← Chapters

အခန်း (၂၅၇၁-၂၅၇၂)

Vol. 198 Ch. 2571-2572

အခန်း (၂၅၇၁-၂၅၇၂)

Vol. 198 Ch. 2571-2572

အဆတစ်ရာစနစ် စာစဥ်(၁၉၈)

အခန်း(၂၅၇၁)

သူ၏ လက်ဖဝါးကနေ ရောင်စုံကျောက်တုံး ကျဆင်းသွားပြီးနောက်တွင် ရဲတိုက်အတွင်းရှိ ဆန်းကြယ်သော စွမ်းအားများကို သူ အလျင်အမြန်ပင် ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သော ရောင်စုံကျောက်တုံးသည် ရုတ်တရက် နိုးထလာသကဲ့သို့ တောက်ပသော ငါးရောင်ခြယ် နတ်အလင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုငါးရောင်ခြယ် နတ်အလင်းသည် အလွန်တရာပင် တောက်ပနေခဲ့ပြီး ယခင်က လရောင်ထက်ပင် ပို၍ လင်းလက်ကာ မှောင်မိုက်နေသော ကမ္ဘာကြီးကို တစ်ခဏအတွင်း ဝင်းထိန်သွားစေခဲ့သည်။

ငါးရောင်ခြယ်နတ်အလင်းသည် ရဲတိုက် အတွင်းဘက်ကနေ ထုတ်လွှတ်နေသည့် မိစ္ဆာအငွေ့အသက်များကို တစ်ခါတည်း သန့်စင်ပစ်လိုက်၏။

ယင်းအချိန်မှာပင် ရဲတိုက် အတွင်းကနေ မယုံကြည်နိုင်စရာလောက်အောင် တအံ့တဩ ရေရွတ်လိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီအရာက ဒီစကြဝဠာထဲမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”

စကားသံဆုံးသည်နှင့် ရဲတိုက် အတွင်းကနေ ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သွေးရောင် သံကြိုးများကို တစ်ခဏအတွင်း ချိုးဖျက်ကာ အနက်ရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ယံသို့ ပျံတက်ရန် ကြိုးစားလိုက်သည်။

တစ်ချိန်က အင်မော်တယ်လောကကို တုန်လှုပ်စေခဲ့သော နတ်ဆိုးဧကရာဇ်တစ်ပါး အနေဖြင့် သူ၏ရှေ့မှ ကြောက်မက်ဖွယ်ရာကောင်းသော အရာကို ကောင်းစွာ သိရှိထားခဲ့သည်။

ဆိုရလျှင် ဤအရာသည် အင်မော်တယ်လောကတွင် နာမည် ကျော်ကြားသော ရတနာတစ်ပါး ဖြစ်သည်။

သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိစဥ်ကပင် ဤအရာနှင့် ရင်ဆိုင်ရလျှင် ကြောက်ရွံ့ရလိမ့်မည် ဖြစ်၏။

ယခု သူ၏ ရှေ့တွင် ပေါ်လာသည်မှာ ထိုအရာ၏ အပိုင်းအစတစ်ခုမျှသာ ဖြစ်သော်လည်း သူ၏ လက်ရှိ အခြေအနေဖြင့် အလွယ်တကူ ရင်ဆိုင်နိုင်စွမ်း မရှိပေ။

သူ၏ လက်မောင်းက ရဲတိုက်နှင့် အတူ ဤစကြဝဠာဘက်သို့ ဆင်းသက်လာစဥ်တွင် ရဲတိုက်၏ ချိတ်ပိတ်မှုကို ဖောက်ထွက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

သို့သော်လည်း အရေးကြီးသောအချိန်တွင် ဤစကြဝဠာမှ ထူးချွန်သော ကျင့်ကြံသူ တစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီး ထိုကျင့်ကြံသူသည် ဤစကြဝဠာ၏ လစွမ်းအားကို အသုံးပြုကာ သူ့ကို ရဲတိုက် အတွင်း ချိတ်ပိတ်ထားခဲ့သည်။

ဤနှစ်များတစ်လျှောက်လုံးတွင် ခွေးနက်လစားခြင်း အချိန်များ၌ ရဲတိုက်၏ ချိတ်ပိတ်မှုကို ဖောက်ထွက်ရန် ကြိုးစားခွင့်ရခဲ့သော်လည်း တစ်ကြိမ်မျှ မအောင်မြင်ခဲ့ပေ။

ယခုတစ်ကြိမ် ခွေးနက်လစားခြင်း ဖြစ်စဥ်တွင် အောင်မြင်တော့မည့် အချိန်၌ အင်မော်တယ်လောကမှ အထွတ်အမြတ်ရတနာ တစ်ပါးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ငါပြေးမှဖြစ်မယ်”

သူက ရဲတိုက်ကို ထိန်းချုပ်ပြီး စကြဝဠာကနေ အမြန်ဆုံးထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

ဤစကြဝဠာမှ ထွက်သွားခဲ့လျှင် ရဲတိုက်၏ လစွမ်းအား အထောက်အပံ့ ကင်းမဲ့သွားသည်နှင့် တစ်ပြိုင်နက် ရဲတိုက်၏ ချိတ်ပိတ်မှုကို ချိုးဖျက်နိုင်ရန်မှာ သူ့အတွက် အချိန်ကြာမြင့်တော့မည် မဟုတ်ပေ။

ထိုသို့ မဟုတ်ဘဲ ခွေးနက်လစားခြင်း အချိန်ကာလ ကုန်ဆုံးသွားလျှင် လစွမ်းအားများ ပြန်လည် ရောက်ရှိလာမည် ဖြစ်ရာ ဤရဲတိုက်အတွင်း တစ်ဖန် ပြန်လည် ချိတ်ပိတ်ခံရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူက ရဲတိုက်ကို ထိန်းချုပ်၍ ထွက်ပြေးရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင် ကောင်းကင်ယံကနေ ရောင်စုံ နတ်အလင်းများသည် အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့ပြီး ရဲတိုက်ပေါ်ရှိ မိစ္ဆာ အ‌ငွေ့အသက်များကို သန့်စင်ပစ်လိုက်သည်။

မကြာမီမှာပင် သူက ရဲတိုက် အပေါ်တွင် ထိန်းချုပ်မှု ဆုံးရှုံးသွားကြောင်း အထိတ်တလန့် သိရှိသွားခဲ့သည်။

“မဖြစ်ဘူး”

သူ၏ နှုတ်ကနေ လက်မခံနိုင်စွာဖြင့် ရေရွတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ထုတ်ဖော်ကာ ရဲတိုက် အပေါ်တွင် ထိန်းချုပ်မှု ပြန်လည်ရရှိရန် အပြင်းအထန် ကြိုးစားခဲ့သည်။

သို့သော်လည်း သူ၏ မိစ္ဆာစွမ်းအားများက ရဲတိုက် အတွင်းကနေ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရဲတိုက်ကို လွှမ်းခြုံထားသော ရောင်စုံ နတ်အလင်းတန်းများ၏ သန့်စင်ခြင်းကို ခံလိုက်ရ၏။

ဤသို့ အကြိတ်အနယ် ဖြစ်နေစဥ်မှာပင် အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်သည် အဆုံးသတ်၌ တဖြည်းဖြည်း ကုန်လွန်သွားခဲ့ကာ ခွေးနက်လစားခြင်း ဖြစ်စဥ်သည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ယံတွင် လရောင်သည် တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ငါးရောင်ခြယ် နတ်အလင်းကို အဆက်မပြတ် တိုက်ခိုက်နေသော ရဲတိုက် အတွင်းမှ မိစ္ဆာစွမ်းအားများသည် အဆုံးသတ်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ရဲတိုက်သည်လည်း တစ်ခဏအတွင်း ငြိမ်သက်သွားခဲ့သည်။

“နောက်ဆုံးတော့ အထဲက တည်ရှိမှုကို ဖိနှိပ်နိုင်ခဲ့ပြီ”

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ရွှယ်ယွင်ထျန်း၏ မျက်ဝန်းများတွင် အလွန်အမင်း ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယနေ့တွင် သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် ရှေးဟောင်းနတ်ပစ္စည်းအတွင်းမှ ကြောက်မက်ဖွယ် တည်ရှိမှုကို ဖိနှိပ်ရန် ခက်ခဲလိမ့်မည်ဟု သူ ထင်မြင်ခဲ့သည်။

သို့သော်လည်း အရေးကြီးသော အချိန်တွင် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကို ထုတ်သုံးခဲ့ပြီး ခွေးနက်လစားခြင်း ဖြစ်စဥ် ကုန်ဆုံးသော အချိန်အထိ အချိန်ဆွဲနိုင်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်နှင့်ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်းသို့ လာရောက်စေခဲ့ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သွားခဲ့သည်။

“ဒီကောင်လေးရဲ့ လက်ထဲမှာ ဒီလို ရတနာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ရောင်စုံကျောက်တုံးကို လှမ်းကြည့်နေသည့် သွေးနတ်ဘုရား၏ မျက်ဝန်းထဲတွင် လောဘ အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။

ဤရောင်စုံကျောက်တုံးသည် ရှေးဟောင်းနတ်ပစ္စည်း အတွင်းမှ ကြောက်မက်ဖွယ် တည်ရှိမှုကို ဖိနှိပ်နိုင်သည် ဖြစ်ရာ သာမန်ပစ္စည်း မဟုတ်သည်မှာ သေချာသလောက်ပင်။

အကယ်၍ သူသာ ဤလျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကို ရရှိနိုင်မည် ဆိုလျှင် ရှေးဟောင်းနတ်ပစ္စည်း အတွင်းမှ ကြောက်မက်ဖွယ် တည်ရှိမှုကို ဖိနှိပ်ရန်မှာ လွယ်ကူသွားမည်ဖြစ်ပြီး ခွေးနက်လစားခြင်း ဖြစ်စဥ်ကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။

ထို့ကြောင့် သွေးနတ်ဘုရားသည် ယနေ့တွင် ထိုကောင်လေးကို သတ်ပြီး ထိုကောင်လေး၏ လက်ထဲမှ ရောင်စုံကျောက်တုံးကို လုယူရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် ရွှယ်ယွင်ထျန်းက ထိုနှစ်ဦးကို သွေးနတ်ဆိုးဂိုဏ်းဆီ ဖိတ်ခေါ်ထားသည်ဟု သိလိုက်ရသော အချိန်မှစ၍ သွေးနတ်ဘုရားသည် ၎င်းတို့ကို အသက်ရှင်လျက် ပြန်လည် ထွက်ခွာခွင့်ပေးရန် တစ်ခါမျှ မတွေးထားခဲ့ပေ။

“သိမ်းယူမယ်”

သွေးနတ်ဘုရား တိတ်တဆိတ် ကြံစည်နေစဥ်မှာပင် ကောင်းကင်ယံရှိ ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ရောင်စုံကျောက်တုံးနှင့် ရဲတိုက်ကို သိုလှောင်အိတ်အတွင်း၌ တိုက်ရိုက်ပင် သိမ်းဆည်းလိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် သွေးနတ်ဘုရားသည် မျက်နှာပျက်သွားခဲ့ပြီး ကျန်းချန်ကို ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကောင်လေး.. ဒီရဲတိုက်က ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ အထွတ်အမြတ်ရတနာပဲ.. ငါ့ဆီ အမြန်ပြန်ပေးစမ်း”

“အထွတ်အမြတ်ရတနာပစ္စည်း ဟုတ်လား.. ဒီနေ့ ငါသာ ဝင်မကူခဲ့ရင် မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက ဒီအထွတ်အမြတ်ရတနာ ပစ္စည်းလို့ ခေါ်တဲ့ ပစ္စည်းကြောင့် ပျက်စီးသွားလောက်ပြီ”

ကျန်းချန်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

“မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက ဒီရဲတိုက်ထဲက တည်ရှိမှုကို မဖိနှိပ်နိုင်ဘူး.. ဒါကြောင့် ငါပဲ သိမ်းထားလိုက်တာ အ‌ကောင်းဆုံး ဖြစ်လိမ့်မယ်”

ထိုစကားကိုကြားလျှင် သွေးနတ်ဘုရားသည် ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ အေးစက်စက် လူသတ်ငွေ့များသည် တစ်ခဏအတွင်း ပျံ့လွင့်လာခဲ့သည်။

“ကောင်လေး မင်းက သွေးနတ်ဆိုးဂိုဏ်းကို အကူအညီပေးခဲ့တဲ့အတွက် ငါ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ အထွတ်အမြတ် ရတနာကို ထိပါးချင်တယ်ဆိုရင်တော့ ငါ့ကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့”

ကျန်းချန်က သွေးနတ်ဘုရားကို လျစ်လျူရှုလိုက်ပြီး ရွှယ်ယွင်ထျန်း ဘက်သို့ အကြည့်လွှဲကာ အေးအေးလူလူ ပြောလိုက်သည်။

“ရွှယ်ယွင်ထျန်း.. ခင်ဗျား ကျုပ်ကို ဖြေရှင်းချက်တစ်ခု ပေးမယ်လို့ ပြောခဲ့တာ ကျုပ်မှတ်မိသေးတယ်”

“စိတ်အေးအေးထားပါ ကျန်းချန်.. ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး”

ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်ယွင်ထျန်းသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သွေးနတ်ဘုရားကို ကြည့်ကာ ပြောလိုက်သည်။

“ဂိုဏ်းတူညီလေး.. မင်းက သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးနဲ့ မသင့်တော်တော့ဘူး.. ဂိုဏ်းချုပ်ရာထူးကနေ ဆင်းပေးလိုက်ပါ”

သွေးနတ်ဘုရားက အေးစက်စက် ပြောလိုက်သည်။

“စီနီယာအစ်ကို.. မင်းက တကယ်ပဲ ဂိုဏ်းချုပ်ရာထူးကို စိတ်ဝင်စားနေတာကိုး”

“မဟုတ်ဘူး.. ငါဂိုဏ်းချုပ်ရာထူးကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး”

ရွှယ်ယွင်ထျန်းက ခေါင်းကို ခါရမ်းလိုက်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်က သွေးနတ်ဆိုးဂိုဏ်းပြိုကွဲသွားမှာကို မလိုလားတာပဲ.. တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်ရှိနေမယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအတွင်း ပျက်စီးသွားမှာကို ငါ စိုးရိမ်မိတယ်”

ရွှယ်ချန်ကျဲကို သွားတွေ့စဥ်ကတည်းကပင် ရွှယ်ယွင်ထျန်းသည် ရွှယ်ချန်ကျဲကို သွေးနတ်ဘုရား နေရာတွင် အစားထိုးကာ သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် အဖြစ် ဆက်ခံစေရန် အစီအစဥ် ရှိခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ ရွှယ်ချန်ကျဲ၏ နောက်ကွယ်တွင် ကျန်းချန်ကဲ့သို့ အနှိုင်းမဲ့ ပုဂ္ဂိုလ် တစ်ဦး၏ အားပေးထောက်ခံမှု ရှိသည်။

အကယ်၍ သွေးနတ်ဘုရားသာ သွေးနတ်ဆိုးဂိုဏ်းကို ဆက်လက် အုပ်ချုပ်နေမည်ဆိုလျှင် ရွှယ်ချန်ကျဲနှင့် သွေးနတ်ဆိုးဂိုဏ်း ကြားတွင် ပြန်လည် သင့်မြတ်ရန် လမ်းစ ရှိလိမ့်မည် မဟုတ်ပေ။

ကျန်းချန်၏ ခန့်မှန်း၍ မရနိုင်သော ခွန်အားဖြင့်သာ ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းသည် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ်ပင် ပျက်စီးသွားနိုင်ပေသည်။

ယင်းမှာ သူ လုံးဝ မမြင်ချင်သောအရာ ဖြစ်၏။

တစ်ဖက်တွင်မူ ရွှယ်ချန်ကျဲသာ သွေးနတ်ဆိုးဂိုဏ်းကို အုပ်ချုပ်မည် ဆိုလျှင် ကျန်းချန်သည် သွေးနတ်ဆိုးဂိုဏ်း၏ ရန်သူ ဖြစ်လာတော့မည် မဟုတ်ပေ။

ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် အဖြစ် တင်မြှောက်ခြင်းဖြင့်သာ သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာအတွင်း ပိုမို ကောင်းမွန်စွာ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါလား။

အခန်း(၂၅၇၁)ပြီး၏။

အခန်း(၂၅၇၂)

“ရွှယ်ယွင်ထျန်း.. မင်းက ရွှယ်ချန်ကျဲကို ဂိုဏ်းချုပ် ပလ္လင်ပေါ် တင်ပေးချင်တယ် ဆိုမှတော့ မင်းမှာ အဲလို အရည်အချင်းရှိ မရှိ ကြည့်ရသေးတာပေါ့”

သွေးနတ်ဘုရားက မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်လိုက်သည်။

“ငါ မင်းကို မြေအောက် အကျဥ်းထောင်ထဲကနေ လွှတ်ပေးဝံ့တယ် ဆိုကတည်းက ငါ့မှာ ဘာပြင်ဆင်မှုမှ မရှိဘူးလို့ မင်းထင်နေလား”

သွေးနတ်ဘုရားထံမှ စကားကို ကြားသော်လည်း ရွှယ်ယွင်ထျန်း၏ အမူအရာက အလွန်တရာ တည်ငြိမ်နေခဲ့သည်။

“ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မင်းတစ်ခုခု လုပ်ထားတယ်ဆိုတာ ငါသိတယ်.. ဒါပေမဲ့ အဲဒီလို ဆိုရင်တောင် မင်းကို ငါနဲ့အတူ သေတွင်းထဲ ဆွဲခေါ်သွားဖို့က ငါ့အတွက် ဘာမှ မခက်ခဲဘူး”

“မင်း.. မင်းရူးနေပြီ”

သွေးနတ်ဘုရားက မျက်နှာအကြီးအကျယ် ပျက်သွားခဲ့သည်။

“အခု သွေးဓားအင်မော်တယ်ဂိုဏ်းက ပြန်လည် နိုးထလာခဲ့ပြီ.. ဒါပေမဲ့ သွေးနတ်ဆိုးဂိုဏ်းကတော့ အပြင်းအထန် ထိခိုက်ထားခဲ့တယ်.. တကယ်လို့ မင်းနဲ့ငါ နှစ်ယောက်စလုံးသာ ကျဆုံးသွားမယ်ဆိုရင် သွေးနတ်ဆိုးဂိုဏ်းက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းထဲမှာ ဆက်ရှိပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲမှာ ဆက်လက် ရှင်သန်နိုင်မယ်လို့ မင်းထင်လား”

“ဘာပဲဖြစ်ဖြစ် မင်းရဲ့ လက်ထဲမှာရှိတဲ့ သွေးနတ်ဆိုးဂိုဏ်းထက် စာရင်တော့ အများကြီး ပိုကောင်းပါတယ်”

ရွှယ်ယွင်ထျန်းက အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းကနေ မဟာယာန နှောင်းပိုင်းအဆင့် အရှိန်အဝါများသည် တစ်ခဏအတွင်း ပျံ့လွင့်လာခဲ့၏။

သွေးနတ်ဘုရား၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

“သူ့ကို တားထားကြ”

သွေးနတ်ဘုရားက အလျင်အမြန်ပင် နောက်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကပ်ကာ လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

သွေးနတ်ဘုရားသည် ရွှယ်ယွင်ထျန်းကို အမြဲတစေ ကြောက်ရွံ့ခဲ့သူ ဖြစ်၏။

အကြောင်းကိစ္စ တချို့ကြောင့် သူက ရွှယ်ယွင်ထျန်းကို မသတ်ဖြတ်ခဲ့သော်လည်း ရွှယ်ယွင်ထျန်း၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ လုပ်ထားခဲ့သည်။

သူ့ကို အသက်ဆယ်ရှိုက်စာလောက်သာ အချိန်ပေးမည်ဆိုလျှင် ရွှယ်ယွင်ထျန်း၏ ခန္ဓာကိုယ်အတွင်း သူထားရှိခဲ့သောအရာကို အသက်သွင်းနိုင်လိမ့်မည် ဖြစ်ကာ ရွှယ်ယွင်ထျန်းကို သေစေနိုင်မည် ဖြစ်၏။

ယခုအခါတွင် သူလုပ်ဆောင်နိုင်သည်မှာ သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများကို ရွှယ်ယွင်ထျန်းအား တိုက်ခိုက်စေပြီး သူ့အတွက် အသက်ဆယ်ရှိုက်စာ အချိန်ရအောင် တိုက်ခိုက်ခိုင်းရန်သာ ဖြစ်သည်။

သွေးနတ်ဘုရား၏ အမိန့်ကို ရသည်နှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြသူ ဆယ်ယောက်ကျော် တို့သည် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး အဆုံးသတ်တွင် အံတင်းတင်းကြိတ်ကာ ရွှယ်ယွင်ထျန်း ဆီသို့ ပြေးဝင်သွားခဲ့ကြသည်။

သို့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားသော မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် မဟာယာန နှောင်းပိုင်းအဆင့်ရှိ ရွှယ်ယွင်ထျန်းကို မည်ကဲ့သို့ တားဆီးနိုင်ပါမည်နည်း။

ရွှယ်ယွင်ထျန်းက လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် မဟာယာန တစ်ပိုင်းအဆင့် ဆယ်ယောက်ကျော်သည် ကြိုးပြတ်သွားသော စွန်များနှယ် လွင့်စင်ထွက်သွားခဲ့သည်။

အကယ်၍ ရွှယ်ယွင်ထျန်းသာ သတ်ဖြတ်လိုစိတ် ရှိခဲ့မည်ဆိုလျှင် ထိုကျင့်ကြံသူ ဆယ်ယောက်ကျော်သည် ရွှယ်ယွင်ထျန်း၏ ရိုက်ချက်အောက်တွင် အမှုန့်အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို လွင့်စင်သွားစေပြီးနောက်တွင် ရွှယ်ယွင်ထျန်းသည် တုံ့ဆိုင်းမနေခဲ့ဘဲ သွေးနတ်ဘုရား ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော်‌ သွေးနတ်ဘုရားက သူ၏ ခန္ဓာကိုယ်အတွင်း ထားရှိခဲ့သော အရာကို စတင် အသက်သွင်းနေပြီ ဖြစ်မှန်း ရွှယ်ယွင်ထျန်း ခံစားမိသောကြောင့်ပင်။

သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ရာထူးကို ရွှယ်ချန်ကျဲ အောင်မြင်စွာ ဆက်ခံနိုင်ရန် အတွက် ထိုအရာ လုံးဝ အသက်ဝင်မလာမီ သူက သွေးနတ်ဘုရားကို သေတွင်းထဲ အပါ ခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။

“ဆရာ”

ရွှယ်ယွင်ထျန်းက သွေးနတ်ဘုရားနှင့် အတူ သေပွဲဝင်ရန် ဆုံးဖြတ်ထားသည်ကို မြင်လျှင် ရွှယ်ချန်ကျဲ ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။

သူက အလျင်အမြန်ပင် ကျန်းချန် ဘက်သို့ လှည့်ကာ တောင်းပန်လိုက်သည်။

“သခင်ကြီး.. ကျွန်တော့်ဆရာရဲ့ အသက်ကို ကယ်ပေးဖို့ မျှော်လင့်ပါတယ်.. သခင်ကြီးသာ ဆရာရဲ့အသက်ကို ကယ်ပေးမယ်ဆိုရင် ချန်ကျဲ တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”

သူက ငယ်စဥ်ကတည်းကပင် ရွှယ်ယွင်ထျန်းကို မှီခိုအားထားခဲ့ရသူ ဖြစ်ပြီး သူ၏ စိတ်ထဲတွင် ရွှယ်ယွင်ထျန်းကို ဖခင်တစ်ဦး ကဲ့သို့ပင် သဘောထားခဲ့သူလည်း ဖြစ်သည်။

သို့ဖြစ်ရာ ရွှယ်ယွင်ထျန်းက သူ့ရှေ့တွင် ကျဆုံးသွားမည်ကို သူ မည်ကဲ့သို့ ကြည့်ရက်ပါမည်နည်း။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

စင်စစ် ရွှယ်ယွင်ထျန်းက သွေးနတ်ဘုရားကို သတ်ပြီး ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် အဖြစ် တင်မြှောက်ရန် ကြိုးစားနေခြင်းကို ကျန်းချန် သဘောကျခဲ့သည်။

အကြောင်းရင်းမှာ ရွှယ်ချန်ကျဲသာ သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာမည်ဆိုလျှင် သူက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ အတွင်း မျက်စိတစ်စုံ ရရှိထားသကဲ့သို့ ဖြစ်လာမည် ဖြစ်ပြီး ယင်းသည် သူ၏ နောက်ထပ်လှုပ်ရှားမှုအတွက် များစွာ အကျိုးရှိလာပေလိမ့်မည်။

သို့သော်လည်း သူ့အတွက် အသုံးဝင်စေရန် အတွက် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားအချို့ကို ထိန်းသိမ်းထားရလိမ့်မည် ဖြစ်သည်။

အကယ်၍ ရွှယ်ယွင်ထျန်းနှင့် သွေးနတ်ဘုရားတို့သာ တစ်ပြိုင်နက်တည်း ကျဆုံးသွားမည်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ မရှိသလောက် ဖြစ်သွားပေလိမ့်မည်။

ရွှယ်ယွင်ထျန်းသည် ရွှယ်ချန်ကျဲ၏ ဆရာ ဖြစ်ပြီး မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်ရာ ရွှယ်ယွင်ထျန်းရှိနေခြင်းသည် ပို၍ ကောင်းမွန်ပေလိမ့်မည် မဟုတ်ပါလော။

“စိတ်မပူပါနဲ့.. မင်းရဲ့ဆရာ မသေစေရဘူး”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ရွှယ်ယွင်ထျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများဖြင့် ပြည့်နှက်နေသည့် သွေးလုံးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ သွေးနတ်ဘုရား ဆီသို့ တိုက်ရိုက်ပင် ပြေးဆောင့်လိုက်သည်။

သွေးနတ်ဘုရားက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး အဆောင်လက်ဖွဲ့ တစ်ခုကို အလျင်အမြန် ထုတ်ယူ၍ ချိုးဖဲ့လိုက်ရာ ထိုအ‌ဆောင်လက်ဖွဲ့သည် သွေးရောင် အကာအကွယ်တစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

“ဝုန်း..”

သွေးလုံးကြီးက သွေးရောင် အကာအကွယ်ကို ပြင်းထန်စွာ တိုက်မိပြီးနောက်တွင် သွေးရောင် အကာအကွယ်သည် ပေါက်ကွဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သွေးနတ်ဘုရား၏ ခန္ဓာကိုယ်သည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

သွေးနတ်ဘုရားသည် သူ၏ ခန္ဓာကိုယ် အတွင်းမှ ဒဏ်ရာများကို ဂရုမစိုက်နိုင်ဘဲ လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

သူ၏ မျက်နှာထက်တွင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ရွှယ်ယွင်ထျန်း.. မင်းက ကိုယ့်သေတွင်းကိုယ် တူးနေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ရွှယ်ယွင်ထျန်းက သွေးနတ်ဘုရားကို ပြန်မဖြေဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီအနှစ် စွမ်းအားများကို အဆုံးစွန်အထိ တစ်ခဏ အတွင်း မြှင့်တင်လိုက်သည်။

သူက တားမြစ် နည်းစနစ်ကို အသုံးပြု၍ သွေးနတ်ဘုရားနှင့်အတူ သေပွဲဝင်ရန် ပြင်လိုက်စဥ်မှာပင် ဟင်းလင်းပြင်ထဲကနေ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရုတ်တရက် ကျဆင်းလာခဲ့သည်။

ရွှယ်ယွင်ထျန်းက ရုတ်တရက် ခေါင်းမော့၍ ကြည့်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် မည်သည့် အချိန်ကတည်းက ရောက်ရှိနေမှန်း မသိရသည့် တောက်ပသော နတ်ဘုရားကျောက်တိုင်တစ်ခုကို မြင်လိုက်ရသည်။

ထိုနတ်ဘုရားကျောက်တိုင် ပေါ်မှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင် ဝဲဂယက်ကြီးသည် အောက်ဘက်ရှိ သွေးနတ်ဘုရားကို တစ်ခဏအတွင်းမှာပင် လွှမ်းမိုးသွားခဲ့သည်။

သွေးနတ်ဘုရား မည်သို့မှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် စွမ်းအင်ဝဲဂယက်ကြီး၏ ကြောက်မက်ဖွယ်ရာကောင်းသော ဆွဲငင်အားသည် သွေးနတ်ဘုရား၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ဟင်းလင်းပြင် ဆီသို့ ဆွဲတင်သွားခဲ့ပြီး နတ်ဘုရားကျောက်တိုင် အတွင်းသို့ လျင်မြန်စွာပင် နစ်မြုပ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ပုံရိပ်သည် အင်မော်တယ်ကျောက်တိုင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

သွေးနတ်ဘုရားကို ဝါးမျိုပြီးနောက်တွင် အင်မော်တယ်ကျောက်တိုင်သည် သုံးပေခန့်သာ ရှိသော ကျောက်တိုင်တစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြန်လည် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ လက်ဖဝါး ပေါ်သို့ ကျရောက်လာခဲ့သည်။

ရွှယ်ယွင်ထျန်းနှင့် သွေးနတ်ဘုရားတို့ သေဆုံးခြင်းကိုရှောင်ရှားရန် အတွက် ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြု၍ အကျဥ်းသားစွမ်းအားဖြင့် သွေးနတ်ဘုရားကို ချုပ်နှောင်လိုက်ခြင်းသာ။

သွေးနတ်ဘုရားသည် မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း အစောပိုင်းက ကြောက်မက်ဖွယ်တည်ရှိမှုကို ဖိနှိပ်ရာတွင် စွမ်းအင်များစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး ရွှယ်ယွင်ထျန်းနှင့် ရင်ဆိုင်ရာတွင်လည်း ဒဏ်ရာများစွာကို ရရှိထားခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် သိပ်အားမစိုက်လိုက်ရဘဲ အကျဥ်းသား စွမ်းအားဖြင့် သွေးနတ်ဘုရားကို အင်မော်တယ်ကျောက်တိုင် ထဲတွင် ချုပ်နှောင်နိုင်ခဲ့သည်။

“ဒါ.. ဒါက ဘယ်လိုရတနာမျိုးလဲဟ”

ကျန်းချန်က နောက်ထပ် ရတနာတစ်ခုကို ထပ်မံ ထုတ်ဖော်ကာ သွေးနတ်ဘုရားကို အလွယ်တကူ နှိမ်နင်းလိုက်သည်အား မြင်လျှင် ရွှယ်ယွင်ထျန်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းချန် အသုံးပြုလိုက်သော နတ်ဘုရား ကျောက်တိုင်သည် သွေးနတ်ဘုရားကို ဝါးမျိုသွားရုံသာမက သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရာနှင့် သွေးနတ်ဘုရားကြားမှ ဆက်နွှယ်မှုကို ဖြတ်တောက်ပေးလိုက်ရာ သူ့အနေဖြင့် အသက်ရှင်ခွင့် ရရှိသွားခဲ့သည်။

“ချန်ကျဲက ဒီလို ကြောက်မက်ဖွယ်ရာကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ ဘယ်လိုလုပ်ပြီး ဆုံတွေ့ခဲ့တာလဲ ဆိုတာ ငါတကယ် နားမလည်တော့ဘူး”

ရွှယ်ယွင်ထျန်းက စိတ်ထဲကနေ ခါးသီးစွာ ပြုံးမိလိုက်သည်။

သူက ဤထိတ်လန့်စရာကောင်းသော မြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့ပြီး အချိန်အတော်ကြာအောင် သတိမဝင်လာခဲ့ပေ။

ထိုကောင်လေးသည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် မဟာယာနအဆင့် ကျင့်ကြံသူကိုပင် နှိမ်နင်းနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားသည့် အပြင် သူပိုင်ဆိုင်ထားသည့် ရတနာများသည်လည်း ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ရတနာများ ဖြစ်နေခဲ့သည်။

ရောင်စုံကျောက်တုံး တစ်ခုတည်းကပင် သူတို့ လုံးဝ မတတ်နိုင်ခဲ့သော ကြောက်မက်ဖွယ် တည်ရှိမှုကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်။

ယခု တစ်ကြိမ် ထုတ်သုံးခဲ့သော နတ်ဘုရားကျောက်တိုင်သည်လည်း သွေးနတ်ဘုရား ကဲ့သို့ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူကိုပင် နှိမ်နင်းနိုင်ခဲ့၏။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင်ပင် ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နေသော ရတနာမျိုး ရှိရန် မဖြစ်နိုင်သလောက်ပင်။

အခန်း(၂၅၇၂)ပြီး၏။

All Chapters