← Chapters

အခန်း (၂၅၇၇-၂၅၇၈)

Vol. 198 Ch. 2577-2578

အခန်း (၂၅၇၇-၂၅၇၈)

Vol. 198 Ch. 2577-2578

အခန်း(၂၅၇၇)

“အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ အကြီးကျယ်ဆုံးနယ်မြေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်”

ဟွမ်ယွမ်ကောင်းကင်နယ်မြေ၏ အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် မချီးကျူးဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။

ဟွမ်ယွမ်ကောင်းကင်နယ်မြေ၏ ပတ်ဝန်းကျင်သည် အမှန်တကယ်ပင် အလွန်အမင်း ကောင်းမွန်နေခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ မည်သည့် ကျင့်ကြံသူ အတွက်မဆို ဟွမ်ယွမ်ကောင်းကင် နယ်မြေသည် ကျင့်ကြံရန် အတွက် အလွန်တရာ ကောင်းမွန်သော မြင့်မြတ်သည့် နယ်မြေ တစ်ခု ဖြစ်သည်။

ဤနေရာရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်သည် ကျန်းချန် မကြာသေးမီက သွားရောက်ခဲ့သည့် ထိုက်ယီကောင်းကင် နယ်မြေနှင့် နှိုင်းယှဥ်လျှင်ပင် နှစ်ဆမက ပို၍ သာလွန်နေခဲ့၏။

သို့ဖြစ်၍ သွေးနတ်ဆိုးဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသည် ဟွမ်ယွမ်ကောင်းကင် နယ်မြေနှင့် နှိုင်းယှဥ်လျှင် အလွန်ပင် ကွာခြားနေခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် ဟွမ်ယွမ်ကောင်းကင်နယ်မြေ အတွင်းရှိ မည်သည့်မြို့မဆို ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ၏ အဓိကမြို့တော် ဖြစ်သည့် ရွှယ်ယန်မြို့နှင့် နှိုင်းယှဥ်နိုင်သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေနှင့် ဟွမ်ယွမ်ကောင်းကင် နယ်မြေတို့ ကြားတွင် မည်မျှအထိ ကွာဟချက် ကြီးမားသည်ကို မြင်တွေ့နိုင်ပေသည်။

“ဟွမ်ယွမ်ကောင်းကင် နယ်မြေကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အကြီးကျယ်ဆုံး နယ်မြေလို့ တင်စားကြတာ အလကား မဟုတ်ဘူး.. ဒီလိုမျိုး ကောင်းမွန်လွန်းတဲ့ ပတ်ဝန်းကျင်သာ မရှိခဲ့ရင် ဟွမ်ယွမ်ဓားဂိုဏ်းက ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းရဲ့ နံပါတ်တစ် နေရာမှာ အစဥ်တစ်စိုက် ရပ်တည်နိုင်ခဲ့မှာ မဟုတ်ဘူး”

ရွှယ်ယွင်ထျန်းက လေးနက်စွာ ပြောလိုက်သည်။

ယနေ့ခေတ်တွင် ဟွမ်ယွမ်ဓားဂိုဏ်းသည် ဝိညာဥ်သွေးပြန်ကြောများ ဆုံစည်းရာ နေရာ ဖြစ်သည့် ဟွမ်ယွမ်ကောင်းကင် နယ်မြေကို အုပ်ချုပ်ထားသည်။

ထို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကြီးမားသော အပြောင်းအလဲ တစ်ခုခု မရှိသရွေ့ နောက်ထပ် နှစ်ပေါင်းသောင်းချီ ကြာလျှင်ပင် မည်သည့် အင်အားစုကမျှ ဟွမ်ယွမ်ဓားဂိုဏ်း၏ နေရာကို ရယူနိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းချန်တို့သည် စကားတပြောပြောဖြင့် မြို့လယ် ဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။

မြို့လယ်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ကောင်းကင်ယံတွင် ပျံသန်းသွားလာနေသော ကျင့်ကြံသူများကို ပို၍ မြင်လာရ၏။

ထိုကျင့်ကြံသူများသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းဝင်များ ဖြစ်သည်မှာ ထင်ရှားနေခဲ့ပြီး ၎င်းတို့သည် ကပ်ဘေးအဆင့်ရှိ သားရဲကြီးများ သို့မဟုတ် ယာဥ်များကို စီးနှင်းလာခဲ့ကြသည်။

ဤကျင့်ကြံသူများသည် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသို့ တက်ရောက်ရန် ဟွမ်ယွမ်ကောင်းကင် နယ်မြေသို့ လာရောက်ကြသည်မှာ ထင်ရှားနေခဲ့၏။

ယခုတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပသော နေရာသည် ဟွမ်ယွမ်ကောင်းကင် နယ်မြေတွင် နာမည်ကျော်ကြားသည့် ဟွမ်ယွမ် သူတော်စင်မြို့တော် ဖြစ်သည်။

ရွှယ်ယန်မြို့ကို ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ၏ မြို့တော်ဟု သတ်မှတ်သလိုပင် ဟွမ်ယွမ်သူတော်စင် မြို့တော်သည်လည်း ဟွမ်ယွမ်ကောင်းကင် နယ်မြေ၏ အဓိကမြို့တော် ဖြစ်သည်။

အကြောင်းရင်းမှာ ဟွမ်ယွမ်သူ‌တောင်စင် မြို့တော်တွင် ဟွမ်ယွမ်ကောင်းကင် နယ်မြေကို အုပ်ချုပ်သည့် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် နံပါတ်တစ် နေရာ၌ ရှိသော ဟွမ်ယွမ်ဓားဂိုဏ်း တည်ရှိသောကြောင့်ပင်။

ဟွမ်ယွမ်ဓားဂိုဏ်းသည် ရှည်လျားသော သမိုင်းကြောင်း အစဥ်အလာ ရှိပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားအကောင်းဆုံး အင်မော်တယ်ဂိုဏ်းကြီး အဖြစ် အသိအမှတ်ပြုခြင်း ခံထားရသော ဂိုဏ်းလည်း ဖြစ်သည်။

ဝူကျိ အင်မော်တယ်ဂိုဏ်း ဖြစ်စေ၊ ထိုက်ယီအင်မော်တယ်ဂိုဏ်း ဖြစ်စေ၊ ဟွမ်ယွမ်ဓားဂိုဏ်းထက် အနည်းငယ် နိမ့်ကျကျသည်။

ဟွမ်ယွမ်ဓားဂိုဏ်း မည်မျှအထိ အင်အားကြီးမားသည်ကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် သိရှိသူ အနည်းငယ်မျှသာ ရှိ၏။

ဇာတ်မြှုပ်နေထိုင်နေသော မွန်းစတားအိုကြီး တချို့ကို ချန်လှပ်ထားလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဆယ်ဦး အနက် ထိပ်ဆုံး သုံးဦးစလုံးသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

ဤအချက်တစ်ချက်တည်းကပင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အင်အားကို သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။

ဟွမ်ယွမ်ကောင်းကင်နယ်မြေတွင် သုံးရက်နှင့်သုံးည တိုင်တိုင် ပျံသန်းပြီးနောက် ကျန်းချန် တို့သည် ဟွမ်ယွမ်ကောင်းကင်နယ်မြေ၏ အစည်ကားဆုံးမြို့ ဖြစ်သော ဟွမ်ယွမ်သူတော်စင်မြို့တော် ဆီသို့ အဆုံးသတ်တွင် ရောက်ရှိလာခဲ့သည်။

“တကယ်ကို စည်ကားတဲ့မြို့ပဲ”

ဟွမ်ယွမ်သူတော်စင် မြို့တော်သို့ ဝင်ရောက်ပြီးနောက်တွင် စည်ကားသော မြို့ကြီးများကို မြင်တွေ့ဖူးကြ ဖြစ်သော ကျန်းချန် ပင်လျှင် မြို့တော်၏ အခြေအနေကို ကြည့်ကာ အံ့အားသင့်သွားကြသည်။

ဟွမ်ယွမ်သူတော်စင်မြို့တော်သည် ကျန်းချန် မြင်တွေ့ဖူးသမျှ မြို့များထက် ပို၍ ကြီးမား၏။

မြို့၏ အကျယ်အဝန်းသည် မိုင်တစ်သိန်းကျော်ခန့် ရှိပြီး လူဦးရေ သန်းရာချီ ဆန့်သည်။

ဟွမ်ယွမ်သူတော်စင်မြို့တော်ရှိ ဝိညာဥ်စွမ်းအင်သည် ဟွမ်ယွမ်ကောင်းကင်နယ်မြေရှိ အခြားနေရာများထက် နှစ်ဆကျော် ပို၍ ကြွယ်ဝ၏။

ဤနေရာကို လာရောက်ကြသော ကျင့်ကြံသူများသည် အလွန်တရာပင် အစွမ်းထက်ကြပြီး ကပ်ဘေးအဆင့်နှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများကို နေရာတိုင်းလိုလိုတွင် မြင်တွေ့နေရသည်။

တစ်ခါတစ်ရံတွင် ကောင်းကင်ယံတွင် ပျံသန်းနေသော မဟာယာန အဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါကိုပင် အာရုံခံမိနိုင်မည် ဖြစ်သည်။

“အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ ဆိုတာ နှစ်ပေါင်းတစ်ရာမှာမှ တစ်ကြိမ် ကျင်းပတဲ့ ကြီးကျယ်တဲ့ ပွဲတော်ကြီး တစ်ခုပဲ.. ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း အပြင် အနည်းဆုံး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေကို ပိုင်ဆိုင်ထားတဲ့ ပထမတန်းစား အင်အားစုတွေပဲ ပါဝင်ခွင့်ရှိတယ်.. အခု အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပတော့မှာ ဆိုတော့ ဟွမ်ယွမ်သူတော်စင်မြို့တော်မှာ အစွမ်းထက် ကျင့်ကြံသူတွေ စုဝေးနေကြတာ မထူးဆန်းပါဘူး”

ရွှယ်ချန်ကျဲက ခပ်တိုးတိုး ရှင်းပြလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်ကာ မေးလိုက်သည်။

“အခု ငါတို့ ဘယ်သွားကြမလဲ”

ရွှယ်ချန်ကျဲက ခဏမျှ စဥ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

“မြို့စားစံအိမ်ကို သွားပြီး ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ တာဝန်ခံကို အရင်ရှာရမယ် သခင်ကြီး.. သူက ကျွန်တော်တို့ အတွက် တည်းခိုဖို့ နေရာထိုင်ခင်း စီစဥ် ပေးပါလိမ့်မယ်”

ကျန်းချန်က ရွှယ်ချန်ကျဲ၏ စကားကို သဘောတူလိုက်သည်။

သူတို့သုံးဦးက ဟွမ်ယွမ် သူတော်စင်မြို့တော် အတွင်း ခဏမျှ လှည့်လည် ကြည့်ရှုပြီးနောက်တွင် မြို့လယ်ရှိ မြို့စားစံအိမ်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

မြို့စားစံအိမ်၏ အပြင်ဘက်ရှိ မီတာထောင်ချီ ကျယ်ဝန်းသော ရင်ပြင်ပေါ်တွင် အစွမ်းထက် အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် လူအများအပြား ရှိနေပြီး ၎င်းတို့သည် တန်းစီ၍ စောင့်ဆိုင်းနေကြသည်။

ဤလူများသည် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို တက်ရောက်ရန်အတွက် လာရောက်ကြသူများ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ရင်ပြင်ပေါ်ရှိ အခြေအနေကို မြင်လိုက်ရလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

“လူတွေ အရမ်းများလှချည်လား”

“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ နယ်မြေပေါင်း တစ်ရာထက် မနည်းရှိတယ်.. နယ်မြေ တစ်ခုစီတိုင်းမှာ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်ထားတဲ့ ပထမတန်းစားအင်အားစု အများအပြား ရှိတယ်.. အခု အဲဒီလူတွေ အားလုံးက ဟွမ်ယွမ်သူတော်စင် မြို့တော်မှာ လာရောက် စုဝေးနေကြတာ ဆိုတော့ ဒီလောက်အထိ များတာ မဆန်းပါဘူး”

ရွှယ်ချန်ကျဲက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံရဲ့ စည်းမျဥ်းအရတော့ ထိပ်တန်း အင်‌မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနဲ့ မဟာယာနအဆင့် ကျင့်ကြံသူတွေက တန်းစီ စောင့်ဆိုင်းစရာမလိုဘူး. ကျွန်တော်တို့ တိုက်ရိုက်ပဲ ဝင်သွားကြစို့”

ထိုစကားကို ပြောပြီးသည်နှင့် ရွှယ်ချန်ကျဲသည် ကျန်းချန်ကို ခေါ်ဆောင်ကာ မြို့စားစံအိမ် ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ကျန်းချန်တို့၏ နောက်ဘက်ကနေ ခပ်ထေ့ထေ့ ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဟားဟား ရွှယ်ယွင်ထျန်း.. ဒီတစ်ကြိမ် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံကို ဆင်နွှဲဖို့ သွေးနတ်ဆိုးဂိုဏ်းကို ဦးဆောင်လာတာက မင်း ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် ကျန်းချန်တို့သုံးဦးစလုံး အံ့အားသင့်သွားခဲ့သည်။

သူတို့က ခေါင်းလှည့်၍ ကြည့်လိုက်ရာ သူတို့ဆီသို့ ဦးတည်ကာ လျှောက်လှမ်းလာသည့် ထူးခြားသော လူလေးဦးကို မြင်တွေ့လိုက်ရသည်။

“သခင်ကြီး.. သူတို့က ကျိုလီအင်မော်တယ်ဂိုဏ်းက လူတွေပဲ”

ရွှယ်ချန်ကျန်းက အနည်းငယ် မျက်နှာပျက်သွားခဲ့ပြီး ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။

ရွှယ်ချန်ကျဲ သတိမပေးလျှင်ပင် ထိုလူလေးဦးက ကျိုလီအင်မော်တယ်ဂိုဏ်းမှဖြစ်ကြောင်း သူသိရှိပြီးသား ဖြစ်သည်။

အကြောင်းရင်းမှာ ထိုလေးဦးထဲတွင် ကျန်းချန်နှင့်အလွန်ရင်းနှီးပြီးသား ဖြစ်သည့် ပုဂ္ဂိုလ်တစ်ဦး ပါဝင်နေသောကြောင့်ပင်။

ထိုသူမှာ စိမ်းလန်းသောမြစ်မြို့တွင် သူနှင့်ပြဿနာ ဖြစ်ခဲ့ဖူးသည့် လီရှောင်ပင် ဖြစ်၏။

သို့သော်လည်း ကျန်းချန်သည် စိမ်းလန်းသောမြစ်မြို့တွင် ရှိစဥ်က သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားခဲ့သည်။

ယခုအခါတွင် သူ၏ မူလရုပ်သွင်သို့ ပြန်လည် ပြောင်းထားပြီဖြစ်ရာ လီရှောင်သည် ကျန်းချန်ကို ချက်ချင်း မမှတ်မိခဲ့ပေ။

“လီထျန်းကျုံး.. ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်တဲ့ မင်းကိုယ်တိုင် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို တက်ရောက်လာလိမ့်မယ်လို့ ငါလည်း မထင်ထားမိဘူး”

ရွှယ်ယွင်ထျန်းက တစ်ဖက်မှ သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံက သာမန်မှ မဟုတ်တာ.. ငါကိုယ်တိုင် ဦးဆောင်ပြီးလာတာ မထူးဆန်းပါဘူး”

ထိုစကားကိုပြောရင်း လီထျန်းကျုံးသည် ကျန်းချန်နှင့် ရွှယ်ချန်ကျဲကို အကဲခတ်လိုက်သည်။

သူ၏ မျက်ဝန်းတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ရွှယ်ယွင်ထျန်း.. မင်းတို့ဂိုဏ်းက ဒီကောင်လေး နှစ်ယောက်ကို သင်ကြားပေးထားတာ ဘယ်ဆိုးလို့လဲ”

လီထျန်းကျုံး၏ မြင်နိုင်စွမ်းဖြင့် ဆိုလျှင် ရွှယ်ချန်ကျဲက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း မြင်နိုင်ရန် မခက်ခဲပေ။

သို့သော်လည်း အခြားလူငယ်လေး တစ်ဦးသည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့၏။

ထိုလူငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကိုပင် လီထျန်းကျုံး မခန့်မှန်းနိုင်ခဲ့ပေ။

“ဂိုဏ်းချုပ်လီက ချီးမွမ်းလွန်းနေပါပြီ.. ငါတို့ သွေးနတ်ဆိုးဂိုဏ်းက တပည့်တွေက မင်းတို့ ကျိုလီအင်မော်တယ်ဂိုဏ်းက တပည့်တွေကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်ပါ့မလဲ.. တကယ်လို့ ဂိုဏ်းချုပ်လီမှာ အထွေအထူး ကိစ္စမရှိဘူးဆိုရင် ငါတို့ကို သွားခွင့်ပြုပါဦး”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ရွှယ်ယွင်ထျန်းသည် လီထျန်းကျုံးနှင့် စကားဆက်မပြောလိုတော့သဖြင့် ချာခနဲ လှည့်ကာ လျှောက်လှမ်းသွားခဲ့သည်။

“နေဦး”

ထိုမြင်ကွင်းကိုမြင်လျှင် လီထျန်းကျုံးသည် အပိုစကားများ ပြောမနေတော့ဘဲ ချက်ချင်းပင် ဟန့်တားလိုက်သည်။

“ရွှယ်ယွင်ထျန်း မင်းတို့ သွေးနတ်ဆိုးဂိုဏ်းကနေ ငါ အတည်ပြုချင်တဲ့ ကိစ္စတစ်ခု ရှိတယ်”

အခန်း(၂၅၇၇)ပြီး၏။

အခန်း(၂၅၇၈)

ရွှယ်ယွင်ထျန်းက မျက်မှောင် အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။

"ဘာကိစ္စလဲ"

လီထျန်းကျုံးက တည်ငြိမ်စွာ ပြောလိုက်သည်။

"မကြာသေးခင်ကပဲ ငါတို့ ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ လီထျန်းယွမ်က စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေမှာ မတော်တဆ ကျဆုံးသွားခဲ့တယ်"

ရွှယ်ယွင်ထျန်း၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ဂိုဏ်းချုပ်လီ.. မင်းတို့ ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ စိမ်းလန်းသောမြစ်နယ်မြေမှာ ကျဆုံးတာက ငါတို့ သွေးနတ်ဆိုးဂိုဏ်းနဲ့ ဘယ်လိုများ သက်ဆိုင်နေလို့လဲ"

ကျိုလီ အင်မော်တယ်ဂိုဏ်းမှ လီထျန်းယွမ်သည် ကျန်းချန်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ကြောင်း ရွှယ်ချန်ကျဲ၏ နှုတ်မှတစ်ဆင့် ရွှယ်ယွင်ထျန်း သိရှိထားပြီးပြီ ဖြစ်သော်လည်း ယခုအချိန်တွင် ရွှယ်ယွင်ထျန်း အနေဖြင့် အလွယ်တကူ ဝန်ခံမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ကျိုလီအင်မော်တယ်ဂိုဏ်း၏ အင်အားမှာ သွေးနတ်ဆိုးဂိုဏ်းထက်ပင် ပို၍ အားကောင်းသည်။

အထူးသဖြင့် အင်အားများစွာ ဆုတ်ယုတ်သွားခဲ့သော သွေးနတ်ဆိုးဂိုဏ်းသည် ကျိုလီ အင်မော်တယ်ဂိုဏ်းနှင့် နှိုင်းယှဉ်ရန် အလွန်ပင် အလှမ်းဝေးကွာနေခဲ့၏။

ဤကဲ့သို့သော အချိန်တွင် ရွှယ်ယွင်ထျန်းသည် ကျိုလီအင်မော်တယ်ဂိုဏ်းနှင့် ပဋိပက္ခ မဖြစ်လိုပေ။

လီထျန်းကျုံးက ရွှယ်ယွင်ထျန်းကို စူးစိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲဒီအချိန်က စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေမှာ ဒီလိုလုပ်နိုင်စွမ်းရှိတာ မင်းတို့ သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းထဲ ရှိလို့ပဲ"

ထိုနေ့က ကပ်ဘေးဆေးလုံး လုပွဲတွင် စိမ်းလန်းသောမြစ်ဂိုဏ်း မပါဝင်ခဲ့ပေ။

ယင်းအပြင် စိမ်းလန်းသောမြစ်မြို့တွင် ပေါ်လာခဲ့သည့် ထိပ်တန်းဂိုဏ်းကြီး ဟူ၍ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းဝင် သွေးနတ်ဆိုးဂိုဏ်း နှင့် ကျိုလီအင်မော်တယ်ဂိုဏ်း တို့သာ ရှိသည်။

ဆိုရလျှင် စိမ်းလန်းသောမြစ်မြို့တွင် သွေးနတ်ဆိုးဂိုဏ်းမှ လွဲ၍ မဟာယာန အဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်နိုင်စွမ်းရှိသည့် အခြား အင်အားစု မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

"ဂိုဏ်းချုပ်လီ.. စကားကို ထင်ရာ လျှောက်မပြောစမ်းနဲ့.. လီထျန်းယွမ် ကျဆုံးတာက ငါတို့ သွေးနတ်ဆိုးဂိုဏ်းနဲ့ ပတ်သက်တယ်လို့ ပြောရအောင် မင်းမှာ ဘာသက်သေရှိလို့လဲ"

ရွှယ်ယွင်ထျန်းက မကျေမနပ် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ လက်ယာ ကိုယ်ရံတော် ရွှယ်ကျိုမင်လည်း စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေမှာ ကျဆုံးခဲ့တာပဲ.. အဲဒီလိုဆို မင်းတို့ ကျိုလီအင်မော်တယ်ဂိုဏ်းကိုလည်း ငါတို့ သံယယဝင်လို့ ရနေတာပဲ မဟုတ်လား"

လီထျန်းကျုံး မျက်နှာ အနည်းငယ် ပျက်သွားသည်။

လီထျန်းကျုံးသည် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ အခြေအနေကို လီရှောင်၏ နှုတ်မှတစ်ဆင့် သိရှိထားပြီးသား ဖြစ်သည်။

လေအေး အင်မော်တယ်ဂိုဏ်းက ငြင်းပယ်၍ မရနိုင်လောက်သော ပမာဏမျိုး ပေးခဲ့သဖြင့် လီထျန်းယွမ်သည် ကပ်ဘေးဆေးလုံး အတွက် တိုက်ပွဲကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။

ထို့အပြင် သူက လေအေး အင်မော်တယ်ဂိုဏ်းမှ ဖိတ်ကြားထားသော မဟာယာန အဆင့် ကျင့်ကြံသူ ရေခဲမြစ်မိစ္ဆာကြီးနှင့် ပူးပေါင်းကာ ရွှယ်ကျိုးမင်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသည်အထိ တိုက်ခိုက်ခဲ့သော်လည်း သတ်ပစ်ရန်မူ မရွေးချယ်ခဲ့ကြပေ။

ပထမအချက်မှာ သွေးနတ်ဆိုးဂိုဏ်းသည် ကျိုလီအင်မော်တယ်ဂိုဏ်းနှင့် အင်အားချင်း မတိမ်းမယိမ်း ရှိနေသဖြင့် လီထျန်းယွမ်သည် ကျိုလီ အင်မော်တယ်ဂိုဏ်းကို သွေးနတ်ဆိုးဂိုဏ်းနှင့် တိုက်ရိုက် ပြဿနာ မဖြစ်စေလိုခြင်းကြောင့်ပင်။

ဒုတိယအချက်မှာ လီထျန်းယွမ်၏ ခွဲခြမ်းစိတ်ဖြာမှုအရ စိမ်းလန်းသောမြစ်မြို့၏ ကုန်သွယ်ရေးဈေးတွင် အင်မော်တယ်ရတနာများကို ဝယ်ယူခဲ့ပြီး အင်မော်တယ်လက်နက် အပိုင်းအစကို လေလံအောင်ခဲ့သူ နှစ်ဦးမှာ သွေးနတ်ဆိုးဂိုဏ်းကို အကြီးအကျယ် သောင်းကျန်းခဲ့ကြသည့် ရွှယ်ချန်ကျဲတို့ နှစ်ဦး ဖြစ်ရန် အလားအလာ အလွန် များသောကြောင့် ဖြစ်၏။

ထို့ကြောင့် လီထျန်းယွမ်သည် ရွှယ်ကျိုးမင်ကို အသုံးချ၍ ရွှယ်ချန်ကျဲတို့ နှစ်ဦးကို အပြင်သို့ မျှားထုတ်ရန် ဆုံးဖြတ်ခဲ့ပြီး နှစ်ဖက်စလုံး တိုက်ခိုက်ကာ အင်အား ကုန်ခမ်းသွားချိန်တွင်မှ ကြားကနေ အမြတ်ထုတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လီထျန်းယွမ် ထွက်ခွာသွားပြီးနောက်တွင် ကျိုလီအင်မော်တယ်ဂိုဏ်းသို့ ဘယ်သောအခါမှ ပြန်လာနိုင်တော့မည် မဟုတ်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ကျိုးမင်လည်း ကျဆုံးသွားခဲ့ကြောင်း လီထျန်းကျုံး သိရှိသော်လည်း ဤကိစ္စသည် သွေးနတ်ဆိုးဂိုဏ်း၏ ပယောဂနှင့် မကင်းနိုင်မှန်း သူ့ စိတ်ထဲကနေ အလိုလို သိနေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်းက သစ္စာဖောက် အဖြစ် သတ်မှတ်ထားသော်လည်း အဆုံးသတ်တွင် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းမှ လူတစ်ယောက်သာ ဖြစ်သည်။

အထူးသဖြင့် မကြာသေးမီက သွေးနတ်ဆိုးဂိုဏ်းတွင် ရုတ်တရက် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပွားခဲ့သည်။

နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော ရွှယ်ယွင်ထျန်းသည် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် နေရာ ရရှိအောင် ကူညီပေးခဲ့သည်။

ဤအကြောင်းပြချက်များ အားလုံးကြောင့် လီထျန်းယွမ် ကျဆုံးခြင်းမှာ သွေးနတ်ဆိုးဂိုဏ်းနှင့် ပတ်သက်နေရန် အလွန် အလားအလာ များသည်ဟု လီထျန်းကျုံး ခံစားနေရခြင်း ဆိုလည်းမမှားပေ။

လီထျန်းကျုံး၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့် အနက်ရောင် ကျောက်တုံး တစ်တုံးသည် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။

သူသည် ကျန်းချန်နှင့် ရွှယ်ချန်ကျဲ တို့ကို ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက လီထျန်းယွမ် မသေခင်က သူ့ရဲ့ ဝိညာဉ် တစ်ပိုင်းတစ်စကို ထည့်သွင်းထားတဲ့ ရတနာပဲ.. လီထျန်းယွမ် ကျဆုံးတာနဲ့ ဘယ်သူပဲ ပတ်သက်နေပါစေ.. ဒီကျောက်တုံးကို ထိလိုက်တာနဲ့ တုံ့ပြန်မှု ရှိလာမှာပဲ.. မင်းဘေးက လူငယ်နှစ်ယောက်ကို ရှေ့ထွက်ပြီး စမ်းသပ်ခိုင်းရဲလား"

ရွှယ်ယွင်ထျန်း၏ ဘေးရှိ လူနှစ်ဦးသည် လီရှောင်၏ နှုတ်မှ လူနှစ်ဦးနှင့် အသွင်အပြင် ပုံစံချင်း လုံးဝ မတူသော်လည်း လီထျန်းကျုံးသည် ထိုနှစ်ဦး၏ အထောက်အထားကို မှန်းဆမိနေခဲ့သည်။

ရွှယ်ယွင်ထျန်းနှင့် အတန်ငယ် ဆင်တူသော ထိုမဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သည် ရွှယ်ချန်ကျဲ ဖြစ်ရန် သေချာသလောက်ပင်။

ရွှယ်ချန်ကျဲ၏ နံဘေးတွင်ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကမူ ရွှယ်ချန်ကျဲ၏ အဖော် ဖြစ်နိုင်သည်။

ထိုနှစ်ဦးထံတွင် လီထျန်းယွမ်ကို သတ်နိုင်စွမ်း အမှန်တကယ် ရှိကောင်း ရှိပေလိမ့်မည်။

ကျန်းချန်တို့ အဖွဲ့နှင့် ကျိုလီအင်မော်တယ်ဂိုဏ်းတို့ ကြားမှ ပဋိပက္ခသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွားပြီးနောက်တွင် အကြည့် အများအပြားသည် ကျန်းချန်တို့ ဆီသို့ ရောက်ရှိလာခဲ့သည်။

"ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ နယ်မြေထဲမှာ ပဋိပက္ခဖြစ်ရဲတာ ဘယ်သူတွေလဲ.. ကိုယ့်အသက်ကိုယ် မနှမြောကြဘူး ထင်တယ်"

နယ်မြေလေး တစ်ခုမှ လာသော ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးက သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ အံ့အားသင့်သည့် အမူအရာဖြင့် ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ထိုကျင့်ကြံသူ၏ နံဘေးရှိ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက အလျင်အမြန် ငေါက်လိုက်သည်။

"သူတို့က ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲက ကျိုလီအင်မော်တယ်ဂိုဏ်းနဲ့ သွေးနတ်ဆိုးဂိုဏ်းက လူတွေပဲ.. ကိုယ့်ဒုက္ခ ကိုယ်မရှာချင်ရင် ပါးစပ်ပိတ်ထား"

ထိုကျင့်ကြံသူ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ရ၏။

ကျိုလီအင်မော်တယ်ဂိုဏ်း နှင့် သွေးနတ်ဆိုးဂိုဏ်း တို့သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် ပါဝင်ပြီး မဟာယာန အဆင့် ကျင့်ကြံသူများ ရှိကြသဖြင့် မည်သူမှ မပြစ်မှားရဲကြပေ။

ထို့အပြင် ဤမြင်ကွင်းကို ကြည့်ရင်း ကျင့်ကြံသူများ၏ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာခဲ့၏။

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ ကျိုလီအင်မော်တယ်ဂိုဏ်း နှင့် သွေးနတ်ဆိုးဂိုဏ်း တို့သည် ယခုအခါတွင် ထိပ်တိုက် ရင်ဆိုင်တွေ့နေရာ ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။

လီထျန်းကျုံး၏ လက်ထဲမှ ကျောက်တုံးကို မြင်လျှင် ရွှယ်ယွင်ထျန်းသည် မျက်နှာ အနည်းငယ် ပျက်သွားခဲ့သည်။

လီထျန်းယွမ်သည် ကျန်းချန်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့သည်မှာ ငြင်းမရသော အချက်ပင် ဖြစ်သည်။

အကယ်၍ လီထျန်းကျုံး၏ လက်ထဲမှ ကျောက်တုံးမှာ ထိုကဲ့သို့ စွမ်းဆောင်ရည် အမှန်တကယ် ရှိနေလျှင် ကျန်းချန်က ထိုကျောက်တုံးကို ထိလိုက်သည်နှင့် ကျောက်တုံးဆီကနေ သေချာပေါက် တုံ့ပြန်မှု ရှိလာပေလိမ့်မည်။

"လီထျန်းကျုံး.. မင်းကိုယ်မင်း ဘာထင်နေလဲ.. မင်းစမ်းသပ်ချင်တိုင်း ငါ့လူတွေက ရှေ့ထွက်ပေးရမှာလား.. ငါ ထပ်ပြောမယ်.. လီထျန်းယွမ် ကျဆုံးတာက ငါတို့ သွေးနတ်ဆိုးဂိုဏ်းနဲ့ ဘာမှ မပတ်သက်ဘူး"

ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်ယွင်ထျန်းသည် လီထျန်းကျုံးကို လျစ်လျူရှုကာ ကျန်းချန်တို့ နှစ်ဦးကို ခေါ်ဆောင်၍ လှည့်ထွက်လာခဲ့သည်။

လီထျန်းကျုံး၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့ပြီး သူ၏ ပုံရိပ်သည် ရွှယ်ယွင်ထျန်း၏ ရှေ့တွင် ရုတ်တရက် ပေါ်လာကာ အေးစက်စက် ပြောလိုက်သည်။

"ရွှယ်ယွင်ထျန်း... မင်း ဒီလောက် အလောတကြီး ထွက်သွားချင်နေတာ မင်းရဲ့ စိတ်ထဲမှာ မလုံလို့ မဟုတ်လား"

ရွှယ်ယွင်ထျန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ငါက မင်းကို သောက်ဖက်မလုပ်ချင်လို့ပဲ.. ဖယ်စမ်း.. ငါ့လမ်းကို လာမပိတ်နဲ့"

"ငါ မဖယ်ပေးဘူးဆိုရင်ရော.."

လီထျန်းကျုံးက အေးစက်စက် ပြုံးလိုက်သည်။

"ရွှယ်ယွင်ထျန်း.. မင်း သဘောတူသည်ဖြစ်စေ.. မတူသည်ဖြစ်စေ.. ငါ ဒီနေ့ သူတို့နှစ်ယောက်ဆီကနေ ရလဒ်တစ်ခုခု ရအောင် ဖော်ထုတ်ရမှာပဲ"

လီထျန်းကျုံး၏ စကားကို ကြားလျှင် ရွှယ်ယွင်ထျန်း၏ အမူအရာက ချက်ချင်းပင် တင်းမာသွားခဲ့သည်။

"လီထျန်းကျုံး.. မင်းကို ငါ မျက်နှာသာ နည်းနည်းပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်မနေနဲ့.. ဒါက ဟွမ်ယွမ်သူတော်စင်မြို့တော်ပဲ.. မင်းရဲ့ ကျိုလီ ကောင်းကင်နယ်မြေ မဟုတ်ဘူး.. မင်း ဒီနေရာမှာ တကယ်ပဲ တိုက်ခိုက်ချင်နေတာလား"

လီထျန်းကျုံးက တည်ငြိမ်စွာ ပြောလိုက်သည်။

"တကယ်လို့ မင်း သူတို့ကို စမ်းသပ်ခွင့် မပေးဘူးဆိုရင် ငါ့အနေနဲ့ တိုက်ခိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"

"ကောင်းပြီလေ"

ရွှယ်ယွင်ထျန်းက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

"ဒီလိုဆိုရင်လည်း လက်ရှိ ကျိုလီ အင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်လောက် အစွမ်းအစရှိလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့"

အခန်း(၂၅၇၈) ပြီး၏

All Chapters