အခန်း (၃၅၅-၃၅၆)
Vol. 36 Ch. 355-356
အခန်း ၃၅၅ - မိစ္ဆာကျင့်ကြံသူ၏ နောက်ခံသမိုင်းကြောင်းနှင့် ညဉ့်နက်မိစ္ဆာစစ်သူကြီး
ဘုန်း
လုချင်း၏ လက်ရှိစွမ်းအားမှာ အံ့မခန်းဖြစ်ပေသည်။
ထိုသည်တို့မှာ ဖြတ်လမ်းနည်းများဖြင့် အတင်းအကျပ် အဆင့်မြှင့်တင်ထားသော ရုပ်သေးလက်ပါးစေ အနည်းငယ်မျှသာ ဖြစ်သည်။
စစ်မှန်သော မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ၏လက်သီးကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ ထို့ကြောင့် လုချင်းအနေဖြင့် သူတို့ကို လက်သီးဖြင့် တိုက်ရိုက်ထိမှန်အောင် ထိုးရန်ပင် မလိုအပ်ခဲ့ပေ။
သူ၏ လက်သီးမှထွက်ပေါ်လာသော အင်အားသက်သက်ဖြင့်ပင် ထိုပုံရိပ်လေးခုသည် နောက်သို့ လွင့်စင်သွားကြပြီး လေထဲတွင်ပင် သွေးများ အန်ထုတ်လိုက်ကြရလေ၏။ သူတို့ မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် သူတို့၏ အရိုးများအားလုံး ကျိုးပဲ့သွားခဲ့ပြီး လုံးဝလှုပ်ရှား၍မရတော့သည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
"အား"
သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်သင်္ကေတများသည် အရေပြားထဲမှ ရုန်းထွက်လိုသည့်အလား ပြင်းထန်စွာ လှုပ်ရှားတုန်ယင်လာကြသည်။ နောက်တစ်စက္ကန့်တွင် သူတို့၏ အငွေ့အသက်များသည် ပြန်လည်စုစည်းလာပြီး နောက်တစ်ကြိမ် ပြန်လည်ထရပ်ကာ တိုက်ခိုက်ရန် ကြိုးစားနေသည့် လက္ခဏာများ ပြသလာလေ၏။
"ဟင်"
ဤမြင်ကွင်းကို ကြည့်ပြီး လုချင်း အနည်းငယ် အံ့အားသင့်သွားရသည်။ သူ၏ လက်သီးချက်တွင် စွမ်းအားအများကြီး မသုံးခဲ့သော်ငြားလည်း သူတို့ကို အနိုင်ယူရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
သို့တိုင်အောင် ဤလူများသည် ပြင်းထန်သော ဒဏ်ရာများသာ ရရှိခဲ့ပုံပေါ်ပြီး သူ၏ထိုးနှက်ချက်ကြောင့် သေဆုံးသွားသည့် လက္ခဏာ မပြဘဲ ပြန်လည်တိုက်ခိုက်ရန်ပင် ဟန်ပြင်နေကြသေးသည်။ သိုင်းပညာ၏ စည်းမျဉ်းများကို ဆန့်ကျင်နေသော ဤထူးဆန်းလှသည့် ဖြစ်စဉ်က အံ့ဩစရာပင်။
"စိတ်ဝင်စားစရာပဲ"
သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်သင်္ကေတများသည် သိုင်းပညာ၏ စည်းမျဉ်းများကို ဆန့်ကျင်နေသော ဤပုံမှန်မဟုတ်သည့် ဖြစ်စဉ်အတွက် တာဝန်ရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့် လုချင်း သိလိုက်သည်။
လက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူ၏ပတ်လည်ရှိ အဝါရောင်အလင်းတန်းများ လင်းလက်သွားပြီး မြေကမ္ဘာသံလိုက်စွမ်းအင်သည် သူတို့ကို မြေပြင်ပေါ်သို့ ထပ်မံဖိချလိုက်ကာ မလှုပ်မရှားနိုင် ဖြစ်သွားစေတော့သည်။
ထို့နောက်၌ သူသည် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ အာရုံစိုက်ကြည့်လိုက်၏။
မကြာမီမှာပင် သူတို့၏ ခန္ဓာကိုယ်များအထက်တွင် စာကြောင်းအချို့ ထွက်ပေါ်လာလေသည်။
[လျိုကျင်း : ကျီကျိုးရှိ ချင်းယွင်ဓားဂိုဏ်းမှ တပည့်တစ်ဦး]
[ကျင့်ကြံမှုအဆင့် : မွေးဖွားပြီးနယ်ပယ် ကိုယ်တွင်းအင်္ဂါအဆင့်]
[လျှို့ဝှက်ဆန်းကြဲသော မိစ္ဆာကျင့်ကြံသူတစ်ဦးမှ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုကာ ထိန်းချုပ်ထားခြင်း ခံရသဖြင့် ဉာဏ်ရည်ကင်းမဲ့သော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာပြီး မွေးရာပါအဆင့် စွမ်းအားကို ရရှိရန်အတွက် သူ၏ အသက်စွမ်းအင်ကို စတေးထားရသည်။]
...
"အော်... သူတို့က တကယ်ပဲ ထိန်းချုပ်ခံထားရတာကိုး"
သူတို့အပေါ်တွင် ဖော်ပြထားသော သတင်းအချက်အလက်များကို ဖတ်ပြီးနောက် လုချင်းသည် အံ့အားသင့်ခြင်း မရှိခဲ့ချေ။ ထိုအစား သူတို့၏ ကိုယ်ရေးအချက်အလက်များက သူ့ကို သဘောပေါက်သွားစေခဲ့သည်။ လွန်ခဲ့သောလအနည်းငယ်က ချင်းယွင်ဓားဂိုဏ်း ဖျက်ဆီးခံရခြင်းသည်လည်း ဤလျှို့ဝှက်ဆန်းကြဲသော မိစ္ဆာကျင့်ကြံသူ၏ လက်ချက်ပင် ဖြစ်ပုံရသည်။
"ဂါး"
မြေကမ္ဘာသံလိုက်စွမ်းအင်၏ ဖိနှိပ်မှုကို ခံထားရသော်ငြားလည်း ချင်းယွင်ဓားဂိုဏ်း၏ တပည့်များသည် ရပ်တန့်သွားမည့် အရိပ်အယောင် မပြကြချေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်သင်္ကေတများသည် လျင်မြန်စွာ လည်ပတ်နေပြီး သူတို့၏ အသက်စွမ်းအင်များကို စုပ်ယူကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်ရင်း ထရပ်ရန် ရုန်းကန်နေကြလေသည်။
"မင်းတို့တွေ ခဏလောက် ငြိမ်ငြိမ်နေကြစမ်းပါ" လုချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏စိတ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မြေကမ္ဘာသံလိုက်စွမ်းအင်၏ ဖိနှိပ်မှုစွမ်းအားသည် ပို၍ပင် ပြင်းထန်လာပြီး ထိန်းချုပ်ခံထားရသော တပည့်လေးဦးကလည်း မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ဖိချခံလိုက်ရတော့၏။
ဤသို့ပြုလုပ်ပြီးနောက်၌ လုချင်းသည် ခရိုင်မြို့တော်ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်သည်။ သူတို့ပေါ်ရှိ အနက်ရောင်သင်္ကေတများကို သူ စိတ်ဝင်စားမိသော်လည်း ယခုအချိန်သည် ၎င်းတို့ကို လေ့လာနေရန် အချိန်မဟုတ်ပေ။
ရှေ့မှ မိစ္ဆာဝင်္ကပါကြီး နောက်တစ်ကြိမ် ပြန်လည်အသက်ဝင်လာသည်ကို သူ အာရုံခံမိလိုက်သည်။ အကယ်၍ သူသာ ထပ်မံကြန့်ကြာနေမည်ဆိုပါက မြို့သူမြို့သားများ ကြာကြာ တောင့်ခံနိုင်ကြတော့မည် မဟုတ်ချေ။ ထပ်မံမဆိုင်းငံ့တော့ဘဲ လုချင်းသည် သူ၏လေးကိုဆွဲကာ မြားတစ်စင်းကို တင်လိုက်လေသည်။
သူသည် သူ၏ ကြယ်ကြွေမြားပစ်ခတ်မှု သိုင်းကွက်ကို အသုံးပြုကာ ကောင်းကင်ယံသို့ ဒေါင့်ဖြတ်အနေအထားဖြင့် မြားသုံးစင်းကို ပစ်လွှတ်လိုက်၏။ မြို့တွင်းမှ မွန်းကြပ်သော ပေါက်ကွဲသံသုံးခု ပဲ့တင်ထပ်လာသည်နှင့်အမျှ ဝင်္ကပါဆက်သွယ်ရေးအမှတ် သုံးခုလည်း ဖျက်ဆီးခံလိုက်ရလေပြီပင်။ ဤတစ်ကြိမ်တွင်တော့ မြို့ကို လွှမ်းခြုံထားသော အနက်ရောင်အလင်းတန်းသည် တုန်ယင်သွားပြီး သိသိသာသာကို မှေးမှိန်သွားတော့၏။
မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော ချင်းယွင်ဓားဂိုဏ်းမှ တပည့်လေးဦးသည် အံ့အားသင့်စွာဖြင့် ကြည့်နေကြလေသည်။ သူတို့၏ မိစ္ဆာသခင် တည်ဆောက်ထားသော ဝင်္ကပါဆက်သွယ်ရေးအမှတ်များကို ဤလူငယ်လေးက သူ၏လေးနှင့်မြားများကို အသုံးပြု၍ မည်ကဲ့သို့ ဖျက်ဆီးနေကြောင်းကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြတော့သည်။
လုချင်းသည် မရပ်တန့်ဘဲ နောက်ထပ် မြားသုံးစင်းကို ဆွဲထုတ်ကာ ထပ်မံ၍ပစ်လွှတ်လိုက်ပြန်၏။
"ကျစ်"
မြားသုံးစင်း ကျဆင်းလာပြီး နောက်ထပ် ဆက်သွယ်ရေးအမှတ် သုံးခုကို ဖျက်ဆီးလိုက်သောအခါ ဖရိုဖရဲဖြစ်နေသော ပုံရိပ်သည် အနက်ရောင်အရိုးဓားကို ဝန်းရံထားသော သွေးမြူခိုးများ၏ နောက်ထပ် သုံးပုံတစ်ပုံခန့် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
ထို့ကြောင့် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ သူ ပေါက်ကွဲသွားတော့သည်။ သူ တပ်ဆင်ထားခဲ့သော ဆက်သွယ်ရေးအမှတ် သုံးဆယ့်ခြောက်ခုအနက် သုံးပုံတစ်ပုံခန့်မှာ ယခုအခါ၌ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။ ဤဖျက်ဆီးမှုသာ ဆက်လက်ဖြစ်ပေါ်နေပြီး ဆက်သွယ်ရေးအမှတ်များ၏ တစ်ဝက်ကျော်သာ ပျက်စီးသွားပါက၊ လွယ်ကူအောင် ပြုလုပ်ထားသော ဆယ်မျက်နှာ သွေးပျော်ဝိညာဉ်သန့်စင်ခြင်း မိစ္ဆာဝင်္ကပါသည် ဆက်လက်တည်မြဲနိုင်တော့မည် မဟုတ်ချေ။
"အဲဒီအသုံးမကျတဲ့ အစေခံတွေက ငါ့အတွက် အချိန်နည်းနည်းလေးတောင် မဆွဲထားပေးနိုင်ဘူးပဲ။ ငါ့ရဲ့ အစီအစဉ်တွေကို ဘယ်သူကများ ဖျက်ဆီးရဲတာလဲဆိုတာ သွားကြည့်ရမယ်"
ဖရိုဖရဲဖြစ်နေသော ပုံရိပ်သည် အပြင်ဘက်မှလူကို ဆက်လက်ခွင့်ပြုထားမည်ဆိုပါက ဝင်္ကပါကြီး မကြာမီ ပျက်စီးသွားတော့မည်ကို သိလေသည်။ ထိုသို့ဖြစ်လာပါက သူ၏ ကြိုးပမ်းအားထုတ်မှုအားလုံးသည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ဤဝင်္ကပါအတွက် ချင်းယွင်ဓားဂိုဏ်းမှ သူလုယူလာခဲ့သော အရင်းအမြစ်အားလုံးနီးပါးကို သူ အသုံးပြုထားပြီး ဖြစ်သည်။
အကယ်၍ ၎င်းသာ ဖျက်ဆီးခံလိုက်ရပါက ဝင်္ကပါကို ပြန်လည်တည်ဆောက်ရန် သူ၏ထံတွင် မည်သည့်အရင်းအမြစ်မျှ ကျန်ရှိတော့မည် မဟုတ်ပေ။
ဒေါသကြောင့် မျက်လုံးများပင်အေးစက်သွားခဲ့လေပြီပင်။ ထို့နောက်၌ သူသည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားကာ ဝင်္ကပါ၏ စွမ်းအားကို အသုံးပြု၍ မြို့ရိုးများဆီသို့ လေထဲမှ ပျံသန်းသွားလေတော့၏။
...
"အဲဒါ ဘယ်သူလဲ"
မြို့တွင်း၌ ခရိုင်မြို့စားမင်းနှင့် သူ၏လူများသည် အနက်ရောင်ချီမြွေများကို တိုက်ခိုက်နေကြစဉ် ဖရိုဖရဲဖြစ်နေသော ပုံရိပ်သည် ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို သတိပြုမိလိုက်ကြရာ သူတို့ အလွန်အမင်း အံ့အားသင့်သွားကြလေသည်။
လေပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ကောင်းကင်ယံသို့ ပျံသန်းနိုင်သူဆိုသည်မှာ...
ဤလောကတွင် ထိုကဲ့သို့ အရာမျိုးကို အမှန်တကယ် စွမ်းဆောင်နိုင်သူ ရှိပါသလော။ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် မပျံသန်းနိုင်ကြချေ
"မြို့စားမင်း အဲဒီလူက ကျွန်တော်တို့ကို ခရိုင်မြို့တော်ထဲမှာ ထောင်ချောက်ဆင်ထားတဲ့ မိစ္ဆာကျင့်ကြံသူပဲ"
ဝေ့ရှင်းဟယ်က အော်ပြောလိုက်၏။
"သူ ထွက်လာပြီဆိုတော့ ဝင်္ကပါကို ဖျက်ဆီးနေတဲ့ မဟာသခင်က အောင်မြင်ခါနီးနေပြီဆိုတဲ့ သဘောပဲ ကျုပ်တို့ နည်းနည်းလောက် ထပ်တောင့်ခံထားဖို့ပဲ လိုတယ်။ ဝင်္ကပါကြီး ပျက်စီးသွားတာကို မြင်ရတော့မယ် ထင်တယ်"
ထိုစကားကို ကြားသောအခါ မြို့စားမင်းနှင့် သူ၏လူများသည် မျှော်လင့်ချက်များ ရှင်သန်လာသည်ကို ခံစားလိုက်ရသည်။
အထက်မှ အနက်ရောင်အလင်းတန်းများ မှေးမှိန်သွားပြီး အနက်ရောင်ချီမြွေများ အားနည်းသွားသည်ကို သူတို့ သတိပြုမိခဲ့ကြသည်။
ဝေ့ရှင်းဟယ် လိမ်ပြောနေခြင်း မဟုတ်ချေ။
သူတို့ကို ကယ်တင်ရန် ကြိုးပမ်းနေသော မဟာသခင်တစ်ဦး အမှန်တကယ် ရှိနေပေသည်။ ထိုအချက်ကို သဘောပေါက်သွားသောအခါ၌ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများသည် အနက်ရောင်ချီမြွေများကို ခုတ်ထစ်ရန် ခွန်အားသစ်များ ပြန်လည်ရရှိသွားကြလေ၏။
"မိစ္ဆာသခင်ကြီး မြို့ပြင်ထွက်သွားပြီလား"
ပုန်းအောင်းနေသော လမ်းကြားတစ်ခုတွင် ဝေ့ကျိဟောက်သည်လည်း ဖရိုဖရဲဖြစ်နေသော ပုံရိပ်က မြို့တံခါးဆီသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရပြီး သူ၏ရင်များ ခုန်ပေါက်လာခဲ့သည်။
မြို့စားမင်းနှင့် သူ၏လူများထံမှ ချီစွမ်းအင်များ မြင့်တက်လာသည်ကို သူ အာရုံခံမိလိုက်ပြီး သူတစ်ယောက်တည်းဖြင့် သူ၏ဖခင်ကို ခေါ်ဆောင်သွားရန် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်ပါ၏။
သို့ဖြစ်၍ သူသည် သူ၏ကြိုးပမ်းမှုများကို ရပ်တန့်လိုက်ပြီး မြို့တံခါးဆီသို့သာ ရွေ့လျားသွားလေတော့သည်။
...
ဖရိုဖရဲဖြစ်နေသော ပုံရိပ်သည် မိစ္ဆာအစေခံများ၏ တည်နေရာကို အာရုံခံရင်း မြို့တံခါးထိပ်သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
အံ့ဩစရာကောင်းသည်မှာ သူတို့သည် မြို့ပြင် တစ်မိုင်ခန့်အကွာတွင် ရှိနေကြခြင်းပင်။
"ဟင်"
ထိုပုံရိပ် မြို့တံခါးထိပ်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လုချင်းက သူ့ကို အာရုံခံမိလိုက်သည်။ မော့ကြည့်လိုက်သောအခါ၌ အလွန်ထင်ရှားသော ဆိုးယုတ်သည့် အငွေ့အသက်များရှိနေသည့် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို သူ မြင်လိုက်ရသည်။
သူသည် မျက်ခုံးပင့်လိုက်ပြီး "အော်... ခင်ဗျားကိုး"
"မင်းးးး"
လုချင်း၏ တည်ငြိမ်သော အမူအရာနှင့် မတူဘဲ ဖရိုဖရဲဖြစ်နေသော ပုံရိပ်မှာ လုချင်းကို မှတ်မိသွားသောအခါ၌ တုန်လှုပ်သွားပြီး သူ၏မျက်လုံးများမှာလည်း ပြူးကျယ်သွားတော့လေ၏။
"ဟုတ်တယ် ကျွန်တော်ပဲ။ ခင်ဗျားလို မိစ္ဆာကြွက်စုတ်... မြို့တော်မြတ်မှာတုန်းက အဲဒီဓားချက်နဲ့ ခင်ဗျားကို အပြတ်မရှင်းနိုင်ခဲ့တာ နှမြောစရာပဲ။ ခင်ဗျားက ဒီအထိတောင်ပြေးလာပြီး ပြဿနာရှာလိမ့်မယ်လို့ ကျွန်တော် မယုံနိုင်ဘူး"
ဖရိုဖရဲဖြစ်နေသော ပုံရိပ်ကို ကြည့်ရင်း လုချင်းသည် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်သည်။ မြို့တော်မြတ်တွင် သူသည် ဤလူ၏ နောက်ခံကို စူးစမ်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အချိန်အကန့်အသတ်ရှိသဖြင့် မအောင်မြင်ခဲ့ချေ။
ယခုအခါတွင်တော့ ဤမိစ္ဆာကျင့်ကြံသူသည် မည်သူဖြစ်ကြောင်း သူ နောက်ဆုံးတွင် မြင်တွေ့နိုင်တော့မည် ဖြစ်၏။
"မင်း...မင်းပဲ။ ကံတရားက ငါတို့ကို တကယ်ပဲ ပြန်ဆုံစည်းပေးတာကိုး။ ငါ မင်းကို အချိန်အတော်ကြာ လိုက်ရှာနေခဲ့တာ။"
ဖရိုဖရဲဖြစ်နေသော ပုံရိပ်သည် ဤနေရာတွင် လုချင်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ချေ။ ကနဦး အံ့အားသင့်သွားပြီးနောက်၌ သူက လှောင်ပြောင်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ဆိုးယုတ်သော အပြုံးတစ်ခုပေါ်လာလေသည်။
"မြို့တော်မြတ်က ကိစ္စဖြစ်ပြီးကတည်းက ငါ မင်းကိုရှာပြီး အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်၊ အဲဒီတိုက်ခိုက်မှုအတွက် မင်းရဲ့ဝိညာဉ်ကို သန့်စင်ပြီး လက်စားချေမယ်လို့ ကျိန်ဆိုထားခဲ့တာ။ မင်းက ငါ့ရှေ့ကို ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"
မြို့တော်မြတ်တွင် သူ ဆုံးရှုံးခဲ့ရသည်များကို ပြန်တွေးမိသောအခါ သူ၏နှလုံးသားမှာ နာကျင်နေဆဲပင် ဖြစ်၏။
အကယ်၍ လုချင်းသာ ထိုကောင်းကင်မိစ္ဆာစွမ်းအင်များကို မလုယူသွားခဲ့ပါက၊ သူသည် ကမ္ဘာလောကကြီးကို လွှမ်းမိုးနိုင်မည့် သူ၏မိစ္ဆာခန္ဓာကိုယ်ကို ကျင့်ကြံပြီးလောက်ပြီပင်။ ယခုတော့ ဤကဲ့သို့ ဝေးခေါင်သော နေရာမျိုးတွင် လျှို့ဝှက်စွာ လုပ်ဆောင်ရန် သူ အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။ ဒေါသများဖြင့် လောင်ကျွမ်းနေသဖြင့် လုချင်းအား ဤနေရာမှာပင် ဖမ်းဆီးချင်စိတ်ကို သူ အနိုင်နိုင် ထိန်းချုပ်ထားရလေသည်။
သို့သော် သူ၏ ဆင်ခြင်တုံတရားက လွှမ်းမိုးသွားပါ၏။ လုချင်းသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ သိလေသည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီးကတည်းက လုချင်းသည် အတိဒုက္ခကို ပထမဆုံး ဖြတ်သန်းနိုင်ခဲ့သူဖြစ်ပြီး ကောင်းကင်တာအို၏ မျက်နှာသာပေးမှုကို ခံရသော ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ သေချာလှပေသည်။ ဤကဲ့သို့သော ပါရမီရှင်မျိုးကို သာမန်စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်ချေ။
ဖရိုဖရဲဖြစ်နေသော ပုံရိပ်သည် ဒေါသများ ထွက်နေသော်ငြားလည်း ဝင်္ကပါ၏ အကာအကွယ်မှ ထွက်သွားရန် ဆန္ဒမရှိသဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်လေ၏။
"ကျွန်တော့်ကို အပိုင်းပိုင်းဆုတ်ဖြဲပြီး ကျွန်တော့်ဝိညာဉ်ကို သန့်စင်မယ်ဆိုပဲ။ မိစ္ဆာအမှိုက်ကောင်... အဲဒီလိုလုပ်ဖို့ ခင်ဗျားမှာ အရည်အချင်းကောရှိလို့လား။ ကျွန်တော့်ရဲ့ဓားရှေ့ကနေ ကြွက်တစ်ကောင်လို ထွက်ပြေးခဲ့ရတာကို ခင်ဗျားကိုယ်ခင်ဗျား မေ့သွားပြီလား"
လုချင်း၏ စကားများသည် ခက်ထန်လှသော်လည်း အတွင်းစိတ်ထဲတွင်တော့ သူ အံ့အားသင့်နေတာပင်။ အဘယ်ကြောင့်ဆိုသော် မြို့ရိုးပေါ်ရှိ ပုံရိပ်ကို လေ့လာရန် သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြုလိုက်သောအခါ၌ ဆယ်ရှိုက်ခန့် အချိန်ယူခဲ့ရသော်လည်း သတင်းအချက်အလက် အလုံအလောက် မစုဆောင်းနိုင်သေးသောကြောင့်ပင်။ ဤလူ၏ နောက်ခံကို စုံစမ်းရန်မှာ ဝိညာဉ်အသုံးအဆောင်တစ်ခုထက်ပင် အချိန်ပို၍ကြာမြင့်နေလေ၏။
"မင်း ဘာပြောလိုက်တာလဲကွ"
ဖရိုဖရဲဖြစ်နေသော ပုံရိပ်က ဒေါသတကြီး ဖြစ်သွားလေသည်။
ဤရှေးပုဂ္ဂိုလ်ကြီးသည် ယခုအခါတွင်တော့ သာမန်လူငယ်လေးတစ်ဦး၏ ကြွက်တစ်ကောင်ဟု ခေါ်ဝေါ်ခြင်းကို ခံနေရသည်။
ဤစော်ကားမှုကို သူ လုံးဝ သည်းမခံနိုင်ချေ
"ကျွန်တော် ပြောတာ မှားတယ်လို့များ ထင်နေလား၊ မိစ္ဆာအမှိုက်ကောင်။ အဲဒီတုန်းက ခင်ဗျား ကျွန်တော့်ကို တိုက်ရိုက်ရင်ဆိုင်ဖို့တောင် သတ္တိမရှိခဲ့ဘူးလေ။ ခင်ဗျားလုပ်နိုင်ခဲ့တာက ကြွက်တစ်ကောင်လို အရိပ်ထဲမှာ ပုန်းအောင်းပြီး ခိုးကြောင်ခိုးဝှက် လုပ်နေရုံပဲမလား"
"အခုကျမှ လက်စားချေမယ်လို့ လာပြောနေတယ်။ ခင်ဗျားရဲ့ မိစ္ဆာကျင့်ကြံမှုက ခင်ဗျားရဲ့ဦးနှောက်ကိုပါ ပုပ်သိုးသွားစေတာပဲ ဖြစ်ရမယ်"
လုချင်းသည် သူ၏ လှောင်ပြောင်မှုများကို ဆက်လက်ပြုလုပ်နေပြီး ပုံရိပ်၏ နောက်ခံကို စုံစမ်းရန် ကြိုးပမ်းရင်း အချိန်ဆွဲနေလေ၏။
"အား မင်း...မင်းကများ ငါ့ကိုစော်ကားရဲတယ်ပေါ့လေ"
ဖရိုဖရဲဖြစ်နေသော ပုံရိပ်သည် ရူးသွပ်လုမတတ် ဖြစ်နေလေပြီပင်။
လုချင်း၏ အကြိမ်ကြိမ် လှောင်ပြောင်မှုများက သူ့ကို ဒေါသထွက်စေရန် တွန်းပို့နေသည်။
သို့သော် သူ မည်မျှပင် ဒေါသထွက်နေပါစေ၊ လုချင်းကို တိုက်ရိုက်ရင်ဆိုင်ရန် ဝင်္ကပါ၏ လုံခြုံမှုထဲမှ ထွက်သွားရန် သူ မဝံ့ရဲချေ။
ဝင်္ကပါ၏ အထောက်အပံ့သာ မရှိပါက လုချင်းကို သူ အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုမရှိပေ။
ထိုအချိန်မှာပင် လုချင်းသည် ပုံရိပ်၏ ခန္ဓာကိုယ်မှ စာကြောင်းအချို့ ထွက်ပေါ်လာသည်ကို နောက်ဆုံးတွင်တော့ မြင်တွေ့လိုက်ရတော့၏။
[လီအန်း : ချင်းယွင်ဓားဂိုဏ်းမှ တပည့်တစ်ဦး။ ထျန်းယွမ်ကမ္ဘာလောကကြီးရှိ ကောင်းကင်မည်း မိစ္ဆာအရှင်သခင်၏ လက်အောက်မှ မိစ္ဆာစစ်သူကြီး ၁၀၈ ဦးအနက် တစ်ဦးဖြစ်ပြီး၊ ညဉ့်နက်မိစ္ဆာစစ်သူကြီး၏ ဝင်စားမှု ဖြစ်သည်]
[ကျင့်ကြံမှုအဆင့် : မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်]
[မူလက ကောင်းကင်မည်း မိစ္ဆာအရှင်သခင်၏ လက်အောက်မှ မိစ္ဆာစစ်သူကြီးများအနက် တစ်ဦးဖြစ်ပြီး၊ ဖြောင့်မတ်သောသူများ၏ လိုက်လံရှာဖွေမှုမှ လွတ်မြောက်ရန် လေဟာနယ်အတွင်းသို့ ထွက်ပြေးခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်တော့သဖြင့် ဤကမ္ဘာငယ်လေးသို့ အတင်းအကျပ် ဝင်စားခဲ့ရသည်။]
[မိစ္ဆာစစ်သူကြီးတစ်ဦးအနေဖြင့် သူ၏စွမ်းအားသည် သန့်စင်ခြင်းလမ်းစဉ်ရှိ နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်စွမ်းရှိသည်။ သူ၏ဝိညာဉ်သည် ဖျက်ဆီး၍မရနိုင်သလောက် ဖြစ်ပြီး ဝင်စားပြီးနောက်၌ သားအိမ်၏နက်နဲမှုများကို ဖောက်ထွင်းကာ သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို နိုးကြားလာစေရန် အခွင့်အရေးရှိသည်။]
...
ဤအချက်များကို ဖတ်ရှုပြီးနောက် လုချင်း၏ နှလုံးသားမှာ တုန်ယင်သွားလေသည်။ သူ၏ရှေ့ရှိ မိစ္ဆာကျင့်ကြံသူသည် ဤကမ္ဘာလောကကြီးမှ လူတစ်ဦးမဟုတ်ဘဲ ထျန်းယွမ်ကမ္ဘာလောကကြီးမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ထို့အပြင် သူသည် ကောင်းကင်မည်း မိစ္ဆာအရှင်သခင်၏ လက်အောက်မှ မိစ္ဆာစစ်သူကြီးတစ်ဦး ဖြစ်နေသည်။ ဤအကြောင်းကြောင့်ပင် သူ၏နောက်ခံကို ဖော်ထုတ်ရန် ဤမျှ အချိန်ယူခဲ့ရခြင်း ဖြစ်ပေမည်။
...
လုချင်း၏ အကြည့်ကို ခံစားလိုက်ရသောအခါ၌ လီအန်းသည် ရုတ်တရက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
လုချင်း၏ မျက်လုံးများသည် သူ၏ လျှို့ဝှက်ချက်များအားလုံးကို မြင်နိုင်စွမ်းရှိသကဲ့သို့ ခံစားရသဖြင့် သူ၏ရင်ထဲတွင် မလုံမခြုံဖြစ်ကာ တုန်ယင်သွားတော့၏။
ဤမမျှော်လင့်ထားသော ကြောက်ရွံ့မှုခံစားချက်ကြောင့် လီအန်း၏ ဒေါသများ ယာယီ ငြိမ်သက်သွားပြီး သူ၏စိတ်များ ရှင်းလင်းသွားလေသည်။
သူ၏ နှလုံးသားထဲတွင် အန္တရာယ်အချက်ပေးသံများ မြည်ဟည်းလာခဲ့၏။ သူ ဘာကြောင့် ဤသို့ဖြစ်နေမှန်း မရှင်းပြတတ်သော်လည်း ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်နေကြောင်း သူ အာရုံခံမိလေသည်။
"ဘာဖြစ်သွားတာလဲ မိစ္ဆာအမှိုက်ကောင်။ လက်စားချေမယ်လို့ ကြွေးကြော်နေပြီးတော့ ခင်ဗျားရဲ့ ဝင်္ကပါထဲကနေတောင် ခင်ဗျား အပြင်မထွက်ရဲဘူးလား"
ယခုအခါ လုချင်းသည် လီအန်း၏ ဇစ်မြစ်ကို သိရှိသွားပြီဖြစ်ရာ သူ၏ ယုံကြည်မှုမှာ ပိုမိုခိုင်မာသွားခဲ့သည်။ လီအန်း၏ နောက်ခံသည် အံ့မခန်းဖြစ်သော်လည်း သူ၏ လက်ရှိစွမ်းအားမှာ မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်၌သာ ရှိနေသေးသည်။ သူ၏ ထူးကဲသော ဇစ်မြစ်များရှိသော်ငြားလည်း သူတို့၏ လက်ရှိကျင့်ကြံမှု အဆင့်များအရ လုချင်းအနေဖြင့် သူ့ကို ကြောက်ရွံ့စရာ အကြောင်းမရှိပေ။
"မင်းလို မာနကြီးတဲ့ ကောင်လေးက ကောင်းကင်တာအိုရဲ့ မျက်နှာသာပေးမှုကို ရထားရုံလေးနဲ့ ဒီလောက် ရောင့်တက်နေလို့ရပြီ ထင်နေတာလား။ ငါ မင်းကို ပြောပြမယ်... ကံတရားရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူတွေက ဘယ်တော့မှ ဇာတ်သိမ်းမလှကြဘူးကွ"
လီအန်း၏ မျက်လုံးများတွင် အေးစက်သော တွက်ချက်မှုများ လင်းလက်သွားပြီး လုချင်း၏ နှလုံးသားထဲတွင် သံသယများ မျိုးစေ့ချပေးရန် ကြိုးစားလိုက်သည်။ ရှေးယခင်ခေတ်များကတည်းက ကမ္ဘာလောကကြီး၏ ကံကြမ္မာကို သယ်ဆောင်ထားသူများသည် အမြဲတမ်း အဆုံးသတ် မလှခဲ့ကြချေ။
ယခု လုချင်းသည် သူ့ဘဝ၏အမြင့်ဆုံးအချိန်သို့ ရောက်ရှိနေသော်လည်း အနာဂတ်တွင် သူ၏ ကံကြမ္မာသည် သူ့ကို ပြန်လည်ဆန့်ကျင်လာနိုင်ပြီး အဆုံးမဲ့ ဒုက္ခများအတွင်းသို့ ဆွဲချသွားပေလိမ့်မည်။
ထိုစကားများကို ကြားသောအခါ လုချင်း၏ အကြည့်များက အနည်းငယ် တုန်ယင်သွားလေ၏။
"ဟားဟားဟား... အခု မင်း ကြောက်သွားပြီလား"
လီအန်းက ရယ်မောလိုက်သည်။
"နည်းပါးလှတဲ့ အတွေ့အကြုံတွေပဲရှိတဲ့ မင်းတို့လို ဒီကမ္ဘာဇာတိက လူတွေက ကောင်းကင်တာအိုရဲ့ မျက်နှာသာပေးမှု နည်းနည်းလေး ရထားရုံနဲ့ ပြိုင်ဘက်ကင်းပြီလို့ ထင်နေကြတာ။ မင်းလိုလူမျိုးတွေကို ငါ အများကြီး မြင်ဖူးတယ်။ ဒီအရှင်သခင်ရဲ့စကားကို မှတ်ထား... အခု မင်း ဘယ်လောက်ပဲ ဂုဏ်ယူနေပါစေ၊ မင်းရဲ့ အဆုံးသတ်က ပိုပြီး ဆိုးရွားလိမ့်မယ်။ တစ်နေ့ကျရင် မင်း သေချင်ရင်တောင် သေခွင့်ရမှာ မဟုတ်ဘူး ဟားဟားဟား"
လီအန်း၏ ရူးသွပ်သော ရယ်မောသံကို နားထောင်ရင်း လုချင်းကတော့ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။ ခပ်သဲ့သဲ့နှင့် ထူးဆန်းသော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ပေါ်လာလေသည်။
"မိစ္ဆာအမှိုက်ကောင်... ခင်ဗျားကိုယ်ခင်ဗျား 'ဒီအရှင်သခင်' လို့ သုံးနှုန်းရဲတယ်ပေါ့လေ။ တကယ်လို့ ခင်ဗျားရဲ့သခင် ကောင်းကင်မည်း မိစ္ဆာအရှင်သခင်သာ အဲဒါကို ကြားသွားရင် သူ ဘယ်လိုထင်မလဲလို့ ကျွန်တော် သိချင်မိသား"
"မင်း ဘာပြောလိုက်တယ်...."
လီအန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားတော့သည်။ သူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို လုချင်းက စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်လိုက်ခြင်းက သူ၏ တည်ငြိမ်မှုကို အခြေခံအထိ တုန်လှုပ်သွားစေခဲ့ပါ၏။
ထိုအချိန်လေးမှာပင် လုချင်းမှာ သူ၏လေးကို တစ်ဖန်ပြန်ဆွဲလိုက်ပြီး ပေသုံးရာအတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို အသက်သုံးရှိုက်အတွင်း သူ၏မြားထဲသို့ လှည့်ပတ်သွင်းယူလိုက်လေသည်။
ထို့နောက် သူသည် မြားကို လွှတ်လိုက်ရာ တောက်ပသော အလင်းတန်းတစ်ခုသည် မြို့တံခါးဆီသို့ လျင်မြန်စွာ ထိုးဟက်သွားလေတော့၏။
...
အခန်း ၃၅၆ - ဝင်္ကပါကို ချိုးဖျက်ခြင်း၊ အနက်ရောင်ချီပိုးအိမ်နှင့် ဧရာမလက်ကြီး
ယခုတစ်ကြိမ် လုချင်းပစ်လွှတ်လိုက်သော လျှို့ဝှက်မန္တန်မြားသည် ယခင်က သူပစ်ခတ်ခဲ့သမျှသော မြားများအားလုံးထက် ပို၍မြန်ဆန်လှသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမြားသည် ဖရိုဖရဲဖြစ်နေသော ပုံရိပ်ထံသို့ ရောက်ရှိသွားလေ၏။
မြားထဲတွင် ပါဝင်လာသော အလွန်ကြီးမားလှသည့် အင်အားကြောင့် အံ့အားသင့်နေဆဲဖြစ်သော ထိုပုံရိပ်မှာ ချက်ချင်းပင် အသိစိတ်ပြန်ဝင်လာတော့သည်။ လုချင်းသည် သူ၏မူလဇစ်မြစ်ကို မည်သို့မည်ပုံ ဤမျှလွယ်ကူစွာ ဖော်ထုတ်နိုင်ခဲ့သနည်းဟု တွေးတောနေရန် သူ့အတွက် အချိန်မရှိတော့ပေ။
သူ၏အတွေးများ လျင်မြန်စွာ အလုပ်လုပ်သွားပြီးနောက်၌ အနက်ရောင်အရိုးဓားတစ်လက်သည် သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာကာ၊ သူ၏နောက်ကျောဘက်ရှိ ဝင်္ကပါ၏ စွမ်းအားများသည်လည်း လျှို့ဝှက်မန္တန်မြားကို ခုခံရန်အတွက် လျင်မြန်စွာ စုစည်းလာကြလေသည်။
ဘုန်း
မွေးရာပါနယ်ပယ်၏ အကန့်အသတ်ကို ကျော်လွန်နေသော အင်အားနှစ်ခု ရိုက်ခတ်သွားရာမှ နားကန်းလောက်မတတ် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး၊ ပေပေါင်းများစွာ အကျယ်အဝန်းအတွင်းရှိ လေထုတစ်ခုလုံးမှာ ချက်ချင်းပင် မြူခိုးဖြူများအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ချန်းကျိုးမြို့တော်၏ မြို့တံခါးတစ်ခုလုံးသည်လည်း ထိုအရှိန်ကြောင့် ပြင်းထန်စွာ တုန်ယင်သွားခဲ့လေသည်။
အကယ်၍ အနက်ရောင်အလင်းတန်းဝင်္ကပါ၏ အကာအကွယ်သာ မရှိခဲ့လျှင် မြို့တံခါးကြီးမှာလည်း ပြိုကျပျက်စီးသွားလောက်ပြီပင်။
"ခင်ဗျားမှာလည်း အစွမ်းအစလေးတွေ ရှိသားပဲ"
မြူခိုးများ ကင်းစင်သွားချိန်တွင် အထိအခိုက်မရှိဘဲ ရပ်နေသော ဖရိုဖရဲပုံရိပ်ကို ကြည့်ရင်း လုချင်းက အနည်းငယ် အံ့အားသင့်ဟန်ဖြင့် မှတ်ချက်ချလိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ထိုဖရိုဖရဲပုံရိပ်မှာတော့ သူ၏ အနက်ရောင်အရိုးဓားကို စိုက်ကြည့်နေပြီး မျက်နှာတစ်ခုလုံးမှာ ဒေါသကြောင့် မည်းမှောင်နေလေသည်။ ယခုဆိုလျှင် ဓား၏ပတ်လည်တွင် စုစည်းနေခဲ့သော သွေးမြူခိုးများအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီပင်။
ထို့အပြင် သွေးယဇ်ပူဇော်ခြင်းဖြင့် သူ အပတ်တကုတ် ပျိုးထောင်ထားခဲ့ရသော ကောင်းကင်မိစ္ဆာ မူလဇစ်မြစ်၏ တစ်စိတ်တစ်ပိုင်းသည်လည်း ကုန်ဆုံးသွားခဲ့ရပြီဖြစ်၏။
ကောင်းကင်မိစ္ဆာ မူလဇစ်မြစ်ကို ပျိုးထောင်ပြီး အားကောင်းလာစေရန် ဤမျှလောက် အားထုတ်ထားခဲ့ရပါလျက်နှင့် ယခုတစ်ဝက်ကျော်ခန့် ဆုံးရှုံးလိုက်ရသည်ဖြစ်ရာ သူ မည်သို့များ ရင်မကွဲဘဲ နေနိုင်မည်နည်း။
သူ့ကို ပို၍ ဒေါသထွက်စေသည်မှာ လုချင်း၏ မြားမှထွက်ပေါ်လာသော စွမ်းအားသည် သူမျှော်လင့်ထားသည်ထက်တောင် အဆပေါင်းများစွာ သာလွန်နေခြင်းပင် ဖြစ်ပါ၏။
ဤမျှတိုတောင်းသော အချိန်ကာလလေးအတွင်း လုချင်းသည် မည်ကဲ့သို့ ဤမျှအထိ အစွမ်းထက်လာခဲ့ရသနည်း။
မြားတစ်စင်းတည်းဖြင့်ပင် ဝင်္ကပါ၏အထောက်အပံ့နှင့် ကောင်းကင်မိစ္ဆာအရိုးဓားကို ကိုင်ဆောင်ထားသော သူ့ကိုပင် အနိုင်ယူလုမတတ် ဖြစ်သွားစေခဲ့သည်။
ယင်းအချက်ကို လုချင်းက သူ၏ မည်သူမည်ဝါဖြစ်ကြောင်း မမျှော်လင့်ဘဲ ဖော်ထုတ်နိုင်ခဲ့ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ...
တစ်ခဏမျှတော့ ထိုဖရိုဖရဲပုံရိပ်၏ လုချင်းအပေါ် ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။
သူ့ရှေ့မှ ကံတရား၏ မျက်နှာသာပေးမှုကို ခံထားရသော လူငယ်လေးသည် မှန်းဆ၍မရနိုင်လောက်အောင် အစွမ်းထက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိလိုက်သည်။
ဝင်္ကပါ၏ အထောက်အပံ့ ရှိနေစေကာမူ လုချင်း ကိုယ်တိုင် ဝင်္ကပါထဲသို့ ဝင်မလာသရွေ့ သူ့ကို အန္တရာယ်ပေးနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ကောင်းကင်မိစ္ဆာ အရိုးဓားလား..."
ထိုအချိန်တွင် လုချင်းသည် သူ၏ ဝိညာဉ်စွမ်းရည်များကြောင့် အနက်ရောင်အရိုးဓား၏ မူလဇစ်မြစ်ကို သိမြင်နိုင်ခဲ့လေသည်။
ချန်းကျိုးမြို့တော်ရှိ သောင်းနှင့်ချီသော ပြည်သူများကို သွေးယဇ်ပူဇော်ပြီး ထိုကောင်းကင်မိစ္ဆာအရိုးဓားကို အားဖြည့်ကာ ကောင်းကင်မိစ္ဆာ မူလဇစ်မြစ်ကို ပျိုးထောင်ရန်၊ ထို့နောက် မိမိကိုယ်တိုင် ဝါးမျို၍ မိစ္ဆာခန္ဓာကိုယ်ကို ဖန်တီးရန်ဆိုသည့် မိစ္ဆာကောင်၏ ဝင်္ကပါတည်ဆောက်ရခြင်း ရည်ရွယ်ချက်အမှန်ကိုလည်း သူ နားလည်သွားခဲ့၏။
"အော်... အစောပိုင်းက သတင်းအချက်အလက်တွေမှာ ဖော်ပြထားတဲ့ ဝင်္ကပါရဲ့ ဗဟိုချက်ဆိုတာ ဒီအရိုးဓားကို ပြောတာကိုး"
လုချင်းသည် ထိုဖရိုဖရဲပုံရိပ်၏ အစီအစဉ်ကို ရုတ်တရက် သဘောပေါက်သွားလေသည်။
ထို့နောက်တွင်တော့ တွေဝေဆိုင်းငံ့မနေတော့ဘဲ လျှို့ဝှက်မန္တန်မြား နောက်တစ်စင်းကို ဆွဲထုတ်ကာ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီးနောက် မြို့တံခါးဆီသို့ အလင်းတန်းတစ်ခုအဖြစ် ပစ်လွှတ်လိုက်ပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ ထိုဖရိုဖရဲပုံရိပ်သည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ လုချင်း၏ မြားများ မည်မျှအစွမ်းထက်ကြောင်း သိရှိထားသဖြင့် ၎င်းတို့ကို သူ ဘယ်တော့မှ မျက်နှာချင်းဆိုင် ရင်ဆိုင်တော့မည် မဟုတ်ပေ။ မြားကို တားဆီးရန်ပင် မကြိုးစားတော့ဘဲ သူသည် ချက်ချင်း ဘေးသို့ရှောင်တိမ်းလိုက်လေသည်။
သို့ရာတွင် သူ ရှောင်တိမ်းသွားသည်ကို မြင်လိုက်ရသောအခါ လုချင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်မျှ မတွေ့ရပေ။ ထို့အစား လှောင်ပြောင်သည့် အပြုံးတစ်ခုသာ ထွက်ပေါ်လာခဲ့၏။
နောက်တစ်စက္ကန့်တွင်တော့ မြား၌ တွဲခို၍ပါလာသော ဝိညာဉ်စွမ်းအားများ အသက်ဝင်လာတော့သည်။ ပစ်မှတ်ကို လွဲချော်သွားပြီဟု ထင်ရသော မြားသည် လေထဲတွင် ရုတ်တရက် လမ်းကြောင်းပြောင်းသွားကာ မြားခေါင်းသည် အောက်သို့ စိုက်ဆင်းသွားပြီး မြို့တွင်းသို့ ဦးတည်သွားလေသည်။
ဘုန်း
မြို့တွင်းမှ တုံးတိတိ ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်လာသည့်အခိုက် ထိုဖရိုဖရဲပုံရိပ်၏ မျက်နှာထားမှာလည်း ဆိုးရွားစွာ ပြောင်းလဲသွားတော့သည်။ လုချင်းသည် မြို့တွင်းရှိ နောက်ထပ် ဝင်္ကပါဆက်သွယ်ရေးအမှတ်တစ်ခုကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သူ အာရုံခံသိရှိလိုက်ပါ၏။
"မိစ္ဆာကောင်... ဝင်္ကပါထဲမှာ ပုန်းနေရုံနဲ့ ခင်ဗျားကို မရှင်းနိုင်ဘူးလို့ ထင်နေတာလား။ ဝင်္ကပါဆက်သွယ်ရေးအမှတ် ဘယ်နှခုလောက်ကို ကျွန်တော် ဖျက်ဆီးနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် လုချင်းသည် လက်ကိုအနည်းငယ် လှုပ်ရှားလိုက်ရာ လျှို့ဝှက်မန္တန်မြားသုံးစင်း ထွက်ပေါ်လာလေသည်။
သူသည် လေးကိုဆွဲကာ ကောင်းကင်ယံသို့ အလင်းတန်းသုံးခုအဖြစ် ပစ်လွှတ်လိုက်သည်။ မြို့တွင်းရှိ ဝင်္ကပါဆက်သွယ်ရေးအမှတ်များကို ဆက်လက်ဖျက်ဆီးရန် 'ကြယ်ကြွေမြားပစ်ခတ်မှု' သိုင်းကွက်ကို သူ ထပ်၍ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"ကျစ်"
ယင်းကို မြင်လိုက်ရသောအခါ ဖရိုဖရဲပုံရိပ်၏ မျက်နှာမှာ ပို၍ပင် မှုန်ကုပ်သွားလေသည်။ သူသည် အလွန်အကျပ်ရိုက်နေသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်လိုက်၏။
လုချင်း၏ မြားများမှ စွမ်းအားသည် လွှမ်းမိုးနိုင်စွမ်းရှိပြီး၊ အနက်ရောင်အလင်းတန်းဝင်္ကပါ၏ ကာကွယ်မှုမှာ ထိုမြားများကို တားဆီးရန် သီသီလေးသာ တောင့်ခံထားနိုင်လေသည်။
ကောင်းကင်မိစ္ဆာအရိုးဓားကို အသုံးမပြုပါက ထိုတိုက်ခိုက်မှုများကို ကာကွယ်ရန် လုံးဝမဖြစ်နိုင်ပေ။
သို့သော် အရိုးဓားကိုသာ အသုံးပြုလိုက်ပါက သူအပတ်တကုတ် ပျိုးထောင်ထားရသော ကောင်းကင်မိစ္ဆာ မူလဇစ်မြစ်များ ထပ်ပြီးကုန်ဆုံးသွားမည်မှာ သေချာလှပါ၏။ သို့ရာတွင် မြားများကို မတားဆီးပါကလည်း ဝင်္ကပါဆက်သွယ်ရေးအမှတ်များ ဖျက်ဆီးခံရမည်ဖြစ်ရာ ယင်းကိုလည်း သူ လုံးဝ ခွင့်မပြုနိုင်ပေ။
ဝင်္ကပါဆက်သွယ်ရေးအမှတ်များသည် ဆယ်မျက်နှာ သွေးပျော်ဝိညာဉ်သန့်စင်ခြင်း မိစ္ဆာဝင်္ကပါ လည်ပတ်မှုအတွက် အသက်တမျှ အရေးကြီးလှသည်။ အကယ်၍ အမှတ်တစ်ဝက်ခန့်သာ ဖျက်ဆီးခံရပါက ဝင်္ကပါကြီး ပြိုကျပျက်စီးသွားမည် ဖြစ်သည်။ ဝင်္ကပါ၏ အထောက်အပံ့သာ မရှိပါက သူသည် လုချင်းကို ယှဉ်နိုင်မည်မဟုတ်ပေ။
"ကောင်စုတ်လေး... မင်းက ငါ့ကို ဒီအခြေအနေထိ ရောက်အောင် တကယ်ပဲ တွန်းပို့ရက်တယ်ပေါ့လေ"
ဖရိုဖရဲပုံရိပ်သည် မှုန်ကုပ်သော မျက်နှာထားဖြင့် လုချင်းကို စိုက်ကြည့်လိုက်၏။
သို့သော် ယခုတစ်ကြိမ်တွင် လုချင်းက ဘာမှမပြောဘဲ လျှို့ဝှက်မန္တန်မြား နောက်ထပ်သုံးစင်းကို ဆွဲထုတ်ကာ လေးကြိုးပေါ်တွင် ထပ်တင်လိုက်လေသည်။
"ကောင်းပြီလေ ကောင်စုတ်လေး... မင်းပဲ ငါ့ကို ရွေးချယ်စရာ မရှိအောင် လုပ်တာနော်"
ထိုအခြေအနေကို မြင်သောအခါ လုချင်းကို ထပ်မံလှည့်စားရန် နည်းလမ်းမရှိတော့ကြောင်း ထိုလူ သိလိုက်သည်။ သူ၏ မျက်လုံးများ အေးစက်သွားပြီး ရုတ်တရက် လက်ဟန်တစ်ခုကို ဖန်တီးလိုက်လေ၏။
သူ၏ စိတ်ထဲမှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် ချန်းကျိုးမြို့တော်ကို ဖုံးလွှမ်းထားသော အနက်ရောင်အလင်းတန်းဝင်္ကပါကြီးမှာ စတင်တုန်ခါလာတော့သည်။
မြို့သူမြို့သားများ၏ သွေးနှင့် အသက်စွမ်းအင်များကို ဝါးမျိုရန် မြို့တွင်း၌ သောင်းကျန်းနေခဲ့သော အနက်ရောင်ချီမြွေများသည် ၎င်းတို့၏ ပစ်မှတ်များကို ရုတ်တရက် စွန့်လွှတ်လိုက်ပြီး ကောင်းကင်ယံရှိ အနက်ရောင်အလင်းတန်းဝင်္ကပါဆီသို့ ပျံသန်းသွားကာ ၎င်းနှင့် ပေါင်းစပ်သွားကြလေ၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်အလင်းတန်းဝင်္ကပါကြီးသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ဖရိုဖရဲပုံရိပ်၏ ရှေ့ရှိ အနက်ရောင်အရိုးဓားဆီသို့ စုစည်းသွားတော့သည်။
အရာအားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ အသက်ရှူဆယ်ကြိမ်ပင် မပြည့်မီအချိန်လေးအတွင်း ချန်းကျိုးမြို့တော်ကို ဖုံးလွှမ်းကာ ပုံမှန်မဟုတ်သော အမှောင်ထုကို ဖန်တီးထားခဲ့သည့် ဧရာမအနက်ရောင်အလင်းတန်းဝင်္ကပါကြီးသည် လုံးဝပျောက်ကွယ်သွားပြီး အနက်ရောင်အရိုးဓားထဲသို့ စုပ်ယူခံသွားရလေပြီပင်။
အနက်ရောင်ချီမြွေများကို ရှင်းလင်းနေခဲ့ကြသော ဝေ့ရှင်းဟယ်နှင့် အခြားသူများပင်လျှင် ကောင်းကင်ယံမှ တောက်ပသော နေဝင်ဆည်းဆာအလင်းတန်းကို မြင်လိုက်ရသောအခါ၌ တစ်ခဏမျှ အံ့အားသင့် မှင်သက်သွားကြလေသည်။
"ဘာဖြစ်သွားတာလဲ။ အနက်ရောင်အလင်းတန်းကြီး ဘာလို့ ပျောက်သွားတာလဲ"
မွေးရာပါနယ်ပယ် ကျင့်ကြံသူအများစုမှာ ဇဝေဇဝါ ဖြစ်နေကြဆဲအချိန်တွင် ဝေ့ရှင်းဟယ်တစ်ယောက်တည်းကသာ မည်သည့်အရာ ဖြစ်ပျက်သွားကြောင်းကို ချက်ချင်း သဘောပေါက်သွားခဲ့၏။
သူက ဝမ်းသာအားရဖြင့် အော်ပြောလိုက်သည်။ "ဝင်္ကပါကြီးကို အဲဒီမဟာသခင် ဖျက်ဆီးလိုက်ပြီ။ မြို့ပြင်ကို မြန်မြန် ထွက်ကြရအောင်"
စကားပင် ဆုံးအောင်မပြောရသေးမီ သူ၏ လှုပ်ရှားမှုသိုင်းကွက်ကို အသုံးပြုကာ မြို့တံခါးဆီသို့ ပြေးထွက်သွားလေပြီပင်။ ကျန်ရစ်ခဲ့သော ကျင့်ကြံသူများကလည်း အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီးနောက် ဝေ့ရှင်းဟယ်နောက်သို့ အမြန်လိုက်ကာ မြို့တံခါးဆီသို့ ဦးတည်သွားကြတော့သည်။
"ကောင်စုတ်လေး... မင်းက ငါ့အစီအစဉ်တွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့တယ်။ ဒီတစ်ခေါက်တော့ မင်းကို ကျိန်းစေပေါက်ကို ပေးဆပ်ခိုင်းရမယ်"
မြို့တံခါးအပြင်ဘက်တွင် ဖရိုဖရဲပုံရိပ်သည် သူ၏ရှေ့၌ ဝဲပျံနေသော အနက်ရောင်အရိုးဓားနှင့်အတူ ရပ်နေပြီး အံ့မခန်းဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေလေ၏။
အနက်ရောင်အလင်းတန်းဝင်္ကပါတစ်ခုလုံးကို စုပ်ယူထားသော အရိုးဓားသည် ကြောက်မက်ဖွယ်ကောင်းသော အသွင်ပြောင်းလဲမှုတစ်ခုကို ခံယူတော့မည့်ဆဲဆဲ ဖြစ်နေပုံရသည်။ ယင်းကို မြင်လိုက်ရသောအခါ လုချင်းသည် ၎င်းထံသို့ မြားတစ်စင်းကို ချက်ချင်း ပစ်လွှတ်လိုက်လေ၏။
အစောပိုင်းက ထိုပုံရိပ်သည် မိစ္ဆာဝင်္ကပါကို သူ၏သဘောဆန္ဒအလျောက် ရုတ်သိမ်းနေခြင်းဖြစ်ကြောင်း အာရုံခံမိသဖြင့် လုချင်းက မတားဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သေဆုံးမှုများကို ကြီးမားစွာ လျော့ကျသွားစေမည်ဖြစ်ရာ မြို့သူမြို့သားများအတွက် သတင်းကောင်းပင် ဖြစ်သည်။ ထို့ကြောင့် လုချင်းက အခြေအနေကို စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့ပါ၏။
သို့သော် ယခုအခါ မိစ္ဆာဝင်္ကပါကြီး ဖယ်ရှားခံလိုက်ရပြီဖြစ်ပြီး အနက်ရောင်အရိုးဓားကလည်း သိသိသာသာ အန္တရာယ်ကြီးမားလာပြီဖြစ်ရာ လုချင်းလည်း ထပ်ပြီးမဆိုင်းငံ့နေတော့ပေ။ လျှို့ဝှက်မန္တန်မြားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အနက်ရောင်အရိုးဓားဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားကို ထိမှန်တော့မည့်ဆဲဆဲသို့ ရောက်ရှိသွားသည်။
ရုတ်တရက် လက်တစ်ဖက်က အနက်ရောင်အရိုးဓားကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ခေါက်လိုက်လေသည်။ စူးရှသော ပေါက်ကွဲသံတစ်ခုနှင့်အတူ လုချင်း၏ မြားသည် လမ်းကြောင်းလွှဲခံလိုက်ရတော့သည်။
"ကောင်စုတ်လေး... မင်းက ငါ့ကို ဒီလိုလုပ်ဖို့ အတင်းအကျပ် တွန်းပို့ခဲ့တာပဲ။ မင်းရဲ့ ဝိညာဉ်ကိုဆွဲထုတ်ပြီး မိစ္ဆာမီးတောက်နဲ့ လောင်ကျွမ်းပစ်မယ်။ သေချင်တာတောင် သေခွင့်မရဘဲ ထာဝရ နာကျင်မှုတွေကြားမှာ လူးလှိမ့်နေစေရမယ်"
အနက်ရောင်အရိုးဓားကို ကိုင်ဆောင်ထားသော ဖရိုဖရဲပုံရိပ်၏ မျက်နှာထားမှာ အလွန်ရက်စက်ကြမ်းကြုတ်နေလေသည်။
ထိုသူသည် အစွမ်းထက်လှသော တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်တော့မည်ဟုထင်ကာ လုချင်း မိမိကိုယ်ကိုယ် ပြင်ဆင်လိုက်ချိန်တွင်...
သူ အံ့အားသင့်သွားရလောက်အောင်ပင် ထိုဖရိုဖရဲပုံရိပ်သည် သူ၏ ပါးစပ်ကို ဟဟကြီး ဖြဲလိုက်ပြီး အနက်ရောင်အရိုးဓား တစ်လက်လုံးကို မျိုချပစ်လိုက်တော့၏။
ချက်ချင်းဆိုသလိုပင် အလွန်အစွမ်းထက်သော အငွေ့အသက်တစ်ခု ထိုသူ့ထံမှ ပေါက်ကွဲထွက်လာပြီး၊ သူ၏ ခန္ဓာကိုယ်မှ အနက်ရောင်ချီများ အလုံးအရင်းဖြင့် ထွက်ပေါ်လာကာ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သွားလေ၏။ ထို့နောက် အနက်ရောင်ချီများသည် လျင်မြန်စွာ ရစ်ခွေသွားပြီး နောက်ဆုံးတွင် ပေသုံးဆယ်ကျော်မြင့်သော ဧရာမ အနက်ရောင်ပိုးအိမ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြို့တံခါးအထက်တွင် ဝဲပျံနေတော့သည်။
"အဲဒါ ဘာအငွေ့အသက်ကြီးလဲ"
ဝေ့ရှင်းဟယ်နှင့် အခြားသူများသည် မြို့တံခါးဆီသို့ အပြေးအလွှား သွားနေကြစဉ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ရုတ်တရက် ခံစားလိုက်ရပြီး၊ သူတို့၏ နှလုံးသားများမှာ ထိတ်လန့်မှုကြောင့် တဒုန်းဒုန်း ခုန်ပေါက်လာကာ ရှေ့သို့ ဇဝေဇဝါဖြင့် ကြည့်လိုက်ကြလေသည်။
မြို့တံခါးအနီးတွင် အလွန်အန္တရာယ်ကြီးမားပြီး ဆိုးယုတ်လှသော အရာတစ်ခု ဖြစ်တည်လာနေကြောင်း သူတို့တစ်ဦးချင်းစီတိုင်း ခံစားနေကြရသည်။ အဝေးမှနေ၍ အာရုံခံမိရုံမျှဖြင့် သူတို့၏ ဝိညာဉ်များ တုန်လှုပ်ချောက်ချားကာ ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။
"သခင်လေး... သတိထား သူက အတင်းအကျပ် အဆင့်တက်ပြီး အခြေတည်အဆင့်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်"
လီဟော်ဒယ်အိုးထဲမှနေ၍ တိုက်ပွဲတစ်ခုလုံးကို အနီးကပ် စောင့်ကြည့်နေခဲ့သော ယန်၏ အသံက လုချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ မိစ္ဆာကျင့်ကြံသူ၏ အသွင်ပြောင်းလဲမှုကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူက ချက်ချင်း သတိပေးလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော် သိတယ်" လုချင်းက ခေါင်းညိတ်လိုက်သည်။
အမှန်တကယ်တော့ ထိုသူ ဘာလုပ်ရန် ကြိုးစားနေသည်ကို သူ သိရှိပြီးဖြစ်လေသည်။ ကောင်းကင်မိစ္ဆာအရိုးဓားကို မျိုချကာ မိစ္ဆာခန္ဓာကိုယ်ကို ဖန်တီးရန်ဖြစ်သည်။ ဤသည်မှာ ချန်းကျိုးမြို့တော်တစ်ခွင်တွင် ဝင်္ကပါတည်ဆောက်ကတည်းက ထိုဖရိုဖရဲပုံရိပ်၏ အဓိကရည်ရွယ်ချက်ပင် ဖြစ်၏။ လုချင်း၏ ဝင်ရောက်နှောင့်ယှက်မှုများ ရှိခဲ့သော်ငြားလည်း ထိုသူသည် ဤလျှို့ဝှက်နည်းစနစ်ကို အသက်သွင်းနိုင်ခဲ့ဆဲပင် ဖြစ်သည်။
"ဒါပေမဲ့ ကျွန်တော့်ရဲ့ ခွင့်ပြုချက်မရဘဲ မိစ္ဆာခန္ဓာကိုယ်ကို ဖန်တီးနိုင်မယ်လို့ ခင်ဗျားက ထင်နေတုန်းပဲလား"
လုချင်းသည် ကောင်းကင်နှင့်မြေကြီးချီအိတ်ထဲသို့ နှိုက်ကာ လျှို့ဝှက်မန္တန်မြားတစ်စင်းကို ဆွဲထုတ်ပြီး လေးကြိုးပေါ်တွင် တင်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ သွင်းယူပြီးနောက် အနက်ရောင်ချီပိုးအိမ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
မြားသည် သက်တန့်ရောင်စဉ်တစ်ခုကဲ့သို့ ပျံသန်းသွားပြီး အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် အနက်ရောင်ပိုးအိမ်ထံသို့ ရောက်ရှိသွားသည်။ တိုက်ခိုက်မှုကို အာရုံခံမိသွားသကဲ့သို့ ပိုးအိမ်ထဲမှ မရေမတွက်နိုင်သော အနက်ရောင်ချီမျှင်တန်းများ ထွက်ပေါ်လာပြီး မြားကိုတားဆီးရန် လှမ်းဆွဲလိုက်ကြလေ၏။
လုချင်းမြား၏ စွမ်းအားသည် ကြီးမားလှသော်လည်း အနက်ရောင်ချီမျှင်တန်းများသည်လည်း အလားတူပင် ခံနိုင်ရည်ရှိလှပေသည်။ ၎င်းတို့၏ အရေအတွက် အလွန်များပြားလှမှုကြောင့် နောက်ဆုံးတွင်တော့ လုချင်း၏ မြားကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြလေသည်။
"ဟင်"
သူ၏ မြား အကျိုးသက်ရောက်မှု မရှိသည်ကို မြင်လိုက်ရသောအခါ လုချင်း၏ မျက်နှာထားမှာ ပို၍ပင်လေးနက်သွားတော့၏။
ထိုမြားသည် သူ၏ အစွမ်းအထက်ဆုံး မြားတစ်စင်းဖြစ်သည်။
သူ၏ ကိုယ်ပိုင်ခွန်အားကြောင့် ကန့်သတ်ခံရခြင်း မဟုတ်ဘဲ၊ လျှို့ဝှက်မန္တန်မြားက ခံနိုင်ရည်ရှိသော ဝိညာဉ်စွမ်းအင်ပမာဏကသာ ထိုမျှလောက် အစွမ်းထက်သည့် တိုက်ခိုက်မှုကို ကန့်သတ်ထားခြင်း ဖြစ်သည်။ အကြောင်းကတော့ ဤလျှို့ဝှက်မန္တန်မြားများကို အကြိမ်တစ်ထောင် သန့်စင်ထားသော သံမဏိဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ ၎င်းတို့၏ စွမ်းအားမှာ ကန့်သတ်ချက်ရှိနေသောကြောင့်ပင်။
"ဒီလိုမှန်းသိရင် ကောင်းကင်ကြွေသံမဏိနဲ့ မြားတချို့ကို ဖန်တီးထားခဲ့ပါတယ်။ ခင်ဗျား အဲဒါတွေကို တားနိုင်၊ မတားနိုင် ကြည့်ရသေးတာပေါ့"
လုချင်းသည် လေးကို သိမ်းဆည်းလိုက်ပြီးနောက်၌ ဓားတစ်လက်ကို ဆွဲထုတ်လိုက်လေသည်။ ထိုဓားသည် တစ်လက်လုံး အဖြူရောင်ဖြစ်ပြီး ဓားသွားမှနေ၍ လေထုကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိသည့် ထက်မြက်သော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ယင်းမှာ ကောင်းကင်ကြွေသံမဏိ သက်သက်ဖြင့်သာ ပြုလုပ်ထားပြီး လီဟော်ဒယ်အိုးထဲတွင် သူကိုယ်တိုင် ပြန်လည်မွမ်းမံထားခဲ့သော တိုက်ပွဲဝင်ဓားပင် ဖြစ်၏။
"ပါးဖန်... မင်းကို ငါ ပြန်ပြီးမွမ်းမံပြီးကတည်းက တိုက်ပွဲတွေ သိပ်မဝင်ခဲ့ရဘူးနော်။ ဒီနေ့ ငါတို့ အတူတူ မိစ္ဆာတွေကို သတ်ကြတာပေါ့"
လုချင်းသည် 'ပါးဖန်' ဟု အမည်ပေးထားသော သူ၏ ဓားကို ယုယစွာ ပွတ်သပ်လိုက်လေသည်။
(T/n - ပါးဖန်ဆိုတာ ရှစ်မျက်နှာလို့ အဓိပ္ပာယ်ရပါတယ်)
အသံရှည်ကြီးတစ်ခု ဟစ်အော်လိုက်ပြီးနောက် လုချင်း၏ ခန္ဓာကိုယ်ပတ်လည်တွင် အဝါရောင်အလင်းတန်းများ လင်းလက်သွားလေသည်။ နောက်တစ်စက္ကန့်တွင်တော့ သူသည် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်ရာ သူ၏ပတ်လည် ပေပေါင်းများစွာအထိ မြေကြီးများ ကွဲအက်သွားတော့၏။
မြူခိုးဖြူများဖြင့် လွှမ်းခြုံထားသော သူ၏ပုံရိပ်သည် နေရာရွှေ့ပြောင်းသွားသကဲ့သို့ လေထဲသို့ အမြင့်ကြီး ခုန်တက်သွားပြီး မြို့တံခါးအထက်ရှိ အနက်ရောင်ပိုးအိမ်ရှေ့သို့ ရောက်ရှိသွားလေသည်။ အနက်ရောင်ချီမျှင်တန်းများက ပိုက်ကွန်တစ်ခုသဖွယ် သူ့ထံသို့ ပြေးဝင်လာကြချိန်တွင် သူသည် မိုးကြိုးကဲ့သို့ တောက်ပနေသော သူ၏ဓားကို မြှောက်ကာ အောက်သို့ ခုတ်ချလိုက်တော့သည်။
ဤဓားချက်သည် ပေပေါင်းများစွာ ရှည်လျားသော ကြောက်မက်ဖွယ် ဓားချီစွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး အနက်ရောင်ပိုးအိမ်ဆီသို့ ပိုင်းဖြတ်သွားလေသည်။ ပြင်းထန်လှသော ဓားချီစွမ်းအင်ရှေ့တွင် အနက်ရောင်ချီမျှင်တန်းများသည် အသုံးမဝင်တော့ချေ။ သူ့ကိုပင် မထိရသေးမီ ၎င်းတို့သည် အနက်ရောင်မြူခိုးများအဖြစ် ပြိုကွဲပျက်စီးသွားကြတော့၏။
မည်သည့်အရာကမျှ တားဆီးနိုင်ခြင်းမရှိတော့ဘဲ ဓားချီစွမ်းအင်သည် ပိုးအိမ်ထဲသို့ တည့်မတ်စွာ ထိုးခွဲဝင်ရောက်သွားလေ၏။ ထိုအချိန်မှာပင် ဝေ့ရှင်းဟယ်နှင့် အခြားသူများသည် မြို့တံခါးဆီသို့ ရောက်ရှိလာကြပြီး ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရတော့သည်။
ဘုန်း
ဓားချီစွမ်းအင်နှင့် အနက်ရောင်ပိုးအိမ်တို့ ရိုက်ခတ်သွားရာမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုအရှိန်ကြောင့် ချန်းကျိုးမြို့တော်၏ မြင့်မားလှသော မြို့တံခါးကြီးမှာ ပြိုကျပျက်စီးသွားပြီး အုတ်ခဲနှင့် ကျောက်တုံးများ လေထဲသို့ လွင့်စဉ်သွားကာ ဖုန်တလုံးလုံး ထသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် မြို့တံခါးပတ်ဝန်းကျင်တွင် လူသူကင်းမဲ့နေလေပြီပင်။ မဟုတ်လျှင် ထိုပေါက်ကွဲမှုကြောင့် လူမည်မျှ အသက်ဆုံးရှုံးရမည်ကို မှန်းဆ၍ပင် ရနိုင်မည်မဟုတ်။
လေထဲတွင် ဝဲပျံနေသော လုချင်းသည် လေပြေလေညင်းများ ဝန်းရံလျက် အောက်ဘက်ရှိ ဖုန်လုံးကြီးကို ငြိမ်သက်စွာ စောင့်ကြည့်နေလေသည်။ သူ၏ ဓားချက်သည် အနက်ရောင်ပိုးအိမ်ထဲရှိ ထိုလူ့ကို မသတ်နိုင်ခဲ့သေးကြောင်း သူ အာရုံခံမိပါ၏။
တကယ်တမ်းလည်း ဖုန်လုံးကြီးထဲတွင် ပြင်းထန်သော အငွေ့အသက်တစ်ခုက ဆက်လက် ဖြစ်တည်နေဆဲပင်။ သူထင်ထားသည့်အတိုင်းပင် ဖုန်လုံးကြီး မကွဲသေးမီ ပြင်းထန်သော လေပြင်းတစ်ရပ် ရုတ်တရက် တိုက်ခတ်လာလေ၏။ ဖုန်လုံးကြီးထဲမှ ဧရာမ အနက်ရောင်အရိပ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လုချင်းထံသို့ ပြေးဝင်လာတော့သည်။
ကြိုတင်နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး ထိုအရိပ်ကြီး၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရသောအခါ၌ လုချင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ ထပ်ပြီးစဉ်းစားမနေတော့ဘဲ သူ၏ပတ်လည်ရှိ လေစွမ်းအင်ကို အသက်သွင်းကာ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။
ဝှစ်
ကြမ်းတမ်းသော လေပြင်းကြီးသည် သူ့ဘေးမှ ဖြတ်သန်းသွားပြီး လေဆင်နှာမောင်းတစ်ခုအလား တိုက်ခတ်သွားလေသည်။
ထို့နောက်၌ ဝေ့ရှင်းဟယ်နှင့် အခြားသူများသည် သူတို့ဘဝတွင် ဘယ်သောအခါကမျှ မေ့ပျောက်နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ကြရတော့သည်။
ဖုန်လုံးကြီးထဲမှ ဧရာမ အနက်ရောင်လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး လေထဲရှိ လုချင်းကို လှမ်းဖမ်းလိုက်ခြင်းပင်။ ဧရာမလက်ကြီးသည် တစ်ကြိမ်လွဲချော်သွားပြီးနောက် လှည့်ကာ နောက်တစ်ကြိမ် ထပ်ပြီးတိုက်ခိုက်လာပြန်၏။ ၎င်းကြောင့် ထွက်ပေါ်လာသော လေပြင်းများသည် မုန်တိုင်းတစ်ခုကဲ့သို့ ဟစ်အော်နေပြီး လေထဲရှိ လုချင်းကိုပင် ယိမ်းယိုင်သွားစေခဲ့သည်။
ဧရာမ အနက်ရောင်လက်ကြီးသည် သူ့ကို ထိလုနီးပါး ဖြစ်သွားရာ ဝေ့ရှင်းဟယ်နှင့် အခြားသူများမှာတော့ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြတော့သည်။
ကံကောင်းထောက်မစွာဖြင့် လုချင်း၏ အဆောင်မန္တန်ပညာရပ်မှာ အစွမ်းထက်လှသည်။ နောက်ဆုံးပိတ်အချိန်လေးမှာပင် သူသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းကာ အနက်ရောင်လက်ကြီး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပါ၏။
ထို့နောက် သူသည် သူ၏ပတ်လည်ရှိ လေစွမ်းအင်ကို အသက်သွင်းကာ မြေပြင်ပေါ်သို့ အလျင်အမြန် ဆင်းသက်လိုက်လေသည်။ သူ၏အဆင့်သည် ချီသန့်စင်ခြင်းနယ်ပယ်၌သာ ရှိသေးရာ လေထဲတွင် ဝဲပျံနေနိုင်ရန် အဆောင်များ၏ စွမ်းအားကိုသာ အားကိုးနေရသဖြင့် သူ၏စွမ်းအားများကို အပြည့်အဝ အသုံးမချနိုင်ပေ။ သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ရန်အတွက် မြေပြင်ကို လိုအပ်လေ၏။
သို့သော် လုချင်းသည် ဧရာမ အနက်ရောင်လက်ကြီးကို ရှောင်တိမ်းပြီး မြေပြင်သို့ ဆင်းသက်တော့မည့်ဆဲဆဲတွင်...
ပျံ့လွင့်နေဆဲဖြစ်သော ဖုန်လုံးကြီးထဲမှ နောက်ထပ် ဧရာမ အနက်ရောင်လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ပထမလက်နှင့် ပူးပေါင်းကာ သူ့ကို ညှပ်ဖမ်းရန် ကြိုးစားလာတော့သည်။
ဤရုတ်တရက် လှုပ်ရှားမှုသည် ပြင်းထန်သော လေပြင်းများနှင့် ပေါင်းစပ်သွားရာ သူ၏ပတ်လည်ရှိ လေစွမ်းအင်ကို အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။ အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ လုချင်းသည် ဧရာမ အနက်ရောင်လက်ကြီး နှစ်ဖက်ကြားတွင် မိသွားပြီး ထိုလက်ကြီးများက သူ့ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
"လုသခင်လေး"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၌ အဝေးမှနေ၍ ဝေ့ရှင်းဟယ်၏ အထိတ်တလန့် အော်သံကြီး ထွက်ပေါ်လာတော့သည်။
ပြင်းထန်လှသော လေပြင်းကြောင့် ဖုန်လုံးကြီး လွင့်စင်သွားပြီး ဧရာမအရိပ်ကြီး၏ ပုံစံအမှန်ကို ဖော်ပြလိုက်လေသည်။
၎င်းကို သေချာစွာ မြင်တွေ့လိုက်ရသောအခါတွင်တော့ လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များကလည်း တုန်ယင်သွားကြတော့၏။
...