အခန်း (၂၅၇၉-၂၅၈၀)
Vol. 198 Ch. 2579-2580
အခန်း(၂၅၇၉)
"ငါက မင်းကို ကြောက်နေမယ် ထင်နေလား"
လီထျန်းကျုံးက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
သူ့ ခန္ဓာကိုယ်ကနေ မဟာယာန နှောင်းပိုင်းအဆင့်၏ အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် မဟာယာန နှောင်းပိုင်းအဆင့် အစွမ်းထက် အရှိန်အဝါ နှစ်ခုသည် လောက တစ်ခုလုံးကို လွှမ်းမိုးသွားရာ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အသက်ရှူရ ကြပ်လာကြပြီး မျက်နှာများ ချက်ချင်း ပြာနှမ်းသွားကြသည်။
သို့သော်လည်း ရွှယ်ယွင်ထျန်း၏ စွမ်းအားများ ပေါက်ကွဲထွက်လာတော့မည့် ဆဲဆဲတွင် မြို့စားစံအိမ်ထဲကနေ အိုမင်းသော စကားသံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟွမ်ယွမ်သူတော်စင်မြို့တော် ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်.. မင်းတို့ကြားမှာ ဘယ်လို ရန်ငြိုးတွေပဲရှိရှိ ဒီနေရာက လက်ပါလို့ရတဲ့ နေရာ မဟုတ်ဘူး.. တကယ်လို့ မင်းတို့က ဇွတ်တိုက်ခိုက်မယ် ဆိုရင်တော့ ငါ့ကို အားမနာဘူးဆိုပြီး အပြစ်မတင်နဲ့"
ထိုစကားသံက ဟွမ်ယွမ်သူတော်စင်မြို့တော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီးနောက်တွင် လူအများအပြားကို အသက်ရှူ ကြပ်စေခဲ့သည့် ရွှယ်ယွင်ထျန်းတို့ နှစ်ယောက်၏ အရှိန်အဝါ ဖိအားများသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ဤရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရွှယ်ယွင်ထျန်း နှင့် လီထျန်းကျုံး တို့၏ နှလုံးသားများ တုန်လှုပ်သွားခဲ့၏။
ဟွမ်ယွမ်သူတော်စင်မြို့တော်မှ ဤအသံပိုင်ရှင်သည် သူတို့နှစ်ဦးထက် ပို၍ အစွမ်းထက်နေ၍ သေချာပေါက် မဟာယာန အထွက်အထိပ် အဆင့်ရှိ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သော တည်ရှိမှုမျိုးကို ရွှယ်ယွင်ထျန်း နှင့် လီထျန်းကျုံး တို့ပင်လျှင် အလွယ်တကူ ရန်မစရဲကြပေ။
"ရွှယ်ယွင်ထျန်း... ငါတို့ ကျိုလီ အင်မော်တယ်ဂိုဏ်း နဲ့ မင်းတို့ သွေးနတ်ဆိုးဂိုဏ်းကြားက ကိစ္စက ဒီမှာတင် ပြီးမှာမဟုတ်ဘူး.. အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ ပြီးသွားတဲ့အခါကျရင် မင်းနဲ့ စာရင်းရှင်းဖို့ ငါလာခဲ့မယ်"
ဟွမ်ယွမ်ဓားဂိုဏ်း မှ မဟာယာန အထွက်အထိပ် အဆင့်ရှိ အဖိုးအိုက ဝင်ပြောလာပြီ ဖြစ်ရာ လီထျန်းကျုံးသည် ဟွမ်ယွမ်ဓားဂိုဏ်းကို ပြစ်မှားမည့် အန္တရာယ်အား အဆင်ခြင်မဲ့စွာ မယူတော့ဘဲ ရွှယ်ယွင်ထျန်းနှင့် ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ပေ။
သူက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ နောက်မှ လူသုံးဦးကို ခေါ်ဆောင်ကာ မြို့စားစံအိမ် အတွင်းသို့ လျှောက်လှမ်းသွားခဲ့သည်။
"ငါတို့လည်း သွားကြစို့"
ရွှယ်ယွင်ထျန်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ဟွမ်ယွမ်သူတော်စင်မြို့တော်၏ မြို့စားစံအိမ် အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းအနက် တစ်ဂိုဏ်း ဖြစ်သောကြောင့် ကျန်းချန်တို့ မြို့စားစံအိမ်အတွင်း ရောက်ရှိလာချိန်တွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ နွေးထွေးသော ကြိုဆိုမှုကို ရရှိခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်တို့သည် ဟွမ်ယွမ်ဓားဂိုဏ်း ၏ စီစဉ်ပေးမှုဖြင့် မြို့စားစံအိမ် အတွင်းရှိ သီးသန့် ခြံဝင်း တစ်ခုတွင် တည်းခိုရန် နေရာချထားခြင်း ခံရသည်။
"လူကြီးမင်း သုံးယောက်ခင်ဗျာ... အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံကို နောက်သုံးရက်နေရင် ကျင်းပမှာ ဖြစ်ပါတယ်.. ဒါက ကျွန်တော်တို့ ဟွမ်ယွမ်ဓားဂိုဏ်းက လူကြီးမင်းတို့အတွက် ပြင်ဆင်ပေးထားတဲ့ တည်းခိုဆောင်ပါ.. တကယ်လို့ တခြား လိုအပ်တာ ဘာမှမရှိဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး"
ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်တစ်ဦးက ကျန်းချန်တို့ သုံးဦးကို ယဉ်ကျေးစွာ ပြောကြားပြီးနောက်တွင် ခြံဝင်းအတွင်းမှ ထွက်သွားခဲ့သည်။
ဟွမ်ယွမ်ဓားဂိုဏ်း တပည့် ထွက်သွားပြီးနောက် ရွှယ်ယွင်ထျန်းက ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
"မလိုအပ်ဘဲ ပြဿနာတွေ မဖြစ်အောင် ငါတို့ နောက်လာမယ့် သုံးရက်အတွင်း ဒီထဲမှာပဲ နေပြီး ကျင့်ကြံကြတာပေါ့"
ကျန်းချန် က ခေါင်းညိတ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှင်းပြပါဦး"
"အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံဆိုတာ အနှစ် ၁၀၀မှာ တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုပဲ.. ဒါက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ မှာရှိတဲ့ အင်အားစု အားလုံးကို အဆင့် ပြန်သတ်မှတ်တဲ့ပွဲလည်း ဖြစ်တယ်"
"ဥပမာပြောရရင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက သူတို့ရဲ့ နေရာကို ဆက်ပြီး ထိန်းထားနိုင်ဖို့ လုံလောက်တဲ့ အင်အားကို ပြသရသလို ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း အောက်မှာရှိတဲ့ တခြား အစွမ်းထက် အင်အားစုအချို့ကလည်း ထိပ်တန်း ဆယ်ဂိုဏ်းစာရင်းထဲ ပါဝင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်"
"အတိုချုပ် ပြောရရင်တော့ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံမှာ ဘယ်အင်အားစု မဆို ပိုပြီး အစွမ်းထက်တဲ့ အင်အားကို ပြသနိုင်လေလေ အဆင့်အတန်း ပိုမြင့်လာပြီး ရရှိမယ့် အရင်းအမြစ်တွေလည်း ပိုများလာလေလေပဲ"
ရွှယ်ယွင်ထျန်းက လေးနက်စွာ ရှင်းပြလိုက်သည်။
"တစ်နည်း ပြောရရင် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံရဲ့ အဓိက ရည်ရွယ်ချက်က အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက ထိပ်တန်း အင်အားစုတွေကို အဆင့်သတ်မှတ်ဖို့ပေါ့"
ကျန်းချန်က တခဏမျှ စဥ်းစားလိုက်ပြီးမှ ထပ်မံ မေးလိုက်သည်။
"ဒီအဆင့် သတ်မှတ်ချက်ကို ဘယ်လို စံနှုန်းတွေနဲ့ ဆုံးဖြတ်တာလဲ"
"ယေဘုယျအားဖြင့် ပြောရရင်တော့ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံကို အဆင့်နှစ်ဆင့် ခွဲထားတယ်"
ရွှယ်ယွင်ထျန်းသည် ဘာမှ ဖုံးကွယ်ထားခြင်း မရှိဘဲ ကျန်းချန်ကို အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ၏ တိကျသော စည်းမျဉ်းများအား ရှင်းပြလိုက်သည်။
ညီလာခံ၏ ပထမအဆင့်တွင် ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ဟု ခေါ်သော လျှို့ဝှက်နယ်မြေ တစ်ခုကို ဖွင့်လှစ်ပေးလိမ့်မည်။
အင်အားစု အသီးသီးမှ လူငယ် ပါရမီရှင်များသည် ထိုလျှို့ဝှက်နယ်မြေ အတွင်း ဝင်ရောက် ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး နောက်ဆုံးတွင် အဆင့် သတ်မှတ်ချက် တစ်ခုကို ထုတ်ပြန်မည် ဖြစ်သည်။
ဒုတိယအဆင့်ကမူ အသက်အရွယ် ကြီးရင့်ပြီး အတွေ့အကြုံရှိသော အစွမ်းထက် ပုဂ္ဂိုလ်များ၏ ယှဉ်ပြိုင်မှု ဖြစ်သည်။
ဥပမာအားဖြင့် ပထမအဆင့်တွင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ မဟုတ်သည့် အခြားဂိုဏ်းမှ လူငယ်ပါရမီရှင် တစ်ယောက်သည် ထိပ်ဆုံး အယောက် နှစ်ဆယ် စာရင်းထဲ ပါဝင်ခဲ့မည် ဆိုလျှင် ထိုအင်အားစုသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းထဲကို တက်လှမ်းရန် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်သည်။
ထိုအင်အားစုအနေဖြင့် မဟာယာန အဆင့် ကျင့်ကြံသူ တစ်ဦးကို စေလွှတ်ပြီး ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ မည်သည့်ဂိုဏ်း၏ မဟာယာန အဆင့် ကျင့်ကြံသူ တစ်ဦးဦးကို အနိုင်တိုက်နိုင်ခဲ့သည် ဖြစ်စေ၊ ထိုဂိုဏ်း၏ နေရာကို အစားထိုးပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းတွင် ပါဝင်နိုင်မည် ဖြစ်သည်။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ ပြင်ပမှ အခြားသော အင်အားစုများ၏ အဆင့် သတ်မှတ်ပြိုင်ပွဲများ အတွက်လည်း စည်းမျဉ်းများမှာ အတူတူပင် ဖြစ်သည်။
ရွှယ်ယွင်ထျန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းချန်သည် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ အကြောင်းကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းတွင် ဆက်လက် ရပ်တည်နိုင်ရန် အတွက် ပထမအဆင့်တွင် ထိပ်ဆုံး အယောက် ၂၀ စာရင်းထဲ ပါဝင်နေသရွေ့ ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့ခေတ် သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်အတန်းသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် မနိမ့်ကျပေ။
မဟာယာန အဆင့် ကျင့်ကြံသူများ ယှဉ်ပြိုင်သည့် ဒုတိယအဆင့်တွင်ပင်လျှင် သွေးနတ်ဆိုးဂိုဏ်းကို စိန်ခေါ်ဝံ့သည့် အင်အားစုမှာ အနည်းငယ်သာ ရှိပေလိမ့်မည်။
ရွှယ်ယွင်ထျန်းတို့ နှစ်ဦးနှင့် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ အကြောင်း ပြောဆိုပြီးနောက်တွင် ကျန်းချန်တို့သည် မိမိတို့၏ အခန်းများသို့ ကိုယ်စီပြန်သွားကာ သုံးရက်အကြာတွင် ကျင်းပမည့် ညီလာခံကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။
ကျန်းချန်သည် အခန်းထဲရှိ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ အစွမ်းထက် နတ်အသိစိတ် အာရုံကို ဟွမ်ယွမ်သူတော်စင်မြို့တော်၏ မြို့စားစံအိမ် တစ်ခုလုံးဆီ ဖြန့်ကျက်လိုက်သည်။
"ဟွမ်ယွမ်သူတော်စင်မြို့တော်ရဲ့ မြို့စားစံအိမ်ထဲမှာ တကယ့်ကို အစွမ်းထက်တဲ့ သူတွေ စုဝေးနေကြတာပဲ"
ပတ်ဝန်းကျင်ရှိ အနှိုင်းမဲ့ ပြင်းထန်သော အရှိန်အဝါများကို ခံစားမိလျှင် ကျန်းချန် စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင် ဖြစ်သွားသည်။
အကြမ်းဖျင်း စစ်ဆေးကြည့်ရုံဖြင့်ပင် သူ၏ ပတ်ဝန်းကျင်၌ မဟာယာန အဆင့် ကျင့်ကြံသူ ၁၀ ဦးထက် မနည်း ရှိနေသည်ကို တွေ့ရှိခဲ့ပြီး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါကမူ မရေမတွက်နိုင်အောင် များပြား၏။
သို့သော်လည်း ကျန်းချန်သည် ခဏမျှသာ အံ့အားသင့်သွားပြီး မကြာမီမှာပင် စိတ်အေးသွားခဲ့သည်။
အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အမြင့်မြတ်ဆုံး ပွဲတော်တစ်ခု ဖြစ်ရာ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ရှိသော အင်အားစု အားလုံးနီးပါးသည် ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် စုဝေးနေကြခြင်း ဖြစ်သည်။
ဟွမ်ယွမ်သူတော်စင်မြို့တော်၏ မြို့စားစံအိမ် အတွင်း တည်းခိုခွင့် ရရှိသူများထဲတွင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ လွဲ၍ ကျန်ရှိသော သူများသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အတွင်းရှိ အစွမ်းထက် အင်အားစုများ ဖြစ်ကြသည်။
အစွမ်းထက် အင်အားစုများ ဤနေရာတွင် စုဝေးနေကြသည်ဖြစ်ရာ အစွမ်းထက် ပုဂ္ဂိုလ် အရေအတွက်သည် သံသယဖြစ်ဖွယ်မရှိ အလွန်ပင် ကြောက်စရာ ကောင်းနေပေလိမ့်မည် မဟုတ်ပါလား။
"အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အင်အားက ငါ ထင်ထားတာထက်တောင် ပိုပြီး တောင့်တင်းပုံပဲ"
ကျန်းချန်သည် သူ၏ နတ်အသိစိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
အပေါ်ယံကြည့်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မဟာယာန အဆင့် ကျင့်ကြံသူ များစွာ မရှိလှပေ။
ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ လွဲ၍ တခြားသော အင်အားစုများတွင် မဟာယာနအဆင့် ကျင့်ကြံသူများမှာ မရှိသလောက်ပင်။
မဟာယာန တစ်ပိုင်းအဆင့် လူငယ်ပါရမီရှင်မှာလည်း သုံးဦးခန့်သာ ရှိသည်။
သို့သော် ကျန်းချန် ယခုလေးတင် စစ်ဆေးကြည့်လိုက်သောအခါ မဟာယာန အဆင့် ကျင့်ကြံသူများ ရှိသော အင်အားစုမှာ ၁၀ ခုထက်မက ရှိနေပြီး ရွှယ်ချန်ကျဲထက် မနိမ့်ကျသော မဟာယာန တစ်ပိုင်းအဆင့် အရှိန်အဝါ ပိုင်ရှင်များသည်လည်း လက်ချိုးရေတွက်၍ပင် မရနိုင်လောက်သည်အထိ ရှိနေသည်ကို တွေ့လိုက်ရသည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာန အဆင့် ကျင့်ကြံသူများနှင့် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် အရေအတွက်သည် အပေါ်ယံတွင် လူသိများသော အရေအတွက်ထက် များစွာ သာလွန်နေသည်မှာ ထင်ရှားနေခဲ့သည်။
ကျန်းချန်သည် ဟွမ်ယွမ်ဓားဂိုဏ်း ဦးဆောင်သော ထိပ်တန်း ဂိုဏ်းကြီး သုံးဂိုဏ်းထဲတွင် မဟာယာန အဆင့် ပါရမီရှင် တစ်ဦးပင် ရှိနေနိုင်သည်ဟုပင် သံသယဝင်မိခဲ့၏။
သို့သော်လည်း ဤအရာများနှင့် ပတ်သက်၍ ကျန်းချန်သည် များစွာ ဂရုမစိုက်ခဲ့ပေ။
သူ၏ အင်အားဖြင့် ဆိုလျှင် ပထမအဆင့်တွင် သွေးနတ်ဆိုးဂိုဏ်းကို ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းတွင် ဆက်လက် ရပ်တည်နိုင်အောင် စွမ်းဆောင်ရန်မှာ အလွန်ပင် လွယ်ကူသည် မဟုတ်ပါလား။
အခန်း(၂၅၇၉) ပြီး၏
အခန်း(၂၅၈၀)
သုံးရက်တာ အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ထိုနေ့၏ နံနက်စောစောတွင် ကျန်းချန်သည် အခန်းထဲမှ စောစီးစွာ ထွက်လာခဲ့ပြီး ရွှယ်ယွင်ထျန်း နှင့် ရွှယ်ချန်ကျဲ တို့ကို သွားတွေ့ခဲ့သည်။
"အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ဘယ်မှာ ကျင်းပတာလဲ"
ဟွမ်ယွမ်သူတော်စင်မြို့တော်၏ တည်ငြိမ်နေဆဲ ဖြစ်သော အခြေအနေကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် သံသယ အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ကျန်းချန် အတိတ်က ပါဝင်ခဲ့ဖူးသော ကြီးကျယ်ခမ်းနားသည့် ပွဲတော် အချို့တွင် ပွဲတော် ကျင်းပသည့်နေ့၌ ကြီးမားသော လှုပ်လှုပ်ခတ်ခတ် ဖြစ်ရပ်များ သေချာပေါက် ရှိတတ်သည်။
သို့သော်လည်း ယခုတစ်ကြိမ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပသည့်နေ့တွင်မူ ဟွမ်ယွမ်သူတော်စင် မြို့တော်၌ ဂယက်အနည်းငယ်မျှပင် မထွက်ပေါ်ဘဲ ရှိနေသည်မှာ အမှန်တကယ်ပင် ထူးဆန်းနေခဲ့၏။
"အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပမယ့်နေရာက ဒီဟွမ်ယွမ်သူတော်စင်မြို့တော်ထဲမှာပဲလေ"
ရွှယ်ယွင်ထျန်းက ပြုံး၍ ရှင်းပြလိုက်သည်။
"အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံရဲ့ ပထမအဆင့်ကို အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲမှာ ကျင်းပမှာဖြစ်ပြီးအဲဒီ ဟင်းလင်းပြင်ရဲ့ ဝင်ပေါက်က ဟွမ်ယွမ်သူတော်စင်မြို့တော်ရဲ့ အထက်မှာ ရှိတယ်.. ခဏနေရင် ဟွမ်ယွမ်ဓားဂိုဏ်းက အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ကို ဖွင့်ပေးပါလိမ့်မယ်"
အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင် ဆိုသည်မှာ ဟွမ်ယွမ်ဓားဂိုဏ်း ပိုင်ဆိုင်ထားသော ထူးခြားဆန်းပြားသည့် လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင် နယ်မြေ တစ်ခု ဖြစ်သည်။
ထိုနယ်မြေက မည်သည့်နေရာမှ ရောက်ရှိလာသည်ကို စကြဝဠာတစ်ခုလုံးတွင် သိရှိသူ အနည်းငယ်သာ ရှိသည်။
သို့သော်လည်း အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်၏ လျှို့ဝှက်ဆန်းကြယ်မှုသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် ကျော်ကြား၏။
အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်၏ အဓိက ကျော်ကြားသောအချက်မှာ 'မှော်ဆန်လွန်ခြင်း' ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤဟင်းလင်းပြင်နယ်မြေသည် လုံးဝကို စိတ်ကူးယဉ် ကမ္ဘာတစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့်တွင် ပါဝင်ကြမည့် လူငယ်ပါရမီရှင်များ အားလုံးသည် ဟင်းလင်းပြင်နယ်မြေ ထဲသို့ တကယ့် ခန္ဓာကိုယ်ဖြင့် ဝင်ရောက်၍ မရပေ။
နတ်အသိစိတ်အာရုံကို အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲသို့ ပို့လွှတ်ပြီး စိတ်ကူးယဉ် ကိုယ်ပွားပုံရိပ် တစ်ခုအဖြစ် ဖန်တီးကာ ဝင်ရောက်ရခြင်း ဖြစ်သည်။
ဤစိတ်ကူးယဉ် ကိုယ်ပွားပုံရိပ်သည် မူလခန္ဓာကိုယ်နှင့် တူညီသော အစွမ်းသတ္တိ နီးပါး ရှိသည်။
အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်သို့ ဝင်ရောက်ကြသော လူငယ်ပါရမီရှင်များ အားလုံးသည် ဤစိတ်ကူးယဉ် ကိုယ်ပွားပုံရိပ်ဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး မူလခန္ဓာကိုယ်ကမူ နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။
"အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံက တော်တော်လေး ထူးခြားတာပဲ"
ရွှယ်ယွင်ထျန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ကျန်းချန်သည် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ကို ပို၍ စိတ်ဝင်စားလာခဲ့သည်။
ကျန်းချန်တို့ စကားပြောနေစဉ်မှာပင် ဟွမ်ယွမ်သူတော်စင်မြို့တော်၏ အထက် ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားပြီး အိပ်မက်ဆန်ဆန် လှပသော ဧရာမ ဟင်းလင်းပြင် ဝဲဂယက်ကြီးတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
ထိုဟင်းလင်းပြင် ဝဲဂယက်မှ ပြင်းထန်သော အရှိန်အဝါ ဖိအားများနှင့် တောက်ပသော အလင်းတန်းများက ဟွမ်ယွမ်သူတော်စင် မြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ရာ မြို့အတွင်းရှိ ကျင့်ကြံသူ အားလုံး အသက်ရှူရ ကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် အောင်မြင် ခန့်ညားသော အသံတစ်သံသည် ဟွမ်ယွမ်သူတော်စင် မြို့တော် အထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ.. ပထမအဆင့်မှာ ပါဝင်မယ့် လူငယ် ပါရမီရှင်တွေ အားလုံး အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲကို ချက်ချင်း ဝင်ရောက်ဖို့ အသင့်ပြင်ပါ"
"အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲမှာ ပါဝင်သူအားလုံးရဲ့ ကနဦးရမှတ်က တစ်မှတ်စီ ဖြစ်ပါတယ်.. ပြိုင်ဘက် တစ်ယောက်ကို သတ်ဖြတ်နိုင်တိုင်းမှာ ပြိုင်ဘက်ရဲ့ ရမှတ်အားလုံးကို ရရှိမှာဖြစ်ပြီး အသတ်ခံရသူကတော့ ပြိုင်ပွဲက ချက်ချင်း ထွက်ရမှာ ဖြစ်တယ်"
"အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ကို သုံးရက်ကြာ ဖွင့်လှစ်ထားမှာ ဖြစ်ပြီး သုံးရက်အကြာမှာ နောက်ဆုံး အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်မှာ ဖြစ်တယ်"
ဟွမ်ယွမ်သူတော်စင်မြို့တော် အထက်တွင် ပဲ့တင်ထပ်နေသော စကားသံကို ကြားလိုက်ရလျှင် ကျန်းချန် အံ့အားသင့်စွာ မေးလိုက်သည်။
"အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲမှာ ဝင်ရောက်လာတဲ့ လူငယ်ပါရမီရှင်တွေကို စိတ်ကြိုက် သတ်ဖြတ်လို့ ရတယ်လား.. အဲဒါက မူလခန္ဓာကိုယ်ကိုရော ထိခိုက်မှု မရှိစေဘူးလား"
"မရှိပါဘူး.. အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲက စိတ်ကူးယဉ် ကိုယ်ပွားပုံရိပ် အသတ်ခံရရင် မူလခန္ဓာကိုယ်က ပြန်လည် နိုးထလာမှာဖြစ်ပြီး ဟင်းလင်းပြင်ထဲကနေ ထွက်လိုက်ရရုံပါပဲ.. တကယ်လို့ ဟင်းလင်းပြင်ထဲမှာ စိတ်ကူးယဉ် ကိုယ်ပွားပုံရိပ်တွေ အများကြီး သတ်နိုင်ခဲ့ရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေတောင် ရနိုင်ပါသေးတယ်"
ရွှယ်ယွင်ထျန်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ကဲ... အခု အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံရဲ့ ပထမအဆင့်ကို မင်းတို့ဆီ လွှဲအပ်လိုက်ပြီ"
အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့် အတွက် ရွှယ်ယွင်ထျန်းသည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ အဓိက အင်အားစုများ၏ အစွမ်းသတ္တိသည် အပေါ်ယံတွင် ပြသထားသည်ထက် ပိုမို အားကောင်းကြောင်း သူ သိသော်လည်း ရွှယ်ချန်ကျဲ ကဲ့သို့သော မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်၏ စွမ်းရည်ဖြင့် ဆိုလျှင် မတော်တဆမှု တစ်စုံတစ်ရာ မရှိခဲ့ပါက အဆင့် သတ်မှတ်ချက်တွင် ထိပ်ဆုံး အယောက် ၂၀ အတွင်း ပါဝင်ရန်မှာ ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေ။
ထို့အပြင် ယခုတစ်ကြိမ်တွင် ကျန်းချန် ကဲ့သို့ ထူးခြားဆန်းပြားသည့် တည်ရှိမှုမျိုးလည်း ပါဝင်နေသေးသည်။
မဟာယာန အဆင့် ကျင့်ကြံသူများကိုပင် သတ်နိုင်စွမ်းရှိသော ကျန်းချန်၏ ကြောက်မက်ဖွယ် စွမ်းရည်ဖြင့် ဆိုလျှင် ထိပ်တန်း အင်မော်တယ်ဂိုဏ်း ဆယ်ဂိုဏ်းတွင် မဟာယာန အဆင့် ပါရမီရှင် တစ်ဦး ရှိနေခဲ့လျှင်ပင် ကျန်းချန်ကို အနိုင်ရရန် လွယ်ကူမည် မဟုတ်ပေ။
ကျန်းချန်က အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။
"ကျွန်တော်တို့ အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲကို ဝင်သွားတဲ့အခါ တစ်ယောက်ယောက်က ကျွန်တော်တို့ရဲ့ မူလခန္ဓာကိုယ်ကို တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ"
ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် မူလခန္ဓာကိုယ်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားမည် ဖြစ်သည်။
အကယ်၍ ပြင်ပကမ္ဘာမှ တစ်စုံတစ်ဦးက ထိုအချိန်တွင် သူတို့၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လာလျှင် သူတို့တွင် ပြန်လည်ခုခံနိုင်စွမ်း အလျဉ်းရှိမည် မဟုတ်ပေ။
ဤသည်မှာ အလွန်ပင် အန္တရာယ်များသော အချက် ဖြစ်သည်။
"ဒီအတွက်တော့ စိတ်ချပါ.. အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်က အရမ်းကို လျှို့ဝှက်နက်နဲတယ်.. ဟင်းလင်းပြင်ထဲ ဝင်ရောက်သူတိုင်းကို အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်က အလိုလို အကာအကွယ်ပေးထားမှာပါ.. မဟာယာန အဆင့် ကျင့်ကြံသူတွေတောင် မင်းတို့ရဲ့ ခန္ဓာကိုယ်ကို နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"
"ဒါ့အပြင် ဟွမ်ယွမ်ဓားဂိုဏ်းကလည်း ဒီလို ဖြစ်ရပ်မျိုးကို ခွင့်ပြုမှာ မဟုတ်ပါဘူး"
"ဟွမ်ယွမ်သူတော်စင်မြို့တော်ထဲမှာ အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲ ဝင်နေသူရဲ့ ခန္ဓာကိုယ်ကို တစ်ယောက်ယောက်က တိုက်ခိုက်ဖို့ ကြိုးစားခဲ့ရင် အဲဒီသူက ဟွမ်ယွမ်သူတော်စင်မြို့တော်ရဲ့ ရန်သူ ဖြစ်သွားပါလိမ့်မယ်"
မူလ ခန္ဓာကိုယ် အတွက် အန္တရာယ်မရှိကြောင်း ကြားလိုက်ရသဖြင့် ကျန်းချန်သည် လေထုထဲရှိ ဟင်းလင်းပြင် ဝဲဂယက်ကို ကြည့်လိုက်သည်။
ထို့နောက် သူ၏ နတ်အသိစိတ်အာရုံကို ဝဲဂယက်အတွင်းသို့ ပို့လွှတ်လိုက်၏။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် သူ၏ နတ်အသိစိတ်အာရုံက အင်မော်တယ် ဟင်းလင်းပြင်၏ နိယာမအချို့ဖြင့် အတည်ပြုခြင်း ခံလိုက်ရသလို ခံစားလိုက်ရသည်။
အတည်ပြုပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထံမှ ငြင်းဆန်၍မရသော ကြီးမားသည့် စုပ်ယူမှု တစ်ခုကို ခံစားလိုက်ရပြီး သူ၏ အသိစိတ်သည် ချက်ချင်းပင် ဟင်းလင်းပြင်ထဲသို့ ဆွဲယူခြင်း ခံလိုက်ရကာ အမြင်အာရုံများပင် ဝေဝါးသွားခဲ့သည်။
သူ၏ အမြင်အာရုံများ ပြန်လည် ရှင်းလင်းလာသောအခါတွင် သူက ဧရာမ မြို့ကြီး တစ်မြို့သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
မြင့်မားသော အဆောက်အအုံများ၊ မြင့်မားသော မြို့ရိုးများ၊ ကျယ်ဝန်းသော လမ်းမများ၊ အရာအားလုံးသည် ကျန်းချန်အတွက် အလွန် ရင်းနှီးနေခဲ့သည်။
"ဒါက.. ဟွမ်ယွမ်သူတော်စင်မြို့တော်လား"
ပတ်ဝန်းကျင်ကို သတိပြုမိလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက မထင်မှတ်ဘဲ ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် ပေါ်လာခဲ့သည်။
ဤအင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်သည် သူက ဤစကြဝဠာမှ ကျင့်ကြံသူ မဟုတ်သည်ကို သိရှိသွားသဖြင့် ဟင်းလင်းပြင် အတွင်းသို့ ဝင်ခွင့်မပေးခြင်းပေလော။
သို့သော်လည်း ကျန်းချန်သည် သူ၏ရှေ့မှ ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မကြာမီမှာပင် သတိပြုမိသွားခဲ့သည်။
ဟွမ်ယွမ်သူတော်စင်မြို့တော်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် အစည်ကားဆုံးသော မြို့တော် ဖြစ်သည်။
ပုံမှန်ရက်များတွင်ပင် အလွန် စည်ကားလှပြီး ကျင့်ကြံသူများ အဆက်မပြတ် သွားလာနေကြ၏။
သို့သော် ယခု ဟွမ်ယွမ်သူတော်စင် မြို့တော်တွင် မူလက စည်ကားလှသော လူအုပ်ကြီး ပျောက်ကွယ်နေသည်။
ပတ်ဝန်းကျင်ရှိ လမ်းမများအားလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး လမ်းဘေးရှိ ဆိုင်ခန်းများမှာလည်း ပိတ်ထားကြသည်။
ဟွမ်ယွမ်သူတော်စင်မြို့တော် တစ်ခုလုံးသည် တစပြင် ကဲ့သို့ ဖြစ်နေခဲ့ပြီး အလွန်ပင် ခြောက်ကပ်နေခဲ့၏။
"မဟုတ်သေးဘူး.. ဒီနေရာက အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင် ဆိုတာပဲ ဖြစ်ရမယ်"
ကျန်းချန်၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းများ လင်းလက်သွားသည်။
သူက နတ်အသိစိတ်အာရုံကို ဟွမ်ယွမ်သူတော်စင်မြို့တော် အတွင်းသို့ လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် ဟွမ်ယွမ်သူတော်စင်မြို့တော်အတွင်း၌ လူငယ်ပါရမီရှင် အနည်းငယ်၏ အရှိန်အဝါကို ခံစားမိခဲ့သည်။
၎င်းတို့က အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ပါဝင်ရန် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာကြသော လူငယ်ပါရမီရှင်များ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
ကျန်းချန် ချက်ချင်းပင် နားလည်သွားခဲ့သည်။
ဤနေရာသည် အမှန်တကယ်ပင် အင်မော်တယ် ဟင်းလင်းပြင် ဖြစ်ရပေမည်။
အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင် ဆိုသည်မှာ အမှန်တကယ်တွင် တကယ့်ကမ္ဘာ၏ ပုံရိပ်ယောင် တစ်ခုနှင့် တူညီသည်။
ယင်းက ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသူများကို သာမက တကယ့်ကမ္ဘာ၏ ပတ်ဝန်းကျင်ကိုပါ ပုံရိပ်ယောင် အဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။
အခန်း(၂၅၈၀) ပြီး၏