← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အခန်း ၃၅၉ - ဝိညာဉ်ကို ကျွန်ပြုခြင်း

လုချင်းက အကြောင်းရင်းကို ချက်ချင်း မရှင်းပြခဲ့ပေ။ ထို့အစား ဂူတစ်ခုကို ရှာတွေ့ပြီးနောက် ဝေ့ကျိဟောက်နှင့် ချင်းယွင်ဓားဂိုဏ်းမှ အခြားတပည့်များကို ဝေ့ရှင်းဟယ်အား စောင့်ကြည့်ထားရန် ညွှန်ကြားလိုက်လေသည်။

ထို့နောက် ရှောင်လီကို လျှို့ဝှက်စွာ အစောင့်ချထားရန် ညွှန်ကြားလိုက်၏။ ထို့နောက်မှသာ သူသည် လီဟော်ဒယ်အိုးကို ခေါ်ယူလိုက်ပြီး သူ၏ စိတ်ဖြင့် အတွင်းသို့ ဝင်ရောက်သွားလေသည်။

"သခင်လေး"

လီဟော်ဒယ်အိုး၏ ဝိညာဉ်လက်နက် နေရာလွတ်အတွင်းတွင် လုချင်း ဝင်လာသည်ကို မြင်သောအခါ၌ ယန်သည် သူ၏ ပုံရိပ်ကို ဖော်ပြလိုက်ပြီး ခေါင်းပေါ်တွင် ဦးချိုနှစ်ချောင်း ပါရှိသည့် ပုံစံဖြင့် ထွက်ပေါ်လာလေသည်။

"ယန်ချန်ပေ့... အဲဒီမိစ္ဆာကျင့်ကြံသူရဲ့ ဝိညာဉ် ဘယ်မှာလဲ"

"ဒီမှာ"

ယန် က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဝိညာဉ်လက်နက် နေရာလွတ်အတွင်း၌ လှောင်အိမ်တစ်ခု ထွက်ပေါ်လာပြီး အတွင်း၌ အနက်ရောင်စွမ်းအင် အမျှင်တန်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုအနက်ရောင်စွမ်းအင်သည် အဆက်မပြတ် ပြောင်းလဲနေပြီး တစ်ခါတစ်ရံတွင် ဒေါသတကြီး အော်ဟစ်နေသော မျက်နှာတစ်ခုအဖြစ် ပုံပေါ်လာလေ၏။

တစ်ခါတစ်ရံတွင်တော့ လုချင်း ယခင်က မြင်တွေ့ခဲ့ရသော ဆံပင်ရှည်ရှည်နှင့် ပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး၊ တစ်ခါတစ်ရံ၌တော့ အစိမ်းရောင်မျက်နှာနှင့် အစွယ်များပါရှိသော မကောင်းဆိုးဝါးပုံစံအဖြစ် ပြောင်းလဲသွားကာ၊ လုချင်း တစ်ခါမျှ မမြင်ဖူးသော အခြားပုံစံများအဖြစ်သို့ပင် ပြောင်းလဲသွားသေးသည်။

သို့သော် နေရာလွတ်လှောင်အိမ်သည် အတွင်းရှိ အာရုံခံစားမှု အားလုံးကို ပိတ်ဆို့ထားနိုင်သောကြောင့် မိစ္ဆာကျင့်ကြံသူ၏ အော်ဟစ်သံများကိုတော့ မကြားရချေ။

"သခင်လေး... ဒီမိစ္ဆာကျင့်ကြံသူက သာမန်မဟုတ်တဲ့ နောက်ခံရှိတဲ့ပုံပဲ။ အစောပိုင်းက သူ အခြေတည်အဆင့်ကိုတောင် မရောက်သေးတာ အသိသာကြီးပေမဲ့၊ ဒီလောက်အထိ စုစည်းသိပ်သည်းနေတဲ့ ဝိညာဉ်အနှစ်သာရကို ပိုင်ဆိုင်ထားတယ်လေ"

"ခန္ဓာကိုယ်နဲ့ ကွဲကွာသွားပြီးတဲ့နောက်မှာတောင်မှ ပျောက်ကွယ်မသွားသေးဘူး"

"ဒီလို စွမ်းရည်မျိုးက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး"

ယန် သည် နေရာလွတ်လှောင်အိမ်ထဲရှိ ပိတ်မိနေသော ဝိညာဉ်ကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေသည်။ နှစ်သောင်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီးနောက်၌ ဤကဲ့သို့သောအခြေအနေမျိုးကို ယန် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။

"ဒီမိစ္ဆာက တကယ်ပဲ နက်ရှိုင်းတဲ့ ဇစ်မြစ်ရှိတယ်"

လုချင်းက ခေါင်းညိတ်လိုက်သော်လည်း နောက်ထပ် သတင်းအချက်အလက်များကိုတော့ ထုတ်မပြောခဲ့ပေ။

အစောပိုင်းက မိစ္ဆာကျင့်ကြံသူ ပြောခဲ့သော စကားများကို ယန် ပြန်၍သတိရလိုက်၏။

"ယန်ချန်ပေ့... အခု သူ့ကို လွှတ်ပေးလိုက်ပါ"

ယန် က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်ကို ပိတ်လှောင်ထားသော နေရာလပ်လှောင်အိမ် ဖယ်ရှားခံလိုက်ရလေသည်။

လှောင်အိမ် ဖယ်ရှားခံလိုက်ရသည်နှင့် တစ်ပြိုင်နက် မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်သည် ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော် မကြာမီမှာပင် လွှမ်းမိုးနိုင်စွမ်းရှိသော ချည်နှောင်မှုစွမ်းအားတစ်ခုက သူ့ကို ဖိနှိပ်လိုက်ပြီး လုံးဝ လှုပ်ရှား၍မရအောင် ဖြစ်သွားစေတော့၏။

"မိစ္ဆာလေး... ရုန်းကန်နေလည်း အချည်းနှီးပါပဲ။ ငါ့ရဲ့ နေရာလွတ်ထဲမှာ မင်း ဘာလှုပ်ရှားမှုမှ လုပ်လို့မရဘူး"

ယန် သည် မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ် ရုန်းကန်နေသည်ကို ကြည့်ရင်း ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်လေသည်။

ဝိညာဉ်သည် ချက်ချင်းပင် တောင့်တင်းသွားပြီး ထွက်ပြေးရန် အမှန်တကယ် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားကာ ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်တော့၏။

"ကောင်လေး... မင်းက ဝိညာဉ်လက်နက်နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

"ငါ ထင်တာမမှားဘူးဆိုရင် ဒီနေရာက ဝိညာဉ်လက်နက်တစ်ခုရဲ့ အတွင်းဘက်ဖြစ်ရမယ်။ ပြီးတော့ ငါ့ခန္ဓာကိုယ်ကို သိမ်းဖို့ မင်းသုံးခဲ့တဲ့ အိတ်ကလည်း ဝိညာဉ်လက်နက်တစ်ခုပဲ မဟုတ်လား"

မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်ထံမှ စိတ်စွမ်းအင် လှိုင်းများ ထွက်ပေါ်လာလေသည်။

"ခင်ဗျား ခန့်မှန်းတာ မှန်ပါတယ်" လုချင်းက မငြင်းဆိုဘဲ ပြန်ဖြေလိုက်သည်။

"ချီသန့်စင်ခြင်း ကျင့်ကြံသူလေးဖြစ်နေပြီး ဝိညာဉ်လက်နက် နှစ်ခုတောင် ပိုင်ဆိုင်ထားတယ်။ ကောင်လေး... မင်းရဲ့ ကံကြမ္မာက ဘယ်သူမဆို မနာလိုဖြစ်လောက်အောင် ကောင်းလွန်းတယ်။ ဒါပေမဲ့ ငါ အရင်က ပြောခဲ့သလိုပဲ တစ်ခါတလေ ကံကောင်းလွန်းတာကလည်း ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ"

"ကောင်လေး... မင်းက အတိဒုက္ခရဲ့ မျိုးစေ့တွေကို စိုက်ပျိုးပြီးပြီဆိုတာ မင်းသိလား။ အနာဂတ်မှာ ပြန်လမ်းမရှိတဲ့ အခြေအနေတစ်ခုထဲကို မင်း ကျရောက်သွားနိုင်တယ်"

ပိတ်မိနေသော်ငြားလည်း မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်သည် ထိတ်လန့်သည့် အရိပ်အယောင်မပြဘဲ လုချင်းကို သတိပေးလိုက်လေ၏။

"အော်... ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲဒီလို အခြေအနေမျိုးကို ရောက်သွားမှာလဲ" လုချင်းက မေးလိုက်သည်။

"ကောင်လေး... မင်းကို ငါ ခြောက်လှန့်နေတယ်လို့ မထင်နဲ့" မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်က စိတ်စွမ်းအင်လှိုင်းများကို ဆက်လက်ထုတ်လွှတ်နေလေသည်။

"မင်းရဲ့ ကံကြမ္မာက ပိုကြီးမားလေလေ ကောင်းကင်နဲ့မြေကြီးဆီက ကောင်းချီးတွေ ပိုရလေလေပဲ။ ဒါပေမဲ့ ဒီကမ္ဘာလောကကြီးရဲ့ ကောင်းကင်တာအိုနဲ့ မင်း ပိုပြီး ရောယှက်လေလေ... မင်း သယ်ဆောင်ရမယ့် ဝဋ်ကြွေးတွေက ပိုများလေလေပဲ"

"အခုတော့ မင်း ဘာမှသတိထားမိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံမှု နက်ရှိုင်းလာပြီး ယွမ်ယင်အဆင့်ကို ရောက်တဲ့အခါကျ ဝဋ်ကြွေးတွေကို မဖြေရှင်းဘဲနဲ့ နောက်ထပ် အဆင့်တက်ဖို့ လုံးဝ မဖြစ်နိုင်သလောက်ပဲဆိုတာကို မင်း တွေ့ရလိမ့်မယ်"

"အဲ့ခါကျရင် မင်းလည်း ယွမ်ယင်အဆင့်မှာပဲ ထာဝရ ပိတ်မိနေပြီး ရှေ့ဆက်တက်လှမ်းနိုင်တော့မှာ မဟုတ်ဘူး"

"ဒါ့အပြင် ယွမ်ယင်အဆင့် အတိဒုက္ခကို မင်း ရင်ဆိုင်ရမယ့်အချိန် ရောက်လာတဲ့အခါကျ ဒီမဖြေရှင်းရသေးတဲ့ ဝဋ်ကြွေးတွေက မင်းရဲ့ ဝိညာဉ်ကို ဝါးမျိုမယ့် စိတ်ပိုင်းဆိုင်ရာ အတွင်းမိစ္ဆာတွေအဖြစ် အသွင်ပေါ်လာလိမ့်မယ်။ အဲဒီအခါကျမှ ဝဋ်ကြွေးတွေနဲ့ ရောယှက်နေတယ်ဆိုတာ ဘာကိုဆိုလိုလဲဆိုတာကို မင်း တကယ် နားလည်လာပြီး သေချင်စိတ်တောင် ပေါက်သွားလိမ့်မယ်"

မိစ္ဆာကျင့်ကြံသူ၏ စကားများသည် ပိုမို ကြောက်မက်ဖွယ်ကောင်းလာပြီး ယန် ကိုပင် ကြောက်ရွံ့မှု အနည်းငယ် ခံစားလာရစေပါ၏။ ဤကဲ့သို့သောအရာများအကြောင်း ပြောဆိုခဲ့ဖူးသော လီဟော်ဂိုဏ်းမှ ယွမ်ယင်အဆင့် ကျင့်ကြံသူများကို ယန် ပြန်လည်သတိရလိုက်ပြီး သူ၏ နှလုံးသားမှာ တုန်ယင်သွားတော့သည်။

ဆန့်ကျင်ဘက်အနေဖြင့် လုချင်းမှာတော့ မိစ္ဆာကျင့်ကြံသူ၏ စကားများကြောင့် လုံးဝ မထိခိုက်သည့်အလား တည်ငြိမ်အေးဆေးစွာဖြင့်ပင် ရှိနေလေ၏။ သူက ညင်သာသော လေသံဖြင့် ရိုးရိုးလေးသာ မေးလိုက်သည်။ "ဒီအကြောင်းကို ခင်ဗျား ဒီလောက်တောင် သိနေပြီဆိုတော့... အဲဒါကို ဖြေရှင်းမယ့် နည်းလမ်းကိုကော ခင်ဗျားသိလား"

"ဘာလဲ... အခု မင်း ကြောက်သွားပြီလား"

ထိုစကားကို ကြားသောအခါ မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်သည် အနည်းငယ် သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သို့သော် သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး လေးနက်စွာဖြင့် ပြန်ဖြေလိုက်လေ၏။

"အဖြေကို သိဖို့ဆိုတာ မခက်ပါဘူး"

"တကယ်လို့ ငါနဲ့သာ မင်း ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင်တော့...

အတိဒုက္ခကို ရှောင်လွှဲနိုင်မယ့် နည်းလမ်းကို မင်းကို ငါ သင်ပေးနိုင်တယ်။ ငါ့ရဲ့ စွမ်းရည်တွေကို သံသယမဝင်နဲ့နော်။ ငါက တကယ်တော့ ဘယ်သူလဲဆိုတာ မင်းသိတယ်ဆိုရင် ငါ့ရဲ့ အဆင့်အတန်းနဲ့ ဒီလိုနည်းလမ်းမျိုး ပိုင်ဆိုင်ထားဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိဘူးဆိုတာကို မင်း နားလည်သင့်တယ်"

"ထျန်းယွမ်ကမ္ဘာလောကကြီးက ကောင်းကင်မည်း မိစ္ဆာအရှင်သခင်ရဲ့ လက်အောက်က မိစ္ဆာစစ်သူကြီး ၁၀၈ ယောက်ထဲက တစ်ယောက်... တော်တော်လေးကိုအထင်ကြီးစရာကောင်းတဲ့ နောက်ခံပဲ"

"ဒါပေမဲ့ ခင်ဗျားရဲ့ ဇစ်မြစ်ကိုတောင် ကျွန်တော်သိနေပြီဆိုမှတော့ ဝဋ်ကြွေးတွေကို ဖယ်ရှားမယ့် နည်းလမ်းကိုပါ ကျွန်‌တော်မသိဘူးလို့များ ခင်ဗျား ထင်နေတာလား"

လုချင်း၏ အသံမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သို့သော် သူ၏ စကားများကြောင့် မိစ္ဆာကျင့်ကြံသူမှာ အံ့အားသင့်မှုဖြင့် တုန်လှုပ်သွားပြီး သူ၏ ဝိညာဉ်ပင် ပုံပျက်သွားတော့၏။

သူ မနေနိုင်တော့ဘဲ ဗြုန်းစားကြီး မေးလိုက်လေသည်။ "မင်းက တကယ်ပဲ ဘယ်သူများလဲ"

မိစ္ဆာကျင့်ကြံသူသည် သူ၏ စစ်မှန်သော ဇစ်မြစ်ကို သေချာစွာ ဖုံးကွယ်ထားနိုင်ခဲ့ပြီး မည်သူ့ကိုမျှ မဖွင့်ဟခဲ့ဟု ယုံကြည်ထားခဲ့သည်။ လုချင်းသည် သူ၏ နောက်ခံကို မည်သို့ ဖော်ထုတ်နိုင်ခဲ့သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေလေသည်။

မည်သို့ပင်ဆိုစေ ဖြောင့်မတ်သော ဂိုဏ်းများ၏ လိုက်လံရှာဖွေခြင်းကို ခံရစဉ်က သူသည် ကြယ်များကို ဖြတ်သန်းကာ သေလုမြောပါး ထွက်ပြေးခဲ့ရသည်။ အဆုံးစွန်သော အခြေအနေတွင် သူသည် ကျပန်းဦးတည်ရာတစ်ခုကို ရွေးချယ်ကာ ဝင်စားခြင်း နည်းစနစ်ကို အသုံးပြုခဲ့ပါ၏။ သူ၏ ဝင်စားခြင်း အောင်မြင်မည်၊ မအောင်မြင်မည်ကို သူကိုယ်တိုင်ပင် သံသယရှိခဲ့သည်ပင်။

ဤဘဝတွင် သူသည် အကြိမ်ကြိမ် ပြန်လည်မွေးဖွားခြင်းကို ခံခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့်သာ သားအိမ်၏ နက်နဲမှုများကို ဖောက်ထွင်းကာ နိုးကြားလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ ဝင်စားခြင်းသာ နောက်ထပ် အကြိမ်အနည်းငယ် ဆက်လက်ဖြစ်ပေါ်ခဲ့ပါက သူ၏ အနှစ်သာရများလည်း လုံးဝကို ပျောက်ကွယ်သွားနိုင်ပြီး နိုးကြားလာရန် အခွင့်အရေးပင် ရတော့မည်မဟုတ်ချေ။

ဘဝပေါင်းများစွာကို ဖြတ်သန်းပြီးနောက်၌ သူ၏ ရုပ်သွင်နှင့် ဝိညာဉ်အငွေ့အသက်မှာ မှတ်မိနိုင်စရာ မရှိတော့လောက်အောင် ပြောင်းလဲသွားခဲ့လေပြီဖြစ်၏။ ကောင်းကင်မည်း မိစ္ဆာအရှင်သခင်၏ လက်အောက်တွင် မိစ္ဆာစစ်သူကြီးများအဖြစ် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဖူးသူများပင်လျှင် သူ့ကို မှတ်မိနိုင်ရန် မဖြစ်နိုင်သလောက်ပင်။

ထိုသို့ဆိုလျှင် လုချင်းသည် သူ၏ ဇစ်မြစ်ကို မည်ကဲ့သို့ မြင်တွေ့နိုင်ခဲ့သနည်း။

ပြီးတော့ လုချင်းက တကယ်ပဲ ဘယ်သူများလဲ။

မိစ္ဆာကျင့်ကြံသူ စဉ်းစား၍မရနိုင်အောင် ဖြစ်နေသော်လည်း လုချင်းကတော့ ရှင်းပြမည့် အရိပ်အယောင် မပြခဲ့ချေ။ သူက ခပ်အေးအေးပင် "မိစ္ဆာကောင်... အလကားသတ်သတ်ကြိုးစားမနေနဲ့။ ခင်ဗျားရဲ့ အကြံအစည်လေးတွေက ကျွန်တော့်မျက်စိအောက်ကနေ လွတ်သွားမှာ မဟုတ်ဘူး"

"ကျွန်တော် ဒီကိုလာတာ ကိစ္စတစ်ခုတည်းအတွက်ပဲ"

"အပြင်က ချင်းယွင်ဓားဂိုဏ်း တပည့်တွေအပေါ် ခင်ဗျားချထားတဲ့ ကျိန်စာတွေကို ရုတ်သိမ်းပေးမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်"

"မဟုတ်ရင်တော့ ခင်ဗျားရဲ့ ဝိညာဉ်ကို လုံးဝသန့်စင်ပစ်မယ်။ ခင်ဗျားရဲ့ စစ်မှန်တဲ့ ဝိညာဉ်အနှစ်သာရကို ဖျက်ဆီးပြီးတော့ ဝင်စားဖို့ အခွင့်အရေးတောင် မပေးဘဲထားပစ်မယ်"

"အဲဒီ ပုရွက်ဆိတ်လေးတွေအတွက်နဲ့ မင်းက ဒီကို လာခဲ့တာလား"

မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်မှာ မှင်သက်သွားလေသည်။ ဤကဲ့သို့ အသေးအမွှား ကိစ္စလေးအတွက် လုချင်း ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သို့သော် မကြာမီမှာပင် သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့‌လေ၏။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ လွတ်မြောက်ရန် အခွင့်အရေးဖြစ်နိုင်ကြောင်း သူ နားလည်လိုက်သောကြောင့်ပင်။

"ဟုတ်တယ်... ဒါဆို ခင်ဗျား လုပ်ပေးမှာလား၊ မလုပ်ပေးဘူးလား"

"သူတို့အပေါ် ချထားတဲ့ ကျိန်စာတွေကို ဖယ်ရှားပေးစေချင်တာလား။ ငါ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်း ငါ့ကို လွှတ်ပေးမယ်လို့ ဝိညာဉ်သစ္စာဆိုရမယ်။ အဲဒီလိုလုပ်ရင် ငါ သဘောတူမယ်"

ထိုစကားကို ကြားသောအခါ၌ ဝိညာဉ်လက်နက်၏ နေရာလွတ်တစ်ခုလုံး တိတ်ဆိတ်သွားတော့လေ၏။

လုချင်းသည် မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်အား စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။

မိစ္ဆာကောင် စိုးရိမ်ထိတ်လန့်သွားလောက်အောင် အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်မှ လုချင်းက ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

"မိစ္ဆာကောင်... အစောပိုင်းက ကျွန်တော်ပြောတာ သိပ်မရှင်းဘူးထင်တယ်။ ကျွန်တော် ဆိုလိုချင်တာက ခင်ဗျား သူတို့ကို ကျိန်စာကနေ လွတ်မြောက်အောင် လုပ်ပေးမယ်ဆိုရင် ခင်ဗျားကို ဝင်စားလို့ရအောင် စစ်မှန်တဲ့ ဝိညာဉ်အနှစ်သာရတစ်စလောက် ချန်ထားပေးမယ်လို့ ပြောတာ"

"တကယ်လို့ ခင်ဗျား ငြင်းမယ်ဆိုရင်တော့ ခင်ဗျားရဲ့ စစ်မှန်တဲ့ ဝိညာဉ်အနှစ်သာရကိုပါ လုံးဝ အမြစ်ဖြတ်ပစ်မယ်"

"မဖြစ်နိုင်တာ၊ ဝိညာဉ် ဖျက်ဆီးခံရပြီးရင် စစ်မှန်တဲ့ ဝိညာဉ်အနှစ်သာရက ဘာလုပ်လို့ရတော့မှာလဲ။ ငါ ဝင်စားရင်တောင်မှ ငါ ဟုတ်တော့မှာ မဟုတ်ဘူး။ ကောင်လေး... မင်း ငါ့ကို ထွက်ပေါက်မပေးဘူးဆိုရင် ငါတို့ နှစ်ယောက်လုံး အတူတူသေကြတာပေါ့"

"မင်းကို ငါ ပြောမယ်... ငါ့ရဲ့ ဝိညာဉ် ဖျက်ဆီးခံရရင် အပြင်က ပုရွက်ဆိတ်တွေလည်း ငါနဲ့အတူ သေပြီး ငါ့နောက်ကို လိုက်လာရလိမ့်မယ်"

သို့သော် မိစ္ဆာကောင်၏ ဝိညာဉ်လှိုင်းများ မငြိမ်သက်သွားမီ မီးတောက်များ ရုတ်တရက် ဝန်းရံလာလေသည်။ ၎င်းတို့နှင့်အတူ လုချင်း၏ အေးစက်သော စကားသံများ ထွက်ပေါ်လာ၏။

"ကျွန်တော်နဲ့ ဆွေးနွေးဖို့ ခင်ဗျားမှာ အခွင့်အရေးရှိတယ်လို့ ဘယ်အရာကများ ထင်သွားစေမိတာလဲ။ ဒါမှမဟုတ် ပုရွက်ဆိတ်လေး နည်း‌နည်းလေးအတွက်နဲ့ ကျွန်တော့်ကို ခြိမ်းခြောက်လို့ရမယ်လို့ ခင်ဗျားက တကယ်ပဲ ယုံကြည်နေတာလား။ ခင်ဗျားက ငြင်းဆန်နေပြီဆိုမှတော့လည်း သေလိုက်တော့ပေါ့"

ထိုသို့ပြောပြီးသည်နှင့် မီးတောက်များသည် မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်ကို စတင်လောင်ကျွမ်းတော့၏။ မီးတောက်များ နီးကပ်လာသည်နှင့်တစ်ပြိုင်နက် မိစ္ဆာကောင်၏ ဝိညာဉ်မှ အနက်ရောင်စွမ်းအင် အမျှင်တန်းများ ထွက်ပေါ်လာပြီး လုံးဝကို သန့်စင်ခံလိုက်ရလေသည်။

"အား"

လုချင်းသည် ဆွေးနွေးရန် အခွင့်အရေးပင် မပေးဘဲ ဤမျှ ရုတ်တရက်ကြီး ရန်သူအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မိစ္ဆာကောင် မမျှော်လင့်ထားခဲ့ချေ။ သူ၏ ဝိညာဉ်အနှစ်သာရများ အဆက်မပြတ် လောင်ကျွမ်းခံနေရသည်ကို ခံစားရသောအခါ၌ ၎င်းတို့သာ လုံးဝ ကုန်ဆုံးသွားပါက သူ အမှန်တကယ် ပျက်စီးသွားမည်ဖြစ်ကြောင်း မိစ္ဆာကောင် သိလိုက်သည်။

"တောင်းပန်ပါတယ်... ငါတို့ သေချာ တိုင်ပင်ကြရအောင်လေ" မိစ္ဆာကောင်၏ ဝိညာဉ်က အပူတပြင်း အော်ဟစ်လိုက်လေသည်။ "မင်း ငါ့ကို သန့်စင်လိုက်ရင်တောင်မှ မင်းအတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။ ငါ သိတယ်... မင်း မင်းသူငယ်ချင်းရဲ့သား ဝေ့ကျိဟောက်အတွက် လုပ်နေတာမလား"

"သူသာ သေသွားရင် မင်း သူငယ်ချင်းကို ရှင်းပြရခက်လိမ့်မယ်။ အဲဒီလိုဆိုမှတော့ ငါတို့ အလျှော့ပေးလိုက်ကြရင် မကောင်းဘူးလား။ တကယ်လို့ မင်း ငါ့ရဲ့ ဝိညာဉ်ကို မသန့်စင်ဘူးလို့ သဘောတူရင် မင်းရဲ့ အစေခံအဖြစ် ငါ အညံ့ခံပါ့မယ်"

...

"ကောင်းပြီလေ။ အခု ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို ဖွင့်လိုက်... ခင်ဗျားစိတ်ဝိညာဉ်အပေါ်မှာ ကျွန်တော် ဝိညာဉ်တံဆိပ်တုံး ရိုက်နှိပ်မယ်"

လုချင်း၏ အေးစက်ပြီး ကရုဏာကင်းမဲ့သော အသံ ပဲ့တင်ထပ်လာလေသည်။

မိစ္ဆာကောင်၏ ဝိညာဉ်မှာ ထပ်မံဆိုင်းငံ့ရန် မဝံ့ရဲတော့ချေ။ သူ အသက်ချမ်းသာပေးရန် တောင်းပန်နေချိန်တွင် လုချင်းသည် သူ၏ ဝိညာဉ်ကို သန့်စင်နေခြင်းကို အနည်းငယ်မျှပင် နှေးကွေးမသွားစေကြောင်း သူ သိလေသည်။ အကယ်၍ သူသာ ထပ်၍ကြန့်ကြာနေမည်ဆိုပါက သူ လုံးဝ မပျက်စီးသွားမီ အသက်အနည်းငယ် ရှူရုံမျှပင် တောင့်ခံနိုင်တော့မည် မဟုတ်ချေ။

မိစ္ဆာကောင်သည် သူ၏စိတ်ဝိညာဉ်အား ချက်ချင်းပင် လုံးဝ ဖွင့်ချလိုက်ပြီး ဘာကိုမှ ဖုံးကွယ်မထားတော့ချေ။ သူ၏ စိတ်ဝိညာဉ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဝိညာဉ်တံဆိပ်တုံးတစ်ခုက အထက်မှ ကျဆင်းလာပြီး မိစ္ဆာကောင်၏ စစ်မှန်သော ဝိညာဉ်အနှစ်သာရ ဗဟိုချက်ကို ထိမှန်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ့ကို လောင်ကျွမ်းနေသော ပြင်းထန်သည့် မီးတောက်များကလည်း ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

ထိုအရာများသည် ဘယ်သောအခါကမျှ မရှိခဲ့သကဲ့သို့၊ အရာအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော စိတ်ကူးယဉ်ပုံရိပ်တစ်ခုသာ ဖြစ်ခဲ့သကဲ့သို့ပင်။ သို့သော် ၎င်းသည် စိတ်ကူးယဉ်ပုံရိပ် မဟုတ်ကြောင်း မိစ္ဆာကောင် သိလေသည်။ လောင်ကျွမ်းနေခဲ့သော ထိုအချိန်တိုလေးအတွင်း သူ၏ ဝိညာဉ်အနှစ်သာရ သုံးပုံနှစ်ပုံခန့် ကုန်ဆုံးသွားခဲ့လေပြီပင်။ ဒီထက်ပိုသွားပါက သူ အမှန်တကယ်ပဲ ပျက်စီးသွားလောက်ပြီ ဖြစ်၏။

"သခင်... ဂါရဝပြုပါတယ်"

သူ၏ ဗဟိုချက်အတွင်းရှိ ဝိညာဉ်တံဆိပ်တုံးကို ခံစားလိုက်ရသောအခါ၌ မိစ္ဆာကောင်သည် ပေါ့ပေါ့ဆဆဖြင့် နေဖို့ရန်ပင် မဝံ့ရဲတော့ချေ။

အားနည်းနေသည့် အခြေအနေဖြစ်သော်ငြားလည်း သူသည် ဒူးထောက်ကာ လုချင်းကို အရိုအသေပေးလိုက်လေ၏။

သူ၏ စစ်မှန်သော ဝိညာဉ်အနှစ်သာရပေါ်ရှိ တံဆိပ်တုံးကြောင့် ယခုအခါ သူသည် လုချင်း၏ လုံးဝ ကျွန်ပြုခြင်းကို ခံလိုက်ရပြီဖြစ်ပြီး ပြန်လည်ခုခံရန် မည်သည့်နည်းလမ်းမျှ မရှိတော့ချေ။

"အရမ်းကောင်းတယ်။ အခု ဝေ့ကျိဟောက်နဲ့ တခြားသူတွေအပေါ်က ကျိန်စာတွေကို ရုတ်သိမ်းလိုက်တော့"

မိစ္ဆာကောင်၏ အားနည်းနေသော အခြေအနေအတွက် လုချင်းသည် သနားစာနာမှု အနည်းငယ်မျှ မပြဘဲ သူ၏ အမိန့်ကို တိုက်ရိုက်ပေးလိုက်လေသည်။

မိစ္ဆာကောင်၏ နှလုံးသားမှာ တုန်ယင်သွားပြီး သတိထားကာ ပြန်ဖြေလိုက်သည်။ "သခင့်ကို လှည့်စားဖို့ ကျုပ် မဝံ့ရဲပါဘူး။ ကျုပ်ရဲ့ ဝိညာဉ်က အခု အားနည်းနေပြီး ခန္ဓာကိုယ်လည်း မရှိပါဘူး။ ဝေ့ကျိဟောက်နဲ့ တခြားသူတွေကို ကျိန်စာကနေ လွတ်မြောက်အောင် လုပ်ပေးရမယ့် နည်းစနစ်ကို သုံးဖို့အတွက် လောလောဆယ် ကျုပ်မှာ စွမ်းအား မရှိပါဘူး"

"ဒါဆို အရင်က ခင်ဗျား ကျွန်တော့်ကို လိမ်နေတာပေါ့လေ" လုချင်း၏ လေသံမှာ အေးစက်သွားလေသည်။

မိစ္ဆာကောင်မှာ လန့်ဖြန့်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။ "သခင့်ကို လှည့်စားဖို့ ကျုပ် မရည်ရွယ်ခဲ့ပါဘူး။ အစောပိုင်းက ကျုပ် အလွန်အမင်း စိုးရိမ်ပူပန်နေလို့ မဆင်မခြင် ပြုမူမိတာပါ။ စိတ်ချပါ သခင်... ကျုပ်ရဲ့ ဝိညာဉ်စွမ်းအား နည်းနည်း ပြန်ကောင်းလာတာနဲ့ ဝေ့ကျိဟောက်နဲ့ တခြားသူတွေကို ကျိန်စာကနေ ချက်ချင်း လွတ်မြောက်အောင် လုပ်ပေးပါ့မယ်"

"ပြီးရောလေ၊ ဒီတော့ ခင်ဗျား ပြန်ကောင်းဖို့ ဘာလိုလဲ"

မိစ္ဆာကောင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ သတိထား၍ ပြန်ဖြေလိုက်သည်။ "တကယ်လို့ ရှေး‌ခေတ်မိစ္ဆာစွမ်းအင် နည်းနည်းလောက်ကိုသာ ကျုပ် စုပ်ယူနိုင်ရင် မြန်မြန်ဆန်ဆန်နဲ့ ပြန်ကောင်းလာမှာပါဗျ"

"အဲဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့။ လောလောဆယ် ကျိန်စာတွေကို ချိုးဖျက်ဖို့ တခြားနည်းလမ်း ရှိသေးလား။ ဒါမှမဟုတ် အနည်းဆုံး သူတို့ရဲ့ အသက်စွမ်းအင်တွေ စုပ်ယူခံနေရတာကို ရပ်တန့်ဖို့ကော"

မိစ္ဆာကောင်၏ ရည်ရွယ်ချက်ကို လုချင်းကလည်း ချက်ချင်းပင် ဖောက်ထွင်းမြင်သွားလေသည်။ သူ့ကိုယ်သူ ပြန်လည်ကောင်းမွန်လာစေရန် မိစ္ဆာကောင်သည် သူ၏ မိစ္ဆာခန္ဓာကိုယ်ထံသို့ သဘာဝကျကျ ပြန်သွားရန် လိုအပ်ပေမည်။ သို့သော် မိစ္ဆာကောင်၏ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံကြောင့် ချက်ချင်း ရုပ်ခန္ဓာကို ပြန်၍ရယူခွင့်ပြုရန် လုချင်း သတိထားနေခဲ့သည်။

မိစ္ဆာကောင်သည် ယခုအခါ ကျွန်ပြုခံထားရသော်လည်း လွတ်မြောက်ရန် လျှို့ဝှက်နည်းစနစ်တစ်ခုခု မရှိဘူးဟု အာမမခံနိုင်ပေ။ အကြွင်းမဲ့ သေချာမှုဟူသည် မရှိရာ လုံးဝသေချာမှု မရှိဘဲ အခြေအနေများကို ပို၍ရှုပ်ထွေးအောင် မလုပ်ချင်ချေ။

"သခင့်ရဲ့ သင်ကြားမှုတွေက ပညာပါလှပါတယ်"

မိစ္ဆာကောင်သည် စိတ်ပျက်သွားသော်လည်း သူသည် အသစ်စက်စက် ကျွန်ပြုခံထားရသူဖြစ်ပြီး လုချင်း၏ ယုံကြည်မှုကို ရရှိရန် အချိန်ယူရမည်ဖြစ်ကြောင်း နားလည်လေသည်။

ထို့ကြောင့် သူသည် သူ၏ ခံစားချက်များကို မြိုသိပ်ထားလိုက်ပြီး နှိမ့်ချစွာ ပြန်ဖြေလိုက်၏။ "ကျိန်စာတွေ လည်ပတ်နေတာကို ရပ်တန့်ဖို့က အများကြီး ပိုလွယ်ပါတယ်။ အဲဒါတွေကို ထိန်းချုပ်ဖို့ နည်းစနစ်ကို သိဖို့ပဲ လိုတာပါ။ အခုပဲ သခင့်ကို ကျုပ် သင်ပေးပါ့မယ်"

ထိုသို့ပြောပြီးသည်နှင့် မိစ္ဆာကောင်သည် ဝိညာဉ်တံဆိပ်တုံးမှတစ်ဆင့် လုချင်းထံသို့ စွမ်းအင်လှိုင်းတစ်ခု ပေးပို့လိုက်လေသည်။ သခင်နှင့် ကျွန်အကြား ဆက်သွယ်မှုဖြစ်သော ဝိညာဉ်တံဆိပ်တုံးသည် အတွေးများနှင့် ရည်ရွယ်ချက်များကို တိုက်ရိုက် ဆက်သွယ်ခွင့် ပေးထားသည်။ သို့သော် ဤဆက်သွယ်မှုသည် အထက်အောက် အဆင့်ဆင့် တင်းကျပ်စွာ သတ်မှတ်ထားခြင်း ဖြစ်သည်။

ကျွန်ပြုခံရသူသည် ခွင့်ပြုချက်မရဘဲ သခင်ထံမှ မည်သည့်အရာကိုမျှ မသိရှိနိုင်ဘဲ၊ ဆက်သွယ်ရာတွင်ပင် ခွင့်ပြုချက်တောင်းခံသကဲ့သို့ သူတို့၏ အတွေးများကို ပေးပို့ရလေသည်။ သခင်မှာမူ ဆက်သွယ်မှုကို အပြည့်အဝ ထိန်းချုပ်ထားလေသည်။

လုချင်းသည် မိစ္ဆာကောင်၏ အတွေးတိုင်းကို အာရုံခံနိုင်ပြီး၊ အကယ်၍ သူသာဆန္ဒရှိပါက မိစ္ဆာကောင်ကို ဝိညာဉ်ကိုယ်တိုင် ဖျက်ဆီးပစ်ရန်ပင် အတင်းအကျပ် ခိုင်းစေနိုင်လေသည်။

အကယ်၍ မိစ္ဆာကောင် သေဆုံးသွားပါက လုချင်းအပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်ချေ။ သို့သော် လုချင်းသာ သေဆုံးသွားပါက မိစ္ဆာကောင်သည် သူနှင့်အတူ ပျက်စီးသွားမည် ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ကို ကျွန်ပြုခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝပင်။ နောက်ဆုံး ရွေးချယ်စရာသာ မဟုတ်ပါက မည်သည့် ကျင့်ကြံသူကမျှ ဤကဲ့သို့သော ကံကြမ္မာကို မိမိသဘောဆန္ဒအလျောက် လက်ခံမည် မဟုတ်ပေ။

....

အခန်း ၃၆၀ - စိတ်အာရုံ ကြည်လင်မှုကို ပြန်လည်ရယူခြင်း၊ ကောင်းကင်နှင့်မြေကြီး၏ အပြောင်းအလဲများ၊ လုချင်း၏ အစီအစဉ်

လုချင်း တရားထိုင်ရာမှ နိုးလာပြီး လီဟော်ဒယ်အိုးကို သိမ်းဆည်းလိုက်သောအခါ ဝေ့ရှင်းဟယ်က ချက်ချင်းပင် မေးလိုက်သည်။ "လုသခင်လေး... အခြေအနေ ဘယ်လိုရှိလဲ"

အစောပိုင်းက လုချင်း လီဟော်ဒယ်အိုးကို အသုံးပြုသည်ကို မြင်လိုက်ရသောအခါ မိစ္ဆာကျင့်ကြံသူ လုံးဝ သေဆုံးသွားခြင်း မရှိသေးဘူးဟု ဝေ့ရှင်းဟယ် သဲ့သဲ့လေး သံသယဝင်ခဲ့သည်။

မည်သို့ပင်ဆိုစေ လုချင်းသည် မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို စုပ်ယူလိုက်ချိန်တွင် အနက်ရောင်အလင်းတန်းတစ်ခု ပစ်ထွက်လာသည်ကို သူ သေချာစွာ မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ၎င်းကို လီဟော်ဒယ်အိုးထဲသို့ ထည့်သွင်းလိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် လုချင်းပြောခဲ့သော နည်းလမ်းကို သူ အနည်းနှင့်အများတော့ နားလည်ခဲ့လေသည်။

"ကျိဟောက်နဲ့ တခြားသူတွေအပေါ်က ကျိန်စာတွေကို လုံးဝ ချိုးဖျက်ဖို့က အချိန်နည်းနည်းတော့ ယူရဦးမယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်အာရုံတွေကို ပြန်ကောင်းလာစေမယ့် နည်းလမ်းကိုတော့ ကျွန်တော် ရှာတွေ့ထားပြီ" လုချင်းက ပြန်ဖြေလိုက်သည်။

"တကယ်လား" ဤစကားကို ကြားသောအခါ၌ ဝေ့ရှင်းဟယ် အလွန်အမင်း ဝမ်းသာသွားလေသည်။ အရင်က ကျိဟောက်နှင့် ပတ်သက်၍ သူ့ကို အနာကျင်ရဆုံးအရာမှာ လုံးဝ ပြောင်းလဲသွားသော သူ၏ ကိုယ်ရည်ကိုယ်သွေးပင် ဖြစ်သည်။

မိသားစုကို လုံးဝ ဂရုမစိုက်သည့် အေးစက်ပြီး ရက်စက်သော အမူအရာသည် တွေးကြည့်လိုက်တိုင်း ဝေ့ရှင်းဟယ်ကို ချမ်းစိမ့်သွားစေဆဲပင်။

ယခု သူတို့၏ စိတ်အာရုံများကို လုချင်း ပြန်လည်ကောင်းမွန်လာစေနိုင်ကြောင်း ကြားလိုက်ရသောအခါ၌ သူ မည်သို့များ ဝမ်းသာမဆုံးဘဲ နေနိုင်မည်နည်း။

"ကျွန်တော် စမ်းကြည့်လိုက်ဦးမယ်"

လုချင်းသည် လက်ဟန်တစ်ခုကို ဖန်တီးကာ သူ၏ စိတ်ကို စူးစိုက်လိုက်လေသည်။

ထို့နောက် ထူးဆန်းသော စွမ်းအင်လှိုင်းများသည် ဝေ့ကျိဟောက်နှင့် အခြား ချင်းယွင်ဓားဂိုဏ်းမှ တပည့်များ၏ စိတ်ထဲသို့ စိမ့်ဝင်သွားလေသည်။ သူတို့သည် မွေးဖွားပြီးနယ်ပယ်၌သာ ရှိသေးရာ သူတို့၏ မျက်ခုံးကြားအပ်စိုက်မှတ်အတွင်းရှိ နေရာလွတ်မှာ မပွင့်သေးဘဲ သူတို့၏ ဝိညာဉ်များမှာ အားနည်းလှသည်။ ထို့အပြင် သူတို့သည် သတိလစ်မေ့မြောနေကြသဖြင့် လုချင်း၏ ဝင်ရောက်မှုကို သဘာဝကျကျပင် ခုခံနိုင်စွမ်း မရှိကြချေ။

မကြာမီမှာပင် သူတို့၏ စိတ်များကို ထိန်းချုပ်ရန် မိစ္ဆာကျင့်ကြံသူ ချန်ထားခဲ့သော မိစ္ဆာစွမ်းအင် အမှတ်အသားများကို လုချင်း ရှာတွေ့သွားလေသည်။ မိစ္ဆာကျင့်ကြံသူ၏ ထိန်းချုပ်နည်းစနစ်အတိုင်း လုချင်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ မိစ္ဆာအမှတ်အသားများကို လျင်မြန်စွာ ဖျက်သိမ်းလိုက်လေ၏။ ထို့နောက်တွင်တော့ သူတို့၏ စိတ်များကို နှိုးဆွလိုက်ကာ သတိပြန်လည်လာစေခဲ့တော့၏။

အဟွတ် အဟွတ်

လုချင်း ဂါထာရွတ်ဆိုနေသည်ကို ဝေ့ရှင်းဟယ်က စိုးရိမ်တကြီး စောင့်ကြည့်နေလေသည်။ ထို့နောက် ဝေ့ကျိဟောက်နှင့် အခြားသူများ တုန်ယင်လာပြီး မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်ကို သူ မြင်တွေ့လိုက်ရပါ၏။

"ဘာဖြစ်သွားတာလဲ။ ငါတို့ ဘယ်ရောက်နေတာလဲ"

နိုးလာပြီးနောက် ဝေ့ကျိဟောက်နှင့် အခြားသူများသည် ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြလေသည်။

သူတို့သည် အဝေးမှ မီးရောင်သဲ့သဲ့လေးသာ ရှိသော ဂူတစ်ခုထဲတွင် ရောက်နေကြပြီး မည်သည့်နေရာသို့ ရောက်နေမှန်း မသိနိုင်ကြပေ။

"ကျိဟောက်"

မြို့တွင်း၌ တွေ့ခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်မှုမျိုး မဟုတ်တော့ဘဲ သားဖြစ်သူ၏ မျက်လုံးများထဲရှိ ရှင်းလင်းကြည်လင်မှုကို ဝေ့ရှင်းဟယ် မြင်တွေ့လိုက်ရသည်။

သားဖြစ်သူ၏ စိတ်အာရုံများ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သူ ချက်ချင်း နားလည်လိုက်ပြီး သူ၏ ဝမ်းသာမှုမှာ အတိုင်းအဆမရှိတော့ချေ။

"အဖေ... အဖေက ဘာလို့ ဒီမှာ ရောက်နေတာလဲ"

ဖခင်ဖြစ်သူကို မြင်လိုက်ရသောအခါ၌ ဝေ့ကျိဟောက် အံ့အားသင့်သွားပြီး ထရန် ကြိုးစားလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အားနည်းပြီး နာကျင်နေကာ လှုပ်ရှား၍မရကြောင်း တွေ့လိုက်ရသည်။ ဤအချက်က သူ့ကို ပို၍ပင် ထိတ်လန့်သွားစေခဲ့၏။

"ကျွန်တော့်ခန္ဓာကိုယ်က..."

"လောလောဆယ် မလှုပ်နဲ့ဦး" ဝေ့ရှင်းဟယ်က သားဖြစ်သူကို တားလိုက်သည်။ "မင်းက မိစ္ဆာကျင့်ကြံသူရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရပြီး စိတ်လွတ်သွားတာလေ။ အခု ခန္ဓာကိုယ်ထဲမှာ ကျိန်စာတစ်ခု ထည့်သွင်းခံထားရတယ်။ ကျိန်စာက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီးတော့ မင်းရဲ့ အသက်စွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူနေတယ်။ အံ့ဒါကြောင့် လုသခင်လေးက မင်းရဲ့ ချီနဲ့ သွေးတွေကို ယာယီ ပိတ်လှောင်ပေးထားတာလေ..."

ဝေ့ရှင်းဟယ်သည် သူသိထားသမျှကို ဖြည်းညင်းစွာ ရှင်းပြလိုက်လေ၏။

"မိစ္ဆာကျင့်ကြံသူက ကျွန်တော်တို့ရဲ့စိတ်တွေကို ထိန်းချုပ်ပြီး ကျိန်စာတွေ ထည့်သွင်းထားတယ်ဟုတ်လား..."

ဝေ့ရှင်းဟယ်၏ ရှင်းပြချက်ကို ဝေ့ကျိဟောက်နှင့် အခြားသူများ နားထောင်နေစဉ် ထိန်းချုပ်ခံထားရစဉ်က မှတ်ဉာဏ်များ ပေါ်ထွက်လာလေသည်။ သူတို့၏ မျက်နှာများတွင် နာကျင်မှုများ ပို၍ ထင်ဟပ်လာတော့၏။

ဤသည်မှာ မိစ္ဆာကျင့်ကြံသူ၏ ကျိန်စာ၏ကြောက်မက်ဖွယ်ကောင်းမှုပင်။ ထိန်းချုပ်ခံရသူများသည် စိတ်အာရုံများ လှည့်စားခံရရုံသာဖြစ်ပြီး လုံးဝ ဖျက်ဆီးခံရခြင်း မဟုတ်ပေ။ တစ်နေ့နေ့တွင် သူတို့ကို ထိန်းချုပ်ထားသော မိစ္ဆာစွမ်းအင်များ ပျောက်ကွယ်သွားလျှင်တောင်မှ ထိန်းချုပ်ခံခဲ့ရသည့် မှတ်ဉာဏ်များက ပျောက်ကွယ်သွားမည် မဟုတ်ချေ။ ထိုဆိုးယုတ်သော မှတ်ဉာဏ်များသည် စိတ်ကို အလွယ်တကူ ဖျက်ဆီးနိုင်ပြီး မိစ္ဆာလမ်းစဉ်သို့ ပြန်လည်ရောက်ရှိသွားစေနိုင်ပေ၏။

ကံကောင်းထောက်မစွာဖြင့် ဝေ့ကျိဟောက်နှင့် အခြားသူများသည် အချိန်အကြာကြီး ထိန်းချုပ်မခံခဲ့ရဘဲ ပုန်းအောင်းနေရန် ကြိုးစားနေသော မိစ္ဆာကျင့်ကြံသူသည် ဝင်္ကပါဆက်သွယ်ရေးအမှတ်များကို လျှို့ဝှက်စွာ တပ်ဆင်ရန်အတွက်သာ သူတို့ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ပို၍ကြီးမားသော အပြစ်များကို ကျူးလွန်ရန် သူတို့ကို အတင်းအကျပ် မခိုင်းစေခဲ့ချေ။

ထို့ကြောင့် ထိန်းချုပ်ခံထားရချိန်က အချိန်များကို သူတို့ ပြန်လည်မှတ်မိသော်ငြားလည်း သူတို့၏ စိတ်များမှာ ပျက်စီးမသွားဘဲ အမှောင်ထုထဲသို့ မကျဆင်းသွားခဲ့ကြပေ။

"ကျိဟောက်... မိစ္ဆာကျင့်ကြံသူက မင်းတို့ကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်ခဲ့တာလဲ၊ ပြီးတော့ ချင်းယွင်ဓားဂိုဏ်းက ဘယ်လိုလုပ် ဖျက်ဆီးခံလိုက်ရတာလဲ"

သူတို့ အဆင်ပြေကြောင်း သေချာသွားပြီးနောက်၌ ဝေ့ရှင်းဟယ်သည် သူ၏ နက်ရှိုင်းသော သံသယများကို နောက်ဆုံးတွင် ထုတ်ဖော်မေးမြန်းလိုက်လေသည်။

လုချင်းကတော့ ဘာမှမပြောခဲ့ချေ။ မိစ္ဆာကျင့်ကြံသူထံမှ ဇာတ်လမ်းကို သူ သိရှိပြီးဖြစ်သော်လည်း မိစ္ဆာကျင့်ကြံသူ ပြောခဲ့သည်များ မှန်၊ မမှန် အတည်ပြုရန် ဝေ့ကျိဟောက်နှင့် အခြားသူများ၏ ပြောပြချက်ကိုလည်း နားထောင်ချင်သေးပါ၏။

မေးခွန်းကို ကြားသောအခါ ဝေ့ကျိဟောက်နှင့် အခြားသူများ၏ အမူအရာများမှာ ရှုပ်ထွေးသွားပြီး ကြောက်ရွံ့မှုနှင့် ဒေါသတို့ ပြည့်နှက်နေလေသည်။

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်၌ ဝေ့ကျိဟောက်သည် သူ၏ ခံစားချက်များကို ထိန်းချုပ်ကာ ပြောလာလေသည်။

"အဖေ... အဲဒီမိစ္ဆာကျင့်ကြံသူက သာမန်လူတစ်ယောက် မဟုတ်ဘူး။ သူက တကယ်တော့ ကျွန်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေးပဲ။ သူက ကျွန်တော်တို့ဂိုဏ်းကို ဖျက်ဆီးခဲ့တာ... ပြီးတော့ ဂိုဏ်းချုပ်ကို သေတဲ့အထိ ကိုယ်တိုင် ညှဉ်းပန်းနှိပ်စက်ခဲ့တာလည်း သူပဲ..."

ထို့နောက်၌ ဝေ့ကျိဟောက်နှင့် အခြားသူများသည် ချင်းယွင်ဓားဂိုဏ်း မည်ကဲ့သို့ ဖျက်ဆီးခံခဲ့ရကြောင်းကို တစ်လှည့်စီ ပြောပြကြလေသည်။

နားထောင်နေရင်း ဝေ့ရှင်းဟယ်၏နှလုံးသားမှာ လုံးဝကို တုန်လှုပ်သွားတော့သည်။ ချင်းယွင်ဓားဂိုဏ်းတွင် ဤမျှ ဆိုးယုတ်ပြီး ထူးဆန်းသော ဘိုးဘေးတစ်ဦး ရှိနေလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မတွေးမိခဲ့ချေ။ ယခင်က သားဖြစ်သူကို ပညာသင်ရန် ဂိုဏ်းသို့ ပို့ခဲ့စဉ်က သားဖြစ်သူကို သားရဲတစ်ကောင်၏ ကျားခံတွင်းထဲသို့ မသိဘဲ ပို့လိုက်မိခြင်းပင် ဖြစ်၏။

ယခုတစ်ကြိမ် လုချင်း၏ ဝင်ရောက်စွက်ဖက်မှုသာ မပါဝင်ခဲ့ပါက အကျိုးဆက်များကို တွေးကြည့်ရန်ပင် မဝံ့ရဲချေ။ သူနှင့် သူ့သား နှစ်ယောက်လုံးသေဆုံးရမည်သာမက ခရိုင်မြို့တော်တစ်ခုလုံးလည်း လွတ်မြောက်နိုင်စရာမရှိသော ဘေးအန္တရာယ်တစ်ခုထဲသို့ ကျရောက်သွားပေလိမ့်မည်။

"ဂိုဏ်းချုပ် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေသွားတော့ ကျွန်တော်တို့ ကျီကျိုးကနေတောင် မလွတ်သေးခင်မှာ မိစ္ဆာကျင့်ကြံသူက ကျွန်တော်တို့ကို မီလာခဲ့တယ်လေ။ ကျွန်တော်တို့ ကိုယ်ပေါ်မှာ ဖုံးကွယ်ထားခဲ့တဲ့ ဂိုဏ်းရဲ့ လျှို့ဝှက်ရတနာကို သူ ယူသွားတယ်။ နောက်ပိုင်းကျတော့ သူက ကျွန်တော်တို့ရဲ့ စိတ်တွေကို ထိန်းချုပ်ပြီး ကျိန်စာတွေ ချလိုက်တယ်။ သူ့ရဲ့ အမိန့်ပေးမှုအောက်မှာပဲ ခရိုင်မြို့တော်မှာ ဝင်္ကပါဆက်သွယ်ရေးအမှတ်တွေကို တိတ်တဆိတ် လုပ်ဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရတယ်လေ။ အဲဒီနောက်မှာတော့ ဝင်္ကပါ အသက်ဝင်လာတယ်လေ... ကျန်တာတော့ အဖေ သိတဲ့အတိုင်းပဲ"

ဝေ့ကျိဟောက် စကားပြောနေစဉ် သူ၏ မျက်လုံးများတွင် အပြစ်ရှိစိတ်များ ပြည့်နှက်နေလေ၏။ သူ၏ မှတ်ဉာဏ်များအရ ဝင်္ကပါ အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ခရိုင်မြို့တော်ရှိ လူအများအပြား အသက်ဆုံးရှုံးခဲ့ရကြောင်း သူ သိလေသည်။

ဝင်္ကပါအစီအရင်ကို ခင်းကျင်းစဉ်က မိစ္ဆာကျင့်ကြံသူ၏ ထိန်းချုပ်မှုကို ခံခဲ့ရသော်လည်း ထိုသေဆုံးမှုများအတွက် သူတို့တွင်လည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိနေသေးပါ၏။ ဤအချက်က ဝေ့ကျိဟောက်၏ နှလုံးသားကို အလွန်အမင်း လေးလံစေခဲ့သည်။

အခြား ချင်းယွင်ဓားဂိုဏ်းမှ တပည့်များကလည်း အပြစ်ရှိသည့် အမူအရာများကို ပြသနေကြလေ၏။

"အခု အားလုံး ပြီးသွားပါပြီ။ ခရိုင်မြို့တော်က ဝင်္ကပါကြီးကို ဖျက်ဆီးလိုက်ပြီဖြစ်သလို မိစ္ဆာကျင့်ကြံသူလည်း သေသွားပါပြီ။ မြို့ထဲမှာ မင်းတို့ လုပ်ခဲ့တာတွေက မင်းတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိခဲ့ဘူးလေ။ အဲဒါ မင်းတို့အပြစ် မဟုတ်ပါဘူး... အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ မခံစားပါနဲ့" ဝေ့ရှင်းဟယ်က သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

သူတို့၏ အပြစ်ရှိစိတ်များကို လွတ်ချနိုင်၊ မလွတ်ချနိုင်ဆိုတာ သူတို့ကိုယ်တိုင်၏ စိတ်နေစိတ်ထားအပေါ်တွင်သာ မူတည်လေသည်။

ကံကောင်းထောက်မစွာဖြင့် ဝေ့ကျိဟောက်နှင့် အခြားသူများသည် ဂုဏ်သတင်းကြီးမားသော ဂိုဏ်းတစ်ခုမှ တပည့်များဖြစ်ကြပြီး သူတို့၏ စိတ်ဆန္ဒများမှာလည်း ခိုင်မာကြ၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူတို့သည် ပြန်၍တည်ငြိမ်လာနိုင်ခဲ့ကြသည်။

"အဖေ... အခု ကျွန်တော်တို့ ဘယ်မှာလဲ" ဝေ့ကျိဟောက်က မေးလိုက်သည်။

"ငါတို့က ခရိုင်မြို့တော်နဲ့ သိပ်မဝေးတဲ့ ဂူတစ်ခုထဲမှာ ရောက်နေတာ။ လုသခင်လေး ပြောတာတော့ မင်းတို့ ခန္ဓာကိုယ်ထဲက ကျိန်စာက အရမ်းကို ကိုင်တွယ်ရခက်တယ်တဲ့။ အဲဒါက စွမ်းအားတွေရဖို့အတွက်နဲ့ မင်းတို့ရဲ့ အသက်စွမ်းအင်တွေကို စုပ်ယူနေတာလေ။ အမြန်ဆုံး မဖယ်ရှားဘူးဆိုရင် မင်းတို့ရဲ့ အသက်စွမ်းအင်တွေ ကုန်ခမ်းပြီး သေသွားလိမ့်မယ်။ အခုလေးတင် လုသခင်လေးက မင်းတို့ရဲ့ ဝိညာဉ်တွေအပေါ်က ထိန်းချုပ်မှုကို ဖယ်ရှားပြီး စိတ်အာရုံတွေ ပြန်ပြီးကြည်လင်လာအောင်လို့ ကူညီပေးခဲ့တာပဲ"

ဝေ့ရှင်းဟယ်က ရှင်းပြလေသည်။

ဝေ့ကျိဟောက်နှင့် အခြားသူများ တုန်ယင်သွားကြပြီး လုချင်းကို ရိုသေလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

ထိန်းချုပ်ခံထားရစဉ်က မှတ်ဉာဏ်များ ပျောက်ကွယ်မသွားခဲ့သဖြင့် ဤလူငယ်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ ကောင်းကောင်း သိကြသည်။ အခြား ချင်းယွင်ဓားဂိုဏ်းမှ တပည့်များဆိုလျှင် လုချင်း၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးဖြစ်၏။

ထိုအချိန်က လုချင်း မည်ကဲ့သို့သော စွမ်းအားမျိုးကို အသုံးပြုခဲ့ကြောင်း ယနေ့တိုင် သူတို့ မသိကြသေးချေ။ မလှုပ်မယှက်ဘဲနှင့် မွေးရာပါနယ်ပယ်တွင် ရှိနေသော သူတို့ကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။

ဝေ့ကျိဟောက်မှာမူ ပြောစရာပင် မလိုတော့ပေ။

လုချင်းနှင့် မိစ္ဆာကျင့်ကြံသူတို့ကြားက တိုက်ပွဲတစ်ခုလုံးကို သူ မြင်တွေ့ခဲ့ရသဖြင့် လုချင်း၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပို၍ပင် ရှင်းလင်းစွာ သိရှိထားလေသည်။ ၎င်းသည် သူ အိပ်မက်ထဲတွင်ပင် ရောက်ရှိရန် မရည်ရွယ်ဝံ့သော စွမ်းအားအဆင့်တစ်ခု ဖြစ်သည်။

"လုသခင်လေး... ကျွန်တော်တို့အသက်ကို ကယ်တင်ပေးခဲ့တဲ့အပြင် ကျွန်တော်တို့ချင်းယွင်ဓားဂိုဏ်း ဖျက်ဆီးခံရတာအတွက်ပါ လက်စားချေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။"

ဝေ့ကျိဟောက်သည် မထနိုင်သော်လည်း သူ၏ လက်ကို အတင်းအကျပ် ဆုပ်ကာ အရိုအသေပေးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကျေးဇူးတင်မှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။

"လုသခင်လေး... ကျွန်တော်တို့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်" အခြား ချင်းယွင်ဓားဂိုဏ်းမှ တပည့်များကလည်း ရိုသေစွာ ကျေးဇူးတင်စကား ဆိုကြလေသည်။

"ဒီလောကိအဖိ ယဉ်ကျေးနေစရာမလိုပါဘူးဗျာ။ ဒီမှာ ဆေးပုလင်း တစ်ပုလင်းရှိတယ်။ မင်းတို့အချင်းချင်း ဝေပြီး သောက်လိုက်ကြ။

မင်းတို့ ခန္ဓာကိုယ်ထဲက ကျိန်စာကို ယာယီ ဖိနှိပ်ထားပြီးပြီ။ ဒီဆေးတွေကို သောက်ပြီးရင် မနက်ဖြန်လောက်ဆို ဒဏ်ရာတွေ သက်သာသွားလိမ့်မယ်။ အဲဒီအခါကျမှ ချန်းခရိုင်ကို ပြန်သွားပြီး ကျိန်စာကို လုံးဝ ဖယ်ရှားပစ်ဖို့ ကြိုးစားကြတာပေါ့"

လုချင်းသည် ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူကာ ဝေ့ကျိဟောက်နှင့် အခြားသူများအား ပေးလိုက်လေသည်။

သူတို့ ဆေးသောက်နေစဉ် လုချင်း၏ အသိစိတ်သည် လီဟော်ဒယ်အိုးထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားလေ၏။

...

"သခင်... သူတို့ရဲ့ စိတ်အာရုံတွေ ပြန်ကောင်းလာပြီလား"

လုချင်း ဝင်လာသည်ကို မြင်သောအခါ၌ မိစ္ဆာကျင့်ကြံသူက အလျင်အမြန် မေးလိုက်သည်။

ဝိညာဉ်လက်နက်၏ ပိတ်လှောင်ထားသော နေရာလွတ်အတွင်းတွင် မိစ္ဆာကျင့်ကြံသူသည် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ အပြင်လောကကို အာရုံခံနိုင်စွမ်း မရှိချေ။

"အင်း၊ သူတို့စိတ်ဝိညာဉ်ထဲက မိစ္ဆာအမှတ်အသားတွေကို ကျွန်တော် ဖျက်သိမ်းလိုက်လို့ သူတို့စိတ်အာရုံလည်း ပြန်ပြီးကြည်လင်လာကြပြီ။ ခင်ဗျား မလိမ်ခဲ့ဘူးပဲ" လုချင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"သခင့်ကို လှည့်စားဖို့ ကျုပ်က ဘယ်လိုလုပ် ဝံ့ရဲမှာလဲ။ အခု ကျုပ်က ကျွန်ပြုခံထားရပြီဆိုတော့ သစ္စာဖောက်ဖို့ ကြံစည်တာနဲ့ သခင်က သေချာပေါက် သိမှာပဲလေ" မိစ္ဆာကျင့်ကြံသူက အလျင်အမြန် ပြန်ဖြေလိုက်သည်။

လုချင်းက သူ၏ စစ်မှန်သော ဝိညာဉ်အနှစ်သာရပေါ်တွင် ဝိညာဉ်တံဆိပ်တုံးကို ရိုက်နှိပ်ထားပြီး လုံးဝကို ကျွန်ပြုထားခဲ့သည်။ သူ၏ စိတ်ထဲတွင် သစ္စာဖောက်လိုသည့် အတွေးတစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် လုချင်းက အာရုံခံမိမည်ပင်။ ထို့ကြောင့် မိစ္ဆာကျင့်ကြံသူသည် အခြားအတွေးများ မတွေးဝံ့တော့ချေ။

သို့သော် လုချင်းကတော့ တိကျသော အဖြေမပေးခဲ့ပေ။ ဝိညာဉ်တံဆိပ်တုံးအောက်တွင် မိစ္ဆာကျင့်ကြံသူ၏ အတွေးများ ပြောင်းလဲသွားသည်ကို သူ သိရှိနိုင်သည်မှာ မှန်သော်လည်း မိစ္ဆာကျင့်ကြံသူ၏ စကားများကို လုံးဝ ယုံကြည်မည်တော့ မဟုတ်ပေ။

ကျင့်ကြံခြင်းလောကသည် ကျယ်ပြောလှပြီး ထူးကဲသော စွမ်းရည်များရှိသည့် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေလေသည်။ ထျန်းယွမ်ကမ္ဘာလောကကြီးတွင် အံ့မခန်း စွမ်းအားများရှိသည့် ကျင့်ကြံသူ မရေမတွက်နိုင်အောင် ရှိပါ၏။ ထူးဆန်းလှသော ကျင့်ကြံခြင်း နည်းစနစ်များစွာ ရှိနေသဖြင့် ဝိညာဉ်တံဆိပ်တုံးကို ချေဖျက်နိုင်မည့် ထူးဆန်းသော နည်းလမ်းတစ်ခုခု မရှိဘူးဟု မည်သူကများ ပြောနိုင်မည်နည်း။

"ကောင်းပြီလေ... ခင်ဗျယး လိမ်လိမ်မာမာ နေခဲ့ပြီဆိုမှတော့ ခင်ဗျားရဲ့ ဝိညာဉ်ကို တစ်စိတ်တစ်ပိုင်း ပြန်ကောင်းလာစေဖို့ မိစ္ဆာစွမ်းအင် နည်းနည်းလောက် ပေးမယ်။ ခင်ဗျား လုံလုံလောက်လောက် ပြန်ကောင်းလာတာနဲ့ ဝေ့ကျိဟောက်နဲ့ တခြားသူတွေဆီက ကျိန်စာကို ဖယ်ရှားပေးရမယ်"

ထိုသို့ပြောပြီးသည်နှင့် လုချင်းသည် ပြတ်ထွက်နေသော အနက်ရောင်လက်တစ်ဖက်ကို ထုတ်ယူကာ မိစ္ဆာကျင့်ကြံသူဆီသို့ ပစ်ပေးလိုက်လေသည်။ ၎င်းမှာ တိုက်ပွဲအတွင်း သူ ပိုင်းဖြတ်ခဲ့သော လက်ပင်။

"ကျေးဇူးတင်ပါတယ် သခင်"

ပြတ်ထွက်နေသော လက်ကို မြင်လိုက်ရသောအခါ မိစ္ဆာကျင့်ကြံသူခင်မျာမှာ အလွန်ပင် ဝမ်းသာသွားပြီး ၎င်းထံမှ မိစ္ဆာစွမ်းအင်များကို ချက်ချင်း စတင်စုပ်ယူတော့သည်။ ဒယ်အိုး၏ ဝိညာဉ်မီးတောက်ဖြင့် သန့်စင်ခံခဲ့ရသဖြင့် သူ၏ အနှစ်သာရများကို ဆိုးရွားစွာ ဆုံးရှုံးခဲ့ရသည်။ အကယ်၍ မိစ္ဆာစွမ်းအင်ကို အမြန်ဆုံး မစုပ်ယူပါက လုချင်း ဝင်ရောက်မစွက်ဖက်လျှင်တောင်မှ သူ နောက်ဆုံးတွင် ပျောက်ကွယ်သွားမည်ပင်။

မိစ္ဆာကျင့်ကြံသူတစ်ယောက် မိစ္ဆာစွမ်းအင် စုပ်ယူနေစဉ် ယန် ၏ ပုံရိပ်က လုချင်းဘေးတွင် ထွက်ပေါ်လာလေသည်။

"သခင်လေး... မိစ္ဆာကျင့်ကြံသူရဲ့ အသက်ကို ချမ်းသာပေးဖို့ ရည်ရွယ်ထားတာလား" ယန် က မေးလိုက်သည်။

"လောလောဆယ်အတွက်တော့ ဟုတ်တယ်လို့ပဲပြောရမှာပေါ့။ ဒီမိစ္ဆာကျင့်ကြံသူဆီမှာ ထူးဆန်းတဲ့ နောက်ခံရှိတယ်။ သူ့ဆီကနေ ကျွန်တော် လေ့လာချင်တာ တချို့ရှိသေးတယ်။ သူက အသုံးဝင်နေသေးတယ်လေ" လုချင်းက အေးစက်စွာ ပြန်ဖြေလိုက်၏။

ဤမိစ္ဆာကျင့်ကြံသူ၏ ဇစ်မြစ်သည် ထျန်းယွမ်ကမ္ဘာလောကကြီးတွင် ရှိနေတာပင်။ ထိုသည်က လုချင်း၏ စူးစမ်းချင်စိတ်ကို နှိုးဆွပေးခဲ့သည်။

"မင်း ဘာလုပ်နေလဲဆိုတာ သိရင်တော့ ရပါတယ်။ ဒါပေမဲ့ သတိထားနော်။ မိစ္ဆာကျင့်ကြံသူတွေက သဘာဝအရကို ကောက်ကျစ်စဉ်းလဲကြတာ။ သူ့မှာ လျှို့ဝှက်ဆန်းကြဲတဲ့ နောက်ခံရှိနေတော့ ဝိညာဉ်တံဆိပ်တုံး တစ်ခုတည်းကိုချည်းပဲ အားမကိုးနဲ့" ယန် က သတိပေးလိုက်သည်။

"စိတ်ချပါ အဘိုး။ ကျွန်တော့်မှာ အစီအစဉ်တွေ ရှိပါတယ်ဗျ" လုချင်း၏ လေသံမှာ ယုံကြည်မှု အပြည့်ရှိနေလေသည်။

မိစ္ဆာကျင့်ကြံသူကို ဝိညာဉ်လက်နက် နေရာလွတ်ထဲမှ လွှတ်ပေးရန် သူ အစီအစဉ် လုံးဝမရှိချေ။ မိစ္ဆာကျင့်ကြံသူ ထိုနေရာတွင် ရှိနေသရွေ့ သူ့ကို ထိန်းချုပ်ထားရန် လုချင်းတွင် နည်းလမ်းများစွာ ရှိလေသည်။ ပြီးတော့ မိစ္ဆာကျင့်ကြံသူကို အသက်ရှင်လျက် ထားမည်ဟု သူ တစ်ခါမျှ ကတိမပေးခဲ့ပေ။

လုချင်း၏ ယုံကြည်မှုကို ခံစားလိုက်ရသဖြင့် ယန်သည် ခေါင်းညိတ်လိုက်ပြီး ထပ်မံမှတ်ချက်ပေးခြင်း မပြုတော့ချေ။ လုချင်း၏ သေချာစေ့စပ်သော အစီအစဉ်များကို သူ ယခင်က မြင်တွေ့ခဲ့ဖူးသည်။ ဤလူငယ်လေး၏ ဉာဏ်ပညာသည် ယန်ကိုပင် အငိုက်မိသွားစေလောက်အောင် ထက်မြက်လှပါ၏။ လုချင်း၌ အစီအစဉ်ရှိနေပြီဖြစ်ရာ နောက်ထပ် သတိပေးချက်များ မလိုအပ်တော့ပေ။

လုချင်းနှင့် ယန်တို့၏ စကားဝိုင်းသည် မိစ္ဆာကျင့်ကြံသူ၏ ရှေ့တွင်ပင် ဖြစ်ပွားခဲ့သော်လည်း မိစ္ဆာကျင့်ကြံသူမှာ လုံးဝ မသိရှိခဲ့ချေ။

ဝိညာဉ်လက်နက် နေရာလွတ်အတွင်း၌ အရာအားလုံးကို လုချင်းနှင့် ယန်တို့က ထိန်းချုပ်ထားပြီး သူတို့၏စကားဝိုင်းကို ကြားနိုင်မည် မဟုတ်ပေ။

ပြတ်ထွက်နေသော လက်ကို မိစ္ဆာကျင့်ကြံသူထံသို့ ပစ်ပေးပြီးနောက် လုချင်း၏ အသိစိတ်သည် လီဟော်ဒယ်အိုးထဲမှ လျင်မြန်စွာ ပြန်၍ရုတ်သိမ်းလာခဲ့သည်။ ဆေးကုသမှု ခံယူနေဆဲဖြစ်သော ဝေ့ကျိဟောက်နှင့် အခြားသူများကိုတော့ သူ တစ်ချက်သာကြည့်လိုက်ပြီး သူတို့ကို မနှောင့်ယှက်တော့ချေ။

တရားထိုင်သည့် ကိုယ်နေဟန်ထားသို့ ပြန်ပြီးရောက်ရှိပြီးနောက်၌ လုချင်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အပြင်ဘက်သို့ ဖြန့်ကြက်ကာ ပတ်ဝန်းကျင် နေရာလွတ်ကို အာရုံခံလိုက်လေသည်။ ယနေ့ ကောင်းကင်တာအိုစည်းချက် လေးကြိမ်တိုင်တိုင် ပဲ့တင်ထပ်ပြီးနောက်၌ ကောင်းကင်နှင့်မြေကြီး၏ အပြောင်းအလဲများကို သူ အပြည့်အဝ မခံစားရသေးချေ။

ယခုအခါ လုချင်း၏ ဝိညာဉ်စွမ်းအားသည် စစ်မှန်သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်လောက်အောင်အထိ အလွန်အမင်းကို အားကောင်းနေလေပြီပင်။

ကောင်းကင်နှင့်မြေကြီး၏ ကွာခြားမှုများကို သူ လျင်မြန်စွာ ခံစားသိရှိလိုက်သည်။

ကမ္ဘာလောကကြီးရှိ ဝိညာဉ်စွမ်းအင်များသည် ပို၍ပင် သိပ်သည်းလာသော်လည်း ပို၍အရေးကြီးသည်မှာ ကောင်းကင်နှင့်မြေကြီး၏ လောကနိယာမများသည် ပို၍တည်ငြိမ်ပြီး ပြီးပြည့်စုံလာခြင်းပင် ဖြစ်သည်။ ချီသန့်စင်ခြင်း၌ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိပြီးနောက် သူ ခံစားခဲ့ရသော ဖိအားများ ပျောက်ကွယ်သွားလေပြီပင်။ ဤသည်မှာ ကောင်းကင်၏ လောကနိယာမများ ပိုမို ဆင့်ကဲပြောင်းလဲလာမှုကြောင့် ဖြစ်ပြီး ပိုမို အစွမ်းထက်သော ကျင့်ကြံသူများကို လက်ခံခွင့်ပြုလာခြင်းဖြစ်ကြောင်း သူ နားလည်လိုက်ပါ၏။

ဤအဓိပ္ပာယ်မှာ သူ ကျုံးကျိုးသို့ ခရီးသွားစဉ်ကကဲ့သို့ လျင်မြန်သော ကျင့်ကြံမှုကြောင့် ကောင်းကင်၏ ကန့်သတ်ခြင်းခံရမည်ကို သူ ကြောက်ရွံ့နေရန် မလိုတော့ကြောင်းပင်။ ယခုတစ်ကြိမ်တွင်တော့ ကောင်းကင်၏ လောကနိယာမများသည် သူ၏ ကျင့်ကြံမှုထက် ရှေ့ပြေးနေလေပြီဖြစ်၏။ ရှေ့ဆက်၍ သူသည် မည်သည့် အဟန့်အတားမျှမရှိဘဲ အခြေတည်အဆင့်သို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။

ဤအချက်ကို သဘောပေါက်သွားသောအခါ၌ လုချင်း ဝမ်းသာသွားလေသည်။ ကောင်းကင်၏ လောကနိယာမများ ထပ်မံဆင့်ကဲပြောင်းလဲလာမှုကြောင့် အစွမ်းထက်သော လူပုဂ္ဂိုလ်များအပေါ် ကန့်သတ်ချက်များ လျော့ကျသွားပြီး စစ်မှန်သော ကျွမ်းကျင်သူများ မကြာမီ ထွက်ပေါ်လာနိုင်မည် ဖြစ်သော်လည်း သူ မကြောက်ရွံ့ပါချေ။

အကယ်၍ စစ်မှန်သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်တောင်မှ သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ခွန်အား သူ့ထံ၌ ရှိနေလေသည်။ ထို့အပြင် ဝိညာဉ်လက်နက် အများအပြားကို လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် အခြေတည်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသူများနှင့်ပင် သူ ရင်ဘောင်တန်းနိုင်လေသည်။

"ရွှမ်ခုန်းဘုရားကျောင်း... ကျွန်တော့်ကို အံ့အားသင့်စရာ တချို့ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လုချင်းက ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ပြင်းထန်သော အရောင်များ လင်းလက်သွားတော့သည်။

All Chapters