← Chapters

အခန်း (၂၅၇၃-၂၅၇၄)

Vol. 198 Ch. 2573-2574

အခန်း (၂၅၇၃-၂၅၇၄)

Vol. 198 Ch. 2573-2574

အခန်း(၂၅၇၃)

ရွှယ်ယွင်ထျန်း အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်မိလိုက်သည်။

ဤလူငယ်လေးသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေလောက်သည်အထိ အလွန်အမင်း ပါရမီထူးချွန်နေသူ ဖြစ်ရာ အကယ်၍ သွေးနတ်ဆိုးဂိုဏ်းသာ ရန်သူအဖြစ် ရွေးချယ်ခဲ့မည် ဆိုလျှင် ရလဒ်သည် ပျက်စီးခြင်း တစ်ခုတည်းသာ ရှိလိမ့်မည်ကို သူစိုးရိမ်နေမိသည်။

ထို့ကြောင့် ရွှယ်ယွင်ထျန်းက တုံ့ဆိုင်းမနေတော့ဘဲ သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်ကို တစ်ချက် ဝေ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ရွှယ်ချန်ကျဲ ဆက်ခံလိမ့်မယ်.. သဘောမတူတဲ့သူ ရှိလား”

“ရွှယ်ချန်ကျဲက သွေးနတ်ဆိုးဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်ပဲ.. သူ့ကိုသာ သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူး ဆက်ခံခွင့် ပြုလိုက်မယ် ဆိုရင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှာ သွေးနတ်ဆိုးဂိုဏ်းက ဘယ်လိုမျက်နှာနဲ့ ရပ်တည်နိုင်တော့မှာလဲ”

သွေးနတ်ဘုရားအပေါ်တွင် သစ္စာရှိသော မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ချက်ချင်းဆိုသလို ကန့်ကွက်လိုက်သည်။

သို့သော်လည်း ထိုမဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စကားအဆုံးမှာပင် ရွှယ်ယွင်ထျန်းသည် ထိုကျင့်ကြံသူကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ချက်ချင်းဆိုသလိုပင် ထိုမဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို အေးအေးလူလူသတ်ဖြတ်လိုက်ပြီးနောက်တွင် ရွှယ်ယွင်ထျန်းသည် သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများကို အေးစက်စက်ကြည့်လိုက်သည်။

“နောက်ထပ် ဘယ်သူ ကန့်ကွက်ချင်သေးလဲ”

ဤအခိုက်အတန့်တွင် သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများသည် တိတ်ဆိတ်သွားခဲ့ကြပြီး စကားတစ်လုံးမျှပင် မပြောရဲတော့ပေ။

လက်ရှိအချိန်တွင် သွေးနတ်ဆိုးဂိုဏ်း တစ်ခုလုံး၌ ရွှယ်ယွင်ထျန်းကို ယှဥ်နိုင်သူ မရှိတော့ချေ။

အကယ်၍ သူတို့သာ ကန့်ကွက်ခဲ့လျှင် ယခုလေးတင် အသတ်ခံလိုက်ရသော ကျင့်ကြံသူသည် သူတို့အတွက် သင်ခန်းစာပင် မဟုတ်ပါလော။

ရွှယ်ယွင်ထျန်း ခြောက်လှန့်မှုက သွေးနတ်ဆိုးဂိုဏ်းမှ အကြီးအကဲများကို တုန်လှုပ်သွားစေခဲ့၍ သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ရွှယ်ချန်ကျဲသည် အောင်မြင်စွာ ဆက်ခံနိုင်ခဲ့သည်။

သူ၏ နောက်ကွယ်တွင် ကျန်းချန်နှင့် ရွှယ်ယွင်ထျန်းတို့ ရှိနေသဖြင့် ရွှယ်ချန်ကျဲသည် ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်နိုင်ခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းကို လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲ၍ သိပ်မကြာမီမှာပင် ဂိုဏ်းတစ်ဂိုဏ်းလုံးကို သူ၏ လက်ထဲတွင် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် အဖြစ် ရွှယ်ချန်ကျဲ ဆက်ခံလိုက်ပြီ ဟူသော သတင်းသည် အလွန် လျင်မြန်စွာပင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

ထိုသတင်းကို ရရှိပြီးနောက်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ ကျန့်ချုံရှန်းနှင့် ကျန့်ဝူရွှယ် တို့သည် သွေးဓားအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများကို ဆင့်ခေါ်၍ အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

“အားလုံးပဲ.. ရွှယ်ချန်ကျဲနဲ့ ကျန်းချန်တို့ သွေးနတ်ဆိုးဂိုဏ်းကို သွားပြီးတဲ့နောက်မှာ သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် သွေးနတ်ဘုရားကို ရှင်းပစ်လိုက်ကြပြီလို့ အခုလေးတင် သတင်းရခဲ့တယ်.. ဒါ့အပြင် ရွှယ်ချန်ကျဲက သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် ဖြစ်လာခဲ့ပြီ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့တွေ ဘယ်လိုမြင်ကြလဲ”

ကျန့်ချုံရှန်းက အပိုစကားများ ပြောမနေတော့ဘဲ သူ၏ အိုမင်းသော မျက်ဝန်းဖြင့် ခန်းမထဲရှိ လူများကို တစ်ချက် ဝေ့ကြည့်ကာ လိုရင်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။

“အခု သွေးနတ်ဆိုးဂိုဏ်းမှာ သွေးနတ်ဘုရား ကျဆုံးသွားပြီဆိုတော့ သွေးနတ်ဆိုးဂိုဏ်းက အတော်လေး အထိနာနေလောက်ပြီ.. ဒါက ကျွန်တော်တို့ သွေးဓားအင်မော်တယ်ဂိုဏ်း အတွက် အခွင့်အရေးလို့ မြင်မိတယ်”

သွေးဓား အင်မော်တယ်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက အလျင်အမြန်ပင် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ အခြားသော အဆင့်မြင့် အကြီးအကဲများကလည်း သွေးနတ်ဆိုးဂိုဏ်းကို သွားရောက် တိုက်ခိုက်ချင်သော အမူအရာဖြင့် သဘောတူစွာ ထောက်ခံလိုက်ကြသည်။

“ရွှယ်ချန်ကျဲ.. သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် ဖြစ်လာတာက ကျန်းချန်ရဲ့ အထောက်အပံ့နဲ့ မကင်းဘူး.. ဒါ့အပြင် ကျွန်တော် ရထားတဲ့ သတင်းတွေအရ ဆိုရင် သွေးနတ်ဘုရား မရှိတော့ပေမဲ့ ရွှယ်ချန်ကျဲဆရာ ရွှယ်ယွင်ထျန်းပေါ်ထွက်လာတယ်တဲ့.. အဲဒီလူရဲ့ ခွန်အားက သွေးနတ်ဘုရားထက် မနိမ့်လောက်ဘူး.. အခု သွေးနတ်ဆိုးဂိုဏ်းမှာ အပြောင်းအလဲတွေ ရှိနေပြီ ဆိုပေမဲ့ ခွန်အားကတော့ သွေးနတ်ဘုရား အုပ်ချုပ်စဥ်ကထက် အားနည်းသွားပုံမရဘူး”

ကျန့်ဝူရွှယ်က လေးနက်စွာ သုံးသပ်ပြောဆိုလိုက်သည်။

ကျန့်ဝူရွှယ်၏ စကားကိုကြားလျှင် ကျန့်ချုံရှန်းသည် မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

တစ်ချိန်က သွေးနတ်ဆိုးဂိုဏ်းတွင် ရွှယ်ယွင်ထျန်း၏ ကျော်ကြားမှုသည် သွေးနတ်ဘုရားထက်ပင် သာလွန်ခဲ့သည်။

အကယ်၍ ထိုအချိန်ကသာ သွေးနတ်ဆိုးဂိုဏ်းတွင် ရွှယ်ယွင်ထျန်း ရှိနေခဲ့လျှင် ဂိုဏ်းချုပ်ရာထူးသည် သွေးနတ်ဘုရားထံသို့ပင် ရောက်ရှိလိမ့်မည် မဟုတ်ပေ။

ရွှယ်ယွင်ထျန်း ကဲ့သို့ သူမျိုး သွေးနတ်ဆိုးဂိုဏ်းတွင် ရှိနေသေး၍ သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကို ဖြိုခွင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ ရွှယ်ချန်ကျဲ၏ နောက်ကွယ်တွင် ရွှယ်ယွင်ထျန်း အပြင် ကျန်းချန်ဟု ခေါ်သော လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်လေး တစ်ယောက် ရှိနေခြင်းပင်။

ထိုလူငယ်၏ ခွန်အားနှင့် ပတ်သက်၍ ကျန့်ချုံရှန်းသည် အတော်လေး စိုးရိမ်နေမိသည်။

ဆိုရလျှင် ကျန်းချန်က ရွှယ်ချန်ကျဲဘက်တွင် ရှိနေသရွေ့ သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းနှင့် ရန်ငြိုးဖွဲ့နေခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေသလိုသာ ဖြစ်နေပေလိမ့်မည်။

ကျန့်ချုံရှန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ကျန့်ဝူရွှယ်ကို ပြောလိုက်သည်။

“ဝူရွှယ်.. မင်း ကျန်းချန်နဲ့ ဆက်သွယ်ခဲ့တယ် မဟုတ်လား.. သွေးနတ်ဆိုးဂိုဏ်း အပေါ်မှာ ထားတဲ့ သူ့ရဲ့ သဘောထားက ဘယ်လိုအခြေအနေရှိလဲ”

“ဆက်သွယ်ပြီးပါပြီ”

ကျန့်ဝူရွှယ်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“သူက နောင်အနာဂတ်မှာ သွေးနတ်ဆိုးဂိုဏ်းနဲ့ သွေးဓားအင်မော်တယ်ဂိုဏ်း တို့ကို ငြိမ်းချမ်းစွာ အတူ ယှဥ်တွဲနေထိုင်ဖို့နဲ့ အရင်က ရန်ငြိုးတွေကို အဆုံးသတ်ဖို့ ဆန္ဒရှိနေပါတယ်”

ထိုစကားကိုကြားလျှင် ကျန့်ချုံရှန်း၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းကနေ သွေးနတ်ဆိုးဂိုဏ်း ခွဲထွက်သွားပြီးကတည်းကပင် နှစ်ဂိုဏ်းစလုံးသည် သဟဇာတ မဖြစ်ခဲ့ကြပေ။

သွေးဓားအင်မော်တယ်ဂိုဏ်း၏ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သွေးနတ်ဆိုးဂိုဏ်း၏ လက်ထဲတွင် ကျဆုံးခဲ့ရသည်။

ဆိုရလျှင် သွေးနတ်ဆိုးဂိုဏ်းနှင့် သွေးဓားအင်မော်တယ်ဂိုဏ်းတို့ ကြားတွင် တစ်ဦးသေမှ တစ်ဦး ရှင်သန်ရမည့် ရန်ငြိုးမျိုး ရှိနေခဲ့၏။

သို့ဖြစ်ရာ နှစ်ပေါင်းသန်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော ဤသွေးကြေးကို မည်ကဲ့သို့ အလွယ်တကူ ဖျောက်ပစ်နိုင်ပါမည်နည်း။

သို့သော်လည်း ကျန့်ချုံရှန်းသည် သွေးနတ်ဆိုးဂိုဏ်းကို လှည့်စားပြီး သေချင်ယောင်ဆောင်ကာ အချိန်ကြာမြင့်စွာ ပုန်းအောင်းနေထိုင်ခဲ့သူ ဖြစ်ရာ မဆင်မခြင်လုပ်တတ်သူ တစ်ဦး မဟုတ်ပေ။

လက်ရှိအချိန်တွင် သွေးနတ်ဆိုးဂိုဏ်းနှင့် ထိပ်တိုက် ရင်ဆိုင်ရန်မှာ မသင့်တော်မှန်း သူကောင်းစွာ သိထားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းနှင့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ဟန် ဆောင်ကာ သွေးနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးမည့် အခွင့်အရေးကို ရှာဖွေခြင်းသည် သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

“စီနီယာ.. အခုချိန်မှာ သွေးနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ဖို့က ဥာဏ်ရှိတဲ့ ရွေးချယ်မှု မဟုတ်ဘူး.. သွေးနတ်ဆိုးဂိုဏ်းကို ဖြိုခွဲချင်တယ် ဆိုရင် ကျွန်တော့်မှာ နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်”

ကျန့်ဝူရွှယ်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

“ကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကလူ မဟုတ်ဘူးလို့ စီနီယာ ခန့်မှန်းထားတယ် မဟုတ်လား.. ကျွန်တော်တို့အနေနဲ့ ဒီသတင်းကို လွှင့်လိုက်ရုံနဲ့ ထိပ်တန်း အင်‌မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက သူ့ကိုရော သွေးနတ်ဆိုးဂိုဏ်းကိုပါ နှိမ်နင်းဖို့ ကြိုးစားလာပါလိမ့်မယ်”

“ဒါက ငါ့ရဲ့ခန့်မှန်းချက် သက်သက်ပါပဲ.. တကယ်လို့ ဒါသာအမှန် မဟုတ်ခဲ့ရင် ငါတို့ ဒီလိုမျိုး လုပ်လိုက်တာနဲ့ ကျန်းချန်နဲ့ ငါတို့က တကယ့် ရန်သူကြီးတွေ ဖြစ်သွားလိမ့်မယ်”

ကျန့်ချုံရှန်း၏ အိုမင်းသော မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု ပေါ်ပေါက်လာခဲ့ပြီး လေးနက်စွာ ပြောလိုက်သည်။

“‌သွေးနတ်ဆိုးဂိုဏ်းရဲ့ ကိစ္စကို ခဏထားလိုက်ဦး.. အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက အင်မော်တယ် ဂိုဏ်းပေါင်းစုံညီလာခံကို သိပ်မကြာခင် ကျင်းပတော့မယ်.. ငါ့ရဲ့အဓိက ဦးစားပေးက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းထဲကို ပြန်ဝင်နိုင်ဖို့ အတွက်ပဲ”

အကယ်၍သာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲကို ပြန်ဝင်နိုင်မည် ဆိုလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နေရာတစ်ခု ရရှိရုံသာမက အရင်းအမြစ်များကိုလည်း ပိုမို ရရှိနိုင်မည် ဖြစ်သည်။

ယင်းသည် သွေးဓားအင်မော်တယ်ဂိုဏ်း အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိနိုင်ရန် အတွက် အလွန်တရာပင် အရေးကြီး၏။

သွေးဓားအင်မော်တယ်ဂိုဏ်းသာ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိနိုင်မည် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းကို နှိမ်နင်းရန်မှာလွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။

ခွေးနက်လစားခြင်း ဖြစ်စဥ်တွင် ကြောက်မက်ဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ကျန်းချန်နှင့် ရွှယ်ယွင်ထျန်း တို့၏ အထောက်အပံ့ဖြင့် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာခဲ့သည်။

ရွှယ်ချန်ကျဲ၏ ပြတ်သားသော လုပ်ဆောင်မှုများအောက်တွင် သွေးနတ်ဆိုးဂိုဏ်းသည် ကြီးမားသော မတည်မငြိမ်မှုများကို မကြုံတွေ့ရဘဲ ဂိုဏ်း၏ အခြေအနေက သိပ်မကြာမီမှာပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းကို ရွှယ်ချန်ကျဲ အုပ်ချုပ်နေသောအချိန်တွင် ကျန်းချန်သည် သွေးနတ်ဆိုးဂိုဏ်း၏ စာကြည့်တိုက်ထဲတွင် နေထိုင်ကာ ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်း အချို့ကို ဖတ်ရှုခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်း၏ မှတ်တမ်းတချို့မှ တစ်ဆင့် ကျန်းချန်သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အခြေအနေကို ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့သည်။

ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းအင်အားစုများမှာ နာမည်ကျော်ကြားသော ထိပ်တန်းအင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်း ဖြစ်သည်။

ထိုအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်း၏ ထိပ်ဆုံး သုံးနေရာတွင် အင်အားအကောင်းဆုံး ဂိုဏ်းကြီးသုံးဂိုဏ်းက ဦးဆောင်နေခဲ့၏။

ထိုဂိုဏ်းကြီးသုံးဂိုဏ်းမှာ ကျန်းချန်နှင့် အလွန်ရင်းနှီးပြီးသား ဖြစ်သည့် ဟွမ်ယွမ်ဓားဂိုဏ်း၊ ဝူကျိ အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့ ဖြစ်ကြသည်။

အခန်း(၂၅၇၃)ပြီး၏။

အခန်း(၂၅၇၄)

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ရှည်လျားသော သမိုင်းကြောင်းရှိသည်။

၎င်းတို့၏ အင်အားသည် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်း၏။

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းတွင် တတိယနေရာ၌ ရှိသော ထိုက်ယီ အင်မော်တယ်ဂိုဏ်းတွင်ပင် အနည်းဆုံး မဟာယာနအဆင့် ကျင့်ကြံသူ ဆယ်ဦးခန့် ရှိသည်ဟု ဆိုကြ၏။

အထူးသဖြင့် အင်အားအကောင်းဆုံး ဖြစ်သော ဟွမ်ယွမ်ဓားဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူ အရေအတွက်များစွာကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းထဲတွင် မဟာယာန အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများလည်း ရှိကြ၏။

ထို့ကြောင့်လည်း မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် အပြောင်းအလဲများ ရှိသော်လည်း ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်း၏ အဆင့်အတန်းကမူ ပြောင်းလဲခဲ့ခြင်း မရှိခဲ့ပေ။

“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အင်အားက တကယ်ကို မသေးဘူးပဲ”

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းနှင့် ပတ်သက်သည့် အချက်အလက် တချို့ကို သိရှိပြီးနောက်တွင် ကျန်းချန် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ထို့အပြင် ဤသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာအတွင်း အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေသည့် အခြေအနေမျိုး၌ ဖြစ်သည်။

သို့ဖြစ်ရာ အင်မော်တယ်လမ်းစဥ် မပြတ်တောက်မီကာလကဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် မည်မျှအထိ ခမ်းနားထည်ဝါခဲ့မည်မှာ တွေးနေစရာပင် မလိုပေ။

သွေးနတ်ဆိုးဂိုဏ်းက နတ်ဘုရားနယ်မြေ၏ သတင်းကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ထုတ်ဖော် မကြေညာခဲ့သည့်အတွက် ကျန်းချန် စိတ်ထဲတွင် ဝမ်းသာနေမိသည်။

ထိုသို့ မဟုတ်ဘဲ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်အားစုများသာ လှုပ်ရှားလာခဲ့လျှင် လက်ရှိ နတ်ဘုရားနယ်မြေ၏ အခြေအနေဖြင့် မည်သို့မျှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

ယခုအခါတွင် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းကို အုပ်ချုပ်ခွင့်ရထားသော်လည်း ယင်းသည် နတ်ဘုရားနယ်မြေအကျပ်အတည်းကို ယာယီသာ ဖြေရှင်းနိုင်မည် ဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ ဘေးကင်းမှုကို လုံးဝ အာမခံနိုင်ရန်မှာ မလုံလောက်သေးပေ။

ရှေးဟောင်းကျမ်းစာ တချို့ကို ဖတ်ရှုပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အခြေအနေကို သိရှိပြီးနောက်တွင် ကျန်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ စတင်၍ ကျင့်ကြံခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားသည် အလွန်တရာပင် ကြီးမား၏။

ကျန်းချန်သည် အုပ်စိုးသူအဆင့်ကို ထိုးဖောက်ခဲ့ပြီ ဖြစ်သော်လည်း အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးကို တစ်ကိုယ်တည်း ရင်ဆိုင်ရန်မှာမူ များစွာ လိုအပ်နေပါသေး၏။

အကယ်၍သာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကသာ နတ်ဘုရား နယ်မြေကို အမှန်တကယ် တိုက်ခိုက်မည် ဆိုလျှင် သူ့အနေဖြင့် တားဆီးရန် နည်းလမ်းရှိမည် မဟုတ်ပေ။

ထို့ကြောင့် ယခုအခါတွင် တစ်ခုတည်းသော နည်းလမ်းမှာ အပြင်းအထန် ကျင့်ကြံပြီး သူ၏ အင်အားကို မြှင့်တင်ရန်သာဖြစ်၏။

သူ့အနေဖြင့် အုပ်စိုးသူအဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်မည် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး သုံးဂိုဏ်းနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။

ကျန်းချန်က အင်မော်တယ်ခရစ္စတယ် အပိုင်းအစ၏ စွမ်းအားကို စုပ်ယူရင်း အပြင်းအထန် ကျင့်ကြံနေစဥ်မှာပင် အချိန်များသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

တစ်လကြာပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အုပ်စိုးသူအဆင့်၏ အစောပိုင်းအဆင့်ကနေ အလယ်အလတ် အဆင့်သို့ ချောမွေ့စွာ တိုးတက်သွားခဲ့သည်။

“နောက်ဆုံးတော့ အုပ်စိုးသူ အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့ပြီ.. ငါ့ရဲ့ အဆင့်တက်ဖို့ လိုအပ်တဲ့ စွမ်းအင်ပမာဏက သာမန် အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေထက် နှစ်ဆနီးပါးလောက် ပိုများနေတာပဲ”

ကျန်းချန်က တင်ပျဥ်ခွေ ထိုင်နေရာကနေ မျက်လုံးများကို ဖွင့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ယခု တစ်ကြိမ် ကျင့်ကြံရာတွင် အုပ်စိုးသူ အလယ်အလတ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သော်လည်း ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် ခရစ္စတယ် အပိုင်းအစ၏ စွမ်းအားမှာ ထက်ဝက်နီးပါး ကုန်ဆုံးသွားခဲ့ချေပြီ။

ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် အင်မော်တယ်ခရစ္စတယ် အပိုင်းအစ၏ စွမ်းအားကို လုံးဝ စုပ်ယူပြီးလျှင်ပင် အုပ်စိုးသူ နှောင်းပိုင်းအဆင့်သို့ ထိုးဖောက်နိုင်ရန်မှာ ခဲယဥ်းပေလိမ့်မည်။

ယင်းကဲ့သို့သော အခြေအနေမျိုးကို ကျန်းချန်သည် ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်၏။

သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက အလွန်ပင် ထူးခြားပြီး အင်မော်တယ်အဆင့် ကျင့်စဥ် ဖြစ်သည့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထား၍ ကျန်းချန် အဆင့်တက်ရန် လိုအပ်သည့် စွမ်းအင်ပမာဏသည် သဘာဝကျစွာပင် ပိုမို များပြားနေခဲ့သည်။

သူ့အနေဖြင့် အဆင့်တက်ရန် ခက်ခဲသော်လည်း တိုက်ခိုက်ရေးစွမ်းရည်တွင်မူ အဆင့်တူအတွင်း လုံးဝ ပြိုင်ဘက်ကင်း ဖြစ်သည်။

သိထားရမည့်အချက်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေ၏ အုပ်စိုးသူ အစောပိုင်းအဆင့် ကျင့်ကြံသူများထက် ပို၍ သန်မာကြခြင်းပင်။

ထို့အပြင် ဤအဆင့်တွင် အဆင့်ငယ် တစ်ဆင့်ကို ကျော်လွန်၍ တိုက်ခိုက်ရန်မှာ အလွန်တရာပင် ခက်ခဲ၏။

ကျန်းချန်ကမူ အုပ်စိုးသူအဆင့်ကို စတင် ထိုးဖောက်ရုံဖြင့်ပင် မဟာယာန အလယ်အလတ် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူကိုပင် ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့၍ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေပြီ ဖြစ်မှန်း သက်သေပြနေခဲ့သည်။

ယခုအခါတွင် သူက အုပ်စိုးသူ အလယ်အလတ်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ မဟာယာနနှောင်းပိုင်းအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း အပြည့်အဝ ရှိနေခဲ့ချေပြီ။

သူသာ အစွမ်းကုန် အားထုတ်မည်ဆိုလျှင် မဟာယာန အထွတ်အထိပ် အဆင့်ရှိ မွန်းစတားအိုကြီးများနှင့် ရင်ဆိုင်ရလျှင်ပင် ကောင်းစွာ ယှဥ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

ဆိုရလျှင် လက်ရှိတွင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးကို ဆန့်ကျင်ရန် အင်အားမရှိသေးသော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာအတွင်း၌ သူ့ကို အမှန်တကယ် ရင်ဆိုင်နိုင်သူမှာ လက်တစ်ဆုပ်စာမျှသာ ရှိတော့သည်။

သို့ရာတွင် အုပ်စိုးသူ အလယ်အလတ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သော်လည်း ကျန်းချန်သည် ဤမျှနှင့် အားမရသေးပေ။

သူက ကျင့်ကြံမှုကို ဆက်လက်ပြုလုပ်ပြီး အုပ်စိုးသူ နှောင်းပိုင်းအဆင့်ကို အမြန်ဆုံးထိုးဖောက်ရန် ရည်ရွယ်ထားခဲ့သည်။

သို့မှသာ သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပြိုင်ဘက်ကင်းအဖြစ် ရပ်တည်နိုင်လိမ့်မည် မဟုတ်ပါလား။

သို့သော်လည်း ကျန်းချန်က ကျင့်ကြံမှုကို ဆက်လက်ပြုလုပ်တော့မည့် အချိန်မှာပင် ရုတ်တရက် သတင်းစကား တစ်ခုသည် ကျန်းချန်၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့၏။

“ချန်ကျဲက ငါ့ကို ရုတ်တရက် ဆင့်ခေါ်နေပါလား.. သွေးဓားအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းကို လာတိုက်ခိုက်လို့များလား”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းကို ရွှယ်ချန်ကျဲ စတင်အုပ်ချုပ်စဥ်ကတည်းကပင် ကျန်းချန်သည် သွေးနတ်ဆိုးဂိုဏ်း၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့သလို ရွှယ်ချန်ကျဲသည်လည်း သူ့ကို အလွယ်တကူ အနှောင့်အယှက်ပေးလေ့ မရှိပေ။

ထို့ကြောင့် ရွှယ်ချန်ကျဲက သူ့ကို ရုတ်တရက် ဆင့်ခေါ်နေခြင်းသည် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပျက်နေခြင်းကြောင့်သာ ဖြစ်ရပေမည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ရွှယ်ချန်ကျဲ ရှိရာ ခန်းမဆီသို့ တစ်ခဏအတွင်း ရောက်ရှိလာခဲ့သည်။

“သခင်ကြီး”

ကျန်းချန် ရောက်လာသည်ကို မြင်လျှင် ရွှယ်ချန်ကျဲ တရိုတသေဖြင့် အလျင်အမြန် ထရပ်လိုက်သည်။

ကျန်းချန်က တည်ငြိမ်စွာပင် မေးလိုက်သည်။

“မင်း ငါ့ကို အလောတကြီး ဆင့်ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲ ချန်ကျဲ”

ရွှယ်ချန်ကျဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ပြောလိုက်သည်။

“သခင်ကြီး.. သိပ်မကြာခင်ကပဲ ဟွမ်ယွမ်ဓားဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းဆီ တမန်တော် တစ်ယောက် စေလွှတ်လိုက်ပါတယ်”

“ဟွမ်ယွမ်ဓားဂိုဏ်းလား”

ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဟွမ်ယွမ်ဓားဂိုဏ်းက သူတို့ရဲ့ တမန်တော်ကို ဘာအတွက် စေလွှတ်လိုက်တာလဲ”

ရွှယ်ချန်ကျဲက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“ဒါက အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံနဲ့ ပတ်သက်နေပါတယ်.. အခုက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှာ နှစ်ပေါင်းတစ်ရာ ကုန်ဆုံးတိုင်းမှာ ကျင်းပလေ့ ရှိတဲ့ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပမဲ့ရက်နဲ့ နီးကပ်လာပါပြီ သခင်ကြီး”

“အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံလား”

ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

ဤအင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံသည် နှစ်တစ်ရာတွင် တစ်ကြိမ်သာ ကျင်းပသည့် ခမ်းနားထည်ဝါသော ပွဲတော်ကြီးဖြစ်သည်။

ထိုညီလာခံသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ အတွင်းရှိ အင်အားစုများ၏ အပြန်အလှန် ယှဥ်ပြိုင်မှုသာမက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းအတွက် ပြန်လည် စီစစ်မှု တစ်ခုလည်း ဖြစ်သည်။

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ အစွမ်းထက် အင်အားစုအချို့သည် ညီလာခံတွင် ရလဒ်မကောင်းခဲ့လျှင် အခြားသော အင်အားစုဖြင့် အစားထိုး ခံရနိုင်ခြေ ရှိသည်။

သွေးနတ်ဆိုးဂိုဏ်းသည် မကြာသေးမီက ပါရမီရှင်များ တစ်ဦးပြီး တစ်ဦး ကျဆုံးသွားခဲ့ပြီး အင်အားများစွာ ဆုတ်ယုတ်သွားခဲ့ရာ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံသည် သွေးနတ်ဆိုးဂိုဏ်း အတွက် အလွန်ပင် ဆိုးရွားသော အခြေအနေတစ်ခု ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ကျန်းချန်က တစ်ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။

“ငါ့အထင်တော့ မင်းနဲ့ မင်းရဲ့ဆရာ ရှိနေသရွေ့ သွေးနတ်ဆိုးဂိုဏ်းအနေနဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းထဲမှာ ဆက်ရှိနေဖို့က ပြဿနာ မရှိလောက်ဘူး ထင်တယ်”

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို ဟွမ်ယွမ်ဓားဂိုဏ်းအပါအဝင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းက ဦးဆောင်နေပြီး ကျန်ရှိသော အင်မော်တယ်ဂိုဏ်းကြီး ခုနစ်ဂိုဏ်းသည်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အဓိကဆုံးဖြတ်ချက် တချို့တွင် ပါဝင်နိုင်သော ဆုံးဖြတ်ချက်ချမှတ်သူများ ဖြစ်ကြသည်။

သွေးနတ်ဆိုးဂိုဏ်းသာ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းထဲတွင် ဆက်ရှိနေသရွေ့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ရန် ဆုံးဖြတ်ခဲ့လျှင်ပင် သူ့အနေဖြင့် ထိုသတင်းကို ဦးစွာ ရရှိနိုင်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းသည် ကျန်းချန် အတွက် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းတွင် ပါဝင်နေရန် လိုအပ်၏။

သို့သော်လည်း ကျန်းချန်သည် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံသို့ ကိုယ်တိုင် သွားရောက်ရန် အစီအစဥ်မရှိခဲ့ပေ။

အကြောင်းရင်းမှာ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပမည့်နေရာသည် အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်သော ဟွမ်ယွမ်ဓားဂိုဏ်းတွင် ကျင်းပမည် ဖြစ်သောကြောင့်ပင်။

ထိုနေရာတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အထွတ်အထိပ် ပုဂ္ဂိုလ်အများအပြား ရှိနေပေလိမ့်မည်။

မတော်တဆ သူ၏ အထောက်အထားသာ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ပေါ်ပေါက်သွားခဲ့လျှင် အလွန်ပင် ဒုက္ခများနေမည် မဟုတ်ပါလော။

“သခင်ကြီး ပြောတာမှန်ပါတယ်.. သွေးနတ်ဆိုးဂိုဏ်း အတွက် ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းထဲမှာ ဆက်ရှိဖို့က ပြဿနာ သိပ်မရှိနိုင်ပါဘူး”

ရွှယ်ချန်ကျဲ ခေါင်းညိတ်လိုက်သည်။

သူ့ဆရာဖြစ်သူ ရွှယ်ယွင်ထျန်းသည် မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး သူနှင့် သူ့ဆရာသာ ပူးပေါင်းလိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် လက်ရှိ အဆင့်အတန်းကို မထိန်းသိမ်းနိုင်လျှင်ပင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းမှ ဖယ်ထုတ်ခံရနိုင်ခြေ မရှိလောက်ပေ။

အခန်း(၂၅၇၄)ပြီး၏။

All Chapters