ပြဿနာရှာသူများကိုရှင်းပစ်ရန်
Vol. 22 Ch. 304
အခန်း (၃၀၄) ပြဿနာရှာသူများကိုရှင်းပစ်ရန်
သက်လတ်ပိုင်းလူရွယ်နံဘေးတွင် ရပ်နေသူက ကျန်းလန်မှလွဲပြီး အခြားသူ မဟုတ်ပေ။
လူရွယ်က နတ်လူသားမျိုးနွယ်ဖြစ်ကြောင်း သူ သိရှိလေသည်။
အရင်အခြေအနေဆိုလျှင်တော့ ဖုန်းကျီနှင့်အခြားသူများကို အဖော်ပြုပေးရန် ထိုသူကို သေလမ်းပို့ပေးလိုက်မည် ဖြစ်သည်။
သို့ပေသိ ယခုတော့ အစီအစဉ်က ပြောင်းလဲသွား၏။
နတ်လူသားမျိုးနွယ်များကိုသတ်ဖြတ်ခြင်းက သူ၏နတ်ဘုရားရာထူးကို ပိုမိုထိန်းချုပ်လာနိုင်မည်ဆိုလျှင် ၊ သူ့အတွက် အလင်းရောင်ကြိုးမျှင်များ ပိုမိုရရှိလာမည်ဆိုလျှင်…
သူ့အတွက် ရှေ့ဆက်ရမည့်လမ်းက ပိုပြီး လွယ်ကူသွားမည် ဖြစ်သည်။
ဤနည်းလမ်းက တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်သည်။
သူ့ကိုသတ်ဖြတ်ချင်နေကြသည့် နတ်လူသားမျိုးနွယ်များကိုလည်း သေလမ်းပို့ရင်း သူသည်လည်း နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်း မြင့်မားလာပေလိမ့်မည်။
သို့သော် တစ်ဖက်လူမသေခင် သံသယများရှိနေပါက ရှင်းလင်းသွားစေရန် မေးချင်သည့်မေးခွန်းတစ်ခုကို ကျန်းလန်က မေးခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ မေးခွန်းကို ဖြေဆိုပြီးလျှင်တော့ ထိုသူကို သေလမ်းပို့လိုက်ရန်သာရှိသည်။
ထ်ုသူများကို မဟူရာမှော်ရုံနယ်မြေမှ ဖယ်ထုတ်ပစ်ခြင်းဆိုသော်လည်း ကျန်းလန်အတွက်တော့ သတ်ဖြတ်ပစ်ခြင်းနှင့် မကွာခြားပေ။
"ကျုပ်… ကျုပ်တို့မှာ ရန်ငြိုးရှိလို့လား"
လူရွယ်က ကျန်းလန်ကို မေးလိုက်သည်။
"ဟူး"
ကျန်းလန်က လှံရှည်ကို ဆွဲထုတ်လိုက်ပြီး ထိုသူ၏ ခန္ဓာကိုယ်အနှံ့သို့ ထိုးစိုက်ချလိုက်သည်။
အလင်းရောင်များထွက်ပေါ်လာပြီး ထိုသူကို မှော်ရုံနယ်မြေအတွင်းမှဖယ်ရှားမပစ်ခင် ကျန်းလန်၏အသံက တိုးလျစွာထွက်ပေါ်လာသည်။
"ကျုပ်က ဒီအတိုင်း မင်းကို သေလမ်းပို့ချင်တာပါ ၊ တခြားရည်ရွယ်ချက် မရှိပါဘူး"
လူရွယ်ပျောက်ကွယ်သွားပြီးနောက် ကျန်းလန်က ကျန်ရှိနေသည့် နတ်လူသားမျိုးနွယ် (၆)ယောက်ကို ကြည့်လိုက်သည်။
"မင်းတို့တွေရော ဘာ မေးစရာရှိသေးလဲ"
သူ့အသံက ခံစားချက်ကင်းမဲ့လျက် ရှိ၏။
ပြောပြီးသည်နှင့် ကျန်းလန် စတင်လှုပ်ရှားလိုက်ပြီး သူ၏လှံရှည်က လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"ဘန်း"
"ဘန်း"
"ဘန်း"
စက္ကန့်ပိုင်းအတွင်းမှာပင် ကျန်းလန်က ရန်သူ (၆)ယောကဆီသို့ ဖြတ်ကျော်သွားပြီး လှံရှည်က ထိုသူအားလုံး၏ ခန္ဓာကိုယ်များသို ထိုးဖောက်ဝင်ရောက်သွားသည်။
ခြောက်လောင်းပြိုင်သတ်ဖြတ်လိုက်ခြင်းပင်။
ကျန်းလန်က သူ့ရှေ့မှလူကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။
"ဟိုလူက အပြင်မှာစောင့်နေတယ် ၊ အခုဆိုရင် မင်းတို့ကို တွေ့ချင်နေလောက်ပြီ"
သူ့ရှေ့မှ နတ်လူသားမျိုးနွယ်များက ကျန်းလန်ကို ကြောက်ရွံ့တုန်လှုပ်သည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည်။
ဤသူက အနက်ရှိုင်းဆုံးငရဲမှ စေလွှတ်လိုက်သည့် နတ်ဆိုတမန်တော်များလေလား။
"ဝှစ်"
ကျန်းလန်က လှံရှည်ကို ဝှေ့ယမ်းပြီး ပြန်လည်ရုတ်သိမ်းလိုက်သည်။
ထို့နောက် နတ်လူသားမျိုးနွယ် (၆) ယောက်လုံး အလင်းရောင်များအောက်တွင် ပျောက်ကွယ်သွားကြတော့၏။ နတ်လူသားမျိုးနွယ်များကို ရှင်းပစ်ပြီးနောက် ကျန်းလန်က သူ၏ ဂိုဏ်းတူအစ်ကိုများကို လှည့်ကြည့်လိုက်သည်။
သူလှည့်ကြည့်လာသည့်အခါ အံ့သြတုန်လှုပ်စွာဖြင့် သူ့ကို ကြည့်နေသည့် ကျိချိုးနှင့် ကျိကျန်ကို တွေ့လိုက်ရသည်။
မည်သည့်နေရာက ရောက်လာမှန်းမသိသည့် ဤပုဂ္ဂိုလ်က ကျင့်ကြံသူ (၇)ယောက်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်တဲ့လား။
နတ်လူသားမျိုးနွယ် ကျင့်ကြံသူ (၇)ယောက်မှာ ထိုသူကို တစ်ချက်လေးပင် မခုခံနိုင်ခဲ့ကြပေ။ ထိုသူများအားလုံးမှာ အင်မော်တယ်များဖြစ်ကြလေရာ မခုခံနိုင်ဘူးဆိုသည်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်စရာပင်။
သို့သော် ကျန်းလန် သူတို့ဆီသို့ လှမ်းကြည့်လိုက်သည်နှင့် ထိုအချက်ကို သဘောပေါက်သွားရသည်။ ထိုသူထံမှ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားဖိအားများကို ထုတ်လွှတ်နေသည် မဟုတ်ပါလား။
ထိုသူက က လူသားအင်မော်တယ်တစ်ပါး မဟုတ်ပေ။
ကျန်းလန်၏အကြည့်ကို ရင်ဆိုင်လိုက်ရသည်နှင့် ကျိချိုးနှင့် ကျိကျန် ချက်ချင်းပင် ထွက်ပြေးလိုက်ချင်မိသည်။ သို့သော် သူတို့ မထွက်ပြေးနိုင်ခင် ပေဖန်းက ထိုသူအနားသို့ ချဉ်းကပ်သွားသည်ကို တွေ့လိုက်ရသည်။
"သေတာ့မှာပဲ ၊ ဂိုဏ်းတူအစ်ကိုပေဖန်း ရူးများသွားပြီလား"
ကျိကျန် စိတ်ထဲမှတွေးလိုက်ပြီး လွတ်မြောက်ရန်နည်းလမ်းကို စဉ်းစားနေ၏။
သို့သော် ပေဖန်းက ထိုသူကို သိရှိနေဟန် နှုတ်ဆက်စကားဆိုလိုက်သည့်အခါ သူတို့ အံ့အားသင့်သွားရသည်။
ပေဖန်းက…
"ကျုပ်တို့ ထပ်ဆုံကြပြန်ပြီနော်"
သူက ကျန်းလန်ကို လက်နှစ်ဆုပ်နှုတ်ဆက်ရင်း….
"ရေခဲပုစဉ်းရင်ကွဲတောအုပ်မှာ ကျုပ်အသက်ကယ်ခဲ့တာတောင် ကျေးဇူးတင်စကားမပြောရသေးဘူး ၊ အခု မင်းက ကျုပ်တို့ကို ထပ်ကယ်ပြန်ပြီ"
"ဒါပဲလား ၊ ခွန်လွန်ဝတ်ကျောင်းတော်မှာလည်း ခင်ဗျားကို ကူညီပြီး မိစ္ဆာနဂါးကို သတ်ပေးခဲ့ရသေးတယ်လေ"
ထိုစကားက ကျန်းလန် စိတ်ထဲမှ ပြောလိုက်သည့်စကား ဖြစ်သည်။
ကျန်းလန်က…
"ကျုပ် ပဉ္စမထပ်ကို လိုချင်တယ် ၊ ဒီတော့ မင်းတို့တွေ ဆဋ္ဌမထပ်က်ုတက်မလား ၊ စတုတ္ထဆင့်ကို ဆင်းကြမလား"
ကျန်းလန်က ပဉ္စမထပ်မှ အင်မော်တယ်များအားလုံးကို ရှင်းပစ်ရန် ဆုံးဖြတ်ထားသည်။ သို့သော် သူက ခွန်လွန်တောင်မှလူများကိုတော့ သတ်ဖြတ်မည် မဟုတ်ပေ။
ပေဖန်းက...
"ကျုပ်တို့ ဆဋ္ဌမထပ်ကိုသွားမယ်"
တစ်ဖက်လူက အဘယ့်ကြောင့် ပဉ္စမထပ်ကို သိမ်းပိုက်ချင်သည်ကို နားမလည်သော်လည်း ထိုသူက မည်သည့်အလုပ်ကိုမဆို အလေးအနက်ထားကြောင်း ပေဖန်း ရိပ်မိသည်။
ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် များစွာမြင့်မားလွန်းလေရာ ထိုသူ၏ အစီအစဉ်တွင် ပါဝင်နိုင်မည်တော့ မဟုတ်ပေ။
ကျန်းလန်က ပေဖန်းကိုကြည့်လိုက်ရင်း…
"ခွန်လွန်တောင်က အခြားသူတွေရော ရှိသေးလား"
ပေဖန်းက…
"အများကြီး ရှိသေးတယ်"
ခဏမျှငြိမ်သက်နေပြီးနောက် ကျန်းလန်က သူ၏လှံရှည်ကိုကိုင်ရင်း စြင်္ကံလမ်းတစ်ခုသို့ လျှောက်သွားလိုက်သည်။
"ကျုပ်နောက် လိုက်ခဲ့ကြပါ"
ပေဖန်းတို့အုပ်စု ကျန်းလန်နောက်မှ လိုက်သွားကြသည်။
ယခုတော့ ကျိချိုးနှင့် ကျိကျန်တို့ အခြေအနေကို နားလည်သွားကြပြီ ဖြစ်သည်။ ထိုလူထူးလူဆန်းက ပဉ္စမထပ်မှ အရာအားလုံးကို ချေမှုန်းပစ်ရန် ရည်ရွယ်ထားကြောင်း သိလိုက်ကြရပြီး ရင်ထဲတွင်လည်း ထိတ်လန့်သွားခဲ့ကြသည်။
ပဉ္စမထပ်မှ ထွက်ခွာမသွားသည့် မည်သူ့ကိုမဆို ထိုသူက ရှင်းပစ်မည် ဖြစ်သည်။
လမ်းတွင် အစစ်အမှန်အင်မော်တယ်တစ်ပါးနှင့်တွေ့ခဲ့ကြသည်။ ပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်တော့မည်ဟု အားလုံးက ထင်မှတ်မိကြသော်လည်း ကျန်းလန်က တစ်ချက်တည်းဖြင့် ထိုသူကို မှော်ရုံနယ်မြေအပြင်ဘက်သို့ ပို့ပစ်ခဲ့၏။
ဂိုဏ်းတူအစ်ကိုပေဖန်းက ထိုသူနှင့် သိနေသူဖြစ်သောကြောင့် ကံကောင်းသည်ဟု ကျိချိုးနှင့် ကျိကျန် တွေးမိကြသည်။
ကျန်းလန်က လမ်းတစ်လျှောက်တွင် တွေ့ရှိသည့် အင်မော်တယ်များအားလုံးကို ရှင်းထုတ်သွားလေရာ အလင်းရောင်ကြိုးမျှင်တန်းများက သူ့ခန္ဓာကိုယ်ထက် ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်သွားသည်ကို တွေ့ရသည်။
ကျန်းလန်မှ မဟုတ်ပေ။ ပေဖန်းတို့အုပ်စု၏ ခန္ဓာကိုယ်များထက်တွင်လည်း အလင်းရောင်ကြိုးမျှင်တန်းလေးများ လက်ခနဲ လက်ခနဲ တောက်ပသွားကြသည်။
ယခုအချိန် သူသာ ဂိုဏ်းတူအစ်ကိုများကို မှော်ရုံနယ်မြေအပြင်ဘက်သို့ ပို့လိုက်လျှင် အလင်းရောင်ကြိုးမျှင်များ ပိုမိုရရှိလာမည်လားဟု ကျန်းလန် တွေးလိုက်သည်။
နောက်ပိုင်း အခွင့်အရေးရမှ စမ်းသပ်ကြည့်ရပေမည်။
***
မှော်ရုံနယ်မြေအပြင်ဘက်။
အားလုံးက ပဉ္စမထပ်ရှိရာသို့ အံ့သြမှင်တက်စွာ ကြည့်နေကြသည်။
ပဉ္စမထပ်မှလူများ အဆက်မပြတ် အပြင်သို့ ရောက်ရှိလာကြသည် မဟုတ်ပါလား။ ထိုသူများရရှိထားသည့် ဒဏ်ရာများကလည်း တစ်ပုံစံတည်း ဖြစ်သည်။
လူတစ်ယောက်တည်းက သတ်ဖြတ်နေခြင်းလား။
လုန်ယွိသည်လည်း ထိုမြင်ကွင်းကို ကြည့်နေလေသည်။ ပဉ္စမထပ်တွင် သူမနှင့် ရင်းနှီးသူ သိပ်မရှိပေ။ သူမ၏ကျန်းလန်ကတော့ တတိယထပ် သို့မဟုတ် စတုတ္ထထပ်တွင်သာ ရှိနေနိုင်သည်။
အတွေးနှင့်အတူ သူမ ကျန်းလန်ကို သတိရသွားမိသည်။
ကျန်းလန်က တစ်ယောက်တည်းနေတတ်သူဖြစ်ပြီး သူမသာအနားတွင်မရှိလျှင် တစ်ယောက်တည်း လှုပ်ရှားမည့်သူ ဖြစ်သည်။
ဂိုဏ်းတူမောင်လေးသည် အထီးကျန်ဆန်လွန်းသည့် လူအိုကြီးတစ်ယောက်လိုပင်။
***
"အား... သေပါပြီ ၊ နာလိုက်တာ"
အဋ္ဌမမင်းသားရှေ့သို့ မိန်းမပျိုတစ်ယောက် ပြုတ်ကျလာ၏။
သူမခန္ဓာကိုယ်ထက်တွင် အသက်ကယ်အင်းသင်္ကေတ၏အလင်းရောင်က အနည်းငယ် လင်းလက်နေသည်။
သူမ၏ ရင်ဝတွင်တော့ လှံဖြင့်ထိုးခံထားရသည့် အပေါက်တစ်ပေါက် ရှိနေသည်။
ကံကောင်းစွာပင် သူမက အင်မော်တယ်မန္တန်တစ်ခု၏ အကူအညီဖြင့် သူမ၏ ဒဏ်ရာကို အလျှင်အမြန် သက်သာစေလိုက်သည်။
ကံကောင်းထောက်မစွာ၊ မသေနိုင်သောနည်းပညာအကူအညီဖြင့် သူမသည် အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူက မတ်တတ်ထရပ်လိုက်ပြီး ဒေါသတကြီးဖြင့် ခြေတစ်ဖက်စောင့်ရင်း မဟူရာမှော်ရုံနယ်မြေရှိရာသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူမက အော်ဟစ်ပြောဆိုလိုက်၏။
"ကျွန်မက လမ်းလေးမေးချင်လို့ကို မပြောမဆိုနဲ့ ကျွန်မကို လှံနဲ့ထိုးတယ် ၊ ဒီလူက ပဉ္စမထပ်လူတွေအကုန်လုံးကို သတ်ဖို့များ ရည်ရွယ်ထားတာလားမသိဘူး"
မိန်းကလေး၏နာမည်က "ယန်ရှီးယွင်" ဖြစ်သည်။
ဒဏ်ရာအနည်းငယ်သက်သာသွားသည့်အခါ သူမက နေရာမှထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ထိုစဉ်…
"ဘန်း"
လူတစ်ယောက် သူမရှေ့သို့ ပြုတ်ကျလာသည်။
သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိုသူမှ ပဉ္စမထပ်မှ ပြုတ်ကျလာခြင်း ဖြစ်၏။ သူမ ငုံ့ကြည့်လိုက်သည့်အခါ ထိုသူရရှိထားသည့်ဒဏ်ရာက သူမနှင့် အတူတူပင် ဖြစ်သည်။
သူမ ဘာမှဆက်မလုပ်နိုင်ခင်မှာပင် နောက်ထပ်လူပေါင်းများစွာ ပြုတ်ကျလာသည်။
"ဘန်း"
"ဘန်း"
စုစုပေါင်း လူ (၆) ယောက်တိတိ သူမရှေ့သို့ ပြုတ်ကျလာ၏။ အားလုံးက သူမရရှိသည့်ဒဏ်ရာနှင့် တစ်ထေရာတည်း ဖြစ်သည်။
ယန်ရှီးယွင် တအံ့တသြဖြင့် ပဉ္စမထပ်ရှိရာသို့ ခေါင်းမော့ကြည့်လိုက်ပြန်သည်။
မကြာမီ…
လူပေါင်းများစွာ အဆက်မပြတ် ပြုတ်ကျလာသည်ကို တွေ့မြင်လိုက်ရလေတော့၏။
လူတိုင်းသည် တစ်ချက်တည်းနှင့်ပင် မှော်ရုံနယ်မြေအတွင်းမှ ဖယ်ရှားခြင်း ခံခဲ့ရပြီး အားလုံးနီးပါးမှာ သူမနှင့် တူညီသော ဒဏ်ရာများ ရရှိခဲ့ကြသည်။
ပဉ္စမထပ်မှ မိုးရွာသည့်အလား ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု ပြုတ်ကျလာသည်။
"မဖြစ်... မဖြစ်နိုင်ဘူး"
"ဒီလူက... ပဉ္စမထပ်ကလူတွေအကုန်လုံးကို တကယ်ကြီး ရှင်းပစ်မလို့လား"
ယန်ရှီးယွင် မှင်တက်လျှက် ရှိသည်။
သို့ဆိုလျှင် သူမတစ်ယောက်တည်း ကံဆိုးခြင်း မဟုတ်ဘူးပေါ့။ မည်သို့ပင်ဖြစ်စေ သူမကတော့ ပထမဆုံး ရှင်းထုတ်ခံလိုက်ရသူ ဖြစ်သည်။
လုန်မန်က ပြုတ်ကျလာသူများကို တစ်ချက်ကြည့်လိုက်ပြီး ပဉ္စမထပ်သို့ မော့ကြည့်လိုက်သည်။ ပဉ္စမထပ်တွင် သူနှင့် ရင်းနှီးသူများ မရှိသော်လည်း သူနှင့် မျက်မှန်းတန်းမိသူ များစွာရှိသည်။
သူက ခွန်လွန်တောင်မှ လူများစွာနှင့် သိရှိသည် မဟုတ်ပါလား။
သို့သော် အကြောင်းပြချက်မရှိပါဘဲ မည်သူက ပဉ္စမထပ်မှ လူများကို ရှင်းလင်းပစ်နေပါသနည်း။ တကယ်ဆို ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည့် ပထမထပ် ၊ သို့မဟုတ် ဒုတိယထပ်မှလူများက ရှင်းလင်းရန် ပိုပြီးလွယ်ကူသည် မဟုတ်ပါလား။
ထိုစဉ်...
လူတစ်ယောက် ဒေါသတကြီး အော်ဟစ်ပြောဆိုသံကို ကြားလိုက်ရသည်။
"အဲဒီလူက ခွန်လွန်တောင်ကလူပဲ ၊ ကျုပ်သေသေချာချာ မြင်ခဲ့တာ ၊ ဘာတဲ့... ပဉ္စမထပ်ကထွက်မသွားရင် ရှင်းပစ်မယ်ဆိုပဲ ၊ သူပြောတာကိုသာလက်မခံရင် တစ်ချက်တည်းနဲ့ ကျုပ်တို့ကို သတ်ပစ်မတဲ့"
အော်ဟစ်ပြောဆိုနေသူက အပြင်သို့ပြန်ရောက်လာသည့် နတ်မိစ္ဆာတစ်ယောက် ဖြစ်၏။
"......."
ယန်ရှီးယွင် အနည်းငယ် အံ့အားသင့်သွားသည်။
ထိုနတ်မိစ္ဆာက တစ်ဖက်လူက ခွန်လွန်တောင်မှဖြစ်ကြောင်း မည်သို့သတိထားမိပါသလဲ။
သူမကတော့ အဘယ့်ကြောင့် သတီမထားမိရပါသနည်း။
သူမ ထိုသူကို သေသေချာချာပင် မတွေ့မြင်ခဲ့ရသလို ထိုသူက သူမကို ရွေးချယ်ခွင့်ပင် မပေးခဲ့ပေ။
ခွဲခြားဆက်ဆံခံရသည့်အလား သူမ ခံစားလိုက်ရသည်။
ထို့နောက် သူမက မဟူရာမှော်ရုံနယ်မြေကို ကြည့်နေသည့် အဋ္ဌမမင်းသားကို သတိထားမိသွားပြီး အနားသို့တိုးကပ်သွားသည်။
"အစ်ကို…"
"ဘုန်း"
သို့သော်...
အဋ္ဌမမင်းသားက ရုတ်တရက် လက်ဖြင့်ရိုက်ထုတ်လိုက်ရာ သူမမှာ လေထဲလွင့်ထွက်သွားရသည်။
ဘာကြောင့်မှန်းမသိ လုန်မန်ကလည်း မသိစိတ်ဖြင့် ရိုက်ထုတ်လိုက်မိခြင်း ဖြစ်သည်။
ပြီးတော့ သူ့ကို "အစ်ကို" လာခေါ်သည်ကလည်း စိတ်ထဲမသက်မသာခံစားရစေသည်။
ယန်ရှီးယွင် ခြေတစ်ချက်စောင့်ရင်း...
"ကျွန်မက မေးစရာလေးရှိလို့ကို..."
ခွန်လွန်တောင်သို့ ရောက်လာကတည်းက ကံဆိုးနေသည်ဟု ယန်ရှီးယွင် ခံစားလိုက်ရလေတော့၏။
***
"အဲဒီလူက ခွန်လွန်တောင်ကတဲ့လား"
ကျိုးကျုန်းထျန်း အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
သူတို့ အဋ္ဌမတောင်ထွတ်တွင်တော့ ထိုသို့သောတပည့်မျိုး မရှိပေ။
လှံရှည်အသုံးပြုတိုက်ခိုက်သည့်တပည့်က အနည်းငယ်သာ ရှိလေရာ မည်သူဖြစ်သည်ကို သူ သိရှိမည်ပဲ ဖြစ်သည်။
ထို့ပြင် ပဉ္စမထပ်တွင် ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် သေချာပေါက် လူသားအင်မော်တယ်တစ်ပါး ဖြစ်ရပေမည်။
သို့ဖြစ်ရာ ထိုသူက မည်သည့်နည်းနှင့်မှခွန်လွန်တပည့် မဖြစ်နိုင်ပေ။
သို့သော် ထူးခြားသည်မှာ ယခုအချိန်ထိ အပြင်သို့ ရောက်လာသူများထဲတွင် ခွန်လွန်တောင်မှလူ တစ်ယောက်မှ မပါဝင်သေးပေ။
အခြားသောအင်အားကြီးအုပ်စုများနှင့် ဂိုဏ်းများမှ လူများသာလျှင် တစ်ယောက်ပြီးတစ်ယောက် အပြင်ရောက်လာကြခြင်း ဖြစ်သည်။
မော့ကျန်းသုန့်က အခြားအင်အားကြီးအုပ်စုများနှင့် ဂိုဏ်းများမှ လူအများရှိနေရာဘက်ခြမ်းသို့ လှမ်းကြည့်လိုက်သည်။
သူက...
"အဲဒီလူက ခွန်လွန်တောင်က ဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိဘူး ၊ အရေးစိုက်နေစရာမလိုဘူး"
ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ပြီး ထိုသူများရှိရာသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက ပြုံးလိုက်ရင်း…
"ကျုပ်လည်း သူတို့လှုပ်ရှားမှာကို စောင့်နေတာပါ ၊ ဘယ်သူအရင်ဆုံး စ လှုပ်ရှားမလဲ မသိဘူး"
ထိုအချိန်...
ခန္ဓာကိုယ်ထက် အက်ကွဲကြောင်းများထင်နေသည့် သက်လတ်ပိုင်း လူရွယ်တစ်ယောက် ရှေ့ထွက်လာ၏။ ထိုသူက ချီလင်မျိုးနွယ်တစ်ယောက် ဖြစ်သည်။
သူက ကျိုးကျုန်းထျန်းနှင့် မော့ကျန်းသုန့်တို့ မတ်တတ်ရပ်နေရာသို့ လှမ်းကြည့်ပြီး အော်ဟစ်လိုက်သည်။
"မင်းတို့ခွန်လွန်တောင်က မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲမှာ ပြဿနာရှာနေတာလားကွ… ဟမ်"
ကျိုးကျုန်းထျန်းက ထိုသူကို ဓားသွားအလား ထက်ရှသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။
"အဲဒီတော့ဘာဖြစ်ချင်လဲ"
သူ့အသံကလည်း ဓားသွားပမာ စူးရှ၏။
သူက ပြဿနာရှာသူများကို ရှင်းပစ်ရန် မွေးဖွားလာသူပမာပင် ဖြစ်လေသည်။