက်သောအခါ သူမသည် အတန်ကြာ တွေဝေနေပြီးမှ တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မ ဒီခရီးစဉ်ကို တစ်ခုခု အန္တရာယ်ရှိမယ်လို့ ခံစားနေရတယ်။ ရှင်ရော ကျွန်မရော စီနီယာအစ်မသုံးကို ခွင့်ပန်ပြီး နတ်ဘုရားလောကကို မသွားတော့ဘဲ နေကြရင် မကောင်းဘူးလား "

​သူမက ခေတ္တမျှ ရပ်လိုက်ပြီး ဖန့်ချန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ

"ရှင် ကျွန်မနဲ့အတူ ဒီမသေမျိုးလောကငယ်ထဲမှာပဲ လည်ပတ်ကြမယ်လေ၊ ရှင် နဲ့ ကျွန်မ နှစ်ယောက်တည်း... ဘယ်လိုလဲ "

All Chapters