← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 36 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 36 Ch. 351-352

အခန်း ၃၅၁ - အဆောင်လက်ဖွဲ့ လက်ဆောင်နှင့် ရှောင်ယန်၏ အဆင့်တက်လှမ်းခြင်း

"ဝေ့မိသားစုခေါင်းဆောင်... ကျွန်တော်တို့မိသားစုနှစ်ခုရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအရဆိုရင် ကျိဟောက် အန္တရာယ်ကြုံနေရချိန်မှာ ကျွန်တော်ကိုယ်တိုင်တောင် လိုက်သွားသင့်တာပါဗျ။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကစပြီး ရှောင်ယန်လေးရဲ့ ကျင့်ကြံခြင်းက အရေးပါတဲ့ အချိုးအကွေ့တစ်ခုကို ရောက်နေလို့ ကျွန်တော် သူ့ဘေးနားကနေ အနီးကပ်စောင့်ရှောက်ပေးဖို့ လိုနေတယ်လေ။ အဲ့ဒါကြောင့် လောလောဆယ်တော့ ကျွန်တော် ခရီးမထွက်နိုင်သေးဘူးဗျ။ တကယ်လို့ ခင်ဗျားသာ ရက်နည်းနည်းလောက် စောင့်နိုင်မယ်ဆိုရင်တော့ ခရိုင်မြို့တော်ကို ကျွန်တော်ပါ လိုက်ခဲ့ပါ့မယ်"

လုချင်းတစ်ယောက် ရှောင်ယန်လေးအား အသက်ရှူကျင့်စဉ် သင်ကြားပေးခဲ့သည်မှာ ခြောက်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကောင်မလေးသည် ဆော့ကစားလိုစိတ်ကြီးပြီး အငြိမ်မနေတတ်သည့်ကလေးမလေးတစ်ဦး ဖြစ်သော်ငြားလည်း သူမ၏ ကျင့်ကြံခြင်းအပေါ်တွင်တော့ လွန်စွာ ကြိုးစားပမ်းစား ရှိလှပါ၏။

အနည်းဆုံးတော့ သူမသည် နေ့စဉ် ကျင့်ကြံရမည့် တာဝန်များကို ပျင်းရိခြင်းအလျဉ်းမရှိဘဲ လေးလေးနက်နက် ပြီးမြောက်အောင် ဆောင်ရွက်တတ်လေသည်။

ရှောင်ယန်လေး၌ ထူးကဲလှသော ကျင့်ကြံခြင်း ပါရမီရှိပြီး 'ရေခဲကြွက်သားနှင့် ကျောက်စိမ်းအရိုး' ဟူသော မွေးရာပါစွမ်းရည်အပြင် ရှားပါးလှသည့် မွေးရာပါခန္ဓာကိုယ်၏ အလားအလာ တစ်စိတ်တစ်ပိုင်းကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုရှေးဦး မူလစွမ်းအင်လေးတစ်စ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသောအခါ၌ သူမ၏ မွေးရာပါခန္ဓာကိုယ် အလားအလာကို အပြည့်အဝ နိုးကြားလာစေခဲ့တော့သည်။

လက်ရှိ ကျင့်ကြံခြင်း ပါရမီအဆင့်အတန်းအရဆိုရလျှင် ရှောင်ယန်လေးအား စစ်မှန်သော ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်ပင်။ ကံတရား၏ မျက်နှာသာပေးမှုကို အပြည့်အဝရရှိထားသော ဟူဇယ်ကျိကဲ့သို့သော ပါရမီရှင်မျိုးပင်လျှင် သူမနှင့် ယှဉ်နိုင်စွမ်း မရှိတော့။

ထို့ကြောင့် သူမသည် ကျင့်ကြံရာတွင် သိပ်ပြီး အသေအလဲ ကြိုးစားအားထုတ်လွန်းသူ မဟုတ်သော်လည်း ဤခြောက်လတာ ကာလအတွင်းမှာပင် အသက်ရှူကျင့်စဉ်ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားခဲ့လေပြီပင်။ နောက်ထပ် အဆင့်တစ်ဆင့် ထပ်မံတက်လှမ်းနိုင်သည်နှင့်တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် အညစ်အကြေးကင်းစင်စွာဖြင့် ချောမွေ့စွာ စီးဆင်းသွားမည်ဖြစ်ပြီး၊ သွေးကြောပေါင်းတစ်ရာလုံး ပွင့်ဟသွားကာ မွေးရာပါနယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။ လုချင်း၏ တွက်ချက်မှုအရဆိုလျှင် ရှောင်ယန်လေး၏ အဆင့်တက်လှမ်းခြင်းသည် လာမည့်ရက်အနည်းငယ်အတွင်းမှာပင် ဖြစ်ပေါ်လာတော့မည် ဖြစ်၏။

လုချင်း၏ အမြင်တွင်တော့ ဆရာဖြစ်သူနှင့် ရှောင်လီတို့မှလွဲလျှင် ဤလောက၌ ရှောင်ယန်ထက် ပို၍အရေးကြီးသောသူဟူ၍ မရှိချေ။

မွေးရာပါနယ်ပယ်သို့ အဆင့်တက်လှမ်းခြင်းဆိုသည်မှာ အန္တရာယ်ကင်းလှသည်တော့ မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့သော အရေးကြီးသည့်အချိန်မျိုးတွင် အပြင်ဘက်၌ ကောင်းကင်ကြီး ပြိုကျပျက်စီးသွားမည်ဆိုလျှင်တောင်မှ သူသည် ရှောင်ယန်လေးအနားမှ ခွာမည်မဟုတ်ချေ။

"လုသခင်လေးရဲ့ စိုးရိမ်ပူပန်မှုကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ကျိဟောက်တစ်ယောက် အန္တရာယ်နဲ့ ရင်ဆိုင်နေရနိုင်တာမို့ ဖခင်တစ်ယောက်အနေနဲ့ ကျုပ်လည်း အချိန်အကြာကြီးတော့ မစောင့်နိုင်တော့ဘူးလေ။ အဲ့ဒါကြောင့် ဒီတစ်ခေါက်တော့ ကျုပ်တစ်ယောက်တည်းပဲ သွားလိုက်ပါတော့မယ်။ ပြီးတော့လည်း ကျုပ်က အခြေအနေကို အကဲခတ်ရုံသက်သက်ပဲ သွားမှာပါ။ အရိပ်အယောင်ထုတ်ပြမှာမဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အဲဒီနေရာက ခရိုင်မြို့တော်ကြီးပဲဟာ။ အဲဒီအဖွဲ့က ဘယ်လောက်ပဲ ရောင့်တက်နေပါစေဦးတော့၊ မြို့တော်ကြီးထဲမှာတော့ ဗြောင်ကျကျ ပြဿနာရှာရဲမှာ မဟုတ်လောက်ပါဘူး။ အဲ့လိုမှမဟုတ်ရင် ကျိဟောက်တို့တွေလည်း အစကတည်းက အဲဒီမြို့တော်မှာ ခိုလှုံဖို့ နည်းလမ်းကို ရွေးချယ်ခဲ့မှာ မဟုတ်ဘူးလေ"

ဝေ့ရှင်းဟယ်သည် ရှောင်ယန်လေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြည့်ဝလှသည့် အငွေ့အသက်များကို ခံစားသိရှိနိုင်ပြီး သူမသည် အမှန်တကယ်ပင် အဆင့်တက်လှမ်းတော့မည့် အနေအထားတွင် ရှိနေကြောင်းကိုလည်း ရိပ်မိလေသည်။ ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက်တွင်တော့ သူသည် အခြေအနေများကို စုံစမ်းရန် ခရိုင်မြို့တော်သို့ တစ်ယောက်တည်း သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။

လုချင်းက ခေါင်းညိတ်ပြလိုက်၏။ ဝေ့ရှင်းဟယ်၏ ဆုံးဖြတ်ချက်သည် သူထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်နေခဲ့သည်။ ထို့နောက် သူသည် ကျောက်စိမ်းဓားအဆောင်တစ်ခုကို ထုတ်ပေးလိုက်သည်။

"ဝေ့မိသားစုခေါင်းဆောင်... ဒါက ကျွန်တော် အားလပ်ချိန်လေးမှာ ဖန်တီးထားတဲ့ ဓားအဆောင်တစ်ခုပါ။ ခင်ဗျား ယူသွားလိုက်ပါ။ ဒီအထဲမှာ ဓားချီစွမ်းအင် သုံးခုကို ချိပ်ပိတ်ထားတဲ့ ဓားဝင်္ကပါအငယ်စားလေးတစ်ခု ပါတယ်ဗျ။ တကယ်လို့ ခင်ဗျားအနေနဲ့ မရင်ဆိုင်နိုင်တဲ့ ရန်သူနဲ့ကြုံတွေ့ရရင် ဒါကို အသက်သွင်းလိုက်ပါ။ အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်"

ထို့နောက် လုချင်းသည် နောက်ထပ် အဆောင်နှစ်ခုကို ထပ်ပြီးထုတ်ယူလိုက်ပြန်သည်။

"ဒီပေါ့ပါးခြင်းအဆောင်ကတော့ အရေးကြီးတဲ့ အချိန်ကျရင် ခင်ဗျားရဲ့အမြန်နှုန်းကို ဆယ့်ငါးမိနစ်တိတိ သုံးဆလောက် မြင့်တက်သွားအောင် အသက်သွင်းပေးနိုင်ပါတယ်။ အရေးပေါ် အခြေအနေတွေမှာဆို အများကြီး အသုံးဝင်ပါလိမ့်မယ်ဗျ။ ပြီးတော့ ဒီတစ်ခုကတော့ ကိုယ်ဖျောက်အဆောင်လို့ ခေါ်ပါတယ်။ ခင်ဗျားရဲ့ မွေးရာပါအငွေ့အသက်တွေကို ဖုံးကွယ်ထားပေးနိုင်တယ်ဗျ။ တစ်ယောက်ယောက်ကသာ အရမ်းနီးကပ်မနေဘူးဆိုရင် မွေးရာပါနယ်ပယ်က ကျင့်ကြံသူတွေတောင် ခင်ဗျားရဲ့ အငွေ့အသက်ကို အာရုံခံနိုင်ဖို့ ခက်ခဲပါလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် လုသခင်လေး"

ဝေ့ရှင်းဟယ်သည် ထိုရတနာသုံးခုကို လှမ်းယူလိုက်၏။ လုချင်းသည် ယခုအခါ စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်ရာ သူလက်ဆောင်ပေးသော မည်သည့်အရာမဆို သေချာပေါက် ထူးကဲသာလွန်နေမည်ကို သူ ကောင်းကောင်းသိလေသည်။ ထို့ကြောင့် သူသည် ထိုအဆောင်များကို လွန်စွာမြတ်နိုးတန်ဖိုးထားစွာဖြင့် သေချာစွာ သိမ်းဆည်းလိုက်လေသည်။

"အချိန်တိုတောင်းနေတာလေးကတော့ စိတ်မကောင်းစရာပေါ့ဗျာ။ ပြီးခဲ့တဲ့တစ်ခေါက်က ဝေ့မိသားစု ပို့ပေးထားတဲ့ ကျောက်စိမ်းတွေလည်း အကုန်ကုန်သွားပြီ။ မဟုတ်ရင် ခင်ဗျား ယူသွားဖို့အတွက် အဆောင်တွေ ထပ်ပြီးဖန်တီးပေးလို့ ရသေးတယ်"

လုချင်းက နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။ ဝေ့မိသားစု ပေးပို့ထားသော ကျောက်စိမ်းအများစုကို ဝိညာဉ်စုစည်းမှု ကျောက်တိုင်များ ဖန်တီးရာတွင် အသုံးပြုခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသည့် ပမာဏမှာ သိပ်မများတော့ချေ။ ထို့ကြောင့် သူသည် အဆောင်များကို များများစားစား မဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒီလောက်ဆို လုံလောက်တာထက်တောင် ပိုနေပါပြီ။ ငါ့ရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆိုရင် ဒီထက်ပိုပြီး အစွမ်းထက်တဲ့ ရတနာတွေကို အသက်သွင်းနိုင်ဖို့တောင် မလွယ်ဘူးလေ"

ဝေ့ရှင်းဟယ်က အလျင်အမြန် ပြန်လည်ဖြေကြားလိုက်သည်။ သူ့ကန့်သတ်ချက်များကို သူကိုယ်တိုင် အသေအချာ သိရှိထားပါ၏။ လက်ရှိအချိန်တွင် သူသည် မွေးရာပါနယ်ပယ်၏ အစောပိုင်းအဆင့်၌သာ ရှိနေသေးပြီး သူ၏ ဝိညာဉ်စွမ်းအားမှာလည်း သိပ်အားမကောင်းလှချေ။ အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်ရုံမျှဖြင့် လုချင်းပေးသော ရတနာသုံးပါးစလုံးသည် မည်မျှ ထူးကဲအစွမ်းထက်ကြောင်း သူ ခံစားသိရှိနိုင်လေသည်။ ထိုအရာများထဲမှ တစ်ခုစီတိုင်းကို အသက်သွင်းရန်အတွက်ပင် ဝိညာဉ်စွမ်းအား အမြောက်အမြား လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် လုချင်းက သူ့အား နောက်ထပ်အဆောင်များ ထပ်၍ပေးအပ်ခဲ့လျှင်တောင်မှ သူသည် ထိုအရာများကို ထိထိရောက်ရောက် အသုံးပြုနိုင်မည် မဟုတ်ပေ။

"ရှင်းဟယ်... မင်း ဒီခရီးကို သတိထားပြီး သွားရမယ်နော်။ အပြင်လောကရဲ့ လက်ရှိအခြေအနေတွေက အရင်ကလို ငြိမ်းချမ်းမနေတော့ဘူး။ မှတ်ထားပါ... ကျိဟောက်ရဲ့ လုံခြုံရေးက အရေးကြီးသလို မင်းရဲ့လုံခြုံရေးကလည်း ငါတို့ဝေ့မိသားစုရဲ့ အနာဂတ်အတွက် အရမ်းကို အရေးကြီးတယ်ဆိုတာကိုပဲ"

ဝေ့ရှန်ဟိုင်က သူ့အား သတိပေးစကားဆိုလိုက်သည်။

"ကျွန်တော် နားလည်ပါတယ် မိသားစုခေါင်းဆောင်ကြီး" ဝေ့ရှင်းဟယ်က လေးနက်စွာ ပြန်ဖြေလေသည်။

ဝေ့ရှန်ဟိုင်သည် ဤခရီးစဉ်တွင် လိုက်ပါသွားမည် မဟုတ်ပေ။ ဝေ့ကျိဟောက်သည် မိသားစု၏ အရေးပါသော မိသားစုဝင်တစ်ဦး ဖြစ်သော်ငြားလည်း မွေးရာပါနယ်ပယ်မှ ကျွမ်းကျင်သူနှစ်ဦးစလုံး သွားရောက်ကယ်တင်ရလောက်အောင်အထိတော့ အရေးမပါလှချေ။ အကယ်၍ မွေးရာပါနယ်ပယ်မှ ကျွမ်းကျင်သူနှစ်ဦးစလုံးသာ ခရိုင်မြို့တော်တွင် ကျဆုံးသွားခဲ့မည်ဆိုပါက ဝေ့မိသားစုသည်လည်း ပျက်စီးကိန်းဆိုက်သွားပေလိမ့်မည်။ ဝေ့မိသားစု၏ အကြီးအကဲတစ်ဦးအနေဖြင့် ဝေ့ရှန်ဟိုင်သည် မည်သည့်အရာက ပို၍အရေးကြီးသည်ကို ချိန်ဆတတ်ပေသည်။ ထို့ကြောင့် ညစာစားပွဲအပြီးတွင် ဝေ့ရှင်းဟယ်သည် ခရိုင်မြို့တော်သို့ ချက်ချင်းဆိုသလို ထွက်ခွာသွားခဲ့တော့၏။

သို့သော် လုချင်းပေးလိုက်သော ဓားအဆောင်နှင့် အခြားအဆောင်များကြောင့် သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှာ အလွန်အမင်းကိုပဲ မြင့်တက်လာခဲ့၏။ အထူးသဖြင့် ဓားအဆောင်ပင်။ ထိုအဆောင်ကို သူ၏စိတ်ဖြင့် စူးစမ်းကြည့်လိုက်သောအခါ၌ ၎င်းအတွင်း၌ ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားအသိကို ခံစားလိုက်ရသည်။ အကယ်၍ ၎င်းကိုသာ အသက်သွင်းလိုက်မည်ဆိုပါက ထွက်ပေါ်လာမည့် အစွမ်းသည် မှန်းဆ၍ပင် ရနိုင်မည်မဟုတ်ချေ။ အနည်းဆုံးတော့ သူ၏ လက်ရှိ မွေးရာပါနယ်ပယ် ကျင့်ကြံမှုဖြင့်ပင် ထိုစွမ်းအားကို ခုခံနိုင်စွမ်းရှိမည် မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိနေလေသည်။

ခရိုင်မြို့တော်သည် ချန်းခရိုင်နှင့် သိပ်ပြီးမနီးလှချေ။ ဝေ့ရှင်းဟယ် ခရိုင်မြို့တော်သို့ ရောက်ရှိချိန်တွင် ဒုတိယနေ့၏ မွန်းလွဲပိုင်းသို့ပင် ရောက်ရှိနေလေပြီပင်။ ခရိုင်မြို့တော်၏ ကြီးမားခမ်းနားလှသော မြို့ရိုးကြီးများကို မြင်လိုက်ရသောအခါတွင် ဝေ့ရှင်းဟယ်သည် သူ၏အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး မြို့တွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်တော့၏။

မြို့တွင်းသို့ ဝင်ရောက်ပြီးနောက် မြို့၏အခြေအနေမှာ ပုံမှန်အတိုင်းပင် ဖြစ်နေပြီး မည်သည့်အန္တရာယ် အငွေ့အသက်မျှ မခံစားရသဖြင့် ဝေ့ရှင်းဟယ်၏ စိတ်ထဲတွင် အနည်းငယ်တော့ စိတ်သက်သာရာရသွားလေသည်။ သူသည် မြို့လမ်းမများပေါ်တွင် ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး လုချင်းပေးလိုက်သော ကိုယ်ဖျောက်အဆောင်ဖြင့် သူ၏အငွေ့အသက်များကို ဖုံးကွယ်ထားလိုက်သည်။ မြို့တော်ကြီးတစ်ခုလုံးတွင် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦး မြို့ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြချေ။ အတန်ကြာ လှည့်လည်သွားလာပြီးနောက်၌ ဝေ့ရှင်းဟယ်သည် သေရည်ဆိုင်ငယ်လေးတစ်ခုအတွင်းသို့ ခိုးဝင်ရန် အခွင့်အရေးရသွားလေသည်။

"ဧည့်သည်တော်... ကျွန်တော်တို့ဆိုင်ပိတ်တော့မလို့ပါ။ မနက်ဖြန်မှ ပြန်လာခဲ့ပါဗျ" ဆိုင်ရှင်က ဝင်လာသူကို မော့ပင်မကြည့်ဘဲ လှမ်းပြောလိုက်သည်။

"အဟမ်း"

ဝေ့ရှင်းဟယ်က ပြင်းထန်စွာ ချောင်းဟန့်လိုက်၏။ ထိုအခါ ဆိုင်ရှင်သည် အလွန်အံ့အားသင့်သွားပြီး မော့ကြည့်လိုက်သောအခါ သူ၏မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

"မိသားစုခေါင်းဆောင် ဘယ်လိုလုပ်ပြီး..."

"တိုးတိုးလုပ်စမ်းပါ... အထဲရောက်မှ စကားပြောကြတာပေါ့" ဝေ့ရှင်းဟယ်က ဆိုင်ရှင်ကို တားမြစ်လိုက်သည်။

ဆိုင်ရှင်လည်း အလျင်အမြန် အခြေအနေကို ထိန်းချုပ်လိုက်ပြီး "ဟုတ်ကဲ့၊ ဟုတ်ကဲ့... ဒီဘက်ကိုကြွပါ ဧည့်သည်တော်။ ကျွန်တော်တို့ဆီမှာ အစားအသောက် နည်းနည်းကျန်သေးလို့ ခင်ဗျားအတွက် ပြင်ဆင်ပေးပါ့မယ်"

မကြာမီမှာပင် ဆိုင်ရှင်သည် ဝေ့ရှင်းဟယ်အား နောက်ဘက်ရှိ တိတ်ဆိတ်ကွယ်ဝှက်သော ကျောက်ခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

"မိသားစုခေါင်းဆောင်... ဒီကျောက်ခန်းကို ကျွန်တော် အထူးစီစဉ် တည်ဆောက်ထားတာပါဗျ။ ဒီအထဲမှာ ဘာပဲပြောပြော အပြင်ကို လုံးဝ မကြားရပါဘူး"

"ကောင်းတယ်... မဆိုးပါဘူး"

ဝေ့ရှင်းဟယ်သည် ထူထဲပြီး လုံခြုံစွာ ပိတ်လှောင်ထားသော ကျောက်ခန်း၏ နံရံများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ၏မျက်နှာထားသည် ချက်ချင်းကို လေးနက်တည်ကြည်သွားတော့၏။

"ကျိဟောက်ရဲ့ သတင်းအစအနကို ရှာတွေ့ပြီလို့ မင်းဆီက သတင်းရလို့ ငါ ဒီကို ရောက်လာတာပဲ"

"ဟုတ်ပါတယ် မိသားစုခေါင်းဆောင်။ လွန်ခဲ့တဲ့ နှစ်ရက်က သခင်လေးကို မြို့ထဲမှာ ကျွန်တော်တို့ တွေ့ခဲ့ပါတယ်ဗျ။ ပထမတော့ လူမှားတာများလားလို့ ထင်ခဲ့ပေမဲ့ သေချာစုံစမ်းကြည့်လိုက်တော့မှ သခင်လေးမှန်း အတည်ပြုနိုင်ခဲ့တာပါဗျ"

"မင်းတို့က အကြိမ်ကြိမ် အတည်ပြုဖို့ လိုအပ်ခဲ့တယ်ဆိုပါလား ကျိဟောက်က..."

ဝေ့ရှင်းဟယ် အလွန်ပင် ဇဝေဇဝါ ဖြစ်သွားလေသည်။ မိသားစု၏ သူလျှိုများသည် ကျိဟောက်၏ ရုပ်သွင်ကို အလွတ်ရနေလောက်အောင် ရင်းနှီးကျွမ်းဝင်နေမည်ဖြစ်ရာ သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို အဘယ်ကြောင့် အကြိမ်ကြိမ် အတည်ပြုနေဖို့ လိုအပ်ခဲ့ပါသနည်း။

"အဲဒါကို ကျွန်တော်တို့ ခင်ဗျားဆီ သတင်းမပို့ရသေးပါဘူး။ မိသားစုခေါင်းဆောင်... ခင်ဗျားအနေနဲ့ စိတ်ဓာတ်ခိုင်ခိုင်ထားဖို့ လိုပါလိမ့်မယ်။ သခင်လေးက နည်းနည်း ပြောင်းလဲသွားသလိုပဲ။ အရင်တုန်းက ရုပ်ရည်သွင်ပြင်မျိုးနဲ့ သိပ်မတူတော့ဘူး" ဆိုင်ရှင်က သတိထားကာ ရှင်းပြလေသည်။

"ပြောင်းလဲသွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ သေချာရှင်းပြစမ်းပါ"

ဝေ့ရှင်းဟယ်၏ ရင်ထဲတွင် မကောင်းသော ကြိုတင်နိမိတ်တစ်ခု ဖြစ်ပေါ်လာပြီး အဖြေသိရရန် ချက်ချင်းပင် အတင်းအကျပ် မေးမြန်းလိုက်တော့သည်။

...

ဝေ့ရှင်းဟယ် ခရိုင်မြို့တော်သို့ ရောက်ရှိနေချိန်တွင် ကျိုးလီရွာရှိ လုမိသားစုအိမ်၌ လုချင်း၏ မျက်နှာတွင် လေးနက်သော အမူအရာတစ်ခု အထင်းသား ပေါ်လွင်နေလေသည်။ ထိုအချိန်တွင် ရှောင်ယန်လေးသည် သူ၏ရှေ့၌ တင်ပျဉ်ခွေထိုင်နေပြီး သူမ၏ မျက်နှာလေးမှာ တင်းမာနေကာ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များက ပြင်းထန်စွာ လှုပ်ရှားစီးဆင်းနေပြီး သွေးကြောများကို ဖောက်ထွင်းတော့မည့် လက္ခဏာများ ပြသနေလေသည်။

"အားချင်း... ရှောင်ယန်လေး အဆင့်တက်တော့မှာလား"

လုချင်း၏ ပခုံးပေါ်တွင် စိုးရိမ်တကြီး ရပ်နေသော ရှောင်လီက မေးလိုက်သည်။

"အင်း" လုချင်းက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏အာရုံတစ်ခုလုံးသည် ရှောင်ယန်လေး၏ အတက်အကျ ဖြစ်နေသော အငွေ့အသက်များပေါ်တွင်သာ အပြည့်အဝ စူးစိုက်နေပြီး တစ်စက္ကန့်မျှပင် အာရုံလွှဲရန် မဝံ့ရဲချေ။ သူသည် ရှောင်လီ့နည်းတူ စိတ်လှုပ်ရှားနေခဲ့သည်။

သူတို့နှစ်ဦးစလုံးသည် ရှောင်ယန်လေး၏ အဆင့်တက်လှမ်းမှုအတွင်း တစ်စုံတစ်ရာ မှားယွင်းသွားမည်ကို စိုးရိမ်ထိတ်လန့်စွာဖြင့် သူမအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြလေသည်။ ဤမြင်ကွင်းကို ကြည့်ပြီး လီဟော်ဒယ်အိုးအတွင်းရှိ ယန် မှာတော့ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းမိတော့သည်။ ၎င်း၏အမြင်တွင် လုချင်းရော ရှောင်လီပါ အလွန်အမင်း စိုးရိမ်ပူပန်လွန်းနေကြခြင်းသာ ဖြစ်သည်။ လုချင်း သင်ကြားပေးထားသော အသက်ရှူကျင့်စဉ်သည် စစ်မှန်သော တာအိုလမ်းစဉ်ဖြစ်ပြီး ယုံကြည်ရဆုံးနှင့် အတည်ငြိမ်ဆုံး ကျင့်စဉ်တစ်မျိုး ဖြစ်လေသည်။ သူမအနေဖြင့် အဆင့်ဆင့် မှန်မှန်ကန်ကန် ကျင့်ကြံနေသရွေ့ လမ်းမှားသို့ ရောက်ရှိသွားရန် အန္တရာယ် လုံးဝမရှိသလောက်ပင် ဖြစ်၏။

ထို့အပြင် ရှောင်ယန်လေး၏ အခြေခံမှာ အလွန်ခိုင်မာပြီး သူမ၏ ပါရမီမှာလည်း ထူးကဲလှပေသည်။ ဤအဆင့်တက်လှမ်းမှုသည် သဘာဝအလျောက် ဖြစ်ပေါ်လာမည့် တိုးတက်မှုတစ်ခုဟုပင် ဆိုနိုင်ပြီး ကျရှုံးရန်အခွင့်အရေး လုံးဝမရှိသလောက်ပင် ဖြစ်သည်။ လုချင်းနှင့် ရှောင်လီတို့သည် ဂရုစိုက်လွန်းအားကြီးပြီး အပိုတွေ ပူပန်နေကြခြင်းသာ ဖြစ်လေ၏။

မျှော်လင့်ထားသည့်အတိုင်းပင် အရာအားလုံးသည် ယန် ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အတိအကျကို ဖြစ်ပေါ်လာခဲ့သည်။ ရှောင်ယန်လေး၏ အဆင့်တက်လှမ်းမှုသည် ချောမွေ့လွယ်ကူလှပြီး သူမ၏ သွေးကြောများကို ဖောက်ထွင်းရန်အတွက် ကြီးကြီးမားမား အခက်အခဲ မရှိခဲ့ချေ။ သူမသည် သူမ၏ သွေးကြောများအားလုံးကို လွယ်ကူချောမွေ့စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး စွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ လွတ်လပ်စွာ စီးဆင်းစေကာ ချီသန့်စင်ခြင်းနယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့လေပြီပင်။

သေချာသည်မှာ ရှောင်ယန်လေးသည် ကျင့်ကြံခြင်းအဆင့်အတန်းအရသာ ချီသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ စွမ်းအားပိုင်းအရဆိုရလျှင်တော့ သူမသည် လုချင်းနှင့် ကွာခြားလွန်းလှပြီး သူတို့နှစ်ဦးကြား နှိုင်းယှဉ်စရာပင် မရှိချေ။ သို့သော် အဆင့်တက်လှမ်းခြင်းဆိုသည်မှာ အဆင့်တက်လှမ်းခြင်းပင် ဖြစ်ပေသည်။ ယခုအခါ ရှောင်ယန်လေးသည် ချီသန့်စင်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားပြီဖြစ်ရာ သူမသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ သူမ၏ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်မည့် 'ချီစုပ်ယူခြင်းကျင့်စဉ်' ကို စတင်လေ့ကျင့်နိုင်ပြီဖြစ်ပြီး စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာတော့မည် ဖြစ်သည်။

ကောင်းကင်တာအိုမှ စွမ်းအင်များသက်ဆင်းလာပြီး ရှောင်ယန်လေး၏ မွေးရာပါခန္ဓာကိုယ်အား သန့်စင်ပေးနေသည်ကို ကြည့်ရှုနေရင်း လုချင်းနှင့် ရှောင်လီတို့နှစ်ဦးစလုံးသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်တော့သည်။ ဤအဆင့်သို့ ရောက်ရှိသွားခြင်းသည် ရှောင်ယန်လေး၏ အဆင့်တက်လှမ်းခြင်း အပြည့်အဝ ပြီးမြောက်သွားပြီဖြစ်ကြောင်းနှင့် မည်သည့်အန္တရာယ်မျှ မရှိတော့ကြောင်း အဓိပ္ပာယ်သက်ရောက်လေသည်။

သူမ၏ မွေးရာပါခန္ဓာကိုယ်အား သန့်စင်သည့် လုပ်ငန်းစဉ်သည် အချိန်တိုတောင်းလှသည်တော့ မဟုတ်ချေ။ သာမန် မွေးရာပါနယ်ပယ် ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သည့် ရှောင်ယန်လေး၏ ထူးကဲလှသော ပါရမီကြောင့် ကောင်းကင်တာအို ပြန်လည်ရုတ်သိမ်းသွားရန် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီးနောက်မှသာ ရှောင်ယန်လေး၏ ခန္ဓာကိုယ်ငယ်လေးမှာ ပေါ်လွင်လာတော့သည်။

ကောင်မလေးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေ၏။

"ကိုကို... ညီမလေး အဆင့်တက်သွားပြီထင်တယ်"

"ဟုတ်တယ် ညီမလေး ထင်တဲ့အတိုင်းပဲ... ညီမလေး အဆင့်တက်သွားပြီ။ ညီမလေးက သိပ်တော်တာပဲ" လုချင်းက ချက်ချင်းပင် ချီးကျူးလိုက်လေသည်။

ရှောင်လီကလည်း ရှောင်ယန်လေးကို ဂုဏ်ပြုရန်အတွက် ခုန်ဆင်းလာခဲ့သည်။

ကလေးနှစ်ယောက် ဆော့ကစားနေသည်ကို ကြည့်ရင်း ယန်တစ်ယောက် စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားမိသည်။ ရှောင်ယန်လေး၏ အဆင့်တက်လှမ်းမှုသည် ခက်ခဲမည်မဟုတ်ကြောင်းကို ၎င်းက ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း၊ သူမသည် သွေးကြောများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး မွေးရာပါနယ်ပယ်သို့ ဝင်ရောက်သွားချိန်တွင်တော့ သူ အံ့အားသင့်သွားမိသေးသည်။

အကြောင်းမှာတော့ ရှောင်ယန်လေးသည် အလွန်ငယ်ရွယ်သေးသောကြောင့်ပင်။ လုမိသားစုနှင့် အတူနေထိုင်ခဲ့သည့် အချိန်ကာလများအတွင်း ရှောင်ယန်လေးသည် အသက်ကိုးနှစ်ပင် မပြည့်သေးကြောင်းကို ယန် သိရှိခဲ့ရသည်။ အသက်ကိုးနှစ်မပြည့်သေးသည့် မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦး...

ထိုကဲ့သို့သော ထူးကဲလှသည့် ပါရမီရှင်မျိုးသည် ရှေးဟောင်းကျင့်ကြံခြင်းခေတ်တွင်ပင် အလွန်ရှားပါးလှပါ၏။ သူမသည် မသေမျိုးလမ်းစဉ်အတွက် စစ်မှန်သော မျိုးစေ့တစ်စေ့ပင် ဖြစ်လေသည်။ အကယ်၍ သူမကိုသာ တွေ့ရှိသွားမည်ဆိုပါက မသေမျိုးဂိုဏ်းကြီးများအားလုံးက သူမကို အလုအယက် ရှာဖွေကြမည်ဖြစ်ပြီး သူတို့၏ အဓိကတပည့်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ကြမည်မှာ သေချာလှပေသည်။

ဆော့ကစားလိုစိတ်ကြီးပြီး အငြိမ်မနေတတ်သည့် ဤကလေးမလေးတွင် ဤမျှလောက် ထူးကဲလှသော ပါရမီရှိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ထို့ပြင် လုချင်း၏ စွမ်းအားကလည်း ရှိသေးသည်။ ၎င်းက ယန် အား စတင်တွေးတောလာစေခဲ့သည်။ လုချင်းနှင့် ရှောင်ယန်တို့သည် သူတို့၏ မျိုးရိုးထဲတွင် ထူးခြားသည့် သွေးဆက်တစ်ခုခု ရှိနေလေသလော။

မဟုတ်လျှင် ဤမျှခေါင်ဖျားလှသည့် ရွာငယ်လေးမှ ပြိုင်ဘက်ကင်း ပါရမီရှိသော မောင်နှမနှစ်ဦး မည်သို့မည်ပုံ ပေါ်ထွက်လာနိုင်မည်နည်း။

"အားချင်း... ဒီဘက်မှာ ကောင်းကင်တာအိုရဲ့ လှိုင်းဂယက်တွေကို ငါ အာရုံခံမိလိုက်တယ်။ ရှောင်ယန်လေး အဆင့်တက်သွားတာလား"

ထိုအချိန်တွင် သမားတော်ကြီးချန်၏ အသံက လုချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"ဟုတ်ပါတယ် ဆရာ။ ရှောင်ယန်လေး အခုလေးတင် အဆင့်တက်သွားပြီး သူ့ရဲ့မွေးရာပါ ခန္ဓာကိုယ်ကို သန့်စင်ပြီးပါပြီဗျ" လုချင်းက စိတ်ချင်းဆက်သွယ်ကာ ပြန်၍ဖြေကြားလိုက်သည်။

"ငါ အခုချက်ချင်း လာခဲ့မယ်" သမားတော်ကြီး၏ လေသံမှာ စိတ်လှုပ်ရှားမှုများ အပြည့်ပါဝင်နေလေ၏။

မကြာမီမှာပင် အပြင်ဘက်မှ ခြေသံနှစ်သံ ကြားလိုက်ရသည်။ သမားတော်ကြီးနှင့် ဝေ့ရှန်ဟိုင်တို့ အလျင်စလို ပြေးလာကြခြင်းပင် ဖြစ်၏။

"အဘိုးချန်၊ အဘိုးဝေ့... သမီး အဆင့်တက်တာ အောင်မြင်သွားပြီ။ သမီး တော်တယ်မလားဟင်" ရှောင်ယန်လေးက ကြွားဝါချင်စိတ်ဖြင့် သူတို့ထံသို့ ပြေးသွားကာ မေးလိုက်သည်။

"အင်း... ရှောင်ယန်လေးက သိပ်တော်တာပဲ"

"အံ့ဩစရာပဲ... ရှောင်ယန်လေးက တကယ့်ကို တော်တာပဲ"

အဘိုးအိုနှစ်ဦးစလုံးက သူမအား မချွေမတာ ချီးကျူးစကားဆိုလိုက်ကြသည်။ အထူးသဖြင့် ဝေ့ရှန်ဟိုင်၏ မျက်နှာပေါ်တွင် အားကျလေးစားမှုများက အပြည့်အဝ ပေါ်လွင်နေလေသည်။

ဘာပဲဖြစ်ဖြစ် ရှောင်ယန်လေးသည် အသက်ကိုးနှစ်ပင် မပြည့်သေးဘဲ မွေးရာပါနယ်ပယ်သို့ ခြေချနိုင်ခဲ့ပြီ မဟုတ်ပါလော။

ယခုအဆင့်တွင် သူမ၌ စွမ်းအားများများစားစား မရှိသေးသော်လည်း ဤအဆင့်တက်လှမ်းမှုက အလွန်အရေးပါလှပေသည်။ မွေးရာပါအဆင့်သို့ ဝင်ရောက်ကာ သူမ၏ သွေးကြောများအားလုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ရှောင်ယန်လေး၏ အသက်စွမ်းအင်သည် အခြေခံကျကျ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်းက ဆက်လက်မတိုးတက်တော့လျှင်တောင်မှ မမျှော်လင့်ထားသည့် မတော်တဆမှုများသာ မရှိခဲ့ပါက ယခုအခါ သူမသည် ဖျားနာမှုနှင့် ဝေဒနာများမရှိဘဲ အသက်နှစ်ရာတိုင်အောင် နေထိုင်သွားနိုင်မည် ဖြစ်သည်။

ထို့ပြင် သူမ၏ဘေးတွင် လုချင်းရှိနေပါလျက်နှင့် ရှောင်ယန်လေး၏ ကျင့်ကြံခြင်းက မည်သို့လုပ် မတိုးတက်ဘဲ နေပါမည်နည်း။

ရှောင်ယန်လေး၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်သည် ချောမွေ့နေမည်ဖြစ်ပြီး အဆုံးအစမဲ့သော အလားအလာများဖြင့် ပြည့်နှက်နေမည်မှာ သေချာလှပေသည်။

"ဟီးဟီး"

လူကြီးများ၏ ချီးကျူးစကားကို ကြားရသောအခါ၌ ရှောင်ယန်လေးသည် ပျော်ရွှင်စွာဖြင့် ပြုံးရွှင်သွားလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း သမားတော်ကြီးသည် စိတ်ထဲမှ သက်ပြင်းချမိတော့သည်။

ဤကလေးမလေးသည် ရည်မှန်းချက်ကြီးမားမှုကြောင့် ကျင့်ကြံခြင်းကို လိုလားခဲ့ခြင်း မဟုတ်ပေ။ အစပိုင်းတွင် သူမသည် လုချင်း ကတိပေးထားသည့်အတိုင်း ကောင်းကင်၌ ပျံသန်းရမည်ကို စပ်စုချင်စိတ်ကြောင့်သာ စတင်ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်တော့ ကျင့်ကြံခြင်းသည် အမှန်တကယ် ပျော်စရာကောင်းကြောင်းကို သူမ တွေ့ရှိသွားခဲ့သည်။

နေ့စဉ် တရားထိုင်ပြီး အသက်ရှူရုံမျှဖြင့် သူမသည် လန်းဆန်းတက်ကြွပြီး စွမ်းအင်များ အပြည့်အဝ ရရှိနေကြောင်း ခံစားခဲ့ရသည်။

ထို့ကြောင့် သူမသည် ဆော့ကစားလိုစိတ်ကြီးသော်ငြားလည်း သူမ၏ နံနက်ပိုင်းနှင့် ညနေပိုင်း ကျင့်ကြံခြင်း တာဝန်များကို နေ့စဉ် မပျက်မကွက် လုပ်ဆောင်ခဲ့ပြီး တစ်ခါမျှ ပျင်းရိခြင်း မရှိခဲ့ချေ။ ဤကဲ့သို့ လွတ်လပ်ပေါ့ပါးသော စိတ်ထားကြောင့်ပင် သူမ၏ ကျင့်ကြံခြင်းက ဤမျှ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"ကိုကို... ညီမလေး အသက်ရှူကျင့်စဉ်ကို ကျွမ်းကျင်သွားရင် ကောင်းကင်ပေါ် ပျံသန်းနည်းကို သင်ပေးမယ်လို့ ပြောထားတယ်နော်။ အခု ညီမလေး စသင်လို့ရပြီလားဟင်"

ရှောင်ယန်လေးသည် အသက်ရှူကျင့်စဉ်ကို သင်ယူရခြင်း၏ မူလရည်ရွယ်ချက်ကို မမေ့သေးချေ။

"သေချာပေါက် သင်လို့ရတာပေါ့။ ဒါပေမဲ့ ညီမလေး ဘယ်လောက်မြန်မြန် ပျံသန်းနိုင်မလဲဆိုတာက ညီမလေး ဘယ်လောက် ကြိုးစားအားထုတ်လဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်နော်" လုချင်းက ပြုံး၍ စလိုက်လေသည်။

"ညီမလေး သေချာကြိုးစားပြီး သင်မှာပါ" ရှောင်ယန်လေးက လေးနက်စွာ ပြန်ဖြေလိုက်သည်။

လုချင်းက ရယ်မောလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် သူ၏မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားတော့သည်။

"အားချင်း... ဘာဖြစ်လို့လဲ" သမားတော်ကြီးနှင့် ဝေ့ရှန်ဟိုင်တို့သည် လုချင်း၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို သတိထားမိလိုက်ကြသည်။

"ဝေ့မိသားစုခေါင်းဆောင်ကို ကျွန်တော်ပေးလိုက်တဲ့ အဆောင်တွေ အသက်ဝင်သွားတာကို အာရုံခံမိလိုက်တယ်" လုချင်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

...

အခန်း ၃၅၂ - ရှေးဟောင်းမိစ္ဆာဝင်္ကပါ၊ မိစ္ဆာလမ်းစဉ်သို့ ကျဆင်းသွားခြင်း

"အားချင်း... ရှင်းဟယ်ကို မင်းပေးလိုက်တဲ့ အဆောင်က အသုံးပြုခံလိုက်ရပြီလို့ ပြောလိုက်တာလား"

ဝေ့ရှန်ဟိုင် အလွန်တရာ အံ့အားသင့်သွားလေသည်။ ခရီးသွားချိန် တွက်ချက်မှုအရဆိုလျှင် ဝေ့ရှင်းဟယ်သည် ခရိုင်မြို့တော်သို့ ယခုမှ ရောက်ရှိခါစသာ ရှိသင့်ပေသည်။ သူ လုချင်း၏ အဆောင်ကို ဤမျှ လျင်မြန်စွာ အသုံးပြုလိုက်ရသည်ဆိုတော့ သူ မြို့ထဲသို့ ဝင်ဝင်ချင်းမှာပင် တိုက်ပွဲတစ်ခုနှင့် ကြုံတွေ့နေရပြီဟူသော အဓိပ္ပာယ်လော။

"ဝေ့သခင်ကြီး... သိပ်ပြီးတော့ စိုးရိမ်မနေပါနဲ့။ ဝေ့မိသားစုခေါင်းဆောင် အသုံးပြုလိုက်တဲ့ အဆောင်က ကိုယ်ဖျောက်အဆောင်ပါ။ သူ လမ်းခရီးမှာမို့လို့ သုံးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ့်တိုက်ပွဲထဲ ဝင်နေတာ မဟုတ်လောက်ပါဘူး" လုချင်းက သူ့အား နှစ်သိမ့်ပေးလိုက်သည်။

သို့သော် သူ၏ရင်ထဲတွင်တော့ လေးလံမှုကို ခံစားနေရသည်။ သူ ဝေ့ရှင်းဟယ်အား ပေးလိုက်သော အဆောင်များကို သူကိုယ်တိုင် ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ အဆောင်တစ်ခုစီတိုင်းတွင် သူ၏ ဝိညာဉ်အငွေ့အသက် အနည်းငယ် ပါဝင်နေလေသည်။ သို့သော် အလွန်ဝေးကွာသော အကွာအဝေးကြောင့် အဆောင်များ ဖျက်ဆီးခံရသည့်အချိန်ကျမှသာ သူ၏ ဝိညာဉ်အငွေ့အသက်နှင့် ပဲ့တင်ထပ်လာမည် ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရလျှင် ဝေ့ရှင်းဟယ်သည် ကိုယ်ဖျောက်အဆောင်ကို အသုံးပြုခဲ့ရုံသာမက ထိုအဆောင်ကို တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်လိုက်ပြီဆိုသည့်သဘောပင် ဖြစ်၏။ ကိုယ်ဖျောက်အဆောင်၏ စွမ်းအားကို ဖျက်ဆီးနိုင်စွမ်းရှိသူဆိုလျှင် တစ်ဖက်ရန်သူသည် သာမန် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတော့ သေချာပေါက်ကို မဖြစ်နိုင်တော့ချေ။ ဝေ့ရှင်းဟယ်သည် ထိုလျှို့ဝှက်ဆန်းကြဲသော အင်အားစုမှ လူများနှင့် ဆုံတွေ့နေရပြီလော။

လုချင်း၏ အတွေးများ ရောထွေးနေပြီး ဖြစ်နိုင်ချေများကို စဉ်းစားနေစဉ် သူ၏ ဝိညာဉ်သည် ရုတ်တရက် ထပ်မံလှုပ်ရှားသွားပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ဝေ့ရှင်းဟယ်အား သူပေးလိုက်သော ဓားအဆောင်ပင် အသက်ဝင်သွားကြောင်း သူ သတိပြုမိလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ လုချင်း အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့ရသည်။ ဝေ့ရှင်းဟယ်အား သူပေးလိုက်သော အဆောင်သုံးခုအနက် ဓားအဆောင်သည် အထူးခြားဆုံး ဖြစ်သည်။ ထိုအဆောင်ကို ဝိညာဉ်စုစည်းမှု ကျောက်တိုင် ဖန်တီးစဉ်က ကျန်ရစ်ခဲ့သော ပစ္စည်းများဖြင့် ပြုလုပ်ထားတာပင်။ ၎င်းအတွက် အသုံးပြုထားသော ကျောက်စိမ်းသည် အခြားကျောက်စိမ်းအဆောင်များထက် ပိုမိုသန့်စင်ထားပြီး ပို၍ပြောင်မြောက်လှရာ စွမ်းအားများကို ပိုမို သိုလှောင်ထားနိုင်လေသည်။

ထို့ကြောင့် ဓားအဆောင်သည် အဆောင်သုံးခုအနက် အစွမ်းအထက်ဆုံး ဖြစ်သည်။ ထူးချွန်ထက်မြက်လှသော မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အငိုက်မိသွားပါက ဓားအဆောင်၏ ထက်မြက်လှသော စွမ်းအားကို ခုခံကာကွယ်နိုင်ရန် ခက်ခဲလိမ့်မည်ဟု လုချင်း ခန့်မှန်းထားခဲ့သည်။ သို့သော် ယခုအခါ ဓားအဆောင်ပင် အသုံးပြုခံလိုက်ရလေပြီပင်။ သေချာသည်မှာကတော့ ဝေ့ရှင်းဟယ်တစ်ယောက်‌ သူတို့‌တောင် စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်သည့် ရန်သူနှင့် ကြုံတွေ့နေရခြင်း ဖြစ်ပေမည်။ မဟုတ်လျှင် သူသည် ဤမျှတိုတောင်းသော အချိန်အတွင်း အဆောင်နှစ်ခုကို အသုံးပြုမည် မဟုတ်ပေ။

"ဆရာ... ဝေ့သခင်ကြီး... အခြေအနေက သိပ်ကောင်းတဲ့ပုံမပေါ်ဘူးဗျ။ ခရိုင်မြို့တော်ကို ကျွန်တော် တစ်ခေါက်လောက် သွားရလိမ့်မယ်ထင်တယ်"

ထိုနောက် လုချင်းသည် ခရိုင်မြို့တော်ရှိရာအရပ်သို့ လှည့်ကြည့်လိုက်သည်။ ယခုလေးတင် သူခံစားလိုက်ရသော ဝိညာဉ်ပဲ့တင်ထပ်မှုမှတစ်ဆင့် သတိပေးချက်တစ်ခုကို သဲ့သဲ့လေး ခံစားလိုက်ရသည်။

"အားချင်း... မင်းနဲ့အတူ ငါလိုက်ခဲ့ပေးဖို့ လိုမလား" လုချင်း၏ အမူအရာကို မြင်သောအခါ သမားတော်ကြီးက မေးလိုက်သည်။

လုချင်း၏ အမူအရာမှာ တစ်ခုခုမှားယွင်းနေကြောင်း သူ ရိပ်မိလိုက်သည်။ ထို့အပြင် မကောင်းဆိုးဝါး အရိပ်မည်းကြီးတစ်ခု သူတို့အပေါ် လွှမ်းမိုးလာသကဲ့သို့ မကောင်းသော ကြိုတင်နိမိတ်တစ်ခုကို သူကိုယ်တိုင်လည်း ခံစားနေရပြီး ထိုအရာသည် ခရိုင်မြို့တော်ရှိရာ အရပ်မှ လာနေပုံပေါ်သည်။

"မလိုပါဘူး ဆရာ။ ဆရာက ရွာမှာကျန်ခဲ့ပြီး စောင့်ကြည့်ပေးဖို့ လိုတယ်။ ကျွန်တော် ရှောင်လီကို ခေါ်သွားလိုက်မယ်။ ပြီးတော့ ရှောင်ယန်လေးက အခုလေးတင် အဆင့်တက်ထားတာဆိုတော့ ဆရာ့ရဲ့ လမ်းညွှန်မှုနဲ့ စောင့်ရှောက်မှု လိုအပ်လိမ့်မယ်"

ထိုသို့ပြောပြီးနောက်၌ လုချင်း၏ ကိုယ်ခန္ဓာသည် တစ်ချက်လှုပ်ရှားသွားပြီး ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိသွားလေပြီပင်။ နောက်ထပ် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် လုံးဝပျောက်ကွယ်သွားတော့သည်။

"လုသခင်လေး..."

ဝေ့ရှန်ဟိုင်သည် လုချင်းတစ်ယောက် ဤမျှလောက်အထိလျင်မြန်စွာ ထွက်ခွာသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ လုချင်းကို လှမ်းခေါ်ချင်ခဲ့သော်လည်း လုချင်းကတော့ အရိပ်အယောင်မျှပင် မကျန်ရစ်တော့ကြောင်း သူ သတိပြုမိလိုက်သည်။

"အဘိုးဝေ့... စိုးရိမ်စရာမလိုပါဘူး။ အားချင်းရဲ့ အကူအညီနဲ့ဆိုရင် ဝေ့မိသားစုခေါင်းဆောင် အဆင်ပြေမှာပါ"

သမားတော်ကြီးသည်လည်း မည်သည့်အရာ ဖြစ်ပျက်နေကြောင်း မသိသဖြင့် နှစ်သိမ့်စကားသာ ပြောနိုင်တော့သည်။ ဝေ့ရှန်ဟိုင် ဘာမှမပြောသော်လည်း အတွင်းစိတ်ထဲတွင်တော့ စိုးရိမ်ပူပန်မှုကို မတားဆီးနိုင်ခဲ့ချေ။

လုချင်း တစ်စုံတစ်ရာကို အာရုံခံမိသွားကြောင်း သူသိသည်။

မဟုတ်လျှင် ဤမျှ အလျင်စလို ထွက်ခွာသွားမည် မဟုတ်ပေ။

သို့သော် သူ မည်မျှပင် စိုးရိမ်နေပါစေ၊ ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ လုချင်း ပြန်လာပြီး အဖြစ်အပျက်ကို ရှင်းပြမည်ကို စောင့်ဆိုင်းရန်သာ ဖြစ်လေသည်။

ကျိုးလီရွာမှ ထွက်ခွာလာပြီးနောက် လုချင်းသည် ရှောင်လီကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အဝါရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြေကမ္ဘာသံလိုက်စွမ်းအင် အများစုကို ဖျက်ဆီးပစ်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ နဖူးပေါ်ရှိ အပ်စိုက်မှတ်မှ တောက်ပသော အလင်းလုံးတစ်လုံး ထွက်ပေါ်လာပြီး သူ၏ပတ်လည်တွင် လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်လေသည်။ နောက်တစ်စက္ကန့်တွင်တော့ ခြေထောက်ကို အနည်းငယ် တွန်းကန်လိုက်ရုံဖြင့် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခရိုင်မြို့တော်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

"သခင်လေး... တစ်ခုခု ရှာတွေ့ခဲ့တာလား" ယန်၏အသံက လုချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

ယန်သည် စောစောကတည်းက လုချင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိခဲ့သည်။ လုချင်း ဤမျှ လေးနက်တည်ကြည်နေသည်ကို သူ မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

"ချန်ပေ့... မိစ္ဆာကျင့်ကြံသူတွေအကြောင်း တစ်ခုခုများ သိလားဗျ"

လုချင်းက တိုက်ရိုက်မဖြေဘဲ မေးခွန်းတစ်ခုကိုသာ ပြန်၍မေးမြန်းလိုက်သည်။

"မိစ္ဆာကျင့်ကြံသူတွေလား"

ယန်သည် လုချင်းက ဤအကြောင်းအရာကို ရုတ်တရက် ထုတ်ဖော်ပြောဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော်လည်း သူက အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။ "မိစ္ဆာကျင့်ကြံသူတွေဆိုတာ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲတဲ့သူတွေပဲ။ အဲဒီလူတွေက ကောက်ကျစ်စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ်တယ်။ လိုချင်တာရဖို့ဆို ဘာမဆိုလုပ်မယ့်သူတွေလေ။ ရှေးဟောင်းကျင့်ကြံခြင်းခေတ်မှာတောင် သူတို့ကို နှိမ်နင်းဖို့ ခက်ခဲခဲ့ကြတယ်။ သူတို့ရဲ့ နည်းစနစ်တွေက ဆိုးယုတ်ပြီး ရက်စက်တဲ့နေရာမှာ ကပ်ရောဂါအဘိုးအိုတောင် သူတို့ကို မယှဉ်နိုင်ဘူး။ သခင်လေး... ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီအကြောင်းကို မေးရတာလဲ"

"ပြီးခဲ့တဲ့ရက်နည်းနည်းလောက်က ဝေ့မိသားစုခေါင်းဆောင်ကို ကျွန်တော် အဆောင်တချို့ ပေးလိုက်တယ်။ အဲဒီအထဲက တစ်ခုစီတိုင်းမှာ ကျွန်တော့်ရဲ့ ဝိညာဉ်အငွေ့အသက် နည်းနည်းစီ ပါနေတယ်လေ။ ခုလေးတင်ပဲ အဲဒီအဆောင်တွေထဲက တစ်ခု ဖျက်ဆီးခံလိုက်ရတာကို ကျွန်တော် အာရုံခံမိလိုက်တယ်။ ဝိညာဉ်အငွေ့အသက် မပျောက်ကွယ်သွားခင်လေးမှာ မိစ္ဆာအငွေ့အသက် နည်းနည်းလောက်ကို ကျွန်တော် သတိထားမိလိုက်သလိုပဲ"

"မိစ္ဆာအငွေ့အသက်လား၊ သခင်လေး သေချာရဲ့လား"

ယန် အလွန်ပင် အံ့အားသင့်သွားလေ၏။ သူ့ကို ပို၍အံ့ဩစေသည်က လုချင်းသည် ဤမျှဝေးကွာသောနေရာမှ လှုပ်ရှားမှုများကို အာရုံခံနိုင်ခြင်းပင်။ ပုံမှန်အခြေအနေအောက်တွင် ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ဦးသည် ဤကဲ့သို့သော စွမ်းရည်မျိုး မပိုင်ဆိုင်သင့်ပေ။ လုချင်း၏ ဝိညာဉ်စွမ်းအားသည် အလွန်အမင်းကို အားကောင်းနေရမည်ဖြစ်၏။ ဤလူငယ်လေးတွင် ယန် မသိသေးသော လျှို့ဝှက်ချက်များစွာ ရှိနေသေးပုံရသည်။

"ကျွန်တော် သေချာပါတယ်ဗျ။ မိစ္ဆာကျင့်ကြံသူရဲ့ အငွေ့အသက်ကို ကျွန်တော် အထင်မှားစရာအကြောင်းမရှိဘူး။ အရင်က တစ်ယောက်နဲ့ တွေ့ဖူးတယ်လေ"

လုချင်းက မြို့တော်မြတ်တွင် သူကြုံတွေ့ခဲ့ရသော မိစ္ဆာကျင့်ကြံသူကို ပြန်၍အမှတ်ရရင်း ဆက်ပြောလိုက်သည်။

"ကောင်းကင်မိစ္ဆာ ဖြိုခွဲခြင်းသိုင်းကို သုံးနိုင်တဲ့ မိစ္ဆာကျင့်ကြံသူလေ"

ယန်သည် ပို၍ပင် အံ့အားသင့်သွားသည်။ "အဲဒီမိစ္ဆာသိုင်းကို သိတဲ့သူတွေက ရိုးရှင်းတဲ့သူတွေ မဟုတ်ဘူး။ ရှေးဟောင်းကျင့်ကြံခြင်းခေတ်မှာတောင် အစစ်မှန်ဆုံး မိစ္ဆာကျင့်ကြံသူတွေပဲ အဲဒီသိုင်းကို သုံးနိုင်ခဲ့တာ။ မသေမျိုးနဲ့ လူသားတွေရဲ့ ပျက်စီးယိုယွင်းခြင်းငါးပါးကို ကျော်လွှားနိုင်ခဲ့တဲ့ ရှေးဟောင်းမိစ္ဆာကြီးတွေထဲက တစ်ယောက်ယောက်များ အသက်ရှင်ကျန်ရစ်ပြီး အခုချိန်ထိ ပုန်းအောင်းနေတာများလား"

"ကျွန်တော် မသိဘူး။ ဒါပေမဲ့ ခုလေးတင် ကျွန်တော်ခံစားလိုက်ရတဲ့ အငွေ့အသက်က မြို့တော်မြတ်မှာ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အငွေ့အသက်နဲ့ တစ်ပုံစံတည်းပဲ။ သူတို့က လူတစ်ယောက်တည်း မဟုတ်ဘူးဆိုရင်တောင်မှ အဲဒီနှစ်ယောက်က သေချာပေါက် ဆက်စပ်နေတယ်"

အဆောင်အတွင်းရှိ ဝိညာဉ်အငွေ့အသက် မပျောက်ကွယ်သွားမီ သူအာရုံခံမိလိုက်သော မြင်ကွင်းကို လုချင်း ပြန်၍အမှတ်ရလိုက်သည်။ ဝေ့ရှင်းဟယ်သည် မိစ္ဆာအငွေ့အသက်များ ဝန်းရံနေသည့် နေရာတစ်နေရာတွင် ပိတ်မိနေပုံရပြီး လူများစွာ အော်ဟစ်ညည်းတွားနေသည့် အသံများကို သဲ့သဲ့လေး ကြားလိုက်ရသည်။

ကံမကောင်းစွာဖြင့် သူ၏ဝိညာဉ်သည် လုံလောက်အောင် အားမကောင်းသေးပေ။ အဆောင်အတွင်းရှိ ဝိညာဉ်အငွေ့အသက် အပိုင်းအစလေးမှာလည်း အားမကောင်းလှသလို အကွာအဝေးကလည်း လွန်စွာ ဝေးကွာလွန်းသဖြင့် သူအာရုံခံမိသမျှမှာ မပီဝေတဝါးသာ ဖြစ်နေလေသည်။ မဟုတ်လျှင် သူ ဤသို့ ခန့်မှန်းနေစရာပင် လိုမည်မဟုတ်ချေ။ ယခုအခါ ခရိုင်မြို့တော်သို့ ရောက်ရှိသွားမှသာ အမှန်တရားကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။ တစ်ခုတည်းသော မေးခွန်းမှာ သူရောက်ရှိသွားသည်အထိ ဝေ့ရှင်းဟယ် တောင့်ခံနိုင်ပါမည်လော ဆိုသည်ပင်။

ဤအတွေးဖြင့် လုချင်းသည် သူ၏စိတ်ကို နှိုးဆွလိုက်ရာ သူ၏ပတ်လည်တွင် ဝေ့ဝဲနေသော လေဆင်နှာမောင်းမှာ ပို၍ပင် အားကောင်းလာတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏အမြန်နှုန်းကလည်း ထပ်မံ၍မြင့်တက်သွားပြန်သည်။ အပေါ်စီးမှ ကြည့်မည်ဆိုပါက သူသည် ခရိုင်မြို့တော်ဆီသို့ မြေပြင်ပေါ်မှ ဖြတ်သန်းပြေးလွှားနေသည့် အပြာရောင်နှင့် အဝါရောင် အလင်းတန်းတစ်ခုမှအပ အခြားမဟုတ်ချေ။

ခရိုင်မြို့တော်သည် ကျိုးလီရွာမှ မိုင်တစ်ထောင်ခန့် ကွာဝေးသည်။ လုချင်း မွေးဖွားပြီးနယ်ပယ်တွင် ရှိနေစဉ်က ကျန့်မိသားစုမှ မွေးရာပါနယ်ပယ် အကြီးအကဲတစ်ဦးကို သတ်ဖြတ်ရန် ညတွင်းချင်း ခရီးသွားခဲ့ဖူးသည်။ ယခုအခါ သူ၏ ကျင့်ကြံမှုသည် ထိုအချိန်ကထက် ဆယ်ဆကျော် ပိုမိုအားကောင်းနေပြီ ဖြစ်၏။ သူ၏ အမြန်နှုန်းမှာလည်း အရင်ကနှင့် နှိုင်းယှဉ်၍ပင် မရနိုင်တော့ချေ။

ထို့ကြောင့် သူသည် မွန်းလွဲပိုင်းတွင် ထွက်ခွာလာခဲ့သော်လည်း ညနေစောင်းချိန်တွင် ခရိုင်မြို့တော်ကို မြင်တွေ့နေရပြီ ဖြစ်သည်။

"ဟင်"

သို့သော် ခရိုင်မြို့တော်ကို ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခုမှားယွင်းနေကြောင်း လုချင်း ချက်ချင်း သတိပြုမိလိုက်သည်။ ပုံမှန်အားဖြင့် မြေပြင်ပေါ်တွင် ဧရာမသားရဲကြီးတစ်ကောင် ဝပ်တွားနေသကဲ့သို့ ရှိနေတတ်သော ခရိုင်မြို့တော်ကြီးသည် ယခုအခါတွင်တော့ အနက်ရောင်အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုအနက်ရောင်အလင်းတန်းမှ ဆိုးယုတ်ပြီး ရက်စက်သော အငွေ့အသက်များ ထွက်ပေါ်နေကာ အလွန်အမင်း အန္တရာယ်ကြီးမားပုံပေါက်နေလေသည်။

"ဒါ မိစ္ဆာဝင်္ကပါပဲ။ ဒီလောက်ကြီးမားတဲ့ ဝင်္ကပါကြီးတစ်ခုကို ဘယ်သူကများ အချိန်ကုန်ခံပြီး တည်ဆောက်ထားတာလဲ"

ယန်၏ ပုံရိပ်သည် လုချင်းဘေးတွင် ထွက်ပေါ်လာပြီး ခရိုင်မြို့တော်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေလေသည်။

"ဝင်္ကပါတစ်ခုတည်းတင် မဟုတ်ဘူး။ မှော်အသုံးအဆောင်တစ်ခုလည်း ပါနေသေးတယ်"

လုချင်းသည် အနက်ရောင်အကာအကွယ်ကို စိုက်ကြည့်လိုက်သည်။ မကြာမီမှာပင် သူ၏အမြင်အာရုံထဲတွင် သတင်းအချက်အလက် စာကြောင်းအချို့ ထွက်ပေါ်လာလေ၏။

[ဆယ်မျက်နှာ သွေးပျော်ဝိညာဉ်သန့်စင်ခြင်း မိစ္ဆာဝင်္ကပါ : ထျန်းယွမ်ကမ္ဘာလောကကြီးရှိ ကောင်းကင်မည်း မိစ္ဆာအရှင်သခင်ထံမှ အမွေရရှိထားသော အလွန်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းမိစ္ဆာဝင်္ကပါ]

[သွေးပျော်ဝိညာဉ်သန့်စင်ခြင်း : လျှို့ဝှက်ဆန်းကြဲသော မိစ္ဆာကျင့်ကြံသူတစ်ဦးသည် မိစ္ဆာခန္ဓာကိုယ်ကို ဖန်တီးရန်အတွက် မြို့တော်တစ်ခုလုံးရှိ ပြည်သူများကို သွေးယဇ်ပူဇော်မှုအဖြစ် သန့်စင်ရန် ဤဝင်္ကပါကို အသုံးပြုရန် ကြိုးပမ်းနေခြင်း ဖြစ်သည်]

[ဤဝင်္ကပါသည် မိစ္ဆာအသုံးအဆောင်တစ်ခုကို အဓိကထား၍ တည်ဆောက်ထားသော အလွယ်တကူ ဖန်တီးထားသည့် ပုံစံတစ်ခု ဖြစ်သည်။ ၎င်း၏စွမ်းအားသည် မူလဝင်္ကပါ၏ တစ်သန်းပုံတစ်ပုံမျှပင် မရှိချေ။]

...

"မိစ္ဆာကျင့်ကြံသူတစ်ယောက်က မိစ္ဆာခန္ဓာကိုယ် ဖန်တီးဖို့အတွက် ဒီမြို့တော်တစ်ခုလုံးက ပြည်သူတွေကို သွေးယဇ်ပူဇော်မှုအဖြစ် သန့်စင်ချင်နေတယ်ဆိုပါလား"

လုချင်းသည် သတင်းအချက်အလက်ကို ဖတ်ရှုပြီးသည်နှင့် သူ၏မျက်နှာထားမှာ ချက်ချင်းပင် မှောင်မိုက်သွားတော့သည်။

သတင်းအချက်အလက်ထဲတွင် ဖော်ပြထားသော 'ကောင်းကင်မည်း မိစ္ဆာအရှင်သခင်' ဆိုသည်ကိုပင် သူ ယာယီ လျစ်လျူရှုထားလိုက်ပါ၏။ စောစောက ဝေ့ရှန်ဟိုင်၏ ပတ်လည်တွင် မရေမတွက်နိုင်သော လူများ၏ အော်ဟစ်ညည်းတွားသံများကို သူ၏ ဝိညာဉ်အငွေ့အသက်က အဘယ်ကြောင့် ခံစားသိရှိခဲ့ရကြောင်း အခုမှပင် ရှင်းလင်းသွားတော့သည်။ သူ၏ ဝိညာဉ်နက်ရှိုင်းရာမှ ကြိုတင်သတိပေးချက်တစ်ခုကို အဘယ်ကြောင့် ခံစားခဲ့ရကြောင်းကိုလည်း နားလည်သွားခဲ့ပြီပင်။

မိစ္ဆာကျင့်ကြံသူတစ်ဦးသည် ခရိုင်မြို့တော်ရှိ လူဦးရေတစ်ခုလုံးကို သွေးယဇ်ပူဇော်မှုအဖြစ် သန့်စင်ကာ မိစ္ဆာခန္ဓာကိုယ်ကို ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ဧရာမဝင်္ကပါကြီးတစ်ခုကို တည်ဆောက်ထားခြင်း ဖြစ်နေသည်။ ခရိုင်မြို့တော်တွင် နေထိုင်သူ သောင်းနှင့်ချီ၍ ရှိကြောင်းကို သိထားသင့်ပေသည်။

"သခင်လေး... ဘာပြောလိုက်တာလဲ" ယန်က တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ "အဲဒီမိစ္ဆာကျင့်ကြံသူက မြို့တော်တစ်ခုလုံးက ပြည်သူတွေကို သန့်စင်ချင်နေတယ်လို့လား။ သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရဲတင်းရတာလဲ"

"ချန်ပေ့ပဲ ပြောခဲ့တာလေ... မိစ္ဆာကျင့်ကြံသူတွေက ရက်စက်ကြမ်းကြုတ်ပြီး လူ့အသက်ကို တန်ဖိုးမထားဘူးဆို။ သူတို့ မလုပ်ရဲတာ ဘာများရှိလို့လဲ"

"ဒါက မတူဘူးလေ" ယန်က ပြန်ဖြေသည်။ "မိစ္ဆာကျင့်ကြံသူတွေက ရက်စက်ပြီး သွေးဆာနေတယ်ဆိုပေမဲ့ သူတို့မှာလည်း ကန့်သတ်ချက်တွေ ရှိတယ်။ မြို့တော်တစ်ခုလုံးက ပြည်သူတွေကို သန့်စင်တာမျိုး လုပ်ရပ်က အဆုံးမဲ့ အပြစ်ဒဏ်ကို ဖြစ်ပေါ်စေလိမ့်မယ်။ နတ်ဘုရားအဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက်တောင် ဒါမျိုးလုပ်ဖို့ မဝံ့ရဲဘူး။ မဟုတ်ရင် ကောင်းကင်တာအိုက ပြစ်ဒဏ်ပေးလိမ့်မယ်။ ပြီးတော့ ဘယ်သူမှလည်း အဲဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

"ဒါဆို လက်ရှိအခြေအနေကို ချန်ပေ့ ဘယ်လိုရှင်းပြမလဲ" လုချင်းက ရှေ့သို့ လက်ညှိုးထိုးပြလိုက်သည်။

"..."

ယန်မှာ စကားစပျောက်သွားတော့၏။ ခေတ္တမျှ စဉ်းစားပြီးနောက် ယန်က ဆိုလေသည်။ "ဒီဝင်္ကပါက မြို့ကို ထောင်ချောက်ဆင်ရုံ သက်သက်ပဲ ဖြစ်နိုင်တယ်။ အထဲကလူအားလုံးကို သန့်စင်ဖို့ မဟုတ်လောက်ပါဘူး"

"အဲဒါဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်တော်တို့ မကြာခင် သိရတော့မှာပါ"

လုချင်းသည် မြို့ထဲသို့ ဝင်ရန် အလျင်စလို မလုပ်ခဲ့ချေ။ လက်ရှိအခြေအနေအရ ခရိုင်မြို့တော်မှာ ဝိုင်းရံပိတ်ဆို့ခံထားရပြီး မဆင်မခြင် ဝင်ရောက်သွားခြင်းက အခြေအနေကို ပိုမို ရှုပ်ထွေးသွားစေနိုင်ပေသည်။

"ရှောင်လီ... ငါ့ကို စောင့်ကြည့်ပေးထားဦး"

ရှောင်လီအား အတိုချုံး ညွှန်ကြားချက်ပေးပြီးနောက် လုချင်းသည် တင်ပျဉ်ခွေထိုင်ကာ စိတ်ကိုတည်ငြိမ်စေပြီး တရားထိုင်သည့် အခြေအနေသို့ ဝင်ရောက်သွားလေသည်။ ဤအကွာအဝေးမှနေ၍ အဆောင်ထဲတွင် ကျန်ရစ်ခဲ့သော ဝိညာဉ်အငွေ့အသက်ကို သူ အာရုံခံနိုင်သင့်ပေသည်။

သူထင်ထားသည့်အတိုင်းပင် မကြာမီမှာပဲ လုချင်းသည် မြို့တွင်းမှ သူနှင့်မူလတူညီသော ခပ်သဲ့သဲ့ အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်သည်။ သို့သော် ဝင်္ကပါ၏ အနှောင့်အယှက်ကြောင့် ၎င်းနှင့် ချိတ်ဆက်နိုင်ရန် အားစိုက်ထုတ်ရမည် ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် လုချင်းသည် သူ၏စိတ်စွမ်းအင်ကို အသုံးပြုကာ ထိုဝိညာဉ်အငွေ့အသက် အပိုင်းအစနှင့် ချိတ်ဆက်ရန် ကြိုးစားတော့သည်။

လုချင်း ချိတ်ဆက်မှုပြုလုပ်ရန် အာရုံစိုက်နေစဉ် ခရိုင်မြို့တော်အတွင်းရှိ လမ်းကြားတစ်ခု၏ နက်ရှိုင်းသောနေရာတွင် ဝေ့ရှင်းဟယ်သည် ကွဲကြေနေသော ကျောက်စိမ်းဓားအဆောင်ကို ဆုပ်ကိုင်ထားကာ သူ၏ရှေ့ရှိ ရင်းနှီးသော်လည်း စိမ်းသက်နေသော ပုံရိပ်ကို အဆုံးစွန်သော မျှော်လင့်ချက်မဲ့စွာဖြင့် စိုက်ကြည့်နေလေသည်။ သူ၏သားဖြစ်သူသည် လူလည်းမဟုတ်၊ တစ္ဆေလည်းမဟုတ်သော ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ပုံစံမျိုးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု အိမ်မက်ထဲတွင်ပင် သူ မမျှော်လင့်ထားခဲ့ချေ။

"အဖေ... ကျွန်တော် ပြောသားပဲ။ အဖေ့ရဲ့ ခုခံမှုက အချည်းနှီးပါပဲလို့။ ကျွန်တော့်နောက်ကိုလိုက်ပြီး မိစ္ဆာသခင်ကြီးကို အစေခံရင်း သူ့အတွက် ကြီးမားတဲ့ အမွေအနှစ်တစ်ခု တည်ဆောက်ပေးတာက ပိုကောင်းပါလိမ့်မယ်"

သူ၏ရှေ့တွင် ဝေ့ကျိဟောက် ရပ်နေပြီး သူ၏ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်နေကာ နဖူးပေါ်တွင် အနက်ရောင်အမှတ်အသားတစ်ခု ရှိနေလေသည်။ သူ၏မျက်နှာတွင် ဆိုးယုတ်မှုများ ပြည့်နှက်နေပြီး သဲ့သဲ့လေး ပြုံးနေ၏။

"ကျိဟောက်... မင်းကို ဒီလိုပုံစံဖြစ်သွားအောင် ဘယ်သူလုပ်လိုက်တာလဲဆိုတာ ငါ့ကိုပြောစမ်း"

လုံးဝစိမ်းသက်နေသော သားဖြစ်သူကို ကြည့်ရင်း ဝေ့ရှင်းဟယ်၏ ရင်ထဲတွင် နာကျင်လွန်းနေလေ၏။

"ဘာလို့လဲ အဖေ... အဖေ့သားက ဒီလိုပုံစံလေး ပိုကြည့်ကောင်းတယ်လို့ မထင်ဘူးလား"

ထို့နောက် ဝေ့ကျိဟောက်သည် ထူးဆန်းသော သင်္ကေတများဖြင့် ဖုံးလွှမ်းနေသည့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ဒါပေမဲ့ ကျွန်တော်ကတော့ ဒါကို အရမ်းသဘောကျတယ်။ အဖေ အခုလေးတင် တွေ့လိုက်တယ်မလား... ကျွန်တော့်ရဲ့ လက်ရှိကျင့်ကြံမှုက အဖေ့ထက် အများကြီး သာလွန်နေပြီဆိုတာ။ အဖေ ထုတ်သုံးလိုက်တဲ့ ဓားအဆောင်တောင် ကျွန်တော့်ကို ပွန်းပဲ့ရာလေးတစ်ခုတောင် မဖြစ်စေနိုင်ခဲ့ဘူးလေ"

ထိုစကားကို ကြားသောအခါ ဝေ့ရှင်းဟယ်၏ နှလုံးသားမှာ ပို၍ပင် ကြေကွဲသွားရသည်။

"ကျိဟောက်... သတိထားစမ်းပါဦး မင်း မိစ္ဆာလမ်းစဉ်ထဲကို ရောက်သွားပြီ အခု မင်းပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေက မင်းရဲ့ကိုယ်ပိုင်စွမ်းအားတွေလို့ တကယ်ပဲ ယုံကြည်နေတာလား"

"အဖေကလည်း နောက်နေပြန်ပါပြီ။ ဒီစွမ်းအားတွေက ကျွန်တော့်ဟာ မဟုတ်ရင် ဘယ်သူ့ဟာလဲ။ အဖေ့ဟာလား။ ဒါပေမဲ့ အဖေသာ ကျွန်တော်ပြောတာကို နားထောင်ပြီး မိစ္ဆာသခင်ကြီးဆီမှာ အညံ့ခံမယ်ဆိုရင်... အဖေ့ရဲ့ မွေးရာပါနယ်ပယ် ကျင့်ကြံမှုနဲ့ဆိုရင် ဒီလိုစွမ်းအားမျိုးရဖို့ဆိုတာ ခက်ခဲမှာမဟုတ်ဘူး။ ဒါကြောင့် အခု မိစ္ဆာသခင်ကြီးနဲ့ သွားတွေ့ဖို့ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ အဖေ သုံးလိုက်တဲ့ ဓားအဆောင်ကို မိစ္ဆာသခင်ကြီးက အရမ်းစိတ်ဝင်စားနေတယ်လို့ စောစောက ပြောတယ်"

စကားဆုံးသည်နှင့် ဝေ့ကျိဟောက်က ဝေ့ရှင်းဟယ်ထံသို့ လက်လှမ်းလိုက်သည်။ ပုံမှန်ဟုထင်ရသော ထိုဟန်အမူအရာက ဝေ့ရှင်းဟယ်၏ မျက်နှာထားကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။ သူသည် ဒုတိယအကြိမ် ထပ်မစဉ်းစားတော့ဘဲ အလျင်အမြန် နောက်ဆုတ်လိုက်၏။

"အချည်းနှီးပါပဲ အဖေ။ အဖေ လွတ်အောင်ပြေးနိုင်မှာ မဟုတ်ဘူး"

ဝေ့ကျိဟောက်က အနည်းငယ် ပြုံးလိုက်စဉ် သူ၏လက်ထဲရှိ အနက်ရောင်စွမ်းအင်များမှ အနက်ရောင်မြွေနှစ်ကောင် ပုံပေါ်လာပြီး ဝေ့ရှင်းဟယ်ထံသို့ ရစ်ခွေတိုးဝင်သွားလေသည်။ အနက်ရောင်မြွေများ၏ အမြန်နှုန်းမှာ အံ့မခန်းပင်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းတို့သည် ဝေ့ရှင်းဟယ်ထံသို့ ရောက်ရှိသွားလေပြီ။ ဝေ့ရှင်းဟယ်သည် အနက်ရောင်စွမ်းအင်၏ ကြောက်မက်ဖွယ်ကောင်းသည့် သဘာဝကို ယခင်က မြင်တွေ့ခဲ့ဖူးသဖြင့် သူ၏ခန္ဓာကိုယ်ကို အထိခံရန် မဝံ့ရဲချေ။

သို့သော် သူ၏အမြန်နှုန်းမှာ ဤထူးဆန်းလှသော စွမ်းအားကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူသည် သွားကိုတင်းတင်းကြိတ်ကာ သူ၏ကိုယ်ပေါ်ရှိ နောက်ဆုံးကျန်နေသော အဆောင်ကို အသက်သွင်းလိုက်လေတော့၏။

နောက်တစ်စက္ကန့်တွင် ဝေ့ရှင်းဟယ်၏ ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏အမြန်နှုန်းကို ချက်ချင်းဆိုသလို အဆများစွာ မြင့်တက်သွားစေခဲ့သည်။ သူသည် သူနှင့် အနက်ရောင်မြွေများကြား အကွာအဝေးကို အလျင်အမြန် ချဲ့ကားနိုင်ခဲ့ရုံသာမက လျင်မြန်သော ခုန်ပျံမှုအနည်းငယ်ဖြင့် ဝေ့ကျိဟောက်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။

အစောပိုင်းက ယုံကြည်မှုအပြည့်ရှိနေခဲ့သော ဝေ့ကျိဟောက်၏ မျက်နှာထားမှာ ချက်ချင်းလက်ငင်းကို ပြောင်းလဲသွားလေသည်။

သူ၏ဖခင်တွင် နောက်ဆုံးလက်နက်တစ်ခု ဖုံးကွယ်ထားသေးသည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သို့သော် သူ၏မျက်နှာထားက အမြန်ပင် အပြုံးတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။

"အချည်းနှီးပါပဲ အဖေ။ ဒီဝင်္ကပါရဲ့ အကာအကွယ်အောက်မှာ အဖေ ဒီခရိုင်မြို့တော်ထဲကနေ လွတ်အောင်ပြေးနိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် သူ၏ပုံရိပ်သည် အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝေ့ရှင်းဟယ်၏ နောက်သို့ လိုက်လံရှာဖွေတော့သည်။

လမ်းကြားထဲမှ လွတ်မြောက်လာပြီးနောက် ဝေ့ရှင်းဟယ်သည် တစ်ခဏမျှပင် ရပ်နားရန် မဝံ့ရဲချေ။ လုချင်း သူ့အား အဆောင်များ ပေးအပ်စဉ်က ပြောပြခဲ့သည့်စကားအရ ပေါ့ပါးခြင်းအဆောင်၏ အစွမ်းသည် ဆယ့်ငါးမိနစ်သာ ခံမည်ဖြစ်သည်။ ထိုအချိန်အတွင်း သူ မြို့ထဲမှ လွတ်မြောက်အောင် ပြေးရမည် ဖြစ်သည်။ မဟုတ်လျှင် သူ ဤနေရာတွင် သေဆုံးရမည်သာမက ခရိုင်မြို့တော်တစ်ခုလုံးလည်း ငရဲမီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

စောစောက သူမြင်တွေ့ခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်ကို သူ မေ့ပစ်၍မရနိုင်ချေ။ ယခု ချန်းကျိုးတစ်နယ်လုံးတွင် ဤမြို့တော်မှ ပြည်သူများကို ကယ်တင်နိုင်သည့် စွမ်းအားမျိုး လုချင်းတစ်ယောက်တည်းသာ ပိုင်ဆိုင်ထားကြောင်း ဝေ့ရှင်းဟယ် သိလေသည်။ သေချာသည်မှာ သူ လွတ်မြောက်နိုင်မှသာ ထိုသို့ဖြစ်လာနိုင်မည် ဖြစ်သည်။ ဝေ့ရှင်းဟယ် အသက်လုပြေးနေစဉ် သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"ဝေ့မိသားစုခေါင်းဆောင်... ကျွန်တော်ပြောတာ ကြားရလား"

"လုသခင်လေး"

အသံကိုကြားလိုက်ရသောအခါ ဝေ့ရှင်းဟယ်သည် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏မျက်နှာမှာ ဝမ်းသာအားရမှုများဖြင့် လင်းလက်သွားတော့သည်။

...

All Chapters