အခန်း (၂၅၇၅-၂၅၇၆)
Vol. 198 Ch. 2575-2576
အခန်း(၂၅၇၅)
“ဒီလိုဆိုရင်တော့ ငါ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံကို မတက်ရောက်တော့ဘူး.. မင်းဘာသာမင်းပဲ အဆင်ပြေသလို စီစဥ်လိုက်တော့”
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
ဤအင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသည် သူ့အတွက် များစွာ အဓိပ္ပာယ်မရှိပေ။
ထို့ကြောင့် ကျန်းချန်သည် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံတွင် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားနေခဲ့၏။
“သခင်ကြီး.. အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံကြောင့်သာ ဆိုရင် ကျွန်တော် သခင်ကြီးကို ဒီလောက်ထိ အလွယ်တကူ အနှောင့်အယှက် ပေးဝံ့မှာ မဟုတ်ဘူး”
ရွှယ်ချန်ကျဲက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ တမန်တော် ပြောစကားအရ ဆိုရင် ဟွမ်ယွမ်ဓားဂိုဏ်းက ဒီအင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံမှာ နတ်ဘုရားနယ်မြေကို ကျူးကျော်ဖို့ အတွက် ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ သိရတယ်”
ရွှယ်ချန်ကျဲသည် ကျန်းချန်၏ အထောက်အထားကို သိရှိထားခဲ့သည် ဖြစ်ရာ ထိုသတင်းကို ရရှိသည်နှင့် ကျန်းချန်ကို ချက်ချင်းဆိုသလို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
[အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံမှာ နတ်ဘုရားနယ်မြေကို ကျူးကျော်ဖို့ အတွက် အင်မော်တယ်ဂိုဏ်းကြီးတွေက ဆွေးနွေးကြတော့မှာလား]
ကျန်းချန်၏ အမူအရာက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်း၏ ပြဿနာကို ဖြေရှင်းပြီးနောက်တွင် နတ်ဘုရားနယ်မြေသည် အချိန်တိုအတွင်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ခြိမ်းခြောက်မှုကို ခံရလိမ့်မည် မဟုတ်ဟု သူမူလက ထင်မှတ်ထားခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်သော ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားစုများကို စုစည်းကာ နတ်ဘုရားနယ်မြေကို တစ်ဖန် ကျူးကျော်ရန် စီစဥ်နေခဲ့ချေပြီ။
[ဒီပုံအတိုင်းဆို အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ငါမသွားလို့ မဖြစ်တော့ဘူး ထင်တယ်]
ကျန်းချန်၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် ပြန်လည်နိုးထလာပြီးနောက်တွင် နတ်ဘုရားနယ်မြေ၏ အလုံးစုံအင်အားသည် အဆင့်တစ်ခု အထိ တိုးတက်လာခဲ့သည်။
သူထွက်လာခဲ့သည့် နှစ်အနည်းငယ် အတွင်း နတ်ဘုရားနယ်မြေသည် များစွာ တိုးတက်လာခဲ့ကာ အုပ်စိုးသူအဆင့်ကျင့်ကြံသူများပင် ပေါ်ထွက်လာနိုင်ခြေ ရှိသော်လည်း အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် ယှဥ်လျှင်မူ နတ်ဘုရားနယ်မြေ၏ အင်အားသည် အလွန်အမင်း အားနည်းနေဆဲ ဖြစ်၏။
ယခုအခါတွင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားကို အလွန်ပင် ရှင်းလင်းစွာ သိရှိထားခဲ့သည်။
ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးကို မဆိုထားနှင့်၊ ဟွမ်ယွမ်ဓားဂိုဏ်း တစ်ဂိုဏ်းတည်းကပင် လက်ရှိ နတ်ဘုရားနယ်မြေ ရင်ဆိုင်နိုင်စွမ်း ရှိသည်ထက် များစွာ သာလွန်နေခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်မည့်ကိစ္စအား တားဆီးရန် နည်းလမ်းကို မဖြစ်မနေ ရှာဖွေရလိမ့်မည်ဖြစ်၏။
မတားဆီးနိုင်ခဲ့လျှင်ပင် အတတ်နိုင်ဆုံး အချိန်ဆွဲရလိမ့်မည်ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို နတ်ဘုရားနယ်မြေသို့ အလွယ်တကူ ကျူးကျော်ခွင့်ပေး၍ မဖြစ်ပေ။
သို့မဟုတ်လျှင် နတ်ဘုရားနယ်မြေသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ လက်ထဲတွင် အမှန်တကယ် ပျက်စီးသွားပေလိမ့်မည် မဟုတ်ပါလား။
ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ရွှယ်ချန်ကျဲကို လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
“အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပဖို့ အချိန်ဘယ်လောက်လိုသေးလဲ”
ရွှယ်ချန်ကျဲက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“နောက်ထပ် နှစ်ဝက်လောက်တော့ လိုပါသေးတယ် သခင်ကြီး”
“နှစ်ဝက်”
ထိုစကားကို ကြားလျှင် ကျန်းချန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။
အုပ်စိုးသူအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် သူ၏ တိုးတက်မှုနှုန်းသည် တဖြည်းဖြည်း နှေးကွေးလာခဲ့သော်လည်း အချိန်ခြောက်လသာ ရမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် ခရစ္စတယ်အပိုင်းအစကို စုပ်ယူရန် လုံလောက်လိမ့်မည် ဖြစ်၏။
အကယ်၍သာ သွေးနတ်ဆိုးဂိုဏ်း၏ အရင်းအမြစ် တချို့ကိုပါ အသုံးပြုလိုက်မည် ဆိုလျှင် အုပ်စိုးသူအဆင့်၏ နှောင်းပိုင်းအဆင့်ကို ထိုးဖောက်ရန်အတွက် သူ့အတွက် ပြဿနာများစွာ ရှိလိမ့်မည် မဟုတ်ပေ။
အုပ်စိုးသူ နှောင်းပိုင်းအဆင့်ကိုသာ ထိုးဖောက်နိုင်မည် ဆိုလျှင် သူ့အနေဖြင့် ဟွမ်ယွမ်ဓားဂိုဏ်းကို သွားရောက်ပြီး အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ပါဝင်ကာ ကြုံတွေ့လာမည့် အခြေအနေများကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ခေါ်ဆောင်လာခဲ့သည့် ကြယ်စကြဝဠာမှ လူများကို ရုတ်တရက် အမှတ်ရသွားကာ မေးလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ငါခေါ်လာခဲ့တဲ့ ကြယ်စကြဝဠာကလူတွေ အခု ဘယ်လိုအခြေအနေရှိလဲ”
“သူတို့အားလုံး အဆင်ပြေနေပါတယ် သခင်ကြီး”
ရွှယ်ချန်ကျဲက တစ်ခဏမျှ မှင်တက်သွားပြီးမှ ပြောလိုက်သည်။
“သူတို့ကို ခေါ်ပေးရမလား”
“မလိုဘူး”
ကျန်းချန်၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
“မင်းနည်းလမ်းရှာပြီး ကြယ်စကြဝဠာက လူတွေကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အပြင်ဘက်ဆီ ပို့ပေးလိုက်.. သူတို့ကို ကြယ်စကြဝဠာဆီ ပြန်ခိုင်းပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းကိုပါ ကြယ်စကြဝဠာဆီ သယ်သွားခိုင်းလိုက်ပါ”
အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ရန် အမှန်တကယ် ဆုံးဖြတ်ခဲ့လျှင် သူ၏ လက်ရှိခွန်အားဖြင့် တားဆီးရန်မှာ လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပေ။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသည် ကြယ်စကြဝဠာ၏ အဓိကရန်ဘက် ဖြစ်သည်။
အကယ်၍ ကြယ်စကြဝဠာသာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်တော့မည့်သတင်းအား ရရှိသွားခဲ့လျှင် လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ သေချာသလောက်ပင်။
ထိုအချိန်သို့ရောက်လျှင် သူက ကြယ်စကြဝဠာနှင့် ပူးပေါင်းကာ အတွင်း အပြင် တိုက်ခိုက်လိုက်မည် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အကြီးအကျယ် ထိုးနှက်နိုင်မည် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အနေဖြင့် နတ်ဘုရားနယ်မြေကို ကျူးကျော်ရန် အချိန်ရတော့မည်မဟုတ်ပေ။
ရွှယ်ချန်ကျဲက အလျင်အမြန်ပင် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စိတ်ချပါ သခင်ကြီး.. ကျွန်တော် ကြယ်စကြဝဠာက လူတွေကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်သွားနိုင်အောင် လုပ်ပေးပါ့မယ်”
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်၍ သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်အတန်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မနိမ့်လှပေ။
ထို့ကြောင့် ကြယ်စကြဝဠာမှ လူများကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ထွက်ခွာခွင့်ရအောင် လုပ်ပေးရန်မှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ချေ။
“ကဲ ငါတို့ရဲ့ဆွေးနွေးမှုကို ဒီမှာပဲ ရပ်လိုက်ကြစို့.. ဟွမ်ယွမ်ဓားဂိုဏ်းမှာ ကျင်းပပြုလုပ်မဲ့ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံဆီ သွားမဲ့အချိန်ကျရင် ငါ့ကို လာခေါ်လိုက်ပါ”
စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ရွှယ်ချန်ကျဲ၏ ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန် ထွက်သွားပြီး သိပ်မကြာမီမှာပင် ရွှယ်ယွင်ထျန်း၏ ပုံရိပ်သည် ရွှယ်ချန်ကျဲ၏ နံဘေးတွင် ပေါ်လာခဲ့၏။
သူက ရွှယ်ချန်ကျဲကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ချန်ကျဲ မင်းတကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား.. မင်း ကျန်းချန်ဆီ ခိုလှုံဖို့ ဆုံးဖြတ်လိုက်တာက သွေးနတ်ဆိုးဂိုဏ်း အတွက် ပြန်လမ်းမရှိတဲ့ လမ်းတစ်ခုပဲ”
“ဆရာ.. ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ”
ရွှယ်ချန်ကျဲက ခိုင်မာပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ပြန်လာနိုင်ပြီး ဒီနေ့လို့ အဆင့်အတန်းမျိုး ရရှိခဲ့တာက သခင်ကြီးရဲ့ ကျေးဇူးတွေကြောင့်ပါ.. ဒီအတွက် အန္တရာယ်တွေဘယ်လောက် ကြုံတွေ့ရပါစေ.. ကျွန်တော် မျက်ခုံးတစ်ချက် တွန့်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားလျှင် ရွှယ်ယွင်ထျန်းက လေးနက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ သူက နတ်ဘုရားနယ်မြေကလူ ဆိုတာ မင်းမေ့နေပြီလား”
“အဲဒီတော့ ဘာဖြစ်လဲဆရာ”
ရွှယ်ချန်ကျဲက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေနဲ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ကြားက ရန်ငြိုးတွေက ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ.. သွေးနတ်ဆိုးဂိုဏ်းသာ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးထွားလာနိုင်မယ် ဆိုရင် လုံလောက်ပါပြီ.. သခင်ကြီးနဲ့ တစ်ဖက်တည်းမှာ အတူရပ်တည်တာက သွေးနတ်ဆိုးဂိုဏ်း အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်”
ရွှယ်ယွင်ထျန်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမျှ ရွှယ်ချန်ကျဲကို ပြောလိုက်သည်။
“သူ့ရဲ့ အင်အားနဲ့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံးကို ကိုင်လှုပ်နိုင်မယ်လို့ မင်းတကယ်ပဲ ယုံကြည်နေတာလား ချန်ကျဲ”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကြယ်တာရာ ကောင်းကင်ယံမှာ ကျွန်တော် သခင်ကြီးနဲ့ စတွေ့ခဲ့တယ်.. အဲဒီတုန်းက သခင်ကြီးရဲ့တိုက်ခိုက်ရေးစွမ်းရည်က ပြိုင်ဘက်ကင်းတယ် ဆိုပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ ကပ်ဘေးအဆင့်လောက်ပဲ ရှိတယ်”
ရွှယ်ချန်ကျဲက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“အမှန်အတိုင်း ဝန်ခံရရင် သခင်ကြီးက ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ သွေးနတ်ဆိုးဂိုဏ်းကို ဒီလောက် အချိန်တိုလေး အတွင်းမှာ သူ့ရဲ့အင်အားနဲ့ တုန်လှုပ်စေနိုင်လိမ့်မယ်လို့ ကျွန်တော် အဲဒီတုန်းက တစ်ခါမှ မတွေးမိခဲ့ဘူး”
ရွှယ်ချန်ကျဲ၏ စကားကိုကြားလိုက်ရလျှင် ရွှယ်ယွင်ထျန်း မှင်တက်သွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
ကျန်းချန်၏ ပါရမီသည် အမှန်တကယ်ပင် သူထင်ထားသည်ထက် များစွာ သာလွန်နေခဲ့သည်။
ထို့အပြင် ကျန်းချန်၏ လက်ရှိ ခွန်အားသည် ခွေးနက်လစားခြင်းဖြစ်စဥ် ဖြစ်ပေါ်ခဲ့သည်နေ့ကထက် များစွာ ပို၍ သန်မာလာသည်ဟု သူခံစားမိခဲ့သည်။
သူ၏ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံမှုဖြင့်ပင် ယနေ့တွင် ကျန်းချန်နှင့် ရင်ဆိုင်ရမည် ဆိုလျှင် အနိုင်ရရန် အခွင့်အရေး များစွာ ရှိလိမ့်မည် မဟုတ်ပေ။
ရှင်းလင်းစွာ ဆိုရလျှင် ထိုလူငယ်၏ ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီဖြင့်သာ ဆိုလျှင် သိပ်မကြာမီ အချိန်အတွင်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် ထိုလူငယ်ကို ယှဥ်ပြိုင်နိုင်သူမှာ အနည်းငယ်မျှသာ ရှိပေတော့မည်။
“မင်းဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ငါမဖျောင်းဖျတော့ပါဘူး.. ဒါပေမဲ့ ကျန်းချန်ရဲ့ အထောက်အထားကို လုံးဝ မပေါက်ကြားဖို့တော့ အထူး သတိထားရလိမ့်မယ်”
ရွှယ်ယွင်ထျန်း၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
“ငါ သိပ်မကြာခင် ဂိုဏ်းကနေ ခဏ ထွက်သွားဦးမယ်.. အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ မတိုင်ခင်တော့ ငါအတတ်နိုင်ဆုံး ပြန်လာခဲ့မယ်.. ဒီအတောအတွင်းတော့ သွေးနတ်ဆိုးဂိုဏ်းကို မင်းလက်ထဲပဲ အပ်ထားခဲ့မယ်”
ထိုစကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် အံ့အားသင့်သွားခဲ့သည်။
“ဆရာက ဘယ်သွားမလို့လဲ”
“သွေးအရိပ်ဘိုးဘေးက အသက်ရှင်နေသေးလား ဆိုတာ ငါအတည်ပြုချင်တယ်.. အဲဒီ အဘိုးကြီးနဲ့ သွေးနတ်ဘုရားတို့ရဲ့ဆက်ဆံရေးအရ တကယ်လို့ သူသာ ဒီလောကမှာ အသက်ရှင်နေသေးမယ် ဆိုရင် သူက ငါတို့အတွက် သေချာပေါက်ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မယ်”
ရွှယ်ယွင်ထျန်း၏ စကားသံတွင် လေးနက်သော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
ရွှယ်ယွင်ထျန်းထံမှ သွေးအရိပ်ဘိုးဘေး ဟူသော အမည်ကို ကြားလျှင် ရွှယ်ချန်ကျဲ အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
“ဒီကိစ္စကို မင်းစိတ်ပူဖို့ မလိုပါဘူး.. မင်းရဲ့ဆရာက ကိုင်တွယ်ပေးပါ့မယ် သွေးနတ်ဆိုးဂိုဏ်းကိုပဲ သေချာဂရုစိုက်ထားပါ”
ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်ယွင်ထျန်း၏ ပုံရိပ်သည် လက်ခနဲဖြစ်သွားခဲ့ပြီး ရွှယ်ချန်ကျဲ၏ ရှေ့ကနေ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၅၇၅)ပြီး၏။
အခန်း(၂၅၇၆)
သွေးနတ်ဆိုးဂိုဏ်း၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခန်းထဲရှိ ကျောက်ဖျာထက်တွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ မလှုပ်မယှက် ထိုင်နေခဲ့သည်။
စနစ်ထံမှ သတိပေးချက်များသည် သူ၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့၏။
“ဒင်.. သင်က အင်မော်တယ်ခရစ္စတယ် အပိုင်းအစ၏ အာဟာရကို စုပ်ယူပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် ဆယ်မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ဆယ့်ငါးမိနစ်ကြာ ကျင့်ကြံခဲ့ပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် ဆယ်မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
“.........”
ကျန်းချန်၏ အစွမ်းကုန် ကျင့်ကြံမှုအောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့သည်။
ငါးလခန့် ကြာပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အုပ်စိုးသူ အလယ်အလတ်အဆင့်၏ အထွတ်အထိပ်အထိ ရောက်ရှိသွားခဲ့ပြီး အုပ်စိုးသူနှောင်းပိုင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
ဤငါးလအတွင်း ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ် ခရစ္စတယ် အပိုင်းအစ၏ စွမ်းအားကို စုပ်ယူ၍ ကျင့်ကြံခဲ့ရ၏။
အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံမတိုင်မီ အုပ်စိုးသူနှောင်းပိုင်းအဆင့်ကို ထိုးဖောက်နိုင်ရန် အတွက် ကျန်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ သွေးနတ်ဆိုးဂိုဏ်း၏ ဘဏ္ဍာတိုက်အတွင်းရှိ ထိပ်တန်း အရင်းအမြစ် အချို့ကို တိုက်ရိုက်ပင် ထုတ်ယူ အသုံးပြုခဲ့သည်။
ဤသို့ဖြင့် နောက်ထပ် နှစ်ပတ်ခွဲခန့် ဆက်လက် ကျင့်ကြံပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ သာယာနာပျော်ဖွယ်ကောင်းသေ သတိပေးသံ တစ်သံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။
“ဒင်.. သင်က အုပ်စိုးသူလနှောင်းပိုင်းအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြီ”
သူ၏ ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူစွမ်းအားများက ယခင်ထက် ပိုမို အားကောင်းလာသည်ကို ခံစားမိလျှင် ကျန်းချန် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
“နောက်ဆုံးတော့ အုပ်စိုးသူနှောင်းပိုင်းအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ”
ယခုအခါတွင် သူက အုပ်စိုးသူနှောင်းပိုင်းအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာန အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့နေစရာ မလိုတော့ပေ။
အကယ်၍ အင်မော်တယ် ကျောက်တိုင်ဖြင့် အကျဥ်းသားစွမ်းအားကို အသုံးပြုမည် ဆိုလျှင် မဟာယာန အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူများကိုပင် အင်မော်တယ်ကျောက်တိုင်အတွင်း ချုပ်နှောင်ထားနိုင်လောက်၏။
ဆိုရလျှင် ကျန်းချန်၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်သည် အင်မော်တယ် ကျင့်ကြံခြင်းလစကြဝဠာ၌ အထွတ်အထိပ်အဆင့်တွင် ရှိနေပြီ ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းထဲမှာပင် သူ့ကို ခြိမ်းခြောက်နိုင်သူမှာ မရှိသလောက်ပင်။
သူ၏ လက်ရှိခွန်အားဖြင့်သာဆိုလျှင် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံတွင် သူ၏ အထောက်အထား ပေါ်ပေါက်သွားခဲ့လျှင်ပင် ကျန်းချန်သည် ဟွမ်ယွမ်ဓားဂိုဏ်းကနေ အေးအေးဆေးဆေး ပြန်လည် ဆုတ်ခွာနိုင်မည်ဟု ယုံကြည်မှုရှိနေခဲ့သည်။
“အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပဖို့အချိန် သိပ်မလိုတော့ဘူးပဲ”
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပြီးနောက်တွင် နေရာမှ ဖျတ်ခနဲ ပျောက်သွားခဲ့ကာ ရွှယ်ချန်ကျဲ၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
“သခင်ကြီး.. ကျင့်ကြံရာကနေ ထွက်လာပြီလား”
သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ရွှယ်ချန်ကျဲ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ထို့နောက် သူ၏ မျက်နှာထက်တွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
“ဟုတ်တယ် ချန်ကျဲ”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ရွှယ်ချန်ကျဲကို မေးလိုက်သည်။
“ငါ့ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာ ဘာထူးခြားမှုတွေ ရှိသေးလဲ”
“အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲက အင်အားစု အများအပြားက ပြင်ဆင်မှုတွေ ပြုလုပ်နေကြတယ်.. ဒါကြောင့် ထူးထူးခြားခြား ဘာကိစ္စမှ မဖြစ်ခဲ့ဘူး.. မကြာသေးခင်ကပဲ ပဋိပက္ခတချို့ ရှိခဲ့တဲ့ စိမ်းလန်းသောမြစ်ဂိုဏ်းနဲ့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့တောင်မှ အဆုံးသတ်မှာ ငြိမ်သက် တိတ်ဆိတ်သွားခဲ့တယ်”
ရွှယ်ချန်ကျဲက ပြုံး၍ ရှင်းပြလိုက်သည်။
ရွှယ်ချန်ကျဲ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
စိမ်းလန်းသောမြစ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့ကြားတွင် မည်သည့် ပတ်သက်မှုမျှ မရှိခဲ့ဖူး၍ အကြောင်းအရင်းမရှိဘဲ ပဋိပက္ခ ဖြစ်စရာ အကြောင်းမရှိပေ။
သူခန့်မှန်းရသလောက်ဆိုရင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် ထျန်းယွိ အမွေအနှစ်နယ်မြေမှ ကိစ္စကို လိုက်လံစုံစမ်းရင်း အဆုံးသတ်တွင် စိမ်းလန်းသောမြစ်ဂိုဏ်းထံသို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် စိမ်းလန်းသောမြစ်ဂိုဏ်းကို ဘာမှ မလုပ်ဆောင်ခဲ့သလို သူ့ကိုလည်း လာရောက် အနှောင့်အယှက် မပေးခဲ့ပေ။
ထို့ကြောင့် စိမ်းလန်းသောမြစ်ဂိုဏ်းသည် သူ၏ အကြောင်းကို ထုတ်ဖော် မပြောခဲ့သည်မှာ သေချာသလောက်ပင်။
အကယ်၍ စိမ်းလန်းသောမြစ်ဂိုဏ်းက သူ့အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့လျှင်ပင် ကျန်းချန်သည် များစွာ ဂရုစိုက်နေမည် မဟုတ်ပေ။
လွန်ခဲ့သော လအနည်းငယ်ခန့်ကသာ သူက စိမ်းလန်းသောမြစ်ဂိုဏ်းကို ဦးဆောင်ကာ ထျန်းယွိ၏ အမွေအနှစ်များကို သိမ်းပိုက်ခဲ့ကြောင်း ထိုက်ယီအင်မော်တယ်ဂိုဏ်း သိရှိသွားခဲ့လျှင် သူ့အနေဖြင့် ထိုက်ယီအင်မော်တယ်ဂိုဏ်းကို အနည်းငယ် စိုးရိမ်ကောင်း စိုးရိမ်ရပေလိမ့်မည်။
သို့သော်လည်း ယခုအခါတွင် သူ၏ ခွန်အားသည် မဟာယာန အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူများထက်ပင် မနိမ့်ကျတော့ပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း ဂိုဏ်းကြီး သုံးဂိုဏ်း အနက်မှ တစ်ဂိုဏ်း ဖြစ်သော ထိုက်ယီအင်မော်တယ်ဂိုဏ်းနှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် အနည်းငယ်မျှပင် မကြောက်ရွံ့တော့ချေ။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မစဥ်းစားတော့ပေ။
သူက ခဏမျှ စဥ်းစားလိုက်ပြီးနောက် ရွှယ်ချန်ကျဲကို မေးလိုက်သည်။
“အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံက သိပ်မကြာခင် စတော့မယ် မဟုတ်လား”
ရွှယ်ချန်ကျဲက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပဖို့က တစ်လတောင်မလိုတော့ဘူး.. ကျွန်တော်တို့ အမြန်ဆုံး အရှိန်အဟုန်နဲ့ ဟွမ်ယွမ်ဓားဂိုဏ်းကို သွားမယ် ဆိုရင်တောင် အနည်းဆုံး ရက်ပေါင်းနှစ်ဆယ်လောက် ကြာမြင့်လိမ့်မယ်.. တကယ်လို့ သခင်ကြီးသာ သုံးရက်အတွင်း ကျင့်ကြံရာကနေ ထွက်မလာခဲ့ဘူး ဆိုရင် ကျွန်တော် သခင်ကြီးကို လာခေါ်တော့မလို့ပဲ”
ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။
“ချန်ကျဲ ဒါဆိုလည်း မင်းအသင့်ပြင်ထားလိုက်တော့.. ငါတို့ အခုပဲ ဟွမ်ယွမ်ဓားဂိုဏ်းဆီ သွားကြစို့”
“ဟုတ်ကဲ့ပါ သခင်ကြီး”
ရွှယ်ချန်ကျဲက တရိုတသေ ပြန်ဖြေလိုက်ပြီးနောက်တွင် အစီအစဥ်များ ပြုလုပ်ရန် ထွက်ခွာသွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ရွှယ်ချန်ကျဲနှင့် ရွှယ်ယွင်ထျန်းတို့သည် ကျန်းချန်နှင့် ပူးပေါင်းကာ ဟွမ်ယွမ်ဓားဂိုဏ်းသို့ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့ကြ၏။
ရွှယ်ချန်ကျဲနှင့် အတူ လိုက်ပါလာသော ရွှယ်ယွင်ထျန်းကို မြင်လျှင် ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ခင်ဗျားက ဘယ်လိုဖြစ်ပြီး ဒဏ်ရာတွေ ရနေတာလဲ”
“ဆရာ ဒဏ်ရာရနေတာလား”
ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် ထိတ်လန့်သွားခဲ့သည်။
သူက လျင်မြန်စွာပင် ရွှယ်ယွင်ထျန်းကို ကြည့်ကာ မေးလိုက်သည်။
“ဆရာ.. သွေးအရိပ်ဘိုးဘေးကို ရှာတွေ့ခဲ့ပြီလား”
ရွှယ်ယွင်ထျန်းသည် မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ပထမတန်းစား ကျင့်ကြံသူတစ်ဦးဟု ဆို၍ရသည်။
မဟာယာန အထွတ်အထိပ် အဆင့်ရှိ မွန်းစတားအိုကြီးများမှလွဲ၍ ရွှယ်ယွင်ထျန်းကို ခြိမ်းခြောက်နိုင်သူမှာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ အတွင်း လူနည်းစုမျှသာ ရှိသည်။
ထို့အပြင် သိပ်မကြာခင်က သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ယွင်ထျန်း ထွက်ခွာသွားခြင်းသည် သွေးအရိပ်ဘိုးဘေး အသက်ရှင်နေသေးခြင်း ရှိ မရှိ အတည်ပြုရန် ဖြစ်၏။
ယခု ရွှယ်ယွင်ထျန်းက ဒဏ်ရာ အပြင်းအထန်ဖြင့် ပြန်လာခဲ့ရာ သွေးအရိပ်ဘိုးဘေးသည် အသက်ရှင်နေဆဲ ဖြစ်သည်မှာ သေချာသလောက်ပင် မဟုတ်ပါလား။
“အဲဒီ အဘိုးကြီးက တကယ်ပဲ အသက်ရှင်နေသေးတယ်.. ဒါပေမဲ့ သူ အချိန်တိုအတွင်းတော့ ပြန်ပေါ်လာမှာ မဟုတ်ဘူး.. ဒါကြောင့် သူနဲ့ ပတ်သက်ပြီး အရမ်းကြီး စိတ်ပူနေစရာမလိုပါဘူး”
ရွှယ်ယွင်ထျန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွားကြရအောင်.. ဒီကိစ္စကို အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံပြီးမှပဲ ဆွေးနွေးကြတာပေါ့”
“သွေးအရိပ်ဘိုးဘေးလား”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
သို့သော်လည်း သူက ထိုကိစ္စနှင့် ပတ်သက်၍ မမေးမြန်းတော့ပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေပြီး နောက်ကွယ်တွင် လက်မဲကြီးရှိနေခဲ့ရာ မဟာယာန အဆင့်ကို ကျော်လွန်သော တည်ရှိမှုမျိုး ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်ပေ။
အလွန်ဆုံး သွေးအရိပ်ဘိုးဘေးသည် မဟာယာန အထွတ်အထိပ် အဆင့်သာ ရှိနိုင်ပေသည်။
အကယ်၍ ထိုအဘိုးကြီးသာ အခြေအနေကို နားမလည်ဘဲ လာရှုပ်ရဲလျှင် သူက ထိုအဘိုးကြီးကို သင်ခန်းစာပေးလိုက်ရုံသာ မဟုတ်ပါလား။
ဟွမ်ယွမ်ကောင်းကင်နယ်မြေသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ရှေးအကျဆုံးနှင့် အကြီးမားဆုံး နယ်မြေများထဲမှ တစ်ခု ဖြစ်သည်။
ထိုနေရာသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် နံပါတ်တစ် နေရာ၌ ရှိသော ဟွမ်ယွမ်ဓားဂိုဏ်း တည်ရှိသော နေရာလည်းဖြစ်သည်။
ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေနှင့် ဟွမ်ယွမ်ကောင်းကင်နယ်မြေသည် အလွန်တရာပင် ဝေးကွာပြီး ထိုနှစ်ခုကြားတွင် နယ်မြေ ဆယ်ခုထက်မက ရှိသည်။
ကျန်းချန်တို့သည် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေမှ ထွက်ခွာလာခဲ့ကြပြီး လမ်းတစ်လျှောက်တွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များကို အသုံးပြုခဲ့သည့်တိုင် ဟွမ်ယွမ် ကောင်းကင်နယ်မြေသို့ ရောက်ရန် နှစ်ပတ်ခွဲနီးပါး ကြာမြင့်ခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အကြီးကျယ်ဆုံး နယ်မြေ ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်စွာပင် ဟွမ်ယွမ်ကောင်းကင် နယ်မြေသည် အလွန်တရာပင် စည်ကားသည်။
ကျန်းချန်တို့သည် ဟွမ်ယွမ်ကောင်းကင် နယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် မိုင်ပေါင်းထောင်ချီ မြင့်မားသော မြို့ရိုးများဖြင့် ကာရံထားသည့် ကြီးကျယ်သော မြို့ကြီးများကို တွေ့မြင်ခဲ့ရသည်။
ထိုမြို့များကို ဝိညာဥ်သွေးပြန်ကြောများ ပေါ်တွင် တည်ဆောက်ထား၏။
မြို့ထဲကနေ အခါအားလျော်စွာ ပျံသန်းထွက်လာကြသည့် အစွမ်းထက် အရှိန်အဝါများကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများကိုလည်း သူတို့ မြင်တွေ့ခဲ့ရသည်။
ကျန်းချန်သည် သူ၏ အစွမ်းထက် နတ်အသိစိတ် အာရုံခံစားမှုမှ တစ်ဆင့် မိုင်ပေါင်းသောင်းချီ ရှည်လျားပြီး ဟွမ်ယွမ်ကောင်းကင်နယ်မြေ တစ်ခုလုံးကို ဖြန့်ကျက်ထားသော ဝိညာဥ်သွေးပြန်ကြောကို ရှင်းလင်းစွာ ခံစားမိခဲ့သည်။
၎င်းဝိညာဥ်သွေးပြန်ကြောသည် လူ့ခန္ဓာကိုယ်၏ သွေးကြောမကြီးများ ကဲ့သို့ပင် ထိုမြို့များ၏ ဝိညာဥ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။
အခန်း(၂၅၇၆)ပြီး၏။