← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း ၃၆၇ - ဆယ့်လေးစင်း မြားဝင်္ကပါ၊ ဗျူဟာနှင့် တန်ပြန်ဗျူဟာ

"ငါ့ကို အောက်ဆွဲချချင်နေတာလား"

မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုသည် အလေးချိန်များ ဖိချလာသည်ကို ခံစားလိုက်ရပြီး သူ့ကို ဆွဲချနေသည့် ပြင်းထန်သော စွမ်းအားကိုပါ သိရှိလိုက်ရသည်။ သူသည် လုချင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားလေ၏။

လုချင်း၏ အလိုကျဖြစ်ခွင့်ကို သူ ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူ့ကို ချည်နှောင်ထားသည့် မြေကမ္ဘာသံလိုက်စွမ်းအင်မှ ရုန်းထွက်ရန် အသည်းအသန် ကြိုးပမ်းလေတော့သည်။

သူ၏ ခြေအောက်ရှိ ရွှေရောင်လှေငယ်လေးကလည်း အလင်းတန်းများ ဖြာထွက်လာကာ ကြီးမားသော စွမ်းအားကို ထုတ်လွှတ်ပေးလေသည်။

ပိုက်ကွန်ထဲမှ ရုန်းထွက်သွားသော ပျံသန်းနိုင်သည့် ငါးတစ်ကောင်အလား လှေငယ်လေးသည် မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးကို တင်ဆောင်ကာ အမြန်ဆုတ်ခွာသွားလေ၏။

"နှမြောစရာပဲ"

ဘုန်းကြီးအိုက မြေကမ္ဘာသံလိုက်စွမ်းအင်မှ ရုန်းထွက်ကာ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါ၌ လုချင်းက တိတ်တဆိတ် ညည်းတွားလိုက်မိသည်။

မြေကမ္ဘာဝိညာဉ်ပုလဲဖြင့် မြေကမ္ဘာသံလိုက်စွမ်းအင်ကို ထိန်းချုပ်ရသည့်စွမ်းအားတွင် ကန့်သတ်ချက်များ ရှိနေပေသည်။

လက်ရှိအဆင့်တွင် သူ အပြည့်အဝ ထိန်းချုပ်နိုင်သည့် မြေကမ္ဘာသံလိုက်စွမ်းအင်နယ်ပယ်မှာ သူ၏ပတ်လည် ပေသုံးရာခန့်သာ ရှိလေသည်။

ဘုန်းကြီးအိုမှာ သူ့ထံမှ အနည်းငယ် ဝေးကွာလွန်းနေ၏။

ထို့အပြင် တစ်ဖက်လူသည် အခြေတည်အဆင့်သို့ ရောက်ရှိနေသူဖြစ်ကြောင်းကိုပါ ထည့်သွင်းစဉ်းစားပါက မြေကမ္ဘာသံလိုက်စွမ်းအင်တစ်ခုတည်းဖြင့် လေထဲမှ ဆွဲချနိုင်မည်ဟု ထင်မြင်ခြင်းမှာ အနည်းငယ်တော့ လက်တွေ့မကျလွန်းလှပေ။

သို့သော် ဘုန်းကြီးအို၏ဆုတ်ခွာမှုကြောင့် တုံ့ပြန်ရန် အချိန်မရလိုက်ခြင်းက လုချင်းအတွက် နောက်ထပ် အခွင့်အရေးတစ်ခုကိုပင် ဖန်တီးပေးလိုက်လေသည်။

သူ လက်ကိုဆန့်ထုတ်လိုက်ပြီး မိမိပိုင်နက်အတွင်း ဖိနှိပ်ခံထားရသော ရွှေရောင်လွန်းပျံကို ချက်ချင်း ဖမ်းဆုပ်ကာ သူ၏ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ ပစ်ထည့်လိုက်တော့၏။

အကွာအဝေးကြောင့် ရွှေရောင်လွန်းပျံအပေါ် ဘုန်းကြီးအို၏ ထိန်းချုပ်မှုသည် အလွန်အားနည်းသွားခဲ့ပြီး သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် လုချင်းက ထိုလွန်းပျံကို ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ အောင်မြင်စွာ သိမ်းဆည်းလိုက်နိုင်လေသည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ၏ ရွှေရောင်လွန်းပျံနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိလိုက်ရသောအခါ၌ ဘုန်းကြီးအို၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားလေတော့သည်။

ထိုရွှေရောင်လွန်းပျံသည် သူ့စိတ်နှင့် ချိတ်ဆက်နိုင်သည်အထိ သန့်စင်ထားပြီးသားဖြစ်ကာ သူ၏အတွေးတိုင်းကို တုံ့ပြန်နိုင်စွမ်း ရှိပါ၏။

ယုတ္တိကျကျ ပြောရမည်ဆိုလျှင် လုချင်းက ၎င်းကို ယာယီသိမ်းပိုက်နိုင်ခဲ့လျှင်တောင်မှ လွန်းပျံပေါ်ရှိ သူ၏ဝိညာဉ်အမှတ်အသားကိုတော့ ဤမျှလောက်အထိ ခပ်မြန်မြန် ဖျက်ဆီးနိုင်စွမ်း မရှိသင့်ပေ။

သို့သော် ယခုအခါ၌ ရွှေရောင်လွန်းပျံကို သူ လုံးဝအာရုံခံ၍ မရတော့ချေ။

ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိလေတော့သည်။

ဘုန်းကြီးအို၏ အကြည့်များက လုချင်း၏ခါးတွင် ချိတ်ဆွဲထားသော ကောင်းကင်နှင့်မြေကြီး ချီအိတ်ဆီသို့ ကျရောက်သွားလေ၏။

"မိစ္ဆာကောင်... မင်းဆီမှာ ဟင်းလင်းပြင်ဝိညာဉ်လက်နက်တစ်ခုပါ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

လုချင်း၏ခါးရှိ သာမန်ပုံပေါက်နေသော အိတ်ကလေးကို ကြည့်ရင်း ဘုန်းကြီးအိုမှာ မယုံကြည်နိုင်အောင် ဖြစ်နေလေ၏။

ဟင်းလင်းပြင် ဝိညာဉ်လက်နက်များမှာ အလွန်ရှားပါးကြောင်း သူ ကောင်းစွာ သိထားပေသည်။

ရွှမ်ခုန်းဘုရားကျောင်းတွင်ပင် တစ်ခုတည်းသာရှိပြီး ယင်းကို ကျောင်းထိုင်ဆရာတော်က ကိုင်ဆောင်ထားတာပင်။

သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော သရဲမျက်နှာဖုံးရှင်တွင်လည်း ထိုသို့သောအရာမျိုး ရှိနေပြန်၏။

ဘုန်းကြီးအိုမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော်လည်း သူ၏ရွှေရောင်လွန်းပျံ ပျောက်ဆုံးသွားရခြင်းမှာ ဤအကြောင်းကြောင့်သာ ဖြစ်နိုင်ကြောင်း သူ သိလိုက်လေသည်။

ဟင်းလင်းပြင် ဝိညာဉ်လက်နက်တစ်ခုတည်းကသာ သူ၏ ဝိညာဉ်အမှတ်အသား ချိတ်ဆက်မှုကို အပြည့်အဝ ပိတ်ဆို့ထားနိုင်စွမ်း ရှိပါ၏။

ထိုအခိုက်အတန့်တွင် ဘုန်းကြီးအိုသည် လုချင်း၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို စတင်သံသယဝင်လာလေတော့သည်။

ရှားပါးလှသော ဟင်းလင်းပြင် ဝိညာဉ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားနိုင်သည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး...

သူ၏စိတ်ထဲတွင်တော့ ဤသို့သော အစွမ်းအစမျိုးရှိသူများ ပေါ်ထွက်လာနိုင်သည့်နေရာမှာ လက်ချိုးရေတွက်၍ရနိုင်လောက်အောင်အထိကို နည်းပါးလှပေသည်။

"မိစ္ဆာကောင်... မင်းက တကယ်ပဲ ဘယ်သူများလဲ။ အရိပ်ထဲမှာပုန်းပြီး မျက်နှာအစစ်ကို မပြရဲဘူးဆိုတော့... မင်းက တခြားလျှို့ဝှက်နယ်မြေကြီးတွေထဲက တစ်ခုခုကများလား"

လုချင်း၏ လှုပ်ရှားမှုများမှတစ်ဆင့် အရိပ်အမြွက်တစ်ခုခုများ ရနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် လုချင်းကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး"

ဘုန်းကြီးအို အထင်လွဲနေသည်ကို မြင်သော်လည်း လုချင်းကတော့ လေအကုန်ခံပြီး ရှင်းပြမနေတော့ချေ။

သူကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် ရုပ်ဖျက်ပြီး သရုပ်မှန်ကို ဖုံးကွယ်ရန် အားထုတ်ထားခဲ့ခြင်း ဖြစ်သည်။

ဤရုပ်ဖျက်ထားမှုက အလုပ်မဖြစ်လျှင်လည်း ကိစ္စမရှိသလို၊ အလုပ်ဖြစ်သွားခဲ့လျှင်လည်း သူ၏ အားသာချက်တစ်ခု ဖြစ်လာပေမည်။

"ကတုံးအိုကြီး...ခင်ဗျား သိထားဖို့လိုတာက နောက်နှစ်တွေတိုင်းမှာ ဒီနေ့က ခင်ဗျားရဲ့သေဆုံးခြင်းနှစ်ပတ်လည်နေ့ ဖြစ်မယ်ဆိုတာပဲ"

လုချင်း၏ အသံမှာ အေးစက်ကြမ်းတမ်းစွာ ထွက်ပေါ်လာလေသည်။

ရုတ်တရက် သူက လေးတစ်လက်ကို ဆွဲထုတ်လိုက်ပြီး မျက်စိဖြင့်မလိုက်နိုင်လောက်အောင် မြန်ဆန်သောနှုန်းထားဖြင့် မြားတစ်စင်းကို တင်လိုက်လေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် မြားဆယ့်လေးစင်းကို ဆက်တိုက် ပစ်လွှတ်လိုက်လေတော့၏။ ထိုမြားများသည် ရှုပ်ထွေးဆန်းကြယ်သော လမ်းကြောင်းများအတိုင်း ပျံသန်းသွားကာ မြားဝင်္ကပါတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ကောင်းကင်ယံထက်ရှိ မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုဆီသို့ ပစ်မှတ်ထားရင်း လေဟုန်ကို ခွဲသွားလေသည်။

ဤမြားသိုင်းပညာ၏နာမည်ကတော့ ဆယ့်လေးစင်း မြားဝင်္ကပါပင်။

အဆင့်တက်ကာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးကတည်းက လုချင်း၏ လေးပစ်စွမ်းရည်ကလည်း သိသိသာသာ တိုးတက်လာခဲ့ပေသည်။

သို့ဖြစ်၍ သူ၏ ယခင် "ကြယ်ခုနစ်ပွင့် စီတန်းခြင်း" ပညာရပ်ကလည်း ယခုအခါ "ဆယ့်လေးစင်း မြားဝင်္ကပါ" သို့ တိုက်ရိုက် ပြောင်းလဲတိုးတက်လာခဲ့လေပြီပင်။

မြားတစ်စင်းချင်းစီ၏ စွမ်းအားမှာ အထူးတလည် ကြီးမားလှသည်မဟုတ်သော်လည်း ၎င်းတို့အားလုံး ပေါင်းစည်းသွားသောအခါတွင်တော့ ဝင်္ကပါတစ်ခု ဖြစ်တည်သွားလေသည်။ ၎င်းတို့၏ အချင်းချင်း ချိတ်ဆက်နေသော စွမ်းအင်သည် လုချင်း ယခင်က ပစ်လွှတ်ဖူးသမျှ မြားများထက် အဆပေါင်းများစွာ သာလွန်နေပေ၏။

ထို့အပြင် မြားဆယ့်လေးစင်းသည် လေထဲတွင် ပျံသန်းနေစဉ် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ပို၍ပို၍ အစွမ်းထက်လာလေသည်။

မြားဝင်္ကပါကြီး နီးကပ်လာသည်နှင့်အမျှ ဘုန်းကြီးအို၏ မျက်နှာအမူအရာမှာ တင်းမာလေးနက်လာတော့၏။

သူ့ပြိုင်ဘက်၏ သိုင်းကွက်များသည် အဆုံးအစမရှိသကဲ့သို့ပင်။

ပထမဆုံး ဓားသိုင်း၊ ထို့နောက် ပိုင်နက်၊ ပြီးနောက်၌ မြေကမ္ဘာသံလိုက်စွမ်းအင်၊

ယခုအခါတွင်‌လည်း လူနည်းစုသာ လေ့ကျင့်လေ့ရှိသည့် မြားဝင်္ကပါပညာရပ်ပါ ထပ်ထွက်လာပြန်သည်။

အရေးအကြီးဆုံးမှာ ဤသိုင်းပညာတိုင်းသည် အလွန်အစွမ်းထက်ပြီး အခြေတည်အဆင့်၏ စွမ်းအားမျိုး ရှိနေခြင်းပင်။

လောကကြီးတွင် ဤမျှကြောက်စရာကောင်းသော မကောင်းဆိုးဝါးသတ္တဝါမျိုး ဘယ်အချိန်ကများ ပေါ်ထွက်လာခဲ့သနည်း။

ဤလူသည် အခြားလျှို့ဝှက်နယ်မြေများမှ လာသူမဟုတ်ဘဲ တခြားတစ်နေရာရာကများ ဖြစ်နေမလား။

ထိုသို့သော အတွေးများက ဘုန်းကြီးအို၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားလေသည်။

သို့သော် ယခုအချိန်သည် အာရုံများနေရမည့်အချိန်မဟုတ်ပေ။

နီးကပ်လာသော မြားဝင်္ကပါ၏ အရှိန်အဟုန်ကို အာရုံခံမိသောအခါ သူ၏ရွှေရောင်လှေငယ်ဖြင့် ဆုတ်ခွာရန် ကြိုးစားခြင်းမှာ အချည်းနှီးသာဖြစ်ကြောင်း ဘုန်းကြီးအို သိလိုက်သည်။ မြားများက သူ့ကို ချက်ချင်း လိုက်မီသွားမည်မှာ သေချာလှသည်။

ပို၍ဆိုးသည်မှာ သူ၏ ပျံသန်းသည့်လက်နက်တွင် ခိုင်မာသော အကာအကွယ်ဝင်္ကပါများ မပါရှိခြင်းပင်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူ၏အာရုံအားလုံးကို ခြေအောက်ရှိ လှေငယ်အား ထိန်းချုပ်ရာတွင်သာ စုစည်းလိုက်ပြီး ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်ကာ နီးကပ်လာသော မြားများကို ရှောင်တိမ်းရန်သာ ကြိုးစားလေတော့သည်။

လုချင်း၏ အဆက်မပြတ် ပြောင်းလဲနေသော သိုင်းကွက်များက ဘုန်းကြီးအိုကို သတိကြီးကြီးထားရန် တွန်းအားပေးနေလေသည်။

ဤမြားများတွင် မည်သို့သော လှည့်ကွက်များ ပါဝင်နေသည်ကို မသိရသဖြင့် ၎င်းတို့နှင့် အထိအတွေ့ဖြစ်ရန် သူ လုံးဝဝန်လေးနေမိသည်။

ထို့ကြောင့် ကောင်းကင်ယံတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေတော့၏။ အလင်းတန်း တစ်ဒါဇင်ခန့်က ရွှေရောင်ပုံရိပ်တစ်ခုကို လိုက်လံဖမ်းဆီးနေပြီး ကောင်းကင်တစ်ခွင်တွင် ရှည်လျားသော မျဉ်းကွေးကြောင်းများကို ရေးဆွဲနေကြလေသည်။

အခြေတည်အဆင့် ကျင့်ကြံသူပီပီ ဘုန်းကြီးအိုသည် လုချင်း၏ မြားများကို ရှောင်တိမ်းနိုင်ခဲ့ပါ၏။ မြားတစ်စင်းစီတွင် အရပ်မျက်နှာတိုင်းကို ပိတ်ဆို့ထားသော ဆန်းကြယ်သည့်လမ်းကြောင်းများ ရှိနေသော်လည်း အကြိမ်ကြိမ်ပင် သူသည် အလွန်ကျဉ်းမြောင်းသော ကွာဟချက်များမှ လွတ်မြောက်သွားနိုင်ခဲ့ပြီး သူ၏လှုပ်ရှားမှုတိုင်းသည် ပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်ပုံရလေသည်။

နောက်ထပ် မြားတစ်စင်းကို ရှောင်တိမ်းပြီးနောက်၌ ၎င်းသည် ဆယ့်သုံးစင်းမြောက်ဖြစ်ကြောင်း သူ တွက်ဆလိုက်မိပါ၏။

နောက်ထပ် မြားတစ်စင်းကိုသာ ရှောင်တိမ်းလိုက်နိုင်ပါက လုချင်း၏ မြားဝင်္ကပါကြီး ကျိုးပျက်သွားတော့မည်ပင်။

ဘုန်းကြီးအို၏ ရင်ထဲတွင် သက်သာရာရသွားသည့် အရိပ်အယောင်လေး ပေါ်လာလေသည်။ နောက်ဆုံးမြားကို ရှောင်တိမ်းရန် ပြင်ဆင်နေစဉ် သူ၏အတွင်းစိတ်ထဲမှ ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာလေ၏။

ထိုအန္တရာယ်မှာ အောက်ဘက်မှ လာခြင်းဖြစ်သည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ၏မျက်နှာမှာ ရုတ်တရက် ဖြူရော်သွားလေတော့သည်။

ထိုနေရာ...

သူ၏အောက်ဘက်တွင် လုချင်းက သူ့ကို အေးအေးဆေးဆေး မော့ကြည့်ကာ ရပ်နေလေ၏။

အရေးအကြီးဆုံးမှာ သူသည် ယခုအခါ လုချင်းနှင့် ပေသုံးရာအတွင်း တစ်နည်းအားဖြင့် အလွန်အန္တရာယ်များလှသော အကွာအဝေးသို့ ရောက်ရှိနေခြင်းပင်။

မြားဝင်္ကပါကို ရှောင်တိမ်းရန် ကြိုးစားရင်း ဘုန်းကြီးအိုသည် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ မြေပြင်နှင့် ပေသုံးရာအကွာအထိ ဆင်းသက်မိသွားခဲ့ခြင်း ဖြစ်လေသည်။

"ဒုက္ခပါပဲ"

ဘုန်းကြီးအို၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး လှေငယ်ကို အထက်သို့ ပြန်ဆွဲတင်ရန် ကြိုးစားလိုက်လေသည်။

သို့သော် နောက်ကျသွားခဲ့လေပြီပင်။

လုချင်းက ပြုံးလိုက်ပြီး သူ၏လက်ဖြင့် ဆုပ်ကိုင်ဆွဲချသည့် ဟန်ပန်ကို ပြုလုပ်လိုက်လေ၏။ "နောက်ဆုံးတော့ မိပြီပဲ။ အခု အောက်ကိုဆင်းခဲ့တော့"

ထိုလှုပ်ရှားမှုနှင့်အတူ ဘုန်းကြီးအိုသည် သူ့ကို တုပ်နှောင်လာသည့် ပြင်းထန်သော စွမ်းအားကြီးတစ်ခုကို ခံစားလိုက်ရတော့၏။

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် လေးလံသွားလေသည်။

ထို့အပြင် ယခုတစ်ကြိမ်တွင်တော့ ဖိနှိပ်ချုပ်နှောင်လာသည့် စွမ်းအားမှာ ယခင်ကထက်တောင် အဆပေါင်းများစွာ ပို၍ပြင်းထန်နေလေ၏။

သူ မည်မျှပင် ရုန်းကန်စေကာမူ၊ သူ၏ရွှေရောင်လှေငယ်လေး မည်မျှပင် တောက်ပနေစေကာမူ ထိုဆွဲချနေသော စွမ်းအားကို သူ မခုခံနိုင်တော့ချေ။

သူသည် ကောင်းကင်ယံမှနေ၍ လုချင်းရှိရာဆီသို့ လျင်မြန်စွာ ပြုတ်ကျလာလေတော့၏။

မကြာမီမှာပင် သူသည် ပေသုံးဆယ်အတွင်းသို့ ရောက်ရှိလာပြီး သူ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာကို ရှင်းလင်းစွာ မြင်တွေ့လာရပြီဖြစ်၏။

သို့သော် ထိုအချိန်မှာပင် သူ၏ ထိတ်လန့်နေသော မျက်နှာသည် ရုတ်တရက် အောင်ပွဲခံသည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

"မိစ္ဆာကောင်... မင်းက ငါ့ကို တကယ်ဖမ်းမိသွားပြီ ထင်နေတာလား။ သေဖို့သာ ပြင်ထားတော့"

သူ၏စကားသံ ဆုံးသွားသည်နှင့် လုချင်း၏ခေါင်းပေါ်ရှိ အထက်ကောင်းကင်ယံမှ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းကြီးတစ်ခု ပေါက်ကွဲထွက်လာလေသည်။

ယင်းနောက်၌ ဖိနှိပ်ချေမှုန်းပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းလှသည့် ရောင်ဝါစွမ်းအင်ကြီးတစ်ခု အထက်မှ ကျဆင်းလာလေတော့၏။

...

အခန်း ၃၆၈ - ဗုဒ္ဓဓမ္မရုပ်ကလာပ်၊ တုန်လှုပ်ဖွယ်ရာ တိုက်ပွဲနှင့် ဘုန်းကြီးအိုအား သတ်ဖြတ်ခြင်း

လုချင်း၏ ခေါင်းပေါ်တွင် မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုသည် ရွှေရောင်အလင်းတန်းများ ဖြာထွက်လျက်ရှိနေသည်။

သူ၏အနောက်ဘက်တွင် ဧရာမဗုဒ္ဓရိပ်သဏ္ဌာန်ကြီးတစ်ခု ပေါ်ထွက်လာလေ၏။

အေးစက်ကြမ်းတမ်းသော မျက်နှာထားဖြင့် မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုသည် ရွှေရောင်လှေငယ်ပေါ်တွင် မတ်တတ်ရပ်ကာ လက်ဖဝါးတစ်ဖက်ကို မြှောက်၍ အောက်သို့ ဖိချလိုက်လေသည်။

ထိုလက်ဖဝါးကြီး ကျဆင်းလာသည်နှင့်အမျှ ဘုန်းကြီးအို၏အနောက်ရှိ ဗုဒ္ဓရိပ်သဏ္ဌာန်ကြီးကလည်း ဧရာမလက်ဖဝါးကြီးကို ဆန့်ထုတ်ကာ လေဟုန်ကိုခွဲ၍ လုချင်းဆီသို့ ဖိချလာလေတော့သည်။

လက်ဖဝါးကြီး နီးကပ်လာသည်နှင့်အမျှ ကောင်းကင်တစ်ခွင်တွင် မန္တန်ရွတ်ဆိုသံများ ပဲ့တင်ထပ်လာသကဲ့သို့ ခံစားလိုက်ရပြီး ဗုဒ္ဓရိပ်သဏ္ဌာန်၏ ဧရာမလက်ဖဝါးကြီးကို ရွှေရောင်ဂါထာမန္တန်များက ရစ်ပတ်ဝန်းရံထားလေသည်။

အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေနိုင်သည့် စွမ်းအားကြီးဖြင့် လုချင်းကို ဖိနှိပ်ချေမှုန်းရန် ဦးတည်လာတော့၏။

အမှန်တကယ်တော့ ဘုန်းကြီးအိုသည် မြားများ၏ ဖိအားကြောင့် အောက်သို့ ဆင်းသက်လာရသကဲ့သို့ ဟန်ဆောင်ကာ လုချင်း၏ မြေကမ္ဘာသံလိုက်စွမ်းအင်၏ ဖမ်းဆီးခြင်းကို တမင်သက်သက် ခံယူခဲ့ခြင်းပင်။ လုချင်းအနေဖြင့် သူ၏အကြံအစည် အောင်မြင်သွားပြီဟု ထင်မှတ်သွားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။

လက်တွေ့တွင်မူ ဤအရာအားလုံးသည် ဘုန်းကြီးအို၏ တမင်ရည်ရွယ်ချက်သာဖြစ်ပြီး လုချင်း သတိလွတ်သွားစေရန်နှင့် အနီးကပ်မှနေ၍ အသေအလဲ တိုက်ခိုက်နိုင်ရန် လှည့်ကွက်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။

"ထင်တဲ့အတိုင်းပဲ... အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဘယ်တော့မှ အထင်သေးလို့ မရဘူးပဲ"

ဗုဒ္ဓရိပ်သဏ္ဌာန်၏ ဧရာမလက်ဖဝါးကြီးထံမှ ထွက်ပေါ်လာသော ကြီးမားလှသည့် စွမ်းအားကို အာရုံခံမိသောအခါ၌ လုချင်း၏ ရင်ထဲတွင် လေးစားချီးကျူးမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

ဤမီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုတွင် အခြားသော လှည့်ကွက်များ ကျန်ရှိနေသေးသော်လည်း ယခုအချိန်အထိ တိုက်ခိုက်ရာတွင် ထိုရွှေရောင်လွန်းပျံကိုသာ အသုံးပြုခဲ့ခြင်းမှာ ထင်ရှားလှပေ၏။

လုချင်း၏ မြားဝင်္ကပါအတွင်း ပိတ်မိနေချိန်တွင်ပင် သူသည် အားနည်းသယောင် ဟန်ဆောင်ခဲ့ပြီး လုချင်းက သူ့ကို အောက်သို့ အတင်းဆွဲချနေသကဲ့သို့ သရုပ်ဆောင်ခဲ့လေသည်။

လုချင်း၏ ထောင်ချောက်ထဲတွင် မိသွားသယောင် ဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင်တော့ သူကိုယ်တိုင်ကလည်း ပြန်ပြီးကာ ထောင်ချောက်ဆင်နေခဲ့ခြင်း ဖြစ်လေသည်။

သူသည် အနီးကပ်ရောက်ရှိလာပြီး သူ၏အသေအလဲ တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့တာပင်။

ဗုဒ္ဓ၏ ဧရာမလက်ဖဝါးကြီးသည် လုချင်း၏ ခေါင်းပေါ်ရှိ ပေလေးဆယ်ကျော် ကျယ်ဝန်းသော ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။

၎င်းသည် အလွန်မြန်ဆန်လှရုံသာမက ၎င်း၏ ဖိနှိပ်ထားသော စွမ်းအားမှာလည်း အလွန်ကြီးမားလှပေသည်။

ဧရာမလက်ဖဝါးကြီး အပြည့်အဝ မကျဆင်းလာမီမှာပင် ၎င်း၏ လွှမ်းမိုးနိုင်သော ဖိနှိပ်မှုစွမ်းအားက လုချင်းကို ချည်နှောင်ထားပြီး သူ၏ခန္ဓာကိုယ်ကို လေးလံထိုင်းမှိုင်းစေကာ ရှောင်တိမ်းနိုင်စွမ်းကို ဟန့်တားထားလေ၏။

ဘုန်းကြီးအိုသည် အခြေအနေကို ပြောင်းပြန်လှန်ကာ လုချင်းနှင့် သူ၏ ပိုင်နက်တစ်ခုလုံးကို ချေမှုန်းပစ်ရန် ရည်ရွယ်ထားသည့်အလားပင်။

"ငါလည်း အလေးအနက်ထားမှ ရတော့မယ်ထင်တယ်"

သူ့ဆီသို့ ဦးတည်လာနေသော ဧရာမဗုဒ္ဓလက်ဖဝါးကြီးကို မြင်သောအခါ၌ လုချင်း၏ မျက်နှာအမူအရာ တင်းမာသွားပြီး သူ၏ခန္ဓာကိုယ်မှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့၏။

ဝုန်း

နောက်တစ်ခဏတွင်တော့ ဗုဒ္ဓလက်ဖဝါးကြီးသည် လုချင်းရပ်နေသော နေရာကို ဝင်ဆောင့်မိသွားလေသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ဖုန်မှုန့်နှင့် မီးခိုးငွေ့များ ပေါက်ကွဲထွက်လာပြီး လက်ဖဝါးကြီး၏ စွမ်းအားကြောင့် ပေလေးဆယ်ကျော် ကျယ်ဝန်းသော မြေပြင်မှာ အောက်သို့ ကျွံဝင်သွားတော့၏။

အထက်မှ ကြည့်လိုက်လျှင် လွင်ပြင်ပေါ်တွင် ဧရာမလက်ဖဝါးရာကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေလေသည်။

ဤလက်ဖဝါးရိုက်ချက်၏ စွမ်းအားမှာ အလွန်ကြီးမားလှပြီး မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦးကိုပင် ကြောက်လန့်တကြားဖြစ်ကာ မျက်နှာပျက်သွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။

"ဟင်"

သို့သော် သူ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို မြင်လိုက်ရသောအခါ မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုသည် ကျေနပ်အားရမှု မရှိသည့်အပြင် သူ၏ မျက်နှာအမူအရာပင် ပြောင်းလဲသွားလေသည်။

သူ့ကို ချည်နှောင်ထားသည့် မြေကမ္ဘာသံလိုက်စွမ်းအင်သည် လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးကြောင်း သူ ခံစားလိုက်ရပါ၏။

၎င်းသည် သူ့ကို ရစ်ပတ်ထားဆဲဖြစ်ပြီး သူ၏လှုပ်ရှားမှုများကို ကန့်သတ်ထားဆဲပင်။

သူက အောက်ဘက်သို့ စူးစိုက်ကြည့်လိုက်ရာ ရုတ်တရက် သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေတော့သည်။

ဖုန်မှုန့်များကြားတွင် ရုတ်တရက် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲလွင့်စဉ်သွားလေသည်။

အဖြူရောင်အလင်းတန်းများ ဖြာထွက်နေသော ပုံရိပ်တစ်ခုသည် မီးခိုးငွေ့များထဲမှ ထွက်ပေါ်လာပြီး မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုဆီသို့ တည့်မတ်စွာ အဟုန်ပြင်းပြင်း ပြေးဝင်လာ၏။

အလန့်တကြားဖြစ်သွားသော ဘုန်းကြီးသည် အလိုအလျောက်ပင် သူ၏လက်ဖဝါးကိုမြှောက်ကာ တိုက်ခိုက်ရန် ပြင်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ၏အနောက်ရှိ ဗုဒ္ဓရိပ်သဏ္ဌာန်ကလည်း လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်ပြီး လေထဲတွင်ရှိနေသော လုချင်းဆီသို့ နောက်ထပ်လက်ဖဝါးတစ်ချက်ကို ပစ်လွှတ်လိုက်တော့၏။

စူးရှတောက်ပသော ရွှေရောင်အလင်းတန်းနှင့် မိမိဆီသို့ ဦးတည်လာနေသော ဧရာမဗုဒ္ဓလက်ဖဝါးကြီးကို ရင်ဆိုင်ရချိန်တွင် လုချင်း၏ အကြည့်များက တည်ငြိမ်နေဆဲဖြစ်ပြီး ထိတ်လန့်သည့် အရိပ်အယောင် လုံးဝမပြခဲ့ပေ။

သူ၏ ဓားနှင့် လေးအား ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ မည်သည့်အချိန်ကတည်းက သိမ်းဆည်းလိုက်သည်ကို မသိရပေ။

လေပြေညင်းလေးတစ်ခုက သူ့ကို ရစ်ပတ်ထားပြီး သူ၏အရှိန်ကို ပို၍မြှင့်တင်ပေးနေလေသည်။

သူသည် ရှောင်တိမ်းခြင်းမပြုဘဲ သူ၏ညာလက်ကို လက်သီးဆုပ်ကာ ဗုဒ္ဓလက်ဖဝါးကြီးဆီသို့ တည့်တည့်မတ်မတ်ပင် လက်သီးတစ်ချက် ထိုးချလိုက်လေတော့၏။

ဝုန်း

လုချင်း၏ လက်သီးက ထိုဧရာမဗုဒ္ဓလက်ဖဝါးကြီးအား ဝင်ဆောင့်မိသောအခါ၌ ကြောက်မက်ဖွယ် ကျားဟောက်သံကြီးတစ်ခု ကောင်းကင်ယံထက် ပဲ့တင်ထပ်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုသည် လုချင်း၏ ခန္ဓာကိုယ်ထဲမှ ရှေးဟောင်းဧရာမကျားကြီးတစ်ကောင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

ဘုန်းကြီးအို၏ တုန်လှုပ်မှုသည် ပို၍ပြင်းထန်လာပြီး ယင်းမှာ လုချင်း၏ လွှမ်းမိုးနိုင်လှသော လက်သီးရည်ရွယ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ကူးယဉ်ပုံရိပ်တစ်ခုသာဖြစ်ကာ သူ၏စိတ်အာရုံကိုပင် လှုပ်ခတ်သွားစေကြောင်း နားလည်လိုက်လေသည်။

ဝုန်း

လေထဲတွင် လက်သီးနှင့် လက်ဖဝါးတို့ ဝင်ဆောင့်မိသွားကာ လေဆင်နှာမောင်းတစ်ခုကို ဖြစ်ပေါ်စေလေသည်။ အထက်ကောင်းကင်ယံတွင် ပြင်းထန်သောလေတိုက်ခတ်မှုကြောင့် အဖြူရောင် မြူခိုးလွှာများ ဖြစ်တည်လာတော့၏။

အကယ်၍ ဤတိုက်ပွဲသာ မြေပြင်ပေါ်တွင် ဖြစ်ပွားခဲ့ပါက သဲနှင့် ကျောက်ခဲများ လွင့်စင်သွားမည်ဖြစ်ပြီး မြက်နှင့် သစ်ပင်များမှာလည်း အမြစ်မှ ကျွတ်ထွက်သွားမည်မှာ အသေအချာပဲပင်။

ပေသုံးဆယ်ကျော် ကျယ်ဝန်းသော ဗုဒ္ဓလက်ဖဝါးကြီးရှေ့တွင် လုချင်း၏ အရွယ်အစားမှာ အသေးအဖွဲလေးဖြစ်နေပြီး ဧရာမသစ်ပင်ကြီးကို လှုပ်ယမ်းရန် ကြိုးစားနေသည့် ပိုးကောင်ငယ်လေးတစ်ကောင်နှင့်သာ တူနေသော်လည်း လက်တွေ့မှာတော့ မြင်ရသည့်အတိုင်း မဟုတ်ခဲ့ပေ။ လုချင်း၏ လက်သီးချက်ကြောင့် ဖန်သားကဲ့သို့ ကြည်လင်နေသော ဧရာမဗုဒ္ဓလက်ဖဝါးကြီး၏ အလယ်ဗဟိုမှစတင်ကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး လက်ဖဝါးတစ်ခုလုံးနှင့် လက်မောင်းတစ်လျှောက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့လေ၏။

နောက်ဆုံးတွင်တော့ ၎င်းသည် လုံးဝပြိုကွဲပျက်စီးသွားလေတော့၏။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဗုဒ္ဓလက်ဖဝါးကြီး ပြိုကွဲသွားသည်ကို မြင်သောအခါ မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအို၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေလေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ရတနာမှ စွမ်းအင်ပေးထားသော သူ၏ဗုဒ္ဓဓမ္မရုပ်ကလာပ်ကြီးသည် ဤမျှလွယ်ကူစွာ ချေမှုန်းခံရလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။

လက်သီးတစ်ချက်တည်းဖြင့် ဗုဒ္ဓ၏လက်မောင်းကို ဖျက်ဆီးပစ်ပြီးနောက် လုချင်းသည် ရပ်တန့်မနေခဲ့ပေ။

လေပြေညင်း၏ ပင့်မမှုနှင့်အတူ တန်ပြန်သက်ရောက်မှုကို ချေဖျက်ရန် ပေအနည်းငယ်ခန့် အောက်သို့ကျဆင်းသွားပြီးနောက်၌ အထက်သို့ ပြန်ပြီးခုန်တက်ကာ ဘုန်းကြီးအိုဆီသို့ တည့်တည့်မတ်မတ်ပင် အဟုန်ပြင်းပြင်းနှင့်ပြေးဝင်သွားတော့၏။

အခွင့်အရေးဆိုသည်မှာ တစ်ကြိမ်သာ ရှိပေသည်။ ဘုန်းကြီးအိုက လေထဲတွင် ရွှေရောင်လှေငယ်ပေါ်၌ ရပ်နေသရွေ့ သူသည် အလိုရှိသလို ရှေ့တိုးနောက်ဆုတ် လုပ်နိုင်မည်ဖြစ်ရာ သူ့ကို ခြေမှုန်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

ယခုတွင်တော့ အနီးကပ်ရောက်ရှိလာပြီဖြစ်ရာ ဤရွှေရောင်အခွင့်အရေးကို လုချင်း လက်လွတ်မခံနိုင်ပေ။

သူချိုးဖျက်လိုက်သော ဗုဒ္ဓရိပ်သဏ္ဌာန်၏ လက်မောင်းသည် တဖြည်းဖြည်း ပြန်ပြီးဖြစ်တည်လာနေသည်ကို သတိပြုမိသဖြင့် ဤကိစ္စကို မြန်မြန်ဆန်ဆန် အဆုံးသတ်ရန် လိုအပ်လေသည်။

မန္တန်အဆောင်၏ စွမ်းအားဖြင့် လုချင်းသည် အချိန်တိုအတွင်း ပျံသန်းနိုင်ကာ ဘုန်းကြီးအိုထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံပစ်လွှတ်လိုက်လေသည်။

လုချင်း၏ ဖျက်ဆီးနိုင်စွမ်းရှိသော လက်သီးချက်များကို အထူးသတိထားနေပြီဖြစ်သော မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုက ထိုလက်သီးချက်ကို တိုက်ရိုက်မခံယူရဲတော့ချေ။

သို့သော် ယခင်က လုချင်း၏ ပိုင်နက်ထဲတွင် ပိတ်မိနေသယောင် ဟန်ဆောင်ကာ အနီးကပ် ချဉ်းကပ်တိုက်ခိုက်ရန် ကြိုးစားခဲ့သကဲ့သို့ပင် ယခုအခါတွင်တော့ သူသည် လုချင်း၏ ပိုင်နက်အတွင်း အမှန်တကယ်ကို ပိတ်မိနေပြီး မြေကမ္ဘာသံလိုက်စွမ်းအင်များ၏ ရစ်ပတ်မှုကို ခံနေရကာ သူ၏အရှိန်မှာလည်း သိသိသာသာကို ကျဆင်းနေလေပြီပင်။

ဆုတ်ခွာရန် ကြိုးစားခြင်းမှာ နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်၏။

အကြပ်ရိုက်နေပြီဖြစ်သော သူသည် အလျင်စလို လက်ဟန်မန္တန်ကို ပြင်ဆင်လိုက်ပြီး သူ၏ဗုဒ္ဓဓမ္မရုပ်ကလာပ်မှ ကျန်ရှိနေသေးသော လက်မောင်းကို အသုံးပြု၍ လုချင်းအား ဖိချရန် ကြိုးစားလေသည်။

သို့သော် ထင်ထားသည့်အတိုင်းပင် လက်သီးနှင့် လက်ဖဝါးတို့ ထပ်မံရိုက်ခတ်မိသောအခါ၌ ဗုဒ္ဓ၏ အခြားလက်မောင်းတစ်ဖက်ကလည်း လုချင်း၏ လက်သီးချက်အောက်တွင် ကြေမွသွားပြန်လေသည်။

သူ့ကိုရစ်ပတ်နေသော လေပြေညင်းနှင့်အတူ လုချင်းသည် ဘုန်းကြီးအိုထံသို့ ထပ်မံ၍ချဉ်းကပ်သွားပြီး နောက်ထပ် အဖျက်စွမ်းအားကြီးမားလှသော လက်သီးတစ်ချက်ကို ထိုးချလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုမှာ မည်သည့်ရွေးချယ်စရာမှ မရှိတော့ချေ။

ကျန်ရှိနေသေးသော သူ၏ဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းကာ လုချင်း၏ လက်သီးကို ပြန်ပြီးတိုက်ခိုက်လိုက်လေ၏။

သို့သော် သူ၏ အစွမ်းထက်ဆုံး သိုင်းကွက်များပင် လုချင်း၏ လက်သီးကို မခုခံနိုင်ခဲ့ပါက သူ၏သွေးသားခန္ဓာကိုယ်ကလည်း မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

လုချင်း၏ လွှမ်းမိုးနိုင်လှသော လက်သီးစွမ်းအားအောက်တွင် ဘုန်းကြီးအို၏ လက်မောင်းမှာ ချက်ချင်းပင် ကြေမွသွားခဲ့ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း နောက်သို့ လွင့်စင်ထွက်သွားလျက် သွေးများအန်ချကာ ရွှေရောင်လှေငယ်လေးနှင့် ကင်းကွာသွားလေတော့သည်။

"အခွင့်ကောင်းပဲ"

ရွှေရောင်လှေငယ်လေးကို လိုချင်နေသည်မှာ ကြာပြီဖြစ်သော လုချင်းသည် တုံ့ဆိုင်းမနေဘဲ ဘုန်းကြီးအိုအား ဆက်လက်တိုက်ခိုက်ခြင်းကို စွန့်လွှတ်လိုက်ကာ လှေငယ်ကိုပဲ ဖမ်းဆုပ်လိုက်ပြီး ၎င်းကို သိမ်းပိုက်ရန် သူ၏စိတ်အာရုံကို စုစည်းလိုက်တော့၏။

မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုမှာတော့ ပြင်းထန်စွာ ဒဏ်ရာရသွားပြီပင်။

လုချင်း၏ လက်သီးချက်သည် ကြီးမားသော စွမ်းအားများ ပါဝင်ရုံသာမက နက်ရှိုင်းသော လက်သီးရည်ရွယ်ချက်လည်း ပါဝင်နေလေသည်။

ဘုန်းကြီးအို၏ ဝိညာဉ်သည် ထိုလက်သီးချက်ကြောင့် ပြိုကွဲလုနီးပါး ဖြစ်သွားရပြီး ရွှေရောင်လှေငယ်ကို ထိန်းချုပ်ဖို့အတွက်လည်း မစွမ်းဆောင်နိုင်တော့ချေ။

ထို့ကြောင့် လုချင်းက ရွှေရောင်လှေငယ်ကို သူ၏ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ အလွယ်တကူပင် သိမ်းဆည်းနိုင်ခဲ့လေသည်။

ထို့နောက်၌ လေထဲတွင် ရှိနေသေးသော ဘုန်းကြီးအိုကို မြင်လိုက်ရသောအခါ၌ လုချင်း၏ ပတ်လည်တွင် လေပြေညင်းများ ပြန်ပြီးတိုက်ခတ်လာပြီး ထပ်မံ၍ လိုက်လံတိုက်ခိုက်လေတော့သည်။

ကြည့်ရသည်မှာ ရှုပ်ထွေးလှသော်လည်း လက်တွေ့တွင်တော့ ဘုန်းကြီးအိုအား ရွှေရောင်လှေငယ်ပေါ်မှ ဖယ်ရှားခြင်းမှသည် လှေကို သိမ်းပိုက်ခြင်းအထိ လုချင်း၏ လှုပ်ရှားမှုအဆက်ဆက်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပါ၏။

လုချင်း သူ၏အနီးသို့ ရောက်လာချိန်တွင် ဘုန်းကြီးအိုခင်မျာ မြေပြင်ပေါ်သို့ပင် မကျရောက်သေးချေ။

ဘုန်းကြီးအို၏ ထိတ်လန့်နေသော အကြည့်များနှင့် ဆုံတွေ့လိုက်ရသော်လည်း လုချင်း၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေပြီး ဘုန်းကြီးအို၏ ရင်ဘတ်ဆီသို့ နောက်ဆုံးလက်သီးတစ်ချက်ကို ပစ်သွင်းလိုက်လေသည်။

ဘုန်း

ဤတစ်ကြိမ်တွင်တော့ လုချင်းက လက်ကို သက်ညှာခြင်းမပြုတော့ချေ။ သူ၏လက်သီးက ဘုန်းကြီးအို၏ရင်ဘတ်ကို ဖောက်ထွင်းသွားပြီး ထိုရိုက်ခတ်မှုကပဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဆုတ်ဖြဲသွားလေသည်။

အခြေတည်အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သည့်အားလျော်စွာ ဘုန်းကြီးအို၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦးထက် အဆပေါင်းများစွာ သာလွန်နေပေသည်။

ထိုသို့သော ကြောက်မက်ဖွယ် လက်သီးချက်ကို ခံရသော်လည်း ဘုန်းကြီးအို၏ ခန္ဓာကိုယ်မှာ လုံးဝပေါက်ကွဲမသွားဘဲ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခုသာ ဖြစ်သွားပြီး သူ့ကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ကာ နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေလေသည်။

...

လုချင်းသည် ယင်းတွင်း၏အစွန်းဆီသို့ ဆင်းသက်လာပြီး သေလုမြောပါးဖြစ်နေသဖြင့် ခက်ခဲစွာ အသက်ရှူနေရသော ဘုန်းကြီးအိုအား ဂရုမစိုက်သကဲ့သို့ ကြည့်လိုက်လေသည်။

ဘုန်းကြီးအိုမှာ အလင်းဖြာထွက်နေသော လုချင်း၏ လက်သီးချက်ကို ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ အပြည့်အဝ မပျက်စီးသွားသော်လည်း သူသည် ကယ်တင်၍မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီပင်။

"မင်းက... ခန္ဓာကျင့်ကြံသူတစ်ယောက်ပဲ"

အသိစိတ် လွတ်လုနီးပါး ဖြစ်နေသော်လည်း ဘုန်းကြီးအိုက လုချင်းကို ရစ်ပတ်နေသော အဖြူရောင်အလင်းတန်းကို သတိပြုမိသွားပြီး ရုတ်တရက် သဘောပေါက်သွားလေသည်။

ရွှမ်ခုန်းဘုရားကျောင်း၏ ရှေးဟောင်းမှတ်တမ်းများအရ ခန္ဓာကျင့်ကြံသူတို့၏ လမ်းစဉ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။

၎င်းတွင် အားနည်းချက်များစွာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းအားတွင်တော့ ၎င်းသည် ကျင့်ကြံခြင်းလမ်းစဉ်များထဲတွင် ထိပ်ဆုံးသုံးခု၌ ပါဝင်လေ၏။

အထူးသဖြင့် အနီးကပ်တိုက်ပွဲများတွင် ခန္ဓာကျင့်ကြံသူများသည် ယှဉ်ပြိုင်နိုင်သူမရှိသလောက်ပင်။

ခန္ဓာကိုယ်မှ အလင်းဖြာထွက်သည့်အဆင့်သို့ ရောက်ရှိနေသော ခန္ဓာကျင့်ကြံသူတစ်ဦး၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် ဘုန်းကြီးအိုသည် သူ၏ရှုံးနိမ့်မှုမှာ တရားမျှတလှသည်ဟု ခံစားလိုက်ရလေသည်။

"ဒါပေမဲ့ ငါ နားမလည်သေးတဲ့အရာတစ်ခု ရှိနေသေးတယ်။ ရွှမ်ခုန်းဘုရားကျောင်းက မင်းနဲ့ ဘာရန်ငြိုးတွေရှိနေလို့ ငါ့တပည့်တွေကို သတ်ဖြတ်နေရတာလဲ"

သူ အသက်မရှင်နိုင်တော့ကြောင်း သိထားသဖြင့် ဘုန်းကြီးအိုသည် လုချင်း၏ မျက်နှာပေါ်ရှိ သရဲမျက်နှာဖုံးကို စိုက်ကြည့်ရင်း သူ၏ အကြီးမားဆုံးသော မေးခွန်းကို မေးလိုက်လေသည်။

သို့သော် လုချင်းကတော့ သူလိုချင်သော အဖြေကို မပေးခဲ့ပေ။

ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် လုချင်းက ပြန်ဖြေလိုက်လေသည်။ "အဲဒါကိုတော့ ခင်ဗျား ငရဲပြည်ရောက်မှပဲ ရှာကြည့်ကြည့်လိုက်ပေါ့"

ထိုသို့ပြောပြီးနောက်၌ သူက နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံပစ်လွှတ်လိုက်လေသည်။ သူ၏ ပြင်းထန်လှသော လက်သီးချက်ကြောင့် သေလုမြောပါးဖြစ်နေပြီး မည်သည့်ဝိညာဉ်စွမ်းအင်မှ ထုတ်ဖော်မသုံးစွဲနိုင်တော့သော ဘုန်းကြီးအိုမှာ အပြီးတိုင် ပျက်စီးသွားပြီး သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ဘုန်းကြီးအို၏ ခန္ဓာကိုယ် ပြိုကွဲသွားသည်နှင့်တစ်ပြိုင်နက် သွေးမြူခိုးများထဲမှ မီးခိုးရောင်အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး လုချင်း၏ မျက်ခုံးဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်လာလေသည်။

ယင်း၏အရှိန်မှာ အတော်လေးကို အံ့မခန်းဖြစ်လှပြီး လုချင်းကိုတောင် အငိုက်မိသွားစေပါ၏။

သို့သော် နောက်တစ်ခဏတွင်တော့ မီးခိုးရောင်အလင်းတန်းသည် သူ၏မျက်ခုံးကို ထိမှန်တော့မည့်ဆဲဆဲ၌ ရွှေရောင်ဝတ်ရုံပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး လုချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

မီးခိုးရောင်အလင်းတန်းသည် ဝတ်ရုံ၏ပုံရိပ်ကို ဝင်ဆောင့်မိသွားပြီး 'ချီချီ' ဟူသောမြည်သံနှင့်အတူ ၎င်းထံမှ မီးခိုးရောင်ငွေ့တန်းလေးများ ထွက်ပေါ်လာလေသည်။

"အားးးးး ကုသိုလ်ကောင်းမှုရဲ့ စွမ်းအား... ဒါ မဖြစ်နိုင်ဘူး"

မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအို၏ ဒေါသတကြီး အော်ဟစ်သံ ခဏမျှ ထွက်ပေါ်လာပြီးနောက် မီးခိုးရောင်အလင်းတန်းသည် လောင်ကျွမ်းသွားကာ သူ၏အသံမှာလည်း လုံးဝပျောက်ကွယ်သွားလေတော့၏။

အမှန်တကယ်တော့ ထိုမီးခိုးရောင်အလင်းတန်းမှာ ဘုန်းကြီးအို၏ ဝိညာဉ်ပင် ဖြစ်သည်။

သူ သေဘေးမှ မလွတ်မြောက်နိုင်ကြောင်း သိထားသော်လည်း သူသည် ဒီအတိုင်းလက်မြှောက်အရှုံးပေးဖို့ကိုတော့ ငြင်းဆန်ခဲ့သည်။

သူ၏ နောက်ဆုံးအချိန်တွင် လျှို့ဝှက်သိုင်းပညာတစ်ခုကို အသုံးပြု၍ နောက်ဆုံးအသည်းအသန်တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ကာ လုချင်း၏ မျက်ခုံးကြားရှိ စွမ်းအင်ဗဟိုချက်ကို ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။

အကယ်၍ သူသာ လုချင်း၏ဝိညာဉ်ကို ချိုးဖျက်နိုင်ခဲ့ပါက လုချင်း၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကြီးကို သူ သိမ်းပိုက်နိုင်မည်ပင်။

အကယ်၍ ကျရှုံးခဲ့လျှင်တောင်မှ သူသာ လုချင်း၏ဝိညာဉ်ကို ဒဏ်ရာရစေနိုင်ပါက ရွှမ်ခုန်းဘုရားကျောင်း၏ ရန်သူကို ယာယီဟန့်တားထားနိုင်မည်ဖြစ်သည့်အပြင် လုချင်းအပေါ် သူ၏ဝိညာဉ်အမှတ်အသားအနည်းငယ် ချန်ထားခဲ့နိုင်မည်ဖြစ်တာကြောင့် သူ၏ဂိုဏ်းက လုချင်းကို ခြေရာခံပြီး လိုက်လံရှာဖွေနိုင်မည်ပင်။

သို့သော် လုချင်း၏ ခန္ဓာကိုယ်တွင် ဝိညာဉ်တိုက်ခိုက်မှုအားလုံးကို ကာကွယ်ပေးနိုင်သော ကုသိုလ်ကောင်းမှု နတ်ဝတ်ရုံ ရှိနေလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။

ဘုန်းကြီးအို၏ အကြံအစည်မှာ အောင်မြင်ရန် လုံးဝကို အခွင့်အရေးမရှိခဲ့ပေ။ သူ၏ဝိညာဉ်မှာ စတင်လှုပ်ရှားရန်ပင် အချိန်မရလိုက်ဘဲ နတ်ဝတ်ရုံ၏ လောင်ကျွမ်းဖျက်ဆီးခြင်းကို ခံလိုက်ရလေ၏။

"ဒီဘိုးတော်ကြီးတွေက လှည့်ကွက်တွေများလွန်းလိုက်တာကွာ"

လုချင်းက သက်ပြင်းချရင်း သူ၏မျက်ခုံးကို ပွတ်လိုက်လေသည်။

ထိုဝိညာဉ်တိုက်ခိုက်မှု၏ အရှိန်မှာ အလွန်လျင်မြန်လှသဖြင့် သူပင်လျှင် တုံ့ပြန်ရန် ပျက်ကွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

သို့သော် ဘုန်းကြီးအို၏ ဝိညာဉ်က သူ၏ မျက်ခုံးကြားရှိ စွမ်းအင်ဗဟိုချက်ထဲသို့ ဝင်ရောက်သွားလျှင်တောင်မှ လုချင်း စိုးရိမ်မည်မဟုတ်ပေ။

အမှန်တကယ်တော့ အကယ်၍ ဘုန်းကြီးအိုသာ သူ၏ မျက်ခုံးကြားရှိ စွမ်းအင်ဗဟိုချက်ထဲတွင် မည်သည့်အရာများ ရှိနေသည်ကို မြင်တွေ့လိုက်ရပါက သူသည် ကြောက်လန့်တကြားဖြစ်ကာ အရင်သေသွားလောက်မည်ဟု လုချင်း ယုံကြည်ထားလေသည်။

မြေကမ္ဘာဝိညာဉ်ပုလဲနှင့် ဝိညာဉ်မန္တန်အဆောင်တို့၏ အကာအကွယ်ဖြင့် ရွှေရောင်အမြုတေအဆင့်အောက်ရှိ မည်သည့် ဝိညာဉ်တိုက်ခိုက်မှုမျိုးမဆို သူ့ကို အန္တရာယ်ပေးနိုင်လိမ့်မည်ဟု လုချင်း မထင်ထားပေ။

ဘုန်းကြီးအို၏ နောက်ဆုံးတိုက်ခိုက်မှုကို ချေဖျက်ပြီးနောက်၌ လုချင်း၏ အကြည့်များက တွင်းကြီးဆီသို့ ကျရောက်သွားလေသည်။

ဘုန်းကြီးအို၏ ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက်တွင်ပင် အရာတစ်ခု ကျန်ရစ်နေခဲ့သည်ကို သူ မြင်လိုက်ရ၏။

ယင်းမှာ လေထဲတွင် ဝဲပျံနေသော မှေးမှိန်သည့် ရွှေရောင်အလင်းတန်းလေး ထွက်ပေါ်နေသည့် ပုလဲလုံးလေးတစ်ခု ဖြစ်လေသည်။

ဤအရာသည် ဘုန်းကြီးအို သန့်စင်ထားသော ရှားပါးရတနာတစ်မျိုးဖြစ်ကြောင်း လုချင်း သိလိုက်ပါ၏။

သူ ၎င်းကို စစ်ဆေးရန် ပြင်လိုက်စဉ် ရုတ်တရက် လင်းတောင်တန်းဘက်သို့ မော့ကြည့်လိုက်မိပြီး သူ၏ မျက်နှာအမူအရာကလည်း ပြောင်းလဲသွားတော့သည်။

သူ၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းက နောက်ထပ် အစွမ်းထက်သည့် ရောင်ဝါစွမ်းအင်တစ်ခု ချဉ်းကပ်လာနေကြောင်း သတိပေးနေလေသည်။

ထို့အပြင် ဤရောင်ဝါတွင် အန္တရာယ်ရှိသည့် အငွေ့အသက် အနည်းငယ်လည်း ပါဝင်နေ၏။

ယင်းကို အာရုံခံမိသည်နှင့် လုချင်းသည် တုံ့ဆိုင်းမနေတော့ဘဲ တွင်းထဲသို့ ပြေးဆင်းကာ ရွှေရောင်ပုလဲလုံးကို ကောက်ယူပြီး သူ၏ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။

"ရှောင်လီ... လာခဲ့"

ကူညီဖို့ အဆင်သင့်အနေအထားဖြင့် အနီးအနားတွင် ပုန်းအောင်းနေသော ရှောင်လီသည် ရုတ်တရက် ပေါ်ထွက်လာပြီး လုချင်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာတော့၏။

ရှောင်လီကို ပွေ့ချီထားရင်း လုချင်း၏ ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် အဝေးသို့ ထွက်ပြေးသွားလေတော့သည်။

ဤတစ်ကြိမ်တွင်တော့ သူသည် အရှိန်ကို လုံးဝမလျှော့တော့ဘဲ မန္တန်အဆောင်၏ စွမ်းအားကို အပြည့်အဝ အသုံးပြုလိုက်လေသည်။

ထိုအခါ၌ ဝိညာဉ်စွမ်းအင်များသည် သူ၏ ခြေလက်များဆီသို့ စီးဆင်းသွားပြီး သူ၏ခြေလှမ်းတစ်လှမ်းတိုင်းက သူ့ကို ပေရာနှင့်ချီ၍ ရှေ့သို့ရောက်သွားစေကာ နောက်ထပ် ခြေလှမ်းတစ်လှမ်းဖြင့် ပေရာနှင့်ချီ၍ ထပ်မံကျော်ဖြတ်သွားစေလေ၏။

ခဏအကြာမှာပင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ရှုခင်းများကြားတွင် ပျောက်ကွယ်သွားလေတော့သည်။

အသက်ရှူကြိမ်အနည်းငယ်ကြာပြီးနောက် လုချင်းနှင့် ဘုန်းကြီးအိုတို့ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသို့ ပုံရိပ်တစ်ခု ရောက်ရှိလာလေသည်။

လေးနက်သော မျက်နှာအမူအရာဖြင့် လေ့လာကြည့်ရှုနေစဉ် ဘုန်းကြီးအို ကျဆုံးခဲ့သည့် တွင်းကြီးဆီသို့ ရောက်လာသောအခါ၌ သူ၏မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားလေတော့သည်။

သွေးကွက်များကို မြင်လိုက်ရသောအခါတွင်တော့ သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် တင်းမာသွားလေသည်။

ဤနေရာတွင် အကြီးအကဲ ခူးရုံ၏ ဝိညာဉ်သည် အပြီးတိုင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူ အာရုံခံမိလိုက်လေ၏။

....

All Chapters